အရှေ့ဘက်မှ တိုက်ခတ်လာသော သင်းပျံ့သောလေ
Vol. 17 Ch. 170
ဟိုင်တူးမြို့၊ ကျူယွမ်လူနေရပ်ကွက်
ကျန်းယွီကျီနှင့် မြောင်စုချင်တို့ ရှိနေစဉ်က နှစ်ရက်မျှ စည်ကားနေခဲ့သော်လည်း ယနေ့တွင် လူကြီးနှစ်ဦးစလုံး ရှီးကျင်သို့ ပြန်သွားကြပြီဖြစ်ရာ ကျန်းဆူရှင်းနှင့် လုအန်းကျီတို့မှာ တိတ်ဆိတ်သွားသော အိမ်ကြီး၌ အသားမကျနိုင်ဘဲ ဖြစ်နေကြသည်။
“ဘွားဘွားက ဘယ်မှာလဲ”
“ဖိုးဖိုးက ဘယ်မှာလဲ”
ချန်းချန်းသည် လုအန်းကျီနှင့် ကျန်းဆူရှင်းကို အမြဲမပြတ် မေးမြန်းနေကာ လွန်ခဲ့သော နှစ်ရက်အတွင်း ကျန်းယွီကျီ၏ စိတ်ရှည်လက်ရှည် သင်ကြားပေးမှုကြောင့် သမီးငယ်လေးမှာ လူကြီးနှစ်ဦးကို မှန်ကန်စွာ ခေါ်ဝေါ်တတ်နေပြီ ဖြစ်သည်။
“ဖိုးဖိုးနဲ့ ဘွားဘွားက အိမ်ပြန်သွားပြီလေ” ဟု လုအန်းကျီက ချန်းချန်းကို ပြန်ဖြေလိုက်သည်။
ထိုအခါ ချန်းချန်းက “အိမ်က ဒီမှာ မဟုတ်ဘူးလား” ဟု ထပ်မေးပြန်သည်။
ကျန်းဆူရှင်းက “ဖိုးဖိုးနဲ့ ဘွားဘွားရဲ့ အိမ်က ရှီးကျင်မှာရှိတာလေ ဒီမှာ မဟုတ်ဘူး၊ နောက်မှ မေမေတို့အားလုံး အတူတူ ဖိုးဖိုးနဲ့ ဘွားဘွားရဲ့အိမ်ကို သွားလည်ကြမယ်လေ” ဟု ဆိုသည်။
“ဟုတ်”
ချန်းချန်းက ခေါင်းညိတ်လိုက်ပြီးနောက် “ရှီးကျင်ဆိုတာ ဘာလဲ” ဟု ထပ်မေးသည်။
လုအန်းကျီက “ရှီးကျင်ဆိုတာ ဖိုးဖိုးနဲ့ ဘွားဘွားရဲ့ ဇာတိမြေပေါ့” ဟု ရှင်းပြသည်။
“အော်”
ချန်းချန်းက ခေါင်းညိတ်ပြပြီး “ဖိုးဖိုးနဲ့ ဘွားဘွားရဲ့ ဇာတိမြေပေါ့” ဟု ကိုယ့်ဘာသာ ရေရွတ်နေသည်။ တစ်ပတ်လည်သွားပြီးနောက် ချန်းချန်းမှာ သူမလိုချင်သော အဖြေကို ရသွားသဖြင့် ကျေနပ်သွားပုံရသည်။ လုအန်းကျီနှင့် ကျန်းဆူရှင်းတို့မှာလည်း သမီးငယ်၏ အမူအရာကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်ကြပေ။
ညနေပိုင်းအထိ ကျန်းဆူရှင်း၏ အိမ်တွင် နေထိုင်ရင်း လုအန်းကျီသည် ကျန်းယွီကျီနှင့် မြောင်စုချင်တို့ ရှီးကျင်သို့ ဘေးကင်းစွာ ဆိုက်ရောက်ကြောင်း ဖုန်းဆက်အကြောင်းကြားလာမှသာ စိတ်အေးသွားရသည်။ လုအန်းကျီသည် ကျန်းဆူရှင်း၏ အိမ်တွင် ညစာစားပြီးနောက် စန်းဝေ့စာအုပ်ဆိုင်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ကျန်းဆူရှင်းက လုအန်းကျီကို တားဆီးကာ “ရှင် စန်းဝေ့စာအုပ်ဆိုင်ကို ပြန်ဦးမှာလား” ဟု မေးလိုက်သည်။
“အဲ”
လုအန်းကျီ၏ ခြေလှမ်းများ ခဏမျှ တုန့်ကနဲ ဖြစ်သွားသည်။
ကျန်းဆူရှင်းက နှုတ်ခမ်းလေးစူကာ “ကျွန်မတို့က လက်ထပ်စာချုပ်လည်း ရထားပြီ၊ ရှင့်ကိုလည်း ကျွန်မမိဘတွေနဲ့ မိတ်ဆက်ပေးပြီးပြီ ကျွန်မတို့က အခု တကယ့်လင်မယားတွေ ဖြစ်နေပြီလေ၊ ရှင် ဒီမှာပဲ အမြဲတမ်း နေသင့်ပြီ” ဟု ဆိုလေသည်။
လုအန်းကျီက ပြုံးလျက် “ဟုတ်ပါပြီ၊ ဒါပေမဲ့ တကယ့်လင်မယား စစ်စစ်ဖြစ်ဖို့ တစ်ခုတော့ လိုနေသေးတယ်နော်” ဟု စနောက်လိုက်သည်။
ကျန်းဆူရှင်း၏ မျက်နှာလေးမှာ နီရဲသွားပြီး လုအန်းကျီ၏ စူးရှသော အကြည့်များကို ရှောင်လွှဲကာ “ကျွန်မ ကျွန်မ နေမကောင်းဖြစ်နေတယ်” ဟု ဆိုသည်။
လုအန်းကျီသည် ခဏမျှ နှမြောသလို ခံစားလိုက်ရသော်လည်း “ရပါတယ်၊ အချိန်တွေ အများကြီး ရှိပါသေးတယ်” ဟု ပြန်ပြောလိုက်သည်။
“လူယုတ်မာ”
ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးလိုက်ပြီး ချန်းချန်းကို ပွေ့ချီကာ “ချန်းချန်း၊ ဒီနေ့ကစပြီး ဖေဖေက ဒီမှာပဲ နေတော့မှာနော်” ဟု ပြောလိုက်သည်။
ချန်းချန်းမှာ ချက်ချင်းပင် ဝမ်းသာအားရဖြင့် “ဟုတ်ကဲ့ ချန်းချန်းလည်း ဖေဖေနဲ့အတူ အိပ်ချင်တယ်” ဟု ဆိုသည်။
ကျန်းဆူရှင်းက မနာလိုသလို ဟန်ဆောင်ကာ “ဒါဆို မေမေနဲ့ မအိပ်တော့ဘူးလား” ဟု မေးလိုက်ရာ ချန်းချန်းက ကျန်းဆူရှင်းကို ချက်ချင်း ပြန်ဖက်ပြီး “အတူတူ အိပ်မယ်” ဟု ချစ်စဖွယ် ဖြေလေသည်။
အိပ်ရန် အချိန်စောနေသေးသဖြင့် သူတို့နှစ်ဦးမှာ ဘာမှလုပ်စရာ မရှိသည်နှင့် ချန်းချန်းကို ခေါ်ကာ လမ်းလျှောက်ထွက်ခဲ့ကြသည်။ မမျှော်လင့်ဘဲ ပန်းခြံလေးအတွင်းတွင် စပီကာများ ဖွင့်ကာ ကနေကြသူများကို တွေ့လိုက်ရသည်။ လုအန်းကျီမှာ အံ့ဩသွားပြီး ဤကမ္ဘာသို့ ရောက်ရှိလာပြီး သုံးနှစ်အကြာတွင်မှ လူစုလူဝေးဖြင့် ကခုန်သည့် မြင်ကွင်းကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ထိုသူများ ကနေကြသော သီချင်းမှာလည်း လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ သီဆိုထားသည့် ‘လမင်းထက်၌’ ဆိုသော သီချင်းပင် ဖြစ်ပြီး ကနေသူ အနည်းငယ်သာ ရှိသော်လည်း ဘေးတွင် ဝိုင်းကြည့်နေသူများမှာ အတော်လေး များပြားလှသည်။
“ကွမ်ကွမ်”
ချန်းချန်းက လှမ်းခေါ်လိုက်ပြီးနောက် “ထျန်းထျန်း၊ ထုံထုံ၊ ပုပု တို့လည်း ရှိတယ်” ဟု ဆိုသည်။
ကွမ်ကွမ်အပြင် အခြားသော ကလေးငယ်များလည်း ကနေသူများ၏ ဘေးတွင် ဆော့ကစားနေကြခြင်း ဖြစ်သည်။ ကလေးငယ်များမှာ ရပ်ကွက်ထဲတွင် အမြဲတွေ့ဆုံ ဆော့ကစားနေကြသူများ ဖြစ်သဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးနေကြသည်။ လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ ကြည့်လိုက်သည့်အခါ လီဟွေ့မင်းနှင့် သူ၏ဇနီးအပြင် အခြားမိဘများကိုလည်း တွေ့လိုက်ရသည်။ သူတို့သည် ကလေးများကို စောင့်ကြည့်ရင်း ကနေသူများကိုလည်း ဝိုင်းကြည့်နေကြခြင်း ဖြစ်သည်။
“မစ္စတာလု”
လီဟွေ့မင်းသည် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ကို မြင်သည့်အခါ နှုတ်ဆက်လိုက်ပြီး “ဆော့ဖ်ဝဲကို သုံးကြည့်ပြီးပြီလား အဆင်ပြေရဲ့လား” ဟု မေးလိုက်သည်။
လုအန်းကျီက “သုံးကြည့်ပြီးပါပြီ တော်တော်လေး ကောင်းပါတယ် ပြင်ဆင်ရမယ့် အချက်လေးအချို့ ရှိလို့ ကျွန်တော် မှတ်စုထဲမှာ ရေးထားတယ် မနက်ဖြန်ကျမှ ခင်ဗျားကို ပြပေးမယ်” ဟု ပြောလိုက်သည်။
‘လင်းယုန်သူရဲကောင်းပုံပြင်’ ကို ရိုက်နှိပ်ပြီးနောက်တွင် စာရိုက်နည်းစနစ် ဆော့ဖ်ဝဲသစ်မှာ လုအန်းကျီ အသုံးများသော စကားလုံးများကို မှတ်သားထားနိုင်ပြီ ဖြစ်သဖြင့် အသုံးပြုရသည်မှာ ပို၍ လွယ်ကူလာသည်။ လုအန်းကျီသည် ဤကမ္ဘာရှိ ကွန်ပျူတာများ၌ ပါဝင်သော အခြေခံ စာရိုက်နည်းစနစ်ကို လုံးဝ မသုံးတော့ပေ။
လီဟွေ့မင်းက ခေါင်းညိတ်ကာ “ဟုတ်ကဲ့ပါ” ဟု ပြန်ထူးသည်။
လုအန်းကျီသည် လီဟွေ့မင်း စကားပြောချင်သော်လည်း တွန့်ဆုတ်နေသည်ကို သတိပြုမိသဖြင့် “ဘာဖြစ်လို့လဲ တခြား ပြောစရာရှိသေးလား” ဟု မေးလိုက်သည်။
လီဟွေ့မင်းက “မစ္စတာလု၊ ကျွန်တော် မေးချင်တာက ဒီစာရိုက်နည်းစနစ်ကို လူသိအောင် လုပ်ဖို့အတွက် ခင်ဗျားမှာ စီမံကိန်းတွေ ရှိလားလို့ပါ” ဟု ဆိုသည်။
လုအန်းကျီက “မရှိပါဘူး၊ ကျွန်တော်က ကိုယ့်ဘာသာ သုံးဖို့ပဲ ရည်ရွယ်ထားတာပါ တခြား ဘာမှ မစဉ်းစားရသေးဘူး” ဟု ပြန်ဖြေသည်။
လီဟွေ့မင်းက “ဒါဆို ဒီတာဝန်ကို ကျွန်တော့်ကို ပေးနိုင်မလား” ဟု မေးလေသည်။ လုအန်းကျီက “ခင်ဗျား ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ” ဟု ထပ်မေးသည်။
လီဟွေ့မင်းက သူ၏ခေါင်းကို ကုတ်လျက် “ကျွန်တော့်မှာ အကြံကြီးကြီးမားမားတော့ မရှိပါဘူး၊ ကွန်ပျူတာ ကုမ္ပဏီတွေဆီ သွားပြီး မိတ်ဆက်တာမျိုး ဒါမှမဟုတ် ကျူကျူ လိုမျိုး ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေထဲမှာ ထည့်သွင်းပေးဖို့ ပြောတာမျိုး အတိုင်းအတာ တစ်ခုအထိတော့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်” ဟု ဆိုသည်။
လုအန်းကျီက ခဏမျှ တွေးတောပြီး “ဒါက မလွယ်လောက်ဘူး မဟုတ်လား” ဟု မေးသည်။
လီဟွေ့မင်းက ခေါင်းညိတ်ကာ “တကယ်ကို ခက်ခဲပါတယ်၊ အခု ရှိနေတဲ့ စာရိုက်စနစ်တွေက တည်ငြိမ်နေပြီးသားဆိုတော့ အသစ်တစ်ခုနဲ့ အစားထိုးဖို့ ဆိုတာက မလွယ်ဘူး၊ ဒါကြောင့် ကျွန်တော်က နာမည်ကြီး ဝက်ဘ်ဆိုဒ်တွေနဲ့ အသုံးပြုသူ များပြားတဲ့ ဆော့ဖ်ဝဲ ကုမ္ပဏီတွေကိုလည်း သွားရောက် ညှိနှိုင်းဖို့ စဉ်းစားထားပါတယ်၊ ဥပမာ ဟွာခီ တို့ ကျူကျူ တို့လို ကုမ္ပဏီမျိုးတွေပေါ့” ဟု ရှင်းပြသည်။
လုအန်းကျီသည် ယခင်က သူ အီးမေးလ်များ ပေးပို့ခဲ့ဖူးသည်ကို သတိရကာ “ဒါကို ကျွန်တော် ကိုယ်တိုင်တော့ မလုပ်နိုင်ဘူး၊ ကျွန်တော့်မှာ အင်တာနက် နည်းပညာ နယ်ပယ်မှာ ဘာနာမည်မှ မရှိတော့ အဲ့ဒီကုမ္ပဏီတွေက ဂရုစိုက်မှာ မဟုတ်ဘူး ခင်ဗျားကတော့ ဒီနယ်ပယ်မှာ ကြာပြီဆိုတော့ ခင်ဗျားအတွက် ပြဿနာ မရှိနိုင်ပါဘူး” ဟု ဆိုသည်။
လီဟွေ့မင်းက ခေါင်းခါလျက် “ကျွန်တော်လည်း တစ်ယောက်တည်းဆိုတော့ သိပ်မထူးပါဘူး၊ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းဟောင်း အချို့နဲ့ ပူးပေါင်းပြီး စတူဒီယို တစ်ခု အရင် တည်ထောင်ဖို့ စဉ်းစားထားတယ် အဖွဲ့အစည်း တစ်ခုအနေနဲ့ဆိုရင် ပိုပြီး ထိရောက်တာပေါ့ “
“အကယ်၍ အဆင်ပြေသွားမယ်ဆိုရင် ဒီစာရိုက်စနစ်ကို အခြေခံပြီး တခြား ပရောဂျက်တွေပါ လုပ်လို့ ရနိုင်မယ်၊ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားရဲ့ ဆော့ဖ်ဝဲကို အသုံးချတာ ဖြစ်နေတော့ ခင်ဗျား စိတ်ကူးများ ရှိမလားလို့ပါ” ဟု မေးလေသည်။
လုအန်းကျီက ပြုံးကာ “ဘာလို့ စိတ်ကူးရှိရမှာလဲ ခင်ဗျားက ကျွန်တော့်ကို ကူညီတာပဲလေ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲ” ဟု ဆိုလိုက်သည်။
သူ သီချင်းစရေးတုန်းကလည်း ကျန်းဆူရှင်း၏ လွှမ်းမိုးမှုကို အသုံးချခဲ့ရသည် မဟုတ်ပါလား။ ယခု သူ ဖန်တီးထားသော စာရိုက်စနစ်ကြောင့် သူသည် ပြန်လည် လွှမ်းမိုးနိုင်သူ ဖြစ်လာခဲ့ပြန်ပြီ။
လီဟွေ့မင်းက စိတ်သက်သာရာ ရသွားပြီး “ကျေးဇူးတင်ပါတယ် မစ္စတာလု” ဟု ဆိုသည်။
လုအန်းကျီက ရုတ်တရက် “ကုမ္ပဏီတစ်ခု ထောင်ဖို့ကော မစဉ်းစားဘူးလား ကုမ္ပဏီဆိုရင် ပိုကောင်းမယ် မဟုတ်လား” ဟု မေးလိုက်သည်။
လီဟွေ့မင်းက စိတ်ပျက်သလို ပြုံးကာ “ကုမ္ပဏီထောင်ဖို့က အရင်းအနှီး အများကြီး လိုတာလေ ကျွန်တော်တို့မှာ အဲ့ဒါ မရှိဘူး အခုလောလောဆယ်တော့ အသေးစား ပရောဂျက်လေးတွေ လက်ခံလုပ်တာပဲ ဖြစ်နိုင်ဦးမယ်” ဟု ဖြေသည်။
လုအန်းကျီက “ဒါဆို ခင်ဗျားမှာ ရေရှည်စီမံကိန်း ရှိလား ရှေ့လျှောက် ဘာလုပ်ချင်လဲ” ဟု ထပ်မေးသည်။
လီဟွေ့မင်းက ခေါင်းညိတ်ပြီး “ကျွန်တော်တို့ ကျွမ်းကျင်တဲ့ ဆော့ဖ်ဝဲ အသေးစားလေးတွေ ဖန်တီးတဲ့ အလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ” ဟု ဆိုလေသောကြောင့် လုအန်းကျီ ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
လီဟွေ့မင်းက “မစ္စတာလု၊ ခင်ဗျားရဲ့ မူပိုင်ခွင့် လျှောက်ထားမှုက ကျပြီလား၊ ပြဿနာ မတက်အောင် မူပိုင်ခွင့် စစ်ဆေးတာ ပြီးမှပဲ လူသိရှင်ကြား မိတ်ဆက်တာကို စချင်လို့ပါ” ဟု မေးလိုက်သည်။
လုအန်းကျီက “ကျွန်တော်လည်း မသိသေးဘူး မစစ်ကြည့်ရသေးဘူး၊ အိမ်ပြန်ရောက်လို့ စစ်ကြည့်ပြီးရင် ခင်ဗျားဆီ ဖုန်းဆက်လိုက်ပါ့မယ်” ဟု ပြန်ပြောလိုက်လေသည်။