← Chapters

အခန်း (၈၃၁-၈၃၂)

Vol. 51 Ch. 831-832

အခန်း (၈၃၁-၈၃၂)

Vol. 51 Ch. 831-832

အပိုင်း (၈၃၁)

နယ်စားကြီး ဒီဘိုရာက ထရပ်၏။ ပြီးနောက် ပြောလိုက်၏။ “လာကြ... ဒီအော်ဂင်ကို မီးရှို့လိုက်ကြတော့။”

အပြင်ဘက်ရှိလူများက ဦးညွှတ်ကာ ပြောလိုက်ကြသည်။ “ကောင်းပါပြီ။”

သူတို့၏စိတ်ထဲတွင်တော့ သံသယများနှင့် ပြည့်နှက်နေ၏။ ဤအော်ဂင်သည် နှစ်ပေါင်းတစ်ရာကျော် သမိုင်းရှိခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် ရုတ်တရက်ကြီး မီးရှို့ခိုင်းရသနည်း။

...................

ဒီဘိုရာက မျှော်စင်ပေါ်သို့ တက်လာပြီး အဝေးရှိ သင်္ဘောအုပ်စုကို ကြည့်၏။ ထိုအရာက တော်တော်ပင် ဝေးကွာသွားခဲ့ပြီ ဖြစ်၏။ သူမက တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် သင်္ဘောအုပ်စုကို လှမ်းကြည့်ရင်း ကဗျာတစ်ပုဒ် ရေးစပ်လိုလာ၏။

သို့သော်ငြား အနောက်တိုင်းကဗျာများသည် ခံစားချက်ကို ဖော်ထုတ်ရာတွင် ကောင်းမွန်သော်လည်း ရှုခင်းနှင့် အနုပညာပုံဖော်မှုတွင်မှု အရှေ့တိုင်းကဗျာကို မမီဟု သူမ ထင်မိ၏။ အနည်းဆုံး နယ်စားကြီး ဒီဘိုရာက ယခုအချိန်တွင် “ပြာလွင့်သော ကောင်းကင်ယံ၌ ရွက်လှေတစ်စင်း” ဟူသည့် ကဗျာကို မရေးနိုင်ပေ။

(ကဗျာ ၊ ဂန္ဓ ၊ ဗန္ဓ ဟူသည့် ဝေါဟာရ အသုံးအနှုန်းများနှင့် မြန်မာ့ကဗျာများ၏ ကဗျာ့အဆီအနှစ်ပေါင်းချုပ် ကို စိတ်ဝင်စားပါက ကဗျာသင်္ဂမေဒနီ ကို ဖတ်ရှုကြည့်ပါရန် - ဘာသာပြန်သူ)

“သူ့ကို ခေါ်လာခဲ့။” နယ်စားကြီးက ဆိုသည်။

ခဏအကြာတွင် လှပသည့်အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာ၏။ သူမမှာ မုဆိုးမဟေးလ် ပင်ဖြစ်၏။ နယ်စားကြီးဒီဘိုရာက နောက်သို့ လှည့်မကြည့်ချေ။ သူမက လူဖြူအထက်တန်းစားဝါဒီ တစ်ယောက် ဖြစ်သောကြောင့် ဗီတာအမျိုးသမီးတစ်ဦးကို လှည့်ကြည့်လိမ့်မည် မဟုတ်ချေ။ သူမက ဟေးလ်၏ အကြောင်းကို သိရှိ၏။ ချမ်းသာသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး မင်္ဂလာဆောင်သည့်နေ့၌ ခင်ပွန်းဖြစ်သူကို သတ်ခဲ့သည့် အမျိုးသမီးလည်းဖြစ်သည်။ သူမက ဟေးလ်၏ အုပ်စုသင်္ဘောကို တစ်ကြိမ် သိမ်းယူခဲ့ဖူး၏။

“ရှင် အရှေ့တိုင်းသားကို ကယ်ခဲ့တယ်နော်။ ရှင် သူနဲ့အတူ အိပ်ခဲ့တာလား။” နယ်စားကြီး ဒီဘိုရာက မေးသည်။

‘ရှင်ရော မအိပ်ခဲ့လို့လား။ ကျွန်မတို့ တူညီတဲ့အချက်က လူတစ်ယောက်တည်းနဲ့ အိပ်ခဲ့ဖူးတာပဲ။ ရှင်က အသားပိုဖြူရင်ဖြူမယ်၊ ဒါပေမဲ့ ကျွန်မ ... ဟေးလ်ထက်တော့ မြင့်မြတ်မနေပါဘူး။’ ဟေးလ်က စိတ်ထဲမှ ပြောလိုက်၏။ သေချာသည်မှာ ဤစကားလုံးများကို သူမ၏ စိတ်ထဲတွင်သာ ပြောဆိုနေခြင်းပင်။ သူမက ပင်လယ်ကုန်သည်တစ်ဦး ဖြစ်သောကြောင့် လူအကဲခတ်ခြင်းနှင့် ယဉ်ကျေးဟန်ဆောင်ခြင်းတို့တွင် တကယ့်ကို ကျွမ်းကျင်၏။

“သူက လူလိမ်ပါပဲ။ ကျွန်မဆီကနေ ရွှေဒင်္ဂါး နှစ်သိန်းခွဲ လိမ်သွားတာ။”

မုဆိုးမဟေးလ်က ဒေါသတကြီးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “သခင်မ... ကျွန်မကလည်း ခံရတဲ့ လူတစ်ယောက်ပါပဲ။”

‘သူက ရှင့်ရဲ့ နှလုံးသားကိုလည်း လိမ်သွားတာ မဟုတ်လား။’ နယ်စားကြီး ဒီဘိုရာက စိတ်ထဲမှ ပြောလိုက်သော်လည်း ထိုစကားကို အပြင်သို့ ထုတ်မပြောချေ။ ထိုစကားက အင်မတန်ကို အပေါစား ဆန်လွန်းရာ ရောက်၏။ အထက်တန်းလွှာ မျိုးနွယ်စုဝင် တစ်ယောက်အနေဖြင့် သူမ ပြောဆိုလိုက်သည့် စကားလုံးတိုင်းက အေးစက်နေရမှာ ဖြစ်၏။ မလိုအပ်သည့် စကားများကို မပြောသင့်ပေ။

“ရှင်းပြနေစရာ မလိုဘူး။”

နယ်စားကြီး ဒီဘိုရာက ပြော၏။ “သူ သေသွားတဲ့အခါကျရင် ရှင် လွတ်လပ်ခွင့်ရလိမ့်မယ်။”

ပြီးနောက် သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ မုဆိုးမဟေးလ်ကို ပြန်လည် ခေါ်ဆောင်သွားကြ၏။ သူမက ပြတင်းပေါက်တွင် မတ်မတ်ရပ်လျက် သင်္ဘောအုပ်စုများ လုံးဝပျောက်ကွယ်သွားသည်အထိ စောင့်ကြည့် နေ၏။ ထို့နောက် စာကြည့်ခန်းဆီသို့ ပြန်သွားပြီး အလုပ်များဖြင့် နပမ်းလုံးလျက် ရှိနေလေတော့သည်။

“အမိန့်ထုတ်လိုက်တော့... အင်ပါယာရဲ့ တောင်ဘက်ပြည်နယ် ၅ ခုက အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး ငါ့ဆီ လာခိုင်းလိုက်။ မင်းသားဆော်ရွှန်အပေါ် သူတို့ရဲ့ သစ္စာရှိမှုကို ငါသိချင်တယ်။ ပါးစပ်နဲ့ မဟုတ်ဘဲ လုပ်ရပ်နဲ့ သက်သေပြခိုင်းရမယ်။”

“ကောင်းပါပြီ သခင်မ။”

..........................

မြို့စားကြီးအော်စတင်ရော့ဆို၏ စစ်သည်ငါးသောင်းက အရှေ့ဘက်သို့ မိုင် ၁၀၀ ခန့် ချီတက်လာခဲ့၏။ ထို့နောက် တောင်ဘက်ရှိ ကျောက်စိမ်းလှိုင်းကျွန်းဆွယ်သို့ ဝင်ရောက်လာ၏။ သူ၏စစ်ချီနှုန်းက တကယ့်ကို မြန်ဆန်ပြီး တစ်နေ့လျှင် မိုင် ၆၀ ခန့် ခရီးပေါက်၏။

“ဘာလို့ ဒီကျောက်ခဲပစ် စက်ယန္တရားတွေ သယ်လာရတာလဲ။ ဒါက စစ်ချီနှုန်းကို အများကြီး နှောင့်နှေးစေတယ်။”

မြို့စားကြီး အော်စတင်က ပြောသည်။ “စစ်သည် နှစ်ထောင်နဲ့ ခုခံနေတဲ့ မြို့ငယ်ကို တိုက်ဖို့ ကျောက်ခဲပစ် စက်ယန္တရားတွေ လိုလို့လား။”

မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမ က ပြော၏။ “သခင်ကြီး... ဒါက ဟိတ်ဟန်ပြသမှု တစ်ခုပါပဲ။ မျိုးနွယ်ခြားတွေကို မီးနတ်ဘုရားရဲ့ စွမ်းအားကို ပြချင်လို့ပါ။”

“မီးနတ်ဘုရားတွေရဲ့ စွမ်းအားဟုတ်လား။”

မြို့စားကြီး အော်စတင်က မေး၏။ “နတ်ဆရာမ... ကျုပ်ရဲ့ မရိုသေမှုကို ခွင့်လွှတ်ပါ။ ကျုပ် လောကအနှံ့ လှည့်လည်ခဲ့ဖူးပေမဲ့ မီးဘေးနတ်ဘုရားအကြောင်းကို ကြားပဲကြားဖူးတယ်၊ သူ့ရဲ့စွမ်းအားတွေကို မြင်ရဖို့ ကံမပါခဲ့ဘူး။ ကောင်းကင်ယံမှာပြည့်နှက်နေတဲ့ မီးရှူးမီးပန်းတွေက အရမ်းလှတာပေါ့။ ဒါပေမဲ့ စိတ်ကူးယဉ်ဆန်တဲ့ နတ်ဘုရားတစ်ပါးကို လူတိုင်းက ကြိုဆိုချင်မှ ကြိုဆိုလိမ့်မယ်။ တကယ့်နတ်ဘုရား ဆိုတာ ကြောက်ရွံ့စရာကောင်းမှ ဖြစ်မယ်။”

“သခင်ကြီးရဲ့ ဆန္ဒအတိုင်းပါပဲ။” မီးနတ်ဘုရား နတ်ဆရာမက ပြောပြီးနောက် မလှမ်းမကမ်းရှိ အိမ်တစ်လုံးကို ညွှန်ပြသည်။

မြို့စားကြီး အော်စတင်က မကြည့်ဘဲ မနေနိုင်ချေ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းကလည်း ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။

“ဝုန်း”

မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ထိုအိမ်က ချက်ချင်း အမှုန့် ဖြစ်သွား၏။ မီးခိုးလုံးကြီးများ ကောင်းကင်ပေါ်သို့ တက်သွားပြီး ကျောက်ခဲများက နေရာအနှံ့ လွင့်စင်သွား၏။ လူတိုင်း မှင်သက်သွားကြသည်။ ဤသည်က မီးနတ်ဘုရားစွမ်းအားလား။ ခိုင်ခန့်သည့် အိမ်တစ်လုံးကို ချက်ချင်း အစိတ်စိတ် အမွှာမွှာဖြစ်အောင် မည်သို့လုပ်လိုက်သနည်း။

မီးနတ်ဘုရား နတ်ဆရာမက မေးသည်။ “သခင်ကြီး... ဘယ်လိုထင်ပါသလဲ။”

မြို့စားကြီး အော်စတင်က ပြော၏။ “ကျုပ် အရင်က ပြောခဲ့မိတဲ့ မရိုသေစကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ ခင်ဗျားရဲ့ နတ်ဘုရားက တကယ့်ကို လေးစားထိုက်ပါပေတယ်။”

ပြီးနောက် အော်စတင်က ဆက်လက်ကာပြောသည်။ “နှမြောစရာကောင်းတာက ဒီလျှပ်စီးလက်တဲ့ လက်နက်ကို အရှေ့တိုင်းသားလူပြက်ရဲ့ မြို့မှာ မသုံးသင့်ဘူး။ စုန်းအင်ပါယာကို တိုက်တဲ့အချိန် သန့်ရှင်းတဲ့ စစ်ပွဲအတွင်းမှာပဲ သုံးသင့်တယ်။ ရှမ့်လန်ဆိုတဲ့ အရှေ့တိုင်းသားလူပြက်က ဒီလိုမြင့်မြတ်တဲ့လက်နက်နဲ့ သေဖို့ မထိုက်တန်ပါဘူး။”

နတ်ဆရာမက ပြော၏။ “စုန်းအင်ပါယာရဲ့ မြို့က အနောက်တိုင်း မျိုးနွယ်စု ပိုင်ဆိုင်တာတွေပဲ။ မီးနတ်ဘုရားရဲ့ လက်နက်ကို ပြည်တွင်းစစ်မှာ မသုံးဘူး၊ ပြည်ပရန်သူနဲ့တွေ့မှပဲ သုံးရမှာ။”

မြို့စားကြီးက ပြောသည်။ “ကျုပ်ကို တစ်ခါလောက် ထပ်ပြီး ဂါဝရပြုခွင့်ပေးပါအုံး။”

နတ်ဆရာမက ပြော၏။ “ဒီတစ်ခါမှာတော့ ကျွန်မတို့ဟာ မီးနတ်ဘုရားရဲ့ အမျက်ဒေါသ ထောင်ပေါင်းများစွာ ကို သယ်လာခဲ့တယ်။ အရှေ့တိုင်းသားရဲ့မြို့ကို လုံးဝ ဖျက်ဆီးဖို့ လုံလောက်တယ်။ သူတို့ နတ်ဘုရားရဲ့ အမျက်ဒေါသကို တွေ့သင့်ပြီလို့ ထင်တယ်။”

မီးနတ်ဘုရား၏ အမျက်ဒေါသ ထောင်ပေါင်းများစွာဆိုသည်မှာ ကြောက်စရာကောင်းသော်လည်း တကယ်တော့ ရှေးကျသည့် ယမ်းမှုန့်အိတ်များသာ ဖြစ်၏။ သို့သော်လည်း ဤသည်က တကယ့်ကို များပြားသည့် ယမ်းမှုန့်ပမာဏ ဖြစ်၏။ မူလန်မြို့ကဲ့သို့ မြို့ငယ်လေးကို ဖျက်ဆီးရန် ယမ်းမှုန့် တန်ပေါင်းများစွာ အသုံးပြုခြင်းက လွန်ကဲလှသည်။

“ဒီမီးနတ်ဘုရားရဲ့ အမျက်ဒေါသက တုန်လှုပ်စရာပဲ။ ကျောက်ခဲပစ် စက်ယန္တရားတွေနဲ့သာ ပစ်လိုက်ရင် ကောင်းကင်ပြိုပြီး မြေကြီးကွဲသွားမယ့် မြင်ကွင်းမျိုး ဖြစ်လာလိမ့်မယ်။ အရှေ့တိုင်းသားက မြေကြီးပေါ်မှာ ဒူးထောက်ပြီး နတ်ဘုရားတွေရဲ့ ခွင့်လွှတ်မှုကို ငိုယိုတောင်းပန်နေမှာ သေချာတယ်။

ဒါပေမဲ့ ဒီစက်ယန္တရားတွေက အရမ်းနှေးလွန်းတယ်။ သွေးသောက်ဘာရွန် စစ်တပ်က အရင်ရောက်သွားပြီး အရှေ့တိုင်းသား လူပြက်ကို အရင်တိုက်သွားမှာတောင် စိုးရိမ်ရတယ်။”

ဒီဘိုရာ၏စစ်တပ်တွင် ရှမ့်လန်၏ မူလန်မြို့ကို အရှေ့တိုင်းသားလူပြက်မြို့ဟု ခေါ်၏။

မြို့စားကြီး အော်စတင်က လှောင်ပြုံးပြုံးလိုက်သော်လည်း ပြန်မဖြေချေ။ ထိုကဲ့သို့သော အဖြစ်မျိုး မဖြစ်နိုင်ချေ။ သွေးသောက်ဘာရွန်က ယခု ရော့ဆိုမိသားစု၏ လက်အောက်ခံ ဖြစ်နေပြီး မဟုတ်ပါလား။ သူက အဘယ်သို့ ထိုသို့ပြုမူဝံ့မည်နည်း။

ဘာရွန်က ရှေ့မှရောက်သွားမည်ဆိုလျှင်တောင် မူလန်မြို့ကို ဝင်ရောက် တိုက်ခိုက်ရဲမည် မဟုတ်ချေ။ မြို့စားကြီးအော်စတင်သည် အရှေ့တိုင်းသား လူပြက်မြို့ကို ဖျက်ဆီးခြင်းဆိုသည့် ဂုဏ်ပုဒ်ကို ဂရုမစိုက်သော်လည်း တခြားသူများက သူ့ဆီမှ လုယူဝံ့လိမ့်မည် မဟုတ်ချေ။

..........

ကျန်းချွင်းဟွာက တကယ့်ကို အစွမ်းထက်လွန်းသူပင်။ ၁၃ ရက်အတွင်း ကျေးကျွန် ခြောက်ထောင်ကို ဦးဆောင်၍ “နွေဦးပန်း တောင်ကြားလမ်း”ကို တည်ဆောက်၏။ သုံးထောင်မီတာ ရှည်လျားသည့် တံတိုင်းကြီးနှင့် ခံတပ် ၃ ခုကို တည်ဆောက်၏။ တစ်ဖက်တွင်လည်း သူမက သက်ပြင်းချမိ၏။ ဘိလပ်မြေနှင့် အုတ်ခဲများက တော်လှန်ရေးဆန်သည့် တီထွင်မှုများ ဖြစ်နေသလို ဆောက်လုပ်ရေး၌လည်း သဲဖြင့် ဆော့ကစားရသလို လွယ်ကူစေ၏။

ကံဆိုးသည်မှာ ဘိလပ်မြေက ကုန်လုနီးပါး ဖြစ်နေပြီး ပင်လယ်လမ်းကလည်း အပိတ်ခံထားရသည်။ မီးတောင်ပြာများကို ထပ်မံ သယ်ယူနိုင်ခြင်း မရှိသောကြောင့် ဘိလပ်မြေအသစ်များ မထုတ်လုပ်နိုင်တော့ပေ။ ထို့ကြောင့် မူလန်မြို့၏ အံ့ဖွယ် တည်ဆောက်မှုက ရပ်တန့်ရပေမည်။

သူမက ၅ မီတာမြင့်သည့် တံတားထက်တွင် ရပ်နေ၏။ တံခါးဝရှိ “နွေဦးပန်းတောင်ကြားလမ်း” ဟူသော စာလုံးသုံးလုံးကို လှမ်းကြည့်ရင်း အထူးသဖြင့် ကျေနပ်နေမိသည်။ သူမက စိတ်ကူးယဉ်ဆန်မှု တစ်ခုထဲ၌ ကျရောက်နေ၏။ ယခင်က သူမ၏ဖခင် ကျန်းချုံးက အဆင့်အတန်း မတူညီသောကြောင့် ရှမ့်လန်၏ ကိုယ်လုပ်တော်အဖြစ် သူမအား ထည့်ပေးလိမ့်မည် မဟုတ်ချေ။ တရားဝင်မိန်းမ ဖြစ်မှ လက်လွှတ် ပေးပေလိမ့်မည်။ ရှမ့်လန်က တော်ဝင်မျိုးနွယ်တစ်ခု၏ သမက်မျှသာ ဖြစ်ခဲ့၏။

သို့သော်ငြား ယခုတွင်တော့ သူမ၏ ဖခင် ကျန်းချုံးက ရှမ့်လန်လက်ထဲသို့ ဝမ်းသာအားရ ထည့်ပေးမှာ သေချာသည်။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ရှမ့်လန်က ဧကရာဇ်မင်းမြတ်၏ အနွယ်ဝင် တစ်ဦး ဖြစ်နေဆဲပင်။ ကိုယ်လုပ်တော်တစ်ဦး ဖြစ်လာခြင်းက မည်သည့်မိသားစုဝင်အတွက်မဆို ဂုဏ်ယူစရာ ဖြစ်ပေလိမ့်မည်။ ဂုဏ်ပြုထိုက်ပေသည်။

“ဆရာမကျန်း... နယ်စားကြီးဒီဘိုရာရဲ့ စစ်တပ်က ကျုပ်တို့နဲ့ မိုင် ၅၀ လောက်ပဲ ဝေးတော့တယ်။ သူတို့ မကြာခင် ရောက်လာတော့မယ်။”

ကျန်းချွင်းဟွာက ထိုစကားလုံးများကို ကြားချိန်မှာတော့ မျက်မှောင်ကုတ်မိ၏။ “ဆရာမကျန်း” ဆိုသည်က ဘာနည်း။ ကိုယ်လုပ်တော်များအတွက် ထိုသို့သော ဘွဲ့အမည်က ဘယ်မှာ ရှိသနည်း။

“ရှမ့်လန်ကော... ပင်လယ်ထဲမှာ သူ့ရဲ့ အရိပ်အယောင်ကို မတွေ့သေးဘူးလား။”

ကျန်းချွင်းဟွာက မေး၏။ “မုန့်ရိုလန်က သူ့ကို အမေဇုန်ဘုရင်မနိုင်ငံထဲအထိ ပို့ပေးခဲ့တယ်။ သတင်းပြန်ပို့တာမျိုး မရှိဘူးလား။”

အရှေ့တိုင်းစစ်သည်တော်များ၏ တပ်မှူးက မျက်မှောင်ကုတ်လိုက်သည်။ “ဆရာမကျန်း... စကားအသုံးအနှုန်း သတိထားပါ။ အရှင်ဧကရာဇ်ရဲ့ နာမည်ကို တိုက်ရိုက်မခေါ်ပါနဲ့။ ပင်လယ်ပြင်မှာ အရှင်ဧကရာဇ်ရဲ့ အရိပ်အယောင် မရှိသေးပါဘူး။ တပ်မှုးမုန့်ရိုလန်ကတော့ အရှင် ပြန်မရောက်သေးကြောင်း သတင်းပို့ ထားပါတယ်။”

ကျန်းချွင်းဟွာက ပြော၏။ “အခုထိ ပြန်မရောက်သေးဘူးလား။ ကျွန်မ လူနှစ်ထောင်တည်းနဲ့ ဒီတိုက်ပွဲကို တိုက်ရမှာလား။”

.............

ရှမ့်လန်၏ လက်အောက်တွင် လူနှစ်ထောင်ရှိသော်လည်း သူတို့ကို နေရာနှစ်ခု ခွဲထားသည်။ မူလန်မြို့တွင် ခံစစ် ၁၅၀၀ ရှိ၏။ မြောက်ဘက်ရှိ နွေဦးပန်း တောင်ကြားလမ်းတွင် ခုခံစစ်သည် ၅၀၀ သာရှိ၏။ ယခုအချိန်တွင် မူလန်မြို့၌ အမြှောက်ငါးလက် ရှိသော်လည်း ထိုအရာများကို မူလန်မြို့၏ တံတိုင်းတွင်သာ တပ်ဆင်ထားသည်။

ကျန်းချွင်းဟွာ အခြေစိုက်သည့် နွေဦးပန်း တောင်ကြားလမ်းတွင် မည်သည့်အမြောက်မှ မရှိချေ။ ခုခံစစ်သည် ငါးရာသာ ရှိသော်လည်း မြို့စားကြီးအော်စတင်၏ စစ်သည်ငါးသောင်းကို ရင်ဆိုင်ရပေမည်။ ငါးရာနှင့် ငါးသောင်းကြားရုံနှင့်ပင် ကြောက်စရာကောင်း၏။ သူမ၏ လက်အောက်တွင် အရှေ့တိုင်းစစ်သည် ၂၅၀ ရှိပြီး ကျန် ၂၅၀ က ရိုလန်စစ်သည် များပင်။

........

နောက်တစ်နေ့တွင် မြို့စားကြီးအော်စတင်၏ စစ်သည်ငါးသောင်း ရောက်ရှိလာသည်။ သူတို့သည် ပုရွက်ဆိတ်များ သဖွယ် မဲနက်နေ၏။ နှစ်နာရီအကြာမှာတော့ ထိုစစ်သည်ငါးသောင်းက မြို့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့၏။

ကျန်းချွင်းဟွာက ရန်သူစစ်တပ်ထဲတွင် ကျောက်ခဲပစ် စက်ယန္တရား ၃၀ ခန့်ရှိသည်ကို သတိပြုမိ၏။ ရူးသွပ်နေသည်လား။ ငါးရာသာရှိသည့် လူဦးရေနှင့် တံတိုင်းလေးကို တိုက်ဖို့ ကျောက်ခဲပစ် စက်ယန္တရားတွေ ပါ ယူလာသေးသည်လား။

မြို့စားကြီး အော်စတင်ကလည်း မြို့တံတိုင်းပေါ်ရှိ ခုခံသူများကို မြင်ချိန်မှာတော့ အံ့အားသင့်မိသည်။ “လူငါးရာတည်းလား။”

သူ့အား နောက်ပြောင်နေခြင်း ဖြစ်ပေလိမ့်မည်။ အော်စတင်က ဤမျှ ရယ်စရာကောင်းသည့် စစ်ပွဲကို အဘယ်သို့ တိုက်ပါ့မည်နည်း။ ငါးသောင်းနှင့် ငါးရာ။ ထို့အပြင် ရန်သူခေါင်းဆောင်က အမျိုးသမီးတစ်ယောက် ဖြစ်နေသေး၏။

နတ်ဆရာမက ပြောသည်။ “ကောင်းကင်ဘုံ.. သူတို့ရဲ့တံတိုင်းက သူတို့မြို့လိုပဲ ရုပ်ဆိုးလိုက်တာ။ ကျွန်မတို့ ရှေ့က တံတိုင်းက တောင်ကြားထဲမှာ တွားသွားနေတဲ့ တီကောင်တစ်ကောင်နဲ့ တူတယ်။ မီးနတ်ဘုရားရဲ့ အမျက်ဒေါသက ဒီတီကောင်ကို လွယ်လွယ်ကူကူ အစိတ်စိတ်အမွှာမွှာ ဖြစ်စေမှာပါ။”

အော်စတင်က ကောင်းကင်မှ နေမင်းကြီးကိုကြည့်၏။ “မွန်းတည့်တော့မယ်။ နောက် ၂ နာရီအတွင်း တိုက်ပွဲ ပြီးဆုံးလိမ့်မယ်လို့ ကျုပ် မျှော်လင့်တယ်။”

“သခင်ကြီးရဲ့ ဆန္ဒအတိုင်းပါပဲ။” လက်အောက်ရှိ တပ်မှူးများစွာက အော်ဟစ်လိုက်သည်။

မီးနတ်ဘုရား နတ်ဆရာမက အော်ဟစ်လိုက်၏။ “ကျောက်ခဲပစ် စက်ယန္တရားတွေကို ပြင်ကြ။ မီးနတ်ဘုရားရဲ့ အမျက်ဒေါသတွေကို အဆင်သင့် ပြင်ထားကြ။ ဒီအရှေ့တိုင်း လူပြက်တွေကို ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်၊ ပျက်စီးခြင်းနဲ့ သေခြင်းတရားရဲ့ စွမ်းအင်ကို မြင်အောင်ပြရမယ်။ အရှေ့တိုင်းတံတိုင်းကြီးကို အမှုန့်ချေပြီး အားလုံးကို သတ်ပစ်လိုက်စမ်း။”

အပိုင်း (၈၃၂)

အမိန့်ကျလာသည်နှင့် တပြိုင်နက် မြို့စားကြီးအော်စတင်၏ စစ်သည်များက စတင်ကာ ပြင်ဆင်ကြတော့၏။ အမျိုးသားလေး၊ ငါးယောက်က အလတ်စား ကျောက်ခဲပစ် ယန္တရားကြီးများကို ကိုင်တွယ်မောင်းနှင်ကြ၏။ သူတို့က ရှိသမျှအင်အားများကို အသုံးပြုပြီး ထိုအရာများကို ဖွင့်ဟ၍ ယမ်းမှုန့်များကို ထည့်သွင်းကြ၏။

ကျန်းချွင်းဟွာက မြို့ရိုးထိပ်မှနေ၍ အရာအားလုံးကို စောင့်ကြည့်နေ၏။ သူမ၏ လက်ထဲတွင် မှန်ပြောင်း တစ်ခုက တည်ရှိနေ၏။ ထိုစက်များကို မြင်တွေ့ရသည်က ထူးဆန်းသည် မဟုတ်တော့ချေ။ ထိုအရာ၌ ထည့်သွင်းထားသည့် အရာများကသာ ထူးဆန်းနေသည်။

မီးနတ်ဘုရားဂိုဏ်း၌ ယမ်းမှုန့်များ ရှိနေကြောင်း၊ ထိုသူတို့က မီးရှူးမီးပန်းများကိုပဲ လွတ်တင်ဖူးကြောင်း၊ ထို့ကြောင့် သတိထားရမည်ဖြစ်ကြောင်း ရှမ့်လန် ပြောခဲ့သည်ကို ကျန်းချွင်းဟွာ ရုတ်တရက် သတိရမိ၏။ ထို့သို့ဆိုလျှင် ရန်သူများ၏ ထိုစက်ယန္တရားများက ကျောက်ခဲများကို ပစ်လွှတ်မည် မဟုတ်ဘဲ ယမ်းမှုန့်များကို ပစ်လွှတ်မည်ဖြစ်၏။

သို့သော်လည်း ယခု ကျန်းချွင်းဟွာက ယမ်းမှုန့်နှင့် တကယ်ကို ရင်းနှီးကျွမ်းဝင်နေပြီးဖြစ်သည်။ အကယ်၍ ယမ်းစိမ်းမှုန့်များ ဆိုပါက မြို့ရိုးကို ထိခိုက်မှုဖြစ်စေမည် မဟုတ်ဘဲ အလုံပိတ်လှောင်ထားသည့် နေရာမျိုးတွင်သာ အစွမ်းပြနိုင်ပေလိမ့်မည်။

ကျန်းချွင်းဟွာက အမိန့်ပေးသည်။ “အားလုံး ဝပ်နေကြ။”

သူမ၏နောက်မှ အရာရှိနှစ်ဦးတို့က ထပ်ဆင့် အမိန့်ပေး၏။ တခဏချင်း မီတာသုံးထောင်ရှည်လျားသည့် မြို့ရိုး၏ထက်တွင် စစ်သည်ငါးရာလုံးက မြေပြင်ပေါ် ဝပ်ဆင်းနေ၏။

ကျန်းချွင်းဟွာက ထပ်မံအမိန့်ပေးလိုက်သည်။ “ရင်ဘတ်နဲ့ မြေကြီး မထိစေနဲ့။”

အမိန့်ပေးမှုက အလွန်ပဲ ကျွမ်းကျင်ပိုင်နိုင်လွန်း၏။ စင်စစ်အားဖြင့် သူမအနေဖြင့် အမိန့်ပေးနေရန် မလိုအပ်ချေ။ အရှေ့ပိုင်းသူရဲကောင်းစစ်သည်များနှင့် ရိုလန်သူရဲကောင်းများက အတွေ့အကြုံရင့်ကျက်သူများ ဖြစ်သောကြောင့်ပင်။

“ပစ်ကြ။”

မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမ က အမိန့်ပေးလိုက်၏။

“ဝုန်း... ဝုန်း...”

ကျောက်ခဲပစ် ယန္တရား အခုသုံးဆယ်ကျော်တို့က ရုတ်တရက် ပစ်လွှတ်လိုက်၏။ ယမ်းအိတ် သုံးဆယ်ကျော်က လေထဲသို့ ပျံတက်လာ၏။ ထိုအရာတို့က အလယ်လတ်စား စက်ယန္တရားများ ဖြစ်သော်လည်း ယမ်းအိတ်တစ်ခုချင်းစီက မလေးလံသောကြောင့် မီတာသုံးရာ အကွာအဝေးသို့ လွင့်စင် ရောက်ရှိလာသည်။

မီးနတ်ဘုရားဂိုဏ်းမှ ယစ်ပုရောဟိတ် နတ်ဆရာမတချို့က ထိုမြင်ကွင်းကို ငေးမောကြည့်ရှုနေ၏။ မီးနတ်ဘုရားဂိုဏ်း၏ မီးနတ်ဘုရားအမျက်ဒေါသက ဤလောကဆီသို့ ဆင်းသက်လာတော့မှာ ဖြစ်ပြီး မြေလောကတစ်ခုလုံး တုန်လှုပ်စေသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပေမည်။

အရှေ့တိုင်းသားများက ထိတ်လန့်တုန်လှုပ်ပြီး စိတ်ဓာတ်များပြိုလဲသွားမှာ မလွဲဧကန်ပဲ။ မီးနတ်ဘုရား ဂိုဏ်း၏ အမျက်ဒေါသက သူတို့၏ရှေ့မှ မီတာသုံးထောင်ရှိသည့် မြို့ရိုးကို အပိုင်းပိုင်း ဖြစ်စေရန် လုံလောက်၏။

နတ်ဆရာမ က မြို့စားကြီးအော်စတင်ကို တချက်ကြည့်၏။ သူမ၏အဓိပ္ပာယ်က တကယ့်ကို ရှင်းလင်းသည်။ ‘အံ့ဖွယ်အမှု ဖြစ်ပျက်လာတာကို စောင့်ကြည့်နေလိုက်ပါ မြို့စားကြီး’

မီတာသုံးရာ အကွာအဝေးအား ခဏအတွင်း ဖြတ်ကျော်သွား၏။ မကြာခင်မှာပဲ ယမ်းအိတ်သုံးဆယ်လုံးက ကျရောက် ပေါက်ကွဲတော့၏။

“ဝုန်း... ဘုန်း...”

ထိုအရာက အမှန်တကယ်ပဲ တုန်လှုပ်ဖွယ်ရာကောင်းသည့် ပေါက်ကွဲမှုကြီးဖြစ်ပြီး ဆက်တိုက်ဆိုသလို ပေါက်ကွဲနေခြင်းပင်။ ယမ်းအိတ်တစ်အိတ်ချင်းစီ၏ ပေါက်ကွဲမှုက အလွန်အမင်း မပြင်းထန်သော်လည်း အိတ်သုံးဆယ်လုံး တပြိုင်နက် ပေါက်ကွဲခြင်းကတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ မြေပြင် တစ်ခုလုံး တုန်ခါသွားရသယောင်ပင်။

ခဏချင်း ခြောက်မိုင်ခန့် ရှည်သည့် မြို့ရိုးကြီးတစ်ခုလုံး၌ မဲနက်သည့် မီးခိုးလုံးများ ဖုံးလွှမ်းသွားခဲ့ပြီး မြို့ရိုးကြီး တစ်ခုလုံးက ပျောက်ကွယ်သွားလုမတတ်ပင်။ မြို့စားကြီးအော်စတင်၏ မြင်းများက လန့်ဖျပ်ပြီး အပေါ်အောက် ခုန်ပေါက်နေ၏။

မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမက ပြောသည်။ “သခင်ကြီး မြင်ပါရဲ့လား။ ဒါက မီးနတ်ဘုရားရဲ့ အမျက်ဒေါသပဲ။ ရန်သူတွေထဲမှာ အသက်ရှင် ကျန်ရစ်သူ မရှိတော့ဘူးလို့ ထင်တယ်။ သူတို့ကို ငရဲပြည် ပို့လိုက်ကြပြီ။ ပြီးတော့ ဒီရုပ်ဆိုးတဲ့ မြို့ရိုးကြီးကလည်း ပြိုပျက်သွားလောက်ပြီ။”

မြို့စားကြီး အော်စတင်က မျက်မှောင်ကြုတ်လိုက်၏။ သူ၏ရှေ့တွင် ဖြစ်တည်လာခဲ့သည့် ပေါက်ကွဲမှုက တကယ့်ကို အံ့ချီးဖွယ်ရာ ဖြစ်သော်လည်း သူ၏အမြင်မှာတော့ သူရဲကောင်းစစ်သည်များကို ဦးဆောင်ကာ တိုက်ခိုက် သတ်ဖြတ်ခြင်းကသာလျှင် အစစ်အမှန် ရဲရင့်မှုဖြစ်သည်။ အကယ်၍ နောက်စစ်ပွဲများက ဤကဲ့သို့ အဝေးမှ ပေါက်ကွဲမှုများနှင့်သာ ပြီးဆုံးသွားမည်ဆိုပါက စစ်ပွဲဆိုသည့် အရသာက အဘယ်မှာ ရှိတော့မည်နည်း။

“မြို့စားကြီး... မီးခိုးတွေ လွင့်သွားတဲ့အထိ ခဏလောက် စောင့်ရအောင်။ ပြီးရင် အစစ်အမှန်ငရဲဆိုတာ ဘာလဲ မြင်တွေ့ရပါလိမ့်မယ်။ ဒီအရှေ့တိုင်းသားတစ်အုပ်က ဒီလို နတ်ဘုရားလက်နက်မျိုးကို တခါမှ မြင်ဖူးမှာ မဟုတ်ဘူး။ သူတို့တွေ အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်ပြီး ဝိညာဉ်တွေပါ လွင့်စင်သွားမှာ အသေအချာပါပဲ။ ဒီနေ့ကစပြီး ဒီကြောက်ရွံ့မှုက သူတို့ရဲ့ဝိညာဉ်တွေကိုပါ ကိုက်ခဲသွားမယ်။ အနောက်လောကဆီကို ဘယ်တော့မှ ခြေလှမ်းရဲတော့မှာ မဟုတ်ဘူး။”

................

ယမ်းစိမ်းဗုံးမှ ထွက်ပေါ်လာခဲ့သည့် မီးခိုးများက တကယ်ပဲ ထူထဲလှ၏။ ထို့အပြင်ထိုအရာက ချိုင့်ဝှမ်းနိမ့်တွင် ဖြစ်သောကြောင့် မီးခိုးများ လွင့်စင်သွားရန် အချိန်အတန်ကြာ စောင့်ဆိုင်းရသည်။ ထို့နောက် မြင်ကွင်းက အနည်းငယ် နေရခက်စရာ ဖြစ်လာ၏။ ခြောက်မိုင်ရှည်သည့် မြို့ရိုးက ရှိမြဲအတိုင်း ရှိနေဆဲဖြစ်ပြီး ပကတိအတိုင်းပင်။

မြို့စားကြီးအော်စတင်က နတ်ဆရာမကို လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ “ဒါက ဘာဖြစ်တာလဲ။ ခင်ဗျားတို့ ကျုပ်ကို ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ပြခဲ့တယ်မဟုတ်လား။ အိမ်ကြီး တစ်လုံးလုံး တောင်မှ အမှုန့်ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ အခု မီးနတ်ဘုရားရဲ့ အမျက်ဒေါသ သုံးဆယ်တောင် ပေါက်ကွဲတာ ရန်သူ့ရဲ့ မီတာသုံးထောင်ရှည်တဲ့ မြို့ရိုးက ဘာမှမဖြစ်ဘူးလား။”

နတ်ဆရာမက ပြော၏။ “မြို့စားမင်း... မြို့ရိုးပေါ်ကလူတွေက သေကုန်မှာတော့ သေချာပါတယ်။ မီးနတ်ဘုရားရဲ့ အမျက်ဒေါသကို ရန်သူတွေ သတ်ဖို့ သုံးတာပါ။ တချို့ကိုတော့ အဆောက်အအုံတွေ ဖျက်ဆီးဖို့ သုံးတာပါ။”

သို့သော်ငြား ခဏကြာချိန်မှာတော့ ထိတ်လန့်ဖွယ်ရာမြင်ကွင်း ပေါ်လာ၏။ ရှမ့်လန်၏ စစ်သည်တော် ၅၀၀ က မြေပေါ်မှ ရုတ်တရက် ထရပ်လိုက်၏။ ထိခိုက်ဒဏ်ရာရသူက အလွန်ပဲ နည်းပါးသည်။

မြို့စားကြီး အော်စတင်က တုန်လှုပ်သွား၏။ “ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်တာတောင် ရန်သူကို မသတ်ဖြတ်နိုင်ဘူးလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

မှန်ပေ၏။ ယမ်းမှုန့်ပေါက်ကွဲမှုက တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းသော်လည်း ရလဒ်က အဘယ်ကြောင့် ဤမျှ နည်းပါးနေရသနည်း။ အကြောင်းရင်းက အနည်းငယ် ရှိပေ၏။ ပထမအချက်အားဖြင့် ကျောက်ခဲပစ် ယန္တရားများ၏ တိကျမှုက ညံ့ဖျင်း၏။ ယမ်းအိတ်အများစုက မြို့ရိုးကို တိုက်ရိုက်ထိမှန်ပြီး မြေပြင်ပေါ်သို့ လိမ့်ကျသည်။

၈၀ မှ ၉၀ ရာခိုင်နှုန်းသော ယမ်းမှုန့်များက မြေပြင်ပေါ်တွင်သာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ မြို့ရိုးက မခိုင်ခံ့သော်လည်း ထိုအရာကို ဘိလပ်မြေ၊ အုတ်ခဲများနှင့် ပြုလုပ်ထားပြီး တစ်မီတာကျော် ထူထဲ၏။ ယမ်းအိတ်က မည်မျှ လေးလံမည်နည်း။ အလွန်ဆုံးရှိလှ ၂၀ ကီလိုဂရမ်သာ ရှိ၏။ ထို့အပြင်တည်နေရာက ပိတ်လှောင်ထားသည့် အလုံပတ်ဝန်းကျင်မျိုး မဟုတ်သောကြောင့် ပေါက်ကွဲမှု အရှိန်အဟုန်က လေထဲတွင် ပျံ့လွင့်သွား၏။ တစ်မီတာထူသည့် မြို့ရိုးကို အဘယ်သို့ ဖျက်ဆီးနိုင်ပါမည်နည်း။

ဒုတိယအချက်အနေဖြင့် ယမ်းအိတ်လေးအိတ်ခန့် မြို့ရိုးပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိုအရာများက ချက်ချင်း ပေါက်ကွဲခဲ့ခြင်း မရှိချေ။ သုံးအိတ်က မြို့ရိုးအောက်သို့ လွင့်ကျသွားခဲ့ပြီး တစ်အိတ်သာ မြို့ရိုးပေါ်တွင် ပေါက်ကွဲ၏။ ထိုယမ်းဗုံးက ၂၀ ကီလိုဂရမ်မျှသာ ဖြစ်သည်။ မြေပြင်ပေါ် ပေါက်ကွဲသည့်အချိန်၌ လူတိုင်းက မြေပြင်ပေါ်ဝပ်နေသောကြောင့် မည်သူ ထိခိုက်မှု ဖြစ်မည်နည်း။ လူ ၁၂ ယောက်ကျော် မီးလောင်ဒဏ်ရာ ရခဲ့သော်လည်း သေဆုံးသူ တစ်ယောက်မှ မရှိခဲ့ချေ။

..............

ထိုမြင်ကွင်းကိုမြင်ချိန်မှာတော့ မြို့စားကြီးအော်စတင်က အေးစက်စက်နှင့် ပြော၏။ “နတ်ဆရာမ... ဒါ ခင်ဗျားပြောတဲ့ မီးနတ်ဘုရားရဲ့ ဒေါသလား။”

နတ်ဆရာမက တကယ်ပင် အံ့အားသင့်ပြီး ဝေခွဲမရ ဖြစ်နေ၏။ သို့သော်ငြား သူက ကိုယ့်ကိုယ်ကိုယ်တော့ အပြစ်မတင်နိုင်ပေ။ မီးနတ်ဘုရားဂိုဏ်းတွင် အဂ္ဂိရတ်ပညာရှင်များက ထုတ်လုပ်ရန် တာဝန်ရှိပြီး နတ်ဆရာမက ကြော်ငြာရန် တာဝန်သာ ရှိသည်။

မီးနတ်ဘုရားဂိုဏ်းအနေနှင့် စစ်မြေပြင်တွင် ယမ်းဗုံးကို ပထမဦးဆုံးအကြိမ် အသုံးပြုခြင်းလည်း ဖြစ်၏။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ စမ်းသပ်ချိန်တုန်းက တကယ့်ကို အစွမ်းကြီးမားခဲ့သည် မဟုတ်ပါလား။ ယခု အဘယ်ကြောင့် ဤမျှ နုံချာနေရသနည်း။

“မြို့စားကြီး... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျွန်မတို့မှာ တခြားလက်နက်တွေ ရှိပါသေးတယ်။” နတ်ဆရာမက ဆို၏။

မြို့စားကြီး အော်စတင်က ပြောလိုက်သည်။ “ဘရွတ်က... ခင်ဗျားတို့ကို ဘာလို့ ဒီလိုအရေးပါတဲ့နေရာမှာ ထားခဲ့တာလဲဆိုတာ ကျုပ် တကယ့်ကို နားမလည်နိုင်ဘူး။ ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးမယ်။ အကယ်၍ ဒီတစ်ကြိမ်မှာလည်း မအောင်မြင်ဘူးဆိုရင်တော့ ကျုပ်ကိုပဲ အရာအားလုံး လွှဲပေးလိုက်တော့။”

နတ်ဆရာမက ပြော၏။ “မြို့စားမင်း... ကျေးဇူးပြုပြီး စောင့်ကြည့်လိုက်ပါ။

ပြီးနောက် နတ်ဆရာမက လက်ကို ဝှေ့ယမ်းသည်။ မီးနတ်ဘုရား စစ်သည်ရာပေါင်းများစွာတို့က လက်တွန်းလှည်း ရာပေါင်းများစွာကို တွန်းထုတ်လာ၏။ အကယ်၍ ရှမ့်လန်သာ ဤမြင်ကွင်းကို မြင်ပါက တကယ့်ကို ထိတ်လန့်သွားပေလိမ့်မည်။ နတ်ဘုရား လက်နက်များလား။

မီးနတ်ဘုရားဂိုဏ်းက ဤမျှ စောစီးစွာဖြင့် ဒုံးပျံပစ်စင်များကို ပြုလုပ်နိုင်အောင် စွမ်းဆောင်နိုင် နေပြီလား။ အဘယ်ကြောင့်ဆိုသော် လက်တွန်းလှည်း တစ်ခုချင်းစီတိုင်းတွင် ပြွန် ၉ ခုစီ ပါရှိပြီး ပြွန်တစ်ခုချင်းစီတိုင်း၌ ဒုံးပျံမြားတစ်စင်းစီ ရှိနေ၏။ ထိုအရာက ခေတ်မီဒုံးပျံမျိုး မဟုတ်ဘဲ ရှေးဟောင်း ဒုံးပျံမျိုးဖြစ်ပြီး နှစ်မီတာခန့် ရှည်လျားကာဖြင့် မြားတံ၏ ကိုယ်ထည်တွင် ယမ်းတောင့်များ ချည်နှောင်ထားသည်။

ဤမြင်ကွင်းကို မြင်ချိန်မှာတော့ ကျန်းချွင်းဟွာက ထိတ်လန့်မသွားဘဲ မနေနိုင်တော့ချေ။ မီးနတ်ဘုရား ဂိုဏ်း၏ ဤလက်နက်က တကယ့်ကို အဆင့်မြင့်ပုံပေါ်၏။ သူမက ဘာမှန်းမသိသေးသော်လည်း ရှေးဟောင်းဒုံးပျံ ပစ်စင်ကဲ့သို့ စွမ်းအားကြီးမားပုံ ပေါ်သည်ကိုတော့ ခံစားမိနေ၏။

“မီးရှို့...”

နတ်ဆရာမက အမိန့်ပေး၏။ ပြီးနောက် အမှန်တကယ်ပဲ ရင်သပ်ရှုမောဖွယ်ရာ ကောင်းသည့် မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာခဲ့သည်။

“ဝူး... ဝူး...”

မီးတောက်၊ မီးတန်း တစ်စင်းပြီး တစ်စင်းက မီတာရာပေါင်းများစွာ အကွာဝေးရှိ မြို့ရိုးဆီသို့ ဦးတည်ပျံသန်းလာ၏။

လက်တွန်းလှည်း တစ်ခုချင်းစီတိုင်းမှ ဒုံးပျံ ၉ စင်းပါပြီး လက်တွန်းလှည်း ရာပေါင်းများစွာ ရှိသောကြောင့် ဒုံးပျံ ထောင်ပေါင်းများစွာ တပြိုင်နက် ပစ်လွှတ်လိုက်ခြင်းပင်။ ခဏအတွင်းမှာပဲ ထိုအရာက ထောင်ပေါင်း များစွာသော ဥက္ကာခဲများ ကြွေကျလာသကဲ့သို့ပင်။

ဤမြင်ကွင်းက လူတစ်ယောက်ကို ကြောက်လန့်လွန်းသောကြောင့် သေးပင်ထွက်ကျလာစေနိုင်၏။ ထိတ်လန့်မှုကြောင့် မဟုတ်ဘဲ အံ့အားသင့်လွန်းသောကြောင့်ပင်။ ခေတ်သစ်လောကတွင် ဒုံးပျံရာပေါင်း များစွာတို့ တပြိုင်နက် ပစ်ခတ်လေ့ရှိသော်လည်း ယခုအခြေအနေမှာတော့ ဒုံးပျံ ဒါဇင်ပေါင်းများစွာတို့ တပြိုင်နက် ဝူးကနဲ မြည်သံပေးကာ ထွက်ပေါ်လာခြင်းက ကြောက်ရွံ့စရာကောင်းသည်။

မြို့စားကြီးအော်စတင်က ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ‘စစ်ပွဲတွေက ဒီလိုမျိုး ဖြစ်သွားပြီလား။’

ကျန်းချွင်းဟွာက မြင်ကွင်းကို ငေးကြည့်ရင်း စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိ၏။ ‘ဒီနတ်ဆရာမက ရှမ့်လန် ပြောခဲ့သလို အရာရာကို ပိုပြီး ချဲ့ကားလုပ်တတ်တာပဲ။ ဒီလောက် လိုလို့လား’

ကျန်းချွင်းဟွာက အမိန့်ပေးလိုက်သည်။ “နည်းနည်းလောက် ထပ်ဝပ်လိုက်အုံး။”

ရှမ့်လန်က ဒုံးပျံများကို စမ်းသပ်ခဲ့ဖူးသော်လည်း လက်လျှော့လိုက်၏။ ထိုအရာက အံ့အားသင့်စရာ ကောင်းသော်လည်း တိုက်ခိုက်ရေးစွမ်းရည်က ရန်သူ့တပ်ဖွဲ့များ စုဝေးနေသည့်နေရာကို တိုက်ခိုက်ရန် ကောင်းသော်လည်း မြို့ရိုးကို တိုက်ခိုက်ရန် အသုံးဝင်လိမ့်မည် မဟုတ်သောကြောင့်ပင်။

“ဝူး... ဝူး...”

ဤမီးမြားထောင်ပေါင်းများစွာတို့က အမှန်တကယ်ပဲ အံ့အားသင့်စရာကောင်း၏။ သူတို့က အလွန့်အလွန် ဝေးကွာသည့်နေရာဆီမှ ပျံသန်းရောက်ရှိလာ၏။ သူတို့က ကီလိုမီတာပေါင်းများစွာ အကွာဝေးထိ တိုက်ရိုက် ရောက်ရှိလာပြီး မြို့ရိုးထိပ်ကို ကျော်လွန်သွား၏။

ကျန်းချွင်းဟွာနှင့် မြို့ရိုးပေါ်ရှိ စစ်သည်တို့က သူတို့၏ ဦးခေါင်းပေါ်မှ ဖြတ်ကျော်သွားပြီး မြို့ရိုးနောက်ဘက် မီတာရာပေါင်းများစွာ အကွာသို့ ကျမသွားမီ ထိုဒုံးပျံများကို သေသေချာချာ မော့ကြည့်လိုက်ကြသည်။

နတ်ဆရာမ၏ ဒုတိယမြောက် ဒုံးပျံလှိုင်းက ပို၍ အံ့အားသင့်စရာကောင်း၏။ သို့သော်ငြား ရလဒ်ကတော့ သုညပင်။ ဒုံးပျံအားလုံးတို့က မြို့ရိုးပေါ်မှ ကျော်လွန်သွားခဲ့၏။ နှစ်ဖက်စလုံးက အပြန်အလှန် ကြည့်ရှု၏။

မြို့စားကြီး အော်စတင်က စကားပြောချင်းကို ရပ်တန့်ပြီး နတ်ဆရာမကို လှည့်ကြည့်သည်။

ကျန်းချွင်းဟွာက သူမ၏ လှပသည့် မျက်ဝန်းများဖြင့် နတ်ဆရာမကို လှမ်းကြည့်၏။ ‘ရှင့်ရဲ့ ခုဏက တိုက်ခိုက်မှုက တကယ့်ကို အံ့အားသင့်စရာပဲ။ နောက်ထပ် ရှိသေးလား။’

နတ်ဆရာမက အက်ရှရှအသံဖြင့် ပြောသည်။ “မြို့စားကြီး... အမှန်တော့ ကျွန်မရဲ့လက်နက်တွေက ပြဿနာ မရှိဘူး။ ဒါပေမဲ့ တိကျမှုကတော့ မလုံလောက်သေးဘူး။ ဒီတော့ ကျွန်မတို့ ပြန်လည်ချိန်ညှိဖို့ လိုပါသေးတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို...”

စကားမဆုံးခင်မှာပဲ မြို့စားကြီးအော်စတင်က သူ၏လက်ကို မြောက်ကာ တားဆီး၏။ “ဆရာမကြီး... မီးနတ်ဘုရားရဲ့ အမျက်ဒေါသ လက်နက်တွေက တကယ့်ကို အင်အားကြီးပြီး စစ်ပွဲတစ်ခုလုံးကို ပြောင်းလဲ စေနိုင်တယ်ဆိုတာ ကျုပ်မြင်တယ်။ ဒါပေမဲ့ အဲဒါက အနာဂတ်မှပဲ။ အခုမဟုတ်ဘူး။ ဒါကြောင့် အခုလာမယ့် စစ်ပွဲကို ကျုပ်ဆီ လွှဲလိုက်တော့။”

နတ်ဆရာမက တကယ့်ကို ခါးသက်စွာဖြင့် အော်ဟစ်လိုက်သည်။ “မြို့စားကြီး... ကျေးဇူးပြုပြီး ကျွန်မတို့ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါအုံး။”

မြို့စားကြီးအော်စတင်က ပြောလိုက်၏။ “ဆရာမကြီး... ခင်ဗျား စွမ်းဆောင်ပြချင်တယ်ဆိုတာ ကျုပ် သိပါတယ်။ ခင်ဗျားအနေနဲ့ ဒီဘိုရာကို ရှင်းပြဖို့ လိုအပ်သေးတယ်။

ဒါပေမဲ့ ကျုပ်ကို ယုံကြည်ပေးပါ။ ကျုပ်က မာနကြီးရင် ကြီးမယ်၊ ဒါပေမဲ့ ကျုပ်ရဲ့ နှလုံးသားထဲမှာ ဘက်လိုက်မှု မရှိဘူး။ ခင်ဗျားတို့ လက်နက်ရဲ့စွမ်းအားကို ကျုပ် မြင်ဖူးတယ်။ မီးနတ်ဘုရားဂိုဏ်းမှာ တကယ့်ကို စွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ လက်နက်တွေ ရှိတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ခင်ဗျားတို့ရဲ့ လက်ထဲမှာ ရှိနေတဲ့ လက်နက်တွေက အခုအသုံးချဖို့ အဆင်မပြေသေးဘူး။

ဒါက သေးငယ်တဲ့ တိုက်ပွဲလေးတစ်ခုပါပဲ။ ဒါကြောင့် ဒါကို ကျုပ်လက်ထဲပဲ လွှဲပေးလိုက်ပါ။ ဟုတ်ပြီလား။ ပြီးတော့ မီးနတ်ဘုရားဂိုဏ်းပေါ်မှာ ရှိတဲ့ ကျုပ်ရဲ့ လေးစားမှုက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ မီးနတ်ဘုရားဂိုဏ်းမှာ ဒီထက်ပိုပြီး စွမ်းအားကြီးတဲ့ လက်နက်တွေ ရှိအုံးမှာပါ။ ကျုပ်ပြောတာကို ခင်ဗျား သဘောတူလား။ ရန်သူမြို့ရိုးကို တိုက်ခိုက်ဖို့ ကျုပ်ကိုအခုပဲ ဦးဆောင်ခွင့်ပြုနိုင်မလား။”

နတ်ဆရာမက နောက်သို့ဆုတ်ပြီး ပြောသည်။ “မြို့စားကြီးရဲ့ အလိုတော်အတိုင်းပါပဲ။”

..................

မြို့စားကြီး အော်စတင်က လိမ်ညာခြင်း မဟုတ်ချေ။ သူက လောကအနှံ့သို့ ဆယ်စုနှစ်တစ်ခုကျော် လှည့်လည်ဖူးသောကြောင့် များစွာမြင်ဖူး၏။ မီးနတ်ဘုရားဂိုဏ်း၏ ယမ်းမှုန့် တိုက်ခိုက်မှုက နှစ်ကြိမ်လုံး ရလဒ် မအောင်မြင်ခဲ့သော်လည်း ထိုလက်နက်က တကယ့်ကို အံ့အားသင့်စရာကောင်းကြောင်းကိုတော့ မြင်၏။

ထိုအရာသာ အောင်မြင်သွားပါက စစ်ပွဲတစ်ခုလုံးကို တိုက်ရိုက် ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။ သူက အသိဉာဏ် မရှိသူ မဟုတ်ချေ။ သို့ပေမည့် အနည်းဆုံး လတ်တလော စစ်ပွဲဆိုသည်က စစ်သည်တော်များ၏ လက်ထဲတွင်သာ ရှိရပေမည်။

အရပ်ရှည်သည့် မြို့စားကြီး အော်စတင်က မီတာသုံးထောင်ရှည်သည့် မြို့ရိုးကြီးကို လှမ်းကာ ကြည့်ရှု၏။ ထိုအရာက မီးခိုးများ ထူထပ်ပြီး အမဲစက်များနှင့် ပြည့်နှက်နေသော်လည်း သူ ထင်မှတ်ထားသည်ထက် ပို၍ ခိုင်ခံ့နေဆဲပင်။ သို့သော်ငြား မည်မျှ ခိုင်ခံ့နေပါစေ ထိုအရာက သေးငယ်သည့်အရာမျိုးဖြစ်ပြီး ထိုပေါ်တွင် ခုခံနေသည့် စုစုပေါင်း လူအင်အား ၅၀၀ မျှသာ ရှိသည်။

မြို့စားကြီး အော်စတင်က အော်ဟစ်လိုက်၏။ “စစ်တပ်... အတန်းလိုက် ပြင်ဆင်ကြစမ်း။”

ချက်ချင်းပဲ စစ်သည်တစ်သောင်းက လက်နက်အပြည့်အစုံဖြင့် စနစ်တကျ စုဝေးကြသည်။

All Chapters