အခန်း (၈၃၇-၈၃၈)
Vol. 51 Ch. 837-838
အပိုင်း (၈၃၇)
ဤလောကရှိ သာမန်စစ်မြင်းတစ်ကောင်၏ အရှိန်က ၁ စက္ကန့်လျှင် ၁၅ မီတာသာ ရှိသော်လည်း အမေဇုန် စစ်မြင်းများက ၁ စက္ကန့်လျှင် ၂၅ မီတာ အရှိန်ထိ ရောက်နိုင်၏။ လူနှစ်ဦးကို တင်ဆောင်ထားပြီး သံချပ်ကာများ ဝတ်ဆင်ထားသော်လည်း အရှိန်အဟုန်က လျော့ကျသွားခြင်း မရှိချေ။ ဤမျှ အလေးချိန်နှင့် ဤမျှအရှိန်အဟုန်မျိုးကို မည်သည့်အရာကမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ မည်သို့သော စစ်တပ်၊ စစ်ဗျူဟာကိုမဆို လွယ်လွယ်ကူကူ ဖြိုခွင်း ဖျက်ဆီးနိုင်ပေလိမ့်မည်။
အမှန်စစ်စစ် ဤမျှ အစွမ်းထက်သည့် အမေဇုန် စစ်မြင်းများက အမြောက်အများ မရှိချေ။ ယခုတစ်ကြိမ်တွင် ဘုရင်မအီဒါက ရှမ့်လန်အား စစ်သည် ၈၀၀၀ ပေးအပ်ခဲ့သော်လည်း စစ်မြင်းက ၄၀၀၀ သာ ပါဝင်၏။ ဤမြင်းများက သင်္ဘောရာပေါင်းများစွာဖြင့် သယ်ယူခဲ့ရခြင်း ဖြစ်၏။ ယခုအချိန်တွင်တော့ နွေဦးပန်း တောင်ကြား၏ ၆ မိုင် ရှိသည့် မြို့ရိုးက ရန်သူ့လက်ထဲသို့ ကျရောက်နေပြီ ဖြစ်၏။
မြို့စားကြီး အော်စတင်၏ စစ်တပ်က မူလန်မြို့တော်ကို တိုက်ခိုက်ရန် တောင်ဘက်သို့ ချီတက် သွားသော်လည်း နွေဦးပန်း တောင်ကြားကို ခုခံရန် လူ ၂၀၀၀ ချန်ထားခဲ့၏။ ဤသည်က မူလန်မြို့တော်မှ အရှေ့တိုင်းသားများ ထွက်ပြေးသွားမည်ကို ဟန့်တားရန်ပင်။
ထိုစဉ် နွေဦးပန်းတောင်ကြားကို ခုခံနေရသူက အရာရှိတစ်ဦး ဖြစ်၏။ သူက ယခင်က နယ်စားကြီး ဒီဘိုရာ၏ ကိုယ်ရံတော် ဖြစ်ခဲ့ဖူးပြီး ထူးချွန်သည့် စစ်သည်တော်ပသ်။ သူ၏ နာမည်က ဘက်ခ် ဖြစ်၏။ ဘက်ခ်၏ မိသားစုက ရော့ဆို မိသားစု၏ လက်အောက်ခံများ ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်။
သူကိုယ်တိုင်ကလည်း တော်ဝင်မျိုးနွယ် ဖြစ်၏။ သို့သော်ငြား သူက အကြီးဆုံးသား မဟုတ်သောကြောင့် ဘွဲ့ထူးဂုဏ်ထူးများ ကို ဆက်ခံနိုင်ခြင်းမရှိဘဲ ငယ်စဉ်ကတည်းက နယ်စားကြီးဒီဘိုရာ၏ နေအိမ်တွင် နေထိုင်ပြီး ကိုယ်ရံတော် စစ်သည်တစ်ဦးဖြင့် ရပ်တည်ခဲ့ရ၏။
ထို့အပြင်သူက တကယ့်ကို ချောမောခန့်ညားသူပင်။ သူကိုယ်တိုင် ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ သူ၏ စိတ်ထဲတွင် နယ်စားကြီးဒီဘိုရာနှင့် ပတ်သက်၍ တစ်စုံတစ်ခု ဖြစ်ချင်၏။ ဤမြင့်မြတ်သော အမျိုးသမီးကို လက်ထပ်ရန် မဖြစ်နိုင်မှန်း သိသော်လည်း သူမ၏ လျှို့ဝှက်ချစ်သူ ပုံစံမျိုး ဖြစ်နိုင်ချေ ရှိသည်ဟု ထင်မှတ်ခဲ့၏။ သို့သော်ငြား မအောင်မြင်ခဲ့ချေ။
ရှီလွန်မင်းဆက် တော်ဝင်မျိုးနွယ်များ၏ ပုဂ္ဂလိကဘဝက ရှုပ်ထွေးသော်လည်း ဒီဘိုရာက လှပသည့် မျက်နှာနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက် ရှိ၏။ သို့သော်ငြား အမျိုးသား ၊အမျိုးသမီး ကိစ္စမျိုးတွင် စိတ်အားထက်သန်မှု ရှိသူ မဟုတ်ပေ။
ဘက်ခ်၏ မြူဆွယ်မှုကို ဒီဘိုရာက အပြစ်မတင်ခဲ့သော်လည်း သူ့ကို စစ်တပ်ထဲသို့ ဝင်ရောက်စေခဲ့၏။ ထိုအချိန်မှာတော့ ဘက်ခ်က မြို့စားကြီးအော်စတင်ကို မကျေမနပ် ဖြစ်မိနေ၏။ သူ့ကို ဘာကြောင့် ဤနေရာတွင် ချန်ထားရသနည်း။ မူလန်မြို့တော်ကို ဘာကြောင့် ခေါ်မသွားရသနည်း။ သူက ထိုနေရာရှိ အရှေ့တိုင်းသားများကို အရေခွံခွာပြီး အသားများကို အမှုန့်ကြိတ်ပစ်ချင်၏။
သူက အရှေ့တိုင်းသား အားလုံးနီးပါးကို မုန်းတီး၏။ အကြောင်းရင်းက ရှမ့်လန်က သူ ရည်မှန်းထားသည့် အမျိုးသမီးဖြစ်သူ နယ်စားကြီးဒီဘိုရာနှင့် အတူအိပ်ခဲ့သောကြောင့်ပင်။ ဤသည်က ယစ်ပူဇော်မှုအတွက် ဖြစ်သော်လည်း ဘက်ခ်၏မျက်လုံးထဲမှာတော့ ဤနိမ့်ကျသည့် အရှေ့တိုင်းသားရှမ့်လန်က အကြိမ်ပေါင်း တစ်သောင်း မီးရှို့သတ်ခံရလျှင်ပင် ဒီဘိုရာ၏ လက်ဖျားကို ထိတွေ့ရန် မထိုက်တန်ဟု ယူဆထားသည်။
ဤနေရာတွင် တိုက်ပွဲကြီးကြီးမားမား မရှိသောကြောင့် ဘက်ခ်က အေးအေးဆေးဆေး အနားယူနိုင်စွမ်း ရှိ၏။ နွေဦးပန်းတောင်ကြားရှိ အခန်းတစ်ခုထဲတွင် သူက တံခါးကိုပိတ်ပြီး သံချပ်ကာများကို ချွတ်၏။ သူ၏ နယ်စားကြီးဒီဘိုရာ၏ ပုံတူကို ထုတ်ယူပြီး မဖွယ်မရာ ကိစ္စရပ်များကို စတင် လုပ်ဆောင်နေ၏။
အရာရှိ ဘက်ခ်က တီးတိုးတီးတိုး ရေရွတ်မိသည်။ “နယ်စားကြီး ဒီဘိုရာ... ကျုပ် ခင်ဗျားကို လိုချင်တယ်။”
ထိုအချိန်မှာတော့ စားပွဲပေါ်ရှိ ခွက်က ရုတ်တရက် တုန်ခါလာ၏။ “ဘာဖြစ်တာလဲ... ငလျင် လှုပ်တာလား။”
“ဝုန်း... ဝုန်း...”
မြေပြင်က ပိုမိုကာ တုန်ခါလာခဲ့သည်။
“ဂျိမ်း..” ခံတပ်တံခါးက ရုတ်တရက် ပွင့်ထွက်၏။ တိုးဝင်လာခဲ့သူက ဒုတာဝန်ခံအရာရှိ ဖြစ်၏။ သူက အထက်အရာရှိ ဘက်ခ်၏အခြေအနေနှင့် ရှေ့ရှိပုံတူပန်းချီကားကို ကြည့်ရင်း အံ့အားသင့်သွား၏။ ပန်းချီကားထဲမှ အမျိုးသမီးက မည်သူ ဖြစ်သနည်း။
သို့သော်ငြား ဤဒုအရာရှိက အထူးတလည် မပြောတော့ချေ။ အကြောင်းအရင်းက စစ်တပ်ထဲတွင် ထိုကဲ့သို့သော ကိစ္စမျိုးက အဆန်းမဟုတ်သလို ယခုထက် ပိုဆိုးသည့် ကိစ္စရပ်များ ရှိခဲ့သောကြောင့်ပင်။ သူက အလောတကြီးဖြင့် သတင်းပို့၏။ “အရာရှိ... ရန်သူတွေ ရောက်ပြီ။ ရန်သူတွေ ရောက်လာပြီ။”
အရာရှိဘတ်ခ်က စစ်သည်နှစ်ထောင်ကို ဦးဆောင်ပြီး နွေဦးပန်းတောင်ကြား၏ ၆ ကီလိုမီတာရှိသည့် မြို့ရိုးပေါ်သို့ တက်ကာဖြင့် မြောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ အမဲစက်တစ်ခု၊ နှစ်ခု၊ ပြီးနောက် အဆုံးအစ မရှိသည့် အမဲရောင်အုပ်စုကြီးပင်။
မြို့ရိုးပေါ်ရှိ ရန်သူများက ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း တောင်ထိပ်ရှိစစ်သည်များက ပိုမိုကာ မြင်ရ၏။ အမေဇုန်စစ်သည်တော် ၈၀၀၀ ခန့်က မြင်းတစ်စီးလျှင် နှစ်ယောက်နှုန်းဖြင့် ပြေးဝင်လာလျက် ရှိနေ၏။ သူတို့က ဒီရေလှိုင်းကြီးအလားပင်။
“ဝုန်း ... ဝုန်း ..။”
“ရန်သူလာပြီ။ ရန်သူလာပြီ။ တိုက်ပွဲအတွက် အသင့်ပြင်ကြတော့။”
မြို့ရိုးနှင့် မီတာ ၂၀၀၀ အကွာသို့ ရောက်ချိန်မှာတော့ အမေဇုန် အမျိုးသမီးစစ်သည် ၄၀၀၀ တို့က မြင်းပေါ်မှ ခုန်ဆင်းလိုက်ကြ၏။ သူတို့၏ ခြေလှမ်းကျဲကြီးများဖြင့် မြို့ရိုးဆီသို့ အရှိန်အဟုန်နှင့် ပြေးဝင်ကြ၏။ သူတို့က အနားမယူသလို စစ်ဗျူဟာကိုလည်း မခင်းကျင်းဘဲ မြို့ကို တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်လာသည်။
ပို၍ အံ့အားသင့်စရာကောင်းသည်က သူတို့က မြင်းမစီးဘဲ ခြေလျင်ပြေးနေသော်လည်း သူတို့၏ အရှိန်က မြင်းစီးသည်ထက် မည်သို့မှ မလျော့နည်းခြင်းပင်။ သူတို့၏ အရှိန်နှုန်းက နှိုင်းယှဉ်၍ မရနိုင်အောင် ပြင်းထန်၏။ ပြေးဝင်လာသည့် အချိန်တွင်လည်း ကြွေးကြော်သံများကို မအော်ဟစ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နှင့် ရှေ့ကို ပြေးနေကြ၏။
ထိုအချိန်မှာတော့ မြို့ရိုးပေါ်တွင်ရှိနေသည့် ရန်သူများက ရှင်းလင်းစွာ မြင်တွေ့သွားခဲ့ကြသည်။ “အမေဇုန် အမျိုးသမီး စစ်သည်တွေလား။ ဒါ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ။”
“ငါတို့ဘိုးဘေးတွေရဲ့ သွန်သင်ချက်အရဆိုရင် အမေဇုန်အမျိုးသမီးစစ်သည်တွေက သူတို့နိုင်ငံရဲ့ အပြင်ဘက်ကို တစ်လှမ်းတောင် မထွက်ကြဘူး မဟုတ်လား။ သူတို့က ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ။”
အမေဇုန် အမျိုးသမီးစစ်သည်များ အကြောင်းကို ပြောရမည်ဆိုလျှင် အရာရှိဘတ်ခ်က ဒေါသနှင့် ရှက်ရွံ့မှုများ ပြည့်နှက်သွား၏။ အကြောင်းရင်းက သူက မျိုးဆက်ပွား အခမ်းအနားကို သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့သော်လည်း နောက်ဆုံး လက်ကြီးဗလာ ပြန်ခဲ့ရသောကြောင့်ပင်။ အမေဇုန် အမျိုးသမီး တစ်ဦးကမှ သူ့ကို ရွေးချယ်ခဲ့ခြင်း မရှိချေ။
သူက အမိန့်ပေးလိုက်၏။ “အသင့်ပြင်ကြ။ ပစ်ခတ်ကြ။”
အရာရှိဘတ်ခ်၏ အမိန့်အရ မြို့ရိုးပေါ်ရှိ စစ်သည် ၂၀၀၀ တို့က စတင်ကာ ပစ်ခတ်ကြသည်။ “ရှူး.. ရှူး...”
ရလဒ်က သုညပင်။ လူ ၂၀၀၀ တို့၏ မြားပမာဏက မလုံလောက်သလို အမေဇုန် အမျိုးသမီးစစ်သည်များ၏ အရှိန်ကလည်း တစ်စက္ကန့်လျှင် ၁၀ မီတာကျော် ရှိနေသောကြောင့် အလွန်တရာ မြန်ဆန်၏။ လက်ဖြောင့်စစ်သည်သာ မဟုတ်ပါက ဤမျှမြန်ဆန်သည့် ပစ်မှတ်ကို ထိမှန်ရန် ဆိုသည်က မဖြစ်နိုင်ချေ။ ထိမှန်ခဲ့လျှင်လည်း အဓိပ္ပါယ် ရှိလိမ့်မည် မဟုတ်ပေ။
အမေဇုန်အမျိုးသမီးစစ်သည်များက ရှေးဟောင်းလူသားများနှင့် ဆင်တူလွန်းသောကြောင့် ဓားနှင့်လှံများကို သူတို့၏ ဒိုင်းလွှာများဖြင့် ကာကွယ်နိုင်၏။ စက္ကန့်ပိုင်းအတွင်းမှာပဲ အမေဇုန် အမျိုးသမီးစစ်သည် ၄၀၀၀ က မြို့ရိုး၏ ခြေရင်းသို့ ရောက်ရှိလာ၏။ မြို့ရိုးက မမြင့်မားသော်လည်း ၅ မီတာခန့် ရှိပြီး သူတို့တွင် လှေကား သို့မဟုတ် ကြိုးများ ပါမလာချေ။
သို့သော်ငြား နောက်ထပ်ဖြစ်လာသည့် အရာကတော့ ဘတ်ခ်သာမက ရှမ့်လန်ကိုယ်တိုင်ပင် အံ့အားသင့် သွားရ၏။
“ကောင်းကင်ဘုံ... ဒီလောက်ကြီး အားကောင်းတာလား။”
သဲကန္တာရလူရိုင်း စစ်သည်များက မြို့ရိုးကို တက်ရန် ကြိုးများကို အသုံးပြုကြသလို လက်ဗလာနှင့်လည်း တက်နိုင်၏။ ဒုတိယနိဗ္ဗာနစစ်သည်များကလည်း ထိုနည်းလည်းကောင်းပင်။ သို့သော်ငြား ဤအမျိုးသမီး စစ်သည်များကတော့ တက်နေရန်ပင် မလိုအပ်ချေ။ သူတို့က မြေပြင်တွင် အရှိန်မြှင့်တင်လိုက်ပြီး မြို့ရိုးပေါ်သို့ ကန့်လန့်ကြီး ပြေးတက်သွားခဲ့ကြသည်။
အလှပဆုံးသော ပါကွား ကစားသမားများ အတိုင်းပင်။ သူတို့က လျင်လျင်မြန်မြန်နှင့် နင်းတက်ပြီး နောက်ဆုံး လက်တစ်ချက်ကို တွန်းကာဖြင့် မြို့ရိုးပေါ်သို့ တိုက်ရိုက်ခုန်တက်သွား၏။ ဤသည်က သာမန် အမေဇုန်စစ်သည်များဖြစ်ပြီး ပို၍ အံ့အားသင့်စရာကောင်းသည်က အမေဇုန်တပ်မှူးတချို့က ၅ မီတာ မြင့်သည့် မြို့ရိုးပေါ်သို့ တိုက်ရိုက်ခုန်တက်နိုင်ကြခြင်းပင်။
ဤကဲ့သို့သော အစွမ်းကို မူလန်ကလည်း လုပ်ဆောင်နိုင်၏။ သို့သော်လည်း အမေဇုန်တပ်မှူးများက ဒါဇင်နှင့်ချီ၍ ထိုအရာကို လုပ်ဆောင်နိုင်ကြခြင်းပင်။ ထို့ကြောင့် စက္ကန့်ပိုင်းအတွင်း ထောင်နှင့်ချီသည့် အမေဇုန် အမျိုးသမီးစစ်သည်များက မြို့ရိုးပေါ်သို့ ရောက်ရှိသွား၏။
အရာရှိဘတ်ခ်က အော်ဟစ်လိုက်သည်။ “ဓားဆွဲထုတ်။ ရန်သူကို သတ်ကြ။”
“ရွှပ်...” အရာရှိဘတ်ခ်က အော်ဟစ်လိုက်ပြီး စကားမဆုံးသေးခင်မှာပဲ သူ၏ ခန္ဓာကိုယ်က နှစ်ပိုင်း ပြတ်သွား၏။ အမေဇုန်တပ်မှူး တစ်ယောက်က မြို့ရိုးပေါ်သို့ ခုန်တက်လာပြီး သူမ၏ဓားဖြင့် အလွယ်တကူ ခုတ်ပိုင်းလိုက်သည်။ ကီလိုဂရမ် ၁၀၀ ကျော်ရှိသည့် ဓားကြီးက ထိုလူကို နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့ခြင်းပင်။
“ရွှပ်... ရွှပ်....”
သူမ၏ လက်က မြှောက်လိုက်၊ ဓားက ကျဆင်းလာလိုက်နှင့်ပင် အချိန်အနည်းငယ်အတွင်း တိုက်ပွဲ ပြီးဆုံး၏။ နွေဦးပန်းတောင်ကြားကို သိမ်းပိုက်ထားသည့် ရန်သူစစ်သည် ၂၀၀၀ က လုံးဝ အသတ်ခံလိုက်ရပြီး အားလုံးက ကိုယ်လက်အင်္ဂါ မစုံမလင်နှင့် သေဆုံး၏။
အမေဇုန် အမျိုးသမီးစစ်သည်များက တကယ့်ကို ရက်စက်၏။ ခေါင်းဖြတ်ခြင်း၊ ခါးဖြတ်ခြင်း သို့မဟုတ် ကိုယ်ကို နှစ်ခြမ်းခွဲခြင်းများဖြင့်သာ သတ်ဖြတ်ကြသည်။
“ဒုန်း... ဒုန်း...”
တစ်စုံတစ်ယောက်က နွေဦးပန်းတောင်ကြား၏ မြို့တံခါးကို ဖွင့်လိုက်ချိန်မှာတော့ အမေဇုန် မြင်းစီးစစ်သည် များက ဒီရေအလားပင် မြို့တံခါးမှ ဖြတ်ကျော်ဝင်ရောက်လာ၏။ တောင်ဘက်သို့ ဆက်လက်ချီတက်၏။
အမေဇုန်စစ်သည်အများစုက မြို့တံခါးကို မသွားကြဘဲ မြို့ရိုးပေါ်သို့ တိုက်ရိုက်ခုန်တက်ကာဖြင့် ၅ မီတာ မြင့်သည့် မြို့ရိုးပေါ်မှ ပြန်လည်ခုန်ဆင်းကြ၏။ လှုပ်ရှားမှုအားလုံးက စီးဆင်းနေသည့် ရေအလားပင် ချောမွေ့၏။ ၆ ကီလိုမီတာရှိသည့် မြို့ရိုးကြီးနှင့် ထိုနေရာကို ခုခံနေသည့် စစ်သည် ၂၀၀၀ တို့က အမေဇုန် အမျိုးသမီး စစ်သည်များကို ၁၅ မိနစ်ခန့်ပင် တားဆီးနိုင်ခဲ့ခြင်း မရှိချေ။
ရှမ့်လန်က အံ့ချီးနပမ်းဖြင့် လှမ်းကာ အော်ဟစ်လိုက်မိ၏။ “အရမ်းကို ကောင်းတာပဲ။”
မင်းသမီး ဒိုဟာက ပြောသည်။ “အရှင်ရှမ့်လန်...ရှင် အရမ်းကြီး စိတ်လှုပ်ရှားနေတာကို ကျွန်မသိတယ်။ ကျေးဇူးပြုပြီးတော့ ရှင့်လက်တွေကို ငြိမ်ငြိမ်နေပေးပါလား။ ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ကျွန်မက သတ္တုအတွင်းခံဝတ်ဖို့တောင် စဉ်းစားရလိမ့်မယ်။”
ရှမ့်လန်က ဆက်ပြော၏။ “မလုပ်ပါနဲ့။ သတ္တုအတွင်းခံက အနားသတ်တွေက မာပြီး ထက်လွန်းတယ်။ ခင်ဗျားရဲ့ ပေါင်ကို ရှမိလိမ့်မယ်။”
မင်းသမီးဒိုဟာက ပြောသည်။ “ရှင်သာ ကျွန်မရဲ့ ပေါင်ပေါ်က လက်ကို မဖယ်ဘူးဆိုရင် ကျွန်မရဲ့ ဓားက ရှင့်ရဲ့ လက်ချောင်းတွေကို ဖြတ်မိမှာ စိုးရတယ်။”
ရှမ့်လန်က ပြုံးလိုက်၏။ “ဒိုဟာ... ခင်ဗျားက အရင်လို မချစ်ဖို့ မကောင်းတော့ဘူး။ အရင်တုန်းကဆိုရင် ခင်ဗျားက ကျုပ်ကို လာလာထိတာလေ။”
မင်းသမီးဒိုဟာက ဖြေရှင်းသည်။ “အဲဒီတုန်းက ရှင်က လုံနာနာလေ။”
ရှမ့်လန်က စိတ်ထဲမှ ပြော၏။ ‘ကျုပ်ကို မိန်းကလေးတစ်ယောက်လိုပဲ သဘောထားလို့ ရပါတယ်။’
ထိုသို့ ထုတ်ကာ ပြောလိုက်ချင်သော်လည်း ထိုသို့ပြောလိုက်ပါက တစ်ဖက်လူက တကယ်ပဲ ဓားနှင့် သူ့ကို မိန်းကလေးဖြစ်အောင် လုပ်ပစ်မှာ စိုးရိမ်ရသည်။
နွေဦးပန်းတောင်ကြား မြို့ရိုးကို ဖြတ်ကျော်ပြီးနောက် ရှမ့်လန်က အမိန့်ပေး၏။ “ရန်သူတွေ ထွက်ပြေးမယ့် လမ်းကြောင်းကို ဖြတ်တောက်ဖို့ လူ ၈၀၀ ကို ဒီမြို့တံခါးမှာ စောင့်ကြည့်ဖို့ ချန်ထားရလိမ့်မယ်။ ကျန်တဲ့ ၇၂၀၀ ကတော့ ဧကရီမြို့တော်ကို ကယ်တင်ဖို့ တောင်ဘက်ကို ချီတက်ကြမယ်။”
ရှမ့်လန်၏ အမိန့်ပေးမှုနှင့်အတူပဲ အမေဇုန် အမျိုးသမီးစစ်သည် ၇၂၀၀ တို့က တောင်ဘက်ပိုင်းဆီသို့ အရှိန်ကုန် ပြေးထွက်သွား၏။ သူတို့က ပြင်းထန်သည့် ဒီရေလှိုင်းကြီး တစ်ခုနှင့်ပင် တူလှသည်။
မူလန်မြို့ရိုးအောက်မှာတော့ တိုက်ပွဲက ၃ နာရီခန့် ကြာမြင့်ခဲ့၏။ ထင်မှတ်ထားသည်ထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်း၏။ မြို့စားကြီး အော်စတင်က အသေအပျောက် တစ်သောင်းခွဲခန့် ရှိမည်ဟု ယူဆသော်လည်း တိုက်ပွဲစတင်ပြီး ၃ နာရီအကြာမှာတော့ အသေအပျောက်က ထိုအရေအတွက်ထက် ကျော်လွန်သွားခဲ့၏။
အရှေ့တိုင်းသားတို့၏ လက်နက်က အလွန် အစွမ်းထက်၏။ ထိုအရာက သေမင်းတမန်များ သဖွယ်ပင်။ အသက်ပေါင်းများစွာကို ရိတ်သိမ်းယူနေ၏။ ထို့အပြင်မြေပြင်ပေါ်တွင်လည်း ဧရာမ ကျင်းကြီး ရာပေါင်းများစွာ ဖြစ်ပေါ်နေပြီး ကိုယ်လက်အင်္ဂါ ပြတ်တောက်နေသည့် အလောင်းများနှင့် ပြည့်၏။ သွေးများကလည်း မြေပြင်တစ်ခုလုံးကို နီရဲနေစေသည်။
သူတို့စစ်တပ်က ပျက်စီးသွားခဲ့သည့် ကျောက်ခဲပစ်စက် ၁၀ စင်းကျော်ကို ကြိုးစားပြုပြင်ခဲ့ပြီးနောက် မြို့ရိုးပေါ်သို့ နောက်တစ်ကြိမ် ပြန်လည် ပစ်ခတ်ပြန်၏။
သို့သော်လည်း အရှေ့တိုင်းသားများက အသက်အန္တရာယ် ကို ဂရုမစိုက်ဘဲ ပေါက်ကွဲစေတတ်သည့် သံလုံးကြီးများကို အသုံးပြုကာဖြင့် မြို့စားကြီး အော်စတင်နှင့် မြို့စားကြီးကောင့်တို့၏ စစ်တပ်ကို နောက်တစ်ကြိမ် အစုလိုက်၊ အပြုံလိုက် တိုက်ခိုက် ကြပြန်သည်။
မူလန်မြို့ရိုးပေါ်ရှိ ခုခံစစ်သည်များအကြားတွင် အနည်းဆုံး ယမ်းလုံး ဒါဇင်နှင့်ချီကာ ပေါက်ကွဲ၏။ ရလဒ်က တကယ့်ကို ဆိုးဝါး၏။ မိမိတို့ဘက်မှ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး မြို့ရိုးပေါ်တွင်လည်း ဧရာမ အပေါက်ကြီးများ ဖြစ်ပေါ်လာသည်။
ဤသည်က လူမျိုးစုစစ်ပွဲဖြစ်သလို ဂုဏ်သိက္ခာအတွက် တိုက်ပွဲလည်း ဖြစ်၏။ နှစ်ဖက်စလုံးမှ စစ်သည်များက ပြိုင်ဖက်ကင်းသည့် တိုက်ပွဲဝင် စိတ်ဓာတ်ကို ပြသနေ၏။ အသေအပျောက်က သတိပေးစည်းမျဉ်းကိုပင် ကျော်လွန်နေ၏။ သူတို့၏ စိတ်ဓာတ်က မြင့်မားနေဆဲပင်။
လက်နက်ကြီးများ၏ ဖိနှိပ်မှုအောက်မှာတော့ မြို့စားကြီးအော်စတင်နှင့် မြို့စားကြီးကောင့်တို့၏ စစ်တပ်က မြို့ရိုးပေါ်သို့ နောက်တစ်ကြိမ် ပြေးဝင်လာကြပြန်၏။
“ဝုန်း... ဝုန်း...”
မြေပြင်အနှံ့ ပေါက်ကွဲသံကြီးများ ကြားနေရသော်လည်း ပေါက်ကွဲမှုက တဖြည်းဖြည်း ကျဲပါးလာ၏။ အကြောင်းအရင်းက မြို့ထဲရှိ ကျောက်ခဲပစ်စက် အားလုံးနီးပါးက ပျက်စီးသွားသောကြောင့် အနည်းဆုံး ၂ နာရီမှ ၄ နာရီထိ ပစ်ခတ်နိုင်တော့မည် မဟုတ်သောကြောင့်ပင်။
ထို့အပြင် သူတို့ လှောင်ထားခဲ့သည့် ယမ်းများကလည်း ကုန်လုနီးပါးပင်။ မူလက စစ်သည် ၂၀၀၀ ကျော် ခုခံနေသော်လည်း ယခု ထောင့်လေးရာသာ ကျန်တော့၏။ သို့သော်လည်း မြို့ရိုးပေါ်တွင်တော့ ရန်သူကို ခြေမှုန်းရန် ခဲယမ်းနှင့် လှိမ့်ချမည့် သစ်တုံး၊ ကျောက်တုံးများ ကျန်ရှိနေသေး၏။
အရှေ့တိုင်း သူရဲကောင်းတို့၏ခေါင်းဆောင် တပ်မှူးလန်ဖုန်းက သူ၏ ဓားကြီးကို ဆွဲထုတ်ကာ ကြွေးကြော်သည်။
“ကျုပ်တို့ ဧကရာဇ်ရဲ့ ကြီးမားလွန်းတဲ့ ဉာဏ်ပညာကြောင့် စွမ်းအားကြီးတဲ့ လက်နက်တွေ ရခဲ့တယ်။ ဒါပေမဲ့ အခုတော့ အဲဒီလက်နက်တွေ ကုန်သွားခဲ့ပြီ။ စစ်သည်တော်တွေရဲ့ တာဝန်ကို အသက်နဲ့လဲပြီး ထမ်းဆောင်ရမယ့် အချိန် ရောက်လာခဲ့ပြီ။”
စစ်သည်များက တခဲနက် ပြန်လည်ကာ အော်ဟစ်၏။ “ဧကရီမြို့တော်ကို ကျုပ်တို့အသက်နဲ့ ကာကွယ်မယ်။ ဧကရီမြို့တော်ကို အသက်ပေးကြမယ်။”
“ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ။”
မြို့စားကြီးအော်စတင်နှင့် မြို့စားကြီးကောင့်တို့က ကုန်းမြင့်တွင်ရပ်ပြီး ဤမြင်ကွင်းကို ကြည့်ရှုနေသည်။
“တကယ့်ကို ရဲရင့်တဲ့ စစ်တပ်ပါလား။”
မြို့စားကြီးကောင့်က ထောက်ခံသည့် သဘောဖြင့် ပြော၏။ “ဟုတ်တယ်။ ဒါပေမဲ့ ပိုပြီး ရဲရင်လေ ၊ ပိုပြီး သေသင့်လေပဲ။ တိုက်ပွဲက အဆုံးသတ်ကို ရောက်တော့မှာပဲ။”
မြို့စားကြီး အော်စတင်က ခေါင်းညိတ်သည်။ “ဟုတ်တယ်။ အဆုံးသတ်တော့မှာပဲ။ ကျုပ်တို့ဘက်က အနည်းဆုံး အကျအဆုံး ၂ သောင်းကျော်သွားခဲ့ပြီ ဆိုပေမဲ့ ဒါက ဘာမှ မဟုတ်ဘူး။”
“ဝူး... ဝူး...”
ခရာသံများနှင့်အတူ စတုတ္ထအချီ တိုက်ခိုက်မှုကြီးက ပြန်လည် ဖြစ်တည်လာခဲ့၏။ အော်စတင်နှင့် ကောင့် တို့၏ စစ်သည် ၂ သောင်းတို့က မူလန်မြို့ဆီသို့ နောက်တစ်ကြိမ် ရူးသွပ်စွာ ထိုးစစ်ဆင်ပြန်၏။ ဤတစ်ကြိမ်မှာတော့ မြို့ထဲရှိ ကျောက်ခဲပစ်စက်များက ချို့ယွင်းနေပြီး ခုခံစစ်သည်များ၏ လက်ပစ်ဗုံး များကလည်း ကုန်လုနီးပါးပင်။ ထို့ကြောင့် သူတို့က မြို့ရိုးဆီသို့ အဆင်ပြေချောမွေ့စွာ ချဉ်းကပ်လာနိုင်ကြ၏။
“ဒုန်း... ဒုန်း...”
မြို့ရိုးပေါ်သို့ စစ်သုံးလှေကားပေါင်းများစွာ ထောင်လိုက်ပြီး သူတို့က ပုရွက်ဆိတ်များ အလား တက်ကြသည်။
မြို့ရိုးထိပ်မှ သစ်လုံးကြီးကို လှိမ့်ချ၏။ ခုခံစစ်သည်များက ကျောက်တုံးကြီးများကို မပြီး အားကုန် ပစ်ချ၏။ ယခုအချိန်မှာတော့ လက်ပစ်ဗုံးများက အလွန်တရာကို တန်ဖိုးရှိနေပြီ ဖြစ်သောကြောင့် ရန်သူ အစုအဝေး ထူထပ်သည့် နေရာကိုသာ ရွေးချယ်၍ ပစ်ချရတော့၏။
“ဝုန်း...”
တစ်ချက်တည်းနှင့် လူယောက် ၂၀ တို့၏ အသက်က သေဆုံးသွား၏။ တိုက်ပွဲတစ်ခုလုံး၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
အပိုင်း (၈၃၈)
“သေကြစမ်း။ သတ်ကြ။ သတ်ကြ။”
ပြင်ပမှ နားကွဲလုမတတ် ဆူညံနေသည့် တိုက်ပွဲများကို နားထောင်ရင်း အိမ်တော်ထဲရှိ ကျန်းချွင်းဟွာကတော့ ဝိုင်တစ်ခွက်ကို အသာ သောက်နေ၏။ ယခုအချိန်မှာတော့ ဂေဟာတစ်ခုလုံးတွင် ယမ်းကီလိုဂရမ် ရာချီ၊ ယမ်းမဲများ၊ ဆီများ၊ ဆာလဖျူရစ်အက်ဆစ်နှင့် လျှို့ဝှက် အချက်အလက်များ အောက်တွင် မြေမြှုပ်ပြီးသား ဖြစ်နေ၏။
မြို့ရိုးကျိုးသွားသည်နှင့် ရန်သူများက ဤနေရာဆီသို့ အလုံးအရင်းနှင့် ဝင်လာလိမ့်မည်။ ထိုအချိန်မှာတော့ သူမက တစ်ခုလုံးကို ဖောက်ခွဲပစ်ပြီး လျှို့ဝှက်ချက်အားလုံးကို ပြာဖြစ်အောင် ပြုလုပ်ကာဖြင့် ရန်သူ ရာဂဏန်းလောက်ကို သူမနှင့်အတူ တစ်ပါတည်း ခေါ်ဆောင်သွားပေလိမ့်မည်။
သူမက ယနေ့မှာတော့ အလွန်လှပသည့် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ရင်ဘတ်ကိုလည်း တမင်ဟိုက်အောင် လုပ်ထား၏။ မည်သူမှ ရှိနေသည် မဟုတ်သောကြောင့် သူမဘာသာ ကြည့်ပျော်အောင် ပြင်ဆင်ထား ခဲ့ခြင်းပင်။ ရင်သားအလှဆိုသည်က ညှစ်ထုတ်လျှင် ရနိုင်သည့် အရာမျိုး မဟုတ်ပါလား။
အပြင်ဘက်မှ တိုက်ပွဲကို နားထောင်ရင်း နောက်ဆုံးအချိန် ရောက်ရှိတော့မည်ကို သူမက သိနေ၏။ အလွန်ဆုံး နာရီဝက်အတွင်း မူလန်မြို့တော်က ကျရှုံးပေတော့မည်။ ထိုအချိန်သို့ရောက်လျှင် သူမကလည်း ဤအိမ်ကြီးနှင့်အတူ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ဤအချက်ကို သူမက တကယ်ပင် လက်မခံနိုင်သလို ဖြစ်နေ၏။ သူမ ယောက်ျားပင် မရသေးချေ။ အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။
သူမက ဝိုင်ကို တစ်ငုံပြီးတစ်ငုံ သောက်၏။ စိတ်ထဲတွင် ရေရွတ်နေ၏။ “မယုံဘူး။ ဒီလိုဖြစ်လာမယ်လို့ မယုံဘူး။”
ရှမ့်လန်သည် ယခင်က ယခုထက်ဆိုးဝါးသည့် အခြေအနေများမှ ကံကြမ္မကို ပြောင်းပြန် လှန်ပစ်နိုင်ခဲ့သူဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ တကယ်ပဲ ပျက်စီးတော့မည်လား။
သူမက တီးတိုးလေး ပြောလိုက်သည်။ “ရှမ့်လန်... ဒီမြို့က ရှင့်မိန်းမရဲ့ နာမည်ကို ပေးထားတယ်နော်။ ကျွန်မနာမည် ပေးထားတဲ့ မြို့တွေ ကျရှုံးသွားရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ဧကရီမြို့တော်ကိုတော့ ဘယ်လိုလုပ်ပြီး အကျရှုံး ခံနိုင်တာလဲ။ ရှင် အစကနေ ပြန်စချင်တာလား။
ရှင် အံ့ဖွယ်ကိစ္စတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် မြန်မြန်လုပ်စမ်းပါ။ အကယ်၍ ရှင်က နောက်ဆုံးမိနစ်ကျမှ လာကယ်တာမျိုးကို ကြံနေတယ်ဆိုရင်တော့ ရှင့် မျက်နှာကို သေးနဲ့ ပက်ပစ်မယ်။ အဲဒီသေးကလည်း ပူပူနွေးနွေး ဖြစ်နေရလိမ့်မယ်လို့ ကျွန်မ အာမခံတယ်။”
ထိုအချိန်မှာပဲ။ “ဒုန်း... ဒုန်း..”
မြေပြင်တစ်ခုလုံး တုန်ခါလာ၏။ ထိုအရာက ပေါက်ကွဲမှုကြောင့် ဖြစ်သည့် တုန်ခါမှုမျိုး မဟုတ်ဘဲ မြေငလျင် အသေးစားလေး တစ်ခုကဲ့သို့ ဖြစ်ပေါ်လာခြင်းပင်။ သူမက ထိတ်လန့်သွား၏။ ဝမ်းသာအားရလည်း ဖြစ်၏။ လှေကားထစ်များပေါ်သို့ အပြေးတက်၏။
အိမ်တော်က လေးထပ်ရှိပြီး အမြင့်ဆုံး အဆောက်အအုံတစ်ခုလည်း ဖြစ်၏။ သူမက လှပသည့် ဝတ်စုံကို ဝတ်ပြီး အိမ်တော်၏အပေါ်ဆုံးထပ်သို့ တက်ကာ မြောက်ဘက်သို့ လှမ်းကြည့်၏။ ထိုအချိန်မှာတော့ မြောက်ဘက်မှ လိမ့်ဆင်းလာသည့် ဒီရေလှိုင်းကြီးကို မြင်ရသည်။
“ရှမ့်လန် ရောက်လာပြီ။”
ထိုသူက အံ့အားသင့်စရာကောင်းသည့် စစ်တပ်ကြီးနှင့်အတူ မူလန်မြို့တော်ဆီသို့ အရှိန်အဟုန်နှင့် ပြေးဝင်လာ၏။
.............
မြို့စားကြီးအော်စတင်နှင့် မြို့စားကြီးကောင့်တို့က ထိုမြင်ကွင်းကို အရင်မြင်၏။ သူတို့နှစ်ဦးက မျက်နှာများ ပြာနှမ်းသွားခဲ့၏။ မျက်စိရှေ့ရှိ မြင်ကွင်းကိုလည်း မယုံကြည်နိုင်သလို ဖြစ်လို့နေကြသည်။
မြို့စားကြီးကောင့်က ထိတ်လန့်တကြားနှင့် ရေရွတ်နေ၏။ “ဒါ... ဒါ... ဒါက အမေဇုန် အမျိုးသမီးစစ်သည်တွေ မဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။”
နှစ်ပေါင်း တစ်ထောင်အတွင်းတွင် မည်သူကမှ အမေဇုန်မျိုးနွယ်ကို အောင်နိုင်ခဲ့ခြင်း မရှိချေ။ ရှီလွန် မင်းဆက်တောင် မအောင်နိုင်ခဲ့ချေ။ ရှမ့်လန်က အဘယ်သို့သော နည်းလမ်းမျိုးနှင့် ဤအမှုကို လုပ်ဆောင်နိုင်ခဲ့သနည်း။
အမေဇုန်စစ်သည် မည်မျှတောင် ရှိသနည်း။ ၅ ထောင်လား။ ၇ ထောင်လား။ အမေဇုန် စစ်တပ်၏ သစ္စာစောင့်သိမှုကို မည်သို့ ရယူခဲ့သနည်း။
မြို့စားကြီးကောင့်နှင့် မြို့စားကြီး အော်စတင်တို့က အမေဇုန်စစ်သည်များ၏ စွမ်းအားကို ကောင်းစွာ သိ၏။ ထိုသူတို့က မိုးသက်မုန်တိုင်း တစ်ခုသဖွယ်ပင်။ ယခုအချိန်မှာတော့ လူတစ်သောင်း ကျော်က မြို့ကို တိုက်ခိုက်နေပြီး သူတို့၏ လက်ထဲတွင် စစ်သည် ၄ သောင်းကျော် ကျန်ရှိနေသေး၏။
မြို့စားကြီး အော်စတင်က အော်ဟစ်လိုက်သည်။ “စစ်ကြောင်းပြင်ကြ။ စစ်ကြောင်းပြင်ကြ။ ရန်သူကို ခုခံကြ။ ဒိုင်းလွှားစစ်ဗျူဟာ၊ လှံရှည်စစ်ဗျူဟာတွေ ပြင်ကြ။”
သူတို့နှစ်ဦး၏ အမိန့်အတိုင်းပဲ စစ်သည် ၄ သောင်းတို့က အလျင်အမြန် တန်းစီ၏။ မြောက်ဘက်သို့ မျက်နှာ မူလိုက်ကြ၏။ ထိုစစ်သည် ၄ သောင်းက လိပ်ခွံကြီးတစ်ခုအလား ဖြစ်သွား၏။ ထောင်ပေါင်း များစွာသော ဒိုင်းလွှာများက သံမဏိ တံတိုင်းကြီး တစ်ခုသဖွယ်ပင်။
စစ်သည်တိုင်းက အသက်ကို လုရှူနေရ၏။ အမေဇုန် အမျိုးသမီးစစ်သည်များက တကယ့်ကို စွမ်းအားကြီးမား သည်ဟု ကြားဖူး၏။ ယနေ့တော့ အနည်းငယ်သောလူများက သူတို့၏ လူသောင်းချီကို အဘယ်သို့ အနိုင်ယူနိုင်မလဲ ဆိုသည်ကို ကြည့်ချင်မိသေး၏။
စစ်သည်တစ်ဦးက စိန်ခေါ်လိုက်သည်။ “လာကြစမ်း။ လာကြစမ်း။”
ကောင်းကင်ပေါ်က ကြည့်မည် ဆိုလျှင် အော်စတင်နှင့် ကောင့်တို့၏ စစ်သည် ၄ သောင်းက စစ်ကြောင်း ၁၀ ခု ဖွဲ့ပြီး မိုင်ပေါင်းများစွာ ရှည်လျားသော သံမဏိစစ်ဗျူဟာကြီးအဖြစ် ရှိနေ၏။ အမေဇုန် အမျိုးသမီးစစ်သည် ၇၀၀၀ က ဒီရေလှိုင်းကဲ့သို့ အရှိန်ကုန်ဖြင့် လှိမ့်ဆင်း၏။
မင်းသမီးဒိုဟာက ဖော်ပြ၍ မရနိုင်အောင် စိတ်လှုပ်ရှားမိ၏။ သူမက တိုက်ခိုက်ရသည်ကို မြတ်နိုးသူဖြစ်ပြီး ရန်သူများလေ ပိုမိုကာ နှစ်သက်လေဖြစ်သည်။ ရန်သူသန်မာလေ ပိုမိုကာ ကောင်းလေပင်။
သူမက အမိန့်ပေး လိုက်သည်။ “အရှိန်မြှင့်ကြ။ အရှိန်မြှင့်ကြတော့။”
အမေဇုန် အမျိုးသမီးစစ်သည်များ စီးနင်းလာခဲ့သည့် စစ်မြင်းများက လွန်လွန်ကဲကဲ စိတ်လှုပ်ရှားလာကြ၏။ မူလထက်ပင် ပိုမိုကာ မြန်ဆန်ပြီး တစ်စက္ကန့်လျှင် ၂၅ မီတာနှုန်းထိ ရောက်ရှိသွား၏။ ဤအရှိန်က တစ်နာရီ ကီလိုမီတာ ၉၀ ဖြင့် မောင်းနှင်နေသည့် ကားတစ်စီးနှင့် တူ၏။
“ထိုးဖောက်ကြ။ ထိုးဖောက်ကြ။”
အမေဇုန် မြင်းတပ်က ရန်သူ့စစ်သည် ၄ သောင်းနှင့် ပိုမို နီးကပ်လာသည်။
မီတာ ၃၀၀၊ ၂၀၀၊ ၁၀၀ ... လောကကြီးက ခဏတာ တိတ်ဆိတ်သွား၏။
ပြီးနောက်။ “ဒုန်း.. ဒုန်း...” စစ်တပ်နှစ်ခုက ချက်ချင်းဆိုသလို ထိပ်တိုက် တိုးမိ၏။ တွန့်ဆုတ်နေစရာ မလိုအပ်ပေ။ ခြောက်သွေ့လွန်းသည့် မြက်ပင်များကို နင်းချေလိုက်သလို၊ ဆွေးမြေ့နေသည့် သစ်သားများကို ရိုက်ချိုးသလိုပင်။
အမေဇုန်စစ်တပ်က ရန်သူ ၄ သောင်းတို့၏ သံမဏိစစ်ကြောင်းကို လွယ်လွယ်ကူကူပဲ ဆွဲဖြဲ၏။ ပြီးနောက် ရူးသွပ်ဖွယ်ရာကောင်းသည့် နင်းချေမှုကြီး ဖြစ်ပေါ်လာ၏။ တကယ့်ကို ရူးသွပ်ဖွယ်ရာ ကောင်းသည့် သတ်ဖြတ်မှုကြီး၊ ရူးသွပ်ဖွယ်ရာကောင်းသည့် ချေမှုန်းမှုကြီး၊ အမေဇုန် မြင်းတပ်ဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်၌ ရှိနေသည့် ရန်သူအားလုံးက အသားစများအဖြစ် ပြောင်းလဲသွား၏။ အကြွင်းမဲ့ အောင်ပွဲတစ်ခုပင် ဖြစ်လို့ နေသည်။
“ဧကရာဇ်... သက်တော်ရာကျော် ရှည်ပါစေ။ ဧကရာဇ်... သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ထောင်ကျော် ရှည်ပါစေ။”
မူလန်မြို့အတွင်း၌ အော်ပွဲခံ ဟစ်ကြွေးသံများ ပဲ့တင်ထပ်နေ၏။ စစ်သည်တော်တို့၏ စိတ်ဓာတ်ကလည်း ကောင်းကင်ယံသို့တိုင် ထိုးတက်လျက် ရှိနေ၏။
မူလန်မြို့စောင့် တပ်သားတို့၏ အံ့အားသင့် တုန်လှုပ်နေမှုကို မည်သည့် စကားလုံးနှင့်မှ ဖော်ပြ၍ ရနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ ဧကရာဇ်က တကယ်ပင် ပြန်လည်ရောက်ရှိလာခဲ့၏။ နတ်ဘုရား ကဲ့သို့သော အရှိန်အဝါများကို ထုတ်ဖော်ကာဖြင့် ဧကရာဇ် မြို့တော်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ ယခုအချိန်မှာတော့ စစ်သည်တို့က သွေးများ ဆူပွက်လျက်ရှိနေပြီး ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။
…………
တစ်ချိန်တည်းမှာပဲ မြို့စားကြီး အော်စတင်နှင့် မြို့စားကြီး ကောင့်တို့၏ စစ်တပ်အတွင်း၌ ဖြစ်ပျက် နေခဲ့သည့် မျှော်လင့်ချက်မဲ့ခြင်းကလည်း မည်သည့် စကားလုံးနှင့်မှ ပုံဖော်နိုင်လိမ့်မည် မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲတစ်ခုနှင့်မတူဘဲ တစ်ဖက်သတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေခြင်းနှင့် တူညီနေသောကြောင့်ပင်။ ဤကဲ့သို့သော စစ်သည်များကို သူတို့ တစ်သက်တွင် တစ်ခါမှ မမြင်ခဲ့ဖူးချေ။
တခြားသော မြင်းစီးတပ်များတွင် လူတစ်ယောက်လျှင် မြင်းနှစ်စီးနှုန်း အရံထားသော်လည်း ယခု သူတို့ရှေ့ရှိ အမေဇုန်ဘုရင်မနိုင်ငံ၏ စစ်တပ်က လူနှစ်ယောက်လျှင် မြင်းတစ်စီးတည်းကိုသာ စီးနင်း၏။ သို့သော်လည်း ထိုစစ်မြင်းများ၏ အရွယ်အစားက သာမန်မြင်းများထက် သုံးဆမက ပိုမိုကြီးမားသောကြောင့် အမေဇုန် စစ်သည်လေးထောင်၏ အင်အားက မြင်းစီးတပ်သား တစ်သောင်းကျော်တို့၏ အရှိန်အဝါမျိုးထက်ပင် ပိုမိုကာ သာလွန်နေ၏။
ကောင်းကင်ယံမှ ငုံ့မိုးကာကြည့်ရှုမည်ဆိုလျှင် စစ်သည်နှစ်စု ပြန့်ကျဲနေသည့် တည်နေရာက အတူတူ နီးပါးပဲ။ အော်စတင် စစ်တပ်၏ အရောင်က မဲမှောင်နေပြီး အမေဇုန်စစ်သည်များ၏ဘက်က ဖြူဖွေးနေ၏။ တစ်ဖက်က ကျောက်ဆောင် အတားအဆီးများနှင့်တူပြီး တခြားတစ်ဖက်မှာတော့ ကြီးမားလွန်းသည့် လှိုင်းဖြူလုံးကြီးများ နှင့် ဆင်တူ၏။ ပြီးနောက် ထိုလှိုင်းဖြူလုံးကြီးများက ရန်သူကို တရစပ် ဝါးမျိုနှစ်မြှုပ်နေသည်ကို မြင်တွေ့ရသည်။
အမေဇုန် စစ်သည်များက မရပ်မနား ထိုးဖောက် တိုက်ခိုက်နေပြီး ရန်သူတို့ကို တရကြမ်း နင်းခြေသွား၏။ သူတို့၏ရှေ့တွင် ပိတ်ဆို့နေသည့် မည်သည့်ရန်သူကမဆို အရိုးအဆစ်များ ကြေမွသွား၏။ မြင်းခွာအောက်တွင် အရှင်လတ်လတ် နင်းချေခြင်းကို ခံရပြီး အသားစများ အဖြစ်သို့ပင် ပျက်စီးကုန်၏။
မြင်းစီးတပ်တစ်ခု၏ ထိုးစစ်နှင့် မတူဘဲ သံချပ်ကာတပ်ရင်းတစ်ခုက ကြိတ်ခြေသွားသည်နှင့် တူ၏။ မြင်းပေါ်ရှိ အမေဇုန် စစ်သည်တော်တို့က သူတို့၏ ဓားများကို ဝှေ့ယမ်းရန်ပင် မလိုအပ်ချေ။ ဓားရှည်များကို ဘယ်နှင့်ညာ အလျားလိုက် ကန့်လန့်ဖြတ် ကိုင်ထားရုံဖြင့် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖြတ်တောက်သွားနိုင်သည်။
“ရှေ့ကို ဝင်။ ရှေ့ကို တိုးတော့။”
ဘာကိုမှ ဂရုစိုက်စရာ မလိုအပ်ချေ။ ရှေ့သို့ မရပ်မနား တိုးဝင်သွားရန်သာ လို၏။ ဤအရာက မြင်းစီးတပ်အနေနှင့် ခြေလျင်တပ်ကို တိုက်ခိုက်သည့် နည်းစနစ်မျိုးဖြစ်ပြီး အဆက်မပြတ် တိုက်ခိုက် ချေမှုန်းနေခြင်းပင်။
သို့သော်လည်း မြင်းစီးတပ်အများစု၏ အရှိန်အဝါက ကြာလျှင် လျော့ပါးသွားတတ်ပြီး ခြေလျင်တပ်၏ ခံစစ်ကြားထဲတွင် ပိတ်မိကာဖြင့် လုံးထွေး သတ်ပုတ်ရသည့် အခြေအနေဆီသို့ ရောက်ရှိသွားတတ်သည်က ဓမ္မတာပင်။
အမေဇုန် မြင်းစီးတပ်ကတော့ လုံးဝ ကွဲပြားနေ၏။ သူတို့က တရစပ် တိုးဝင်၏။ သူတို့က ရှေ့ဆုံးမှ နောက်ဆုံးထိ တည့်တည့်မတ်မတ် ထိုးဖောက်သွား၏။ မိနစ်အနည်းငယ်အတွင်း ရန်သူ့ခြေလျင်တပ် လေးသောင်းကို လုံးဝ အပေါက်ကဲ့သို့ ဖောက်ကာ ဖြတ်ကျော်သွား၏။
ပြီးနောက် သူတို့က နောက်သို့ လှည့်ကြည့်၏။ စောဏက စနစ်တကျ ရှိနေသည့် ခြေလျင်တပ်ဖွဲ့ကြီးက ပြင်းထန်သည့် မုန်တိုင်းတစ်ခု၏ အလယ်၌ ရောက်ရှိနေသည့် ဂျုံခင်းကြီးကဲ့သို့ပဲ မြေပေါ်တွင် ပြိုလဲ ပျက်စီးနေသည်။
............
မြို့စားကြီး အော်စတင်နှင့် မြို့စားကြီး ကောင့်တို့၌ စုစုပေါင်း မြင်းစီးတပ်သား လေးငါးထောင်ခန့် ကျန်ရှိနေသေး၏။ အစမှ အဆုံးထိ ထိုမြင်းစီးတပ်က တိုက်ပွဲတွင် ပါဝင်ခြင်း မရှိချေ။ မြို့သိမ်းတိုက်ပွဲများတွင် မြင်းစီးတပ်အတွက် မသင့်တော်သောကြောင့် ထိုတပ်ဖွဲ့များက ထွက်ပြေးမည့် အရှေ့တိုင်းသားများကို လိုက်လံ ဖမ်းဆီးရန် သီးသန့် ပြင်ဆင်ထားခြင်းပင်။
သို့ပေမည့် စစ်မြေပြင်အနှံ့ ပေါက်ကွဲသံများက မြည်ဟီးနေသောကြောင့် စစ်မြင်းများက လန့်ဖြတ်သွားနိုင်၏။ ထို့ကြောင့်ပင် မြင်းစီးတပ်ကို မိုင်အနည်းငယ်အကွာတွင် တပ်စွဲထားခဲ့၏။ အမေဇုန် စစ်သည်များ ထိုးဖောက် စတင် ဝင်ရောက်ချိန်တွင် အော်စတင်နှင့် ကောင့်တို့၏ မျက်လုံးအိမ်ထဲမှာ မျှော်လင့်ချက်ကလေးက ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စစ်အင်အားက ရန်သူထက် အဆပေါင်းများစွာ သာလွန်နေသောကြောင့်ဖြစ်သည်။
သို့သော်ငြား စစ်တပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်သည့် အချိန်မှာတော့ အခြေအနေက မျှော်လင့်ချက် မရှိတော့ကြောင်း နှစ်ယောက်လုံး နားလည်သွားခဲ့ကြ၏။ ကြံ့ခိုင်ပါသည် ဆိုသော စစ်သည် လေးသောင်း၏ ခံစစ်ကြောင်းကြီးက စက္ကူတစ်ခုကဲ့သို့ပင် လွယ်လွယ်ကူကူဖြင့် ဆုတ်ဖြဲခံရ၏။
သူတို့၏ရင်ထဲတွင် ရှိနေသည့် တုန်လှုပ်မှုနှင့် စိတ်ပျက်အားငယ်မှုကို မည်သည့် စကားလုံးနှင့်မှ ပုံဖော်၍ ရနိုင်တော့မည် မဟုတ်ပေ။ အမေဇုန်စစ်တပ်များက အင်အားကြီးမားသည်ကို သူတို့ သိရှိထားကြသော်လည်း ယခုကဲ့သို့ စွမ်းအားကြီးမားနေလိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။
မြို့စားနှစ်ဦးတို့က တစ်ဦးနှင့်တစ်ဦး ကြည့်ရှုနေပြီး ချက်ချင်းပဲ မြင်းများစီးကာ စစ်မြေပြင်ကို စွန့်ခွာ ထွက်ပြေးကြ၏။ ဤသည်က သူတို့အနေနှင့် ကြောက်ရွံ့နေ၍ မဟုတ်ဘဲ အမြော်အမြင်ရှိသည့် ဆုံးဖြတ်ချက်များကြောင့် ဖြစ်သည်။
ဤသည်က လူမျိုးစုစစ်ပွဲ ဖြစ်သောကြောင့် မြို့စားကြီးနှစ်ဦးအနေဖြင့် အဖမ်းခံ၍ မဖြစ်ချေ။ သို့မဟုတ်ပါက သူတို့အတွက် လုံးဝ ရှင်သန် ထမြောက်ခွင့် ရှိလိမ့်မည် မဟုတ်ပေ။ မူလန်မြို့တော်၌ မျှော်လင့်ချက် မဲ့သွား၏။ သူတို့အနေဖြင့် ပီကျင်းမြို့တော်သို့ အမြန်ဆုံးပြန်ပြီး စစ်သည်အင်အား စုဆောင်းကာဖြင့် ပိုမိုကြီးမားသည့် တိုက်ပွဲကြီးကို ပြင်ဆင်ရပေတော့မည်။
“တပ်မှူးကွေ့နင်... စစ်သည် ငါးထောင်ကို ချန်ထားပြီး စစ်မြေပြင်ကို ရှင်းလင်းလိုက်။ ကျွန်မ ရန်သူ့နောက်ကို လိုက်မယ်။” မင်းသမီး ဒိုဟာ အော်ဟစ်၏။
ပြီးနောက် သူမ၏ နောက်တွင်ရှိနေသော ရှမ့်လန်ကို ဖမ်းကိုင်ကာ ရှေ့တပ်မှူးကွေ့နင်ဆီသို့ လှမ်းပစ်ပေးလိုက်သည်။ “ဒီကောင်လေး လမ်းတစ်လျှောက်လုံး ငါ့ဆီကနေ အခွင့်အရေး ယူခဲ့တာ တော်လောက်ပြီ။”
ရှမ့်လန်က တိမ်တိုက်စီးနေသကဲ့သို့ ခံစားချက်မျိုးဖြင့် လွင့်ထွက်သွား၏။ မြေပြင်ပေါ်သို့ ကျလုဆဲဆဲတွင် တခြားသော လက်တစ်ဖက်က သူ့ကို ဖမ်းဆီး၏။ ပြီးနောက် သူမ၏ ရှေ့တွင် နေရာပေး၏။ ဤသူက တပ်မှူးကွေ့နင်ပင်။
ရှမ့်လန်က တကယ်ကို နှမြောတသ ဖြစ်သွား၏။ မင်းသမီး ဒိုဟာနှင့် မြင်းအတူစီးရသည့် ခံစားချက်က တကယ်ကို ထူးကဲ၏။ ယခု သူမ၏ ငွေရောင်ဆံနွယ်များနှင့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် ခန္ဓာကိုယ်နှင့် ခွဲခွာရပေတော့မည်။
သူက နောက်ကို လှည့်ကြည့်ပြီး တပ်မှူးကွေ့နင်ကို ကြည့်၏။ ရှမ့်လန်က စိတ်မပျက်သွားခဲ့ချေ။ အလွန် ငယ်ရွယ်သော တပ်မှူး တစ်ဦးဖြစ်သည်။ သူမတွင် ခရမ်းရောင်မျက်ဝန်းများနှင့် ဖြူစင်သည့် အသားအရေများ ရှိ၏။ မျက်နှာပေါက်က အရှေ့တိုင်း အလှများကဲ့သို့ပင်။ ထို့အပြင်အလွန် ရှည်လျားသည့် ခြေတံများကိုလည်း ပိုင်ဆိုင်သေး၏။
ရှမ့်လန်၏အကြည့်ကို သတိထားမိချိန်မှာတော့ တပ်မှူးကွေ့နင်က မျက်နှာကလေး နီမြန်းကာဖြင့် အကြည့်ကို ရွှေ့လျားလိုက်၏။ သူမက တကယ်ကို ရှက်သွေးဖြာနေခြင်း ဖြစ်၏။ သူမ အသက် မည်မျှရှိပေမည်နည်း။ မိန်းမပျိုလေးအရွယ် ၂၀ ဝန်းကျင်သာ ရှိပေမည်။
အမေဇုန် အမျိုးသမီး စစ်သည်တော်တို့က များသောအားဖြင့် ရဲရင့်ပြတ်သားတတ်ကြ၏။ ဤကဲ့သို့ နုနယ် ရှက်တတ်သည့် သူမျိုးကို မြင်ရခဲ၏။ သူမက တကယ်ကို ငယ်ရွယ်လွန်းသူပင်။ ၂၂ နှစ်ပဲ ပြည့်ပါဦးမည်လား။ ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် အမေဇုန်စစ်သည်များ၏ တပ်မှူးဖြစ်နေသည်က သူမ၌ ထူးခြားသည့် ပါရမီတစ်မျိုး ရှိနေ၍သာ ဖြစ်ပေမည်။
“ရွှစ်... ရွှစ်... ရွှစ်...”
သို့သော်ငြား နောက်တစ်စက္ကန့်မှာပင် ရှမ့်လန်က သူ၏ ထင်မြင်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ရ၏။ သူမက လုံးဝ ရှက်တတ်သူ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တပ်မှူးကွေ့နင်က ရန်သူ ဆယ်ယောက်ကျော်တို့၏ ခန္ဓာကိုယ်များကို နှစ်ပိုင်းခြမ်းအောင် ခုတ်ပိုင်းနေကြောင့် မြင်နေရသောကြောင့်ပင်။
သူမအနေဖြင့် ထိုသူတို့၏ ဦးခေါင်းကို ဖြတ်နိုင်သော်လည်း မလုပ်ခဲ့ချေ။ သူမက ရန်သူကို နှစ်ခြမ်း ခြမ်းဖို့သာ အာရုံစိုက်၏။ ဘယ်ဘက် ညာဘက် နှစ်ခြမ်းက ညီညီညာညာရှိရန် အထူးဂရုစိုက်နေသေး၏။ ဤသည်က ပြီးပြည့်စုံမှုကို စွဲလမ်းတတ်သည့် ရောဂါတစ်မျိုး ဖြစ်နေသည်လား။
............