← Chapters

ဂိမ်းထဲမှထူးဆန်းသောနေရာ! တသမတ်အပူချိန်!

Vol. 82 Ch. 1229

ဂိမ်းထဲမှထူးဆန်းသောနေရာ! တသမတ်အပူချိန်!

Vol. 82 Ch. 1229

'ချင်းလင်ဆန်'မှာ ပါမောက္ခလီခိုင်၏ဆန်မျိုးအသစ်ကို ချင်းလင်ဓာတ်ခွဲခန်းကပေးသောနာမည်ဖြစ်သည်။

ရက်ပိုင်းအတွင်း ထိုနာမည်လည်း လိုင်းပေါ်အမြန်ဆုံးပြန့်သွားပြီး ဝမ်းသာအားရပြောနေကြသည်။

လိုင်းပေါ်တွင်အားလုံးက လီခိုင်နှင့်ဆန်မျိုးအသစ်ကိုစိတ်ဝင်စားနေစဉ် လီခိုင်၏ထုတ်ကုန်အသစ်တစ်ခုက စျေးကွက်ထဲတိတ်တဆိတ်ရောက်နေပြီ။

တက္ကသိုလ်တစ်ခုအပြင်ဘက်_

ချန်ရွှယ်တို့သူငယ်ချင်းတစ်စု ကျောင်းဂိတ်အပြင်လျှောက်လာကြသည်။

သူတို့သူငယ်ချင်းတစ်စုမှာ ဖုန်းသုံးရင်း ဆန်မျိုးအသစ်အကြောင်းပြောလာကြသည်။

"ရှောင်ရွှယ်.. ရုံချန်းမှာ ပစ္စည်းကောင်းရဦးမယ်... အားကျလိုက်တာ''

"အားကျလိုက်တာ... ရှေ့လျှောက်ရုံချန်းမှာ အဆင့်မြင့်မြင့်ချင်းလင်လက်ဆောင်ဆန်နဲ့သာမန်ချင်းလင်ဆန်ရှိပြီပေါ့... အဆင့်မြင့်နဲ့သာမန်အဆင့်... ပြီးတော့ သတင်းထဲမှာပြောထားသေးတယ်... ချင်းလင်ဆန်က သာမန်ဆန်ထက်အရသာပိုရှိတယ်တဲ့''

"မြေပဲဆံထက်ကြီးတဲ့ချင်းလင်ဆန်ကို စားကြည့်ချင်လိုက်တာ... ဘယ်တော့ဝယ်လို့ရမလဲမသိဘူး!''

ချင်းလင်ဆန်ကိုမျှော်လင့်စောင့်စားနေကြသည်။

"အဲဒါတင်မကဘူး... ရုံချန်းမှာ မျိုးတုံးသွားတဲ့အန္တလန္တိတ်ငါးနဲ့လင်းပိုင်ဖြူပါရှိတယ်... ရှောင်ရွှယ် နင့်ကိုတကယ်မနာလိုလိုက်တာ''

"တကယ်တော့ ရှောင်ရွှယ်ကိုပိုပြီးမနာလိုစရာရှိသေးတယ်... နောက်နှစ်ချင်းလင်စံအိမ်မှာ သူအလုပ်သင်ဆင်းခွင့်ရတယ်တဲ့''

"အင်း.. မနာလိုလိုက်တာ... ချင်းလင်စံအိမ်တဲ့!''

သူမသူငယ်ချင်းများအားကျနေကြသည်။

ထို့ကြောင့် ရှောင်ရွှယ်လည်းဂုဏ်ယူမိသည်။

တက္ကသိုလ်ကျောင်းသားတွေ အမျှော်လင့်ဆုံးကဘာလဲ? အဖော်ကောင်းရဖို့၊ ဘွဲ့ရဖို့၊ ပြီးရင် အလုပ်ကောင်းကောင်းရဖို့ပဲမလား?

သူမက အချစ်ထက်အလုပ်ကိုစိတ်ဝင်စားသည်။

ဘာပဲဖြစ်ဖြစ် ဘွဲ့ရပြီးအလုပ်ကောင်းရအောင် လမ်းခွဲကြတဲ့အတွဲတွေအများကြီး။ အားလုံးက အလုပ်ကောင်းရဖို့ ဦးနှောက်ခြောက်မတတ်စဉ်းစားပြီး အကွက်မျိုးစုံသုံးကြသည်။

သူမက လုံးဝစိုးရိမ်စရာမလို။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်မှာအလုပ်သင်ဆင်းခွင့်တကယ်ရထားသည်။ အခုဒီအခွင့်အရေးက ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ မှာအလုပ်ဆင်းရတာထက်မလျော့ပေ။

ဒီအခွင့်အရေးကို သူမကိုယ်တိုင်တိုက်ယူခဲ့သည်။ နွေရာသီ၊ဆောင်းရာသီ၊အားလပ်ချိန်တိုင်းလိုလို ချင်းလင်စံအိမ်မှာအချိန်ကုန်ခဲ့သည်။

ချင်းလင်စံအိမ်မှအများကြီးလေ့လာခဲ့သလို သူမကလည်းအကြံပြုချက်များပေးခဲ့သည်။ ဒါကြောင့်လည်း ချင်းလင်စံအိမ် HR ဌာနက အလုပ်သင်ဆင်းခွင့်ကြိုပေးထားခြင်းပင်။

ချန်ရွှယ်အတွေးများနေစဉ် သူငယ်ချင်းတစ်ယောက်က အသီးဆိုင်တစ်ဆိုင်ကိုညွှန်ပြပြီး_

"အဲဒီမှာ ချင်းလင်ဖရဲသီးရောင်းတယ်''

ချန်ရွှယ်တို့က လက်ချင်းချိတ်ပြီး အသီးဆိုင်ဆီလျှောက်သွားကြသည်။

တက္ကသိုလ်အသီးဆိုင်ဖြစ်၍ အသီးဆိုင်ကမကြီးဘဲ ငှားရမ်းခက အလွန်စျေးကြီးသည်။ နောက်ပြီး ဒီလိုနေရာမျိုးမှာ ဆိုင်သေးသေးလည်းအလုပ်ဖြစ်သည်။

အသီးဆိုင်ဝင်ပေါက်တွင် မြင်သာသောဆိုင်းဘုတ်တစ်ခုရှိသည်:

'သုံးရောင်စပ်ချင်းလင်ဖရဲသီး ဆိုင်မှာရှိသည်'

"သုံးရောင်စပ်ချင်းလင်ဖရဲသီး ဆိုင်မှာရောက်နေပြီ?''

"ဆိုင်ရှင်ကရေးထားတာ''

ချန်ရွှယ်တို့ကစာဖတ်ပြီး ချက်ချင်းအံ့ဩဝမ်းသာသွားကာ မြည်းကြည့်ချင်လာသည်။

ချင်းလင်ဖရဲသီးအကြောင်း လူတိုင်းသိသည်။ ချင်းလင်ဖရဲသီးထွက်ပြီးနောက် အရည်အသွေးမြင့်ဖရဲသီးစျေးကွက်ကို ချက်ချင်းသိမ်းပိုက်သွားသည်။ နောက်ပြီး ချင်းလင်ဖရဲသီးက သာမန်ဖရဲသီးထက်အရသာရှိကြောင်း ဝယ်သူတိုင်းသိသည်။

ရုံချန်းကျေးလက်ပြည်သူများက ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းပြီး ချင်းလင်ဖရဲသီးစိုက်သည်ဟုပြောရမည်။ မိသားစုတိုင်း ကားဝယ်၊အိမ်ဆောက်နိုင်သည်။ မြို့ကြီးမှရုံးသမားများထက်ပိုပြီး ဇိမ်ကျကျနေရသည်။ အတော်များများ အားကျနေရ၏။

သို့ရာတွင် လိုင်းပေါ်မှလူများက ချင်းလင်စံအိမ်တွင်အထူးဖရဲသီးတစ်မျိုးရှိကြောင်းသိကြသည်။ အသားသုံးမျိုးနှင့်သုံးရောင်ပါပြီး သုံးရောင်စပ်ဖရဲသီးဟုခေါ်ကြသည်။

အရင်က သုံးရောင်စပ်ဖရဲသီးတချို့ကို ချင်းလင်စံအိမ်အရောင်းစင်တာတွင်ရောင်းပြီး လိုင်းပေါ်တောင်တင်ခဲ့သည်။

သို့သော် စျေးကွက်ထဲဝယ်နိုင်မည့်နေရာမရှိ၍ တဖြည်းဖြည်းမေ့ပျောက်သွားကြ၏။

ချန်ရွှယ်တို့သူငယ်ချင်းတစ်စုက အသီးဆိုင်ထဲတန်းဝင်လိုက်ကြသည်။

"ဆိုင်ရှင်.. သုံးရောင်စပ်ချင်းလင်ဖရဲသီးရလား?''

သူငယ်ချင်းတစ်ယောက်က ဆိုင်ရှင်ကိုမေးသည်။

ဆိုင်ရှင်ကခေါင်းခါပြီး_

"အားနာလိုက်တာ... သုံးရောင်စပ်ချင်းလင်ဖရဲသီးက လောလောလတ်လတ်ရောင်းရတာ... တခြမ်းပဲကျန်တော့တယ်''

"အဲဒီတခြမ်းယူမယ်''

ချန်ရွှယ်က တန်းပြောသည်။

ဆိုင်ရှင်ကခေါင်းညိမ့်ပြီး ရေခဲသေတ္တာထဲကျန်သောသုံးရောင်စပ်ဖရဲသီးတခြမ်းကိုထုတ်လိုက်သည်။

ချန်ရွှယ်တို့သူငယ်ချင်းများက ချက်ချင်းဖရဲသီးဆီအကြည့်ရောက်သွားသည်။

ထင်တဲ့အတိုင်း အရောင်သုံးရောင်ရှိနေသည်။ အရောင်နဲ့တင် စားချင်လာသည်။

ဆိုင်ရှင်ကချိန်ပြီး ကျသင့်ငွေတွက်သည်။

"ဆိုင်ရှင်''

ချန်ရွှယ်က ချင်ချင်းပင်_

"ဖရဲသီးစိတ်ပေးပါဦး... အစိတ်တိုင်း သုံးရောင်ပါအောင်စိတ်ပေးပါ''

ဒီလိုတောင်းဆိုခံရတာ ပထမဆုံးအကြိမ်မဟုတ်၍ ဖရဲသီးကိုယူပြီး ကျွမ်းကျွမ်းကျင်ကျင်စိတ်လိုက်သည်။

ခဏအကြာ ချန်ရွှယ်တို့က ဖရဲသီးတစ်စိတ်စီယူပြီးစားကြသည်။

ထို့နောက် သူတို့လည်း အံ့ဩသွားကြသည်။

"တစ်လုံးတည်းကို တကယ်အရသာသုံးမျိုးရှိနေတာ''

"အင်း.. အရသာတိုင်းက သာမန်ဖရဲသီးထက်ကောင်းတယ်''

"တကယ်ကြိုက်တယ်... ဖရဲသီးကနေ အရသာသုံးမျိုးရတာ''

မိန်းကလေးများက နှစ်သက်သဘောကျပြီး အားရပါးရစားကြသည်။

ထိုအချိန်_

အပြင်မှလူတချို့ဝင်လာပြီးမေးသည်_

"ဆိုင်ရှင်.. သုံးရောင်စပ်ဖရဲသီးရှိသေးလား?''

"အားနာပါတယ်''

ဆိုင်ရှင်ကခေါင်းခါပြီး_

"နောက်ဆုံးတခြမ်းကျန်တာရောင်းလိုက်ပြီ''

သူတို့က ချန်ရွှယ်တို့လက်ထဲမှသုံးရောင်စပ်ဖရဲသီးကိုငေးကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ သူတို့ လက်မတင်ကလေးနောက်ကျသွားပြီ။

ချန်ရွှယ်တို့က သုံးရောင်စပ်ဖရဲသီးအကြောင်းသိမှန်းသိသာသည်။ သူတို့မှာတော့ နားချိန်သိပ်မရ၍ လိုင်းသုံးချိန်လည်းသိပ်မရှိ။

လီယုံက ဒီလိုလူမျိုးပင်။

All Chapters