အခန်း (၈၂၇-၈၂၈)
Vol. 51 Ch. 827-828
အပိုင်း (၈၂၇)
မူလန်မြို့ရိုးက ၁၅ မီတာခန့် ရှည်လျားပြီး တည်ဆောက်မှု အရှိန်အဟုန်ကလည်း ထင်ထားသည်ထက် ပိုမိုကာ မြန်ဆန်၏။ အစီအစဉ်အရ တစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသော်လည်း ရက်ပေါင်း ၂၀ ခန့်ဖြင့် ပြီးစီးခဲ့၏။ ဘိလပ်မြေနှင့် အုတ်များကို အသုံးပြုခဲ့သောကြောင့် တည်ဆောက်ခြင်း အရှိန်အဟုန်က သိသိသာသာ တိုးတက်လာခြင်းပင်။
ထို့ကြောင့် ကျန်းချွင်းဟွာက မူလန်မြို့၏ မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာရှိ တောင်ကြားတစ်ခုတွင် နောက်ထပ် စစ်ဆေးရေးဂိတ်စခန်း တစ်ခုကို တည်ဆောက်ရန် အမိန့်ပေးလိုက်၏။ ထိုအရာက ၆ ကီလိုမီတာခန့် ရှည်လျား၏။
ကျောက်စိမ်းလှိုင်းကျွန်းဆွယ်က တောင်နှင့်မြောက် ၃၀ ကီလိုမီတာကျော် ရှည်လျားသည့် မြေမျက်နှာသွင်ပြင် ရှိသည်။ အကျယ်ဆုံးနေရာက ၅၀ ကီလိုမီတာ ရှိပြီး အကျဉ်းဆုံးနေရာက ၂၀ ကီလိုမီတာပင်။ ဤတောင်ကြားက အကျဉ်းဆုံး အစိတ်အပိုင်း ဖြစ်သည်။
အကယ်၍ ရန်သူသာ တောင်ဘက်သို့ ဆင်းလာပါက ဤနေရာ၌ ခံစစ်ပြင်ထားခြင်းက မူလန်မြို့ ကာကွယ်ရေးအတွက် အချိန်ဆွဲရန် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။ ဤတောင်ကြားတွင် စစ်ဆေးရေးစခန်း တည်ဆောက်ထားခြင်းက မူလအစီအစဉ်တွင် ပါဝင်သော်လည်း အနာဂတ်အတွက် ရည်ရွယ်ထားခြင်းပင်။
သို့သော်ငြား ယခု အချိန်များ ပိုနေသောကြောင့် ကျန်းချွင်းဟွာက ကျွန်ခြောက်ထောင်ကို ဦးစီးပြီး ဤတောင်ကြားသို့ ခံစစ်တည်ဆောက်ရန် ထွက်လာခြင်း ဖြစ်သည်။ ဤတောင်ကြားရှိ စစ်ဆေးရေးစခန်းအား မည်သို့ အမည်ပေးမည်နည်း။
“နွေဦးပန်းတံခါး။” ဤအမည်ကို ပေးအပ်ရန် ကျန်းချွင်းဟွာက ဇွတ်အတင်း တောင်းဆိုခဲ့ခြင်း ဖြစ်၏။ သူမက ရှမ့်လန်၏ ရှေ့တွင် ငိုယိုပြီး သူမ ကြိုးစားပမ်းစား အားထုတ်ခဲ့ကြောင်း၊ ယမ်းစိမ်းကျွန်းကို မူလန်ကျွန်းဟု အမည်ပေးခဲ့ပြီး မြို့တော်ကိုလည်း မူလန်မြို့တော်ဟု အမည်ပေးထားသောကြောင့် တောင်ကြားရှိ တောင်ကြားလမ်းလေးတစ်ခုကိုတော့ သူမ၏ အမည်ပေးပါရန်နှင့် ထိုကဲ့သို့ တောင်းဆိုခြင်းကလည်း မလွန်ကဲကြောင်း ပြောဆိုခဲ့၏။
ရှမ့်လန်အနေနှင့် သဘောတူရုံမှတစ်ပါး အခြားမရှိခဲ့ချေ။ အကယ်၍ သဘောမတူပါက လဝက်လောက်အထိ ဆူပုတ်ပုတ် မျက်နှာကို မြင်ရပေလိမ့်မည်။ သူမက ရွှေဒင်္ဂါးတစ်သန်းခန့် အကြွေးတင်နေသည့် မျက်နှာမျိုးနှင့် တစ်သက်လုံး နေထိုင်တော့မည့် ပုံစံမျိုးပင်။
ရှမ့်လန် သဘောတူလိုက်ပြီးနောက် သူမက မြေခွေးမလေးတစ်ကောင်ကဲ့သို့ပင် တဖန် ပြောင်းလဲသွား၏။ သူမက ဆွဲဆောင်မှု ရှိလွန်းလှပြီး လှပသည့် နှုတ်ခမ်းလေးများမှလည်း ညစ်ညမ်းသည့် စကားများ မကြာခဏ ထွက်ပေါ်တတ်၏။ ရှမ့်လန်ပင်လျှင် သူမကို အရှုံးပေးထားရသည်။
မူလန်မြို့တော်ရှိ ကျွန်ပေါင်း တစ်သောင်းတစ်ထောင်တို့က ယခင်အတိုင်း အသက်မဲ့သည့် အလောင်းကောင် များကဲ့သို့ ရှင်သန်နေကြဆဲပင်။ နေ့စဉ်နှင့်အမျှ အချိန်မှန်စား၊ အချိန်မှန် အလုပ်လုပ်ပြီး အချိန်မှန် အိပ်စက်ကြသော်လည်း မည်သည့် ပိုင်ဆိုင်မှု စိတ်ဓာတ်မျိုးမှ မရှိကြချေ။
အခြားတစ်ဖက် ရှမ့်လန်၏လက်အောက်ရှိ လူနှစ်ထောင်တို့ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝ ကွဲပြား ခြားနားနေ၏။ စစ်ပွဲ နီးကပ်လာသည်နှင့်အမျှ လူတိုင်း၏ တိုက်ခိုက်လိုစိတ်နှင့် ဂုဏ်သိက္ခာ စောင့်ထိန်း လိုစိတ်တို့က ပေါက်ကွဲလုမတတ်ပင်။ သူတို့က တစ်နေ့လျှင် ၃၆ နာရီခန့် ရှိစေလိုပြီး စစ်ပွဲအတွက် အသေအလဲ ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်းနှင့် ခံစစ်ကြောင်း တည်ဆောက်ခြင်းများကို ပြုလုပ်လို၏။
“ဧကရာဇ်ကို ကာကွယ်ကြ။”
“မြို့တော်ကို ကာကွယ်ကြ။”
ဤကြွေးကြော်သံများက သူတို့၏ နှုတ်ဖျားမှ မကြာခဏ ထွက်ပေါ်နေတတ်၏။ အစပိုင်းက အရှေ့ပိုင်း မြင်းစီးသူရဲကောင်းများသာလျှင် ထိုအရာကို ရေရွတ်တတ်၏။ အရေအတွက် နည်းပါးပြီး အားနည်းသော်လည်း ကြွေးကြော်သံများကို အော်ဟစ်လိုက်သည်နှင့် ဂုဏ်သိက္ခာနှင့် တာဝန်သိစိတ်များကို ခံစားရသည်။
ဤမြို့က သေးငယ်ပြီး ရိုးရှင်းသော်လည်း ဧကရီကို အဆွဲပြု၍ နာမည်ပေးထားခြင်း ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်က ဤမြို့ကို မူလန်မြို့တော်ဟု အမည်ပေးထားသော်လည်း အရှေ့ပိုင်းမြင်းစီးသူရဲကောင်းများက ထိုအရာကို သူတို့ဧကရာဇ်၏ အမျိုးသမီး ဧကရီမြို့တော်ဟု ခေါ်ဆိုကြ၏။
ထို့အပြင် အခြားသောသူများ၏ ခေါ်ဆိုပုံကိုလည်း အမြဲတစေ ပြုပြင်ပေးတတ်ကြ၏။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာက ဧကရီမြို့တော်ဟုပင် အမည်နာမ ဖြစ်တည်လာ၏။ ပုလဲနက် ပင်လယ်ဓားပြများက ဧကရီမြို့တော်၏ အမည်က မူလန်မြို့တော်ထက် ပိုမိုကာ ခန့်ညားသည်ဟု ခံစားရသည်။
စစ်ပွဲက နီးကပ်လာခဲ့ပြီ ဖြစ်သော်လည်း ရှမ့်လန်က ပြန်မလာသေးချေ။ သို့သော်ငြား ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ မြို့ထဲရှိ စစ်သည်နှစ်ထောင်တို့က ခိုင်မာသည့် စိတ်ဓာတ်မျိုးဖြင့် စစ်ပွဲအတွက် အစဉ်တစိုက် ပြင်ဆင်လျက် ရှိနေ၏။
.........................
ပီကျင်းမြို့တော်၏ ပင်လယ်ပြင်တွင်တော့ ...
“အလေးပြု..” အမိန့်ပေးသံနှင့်အတူ သင်္ဘောရာပေါင်းများစွာတို့က သူတို့၏အထူးအလံများကို တပြိုင်နက်တည်း လွှင့်တင်၏။ ရွက်တိုင်ပေါ်ရှိ သင်္ဘောသားအားလုံးက သူတို့၏အလံများကို ဝှေ့ယမ်းပြီး အလေးပြုကြ၏။
ပင်လယ်ဓားပြသင်္ဘောအားလုံးက သူတို့၏ အလံများကို နှိမ့်ချလိုက်ပြီး အသစ်များကို လွှင့်တင်ကြ၏။ အမြင့်ဆုံးတွင် ရှီလွန် တတိယအင်ပါယာ၏ အလံ၊ ထိုအရာ၏ နောက်တွင် တောင်ပိုင်း အစောင့်အရှောက် ဒီဘိုရာ၏ အလံနှင့် နောက်ဆုံးတွင်မှ သူတို့၏ ကိုယ်ပိုင်အလံများ ဖြစ်သည်။
“တောင်ပိုင်းနယ်မြေရဲ့ အစောင့်အရှောက် ရောက်လာပြီ။ အလေးပြုကြ။”
သင်္ဘောရာပေါင်းများစွာတို့က ကြီးကျယ်ခမ်းနားသည့် ရေတပ်အုပ်စုကြီးကို ကြိုဆိုရန် တန်းစီနေ၏။
အလွန်ပင် ခမ်းနားထည်ဝါသည့် မြင်ကွင်းပင်။ မိုင်ပေါင်းများစွာ ကျယ်ပြန့်သည့် ပင်လယ်ပြင်ထက်တွင် အမျိုးမျိုးသော သင်္ဘောများက စနစ်တကျ စီတန်းထားသည်။
သူတို့က အင်ပါယာ၏ တောင်ပိုင်းနယ်မြေ အစောင့်အရှောက် နယ်စားကြီး ဒီဘိုရာကို ကြိုဆိုနေကြခြင်းပင်။ ဤလောကကြီးက တကယ့်ကို လက်တွေ့ဆန်၏။ စုန်းအင်ပါယာနှင့် စစ်မဖြစ်မီက ဤပင်လယ်ပြင်ရှိ ပင်လယ်ဓားပြများ က နယ်စားကြီး ဒီဘိုရာကို လေးစားမှု ရှိကြသော်လည်း အဝေးမှသာ အလေးထားမှုကို ပြု၏။
သို့သော်ငြား လအနည်းငယ် ကြမ်းတမ်းသည့် တိုက်ပွဲများအပြီးမှာတော့ ရှီလွန် တတိယအင်ပါယာက မဟာဗျူဟာမြောက် အောင်ပွဲတစ်ခု ကို ရရှိခဲ့၏။ တောင်ပိုင်းတပ်တော်၊ အရှေ့ပိုင်းတပ်တော်၊ မြောက်ပိုင်းတပ်တော်နှင့် အနောက်ပိုင်းတပ်တော်တို့မှ တားစီး၍ မရနိုင်အောင်ပင် ကြမ်းတမ်းခဲ့သည်။
အထင်ရှားဆုံးက အရှေ့ပိုင်းတပ်တော်မှ မြို့စားကြီး ရပ်လ်ဆဲနှင့် တောင်ပိုင်းတပ်တော်မှ နယ်စားကြီး ဒီဘိုရာတို့ပင်။ ယခု စုန်အင်ပါယာက လုံးဝ ပျက်သုဉ်းသွားခဲ့ပြီဖြစ်ပြီး မြို့တော်ဖြစ်သည့် ဘုရင်မမြို့တော်သာ ကျန်ရှိခဲ့၏။ ထို့အပြင် စစ်သည်တစ်သန်းကျော်တို့က ဘုရင်မမြို့တော်ကို ဝန်းရံထားခဲ့ကြပြီး အချိန်မရွေး တိုက်ခိုက်နိုင်မည့် အနေအထားမျိုးလည်း ရှိ၏။
သူတို့ မတိုက်ရသေးသည့် အကြောင်းရင်းက ဆော်ရွှန်မင်းသား တောင်ဘက်ပိုင်းဆီသို့ ကြွချီလာသည်ကို စောင့်ဆိုင်းနေခြင်းပင်။ ဆော်ရွှန်မင်းသားက ဘုရင်မမြို့တော်ကို ဖျက်ဆီးပြီးမှ နန်းတက်မည်ဟု အမိန့် ထုတ်ပြန်ထား၏။ ဘုရင်မမီဒူဆာ အနေနှင့် သူ့ထံတွင် ဒူးထောက်တောင်းဆိုပါက မိဖုရား ဖြစ်လာနိုင်မည်။ မဟုတ်ပါက အသေခံရမည်။
ထို့ကြောင့် စစ်ပွဲပြီးဆုံးလုနီးပါး ဖြစ်နေပြီး ဆော်ရွှန်မင်းသားနှင့် ဘုရင်မ မီဒူဆာတို့၏ အဆုံးအဖြတ် တိုက်ပွဲကိုသာ စောင့်ဆိုင်းနေကြ၏။ အထွတ်အထိပ်သို့ ရောက်ရှိချိန်မှာတော့ စုန်းအင်ပါယာက စတုရန်း ကီလိုမီတာ လေးသန်းကျော် ကျယ်ဝန်း၏။ စစ်ပွဲစတင်ပြီး နောက်ထပ် နှစ်ဝက်မပြည့်ခင်မှာပဲ လုံးဝ ပျက်စီးသွားခဲ့ရ၏။
မြို့စားကြီးရပ်လ်ဆဲက စတုရန်းကီလိုမီတာ ၁.၆သန်းကို သိမ်းပိုက်ခဲ့ပြီး နယ်စားကြီး ဒီဘိုရာကတော့ ၁.၂သန်း ကို သိမ်းပိုက်ခဲ့၏။ သူတို့က စုန်းအင်ပါယာ၏ ရေတပ်ငါးခုကိုလည်း ချေမှုန်းနိုင်ခဲ့၏။ ထို့ကြောင့် နယ်စားကြီး ဒီဘိုရာက ကျောက်စိမ်းလှိုင်းပြည်နယ်၏ အုပ်ချုပ်သူသာမက အင်ပါယာ၏တောင်ပိုင်း အစောင့်အရှောက် ခေါင်းဆောင်လည်း ဖြစ်သည်။
သူမ၏ လက်အောက်တွင် စစ်သည် နှစ်သိန်းကျော် ရှိနေပြီး အခြားသော လက်နက်ချလာသည့် မြို့များနှင့်ပါ ဆိုပါက သူမ၏ စစ်သည်အင်အားက ငါးသိန်းပင် ကျော်သွားခဲ့သည်။ မူလက သူမ၏ လက်အောက်တွင် စစ်သည် ငါးသောင်းသာ ရှိသော်လည်း ယခု ပီကျင်းမြို့တော်သို့ သူမ၏လူများ မရောက်ရှိခင်မှာပင် ပင်လယ်မိုင် ၅၀၀ အတွင်း ပင်လယ်ဓားပြ အားလုံးက လက်နက်ချခဲ့ပြီး ရှီလွန် တတိယအင်ပါယာ၏ ရေတပ်သားများ ဖြစ်လာခဲ့ကြ၏။ ထို့ကြောင့် သူမ၏လက်အောက်ရှိ ရေတပ်အင်အားက ရုတ်တရက် နှစ်သိန်းကျော်သွားခဲ့ခြင်းပင်။
“ဝူး.... ဝူး... ဝူး... “
ခရုသင်းသံများက မျိုးစုံ ထွက်ပေါ်နေ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ဆိပ်ကမ်းတွင်တော့ မီးနတ်ဘုရား၏ နတ်ဆရာက မီးရှူးမီးပန်းများကို ထွန်းညှိ၏။ နယ်စားကြီး ဒီဘိုရာ၏ ခမ်းနားသည့် ပင်မသင်္ဘောကြီးက ဆိပ်ကမ်းသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။
တကယ့်ကို ရဲရင့်ပြီး ဖြတ်လတ်သည့် အမျိုးသားတစ်ဦးက ဆိပ်ကမ်းပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်လို့နေ၏။ သူက အရပ်ခြောက်ပေခွဲကျော် မြင့်မားပြီး တောင်တစ်လုံးကဲ့သို့ ထည်ဝါ၏။
နယ်စားကြီး ဒီဘိုရာက ပြောသည်။ “ဦးလေး အော်စတင်.. ပင်ပန်းသွားပြီ။”
အော်စတင်ရော့ဆိုက ရှီလွန်တတိယအင်ပါယာ၏ မြို့စားကြီး၊ အစွမ်းထက်သည့် မြင်းစီး သူရဲကောင်း တစ်ဦးပင်။ သူက နယ်စားကြီး ဒီဘိုရာထက် ၁၀ နှစ်ခန့် ပိုကြီးပြီး ပြင်ပလောကတွင် လှည့်လည်သွားလာ လေ့ကျင့်နေသူပင်။ သူက မိမိ၏ ကိုယ်ပိုင်သိုင်းပညာကို အလေးထားသူ ဖြစ်ပြီး များစွာလည်း ဂုဏ်သတင်း ကြီးမားသည်။
အမှန်စင်စစ် သူ၌ ကြီးကျယ်သည့် ဂုဏ်သတင်းနှစ်ခု ရှိ၏။ တစ်ခုက သူက မျိုးစေ့ ချေးငှားရာကျွန်းသို့ သွားရောက်ပြီး နှစ်ကြိမ်လုံး အမေဇုန်နတ်ဘုရားမများ၏ မျက်နှာသာပေးမှုကို ရရှိကာဖြင့် သူ၏ မျိုးစေ့များကို အမေဇုန်မျိုးနွယ်စု မျိုးဆက်ပြန့်ပွားရေးအတွက် ချေးငှားနိုင်ခဲ့ခြင်းပင်။
ဤအချက်ကို အထင်မသေးနှင့်။ ဤသည်က တစ်လောကလုံးတွင် ဂုဏ်ယူဝင့်ကြွားနိုင်သည့် အောင်မြင်မှုမျိုး ဖြစ်သည်။ အကြောင်းက အမေဇုန် ဘုရင်မနိုင်ငံတော်၏ မျိုးဆက်ပြန့်ပွားရေးပွဲတွင် ဤတိုက်သစ်တစ်ခုလုံးမှ အစွမ်းထက်ဆုံးသော အမျိုးသားများ လာရောက်ကြ၏။
မြို့စားကြီးရပ်လ်ဆဲနှင့် မြို့စားကြီး ဟောလ်ပင်လျှင် သွားရောက်ခဲ့ဖူး၏။ ဤမြို့စားကြီး အော်စတင်က မိသားစုကို စွန့်ခွာခဲ့သည်မှာ ကြာပြီဖြစ်သည်။ မြို့စားဂုဏ်ထူးလောက်ကို မနှစ်သက်သောကြောင့်ပေ။
သူက နယ်စားကြီး ရော့ဆို ဖြစ်လာနိုင်သည်ဟု ယုံကြည်ခဲ့သော်လည်း သူ၏ ဖခင်က အမွေဆက်ခံခွင့် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့၏။ သူက နယ်စားဘွဲ့ကို ဆက်ခံခွင့် ဆုံးရှုံးခဲ့၏။ နယ်စားကြီး ဒီဘိုရာ မိသားစုကို ဆက်ခံချိန်တွင် သူက ပို၍ ဒေါသထွက်ခဲ့၏။ သူက ဒီဘိုရာထက် ပို၍ အစွမ်းထက်သည်ဟု ခံစားရပြီး သူမ၏ အမိန့်ကို နာခံရန် မလိုလားချေ။
သို့သော်ငြား လအနည်းငယ်အကြာက ဒီဘိုရာက အော်စတင်ထံသို့ ကိုယ်တိုင်ကိုယ်ကျ စာရေးသားပြီး ပီကျင်းမြို့၏အုပ်စိုးသူ နှင့် အနာဂတ် ကျောက်စိမ်းလှိုင်းပြည်နယ်၏ နယ်စားကြီးဖြစ်လာရန် ကမ်းလှမ်းခဲ့၏။ ရှီလွန် တတိယအင်ပါယာ တည်ထောင်ချိန်တွင် အော်စတင်က ရော့ဆိုမိသားစု၏ ဒုတိယမြောက် နယ်စားကြီး ဖြစ်လာမည်။ ထို့ကြောင့် အစွမ်းထက်သည့် မြို့စားကြီး အော်စတင် ပြန်လာခဲ့ခြင်းပင်။
မြို့စားကြီး အော်စတင်က ပြုံးကာ မေး၏။ “ငါ့တူမလေး၊ မင်းကို 'ဘရွတ်' လို့ပဲ ခေါ်ရမလား၊ ဒါမှမဟုတ် တောင်ပိုင်းနယ်မြေရဲ့ အစောင့်အရှောက်လို့ပဲ ခေါ်ရမလား။”
နယ်စားကြီး ဒီဘိုရာက ရှေ့သို့တိုး၏။ သူမက သူမ၏ ဦးလေးကို နှုတ်ဆက်၏။ “ဘရွတ်လို့ပဲခေါ်ပါ ဦးလေး။ ကျွန်မရဲ့ဦးလေး... ဦးလေးက အသက် ၃၉ နှစ် ရှိနေပြီ။ ဘာလို့ ကျွန်မရဲ့အဒေါ်ကို မတွေ့ရသေးတာလဲ။ ဦးလေးက အင်ပါယာရဲ့ အနာဂတ် နယ်စားကြီးလေ။ အမွေဆက်ခံသူ မရှိရင် မကောင်းဘူး။”
မြို့စားကြီး အော်စတင်က ပြော၏။ “မတတ်နိုင်ဘူး။ ဒီလောကထဲမှာ ငါနဲ့ ထိုက်တန်တဲ့ မိန်းမ မရှိသေးသလိုပဲ။ ငါက အမေဇုန်ဘုရင်မ အီဒါကို လိုချင်တာပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူက လက်ထပ်မှာ မဟုတ်ဘူး။ မျိုးဆက်ပြန့်ပွားရေး အခမ်းအနား နှစ်ခုလုံးမှာတောင် ပေါ်မလာခဲ့ဘူး။ ငါက အခြား ဘုရင်မ တစ်ပါးကိုလည်း သဘောကျနေသေးတယ်။”
ဤနေရာသို့ ရောက်ရှိချိန်မှာတော့ နယ်စားကြီးဒီဘိုရာ၏ လှပသည့် မျက်နှာထက်တွင် အပြုံးများ ရှိနေဆဲ ဖြစ်သော်လည်း သူမ၏မျက်လုံးများက ရုတ်တရက် အေးစက်သွား၏။ ဘုရင်မ မီဒူဆာက ယခု မင်းသာဆော်ရွှန်၏ သီးသန့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားခဲ့ပြီး ထိုအရာကို မည်သူမှ ပိုင်ဆိုင်လိုသည်ဟု ပြောခွင့်မရှိချေ။
“ဟား ဟား ဟား...”
မြို့စားကြီး အော်စတင်က ရယ်မောသည်။ “ဘရွတ်ကလည်း ထူးချွန်တဲ့ မိန်းမတစ်ယောက်ပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းက ငါ့တူမ ဖြစ်နေတယ်။ ဒါကြောင့် အခု ငါနဲ့ ထိုက်တန်တာ နှစ်ယောက်ပဲ ရှိတော့တယ်။”
နယ်စားကြီး ဒီဘိုရာက မေး၏။ “ဒီနှစ်ယောက်က ဘယ်သူတွေလဲလို့ မေးပါရစေ။ ဦးလေးအတွက် ကျွန်မ တောင်းရမ်းပေးပါ့မယ်။”
အော်စတင်က ပြောသည်။ “တစ်ယောက်က အမေဇုန် ဘုရင်မနိုင်ငံတော်က မင်းသမီး ဒိုဟာ၊ နောက်တစ်ယောက်ကတော့ မင်းသမီး ဟယ်လင်ပဲ။”
နယ်စားကြီးဒီဘိုရာက သူမ၏ ပုခုံးကို တွန့်ပြ၏။ “ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး ဦးလေး။ မင်းသမီး ဒိုဟာက မိသားစုပြင်ပက လူနဲ့ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။ မင်းသမီး ဟယ်လင်ကတော့ ပျောက်ဆုံးနေတာ ကြာပြီ။ ပြီးတော့ သူ့မှာ ပုန်ကန်တဲ့ ဘုရင်မရဲ့ သွေးပါနေတော့ ကျွန်မတို့ မိသားစုက သူနဲ့ မပတ်သက်တာ ပိုကောင်းတယ်။”
အော်စတင်က ပြောသည်။ “မကြာခင်မှာ အမေဇုန်မျိုးနွယ်စုရဲ့ မျိုးဆက်ပြန့်ပွားရေး အခမ်းအနား ရောက်တော့မယ်။ ဒီတစ်ခါ မင်းသမီး ဒိုဟာ လာလိမ့်မယ်လို့ မျှော်လင့်မိတယ်။ လက်မထပ်ချင်ရင်တောင် အနည်းငယ်လောက် ပျော်ပါးရရင်လည်း ကျေနပ်ပါပြီ။”
နယ်စားကြီးဒီဘိုရာနှင့် မြို့စားကြီး အော်စတင်တို့က မြင်းကိုယ်စီ စီးနင်းပြီး မြို့ထဲသို့ ချဉ်းနင်း ဝင်ရောက် လာ၏။ လမ်းတစ်လျှောက်တွင်တော့ မရေတွက်နိုင်သည့် လူပေါင်းများစွာတို့က ဒူးထောက်ကာ အလေးပြု၏။ ဗီတာမျိုးနွယ်ဖြစ်စေ၊ ကျွန်များဖြစ်စေ အားလုံးက မြေပြင်ပေါ်တွင် ဝပ်ဆင်းကာဖြင့် သူတို့၏ မြင့်မြတ်သည့် အရှင်သခင်ကို ကြိုဆိုနေကြ၏။
တောင်ထိပ်ပေါ်ရှိ ရဲတိုက်ကို ဝင်ရောက်ပြီးနောက် သက်လတ်ပိုင်းအရွယ် မိန်းမစိုး တာလွန်က လူထောင်ပေါင်းများစွာကို ဦးဆောင်ကာ အရိုအသေပေးလျက် ရှိသည်။
“အိမ်ပြန်လာတာကို ကြိုဆိုပါတယ် အရှင်။ အနာဂတ်အရှင်ကို ကြိုဆိုပါတယ်။”
လူတိုင်းက ဒီဘိုရာ၏ အဆင့်အတန်း ပြောင်းလဲသွားသည်ကို ခံစားမိ၏။ ရော့ဆိုမိသားစုက ယခင်ကကဲ့သို့ မဟုတ်ဘဲ ပိုမိုကာ မြင့်မြတ် အစွမ်းထက်လာသကဲ့သို့ပင်။
....................
စာကြည့်ခန်း၏ အတွင်းမှာတော့ သက်လတ်ပိုင်းအရွယ် မိန်းမဆိုး တာလွန်က ပြော၏။ “အရှင်... အင်ပါယာရဲ့ တောင်ပိုင်း ရေတပ်မှူး သွေးသောက်ဘာရွန်က အရှင့်ကို တွေ့ခွင့်တောင်းနေပါတယ်။”
မည်သည့် အင်ပါယာ တပ်မှူးနည်း။ ထင်ရှားသည့် ပင်လယ်ဓားပြခေါင်းဆောင် တစ်ဦးသာ ဖြစ်၏။ ခဏအကြာမှာပဲ ပင်လယ်ဓားပြခေါင်းဆောင် ဘာရွန်က ဝင်လာပြီး ဒူးထောက်ကာ ဂါရဝပြုသည်။ “နှုတ်ခွန်း ဆက်သပါတယ်။ ဘာရွန် ရှောမန်လိုပါ။”
“မန်လိုမိသားစုကလား။”
နယ်စားကြီး ဒီဘိုရာက မေး၏။ “ကျွန်မ မှတ်မိသလောက်ဆိုရင် ရှင်က အပြာရောင်လှိုင်းနယ်မြေက မြို့စား မန်လိုရဲ့ မျိုးဆက် ဖြစ်ရမယ်။ ဒါပေမဲ့ ဒုတိယအင်ပါယာ လက်ထက်မှာ ဘုရင်မကို ပုန်ကန်လို့ ဘွဲ့ထူးတွေ ရုပ်သိမ်းခံရပြီး မျိုးဆက်ပြတ်လုနီးပါး ဖြစ်ခဲ့တယ် မဟုတ်လား။”
သွေးသောက်ဘာရွန်က ပြောသည်။ “ဟုတ်ပါတယ် အရှင်။ တောင်ပိုင်းမှာ ခြေကုပ်ယူနိုင်ဖို့အတွက် ပုန်ကန်တဲ့ဘုရင်မက လူဦးရေအများဆုံးဖြစ်တဲ့ ဗီတာမျိုးနွယ်တွေနဲ့ပူးပေါင်းပြီး အဲဒီလူတွေကိုပဲ ရာထူးကြီး တွေ ပေးခဲ့ပါတယ်။ ကျုပ်ရဲ့ မန်လိုမိသားစုက စတေးခံလိုက်ရတာပါ။”
မျိုးနွယ်မြင့် တော်ဝင်မျိုးဆက် ပီသ၏။ ပင်လယ်ဓားပြ ခေါင်းဆောင်တစ်ဦး ဖြစ်နေသော်လည်း တော်ဝင်မျိုးနွယ်တို့၏ အစဉ်အလာကို တိကျစွာ လိုက်နာနေ၏။
နယ်စားကြီး ဒီဘိုရာက မေးသည်။ “ဘာရွန်မန်လို... ရှင် ကျွန်မကို သစ္စာစောင့်သိပြီး ကျွန်မတို့ ရပ်လ်ဆဲ မိသားစုရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိရဲ့လား။”
“ဒါ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ အရှင်။”
နယ်စားကြီး ဒီဘိုရာက သူမ၏ ဖြူစင်သည့် လက်ကို ကမ်းပေး၏။ သွေးသောက်ဘာရွန်က ရှေ့သို့တိုးပြီး သူမ၏ လက်စွပ်ကို နမ်းရှိုက်၏။ ယခုမှစ၍ ဤသွေးသောက်ဘာရွန်၏ရေတပ်က နယ်စားကြီး ဒီဘိုရာ၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့၏။
အပိုင်း (၈၂၈)
အနောက်လောကတွင် လူတစ်ယောက် တန်ခိုးကြီးလာပါက သူနှင့် ပတ်သက်သူအားလုံးက အခွင့်အရေးများ ရရှိကြစမြဲပင်။ ရှီလွန် တတိယအင်ပါယာ တည်ထောင်တော့မည်။ ဆော်ရွှန်မင်းသား၏ အင်အားက ရှီလွန် ဧကရာဇ်နှင့်ပင် နှိုင်းယှဉ်ရနိုင်သည့် ပုံ၏။
ထို့ကြောင့် တတိယအင်ပါယာက ဒုတိယအင်ပါယာထက် များစွာ အစွမ်းထက်ပြီး ပထမအင်ပါယာ၏ ဂုဏ်ကျက်သရေ ကိုပင် ပြန်လည် ရရှိနိုင်ပေမည်။ နယ်စားကြီး ဒီဘိုရာက ဤနိုးထမှု၏ အကြီးမားဆုံးသော အကျိုးခံစားခွင့်ရှိသူ ဖြစ်ပြီး မရေတွက်နိုင်သည့် သူရဲကောင်းများနှင့် စစ်သည်များက သူမထံတွင် ခိုလှုံရန် ရောက်ရှိလာသည်။
နယ်စားကြီးဒီဘိုရာက ရယ်မော၏။ “သစ္စာရှိတဲ့တာလွန်... ငါ မရှိတဲ့ အချိန်မှာ မင်းက မင်းရဲ့ မိန်းမစိုးလေးတွေကိုပဲ သင်တန်းပေးနေရင်းနဲ့ အချိန်ဖြုန်းမနေသင့်ဘူးလို့ ထင်တယ်။”
သက်လတ်ပိုင်းအရွယ် မိန်းမစိုး တာလွန်က ပြောသည်။ “အရှင်... အရှင်က အရှင့်ရဲ့ သစ္စာအရှိဆုံး အစေခံကို စွပ်စွဲနေပါပြီ။ ကျုပ်ပင်ပန်းလွန်းလို့ ကိုယ်အလေးချိန် ၀.၃ ပေါင်တောင် ကျသွားတာကို အရှင် မမြင်ပါလား။”
ဒီဘိုရာက မေး၏။ “ဒါဆိုရင် ဟိုအရေးမပါတဲ့ ရန်သူအကြောင်းကို ရှင် ဘာသတင်းတွေ ရထားလဲ။”
တာလွန်က ပြောသည်။ “အဲဒီလူ နာမည်က ရှမ့်လန်တဲ့။ သူက မြို့ငယ်လေးတစ်မြို့ကို ပိုင်တယ်။ အိုး ကောင်းကင်ဘုံ... ဒီမြို့က ဘယ်လောက်တောင် ရုပ်ဆိုးပြီး ရွံစရာကောင်းသလဲ ဆိုတာ ကျုပ် မပြောပြတတ် တော့ဘူး။ နတ်ဘုရားတွေက ဒါကို ဘယ်လိုများ ကြည့်နေရတာလဲ။ ဒီလောက် ရုပ်ဆိုးတဲ့ မြို့မျိုး လောကမှာ မရှိသင့်ဘူး။ သူ့မှာ အလုပ်ကြိုးစားလွန်းတဲ့ လူပေါင်းတစ်ထောင်ရှိပြီး တိုက်ပွဲဝင်နိုင်တဲ့ စစ်သည် နှစ်ထောင် ရှိတယ်။ ဒါက လွဲရင် ဘာမှ မဟုတ်ပါဘူး။”
ဒီဘိုရာက မေး၏။ “သူ တည်ဆောက်ထားတဲ့ မြို့က တကယ့်ကို ရုပ်ဆိုးတာလား။”
တာလွန်က ဖြေသည်။ “လူတွေကို မျက်စိကန်းစေနိုင်လောက်တဲ့ထိ ရုပ်ဆိုးတယ်။ ပြီးတော့ သူက အဲဒီမြို့ကို ဧကရီမြို့တော်လို့တောင် အမည်ပေးထားသေးတယ်။ အရှင်... ရှမ့်လန်က သူ့မိန်းမကို ဘယ်လောက်တောင် မုန်းသလဲဆိုတာ ကျုပ် မခန့်မှန်းနိုင်ဘူး။ သူ့မိန်းမက ဒီမြို့လိုပဲ အရုပ်ဆိုးလို့ ဖြစ်လိမ့်မယ်။”
“ဧကရီမြို့တော်လား။” ဒီဘိုရာက ဇဝေဇဝါ ဖြစ်သွား၏။
တာလွန်က ပြောသည်။ “ကျုပ်မေ့သွားလို့။ ဒီအရှေ့တိုင်းသား ရှမ့်လန်က ကိုယ့်ကိုယ်ကို အနာဂတ် လူသား ဧကရာဇ်လို့ ကြေညာထားတယ်။ ဒီသတင်းကို ကြားပြီးတဲ့နောက်မှာ ကျုပ် နားတွေတောင် ၃ ရက်လောက် ထိုင်းသွားမိတယ်။ အိုး ကျုပ်ရဲ့ မီးနတ်ဘုရားကြီး... အရှေ့တိုင်းသားတွေရဲ့လောကမှာ နေရာတိုင်း ဘုရင်တစ်ပါး ရှိနေသလားတောင် တွေးမိတယ်။ မြို့လေးတစ်မြို့ ရှိနေတာနဲ့ ဧကရာဇ်လို့ ခေါ်တော့မလို့လား။ ဒါက တစ်လောကလုံးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာပဲ။
အရှင် စဉ်းစားကြည့်ပါအုံး။ လူရွှင်တော်တစ်ယောက်က သရဖူစောင်းပြီး လောကရဲ့ အရုပ်ဆိုးဆုံးမြို့မှာ နေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ဧကရာဇ်လို့ ခေါ်နေတယ်။ ဟား ဟား ဟား...။ ဒီလောကကြီးထဲမှာ မင်းသားဆော်ရွှန်တစ်ပါးတည်းကပဲ ကြီးမြတ်တဲ့ လူသားဧကရာဇ်ပါ။
ရှမ့်လန် ဆိုတာက ရုပ်ချောတဲ့ လူရွှင်တော် တစ်ယောက်ပဲ။ ဆော်ရွှန်ဧကရာဇ်နဲ့ နှိုင်းယှဉ်ရင် သူက တောက်ပတဲ့ အမွှေးတောင်တွေ တပ်ထားတဲ့ ကြက်ဖလေးတစ်ကောင်လိုပဲ။ ဒါမှမဟုတ် ခေါင်းတစ်လုံးပါတဲ့ မြွေအဖြစ် ဟန်ဆောင်ထားတဲ့ တီကောင်လိုပေါ့။ ဆော်ရွှန်မင်းသားကတော့ ကောင်းကင်မှာ ပျံဝဲနေတဲ့ သိမ်းငှက်။ ဒါမှမဟုတ် ကောင်းကင်မှာ ဝဲပျံနေတဲ့ နဂါးတစ်ကောင်ပါပဲ။ သရဖူဆောင်းထားတဲ့ ကြက်ဖလေး တစ်ကောင်။ ဒီမြင်ကွင်းကို ကျုပ် ပုံဆွဲရမယ်။ သိပ်ပြီး ရယ်စရာ ကောင်းလွန်းလို့ပါ။”
သက်လတ်ပိုင်းအရွယ် မိန်းမစိုး တာလွန်က ရယ်မောရလွန်းသောကြောင့် ဝမ်းဗိုက်ကို နှိပ်ကာ မတ်မတ်ပင် မရပ်နိုင်တော့ချေ။
ဒီဘိုရာက မျက်မှောင်ကြုတ်လိုက်၏။ “ဒါပေမဲ့ သူ့ရဲ့ရုပ်ဆိုးတဲ့မြို့က ငါ့ရဲ့ပိုင်နက်ပေါ်မှာ ရှိနေတာ။ ဒါကြောင့် ရပ်လ်ဆဲမိသားစုရဲ့ ဂုဏ်သိက္ခာကို စော်ကားတာ။ ငါ့အတွက် ရှက်ရွံ့စရာပဲ။”
မြို့စားကြီး အော်စတင်က ပြောသည်။ “ဒါဆိုရင် ဒီအရှက်တရားကို သွေးနဲ့ ဆေးကြောပစ်လိုက်မယ်။”
ဒီဘိုရာက အမိန့်ပေး၏။ “စစ်သည်တစ်သိန်း စေလွှတ်လိုက်။ ပြီးတော့ ရှမ့်လန်ရဲ့ ဟိုရုပ်ဆိုးတဲ့မြို့ထဲက လူတိုင်းကို သတ်ပစ်။ မြက်ပင်တစ်ပင်၊ သစ်ပင်တစ်ပင်တောင် မကျန်စေနဲ့။ မြို့ကို မီးရှို့ပြီးတော့ ပြာအဖြစ် ပြောင်းလဲလိုက်။ အဲဒီမြို့ မရှိခဲ့သလို ဖြစ်သွားစေရမယ်။”
အော်စတင်က ပြောသည်။ “ဒီရှမ့်လန်က တစ်ခါတုန်းက မီးရှို့သတ်တာကနေ လွတ်မြောက်သွားခဲ့ဖူးတယ် မဟုတ်လား။”
ဘေးတစ်ဖက်ရှိ မီးနတ်ဘုရား နတ်ဆရာက ပြော၏။ “ဒါက အရှေ့တိုင်းသားတွေရဲ့ လှည့်ကွက်ပါပဲ။ မီးဒဏ် ခံနိုင်တဲ့ အဝတ်အစားတွေကို ဝတ်ပြီး အခွင့်ကောင်းယူ ပင်လယ်ထဲ ခုန်ချပြီး ထွက်ပြေးသွားတာ။ ဒါက တန်ခိုးပြတာ မဟုတ်ဘူး။ လမ်းဘေးက အဆင့်နိမ့် မျက်လှည့်ဆရာတွေလို လှည့်ကွက်တစ်ခုကို အသုံးပြု သွားတာပဲ။”
ဒီဘိုရာက ပြောသည်။ “ဒါဆိုရင် ဒီတစ်ခါတော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အရင်ဆုံး ဆေးကြော၊ အဝတ်အစားတွေကို ချွတ်၊ ဆီတွေလောင်းချပြီး တစ်ခါတည်း ခန္ဓာကိုယ်ကို မီးရှို့ကြည့်။ မီးထဲက ထပ်ပြီး ထွက်ပြေးနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့။ ဟား ဟား ဟား...”
“ဖြောင်း... ဖြောင်း... ဖြောင်း...”
တာလွန်က လက်ခုပ်တီးလိုက်၏။ “ဒါထက်ကောင်းတာ မရှိတော့ဘူး။ အဲဒီ မြင်ကွင်းကို ကျုပ် တကယ်ပဲ မျှော်လင့်နေပြီ။”
“ကျောက်စိမ်းလှိုင်းကျွန်းဆိုတာ ငါ့မိသားစုရဲ့ ပိုင်နက်ပဲ။ စွန့်ပစ်ထားခဲ့ရင်တောင်မှ ငါ့ပိုင်နက် ဖြစ်နေတုန်းပဲ။ အခု အရှေ့တိုင်းသားက ငါ့ရဲ့ပိုင်နက်ထဲမှာ မြို့တည်တာက ငါ့ရဲ့ ထမင်းကန်ထဲကို ယင်ကောင် လာနား သလိုပဲ။ ငါ တစ်ရက်တောင် မစောင့်နိုင်တော့ဘူး။ နောက်သုံးရက်ကြာရင်တော့ စစ်သည် တစ်သိန်း စေလွှတ်ပြီး ဒီမြို့ကို မြေလှန်ပစ်မယ်။ လူတိုင်းကို အပြတ်ရှင်းပစ်မယ်။"
"အမိန့်တော်အတိုင်းပါပဲ။”
...............
အမေဇုန်ဘုရင်မ နိုင်ငံတော်တွင်တော့ နားကွဲလုမတတ် အသံကြီးက ရုတ်တရက် ရပ်တန့်ပြီး နောက်ဆုံးစက္ကန့် က ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ သူတို့ရှေ့ရှိ ဧရာမ သံလုံးကြီး၏ အလင်းရောင်က လုံးဝ မှေးမှိန်သွားခဲ့ပြီး ယခင်ကကဲ့သို့ အေးစက်သည့် အသွင်သို့ ပြန်လည်ရောက်ရှိနေ၏။ ရှမ့်လန်က အလွန် မောပန်း နွမ်းနယ်သွားခဲ့သောကြောင့် မြေပြင်ပေါ်တွင် ပုံလျက်သားလဲကျပြီး သတိလစ်လုနီးပါးပင် ဖြစ်လို့နေသည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ကို အပေါ် တွဲခေါ်ပေးပါအုံး”
ဘုရင်မအီဒါက တုန်တုန်ယင်ယင်ဖြင့် မေးသည်။ “အောင်မြင်သွားပြီ မဟုတ်လား။”
“ဟုတ်တယ်။ အောင်မြင်သွားခဲ့ပြီ။”
ရှမ့်လန်က ဖြေလိုက်၏။ “နောက်ထပ် ပေါက်ကွဲမှာ မဟုတ်တော့ဘူး။ ဧရာမ ပိရမစ်ကြီးကို ကယ်တင်နိုင်ခဲ့ပြီ။ ကဲ... ကြောင်တောင်တောင် လုပ်မနေနဲ့။ ကျုပ်ကို အပေါ်ကို တွဲခေါ်အုံး။ ကျုပ် အသက်ရှူကျပ်နေပြီ။”
အီဒါက ရှမ့်လန်ကို ပွေ့ချီပြီး အပြင်ဘက်သို့ ပြေးထွက်လိုက်သည်။
...............
မိနစ်အနည်းငယ် အကြာမှာပဲ ဘုရင်မအီဒါက ရှမ့်လန်ကို ပိရမစ်ကြီး၏ထိပ်သို့ ပွေ့ချီသွားခဲ့၏။
“နောက် ဘာအန္တရာယ်မှ မရှိတော့ဘူး မဟုတ်လား။” ဘုရင်မအီဒါက မေးသည်။
ရှမ့်လန်က ဖြေ၏။ “ကျုပ်က လျှို့ဝှက်နံပါတ် နှစ်ခုလုံးကို ပြောင်းလိုက်ပြီ။ ပြီးတော့ အိမ်မက်ဆိုး ကျောက်တုံး ကိုလည်း ပြုပြင်ခဲ့ပြီးပြီ။ ဒါကြောင့် ပိရမစ်ကြီးက လုံးဝ ဘေးကင်းသွားခဲ့ပြီ။ ထပ်ပြီး ပေါက်ကွဲတာမျိုး၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တာမျိုး မရှိတော့ဘူး။”
ဘုရင်မအီဒါက မြောက်ဘက်ရှိ မြေပြင်ကို လှမ်းကြည့်၏။ ဧရာမပိရမစ်ကြီးကို ကယ်တင်နိုင်ခဲ့သော်လည်း မြောက်ဘက်ရှိ ပိရမစ်ငါးခုက ပေါက်ကွဲပျက်စီးသွားခဲ့၏။ မရေတွက်နိုင်သည့် စားကျက်မြေများ၊ ဂျုံခင်းများ၊ တောင်တန်းများနှင့် တောအုပ်များက ပျက်စီးသွားခဲ့၏။ အမေဇုန်နိုင်ငံတော်၏ လေးပုံတစ်ပုံခန့်သော မြေရာများ၊ သုံးပုံတစ်ပုံခန့်သော စားကျက်မြေများနှင့် ဂျုံခင်းများက ပျက်စီးသွားခဲ့သည်။
ကပ်ဘေး... အလွန်ကြီးမားသည့် ကပ်ဘေးကြီးပင်။ ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်ကို သတ်ဖြတ်ရန် စီစဉ်ထားသောကြောင့် လူအများစုက ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းပင်။ မဟုတ်ပါက လူသေဆုံးမှု တစ်သောင်းကျော် အထိ ရှိနိုင်၏။ ဤသည်က ကပ်ဆိုးထဲမှ ကံကောင်းခြင်းပင်။ ဧရာမ ပိရမစ်ကြီး တည်ရှိနေသရွေ့၊ အစွမ်းထက်သည့် အမျိုးသမီး စစ်သည်တော်များ ရှိနေသရွေ့ အမေဇုန်နိုင်ငံတော်က ဆက်လက် တည်ရှိနေဦးမှာပင်။
ဘုရင်မအီဒါက ပြော၏။ “ဒါက သဘာဝဘေးအန္တရာယ် မဟုတ်ဘဲ လုပ်ကြံဖန်တီးထားတဲ့ ပူးပေါင်းကြံစည်မှု တစ်ခုလား။”
“ဟုတ်ပါတယ်။”
ရှမ့်လန်က ပြောသည်။ “ဒါက အချိန်အတော်ကြာကတည်းက စနစ်တကျ ကြံစည်ထားတဲ့ အမေဇုန်နိုင်ငံတော် ကို ဖျက်ဆီးပစ်ဖို့ လုပ်ဆောင်နေတဲ့ ပူးပေါင်းကြံစည်မှုပဲ။”
ပြီးနောက် ရှမ့်လန်က ပြော၏။ “ဘုရင်မ... အမေဇုန်နိုင်ငံတော် ပျက်စီးတော့မယ် ဆိုတာကို ကျုပ်သိရက်နဲ့ ဘာလို့ ကြိုတင် မကယ်တင်ခဲ့တာလဲ ဆိုတာကို ထူးဆန်းနေလိမ့်မယ်။ လေးပုံတစ်ပုံလောက် ပျက်စီးသွားတဲ့အထိ ဘာလို့စောင့်ကြည့်နေတာလဲလို့ပေါ့။”
ဘုရင်မအီဒါက ပြောသည်။ “ပထမအချက်... ရှင်က ကျွန်မတို့ကို ကယ်တင်ပေးဖို့ ဘာတာဝန်မှ မရှိဘူး။ ဒုတိယအချက် နောက်ဆုံးမိနစ်မှာ ရှင်က ရှင်ရဲ့အသက်နဲ့ရင်းပြီး ဧရာမ ပိရမစ်ကြီးနဲ့ ကျွန်မရဲ့ နိုင်ငံတော်ကို ကယ်တင်ခဲ့တယ်။”
ရှမ့်လန်က ပြော၏။ “ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မသိရင် စိတ်ထဲမှာ တစ်ခုခု ကျန်နေနိုင်တယ်။ တကယ်တော့ ဒါက ကွင်းဆက်တုံ့ပြန်မှု တစ်ခုပဲ။ မြောက်ဘက်က အိမ်မက်ဆိုးတောင်ရဲ့ မီးတောင်ပေါက်ကွဲတာ၊ ပင်လယ်ပြင် ငလျင်လှုပ်တာတွေကြောင့် ငလျင်လှိုင်းတွေက အမေဇုန်ကျွန်းဆီကို ရောက်လာတယ်။ မြောက်ဘက် က ပိရမစ်ငယ်လေးတွေရဲ့ စွမ်းအင်ဗဟိုချက်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမယ့် အစီအစဉ်ကို အရင် စတင်လိုက်တယ်။ ပြီးတော့ ဒုတိယ၊ တတိယ... နောက်ဆုံး ဧရာမ ပိရမစ်ကြီးဆီ ရောက်လာတာပဲ။
မြောက်ဘက်က အိမ်မက်ဆိုးတောင်ကတော့ မပေါက်ကွဲဘူးဆိုရင် ပိရမစ်တွေရဲ့ မြေအောက် စွမ်းအင် ဗဟိုချက်က ပွင့်လာမှာ မဟုတ်ဘူး။ ကျုပ်တို့ ကြိုပြီးဝင်လို့ မရဘူး။ ဒါကြောင့် ကြိုတင် မကာကွယ် နိုင်ခဲ့တာပဲ။ ဘုရင်မ... ဒီပိရမစ်တွေရဲ့ မြေအောက် အစိတ်အပိုင်းက ဘယ်လောက်တောင် ခိုင်ခံ့လဲ ဆိုတာ ဘုရင်မလည်း မြင်ခဲ့တယ်။ ဘယ်လူသားမှ ဒါကို ဖွင့်လို့မရဘူး။
ငလျင်ရဲ့ တုန်ခါမှုကို ခံစားရတဲ့ အချိန်ကျမှ ကြိုတင်ကာကွယ်ရေးယန္တရားက အလုပ်လုပ်ပြီး မြေအောက် စွမ်းအင်ဗဟိုချက်ကို သွားတဲ့ လမ်းကြောင်း ပွင့်လာတာပဲ။ ပေါက်ကွဲမှု စတင်လာပြီ ဆိုတာနဲ့ ပိရမစ်ငယ်တွေ ကို ကယ်ဖို့ အချိန်မရှိတော့ဘူး။ ဧရာမ ပိရမစ်ကြီးကိုပဲ ကယ်တင်နိုင်တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က ဒီအနီးအနားမှာ အားပြင်းတဲ့ ငလျင်တစ်ခု လှုပ်ခဲ့ဖူးတယ်။ ငလျင်လှိုင်းတွေက အမေဇုန်နိုင်ငံတော်ဆီ ရောက်လာပြီး ပိရမစ်တချို့ရဲ့ ကာကွယ်ရေး ယန္တရားကို ပွင့်သွားစေခဲ့တယ်။ အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ပိရမစ်ထဲကို ခိုးဝင်ပြီး စွမ်းအင်ဗဟိုချက်ရဲ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးမယ့် အစီအစဉ်ကို ပြောင်းလဲပစ်ခဲ့တာပဲ။”
ဘုရင်မအီဒါက မေးသည်။ “အဲဒီတုန်းက ပိရမစ်ကြီးက ဘာလို့ မပေါက်ကွဲခဲ့တာလဲ။”
ရှမ့်လန်က ဖြေ၏။ “အဲဒါကိုတော့ ကျုပ် အပြည့်အဝ မသိသေးဘူး။ ငလျင်လှိုင်းရဲ့အားက မလုံလောက် သေးလို ဖြစ်နိုင်သလို၊ ဒါမှမဟုတ် အမေဇုန်နိုင်ငံတော်ကို အခုအချိန်ကျမှ ဖျက်ဆီးဖို့ လိုလားတာမျိုးလည်း ဖြစ်နိုင်တယ်။”
ဘုရင်မအီဒါက ဘာမှ ထပ်မပြောတော့ချေ။ ရှမ့်လန်က ဤအရာတွေကို ဘယ်လို သိနေရသနည်းဟု မေးချင်သော်လည်း သူမ၏ ဂုဏ်သိက္ခာအရ တခြားသူ၏ ပုဂ္ဂလိကကိစ္စကို အတင်းအကျပ် မမေးလိုပေ။
“ဒါတွေအားလုံးက ကျုပ်အဖေ ချန်ထားခဲ့တဲ့ သတင်းအချက်အလက်တွေပဲ။ တကယ်တော့ သူက ဒါတွေကို ကျုပ်ကို ပေးခဲ့တာ မဟုတ်ဘူး။ ကျုပ်ရဲ့ အစ်မ မင်းသမီး ဟယ်လင်ကို ပေးခဲ့တာ။”
ရှမ့်လန်က သူ၏ ကျောပိုးအိတ်ထဲမှ စာရွက်စာတမ်း အထပ်လိုက်ကို ထုတ်ယူ၏။ ထိုအရာများက စာသားနှင့် ပုံများစွာ ပါဝင်နေ၏။ “ကျုပ်ရဲ့အဖေ ကျန်းလီက အဲဒီအချိန်တုန်းက စွမ်းအင်ဗဟိုချက်ရဲ့ ဖျက်ဆီးမယ့် ဖြစ်စဉ်ကို ပြောင်းလဲပစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ အချိန်က အရမ်းကို တိုတောင်းခဲ့တယ်။ အကယ်၍ သူသာ ထွက်မသွားဘူးဆိုရင် ပိရမစ်ရဲ့ထွက်ပေါက်က လုံးဝ ပိတ်သွားတော့မှာ။ ပြီးတော့ အဲဒီအချိန်တုန်းက သူက အရမ်းငယ်သေးတော့ အိမ်မက်ဆိုးကျောက်တုံးရဲ့ တည်ဆောက်ပုံကို အပြည့်အဝ နားမလည်သေးဘူး။
နောက်ပိုင်း နှစ်အနည်းငယ်ကြာမှ သူက တွက်ချက်မှုတွေကို ပြုလုပ်ပြီး အရေးကြီးတဲ့ အချက်အလက်တွေကို ဘုရင်မမြို့တော်ရဲ့ မြေအောက်ဂူထဲမှာ ချန်ထားခဲ့တာ။ သူက ကျုပ်ရဲ့ အစ်မ မင်းသမီးဟယ်လင်ကို အမေဇုန် နိုင်ငံတော်ကို ကယ်တင်စေချင်ခဲ့တာပဲ။ မင်းသမီးဟယ်လင်က ဘယ်ရောက်နေမှန်း မသိတော့ ဒီအချက်အလက်တွေ က ကျုပ်လက်ထဲရောက်လာတာပဲ။”
ဘုရင်မအီဒါက ပြောသည်။ “ဒါဆိုရင် နတ်ဘုရားတွေရဲ့ စီမံမှုပဲ။ ရှင့်ရဲ့အဖေ ရောက်လာတာပဲ ဖြစ်ဖြစ်၊ ရှင်ရောက်လာတာပဲ ဖြစ်ဖြစ်ပေါ့။”
ပြီးနောက် ဘုရင်မအီဒါက ဆက်မေး၏။ “ဒါဆိုရင် အမေဇုန်နိုင်ငံတော်ကို ဖျက်ဆီးချင်တဲ့ ပူးပေါင်းကြံစည်သူ က ကျောက်စိမ်းဖြူမြို့လို့ ပြောချင်တာလား။”
ရှမ့်လန်က အံ့အားသင့်သွားသည်။ “ကျောက်စိမ်းဖြူမြို့လား။”
ကျောက်စိမ်းဖြူမြို့၏ နှင်းဖြူရောင် သင်္ဘောကြီး ရောက်လာသည်လား။
“ပိရမစ်ငယ်လေး ပေါက်ကွဲတဲ့အချိန်မှာ မြောက်ဘက်ကနေ နှင်းဖြူရောင် သင်္ဘောကြီး မျောလာတယ်။ ဒါက ဒဏ္ဍာရီထဲက ဖျက်ဆီးခြင်းသင်္ဘောနဲ့ တစ်ပုံစံတည်းပဲ။ ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဒေါ့ဖ် ဆိုသူကလည်း အရှေ့ဘက်ပင်လယ်ပြင်မှာ ပေါ်လာပြီး အမေဇုန်နိုင်ငံတော်ကို သူ့ထံ ဒူးထောက် သစ္စာခံဖို့ ပြောတယ်။
ကျွန်မက လူထောင်ပေါင်းများစွာကို ဦးဆောင်ပြီး တိုက်ခိုက်တော့ သူ့ရဲ့ င်္ဘောကို ဖျက်ဆီးနိုင်ခဲ့ပေမဲ့ သူ့ရဲ့ ပုံရိပ်က အစအနမကျန်အောင် ပျောက်ကွယ်သွားတယ်။ ကျွန်မကို စကားပြောတဲ့လူက အရိပ်လိုပဲ။ သူက မိုင်ထောင်ချီ ဝေးတဲ့နေရာမှာ ရှိနေတာပဲ။”
ရှမ့်လန်က ဦးရေပြား တစ်ခုလုံး ထုံကျင်သွားသလို ခံစားရ၏။ ဤကျောက်စိမ်းဖြူမြို့က တကယ် ကျောက်စိမ်းဖြူမြို့တော်လား။ ဤမျှအထိ အစွမ်းထက်နေသည်လား။ သူက လူတွေကို ကြောက်ရွံ့ စေလောက်အောင် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်၏။
ရှမ့်လန်က ပြောသည်။ “ဘုရင်မ... တကယ်တော့ ဒီကပ်ဘေးက ဖြစ်ရမယ့်အချိန်ထက် ၆ နာရီလောက် နောက်ကျတယ်။ ကျုပ် အရမ်းကို ဇဝေဇဝါ ဖြစ်နေတာပဲ။ ကျုပ်အဖေရော၊ ကျုပ်ရော တွက်ချက်မှုပေါင်း များစွာကို ပြုလုပ်ထားတာ။ ဒီပျက်စီးမှုက မနက်ပိုင်းမှာ ဖြစ်ရမှာ။ ဒါက အရမ်းကို တိကျတဲ့ တွက်ချက်မှုပဲ။ မှားစရာ အကြောင်း မရှိဘူး။
အကြောင်းအရင်းက မြောက်ဘက် အိမ်မက်ဆိုးတောင်ခြေကနေ စွမ်းအင်ဗဟိုချက် လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်လို့ပဲ။ ဒါကို ပြုပြင်လို့ မရဘူး။ ဒါကြောင့် မြောက်ဘက်က မီးတောင်ပေါက်ကွဲတာနဲ့ ငလျင်ကြီးက လှုပ်ကိုလှုပ်ရမှာ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က အဲဒီကပ်ဘေးကို ၆ နာရီကြာအောင် တားဆီးခဲ့တယ်။ ဒါက လူသားတစ်ယောက်ရဲ့ လက်ချက်ပဲ။”
ဘုရင်မအီဒါက မေး၏။ “အဲဒါက ဘယ်လောက်တောင် လုပ်ရခက်ခဲတာလဲ။”
ရှမ့်လန်က ရှင်းပြသည်။ “ဘုရင်မ... မြောက်ဘက် အိမ်မက်ဆိုးတောင်ခြေမှာ ရှိနေတဲ့ စွမ်းအင်ဗဟိုချက်က ရှေးတုန်းတည်းက မီးတောင်တွေကို ထိန်းချုပ်ဖို့ အသုံးပြုတာ။ အဲဒီ မီးတောင်က အမြဲ ပူပြင်းတဲ့ အပူစွမ်းအင်တွေကို ထုတ်လွှတ်နေတယ်။ အဲဒီ စွမ်းအင်လုံးကြီးက အားအကောင်းဆုံး စွမ်းအင်သိုလှောင်ရာ အရာဝတ္ထု တစ်ခုပဲ။
ရှေးစောင်း ယဉ်ကျေးမှုရဲ့ ပုံစံအရ ဒီစွမ်းအင်လုံးတွေရဲ့ သက်တမ်းက နှစ်ပေါင်း တစ်သောင်းနီးပါးပဲ။ ဒါကြောင့် မီးတောင်ကြီးရှိတယ် ဆိုပေမဲ့ တစ်ခါမှ မပေါက်ကွဲခဲ့ဘဲ နှင်းတွေ ဖုံးလွှမ်းနေခဲ့တာ။ ဒါပေမဲ့ ရှေးခေတ်ပျက်စီးသွားခဲ့ပြီးနောက်ပိုင်း စွမ်းအင်လုံးကြီးက မီးတောင်ရဲ့အပူတွေကို အကန့်အသတ် တစ်ခုထိ ဝါးမျိုထားခဲ့တယ်။ နောက်ထပ် မထိန်းနိုင်တော့တဲ့အချိန်မှာတော့ မကြုံစဖူး ပေါက်ကွဲမှုကြီး ဖြစ်လာတာပဲ။ မီးတောင်ပေါက်ကွဲရုံနဲ့ မကဘူး၊ ငလျင်ကြီးပါ လှုပ်လာတယ်။
ကျုပ်အဖေက အဲဒီတောင်ကို သွားလေ့လာတုန်းက ပျက်စီးမှုဖြစ်မယ့် အချိန်ကို ခန့်မှန်းခဲ့တယ်။ ကျုပ်ကလည်း အကြိမ်ကြိမ် တွက်ချက်ကြည့်ခဲ့တယ်။ အားလုံး မှန်ကန်ခဲ့တယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က အဲဒီပျက်စီးမှုကို တား ထားနိုင်ခဲ့တယ်။ သူက ၆ နာရီ နှောင့်နှေးအောင် တားထားခဲ့တာ။
ဘုရင်မ.. အိမ်မက်ဆိုးတောင်ခြေက စွမ်းအင်လုံးကြီးက နှစ်ပေါင်းများစွာ မီးတောင်ကို ထိန်းချုပ်ခဲ့တာပဲ။ အဲဒါက နေမင်း အသေးစားလေး တစ်လုံးလိုပဲ။ နေမင်းကြီး ပေါက်ကွဲတော့မယ်ဆိုရင် ဘယ်သူမှ မတားနိုင်ဘူး။ ဘယ်လောက် သေးငယ်တဲ့ နေမင်း ဖြစ်ပါစေပေါ့။ တစ်စုံတစ်ယောက်က အဲဒါကို ၆ နာရီကြာအောင် တားနိုင်ခဲ့တယ်ဆိုတော့ အဲဒီအစွမ်းက ဘယ်လောက်တောင်ကြီးမားမလဲ စဉ်းစားကြည့်လေ။”