အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်း
Vol. 17 Ch. 166
လုအန်းကျီသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ သူသည် ဤမိန်းကလေးကို မှတ်မိနေပြီဖြစ်ကာ ဆိုင်ရှိ စားပွဲရှည်ကြီး၏ ထောင့်တစ်နေရာတွင် ထိုင်၍ စာဖတ်နေတတ်သည်ကို အကြိမ်အနည်းငယ် မြင်ဖူးထားသည်။ တစ်ခါက သူ ပထမထပ်တွင် ဝတ္ထုရေးနေစဉ် သူမက ဘာရေးနေသလဲဟု လာမေးခဲ့သည်ကိုပင် သူ မှတ်မိနေသေးသည်။ သို့သော် ဤလူကြီးနှစ်ဦးမှာ မည်သူများ ဖြစ်ကြသနည်း၊ ပြီးတော့ အဘယ်ကြောင့် သူ့ကို တွေ့ချင်ရသနည်းဆိုသည်ကိုမူ သူ မသိရှိပေ။
သူသည် ဇဝေဇဝါ ဖြစ်နေသော်လည်း လူကြီးနှစ်ဦးကို ခေါင်းညိတ်ပြလျက် “ဘာကိစ္စများ ရှိလို့ပါလဲခင်ဗျာ” ဟု မေးလိုက်သည်။ ထိုအခါ လူကြီးတစ်ဦးက “နေကောင်းလား လူလေး၊ ငါ့နာမည်က လင်ကူ ပါ၊ ပြီးတော့ ဒါကတော့ ဟွမ်ဖျင်အန်း ပါ။ ငါတို့နှစ်ယောက်စလုံးက ဝတ္ထုရေးဆရာတွေပါ၊ နာမည်အနည်းငယ်တော့ ရှိကြပါတယ်၊ ငါတို့နာမည်ကို ကြားဖူးလားတော့ မသိဘူးပေါ့” ဟု ဆိုသည်။
လုအန်းကျီသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် “ ‘ရှေးခေတ်နှင့် မျက်မှောက်ခေတ် ဒဏ္ဍာရီ’ က ဆရာကြီး ဟွမ်ဖျင်အန်း လားခင်ဗျာ” ဟု မေးလိုက်သည်။ သူသည် ဤကမ္ဘာ၏ ကောင်းမွန်သော သိုင်းဝတ္ထုများကို လေ့လာရန် ထိုမဂ္ဂဇင်းကို ရံဖန်ရံခါ ဖတ်လေ့ရှိသဖြင့် ဟွမ်ဖျင်အန်း အကြောင်းကို အနည်းငယ် သိထားခြင်း ဖြစ်သည်။ ထိုမဂ္ဂဇင်းရှိ သိုင်းဝတ္ထု စာရေးဆရာများထဲတွင် ဟွမ်ဖျင်အန်းသည် အတော်ဆုံး စာရေးဆရာများထဲမှ တစ်ဦး ဖြစ်သည်။
သူတို့၏ နောက်ကွယ်တွင် ရှိနေသော ကျန်းယွီကျီမှာမူ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးသွားရပြန်သည်။ လုအန်းကျီနှင့် မတူသည်မှာ ကျန်းယွီကျီသည် လင်ကူနှင့် ဟွမ်ဖျင်အန်း နှစ်ဦးစလုံး၏ အကြောင်းကို ကြားဖူးနားဝ ရှိနေခြင်း ဖြစ်သည်။ ဟွမ်ဖျင်အန်းကို သိုင်းဝတ္ထု ဝါသနာအိုး ဖြစ်သဖြင့် သိခြင်းဖြစ်ပြီး လင်ကူကိုမူ သူသည် ဒဏ္ဍာရီပုံပြင်များ ရေးရုံသာမက လှပကျစ်လျစ်သော အရေးအသားများဖြင့် ကျော်ကြားသည့် စကားပြေများကိုလည်း ရေးသားသူ ဖြစ်သဖြင့် သိခြင်း ဖြစ်သည်။
လင်ကူ၏ စကားပြေ အချို့မှာ စာအုပ်များ၏ ဖတ်ရှုနားလည်မှု ကဏ္ဍများတွင် ရွေးချယ်ဖော်ပြခြင်း ခံရလေ့ရှိပြီး သူ၏ လက်ရာတစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အထက်တန်းပြဌာန်းစာအုပ်တွင် ပါဝင်ခဲ့ဖူးသည်။ မိမိ အဝေးမှ ကြားဖူးနေခဲ့သော ပုဂ္ဂိုလ်ကျော်ကြီး နှစ်ဦးမှာ မိမိရှေ့သို့ လူကိုယ်တိုင် ရောက်ရှိလာသည့်အခါ သူ မည်သို့ အံ့ဩဘဲ ရှိပါအံ့နည်း။
ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော အခြားလူကြီးတစ်ဦးက ရုတ်တရက် အောင်နိုင်သူတစ်ဦးကဲ့သို့ ရယ်မောလိုက်ပြီး စောစောက စကားပြောခဲ့သူကို “ဟားဟား ကြည့်စမ်း၊ သူက ငါ့ကို သိတယ်ဟေ့” ဟု ဆိုလိုက်သည်။ ၎င်းမှာ အခြားလူကြီးကိုတော့ သူ မသိဘူးဟု ဆိုလိုခြင်း ဖြစ်သည်။
စောစောက စကားပြောခဲ့သူမှာ နှုတ်ခမ်းလေး စူသွားသည်။ နောက်မှ စကားပြောသူက လုအန်းကျီကို ကြည့်ကာ ပြုံးလျက် လက်ကမ်းပေးပြီး “နေကောင်းလား လူလေး၊ ငါက ဟွမ်ဖျင်အန်း ပါ၊ မင်းရဲ့ လက်ရာမွန်ဖြစ်တဲ့ ‘လင်းယုန်သူရဲကောင်းပုံပြင်’ ကို ဖတ်ပြီးသွားပြီ၊ တကယ်ကို ထူးချွန်တဲ့ လက်ရာပါပဲ အဲ့ဒါကြောင့် ဒီနေ့ အဖိုးကြီးလင်နဲ့အတူ မင်းကို လာတွေ့တာပါ အခုလို အမှတ်မထင် ရောက်လာတဲ့အတွက် အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်” ဟု ဆိုသည်။
လုအန်းကျီသည် အလျင်အမြန်ပင် ဆရာကြီး ဟွမ်ဖျင်အန်း၏ လက်ကို ဆွဲနှုတ်ဆက်လိုက်ပြီး “အနှောင့်အယှက် မဖြစ်ပါဘူးခင်ဗျာ ဆရာကြီးနဲ့ တွေ့ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဆရာကြီးရဲ့ ဝတ္ထုတွေကို အမြဲဖတ်ဖြစ်ပါတယ်၊ တကယ်ကို ကောင်းမွန်တဲ့ လက်ရာတွေပါပဲ” ဟု ဆိုလိုက်သည်။
ထို့နောက် လင်ကူနှင့်လည်း လက်ဆွဲနှုတ်ဆက်ကာ “ဒါနဲ့ ကျွန်တော့်ကို ဘယ်လိုများ သိသွားတာလဲခင်ဗျာ ကျွန်တော့်ရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဘယ်တုန်းကမှ လူသိရှင်ကြား မထုတ်ပြန်ခဲ့ဖူးပါဘူး” ဟု မေးလိုက်သည်။
လင်ကူက မျက်မှန်တပ်ထားသော မိန်းကလေးကို ညွှန်ပြလျက် “ဒါက ငါ့မြေးမလေး လင်းရှုဟွာ ပါ သူမက မင်းရဲ့ စာအုပ်ဆိုင်မှာ စာလာဖတ်နေရင်းနဲ့ မင်း ဝတ္ထုရေးနေတာကို တွေ့သွားတာပေါ့ အဲ့ဒါနဲ့ ဘာရေးနေတာလဲလို့ မေးကြည့်တော့ ‘ဖားလောင်းလေး အမေရှာပုံတော်’ ဆိုတဲ့ အမည်ကို သိခဲ့ရတယ်။ ဒီတစ်ခေါက် မင်းရဲ့ စာအုပ်ထွက်လာတော့မှ မင်းက ဒိုရာဘီဒရင် ဆိုတာကို သူမက သိသွားတာ” ဟု ရှင်းပြသည်။
ဟွမ်ဖျင်အန်းက “လူလေးက သတိမမူမိခဲ့ဘူးပဲ မင်းရဲ့ အမည်ကို လျှို့ဝှက်ထားချင်တယ်ဆိုရင် ဒီလို အချက်အလက်တွေကို ဘယ်လိုလုပ် သွားပြောလိုက်ရတာလဲ” ဟု ရယ်မောလျက် ဆိုသည်။ လင်းရှုဟွာကလည်း “သူဌေး၊ အားနာပါတယ်ရှင်၊ ကျွန်မက အဖိုးနှစ်ယောက်ကိုပဲ ပြောပြခဲ့တာပါ တခြား ဘယ်သူ့ကိုမှ မပြောပါဘူး” ဟု ဆိုလေသည်။
လုအန်းကျီက “ရပါတယ်၊ ကျွန်တော်ကလည်း တမင်သက်သက် ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိပါဘူး ခန့်မှန်းမိသွားရင်လည်း ဘာမှ မဖြစ်ပါဘူး အပေါ်ထပ်ကို တက်ပြီး ခဏလောက် ထိုင်ကြရအောင် အပေါ်ထပ်က ကျွန်တော် နားနေကျ နေရာပါ” ဟု ဆိုကာ အားလုံးကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဝမ်ဖျင်မှာမူ အောက်ထပ်တွင် ဆိုင်စောင့်ရန် ကျန်ရစ်ခဲ့သည်။ သူမသည် လက်ရှိ ခံစားချက်ကို မည်သို့ ဖော်ပြရမှန်း မသိအောင် ဖြစ်နေရသည်။ လုအန်းကျီသည် ဒိုရာဘီဒရင် ဖြစ်ကြောင်း သူမ အရင်ကတည်းက ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ အတည်ပြုချက် ရရှိသွားသည့်အခါ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။ သို့သော်လည်း ဤသည်မှာ ကောင်းသော အချက်ပင် ဖြစ်ပြီး ယခင်က ဆိုင်ရှင်၏ အမည်ရင်းကို မသိသယောင် ဟန်ဆောင်ခဲ့ရသော်လည်း ယခုမူ ထိုသို့ လုပ်ရန် မလိုတော့ပေ ဆိုင်ရှင်ကလည်း သူ ဖုံးကွယ်ထားခြင်း မရှိကြောင်းနှင့် လူသိသွားလျှင်လည်း ကိစ္စမရှိကြောင်း ပြောခဲ့သဖြင့် သူမ ပို၍ စိတ်သက်သာရာ ရသွား၏။
ယခု ပြန်စဉ်းစားကြည့်လျှင် ဆိုင်ရှင်သည် ဆိုင် အမြတ်ရသည်၊ အရှုံးပေါ်သည်ကို တကယ်ပင် ဂရုမစိုက်ခဲ့ပေ။ သို့သော် ဝမ်ဖျင်ကတော့ လုအန်းကျီကို သတိပေးရန် လိုအပ်သည်ဟု ခံစားနေရဆဲ ဖြစ်သည်။ သူ ဂရုစိုက်ခြင်း၊ မစိုက်ခြင်းမှာ ဆိုင်ရှင်၏ အပိုင်းဖြစ်သော်လည်း အရှုံးအမြတ်များကို တွက်ချက်ကာ သတိပေးရန်မှာ သူမကဲ့သို့ ဆိုင်ဝန်ထမ်း တစ်ယောက်၏ တာဝန်သာ ဖြစ်သည်ဟု သူမက ယူဆထားသည်။
စန်းဝေ့စာအုပ်ဆိုင်၏ ဒုတိယထပ်တွင် လူအားလုံး ထိုင်ရန် ဆိုဖာများ မလုံလောက်သဖြင့် လုအန်းကျီသည် ကုလားထိုင် အချို့ကို ထပ်မံ ယူဆောင်လာခဲ့သည်။ သူသည် ကျန်းဆူရှင်း၊ ချန်းချန်း၊ ကျန်းယွီကျီနှင့် မြောင်စုချင်တို့ကို လင်ကူတို့နှင့် မိတ်ဆက်ပေးလိုက်သည်။ ကျန်းယွီကျီသည် မိမိ လေးစားအားကျရသော ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံရသဖြင့် စကားသိပ်မပြောဘဲ အနည်းငယ် အနေခက်နေသည်။ ချန်းချန်းမှာလည်း လူအများကြီးကို ရုတ်တရက် တွေ့လိုက်ရသဖြင့် ရှက်နေပုံရပြီး မြောင်စုချင်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နေနေသည်။
ကျန်းဆူရှင်းက လူတိုင်းအတွက် ရေနွေးကြမ်း ငှဲ့ပေးပြီးနောက် ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ ခဏတာမျှ ဒုတိယထပ်တွင် လုအန်းကျီ၊ လင်းကူးနှင့် ဟွမ်ဖျင်အန်းတို့၏ စကားပြောသံများသာ ထွက်ပေါ်နေသည်။ လင်ကူနှင့် ဟွမ်ဖျင်အန်းတို့သည် လုအန်းကျီက သူ၏ ယောက္ခမများကို ဧည့်ခံနေသည်ကို တွေ့ရသဖြင့် အချိန်မတော် ရောက်လာမိပြီဟု ဆိုကာ နောက်တစ်ရက်မှ ပြန်လာရန် ပြင်ကြသော်လည်း ကျန်းယွီကျီက တားမြစ်လိုက်သည်။ ကျန်းယွီကျီက အနှောင့်အယှက် မဖြစ်ကြောင်းနှင့် လုအန်းကျီတို့ စကားပြောသည်ကို သူလည်း နားထောင်ချင်ကြောင်း ဆိုသည်။ ၎င်းမှာ ကျန်းယွီကျီ အပေါ်ထပ်တွင် ပြောခဲ့သော စကားအနည်းငယ်ထဲမှ တစ်ခွန်း ဖြစ်သည်။
လင်ကူသည် ‘မင်းသားလေး’ နှင့် ‘ဒိုရာဘီဒရင်ဒဏ္ဍာရီပုံပြင် တိုများ စုစည်းမှု’ တို့၏ နောက်ကွယ်မှ ဖန်တီးမှု စိတ်ကူးများကို မေးမြန်းခဲ့ပြီး ဟွမ်ဖျင်အန်းကလည်း ‘လင်းယုန်သူရဲကောင်းပုံပြင်’ ကို ဖန်တီးရာတွင် လုအန်းကျီ၏ အတွေးအမြင်များကို မေးမြန်းခဲ့သည်။ သို့သော်လည်း ဟွမ်ဖျင်အန်းသည် အလွန်အကျွံ မမေးဝံ့ပေ။ လုအန်းကျီက ဖြေကြားသည့်အခါ ဇာတ်လမ်းကြိုတင် သိသွားမည်ကို စိုးရိမ်သဖြင့် အချို့နေရာများတွင် စကားဖြတ်လေ့ရှိသည်။
ကျန်းယွီကျီနှင့် မြောင်စုချင်တို့သည် မိမိတို့၏ သမက်ဖြစ်သူက စာပေနယ်ပယ်ရှိ နာမည်ကျော် ပုဂ္ဂိုလ်ကြီးနှစ်ဦးနှင့် ရွယ်တူတန်းတူ အဆင်ပြေပြေ စကားပြောဆိုနေသည်ကို ကြည့်ရင်း အိမ်မက်ကဲ့သို့ ခံစားနေရပြီး ကျန်းဆူရှင်းကမူ ဂုဏ်ယူနေမိသည်။ သူမသည် ဖျော်ဖြေရေးလောကတွင် အတွေ့အကြုံရှိပြီး အဆင့်အတန်း ခွဲခြားမှုများကို မြင်ဖူးထားသဖြင့် ဤလူကြီးနှစ်ဦးသည် လုအန်းကျီကို သူတို့နှင့် တန်းတူ ဆက်ဆံနေခြင်းကို ရိပ်မိသည်။ ၎င်းမှာ အကြောင်းရင်း တစ်ခုတည်းကြောင့်သာ ဖြစ်နိုင်ပါသည်။
လုအန်းကျီ၏ ပါရမီကို ဤလူကြီးနှစ်ဦးက အသိအမှတ်ပြုထားသောကြောင့် ဖြစ်သည်။ သမီးလေး၏ ဖခင်မှာ အလွန်တော်သည်ဟု သူမ အမြဲသိထားသော်လည်း ယခုကဲ့သို့ လက်တွေ့ပြသနိုင်သည့်အခါ သူမ ပို၍ပင် ဂုဏ်ယူမိသည်။ ထို့အပြင် မိဘများ၏ ရှေ့မှောက်တွင် ဤသို့ ဖြစ်ပျက်နေခြင်းကြောင့် သူမသည် အောင်နိုင်သူတစ်ဦးကဲ့သို့ ပီတိဖြစ်နေမိသည်။
“လူလေး လု၊ မင်းက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ၊ ငါ တကယ်ကို အံ့ဩမိပါတယ်”
“ဟုတ်တယ်၊ ငါတို့ စာရေးလာတာ ဆယ်စုနှစ်ချီနေပြီ၊ နယ်ပယ်တစ်ခုတည်းကိုပဲ အာရုံစိုက်ခဲ့ကြတာ၊ လူလေးလို နယ်ပယ်အသီးသီးမှာ စိတ်ကူးသစ်တွေနဲ့ အောင်မြင်အောင် လုပ်နိုင်တဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး၊ ငါတောင် မင်းကို တကယ် လေးစားမိတယ်”
“အဖိုးကြီးလင်းက ‘ရှေးခေတ်နှင့် မျက်မှောက်ခေတ် ဒဏ္ဍာရီ’ မှာ အခန်းဆက် ဖော်ပြနေတဲ့ ငါ့ရဲ့ စာအုပ်အသစ်က မင်းစာအုပ်ကို မမီဘူးလို့ ပြောခဲ့တယ် ၊အရင်ကတော့ သူ လျှောက်ပြောနေတာလို့ပဲ ထင်ခဲ့တာ၊ ငါ အနည်းဆုံးတော့ မင်းကို ယှဉ်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာပေါ့၊ ဒါပေမဲ့ ဒီနေ့ မင်းရဲ့ ‘လင်းယုန်သူရဲကောင်းပုံပြင်’ အတွက် စိတ်ကူးတွေကို ကြားလိုက်ရတော့ ငါ ဘာမှ ပြောစရာ မရှိတော့ပါဘူး၊ ငါ အရှုံးပေးပါတယ်”
“လူလေးလု၊ ငါတို့ဆီမှာ ဟိုင်တူး စာရေးဆရာအသင်းကို ဝင်ဖို့အတွက် ထောက်ခံချက်တွေ ရှိပါတယ်၊ မင်း စာရေးဆရာအသင်းကို ဝင်ချင်လား”
လင်ကူနှင့် ဟွမ်ဖျင်အန်းတို့သည် လုအန်းကျီနှင့် စကားပြောပြီးနောက် တစ်ဦးပြီးတစ်ဦး ဆိုလိုက်ကြသည်။ ထိုစဉ် လုအန်းကျီ၏ ဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည်။
“ခွင့်ပြုပါအုန်းခင်ဗျာ၊ ကျွန်တော် ဒီဖုန်းကို အရင် ကိုင်လိုက်ဦးမယ်”
လုအန်းကျီ ဖုန်းကို ထုတ်ကြည့်လိုက်ရာ ဂုရုယုံ ဆက်နေခြင်း ဖြစ်သည်ကို တွေ့လိုက်ရသည်။