← Chapters

သီချင်းမူပိုင်ခွင့် ဝယ်မလား ဝတ္ထုမူပိုင်ခွင့် ဝယ်မလား

Vol. 17 Ch. 167

သီချင်းမူပိုင်ခွင့် ဝယ်မလား ဝတ္ထုမူပိုင်ခွင့် ဝယ်မလား

Vol. 17 Ch. 167

လုအန်းကျီသည် ဖုန်းဖြေရန်အတွက် ဘေးသို့ ခပ်လှမ်းလှမ်း လျှောက်သွားလိုက်သည်။ ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဂုရုယုံ၏ အသံကို ကြားလိုက်ရသည်။ “ညီလေးလု အားနာပါတယ်ကွာ၊ မနေ့က လေယာဉ်မီဖို့ အလုအယက် သွားနေရတာနဲ့ ဒီမနက် အိပ်ပျော်သွားလို့ မင်းဖုန်းခေါ်တာကို မတွေ့လိုက်မိဘူး”

လုအန်းကျီက “အစ်ကိုဂု ဘာလို့ ကျွန်တော့်ကို တောင်းပန်နေရတာလဲ ကျွန်တော်ကသာ တောင်းပန်ရမှာပါ မနေ့ညက ကျွန်တော် အိပ်ရာစောစော ဝင်သွားလို့ အစ်ကို ဆက်ထားတဲ့ ဖုန်းနှစ်ခါကို မတွေ့လိုက်ဘူး၊ ဘာကိစ္စများ ရှိလို့လဲဗျ” ဟု ဆိုလိုက်သည်။

ပြီးခဲ့သော အခေါက်ကတည်းက သူနှင့် ဂုရုယုံ၊ ဝမ်ကျန်းဖျင်တို့သည် တစ်ဦးကိုတစ်ဦး ‘ညီလေး’ ၊ ‘အစ်ကို’ ဟု အပြန်အလှန် ခေါ်ဝေါ်နေကြပြီ ဖြစ်ပြီး ဂုရုယုံက သူ့ကို ‘ညီလေး’ ဟု ခေါ်သည်ကို ကြားသည့်အခါ သူကလည်း သဘာဝကျကျပင် ‘အစ်ကိုဂု’ ဟု ပြန်လည် ထူးလိုက်ခြင်း ဖြစ်သည်။

ဂုရုယုံက “ငါ မနေ့ညက ဟိုင်တူးကို ရောက်တယ်၊ မင်းရေးထားတဲ့ သီချင်းကိစ္စတွေ အပြီးသတ်ဖို့ ဒီနေ့ လာခဲ့မလို့၊ မင်းရဲ့ အပိုင်းနှစ်ပိုင်းနဲ့ သီချင်းနှစ်ပုဒ်က တကယ်ကို ကောင်းတယ် ငါ့အကြိုက်နဲ့လည်း ကွက်တိပဲ၊ ငါ မျှော်လင့်ထားတာထက်တောင် အများကြီး သာလွန်နေသေးတယ် ငါတို့က ညီအစ်ကိုတွေပဲဆိုတော့ ငါ မင်းကို မနစ်နာစေရပါဘူး၊ အကောင်းဆုံး အဆင့်အတန်းနဲ့ပဲ စာချုပ်ပေးမယ် မင်း အိမ်မှာ ရှိလား၊ ရှိရင် ငါ ခဏနေ လာခဲ့မယ်” ဟု ပြောသည်။

လုအန်းကျီက “အိမ်မှာ ရှိပါတယ်၊ ဒါပေမဲ့ ဧည့်သည်တွေ ရောက်နေလို့ အစ်ကိုလာရင် အဆင်ပြေပါ့မလား မသိဘူး” ဟု ဆိုသည်။

ဂုရုယုံက “အဆင်ပြေမပြေဆိုတာ မင်း ငါ့ကို မေးနေဖို့ မလိုပါဘူး၊ ဧည့်သည်ရှိနေရင် ငါတို့ လာတာက မင်းအတွက် အဆင်ပြေရဲ့လားဆိုတာပဲ အရေးကြီးတာပါ” ဟု ဆိုသည်။

လုအန်းကျီက “ကျွန်တော့်အတွက်တော့ ရပါတယ်ဗျ၊ ဒီနေ့ ကျွန်တော့် ယောက္ခမတွေ ရောက်နေတဲ့အပြင် ကျွန်တော့်ကို တွေ့ချင်လို့ လာတဲ့ ဧည့်သည်နှစ်ယောက်လည်း ရှိသေးတယ်၊ အစ်ကို သူတို့ကို သိမယ် ထင်ပါတယ် ဆရာကြီး လင်ကူ နဲ့ ဆရာကြီး ဟွမ်ဖျင်အန်း တို့ကို သိလား” ဟု မေးလိုက်သည်။

ဂုရုယုံက “ဟာ အဲ့ဒီလူကြီး နှစ်ယောက်လား၊ သူတို့ကို မပြန်ခိုင်းနဲ့ဦး၊ ငါ အခုချက်ချင်း လာခဲ့မယ်” ဟု ဆိုကာ ဖုန်းချသွားလေသည်။

လုအန်းကျီသည် ဖုန်းကို သိမ်းလိုက်ကာ ဂုရုယုံသည် လင်းကူးနှင့် ဟွမ်ဖျင်အန်းကို သိလိမ့်မည်ဟု သူ ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။ အနည်းဆုံးတော့ ဟွမ်ဖျင်အန်းကို သိမည်မှာ သေချာလှသည်။ တစ်ဦးက သိုင်းဇာတ်လမ်းတွဲများတွင် နာမည်ကြီးပြီး နောက်တစ်ဦးက သိုင်းဝတ္ထု နယ်ပယ်တွင် ထိပ်တန်းမှ ဖြစ်ရာ နယ်ပယ်တူနေသဖြင့် သူတို့ကြားတွင် ပတ်သက်မှု မရှိသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထိုသို့ တွေးတောရင်း လုအန်းကျီသည် သူ၏ နေရာတွင် ပြန်ဝင်ထိုင်လိုက်သည်။ လင်ကူက “ဘာဖြစ်လို့လဲ လူလေး၊ တစ်ခုခု အလုပ်ရှိလို့လား ၊အလုပ်ရှိရင် ငါတို့ အရင်ပြန်ပေးပါ့မယ် ဖုန်းနံပါတ်တွေ ဖလှယ်ထားပြီး အားတဲ့အခါမှ ပြန်ပြောကြတာပေါ့” ဟု ဆိုသည်။

လုအန်းကျီက “ဆရာကြီးလင် အလျင်မလိုပါနဲ့ဦး၊ အစ်ကို ဂုရုယုံနဲ့ ဝမ်ကျန်းဖျင်တို့ အခု လာနေကြပါတယ်၊ အစ်ကိုဂုက ဆရာကြီးတို့ နှစ်ယောက်လုံးကို သိတယ်လို့ ပြောပြီး ခဏလောက် စောင့်ပေးဖို့ မှာလိုက်ပါတယ်” ဟု ဆိုသည်။

လင်ကူးနှင့် ဟွမ်ဖျင်အန်တို့မှာ အံ့ဩသွားကြသည်။ လင်းကူးက “မင်းက အဲ့ဒီနှစ်ယောက်ကိုလည်း သိတာလား” ဟု မေးသည်။

ဟွမ်ဖျင်အန်းက ပြုံးလျက် “မင်းတို့ ဆက်ဆံရေးက တော်တော်လေး ရင်းနှီးပုံရတယ်၊ ‘အစ်ကို’ လို့တောင် အပြန်အလှန် ခေါ်နေကြတာကိုး” ဟု ဆိုလေသည်။

လုအန်းကျီက ပြုံးရုံသာ ပြုံးပြလိုက်သည်။

နောက်တွင် ထိုင်နေသော ကျန်းယွီကျီနှင့် မြောင်စုချင်တို့မှာမူ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။ ဝမ်ကျန်းဖျင် အမည်ကို သူတို့ မကြားဖူးသော်လည်း ဂုရုယုံ ဆိုသော အမည်မှာမူ သူတို့အတွက် အလွန် ရင်းနှီးနေသည့် အမည်တစ်ခု ဖြစ်ပြီး ဤကမ္ဘာရှိ ဂုရုယုံသည် ရုပ်ရှင်ထုတ်လုပ်သူနှင့် ဒါရိုက်တာအဖြစ် ကျော်ကြားသူ ဖြစ်သည်။ သူသည် ယခင်ကမ္ဘာရှိ ကျန်းကျိကျုံး ကဲ့သို့ပင် ဖြစ်ပြီး ထုတ်လုပ်သူ တစ်ဦးဖြစ်သော်လည်း သူ၏ နာမည်ဂုဏ်သတင်းမှာ ဒါရိုက်တာနှင့် သရုပ်ဆောင်များထက်ပင် ကျော်ကြားကာ သူ၏ လက်ရာများအတွက် အကြီးမားဆုံး ဆွဲဆောင်မှု တစ်ခုလည်း ဖြစ်သည်။

ကျန်းယွီကျီသည် သိုင်းဝတ္ထု ဝါသနာအိုး ဖြစ်သဖြင့် အားလပ်ချိန်များတွင် သိုင်းဇာတ်လမ်းတွဲများကို ကြည့်လေ့ရှိပြီး မြောင်စုချင်သည်လည်း အိမ်တွင် ဇာတ်လမ်းတွဲအချို့ ကြည့်တတ်သဖြင့် ဂုရုယုံ ဆိုသော အမည်ကို မည်သို့ မသိဘဲ ရှိလိမ့်မည်နည်း။

“အခု ဘာတွေ ဖြစ်နေတာလဲ” ဟု ကျန်းယွီကျီက ကျန်းဆူရှင်းကို တိုးတိုးလေး မေးလိုက်သည်။ ဘေးတွင် ထိုင်နေသော မြောင်စုချင်သည်လည်း နားစွင့်နေမိသည်။

ကျန်းဆူရှင်းက အသံတိုးတိုးဖြင့် “ဆရာကြီး ဝမ်ကျန်းဖျင် က ဂီတလောကမှာ နာမည်ကြီးတဲ့ တေးရေးဆရာ တစ်ယောက်ပါ၊ ကျွန်မအတွက်လည်း သီချင်းတွေ ရေးပေးဖူးပါတယ်၊ သူက အန်းကျီရဲ့ သီချင်းတွေကို ကြားပြီးတော့ အန်းကျီကို လာတွေ့တာပါ၊ နောက်ပိုင်းတော့ သူက အန်းကျီကို ဆရာကြီး ဂုရုယုံ ရဲ့ ဇာတ်လမ်းတွဲအသစ်မှာ သီချင်းရေးပေးဖို့ မိတ်ဆက်ပေးရာကနေ အကုန်လုံး သိကျွမ်းသွားကြတာ အချင်းချင်း စိတ်တူကိုယ်တူ ရှိကြတော့ ညီအစ်ကိုတွေလို ခေါ်နေကြတာပါ” ဟု ရှင်းပြသည်။

ကျန်းယွီကျီနှင့် မြောင်စုချင်တို့မှာ ထိုစကားကို ကြားသည့်အခါ ဘာမှ ပြန်မပြောနိုင်ကြတော့ပေ။ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များနှင့် မိမိတို့၏ သမက်ဖြစ်သူကြားတွင် အသက်အရွယ် ကွာခြားသော်လည်း ခင်မင်ရင်းနှီးနေကြသည်ကို သူတို့ နားလည်လိုက်ကြသည်။ သို့သော်လည်း မိမိတို့၏ ရှေ့မှောက်တွင် ဤသို့ ဖြစ်ပျက်နေခြင်း၊ တစ်ဖက်တွင် မိမိတို့၏ သမက်အသစ်စက်စက်နှင့် အခြားတစ်ဖက်တွင် တီဗွီထဲ၌သာ မြင်ဖူးသော နာမည်ကျော်များ ဖြစ်နေခြင်းကြောင့် လူကြီးနှစ်ဦးမှာ လက်တွေ့မဆန်သော ခံစားချက်ကြီးကို ခံစားနေရသည်။ မိမိတို့၏ သမီးဖြစ်သူ နာမည်ကြီးအဆိုတော် ဖြစ်လာစဉ်ကပင် ဤကဲ့သို့ ခံစားချက်မျိုး မရရှိခဲ့ဖူးပေ။

လုအန်းကျီသည် လင်ကူ၊ ဟွမ်ဖျင်အန်းတို့နှင့် ဆက်လက် စကားပြောနေသည်။ ခဏအကြာတွင် ဖုန်းပြန်လာသဖြင့် ကိုင်လိုက်ရာ ဂုရုယုံနှင့် ဝမ်ကျန်းဖျင်တို့ အောက်ထပ်သို့ ရောက်နေပြီဖြစ်ကြောင်း သိရသဖြင့် သူသည် အောက်သို့ ဆင်းကြိုလိုက်သည်။

လုအန်းကျီက ဂုရုယုံနှင့် ဝမ်ကျန်းဖျင်တို့ကို အပေါ်ထပ်သို့ ခေါ်ဆောင်လာသည့် အချိန်တွင် ကျန်းယွီကျီနှင့် မြောင်စုချင်တို့၏ စိတ်ထဲရှိ လက်တွေ့မဆန်သော ခံစားချက်မှာ ပို၍ပင် ကြီးထွားလာသည်။ ယခင်က သမက်ဖြစ်သူမှာ မည်မျှ တော်ကြောင်းကို သူများပြောသံဖြင့်သာ ကြားခဲ့ရသော်လည်း ယခုမူ တီဗွီထဲတွင်သာ မြင်ဖူးသူများနှင့် လုအန်းကျီက ရင်းရင်းနှီးနှီး စကားပြောနေသည်ကို လူကိုယ်တိုင် မြင်တွေ့နေရခြင်း ဖြစ်သည်။ ဤအကျိုးသက်ရောက်မှုမှာ လုံးဝ ကွဲပြားလှသည်။

“ဟားဟားဟား အကိုကြီးဟွမ်၊ အကိုကြီးလင် ခင်ဗျားတို့ နှစ်ယောက်ကတော့ ခွဲလို့မရအောင် တွဲနေတုန်းပဲကိုး၊ ညီလေးလု ရဲ့ ဆိုင်မှာ ခင်ဗျားတို့ကို တွေ့ရလိမ့်မယ်လို့ တကယ် မထင်ထားဘူး” ဟု ဂုရုယုံက အပေါ်ရောက်သည်နှင့် နှုတ်ဆက်လိုက်သည်။

သူတို့သည် အမှန်တကယ်ပင် ရင်းနှီးကြသူများ ဖြစ်ပုံရသည်။ စကားပြောရင်း လုအန်းကျီက သူတို့လာမည်ကို သိသဖြင့် ကုလားထိုင် နှစ်လုံး အသင့်ပြင်ထားပေးရာ သူတို့နှစ်ဦး ကုလားထိုင်များတွင် ထိုင်လိုက်ကြသည်။

ဟွမ်ဖျင်အန်းက ပြုံးလျက် “မင်းတို့ နှစ်ယောက်လည်း မဆိုးပါဘူး၊ အကိုကြီးဂု မင်း ဟိုင်တူးကို ရောက်တိုင်း အကိုကြီးဝမ်ကို အမြဲ လိုက်ရှာနေတာပဲ၊ မင်းတို့ နောက်တစ်ခါ အလုပ်တူတူ တွဲလုပ်ကြပြန်ပြီလား” ဟု မေးသည်။

ဂုရုယုံက နှာခေါင်းရှုံ့လျက် “ဘယ်ကသာ၊ ဘယ်သူက သူနဲ့ ထပ်တွဲလုပ်မှာလဲ” ဟု ဆိုသည်။ ဝမ်ကျန်းဖျင်ကလည်း “ဟွန်း” ဟု အသံပြုလိုက်သည်။

“ဒီလူကြီးနှစ်ယောက်က ညီလေးလု ရဲ့ ယောက္ခမတွေ၊ ကျန်းဆူရှင်း ရဲ့ မိဘတွေ မဟုတ်လား” ဟု ဂုရုယုံနှင့် ဝမ်ကျန်းဖျင်တို့က သတိထားမိကာ မေးလိုက်ကြသည်။

ထို့နောက်တွင်တော့ အပြန်အလှန် နှုတ်ဆက်ခြင်းနှင့် ချီးမွမ်းစကားများ ပြောဆိုခြင်းများ ရှိလာသည်။ ဂုရုယုံနှင့် ဝမ်ကျန်းဖျင်တို့က လူကြီးနှစ်ဦးမှာ ရုပ်ရည်သန့်ပြန့်ပြီး ထူးခြားသူများ ဖြစ်သဖြင့် ကျန်းဆူရှင်းကဲ့သို့ လှပတော်လှသော သမီးနှင့် လုအန်းကျီကဲ့သို့ ထူးချွန်သော သမက်ကို ပိုင်ဆိုင်ထားခြင်းမှာ မဆန်းကြောင်း ပြောကြသည်။ လင်ကူနှင့် ဟွမ်ဖျင်အန်းတို့ကလည်း ထောက်ခံကြသည်။ ကျန်းယွီကျီနှင့် မြောင်စုချင်တို့ကတော့ နှိမ့်ချစွာပင် ပြန်လည် တုံ့ပြန်ကြပြီး သူတို့မှာ ယခုအချိန်အထိ ကြောင်တောင်တောင် ဖြစ်နေဆဲပင် ဖြစ်သည်။

နှုတ်ဆက်စကားများ ပြောပြီးနောက် ဟွမ်ဖျင်အန်းက “မင်းတို့ နှစ်ယောက် ဒီကို ဘာလာလုပ်တာလဲ သူငယ်ချင်းလေးလု က ‘လင်းယုန်သူရဲကောင်းပုံပြင်’ ကို ငါးခန်းပဲ ရေးရသေးတာ အကိုကြီးဂု မင်း အဲ့ဒီဝတ္ထုကို လက်ဦးချင်နေပြီ မဟုတ်လား” ဟု မေးလိုက်သည်။

ဂုရုယုံက “ဘာ ‘လင်းယုန်သူရဲကောင်းပုံပြင်’ လဲ။ မင်း ဘာတွေ ပြောနေတာလဲ” ဟု ပြန်မေးသည်။ ဝမ်ကျန်းဖျင်လည်း နားမလည်နိုင်သလို ဖြစ်နေသည်။

ဟွမ်ဖျင်အန်းက “ဟန်ဆောင်မနေစမ်းပါနဲ့ ငါ့ရှေ့မှာ ဒီလိုတွေ လာမလုပ်နဲ့ ငါက မင်းကိုပဲ မူပိုင်ခွင့် ရောင်းဖို့ စောင့်နေတာ မဟုတ်ဘူး၊ ဘာလို့ ငါ့ရှေ့မှာ လာပြီး အရူးလုပ်ပြနေတာလဲ” ဟု ဆိုသည်။

ဂုရုယုံက တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသော်လည်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကာ “ဘာတွေလဲ ညီလေးလု က သီချင်းရေးဆရာ မဟုတ်လား ဘာ ‘လင်းယုန်သူရဲကောင်းပုံပြင်’ လဲ ၊ ဘာငါးခန်းလဲ၊ မင်း ဘာတွေ ပြောနေတာလဲ၊ မင်းရဲ့ စာအုပ်အသစ် မူပိုင်ခွင့်ကို ရောင်းပြီး ညီလေးလု ကို သီချင်းအသစ်တွေ စပ်ခိုင်းဖို့ လာတာတော့ မဟုတ်ပါဘူးနော်” ဟု ပြန်မေးလိုက်လေသည်။

All Chapters