← Chapters

ဂုဏ်သတင်းကြီးသော မျိုးနွယ်စုမှ မျိုးဆက်များ၏ အုတ်မြစ်

Vol. 43 Ch. 598

ဂုဏ်သတင်းကြီးသော မျိုးနွယ်စုမှ မျိုးဆက်များ၏ အုတ်မြစ်

Vol. 43 Ch. 598

ကျန်းရီသည် မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်သည်နှင့် သူကလောကကြီးနှင့် ပေါင်းစည်းသွားကာ ကောင်းကင်နှင့် မြေကြီးထဲ၌ အခွင့်အလမ်းများကို ရှာဖွေနေတော့သည်။ သူကထိုမိချောင်းခေါင်း သတ္တဝါများ၏ ဟာကွက်ကိုရှာရန် ကြိုးစားလျက် သူတို့ကို သတ်ဖြတ်နိုင်ရန် ပြီးပြည့်စုံသည့်နည်းကို ရှာဖွေကာ ဤအခြေအနေမှ လွှတ်မြောက်အောင် လုပ်ဆောင်ချင်နေသည်။

ချီ ချီ

ခန္ဓာကိုယ်လှုပ်ရှားသည်နှင့် လမ်းကြောင်း တစ်ဖက်တစ်ချက်စီ၌ လှိုင်းဂယက်နှစ်ခု ပေါ်လာပြီး ကောက်ကျစ်သော ပုံစံဖြင့် မိချောင်းခေါင်း သတ္တဝါနှစ်ကောင်က ပေါ်လာလျက် သူ့ဆီသို့ ပျံသန်းလာတော့သည်။

ကျန်းရီက အမူအရာ မပြောင်းလဲသွား။ မျက်လုံးလည်း မဖွင့်ခဲ့ပေ။ သူ၏အရှိန်အဝါ တည်ရှိမှုမှာ လှိုင်းတစ်ခုတောင် မရှိပေ။ သူ၏မီးဝိညာဉ်ပုလဲက လင်းထိန်လာပြီး တစ္ဆေမီးလျှံအချို့ကို သမန်ကာလျှံကာ ထုတ်လျက် ဝိညာဉ်ဝါးမျို မိချောင်းနှစ်ကောင်ကို ဆိုးဆိုးဝါးဝါး အော်ညည်းစေလျက် ပြာဖြစ်သွားစေတော့သည်။

အို... မိုးနှင့်မြေ တစ်သားထဲအဆင့် နောက်တစ်ဆင့် ရောက်ပြီးတဲ့နောက် ငါဒီလောကကြီးနဲ့ ပိုနီးစပ်လာတယ်လို့ ခံစားမိပြီ။ ဒီကမ္ဘာလောကကြီးကို ပိုရှင်းရှင်းလင်းလင်း သိမြင်လာတယ်။

ကျန်းရီက အပေါ်ယံတွင် မည်သည့်တုန့်ပြန်မှုမှ မရှိသော်ငြား သူ့ရင်ထဲတွင်မူ အံ့သြနေလေ၏။ ထိုစဉ်က ကူကယ်ရာမဲ့တံတား၌ သူကအလိုအလျောက်ပင် မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်ခဲ့ပြီး ဤအခြေအနေ၏ တိုးတက်လာသော နားလည်သဘောပေါက်မှုကို ရစေတော့သည်။ အတိတ်တုန်းက သူသည် ဤအခြေအနေ၌ မလှုပ်ရှားနိုင်ခဲ့သော်ငြား ယခုအချိန်တွင် ခန္ဓာကိုယ်ကို ရွေ့ပြောင်းနိုင်ပြီဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူထိုအခြေအနေတွင် ရှိနေသည့်အချိန်၌ သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင် ပိုကျက်သရေရှိ ပိုကျော့ရှင်း ပိုစိတ်ကျေနပ်ဖွယ် ကောင်းလာသည်ဟု ခံစားနေရပြီး လောကကို ဖြတ်တိုက်နေသော လေပြေသဖွယ် ခံစားနေရတော့သည်။

ယခုအချိန်တွင် လောကကြီးနှင့် အရာအားလုံးက သူ၏ထိန်းချုပ်မှုအတွင်း ရှိနေသည်ဟု ခံစားမိသည်။ အမှန်တကယ်တွင် သူ၏ခန္ဓာကိုယ်က သူ့အပိုင်မဟုတ်ဘဲ သူသာမန်ကာလျှံကာ ထိန်းချုပ်နိုင်သော သစ်ရွက်တစ်စ သို့မဟုတ် ကျောက်တုံးပမာ ခံစားမိနေသည်။

ချီ ချီ

နောက်ထပ် လှိုင်းဂယက်နှစ်ခုက လေဟာနယ် ဧရိယာထဲ၌ ပေါ်လာပြီး ကျန်းရီက လှိုင်းက စတောင်မလှုပ်ရှားခင် ယင်းကို အာရုံခံမိသည်။ လေဟာနယ်ထဲမှ အရုပ်ဆိုးဆိုး သတ္တဝါတစ်ကောင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး ကြောက်မက်ဖွယ်ကောင်းအောင် ချွန်ထက်သော သွားများနှင့် အနီရောင်မျက်လုံးများ ရှိနေသည်။

သေစမ်း

အတွေးတစ်ချက်ဖြင့် သူကလက်ကို ဝှေ့ယမ်းလျက် တစ္ဆေမီးလျှံများ ထုတ်လိုက်တော့သည်။ မိချောင်းခေါင်းသတ္တဝါ ပေါ်တောင်မပေါ်လာခင် ကျန်းရီက တစ္ဆေမီးလျှံများဖြင့် ယင်းကိုလွှမ်းခြံလိုက်တော့၏။

“ကျိ ကျိ ”

သတ္တဝါက စူးရှစွာ အော်ညဉ်းလျက် ၎င်း၏ဖောက်ထွင်းမြင်နေရသော ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့သွားတော့သည်။ တစ္ဆေမီးလျှံကို ထိုးဖောက်သွားသည့်အချိန်၌ ၎င်း၏ခန္ဓာကိုယ်က အရွယ်အစား တစ်ဝက်သာ ရှိတော့သည်။ ကျန်းရီက ဝိညာဉ်ဝါးမျို မိချောင်းကိုသတ်ဖြတ်ရန် တစ္ဆေမီးလျှံများ ထပ်မံထုတ်သုံးလိုက်တော့သည်။

ဟုတ်တယ်။

ကျန်းရီက တိတ်တဆိတ် ပျော်ရွှင်သွားသည်။ ထိုတိုက်ကွက်တွင် သူကအနည်းငယ် ပိုနှေးသွားသည်။ သူသာ အနည်းငယ် ပိုမြန်ခဲ့လျှင် ပေါ်တောင်မပေါ်လာခင် ဝိညာဉ်ဝါးမျိုခြင်းမိချောင်းကို အုပ်ငုံမိပါက သတ္တဝါသည် ပေါ်လာသည်နှင့် ချက်ချင်း သေသွားမှာပဲဖြစ်သည်။ တစ်နည်းဆိုရလျှင် ဝိညာဉ်ဝါးမျိုခြင်း မိချောင်းတစ်ကောင်ကို သတ်ရန်အတွက် တစ္ဆေမီးလျှံတစ်ခုသာ သုံးရမှာဖြစ်ပြီး သူယခင်က သုံးပုံသုံးရမည့်အစား တစ္ဆေမီးလျှံတစ်ခုသာ သုံးရတော့မှာပဲဖြစ်သည်။

ဝှစ်

ကျန်းရီက ကိုယ်ဖော့လျက် မိချောင်းခေါင်းသတ္တဝါများကို သတ်ဖြတ်နေတော့သည်။ သူ၏လှုပ်ရှားမှုက ပိုမိုကျော့ရှင်းလာပြီး ကျွမ်းကျင်မှုကလည်း ပိုကောင်းလာ၏။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် လေဟာနယ် ဧရိယာတောင် လှိုင်းမထခင် သူကတိုက်ခိုက်မှု စတင်နေပြီဖြစ်သည်။ ဝိညာဉ်ဝါးမျိုခြင်း မိချောင်း ပေါ်တောင်မပေါ်လာခင် တစ္ဆေမီးလျှံများက ထိုနေရာသို့ ရောက်နေပြီးသားဖြစ်သည်။ သတ္တဝါရောက်လာသည်နှင့် တစ္ဆေမီးလျှံများက ၎င်းကိုချက်ချင်း သတ်ဖြတ်လိုက်တော့၏။

အား အခုင့ါရဲ့ ကျွမ်းကျင်မှုက ပိုကောင်းလာပြီ။ ဒါကိုသိပ်နောက်ကျမှ သဘောပေါက်သွားတာ နှမြောစရာပဲ။ တစ္ဆေမီးလျှံတွေအများကြီး အသုံးပြုပြီးနေပြီ။

ကျန်းရီက အနည်းငယ် နောင်တရလာတော့၏။ သို့သော် ယခုအချိန်တွင် နောင်တရရန် နောက်ကျသွားလွန်းပြီဖြစ်သည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာက အစောပိုင်း ဖြုန်းတီးမှုများအတွက် အနည်းဆုံးတော့ တစ္ဆေမီးလျှံ ပမာဏဖြင့် မိချောင်းခေါင်း သတ္တဝါများစွာကို သတ်ဖြတ်ရန်ဖြစ်သည်။ သတ္တဝါများကို သတ်ရန်အတွက် ကျန်သည့်နည်းလမ်းများကို သူတွေးနိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်ပေသည်။

သူ၏ တိုးတက်မှုက စတင်အရှိန် လျော့လာတော့သည်။ ဤမျှအကြာ သူကဤနေရာတွင် ရှည်ကြာနေလျှင် အန္တရာယ် ပိုများမည်မှန်း သိနေ၏။ သို့သော် နောက်ထပ်တစ်နည်း မစဉ်းစားနိုင်ခဲ့လျှင် စမ်းချောင်းဝါလမ်း၏ အဆုံးကို သူလျှောက်လှမ်းနိုင်တော့မှာ မဟုတ်ပေ။

ကျန်းရီသည် တောအုပ်၏ တစ်ဖက်တွင်လည်း ဆင်တူသော အကွေ့အကောက် လမ်းကြောင်းနှစ်ခု ရှိနေသည့်အချက်ကို မေ့နေသည်။ အကွေ့အကောက် လမ်းကြောင်းသုံးခုက မိုင်တစ်သောင်းခန့်ရှည်ပြီး မတူညီသည့် ကျောက်တံခါးသုံးခု၌ လမ်းဆုံးသွား၏။ လမ်းကြောင်းများက တစ်ခုနှင့်တစ်ခု မထိမိပေ။ သို့သော်ငြား သိပ်လည်းမဝေးကွာပေ။ မည်သူကမှ လမ်းကြောင်းတစ်ခုမှ နောက်တစ်ခုဆီသို့ မကျော်ဖြတ်သွားရဲချေ။ လမ်းကြောင်းထဲမှ ထွက်သွားသည်နှင့် ဝိညာဉ်ဝါးမျို မိချောင်းများ၏ တိုက်ခိုက်မှုက ဆယ်ဆတိုးလာမှာပဲဖြစ်သည်။

ယခုအချိန်တွင် လမ်းလယ်၌ လျင်မြန်စွာ ပြေးလွှားနေသော သခင်လေးများ သခင်မလေးများ ရှိသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ် ဧရိယာကလည်း ကျန်းရီပြေးနေစဉ်ကကဲ့သို့ပင် လှိုင်းထနေလေ၏။ မရေမတွက်နိုင်သော ဝိညာဉ်ဝါးမျို မိချောင်းများစွာက ပေါ်ထွက်လာပြီး စူးရှသော လေခွင်းသံများထုတ်ကာ သခင်လေးများနှင့် သခင်မလေးများဆီ ပျံသန်းလာတော့၏။

သခင်လေးများ အားလုံးက အေးအေးလူလူ အမူအရာမျိုး ရှိနေကြသည်။ ဦးဆောင်လာသည့်လူက အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ထူးဆန်းသော ပုံစံရှိသော သခင်လေးဖြစ်သည်။ သူက ဝိညာဉ်ဝါးမျို မိချောင်းများကို အပြည့်အဝ လျစ်လျူရှု့ထားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ရှေ့သို့ ပုံရိပ်ယောင်တစ်ခုသဖွယ် ပျံသန်းသွားတော့သည်။

ဝူး ဝူး

ဝိညာဉ်ဝါးမျို မိချောင်းများက သူ၏ခန္ဓာကိုယ်ကို ထိမိသွားသည့်အချိန်တွင် သူ၏လည်ပင်းပေါ်ရှိ သားရဲအရိုးလည်ဆွဲက အနီရောင် ရောင်ခြည်ဖြင့် လင်းလာတော့သည်။ ဝိညာဉ်ဝါးမျိုမိချောင်း ချဉ်းကပ်လာသည့် အချိန်တိုင်းတွင် သူတို့က အနီရောင် ရောင်ခြည်ဖြင့် လွှမ်းခြုံခံလိုက်ရပြီး စိတ်ပျက်အားငယ်ဖွယ် အော်သံဖြင့် ချက်ချင်း ပျောက်ကွယ်သွားတော့၏။

ဝတ်ရုံနီဖြင့် သခင်လေးက မိစ္ဆာဧကရာဇ်၏ မြေးရှီဖေးဖြစ်သည်။ သူကရှေ့တွင် ရောက်နေပြီး မိုင်ထောင်ချီ ခရီးဆက်ခဲ့ပြီဖြစ်သည်။ ဝိညာဉ်ဝါးမျို မိချောင်းများ မည်မျှပေါ်လာစေကာမူ သူသည်သူတို့ကို အမူမထားဘဲ အရှိန်အမြင့်ဆုံးဖြင့် ပြေးနေလေ၏။

ရှီဖေးနောက် မိုင်ရာချီအကွာ၌ ဝူနီခေါ်လာသည့် ကောင်းကင်ဧကရာဇ်၏ အစေခံမလေး လေးဦးရှိသည်။ သူတို့က မြန်မြန်ဆန်ဆန် ပြေးနေစဉ် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဝါးမျို မိချောင်းများကို လျစ်လျူရှု့ထားသည်။ ကောင်းကင်ဧကရာဇ် အစေခံမလေး လေးဦးက မတူညီသည့် အရပ်မျက်နှာ လေးခု၌ ရပ်နေပြီး သူတို့က သေစေနိုင်သော အရှိန်အဝါ တည်ရှိမှုဖြင့် ဓားကိုကိုင်ဆောင်ထားကြသည်။ ဝိညာဉ်ဝါးမျိုမိချောင်းက သူတို့နား ချဉ်းကပ်လာသည့်အချိန်၌ ဓားပျော့များက လျင်မြန်စွာ ပေါ်ထွက်လာပြီး အနီရောင်အလင်းကို ထုတ်ဖော်လျက် သတ္တဝါများကို သတ်ဖြတ်လိုက်တော့သည်။

ဓားက အဖြူရောင်ဖြစ်သော်ငြား အနီရောင်အလင်းကို အဘယ့်ကြောင့် ထုတ်လွှတ်ရသနည်း။ ထိုဝိညာဉ်ဝါးမျို မိချောင်းများက ဝိညာဉ်ပုံစံ အမျိုးအစားဖြစ်တာ သိသာနေပြီး ၎င်းတို့တွင် ရုပ်ခန္ဓာမရှိပေ။ သို့သော် ကွေးညွှတ်ပျော့ပြောင်းမှုနှင့် ထိမိပြီးနောက် မီးခိုးအဖြစ် ပြောင်းလဲသွားသေးသည်။ ထိုကောင်းကင်ဧကရာဇ် အစေခံလေးဦးက အင်မတန်အစွမ်းထက်ပြီး သူတို့၏ဓားများက သာမာန်မဟုတ်တာ ဝန်ခံရမှာပဲဖြစ်သည်။

ဝူနီ၏နောက်၌ သားရဲသံချပ်ကာကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့် တုတ်တုတ်ခိုင်ခိုင် လူငယ်တစ်ဦးရှိသည်။ ထိုသားရဲအရေခွံက သာမာန်မဟုတ်ဘဲ အချို့ နတ်ဆိုးသားရဲ၏ အရေခွံဖြင့် ပြုလုပ်ထားတာဖြစ်သည်။ သားရဲအရေခွံ သံချပ်ကာက အညိုရောင်ရှိပြီး ဆန်းကြယ်သော ချိတ်သင်္ကေတများ ရှိနေလေ၏။ သားရဲသံချပ်ကာကို ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ တည်ရှိမှု ပိုင်ဆိုင်ထားရလေအောင် အစွမ်းထက်သော အစီအရင်များကို အချို့သော နည်းလမ်းများ အသုံးပြု၍ ထည့်သွင်းထားပုံပေါ်သည်။ ဝိညာဉ်ဝါးမျို မိချောင်းက ပြန်လာချိန်၌ သားရဲသံချပ်ကာ အရေပြားက အလိုလို လင်းထိန်လာလျက် ခုနှစ်ပေခန့် မြင့်မားသော လူငယ်ကို အနက်ရောင်ဖြင့် လွှမ်းခြုံလိုက်တော့သည်။ ဝိညာဉ်ဝါးမျို မိချောင်းများက အနက်ရောင်အလင်းနှင့် တိုက်မိသွားသည်နှင့် သူတို့က ချက်ချင်း ပျောက်ကွယ်သွားသည်။ အရပ်မြင့်မြင့်ဖြင့် လူငယ်ကမူ လေပြင်းနှယ် ဆက်လက်ပြေးလွှားနေဆဲဖြစ်၏။

မြင့်မားပြီး တုတ်ခိုင်သော လူငယ်နောက်၌ ဓားဧကရာဇ်၏မြေး ခုနှစ်နှစ် ရှစ်နှစ်အရွယ်ခန့် ကလေးတစ်ဦးရှိနေသည်။ ထိုကလေး၌ နုနယ်သော အသားအရည် ရှိနေပြီး အလွန်ချစ်စဖွယ် ကောင်းကာ သူ့ကိုမျက်နှာသာပေးလိုစိတ်ရှိသည်။ သူကကလေးတစ်ဦးက အပြင်ဘက်တွင် ဆော့ကစားသည့်ပမာ ပျော်ရွှင်နေတော့၏။ သူ့၌ လက်နက်များရှိတာ သိသာနေသည်။ သူ၏အဝါရောင် ဝတ်ရုံက အဝါရောင်ဖျော့ဖျော့အလင်းဖြင့် လင်းထိန်နေလေပြီး သူ့နားသို့ ဝိညာဉ်ဝါးမျို မိချောင်းများတောင် ချဉ်းကပ်ခွင့်မပေးထားပေ။

ဓားဧကရာဇ်မြေးနှင့် မလှမ်းမကမ်းတွင် ခြေဗလာဖြင့် အမျိုးသမီး ရှိနေသည်။ ထိုအမျိုးသမီးက ပိုတောင်ထူးဆန်းနေ၏။ သူမက ခြေဗလာဖြင့် သွားနေပြီး ခြေလှမ်းလှမ်းလိုက်တိုင်းတွင် သူမ၏ခန္ဓာကိုယ်က လေထဲတွင် ပျောက်ကွယ်သွား၏။ သူမက အမှန်တကယ် ပျောက်ကွယ်သွားတာ မဟုတ်ဘဲ ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နေရပြီး ဝိညာဉ်ဝါးမျို မိချောင်းတို့အား သူတို့၏ပစ်မှတ်များ ဆုံးရှုံးစေပြီး တိုက်ခိုက်မရ ဖြစ်စေသည်။ သူမက အစစ်အမှန် ဝိညာဉ်တစ်ကောင်သဖွယ် လှုပ်ရှားတာ မြန်ဆန်ပြီး ဓားဧကရာဇ်၏မြေးကို ကျော်တက်တော့မှာပဲဖြစ်သည်။

ယဉ်ရို့ပင်းနောက်၌ လင်းမျိုးနွယ်စု၏ မောင်နှမဖြစ်သည်။ သူတို့နှစ်ဦးက အတော်မြန်ဆန်ပြီး လင်းရှီယာ့က ဘာမှလုပ်ရန်တောင် မလိုပေ။ လင်းချီကျန့်က သူတို့နားတစ်ဝိုက်၌ အဖြူရောင် ကျောက်စိမ်းဓားကို ကိုင်ဆောင်လျက် သူတို့နား ချဉ်းကပ်လာသော ဝိညာဉ်ဝါးမျို မိချောင်းများကို ပိုင်းဖြတ်နေတော့သည်။

သူတို့အဖွဲ့က မြန်ဆန်ဖွယ်ကောင်းသော အရှိန်ဖြင့် လမ်းကြောင်းကို ခရီးနှင်နေကြလေသည်။ ကျန်းရီက ဤနေရာသို့ ကြိုရောက်နေသော်ငြား ခရီး၏ ဆယ်ပုံတစ်ပုံသာ ပြီးသေးသည်။ သို့သော် သခင်လေးများနှင့် သခင်မလေးများက လမ်းတစ်ဝက်ကျော်ခဲ့ပြီဖြစ်သည်။ ယင်းက ကောင်းကင်ဧကရာဇ် ကိုးပါး၏ မျိုးနွယ်စုမှ မျိုးဆက်များ၏ အုတ်မြစ်သည် ကျန်းရီကဲ့သို့ ဇနပုဒ်မှလာသောလူထက် သာလွန်နေကြောင်း သက်သေပြနေတာပဲဖြစ်သည်။

***

All Chapters