← Chapters

ကောင်းမွန်ခြင်းမှ ပို၍ကောင်းမွန်ခြင်းသို့

Vol. 17 Ch. 164

ကောင်းမွန်ခြင်းမှ ပို၍ကောင်းမွန်ခြင်းသို့

Vol. 17 Ch. 164

လုအန်းကျီသည် ဖုန်းချလိုက်ပြီးနောက် ဂုရုယုံတစ်ယောက် အိပ်ပျော်နေသေးသည်ဟု တွေးတောမိသဖြင့် မနက်နောက်ပိုင်းကျမှသာ တစ်ခေါက်ပြန်ဆက်ရန် ဆုံးဖြတ်လိုက်ပြီး ဖုန်းကို ချလိုက်သည့်အခါ ကျန်းဆူရှင်းနှင့် ချန်းချန်းတို့ နိုးနေသည်ကို တွေ့လိုက်ရသည်။

ချန်းချန်းသည် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် လုအန်းကျီကို စိုက်ကြည့်ကာ တဟီးဟီးရယ်နေ၏။ ထို့နောက် ကိုယ်ကိုတစ်ပတ်လှည့်ကာ ထထိုင်လိုက်ပြီး လုအန်းကျီ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။ “ဖေဖေ သွားဆော့မယ် ဖေဖေ သွားဆော့မယ်”

“မနက်စောစောစီးစီး အားအင်တွေ ဒီလောက်တောင် ရှိနေတာလား”

လုအန်းကျီသည် ချန်းချန်းကို ပွေ့ချီကာ ကုတင်ပေါ်မှ ထလိုက်သည်။ ချန်းချန်းသည် လုအန်းကျီ ပြောလိုက်သော စကားထဲမှ စကားလုံးအသစ်ကို ချက်ချင်း လိုက်မှတ်ပြီး “အင်း ချန်းချန်း အားအင်ရှိတယ်” ဟု ပြန်ပြောလေသည်။

လုအန်းကျီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။ သမီးငယ်၏ ပါးပြင်လေးကို နမ်းလိုက်ပြီး “ဟုတ်ပါပြီ ချန်းချန်းက အားအင်အရှိဆုံးပဲ” ဟု ဆိုလိုက်သည်။ သမီးငယ်၏ မျက်နှာလေးမှာ အသားအရေအလွန်ကောင်းပြီး အိစက်နေသည်။ လုအန်းကျီသည် သူမ၏ တင်ပါးလေးကို ပုတ်ပေးရသည်ကို သဘောကျသလို ပါးပြင်အိအိလေးများကို ထိတွေ့ရသည်မှာလည်း အလွန်အရသာရှိလှသည်။

သူသည် ကျန်းဆူရှင်းဘက်သို့ လှည့်ကာ “မင်းလည်း ဘာလို့ နိုးနေတာလဲ ခဏလောက် ထပ်အိပ်ပါဦးလား” ဟု မေးလိုက်သည်။ သို့သော် လုအန်းကျီက ကျန်းဆူရှင်းကို အနားယူစေချင်သော်လည်း ချန်းချန်းကတော့ ခွင့်မပြုချေ။ သူမသည် လက်ကလေးနှစ်ဖက်ကို ကျန်းဆူရှင်းဘက်သို့ ဆန့်တန်းကာ “မေမေလည်း လာခဲ့” ဟု ခေါ်လေသည်။

ထို့ကြောင့် ကျန်းဆူရှင်းသည်လည်း အိပ်ရာမှထလာပြီး “တကယ်တော့ ကျွန်မက နေ့တိုင်း စောစောနိုးနေကျပါ ဒီကလေးမလေး အိပ်ရာထနောက်ကျတဲ့ တစ်ခါတလေမှပဲ သူမနဲ့အတူ လှဲနေဖြစ်တာ” ဟု ပြုံးလျက် ပြောလိုက်သည်။

လုအန်းကျီက ပြုံးပြီး “ဒါဆို ဒီနေ့ ဒီလောက်စောစော နိုးတာက ကိုယ့်ကြောင့်ပေါ့” ဟု စနောက်လိုက်သည်။ ကျန်းဆူရှင်းက ခပ်ပါးပါးလေး ပြုံးကာ “ဘယ်သိမှာလဲ” ဟု ဆိုလေသည်။

မနေ့က အခက်အခဲကို ကျော်ဖြတ်ပြီးပြီ ဖြစ်သဖြင့် နှစ်ဦးစလုံး စိတ်ပေါ့ပါးနေကြသည်။ သူတို့သည် ချန်းချန်းကို ပွေ့ချီကာ အိပ်ခန်းထဲမှ ထွက်လာသည့်အခါ ယောက္ခမဖြစ်သူ မြောင်စုချင်မှာလည်း နိုးနေပြီဖြစ်ပြီး ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“အမေ”

“အန်တီ”

ကျန်းဆူရှင်းနှင့် လုအန်းကျီတို့က အသီးသီး ခေါ်လိုက်ကြသည်။ မြောင်စုချင်သည် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး လုအန်းကျီကို ကြည့်ကာ “အခုထိ အန်တီလို့ ခေါ်နေတုန်းလား” ဟု မေးလေသည်။

ထိုအခါမှ လုအန်းကျီသည် “အမေ” ဟု အခေါ်အဝေါ် ပြောင်းလိုက်ရသည်။ သို့သော် မနေ့ကကဲ့သို့ အရက်အရှိန် မပါသဖြင့် ပြောရသည်မှာ အနည်းငယ် အနေရခက်နေဆဲပင် ဖြစ်သည်။

မြောင်စုချင်က ပြုံးလျက် “အခေါ်အဝေါ် ပြောင်းရမယ့် အချိန်ရောက်ပါပြီ မနေ့က မင်းအဖေ ပြောခဲ့တာတွေက အရက်ရှိန်နဲ့ ပြောတာဆိုပေမဲ့ အဲ့ဒါတွေက အမှန်တရားတွေပါပဲ အမေတို့က

တစ်ဖက်ထဲကြည့်တတ်တဲ့ လူတွေမဟုတ်ဘူး မင်းတို့နှစ်ယောက် ကောင်းကောင်းမွန်မွန် နေနိုင်သရွှေ့ အတိတ်က ကိစ္စတွေက အတိတ်မှာပဲ ထားလိုက်ပါ အမေတို့က စိတ်ဆိုးနေလို့လည်း ဘာထူးမှာလဲ” ဟု ဆိုသည်။

လုအန်းကျီ ခေါင်းညိတ်လိုက်သည်။ ဤနှစ်ရက်အတွင်း သူသည် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စကားအပြောအဆို ခက်ခဲနေသည်ဟု ခံစားရ၏။ ယခုလည်း ဘာပြန်ပြောရမှန်း မသိသဖြင့် ခေါင်းသာ ညိတ်ပြလိုက်မိသည်။

မြောင်စုချင်၏ အာရုံမှာ ချန်းချန်းဆီသို့ ရောက်သွားသည်။ သူမသည် လုအန်းကျီ၏ လက်ထဲမှ ချန်းချန်းကို ပွေ့ယူလိုက်ပြီး “ချန်းချန်းက အဖွားကို ဘယ်လိုခေါ်ရမလဲ သိလား” ဟု မေးသည်။

ချန်းချန်းက မျက်လုံးလေး ကလည်ကလည် လုပ်နေသည်။ လုအန်းကျီနှင့် ကျန်းဆူရှင်းတို့မှာ ချန်းချန်းက ခေါ်တတ်ပါ့မလားဟု စိုးရိမ်ကာ သင်ပေးရန် ပြင်လိုက်သော်လည်း သူတို့ စကားမစရသေးမီမှာပင် ချန်းချန်းက “ရောင်း ရောင်း” ဟု မြည်လိုက်လေသည်။

မြောင်စုချင်သည် ချက်ချင်းပင် အူယားဖားယား ရယ်မောလိုက်ပြီး “ဖွားဖွားလို့ ခေါ်ရတယ်လေ ရောင်းရောင်း မဟုတ်ဘူး” ဟု ပြင်ပေးသည်။

ချန်းချန်းသည် သေချာစဉ်းစားပြီး ခေါင်းလေး ညိတ်ကာ တစ်လုံးချင်းစီ ပြောလိုက်သည်။ “ဖွား...ဖွား”

“ဟုတ်တယ်”

မြောင်စုချင်မှာ ပြုံးလွန်းသဖြင့် မျက်လုံးလေးများပင် ပိတ်သွားရသည်။ ခဏအကြာတွင် ကျန်းယွီကျီသည်လည်း အိပ်ခန်းထဲမှ ထွက်လာသည်။ လုအန်းကျီသည် ကျန်းဆူရှင်းက “အဖေ” ဟု ခေါ်သည်ကို ကြားသဖြင့် သူလည်း အားတင်းကာ “အဖေ” ဟု လိုက်ခေါ်လိုက်သည်။

ကျန်းယွီကျီက ခေါင်းနှစ်ချက် ညိတ်ပြပြီး “အင်း” ဟု ပြန်ထူးသည်။ ဤသို့ဖြင့် သူတို့၏ ပတ်သက်မှုကို တရားဝင် အသိအမှတ်ပြုပြီးသား ဖြစ်သွားသည်။ လုအန်းကျီသည် ကျန်းဆူရှင်းကို လှမ်းကြည့်လိုက်ရာ သူမကလည်း သူ့ကို နူးညံ့သိမ်မွေ့သော အပြုံးလေးဖြင့် တုံ့ပြန်၏။

“ချန်းချန်း ဖိုးဖိုးကို ခေါ်လိုက်ဦး” ဟု မြောင်စုချင်က ပြောသည်။ ချန်းချန်းသည် ကျန်းယွီကျီဘက်သို့ လှည့်ကာ လိမ္မာပါးနပ်စွာဖြင့် “ရောင်း...ဖေ” ဟု ခေါ်လိုက်သည်။

ကျန်းယွီကျီ၏ တည်တင်းနေသော မျက်နှာမှာ ချက်ချင်းပင် ပျော့ပြောင်းသွားပြီး “အေး” ဟု ပြန်ထူးသည်။ မြောင်စုချင်က ထပ်မံပြင်ပေးသည်။ “ဖိုးဖိုးလို့ ခေါ်ရတယ်လေ ရောင်းဖေ မဟုတ်ဘူး”

ချန်းချန်းက ထပ်မံစဉ်းစားပြီး “ဖိုး...ဖိုး” ဟု ပြောလိုက်သည်။

“အေး”

ကျန်းယွီကျီမှာ ပို၍ပင် ဝမ်းသာသွားသည်။ သူသည် အနားသို့ လာကာ ချန်းချန်း၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး “ဖိုးဖိုး အပြင်မှာ လမ်းလျှောက်မလို့ ချန်းချန်း ဖိုးဖိုးနဲ့အတူ လိုက်ဦးမလား” ဟု မေးသည်။

ယခုအချိန်တွင် သူသည် အရာအားလုံးကို လွှတ်ချနိုင်ခဲ့ပြီ ဖြစ်သည်။ မနေ့က လုအန်းကျီနှင့် ကျန်းဆူရှင်းကို တွေ့စဉ်က သူသည် ကိုယ့်ကိုယ်ကိုယ် တင်းထားခဲ့သော်လည်း ယခုမူ ချန်းချန်းနှင့် တွေ့သည့်အခါ အလွန်ပျော့ပြောင်းသွား၏။

ကျန်းဆူရှင်းမှာလည်း ပြုံးမိသွားသည်။ ချန်းချန်းက ခေါင်းညိတ်ကာ “ဟုတ်” ဟု ပြန်ပြောသည်။ မနေ့ကတည်းက သူမသည် ရှေ့မှ လူကြီးနှစ်ဦးမှာ သူမ၏ ဆွေမျိုးများ ဖြစ်ကြောင်း သိရှိထားပြီး ဖြစ်သည်။ ကျန်းဆူရှင်းက အဖွားမှာ မေမေ၏ မေမေဖြစ်ပြီး အဖိုးမှာ မေမေ၏ ဖေဖေဖြစ်ကြောင်း သင်ပေးထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လုအန်းကျီသည် ချန်းချန်း၏ အဝတ်အစားများကို လဲပေးလိုက်ပြီး ကျန်းယွီကျီနှင့်အတူ လမ်းလျှောက်ထွက်ရန် လွှတ်လိုက်သည်။ လုအန်းကျီမှာမူ လိုက်မသွားပေ။ ဤသည်မှာ အဖိုးနှင့် မြေးမလေးတို့၏ ပျော်ရွှင်စရာ အချိန်ဖြစ်ပြီး သူပါသွားပါက အနေရခက်စေမည်ကို သိသောကြောင့် ဖြစ်သည်။

“ချန်းချန်းကို ခဏပဲ လမ်းလျှောက်ခေါ်သွားနော် အနီးအနားမှာပဲ လျှောက်ပါ အဝေးကြီး မသွားနဲ့ဦး၊မနက်စာစားပြီးရင် အန်းကျီရဲ့ စာအုပ်ဆိုင်ကို သွားကြဦးမှာ” ဟု မြောင်စုချင်က ကျန်းယွီကျီကို သတိပေးလိုက်သည်။

ကျန်းယွီကျီက “သိပါပြီ” ဟု ပြန်ပြောကာ ချန်းချန်းကို လက်ဆွဲ၍ ဓာတ်လှေကားထဲသို့ ဝင်သွားလေသည်။

ထို့နောက် ကျန်းဆူရှင်းနှင့် မြောင်စုချင်တို့သည် မနက်စာ ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားကြသည်။ လုအန်းကျီက ကူညီရန် ကြိုးစားသော်လည်း အမျိုးသမီးနှစ်ဦး၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသည်။

ထို့ကြောင့် သူသည် ကွန်ပျူတာခန်းထဲသို့ ဝင်ကာ ကွန်ပျူတာကို ဖွင့်လိုက်သည်။ မေဘယ်လ်ထရီး မဂ္ဂဇင်းအတွက် ဝတ္ထုကို ဆက်လက်ရေးသားရန် လိုအပ်နေသေးသည်။ လင်းယုန်သူရဲကောင်းပုံပြင် အခန်း ၆ ကို ရေးရန် အချိန်မရသေးသဖြင့် ယခုသည် ရေးသားရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

စာရွက်စာတမ်းကို ဖွင့်လိုက်ပြီးနောက် လုအန်းကျီသည် မနေ့က ကွမ်ကွမ်၏ ဖခင် လီဟွေ့မင်း ပေးလိုက်သော ယူအက်စ်ဘီကို သတိရသွားသည်။ သူသည် ၎င်းကို ကွန်ပျူတာတွင် တပ်လိုက်ရာ ဖိုင်တစ်ခုနှင့် လမ်းညွှန်ချက် စာရွက်စာတမ်းတို့ကို တွေ့လိုက်ရသည်။ လုအန်းကျီသည် လမ်းညွှန်ချက်များကို ဖတ်ရှုပြီး ဆော့ဖ်ဝဲကို သွင်းလိုက်သည့်အခါ ကွန်ပျူတာတွင် စာရိုက်ရန် အကွက်လေးတစ်ခု ပေါ်လာသည်။

ထိုအကွက်မှာ အလွန်ပင် ရိုးရှင်းပြီး မည်းနက်နေသော်လည်း အရေးကြီးသည်မှာ ဆော့ဖ်ဝဲ အသုံးပြုရ ကောင်းမွန်ရန်သာ ဖြစ်သည်။ လုအန်းကျီသည် အခန်းခေါင်းစဉ်အသစ်

“အခန်း ၆ ကျောက်ဆောင်ထိပ်မှ ထူးဆန်းသော မြင်ကွင်းများ “ကို ရိုက်ထည့်ကြည့်လိုက်သည်။

ဤစာရိုက်နည်းစနစ်မှာ ယခင်က သူသုံးနေကျနည်းထက် အဆပေါင်းများစွာ သက်သောင့်သက်သာ ရှိလှသည်။ အခြေခံ လုပ်ဆောင်ချက်များမှာ သူ့ယခင်ဘဝက သုံးခဲ့သော စမတ်ကျသည့် စာရိုက်နည်းစနစ်များနှင့် ဆင်တူလှ၏။ အနည်းဆုံးတော့ စာလုံးတစ်လုံးရိုက်ရန် အကြိမ်ကြိမ် နှိပ်နေရခြင်းမှ ကင်းဝေးသွားသဖြင့် လုအန်းကျီ အတော်လေး စိတ်ကျေနပ်သွားသည်။

ထို့အပြင် ဤဆော့ဖ်ဝဲတွင် မှတ်ဉာဏ်နှင့် ဆက်စပ်တွေးတောမှု စွမ်းရည်များလည်း ပါဝင်လာသဖြင့် လုအန်းကျီအတွက် ပို၍ အဆင်ပြေလာသည်။ ထို့ကြောင့် သူသည် ဆော့ဖ်ဝဲ၏ အားနည်းချက်အချို့ကိုလည်း မှတ်သားထားပြီး လီဟွေ့မင်းကို ပြန်လည် အကြံပြုရန် ပြင်ဆင်လိုက်သည်။

သူ အိမ်တွင် စာရိုက်နေစဉ်မှာပင် ကျန်းယွီကျီသည် ချန်းချန်းကို လက်ဆွဲကာ လမ်းလျှောက်နေရင်း ကွမ်ကွမ်ကို လမ်းလျှောက်ခေါ်လာသော လီဟွေ့မင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိလေသည်။ ကွမ်ကွမ်နှင့် ချန်းချန်းတို့မှာ တစ်ဦးနှင့်တစ်ဦး သိကျွမ်းပြီးသား ဖြစ်သဖြင့် ပန်းခြံလေးထဲတွင် ချက်ချင်းပင် ကစားကြတော့သည်။ ကျန်းယွီကျီနှင့် လီဟွေ့မင်းတို့သည်လည်း ကလေးများကြောင့် စကားစမြည် ပြောဖြစ်ကြသည်။

“ခင်ဗျားက ချန်းချန်းရဲ့ အဖိုးလား ချန်းချန်း မေမေနဲ့ ခင်ဗျားက တော်တော်တူတာပဲ”

“ဟုတ်ပါတယ် ကျုပ်က ကျန်းယွီကျီပါ၊ ခင်ဗျားတို့လည်း အချင်းချင်း သိကြတာပဲလား”

“ဟုတ်တယ် ကွမ်ကွမ်နဲ့ ချန်းချန်းက အမြဲတူတူ ဆော့နေကျဆိုတော့ ကျွန်တော်တို့လည်း သိနေတာပေါ့၊ ပြောရဦးမယ် ကျွန်တော်က အခု ခင်ဗျားရဲ့ သမက်ဆီမှာ အလုပ်လုပ်နေတာ မစ္စတာလုက တကယ်ကို တော်တဲ့လူပဲ သူ ဖန်တီးထားတဲ့ ဒီစာရိုက်နည်းစနစ် ဆော့ဖ်ဝဲသာ အောင်မြင်သွားရင် သူကတော့ တစ်သက်လုံး မူပိုင်ခွင့်ကြေးတွေ ထိုင်စားနေရုံပဲ”

“ ”

ကျန်းယွီကျီသည် တစ်ဖန်ပြန်၍ အံ့အားသင့်သွားရပြန်သဖြင့် ခေတ္တမျှ စကားပင် ပြန်မပြောနိုင်ဘဲ ဖြစ်သွားရသည်။

All Chapters