← Chapters

အခန်း (၈၂၃-၈၂၄)

Vol. 51 Ch. 823-824

အခန်း (၈၂၃-၈၂၄)

Vol. 51 Ch. 823-824

အပိုင်း (၈၂၃)

ဘုရင်မအီဒါက ပိရမစ်၏ ရှစ်ထပ်မြောက်ရှိ နန်းဆောင်အတွင်း၌ မလှုပ်မယှက်နှင့် တိတ်ဆိတ်စွာ ဒူးထောက်နေ၏။ သူမက ဆုတောင်းနေသကဲ့သို့၊ ဒူးထောက်နေသကဲ့သို့ ရှိ၏။ ဤအချိန်မှာတော့ နေမင်းက တဖြည်းဖြည်းချင်း ဝင်လုဆဲပင်။

မင်းသမီး ဒိုဟာက ပြတင်းပေါက်တွင် ရပ်ပြီး နေမင်းကို စိုက်ကြည့်၏။ နေမင်းက ပင်လယ်ထဲသို့ ငုပ်လျှိုးသွားသည်နှင့် တပြိုင်နက် ရှမ့်လန် သေရပေမည်။

“ဘုရင်မ... ကျွန်မတို့ တကယ်ပဲ သူ့ကို ကွပ်မျက်ရတော့မှာလား။ ကျွန်မတို့ကို ကျေးဇူးအများကြီး ပြုခဲ့တဲ့ လူတစ်ယောက်ကို ကွပ်မျက်ရ တော့မှာလား” မင်းသမီး ဒိုဟာက မေး၏။

ဘုရင်မ အီဒါက တိတ်ဆိတ်နေ၏။ သူမက ထိုသို့ မပြုလုပ်ချင်သော်လည်း လက်ရှိအချိန်တွင် မည်သူမှ တားဆီး၍ မရတော့ပေ။ နေဝင်သွားခဲ့ပြီး ရှမ့်လန် ပြောသည့် ပျက်သုဉ်းခြင်းကြီး ရောက်မလာပါက မှားယွင်းခဲ့ပြီ ဖြစ်သည်။ ရှမ့်လန်ကို မသတ်ခဲ့လျှင် နိုင်ငံတော်၏ ဥပဒေများက ချက်ချင်းပဲ ပျက်ယွင်းသွားမှာ ဖြစ်သလို၊ ဘိုးဘေးနှင့် နတ်ဘုရားများကိုလည်း ဒေါသထွက်စေလိမ့်မည်။ ထိုအကြောင်းအရာကိုလည်း တစ်နိုင်ငံလုံးက သိရှိထား၏။ ယခု ရှမ့်လန်ကို မည်သူမှ မကယ်နိုင်တော့ချေ။ သူက ပါရမီရှင်တစ်ယောက်ပင်။ သို့ပေမည့် အရူးတစ်ယောက်လည်း ဖြစ်နေပြန်သည်။

ဘုရင်မအီဒါက ပြော၏။ “တစ်နည်းအားဖြင့် ပြောရရင် သေခြင်းတရားဆိုတာ ပြစ်ဒဏ် သက်သက် မဟုတ်ဘူး။ အာဇာနည်တစ်ယောက်ရဲ့ နည်းလမ်းတစ်ခုပဲ။ သူက ကြီးမားတဲ့ ပျက်သုဉ်းခြင်းကြီး ဖြစ်လာလိမ့်မယ် လို့ အခိုင်အမာ ယုံကြည်ထားပြီး သူ့ရဲ့အသက်နဲ့လဲပြီး ပေးဆပ်ဖို့ အဆင်သင့် ဖြစ်ထားတယ်။ အရှေ့တိုင်းသားတွေရဲ့ အဆိုအရဆိုရင် 'ကောင်းမှုကို ရှာဖွေပြီး ကောင်းမှုကို ရယူခြင်း' ပဲ။ ဒါက ဝမ်းနည်းစရာ မဟုတ်ပါဘူး။”

“ကျွန်မကတော့ သူ့ကို မသေစေချင်ဘူး။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက် သေသွားတာက ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်။” မင်းသမီးဒိုဟာက ပြောသည်။

ဘုရင်မအီဒါက ပြုံးလိုက်၏။ နောက်ထပ် စကားမပြောတော့ချေ။ သူမက ရှမ့်လန်ကို မသေစေချင် သောကြောင့် ကြီးမားသည့် ပျက်သုဉ်းခြင်းကြီး ရောက်လာပြီး အမေဇုန်နိုင်ငံတော် ပျက်စီးသွားစေရန် ဆုတောင်းနေရမည်လား။ မဖြစ်နိုင်ပေ။ ဤနိုင်ငံက နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ခြင်းဖြစ်၏။ ဤလောကကြီး သမိုင်းသစ် မစတင်ခင်တည်းက တည်ရှိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံး ပျက်စီး သွားလျှင်တောင် အမေဇုန်နိုင်ငံတော်ကတော့ လုံခြုံနေဦးမှာ ဖြစ်၏။

.........................

အချိန်က နီးကပ်လာ၏။ နေဝင်ပေတော့မည်။ ပျက်သုဉ်းခြင်း ဟူသော အရာက ရောက်မလာသေးပေ။ ရှမ့်လန်က အနည်းငယ် အေးစက်လာသလို ခံစားရ၏။ သူ ယခင်က ပြောခဲ့သည့် ၄၈ နာရီ ဆိုသည်က ရှေးရိုးစွဲ ဂဏန်းတစ်ခုပင်။ သူနှင့် ကျန်းလီတို့၏ တွက်ချက်မှုအရ ကြီးမားသည့် ပျက်သုဉ်းခြင်းက ၂၄ နာရီအတွင်း ဖြစ်ပွားမည်။ သို့သော် နောက်ဆုံးမိနစ်မှာ ဖြစ်ပေါ်လာသည့် အံ့ဖွယ်အရာများကို သူက အားကိုးလိုခြင်း မရှိချေ။ ထိုသို့ ပြုလုပ်ခြင်းက မိမိ၏ အသက်နှင့် လောင်းကစားခြင်းပင်။

သို့သော်ငြား ယခု ၄၄ နာရီပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ကြီးမားသည့် ပျက်သုဉ်းခြင်းကြီးက ဖြစ်မလာသေးချေ။ ဘာတွေများ ကြားထဲတွင် မှားယွင်းနေသနည်း။ မမျှော်လင့်ထားသည့် မည်သည့် အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သနည်း။ သို့မဟုတ် ရှမ့်လန်နှင့် ကျန်းလီတို့၏ တွက်ချက်မှုက မှားယွင်းခဲ့သည်လား။

မဖြစ်နိုင်ပေ။ ရှမ့်လန်က အနည်းဆုံး ၁၀ ကြိမ်ခန့် တွက်ချက်ခဲ့ပြီး အဖြေကလည်း အမြဲတမ်း အတူတူပင် ထွက်၏။ တွက်ချက်မှုရလဒ်များအရ ကြီးမားသည့် ပျက်သုဉ်းခြင်းကြီးက လွန်ခဲ့သည့် ၈ နာရီကတည်းက ဖြစ်ပွားရမှာ ဖြစ်သည်။ 'ဟမ့်.... ကျုပ်ကို မစနဲ့။ ကျုပ် သေသွားလိမ့်မယ်။'

ရှမ့်လန်က AI နှင့် အလျင်အမြန်် တွက်ကြည့်၏။ အမှားအယွင်း မရှိချေ။ ကြီးမားသည့် ပျက်သုဉ်းခြင်းကြီးက လွန်ခဲ့သည့် ၈ နာရီကတည်းက ဖြစ်ပွားခဲ့၏။ သို့ပေမည့် အဘယ့်ကြောင့် အရိပ်ယောင်မျှ မတွေ့ရသနည်း။ ထိုအချိန်မှာပဲ မင်းသမီးဒိုဟာနှင့် ပုရောဟိတ်မကြီးတို့က အမျိုးသမီးစစ်သည်တော် ၁၀ ဦးကျော်နှင့်အတူ ဝင်ရောက်လာ၏။

“ရှမ့်လန်... အချိန်ရောက်လာပြီ။ ရှင့်ကို ကွပ်မျက်စင်ဆီ ခေါ်သွားရတော့မယ်။”

မင်းသမီးဒိုဟာက ပြောသည်။ “ကျွန်မတို့ ရှင့်ကို ကျေးဇူးကြွေးတင်နေတဲ့အတွက် ရှင့်သေချင်တဲ့ နည်းလမ်းကို ရွေးချယ်နိုင်တယ်။ အငြိမ်းချမ်းဆုံး သေနိုင်မယ့် နည်းလမ်းမျိုးပေါ့။”

ရှမ့်လန်က ခဏမျှ စဉ်းစား၏။ “ကျုပ်ကို မီးရှို့သတ်။”

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ မင်းသမီးဒိုဟာက မင်သက်သွား၏။ ဤသည်က အနာကျင်ဆုံး၊ အသေဆိုးရမည့် နည်းလမ်းပင်။

ရှမ့်လန်က ပြောသည်။ “ကျုပ်ကို အချိန် ၁၅ မိနစ်လောက် ပေးလို့ရမလား။ ကျုပ် မသေခင် ပြင်ဆင်စရာတွေ ရှိတယ်။”

မင်းသမီးဒိုဟာက ခေါင်းညိတ်ပြပြီး ပြန်ထွက်သွား၏။ ပုရောဟိတ်မကြီးကလည်း ပြန်ထွက်သွား၏။ သူတို့က မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်ကို ကွပ်မျက်ရမည်။ သို့သော်ငြား နောက်ဆုံးသော လူသားချင်း စာနာမှုကို ထောက်ထား ပြသရပေမည်။

ရှမ့်လန်က သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးဒဏ်ခံသည့် ဂျယ်များကို ထပ်မံသုံးလိမ်း၏။ ကျောက်ဂွမ်းခေါင်းစွပ်ကို စွပ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ကျောက်ဂွမ်းဝတ်စုံ သုံးလွှာဖြင့် ဖုံးအုပ်၏။ နောက်ဆုံး လုံနာနာ၏ လှပသော ဝတ်စုံကို ဝတ်ဆင်လိုက်၏။

ဤတစ်ကြိမ်မှာတော့ ရင်ပြင်၌ ကွပ်မျက်ခြင်းဖြစ်၏။ သူက ရေထဲသို့ခုန်ချပြီး ထွက်ပြေးရန် အခွင့်အရေး မရှိချေ။ အကယ်၍ နောက်ဆုံးအခိုက်အတန့်တွင် ကြီးမားသည့် ပျက်သုဉ်းခြင်းကြီး ဖြစ်မလာပါက ရှမ့်လန်က မီးရှို့သော်လည်း 'မသေခြင်း' ဟူသည့် အံ့ဖွယ်အရာကို အသုံးပြု၍ မိမိကိုယ်ကို ကယ်တင်ရပေမည်။ အမှန်စစ်စစ် ထိုအရာက အဆိုးဝါးဆုံးသော အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းသာလျှင်။ ထိုသို့ဖြစ်မလာရန်လည်း မျှော်လင့်မိသည်။

..................................

၁၅ မိနစ် ကြာမြင့်ပြီးနောက် ရှမ့်လန်ကို သီးသန့်အခန်းထဲမှ ခေါ်ထုတ်ပြီး ရင်ပြင်ရှိ ကွပ်မျက်စင်တစ်ခုဆီသို့ ခေါ်ဆောင်သွား၏။ သူ့ကို အထူးပြုလုပ်ထားသည့် ကြိုးများဖြင့် ချည်နှောင်ပြီး လမ်းနှစ်ဖက်ကို ဘေးသို့ ဆန့်ထားစေ၏။

ကွပ်မျက်စင်၏ အောက်ခြေတွင် ထင်းများ ပုံထားခဲ့ပြီး ထောင်ပေါင်းများစွာသော အမေဇုန် အမျိုးသမီး စစ်သည်တော်များက ဝိုင်းကာ ကြည့်ရှုနေ၏။ သူတို့၏မျက်နှာများက တည်ကြည်လေးနက်နေ၏။ ဤသည်က ကွပ်မျက်ခြင်းကို ကြည့်ရှုနေခြင်းထက် ဈာပနအခမ်းအနားတစ်ခုကို လိုက်ပါ ပို့ဆောင်ခြင်း နှင့် ဆင်တူနေသည်။

လူတိုင်းက လက်အုပ်ချီပြီး မျက်လုံးများကို မှိတ်ကာဖြင့် ဝမ်းနည်းခြင်းကဗျာကို ရွတ်ဖတ်နေ၏။ ရှမ့်လန် မီးရှို့သတ်ခံရသည့်အတွက် သူတို့က ပျော်ရွှင်နေကြမည် မဟုတ်သော်လည်း ဤကွပ်မျက်ခြင်းကို တားဆီးရန် အကြောင်းပြချက် မရှိချေ။ ဤနေရာရှိ လူပေါင်းများစွာတို့က ရှမ့်လန်ကို မသတ်ချင်ကြသော်လည်း ရွေးချယ်စရာ မရှိပေ။ နေလုံးကြီးက တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ပြီ။ လူတိုင်းက နောက်ဆုံး အခိုက်အတန့်ကို ရောက်ရှိရန် တိတ်တဆိတ် စောင့်ဆိုင်းနေ၏။

ဘုရင်မကြီးက ပိရမစ်၏ထိပ်ဆုံးဆီသို့ ပထမဦးဆုံး တက်ရောက်၏။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာက နေဝင်ချိန်၏ နောက်ဆုံးမှတ်ဖြစ်သောကြောင့် ရှမ့်လန်အတွက် အချိန်ပို၍ ရနိုင်သောကြောင့်ပင်။ သူမက ပင်လယ်ပြင်ပေါ်မှ ဝင်လုဆဲဆဲ နေမင်းကို တိတ်တဆိတ် ကြည့်၏။ နေမင်းလုံးဝ ငုပ်လျှိုးသွားသည်နှင့် တပြိုင်နက် သူမက မီးရှို့ရန် အမိန့်ပေးပြီး ရှမ့်လန်ကို ကွပ်မျက်တော့မည်။

ရှမ့်လန်က မည်သည့်စကားမှ မဆိုချေ။ သူက မျက်လုံးများကို မှိတ်ပြီး ဆက်လက်ကာ အသည်းအသန် တွက်ချက်နေ၏။ နောက်ထပ် ၃ ကြိမ်တိုင်တိုင် တွက်ချက်မှုအပြီးမှာတော့ အဖြေက တူတူပင်။ ကြီးမားသည့် ပျက်သုဉ်းခြင်းကြီးက လွန်ခဲ့သည့် ၆ နာရီတည်းက ဖြစ်ပွားရမည်ပင်။

ဤအချိန်မှာတော့ နေဝင်ရန် တစ်နာရီကျော်မျှသာ လိုတော့၏။ အကယ်၍ ထိုအချိန်ထိ ကြီးမားသည့် ပျက်သုဉ်းခြင်းကြီး ဖြစ်မလာပါက ရှမ့်လန်က ပျက်စီးခြင်းနှင့် ရင်ဆိုင်ရမည်။ သူက ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးထား၏။

မျဉ်းဖြောင့် အကွာ‌အဝေးက ကီလိုမီတာ ၁၀၀၀ ကျော်ရှိ၏။ လှိုင်းအလျားသာ တစ်စက္ကန့်လျှင် အနည်းဆုံး ၃ ဒသမ ၅ ကီလိုမီတာနှုန်းဆိုပါက အနည်းဆုံး အမေဇုံဘုရင်မနိုင်ငံတော်သို့ ရောက်ရှိရန် အလွန်ဆုံး ၆ မိနစ်သာ ကြာရမည်။ အဘယ့်ကြောင့် မဖြစ်ရသနည်း။

တစ်စုံတစ်ခုသော မမျှော်လင့်ထားသည့် အဖြစ်အပျက် ဖြစ်နေရမည်။ မည်သူက ပျက်စီးခြင်းကို တားဆီးထားသနည်း။

မဖြစ်နိုင်ချေ။ လုံးဝ မဖြစ်နိုင်ချေ။ ထိုအရာက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားပင်။ မည်သူက တားဆီးနိုင် မည်နည်း။ ထိုသို့ဆိုလျှင် တကယ်တမ်း ဘာဖြစ်နေသနည်း။ အဘယ့်ကြောင့် ဖြစ်ရသနည်း။

နေမင်းက အနောက်ဘက်တွင် တဖြည်းဖြည်း ငုပ်လျှိုးသွားခဲ့၏။ သေခြင်းတရား၏ ခြေသံများက နီးကပ်လာ၏။ လူပေါင်းသောင်းချီတို့က စတင်ကာ ပူဆွေးလာမိ၏။

ပုရောဟိတ်မကြီးက ရှမ့်လန်အတွက် နတ်ပွဲကို ပြင်ဆင်နေပြီဖြစ်၏။ ဤသည်က နောက်ဆုံးခရီး ပို့ဆောင်ခြင်းပင်။ အသုဘအခမ်းအနား ပို့ဆောင်ခြင်းနှင့် ဆင်တူ၏။ အချိန်ကုန်လုနီးပါး ဖြစ်၏။ ရှမ့်လန်ကို မီးရှို့သတ်ရန် သတ်မှတ်ချိန်က နီးကပ်လာသည်။

ထိုအခိုက်အတန့်မှာတော့ မြောက်ဘက် ကီလိုမီတာ ၂၈၀၀ အကွာရှိ အိမ်မက်ဆိုးကျွန်း။ ဤကျွန်းက အလွန်ကို ကြီးမား၏။ ထိုအမည်ကို ပေးထားခြင်းက ကျွန်းပေါ်တွင် သရဲခြောက်၍ သို့မဟုတ် ကြောက်စရာ ကောင်းသည့်အရာများ ရှိနေ၍ မဟုတ်ချေ။ သာမန်လူတို့ မြင်မက်သည့် အိပ်မက်ဆိုးများထဲမှ ကျွန်းတစ်ကျွန်းနှင့် ဆင်တူနေသောကြောင့်ပင်။

ဤကျွန်းပေါ်တွင် စိမ်းလန်းသည့်သစ်ပင်များ မရှိ၊ မြေဆီလွှာကောင်းများလည်း မရှိ၊ သက်ရှိတို့၏ အငွေ့အသက်လည်း မရှိ။ မဲနက်နေသည့် ကျောက်တုံးများသာ ရှိ၏။ ကျွန်း၏အလယ်ဗဟိုသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ မြင့်မားသည့် တောင်ကြီးတစ်ခု ဖြစ်နေပြီး ပင်လယ်ပြင်၌ ဘီလူးကြီး တစ်ကောင်ကဲ့သို့ မတ်တပ်ရပ်နေ၏။ အင်မတန် မြင့်မားသည့် တောင်ခါးပန်းတွင်လည်း နှင်းများ ဖုံးလွှမ်းနေ၏။

ဤသည်က တကယ့်ကို ရှားပါးသည့် မြင်ကွင်းတစ်ခုပင်။ တိုက်သစ်ကြီး၏ တောင်ဘက်ပိုင်းတွင် တစ်နှစ်ပတ်လုံး အပူချိန်က မြင့်မား၏။ နှင်းများ၏ အရိပ်ယောင် မရှိသော်လည်း ဤနေရာတွင် နှင်းဖုံးတောင်ကြီး ရှိနေ၏။ ထိုအရာက မီးတောင်တစ်ခုဖြစ်ကြောင်း မည်သူမျှ မသိရှိကြချေ။

ကျွန်းပေါ်ရှိ ကျောက်တုံးများ အားလုံးက မီးတောင်ချော်ရည်များ ခဲသွားခြင်းမှ ဖြစ်ပေါ်ခဲ့ခြင်းပင်။ မီးတောင်ချော်ရည် အများစုက မီးခိုးရောင် သို့မဟုတ် နီညိုရောင် ရှိလေ့ရှိ၏။ တချို့ လိပ်ကျောက်များ ကတော့ အညိုညစ်ညစ်ရောင်များ ရှိ၏။ သို့သော်ငြား ကျွန်းပေါ်မှ ကျောက်တုံးများက ခဲကဲ့သို့ပင် ရှိ၏။ ထိုအရာများက မီးတောင်ကျောက်များနှင့် လုံးဝ မတူချေ။ အင်မတန် အေးစက်ပြီး မီးတောင်တစ်ခုနှင့် လုံးဝ မတူသလို ပေါက်ကွဲရန်လည်း မဖြစ်နိုင်ဟု ထင်ရသည်။

နေဝင်ခါနီးသည်နှင့်အမျှ လိမ္မော်နီရောင် အလင်းတန်းများက အိမ်မက်ဆိုးကျွန်းမှ ဖြူဖွေးသည့် နှင်းများ အပေါ်သို့ ကျရောက်ပြီး အနီရောင်လွှာတစ်ခု ခြယ်သထားသကဲ့သို့ ပုံပေါ်၏။ အရာအားလုံးက တိတ်ဆိတ်နေဆဲပင်။ ပင်လယ်ပြင်တွင် လှိုင်းကလေးတစ်ခုမှပင် မရှိချေ။

ရုတ်တရက်... “ဝုန်း....... ဝုန်း.......”

မြေလောကကြီး တစ်ခုလုံးက တုန်ဟီးသွား၏။ ကောင်းကင်ယံတွင် အရောင်များ ပြောင်းလဲသွား၏။ မည်သည့် ကြိုတင် သတိပေးမှုမှ မရှိချေ။

အိမ်မက်ဆိုးကျွန်းမှ မီးတောင်ကြီး ပေါက်ကွဲသွားခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် မီးလျှံများက ကောင်းကင်ယံ မီတာ ထောင်ပေါင်းများစွာ အမြင့်သို့ ရုတ်တရက် ထိုးတက်၏။ ဤကဲ့သို့သော မြင်ကွင်း၏ တုန်လှုပ်ဖွယ်ရာနှင့် အံ့အားသင့်ဖွယ်ရာကို မည်သည့် စကားလုံးနှင့်မှ ဖော်ပြ၍ မရနိုင်ပေ။

“ဝုန်း....... ဝုန်း.......”

မီးတောင်ချော်ရည်စီးကြောင်း မြောက်များစွာတို့က မီတာ ၁၀၀၀ သို့ ရောက်ရှိသည်အထိ မြင့်တက်သွား၏။ ချက်ချင်းပဲ ကီလိုမီတာ ရာပေါင်းများစွာအတွင်းရှိ လောကကြီးက သိသိသာသာ ပြောင်းလဲသွား၏။ ဝင်လုဆဲဆဲ နေမင်းက ပျောက်ကွယ်သွား၏။ ပြီးနောက် ကောင်းကင်ယံတစ်ခုလုံးတွင် ထူထဲသည့် မီးခိုးများ၊ မီးလျှံများ ဖုံးလွှမ်း၏။ ဤအရာက လောကကြီးတွင် အလှပဆုံးနှင့် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး မီးရှူးမီးပန်းများကဲ့သို့ပင်။

“ဝုန်း....... ဝုန်း.......”

မီးလျှံပေါင်းမြောက်များစွာတို့က ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီးနောက် ကြွေလွင့်သွားခဲ့သည့် ကြယ်တံခွန်များ ကဲ့သို့ အောက်သို့ ပြန်လည် ကျဆင်း၏။ အချိန်တိုအတွင်း ပင်လယ်ပြင်တစ်ခုလုံး၌ မီးတောင်ပြာများနှင့် ဖုံးလွှမ်းသွား၏။ ထိုအရာက နှင်းမုန်တိုင်းကြီး ကျဆင်းနေသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပဲ ပင်လယ်အောက်ခြေ၌ ဧရာမ ဘီလူးကြီး နှစ်ကောင် ပြင်းထန်စွာ တိုက်ခိုက်နေသကဲ့သို့ ရှိ၏။ တုန်လှုပ်ဖွယ်ရာ ငလျင်ကြီးတစ်ခု ဖြစ်ပွား၏။

“ဝုန်း....... ဝုန်း.......” ပင်လယ်အောက်ခြေမှ မြေလွှာချပ်များက တစ်ခုနှင့်တစ်ခု တိုက်မိပြီး ပြိုကွဲ ပျက်စီးကုန်သည်။

ထိုအရာက တုန်လှုပ်ဖွယ်ရာ ဆူနာမီလှိုင်းကြီးကို ဖြစ်ပေါ်၏။ မီတာရာနှင့်ချီ မြင့်သည့် လှိုင်းကြီးက အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်၏။ ကီလိုမီတာ ရာပေါင်းများစွာအတွင်း ကောင်းကင်နှင့် မြေပြင်က တုန်ခါပြီး လှိုင်းတံပိုးများကလည်း ပြင်းထန်၏။ ဤမြင်ကွင်းက ကမ္ဘာပျက်သကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်း၏။

သို့သော်ငြား ထိုမြင်ကွင်းကို သက်သေခံမည့်သူ၍ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် အိမ်မက်ဆိုးကျွန်း၏ မိုင်လိုမီတာ ၁၀၀၀ အတွင်း ပင်လယ်ပြင်တွင် လူသူကင်းမဲ့နေသောကြောင့်ပင်။ ကောင်းကင်နတ်ဘုရားက ဤနယ်မြေတွင် ကခုန်နေပြီး သူ၏ အစွမ်းအစများကို အားရပါးရ ထုတ်ဖော် ပြသနေသည်။

“ဝုန်း....... ဝုန်း.......”

ပင်လယ်အောက်ခြေမှ ငလျင်များက ဆက်တိုက် ပေါက်ကွဲနေ၏။ ထို့အပြင် ဤကြောက်မက်ဖွယ်ရာ ကောင်းသည့် ငလျင်လှိုင်းများက ဆူနာမီထက် ပို၍ လျင်မြန်၏။ ထိုအရာက တစ်စက္ကန့်လျှင် ၇ ကီလိုမီတာ နှုန်းဖြင့် အရပ်မျက်နှာ အနှံ့သို့ ပြန့်နှံ့သွား၏။

အမေဇုန်ဘုရင်မနိုင်ငံတော်အတွင်း နေမင်းလုံးဝ ငုပ်လျှိုးသွားစေရန် မိနစ်သုံးဆယ်ခန့်သာ လိုတော့၏။ ဤအချိန်တွင် အမေဇုန်ပုရောဟိတ်မကြီးက သူ၏ ယစ်ပူဇော်ခြင်းကပွဲကို အဆုံးသတ်လိုက်၏။ နောက်တစ်ဆင့်က ဘုရင်မကြီး၏ အမိန့်ကို စောင့်ဆိုင်းပြီး ရှမ့်လန်အား မီးပုံအတွင်းသို့ ထည့်သွင်းကာဖြင့် ကွပ်မျက်ရန်သာ ကျန်တော့သည်။

အောက်ခြေတွင် ရပ်နေသည့်သူများက နေမင်းကို မမြင်ရတော့ပေ။ ကောင်းကင်ယံတွင် အနီရောင် အလင်းတန်း များသာ မြင်တွေ့ရ၏။ ဘုရင်မကြီးက ပိရမစ်၏ထိပ်တွင် ရပ်နေဆဲဖြစ်ပြီး နေမင်း တဖြည်းဖြည်း နစ်မြုပ်သွားမည်ကို ကြည့်ရှုနေ၏။

ရှမ့်လန်က မျက်လုံးများကို မှိတ်၍ အရာအားလုံးကို ခံစားနေ၏။ ရုတ်တရက် မြေပြင် တုန်ခါလာသည်ဟု သူက ခံစားမိသည်။

“ရောက်လာပြီ။ ရောက်လာပြီ။ နောက်ဆုံးတော့ ရောက်လာပြီပဲ။”

နာရီအနည်းငယ် နောက်ကျခဲ့သော်လည်း နောက်ဆုံး ရောက်လာခဲ့၏။

အိမ်မက်ဆိုးကျွန်းက ဤနေရာနှင့် အင်မတန် ဝေးကွာ၏။ မီးတောင်ပေါက်ကွဲမှုကို ဤနေရာမှ မမြင်ရသလို ဆူနာမီကလည်း ဤမျှမြန်မြန် ရောက်မလာနိုင်ပေ။ ဆူနာမီ ရောက်လာလျှင်လည်း အင်အားက အင်မတန် နည်းပါးသွားပေလိမ့်မည်။ မီးတောင်ပြာများ လွင့်စင်လာစေရန်ကလည်း အချိန်အတော် ကြာပေဦးမည်။ သို့သော်ငြား ငလျင်လှိုင်းကတော့ မိနစ်အနည်းငယ်အတွင်း ဤနေရာသို့ ရောက်ရှိလာနိုင်သည်။

“ဒုန်း... ဒုန်း...”

နိုင်ငံတော်တစ်ခုလုံး၏ မြေပြင်က စတင် တုန်ခါ၏။ ပိရမစ်အတွင်းရှိ သစ်သားခွက်များက တုန်ခါပြီး ခွက်အတွင်းမှ ရေများက လှိုင်းထန်လာခဲ့၏။

“ငလျင်... ငလျင်ပဲ။” ပုရောဟိတ်မကြီးနှင့် ဘုရင်မအီဒါတို့က တုန်လှုပ်သွား၏။ ဤနေရာရှိ လူပေါင်းသောင်းချီတို့က မလှုပ်မယှက် ရပ်နေကြသည်။

“ဒုန်း... ဒုန်း...”

ထို့နောက် ထပ်မံကာ တုန်ခါသွား၏။ ငလျင်တစ်ခု ဖြစ်သော်လည်း အင်မတန် ပေါ့ပေါ့ပါးပါးပင်။ တုန်ခါမှုကို သူတို့က ခံစားရ၏။ မိနစ်အနည်းငယ် ကြာပြီးနောက် အရာအားလုံး ပြန်လည်ငြိမ်သက်သွား၏။ ငလျင်က ပြီးဆုံးသွားခဲ့၏။

ပုရောဟိတ်မကြီးက ပြောသည်။ “အရှင်မင်းသား ရှမ့်လန်... ဒါက ရှင်ပြောတဲ့ ကြီးမားတဲ့ ပျက်သုဉ်းခြင်းလား။ ဒါက ငလျင်အသေးစားလေး တစ်ခုပဲ။ အမေဇုန် ဘုရင်မနိုင်ငံတော်ကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ဘူး။ ပြာဖြစ်သွားတာတို့၊ ကျွန်းကြီး ရေအောက် ရောက်သွားတာတို့ မဖြစ်ခဲ့ဘူး။ ရှင့်အတွက် စိတ်မကောင်းပါဘူး။”

ဤအချိန်မှာတော့ နေမင်းက အလုံးစုံ မဝင်သေးသော်လည်း ပုရောဟိတ်မကြီးက ဆက်လက် စောင့်စားလိုစိတ် မရှိတော့ချေ။ ပုရောဟိတ်မကြီးက အော်ဟစ်လိုက်၏။ “အခုတော့ ဘာမှ သံသယ ဖြစ်စရာ မရှိတော့ဘူး။ ဒီပြင်ပက လူကို ကွပ်မျက်ရမယ့် အချိန်ရောက်ပြီ။ မီးရှို့ကြ။”

အပိုင်း (၈၂၄)

ပုရောဟိတ်မကြီး၏ အမိန့်အရ သူမ၏ဘေးရှိ ပုရောဟိတ်တစ်ဦးက မီးတုတ်ကို ထွန်းညှိလိုက်၏။ ပုရောဟိတ်မကြီး ထံ ကမ်းပေး၏။

“မီးရှို့လိုက်ကြတော့။ ဒီ ပြင်ပလူကို အမေဇုန် ဥပဒေအရ မီးရှို့သတ်ကြ။ မဟုတ်ရင် ဘိုးဘေးတွေ အမျက်ထွက်လိမ့်မယ်။ ဘိုးဘေးတွေရဲ့ သွန်သင်ချက်အရ ပြင်ပလူကို မီးရှို့ကြ။ ကျိန်စာသင့်နေတဲ့ လူကို မီးရှို့ကြ။”

ပုရောဟိတ်မကြီးက အော်ဟစ်လျက်ရှိပြီး မီးတုတ်ကို ကိုင်ကာ ရှမ့်လန်ထံသို့ လျှောက်လှမ်းလာသည်။

ထိုအချိန်မှာတော့ ရှမ့်လန်က မျက်လုံးကို ဖွင့်ပြီး ဖြည်းညင်းစွာ ပြော၏။ “ကြီးမားတဲ့ ပျက်သုဉ်းခြင်း က စနေပြီ။ ကျုပ်ပြောတာက မြင့်မြတ်မှန်ကန်တဲ့ အရာတစ်ခုပဲ။ ကျုပ် တစ်ယောက်တည်းက ခင်ဗျားတို့ နိုင်ငံကို ကယ်တင်နိုင်မှာ။ ကြည့်လိုက်။ ခင်ဗျားတို့နိုင်ငံရဲ့ ကြီးမားတဲ့ ပျက်သုဉ်းခြင်းက စတင်နေပြီ။ နိုင်ငံတော် တစ်ခုလုံး ပြာဖြစ်သွားလိမ့်မယ်။ ပြီးတော့ အမေဇုန်ကျွန်းကြီးတစ်ခုလုံး လုံးဝ အရည်ပျော်သွားလိမ့်မယ်။”

ရှမ့်လန်၏အသံက တိုးညင်းသော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် အဟန့်အတား တားဆီးမှု အင်အားများ ပါဝင်နေသည်။

တစ်ချိန်တည်းမှာပဲ ပိရမစ်၏ထိပ်တွင် ရပ်နေသည့် ဘုရင်မအီဒါက မြင်လိုက်၏။ ဤပိရမစ်ကြီးက မီတာ ၂၀၀ ကျော် မြင့်မားသောကြောင့် သူမက အရာအားလုံးကို မြင်တွေ့နေရ၏။

အမေဇုန်နိုင်ငံ၏ တောင်မြောက်ဘက်တွင် တခြားသော ပိရမစ် ၅ ခု ရှိသော်လည်း ဤတစ်ခုထက် ပို၍ သေးငယ်၏။ ပိရမစ် ၅ ခုက အမေဇုန် ဘုရင်မနိုင်ငံတော်၏ မြို့ငယ် ၅ ခုပင်။

“ဝုန်း... ဝုန်း...”

မြေလောကကြီး တစ်ခုလုံး တုန်ဟီးနေသည့် ပေါက်ကွဲမှုကြီး တစ်ခု။ မြောက်ဘက်ဆုံးမှ ပထမဦးဆုံး ပိရမစ်က ပြာအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအရာက မြို့ငယ်လေးတစ်မြို့ ဖြစ်ပြီး ပိရမစ်က မီတာ ထောင်နှင့်ချီ ရှည်လျား၏။ တောင်ငယ်လေးတစ်ခု ကဲ့သို့ဖြစ်သည်။

ရုတ်တရက် ပေါက်ကွဲမှု ဖြစ်သွားပြီး တုန်လှုပ်ဖွယ်ရာ မီးလျှံများ ထွက်ပေါ်လာ၏။ မှိုပွင့်သဏ္ဍာန် မီးလျှံများက ကောင်းကင်ယံသို့ ထိုးတက်၏။ ဤမြင်ကွင်းက နျူကလီးယားဗုံး ပေါက်ကွဲသည်နှင့် တူ၏။ အဆုံးမရှိသည့် မီးလျှံများက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရူးသွပ်စွာ ဝါးမြိုသွား၏။ သစ်ပင်များ၊ သတ္တဝါများ အားလုံးက ချက်ချင်းပဲ မီးသွေးခဲများ ဖြစ်၏။ ကျောက်တုံးများကပင်လျှင် ခဏချင်း အရည်ပျော်သွား၏။

ပြီးနောက် “ဝုန်း... ဝုန်း...”

ဒုတိယမြောက် ပိရမစ်ငယ်လေးက ပြင်းထန်စွာ ပေါက်ကွဲသွား၏။ မီတာ ၁၀၀ ကျော် ရှည်လျားသည့် ပိရမစ်နှင့် မြို့ငယ်လေးတို့က ချက်ချင်းပဲ အစိတ်စိတ် အမွှာမွှာ ပျက်စီးသွား၏။ ဧရာမ မီးလျှံကြီးက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရူးသွပ်စွာ ဝါးမျိုပြီး အရည်ပျော်သွားစေသည်။

ဤအခိုက်အတန့်မှာ ထွက်ပေါ်လာခဲ့သည့် အလင်းတန်းများက ကောင်းကင်မှ နေမင်းကိုပင် ကျော်လွန် သွားသကဲ့သို့ ရှိ၏။ အလင်းတန်းများက ချက်ချင်းပဲ ကောင်းကင်ယံပေါ်တွင်ရှိနေသည့် နေလုံးကိုပင် ဖုံးလွှမ်းသွား၏။ မီတာဒါဇင်နှင့်ချီ အချင်းဝက် တည်ရှိနေသည့် အရာအားလုံးက မီးခိုးငွေ့များ၊ အခိုးအငွေ့များ အဖြစ် ပြောင်းလဲသွား၏။

အမေဇုန်ဘုရင်မနိုင်ငံ၏ တရားဝင်ပျက်သုဉ်းခြင်းက စတင်ခဲ့ပြီ ဖြစ်၏။ လောကကြီး၏ အဆုံးသတ်က ရောက်ရှိလာခဲ့၏။ ရှမ့်လန် ပြောသည်က မှန်၏။ သူ၏ ရှေ့တွင် ရှိနေသည့် မြင်ကွင်းက နတ်ဘုရားတစ်ပါး ကိုယ်တိုင် ဖန်တီးထားခဲ့သည့် ကံကြမ္မာ၏ အလှည့်အပြောင်း ပျက်သုဉ်းခြင်းမျိုးပင် ဖြစ်လို့နေသည်။

ထိုအခိုက်အတန့်တွင် ဘုရင်မ အီဒါ ခံစားနေရသော ခံစားချက်တို့ကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်တော့ချေ။ မြေကမ္ဘာကို တုန်ဟီးသွားစေသော ပေါက်ကွဲမှုကြီးက အဝေးတစ်နေရာ၌ ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ သူမ၏နှလုံးသားအတွင်း၌ တိုက်ရိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ထိုပေါက်ကွဲမှုသည် သူမ၏ ဦးနှောက်ကို တစ်ခဏချင်းအတွင်း လောင်မြိုက်စေကာ မင်သက်မိန်းမောသွားစေခဲ့၏။

အမေဇုန်တို့၏ ဘုရင်မတစ်ပါးအနေဖြင့် သူမက အရာရာကို အလွန်အမင်း တွေးတောနေရန် မလိုပေ။ သူမအတွက် အင်အားကြီးမားနေရန်သာ လိုအပ်ပြီး ထိုမှတစ်ဆင့် ယုံကြည်မှုတို့ ဖြစ်ပေါ်လာရမည်။ သူမသည် မိမိ၏အပေါင်းအဖော်များကို ယုံကြည်ရမည်။ နတ်ဘုရားများကို ယုံကြည်ရမည်ဖြစ်ပြီး ဤမြေပြင် ကိုလည်း ယုံကြည်ရမည်။ သူမသည် မိမိ၏တာဝန်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားရမှာဖြစ်သလို ဤမြေသည် သန့်စင်မွန်မြတ်ပြီး နတ်ဘုရားများ၏ စောင့်ရှောက်မှုကို ခံရသည်ဟုလည်း ယုံကြည်ထားရမည်။

လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက ဤတိုင်းပြည်တွင် မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သလို နောင်လာမည့် နှစ်ပေါင်းထောင်ချီတွင်လည်း မည်သည့်အရာမှ ဖြစ်ပျက်လိမ့်မည် မဟုတ်ပေ။ ဘုရင်မတစ်ပါးအနေဖြင့် သူမ၏ တစ်ခုတည်းသော တာဝန်မှာ ပိုမိုအင်အားကြီးမားလာရန်နှင့် ဤပိရမစ်ကြီးကို ဆက်လက်ကာကွယ် စောင့်ရှောက်ရန်၊ အင်အားကြီးမားသော မျိုးရိုးသွေးကို လက်ဆင့်ကမ်းသွားရန်သာ ရှိသည်။

ယခုအချိန်မှာတော့ သူမ ကာကွယ်စောင့်ရှောက်နေသော တိုင်းပြည်မှာ ပျက်စီးတော့မည် ဖြစ်သည်။ ကမ္ဘာကြီး ပျက်စီးတော့မည့်အလား၊ နောက်ဆုံးနေ့ ရောက်ရှိလာတော့မည့်အလားပင်။ သူမအတွက်တော့ အရာအားလုံးက တကယ့် အစစ်အမှန် မဟုတ်သလို ခံစားနေရ၏။ အမေဇုန်ကျွန်းစုများသည် သူမအတွက် တစ်လောကလုံးပင် ဖြစ်သည်။ ထိုတုန်လှုပ်ချောက်ချားမှုကြောင့် သူမသည် တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သွားခဲ့၏။

“ဘုန်း... ဘုန်း... ဘုန်း...”

အလွန်အလှမ်းဝေးကွာသော်လည်း ပြင်းထန်သော တုန်ခါလှိုင်းမှုလိုင်းများက ပြင်းထန်စွာဖြင့် ရိုက်ခတ် လာခဲ့သည်။ ကြမ်းတမ်းသော မုန်တိုင်းတစ်ခုထဲ ရေက်သလိုပင် ရေတွက်၍မရနိုင်သော သစ်ပင်တို့က ကျိုးပဲ့ကာ အမြစ်မှ ကျွတ်ထွက် ကုန်ကြသည်။

“ဝှစ်...”

ပူပြင်းလွန်းလှသော တုန်ခါလှိုင်းတစ်ခုက အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ဘုရင်မ၏ မျက်နှာကို လာရောက် ထိတွေ့သည်။ သူမ၏ ချွေးပေါက်များထဲအထိ လောင်မြိုက်သွားသော ခံစားချက်ကို ရရှိလိုက်မိ၏။

“ဝူး... ဝူး... ဝူး...”

ဧရာမပိရမစ်ကြီးဆီမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ အကယ်၍ ဤအဆောက်အအုံသည် သာမန်အိမ်တစ်လုံးသာ ဖြစ်ပါက ပြိုလဲသွားလောက်ပြီ ဖြစ်သော်လည်း ဤပိရမစ် မြို့တော်က အလွန်တရာ ခိုင်ခံ့လွန်းသောကြောင့် တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။

တုန်ခါလှိုင်းများ ရပ်တန့်သွားပြီးနောက် ဘုရင်မ အီဒါက အသိစိတ် ပြန်ဝင်လာသည်။ သူမက အလိုလိုနေရင်း ရှမ့်လန်အား လှမ်းကြည့်လိုက်မိသည်။ ဤလူသားသည် ဤမျှပင် အံ့ဩစရာ ကောင်းသည်လား။ ကြီးမားသော ပျက်သုဉ်းခြင်း အခိုက်အတန့်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်မှာ အမှန်တကယ်ပင် စိတ်ကူး၍ မရနိုင်သော အရာ ဖြစ်သည်။

.....................

ရင်ပြင်ရှိ လူစုလူဝေးမှာ အလွန်နိမ့်သောနေရာတွင် ရှိနေသောကြောင့် အဝေးမှ ပေါက်ကွဲမှုကို မမြင်နိုင်ကြပေ။ ယဇ်ပုရောဟိတ်မကြီးက မီးရှူးတိုင်ကို မြောက်ကာ ရှမ့်လန်ရှိရာသို့ ဆက်လက်လျှောက်လှမ်းလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အမေဇုန် သက်တော်ရှည်ပါစေ၊ ကျိန်စာသင့်သူကို မီးရှို့သတ်ကြ။”

ထိုအခိုက်အတန့်မှာတော့ အဝေးတစ်နေရာမှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

“ဘုန်း...”

မြေကမ္ဘာကို တုန်ဟီးစေသော ပေါက်ကွဲသံကြီးသည် အဝေးမှပင် နားကွဲလုမတတ် ကျယ်လောင်သည်။ ထို့နောက် မီးတောက်များက ကောင်းကင်ယံသို့ ပျံတက်သွားပြီး မီတာတစ်ထောင်ကျော်အထိ ရောက်ရှိသွား၏။

ရှမ့်လန်က ကရုဏာသက်သော လေသံဖြင့် ဆိုလိုက်သည်။ “ကြီးမားတဲ့ ပျက်သုဉ်းခြင်းက လာနေပြီ။ ကျုပ်က ခင်ဗျားတို့ကို ကယ်တင်ဖို့ ရောက်လာတာ။”

လူတိုင်းက ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့ ယခုမြင်တွေ့လိုက်ရသည်ကို မယုံကြည်နိုင်ကြပေ။ သူတို့၏အမြင်တွင်မူ ထိုတုန်လှုပ်ဖွယ်ရာ မီးလျှံကြီးက ရှမ့်လန်၏ ဦးခေါင်းထိပ်မှ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တိုက်ရိုက် တိုးဝင်သွားသကဲ့သို့ပင်။

ကြီးမားသော ပျက်သုဉ်းခြင်းက အမှန်တကယ် ရောက်ရှိလာပြီဖြစ်သည်။ နတ်ဘုရား စောင့်ရှောက်ထားသော၊ မည်သည့်အခါမျှ ပြိုလဲလိမ့်မည် မဟုတ်သော ဤလူမျိုးစုမှာ အမှန်တကယ် ပျက်စီးတော့မည်လား။

ရှမ့်လန်က အမှန်တကယ် မှန်ကန်နေခဲ့သည်။ သူက ကြီးမားသော ပျက်သုဉ်းခြင်း ရောက်ရှိလာမည်ကို နတ်ဘုရား တစ်ပါးကဲ့သို့ ခန့်မှန်းနိုင်ခဲ့သည်။ ထိုအခိုက်အတန့်တွင် အမေဇုန်နိုင်ငံ၏ ယဇ်ပုရောဟိတ်မကြီး၏ မျက်နှာထားက လုံးဝ ပြောင်းလဲသွားသည်။ ပြီးနောက် လူတိုင်း၏ အံ့ဩမင်သက်နေသော အကြည့်များ အောက်မှာပဲ သူမက လက်ထဲရှိ မီးရှူးတိုင်ကို ရှမ့်လန်၏ အောက်ရှိ ထင်းပုံဆီသို့ ရုတ်တရက် ပစ်ပေါက်လိုက် တော့သည်။

“ဝုန်း.. ဝုန်း.. ဝုန်း…”

မီးတောက်များက ချက်ချင်း ဟုန်းဟုန်းတောက် လောင်မြိုက်သွားပြီး ရှမ့်လန်၏ ခမ်းနားထည်ဝါသော ဝတ်စုံကို ခဏချင်းအတွင်း ဝါးမျိုသွားတော့သည်။ ရှမ့်လန်မှာ နောက်တစ်ကြိမ် မီးတောက်များအတွင်း နစ်မြုပ်သွား၏။ “သောက်ကျိုးနည်း..”

ရှမ့်လန်က မှင်သက်သွားသလို လူတိုင်းလည်း မှင်သက်ကုန်ကြ၏။ တစ်ခဏမျှ တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။ အဘယ်ကြောင့်နည်း။ ရှမ့်လန် မှန်ကန်နေခဲ့သည် မဟုတ်လော။ သူက ကြီးမားသော ပျက်သုဉ်းခြင်းကို နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်မှန်းနိုင်ခဲ့သည်။ သို့ပေမည့် အဘယ်ကြောင့် မီးရှို့သတ်ခြင်း ခံရသနည်း။

ယဇ်ပုရောဟိတ်မကြီးက ရှမ့်လန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ “ဒီမိန်းမလျာက နိမိတ် မကောင်းတဲ့သူပဲ။ သူက ကျိန်စာသင့်နေတဲ့သူ။ အမေဇုန်နိုင်ငံတော် ရင်ဆိုင်နေရတဲ့ ဒီဘေးဒုက္ခတွေက သူ့ရဲ့ ကျိန်စာကြောင့်ပဲ။ သူ့ကို မီးရှို့သတ်ပစ်ကြ။”

ကြောက်မက်ဖွယ်ရာမီးလျှံများက ရှမ့်လန်၏ တစ်ကိုယ်လုံးကို တစ်ခဏချင်းအတွင်း ဝါးမျိုသွားတော့၏။

“သူ့ကို မီးရှို့သတ်၊ သူ့ကို မီးရှို့သတ်။” ယဇ်ပုရောဟိတ်ကြီးက ရူးသွပ်စွာ အော်ဟစ်နေသည်။

ရောက်ရှိနေသူ အားလုံးမှာ တုန်လှုပ်ချောက်ချားသွားကြ၏။

ပိရမစ်ထိပ်တွင် ရှိနေသော ဘုရင်မ အီဒါက ဤသည်ကို မြင်ချိန်မှာတော့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မလုပ်နဲ့။”

မင်းသမီး ဒိုဟာကလည်း ရုတ်တရက် သတိဝင်လာသည်။ သူမ၏ တစ်ကိုယ်လုံးက အမြောက်ဆန်တစ်ခုကဲ့သို့ ရှမ့်လန်ရှိရာသို့ ပြေးဝင်သွား၏။

“ဘုန်း...” သူမ၏အင်အားက အလွန်တရာ အံ့အားသင့်ဖွယ်ရာကောင်းသည်။ သူမက ရှမ့်လန်နှင့် ဧရာမ လက်ဝါးကပ်တိုင်ကြီးကို ထင်းပုံများ လောင်ကျွမ်းနေသော မီးပင်လယ်နှင့် ဝေးရာ ဆယ်မီတာကျော်အကွာသို့ တိုက်ရိုက် သယ်ဆောင်သွားခဲ့သည်။

ရှမ့်လန်၏ခန္ဓာကိုယ်က မီးလျှံများ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ မင်းသမီးဒိုဟာ၏ သားရေချပ်ဝတ် တန်ဆာပင်လျှင် မီးစွဲခဲ့သည်။ သူမက ဘာစကားမျှ မဆိုဘဲ လောင်ကျွမ်းနေသော ရှမ့်လန်ကို ပွေ့ချီလျက် ရေချိုးကန်ကြီးဆီသို့ ပြေးသွား၏။ “ကျေးဇူးပြုပြီး မသေပါနဲ့အုံး။ ရှမ့်လန်... ကျေးဇူးပြုပြီး မသေပါနဲ့အုံး။”

ထိုအခိုက်အတန့်မှာတော့ ဘုရင်မအီဒါသည် ပိရမစ်ထိပ်မှ တိုက်ရိုက် ခုန်ချလိုက်သည်။ သူမက တစ်ချက်တည်းဖြင့် အမြင့်မီတာ နှစ်ဆယ်၊ သုံးဆယ်ခန့်ကို ခုန်ဆင်းသွားသည်။

ယဇ်ပုရောဟိတ်မကြီးက မင်းသမီးဒိုဟာနှင့် ရှမ့်လန်ရှိရာသို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ “အပြင်လူကို သတ်ကြ။ ကျိန်စာသင့်သူကို သတ်ကြ။”

ထို့နောက် သူမက ဘုရားကျောင်းစစ်သည်ရာပေါင်းများစွာကို ဦးဆောင်ပြီး ရှမ့်လန်နောက်သို့ လိုက်လံ တိုက်ခိုက်တော့သည်။

ဘုရင်မအီဒါက လေထဲမှ အော်ဟစ်လိုက်၏။ “သူ့ကို တားကြ။”

ချက်ချင်းပဲ သောင်းနှင့်ချီသော အမျိုးသမီးစစ်သည်တော်များက ယဇ်ပုရောဟိတ်မကြီး၏ ဘုရားကျောင်း စစ်သည်များကို တားဆီးရန် ပြေးထွက်သွားကြသည်။

ထိုအခိုက်အတန့်မှာတော့ “ဘုန်း... ဘုန်း... ဘုန်း...”

ပြင်းထန်သော တုန်ခါမှုလှိုင်းများက ပိရမစ်၏ခံစစ်အလွှာများကို ဖောက်ထွက်ပြီး ပွက်ပွက်ဆူနေသော ဟာရီကိန်းမုန်တိုင်းကဲ့သို့ ရိုက်ခတ်လာသည်။ အလွန်ဝေးကွာသော်လည်း ထိုတုန်ခါလှိုင်းများက အဆင့် ၁၀ ရှိသော ဟာရီကိန်းမုန်တိုင်းကဲ့သို့ပင် ပြင်းထန်၏။ မြေပြင်ပေါ်ရှိ ကျောက်တုံးများနှင့် သစ်သားများမှာ ကောင်းကင်ယံ သို့ လွင့်စင်သွားကြသည်။

ထိုအချိန်တွင် ရင်ပြင်၌ လူပေါင်းသောင်းနှင့်ချီ၍ ရှိနေသည်။ သူတို့မှာ တစ်ခဏချင်းအတွင်း ဟာရီကိန်းမုန်တိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရ၏။

“တစ်ယောက်နှင့် တစ်ယောက် တွဲထားကြ။”

လူပေါင်းသောင်းနှင့်ချီတို့သည် ရုတ်တရက် ခါးကိုကိုင်းကာဖြင့် တစ်ဦးနှင့်တစ်ဦး လက်မောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။ သူတို့သည် တစ်လက်မမျှပင် မရွေ့လျားဘဲ ကြောက်မက်ဖွယ်ရာ တုန်ခါလှိုင်းကို ကြံ့ကြံ့ခံလိုက်ကြ၏။

အကယ်၍ အခြားသူများသာ ဖြစ်ပါက စွန်တစ်ကောင်ကဲ့သို့ အဝေးသို့ လွင့်စင်သွားလောက်ပြီ ဖြစ်သည်။ ထို့အပြင် ပွက်ပွက်ဆူနေသော ထိုဟာရီကိန်းမုန်တိုင်းမှာ သူတို့၏ အဆုတ်များကို လောင်မြိုက်စေသကဲ့သို့ ခံစားရသောကြောင့် အသက်ရှူရန်ပင် မဖြစ်နိုင်တော့ချေ။

ဘုရင်မအီဒါက မီတာနှစ်ရာ့ရှစ်ဆယ် မြင့်သော ပိရမစ်ထိပ်မှ ခုန်ချလိုက်ခြင်း ဖြစ်သည်။ သို့ပေမည့် သူမ ခုန်ချနေစဉ် လမ်းခုလတ် လေထဲ မီတာတစ်ရာ့ငါးဆယ်ခန့် အရောက်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ပင်လယ်ပြင်ထက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထိုမြင်ကွင်းက သူမ၏တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များကို ထောင်ထသွားစေခဲ့သည်။

ဖြူဖွေးသော လှေငယ်တစ်စင်းက မြောက်ဘက်မှ အမေဇုန်နိုင်ငံတော်ရှိရာသို့ မျောပါလာနေ၏။ ၎င်းဖြတ်သန်း သွားရာ နေရာတိုင်းတွင် ကောင်းကင်ယံမှ နှင်းများ ကျဆင်းလာခဲ့သည်။ ဤသည်က သူမ အကြိမ်ကြိမ် ကြားဖူးခဲ့သော ဒဏ္ဍာရီများကို ပြန်လည်အမှတ်ရစေ၏။

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ဒိုင်ယာအင်ပါယာအနီးတွင် ဤလှေငယ် ပေါ်လာခဲ့သည်။ မကြာမီမှာပင် အင်အားကြီးမားသော ဒိုင်ယာအင်ပါယာကြီးမှာ ပျက်စီးသွားခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ် က အရှေ့ဘက်ရှိ မိချီအင်ပါယာအနီးတွင် ပေါ်လာခဲ့သည်။ မကြာမီမှာပဲ မိချီအင်ပါယာ ပျက်စီးသွားခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ခန့်က အာဇစ်အင်ပါယာအနီးတွင် မျောပါနေခဲ့ပြန်သည်။ အာဇစ်အင်ပါယာ လည်း ပျက်စီးသွားခဲ့ရပြန်၏။ ကျောက်စိမ်းဖြူမြို့၏ နှင်းလှေငယ်က သေမင်းတမန်ကဲ့သို့ပင်။ ၎င်းမျောပါရာ နေရာတိုင်းတွင် တိုင်းပြည်များမှာ ပျက်စီးကြရသည်။ ယခု အမေဇုန်နိုင်ငံတော်၏ အလှည့် ရောက်လာပြီလား။

ထိုအခိုက်အတန့်မှာတော့ အရှေ့ဘက်မှ လှေတစ်စင်း မျောပါလာသည်။ ၎င်းပေါ်တွင် လူတစ်ဦး ရပ်နေ၏။ သူသည် ပင်လယ်ပြင်ရှိ ခံစစ်တံတိုင်း အလွှာလွှာကို မည်သို့ ဖြတ်ကျော်လာသနည်း။ လမ်းတစ်လျှောက်ရှိ အမေဇုန် စစ်သည်တော်များ၏ ကင်းစခန်းများကို မည်သို့ ရှောင်ကွင်းလာသနည်း။

ဘုရင်မအီဒါက အမိန့်ပေးလိုက်သည်။ “မင်းသမီး ဒိုဟာကို ကာကွယ်ကြ။ ရှမ့်လန်ကို ကာကွယ်ကြ။”

ထို့နောက် ထောင်နှင့်ချီသော အမေဇုန်အမျိုးသမီးစစ်သည်များက ခံစစ်ပြင်ဆင်ရန် ရေချိုးကန်ကြီးရှိရာသို့ ပြေးသွားကြတော့၏။

အရှေ့ဘက်မှ လှေမှာ ဝေးကွာနေဆဲ ဖြစ်သော်လည်း အလွန်မြန်သော အရှိန်ဖြင့် ခုတ်မောင်းလာခဲ့သည်။ ၎င်းမှာ အမေဇုန်ကျွန်းနှင့် တဖြည်းဖြည်း နီးကပ်လာ၏။ ဆံပင်ဖြူဖြူနှင့် အမျိုးသားတစ်ဦးသည် လှေဦးတွင် ရပ်နေသည်။ သူက အရပ်ရှည်ပြီး ကိုယ်ဟန်လည်း မတ်၏။

ထိုသူသည် အနောက်တိုင်းသားတစ်ဦး ဖြစ်သော်လည်း အရှေ့တိုင်းဝတ်စုံကို ဝတ်ဆင်ထား၏။ အသက်မငယ်တော့သော်လည်း ခန့်ညားပြီး ရသေ့ရဟန်းတို့ကဲ့သို့ အေးချမ်းတည်ငြိမ်သော အသွင်ရှိသည်။

“ဝှစ်.. ဝှစ်... ဝှစ်”

ဆယ်ဂဏန်းရှိသော အမေဇုန်အမျိုးသမီးစစ်သည်များက ပင်လယ်ထဲမှပြေးထွက်လာပြီး ဆံပင်ဖြူနှင့် အမျိုးသားရှိရာသို့ စီးနင်းတိုက်ခိုက်ကြသည်။ ထိုအမျိုးသားက သူ၏ဝတ်ရုံလက်စကို အသာအယာ ခါလိုက်တော့ အမေဇုန်အမျိုးသမီးစစ်သည်များက လွင့်စင်သွားသည်။ သူသည် အလွန်တရာ အင်အား ကြီးမား၏။

“ဘုရင်မအီဒါ... နေကောင်းရဲ့လား။”

ဘုရင်မအီဒါသည် မီတာ ၁၅၀ ခန့် မြင့်သော ပိရမစ်အလယ်တွင် ရပ်နေသည်။ သူမက အဝေးမှ သက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။

ဘုရင်မအီဒါက မေးလိုက်၏။ “လူကြီးမင်းက ဘယ်သူလဲ။”

ဆံပင်ဖြူနှင့် အမျိုးသားက ဖြေလိုက်သည်။ “အဒေါ့ဖ်”

ဘုရင်မအီဒါက မေးပြန်၏။ “ဘာအတွက် လာတာလဲ။”

အဒေါ့ဖ်က ဆိုလိုက်သည်။ “အမေဇုန်နိုင်ငံတော်ကို ကယ်တင်ဖို့။”

All Chapters