← Chapters

အခန်း (၈၃၃-၈၃၄)

Vol. 51 Ch. 833-834

အခန်း (၈၃၃-၈၃၄)

Vol. 51 Ch. 833-834

အပိုင်း (၈၃၃)

နယ်စားကြီး ဒီဘိုရာက တကယ့်ကို ချမ်းသာကြွယ်ဝသူ ဖြစ်သောကြောင့် စစ်သည်တိုင်းကို သံချပ်ကာ ဝတ်စုံများ တပ်ဆင်ပေးထား၏။ စစ်သည် တစ်သောင်းလုံးက အရပ်ရှည်ပြီး သန်မာသူများ ဖြစ်၏။ ခြောက်မီတာကျော် မြင့်မားသည့် မြို့သိမ်း လှေကားများကို သယ်ဆောင်ထား၏။

မြို့စားကြီးအော်စတင်က ဘေးဘက်ရှိ တောင်ကုန်းကြီးပေါ်သို့ တက်၏။ အထက်မှနေ၍ ဤတိုက်ပွဲကို ကြီးကြပ်ကွပ်ကဲလေသည်။ သူက မာနကြီးသူဖြစ်သော်လည်း အစစ်မှန် တိုက်ပွဲသို့ ရောက်သည့်အခါမျိုးတွင် တကယ့်ကို တည်ငြိမ်သည့် စစ်သူကြီးတစ်ယောက်ပမာ ဖြစ်လာ၏။ အားအနည်းဆုံး ရန်သူနှင့် ရင်ဆိုင်ရသည် ဆိုလျှင်တောင် သူက တကယ့်ကို စေ့စပ်သေချာသည်။

ယခုအချိန်မှာတော့ သူ၏တည်နေရာက ကျန်းချွင်းဟွာ၏ မြို့ရိုးထက် ပိုမိုကာ မြင့်မားသောကြောင့် မြို့ရိုးပေါ်မှ ခုခံသူများကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။ အရှေ့တိုင်းသားများက မြားများ၊ သစ်တုံးများ၊ ကျောက်တုံးများ၊ ဆီပူများနှင့် တခြားသောအရာများများကို ပြင်ဆင်ထားမည်ဖြစ်ကြောင်း သူသိ၏။

သို့သော်ငြား ဤနေရာရှိ အရှေ့တိုင်းသားများတွင်မူ ထိုအရာများ တစ်ခုမှ မရှိချေ။ သူတို့၌ ထောက်ခံရေး ပစ္စည်းများက တကယ့်ကို ပြတ်လပ်နေပြီး ပြင်ဆင်မှုကလည်း အလျင်စလိုနိုင်၏။ မြို့ရိုးကို မကြာသေးခင်ကမှ တည်ဆောက်ထားခဲ့ခြင်း ဖြစ်၏။

မီတာသုံးထောင်ရှည်သည့် မြို့ရိုးပေါ်တွင် လူငါးရာသာ ရှိ၏။ ပျမ်းမျှအားဖြင့် လူတစ်ယောက်လျှင် ၆ မီတာ ခန့် ကာကွယ်ရမည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ လူတစ်သောင်းနှင့် ဝန်းရံတိုက်ခိုက်လျှင်တောင် အနည်းဆုံး နာရီဝက်အတွင်း သိမ်းပိုက်နိုင်ပေလိမ့်မည်။ တပ်ဖွဲ့များ ပြင်ဆင်ပြီးစီးပြီး ဖြစ်သည်။

မြို့စားကြီးအော်စတင်က သူ၏ဓားကြီးကို ဆွဲထုတ်ကာ အော်ဟစ်၏။ “မြို့ကို တိုက်ကြစမ်း။”

“အူ.... အူ...” ရှည်လျားသည့် ခရုသင်းသံကြီးက မြည်၏။ ချက်ချင်းပဲ အော်စတင်၏ စစ်သည်ပေါင်း တစ်သောင်းက စတင်ကာ ချီတက်တိုက်ခိုက်၏။ တကယ့်ကို ကျွမ်းကျင်သည့် စစ်တပ်တစ်ခု ဖြစ်သည်။

သူတို့က တိုက်ခိုက်နေချိန်တွင် လုံးဝ စိတ်ပျံ့လွင့်ခြင်း မရှိဘဲ ထူးခြားသည့် စည်းချက်တစ်မျိုးဖြင့် ရှေ့ဆီသို့ လှမ်းလာ၏။ အစပိုင်းတွင် အရှိန်ဖြင့်မပြေးကြဘဲ တဖြည်းဖြည်း အရှိန်ကုန်မြင့်ကာဖြင့် ပိုမြန်စေ၏။ စစ်သည်ပေါင်း တစ်သောင်းတို့၏ ရှေ့ဆီသို့ တက်လှမ်းလာသည့် ခြေသံက ကမ္ဘာမြေကြီးကို တုန်လှုပ်စေ၏။ သူတို့က သံမဏိ ရေစီးချောင်းကြီး တစ်ခုကဲ့သို့ပင်။ ကြည့်ရှုရသည်က စိတ်လှုပ်ရှားဖွယ် ကောင်း၏။

“ဘုန်း... ဘုန်း...”

စစ်သည်တစ်သောင်းတို့ ရှေ့သို့လှမ်းလာသည်နှင့်အမျှ မြေပြင်ကြီးက စတင်တုန်ခါ၏။ မြို့စားကြီး အော်စတင်၏ ခန့်မှန်းချက်က မှန်ကန်၏။ စစ်သည်တစ်သောင်းက ကျန်းချွင်းဟွာ၏ မြို့ရိုးကို တိုက်ခိုက်ရန် အလွန်ဆုံး နာရီဝက်သာ ကြာပေလိမ့်မည်။

ရှမ့်လန်၏ခုခံသူများက တကယ့်ကို စွမ်းအားကြီးသော်လည်း အရေအတွက်က နည်းပါး၏။ လူတစ်ဦးတည်း က ၆ မီတာရှည်သည့် မြို့ရိုးကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အမှန်စင်စစ်အားဖြင့် နာရီဝက်ပင် ကြာလိမ့်မည် မဟုတ်ချေ။

အော်စတင်၏ စစ်သည်ပေါင်းတစ်သောင်းက ၆ မီတာရှည်သည့် မြို့ရိုးကို ၁၅ မိနစ်အတွင်း သိမ်းပိုက် နိုင်ပေမည်။ စစ်တပ်၏ တိုက်စစ်က ပိုပို၍ မြန်လာပြီး သူတို့၏ ကြွေးကြော်သံများကလည်း ပိုပို၍ ပြင်းထန်လာ၏။

“ရှေ့ကိုတက်... တိုက်ကြ... တိုက်ကြ... အင်ပါယာအတွက်... နယ်စားကြီးဒီဘိုရာအတွက်... ဒီအရှေ့တိုင်းသားတွေကို တစ်ယောက်မကျန် သတ်ပစ်ကြ။ အကုန်လုံးကို သတ်ပစ်ကြ။” စစ်သည် တစ်သောင်းတို့က မြို့ရိုးနှင့် ပို၍ နီးကပ်လာသည်။

ကျန်းချွင်းဟွာက သူမ၏ မျက်လုံးများကို မှေးကြည့်ပြီး မြို့ရိုးပေါ်မှ စစ်သည်တစ်သောင်းကို ငုံ့ကြည့်၏။ “နီးပြီ။”

အားလုံးနီးပါးက ပစ်ကွင်းသို့ ရောက်ရှိနေပြီဖြစ်၏။ သူမ၏ နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရ၏။ ပြီးခဲ့သည့် လအတွင်းက သူမ ပင်ပင်ပန်းပန်း ပြုလုပ်ခဲ့သည့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းအားလုံးကို တစ်ကြိမ်တည်း အကုန် အသုံးပြုရမည် မဟုတ်ပါလား။

ကျန်းချွင်းဟွာက လက်ကို ဝှေ့ယမ်း၏။ သူမ၏နောက်ရှိ အရာရှိနှစ်ဦးတို့က အလံများကို ဝှေ့ယမ်းလိုက် ကြ၏။ ချက်ချင်းပဲ မြို့ရိုး၏ တစ်ဖက်တစ်ချက်ရှိ ခုခံသူများက မြေပြင်ပေါ်သို့ ဝပ်ဆင်းလိုက်ကြ၏။ မြို့ရိုးအကွယ်များ၏ နောက်တွင် ပုန်းအောင်းပြီး ရင်ဘတ်နှင့် မြေပြင်ကို မထိအောင် ထားကြ၏။ သူတို့က ငလျင်ဒဏ်မှ ရှောင်တိမ်းသည့် တိရစ္ဆာန်လေးများကဲ့သို့ပင်။

ထိုအရာကိုမြင်ချိန်မှာတော့ မြို့စားကြီး အော်စတင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ “ဒါ အရမ်းကို ထူးဆန်းတယ်။ စစ်တပ်က မြို့ရိုးနားကို ရောက်တော့မယ်။ ဘာလို့ မြို့ရိုးပေါ်က အရှေ့တိုင်းသားတွေက ဝပ်နေရတာလဲ။”

သူက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နေရာအနှံ့ စွန့်စားသွားလာဖူးသောကြောင့် အာရုံစူးစိုက်နိုင်သည့် တိရစ္ဆာန်ကဲ့သို့ပင် အလိုလို သိစိတ်များရှိ၏။ ထိုအချိန်မှာတော့ သူက သေမင်းတမျှ အန္တရာယ်ရှိသည့် ခံစားချက်ကို ခံစားရပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာသည်။

“ရပ်လိုက်ကြ... ရပ်လိုက်ကြစမ်း။” မြို့စားကြီး အော်စတင်က အော်ဟစ်လိုက်၏။

တောင်ထိပ်ပေါ်ရှိ အချက်ပြ စစ်သည်တို့က ထိတ်လန့်သွား၏။ ပြီးနောက် အလံကို ဝှေ့ယမ်းလိုက်ကြ၏။ စစ်သည်တစ်သောင်းတို့က အံ့အားသင့်သွားသော်လည်း အမိန့်ကို နာခံကာ ရပ်တန့်လိုက်ကြသည်။

မြို့စားကြီး အော်စတင်၏ ဦးရေပြားများက ထုံကျဉ်နေ၏။ သူက စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းပြီးနောက် နောက်ထပ်အမိန့်တစ်ခုကို ထပ်ပေး၏။ “စစ်တပ်တွေ လူစုခွဲကြ... နောက်ကိုဆုတ်ကြစမ်း။”

သူက တကယ့်ကို ထူးချွန်ပြီး ရဲရင့်လွန်းသည့် တပ်မှူးတစ်ယောက် ဖြစ်သောကြောင့် တကယ့်ကို ပြတ်သားလွန်းသည်။

နားမလည်သော်လည်း လက်အောက်ရှိ စစ်သည်တစ်သောင်းတို့က နောက်သို့လှည့်ကာ ထွက်ခွာရန် ပြင်ဆင်၏။ ချိုင့်ဝှမ်းက ကျဉ်းမြောင်းသောကြောင့် သူတို့က ဤနေရာ၌ လူစုခွဲ၍ မရနိုင်ချေ။ နောက်ကျ သွားခဲ့၏။ လောကကြီးတစ်ခုလုံးက တိတ်ဆိတ်မှုအတွင်းသို့ ကျရောက်သွား၏။

ဤအချိန်မှာတော့ စစ်သည်တစ်သောင်း၏ ခြေဖဝါးအောက်တွင် အံ့အားသင့်စရာကောင်းလောက်အောင် များပြားသည့် ပေါက်ကွဲစေသော ပစ္စည်းများကို မြှုပ်နှံထားပြီး ဖြစ်၏။ ထိုအရာက ယမ်းမှုန့်များ မဟုတ်ဘဲ အစွမ်းထက်သည့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများပင်။

ယခုအချိန်မှာတော့ ရှည်လျားသည့် ယမ်းကြိုးများက ဆက်တိုက် လောင်ကျွမ်းနေပြီ။ မီးပွားများက ပေါက်ကွဲ စေတတ်သည့် ပစ္စည်းများဆီသို့ ဆက်လက်ကူးစက်နေ၏။ ပေါက်ကွဲမှုကို သေချာစေရန် ယမ်းကြိုးပေါင်း ဒါဇင်ပေါင်းများစွာနှင့် ပေါက်ကွဲစေတတ်သည့် အက်စစ်များကို ဖြည့်သွင်းထားသေးသည်။

မြို့စားကြီးအော်စတင်က မြို့ရိုးပေါ်ရှိ ခုခံသူများကို ထပ်မံကြည့်သည် သူတို့က မြေပြင်ပေါ်တွင် ဝပ်နေဆဲဖြစ်ပြီး သူတို့၏လက်များဖြင့် နားကို ပိတ်ထားကြောင်း မြင်ရ၏။ နောက်ကျသွားသည်ကို သူ သိလိုက်ရသည်။ ထိုနောက် သူက သူ၏နားများကို အလျင်အမြန် ပိတ်လိုက်၏။

“တစ်... နှစ်... သုံး...”

စစ်သည်တစ်သောင်းက နောက်သို့ လှည့်ကာ ဆုတ်ခွာရန် ပြင်ဆင်နေကြဆဲပင်။ နောက်ကွယ်ရှိ ထောင်ပေါင်း များစွာသော စစ်သည်များကလည်း ထိုအရာကို တိတ်ဆိတ်စွာဖြင့် ဝေခွဲမရသလို ကြည့်မိနေကြသည်။

“ရွှီ... ဖောက်...”

ယမ်းကြိုး လောင်ကျွမ်းသွားပြီး ပေါက်ကွဲစေသည့် အက်စစ်ကလည်း အလုပ်စလုပ်၏။ ထိုအက်စစ်က အစွမ်းထက်သည့် ပေါက်ကွဲစေသည့် ပစ္စည်းများကို ပေါက်ကွဲအောင် ထောက်ပံ့စေ၏။

ခဏအတွင်းမှာပဲ “ဘုန်း... ဘုန်း... ဘုန်း...။”

ပြီးနောက် ဤအရာက လောကကြီးတစ်ခုလုံး တုန်လှုပ်စေမည့် ပေါက်ကွဲမှုကြီး ဖြစ်လာ၏။ နားကွဲလုမတတ် မြည်ဟီးသံကြီးက မိုးကြိုးပစ်ချသကဲ့သို့ပင်။ ထိုအရာက ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားများနှင့် အနီးစပ်ဆုံးသော စွမ်းအင်များပင် ဖြစ်ပေလိမ့်မည်။

မီးနတ်ဘုရားဂိုဏ်း၏ ပေါက်ကွဲမှုထက် ဆယ်ဆမက ပိုမိုကာ ထိတ်လန့်ဖွယ်ရာကောင်း၏။ ခဏအတွင်းမှာပဲ မြွေနဂါးကြီးက တစ်ပတ်ပတ်လိုက်သကဲ့သို့ပဲ ချိုင့်ဝှမ်း၏ မီတာရာပေါင်းများစွာကို လွှမ်းခြုံလိုက်၏။ မြေပြင် တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ဖြစ်ပြီး ပြိုကွဲ၏။

မြေပြင်ပေါ်ရှိ စစ်သည်ပေါင်းတစ်သောင်းတို့က စုပြုံကာ ရပ်နေခြင်း ဖြစ်၏။ သူတို့က သံချပ်ကာ များသာမက ဒိုင်းလွှားများကိုပါ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထား၏။ သို့သော်ငြား အားလုံးက အချည်းနှီးပင်။ ဤမျှ ထိတ်လန့်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲမှု၏ ရှေ့တွင် သူတို့၏ ခန္ဓာကိုယ်က နုနယ်လွန်း၏။ သူတို့က တိုက်ရိုက်ပဲ အပိုင်းပိုင်း ဖြစ်ကုန်သည်။

မရေတွက်နိုင်သည့် လူသားအလောင်းများနှင့် ပြည့်နှက်သွား၏။ ခန္ဓာကိုယ် အစိတ်အပိုင်းများက ကောင်းကင်ပေါ်သို့ လွင့်စင်သွားခဲ့၏။

“ဘုန်း... ဘုန်း...”

ဆက်တိုက်ဆိုသလိုပဲ ပေါက်ကွဲမှုများက မပြီးဆုံးနိုင်သလို ဖြစ်ပေါ်နေ၏။ မြေပြင်တစ်ခုလုံးနှင့် ခြောက်မိုင်ရှည်သည့် မြို့ရိုးကြီးတစ်ခုလုံးက တုန်ခါနေ၏။ အစွမ်းထက်သည့် ပေါက်ကွဲမှု လှိုင်းလုံးများက ချိုင့်ဝှမ်း၏ နှစ်ဖက်လုံးကို လွှမ်းခြုံသည်။

လေပြင်းတိုက်ခိုက်ခံရသည့် ချုံငယ်လေးကဲ့သို့ပင် မြို့စားကြီး အော်စတင်၏ စစ်သည် ထောင်ပေါင်းများစွာ တို့က မြေပေါ်သို့ တဖုတ်ဖုတ်နှင့် လဲကျကုန်ကြ၏။ ပေါက်ကွဲမှုနှင့် အနီးစပ်ဆုံးတွင် ရှိနေသည့် စစ်သည်များက လေထဲသို့ လွင့်စင်၏။

ပြီးနောက် လောကကြီးတစ်ခုလုံးရှိ အသံအားလုံးက ပျောက်ကွယ်သွားသကဲ့သို့ပင်။ လူသားတို့၏ နားထဲတွင် “ဝီ...” ဆိုသည့် အသံများသာ မြည်လျက်ရှိနေပြီး သူတို့၏ ဦးနှောက်များကလည်း ပေါက်ကွဲလုမတတ်ပင်။

မြို့စားကြီး အော်စတင်က ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာနှင့် မဝေးပေ။ ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာတော့ သူ၏ ခန္ဓာကိုယ်က မီတာအနည်းငယ် လွင့်စင်သွားသလို ခံစားလိုက်ရ၏။

“ဘုန်း...”

ပြီးနောက် သူ၏ ခန့်ညားသည့် ခန္ဓာကိုယ်ကြီးက အနောက်သို့ တကယ်ပဲ လွင့်စင်သွားခဲ့၏။ ကျောက်ဆောင်နံရံနှင့် ရိုက်မိပြီး အောက်သို့လိမ့်ကျ၏။ သို့သော်ငြား သူက တကယ့်ကို သန်မာ၏။ ရုတ်တရက် ခုန်ထပြီး မတ်တပ်ရပ်လိုက်သည်။

“ဖူး...”

သွေးတစ်လုတ် အန်ထုတ်မိ၏။ ပြီးနောက် သူက အမြင်အာရုံနှင့် အကြားအာရုံကို ရှင်းလင်းသွားစေရန် သူ၏ ဦးခေါင်းကို ခပ်ပြင်းပြင်း ခါယမ်းလိုက်၏။ ပေါက်ကွဲမှု၏ တုန်ခါလှိုင်းက တကယ့်ကို ပြင်းထန်၏။ အကယ်၍ တခြားသောသူသာ ဆိုပါက သေဆုံးသွားနှင့်လောက်ပြီ။ သို့သော်ငြား မြို့စားကြီး အော်စတင်က အနည်းငယ် မူးဝေခြင်းကိုသာ ခံစားရ၏။

ကံကောင်းထောက်မစွာဖြင့် သူက နားကို အချိန်မီ ပိတ်လိုက်နိုင်ခဲ့သည်။ မဟုတ်ပါက သူ၏ နားစည်များက ပွင့်ထွက်သွားနိုင်၏။ သူက မိမိကိုယ်ကို နိုးကြားလာစေရန် ဦးခေါင်းကို ခပ်ပြင်းပြင်း ပုတ်ပြန်သည်။

“အချက်ပေး စစ်သည်တွေ... အချက်ပေး စစ်သည်တွေ...” မြို့စားကြီးအော်စတင်က အော်ဟစ်သော်လည်း လောကကြီးက တိတ်ဆိတ်နေဆဲပင်။ သူက သူ၏ ကိုယ်ပိုင်အသံကိုပင် မကြားရသလို ဖြစ်နေ၏။ သူ၏ အမြင်အာရုံ အနည်းငယ် ပြန်လည်ကောင်းမွန်လာချိန်မှ အချက်ပေးစစ်သည်များ မရှိတော့သည်ကို မြင်ရ၏။

သူ၏ပတ်ဝန်းကျင်ရှိ စစ်သည် ဒါဇင်ပေါင်းများစွာက သေဆုံးခဲ့ပြီဖြစ်သလို ခန္ဓာကိုယ်တိုင်းကလည်း သွေးများ ထွက်နေ၏။ ရင်ဘတ်နှင့် အရိုးများကလည်း ကျိုးကြေနေ၏။ ပေါက်ကွဲမှုနှင့် ဤမျှ နီးကပ်နေပြီး လူတိုင်းက သူ့ကဲ့သို့ သန်မာပြီး အသက်ရှင်နိုင်ကြသူများ မဟုတ်ကြချေ။

ချိုင့်ဝှမ်းအတွင်း၌ ဖုန်မှုန့်များနှင့် ဖုံးလွှမ်းလျက် ရှိနေပြီး ဘာကိုမှ မမြင်ရတော့ပေ။ ရှမ့်လန်၏ ပေါက်ကွဲ စေတတ်သောပစ္စည်းများ၏ စွမ်းအားက အံ့အားသင့်စရာကောင်းသော်လည်း ထိုအရာက မီးခိုး သို့မဟုတ် မီးတောက်များ ထုတ်လွှတ်ခြင်း မဟုတ်ဘဲ ဖုန်မှုန့်အများအပြားကိုသာ ဖြစ်ပေါ်စေသည်။

ထိုအရာက ကြောက်စရာ ကောင်းလွန်းလှချေ၏။ မရေတွက်နိုင်အောင် များပြားသည့် ကျောက်ခဲများ၊ သွေးများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အပျက်အစီးများက မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းလာ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် ဖုန်မှုန့်အားလုံးက ငြိမ်သက်သွား၏။

မြို့စားကြီး အော်စတင်က နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရ၏။ ပြီးနောက် သူက အဆင့်မြင့် ငရဲခန်းကို မြင်တွေ့လိုက်ရ၏။ စစ်တပ်ကြီးတစ်ခုလုံး ချေမှုန်းခံလိုက်ရပြီ ဖြစ်၏။ သူ၏ စစ်သည် တစ်သောင်းလုံး သေဆုံးကုန်၏။ အသက်ရှင် ကျန်ရစ်သူ တစ်ဦးမျှပင် ရှိလိမ့်မည် မဟုတ်ချေ။

လောကကြီးတွင် ဤသို့သောစစ်ပွဲမျိုး အဘယ်သို့ ရှိနိုင်မည်နည်း။ ခဏအတွင်း လူတစ်သောင်းလုံး အသတ်ခံလိုက်ရပြီး ခန္ဓာကိုယ်များက အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၏။ တကယ့်ကို အားလုံးက သေဆုံး သွားခဲ့ပြီ ဖြစ်၏။

မိန်းမတစ်ယောက်၏ နှလုံးသားက အယုတ်ညံ့ဆုံးပင်။ ချိုင့်ဝှမ်းအောက်တွင် ကျန်းချွင်းဟွာက ပေါက်ကွဲ စေတတ်သည့် ပစ္စည်းများကို မြှုပ်နှံထားခဲ့ပြီး နေရာလွတ်ဟူ၍ တစ်နေရာမှ မရှိခဲ့ချေ။ ဤကဲ့သို့ လူစုလူဝေး ထူထပ်သည့် နေရာမျိုးတွင် လူတစ်သောင်းမက လူနှစ်သောင်း ဖြစ်ပါစေ အားလုံးက သေဆုံးကြရမည်မှာ ဧကန်မလွဲ ဖြစ်သည်။

ကျဉ်းမြောင်းသည့် ချိုင့်ဝှမ်းအတွင်း စုပြုံနေသည့် လူအုပ်ကြီးက ပေါက်ကွဲမှုအတွက် အကောင်းဆုံး ပစ်မှတ် တစ်ခုပင်။ မြှုပ်နှံထားသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများက တကယ့်ကို များပြားပြီး ပေါက်ကွဲမှု၏ စွမ်းအင်ကလည်း ကြီးမား၏။ မီးနတ်ဘုရား၏ ကျောက်ခဲပစ် ယန္တရားများဖြင့် တိုက်ခိုက်ခံရစဉ်က မီတာ ၃၀၀၀ ရှိသည့် မြို့ရိုးက ပကတိအတိုင်း ရှိခဲ့၏။

ယခု ဤမြို့ရိုးက တကယ်ပဲ ပျက်စီးသွားခဲ့လေသည်။ ပေါက်ကွဲမှုမှာ မြို့ရိုးနှင့် အနည်းငယ် ဝေးကွာသော်လည်း တုန်ခါမှုလှိုင်းများက ခိုင်ခံ့သည့် မြို့ရိုးကို မပျက်စီးနိုင်သော်လည်း ပေါက်ကွဲမှုကြောင့် အနီးတစ်ဝိုက်တွင် ရှိနေသည့် ကျောက်ခဲကြီးများက လွင့်စင်လာခဲ့ပြီး မြို့ရိုးကို ရိုက်မိကာဖြင့် တမဟုတ်ချင်း တွင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။

ထိုမိန်းမက ကြမ်းတမ်းလွန်း၏။ ရန်သူကိုသတ်ရန် စွမ်းအင်မလုံလောက်မည်ကို စိုးရိမ်သောကြောင့် ပေါက်ကွဲမှု အရှိန်အဟုန်ကို နှစ်ဆခန့် တိုးခဲ့ပုံပေါ်၏။ နောက်ဆုံး သူမက မိမိ၏ မြို့ရိုးကိုပင် ပြိုပျက်လုနီးပါး ဖြစ်စေခဲ့၏။

မြို့စားကြီးအော်စတင်က မီးနတ်ဘုရားဂိုဏ်းမှ ပရောဟိတ်ကို ကြည့်၏။ ထိုသူက မြေပြင်ပေါ်တွင် ဝပ်သွားနေရာမှ ထလာခဲ့၏။ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေ၏။ မိမိဘဝကိုပင် သံသယ ဝင်နေပုံပေါ်သည်။

မီးနတ်ဘုရား၏ အမျက်ဒေါသက မီးနတ်ဘုရား၏ လျှို့ဝှက်လက်နက် မဟုတ်ပါလား။ အဘယ်ကြောင့် အရှေ့တိုင်းသားများ၌လည်း ဤကဲ့သို့သော လက်နက်မျိုး ရှိနေရသနည်း။ ထို့အပြင် သူတို့ထက် ဆယ်ဆမက ပို၍ စွမ်းအားကြီးမားနေ၏။

ရှမ့်လန်၏လက်ထဲတွင် ရှိနေသည့် လက်နက်က အစစ်အမှန်မီးနတ်ဘုရား၏ အမျက်ဒေါသပင် ဖြစ်ပေလိမ့်မည်။ ထိုအရာက မည်သို့ ဖြစ်လာရသနည်း။

“ရှမ့်လန်... မင်းဘာလို့ အရှေ့ဘက်ကို ရောက်လာရတာလဲ။ ဘာလို့ငါ့မိသားစုရဲ့ နယ်မြေကို လာတာလဲ။ ပြီးတော့ မင်းဘာလို့ ငါ့ရဲ့စစ်သည်တွေကို သတ်ပစ်ရတာလဲ။ ငါ့ရဲ့ရဲရင့်တဲ့ စစ်သည်တွေက စစ်မြေပြင်မှာ သေဆုံးနိုင်တယ်။ ရန်သူရဲ့ဓားချက်အောက်မှာ သေဆုံးနိုင်တယ်။ ဒါပေမဲ့ ဘာလို့ သူတို့က လျှို့ဝှက် ဆန်းကြယ်တဲ့ ဒီလို စွမ်းအားနဲ့ ပေါက်ကွဲမှုတွေအောက်မှာ သေဆုံးရတာလဲ။ ငရဲပဲ။ ဒါ လုံးဝ ငရဲပဲ။”

စစ်ပွဲက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

“အား... အား... အား...”

မြို့စားကြီး အော်စတင်က တိရစ္ဆာန်တစ်ကောင်ကဲ့သို့ပဲ ဆက်တိုက် ဟိန်းဟောက်လျက် ရှိနေ၏။ ဤတစ်ကြိမ် မူလန်မြို့ကို တိုက်ခိုက်ရန် နယ်စားကြီး ဒီဘိုရာက စစ်သည်အင်အား တစ်သိန်းကို စေလွှတ်ခဲ့၏။

ထိုအထဲတွင် သောင်းနှင့်ချီသည့် ရေတပ်အင်အားစုများ မပါဝင်သေးချေ။ ကျန်ရှိသည့် စစ်သည် ငါးသောင်းက ပင်လယ်ရေကြောင်းမှတဆင့် ကျောက်စိမ်းလှိုင်းကျွန်းဆွယ်သို့ တက်ရောက်လာ၏။ သွေးသောက်ဘာရွန်၏ ရေတပ်များက စစ်သည် သယ်ယူပို့ဆောင်ရန်နှင့် ပင်လယ်ပြင်ကို ပိတ်ဆို့ထားရန် တာဝန်ယူထားပြီး ထိုစစ်သည် ငါးသောင်း၏ စစ်သေနာပတိချုပ်က တခြားတစ်ယောက် ဖြစ်သည်။

ထိုသူက မြို့စားကြီးအော်စတင်ဖစ်ပြီး ရော့ဆိုမျိုးနွယ်စု၏ လက်အောက်ခံတစ်ဦးဖြစ်သလို နယ်စားကြီးဒီဘိုရာ၏ ဦးလေး တော်စပ်သူပင်။ မြို့စားကြီးကောင့်က အသက် ၆၀ အရွယ်သို့ ရောက်ရှိနေသည့် စစ်သူကြီးဟောင်း တစ်ယောက် ဖြစ်သည်။ မြို့စားကြီးအော်စတင် ခန့်မှန်းခဲ့သလိုပင် မြို့စားကြီးကောင့်က မြို့သိမ်းတိုက်ပွဲ၏ ဂုဏ်ပြုဆုလာဘ်များကို အော်စတင်နှင့်အပြိုင် လုယူလိုခြင်း မရှိပေ။

ယုတ္တိဗေဒအရ ပြောရမည်ဆိုလျှင် သူ၏ အင်အားငါးသောင်းရှိသည့် စစ်တပ်က ပင်လယ်ပြင်ကို ပိုမိုမြန်ဆန်စွာ ဖြတ်ကျော်နိုင်ခဲ့သောကြောင့် လွန်ခဲ့သည့် နှစ်ရက်၊ သုံးရက်တည်းက မူလန်မြို့ဆီသို့ ရောက်ရှိနေခဲ့သည်။

သို့သော်ငြား သူတို့က ဝင်ရောက်တိုက်ခိုက်မှုကို မလုပ်ခဲ့ချေ။ ထိုအစား ပင်လယ်ပြင်တွင် နှေးကွေးစွာ ရွက်လွှင့်ခဲ့၏။ ကျောက်စိမ်းလှိုင်းကျွန်းဆွယ်သို့ ရောက်သည့်တိုင်အောင် ကုန်းပေါ်သို့ မတက်သေးချေ။ ထို့အစား သင်္ဘောများပေါ်သာ နေထိုင်ပြီး ဆက်လက် ကင်းလှည့်နေ၏။

အပိုင်း (၈၃၄)

အတိတ်ကာလတုန်းက မြို့စားကြီးကောင့်က မြို့စားကြီး အော်စတင်နှင့် အဆင့်အတန်း အတူတူရှိ၏။ ထို့အပြင် သူက ပိုမို အသက်ကြီးပြီး အတွေ့အကြုံလည်း ရင့်ကျက်၏။ သို့သော်ငြား ယခု အခြေအနေများက ပြောင်းလဲသွားခဲ့၏။ ရော့ဆိုမိသားစုက ယခင်ကနှင့် မတူတော့ချေ။

တတိယ ရှီလွန်အင်ပါယာကို တည်ထောင်ပြီး ဆော်ရွှန်မင်းသား နန်းတက်လာသည်နှင့် အော်စတင်က ရော့ဆိုမျိုးနွယ်စု၏ ဒုတိယမြောက် နယ်စားကြီး ဖြစ်လာပေလိမ့်မည်။ နောင်အနာဂတ်တွင် နယ်စားကြီး ဒီဘိုရာ၏ သားဖြစ်သူကသာလျှင် ရော့ဆိုမိသားစု၏မျိုးရိုးအသစ်ကို ဆက်ခံကာ အင်ပါယာ၏ မင်းသား တစ်ပါး ဖြစ်လာပေလိမ့်မည်။

မြို့စားကြီးကောင့် အနေဖြင့် မိမိကိုယ်ကိုယ် နှိမ့်ချ နေထိုင်ရပေမည်။ အော်စတင်၏ ဂုဏ်ရောင်ကို သွားရောက် ဖုံးလွှမ်း၍ မဖြစ်ချေ။ ထို့အပြင် မူလန်မြို့ကို ဖျက်ဆီးရသည့် ဂုဏ်ဒြပ်ကလည်း ပြောပလောက်အောင် ကြီးမားသည် မဟုတ်ချေ။

အထိမ်းအမှတ်ဆန်သည့် အောင်ပွဲတစ်ခုမျှသာ ဖြစ်၏။ ဥပမာအားဖြင့် အရှေ့တိုင်းသားတို့၏ ခံတပ်ကို အပြီးတိုင် ဖျက်ဆီးခြင်းက စုန်းအင်ပါယာ ပြန်လည် နိုးထလာမှုကို အပြီးတိုင် ချေမှုန်းခြင်း ကဲ့သို့သော အောင်ပွဲ အထိမ်းအမှတ် တစ်ခုမျှသာ ဖြစ်သည်။

မြို့စားကြီးကောင့်က ပင်လယ်ပြင်ထက်တွင် ရက်အနည်းငယ်ကြာ ကင်းလှည့်နေ၏။ သူ၏ စစ်သည် ငါးသောင်းလုံးကတော့ စိတ်မရှည်နိုင်အောင် ဖြစ်နေကြ၏။

မြို့စားကြီးကောင့်က မေးမြန်းလိုက်သည်။ “အော်စတင်ရဲ့ စစ်တပ်တွေ ရောက်လာခဲ့ပြီလား။”

“မရောက်သေးပါဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျုပ်တို့မှာ အော်စတင်ရဲ့စစ်သည်တွေနဲ့ တောင်ဘက်ကို ဦးတည်သွားနေတဲ့ သင်္ဘောတချို့ ရှိပါသေးတယ်။ အော်စတင်ရဲ့စစ်တပ် ရောက်တာနဲ့ သူတို့ ချက်ချင်း သတင်းပို့ပါလိမ့်မယ်။”

မြို့စားကြီးကောင့်က မျက်မှောင်ကြုတ်လိုက်၏။ သို့သော်ငြား ဘာတစ်ခုမှ မပြောချေ။

.............

နောက်ထပ် နေ့တစ်ဝက် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည် မြို့စားကြီးကောင့်က ထပ်မံ မေးမြန်းပြန်၏။ “အော်စတင်ရဲ့ စစ်တပ်တွေ ရောက်လာပြီလား။”

သူက စစ်သူကြီးဟောင်း တစ်ဦး ဖြစ်၏။ သူ၏တွက်ချက်မှုအရဆိုလျှင် အော်စတင်၏ စစ်တပ်က ရောက်ရှိနေသင့်သည်။

“မရောက်သေးပါဘူး။”

မြို့စားကြီးကောင့်က မြေပုံရှေ့သို့ လျှောက်သွားပြီး မြေမျက်နှာသွင်ပြင်ကို သေချာကြည့်၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ်တို့ ထပ်စောင့်လို့ မဖြစ်တော့ဘူး။ စစ်တပ်ကို ကုန်းပေါ် တက်ခိုင်းလိုက်။ ပြီးရင် မြေပြင်ပေါ်ကနေ မြို့စားကြီး အော်စတင်ရဲ့ စစ်တပ်ကို စောင့်ကြတာပေါ့။”

အော်စတင်ကို ယဉ်ကျေးစွာ ဦးစားပေးခြင်းက နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားခြင်းသာဖြစသည်။ အောင်ပွဲ ရရှိရေးက အရေးကြီး၏။

“ကောင်းပါပြီ မြို့စားကြီး။”

ရေတပ်စုက ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်ရှိ ကမ်းခြေတစ်ခုကို ဦးတည်၏။ တစ်ယောက်ပြီး တစ်ယောက် ကုန်းပေါ်တက်ရန် ပြင်ဆင်ကြသည်။

မြို့စားကြီးကောင့်က ပြောလိုက်၏။ “မဟုတ်သေးဘူး။ ကျုပ်တို့ တခြားနေရာက တက်ရမယ်။”

လက်အောက်ငယ်သား တစ်ဦးက တင်ပြသည်။ “မြို့စားကြီး... ဒီကမ်းခြေက ကုန်းပေါ်တက်ဖို့ အသင့်တော်ဆုံး နေရာပဲ။ တခြားနေရာတွေက လှိုင်းလေကြမ်းတယ်။ ကုန်းပေါ်ကို တက်ဖို့ မသင့်တော်ဘူး။”

မြို့စားကြီးကောင့်က မေးလိုက်၏။ “ဘယ်နေရာက ကုန်းပေါ်တက်ဖို့ အခက်ခဲဆုံးလဲ။”

တပ်မှူးတစ်ယောက်က ပြောသည်။ “ဒီနေရာပါပဲ။ ဒီနေရာရဲ့ ရေလှိုင်းတွေက ပိုပြီး ပြင်းထန်သလို မူလန်မြို့နဲ့လည်း တော်တော်လေး ဝေးတယ်။ ကုန်းပေါ်ကို တက်ပြီးရင် စစ်တပ်အနေနဲ့ မိုင်ပေါင်း ဒါဇင်နဲ့ချီ ချီတက်ရဦးမယ်။”

မြို့စားကြီးကောင့်က ပြော၏။ “ဒါဆိုရင် ကျုပ်တို့ အခက်ခဲဆုံး နေရာကပဲ ကုန်းပေါ်တက်မယ်။”

တပ်မှူးများက ဝေခွဲမရသလို ဖြစ်သွား၏။ အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသနည်း။

မြို့စားကြီးကောင့်က ပြောလိုက်သည်။ “ကုန်းပေါ်တက်ဖို့ အခက်ခဲဆုံး နေရာက ချုံခိုတိုက်ခိုက်ခံရဖို့ အခွင့်အလမ်း အနည်းဆုံး နေရာပဲ။”

တပ်မှူးများက ထိတ်လန့်သွား၏။ အရှေ့တိုင်းသားများတွင် စစ်သည်အင်အား နှစ်ထောင်မျှသာ ရှိသည် မဟုတ်ပါလား။ ထိုနေရာတွင် ချုံခိုတိုက်ခိုက်မှု ရှိနိုင်ပါမည်လား။ တကယ့်ကို ရယ်ရွှင်ဖွယ်ရာ ကောင်း၏။ သို့သော်ငြား မြို့စားကြီးကောင့်က ဤစစ်တပ်တွင် အမြင့်ဆုံးသော ခေါင်းဆောင် ဖြစ်၏။ သူ၏ အမိန့်ကို မည်သူမှ မဆန့်ကျင်ဝံ့ချေ။

တစ်နာရီကျော် ကြာမြင့်ပြီးသည့် နောက်မှာတော့ မြို့စားကြီးကောင့်၏ စစ်သည် ငါးသောင်းက ဒီရေလှိုင်းများ ပြင်းထန်သော နေရာဖြစ်သည့် ကျောက်စိမ်းလှိုင်းကျွန်းဆွယ်၏ တောင်ဘက်ပိုင်းရှိ ကမ်းခြေမှ ကုန်းပေါ်သို့ တက်ရောက်၏။ သူတို့က လှေပေါင်း ၁၀ စင်းကျော် ဆုံးရှုံးခဲ့ပြီး လူပေါင်း ရာနှင့်ချီ ထိခိုက်သေဆုံး၏။

သူတို့၏ လက်အောက်ငယ်သားများက ဘာတစ်ခုမှ ထုတ်ဖော်မပြောသော်လည်း စိတ်ထဲတွင် အလွန်မင်း ဒေါသထွက်နေကြ၏။ သို့သော် သူတို့ မသိရှိသည်က မြို့စားကြီးကောင့်၏ ဆုံးဖြတ်ချက်က စစ်သည် အမြောက်အများကို ကယ်ဆယ်လိုက်သည် ဖြစ်ကြောင်းပင်။

အရှေ့ပိုင်းသူရဲကောင်းများ၏ စစ်သည်ခေါင်းဆောင် လန်ဖုန်းက ကျန်ရှိနေသည့် ကုန်းတက်နေရာ နှစ်ခုလုံးတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို အများအပြား မြှုပ်နှံထား၏။ အကယ်၍ မြို့စားကြီးကောင့် ၏ စစ်တပ်သာ ထိုနေရာမှ ကုန်းပေါ်တက်ပါက ပို၍ ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှုမျိုးကို ရင်ဆိုင်ရပေလိမ့်မည်။

နေရာတိုင်းတွင် အဘယ်ကြောင့် ပေါက်ကွဲစေသည့် ပစ္စည်းများကို မမြှုပ်ထားရသနည်း။ ထိုသို့ ပြုလုပ်ရန် ပစ္စည်းက များစွာ လိုအပ်၏။ မူလန်မြို့ရှိ ပေါက်ကွဲစေတတ်သော ပစ္စည်းများက အလွန် တန်ဖိုးရှိနေ၏။

မြို့စားကြီးကောင့်၏ သဘာဝအရ ဂရုတစိုက်ရှိမှုကြောင့် သူ၏ ပညာရှိသည့် ဆုံးဖြတ်ချက်ကို သက်သေပြရန် လမ်းတော့ မပေါ်ပေါက်ခဲ့ချေ။

........................

မြို့စားကြီးကောင့်၏ စစ်သည်ငါးသောင်းက ကုန်းပေါ်သို့ တက်ပြီးနောက် ကျောက်စိမ်းလှိုင်း ဒီရေကျွန်းဆွယ်၏ တောင်ဘက်အစွန်းပိုင်းကို လေ့လာစူးစမ်းရန် ကင်းထောက်များကို ချက်ချင်း စေလွှတ်၏။ သူ၏ ပင်မစစ်ကြောင်းက ခုခံရန် အကောင်းဆုံးသောနေရာကို ရွေးချယ်ပြီး ခုခံရေးစစ်ကြောင်းအဖြစ် စစ်စခန်းများ တည်ဆောက်ကြ၏။

ပင်လယ်ပြင်ရှိ ရေတပ်စုအား အချိန်မရွေး အသင့်ဖြစ်နေရန် သူ အမိန့်ပေးထား၏။ ဤလုပ်ရပ်ကြောင့် လူအများအပြားက သူ့ကို ပို၍ လှောင်ပြောင်လာမိ၏။ မြို့စားကြီးကောင့်က တကယ်ကို ဂရုစိုက်လွန်းနေ၏။ အကယ်၍ သူတို့သာ စစ်သည်တစ်သိန်းနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဤလုပ်ရပ်က အကျိုးကြောင်း ဆီလျော် ပေလိမ့်မည်။ သို့သော်ငြား သူတို့ ရင်ဆိုင်နေသည်က လူ ၂၀၀၀ မျှသာ ရှိသော စစ်တပ်နှင့် အရုပ်ဆိုးလှသည့် ယိုင်နဲ့နဲ့ မြို့ငယ်လေး တစ်ခုမျှသာဖြစ်သည်။

သို့သော်ငြား သူတို့ နားမလည်ကြသော်လည်း လူတိုင်းက အမိန့်ကို နာခံရစမြဲပင်။ မည်သူမှ မဆန့်ကျင်ဝံ့ပေ။ မြို့စားကြီးကောင့်က သူ၏စစ်တပ်အပေါ်တွင် သေချာ ဂရုစိုက်တတ်သူ တစ်ယောက် ဖြစ်သော်လည်း သူက စိတ်ပျော့ညံ့သူတစ်ဦး မဟုတ်ချေ။ အကယ်၍ မည်သူမဆို သူ၏အမိန့်ကို ဆန့်ကျင်ပါက ထိုသူကို တစ်ခါတည်း ခေါင်းဖြတ်ပစ်ရန် တစ်ချက်ကလေးမှ ဝန်လေး တွန့်ဆုတ်နေမည် မဟုတ်တာ သေချာ၏။

မြို့စားကြီးကောင့်က ထိုမျှနှင့် ရပ်တန့်မနေခဲ့ချေ။ သူ၏ ကိုယ်ပိုင် စစ်စခန်းကို တည်ဆောက်ရန် အမိန့်ပေးရုံ သာမက သောင်းနှင့်ချီသည့် လူများအား အသင့်နေထိုင်ရန်ပင် အမိန့်ပေးထားသေးသည်။ မြို့စားကြီး အော်စတင်တို့ ရောက်လာလျှင် ဝင်ရောက်နေထိုင်နိုင်ရန် စစ်စခန်းများကို ထပ်မံ ဆောက်လုပ်ခိုင်းပြန်သည်။

သူ၏ တပ်မှူးများက ပို၍ မကျေမနပ် ဖြစ်လာ၏။ ‘မြို့စားကြီးကောင့်... ခင်ဗျား ရော့ဆိုမိသားစုရဲ့ စစ်သူကြီးဟောင်း တစ်ယောက် ဖြစ်သလို အကျင့်သီလ၊ သိက္ခာနှင့် ပြည့်စုံတဲ့ လူပဲ။ မြို့စားကြီး အော်စတင် ရော့ဆိုကို ဒီလောက်ထိ မျက်နှာချို သွေးနေဖို့ လိုအပ်လို့လား။ ဟိုလူက အခုမှ အသက် ၃၉ နှစ်ပဲ ရှိသေးတယ်။ ခင်ဗျားရဲ့ သားနဲ့တောင် အသက်ချင်း မကွာလောက်ဘူး။’

...................

မူလန်မြို့၏ မြောက်ဘက်ချိုင့်ဝှမ်းအတွင်းမှာတော့ မြို့စားကြီးအော်စတင်က တဖန်ပြန်လည် မတ်တပ်ရပ်၏။ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သည့် ချိုင့်ဝှမ်းကို ကြည့်၏။ မီတာရာပေါင်းများစွာ မြေပြင်က ကျင်းကြီး ကျင်းငယ်များနှင့် ပြည့်နှက်နေ၏။ ဖြတ်သန်းသွားလာရန်ပင် လုံးဝ မဖြစ်နိုင်တော့ချေ။

သူက သူ၏ ပင်မစစ်ကြောင်းဆီသို့ ပြန်သွား၏။ စစ်သည်တစ်သောင်းက သေဆုံးကုန်ကြသည်။ ယခု လေးသောင်းသာ ကျန်ရှိတော့၏။

“မီတာ ၂၀၀၀ နောက်ကို ဆုတ်...”

သူ၏ အမိန့်နှင့်အတူပဲ စစ်သည်လေးသောင်းလုံးက နောက်သို့ဆုတ်ကာ စခန်းချသည်။

မြို့စားကြီး အော်စတင်က တရားဝင် အစည်းအဝေးတစ်ခုကို ခေါ်ယူ၏။

“ချိုင့်ဝှမ်းအတွင်းက ပေါက်ကွဲမှုကြောင့် ကျင်းကြီးကျင်းငယ်တွေ အများကြီး ဖြစ်သွားပြီ။ ဖြတ်သန်းသွားလာဖို့ အဆင်မပြေတော့ဘူး။ ကျုပ်တို့ ဒီမြို့ရိုးကို ဆက်ပြီး တိုက်ခိုက်ချင်တယ်ဆိုရင် အရင်ဆုံး ကျင်းတွေကို မြေဖို့ရလိမ့်မယ်။

ဒါကြောင့် ကျုပ်တို့ရဲ့ စစ်သည်တွေကို မြို့ရိုးနောက်ကနေ သယ်ယူပို့ဆောင်ဖို့ ဘာရွန်ရဲ့ရေတပ်ကို မြောက်ဘက်ကနေ တက်ခိုင်းသင့်တယ်လို့ ထင်တယ်။ ကျုပ်တို့တောင်ဘက်ကနေ တိုက်ရိုက် ကုန်းပေါ် တက်ကြမယ်။

ရန်သူရဲ့ မြို့ရိုး တစ်ဖက်တစ်ချက်မှာ မတ်စောက်တဲ့ တောင်တန်းတွေ ရှိတယ်။ စစ်တပ်ကြီးတွေ ဖြတ်သန်းဖို့ မသင့်တော်ဘူး ဆိုပေမဲ့ စစ်တပ် အငယ်စားလေး တစ်ခုကို ရန်သူမြို့ရိုးရဲ့ နောက်ကျောဘက်ကို စေလွှတ်ဖို့ကတော့ ဖြစ်နိုင်တယ်။”

မြို့စားကြီး အော်စတင်က တိတ်ဆိတ်နေပြီး သူ၏ လက်အောက်ငယ်သားများကို အပြန်အလှန် ဆွေးနွေးခွင့် ပြုထား၏။ တပ်မှူးများက ခဏမျှ ဆွေးနွေးပြီး အစီအစဉ် အားလုံးကို သေချာစဉ်းစားကြ၏။ ပြီးနောက် သူတို့က မြို့စားကြီး အော်စတင်ကို လှမ်းကြည့်လိုက်သည်။

“နောက်တစ်ခုကတော့ ကျုပ်ရဲ့ အမိန့်ပဲ။ ဒါက ငြင်းဆန်လို့ မရတဲ့ အမိန့်ပဲ။ ပထမအချက် ကျုပ်တို့ ဒီအရှေ့တိုင်းသားတွေရဲ့ မီတာ ၃၀၀၀ ရှိတဲ့ မြို့ရိုးကို အောင်နိုင်အောင် တိုက်ရမယ်။ မဟုတ်ရင် ဒါက ကျုပ်တို့အတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်နေဦးမှာပဲ။ ဒီလို မြို့ရိုးသေးသေးလေး တစ်ခုက ကျုပ်တို့ကို အိမ်မက်ဆိုး မက်စေမယ် ဆိုရင် ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်လိမ့်မယ်။

ဒုတိယအချက်အနေနဲ့ ကျုပ်ရဲ့ စစ်သည်တစ်သောင်းက ကြောက်မက်ဖွယ်ကောင်းတဲ့ နည်းလမ်းမျိုးနဲ့ သေခဲ့ရပြီ။ သူတို့ရဲ့စစ်သူကြီးတစ်ယောက်အနေနဲ့ ကျုပ်က လောကကြီးတစ်ခုလုံး သိရှိအောင် လက်စားချေဖို့ တာဝန်ရှိတယ်။

စစ်မြေပြင်မှာ ကျေးဇူးတရားနဲ့ ရန်ငြိုးရန်စ ဆိုတာ မရှိဘူးဆိုတာ မှန်ပေမယ့် ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက လူသတ်ပွဲကြီးပဲ။ အကယ်၍ ကျုပ်သာ အဲဒီ မြို့ရိုးပေါ်မှာရှိတဲ့ကောင်တွေကို တစ်ယောက်မကျန် မသတ်နိုင်ရင် သေဆုံးသွားတဲ့ စစ်သည်တစ်သောင်းရဲ့ ဝိညာဉ်တွေက ကျုပ်ရဲ့ စိတ်အာရုံကို ခြောက်လန့်နေလိမ့်မယ်။ သူတို့တွေကလည်း ဘယ်တော့မှ အေးအေးချမ်းချမ်း အနားယူနိုင်ကြမှာ မဟုတ်ဘူး။

တတိယအချက်အနေနဲ့ ရန်သူက အဲဒီနေရာမှာ ကြောက်စရာကောင်းတဲ့ နတ်ဘုရားရဲ့ အမျက်ဒေါသတွေကို မြှုပ်နှံထားတာပဲ။ ဒါပေမယ့် အဲဒါတွေအားလုံး ပေါက်ကွဲသွားခဲ့ပြီ။ ဒုတိယအကြိမ် ထပ်ပြီးမြှုပ်နှံဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒီညမှာ စစ်သည်ကို စေလွှတ်ပြီး အဲဒီ ကျင်းတွေအားလုံးကို ပြန်ဖို့ခိုင်းမယ်။ မိုးမလင်းခင် အပြီး လုပ်ရမယ်။

စတုတ္ထအချက်အနေနဲ့ မိုးလင်းခါနီးအချိန်မှာ စစ်သည် ၂၀၀၀ကို တောင်စောင်းတွေနဲ့ တောင်တန်းတွေ အတိုင်း ချီတက်ခိုင်းမယ်။ ရန်သူ့မြို့ရိုးရဲ့ နောက်ကျောဘက်ကို ပတ်သွားပြီး အရေးကြီးတဲ့ အချိန်ကျမှ ရှေ့နောက်ညှပ်ပြီး တိုက်ခိုက်မယ်။”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျန်သည့် တပ်မှူးများအားလုံးက ဝေခွဲမရသလို ဖြစ်နေ၏။ ထိုနေရာတွင် ရန်သူက ၅၀၀ သာ ရှိသည် မဟုတ်ပါလား။ ဤမျှထိ ပြုလုပ်ရန် လိုအပ်သည်လား။

...................

ထိုညမှာတော့ မြို့စားကြီးအော်စတင်၏ စစ်သည် ငါးထောင်တို့က လမ်းလုပ်သားများအဖြစ်သို့ အသွင်ပြောင်းသွား၏။ သူတို့က နောက်တစ်နေ့ စစ်တပ်ကြီး ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ရေး အတွက် နေ့ခင်းဘက်က ပေါက်ကွဲမှုကြောင့် ဖြစ်တည်ခဲ့သည့် ကျင်းကြီးများကို ရွှံ့နွံများ၊ ကျောက်တုံးကြီးများနှင့် ဖို့နေကြ၏။

မိုးသောက်ချိန်မှာတော့ ထူးချွန်သည့် စစ်သည် ၂၀၀၀ တို့က သူတို့၏ လေးလံသည့် သံချပ်ကာများကို ချွတ်ဖယ်ပြီး ပေါ့ပေါ့ပါးပါး ပြင်ဆင်၏။ သူတို့က နွေဦးပန်းခံတပ်၏ နောက်ကျောဘက်ဆီသို့ ပတ်ပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် တစ်ဖက်တစ်ချက်ရှိ မတ်စောက်သည့် တောင်ကုန်းများနှင့် တောင်တန်းကြီးများ အတိုင်း တွားသွားတက်ကြသည်။

နောက်တစ်နေ့ မိုးမလင်းမီအချိန်၌ နွေဦးပန်းခံတပ်၏ မီတာ ၃၀၀၀ ရှည်သည့် မြို့ရိုးကြီး၏ရှေ့ ကျင်းကြီးအားလုံးက မြေဖို့ခြင်း ပြီးစီးသွား၏။

မြို့စားကြီး အော်စတင်က တိုက်ပွဲ မျက်နှာပြင် တစ်ခုလုံးကို ကွပ်ကဲရန် မြင့်မားသည့် မြေမျက်နှာပြင် ထက်တွင် တဖန် ပြန်လည် ရပ်တည်နေသည်။

“မြို့ကို တိုက်ကြစမ်း။ မြို့ရိုးပေါ်က ရှေ့တန်းသားတွေ အကုန်လုံးကို သတ်ပစ်ကြ။”

သူ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ခရုသင်းသံကြီးက နောက်တစ်ကြိမ် မြည်ဟီးလာ၏။

“ဝူး... ဝူး... ဝူး။”

သူ့၏ နောက်ဘက်ရှိ ထူးချွန်သည့် စစ်သည်များက မြို့ကိုသိမ်းပိုက်ရန် နောက်တစ်ကြိမ် ချီတက် လာခဲ့ပြန်၏။ သို့သော်ငြား ယမန်နေ့ကနှင့် မတူတော့ချေ။ မနေ့က စစ်သည် ၁၀၀၀၀ က စနစ်တကျ စုပြုံ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ယနေ့မှာတော့ စစ်သည် ၃၀၀၀ တို့က တစ်ဦးနှင့်တစ်ဦး လူစုခွဲကာ တိုက်ခိုက်ကြမည့်ပုံပင်။

“သူတို့အားလုံးကို သတ်ပစ်ကြ... ရှေ့ကို... ရှေ့ကို…”

ထိုစစ်သည် ၃၀၀၀ တို့က ယမန်နေ့က ပေါက်ကွဲမှုကြောင့် ဖြစ်တည်ခဲ့သည့် သေမင်းတမန် နယ်မြေကို ဖြတ်ကျော်ပြီး တိုးဝင်လာ၏။ ကျင်းကြီးများကို မြေဖို့ကာ ထားသော်လည်း ပြတ်တောက်နေသည့် ခြေလက်များက နေရာအနှံ့ မြင်တွေ့နေရဆဲပင်။ နေရာတိုင်းမှာတော့ သွေးစက်များနှင့် နီရဲနေပြီး မည်းနက်နေသည့် အတွင်းကလီစာများကလည်း ပြန့်ကျဲနေ၏။

ယခုအချိန်မှာတော့ ထိုစစ်သည် ၃၀၀၀ တို့က အသက်ရှူပင်မဝဘဲ နတ်ဘုရားထံတွင် စဉ်ဆက်မပြတ် ဆုတောင်းနေကြရသည်။

“နောက်တစ်ကြိမ် ထပ်ပြီး မပေါက်ကွဲပါစေနဲ့။ နောက်တစ်ကြိမ် ထပ်ပြီး မပေါက်ကွဲပါစေနဲ့။”

ကံကောင်းစွာဖြင့် မြေပြင်ပေါ်တွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ပထမ်အကြိမ် မြှုပ်နှံနိုင်သော်လည်း ဒုတိယအကြိမ် ထပ်မံ မြှုပ်နှံဖို့ ဆိုသည်က မလွယ်ကူချေ။ စစ်သည် ၃၀၀၀ တို့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သေမင်းတမန် နယ်မြေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး မကြာခင် မြို့ရိုး၏ ခြေရင်းဆီသို့ ရောက်ရှိသွားခဲ့ကြ၏။

အောင်မြင်ခဲ့ပြီ ဖြစ်၏။ မြို့ရိုး၏ခြေရင်းသို့ အသည်းအသန် ရောက်ရှိလာနိုင်သည်နှင့် အောင်ပွဲဟု မှတ်ယူနိုင်၏။ ရန်သူ့အင်အားက ၅၀၀ ပင် မပြည့်ဘဲ တစ်ဦးလျှင် ပျမ်းမျှမြို့ရိုး ခြောက်မီတာမှ ခုနစ်မီတာ အထိသာ ကာကွယ်နိုင်ကြသည်။ ထို့အပြင် မြို့ကိုခုခံရန် လှိမ့်ချလာမည့် သစ်တုံးများ သို့မဟုတ် ကျောက်တုံးကြီးများလည်း မရှိချေ။ စစ်သည် ၃၀၀၀ အတွက်က ဤကဲ့သို့ အားနည်းသည့် မြို့ရိုးကို အလွယ်တကူ ထိုးဖောက်ဖို့ ဆိုသည်မှာ လွယ်ကူလွန်းသည်။

“အရှေ့တိုင်းသား အားလုံးကို သတ်ပစ်ကြ။ အားလုံးကို အပြတ်ရှင်းကြ။”

စစ်သည် ၃၀၀၀ ၏ မျက်ဝန်းတို့က သွေးရောင်လွှမ်းလျက် ရှိနေပြီး ကြီးမားလွန်းသည့် အာဃာတ တရားနှင့် သတ်ဖြတ်လိုစိတ်တို့က သူတို့၏ နှလုံးသားထဲတွင် ကိန်းအောင်းနေ၏။

“ထိုးစစ်ဆင်ကြ... တိုက်ခိုက်ကြ။”

သူတို့က မြို့ရိုးနှင့် ပိုမို၍ နီးကပ်လာသည်။

မီတာ ၃၀၀... မီတာ ၂၀၀... မီတာ ၁၀၀... မီတာ ၅၀...

မကြာခင်မှာပဲ ဤအရှေ့တိုင်းသား အားလုံးတို့ကို သတ်ဖြတ်နိုင်ပေတော့မည်။ ထိုသူတို့၏ ဦးခေါင်းနှင့် ခြေလက်များကို အပိုင်းပိုင်း ဖြတ်တောက်ကာဖြင့် ငရဲသို့ ရောက်နေလျှင်ပင် ခန္ဓာကိုယ် ပြန်မဆက်နိုင်အောင် ပြုလုပ်ရပေမည်။

“သတ်ကြ... သတ်ပစ်ကြ။”

All Chapters