ဉာဏ်များသော ကျန်းချိုလန်
Vol. 17 Ch. 170
ရှန်းယီသည် ပြင်ပလူတစ်ယောက်ကဲ့သို့သာ ဆက်လက်နေထိုင်လေ၏။
သူယခင်က တွေးခဲ့သကဲ့သို့ပင် ချင်ပြည်နယ်တွင် နံပါတ်တစ်အဆင့်ရှိသော၊ ဟွမ်ယွမ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော၊ နန်းတွင်းအတွက် ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ထားသော ဤနတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး မလုပ်ချင်ပါက မြို့တော်မှ မည်သူကမျှ အတင်းအကျပ် ခိုင်းစေနိုင်မည် မဟုတ်ပေ။
သို့သော် မင်းသားလေးကျင်းကျန်းသည် သူမနှင့် ဆက်လက်စကားပြောရန် ဆန္ဒမရှိပုံရလေသည်။
သူသည် ရှန်းယီဘက်သို့ အကြည့်လွှဲလိုက်ပြီး "စစ်သူကြီးရှန်း... ခင်ဗျားကို ဧည့်ခံပွဲဖိတ်ဖို့ ကျုပ် မိန်းကလေးကျန်းကို အကူအညီတောင်းခဲ့ပါသေးတယ်၊ ခင်ဗျား မေ့နေမှာဆိုးလို့ ကျုပ်ကိုယ်တိုင် လာခဲ့တာပါ" စိုးရိမ်တကြီး ပြောလိုက်၏။
ကျန်းချိုလန်၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုမိန်းမလျာဆန်သော လူငယ်လေးသည် စကားပြောနေရင်း သူမအား ရုတ်တရက် အလွန်ဖော်ရွေမှုကင်းသော အကြည့်ဖြင့် ကြည့်လိုက်သောကြောင့်ပင်။
"..."
ရှန်းယီသည် မင်းသားလေးကျင်းကျန်းကို မော့ကြည့်လိုက်ရာ ထိုမိန်းမလျာဆန်သော မျက်နှာပေါ်၌ မျှော်လင့်ချက်အရိပ်အယောင် ကိန်းအောင်းနေသည်ကို တွေ့လိုက်ရလေ၏။
ခေတ္တမျှ စဉ်းစားပြီးနောက်။သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသောအရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
"ဘာဖြစ်တာလဲ"
ကျန်းချန်ယွင်သည် မည်သို့ပင်ဆိုစေကာမူ အမြုတေဖြစ်တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ အရာရာကို မြင်တွေ့ဖူးလေသည်။
သူနားထောင်လေလေ ပို၍ အံ့ဩလေလေ ဖြစ်လာ၏။
သူစောစောက စိုးရိမ်နေခဲ့မိသည်မှာ လူမှားနေကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။
ရှန်းယီသည် ကျန်းချိုလန်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ရာ သူမသည် အမှန်တကယ်ပင် ထူးကဲစွာ လှပကြောင်း တွေ့ရှိရလေသည်၊ ဂါဝန်ရှည်ဝတ်ဆင်ထားသဖြင့် သူမ၏ ကျက်သရေရှိမှုမှာ သုံးဆမျှ တိုးပွားနေလေ၏။
သူသည် မင်းသားအား မျက်စိဆရာဝန် သွားပြရန် အကြံပေးချင်စိတ် ပေါက်သွားမိသည်၊ သူ၏ အလှအပခံစားမှု အရသာသည် အမှန်တကယ်ပင် ရောဂါရနေပုံ ပေါက်နေ၏။
"..."
ရိုးရိုးသားသား ပြောရလျှင် ကျန်းချိုလန်သည် ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။
နတ်ဆိုးဘုရင်လေး၏ ခြုံခိုတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ပင် သူမ၏ လှပသော မျက်နှာထက်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့သော်လည်း ယခုမူ သူမ၏ နှုတ်ခမ်းထောင့်များတွင် မသိမသာသော အပြုံးရေးရေးလေး ပေါ်လာလေ၏။
သူမ မှတ်မိတာ မမှားဘူးဆိုလျှင် မနေ့ကမင်းသား၏ အိမ်တော်မှ ထွက်ခွာလာစဉ်က သူသည် သူမအား တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ပေ။
ရှန်းယီ၏ မျက်လုံးများထဲမှ ထူးဆန်းမှု ပိုမိုပြင်းထန်လာမှသာ ကျန်းချိုလန် ပြန်လှည့်လာပြီး "စစ်သူကြီးရှန်းက ကျမနဲ့အတူ ချင်ပြည်နယ်ကို ပြန်လိုက်မှာပါ၊ မင်းသား ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" ဟု ပြောလိုက်လေ၏။
သူမစကားမဆုံးမီမှာပင် မင်းသားက သူမအား ပြန်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
သူ၏ ယခင်က ဖော်ရွေမှုကင်းသော မျက်နှာထားတွင် အေးစက်မှု အရိပ်အယောင်များ ပါဝင်လာပြီး နှုတ်ခမ်းများ တွန့်ကွေးလျက် လှောင်ပြောင်လိုက်၏။
"ဒါကြောင့် မို့လို့ မိန်းကလေးကျန်းက ကျုပ်ရဲ့ တောင်းဆိုမှုကို လက်ခံပြီးမှ သတင်းကို တမင်ဖုံးကွယ်ထားပြီး စစ်သူကြီးရှန်းကို ခင်ဗျားနဲ့အတူ သောက်စားဖို့ ဒီမှာ ခေါ်ထားတာပေါ့လေ"
မိန်းမလျာဆန်သော လူငယ်လေးသည် လျှာကို တောက်ခေါက်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်၏။
"မိန်းကလေးကျန်းက ကြည့်ရတာ ဖြူစင်ရိုးသားသလို ထင်ရပေမဲ့ ဒီလောက်တောင် ဉာဏ်များလိမ့်မယ်လို့ ထင်မထားမိဘူး၊ တကယ်ကို မျက်စိပွင့်သွားပါပြီဗျာ"
ထိုသို့ပြောပြီးနောက် သူသည် လှောင်ပြုံးပြုံးကာ လက်အင်္ကျီစကို ခါယမ်းလျက် လှည့်ထွက်သွားလေသည်။
သူသည် ခြေတစ်လှမ်းလှမ်းပြီးရုံရှိသေးချိန်၌ ပြန်ရပ်တန့်လိုက်ပြီး ရှန်းယီအား နာကြည်းသော အကြည့်ဖြင့် ကြည့်လိုက်၏။
"စစ်သူကြီးရှန်း... ကျုပ်မယ်တော် မင်းသမီးကျီက အရမ်း ဒေါသထွက်နေတယ်၊ ကျုပ်က ခင်ဗျားကို သတိပေးဖို့ စောစောစီးစီး ခိုးထွက်လာတာ၊ တစ်ချို့လူတွေကြောင့် ခင်ဗျားပါ ရောပါမသွားအောင် မြန်မြန် ရှောင်နေလိုက်ပါ"
ထိုစကားကို ချန်ထားရစ်ခဲ့ပြီး သူ ထပ်မံ လှည့်ထွက်သွား၏။
မင်းသားလေးကျင်းကျန်း ခြံဝင်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားပြီးနောက်။
ကျန်းချန်ယွင်သည် သခင်မကျန်းကို တိတ်ဆိတ်စွာ ကြည့်နေမိပြီး သူမက မနေ့က အမှတ်တရအဖြစ် ရှန်းယီ၏ ဓားကို တောင်းယူခဲ့ပုံ၊ စစ်သူကြီးရှန်းက ဧည့်ခံပွဲ တက်ရောက်မည် မဟုတ်ကြောင်း သူမ တိကျစွာ ခန့်မှန်းခဲ့ပုံ၊ သူမက သူ့ကို တမင်တကာ မောင်းထုတ်ခဲ့ပုံ၊ ထို့နောက် ဖြစ်တောင့်ဖြစ်ခဲ ဂါဝန်ရှည် ဝတ်ဆင်ထားပုံတို့ကို ရုတ်တရက် ပြန်ပြောင်းသတိရလိုက်သည်... ဤအရာများအားလုံး စုစည်းသွားကြ၏။
သူ၏ ကာလရှည်ကြာ ယုံကြည်ချက်များ ရုတ်တရက် ပြိုလဲစပြုလာလေသည်။
"ဆက်ပြုံးထားလေ"
ရှန်းယီက မျက်ခုံးပင့်လျက် ကျန်းချိုလန်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
ခင်ဗျားက ပွဲကြည့်ရတာ ကြိုက်တယ် မဟုတ်လား
"..."
ကျန်းချိုလန်သည် သံယောဇဉ်ကိစ္စများနှင့် ပတ်သက်၍ ရန်ဖြစ်ငြင်းခုံမှုများကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးသော်လည်း ဤသည်မှာ သူမကိုယ်တိုင် ပါဝင်ပတ်သက်ဖူးသည့် ပထမဆုံးအကြိမ်ပင်။
ဟွမ်ယွမ်အဆင့်သို့ ရောက်လုနီးပါးဖြစ်သော သိုင်းပညာရှင်တစ်ဦးအနေဖြင့် မင်းသား၏အမွေခံတစ်ဦးကို ပြစ်မှားမိခြင်းကဲ့သို့သော ကိစ္စသေးသေးမွှားမွှားကို သူမ ဂရုစိုက်မည် မဟုတ်ပေ။
သူမသည် ဤအတွေ့အကြုံကို အတော်လေး ဆန်းသစ်သည်ဟု ခံစားရပြီး သက်ပြင်းချကာ ပြောလိုက်၏။
"သူပြောသလို ရည်ရွယ်ချက်မျိုး ကျမမှာ မရှိပါဘူး"
ခေါင်းမာနေတုန်းပဲ
ကျန်းချန်ယွင် အံကြိတ်လိုက်၏။ ကျန်းချိုလန်၏ သစ္စာအရှိဆုံး နောက်လိုက်တစ်ဦးအနေဖြင့် သူသည် သူမ၏ ပုံမှန်မဟုတ်သော အပြုအမူများကို သတိထားမိနေသည်မှာ ကြာပြီ။
နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး တစ်ဦးအနေဖြင့် နတ်ဆိုးဖမ်းစီးသူ၏ ခြံဝင်းထဲတွင် လာနေခြင်း၊ အချိန်ဖြုန်းခြင်းမရှိဟု ချင်ပြည်နယ်တွင် နာမည်ကြီးသော သူမက စစ်သူကြီးရှန်းကို ကျင့်ကြံခြင်းနည်းစနစ်များကို ဦးဆောင်ရှင်းပြပေးခြင်း၊ ထို့အတူ အရေးအကြီးဆုံးမှာ သူမက သူ့ကိုပင် မောင်းထုတ်ခဲ့သေးသည်။
ကံကောင်းသည်မှာ စစ်သူကြီးရှန်းသည် သူ၏ အေးစက်သော အမူအရာကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်လေသည်။
ပြင်ပအကြောင်းအရာများကြောင့် လုံးဝ တုန်လှုပ်ခြင်း မရှိပေ။
"စစ်သူကြီးရှန်း... ကျနော်တို့ တခြားတစ်နေရာကို အရင်သွားကြမလား"
ကျန်းချန်ယွင်က လက်သီးကို ဆုပ်လျက် အသံအုပ်အုပ်ဖြင့် ပြောလိုက်၏
"ပြီးတော့ သခင်မကျန်းရောပဲ"
မင်းသားအမွေခံကို ပြစ်မှားမိခြင်းမှာ ကိစ္စကြီးမဟုတ်သော်လည်း မင်းသမီးကျီကို အမှန်တကယ် ဒေါသထွက်စေခြင်းမှာ မင်းသားကျီကို ဒေါသထွက်စေခြင်းထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းလေသည်။
"ရှင်တို့အားလုံး ဘယ်ကို သွားချင်ကြလို့လဲ"
ခြံဝင်းအပြင်ဘက်မှ နူးညံ့သော ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ ဝတ်ရုံဖြူဝတ် အစောင့်နှစ်ဦး ခြံရံလျက် ကျက်သရေရှိပြီး မြင့်မြတ်သောမင်းသမီးကျီသည် ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာလေသည်။
"ချိုလန် မင်းသမီးကို ဂါရဝပြုပါတယ်"
ကျန်းချိုလန် အခန်းထဲမှ ထွက်လာခဲ့၏။
"ယဉ်ကျေးနေစရာ မလိုပါဘူး" မင်းသမီးကျီက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး သူမ၏ အပြုံးက ပိုမိုနက်ရှိုင်းလာသည်။
"သခင်မကျန်းမှာ အရေးကြီးတဲ့ တာဝန်တွေ ရှိပေမဲ့ မင်းသားအိမ်တော်ကို သတင်းပို့ဖို့ အချိန်ရသေးတာပဲ၊ ချင်ပြည်နယ် အန္တရာယ်ရောက်နေတယ်ဆိုတာ ကျမသိပါတယ်၊ စိတ်ထဲ ထားမနေပါဘူး"
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီး"
ကျန်းချိုလန်သည် သူမ၏ စကားလုံးများထဲတွင် ဖုံးကွယ်ထားသော အငြိုးအတေးများကို ဂရုမစိုက်ပေ။
မင်းသမီးကျီက ခေါင်းခါလိုက်၏။
"ကျမ ရှင်တို့ကို ထပ်ပြီး မနှောင့်ယှက်ရဲတော့ပါဘူး၊ ဒီတစ်ခါ လာရတာက သခင်မကျန်းကို ချင်ပြည်နယ်က စစ်သူကြီးချုပ်ဆီ စကားပါးပေးဖို့ အကူအညီတောင်းချင်လို့ပါ"
သူမသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
"သူ နတ်ဆိုးဘုရင်ရဲ့ ခေါင်းဖြတ်ခြင်း ခံရတဲ့အခါ ဒါတွေအားလုံးက သူ့တပည့်ရဲ့ လက်ချက်ဆိုတာကို သေချာပေါက် သတိရနေမယ်လို့ မျှော်လင့်ပါတယ်"
ထိုသို့ပြောပြီးနောက် မင်းသမီးကျီ လှည့်ထွက်သွားလေသည်။
အနည်းငယ်မျှ နှောင့်နှေးနေလိုစိတ် မရှိပေ။
သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျန်းချန်ယွင်၏ မျက်ခွံများ အနည်းငယ် လှုပ်ရှားသွားပြီး ဒေါသများ ရင်ထဲတွင် ဆူပွက်လာခဲ့၏။
သူသည် အသက်ပြင်းပြင်းရှူရင်း လှည့်ကြည့်လိုက်သည်။
ကျန်းချိုလန်သည် စားပွဲတွင် ပြန်ထိုင်နေပြီးဖြစ်ကာ သူမရော စစ်သူကြီးရှန်းပါ ထိုစကားများကို စိတ်ထဲထားပုံမရကြောင်း တွေ့လိုက်ရ၏။
ကျန်းချန်ယွင်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီး သူ၏ စိတ်ခံစားမှုများကို လျင်မြန်စွာ ပြုပြင်လိုက်ကာ တည်ငြိမ်အေးဆေးသော မျက်နှာထားသို့ ပြန်လည်ပြောင်းလဲလိုက်သည်။
နောက်တစ်နေ့ နေ့လယ်တွင်
နတ်ဆိုးဖမ်းစီးသူ ရုံးခန်းထဲတွင် ကျန်းချန်ယွင်သည် ရတနာများနှင့် ဆေးလုံးပုံများ၊ သိုင်းပညာကျင့်စဉ်အချို့ကို စစ်ဆေးနေသည်။ အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် သူသည် အားလုံးကို ငွေရောင်ခေါင်းလောင်းတစ်ခုထဲသို့ ထည့်လိုက်လေသည်။
"ဩော်... ဒါနဲ့ စစ်သူကြီးရှန်းရဲ့ ပစ္စည်းတွေက ဘယ်မှာလဲ"
သူ အနည်းငယ် နားမလည် ဖြစ်သွား၏။
"ပြန်ရောက်ပြီး ခဏစောင့်ရင် သိရလိမ့်မယ်"
ထိုအမျိုးသမီးက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ကျန်းချန်ယွင် မျက်မှောင်ကြုတ်လိုက်သော်လည်း ထပ်မေးရန် အဆင်မပြေဟု ယူဆလိုက်သည်။
သူသည် လှည့်ထွက်လာပြီး သူတည်းခိုရာ ခြံဝင်းသို့ ပြန်လာခဲ့လေ၏။
ရှန်းယီသည် ချင်ပြည်နယ်သို့ ပြန်ရန် ပြင်ဆင်ပြီးဖြစ်သော်လည်း ကျန်းချန်ယွင်က ပခုံးတွန့်ပြသည်ကို တွေ့လိုက်ရပေသည်။
"သူတို့က ကျနော်တို့ကို စောင့်ခိုင်းထားတယ်"
"စိတ်ပူစရာ မလိုပါဘူး၊ နန်းတွင်းက နတ်ဆိုးဖမ်းစီးသူတွေနဲ့ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့အတွက် ဆုလာဘ်တွေကို ဘယ်တော့မှ မပေးဘဲ မနေပါဘူး"
ကျန်းချိုလန် ပြောလိုက်သော်လည်း သူမကိုယ်တိုင် အနည်းငယ် နားမလည် ဖြစ်နေမိသည်။
အလယ်အလတ်အဆင့် ရတနာများသည် အလွန် တန်ဖိုးကြီးမားသော်လည်း ချင်ပြည်နယ်တစ်ခုလုံးတွင် ၁၂ ခုသာ ရှိလေ၏။
ရှန်းယီတွင် သီးသန့် လိုချင်သော အမျိုးအစားရှိလျှင်ပင် သင့်လျော်သော ရတနာတစ်ခုရှာရန် သုံးရက်နီးပါး ကြာစရာ အကြောင်းမရှိပေ။
သူတို့သုံးဦး အကြာကြီး စောင့်စရာမလိုလိုက်ပါ။
မကြာမီတွင် အိုမင်းသော ပုံရိပ်တစ်ခု ခြံဝင်းတံခါးဝ၌ ပေါ်လာခဲ့၏။
သူသည် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာသည်။
သူသည် လေတစ်ချက်တိုက်ရုံနှင့် လဲကျသွားမည့်ပုံ ပေါက်နေသော်လည်း ကျန်းချန်ယွင်၏ တစ်ကိုယ်လုံးကို တင်းမာသွားစေခဲ့လေသည်။
ကျန်းချိုလန် အနည်းငယ် အံ့ဩသွား၏။
"သခင်ဝူ"
လာရောက်သူမှာ မနေ့တွင် သိုင်းဘုံကျောင်းတော် သန့်စင်ခြင်းကို တာဝန်ယူခဲ့သော အကြီးအကဲလေးဦးထဲမှ တစ်ဦးဖြစ်ပေသည်။
သူသည် ကျန်းချန်ယွင်ကို လျစ်လျူရှုလိုက်ပြီး ကျန်းချိုလန်ကို ညင်သာစွာ ခေါင်းညိတ်ပြကာ ခြံဝင်းအလယ်ရှိ ကျောက်ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် နက်ပြာရောင် ချပ်ဝတ်နှင့် လူငယ်အား ပြောလိုက်လေ၏။
"ချင်ပြည်နယ်ကို ပြန်ဖို့ ပြင်နေတာလား"
ရှန်းယီသည် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ မသိသော်လည်း ဘေးနားရှိ လူနှစ်ယောက်၏ အပြုအမူများမှ သဲလွန်စများကို ရိပ်မိသဖြင့် ခေါင်းညိတ်ပြလိုက်ပေသည်။
"ဟုတ်ပါတယ်"
အဘိုးအို၏ နောက်ဆက်တွဲစကားများက ကျန်းချန်ယွင်၏ မျက်နှာကို ချက်ချင်း ပြောင်းလဲသွားစေခဲ့လေသည်။
"မပြန်ဘဲ နေလို့ မရဘူးလား"