အာနိသင်ပိုထက်တဲ့ဆေး! ၂
Vol. 82 Ch. 1216
ကြည့်ရတာ အရမ်းအလေးထားပုံရသည်။ မဟုတ်ရင် သူကိုယ်တိုင်စီစဉ်မှာမဟုတ်။
ချန်ဖုန်းက ခွဲစိတ်ခန်းနှင့်လူနာဆောင်အမြန်ဆုံးပြင်ပေးသည်။ နောက်မကြာမီ လူနာသုံးယောက်ဆက်တိုက်ရသည်။ အားလုံးက ထက်ပိုင်းကျိုးနေသောခြေကျိုးလက်ကျိုးများဖြစ်၏။
ခန္ဓာကိုယ်နှင့်တခြားစီဖြစ်နေသောအပိုင်းကို ဆေးသေတ္တာနှင့်ထိန်းသိမ်းထားသည်။
ထိုလူနာသုံးယောက်ကိုကြည့်ပြီး ယွီဖေးဆေးကို ချန်ဖုန်းအမှတ်တမဲ့တွေးမိသည်။
ဘာပဲဖြစ်ဖြစ် ယွီဖေးဆေးမှာ ပျက်စီးနေတဲ့ပြန်ကောင်းစေတဲ့အာနိသင်ရှိသောကြောင့် ခြေကျိုးလက်ကျိုးနဲ့ဆက်စပ်နိုင်သည်။
ယွီဖေးဆေးက ဒီလောက်ဆိုးတဲ့ခြေလက်ကိုကုနိုင်ပါ့မလား?
ချန်ဖုန်းကသံသယရှိသော်လည်း မျှော်လင့်စောင့်စားမိသည်။ လူနာသုံးယောက်ခွဲစိတ်ခန်းထဲအမြန်ဝင်ရအောင် သူစီစဉ်ပေးသည်။ တချိန်တည်းမှာ တော်ဝင်ပညာရှင်ယွမ်ကိုအသိပေးလိုက်၏။
ဒီလိုခြေကျိုးလက်ကျိုးကိုသာပြန်ကုနိုင်ရင် ယွီဖေးဆေးအာနိသင်က Live လွှင့်တုန်းကထက်ကြောက်စရာကောင်းမည်။
လူနာသုံးယောက်မျက်နှာမှာ မျှော်လင့်ချက်နှင့်၊ စိတ်ပူပန်မှုနှင့်။
သူတို့က သာမန်အလုပ်သမားများသာ။ ဆေးရုံကြီးတက်စဉ်က သူတို့ခြေလက်တွေပြန်ဆက်ရင်တောင် အကောင်းအတိုင်းမဖြစ်နိုင်ဟု ဆရာဝန်ကပြောသည်။ နေသာထိုင်သာလောက်ကောင်းရင်တောင် ကုန်ကျစရိတ်ကအလွန်များမည်။
အဓိကက သူတို့မှာပိုက်ဆံဒီလောက်မရှိ။
သူတို့စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် ယွီဖေးဆေးလက်တွေ့စမ်းသပ်မည်ဖြစ်ကြောင်း၊ အခမဲ့ကုသနိုင်ကြောင်းပြောလာသည်။
ယွီဖေးဆေးကို သူတို့ကြားဖူးသည်။ လိုင်းပေါ်အကြာကြီးရေပန်းစားခဲ့သည်။
အခုယွီဖေးဆေးနှင့်အခမဲ့ကုသနိုင်မည်ဖြစ်၍ စိတ်အားထက်သန်နေကြ၏။
ဒါသူတို့ရဲ့နောက်ဆုံးအခွင့်အရေး။
ယွမ်ရှန်လည်းသတင်းရပြီး ချင်လင်၏အရည်အသွေး ၃ ယွီဖေးဆေးကို ခွဲစိတ်ခန်းထဲယူလာသည်။
လူနာနာမည်က ချန်မို။ စက်ရုံစက်ထဲခြေထောက်ပါသွားပြီး သွေးတိတ်သွားသော်လည်း ရောင်ကိုင်းနေသည်။
သူ့ကိုထုံဆေးပေးထားသည်။ မဟုတ်ရင် အခုအော်ငိုနေရလောက်ပြီ။
ချန်မိုကမေးချင်နေသည်။ အထူးသဖြင့် သူ့ခြေထောက်ပြန်ဆက်ရမရသိချင်သည်။ သို့ရာတွင် ယွမ်ရှန်၏ညွှန်ကြားချက်အရ ဆရာဝန်ကမေ့ဆေးထိုးပေးသောကြောင့် အိပ်ပျော်သွား၏။
ယွမ်ရှန်လည်း စိတ်လောနေသည်။ အသစ်ဖော်ထားသောယွီဖေးဆေးအာနိသင်ကို သူချက်ချင်းသိချင်သည်။ သူစမ်းသပ်ထားချက်အရ ယွီဖေးဆေးအာနိသင်က သူထင်တာထက်ကျော်နေသည်။
ဘေးမှဆရာဝန်က ခွဲစိတ်ခန်းဝတ်စုံဝတ်ပြီး ချန်မိုခြေထောက်မှပတ်တီးကိုဖြည်လိုက်ရာ ဒဏ်ရာပေါ်လာသည်။ တချိန်တည်း ကျိုးနေသောခြေထောက်ကိုလည်းဖယ်လိုက်သည်။
ခြေလက်ပြန်တပ်ခြင်းမှာ အလွန်ရှုပ်ထွေးသောခွဲစိတ်မှုဖြစ်ပြီး ရုံချန်းရှိဆရာဝန်တချို့သာလုပ်နိုင်သည်။ လုပ်နိုင်စွမ်းအကန့်အသတ်ရှိသည်။
ယွီဖေးဆေးကိုအကောင်းဆုံးရလဒ်ထွက်စေရန် မင်မြို့တော်မှာဆရာဝန်ကိုလွှဲပေးထားသည်။
နှစ်နာရီကြာခွဲစိတ်ပြီးနောက် ချန်မို၏ခြေထောက်ပြန်ဆက်ပြီးသွားသည်။ တခါတည်း ယွီဖေးဆေးလိမ်းပြီး ပတ်တီးထူထူစည်းပေးလိုက်၏။
ဆရာဝန်က ဒီလိုခွဲစိတ်မှုမျိုးအကြိမ်ကြိမ်လုပ်ဖူးသည်။ တကယ်တော့ မခွဲစိတ်ခင်ကတည်းက ဘယ်အခြေအနေအထိပြန်ကောင်းမည်ဟုသူသိပြီးသားဖြစ်သည်။
သို့ရာတွင် ဒီနေ့ကနည်းနည်းထူးခြားသည်။ ယွီဖေးဆေးကြောင့် နောက်ဆုံးလူနာဘယ်လောက်အထိပြန်ကောင်းနိုင်မှန်း ဆရာဝန်မသေချာ။
သူတို့လိုဆရာဝန်တွေတောင် ယွီဖေးဆေးအကြောင်းသိပ်မသိ။ လက်တွေ့စမ်းသပ်ချက် Live ကြောင့်သာသိခြင်းဖြစ်သည်။ အရင်က တရားဝင်စာရွက်စာတမ်းမမြင်ဖူးပေ။
ကျန်လက်ကျိုးသောလူနာနှစ်ယောက်ကိုလည်း တခြားခွဲစိတ်ခန်းထဲတွင် တပြိုင်တည်းခွဲစိတ်သည်။ သူတို့ကို ချန်မိုနှင့်အတူ သီးသန့်လူနာဆောင်ထဲတွင်ထားသည်။
ယွမ်ရှန်က ချန်မိုတို့သုံးယောက်အခြေအနေကို အနီးကပ်စောင့်ကြည့်သည်။ လက်ထောက်ဒါရိုက်တာချန်ဖုန်းကိုလည်း အသင့်စောင့်ကြည့်ခိုင်းထားသည်။
ခွဲစိတ်ပြီးပြဿနာရှိမရှိ ဆရာဝန်ကအတည်ပြုပြီးမှ အနားယူရန်စီစဉ်ပေးသည်။
ဒီတစ်ခါ ဝန်ကြီးလုဆီမှလည်း ယွမ်ရှန်ဖုန်းရသည်။ ဖုန်းဖြေပြီးနောက် ရုံချန်းဆေးရုံအပြင် ခပ်သုတ်သုတ်ထွက်သွား၏။
ဝန်ကြီးလုက တော်ဝင်ပညာရှင်သုန့်နှင့်ရောက်လာသည်။
"ဝန်ကြီးလု.. တော်ဝင်ပညာရှင်သုန့်''
ယွမ်ရှန်က သူတို့နှစ်ဦးကိုကြိုဆိုပြီး ယွီဖေးဆေးစမ်းသပ်သောနေရာခေါ်လာသည်။
လမ်းတလျှောက် ဝန်ကြီးလုကမေးမြန်းလာ၏_
"တော်ဝင်ပညာယွမ်.. ယွီဖေးဆေးနဲ့လူနာအခြေအနေဘယ်လိုလဲ?''
ယွမ်ရှန်က တန်းရှင်းပြသည်_
"ဝန်ကြီးလု.. ခွဲစိတ်မှုကပြီးသွားပြီ.. ယွီဖေးဆေးသုံးထားတယ်... ရလဒ်ကိုစောင့်ကြည့်ရုံပါ''
"ကောင်းပါပြီ!''
ဝန်ကြီးလုကခေါင်းညိမ့်ပြီး_
"ယွီဖေးဆေးအသစ်စမ်းသပ်ချက်ကို တစ်ချက်ကြည့်ရအောင်''
ယွမ်ရှန်က လမ်းပြရင်း_
"စမ်းသပ်ချက်တွေမခွဲရသေးဘူး... မဟုတ်ရင် ပို့လိုက်ပြီ''
သုံးယောက်သား စမ်းသပ်ခန်းထဲမြန်မြန်ဆန်ဆန်ရောက်သွားသည်။ ထိုနေရာတွင် ယွမ်ရှန်ယူလာသောစမ်းသပ်ကိရိယာများရှိ၍ ဆေးမျိုးစုံစမ်းသပ်နိုင်သည်။
ယွမ်ရှန်ကကွန်ပျူတာဖွင့်ပြီး ယွီဖေးဆေးစမ်းသပ်ချက်ဖိုင်ကိုထုတ်ကာ ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်သုန့်ကိုပေးသည်။
ဝန်ကြီးလုမှာ ဒီအပိုင်းကျွမ်းကျင်သူမဟုတ်၍ အခြေအနေအကြမ်းဖျင်းသာသိသည်။
တော်ဝင်ပညာရှင်သုန့်က ပညာရှင်ဖြစ်သည်။ သူကစမ်းသပ်ချက်ကြည့်ပြီး အံ့အားသင့်သွားသည်။
ဒီအချက်အလက်အရ သက်တမ်းရင့်ဆေးပင်များနှင့်ဖော်သောသူဌေးချင်၏ဆေးအာနိသင်က အံ့ဖွယ်ဖြစ်သည်။
ထိုအချိန်တွင် လက်ထောက်ဒါရိုက်တာချန်ဖုန်းခပ်သုတ်သုတ်ရောက်လာပြီး အစီရင်ခံသည်_
"တော်ဝင်ပညာရှင်ယွမ်.. လူနာသုံးယောက်တစ်ခုခုဖြစ်နေပြီထင်တယ်''
"ဘယ်လိုဖြစ်လို့လဲ?''
ယွမ်ရှန်ကမျက်မှောင်ကြုတ်ပြီး ဝန်ကြီးလု၊တော်ဝင်ပညာရှင်သုန့်တို့နှင့်အတူ လူနာဆောင်ထဲတန်းသွားသည်။
အခန်းထဲဝင်လိုက်သောအခါ ချန်မိုတို့လူနာသုံးယောက်က ပြန်ဆက်ထားသောခြေလက်များကိုဆုပ်ကိုင်ထားသည်ကိုတွေ့ရသည်။
"ဘာဖြစ်လို့လဲ?''
ယွမ်ရှန်က သူတို့သုံးယောက်ကိုမေးသည်။
ချန်မိုကချက်ချင်းပင်_
"ဆရာ.. ကျွန်တော့်ခြေထောက်ကနည်းနည်းယားတယ်... ခွဲစိတ်ထားတဲ့နေရာပဲ''
"ဘယ်လို?''
ယွမ်ရှန် တစ်ခုခုသိသွားသလိုပင်။
ဝန်ကြီးလုနှင့်တော်ဝင်ပညာသုန့်လည်း အံ့ဩသွားသည်။ သူတို့တစ်ခုခုတွေးမိပုံရသည်။
ဒါ ခွဲစိတ်ဒဏ်ရာပြန်ကောင်းလာခြင်းဖြစ်သည်။
ယွမ်ရှန်က ချက်ချင်းချန်မိုနားသွားပြီး ဒဏ်ရာကိုဖိလိုက်သည်။ ထို့နောက် မေးခွန်းတချို့မေး၏။
"ယွီဖေးဆေးအလုပ်ဖြစ်နေပြီ''
နောက်ဆုံး သူအတည်ပြုလိုက်သည်။
"မြန်လိုက်တာ? ခွဲစိတ်ပြီးတာမကြာသေးဘူးမလား?''
ဝန်ကြီးလု အံ့ဩနေသည်။
"အာနိသင်က ကြောက်စရာကောင်းလိုက်တာ''
တော်ဝင်ပညာသုန့်က အချက်အလက်ကြည့်ထား၍ ယွီဖေးဆေးကြောက်စရာကောင်းမှန်းသိသော်လည်း ဒီလောက်ကြောက်စရာကောင်းမည်ဟုမထင်မိ။
အရင်ယွီဖေးဆေးထက် ဘယ်လိုလုပ်သာသွားတာလဲ?
အာနိသင်က စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ထဲကလိုပစ္စည်းမျိုးဖြစ်နေသည်။
ဒီရုတ်တရက်အခြေအနေကြောင့် သုံးယောက်သား ချန်မိုတို့ကိုပိုစိတ်ဝင်စားလာသည်။
၂ နာရီမပြည့်ခင် လက်ကျိုးသောလူနာတွင်ထူးခြားလာကြောင်း ယွမ်ရှန်တွေ့ရသည်။ သူ့လက်ချောင်းတွေလှုပ်နိုင်ပြီ။ လက်သီးတောင်ဆုပ်နိုင်သည်။
ဘုရားရေ...
ဒါ...
ဒဏ်ရာ၊ အသား၊ အာရုံကြောတွေပြန်ကောင်းဖို့ အနည်းဆုံး ၆ ပတ်မှ ၈ ပတ်အချိန်ယူရသည်။
အဲဒါ အစပဲရှိသေး။
သူတို့အခုမြင်နေရတာဘာလဲ?
ဒီလောက်ဖြစ်ထားတဲ့လူနာက အချိန်တိုအတွင်းပြန်ကောင်းလာသတဲ့။
နောက်တစ်နေ့_
ဝန်ကြီးလု၊ ယွမ်ရှန်နှင့် တော်ဝင်ပညာသုန့်က လူနာဆောင်ထဲထပ်ရောက်လာပြီး မြင်ရသည့်အခြေအနေကြောင့် အံ့ဩသွားသည်။
လက်ကျိုးထားသောလူနာက ဘောပင်လှည့်နေသည်။ သွက်သွက်လက်လက်ပင်။
ဒီလိုလုပ်နိုင်တာ သူ့လက်အာရုံကြော၊လုပ်ဆောင်
ချက်တွေ အတော်လေးပြန်ကောင်းလာတဲ့သဘော။
"ဆရာ.. ကျွန်တော့်ခြေထောက်က အတော်ပြန်ကောင်းသွားပြီထင်တယ်!''
ချန်မိုက အရင်ပြောလာသည်။ သူ့ခြေကျိုးကိုမပြီး ယွမ်ရှန်နှင့်ဝန်ကြီးလုအား ခြေချောင်းအကုပ်အကော့လုပ်ပြသည်။
ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်သုန့်က အချင်းချင်းကြည့်လိုက်ကြသည်။
ယွီဖေးဆေးအာနိသင်က သူတို့ထင်ထားတာထက်ကြောက်စရာကောင်းသည်။ အရင်က ယွီဖေးဆေးအာနိသင်လုံလောက်ရင် လက်ကောက်ဝတ်ပြတ်သွားလည်း ချက်ချင်းပြန်ကောင်းနိုင်သည်ဟူသောတွက်ဆချက်က ဖြစ်နိုင်ခြေရှိလာသည်။
ယွီဖေးဆေးဖွဲ့စည်းမှုကိုဓာတ်ခွဲနိုင်ရင်ပေါ့။
အချိန်ကုန်လွန်သွားပြန်သည်။ သုံးရက်အကြာတွင် ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်သုန့်မှာ အံ့ဩလွန်း၍မှင်တက်နေသည်။ လက်ကျိုးလူနာက ကျိုးသောလက်နှင့်ခွက်ကိုင်နိုင်ပြီ။
ချန်မိုက ကျိုးသောခြေထောက်ကိုအားပြုပြီးတောင် ခြေတပေါင်ကျိုးရပ်ဖို့ကြိုးစားလာသည်။
"တော်ဝင်ပညာရှင်ယွမ်.. သူဌေးချင်က သက်တမ်းရင့်ဆေးပင်တွေနဲ့ပဲဖော်တာ ဟုတ်ရဲ့လား?''
ဝန်ကြီးလုကလောလောနှင့် ယွမ်ရှန်ကိုမေးသည်။
ယွမ်ရှန်က လုံးဝသေချာပုံနှင့်_
"အမှန်ပဲ.. ကျုပ်ကိုယ်တိုင်ကြည့်ထားတာ... ဆေးပင်တွေက သက်တမ်းရင့်တွေ... သူဌေးချင်ကိုလည်း ဆေးကူဖော်ပေးခဲ့တယ်... ပြီးတာနဲ့ စမ်းသပ်တာပဲ''
ယွမ်ရှန်အာမခံသောကြောင့် ဝန်ကြီးလုကအချိန်ဆွဲမနေ။ ချင်လင်ကိုတောင်မတွေ့ဘဲ တော်ဝင်ပညာရှင်သုန့်နှင့်ထွက်လာသည်။
တခါတည်းသူ့လူများကိုဖုန်းဆက်ပြီး သက်တမ်းရင့်ဆေးပင်များဝယ်ယူရန်ညွှန်ကြားသည်။ ယွီဖေးဆေးအတွက်လိုအပ်တဲ့ဆေးပင်မှန်သမျှ သက်တမ်းရင့်လေကောင်းလေပင်။
သူဌေးချင်အသစ်ဖော်တဲ့ယွီဖေးဆေးအာနိသင်က ကောင်းလွန်းသည်။
အရင်ထက်အာနိသင်ပိုထက်တာများဖော်နိုင်မလား သူစမ်းကြည့်ချင်သည်!