အခန်း (၈၃၅-၈၃၆)
Vol. 51 Ch. 835-836
အပိုင်း (၈၃၅)
မြို့စားကြီး အော်စတင်က အနည်းငယ် အံ့အားသင့်နေ၏။ ဤမျှ နီးကပ်နေသည့်တိုင် အရှေ့တိုင်းသားများက အဘယ်ကြောင့် ပြန်လည် မတိုက်ခိုက်သေးရသနည်း။ သို့သော်ငြား ထိုအခိုက်မှာပဲ နွေဦးပန်းတံခါး၏ မြို့ရိုးပေါ်ရှိ အစောင့် ၅၀၀ တို့က သံလုံးကြီးများကို ထုတ်ယူလိုက်၏။
ထိုအရာက မည်သည့်အရာ ဖြစ်သနည်း။ ရှေးဟောင်း လက်ပစ်ဗုံးများ ဖြစ်၏။ တချို့ကို သံဖြင့် ပြုလုပ်ထားပြီး တချို့ကို သစ်သားနှင့် ပြုလုပ်ထားကာ တချို့ကိုတော့ ပိုးထည်များဖြင့် ထုပ်ပိုးထား၏။ လက်ပစ်ဗုံး တစ်လုံးစီတွင် ဂရမ် ၃၀၀ ရှိသည့် ပေါက်ကွဲရေး ယမ်းမှုန့်များနှင့် တခြားသော ကျည်စ အပိုင်းအစ ရာပေါင်းများစွာ ပါသည်။
လက်ပစ်ဗုံး တစ်လုံးစီ၏ အလေးချိန်က ဂရမ် ၂၀၀၀ ခန့် ရှိသောကြောင့် ခေတ်သစ် စစ်တပ်တစ်ခု အတွက်တော့ တကယ့်ကို လေးလံမှာ ဖြစ်သော်လည်း ရှမ့်လန်၏ လက်အောက်ရှိ စစ်သည်များအတွက်တော့ အနေတော်ပင်။ သူတို့က ထိုအရာများကို မီတာ ၃၀ မှ ၄၀ အထိ ဝေးအောင် ပစ်ပေါက်နိုင်ကြ၏။
မြို့စားကြီး အော်စတင်က ရုတ်တရက် မကောင်းသည့် အငွေ့အသက်ကို ခံစားမိ၏။ “ဒါက ဘာကြီးလဲ။”
သို့သော်ငြား မြို့ရိုးပေါ်ရှိ ကျန်းချွင်းဟွာက ပို၍ စိုးရိမ်ပူပန်နေပုံ ပေါ်သည်။
တပ်မှူးနှစ်ယောက်က အမိန့်ပေးလိုက်၏။ “အသင့်ပြင်ကြ။”
စစ်သည် ၅၀၀ တို့က ရှေးဟောင်း လက်ပစ်ဗုံးများကို မြှောက်ကိုင်သည်။
တပ်မှူးနှစ်ဦးက ထပ်မံ အမိန့်ပေးလိုက်၏။ “မီးညှိကြ။”
အမိန့်နှင့်အတူ လူ ၅၀၀ တို့က လက်ပစ်ဗုံးများကို မီးညှိလိုက်သည်။
အချိန်ကုန်လွန်သွားသည်နှင့်အမျှ ကျန်းချွင်းဟွာက အသက်ရှူ ကျပ်မတတ် ခံစားနေ၏။ ဤရှေးဟောင်း လက်ပစ်ဗုံးများက ရန်သူအတွက်သာမက မိမိလူများအတွက်ပါ အလွန်အန္တရာယ် ကြီးမားလှသောကြောင့်ပင်။ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် လက်ထဲတွင် ပေါက်ကွဲသွားနိုင်သည့် အကျိုးဆက်က မတွေးရဲစရာ ဖြစ်ပေမည်။
လက်ပစ်ဗုံးတစ်ခုစီ၏ ယမ်းကြိုးက အရှည်ချင်း တူညီသောကြောင့် လူတိုင်း၏ လှုပ်ရှားမှုက တပြိုင်နက် တည်း ဖြစ်ရမည်။ အကယ်၍ စောစီးစွာ ပစ်ပေါက်လိုက်ပါက ရန်သူက ပြန်လည် ကောက်ယူကာ ပစ်ပေါက်နိုင်ပြီး၊ နောက်ကျမှ ပစ်ပေါက်ပါက လက်ထဲတွင် ပေါက်ကွဲသွားပေလိမ့်မည်။
တပ်မှူးနှစ်ဦးက အမိန့်ကို ပေးလိုက်သည်။ “ပစ်ကြ။”
မြို့ရိုးပေါ်ရှိ အစောင့် ၅၀၀ တို့က လက်ပစ်ဗုံးများကို တပြိုင်နက်တည်း ပစ်ပေါက်ကြ၏။
“ဝူး... ဝူး...”
ရှေးဟောင်း လက်ပစ်ဗုံး ၅၀၀ တို့က လေထုထဲတွင် စက်ဝိုင်းခြမ်း ပုံသဏ္ဍာန် ပျံသန်းပြီး အော်စတင်၏ စစ်တပ်အတွင်းသို့ ကျရောက်သည်။
မြို့စားကြီး အော်စတင်က အလိုလိုသိစိတ်အရ အော်ဟစ်လိုက်မိ၏။ “ဝပ်ကြ၊ မြေပြင်ပေါ်မှာ ဝပ်ကြ။”
သူ၏ စစ်သည် သုံးထောင်ထဲမှ တချို့က ရှေ့ဆက်တိုးနေပြီး တချို့က အမိန့်အတိုင်း မြေပြင်ပေါ်သို့ ဝပ်ချသည်။
“ဘုန်း...”
ကြောက်မက်ဖွယ်ရာကောင်းသည့် ပေါက်ကွဲသံကြီးက ဆက်တိုက် ဖြစ်ပေါ်နေ၏။ ယခင်နေ့က ကဲ့သို့ လောကပျက်လုမတတ် မပြင်းထန်သော်လည်း နားကွဲလုမတတ် ဆူညံနေ၏။ ထိတ်လန့်ဖွယ်ရာကောင်းသည့် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုကြီးက တဖန် ဖြစ်ပွားခဲ့ပြန်၏။
တခဏချင်း ပြင်းထန်သည့် လေပြင်းတစ်ချက် တိုက်ခိုက်လိုက်သကဲ့သို့ပင် ရှေ့သို့တက်သွားသည့် စစ်သည်ပေါင်းများစွာတို့က နောက်သို့ လွင့်စင်ကုန်၏။ ခြေလက်အပိုင်းအစတို့က ဟိုမှဒီမှ လွင့်စင်လျက် ရှိနေ၏။ သူတို့က ကောက်ရိုးရုပ်များကဲ့သို့ပင် မီတာအနည်းငယ်ထိ လွင့်စင်ပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
ယနေ့အခြေအနေက ပို၍ ထိတ်လန့်စရာကောင်း၏။ ဤရှေးဟောင်း လက်ပစ်ဗုံးများထဲတွင် သံစများ ပါဝင်နေသောကြောင့်ပင်။ ဤသည်က ရှောင်ပင်း ကိုင်ဆောင်သည့် နှင်းဆီပွင့်လက်နက်ပုန်း၏ အဆင့်မြင့် ဗားရှင်း ဖြစ်ပေလိမ့်မည်။ မရေမတွက်နိုင်သည့် သံစများက မုန်တိုင်းတစ်ခုကဲ့သို့ ရွာချ၏။ သူ၏ ပြင်းအားက ကမ်းခြေသို့ ရိုက်ခတ်သည့် မိုးသက်မုန်တိုင်း ကဲ့သို့ပင်။ အော်စတင်၏ စစ်သည်များက သံစ ထိမှန်သည်နှင့် ခန္ဓာကိုယ်များ ချက်ချင်း အပေါက် ဖြစ်ကုန်၏။
......................
မိနစ်အနည်းငယ်အကြာမှာတော့ ဖုန်မှုန့်များ ပြန်လည် ငြိမ်သက်သွား၏။ မြို့စားကြီးအော်စတင်၏ မြို့ကို တိုက်ခိုက်သည့် စစ်သည်သုံးထောင်က အပြတ်ရှင်းခံလိုက်ရပြီဟု ထင်ရသော်လည်း အံ့အားသင့်စရာ ကောင်းသည်က မြေပြင်ပေါ်မှ တစ်ဦးပြီး တစ်ဦး ပြန်လည်ကာ ထလာကြခြင်းပင်။
ဤရှေးဟောင်းလက်ပစ်ဗုံးများက တကယ့်ကို ပြင်းအားကောင်း၏။ တစ်ကြိမ်ပေါက်ကွဲသည်နှင့် ဆယ်မီတာ ပတ်လည်အတွင်းရှိ စစ်သည်များက သေဆုံးခြင်း သို့မဟုတ် ဒုက္ခိတ ဖြစ်ခြင်းတို့ ကြုံ၏။
သို့သော်ငြား လူ့စွမ်းအားက အကန့်အသတ် ရှိ၏။ သူတို့အနေနှင့် အမြှောက်ပစ်သကဲ့သို့ အဝေးကြီးသို့ မပစ်နိုင်ကြချေ။ ထို့အတူ မူလန်မြို့တော်တွင်လည်း ပေါက်ကွဲရေးပစ္စည်း များများစားစား မရှိချေ။
အော်စတင်၏ စစ်သည် သုံးထောင်က ဤလက်ပစ်ဗုံးဒဏ်ကြောင့် ထက်ဝက်မျှ သေဆုံးသွား၏။ ဤသည်က တုန်လှုပ်စရာ ရလဒ်ဖြစ်သော်လည်း လုံလောက်သည်တော့ မဟုတ်ပေ။ စစ်မြေပြင်တွင် ကျန်ရှိသည့် အသက်ရှင်သူ ၁၀၀၀ ကျော်ခန့်က ကြောင်တောင်တောင် မျက်နှာအမူအရာနှင့် ပြန်ထလာကြသည်။
သူတို့က မသေဆုံးသေးသော်လည်း အများစုက နားထိုင်းသွား၏။ သူတို့၏အမြင်အာရုံများက မှောင်အတိ ကျပြီး ပျို့အန်ချင်စိတ်များလည်း ဖြစ်ပေါ်နေ၏။ သူတို့က ပြင်းထန်လွန်းသည့် ဦးနှောက်တုန်ခါမှုဒဏ်များကို ခံစားနေရခြင်းပင်။
အတန်ကြာပြီးနောက် သူတို့အားလုံးက မြို့စားကြီးအော်စတင်ကို ကြည့်ရှု၏။ ထိုးစစ်ကို ဆက်လက်ဆင်နွှဲရမည်လား။
ထိုအချိန်မှာပဲ “ဘုန်း... ဘုန်း...” နောက်ထပ်ပေါက်ကွဲသံကြီးများ ထပ်မံထွက်ပေါ်လာသည်။ သို့ပေမည့် ယခုတစ်ကြိမ်တွင်တော့ တောင်ထိပ်ပေါ်မှ ဖြစ်၏။ ပေါက်ကွဲသံက မပြင်းထန်ဘဲ ရန်သူကို သတ်ရန်မဟုတ်ဘဲ သတိပေးချက် ထုတ်ပြန်ရန်သာ ဖြစ်၏။
ရှမ့်လန်၏ ခုခံစစ်သည်များက ရန်သူများ တောင်ဘက်နှစ်ဘက်ဆီမှ နောက်ကျောဘက်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာမည်ကို စိုးရိမ်သောကြောင့် မာကျူရီ ဖျူမနစ်ယမ်းများကို မြေမြှုပ်ထားခဲ့သေး၏။ ထိုအရာများက တကယ့်ကို အထိမခံဘဲ နင်းမိသည်နှင့် ပေါက်ကွဲတတ်သည်။
ဤသည်က ရန်သူက တောင်ဘက် ဆီမှ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ကျန်းချွမ်းဟွာကို သတိပေးလိုက်ခြင်းပင်။
.....................
ထိုအချိန်မှာတော့ မြို့စားကြီးအော်စတင်၌ ရွေးချယ်စရာနှစ်ခု ရှိ၏။ တစ်ခုက မြို့ရိုးကို ထိုးဖောက်နိုင်သည် အထိ ဆက်လက်တိုက်ခိုက်ရန်ပင်။ တခြားရွေးချယ်စရာတစ်ခုက တိုက်ခိုက်မှုကို ယာယီရပ်ဆိုင်းထားရန် ဖြစ်၏။
“တိုက်ပွဲကို ရပ်ဆိုင်းကြ။”
မြို့စားကြီးအော်စတင်၏ အမိန့်နှင့် အသက်ရှင်ကျန်ရစ်သူ ၁၀၀၀ တို့က လျှင်မြန်စွာ ဆုတ်ခွာကြ၏။ နွေဦးပန်းတောင်ကြားကို ဒုတိယအကြိမ် တိုက်ခိုက်မှု ကျရှုံးသွားခဲ့၏။ သို့သော်ငြား မြို့စားကြီး အော်စတင်က စိတ်ဓာတ်ကျသည့်ပုံ မပေါ်ချေ။ အနည်းငယ် စိတ်သက်သာရာ ရသွားပုံပေါ်သည်။
ရှမ့်လန်၏စစ်တပ်က အလွန်အစွမ်းထက်ပြီး ထူးဆန်းသည့် လှည့်ကွက်များလည်း ရှိ၏။ သို့သော်ငြား ဤမျှနှင့် ကုန်ဆုံးသွားပြီ ဖြစ်၏။ မြို့ရိုးပေါ်ရှိ အစောင့် ၅၀၀ ၏ တစ်ခုတည်းသော အသာစီးရမှုက ပေါက်ကွဲတတ်သည့် သံလုံးကြီးများသာ ဖြစ်၏။ လက်နက်က အစွမ်းထက်သော်လည်း သိသာထင်ရှားသည့် အားနည်းချက် များလည်း ရှိနေ၏။
ပထမအချက်အားဖြင့် လူ၏ခွန်အားဖြင့် အဝေးကြီးသို့ မပစ်နိုင်ခြင်း ဖြစ်ပြီး ဒုတိယအချက်မှာတော့ အချိန်မရွေး ပေါက်ကွဲနိုင်သောကြောင့် အလွန်အန္တရာယ်များခြင်းပင်။ ဤပေါက်ကွဲတတ်သည့် သံလုံးကြီးများ ကို ထိန်းချုပ်ရန်က မခက်ခဲချေ။
မြို့စားကြီးအော်စတင်က မေးမြန်းသည်။ “ကျုပ်တို့မှာ ကျောက်ခဲပစ်စက် ဘယ်နှစ်လုံး ရှိသေးလဲ။ မီးနတ်ဘုရားရဲ့ အမျက်ဒေါသ ဘယ်လောက်ကျန်သေးလဲ။ ပစ်လွှတ်နိုင်တဲ့ ဒုံးပျံတွေရော ဘယ်လောက် ကျန်သေးလဲ။”
မီးနတ်ဘုရား နတ်ဆရာမကြီးက သူမ၏ ဘဝကိုပင် သံသယဝင်လာမိ၏။ သူတို့က မီးနတ်ဘုရားကို ကိုးကွယ် ကြသော်လည်း အဘယ့်ကြောင့် ရန်သူ၏ မီးနတ်ဘုရား အမျက်ဒေါသက သူတို့ထက် ပိုမိုကာ အဆင့်မြင့် အစွမ်းထက်နေရသနည်း။
မြို့စားကြီးအော်စတင်၏ မေးခွန်းကို ကြားချိန်မှာတော့ သူမက ခါးသီးစွာပဲ ပြန်လည်ကာ ဖြေကြားမိ၏။ “မနေ့က ပေါက်ကွဲမှုကြောင့် သိမ်းဆည်းဖို့အချိန်မရလိုက်သော ကျောက်ခဲပစ်စက် ၁၀ လုံးကျော် ပျက်စီး သွားပါတယ်။ အခု ကျောက်ခဲပစ်စက် ၁၃ လုံးကျော်ပဲ ကျန်တော့တယ်။ ဒုံးပျံတွေကလည်း အများကြီး မကျန်တော့ပါဘူး။ ၁၀၀ တောင် မပြည့်တော့ဘူး။”
မြို့စားကြီးအော်စတင်က ပြောသည်။ “ဒါဆိုရင် လုံလောက်ပြီ။ အဲတာတွေက ရန်သူကို ခြိမ်းခြောက်ဖို့ လုံလောက်တယ်။ ကျုပ်တို့လိုအပ်တာက အချိန်ပဲ။ ကျုပ်တို့ရဲ့ ကျောက်ခဲပစ်စက် စက်ယန္တရားတွေနဲ့ ရန်သူ့ဆီကို မီးနတ်ဘုရားရဲ့ အမျက်ဒေါသတွေ ပစ်လွှတ်ကြမယ်။
တိကျသည်ဖြစ်စေ၊ မတိကျသည်ဖြစ်စေ ကိစ္စမရှိဘူး။ ရန်သူ သေကျေပျက်စီးနိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည် ဖြစ်စေ ကိစ္စမရှိဘူး။ အနည်းဆုံး ဒီလိုပေါက်ကွဲမှုတွေကြားထဲမှာ ရန်သူက သူတို့ရဲ့ ဟိုပေါက်ကွဲတတ်တဲ့ သံလုံးတွေကို ထုတ်မပစ်ရဲတော့ဘူး။ ဒါက ကျုပ်တို့အတွက် အဖိုးတန်အချိန်ကို ဝယ်ယူလိုက်သလိုပဲ။
၁၅ မိနစ်အတွင်း ကျုပ်တို့ရဲ့စစ်တပ်က မြို့ရိုးဆီကို အပြေးသွားရမယ်။ အဲဒီအချိန်ကျရင် တိုက်ပွဲက ပြီးဆုံးသွားပြီ။ ရန်သူကိုလည်း လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ပြီ။”
မြို့စားကြီးအော်စတင်က ထူးချွန်လွန်းသည့် စစ်သူကြီးတစ်ယောက် ဖြစ်သည်ဟု ဆိုရမည်။ လက်ပစ်ဗုံး ကဲ့သို့သော လျှို့ဝှက်လက်နက်ကို သူ လုံးဝမသိရှိသော်လည်း တိကျသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ဆဲပင်။
သူ၏အတွေးက မှန်ကန်၏။ ကျောက်ခဲပစ်စက် ယန္တရားများက မြို့ရိုးပေါ်သို့ ပေါက်ကွဲရေးပစ္စည်း အမြောက်အများ ပစ်လွှတ်လိုက်သည်နှင့် နေရာအနှံ့ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပေမည်။ မြို့ရိုးပေါ်ရှိ ရှမ့်လန်၏ ခုခံစစ်သည်များက လက်ပစ်ဗုံးများကို ပစ်ရန်နေနေသာသာ ထုတ်ပင်ထုတ်ရဲလိမ့်မည် မဟုတ်ချေ။
အကြောင်းရင်းက လက်ပစ်ဗုံးတိုင်းတွင် မာကျူရီဖျူမနစ်များ ပါဝင်နေသည်သောကြောင့်ပင်။ ဤအရာက အထိမခံဘဲ အချိန်မရွေး ပေါက်ကွဲနိုင်၏။
ထို့ကြောင့် ကျောက်ခဲပစ်စက်များကို အသုံးပြုပြီး မြို့ရိုးပေါ်ရှိ တိုက်ခိုက်ရေးစွမ်းရည်ကို ဖိနှိပ်ထားနိုင်သရွေ့ ရှမ့်လန်စစ်တပ်၏ အသားစီးရနေမှုများကို လုံးဝချေမှုန်းနိုင်ပေလိမ့်မည်။
..................
၂ နာရီအကြာမှာတော့ ကျောက်ခဲပစ်စက် ၁၃ လုံးကို နွေဦးပန်းလမ်း၏ မြို့ရိုးနှင့် မီတာ ၃၃၀ အကွာသို့ တဖန် တွန်းထုတ်လာ၏။ ဒုံးပျံတင်ဆောင်သည့် လက်တွန်းလှည်း အစီး ၅၀ ကိုလည်း မြို့ရိုးနှင့် မီတာ ၄၀၀ အကွာသို့ တွန်းထုတ်လာ၏။ ဤအကွာအဝေးက မြို့စားကြီးအော်စတင် သေချာတွက်ချက်ထားခြင်း ဖြစ်ပြီး ဘေးကင်းသည့် အကွာအဝေးဟု သတ်မှတ်နိုင်၏။
“အသင့်ပြင်ကြ... ပစ်လွှတ်ကြ...”
မြို့စားကြီးအော်စတင်၏ ကျောက်ခဲပစ်စက် ၁၃ လုံးက အစွမ်းကို စတင် ပြသ၏။ ပေါက်ကွဲရေးပစ္စည်းများကို ပြင်းထန်စွာ ပစ်လွှတ်လိုက်၏။ ခဏအကြာမှာပဲ မီးနတ်ဘုရား၏ ဒုံးပျံယာဉ်များကလည်း ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို စတင်ပြသသည်။
“ဝူး... ရွှီ... ရွှီ...”
ဒုံးပျံရာပေါင်းများစွာတို့က လေထုထဲတွင် ရှည်လျားသည့် မီးတောက်အမြီးတန်းကြီးများကို ထုတ်လွှတ်ပြီး နွေဦးပန်းလမ်း၏ မီတာ ၃၀၀၀ ရှည်လျားသည့် မြို့ရိုးကြီးဆီသို့ ဦးတည်သွား၏။
မြို့စားကြီး အော်စတင်က မြင့်မားသည့် နေရာတွင် ရပ်တန့်နေပြီး မြို့ရိုးပေါ်ရှိ အရှေ့တိုင်းသားများ တဖန် ဝပ်ချလိုက်သည်ကို မြင်ရ၏။ သေချာပေါက်ပင် သူတို့က ပေါက်ကွဲတတ်သည့် သံလုံးများကို တဖန် ထုတ်မပစ်ရဲကြတော့ချေ။ သူ၏ နည်းဗျူဟာက အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
“ဘုန်း... ဘုန်း...”
မီးနတ်ဘုရား၏ ပေါက်ကွဲပစ္စည်းများက မြို့ရိုးအပေါ်နှင့် အောက်တွင် တဖန် ပေါက်ကွဲသွားကြ၏။ ယမ်းစိမ်းနှင့် ထူထပ်သည့် မီးခိုးလုံးကြီးများကလည်း မြို့ရိုးတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားကာဖြင့် မရေတွက်နိုင်သည့် ဒုံးပျံများက မြို့ရိုးပေါ်သို့ ထိမှန်သည် ဖြစ်စေ၊ မထိမှန်သည် ဖြစ်စေ ကျရောက်၏။ အတိုချုပ် ပြောရမည်ဆိုလျှင် ထိုအရာက တိုက်ခိုက်ရေး စွမ်းရည်ကို ဖိနှိပ်လိုက်ခြင်းပင်။ ထိခိုက်မှုကို ဖြစ်ပေါ်စေခြင်း မဟုတ်ပေ။
“စစ်သည်တွေ... တိုက်စစ်ဆင်ကြတော့။ မြို့ရိုးကို သိမ်းပိုက်ပြီး မြို့ပေါ်က အရှေ့တိုင်းသား အားလုံးကို သတ်ကြစမ်း။”
မြို့စားကြီး အော်စတင်၏ အမိန့်အောက်မှာပဲ သူ၏ စစ်သည်တစ်ထောင်က ဒီရေလှိုင်းပမာ တိုးထွက်၏။ နွေဦးပန်းလမ်း၏ မြို့ရိုးဆီသို့ အသည်းအသန်ဖြင့် ပြေးတက်ကြ၏။
“ဘုန်း... ဘုန်း..”
ကျောက်ခဲပစ်စက်များက ဒုတိယအကြိမ် ပစ်လွှတ်၏။ ပေါက်ကွဲပစ္စည်းများက မြို့ရိုးအပေါ်နှင့် အောက်သို့တဖန် ပြုတ်ကျကာ ပေါက်ကွဲကြပြန်၏။ ရူးသွပ်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုပင် ဖြစ်၏။ စစ်သည်တစ်ထောင်တို့က ရူးသွပ်စွာ ထိုးစစ်ဆင်ကြသည်။
ဤသည်က ရှမ့်လန်၏ စစ်တပ်က လက်ပစ်ဗုံးများကို ထပ်မံ မပစ်နိုင်အောင်ပင်။ စစ်သည် တစ်ထောင်က မြို့ရိုးနှင့်ပို၍ နီးကပ်လာ၏။
မီတာ ၃၀၀... မီတာ ၂၀၀... မီတာ ၃၀...
“ပစ်ခတ်မှုတွေကို ရပ်။” မြို့စားကြီး အော်စတင်က ဖိနှိပ်ပစ်ခတ်မှုများကို ရပ်တန့်ရန် အမိန့်ပေး၏။ ယခုအချိန်မှာတော့ မြို့ရိုးပေါ်ရှိ ခုခံစစ်သည်များက လက်ပစ်ဗုံးများကို ထပ်မံ ထုတ်ယူလျှင်ပင် အချိန်နှောင်း သွားပြီဖြစ်၏။ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ သူတို့က မီတာ ၃၀၀၀ ရှည်လျားသည့် မြို့ရိုးကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်၏။ စစ်တပ်က မြို့ရိုးပေါ်သို့ မတက်ရသေးသော်လည်း မြို့စားကြီး အော်စတင်က ရလဒ်ကို ကြိုတင် မြင်တွေ့နေရ၏။
.................
၁၅ မိနစ်ခန့် အကြာမှာတော့ ထူထဲသည့် မီးခိုးလုံးကြီးများက လွှင့်ပါးလာ၏။ မြို့စားကြီး အော်စတင်၏ စစ်တပ်က နွေဦးပန်းလမ်းကို တရားဝင် သိမ်းပိုက်နိုင်ခဲ့သော်လည်း မြို့ရိုးပေါ်ရှိ ခုခံ စစ်သည် ၅၀၀ တို့က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထူထပ်သည့် မီးခိုးများ ကြားထဲမှာတော့ သူတို့က လုံးဝ ဆုတ်ခွာသွားခဲ့ကြပြီး မူလန်မြို့တော်သို့ ပြန်သွားခဲ့ကြခြင်းပင်။
မြို့စားကြီးအော်စတင်က ကျောက်ခဲပစ်စက်များကို အသုံးပြုပြီး မြို့ရိုးကို သိမ်းပိုက်လိုက်သည့် အချိန်မှာတော့ ကျန်းချွင်းဟွာနှင့် တပ်မှူးတချို့တို့က ဤမြို့ရိုးကို ဆက်လက် ကာကွယ်၍ မရနိုင်တော့ကြောင်း သိရှိခဲ့၏။
အဆုံးအရှုံးများစွာကို ကြုံတွေ့ခဲ့ရသော်လည်း မြို့စားကြီး အော်စတင်က မှန်ကန်သည့် မဟာဗျူဟာကို ချမှတ်နိုင်ခဲ့သည်။
မြို့စားကြီး အော်စတင်က နွေဦးပန်း မြို့ရိုးပေါ်တွင်ရပ်လျက် ရန်သူ၏ အမြင့်ဖြင့် သူ၏ စစ်တပ်ကို ကြည့်၏။ မီတာ ၃၀၀၀ ရှည်လျားသည့် မြို့ရိုးတစ်ခုက သူ့အတွက် စစ်သည် ၁၂၀၀၀ နီးပါး ဆုံးရှုံးစေခဲ့သည်မှာ မယုံကြည်နိုင်စရာပင်။
သူ၏ စစ်သည် ၅၀၀၀၀ ထဲမှ ၃၈၀၀၀ သာ ကျန်ရှိတော့၏။ ဤသည်က ငြင်းမရသည့် ခါးသီးလွန်းသော သင်ခန်းစာတစ်ခု ဖြစ်သော်လည်း သူက စိတ်ဓာတ်တော့ ကျမသွားချေ။ အနည်းဆုံး ရန်သူက အစွမ်းထက်ကြောင်းကို သူ သိရှိသွား၏။ ရန်သူကို သိ၊ မိမိကိုယ်ကိုယ် သိရှိခြင်းက အောင်ပွဲကို ရရှိခြင်းပင်။
“ရှေ့ကို ချီတက်ကြ... ရှမ့်လန်ရဲ့ အရှေ့တိုင်းသား ဧကရီမြို့တော်ကို တိုက်ခိုက်ကြစမ်း။”
သူ၏ အမိန့်နှင့်အတူပဲ ၃၈၀၀၀ သော စစ်တပ်ကြီးက မြို့တံခါးကို ဖြတ်ကျော်ပြီး မူလန်မြို့တော်ဆီသို့ ချီတက်၏။
......................
နာရီအနည်းငယ် အကြာမှာတော့ အော်စတင်၏ စစ်သည် ၃၈၀၀၀ က မြို့ရိုးဆီသို့ ရောက်ရှိလာ၏။ နောက်ထပ် တစ်နာရီ အကြာမှာတော့ မြို့စားကြီးကောင့် ၏ စစ်သည် ၅၀၀၀၀ က ထပ်မံ ရောက်ရှိလာ၏။ စစ်သည် ၉၀၀၀၀ နီးပါးက မူလန်မြို့တော်ကို လုံးဝ ဝန်းရံထားသည်။
မြို့စားကြီးကောင့်က ဘာဖြစ်ခဲ့သည်ကို မမေးမြန်းသလို မြို့စားကြီး အော်စတင် နောက်ကျမှ ရောက်လာခြင်း နှင့် ထိတ်လန့်ဖွယ်ကောင်းသည့် သေကြေပျက်စီးမှုများအတွက်လည်း အပြစ်မတင်ချေ။ သူက ရှေ့သို့ တိုးကာ အော်စတင်ကို ပွေ့ဖက်လိုက်ရုံသာ ပြုလုပ်၏။
မြို့စားကြီးအော်စတင်က ဆို၏။ “မြို့စားကြီး ... ရန်သူက ကျုပ်တို့ထင်ထားတာထက် ပိုပြီး အစွမ်းထက်တယ်။ သူတို့မှာ ထူးဆန်းပြီး အစွမ်းထက်တဲ့ လျှို့ဝှက်လက်နက်တွေ ရှိနေတယ်။ ဒါပေမယ့် အားလုံးကို ဒီနေရာမှာပဲ အဆုံးသတ်မှာပါ။”
မြို့စားကြီးကောင့်က မြင့်မားသည့် တည်နေရာတွင်ရပ်ပြီး မူလန်မြို့တော်ကို ငုံ့ကြည့်၏။ “တကယ့်ကို ရုပ်ဆိုးတဲ့ မြို့တစ်မြို့ပါပဲ။ အရာအားလုံးက လေးထောင့်ကျပြီး စိတ်ကူးယဉ်စရာနေရာ တစ်ခုမှ မရှိဘူး။ လောကပေါ်မှာ ရှိသမျှ မြို့တွေအားလုံးသာ ဒီလိုမျိုးတွေဖြစ်မယ်ဆိုရင် ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်မလဲ။”
အော်စတင်က ပြောလိုက်သည်။ “ခင်ဗျားပြောတာ တကယ် မှန်တယ်။”
အပိုင်း (၈၃၆)
နေဝင်ဆည်းဆာအချိန်မှာတော့ မူလန်မြို့တော်က တကယ့်ကို ရုပ်ဆိုးပြီး အားနည်းပုံပေါ်၏။ အတွင်းရှိ အိမ်ခြေ အားလုံးက နှစ်ထပ် အဆောက်အအုံများ ဖြစ်ပြီး အားလုံးက လေးထောင့်ကျကျ ဖြစ်ကာ တစ်ခုနှင့် တစ်ခု ပုံတူကူးယူထားသကဲ့သို့ပင်။ မြို့တော်ကလည်း တကယ့်ကို ဟာလာဟင်းလင်း ဖြစ်၏။ မြို့ရိုးက ၇၅၀၀ မီတာ ရှည်လျားသော်လည်း အတွင်းရှိ အိမ်ခြေများက လွတ်နေသည့် နေရာများကို မဖြည့်နိုင်ချေ။ ကွက်တိကွက်ကြားပင်။
မြို့စားကြီး အော်စတင်က ပြော၏။ “ရုပ်ဆိုးပေမဲ့ ဒါက ပုံတူကူးပြီး ပြုလုပ်ဖို့ လွယ်ကူတယ်။ ကျုပ်တို့သာ သတိမထားမိရင် ဒီလိုမြို့မျိုးက အနောက်လောကတစ်ခုလုံးဆီ ပျံ့နှံ့သွားလိမ့်မယ်။”
မြို့စားကြီးကောင့်က မေးမြန်းသည်။ “ဒါက အန္တရာယ်လား။ ဒီလိုမြို့တွေသာ ပြန့်နှံ့သွားမယ်ဆိုရင် ဘယ်လိုကပ်ဘေးတွေ ဖြစ်လာမလဲတောင် မတွေးရဲဘူး။ ဒါက ဗိသုကာပညာရပ်ရဲ့ နိဂုံးချုပ်ခြင်းကို လမ်းညွှန် ပြသနေတာပဲ။”
“ဒါကြောင့်ပဲ ကျုပ်က ဒီမြို့ကို လုံးဝ ဖျက်ဆီးပစ်ရမယ်။ အတွင်းက လူတွေကို ပြာဖြစ်အောင် မီးရှို့ပြီး ပင်လယ်ထဲကို ပစ်ချရမယ်။ ပင်လယ်ရေစီးကြောင်းက သူတို့ရဲ့ ပြာတွေကို အရှေ့တိုင်း လောကဆီကို ပြန် သယ်သွားလိမ့်မယ်။
အရှေ့တိုင်းမှာ စကားပုံ တစ်ခု ရှိတယ်။ ကြွေကျတဲ့ သစ်ရွက်က သူတို့ရဲ့ အမြစ်ဆီ ပြန်သွားတယ်တဲ့။ ဒီတော့ သူတို့ရဲ့ အမြစ်တွေ ပြန်သွားနိုင်အောင် ကျုပ်တို့ ကူညီပေးရမှာပေါ့။ မနက်ဖြန် နေထွက်တာနဲ့ မြို့ကို တရားဝင် တိုက်ခိုက်ပြီး ဒီရုပ်ဆိုးတဲ့ မြို့ကို လုံးဝ အစဖျောက် ပစ်ရမယ်။”
“ကောင်းပြီ။ မြို့စားကြီး အော်စတင်... ခင်ျားရဲ့ ခန့်မှန်းချက်အရ ကျုပ်တို့ ၉၀၀၀၀ က သူတို့ ၂၀၀၀ ကို တိုက်ရင် အကျအရှုံး ဘယ်လောက် ရှိနိုင်လဲ။”
“တစ်သောင်း။ ဒါမှမဟုတ် ဒီထက် နည်းနည်း ပိုနိုင်တယ်။ ဒါပေမဲ့ လူဘယ်လောက်သေသေ ထိုက်တန်တယ်။ ဘာလို့လဲဆိုတော့ ဆိုးရွားလွန်းတဲ့ ဗိသုကာ ပညာရပ်တွေ လောကတစ်ခုလုံးကို ပြန့်နှံ့သွားမှာကို ကျုပ်တို့ တားဆီးနိုင်မှာ မို့လို့ပဲ။”
............
မူလန်မြို့တော်၏ အတွင်းမှာတော့ ကျန်းချွင်းဟွာ၊ လန်ဖုန်း၊ ပုလဲနက်နှင့် ရော့ရိုလန်တို့က အစည်းအဝေး ပြုလုပ်နေ၏။
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ကျွန်မတို့ရဲ့ ဖောက်ခွဲရေးပစ္စည်းတွေက အရမ်း အစွမ်းထက်တယ် ဆိုပေမဲ့ ရန်သူကို အထင်သေးခဲ့မိတယ်။ ဒီတိုက်ပွဲမှာ ကျွန်မတို့ နိုင်ချင်မှ နိုင်တော့မယ်။”
ပုလဲနက်က ပြော၏။ “ကျွန်မတို့ဆီမှာ အမြှောက် ခြောက်လက် ကျန်သေးတယ်။ ဖောက်ခွဲရေး ပစ္စည်း အများကြီး မကျန်တော့ပေမဲ့ နည်းတဲ့ ပမာဏတော့ မဟုတ်ဘူး။”
ကျန်းချွင်းဟွာက ပြောသည်။ “ကျွန်မတို့ရဲ့ မြို့ရိုးက အရမ်းကို ရှည်လွန်းတယ်။ ၇၅၀၀ မီတာ ရှည်တဲ့ မြို့ရိုးကို လူ ၂၀၀၀ နဲ့ ကာကွယ်ဖို့ ဆိုတာ အရမ်းကို ခက်ခဲတယ်။ ကျွန်မတို့ရဲ့ ရန်သူတွေက အရမ်းကိုများသလို အရမ်းလည်း ရဲရင့်တယ်။”
သေချာပေါက်ပင် ထိုလူတို့က ရဲရင့်ကြ၏။ မြို့စားကြီးအော်စတင်က အစပိုင်းတွင် ဤတိုက်ပွဲကို ယင်ကောင် သတ်ခြင်းဟုသာ မှတ်ယူခဲ့သော်လည်း ယခု သူတို့၏ လူမျိုးစုများကြား စစ်ပွဲအဆင့်သို့ပင် မြင့်တက်သွား၏။ လူတစ်သောင်း သို့မဟုတ် နှစ်သောင်း သေဆုံးလျှင်ပင် အော်စတင်က မူလန်မြို့တော်ရှိ လူတိုင်းကို သတ်ဖြတ်ကာ မြို့ကို မြေလှန်ပစ်မိမည်။
ကျန်းချွင်းဟွာက ပြော၏။ “ကျွန်မတို့ဆီမှာ အမြှောက်တွေ နည်းလွန်းလို့ ဖောက်ခွဲရေး ပစ္စည်းတွေ ကလည်း အလုံးအရင်းနဲ့ သုံးဖို့ သိပ်ပြီး ယုတိ္တမကျဘူး။ ကျွန်မတို့ရဲ့လက်ပစ်ဗုံးက အရမ်းကို အစွမ်းထက်တယ် ဆိုပေမဲ့ အထိမခံသလို မတည်ငြိမ်ဘူး။ ဒါတွေကို ပြုပြင်ရမယ်။”
ကျန်းချွင်းဟွာက အော်စတင်နှင့် ရင်ဆိုင်ခဲ့ရသူ ဖြစ်သောကြောင့် သူမတွင် ဤကဲ့သို့သော စကားများကို ပြောပိုင်ခွင့် ရှိနေသည်။
အရှေ့ပိုင်းသူရဲကောင်း ခေါင်းဆောင် လန်ဖုန်းက ပြော၏။ “ကံကောင်းတာက အရှင်ဧကရာဇ် ဒီမှာ မရှိတာပဲ။ ကျုပ်တို့အားလုံး သေသွားရင်တောင် ကိစ္စ မရှိဘူး။”
ပုလဲနက်က စားပွဲခုံကို လက်သီးနှင့် ထုနှက်ကာဖြင့် ပြောသည်။ “သေရုံပဲပေါ့။ ဘာကြောက်စရာ ရှိမှာလဲ။”
လန်ဖုန်းက ပြောလိုက်၏။ “ဟုတ်တယ်။ ဒါက ကိစ္စကြီး တစ်ခုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ဧကရီ မြို့တော်ပဲ။ ကျုပ်တို့ နောက်ဆုံး တစ်ယောက်ထိ သေဆုံးသွားရမယ် ဆိုရင်တောင် နောက်ဆုတ်မှာ မဟုတ်ဘူး။”
ပြီးနောက် လန်ဖုန်းက ကျန်းချွင်းဟွာကို ပြောသည်။ “ဆရာမကျန်း... ခင်ဗျားက အရှင်ဧကရာဇ်ရဲ့ အယုံကြည်ရဆုံးလူပဲ။ မနက်ဖြန် တိုက်ပွဲကို မပူနဲ့။ အဓိက နန်းဆောင်မှာပဲနေ။ မြို့ရိုးဖောက်ခံရပြီဆိုတာနဲ့ နန်းဆောင်ကို ဖောက်ခွဲပစ်ပြီး လျှို့ဝှက်သတင်းအချက်အလက်တွေနဲ့ လက်နက်တွေအားလုံးကို ဖျက်ဆီး။ ရန်သူ့လက်ထဲကို ဒါတွေအပါမခံနဲ့။”
ကျန်းချွင်းဟွာက ပုခုံးတွန့်လိုက်၏။ “သေချာပေါက် လုပ်ရမှာပေါ့။ ဒါပေမဲ့ ကျွန်မ ရှင်တို့ကို တစ်ခု ပြောချင်သေးတယ်။ အရှင်ဧကရာဇိက မယုံကြည်နိုင်စရာကောင်းတဲ့ ကိစ္စရပ်တွေကို ဖန်တီးခဲ့တယ်။ သူက ဒီထက်ခက်ခဲတဲ့ တိုက်ပွဲတွေကိုတောင် အောင်နိုင်ခဲ့ဖူးတယ်။ ရှင်တို့ အဲလောက်ထိ မျှော်လင့်ချက် မကုန်နဲ့အုံး။ မျှော်လင့်ချက် ထားကြပါ။”
အရှေ့ပိုင်းသူရဲကောင်း ခေါင်းဆောင် တပ်မှူး လန်ဖုန်းက ပြုံးသည်။ “သေချာတာပေါ့။ စိတ်ပျက်အားငယ်မှု ကြားထဲမှာ မျှော်လင့်ချက်ကို ရှာဖွေရမယ်။ သေဖို့ ပြင်ဆင်ထားရသလို တခြား မျှော်လင့်ချက်တွေကိုလည်း စောင့်မျှော်ရမှာပေါ့။”
.........................
နောက်တစ်ရက်။ နေထွက်လာခဲ့ပြီ ဖြစ်၏။ မူလန်မြို့တော်ရှိ စစ်သည် ၂၀၀၀ က မြို့ရိုးပေါ်သို့ ရောက်ရှိ၏။ ပျမ်းမျှအားဖြင့် စစ်သည်တစ်ဦးလျှင် ၃.၅ မီတာ ရှည်လျားသည့် မြို့ရိုးကို ကာကွယ်နေရခြင်းပင်။
အပြင်ဘက်၌ ရန်သူကိုးသောင်းရှိသည့် စစ်တပ်ကြီးဖြစ်ပြီး အဆုံးအစ မရှိအောင် မဲမှောင်နေ၏။ အစွမ်းထက်သည့် စစ်တပ်ကြီး၏ ရှေ့တွင် မူလန်မြို့တော်က တကယ့်ကို အားနည်းလွန်း၏။ မြို့ရိုးကလည်း တကယ့်ကို ပါးလွှာလွန်း၏။
မြို့စားကြီး အော်စတင်က မေးမြန်းလိုက်သည်။ “နယ်စားမင်း...”
နယ်စားကြီး ဒီဘိုရာက ပြန်လည် ဖြေကြား၏။ “အားလုံးက ရှင့်ရဲ့ ဆန္ဒအတိုင်းပဲ။”
မည်သည့် သူရဲကောင်းဆန်သည့် စကားလုံးမှ မရှိပေ။ မြို့စားကြီး အော်စတင်က ရုတ်တရက် သူ၏ ဓားကို ဆွဲထုတ်၏။ ပြီးနောက် အော်ဟစ်လိုက်သည်။ “မြို့ကို တိုက်ခိုက်ကြ။”
မူလန်မြို့တော်၏ နောက်ဆုံးတိုက်ပွဲက တရားဝင် စတင်၏။ ထိုအချိန်မှာပဲ ကျောက်စိမ်းလှိုင်း ကျွန်းစွယ်၏ မြောက်ဘက်ပိုင်းမြေပြင်က ငလျင်လှုပ်ခတ်သလိုပင် တုန်ခါလာ၏။ ရေတွက်၍မရအောင် များပြားသည့် ငှက်နှင့် တိရစ္ဆာန်များက အစပိုင်းတွင် ထိတ်လန့်သွားခဲ့ပြီး မြောက်ဘက်သို့ မကြည့်ဘဲ မနေနိုင် ဖြစ်သွား၏။
ပြီးနောက် ငှက်များပျံသန်းသွားပြီး သားရဲတိရစ္ဆာန်များက ထွက်ပြေးသည်။
ခဏအကြာမှာတော့ မိုးကုတ်စက်ဝိုင်း၌ အမဲစက်လေး တစ်စက် ပေါ်လာ၏။ ပြီးနောက် ၂ စက်... ၃ စက်... ရာပေါင်းများစွာ... ထောင်ပေါင်းများစွာ...
ရှမ့်လန် ပြန်လည် ရောက်ရှိလာ၏။ သူက မြင့်မားသည့် စစ်မြင်းများကို စီးနင်းထားသည့် ၈၀၀၀ ကျော်သော အမေဇုန် အမျိုးသမီး စစ်သည်တော်များကို ဦးဆောင်ပြီး အသည်းအသန် ဒုန်းဆိုင်းဆင်းလာခြင်းပင်။
လူ ၈၀၀၀ တောင် ရှိသော်လည်း သူတို့က အနောက်လောကရှိ အစွမ်းထက်ဆုံးသော စစ်သည်များ ဖြစ်၏။ ရှုံးနိမ့်ခြင်း မရှိဖူးသည့် အမေဇုန် အမျိုးသမီး စစ်သည်တော်များပင်။ အစွမ်းထက်ဆုံး အမျိုးသမီး ၈၀၀၀ တို့က အပြင်းထန်ဆုံးသော ဒီရေလှိုင်းကြီး အလားပင် တောင်ဘက်သို့ တရှိန်တိုး ဆင်းလာခဲ့ကြသည်။
.....................
မူလန်မြို့တော်ရှိ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်သောကြောင့် အမြှောက်ခြောက်လက်ကို အသုံးမပြုဘဲ ချန်ထား၏။ မြို့စောင့်ခေါင်းဆောင်များက ဤတိုက်ပွဲတွင် အလွန်အမင်း စိတ်ပျက်အားငယ် နေကြပြီး မြို့နှင့်အတူ အသေခံရန် ပြင်ဆင်ထား၏။
မြို့ရိုးဖောက်ခွဲခံရသည်နှင့် ကျန်းချွင်းဟွာက ကျန်ရှိနေသည့် ဖောက်ခွဲရေး ပစ္စည်းများ အားလုံးကို ဖောက်ခွဲပြီး အရေးကြီးသည့် အချက်အလက်နှင့် လက်နက်များအားလုံးကို ဖျက်ဆီးပစ်ရန် စီစဉ်ထား၏။ သို့သော်ငြား သူတို့က အမြှောက်များကို အသုံးမပြုသေးသော်လည်း ကျောက်ခဲပစ်စက် အလုံး ၂၀ ကို အသုံးပြုခဲ့သည်။
ဤစက်များက မြို့ရိုးပေါ်တွင် တင်ရန် အလွန်ကြီးမားလွန်းသောကြောင့် မြို့ရိုး၏ အနောက်ဘက်တွင် ထားရှိ၏။ စက်တစ်လုံးလျှင် စက်ကို မောင်းနှင်သူ ၁၀ ဦးကျော် လိုအပ်သောကြောင့် ရှမ့်လန်၏ အဖိုးတန် စစ်သည်များအစား ကျွန်များကို အသုံးပြုပြီး စက်ရုပ်များကဲ့သို့ တိကျစွာ ခိုင်းစေခဲ့၏။
အမိန့်ပေးသံ ထွက်ပေါ်လာခဲ့သည်။ “ပစ်ကြ... ပစ်ကြ။”
အမိန့်ပေးသံနှင့်အတူ မြို့စားကြီးကောင့် နှင့် မြို့စားကြီး အော်စတင်တို့၏ ကျောက်ခဲပစ်စက် အလုံး ၃၀ ကျော်တို့က အရှေ့ဆီမှ စတင် ပစ်ခတ်ကြ၏။ ကီလိုဂရမ် ၁၀ ဂရမ်ခန့် ရှိသည့် ယမ်းမှုန့်ထုပ်ကြီးများက မူလန်မြို့တော်ဆီသို့ ဦးတည်ကာ ပျံသန်းလာ၏။
“ဝုန်း... ဝုန်း...”
ခဏချင်းမှာပဲ မူလန်မြို့ရိုး၏ ဝဲဘက်နှစ်ဘက်လုံးတွင် ထူထဲသည့် ယမ်းမီးခိုးလုံးများနှင့် ဖုံးလွှမ်းသွား၏။ ဤသည်က စစ်မှန်သည့် ပစ်ခတ် တိုက်ခိုက်မှုပင်။ မြေပြင်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလျက် ရှိနေပြီး ထူထဲသည့် မီးခိုးလုံးကြီးများက ကောင်းကင်ယံရှိ နေမင်းကိုပင် ကွယ်လုနီးပါး ဖြစ်စေသည်။
မူလန်မြို့ရိုးပေါ်ရှိ ခုခံစစ်သည်များက ရန်သူ၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်သွားသည်အထိ မြို့ရိုးများ၏ နောက်ကွယ်တွင် ပုန်းအောင်းနေကြ၏။ အမှန်စစ်စစ်အားဖြင့် မူလန်မြို့တော်ရှိ ကျောက်ခဲပစ်စက်များက တကယ့်ကို အစွမ်းထက်ပြီး ဝေးဝေးသို့ ပစ်နိုင်သော်လည်း သူတို့က တန်ပြန်ပစ်ခတ်ခြင်း မပြုသေးချေ။
အကြောင်းရင်းက ဤကဲ့သို့ ပစ်ခတ်ခြင်းက ပစ်မှတ်တိကျမှု မရှိသောကြောင့် ရန်သူများ အလုံးအရင်းနှင့် မြို့သို့ ချဉ်းကပ်လာချိန်မှ ပစ်ခတ်ရန် ပြင်ဆင်ထား၏။ ထိုမှသာလျှင် တစ်ဖက်လူများကို အထိနာစေမှာဖြစ်၏။
“ဝုန်း... ဝုန်း...”
ယခုအချိန်မှာတော့ မီးနတ်ဘုရားဂိုဏ်းမှ ယူဆောင်လာခဲ့သည့် ယမ်းမှုန့်ပမာဏက အံ့အားသင့်စရာ ကောင်းအောင် များပြားပြီး တန်ချိန် ဆယ်ဂဏန်းမက ရှိသောကြောင့် ယမ်းထုပ်ပေါင်း ၂၀၀၀-၃၀၀၀ ခန့် ထုတ်လုပ်နိုင်ခဲ့၏။ ဤပစ်ခတ်တိုက်ခိုက်မှုက အဆုံးသတ်ဦးမည် မထင်ချေ။ ထိုအရာက စွမ်းအားကြီးမားလွန်းသည့် လက်နက်များဖြင့် အကြွင်းမဲ့ ဖိနှိပ်တိုက်ခိုက်ခြင်းပင်။
ဤကျောက်ခဲပစ်စက်များ၏ တိကျမှုက အလွန်ညံ့ဖျင်းလွန်း၏။ ထက်ဝက်နီးပါးက မြို့ရိုးကို တိုက်ရိုက် ထိမှန်ပြီး မြေပြင်သို့ ပြန်လည် ကျဆင်း၏။ သုံးပုံတစ်ပုံခန့်က မြို့ရိုးကို ကျော်ပြီး မြို့ပေါ်သို့ ကျ၏။ ပစ်ခတ်မှု ပေါင်းများစွာတွင် တစ်လုံးခန့်သာ မြို့ရိုးပေါ်သို့ တည့်တည့်ကျပြီး ပေါက်ကွဲ၏။
သို့သော်ငြား ဤကဲ့သို့ မဆင်မခြင် တိုက်ခိုက်မှု၏ အောက်တွင် တိုက်ပွဲက နွေဦးပန်း တောင်ကြား တိုက်ပွဲထက် ပိုမိုကာ ပြင်းထန်နေ၏။ ကီလိုဂရမ် ၁၀ ဂဏန်းရှိသည့် ယမ်းထုပ်များက ၁ မီတာခန့် ထူသည့် မြို့ရိုးကို ဖောက်ထွင်းနိုင်ခြင်း မရှိသော်လည်း မြို့ထဲသို့ ကျရောက်ပါက အိမ်တစ်လုံးကို ပြာကျစေနိုင်သလို မြေပြင်ကိုလည်း တွင်းကြီးများ ဖြစ်စေသည်။
“ရှူး... ရှူး...”
ရန်သူ၏ ဒုံးပျံပစ်စက်များကလည်း နောက်တစ်ကြိမ် အစွမ်းပြပြန်၏။ သို့သော်ငြား ယခုအချိန်တွင် လွဲချော်မှု မရှိတော့ဘဲ မီးတန်းရှည်ကြီးများအဖြစ် မူလန်မြို့ထဲသို့ တည့်တည့် ဝင်ရောက်ကာ အသေအပျောက်များ စတင် ဖြစ်ပေါ်စေ၏။ ထောင်နှင့်ချီသည့် မီးမြားများကြောင့် ကျွန်တစ်ဒါဇင်ကျော် သေဆုံးရ၏။
တိုက်ပွဲစတင်ချိန်မှစ၍ ကျွန်အများစုတို့က အိမ်တွင်းတွင် ဆောင့်ကြောင့်ထိုင်လျက် တိုက်ပွဲအဆုံးသတ်မည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေ၏။ မြို့ပြင်မှ ရန်သူများ အောင်ပွဲခံသွားလျှင်လည်း သူတို့အတွက် ဘာမှမထူးခြားချေ။ အဆိုးဆုံး သခင်အသစ် ပြောင်းလဲသွားရုံသာ ရှိ၏။ မူလန်မြို့တော်အတွက် သူတို့ တိုက်ပွဲဝင်ပေးရန်မှာတော့ မဖြစ်နိုင်သည့်ကိစ္စပင်။
သို့သော်ငြား ဤဧကရီမြို့တော်တွင် နေထိုင်ရသည်က တခြားသောကျွန်ပိုင်ရှင်များ၌ထက် ပိုမို ကောင်းမွန်ကြောင်း အားလုံးက ခံစားမိ၏။ နေ့စဉ် အလုပ်တာဝန်က ပင်ပန်းသော်လည်း အသက်အန္တရာယ် မရှိချေ။ အနည်းဆုံး ဝဝလင်လင် စားသောက်ရပြီး အိပ်စရာနေရာနှင့် ဝတ်စရာ အဝတ်အစားများ ရရှိ၏။ အရေးကြီးဆုံးက အရိုက်အနှက် မခံရခြင်း ဖြစ်သည်။
ထို့အပြင်သခင်ဖြစ်သူက သူတို့၏ ကျွန်အဆင့်အတန်းကို ပယ်ဖျက်ပေးမည်ဟု ကြားသိရ၏။ သို့သော်လည်း သူတို့က အလုပ်လုပ်ရသည့် ကျွန်များသာ ဖြစ်ပြီး သခင်အတွက် တိုက်ပွဲဝင်ရမည့် သူများ မဟုတ်ချေ။ မီးမြားတချို့က မျက်စိပါသကဲ့သို့ပင် ပြတင်းပေါက်များမှ တဆင့် တိုက်ရိုက်တိုးဝင်လာ၏။ ထိုနေရာတွင် ကျွန်များ ပြည့်နှက်နေသောကြောင့် တစ်ခဏချင်း တဒါဇင်ကျော်ခန့် သေဆုံးရ၏။
သို့သော်ငြား ဘေးပတ်ဝန်းကျင်ရှိ ကျွန်များက ခဏမျှ အံ့အားသင့်သွားပြီး မလှုပ်မယှက်ဖြင့် ဆက်လက်ကာ ထိုင်နေပြန်၏။ သူတို့က ထွက်လည်းမပြေးသလို သေဆုံးသွားသူများကိုလည်း ကူညီခြင်း မပြုကြချေ။ သူတို့က ထုံထိုင်းနေကြပုံ ပေါ်သည်။
...............
နာရီဝက်ခန့် မဆင်မခြင် ပစ်ခတ်ပြီးနောက် အားလုံးက ငြိမ်သက်သွား၏။ မြို့စားကြီးအော်စတင်နှင့် မြို့စားကြီးကောင့်တို့၏ စစ်တပ်က မူလန်မြို့တော်ကို ယမ်းထုပ်ပေါင်း ၁၀၀၀ ကျော် ပစ်ခတ်ခဲ့၏။ ယမ်းထုပ် ကုန်သွားသောကြောင့် ရပ်တန့်သွားခြင်း မဟုတ်ဘဲ ကျောက်ခဲပစ်စက်များက ပြင်းထန်လွန်းသည့် တိုက်ပွဲဒဏ်ကို မခိုင်ခံ့တော့ဘဲ ပျက်စီးသွားခြင်းကြောင့်ပင်။
မျက်မြင်တွေ့ရှိမှုများအရ မူလန်မြို့တော်က ဆိုးဝါးသည့် အခြေအနေတွင် ရှိနေ၏။ မြို့ရိုးတစ်ခုလုံးက မဲမှောင်နေပြီး မြို့ရိုးအနီးရှိ အိမ်များက အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည်။ အနည်းဆုံး အိမ်ခြေ ၁၀၀ ခန့်က ဗုံးဒဏ်ကြောင့် ပျက်စီး၏။
ဤ မဆင်မခြင်တိုက်ခိုက်မှု၏ အောက်တွင် တစ်မီတာကျော် ထူထဲသော ခိုင်ခံ့သည့် မြို့ရိုးက အနည်းငယ် ပျက်စီးသွားခဲ့ပြီး အက်ကွဲကြောင်း ၄-၅ ခု ပေါ်လာ၏။ အမှန်စစ်စစ် ယမ်းထုပ်မုန့် ၁၀၀၀ ကျော်တွင် မြို့ရိုးပေါ်သို့ တည့်တည့်ကျရောက် ပေါက်ကွဲသည်က အလုံး ၂၀-၃၀ ခန့်သာ ရှိသော်လည်း အသေအပျောက် ရှိ၏။ ရှမ့်လန်၏ လက်အောက်ရှိ စစ်သည် ၂၀၀၀ ကျော်အနက် ၂၀ ကျော် သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရသည်။
မြို့စားကြီး အော်စတင်နှင့် မြို့စားကြီးကောင့်တို့က တစ်ဦးကို တစ်ဦး ကြည့်ရင်း အမိန့်ပေးသံ နှစ်ခုက တပြိုင်နက်တည်း ထွက်ပေါ်လာ၏။ “မြို့ကို သိမ်းပိုက်ကြတော့။”
သူတို့နှစ်ဦး၏ အမိန့်အရ စစ်သည် ၂ သောင်းတို့က ဒီရေလားပမာ မြို့ရိုးဘက်သို့ အလုံးအရင်းနှင့် ပြေးဝင်သည်။
“အင်ပါယာအတွက်… နယ်စားကြီးဒီဘိုရာအတွက်... မင်းသားဆော်ရွှန်အတွက်... အရှေ့တိုင်းသား အားလုံးကို သတ်ကြ။”
စစ်သည် ၂ သောင်းတို့က စနစ်တကျဖြင့် အရှိန်မြှင့်ကာ ပြေးဝင်၏။ သူတို့က မူလန်မြို့ရိုးနှင့် နီးကပ်လာ၏။
မီတာ ၄၀၀... ၃၀၀...
ထိုအချိန်မှာပဲ မူလန်မြို့တော်ရှိ ကျောက်ခဲပစ်စက် ၁၈ စင်း၊ တခြားသော ၂ စင်းက ရန်သူ၏ဗုံးဒဏ်ကြောင့် ပျက်စီးသွား၏။ သူတို့က နောက်ဆုံးတွင်တော့ စွမ်းအားကို ထုတ်ဖော်ပြသသည်။
“အသင့်ပြင်... မီးရှို့... ပစ်ကြတော့။” အမိန့်ပေးသံနှင့်အတူပဲ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။ ဧရာမ ယမ်းထုပ်ကြီးများက တစ်ခုပြီး တစ်ခု လွင့်ထွက်၏။
ယမ်းထုပ် တစ်ထုတ်စီက ကီလိုဂရမ် ၅၀ ကျော် အလေးချိန်ရှိ၏။ မီးမလောင်စေရန် ယမ်းထုပ်များကို အဝတ်များဖြင့် ထုပ်ပိုးထားခဲ့ပြီး ယမ်းထုပ် တစ်ထုတ်စီတွင် ယမ်းမှုန့် ၂၅ ကီလိုဂရမ်နှင့် သံအစ ၂၅ ကီလိုဂရမ် ပါဝင်၏။ သံစ အဆပေါင်း ရာနှင့်ချီရှိသည်။
ဧရာမ ယမ်းထုပ်ကြီးများက လေထဲတွင် ဝေ့ဝိုက်ပျံသန်းပြီး မြို့ရိုးကိုကျော်ကာဖြင့် ရန်သူ့၏ စစ်တပ် အလယ်သို့ ကျ၏။ ပြီးနောက် ကမ္ဘာပျက်သကဲ့သို့ပင်။ ပြင်းထန်လွန်းသည့် ပေါက်ကွဲသံကြီးများက ထွက်ပေါ် လာ၏။
“ဝုန်း... ဝုန်း...”
ငြိမ်သက်နေသည့် မြေပြင်က ပြင်းထန်စွာ တုန်ခါ၏။ ထိုအရာများ၏ စွမ်းအားက လက်ပစ်ဗုံးထက် ပိုမိုကာ ပြင်းထန်၏။ ပြင်းအားမြင့် ယမ်းများ၊ ကျည်စ ၂၅ ကီလိုဂရမ်တို့၏ စွမ်းအားက အဆောက်အဦးငယ်လေး တစ်ခုကိုပင် ချက်ချင်း ပျောက်ကွယ်သွားရန် လုံလောက်၏။
ပေါက်ကွဲမှုဖြစ်ရာ မီတာ ၃၀ ပတ်လည်က သေမင်းတမန် တည်နေရာပင်။ သွေးပန်းများက ပွင့်လန်းလာ၏။ ရေတွက်၍မရနိုင်သည့် ရန်သူစစ်သည်များက နောက်တစ်ကြိမ် လွင့်စင်သည်။
မူလန်မြို့တော်၏မှ ကျောက်ခဲပစ်စက်များ၏ တိုက်ခိုက်မှုကြောင့် လူပေါင်းရာချီ သေဆုံး၏။
ကုန်းမြင့်ပေါ်တွင် ရပ်နေသည့် မြို့စားကြီး အော်စတင်နှင့် မြို့စားကြီးကောင့်တို့က ထိုမြင်ကွင်းကို ကြည့်ရှုရင်း မျက်နှာတစ်ခုလုံး ရှုံ့တွသွားခဲ့ကြ၏။ ဤတိုက်ပွဲက အသေအပျောက် များပြားမည်ကို သူတို့ တွက်ဆထားပြီး ဖြစ်သော်လည်း ဤသည်က လူမျိုးစုစစ်ပွဲ ဖြစ်သောကြောင့် အရာအားလုံး တန်ဖိုးရှိသည်။
အကယ်၍ ယနေ့ ဤအရှေ့တိုင်းသားများကို အမြစ်မဖြတ်နိုင်ပါက သူတို့၏အင်အားက ပိုမို တိုးပွားလာ ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အရှေ့တိုင်းသားတို့၏ မြို့ကို ဖျက်ဆီးနိုင်မှ ဖြစ်ပေလိမ့်မည်။
.............................
ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်၏ မြောက်ဘက်၊ ရှမ့်လန် ဦးဆောင်သည့် အမေဇုန် စစ်သည်တော် ၈၀၀၀ တို့က ဒီရေလှိုင်း အလားပင် တောင်ဘက်ဆီသို့ အရှိန်အဟုန် ပြင်းပြင်းနှင့် ချီတက်၏။ အမေဇုန်ကျွန်းက အမှန်တကယ်ပဲ ထူးခြား၏။ သူတို့၏ သွေးမျိုးဆက်က ရှေးဟောင်းလူသားများမှ ဆင်းသက်ရုံသာမက စစ်မြင်းများကလည်း ထပ်တူထပ်မျှပင်။
အမေဇုန်စစ်မြင်းများက ပြင်ပလောရှိ မြင်းများထက် အရွယ်အစားရော အရှိန်အဟုန်ပါ များစွာသာလွန်၏။ သူတို့က ၂.၇ မီတာခန့် မြင့်မားပြီး အလေးချိန်က ၁.၅ တန်ကျော် ရှိ၏။ ဤအရွယ်အစားရှိသည့် စစ်မြင်းများက ဧရာမ သတ္တဝါကြီးများ ကဲ့သို့ ဖြစ်သည်။