ကတိကဝတ်
Vol. 18 Ch. 178
သို့သော်လည်း စာရေးဆရာအသင်းနှင့် ဗဟိုရုပ်သံဌာနတို့မှ ပေးပို့သော လျှောက်လွှာပုံစံများမှာ လိုအပ်ချက် ချင်း ကွဲပြားနေ၏။
စာရေးဆရာအသင်း၏ ပုံစံမှာ အလွန်အသေးစိတ်လှပြီး အချက်အလက် အမျိုးမျိုးကို ဖြည့်စွက်ရန် လိုအပ်သော်လည်း လုအန်းကျီအနေဖြင့် ထိုပုံစံကို ပရင့်ထုတ်ကာ သူ၏ အောင်မြင်မှုများကို ကိုယ်တိုင် လက်ရေးဖြင့် ရေးသား၍ လက်မှတ်ရေးထိုးကာ စာတိုက်မှတစ်ဆင့် ပေးပို့ရမည် ဖြစ်သည်။
ဗဟိုရုပ်သံဌာန၏ ပုံစံမှာမူ ပို၍ ရိုးရှင်းလှပြီး ၎င်းမှာ လုအန်းကျီ၏ အဖွဲ့ဝင်သုံးဦးအတွက် အီလက်ထရွန်နစ် ပုံစံငယ်တစ်ခုသာ ဖြစ်ပြီး လုအန်းကျီအနေဖြင့် အချက်အလက်များ ဖြည့်စွက်ကာ အီးမေးလ်ဖြင့် ပြန်လည် ပေးပို့ရုံသာ ဖြစ်သည်။
ထို့နောက်တွင်မှ ဗဟိုရုပ်သံဌာနသည် လုအန်းကျီနှင့် စုန့်ရှောင်ချင်းတို့ လက်မှတ်ရေးထိုးရန်အတွက် စာချုပ်ကို ပေးပို့လာပြီး လုအန်းကျီသည် ဦးစွာ စုန့်ရှောင်ချင်းနှင့် ယောင်တုန်းရှတို့ထံမှ ရရှိထားသော အချက်အလက်များအတိုင်း ဗဟိုရုပ်သံဌာန၏ ပုံစံကို ဖြည့်စွက်ကာ အီးမေးလ် ပေးပို့လိုက်ကာ စာရေးဆရာအသင်းသို့ ဝင်ရောက်ရန် လျှောက်လွှာကို ပြင်ဆင်လေသည်။
လျှောက်လွှာကိစ္စများ ပြီးစီး၍ စာတိုက်မှ ပေးပို့ပြီးနောက်တွင် သူသည် ‘စွန်ရဲသူရဲကောင်းဒဏ္ဍာရီ’ ၏ နောက်ထပ် အပိုင်းများကို ဆက်လက် ရေးသားနေခဲ့ပြီး နောင်တွင် ဗဟိုရုပ်သံဌာန၏ အစီအစဉ်အတွက် အချိန်နှင့် လူအင်အား အများကြီး ပေးရတော့မည် ဖြစ်သဖြင့် စာရေးရန် အချိန်မှာ နည်းပါးသွားမည်ဖြစ်သောကြောင့် ယခု အားလပ်ချိန် ရနေစဉ်အတွင်း သူသည် အတတ်နိုင်ဆုံး များများရေးထားရန် စီစဉ်လိုက်သည်။
စာမရေးမီ လုအန်းကျီသည် စုန့်ရှောင်ချင်းနှင့် ယောင်တုန်းရှတို့ထံသို့ ဗဟိုရုပ်သံဌာန ကိစ္စများ အဆင်ပြေသွားပြီဖြစ်ကြောင်းနှင့် အစီအစဉ်တွင် ပါဝင်ရန် ပြဿနာမရှိတော့ကြောင်း စာတိုပေးပို့လိုက်ပြီးနောက် မကြာမီမှာပင် စုန့်ရှောင်ချင်းနှင့် ယောင်တုန်းရှတို့ထံမှ တုံ့ပြန်မှုများ ရရှိခဲ့သည်။
စုန့်ရှောင်ချင်းက “နင် ပြောလိုက်မှ ငါ ရုတ်တရက် ရင်ခုန်လာပြီ” ဟု ဆိုပြီး ယောင်တုန်းရှ၏ စာတိုမှာမူ ပို၍ ရိုးရှင်းလှသည်၏။ “သိပြီ။ ဒီက အလုပ်တွေကို အမြန်အဆုံးသတ်လိုက်မယ်၊ နောက်ဆုံး သဘက်ခါထက် နောက်မကျဘဲ ဟိုင်တုကို လာခဲ့ပါ့မယ် ရောက်ရင် ဆက်သွယ်လိုက်မယ်” ဟု ရေးသားထား၏။
လုအန်းကျီသည် စာတိုများကို ဖတ်ပြီးနောက် စာစီခြင်း အလုပ်ကို စတင်လိုက်ပြီး ညနေစောင်းအထိ စာရေးနေခဲ့ပြီး ကျန်းဆူရှင်းက အိမ်ပြန်လာပြီး ထမင်းစားမည်လားဟု ဖုန်းဆက်မေးမှသာ ကွန်ပျူတာကို ပိတ်၍ အိမ်သို့ ပြန်လာခဲ့သည်။
စာရိုက်သည့် စနစ်အသစ်ကြောင့် လုအန်းကျီ၏ စာရိုက်နှုန်းမှာ ပိုမို မြန်ဆန်လာကာ တစ်မွန်းလွဲလုံး စိတ်အားထက်သန်စွာဖြင့် အခန်းကြီး နှစ်ခန်းကို အဆုံးသတ်နိုင်ခဲ့လေ၏။
‘စွန်ရဲသူရဲကောင်းဒဏ္ဍာရီ’ ၏ အခန်းကြီး နှစ်ခန်းမှာ ယခင်ဘဝက အွန်လိုင်း ဝတ္ထုများ၏ အခန်းများထက် အများကြီး ပို၍ ရှည်လျားလှကာ စုစုပေါင်း စာလုံးရေ တစ်သန်းကျော်ရှိသော ဤသိုင်းဝတ္ထုကြီးမှာ အခန်းပေါင်း လေးဆယ်သာ ရှိသည်။
ကျန်းဆူရှင်း၏ အိမ်သို့ ရောက်သောအခါ လုအန်းကျီသည် သော့ဖြင့် တံခါးကို ဖွင့်လိုက်ပြီး တံခါးပွင့်သွားသော အချိန်တွင် လူကောင်သေးသေးလေး တစ်ယောက် တံခါးနားတွင် ရုတ်တရက် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ထိုလူကောင်သေးသေးလေးမှာ ဒူးထောက်ကာ ရှေ့သို့ တိုးဝင်လာပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် မှောက်ရက်လဲချလိုက်ပြီး ချန်းချန်းလေး၏ နောက်မှ လိုက်လာသော ကျန်းဆူရှင်းသည် လုအန်းကျီနှင့် အကြည့်ချင်း ဆုံသွားကာ သက်ပြင်းချလျက် ပြုံးလိုက်သည်။
လုအန်းကျီသည် တစ်နေ့လုံး အလုပ်များနေသဖြင့် တံခါးဖွင့်သည့် အလုပ်မှာ ချန်းချန်းလေး၏ အထူးအခွင့်အရေး ဖြစ်သည်ကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
“ဖေဖေ တံခါးပြန်ပိတ်ပေးမယ် သမီးလေး ပြန်ဖွင့်နော်” ဟု သူက အမြန်ဆိုကာ တံခါးကို ပြန်ပိတ်လိုက်သည်။
ထို့နောက် တံခါးအပြင်ဘက်မှ ကျန်းဆူရှင်းက ချန်းချန်းလေးကို ဖျောင်းဖျနေသံကို ကြားလိုက်ရ၏။
“ချန်းချန်းလေး၊ တံခါး ပြန်ပိတ်သွားပြီ မြန်မြန်ထပြီး ဖေဖေ့အတွက် တံခါးဖွင့်ပေးလိုက်ဦးလေ”
ချန်းချန်းလေးသည် ကျန်းဆူရှင်း၏ စကားကို နားထောင်ကာ လုအန်းကျီသည် တံခါးနောက်ကွယ်မှ ပြေးလွှားလာသော ခြေသံလေးများကို ကြားလိုက်ရပြီး ကျွီးခနဲ အသံနှင့်အတူ တံခါးပွင့်သွားပြီး ကလေးငယ်လေးမှာ လုအန်းကျီကို မော့ကြည့်ကာ ချိုသာစွာ ပြုံးပြလျက် “ဖေဖေ” ဟု ခေါ်လေသည်။
“အေး သမီးလေးရယ်”
လုအန်းကျီသည် အိမ်ထဲသို့ ဝင်ကာ ဖိနပ်လဲရင်း ချန်းချန်းလေးအား “ဒီနေ့ သမီးလေး အိမ်မှာ လိမ္မာရဲ့လား”
“လိမ္မာတယ်” ဟု ချန်းချန်းလေးက ချက်ချင်း ဖြေပြီးနောက် “ဖေဖေ ဘာလုပ်နေတာလဲ” ဟု ပြန်မေး၏။
လုအန်းကျီက “ဖေဖေ ဖိနပ်လဲနေတာ ပြီးရင် လက်ဆေးပြီး ထမင်းစားမယ်လေ” ဟု ပြောသော်လည်း ချန်းချန်းလေးက “ဖေဖေ ဘာလုပ်နေတာလဲ” ဟု ထပ်မံ မေးမြန်းနေပြန်သည်။
လုအန်းကျီက “ဖေဖေ လက်ဆေးပြီး ထမင်းစားတော့မယ်လေ” ဟု ဖြေသော်လည်း ကလေးငယ်လေးမှာ “ဖေဖေ ဘာလုပ်နေတာလဲ” ဟုသာ ထပ်ခါတလဲလဲ မေးနေတော့သည်။
လုအန်းကျီက “ဖေဖေ ထမင်းစားတော့မယ် ချန်းချန်းလည်း မြန်မြန်စားနော် ဗိုက်ဝမှ ကစားလို့ ရမှာပေါ့” ဟု ဆိုလိုက်သောကြောင့်
ချန်းချန်းလေးသည် ထမင်းစားပွဲတွင် ထိုင်လိုက်သော်လည်း “ဖေဖေ ဘာလုပ်နေတာလဲ” ဟု မေးမြန်းနေဆဲ ဖြစ်ပြီး လုအန်းကျီသည် ကလေးငယ်လေး၏ မေးခွန်းမှာ ထိုအဓိပ္ပာယ် မဟုတ်နိုင်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
ကျန်းဆူရှင်းက “သူက ဖေဖေ ဒီနေ့ တစ်နေ့လုံး ဘာတွေ လုပ်ခဲ့လဲလို့ မေးနေတာ ဖြစ်မှာပါ ဘယ်လို ပြောရမလဲ မသိလို့ အဲဒီလို မေးနေတာ” ဟု ရှင်းပြလိုက်သည်။
ကျန်းဆူရှင်း၏ စကားကြောင့် ချန်းချန်းလေးမှာ ဝမ်းသာသွားကာ “ဖေဖေ ဒီနေ့ တစ်နေ့လုံး ဘာလုပ်ခဲ့လဲ” ဟု ပြန်လည် မေးမြန်းလေသည်။
လုအန်းကျီက ပြုံးလျက် ချန်းချန်းလေး၏ ခေါင်းကို ပွတ်သပ်ပေးကာ “ဖေဖေ ဒီနေ့ တစ်နေ့လုံး အလုပ်လုပ်နေတာပေါ့” ဟု ဖြေလိုက်ကာ
“အင်း အလုပ်လုပ်နေတာလား” ဟု ချန်းချန်းလေးက လူကြီးတစ်ယောက်ကဲ့သို့ လေသံဖြင့် လုအန်းကျီ၏ စကားကို လိုက်ပြောလေသည်။
လုအန်းကျီသည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ခိုး၍ ချလိုက်မိ၏။
သို့သော်လည်း ချန်းချန်းလေးက မမေးတော့သော်လည်း ကျန်းဆူရှင်းကမူ လက်မလွှတ်ပါပေ။ သူမက “ဒီနေ့ ရှင် ဘာတွေ အလုပ်ရှုပ်နေလို့ အခုမှ ပြန်လာတာလဲ” ဟု မေးမြန်းခန်းဖွင့်လေသည်။
လုအန်းကျီက “မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ ဆုံလို့ပါ ပြီးတော့ စန်းဝေ့ စာအုပ်ဆိုင်ကို သွားပြီး ဝတ္ထုရေးနေတာ ‘စွန်ရဲသူရဲကောင်းဒဏ္ဍာရီ’ က အခု အရေးကြီးတဲ့ အပိုင်း ရောက်နေပြီလေ ခေါင်းဆောင် မင်းသမီး ပေါ်လာတော့မှာဆိုတော့ အေးအေးဆေးဆေး ရေးချင်တာနဲ့ စာအုပ်ဆိုင်ကို သွားလိုက်တာ ရေးတာကလည်း နည်းနည်း နှေးသွားတယ်” ဟု ရှင်းပြသည်။
ကျန်းဆူရှင်းက “နောက်ဆိုရင် ကိစ္စရှိရင် ကြိုပြောပါ သူငယ်ချင်းတွေ လာရင်လည်း ကောင်းကောင်း ဧည့်ခံလိုက်ဦး အိမ်ကို အလောတကြီး ပြန်လာစရာ မလိုပါဘူး” ဟု ဆို၏။
လုအန်းကျီက “ကောင်းပါပြီ” ဟု ခေါင်းညိတ်ပြလိုက်ကာ
ကျန်းဆူရှင်းအား အလွယ်တကူပင် နားဝင်အောင် ပြောပြီးနောက် လုအန်းကျီက “ဒီ နှစ်ရက်အတွင်းမှာ ကိုယ် နေ့ဘက်တွေ အပြင်ထွက်ရဖို့ ရှိတယ်” ဟု ဆိုသည်။
ကျန်းဆူရှင်းက “အင်း အလုပ်ရှိရင်လည်း လုပ်ရမှာပေါ့။ ညနေ ထမင်းပြန်စားမယ်ဆိုရင်တော့ ကြိုပြောပေါ့ နေ့လယ်စာ ပြန်စားမယ်ဆိုရင်လည်း ကြိုပြောရင် ငါ အစားအသောက် ပြင်ထားပေးမယ်လေ” ဟု ပြောကာ ထမင်းစားနေရင်း လုအန်းကျီသည် ကျန်းဆူရှင်း၏ သူငယ်ချင်းအကြောင်းကို စကားစလိုက်သည်။
“ဆူရှင်း၊ ခဗျားမှာလည်း ဟိုးအရင်ကတည်းက ခင်လာတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ် မဟုတ်လား သူက နင့်ကို အများကြီး ကူညီပေးခဲ့တာဆို နောက်တစ်ခါ သူ ဟိုင်တုကို လာရင် ငါ့ကို ပြောဦးနော် ငါတို့ အတူတူ ဧည့်ခံကြတာပေါ့”
ကျန်းဆူရှင်းသည် သူမ၏ သူငယ်ချင်းအကြောင်းကို တွေးမိကာ “အင်း ကောင်းပါပြီ” ဟု ခေါင်းလေး တညိတ်ညိတ်နဲ့ပြောလေသည်။
လုအန်းကျီက “ဒါနဲ့ ကိုယ် သူ့နာမည်တောင် မသိသေးဘူး” ဟု ဆိုသောကြောင့် ကျန်းဆူရှင်းက “သူ့မျိုးရိုးက ယောင် ပါ နာမည်က တုန်းရှ တဲ့ ယောင်တုန်းရှ ပေါ့၊ သူက မြို့တော်ကပါ နောက်တစ်ခါ သူ လာရင် ရှင့်ကိုရော စုန့်ရှောင်ချင်းကိုရော မိတ်ဆက်ပေးပါ့မယ် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကျွန်မတို့ အခုလို အဆင်ပြေပြေ နေနိုင်တာက သူနဲ့ စုန့်ရှောင်ချင်းတို့ ကျေးဇူးတွေ အများကြီး ပါတာပေါ့” ဟု ရှင်းပြသည်။
လုအန်းကျီသည် ယနေ့ ဖုန်းထဲတွင် စုန့်ရှောင်ချင်းက ယောင်တုန်းရှအကြောင်း ပြောဆိုခဲ့သည့် လေသံကို ပြန်လည် သတိရမိကာ မပြုံးဘဲ မနေနိုင်တော့ပေ။
“အဲဒီကျမှပဲ ကြည့်ကြတာပေါ့ ခဗျားအပေါ်ကောင်းပေးတာနဲ့တင် ကိုယ်က ကျေးဇူးတင်နေပါပြီ တခြားသူတွေနဲ့ကျတော့ စိတ်နေစိတ်ထားချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မှာလေ သိကျွမ်းသွားရင် ကောင်းတာပေါ့၊ ဒါပေမဲ့ အဆင်မပြေရင်လည်း အတင်းအကျပ် လုပ်ဖို့ မလိုပါဘူး” ဟု လုအန်းကျီက ပြောလိုက်ပြီး
ကျန်းဆူရှင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးလျက် “ရှင် ပြောတာလည်း ဟုတ်ပါတယ် ယောင်တုန်းရှရဲ့ စိတ်နေစိတ်ထားက စုန့်ရှောင်ချင်းနဲ့ကျတော့ အဆင်ပြေချင်မှ ပြေမှာပါ ဒါပေမဲ့ ရှင်ကတော့ သူ့ကို သေချာပေါက် တွေ့သင့်ပါတယ် ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မယောင်္ကျား ပဲလေ၊ ပြီးတော့ သူက ကျွန်မတို့နှစ်ယောက်ကို စုံစည်းအောင်အကျိုးဆောင်ပေးခဲ့တဲ့ အောင်သွယ်တော်လို့တောင် ပြောလို့ရတယ်” ဟု ဆိုသည်။
“ကောင်းပါပြီ” ဟု လုအန်းကျီက ခေါင်းညိတ်လိုက်ကာ သူသည် နောက်ဆုံး သဘက်ခါတွင် သူမ၏ သူငယ်ချင်းနှင့် တိတ်တဆိတ် တွေ့ဆုံရတော့မည်ကို ကျန်းဆူရှင်း သိရှိသွားပါက မည်သို့ ထင်မြင်မည်ကို သူ စဉ်းစားနေမိသည်။
လုအန်းကျီသည် ယောင်တုန်းရှအကြောင်းကို ထပ်မံ၍ မမေးမြန်းတော့ပေ။ ကျန်းဆူရှင်းကလည်း ယောင်တုန်းရှ၏ အလုပ်အကိုင်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတိအကျ ပြောဆိုခြင်း မရှိသဖြင့် သူလည်း ထပ်၍ မစူးစမ်းတော့ပေ။
ညစာစားပြီးနောက် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကာ ၎င်းတို့ ဇနီးမောင်နှံသည် ချန်းချန်းလေးနှင့်အတူ အောက်ထပ်သို့ ဆင်း၍ လမ်းလျှောက် ထွက်ခဲ့ကြသည်။
ကလေးငယ်လေးသည် ပန်းခြံထဲတွင် လူကြီးများ ကခုန်နေကြသည်ကို ကြည့်ကာ အလွန်ပင် စိတ်ဝင်စားနေပြီး သူမကိုယ်တိုင်လည်း တစ်ပတ်ခန့် ဝင်ရောက် ကခုန်ခဲ့ပြီး ပန်းခြံထဲတွင် ‘လမင်းထက်၌’ ဟူသော သီချင်းသံကို နားထောင်နေရင်း လုအန်းကျီသည် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရ၏။
အမှန်တကယ်တော့ လူအများ စုပေါင်းကခုန်ရန် ပိုမိုသင့်တော်သော အခြားသီချင်းများစွာ ရှိနေသေးသော်လည်း သူ ထုတ်မပြရသေးခြင်း ဖြစ်သည်။