အခန်း (၈၂၅-၈၂၆)
Vol. 51 Ch. 825-826
အပိုင်း (၈၂၅)
သူတို့နှစ်ဦးက မီတာထောင်နှင့်ချီ၍ ဝေးကွာသော်လည်း စကားပြောဆိုနိုင်ကြသည်။ သူတို့၏ ကိုယ်ခံပညာမှာ အလွန်တရာ မြင့်မားလှသည်။ ဘုရင်မအီဒါက သူ့ကို ကြည့်လိုက်သည်။ အမေဇုန်မျိုးနွယ်စုကို ကယ်တင်မည်ဟု ဆိုလာသူ နောက်တစ်ယောက်လား။ မည်သူနည်း။ ထိုသူသည် ကျောက်စိမ်းဖြူမြို့ ၏ နှင်းလှေနှင့်အတူ ပေါ်လာခြင်းဖြစ်သည်။ ဤသည်မှာ ဘာကို ဆိုလိုသနည်း။
“ဘုန်း... ဘုန်း... ဘုန်း...”
မြောက်ဘက်မှ မြေကမ္ဘာတုန်ဟိန်းစေသော နောက်ထပ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။ နောက်ထပ် ပိရမစ်မြို့ငယ်တစ်ခု ပေါက်ကွဲသွားပြန်၏။ နေဝင်သွားပြီ ဖြစ်သည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အလင်းရောင်က နောက်ထပ် နေမင်းတစ်စင်းကဲ့သို့ပင် ကောင်းကင်တစ်ခုလုံးကို လင်းထိန် သွားစေ၏။
အဒေါ့ဖ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။ “ဘုရင်မ အီဒါ... မင်းရဲ့ နိုင်ငံတော်က ပျက်စီးတော့မယ်။ ဒူးထောက်ပြီး ငါ့ကို သစ္စာခံလိုက်စမ်း။ မင်းတို့ မျိုးနွယ်စု တစ်ခုလုံးကို ငါ ကယ်တင်ပေးမယ်။”
ဘုရင်မအီဒါ၏ မျက်နှာထားက အေးစက်သွား၏။ “အမေဇုန်မျိုးနွယ်စုတစ်ခုလုံးက အညံ့ခံမယ့်အစား အသေခံတာကို ရွေးလိမ့်မယ်။”
ထို့နောက် သူမက သူမ၏ ဧရာမဓားကြီးကို ဆွဲထုတ်ပြီး မီတာ ၁၀၀ ကျော် အမြင့်မှ ခုန်ချလိုက်သည်။ သူမသည် အရှေ့ဘက်ပင်လယ်ပြင်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ ဤသည်မှာ သူမ၏ တိုက်ပွဲဝင် စိတ်ဓာတ်ပင် ဖြစ်သည်။ အကယ်၍ အခြားသော ဘုရင်မတစ်ပါးသာ ဖြစ်ပါက တိုက်ခိုက်ဖို့ကို အရင်တွေးမည့်အစား အမေဇုန်နိုင်ငံတော်ကို ကယ်တင်ရန် အရင်ဆုံးတွေးပေလိမ့်မည်။
ဘုရင်မအီဒါက အရှေ့ဘက် ပင်လယ်ပြင်ဆီသို့ တဟုန်ထိုး ပြေးသွား၏။ တစ်ချိန်တည်းမှာပဲ အမေဇုန် အမျိုးသမီး စစ်သည်တော် ကျွမ်းကျင်သူများကလည်း ငှက်များကဲ့သို့ တစ်ဦးပြီးတစ်ဦး ခုန်ထွက်လာကြပြီး ဘုရင်မနောက်မှ လိုက်လံတိုက်ခိုက်ကြသည်။ ပင်လယ်ပြင်ထက်တွင် လူပေါင်းရာနှင့်ထောင်နှင့်ချီ၍ အဒေါ့ဖ်နောက်သို့ လိုက်လံတိုက်ခိုက်ကြ၏။
“ဟား... ဟား... ဟား...”
ခန့်ညားတည်ငြိမ်သော အဒေါ့ဖ်က ရယ်မောကာ ပြောလိုက်သည်။ “အရှင်မ... မင်းနဲ့ မင်းရဲ့လူတွေ လမ်းစပျောက်တဲ့အချိန် ကျောက်ဆောင်ခါးကျွန်းမှာ ငါ့ကို လာရှာဖို့ မမေ့နဲ့။ တစ်လောကလုံးမှာ အမေဇုန်မျိုးနွယ် ကို ကယ်တင်နိုင်တာ ငါတစ်ယောက်ပဲ ရှိတယ်။ အမေဇုန်ကျွန်းက ပျက်စီးတော့မယ်။ မင်းတို့မှာ အချိန်သိပ်မရှိတော့ဘူး။ လှေနဲ့ မြန်မြန် ထွက်သွားကြတော့။ ဝေးနိုင်သမျှ ဝေးဝေးကို သွားကြ။
ဒါပေမဲ့ ဒီကမ္ဘာပေါ်က ကျွန်းတိုင်းက မင်းတို့ ရှင်သန်ဖို့ မသင့်တော်ဘူး။ အမေဇုန်ကျွန်းနဲ့ ဒီဧရာမ ပိရမစ်ကြီးကနေ ထွက်သွားပြီးတာနဲ့ မင်းတို့ရဲ့သွေးမျိုးရိုးတွေ အားနည်းသွားပြီး နောက်ဆုံးမှာတော့ အားနည်းတဲ့သာမန်လူသားတွေ ဖြစ်သွားကြလိမ့်မယ်။ ဒါပေမဲ့ ငါက မင်းတို့ကို နိုင်ငံတော်သစ်တစ်ခု ပေးနိုင်တယ်။ အမေဇုန်ကျွန်းလိုမျိုး ပိရမစ်ရှိတဲ့ကျွန်းပေါ့။ အဲဒါက မင်းတို့ရဲ့ အမွေအနှစ်ကို ဆက်ပြီး ဆက်ခံနိုင်စေလိမ့်မယ်။
အမေဇုန်မျိုးနွယ်စုတစ်ခုလုံး အဖျက်ဆီးမခံချင်ရင် ကျောက်ဆောင်ခါးကျွန်းမှာ ငါ့ကို လာရှာလှည့်။ ဒူးထောက်ပြီး ငါ့ကို သစ္စာခံကြ။ ငါ့နာမည်က အဒေါ့ဖ်ပဲ။” သူ၏အသံက မကျယ်လောင်သော်လည်း ပင်လယ်ပြင်တစ်ခုလုံး၌ ဟိန်းထွက်နေသည်။
ဘုရင်မအီဒါ၏ ခန္ဓာကိုယ်က လေးညှို့မှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ပင်။ သူမက တစ်စက္ကန့်လျှင် မီတာ ၃၀ မှ ၅၀ အထိ အံ့ဩဖွယ်ကောင်းသော အရှိန်ဖြင့် အဒေါ့ဖ်ရှိရာသို့ ပြေးဝင်သည်။ သူမနောက်မှ စစ်သည်တော် ထောင်ပေါင်းများစွာမှာလည်း ပင်လယ်ငှက်များကဲ့သို့ပင် သူမနောက်မှ ရူးသွပ်စွာ လိုက်ပါလာကြ၏။ သူတို့က လှိုင်းလုံးများပေါ်တွင် အမှန်တကယ် လမ်းလျှောက်နေကြခြင်း ဖြစ်သည်။ သူတို့က ငါးများထက်ပင် ပိုမို၍မြန်ဆန်နေ၏။
ဘုရင်မအီဒါသည် တစ်ခဏချင်း သင်္ဘောဦးဆီသို့ ရောက်ရှိသွားပြီး လက်ထဲမှ ဧရာမဓားကြီးဖြင့် ခုတ်ချလိုက်သည်။
“ဒုန်း.. ”
တစ်ခဏချင်းမှာပဲ သင်္ဘောက နှစ်ခြမ်းကွဲသွားသည်။ ထို့နောက် ဘုရင်မအီဒါက လှေငယ်ကို မကာ အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဆွဲဖြဲပစ်လိုက်သည်။ ဤသိုင်းပညာက အမှန်တကယ်ပင် ကောင်းကင်ကို ဖျက်ဆီးနိုင်လောက်သည့် အလှတရားနှင့် ကြမ်းတမ်းမှုတို့ ပေါင်းစပ်ထားခြင်းပင်။ သို့ပေမည့် သင်္ဘောပေါ်မှ အဒေါ့ဖ်မှာတော့ မျက်လှည့်ပြလိုက်သည့်အလား အစအနမကျန် ပျောက်ကွယ်သွား၏။
“ဝှစ် ဝှစ် ဝှစ်...”
ရာနှင့်ချီသော အမေဇုန်အမျိုးသမီးစစ်သည်များက ပင်လယ်အောက်ခြေသို့ ငုပ်လျှိုးပြီး နေရာအနှံ့ ရှာဖွေကြသော်လည်း မည်သည့်အစအနမှ မတွေ့ရပေ။
အဒေါ့ဖ်ဟု အမည်တွင်သော ထိုပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် ခန့်မှန်းရခက်လှသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ကတင် လှေဦးတွင် ရပ်နေသည်မှာ ထင်ရှား၏။ သို့ပေမည့် ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။ သို့မဟုတ် အစောတည်းက ထိုနေရာ၌ လုံးဝ မရှိခဲ့ခြင်းလား။
ဘုရင်မအီဒါက မြောက်ဘက် ပင်လယ်ပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ အဖြူရောင်လှေငယ်က တောင်ဘက်သို့ မျောပါနေဆဲ ဖြစ်၏။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် နှင်းပွင့်များ ကျဆင်းနေဆဲပင်။ ထိုအရာက အလွန်တရာ ဆန်းကြယ်ပြီး ထူးဆန်းလှသည်။
“ဘုန်း...”
ရုတ်တရက် လှေက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ ထိုအရာက အဖြူရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား၏။ ကောင်းကင်ယံမှ နှင်းပွင့်များ ကျဆင်းလာသည်။ အလွန် လှပ၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
မြေကမ္ဘာတုန်ဟိန်းစေသော နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။ မှိုပွင့်ပုံစံ မီးလျှံများက ကောင်းကင်ယံသို့ နောက်တစ်ကြိမ် တိုးဝင်သွားပြန်သည်။ စတုတ္ထမြောက် ပိရမစ်ငယ်က ပေါက်ကွဲသွားခဲ့သည်။ ဆယ်မိုင်ပတ်လည်အတွင်းရှိ အရာအားလုံးက ပြာနှင့် မီးခိုးများအဖြစ် ပြောင်းလဲသွားပြီး ဘာမှမရှိတော့ပေ။
ပြင်းထန်သော တုန်ခါလှိုင်းများက နောက်တစ်ကြိမ် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ရိုက်ခတ်လာပြန်သည်။ ကမ္ဘာပျက်တော့မည့်အလား ခံစားနေရ၏။ ဘုရင်မအီဒါ၏ နှလုံးသားထဲတွင် မကောင်းသော နိမိတ်တို့ဖြင့် ပြည့်နှက်နေသည်။ ဤတစ်ကြိမ်တွင် အင်အားကြီးမားသော အမေဇုန်နိုင်ငံတော်က ရှင်သန်နိုင်တော့မည် မဟုတ်ချေ။
သူမ၏မျက်ရည်များ မကျဆင်းလာမီမှာပဲ မျက်ရည်များက သူမ၏ မျက်ဝန်းထဲ၌ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ မြူခိုးများအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွား၏။ သူမ၏ နုနယ်သော ခန္ဓာကိုယ်က နောက်တစ်ကြိမ် အမြောက်ဆန်တစ်ခုကဲ့သို့ ပြောင်းလဲသွားပြန်သည်။ သူမက ပင်လယ်ပြင်ထက်တွင် ခုန်ပေါက်ပြီး ဧရာမပိရမစ်ကြီး ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။
အမေဇုန်တို့၏ဘုရင်မသည် ဘယ်တော့မှ ငိုကြွေးမည် မဟုတ်ပေ။ အမေဇုန်တို့သည် ဘယ်တော့မှ ငိုကြွေးမည် မဟုတ်ပေ။
.............
“ရှင် မသေဘူးလား။ မသေတဲ့အပြင် ဆံပင်တစ်ပင်တောင် မီးမလောင်ဘူးလား။ ရှင် ဒါကို ဘယ်လိုလုပ် လိုက်တာလဲ။ ရှင် မီးတောက်တွေထဲ ရောက်သွားတာ ကျွန်မတကယ် မြင်လိုက်တာ။”
ရေချိုးကန်ကြီးထဲတွင်တော့ မင်းသမီးဒိုဟာက ဒဏ်ရာအနာတရ မရှိသော ရှမ့်လန်အား အံ့ဩတကြီး ကြည့်လိုက်မိသည်။ ခုနကတင် မီးလောင်ကျွမ်းနေခဲ့သည် မဟုတ်လော။ အဘယ်ကြောင့် ယခု ဒဏ်ရာမရဘဲ ရှိနေသနည်း။
မင်းသမီး ဒိုဟာကမှု အတော်အတန် မီးလောင်ကျွမ်းသွားခဲ့၏။ သူမ၏ ငွေရောင်ဆံပင်ရှည် တစ်ဝက်ခန့်က လောင်ကျွမ်းသွားခဲ့ပြီး သူမ၏ သားရေချပ်ဝတ်တန်ဆာမှာလည်း မီးကျွမ်းခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ် တွင် အရည်ကြည်ဖုပေါင်းများစွာ ရှိနေ၏။ ဤလောကတွင် မီးလောင်မည်ကို မကြောက်သောသူ ရှိသေးသည်လား။
“ကျုပ်ကိုကြည့်ပြီး ဘာမှမဖြစ်ဘူးလို့ ထင်နေတာလား။”
ရှမ့်လန်က သူ၏ မျက်နှာနှင့် လက်မောင်းကို လက်ညှိုး ထိုးပြလိုက်သည်။ “ကြည့်စမ်း၊ ကြည့်စမ်း... အားလုံး နီမြန်းနေပြီ။ ဟိုယဇ်ပုရောဟိတ်မကြီးက တစ်ခုခုမှားနေပြီ။ သူက သူလျှိုပဲ ဖြစ်ရမယ်။ တစ်ခုခု မှားနေတာ သေချာတယ်။”
ဤတစ်ကြိမ်တွင် ရှမ့်လန်က အမှန်တကယ်ပင် မီးမလောင်ကျွမ်းခဲ့ပေ။ မီးတောက်များ စတင်လောင်ရုံသာ ရှိသေးသည်။ မင်းသမီးဒိုဟာက သူ့ဆီသို့ ပြေးဝင်ကာ ဆွဲမသွားခဲ့၏။
“ဝူး...”
လူရိပ်တစ်ခုက သူ၏ရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။ သူမ၏အရှိန်က အမှန်တကယ်ပင် အံ့ဩစရာ ကောင်း၏။ သူမသည် အမြန်ဆုံး ကျားသစ်တစ်ကောင်ထက်ပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည်။
ဘုရင်မအီဒါက မေးလိုက်၏။ “ရှင် အမေဇုန်နိုင်ငံတော်ကို ကယ်တင်နိုင်တယ်လို့ ပြောခဲ့တယ်နော်။”
ရှမ့်လန်က ဆိုလိုက်သည်။ “ကျုပ် အကောင်းဆုံး ကြိုးစားမှာပါ။ ဒါပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်းပဲ သေချာတယ်။ ပြီးတော့ ဒီဧရာမပိရမစ်ကြီးကိုပဲ ကယ်တင်နိုင်လိမ့်မယ်။”
ဘုရင်မအီဒါက ပြောလိုက်၏။ “ရှင့်ရဲ့ အခြေအနေက ဘာလဲ။ ဘာကို တောင်းဆိုမှာလဲ။”
ထိုအချိန်တွင် အကယ်၍ ရှမ့်လန်သာ ဒူးထောက်ပြီး သစ္စာခံရန်ကဲ့သို့သော အရာတစ်ခုခုကို ပြောလိုက်ပါက သူမသည် ဓားဖြင့် တိုက်ရိုက်ခုတ်သတ်မိပေမည်။ အမေဇုန်မျိုးနွယ်စုသည် အညံ့ခံမည့်အစား သေမည့်လမ်းကို ရွေးပေမည်။ အခြားသူများကို ဒူးထောက်သစ္စာခံမည့်အစား ဤဧရာမပိရမစ်ကြီး ပေါက်ကွဲသွားသည်ကိုသာ သူမ ရွေးချယ်ပေလိမ့်မည်။
ပိရမစ်ငယ်လေးလုံး ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ ပဉ္စမမြောက် ပိရမစ်ငယ် ပေါက်ကွဲပြီးပါက ဤဧရာမပိရမစ်ကြီး ၏ အလှည့် ရောက်လာမှာ သေချာသည်။ ထို့အပြင် ဤဧရာမပိရမစ်ကြီး၏ ထုထည်နှင့် စွမ်းအင်က ပိရမစ်ငယ်ငါးလုံး စုစုပေါင်းထက်ပင် အဆပေါင်းများစွာ သာလွန်သည်။
ထိုအရာသာ ပေါက်ကွဲသွားပါက ရှမ့်လန် ပြောသကဲ့သို့ ဖြစ်လိမ့်မည်။ သောင်းနှင့်ချီသော အမေဇုန် အမျိုးသမီး စစ်သည်များက အစိတ်စိတ်အမွှာမွှာ ဖြစ်ပြီး ပြာအဖြစ် ပြောင်းလဲသွားကြလိမ့်မည်။ ဘုရင်မနိုင်ငံတော် တစ်ခုလုံးက လုံးဝ အရည်ပျော်ကာ ပင်လယ်ထဲသို့ နစ်မြုပ်သွားလိမ့်မည်။ မည်သူမျှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
ရှမ့်လန်က မေးလိုက်၏။ “ပိရမစ်ငယ်လေးလုံး ပေါက်ကွဲသွားတာ... ထိခိုက်ဒဏ်ရာရတာတွေ ရှိလား။”
ဘုရင်မ အီဒါက ဖြေလိုက်သည်။ “ရှိတယ်၊ ဒါပေမဲ့ သိပ်မများဘူး။ ဘာလို့လဲဆိုတော့ အောက်မြို့တွေက အမျိုးသမီးစစ်သည်တွေအားလုံး ရှင့်ကို လာကြည့်နေကြလို့ပဲ။”
ကံကောင်းလိုက်လေခြင်း၊ ကံကောင်းလိုက်လေခြင်း။ နတ်ဘုရားက အသက်ကို တန်ဖိုးထားသည်။ ဤမျှ အင်အားကြီးမားသော အမေဇုန်အမျိုးသမီးစစ်သည်တော်များ သေဆုံးသွားသည်မှာ အလွန်တရာ နှမြောစရာ ကောင်း၏။
ဘုရင်မအီဒါက ထပ်မံမေးမြန်းလိုက်သည်။ “ရှင်အမေဇုန်နိုင်ငံတော်ကို ကယ်တင်နိုင်တယ်လို့ ပြောခဲ့တယ်နော်။ ရှင် ဘာ အခြေအနေတွေ လိုအပ်သလဲ။”
ရှမ့်လန်က ပြန်မေးလိုက်၏။ “ခင်ဗျားတို့ ဒီနေရာကနေ လုံးဝ ထွက်မသွားဘူး မဟုတ်လား။”
ဘုရင်မအီဒါက ဖြေလိုက်သည်။ “ဟုတ်တယ်။ ကျွန်မတို့က ဧရာမပိရမစ်ကြီးကို စွန့်ခွာမယ့်အစား အတူတူ ပျက်သုဉ်းသွားရတာကိုပဲ ရွေးချယ်မယ်။ ကျွန်မတို့ရဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။”
ရှမ့်လန်က ဤလူစု၏ ခေါင်းမာမှုကို အမှန်တကယ် ခံစားလိုက်ရသည်။ ရှမ့်လန်သည် မျက်လုံးကို နှစ်စက္ကန့်ခန့် ပိတ်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “မူလကတော့ ကျုပ်မှာ အခြေအနေတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့... ကျုပ်မှာ ဘာအခြေအနေမှ မရှိတော့ဘူး။”
ထို့နောက် ရှမ့်လန်က ရေချိုးကန်ကြီးထဲမှ အလျင်အမြန် ပြေးထွက်ကာ ပြောလိုက်သည်။ “သွားမယ်၊ ဧရာမပိရမစ်ကြီးရဲ့ အောက်ခြေကို သွားမယ်။ အချိန်နှောင်းတော့မယ်။”
ထို့နောက် သူက ဧရာမပိရမစ်ကြီး၏ အပေါ်ဆုံးထပ်သို့ အသည်းအသန် ပြေးသွား၏။ “ကျုပ် ကျောပိုးအိတ်ကို ယူခဲ့ပေးပါ။”
သူ ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် ဘုရင်မက တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားသည်။ ခဏအကြာမှာတော့ သူမက ရှမ့်လန်၏ ကျောပိုးအိတ်ကြီးကို ကိုင်ဆောင်လျက် ပြန်လည်ရောက်ရှိလာ၏။ လေပြင်းတစ်ချက် ဝှေ့ယမ်းလိုက်သည့်အလား ရှမ့်လန်က ဘုရင်မ အီဒါ၏ ခါးမှ ဆွဲပွေ့ခြင်းကို ခံလိုက်ရသည်။
ဝှစ်
သူမက ခါးကိုကိုင်း၍ လေထဲသို့ မီတာနှစ်ဆယ်ခန့် မြင့်အောင် ခုန်တက်လိုက်သည်။ ထိုသို့ဖြင့် မီတာနှစ်ရာကျော်မြင့်သော ပိရမစ်ထပ်သို့ ဆက်တိုက် ခုန်တက်သွားသည်။ ဤသိုင်းပညာက အမှန်တကယ်ပင် အံ့မခန်းလှ၏။
ဘုရင်မအီဒါက အမိန့်ပေးလိုက်သည်။ “ဒိုဟာ... ယဇ်ပုရောဟိတ်မကြီးကို ဖမ်းဆီးလိုက်။”
“ကောင်းပါပြီ။”
“ဘုန်း...”
အမြောက်ဆန်တစ်ခုကဲ့သို့ပင် မင်းသမီး ဒိုဟာက အပြင်ဘက်သို့ အရှိန်ဖြင့် ပြေးထွက်သွားသည်။ သူမက ယဇ်ပုရောဟိတ်မကြီးနှင့် နောက်လိုက်များကို ဖမ်းဆီးရန် စစ်တပ်ကို ဦးဆောင်သွား၏။
............
ဘုရင်မ အီဒါသည် ရှမ့်လန်ကို ပိရမစ်၏ ကိုးထပ်မြောက်သို့ ခေါ်ဆောင်လာခဲ့သည်။ သူမ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသော်လည်း ယခုအချိန်မှာတော့ မေးမြန်းရန် အချိန်နှောင်းနေခဲ့ပြီ ဖြစ်သည်။ ဤကိုးထပ်မြောက်က ကျမ်းစာတိုက်ကြီးတစ်ခုနှင့် တူသည်။ ကြမ်းပြင်က မှန်တစ်ချပ်ကဲ့သို့ပင် ဖြစ်သည်။
သူမက စက်ယန္တရားတစ်ခုကို ဖွင့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် ဝင်ပေါက်တစ်ခု ပေါ်လာသည်။ ဘုရင်မ အီဒါသည် ရှမ့်လန်ကို ဆွဲပွေ့လျက် ဝင်ပေါက်ထဲသို့ ဝင်သွား၏။ အတွင်း၌ အခန်းငယ်လေးတစ်ခု ရှိနေသည်။ သူမသည် အခြားခလုတ်တစ်ခုကို နှိပ်လိုက်ရာ ရုတ်တရက် ထိုအခန်းငယ်လေးက ဓာတ်လှေကားတစ်ခုကဲ့သို့ အောက်သို့ ဆက်တိုက် ကျဆင်းသွား၏။
ဝှစ်.. ဝှစ်... ဝှစ်..
ကျဆင်းနေသည်၊ ကျဆင်းနေသည်။ ဤအရှိန်က အလွန်မြန်သောကြောင့် ရှမ့်လန်၏ နားစည်များမှာပင် ခံနိုင်ရည်မရှိတော့သကဲ့သို့ ဖြစ်နေ၏။ မီတာဆယ်ဂဏန်း၊ မီတာရာဂဏန်း၊ မီတာ ၅၀၀ ခန့် အနက်သို့ ရောက်ရှိချိန်မှသာ ရပ်တန့်သွားသည်။
ဘုရင်မအီဒါက ပြောလိုက်၏။ “ရောက်ပြီ။”
ရှမ့်လန် ဝင်လာခဲ့၏။ ဤသည်က ပိရမစ်၏အောက်ခြေလား။ သို့ပေမည့် ဤနေရာတွင် ဘာမှမရှိပေ။ ဗလာကျင်းနေသော ကျောက်ခန်းမကြီးတစ်ခုသာရှိပြီး လုံးဝ ဗလာဟင်းလင်းပင်။
ဘုရင်မ အီဒါက မေးလိုက်၏။ “ရှင် ဘာကို စောင့်နေတာလဲ။”
ရှမ့်လန်က ဖြေလိုက်သည်။ “နောက်ထပ် ပေါက်ကွဲမှုတစ်ခုကို။”
ထို့နောက် သူတို့နှစ်ဦးလုံး တိတ်ဆိတ်သွားကြသည်။ ရှမ့်လန်က ပြောလိုက်၏။ “အရှင်မ... အခု ကျုပ်ကို အောက်ချပေးလို့ ရပါပြီ။”
သူက ဘုရင်မ အီဒါ၏ ခါးမှ ဆွဲပွေ့ထားခြင်းကို ခံနေရဆဲ ဖြစ်သည်။ ဘုရင်မက သူ့ကို အောက်ချ ပေးလိုက်သော်လည်း ရှမ့်လန်က အနည်းငယ် နှမျောနေမိ၏။ ဤလောကကြီးက အမှန်တကယ်ပင် ဆိုးရွားလှသည်။ ရှေ့မှပေါက်ကွဲမှုမှာ မြေကမ္ဘာ တုန်ဟိန်းသွားခဲ့သော်လည်း ယခု ပေါက်ကွဲမည့်အချိန်ကို စောင့်နေချိန်မှာတော့ ပေါက်ကွဲမလာသေးပေ။
ထိုအခိုက်အတန့်မှာပဲ .....
“ဘုန်း... ဘုန်း... ဘုန်း...” နောက်ထပ် မြေကမ္ဘာတုန်ဟိန်းစေသော ပေါက်ကွဲမှုကြီး တစ်ခုပေါ်ပေါက်လာသည်။
ပဉ္စမမြောက် ပိရမစ်ငယ်၊ နောက်ဆုံး ပိရမစ်ငယ်မှာလည်း ပေါက်ကွဲသွားခဲ့သည်။ မိုင်ပေါင်းတစ်ဆယ်ကျော် ပတ်လည်အတွင်းရှိ အရာအားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားလိမ့်မည်ကို မမြင်ရသော်လည်း မြင်ယောင်ကြည့်၍ ရ၏။
ရှမ့်လန် မတ်တတ်ရပ်နေသည့် မြေပြင်က ပြင်းထန်စွာ တုန်ခါလာပြီး တဝုန်းဝုန်း လှုပ်ခတ်လာသည်။ ထိုအခိုက်အတန့်မှာပဲ သူ၏ ရှေ့ရှိ နံရံပေါ်တွင် အလင်းရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းပေါ်တွင် ရေတွက်၍မရသော ဂရိစာလုံးများ ရှိနေ၏။ ဤသည်မှာ လှုံ့ဆော်မှုဆိုင်ရာ အခြေအနေ ဖြစ်ရမည်။ မြေအောက်၌ ပြင်းထန်သော တုန်ခါမှု ရှိလာချိန်တွင် ဤအလင်းရိပ် ပေါ်ထွက်လာခြင်း ဖြစ်ပေမည်။
အပိုင်း (၈၂၆)
ရှမ့်လန်သည် အလျင်အမြန် ရှေ့သို့ ပြေးထွက်သွားပြီး လျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်သည့်အလား ထိုဂရိစာလုံးများကို နှိပ်လိုက်သည်။ လျှို့ဝှက်နံပါတ်က ဘာဖြစ်သနည်း။ ဂရိစာလုံး အာရီးစ်မှာ စစ်နတ်ဘုရား ဖြစ်သည်။ အာရီးစ်သည် ဂရိဒဏ္ဍာရီလာ အမေဇုန်စစ်သည်မျိုးနွယ်စုများ ယုံကြည်သော နတ်ဘုရားလည်း ဖြစ်သည်။
သူသည် လျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်ခြင်း ပြီးဆုံးသွား၏။
“ဝူး... ဝူး... ဝူး...”
အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ အစအန အက်ကွဲကြောင်းပင်မရှိသောနံရံက ပွင့်ထွက်သွားကာ အခန်းငယ်တစ်ခု ပေါ်လာသည်။
ဘုရင်မအီဒါက မင်သက်သွားမိသည်။ “ဒါကဘာလဲ။ ငါ ဘာလို့ မသိခဲ့ရတာလဲ။ ဒီနေရာက ငါ့အိမ်ဖြစ်တာ သေချာပါတယ်။ ဘာလို့ ရှမ့်လန်က ငါ့ထက် ပိုသိနေတာလဲ။”
အခန်းထဲသို့ဝင်ပြီးနောက် ရှမ့်လန်သည် ရှေ့သို့သွားကာ ခလုတ်ကို နှိပ်လိုက်၏။
“ဝှစ် ဝှစ် ဝှစ်” ဤအခန်းငယ်မှာ ဓာတ်လှေကားကဲ့သို့ပင် အောက်သို့ ဆက်တိုက် ကျဆင်းသွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ ပိုမိုနက်ရှိုင်းသော နေရာသို့ ကျဆင်းသွားခြင်းဖြစ်ပြီး မီတာရာဂဏန်းခန့် အထိ ကျဆင်းသွား၏။ ကျဆင်းမှု ရပ်တန့်သွားပြီးနောက် အခန်းငယ်၏ တံခါးမှာ ပွင့်သွားသည်။
ရှမ့်လန်နှင့် ဘုရင်မအီဒါတို့ အပြင်သို့ ထွက်လာခဲ့ကြ၏။ ထို့နောက် သူမက လုံးဝ မှင်သက်သွားသည်။ အခန်း၏အပြင်ဘက်တွင် ရှည်လျားသောလမ်းတစ်ခု ရှိနေပြီး ထိုလမ်း၏အဆုံးတွင် ပေဆယ်ဂဏန်းခန့် အချင်းရှိသော ဧရာမ ဘောလုံးကြီးတစ်ခု ရှိနေ၏။
သူမ ခန့်မှန်းသည်သာ မှန်ကန်ပါက ဤဧရာမဘောလုံးကြီးက ပိရမစ်တစ်ခုလုံး၏ စွမ်းအင်ဗဟိုချက် ဖြစ်ရမည်။ ထိုဘောလုံး၏ ပတ်လည်တွင် မီတာရာဂဏန်းခန့် အချင်းရှိသော ဧရာမ လုံးဝန်းသည့် ဟာလာဟင်းလင်း နေရာလွတ်ကြီး ရှိနေသည်။
ဤသည်က ဧရာမပိရမစ်တစ်ခုလုံး၏ ဗဟိုချက် ဧရိယာ ဖြစ်သည်။ ဘုရင်မအီဒါပင်လျှင် ဤနေရာသို့ တစ်ခါမှ မရောက်ဖူးသလို ရှိနေမှန်းလည်းမသိပေ။ သူမတွင် တာဝန်တစ်ခုသာ ရှိခဲ့သည်။ သူမ၏ ဘုရင်မသက်တမ်း တစ်လျောက် ပိရမစ်ကြီးကို တစ်ခါမှ နက်နက်နဲနဲ လေ့လာ စူးစမ်းခြင်းမျိုး မလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပိရမစ်သည် လိုအပ်သည်ထက် သာလွန်သော အရာများကို သူမအား ပေးထားပြီးဖြစ်သည်ဟု ခံစားရသောကြောင့်ပင်။
ဘုန်း... ဘုန်း... ဘုန်း...
ရုတ်တရက် မြေပြင်တစ်ခုလုံး နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါလာပြန်သည်။ ထို့နောက် သူမ၏ ရှေ့ရှိ ဧရာမ ဘောလုံးကြီးက နီရဲလာသည်။ ထိုအခိုက်အတန့်မှာတော့ အီဒါက အလုံးစုံ နားမလည်ခဲ့ဘူးဆိုလျှင်တောင်မှ ပေါက်ကွဲမှု၏ တရားခံမှာ ဤဧရာမ ဘောလုံးကြီး ဖြစ်မည်ဟု သိရှိလိုက်မိသည်။
ထိုသို့ဆိုလျှင် ဤဘောလုံးထဲတွင် ဘာရှိသနည်း။ ခုဏက ပေါက်ကွဲမှု၏ သက်ရောက်မှုမှာ နျူကလီးယားဗုံး တစ်လုံးကဲ့သို့ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ သို့ဆိုလျှင် ဤသည်မှာ နျူကလီးယားဗုံး တစ်လုံးလား။ မဟုတ်ပေ။
ရှမ့်လန် သတင်းအချက်အလက်များကို ဖတ်ရှုစဉ်ကလည်း ထိုအရာက ဘာမှန်း မသိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ကျန်းလီလည်း မသိခဲ့သောကြောင့်ပင်။ သို့ပေမည့် ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုပြီးနောက် သတ္တုဟိုက်ဒရိုဂျင် ဖြစ်ရမည်ဟု ရှမ့်လန်က ရဲရဲဝံ့ဝံ့ ကောက်ချက်ချလိုက်သည်။
သတ္တုဟိုက်ဒရိုဂျင်ကသည် အလွန်တရာ ကောင်းမွန်သော လျှပ်ကူးပစ္စည်းတစ်ခု ဖြစ်သလို၊ အကောင်းဆုံးသော စွမ်းအင်သိုလှောင်မှုလည်း ဖြစ်သည်။ သတ္တုဟိုက်ဒရိုဂျင်တွင် အခြားသော ဝိသေသ တစ်ခုလည်း ရှိသေး၏။ ပေါက်ကွဲချိန်၌ စွမ်းအားက ပြင်းအားမြင့် TNT ယမ်းထက် ဆယ်ဆခန့် ပိုမိုပြင်းထန်ခြင်းပင်။ အချင်း မီတာ ၃၀ ရှိသော ဤဧရာမ ဘောလုံးကြီးသာ ပေါက်ကွဲသွားပါက ထွက်ပေါ်လာမည့် စွမ်းအားက မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
ထိုသို့ဆိုလျှင် လူအချို့က မေးကြလိမ့်မည်။ ဤသတ္တုဟိုက်ဒရိုဂျင်ကို လက်နက်အဖြစ် အသုံးချနိုင်သည်လား။ ထိုအရာမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။ ပြောရမည်ဆိုလျှင် ရှမ့်လန်၏ စွမ်းဆောင်နိုင်မှု အကန့်အသတ် အားလုံးကို ကျော်လွန်နေ၏။ သူသည် ထိုအရာကို လုံးဝ မထိန်းချုပ်နိုင်သလို၊ ရွှေ့ပင် မရွှေ့နိုင်ပေ။ ဤလောကမှ လူသားများပင်လျှင် ဤအရာကို မထိန်းချုပ်နိုင်ကြပေ။ ဤအရာ၏ မူလ အရင်းအမြစ်သည် ရှေးဟောင်းယဉ်ကျေးမှုမှ အရာတစ်ခု ဖြစ်သည်။
ထိုအခိုက်အတန့်မှာတော့ သူ၏ ရှေ့ရှိ ဧရာမ သတ္တုဘောလုံးကြီးက ပိုမိုနီရဲပြီး တုန်ခါလာသည်။ ဘုရင်မ အီဒါမှာလည်း ထိုဘောလုံးကြီး ပေါက်ကွဲတော့မည် ဖြစ်ကြောင်း မြင်နေရ၏။ ပေါက်ကွဲသွားပါက ဧရာမ ပိရမစ်ကြီးတစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။ တိုက်ရိုက်ပင် အရည်ပျော်သွားနိုင်ပြီး အမေဇုန် နိုင်ငံတော် တစ်ခုလုံး ပြာအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ဘုရင်မ အီဒါက မေးလိုက်၏။ “ပေါက်ကွဲဖို့ ဘယ်လောက် လိုသေးလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “နာရီဝက်လောက် လိုသေးတယ်။ အရှင်မ... အခုကစပြီး လုံးဝ တိတ်တိတ်ဆိတ်ဆိတ် နေပေးဖို့ လိုအပ်ပါတယ်။”
ရှမ့်လန်သည် သူ၏ ကျောပိုးအိတ်ထဲမှ ရိုးရှင်းသော အောက်ဆီဂျင်ဘူးတစ်ခုကို ထုတ်ယူပြီး အောက်ဆီဂျင် ရှူသွင်းရန် ကြိုးစားလိုက်သည်။ ဤနေရာရှိ လေထုက ကြောက်မက်ဖွယ်ကောင်းအောင် ကျဲလှသည်။ သူက ဘုရင်မ အီဒါကဲ့သို့ ရေအောက်တွင် နာရီဝက်ခန့် မနေနိုင်ပေ။ ရောက်လာသည့် ခဏအတွင်းမှာပဲ သူက အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သတိလစ်လုနီးပါး ဖြစ်သွားရ၏။
ဘုန်း... ဘုန်း... ဘုန်း...
မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေပြီး သူ၏ ရှေ့ရှိ သတ္တုဘောလုံးကြီးဆီမှ နားကွဲလုမတတ် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သတ္တုဘောလုံး၏ အကာမျက်နှာပြင်ပေါ်တွင် အလင်းနှင့် အရိပ်တို့ ပေါ်လာ၏။ ဂရိစာလုံး တန်းပေါင်းများစွာ ပေါ်ထွက်လာခြင်းပင်။
လျှို့ဝှက်နံပါတ်ကို နောက်တစ်ကြိမ် ရိုက်နှိပ်ရပေဦးမည်။ သို့ပေမည့် လျှို့ဝှက်နံပါတ်က ဘာဖြစ်သနည်း။ သူ၏ရှေ့ရှိ ဧရာမသတ္တုဘောလုံးကြီးက ပိရမစ်တစ်ခုလုံး၏ စွမ်းအင်ဗဟိုချက် ဖြစ်သောကြောင့် မီးပွား အစတစ်ခုနှင့် တူသည်။
ဂရိဒဏ္ဍာရီတွင် မီးပွား အစအတွက် တူညီသော အဓိပ္ပာယ်ဖြင့် စကားလုံး သုံးလုံး ရှိသည်။ လျှို့ဝှက်နံပါတ်က ဤသုံးခုထဲမှ တစ်ခု ဖြစ်ရမည်။ သို့ပေမည့် သူသည် မည်သည့်အရာကို ရွေးချယ်ရမည်နည်း။ ထို့အပြင် ရိုက်နှိပ်ရန် အခွင့်အရေးမှာလည်း တစ်ကြိမ်တည်း ရှိသည်မှာ သေချာသည်။ ပရိုမီသီးယပ်စ်သည် လူသားများအတွက် မီးပွားကို ခိုးယူပေးခဲ့သူဖြစ်ပြီး ထိုမီးပွားမှာ အိုလံပတ်စ်တောင်ပေါ်တွင် ရှိနေခဲ့ခြင်း ဖြစ်၏။
လျှို့ဝှက်နံပါတ်မှာ ဤနှစ်ခုထဲမှ တစ်ခုသာ ဖြစ်ရပေမည်။ ရှမ့်လန်က ရုတ်တရက် မေးလိုက်သည်။ “အရှင်မ... ပရိုမီသီးယပ်စ်နဲ့ အိုလံပတ်စ် ကြားမှာဆိုရင် အရှင်မ ဘယ်အရာကို ရွေးမလဲ။”
ဘုရင်မ အီဒါက ဖြေ၏။ “အိုလံပတ်စ်။”
ရှမ့်လန်က တုံ့ဆိုင်းခြင်းမရှိဘဲ ပရိုမီသီးယပ်စ်ဟူသော ဂရိစာလုံးများကို ရိုက်နှိပ်လိုက်သည်။ အမှန်ပင် ဖြစ်၏။ ရှမ့်လန်သည် ဤနည်းလမ်းကို အကြိမ်ကြိမ် အသုံးပြုဖူးသည်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးအချို့၏ အလိုလိုသိစိတ် နှင့် ဆန့်ကျင်ဘက်ကို ရွေးချယ်ခြင်းက အမြဲတမ်း မှန်ကန်တတ်သည် မဟုတ်ပါလား။
သူ၏ ရှေ့ရှိ ဧရာမသတ္တုဘောလုံးကြီး၏ အကာက ပွင့်ထွက်သွားပြီး ရှမ့်လန်အတွက် ရင်းနှီးသော်လည်း ထူးဆန်းသောအရာတစ်ခု အတွင်း၌ ပေါ်လာသည်။ အိပ်မက်ဆိုးကျောက်တုံး။ သို့ပေမည့် ဤအိပ်မက်ဆိုးကျောက်တုံး မှာ ရှမ့်လန်ဆီတွင် ရှိသောအရာထက် ပိုမိုကြီးမားပြီး ပိုမိုရှုပ်ထွေးလွန်းသည်။ ထိုအရာဖြင့် သတ္တုဘောလုံးကို ထိန်းချုပ်ရန် အသုံးပြုထားခြင်း ဖြစ်ပုံရ၏။
ဤအရာမှာ တစ်စုံတစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံထားရပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမည့် လုပ်ငန်းစဉ်ကို စတင်နေပြီ ဖြစ်သည်။ အသံက ပိုမိုမြန်ဆန်လာပြီး နားကွဲလုမတတ် ဖြစ်လာ၏။ သတ္တုဘောလုံး၏ အလင်းမှာလည်း ပိုမိုတောက်ပလာသည်။ အသံ၏ကြိမ်နှုန်းနှင့် သတ္တုဘောလုံး၏ အလင်းပြောင်းလဲမှု ကြိမ်နှုန်းတို့အပေါ် အခြေခံ၍ ရှမ့်လန်သည် AI မှတစ်ဆင့် ပြန်လှန်ရေတွက်မှုကို ချက်ချင်း တွက်ချက် လိုက်သည်။
၂၉၅ စက္ကန့် ကျန်သေးသည်။ ငါးမိနစ်ထက် မပိုပေ။
သောက်ကျိုးနည်း အချိန်က အလွန်တရာ နည်းလွန်းလှ၏။
ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူလိုက်၏။ ချက်ချင်း မလှုပ်ရှားသေးဘဲ မျက်လုံးကို မှိတ်ကာ စဉ်းစားလိုက်သည်။ သူ ဤလုပ်ငန်းစဉ်ကို မည်သို့ စတင်ရမည်နည်း။ နောက်ထပ် ဘာလုပ်ရမည်နည်း။ ဧရာမ သတ္တုစွမ်းအင်ဘောလုံး၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမှုကို မည်သို့ ရပ်တန့်ရမည်နည်း။
ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် လုပ်ငန်းစဉ်ကို ရပ်တန့်ရန် အိပ်မက်ဆိုးကျောက်တုံး၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး သတ္တုဘောလုံးကို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်စေရန် လုပ်ဆောင်ရမည်။
‘ငါ ဒါကို အရင်က သင်ဖူးတယ်၊ ငါ ဒါကို အရင်က သင်ဖူးတယ်။ငါ သဲကန္တာရ ရှေးဦးမျိုးနွယ်စုရဲ့ ရှေးဟောင်းကျမ်းစာတွေထဲက အိပ်မက်ဆိုးကျောက်တုံး အကြောင်း စကားလုံးပေါင်း သိန်းချီကို ဖတ်ဖူးတယ်၊ ပုံစံထုတ်ချက်ပေါင်း ထောင်ချီကိုလည်း ကြည့်ဖူးတယ်။ ငါ ဒီအိပ်မက်ဆိုးကျောက်တုံးကို အရင်က မြင်ဖူးတာ သေချာတယ်။ ပြန်စဉ်းစားစမ်း၊ ပြန်စဉ်းစားစမ်း။’
ခဏအကြာမှတော့ အိပ်မက်ဆိုးကျောက်တုံး၏ ပုံစံများက ရှမ့်လန်၏ စိတ်ထဲ၌ ပေါ်လာသည်။ အလွန်တရာ ရှုပ်ထွေးလှသည်။ ရှမ့်လန်၏လည်ပင်းတွင်ရှိသော အိပ်မက်ဆိုးကျောက်တုံးနှင့် နှိုင်းယှဉ်ပါက ယခု အိမ်မက်ဆိုးကျောက်တုံးက အစိတ်အပိုင်းပေါင်း ဆယ်ဆကျော် ပိုမိုများပြားပြီး လမ်းကြောင်းမှာလည်း ဆယ်ဆကျော် ပိုမိုရှုပ်ထွေးသည်။
ရှမ့်လန်သည် အလျင်အမြန် ဖတ်ရှုပြီးနောက် အစီအစဉ်တစ်ခု ထွက်ပေါ်လာသည်။ အချိန်မှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးနေ၏။ တစ်စုံတစ်ဦးက သူ့အား အဘယ်ကြောင့် အိမ်စာကြိုတင်မလုပ်ခဲ့သနည်းဟု မေးကောင်း မေးလိမ့်မည်။
ရှမ့်လန်သည် အိပ်မက်ဆိုးကျောက်တုံး၏ တိကျသော ဖွဲ့စည်းပုံကို မြင်တွေ့ရမှသာ မည်သည့် အမျိုးအစားဖြစ်ကြောင်း သိနိုင်ပေမည်။ ရှေးဟောင်းကျမ်းစာများထဲတွင် အိပ်မက်ဆိုးကျောက်တုံး အမျိုးအစားပေါင်း များစွာ ရှိနေ၏။
ရှမ့်လန်၏ AI စနစ်တွင် သိုလှောင်မှု ပမာဏ အလွန်များပြားသော်လည်း သတင်းအချက်အလက် အားလုံးကို သိုလှောင်ထားသော ဟာ့ဒ်ဒစ်တစ်ခုကဲ့သို့သာ ဖြစ်သည်။ သို့ပေမည့် ရှမ့်လန်၏ ကိုယ်ပိုင် မှတ်ဉာဏ်နှင့် သူ ဆုပ်ကိုင်ထားသော အသိပညာမှာက မှတ်ဉာဏ်ကတ်တစ်ခုကဲ့သို့ ရှိသည်။
အလိုရှိပါက ဟာ့ဒ်ဒစ်သည် အကန့်အသတ်မရှိ သတင်းအချက်အလက်များကို သိုလှောင်နိုင်သော်လည်း မှတ်ဉာဏ်မှာတော့ အကန့်အသတ် ရှိနေဆဲပင်။ ရှမ့်လန်၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့်ပင် သတင်းအချက်အလက် အမြောက်အမြားကို တစ်ချိန်တည်းတွင် မဆုပ်ကိုင်နိုင်ပေ။ သူက လိုအပ်သည့် အချိန်မှသာ ထိုအရာတို့ကို ပြန်လည်ထုတ်ယူ အသုံးပြုနိုင်၏။
သတ္တုဘောလုံး၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမည့် ပြန်လှန်ရေတွက်မှုမှာ ပိုမိုနီးကပ်လာခဲ့သညည်။ တစ်မိနစ် ကုန်ဆုံးသွားသည်။ နှစ်မိနစ် ကုန်ဆုံးသွားသည်။ ပြန်လှန်ရေတွက်မှု - ၁၆၅ စက္ကန့်၊ ၁၆၃ စက္ကန့်။
AI စနစ်က ရှမ့်လန်အတွက် အမြန်ဆုံး ဖြေရှင်းနည်းကို ချက်ချင်း တွက်ချက်လိုက်သည်။ ဤသည်မှာ AI စနစ်၏ အားသာချက်ပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် တွက်ချက်မှုအရှိန်က ရှမ့်လန်ထက် များစွာ ပိုမိုမြန်ဆန်ပြီး လုံးဝ တိကျလှပေသည်။
ရှမ့်လန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်း စတင်လိုက်သည်။ သူ၏ လက်များမှာ ဤမျှအထိ မည်သည့်အခါမျှ မမြန်ဖူးခဲ့ပေ။ အိပ်မက်ဆိုးကျောက်တုံးအတွင်းရှိ ရတနာများ၏ အစီအစဉ်ကို ပြောင်းလဲခြင်း၊ ထို့နောက် လျှပ်စစ်ပတ်လမ်း အစီအစဉ်ကို ပြောင်းလဲခြင်းတို့မှာ အဆင့်ပေါင်း ၅၀၀ ကျော် ပြုလုပ်ရန် လိုအပ်၏။
သို့ပေမည့် ကျန်ရှိသောအချိန်မှာ ၁၆၀ စက္ကန့်သာ ရှိသဖြင့် သူသည် တစ်စက္ကန့်လျှင် သုံးဆင့်ခန့် ပြီးမြောက်အောင် လုပ်ဆောင်ရမှာ ဖြစ်သည်။ ရှမ့်လန်၏အရှိန်က အလွန်မြန်သောကြောင့် လက်များက ကြွက်တက်နေသည့်အလားပင် ထင်မှတ်ရသည်။
ဘုရင်မအီဒါက အံ့ဩတကြီး ကြည့်နေမိသည်။ သူမက အလွန်တရာ အင်အားကြီးမားသော အမျိုးသမီး စစ်သည်တော် တစ်ဦး ဖြစ်သလို၊ ကိုယ်ပိုင်စွမ်းအားကို ရှာဖွေရာတွင်လည်း ရူးသွပ်သူတစ်ဦး ဖြစ်သည်။ ယခင်က ဉာဏ်ရည်ဉာဏ်သွေးကို ကိုးကွယ်ခြင်း မရှိခဲ့ပေ။
သို့ပေမည့် ယခုအချိန်မှာတော့ သူမသည် ဤပုဂ္ဂိုလ်အပေါ်ထားရှိသော သူမ၏ အမြင်များကို ပြောင်းလဲလိုစိတ် ပေါ်လာသည်။ ဉာဏ်ရည်ဉာဏ်သွေး၏ စွမ်းအားမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းပြီး ဆန်းကြယ်လှသလို၊ အတိုင်းအဆ မရှိသော ဆွဲဆောင်မှုတို့ဖြင့်လည်း ပြည့်နှက်နေ၏။
ရှမ့်လန် ဘာလုပ်နေသည်ကို သူမ နားမလည်သော်လည်း အံ့မခန်းလုပ်ရပ်များဖြစ်ကြောင်းတော့ သိရှိနားလည်နေမိသည်။ ဤအခိုက်အတန့်မှာတော့ ရှမ့်လန်က အလွန်တရာ အင်အားကြီးမားနေသည်ဟု ခံစားလိုက်ရ၏။ ထိုအရာက သူမ နားမလည်နိုင်သော စွမ်းအားမျိုး ဖြစ်သော်လည်း ကိုးကွယ်ထိုက်သော စွမ်းအားမျိုးလည်း ဖြစ်သည်။
ပြန်လှန်ရေတွက်မှုမှာ ပိုမိုနီးကပ်လာသည်။ အသံက ပိုမိုစူးရှလာပြီး နားကွဲလုမတတ် ဖြစ်လာ၏။ သတ္တု ဘောလုံးဆီမှ ထွက်ပေါ်လာသော အလင်းမှာလည်း ပိုမိုတောက်ပလာသည်။ အစပိုင်းတွင် နီရဲနေခဲ့သော်လည်း ယခု ဖြူဖွေးလာခဲ့၏။
အလင်းရောင် လုံလောက်အောင် တောက်ပလာပါက ဧရာမ သတ္တုဘောလုံးကြီးက ပေါက်ကွဲ တော့မည်ဖြစ်ကြောင်း ဘုရင်မအီဒါ သိနေ၏။ ထိုသို့ ဖြစ်လာပါက သူမနှင့် ရှမ့်လန်တို့က ပြာအဖြစ် ပြောင်းလဲသွားကြပြီး ဤမြေပြင်ပေါ်မှ လုံးဝ ပျောက်ကွယ်သွားကြလိမ့်မည်။ အမေဇုန်ကျွန်း တစ်ခုလုံး ကလည်း လုံးဝ အရည်ပျော်သွားပြီး ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားလိမ့်မည်။
ကမ္ဘာပျက်မည့် ခြေသံများမှာ ပိုမိုနီးကပ်လာခဲ့သည်။ သေခြင်းတရားက သူတို့ထံသို့ ရောက်ရှိ လာပေတော့မည်။
ပြန်လှန်ရေတွက်မှု - ၁၅ စက္ကန့်၊ ၁၄ စက္ကန့်၊ ၁၃ စက္ကန့်...
သူတို့ရှေ့ရှိ သတ္တုဘောလုံးက နေမင်းတစ်စင်းကဲ့သို့ အလွန်တရာ တောက်ပနေသည်။ တောက်ပလွန်း သောကြောင့် လူသားတို့၏ မျက်လုံးဖြင့်ပင် ကြည့်ရန် မဖြစ်နိုင်တော့ပေ။
ရှမ့်လန်သည် မှော်မှန်ဘီလူးကို တပ်ဆင်ထားသော်လည်း ဘာကိုမျှ မမြင်နိုင်တော့ချေ။ သူက သူ၏ မှတ်ဉာဏ်ကိုသာ အားကိုး၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဘုရင်မ အီဒါက ပြောလိုက်၏။ “အချိန်မလောက်တော့ဘူး။ အရာအားလုံး ပျက်စီးတော့မယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။”
ရှမ့်လန်က အစွမ်းကုန် ကြိုးစားနေသည်။ နောက်ဆုံးအဆင့်၊ နောက်ဆုံးအဆင့်။ နောက်ဆုံး ရတနာက ရုတ်တရက် ၁၉ ဒီဂရီ လည်ပတ်သွားပြီး အောက်ရှိ ရတနာရှိရာသို့ ချိန်ရွယ်ကာ စိုက်ဝင်သွားသည်။
“ဒင်...”
ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမည့် လုပ်ငန်းစဉ်က ပြီးဆုံးသွားလေပြီ။ ပြန်လှန်ရေတွက်မှုတွင် ငါးစက္ကန့်သာ ကျန်ရှိတော့သည်။ ဤအချိန်မှာတော့ ရှမ့်လန်က အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ သူက အမေဇုန်ဘုရင်မ နိုင်ငံတော်ကို ကယ်တင်နိုင်ခဲ့ပြီး မျိုးနွယ်စု တစ်ခုလုံးကိုလည်း ကယ်တင်နိုင်ခဲ့ပြီဖြစ်၏။
…………
မူလန်မြို့ကို ဝန်းရံပိတ်ဆို့ထားမှုက ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး ပင်လယ်ပြင်သို့ မည်သူ့မှ ထွက်ခွာခွင့် မရှိချေ။ ရှမ့်လန် ဝယ်ယူထားသည့် သင်္ဘောအားလုံးက ဆိပ်ကမ်းတွင်သာ ပိတ်မိနေ၏။ ဆိပ်ကမ်းနှင့် မီတာ ၃၀၀ ထက် ကျော်လွန်သည်နှင့် နစ်မြှုပ်ခံရမည်။ ပို၍ဆိုးဝါးသည်က ရှမ့်လန်၏ လူများက ငါးဖမ်းရန် ပင်လယ်ထဲသို့ ဆင်းသည်နှင့် တိုက်ခိုက်ခံရခြင်းပင်။
သွေးသောက်ဘာရွန်နှင့် ပင်လယ်ဓားပြသင်္ဘောများက ရှမ့်လန်၏ အခြေစိုက်စခန်းနှင့် မီတာ ၅၀၀ ပင် မဝေးသော နေရာ၌ ရှိ၏။ သူတို့က မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ရဲရဲတင်းတင်းပင် လှည့်လည်သွားလာလျက် ရှိ၏။ ယခု မူလန်မြို့တော်တွင် လူဦးရေ တစ်သောင်းကျော် ရှိနေသော်လည်း စားနပ်ရိက္ခာက လုံလောက် သေး၏။
ရှမ့်လန်က အမဲသား တော်တော်များများကို ဝယ်ယူထားခဲ့သောကြောင့် အသားငါးများက ဖောဖောသီသီ ရှိ၏။ သို့သော်ငြား ဟင်းသီးဟင်းရွက်က တကယ့်ကို ရှားပါး၏။ ဟင်းသီးဟင်းရွက် မစားခြင်းက လူတို့အတွက် မကောင်းသည့်အပြင် ဗီတာမင်ဓာတ်များကိုလည်း ချို့တဲ့စေနိုင်၏။ သို့သော်ငြား ရှမ့်လန်က ယခင်က ပဲပုပ်စေ့ ကီလိုဂရမ် တစ်သိန်းကျော် ဝယ်ယူထားခဲ့ပြီး ထိုအရာက ပဲပင်ပေါက်များ ဖြစ်လာခဲ့သောကြောင့် ဟင်းသီးဟင်းရွက် အတွက် အစားထိုးစရာ ဖြစ်လာခဲ့၏။
ယခင်က ရှမ့်လန်က ရွှေဒင်္ဂါးထောင်နှင့်ချီ တန်ဖိုးရှိသည့် ပိုးထည်များကို ဝယ်ယူခဲ့စဉ်က ကျန်းချွင်းဟွာ ကပင် ဗျစ်တောက်ဗျစ်တောက်နှင့် ဆူပူခဲ့သေး၏။ နောက်ဆုံးတွင်မှ ထိုပိုးထည်များက အလွန် အသုံးဝင်ကြောင်း သူမ သိရှိခဲ့သည်။ ထိုအရာများကို ယမ်းမှုန့်များ ထုပ်ပိုးရာတွင် အသုံးပြုရခြင်း ဖြစ်သည်။