တိုက်ဆိုင်မှု
Vol. 17 Ch. 163
ထိုညတွင် ကျန်းဆူရှင်း၏အိမ်မှာ အေးချမ်းလျက်ရှိပြီး လူတိုင်းစောစောစီးစီး အိပ်ရာဝင်ခဲ့ကြသည်။
လင်ရှုဟွာ၏အိမ်တွင်မူ သူမနှင့် ဖိုးဖိုးဖြစ်သူ လင်ကူ တို့မှာ အားအင်အပြည့်ရှိနေဆဲပင် ဖြစ်သည်။ လင်းရှုဟွာ၏ မိဘများမှာ အလုပ်များပြီး ခရီးခဏခဏ ထွက်ရတတ်သဖြင့် အိမ်တွင်ရှိခဲလှသည်။ ထို့ကြောင့် ထိုညတွင် လင်ရှုဟွာနှင့် လင်ကူ နှစ်ဦးတည်းသာ ရှိနေခြင်းဖြစ်သည်။
လင်ရှုဟွာသည် လက်ထဲရှိစာအုပ်ကို ချလိုက်ပြီး ဖိုးဖိုးဖြစ်သူ လင်းကူးနှင့် သူငယ်ချင်းဖြစ်သူ ဟွမ်ဖျင်အန်းတို့ ဖုန်းပြောနေသည်ကို နားထောင်နေမိသည်။ လင်ကူးသည် ဖုန်းကို စပီကာဖွင့်ထားသဖြင့် တစ်ဖက်မှ ဟွမ်ဖျင်အန်း၏ အသံကိုလည်း လင်ရှုဟွာ အတိုင်းသား ကြားနေရသည်။
“ဘယ်လိုလဲ အဖိုးကြီးဟွမ် ငါအကြံပေးတဲ့ လင်းယုန်သူရဲကောင်းပုံပြင်ကို ဖတ်ပြီးပြီလား”
“ဖတ်ပြီးပြီ၊ တော်တော်လေး ကောင်းတယ်၊ ငါ့စာအုပ်နဲ့ ယှဉ်နိုင်တယ်လို့ ပြောလို့ရတာပေါ့”
“ဟက်ဟက်၊ စကားကြီးစကားကျယ်တွေ ပြောနေပြန်ပြီ ဒီစာအုပ်ရဲ့ အတိုင်းအတာအရ နောက်ပိုင်းဇာတ်ကွက်တွေသာ ပျက်မသွားရင် မင်းစာအုပ်က လုံးဝယှဉ်လို့ရမှာ မဟုတ်ဘူး”
“မင်း ငါ့ကို သန်းခေါင်ယံအချိန်ကြီး ဒါတွေပြောဖို့ ဖုန်းဆက်တာလား”
လင်ရှုဟွာသည် ဖုန်းတစ်ဖက်မှ ဟွမ်ဖျင်အန်း၏ စိတ်ပျက်လက်ပျက် ဖြစ်သွားမည့် မျက်နှာကို မြင်ယောင်ပြီး ခိုး၍ရယ်မိသည်။ လင်ကူက စကားလမ်းကြောင်းပြောင်းပြီး ဆက်ပြောသည်ကို ကြားလိုက်ရပြန်သည်။
“မင်း ဒိုရာဘီဒရင်ကို လူကိုယ်တိုင် တွေ့ချင်လား”
“ဘာလဲ၊ မင်းက သူ့ကိုသိလို့လား၊ မင်း အတော်လေး လေပစ်နေတာ မဆန်းပါဘူး၊ ဒီစာရေးဆရာကို သုံးပြီး ငါ့ကို နှိမ်နေတာကိုး”
“မသိရင်ရော ငါက မင်းကို နှိမ်လို့မရဘူးလား သူက မင်းထက် ပိုရေးနိုင်တာ အမှန်တရားပဲလေ”
“မင်း ဒါကို ရပ်မှာလား မရပ်ဘူးလား”
“မင်းကပဲ စကားကို ပြန်စနေတာလေ၊ ငါကတော့ မဟုတ်ပါဘူး ငါ့မြေးမလေးက ဒိုရာဘီဒရင် ဘယ်မှာရှိလဲဆိုတာ သိတယ် မနက်ဖြန်ကျရင် အဲ့ဒီသူငယ်ချင်းလေးကို သွားတွေ့မလို့ စဉ်းစားထားတယ် မင်း လိုက်မလား”
“လိုက်မယ်လေ ဘယ်လိုလူမျိုးက ဒီလောက် ခမ်းနားတဲ့ သိုင်းဝတ္ထုကို ရေးနိုင်လဲဆိုတာ ကြည့်ရသေးတာပေါ့ ပြီးတော့ သူ့ကို ‘ရှေးခေတ်နှင့် မျက်မှောက်ခေတ် ဒဏ္ဍာရီ’ မဂ္ဂဇင်းနဲ့ မိတ်ဆက်ပေးရမယ် ဒီလိုတော်တဲ့ သိုင်းစာရေးဆရာက အဲ့ဒီမဂ္ဂဇင်းမှာ မရှိတာ နှမြောစရာပဲ”
“မင်းက စာရေးဆရာပါ၊ ‘ရှေးခေတ်နှင့် မျက်မှောက်ခေတ် ဒဏ္ဍာရီ’ ရဲ့ အယ်ဒီတာမှ မဟုတ်တာ၊ သူများကိစ္စတွေ လိုက်ပါနေပြန်ပြီ”
“ငါက ပါရမီရှင်ကို တန်ဖိုးထားတာပါကွာ၊ တန်ဖိုးထားတာ သိလား သိုင်းဝတ္ထု ဝါသနာအိုးတွေက အဲ့ဒီမဂ္ဂဇင်းမှာပဲ ရှိနေတာလေ”
“ဒိုရာဘီဒရင်ရဲ့ စာဖတ်ပရိသတ်တွေက မေဘယ်လ်ထရီးမှာ ရှိတာ၊ သူ ဘယ်လောက် နာမည်ကြီးလဲဆိုတာ မင်း မသိဘူးလား မင်း တကယ်ပဲ ပါရမီရှင်ကို တန်ဖိုးထားတယ်ဆိုရင် သူ့ကို စာရေးဆရာအသင်းနဲ့ မိတ်ဆက်ပေးသင့်တာ ငါတို့က ဟိုင်တူးက လူတွေပဲ၊ ဒါပေမဲ့ သူ စာရေးဆရာအသင်းမှာ ပါတာကို အခုထိ မတွေ့သေးဘူး”
“ငါ့အမြင်တော့ မင်းကသာ သူများကိစ္စ လိုက်ပါနေတာပါ မင်းက ဒဏ္ဍာရီပုံပြင် စာရေးဆရာ၊ ငါက နာမည်ကြီး သိုင်းစာရေးဆရာ၊ သူများအတွက် စာရေးဆရာအသင်းကိစ္စ ပူပေးနေရတာ ငါတို့တွေ တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာပဲ”
“...”
အဖိုးကြီးနှစ်ယောက် အပြန်အလှန် ငြင်းခုံနေသည်ကို နားထောင်ရင်း လင်ရှုဟွာ ပို၍ ရယ်ချင်လာသည်။ သူမသည် လင်းယုန်သူရဲကောင်းပုံပြင်ကို ဖတ်ဖူးသဖြင့် ဖိုးဖိုးလင်ကူ ပြောသည်ကို ထောက်ခံ၏။ ဟွမ်ဖျင်အန်း၏ လေသံအရလည်း သူသည် လင်ကူ၏ စကားကို သဘောတူဟန် ရှိသည်။ သူ ပြန်ပြောနေခြင်းမှာ အရှုံးမပေးချင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ဒိုရာဘီဒရင်၏ အရည်အချင်းနှင့် အောင်မြင်မှုများအရ စာရေးဆရာအသင်းသို့ ဝင်ရောက်နိုင်ရန် လုံလောက်သည်ထက် ပိုသော်လည်း သူသည် အဘယ်ကြောင့် အသင်းဝင်စာရင်းတွင် မရှိသေးသနည်းဟု သူမ တွေးတောနေမိသည်။
ခဏအကြာတွင် လင်ကူသည် ဖုန်းချလိုက်ပြီး လင်ရှုဟွာကို ပြောသည်။ “ရှုဟွာ၊ မနက်ဖြန် မနက် သမီးမှာ အတန်းရှိလား ရှိရင် တက်လိုက်၊ မရှိရင်တော့ ငါနဲ့ အဖိုးကြီးဟွမ်ကို စန်းဝေ့စာအုပ်ဆိုင်ကို လိုက်ပို့ပေးပါဦး”
လင်းရှုဟွာက “အတန်းမရှိပါဘူး ဖိုးဖိုး မနက်ဖြန် လိုက်ပို့ပေးပါ့မယ် ဒါပေမဲ့ ဆိုင်ရှင် ရှိ၊ မရှိတော့ မသေချာဘူးနော် သမီး အဲ့ဒီဆိုင်ကို အခေါက်ခေါက်အခါခါ ရောက်ပေမဲ့ ဆိုင်ရှင်နဲ့ တစ်ခါမှ မဆုံဖူးဘူး”
လင်ကူက ရုတ်တရက် မျက်မှောင်ကြုတ်လျက် “ရှုဟွာ၊ မင်း အဲ့ဒီ ဒိုရာဘီဒရင်ကို ဒီလောက် စိတ်ဝင်တစား ရှိနေတာ သူ့ကို တကယ်ပဲ စိတ်ကစားနေတာတော့ မဟုတ်ပါဘူးနော် သတိထားဦး၊ မင်းကိုယ်တိုင်ပဲ ပြောတယ်လေ၊ အဲ့ဒီလူက အိမ်ထောင်နဲ့ ကလေးနဲ့ လူကြီးဆိုပဲ စာပေသမားတစ်ယောက်အနေနဲ့ တခြားသူရဲ့ အရည်အချင်းကို အသိအမှတ်ပြုတာ ကောင်းပေမဲ့ အတိုင်းအတာထက် မကျော်စေနဲ့ဦး”
လင်ရှုဟွာမှာ စကားပင် မပြောနိုင်တော့ဘဲ “ဖိုးဖိုး၊ ဘာတွေ လျှောက်ပြောနေတာလဲ” ဟုသာ ဆိုလိုက်သည်။
လင်ကူက ပြုံးလျက် သတိပေးပြီးပြီ ဖြစ်သဖြင့် ဆက်မပြောတော့ဘဲ “နောက်ကျနေပြီ၊ သွားအိပ်တော့၊ မနက်ဖြန်ကျမှ စန်းဝေ့စာအုပ်ဆိုင်ကို သွားကြတာပေါ့၊ အဲ့ဒီဆိုင်မှာ စာအုပ်ရဲ့ ‘အရသာသုံးမျိုး’ တကယ်ရှိ၊ မရှိ ငါ သိချင်နေပြီ” ဟု ဆိုသည်။
ထိုညမှာပင် ဂုရုယုံသည်လည်း ဝမ်ကျန်းဖင်ကို ဖုန်းဆက်ပြီး “မင်း ဟိုင်တူးမှာ ရှိနေတုန်းပဲ မဟုတ်လား” ဟု မေးလိုက်သည်။
ဝမ်ကျန်းဖျင်က “ရှိတာပေါ့ ငါ့မှာ ဒီမှာ အိမ်ရှိတာ မင်း သိသားနဲ့ အဲ့ဒီတုန်းက အစီအစဉ် ပြီးသွားတော့ ငါ မပြန်ဖြစ်ဘူး ဒီမှာ အဆိုတော်တစ်ယောက် အယ်လ်ဘမ် ထွက်ဖို့ရှိလို့ ငါ့ကို ထုတ်လုပ်သူအဖြစ် လာငှားထားတယ် အခကြေးငွေကလည်း ကောင်းတော့ ပိုက်ဆံရှာနေတာပေါ့” ဟု ဖြေသည်။
ဂုရုယုံက “လူကဖြင့် အိုနေပြီ ပိုက်ဆံကအခုထိကြိုက်တုန်းပဲလား ” ဟု မေးလိုက်သည်။
ဝမ်ကျန်းဖင်က စိတ်မရှည်စွာဖြင့် “သွားစမ်းပါ၊ ပြောစရာရှိတာ မြန်မြန်ပြော၊ မဟုတ်ရင် ငါ ဖုန်းချတော့မယ် လူအိပ်ချိန်ကြီး လာနှောင့်ယှက်နေတာ မင်း တစ်ခါ၊ နှစ်ခါ မဟုတ်တော့ဘူး” ဟု ပြန်ပြောသည်။
ဂုရုယုံက အဓိကအချက်ကို ပြောလိုက်သည်။ “ငါ အခု လေယာဉ်ပေါ်တက်တော့မယ်၊ မနက်စောစော ဟိုင်တူးကို ရောက်မယ်”
ဝမ်ကျန်းဖျင်က “ညကြီးမင်းကြီး ဘာလာလုပ်မှာလဲ ငါကတော့ အိပ်နေမှာ၊ မင်းကို လာမကြိုနိုင်ဘူး” ဟု ဆိုသည်။
ဂုရုယုံက “မင်း လာကြိုဖို့ မလိုပါဘူး၊ ငါ ဟိုတယ် ဘိုကင်တင်ထားပြီးသား မနက်ဖြန် မနက် မင်း အားလားလို့ မေးမလို့ အားရင် ငါနဲ့အတူ လုအန်းကျီ ဆီ လိုက်ခဲ့ဦး သူ ထုတ်ထားတဲ့ သီချင်းအချို့ကို ငါ စိတ်ဝင်စားလို့ စာချုပ်ချုပ်မလို့” ဟု ဆိုသည်။
ဝမ်ကျန်းဖင်က “အဲ့ဒါ ဟိုတစ်ခါက မင်း ငါ့ကို သန်းခေါင်ယံမှာ ဖုန်းဆက်ပြီး ငါ့ထက် ကောင်းတယ်လို့ ပြောတဲ့ သီချင်းတွေလား” ဟု မေးသည်။
ဂုရုယုံက “ဟုတ်တယ်၊ အဲ့ဒါတွေပဲ မင်းထက် အများကြီး သာပါတယ်” ဟု ဆိုသည်။
ဝမ်ကျန်းဖင်မှာ ဆွံ့အသွားကာ
ဂုရုယုံက “မနက်ဖြန် မင်း နားထောင်ကြည့်ရင် သိမှာပါ။ အားမလားသာ အရင်ပြော” ဟုဆက်ပြော၏။
ဝမ်ကျန်းဖင်က “မင်း လုအန်းကျီကို အရင်ဆက်သွယ်ပြီးပြီလား” ဟု မေးသည်။
ဂုရုယုံက “မဆက်သွယ်ရသေးဘူး ဒီနေ့ နှစ်ခါ ဆက်တယ်၊ သူ မကိုင်ဘူး၊ တစ်ခုခု အလုပ်ရှုပ်နေလို့ ထင်ပါတယ် မနက်ဖြန် ဆိုင်ကိုပဲ တိုက်ရိုက် သွားလိုက်မယ် သူ ဆိုင်မှာ မရှိမှ ဖုန်းထပ်ဆက်တာပေါ့ ဒါမှ ငါ့ရဲ့ စိတ်ရင်းကို ပြရာရောက်မှာ” ဟု ဆိုလိုက်သည်။
ဝမ်ကျန်းဖင်က “ဟက်၊ အံ့ဩစရာပဲ၊ မင်းလိုလူက ဒီလောက် ယဉ်ယဉ်ကျေးကျေးနဲ့ နှိမ့်ချနေတာ တစ်ခါမှ မမြင်ဖူးဘူး” ဟု ဆိုလိုက်သည်။
ဂုရုယုံက “မတတ်နိုင်ဘူးလေ၊ သူက တကယ် တော်နေတာကိုး” ဟု ဖြေလိုက်၏။
ဝမ်ကျန်းဖင် ပြန်၍ တိတ်ဆိတ်သွားသည်။ ဂုရုယုံ၏ စကားမှာ သူ့ကိုယ်သူ တကယ်မတော်သယောင် ဖြစ်စေသည်။ အတန်ကြာမှ ဝမ်ကျန်းဖင်က “ကောင်းပြီလေ၊ မနက်ဖြန် မင်း တက္ကစီနဲ့ လာကြို၊ အတူတူ သွားကြတာပေါ့” ဟု ဆိုသည်။
ဂုရုယုံက “မင်း ကားရော” ဟု မေးရာ ဝမ်ကျန်းဖျင်က “မစဉ်းစားနဲ့၊ မင်း ကိစ္စအတွက် ငါ့ဆီက ဆီကုန်ခံရမှာလား” ဟု ပြန်ဖြေလိုက်သည်။
ဂုရုယုံမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။
ထိုညတွင် လုအန်းကျီသည်လည်း ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ သူသည် နှစ်ညဆက်တိုက် အိပ်ရေးပျက်နေခြင်း ဖြစ်သည်။ မနေ့ကမှာ ကျန်းဆူရှင်း၏ မိဘများနှင့် တွေ့ရမည် ဖြစ်သဖြင့် မည်သို့ ရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပြီး ယနေ့ညတွင်မူ အရာအားလုံးက ချောမွေ့လွန်းပြီး မြန်ဆန်လွန်းနေသဖြင့် လက်တွေ့မဆန်သော ခံစားချက်ကြောင့် အိပ်မပျော်ခြင်း ဖြစ်သည်။
သမီးငယ် ချန်းချန်းမှာမူ သူ့ဘေးတွင် ပက်လက်လေး အိပ်ပျော်နေသည်။ အိပ်နေရင်း တစောင်းလှည့်လိုက်ရာ သူမ၏ ခြေထောက်လေးမှာ လုအန်းကျီ၏ နှာခေါင်းနားသို့ပင် ရောက်လာခဲ့သည်။
လုအန်းကျီမှာ ကုတင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် သမီးငယ်ကို အသာအယာ ပြန်မကာ သေချာချော့ သိပ်ပေးပြီး စောင်ခြုံပေးလိုက်သည်။ ထို့နောက် ပြန်လှဲလိုက်ပြီး ကျန်းဆူရှင်းကို ကြည့်လိုက်ရာ သူမလည်း အိပ်ပျော်နေသဖြင့် မနှိုးတော့ပေ။
သူသည် အိပ်မပျော်သေးသဖြင့် ဖုန်းကို ထုတ်ကြည့်လိုက်ရာ လွတ်သွားသော ဖုန်းခေါ်ဆိုမှု နှစ်ခုကို တွေ့လိုက်ရသည်။ သို့သော်လည်း ညနက်နေပြီ ဖြစ်သဖြင့် ပြန်မဆက်တော့ဘဲ မနက်စောစော နိုးလာမှသာ ဂုရုယုံထံသို့ ဖုန်းပြန်ဆက်လိုက်သည်။
သို့သော်လည်း ဂုရုယုံမှာ ဖုန်းပြန်မကိုင်ခဲ့ပေ။