← Chapters

အခန်း (၈၄၁-၈၄၂)

Vol. 51 Ch. 841-842

အခန်း (၈၄၁-၈၄၂)

Vol. 51 Ch. 841-842

အပိုင်း (၈၄၁)

ရှမ့်လန်က မေးမြန်းသည်။ “ကျုပ်တို့ရဲ့ ငါးဖမ်းပိုက်တွေ အဆင်သင့် ဖြစ်ပြီလား။”

“အဆင်သင့် ဖြစ်ပါပြီ။ ဒါပေမဲ့ ကျွန်မတို့မှာ ပင်လယ်ပြင် စိုးမိုးမှု မရှိသေးဘူး။ သွေးသောက်ဘာရွန်ရဲ့ သင်္ဘောတွေက ကျွန်မတို့ကို ပိတ်ဆို့ထားဆဲပဲ။”

ကျန်းချွင်းဟွာက ဆက်လက်ကာ ပြော၏။ “သွေးသောက် ဘာရွန်တင် မကဘူး။ ဒီဒေသက ပင်လယ်ဓားပြ အားလုံးနဲ့ ဒီဘိုရာရဲ့ သင်္ဘောအုပ်စုတွေက ကျွန်မတို့ကို ဝိုင်းထားတယ်။”

ရှမ့်လန်က မည်သို့မှမနေနိုင်ဘဲ မျက်မှောင်ကြုတ်မိ၏။ ဤနေရာက ကျွန်းဆွယ်တစ်ခု ဖြစ်သောကြောင့် ပင်လယ်ပြင်ကို မထိန်းချုပ်နိုင်ခြင်းက တကယ့်ကို ဆိုးရွားသည့် ကိစ္စ ဖြစ်နေသည်။

“ဦးခေါင်းခွံဂိုဏ်းသားတွေ .... ခင်ဗျားတို့ ဘယ်မှာလဲ။ ဘယ်တော့ ပြန်လာမှာလဲ။”

ယခု အမေဇုန်စစ်တပ်က သစ္စာခံထားပြီ ဖြစ်သောကြောင့် ဦးခေါင်းခွံသင်္ဘောအုပ်စုကိုသာ ရရှိပါက ရှမ့်လန်၏ အနောက်တိုင်းစစ်တပ်က ပြည့်စုံသွားပေမည်။ ပြီးနောက် အမြှောက် အများအပြားကို ထုတ်လုပ်ပြီး အစွမ်းထက်သည့် အမြှောက်တင် သင်္ဘောအုပ်စုကို တည်ဆောက်နိုင်သည်နှင့် အရှေ့တိုင်းလောကဆီသို့ ပြန်ကာ တိုက်ခိုက်နိုင်ပေမည်။

ယခု မြို့စားကြီး အော်စတင်က ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပြီး ဒီဘိုရာနှင့် သွေးသောက်ဘာရွန်တို့၏ သင်္ဘောအုပ်စုက ကျောက်စိမ်းလှိုင်းကျွန်းဆွယ်နှင့် အလွန်နီးကပ်စွာ ချဉ်းကပ်ဝံ့လာလိမ့်မည် မဟုတ်ဟု ယုံကြည်၏။

အဘယ်ကြောင့်ဆိုသော် အမေဇုန် အမျိုးသမီး စစ်သည်များက ရူးသွပ်နေသည့်လူများ ဖြစ်ပြီး အကယ်၍ တကယ်တမ်းသာ ဒေါသထွက်လာပါက ပင်လယ်ပြင်ကို ကူးခတ်ပြီး တိုက်ရိုက် လာရောက် သတ်ဖြတ်မည့် သူများ ဖြစ်နေသောကြောင့်ပင်။

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ကျွန်တွေကို ငါးဖမ်းခိုင်းလိုက်။ အဝေးကြီး မသွားစေနဲ့။ ကမ်းခြေ အနီးတဝိုက်မှာပဲ ကျွန်တွေကို ဖမ်းခိုင်း။”

တိုက်ခိုက်ခံရမည့် အန္တရာယ်ရှိသော်လည်း ငါးဖမ်းရမည်သာ ဖြစ်၏။ မဟုတ်ပါက တကယ့်ကို ရိက္ခာ ပြတ်လပ်သွားမည်။ အမေဇုန် အမျိုးသမီး စစ်သည်တော်များက သူတို့၏ အိုးအိမ်များကို စွန့်ခွာကာ ရှမ့်လန်အတွက် တိုက်ပွဲဝင်နေကြသူများ ဖြစ်၏။ ထိုသူတို့ကို ဗိုက်ဆာစေ၍ မဖြစ်ချေ။

ကျန်းချွင်းဟွာက ပြောသည်။ “အရေးကြီးဆုံးက ပီကျင်းမြို့ကို ချက်ချင်း သိမ်းပိုက်ဖို့ပဲ။ အဲဒီမြို့မှာ မရေတွက်နိုင်တဲ့ ဆန်ရေစပါးတွေ၊ အသားတွေ၊ ပန်းပဲဆရာတွေ၊ အလုပ်ရုံနဲ့ သင်္ဘောကျင်း နှစ်ခုလည်း ရှိသေးတယ်။”

ရှမ့်လန်က ထိုအချက်ကို နားလည်၏။ မူလန်မြို့က စစ်စခန်းချရာနေရာတစ်ခုဖြစ်ပြီး ရေရှည် စီမံကိန်းအတွက် မဖြစ်နိုင်ချေ။ ပီကျင်းမြို့ကို သိမ်းပိုက်နိုင်မှသာလျှင် သူတို့၏ အခြေခံအုတ်မြစ်က စတင် တိုးတက်လာ ပေမည်။ သို့သော်ငြား ရှမ့်လန်က အရှေ့တိုင်းသား တစ်ဦး ဖြစ်၏။ သူက ပီကျင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ပြဿနာများစွာ ရှိနေဦးမည်သာ။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ပီကျင်းမြို့ လူဖြူတွေက ကျုပ်အပေါ် သစ္စာရှိမယ်လို့ ထင်လား။”

ကျန်းချွင်းဟွာက ပြန်ဖြေသည်။ “မဖြစ်နိုင်ပါဘူး။”

ရှမ့်လန်က ထပ်မေး၏။ “ဒါဆို ပီကျင်းမြို့က ဗီတာမျိုးနွယ်စုတွေကရော ကျုပ်အပေါ် သစ္စာရှိမှာလား။”

ကျန်းချွင်းဟွာက ပြောသည်။ “ဒါလည်း မဖြစ်နိုင်ပါဘူး။”

ရှမ့်လန်က မေးမြန်း၏။ “ပီကျင်းမြို့က ကျွန်တွေရော ... အကယ်၍ ကျုပ်က စုန်းအင်ပါယာရဲ့ အလံတော်ကို သုံးမယ်ဆိုရင် သူတို့က ကျုပ်အပေါ် သစ္စာရှိမှာလား။”

ကျန်းချွင်းဟွာက ပြောသည်။ “ဒါကတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တွေက အသုံးမကျတဲ့ အမှိုက်ပဲ။ ကျွန်မတို့အတွက် အသုံးမဝင်ဘူး။ ကျွန်မတို့ လိုချင်တာ ပန်းပဲဆရာတွေနဲ့ သင်္ဘောကျင်း လုပ်သားတွေပဲ။”

သူမ၏ စကားက ပြတ်သားလွန်းသော်လည်း ထိုအရာက အမှန်တရား ဖြစ်၏။

ကျန်းချွင်းဟွာက ဆက်ပြောသည်။ “လူယုတ်မာဧကရာဇ်... ရှင်က ချောင်ယောင်အာ ဒါမှမဟုတ် ဘုရင်မ မီဒူဆာလည်း မဟုတ်ဘူး။ ကျွန်မတို့အားလုံးက အကျိုးအမြတ် မရှိရင် ဘာမှ မလုပ်တဲ့ လူတွေပဲ။ ရှင်က ကျွန်တွေကို လွတ်လပ်ခွင့်ပေးဖို့ တကယ် စိတ်ဝင်စားနေတာလား။”

ရှမ့်လန်က ခေါင်းကို ခါယမ်းကာ ပြော၏။ “လုံးဝပဲ။ ကျုပ်က ကျုပ်စစ်တပ်ကို ကျွေးမွေးဖို့၊ ဆန်နဲ့ အသားတွေ လိုချင်တာ။ ကျုပ်အတွက် သံမဏိတွေ သွန်းလုပ်ပြီး အမြှောက်တွေ လုပ်ပေးနိုင်မယ့် ပန်းပဲဆရာ အများအပြားကို လိုချင်တယ်။ ကျုပ်အတွက် ယမ်းတွေ လုပ်ပေးနိုင်တဲ့ အဂ္ဂိရတ်ပညာရှင်တွေ လိုချင်တယ်။ ကျုပ်အတွက် စစ်သင်္ဘောတွေ တည်ဆောက်ပေးမယ့် သင်္ဘောကျင်း လုပ်သားတွေ လိုချင်တယ်။”

ကျန်းချွင်းဟွာက ပြောသည်။ “ရှမ့်လန်... ကျွန်မတို့က ဖြတ်သန်းသွားရုံ သက်သက်ပဲလေ။ မကြာခင် ကိုယ့်နေရာကိုယ် ပြန်သွားကြမှာ မဟုတ်လား”

ရှမ့်လန်က ထောက်ခံ၏။ “ဟုတ်တယ်။ လမ်းကြုံဖြတ်သန်းသွားတဲ့ လူတွေပဲ။ ဒါကြောင့် သူတို့ကို တွေးနေလို့ မဖြစ်ဘူး။”

ကျန်းချွင်းဟွာက ပြောသည်။ “ဟိုးအရင်တုန်းက ဘုရင်မ မီဒူဆာရဲ့ အရှိန်အဝါက အနှိုင်းမဲ့တယ်။ သူက ကျွန်တွေကို လွတ်လပ်ခွင့်ပေးခဲ့ပြီး အင်အားကြီးတဲ့ စုန်းအင်ပါယာကို တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ သူ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကရော ...။ သူ့ရဲ့ စစ်တပ်တွေ တစ်သုတ်ပြီး တစ်သုတ်ကို အသေခံခိုင်းခဲ့ရတာပဲ။ ရှင်က အဲဒီကျွန်တွေကို လွတ်လပ်မှုနဲ့ မြို့ပြနိုင်ငံတွေရဲ့သစ္စာရှိမှုကို ရယူဖို့ ရှင့်ရဲ့ စစ်တပ်ကို စတေးဖို့ အသင့် ရှိနေတာလား။ သူများအတွက် ကိုယ့်လူတွေကို စတေးပြီး တိုက်ခိုက်စေမှာလား။”

ရှမ့်လန်က ထိုသို့လုပ်ရန် အမှန်တကယ် ဆန္ဒမရှိချေ။ ထို့အပြင်ဘုရင်မ မီဒူဆာ၏ အစွမ်းက လူသားမျိုးနွယ်ထက် သာလွန်၏။ အမှန်စစ်စစ် အနောက်တိုင်းသားများ၏ အမြင်တွင် သူမက လူဖြူတစ်ဦး ဖြစ်ပြီး အရှေ့တိုင်းသား၏ အမြင်တွင်လည်း သူမက အရှေ့တိုင်းသား တစ်ဦး ဖြစ်၏။

ကျန်းချွင်းဟွာက ရှင်းပြ၏။ “ဒီနေ့ခေတ်က အရင်နဲ့ မတူတော့ဘူး။ မင်းသားဆော်ရွှန်က အင်အားကြီးလာပြီ။ မြောက်ဘက်မှာ မြို့ပြနိုင်ငံတွေကို ကိုယ်တိုင် သိမ်းပိုက်တဲ့ အံ့ဖွယ်ကိစ္စရပ်တွေကို ဖန်တီးနေတယ်။ သူက အခု လူထုရဲ့ မျှော်လင့်ချက် ဖြစ်နေပြီ။

ဘုရင်မ မီဒူဆာ တောင်ဘက်ကို တိုက်ခိုက်တဲ့အချိန်တုန်းက ရှီလွန်မင်းဆက်က အစိတ်စိတ် အမွှာမွှာဖြစ်ပြီး စည်းလုံးညီညွတ်မှု မရှိခဲ့ဘူး။ အခု မင်းသားဆော်ရွှန်က လောကသစ်တစ်ခုရဲ့ စည်းလုံးညီညွတ်မှု ပြယုဂ်ပဲ။ လူတွေရဲ့ စိတ်နှလုံးက ငြိမ်သက်နေကြပြီ။”

ရှမ့်လန်က ပြောသည်။ “အင်း... ကြာရှည်စွာစည်းလုံးနေတဲ့ လောကကလည်း ကွဲပြားရမယ်။ ကြာရှည်စွာ ကွဲပြားနေတဲ့ လောကကလည်း ပြန်လည် စည်းလုံးရမယ်။ ဒါ လောကရဲ့ ဓမ္မတာပဲ။”

ပြီးနောက် သူက မေး၏။ “ကျုပ်ရဲ့ အဓိက အတိုင်ပင်ခံ တစ်ယောက် အနေနဲ့ ခင်ဗျားမှာ ဘာအကြံပြုချက် ရှိလဲ။”

ကျန်းချွင်းဟွာက ပြောသည်။ “ဒီဘိုရာကို အောင်နိုင်အောင် လုပ်ရမယ်။ ပီကျင်းမြို့ကို ရှင့်ဘာသာရှင် အုပ်ချုပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်သူ့ရဲ့သစ္စာရှိမှုကိုမှ ရမှာ မဟုတ်သလို ကုန်ထုတ်စွမ်းအားကိုလည်း ရမှာ မဟုတ်ဘူး။ ဒီမြို့ကို သိမ်းပြီးရင်တောင် ရှင်က ရန်သူ့ပင်လယ်ပြင်ထဲမှာ ပိတ်မိနေအုံးမှာ။ အဲဒီအချိန်ကျရင် ကျောက်စိမ်းလှိုင်းပြည်နယ်ကို တခြားစစ်တပ်တွေ၊ ရှီလွန်မင်းဆက်က စစ်တပ်တွေ လာတိုက်လိမ့်မယ်။ ပြီးတော့ ပီကျင်းမြို့ထဲက မရေတွက်နိုင်တဲ့ လူတွေကလည်း ပုန်ကန်ကြလိမ့်မယ်။”

ရှမ့်လန်က ပြုံးကာ ပြော၏။ “ကျုပ်က လူဖြူတွေ အားလုံးကို သတ်ဖြတ်တဲ့ လူသတ်ပွဲကြီး ကျင်းပမှ ရမှာပေါ့။ ဒါမှမဟုတ် ကျုပ်က ဗီတာလူမျိုးတွေကို လှုံ့ဆော်ပြီး လူဖြူတွေကို သတ်ခိုင်းရမယ်။ ပြီးတော့ သူတို့ကို ကိုယ်တိုင် အုပ်ချုပ်ရေး ထူထောင်ခွင့် ပေးရမှာလား။”

ကျန်းချွင်းဟွာက ပြောသည်။ “ဒါကလည်း နည်းလမ်းတစ်ခုပဲ။ ဒီနည်းလမ်းက ရည်မှန်းချက် ကြီးမားတဲ့ လူတချို့ရဲ့ ထောက်ခံမှုကို ရနိုင်တယ်။ ဒါပေမဲ့ ကျွန်မ ပြောရအုံးမယ်။ ဗီတာလူမျိုးတွေက အသုံးမကျဘူး။ ပီကျင်းမြို့ရဲ့ ထိပ်တန်း အဂ္ဂိရတ်ဆရာတွေနဲ့ သင်္ဘောကျင်းလုပ်သားတွေက လူဖြူတွေချည်းပဲ။ ပြီးတော့ ဗီတာလူမျိုး တော်တော်များများတို့က လူဖြူတွေကို ကိုးကွယ်ပြီး သစ္စာရှိကြတာ။ လူဖြူအချင်းချင်း သစ္စာရှိတာထက်တောင် ပိုသေးတယ်။”

ရှမ့်လန်က ကျိန်ဆဲလိုက်မိ၏။ “အဲဒီ မင်းသမီးဟယ်လင်က ဘယ်ကိုသွားနေတာလဲ။ သူသာ ဒီမှာရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။”

မင်းသမီးဟယ်လင်က ပုန်ကန်ဘုရင်မ၏ အနွယ်ဝင်ဖြစ်ပြီး မြောက်ဘက်ရှိ မင်းမှုထမ်းများ၏ ရန်သူအဖြစ် သတ်မှတ်ခံထားရသော်လည်း ရှီလွန်မင်းဆက်၏ တောင်ဘက်ပိုင်းတွင်မူ သူမကို သတိရနေသူများက မရေတွက်နိုင်အောင် ရှိသည်။

ထိုအချိန်က ရှီလွန်မင်းဆက်၏ မြောက်ဘက်ပိုင်းက အင်အားကြီးမားပြီး သာယာဝပြောသော်လည်း တောင်ဘက်ကတော့ နောက်ကျကျန်ရစ်ခဲ့၏။ မြို့တော်က ဘုရင်မမြို့တော်အဖြစ် ပြောင်းလဲပြီး တောင်ဘက်ပိုင်းကို အပြင်းအထန် ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့သည်မှာ ဘုရင်မဟယ်လင် ဖြစ်၏။ ထိုအချိန်မှာတော့ မရေတွက်နိုင်သည့် မိသားစုများက သူမကြောင့် ကြီးပွားခဲ့၏။

ယခု မင်းသားဆော်ရွှန် ဆိုသည့်သူ၏ ဩဇာက တကယ်ကို ကြီးမားလွန်းသောကြောင့် တောင်ဘက်ပိုင်းရှိ မှူးမတ်အသစ်များက ဦးဆောင်မည့်သူမရှိဘဲ ဆော်ရွှန်ကို မဆန့်ကျင်ဝံ့ကြချေ။ သို့သော်ငြား ဘုရင်မဟယ်လင်၏ မြေးတော်စပ်သူ မင်းသမီး ဟယ်လင်သာ ပေါ်လာပါက အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။ သူမက ဘုရင်မ မီဒူဆာထက်ပင် ပို၍ ထီးနန်းနှင့် ထိုက်တန်သူဖြစ်သည်။

ကျန်းချွင်းဟွာက ပြော၏။ “ဒါကြောင့် ကျွန်မ ရှင့်ကို အကြံပေးချင်တာ နယ်စားကြီး ဒီဘိုရာကို သိမ်းသွင်းဖို့ပဲ။ ဒါမှ ပီကျင်းမြို့ရဲ့ အရင်းအမြစ်တွေနဲ့ ကုန်ထုတ်စွမ်းအားကို ရှင် ရနိုင်မှာ။”

ရှမ့်လန်က မေးသည်။ “သူ့ကို သိမ်းသွင်းရမယ် ဟုတ်လား။ ဘာနဲ့လဲ။”

ကျန်းချွင်းဟွာက ပြန်ပြော၏။ “ဆွဲဆောင်မှုနဲ့ မဟုတ်တာတော့ သေချာတယ်။ ရှင့်ရဲ့ ဆွဲဆောင်မှုက ကျွန်မကိုပဲ သိမ်းသွင်းနိုင်မှာ။ ဒီဘိုရာလို ရည်မှန်းချက်ကြီးမားတဲ့လူကို ဆွဲဆောင်မှုနဲ့ သိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက မင်းသားဆော်ရွှန်နဲ့ လက်ထပ်ပြီး သူ့ရဲ့ကြင်ယာတော် ဖြစ်ဖို့ စိတ်အားထက်သန် နေတာလေ။”

ရှမ့်လန်က ပြောသည်။ “ကျုပ်နားလည်ပြီ။ ဆွဲဆောင်မှုနဲ့ မရဘူးဆိုရင်တော့ ကောက်ကျစ်တဲ့ နည်းလမ်းကို သုံးရတော့မှာပေါ့။”

ကျန်းချွင်းဟွာက ပြော၏။ “ရှင် အနောက်တိုင်းရဲ့ စည်းမျဉ်းတွေကို သိလား။”

ရှမ့်လန်က ပြန်မေးသည်။ “ဘာကို ဆိုလိုတာလဲ။”

ကျန်းချွင်းဟွာက ရှင်းပြ၏။ “နိုင်ငံခြားသားတစ်ယောက် အုပ်ချုပ်သူ ဖြစ်လာနိုင်တဲ့ စည်းမျဉ်း။”

ရှမ့်လန်က နားလည်သွား၏။ ရှေးခေတ် ဥရောပတွင် ပိုလန်မှူးမတ်များက ပြင်ပလူမျိုးတစ်ဦးကို သူတို့၏ ဘုရင်အဖြစ် ရွေးချယ်နိုင်ခဲ့၏။ ပြင်သစ်ထီးနန်း လစ်လပ်နေချိန်တွင် ဗြိတိသျှဘုရင်က ပြင်သစ် ထီးနန်းကို ရယူရန် ကြိုးစားခဲ့သော်ကြောင့် အင်္ဂလိပ်-ပြင်သစ် စစ်ပွဲကြီး ဖြစ်ပွားခဲ့ဖူးသည်။

ကျန်းချွင်းဟွာက ဆက်ပြောသည်။ “ခန့်မှန်းချက်တွေအရ မင်းသမီးဟယ်လင်က ရှင့်ရဲ့အစ်မ တော်စပ်ပြီး ရှင်က သူ့ရဲ့တစ်ဦးတည်းသော တိုက်ရိုက်ဆွေမျိုး ဖြစ်တယ်။ အကယ်၍ သူကသာ ရှီလွန်အင်ပါယာရဲ့ ထီးနန်းကို ဆက်ခံခွင့်ရမယ်ဆိုရင် ရှင်ကလည်း ရှီလွန်အင်ပါယာရဲ့ မင်းသားတစ်ပါး ဖြစ်လာမှာပဲ။ ဒါပေမဲ့ ရှင့်မှာ ရှီလွန်တော်ဝင်သွေးမပါတဲ့အတွက် ထီးနန်းဆက်ခံဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့။”

ရှမ့်လန်က မြေပုံကို ဖြန့်၏။ ပီကျင်းမြို့ကို သေချာကြည့်ရှု၏။ အလွန်ကြီးမားသည့် မြို့ကြီးက မူလန်မြို့နှင့် မိုင် ၄၀၀ ခန့်သာ ကွာဝေးသည်။ ဤတိုက်ပွဲက မလွယ်ကူလှပေ။ ဤမြို့က တောင်တန်းများနှင့် နီးကပ်သော ကမ်းရိုးတန်းမြို့ဖြစ်ပြီး မြောက်ဘက်ရှိ တောင်တန်းများက သဘာဝ အတားအဆီး အကာအကွယ်များဖြစ်သည်။

ချိုင့်ဝှမ်း၏ အလယ်တွင် မိုင်ပေါင်းများစွာ ရှည်လျားပြီး အမြင့် ၈ မီတာမှ ၁၀ မီတာခန့် ကျော်သော မြို့ရိုးကြီးလည်း ရှိနေ၏။ ထို့အပြင် ဤမြို့၌ စောင့်ကြပ်နေသည့် စစ်သည်ပေါင်း တစ်သိန်းကျော် ရှိသေးသည်။ ယခု ဒီဘိုရာက ရှီလွန်အင်ပါယာ တောင်ဘက်နယ်စပ်၏ အုပ်ချုပ်သူဖြစ်၏။ သူမ အမိန့်ပေးလိုက်သည်နှင့် အနည်းဆုံး စစ်သည်တစ်သိန်းကျော်တို့က သူမကို ကူညီရန် ရောက်ရှိလာပေမည်။

အမေဇုန်စစ်တပ်က အလွန်အမင်း အစွမ်းထက်လှသောကြောင့် မြို့ရိုးကို ဖောက်ထွင်း၍ မြို့ထဲသို့ ဝင်ရောက် သတ်ဖြတ်ရန်ဆိုသည်က ပြဿနာ မဟုတ်ချေ။ သို့သော်ငြား မြို့ရိုးကို ဖောက်ထွင်းပြီး စစ်သည် သိန်းချီသည့် ရန်သူ့ပင်လယ်တွင် ပိတ်မိသွားပေမည်။ အနိုင်ရရန်အတွက် ထိခိုက်ကျရှုံးမှုများစွာ ရှိပေလိမ့်မည်။

အမေဇုန်စစ်သည်များက တန်ဖိုးကြီးမား၏။ အကယ်၍ ရာနှင့်ချီ၊ ထောင်နှင့်ချီ ကုန်ဆုံးပါက ရှမ့်လန်အနေဖြင့် အသက်ထွက်လုမတတ် ခံစားရပေလိမ့်မည်။ ထို့ကြောင့် ဤတိုက်ပွဲတွင် ရှမ့်လန်က မြို့ရိုးကို မည်သို့ ချိုးဖျက်ရမည်ကို စိုးရိမ်နေခြင်း မဟုတ်ချေ။

အခက်အခဲအားလုံးက မြို့ရိုးကို ချိုးဖျက်ပြီးနောက်မှ ပေါ်လာမှာဖြစ်၏။ အဆုံးသတ်၌ ဤသည်က လူမျိုးခြားစစ်ပွဲ ဖြစ်နေသောကြောင့်ပင်။ ခေါင်းဆောင်ကို တိုက်ရိုက်ဖမ်းဆီးနိုင်သည့် စစ်ပွဲမျိုးကသာ အဆင်ပြေ ပေမည်။ ခေါင်းဆောင်ကို ဖမ်းဆီးပြီး နယ်စားကြီး ဒီဘိုရာကို တိုက်ရိုက် ချုပ်ကိုင်ရပေမည်။

“ကျွန်မလည်း အဲလို တွေးမိတယ်။”

ကျန်းချွင်းဟွာက ပြော၏။ “အခု မြို့စားကြီး အော်စတင်ကို ဖမ်းခဲ့ပြီးပြီဆိုတော့ နယ်စားကြီး ဒီဘိုရာကိုသာ ဖမ်းလိုက်ရင် ပီကျင်းမြို့တစ်ခုလုံးက ခေါင်းဆောင်မဲ့သွားမယ်။ အနည်းဆုံးစစ်ပွဲက ဆက်ဖြစ်မှာ မဟုတ်တော့ဘူး။”

ရှမ့်လန်က မြေပုံကို ဖြန့်ကြည့်သည်။ “ကျုပ်တို့ တောင်ထိပ်ပေါ်က နယ်စားကြီး ဒီဘိုရာရဲ့ ရဲတိုက်ကို အလစ်အငိုက်ဖမ်း တိုက်ခိုက်ဖို့ အသေခံစစ်သည်တွေ လိုအပ်တယ်။ ရဲတိုက်ထဲက စစ်သည်အားလုံးကို သတ်ဖြတ်ပြီး သူ့ကို ဖမ်းရမယ်။”

ကျန်းချွင်းဟွာက သတိပေး၏။ “နယ်စားကြီး ဒီဘိုရာရဲ့ သိုင်းပညာက အရမ်းကို မြင့်မားတယ်။”

ရှမ့်လန်က ပြန်ပြောသည်။ “ကျုပ်သိတယ်။ ကျုပ်ကိုယ်တိုင် မြင်ခဲ့ဖူးတယ်။ သူက မြို့စားကြီး အော်စတင် ထက် မနိမ့်ဘူး။ သူ့ရဲ့ သွေးမျိုးဆက်ပါရမီက ပိုမြင့်တဲ့အတွက် ပိုတောင် အစွမ်းထက်အုံးမယ်။ ဒါပေမဲ့ ကျုပ်တို့ဘက်မှာ ထိပ်တန်းပညာရှင်တွေ ပိုများတယ်။ မင်းသမီးဒိုဟာ၊ တပ်မှူးကွီနင်၊ အမေဇုန်စစ်သည်ပေါင်း ဒါဇင်ပေါင်းများစွာ ရှိတယ်။ ဒါက သေချာပေါက် သူ့ကို ဖမ်းနိုင်မယ့်လူပဲ။

ဒါကြောင့် ကျုပ်ရဲ့ စီမံကိန်းကတော့ အမေဇုန် ထိပ်တန်းပညာရှင် ရာဂဏန်းလောက်က ပီကျင်းမြို့ရဲ့ ခံစစ အထပ်ထပ်ကို ကျော်ဖြတ်ပြီး နယ်စားကြီးဒီဘိုရာရဲ့ စံအိမ်ကို အလစ်အငိုက် ဖမ်းမယ်။ ပြီးတော့ ဝင်ရောက် စီးနင်းပြီး သူ့ကို ဖမ်းဖို့ပဲ။”

ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဒါ.. ဒါက မဖြစ်နိုင်တာ။ အမေဇုန် အမျိုးသမီးပညာရှင်တွေက အစွမ်းထက်တယ် ဆိုပေမဲ့ ပီကျင်းမြို့က စစ်သည်သိန်းကျော်ကို ကျော်ဖြတ်သွားဖို့ဆိုတာ မလွယ်ဘူး။”

ရှမ့်လန်က ပြုံးကာ ပြောသည်။ “သေချာတာပေါ့။ သေချာပေါက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အန္တရာယ်တော့ နည်းနည်းရှိတယ်။ ကျုပ်တို့ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာမယ့် ပြကွက်တစ်ခုကို ဖန်တီးရမယ်။”

ကျန်းချွင်းဟွာက အံ့အားသင့်စွာဖြင့် မေး၏။ “ဘာကို ဆိုလိုတာလဲ။”

ရှမ့်လန်က ရှင်းပြသည်။ “အမေဇုန် ထိပ်တန်းပညာရှင် ရာဂဏန်းလောက်က ကောင်းကင်ကနေ ပျံသန်းပြီး နယ်စားကြီးဒီဘိုရာရဲ့ တည်နေရာ အောက်တည့်တည့်ကို ခုန်ချလာမယ်။”

ကျန်းချွင်းဟွာက ထပ်မေး၏။ “ကောင်းကင်ပေါ်ကနေ ပျံလာမယ် ဟုတ်လား။”

ရှမ့်လန်က ခိုင်မာစွာ ပြောသည်။ “ဟုတ်တယ်။ ကောင်းကင်ပေါ်ကနေ ပျံလာမှာ။”

ကျန်းချွင်းဟွာ၏ ပါးစပ်လေးက အဟောင်းသား ဖြစ်သွား၏။ ဤသည်က သူမ သိရှိနေသည့် ဗဟုသုတ နယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီး လုံးဝ မရှိဖူးသည့် အရာပင်။

“ဘယ်လို ပျံမှာလဲ။” ကျန်းချွင်းဟွာက မေး၏။

ရှမ့်လန်က ပြောလိုက်သည်။ “နောက်ပိုင်းကျရင် အချိန်တိုအတွင်း ဒီလျှို့ဝှက်လက်နက်ကို ကျုပ်ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောက်မယ်။ ပြီးရင် ကောင်းကင်ကနေ ခေါင်းဆောင်ကိုဖမ်းမယ့် တိုက်ပွဲကို စမယ်။ ဒီဘိုရာက ကျုပ်ရဲ့စစ်သည် ရှစ်ထောင်နဲ့ ပီကျင်းမြို့ကို လာတိုက်မယ်လို့ ထင်နေတာလား။ သူ လုံးဝ မှားသွားပြီ။ ကျုပ်က လူတစ်ရာကျော်တည်းနဲ့ အဲဒီ တန်ဖိုးကြီးမားတဲ့ မြို့ကြီးကို သိမ်းပိုက်ပြမယ်။”

မီးပုံပျံကြီးနှင့် အလစ်အငိုက်ဖမ်း တိုက်ခိုက်မည့် အကြံအစည်က ရှမ့်လန်၏ ခေါင်းထဲတွင် အကြိမ်ကြိမ် ပေါ်ခဲ့သော်လည်း အကောင်အထည်ဖော်ရန် နေရာမရှိခဲ့ချေ။ ယခု သူ့တွင် အမှန်တကယ် လုပ်နိုင်ပြီဖြစ်၏။

အမေဇုန် အမျိုးသမီးစစ်သည်တော်များက အလွန်အမင်း အစွမ်းထက်၏။ မီးပုံပျံပေါ်မှ ခုန်ချလျှင်ပင် ဘေးအန္တရာယ်ကင်းကင်းဖြင့် ဆင်းသက်နိုင်ပေလိမ့်မည်။ တခြားသောသူသာ ဆိုပါက လေထီးပါလျှင်ပင် မြေပြင်နှင့် ရိုက်မိပြီး သေဆုံးနိုင်၏။ သို့မဟုတ် ဒဏ်ရာ အပြင်းအထန် ရနိုင်သည်။

ရှမ့်လန်က ဤအလစ်အငိုက်ဖမ်း တိုက်ခိုက်မှုကို တွေးလေလေ စိတ်လှုပ်ရှားလေပင်။ အောင်မြင်ရန် အခွင့်အလမ်းက တကယ့်ကို မြင့်မား၏။ အောင်မြင်သွားသည်နှင့် ရှမ့်လန်က စစ်ဘက်ပိုင်းဆိုင်ရာ အံ့ဖွယ် အမှုတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပြီး စစ်သည်ပေါင်းသိန်းချီ စောင့်ကြပ်နေသည့် အထူးမြို့ကြီး တစ်မြို့ကို လူတစ်ရာကျော်နှင့် သိမ်းပိုက်နိုင်ခဲ့ခြင်းပင်။

အပိုင်း (၈၄၂)

သို့နှင့် ရှမ့်လန်က အထူးမီးပုံးပျံကို ပုံစံဆွဲရန် မအောင့်နိုင်သလို ဖြစ်လာ၏။ ဤတစ်ကြိမ်တွင်တော့ သူက ပုံစံဆွဲပြီး တည်ဆောက်နိုင်ပြီဖြစ်၏။

ရှမ့်လန်က ပုံဆွဲရင်း မေးသည်။ “ကျန်းချွင်းဟွာ... ခင်ဗျား ကျုပ်မျက်နှာကို သေးနဲ့ပက်ချင်တယ်လို့ ကြားမိသလိုပဲ။”

ကျန်းချွင်းဟွာက အံ့အားသင့်သွား၏ “ကျွန်မ ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်သူက ရှင့်ကို ပြောတာလဲ။”

ရှမ့်လန်က ပြော၏။ “အဲဒါကို ကြားတဲ့သူတွေ အများကြီးက ဒေါသထွက်နေတာ။ ကျုပ်အပေါ်မှာ အရမ်းရိုင်းရာကျတယ်လို့ သူတို့ ခံစားနေရတယ်။”

ကျန်းချွင်းဟွာက ဆွဲဆောင်မှုရှိစွာဖြင့် ချွဲ့ချွဲ့နွဲ့နွဲ့ ပြောသည်။ “ရှင်ကရော ဘယ်လိုထင်လဲ။”

ရှမ့်လန်က ပြန်ပြော၏။ “ကျုပ်ကတော့ မျှော်လင့်နေတာပေါ့။”

ကျန်းချွင်းဟွာက သူမ၏နီထွေးသည့် နှုတ်ခမ်းသားကို အသာကိုက်ခဲလျက် မူနွဲ့နွဲ့ ဆို၏။ “ရှင်က နောက်ဆုံးမိနစ်မှ ကယ်တင်ခဲ့တာ မဟုတ်တော့ အပြစ်ပေးစရာ မလိုတော့ဘူး။ ဒါပေမဲ့ ရှင်က အရမ်းကို နောက်ကျမှ ရောက်လာတယ်ဆိုတော့ အပြစ်တော့ ပေးရအုံးမယ်။”

ရှမ့်လန်က မေးသည်။ “ဘာအပြစ်ဒဏ်လဲ။”

ကျန်းချွင်းဟွာက ပြော၏။ “ရှင့်ရဲ့ပါးကို ကျွန်မ နမ်းမယ်။ ရှင်လိုချင်လား။”

ရှမ့်လန်က ပြန်ဖြေသည်။ “လိုချင်တာပေါ့။”

“ပြွတ်.. ပြွတ်.. ပြွတ်..”

ပြီးနောက် မြေခွေးမလေးနှင့်တူသည့် ကျန်းချွင်းဟွာက ရှမ့်လန်၏ ပါးနားကို တိုးကပ်လာပြီး တကယ်ပင် နမ်းရှိုက်၏။ ပြီးနောက် သူမက ရှမ့်လန်၏ ပေါင်ပေါ်တွင် အသာထိုင်ချ၏။ ရှမ့်လန်၏ မျက်နှာကို ကိုင်ကာ နမ်းလိုက်ပြန်၏။

မိနစ်အနည်းငယ် ကြာပြီးနောက် ကျန်းချွင်းဟွာက မေးသည်။ “လူယုတ်မာ... ရှင် ကျွန်မကို ဘယ်တော့ လက်ထပ်မှာလဲ။”

ရှမ့်လန်က ပြော၏။ “အရှေ့တိုင်းလောကဆီ ပြန်ရောက်တဲ့အခါပေါ့။”

ကျန်းချွင်းဟွာက ပြောသည်။ “တကယ်တော့ အရင်အိပ်ပြီးမှ လက်ထပ်လို့ ရတာပဲ။ ကျွန်မတို့က လောကဝတ်တွေကို သိပ်ဂရုစိုက်တဲ့ လူတွေ မဟုတ်ဘူးလေ။”

ရှမ့်လန်က သူမ၏နှုတ်ခမ်းကို နမ်းကာ တိုးညှင်းစွာ ဆို၏။ “ဒီမှာရှိတဲ့ အခမ်းအနားတွေက မခမ်းနားဘူး။ အဆင်ပြေရုံပဲ ရှိသေးတယ်။ ဒီဘိုရာရဲ့ရဲတိုက်ကို သိမ်းပြီးရင်တော့ အခမ်းနားဆုံးအခန်းနဲ့ အပျော့ပြောင်းဆုံး ကုတင်ကို ရွေးကြမယ် ဟုတ်ပြီလား။”

“ကောင်းပြီ.. ကောင်းပြီ..။”

ကျန်းချွင်းဟွာက သူ့ကို တဖန် ပြန်နမ်းကာဖြင့် ပြောသည်။ “ဒါပေမဲ့ အခု ချက်ချင်းတော့ ကိုယ်ဝန် မရစေနဲ့အုံး။ ကျွန်မက ချောင်ယောင်းအာလို မဟုတ်ဘူး။ ပင်လယ်ပြင်ထဲမှာ ကလေးမွေးနိုင်လောက်အောင် ခန္ဓာကိုယ်က မသန်မာသေးဘူး။ ဒါကြောင့် အရှေ့တိုင်းကို ပြန်ရောက်မှပဲ ကလေးမွေးမယ်။ ဒါနဲ့ လူယုတ်မာ... ရှင် ကျွန်မကို လက်ထပ်ရင် ကျွန်မက ဘယ်နှစ်ယောက်မြောက် ဖြစ်မလဲ။”

ရှမ့်လန်က ပြန်ဖြေ၏။ “စတုတ္ထများလား။”

ကျန်းချွင်းဟွာက သက်ပြင်းချလိုက်၏။ “ရပါတယ်။ ကျွန်မက နင်ယန်လောက် မမြင့်မြတ်ဘူး ဆိုပေမဲ့ သူတောင် အမည်ခံပဲ လက်ထပ်ထားတာလေ။ ကျွန်မက ခန္ဓာကိုယ်ရော ဂုဏ်သိက္ခာရော စင်ကြယ်ပြီး အပြစ်ကင်းစင်သူနော်။ ဒါကြောင့် သူနဲ့ တန်းတူတော့ ဖြစ်မယ်လို့ ထင်တယ်။

လူယုတ်မာ... ရှင်က ကျန်းလီရဲ့ သားဖြစ်နေတာ တကယ့်ကို ကောင်းတာပဲ။ ရှင့်ရဲ့ ကြင်ယာတော်အဖြစ် လက်ထပ်ရတာ ကျွန်မအတွက် အရှက်ရစရာ မဟုတ်တော့ဘူး။ ကျွန်မ ကျန်းချွင်းဟွာက ဘိုးဘေးတွေအတွက် ဂုဏ်ဆောင်နိုင်ခဲ့သလိုပဲ။”

.................

ကြီးမားလွန်းသည့် ထမင်းစားပွဲကြီးမှာတော့ ရှမ့်လန်က သူ၏တပ်မှူးများအား တည်ခင်းဧည့်ခံ ကျွေးမွေးနေ၏။ အဓိကအားဖြင့် မင်းသမီးဒိုဟာနှင့် အမေဇုန် အမျိုးသမီးစစ်သည်တော် တပ်မှူးများပင်။ စားပွဲပေါ်တွင် ဟင်းလျာနှင့် မုန့်မျိုးစုံက ဒါဇင်နှင့်ချီ၍ ရှိ၏။

မင်းသမီးဒိုဟာက မည်သည့်နေရာက စတင်စားရမှန်းပင် မသိတော့ချေ။ အမေဇုန်နိုင်ငံတွင် သူတို့က နေ့စဉ် အသား သုံးမျိုးခန့်သာ စား၏။ အမဲသား၊ ငါးနှင့် ဂျုံမှုန့်များသာဖြစ်သည်။ ယခု စားပွဲပေါ်တွင်တော့ အကင် ၅ မျိုးနှင့် ရေခဲမုန့်များလည်း ရှိနေ၏။ အမဲသားဟင်း ၅ မျိုး၊ ငါးဥ ကာဗီယာ၊ ဟင်းသီးဟင်းရွက် ဆလပ်သုတ်များ လည်း စုံလင်၏။ ဝိုင်အမျိုးအစားမှာလည်း ၄-၅ မျိုး ရှိသည်။

ရှမ့်လန်က ပျော်ပါးရန် ပိုက်ဆံများကို အလဟဿ သုံးစွဲလွန်းသည်ဟု ကျန်းချွင်းဟွာ ယခင်က ပြောဆိုခဲ့ဖူး၏။ ထိုအရာက အမေဇုန် အမျိုးသမီးများကို ဧည့်ခံရန်အတွက် အသုံးပြုမည့် အရာများဟု သူမ မထင်မှတ်ခဲ့ချေ။

“မင်းသမီးဒိုဟာ... ကိုယ့်ညီမတို့ .. ပထမဆုံး ပြောချင်တာကတော့ ကျုပ်တို့ရဲ့ အမဲသားက အမေဇုန်က အမဲသားလို အရသာမရှိတာ သေချာတယ်။ ဒါပေမဲ့ ရေခဲမုန့်တွေကတော့ အရမ်းကောင်းပါတယ်။ ကိုယ့်ညီမတို့ ဒီကိုရောက်နေပြီဆိုမှတော့ ကျုပ်ဘက်မှ လိုလေသေး မရှိအောင် ထားချင်လို့ပဲ။ မြည်းကြည့်ပါအုံး။”

မင်းသမီးဒိုဟာက လက်ဝါးခန့်ရှိသည့် ချောကလက်ကိတ်မုန့် တစ်လုံးနှင့် ဇွန်းတစ်ချောင်းနှင့်ယူ၏။ ဇွန်းနှင့် တစ်ခုချင်း ခပ်စားရမှာလား။ တစ်ခါတည်း ကိုက်စားရမှာလား။ ဘာမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေ၏။ ပြီးနောက် ပါးစပ်ထဲသို့ မုန့်ကို ထိုးထည့်၏။

ထိုအချိန်မှာတော့ သူမ၏ လှပသည့် မျက်ဝန်းတစ်စုံက ပျော်ရွှင်မှု အရိပ်အယောင်များ တောက်ပလာ၏။ မျက်နှာလေးက ချက်ချင်း ဝင်းလက်သွား၏။ သိပ်ကို အရသာ ရှိလွန်းလှ၏။ ပြီးနောက် သူမက ရေခဲမုန့် တစ်ပန်းကန်ကို ယူကာ ပါးစပ်ထဲသို့ တစ်ခါတည်း လောင်းထည့်ပြန်၏။ တကယ့်ကို အရသာ ရှိလွန်း၏။ သွားများလည်း ကျဉ်ထွက်သွားသည်။

အမေဇုန် စစ်သည်တော်များ ယခင်က စားသောက်ခဲ့သည့် အစားအစာများက အရသာရှိသည်ဆိုသော်လည်း အမျိုးအစားက နည်းပါး၏။ သူတို့အတွက် စားသောက်ခြင်းက အင်အားဖြည့်တင်းရန် သက်သက်သာ ဖြစ်၏။ ယခုအချိန်မှာတော့ စားသောက်မှုက ပျော်ရွှင်မှုပါ ပါလာ၏။ အံ့အားသင့်စရာကောင်းသည့် ပျော်ရွှင်မှု ခံစားချက်က တကယ့်ကို ပြင်းထန်၏။ နက်နဲ၏။

“အရသာ ဘယ်လိုရှိလဲ။” ရှမ့်လန်က မေးလိုက်သည်။

မင်းသမီး ဒိုဟာက ပြောလိုက်၏။ “လူတွေကို ဖျက်ဆီးဖို့ ဆွဲဆောင်တဲ့နေရာမှာ ရှင်က မိစ္ဆာလိုပဲ မိန်းကလေး လုံနာနာ...”

ကျန်းချွင်းဟွာ၏လက်က ရှမ့်လန်၏ပေါင်ကို တိတ်တဆိတ် ကြိတ်ကာ ဆိတ်ဆွဲသည်။ “မျက်နှာ လိုက်လိုက်တာ။ ဘာလို့ အရင်က ကျွန်မကို ဒါတွေ မကျွေးတာလဲ။ ရှင်နဲ့တောင် မအိပ်ရသေးဘူး။ ရှင်က ကျွန်မကို ပစ်ပယ်နေပြီလား။”

တပ်မှူးလန်ဖုန်းက သူ၏ပေါက်ဆီကို စားနေရင်း ရှမ့်လန်ကို လှမ်းကြည့်၏။ ထိုအချိန်မှာတော့ ရှမ့်လန်၏ မျက်နှာ ပျက်ယွင်းနေသည်ကို မြင်ရ၏။ ဘာဖြစ်သည်ကို သူက ချက်ချင်းသိ၏။ ထို့ကြောင့် မျက်မှောင်ကြုတ်လိုက်၏။

“ဆရာမကျန်း... ကျုပ် ခင်ဗျားကို ဝိုင်တစ်ခွက်နဲ့ ဂုဏ်ပြုပါရစေ။” လန်ဖုန်းက သူ၏ဖန်ခွက်ကို မြောက်သည်။

ကျန်းချွင်းဟွာက ရှမ့်လန်၏ပေါင်ကို ချက်ချင်းလွှတ်ပြီး တပ်မှူးလန်ဖုန်းနှင့် အတူသောက်ရန် ဖန်ခွက်ကို မြောက်ရ၏။ ပြီးနောက် တပ်မှူးလန်ဖုန်းက သူမကို သတိပေးချင်လာ၏။ ဤနေရာက ပင်လယ်ရပ်ခြား ဖြစ်သော်လည်း မင်းနှင့်ကျွန် ကျင့်ဝတ်ဆိုသည်မှာ ရှင်းလင်းစွာ ခွဲခြားရမည် မဟုတ်ပါလား။

ကျန်းချွင်းဟွာ၏ အပြုအမူက အနည်းငယ် လွန်ကဲ၏။ အထူးသဖြင့် ဧကရာဇ်၏ မျက်နှာကို သေးနှင့်ပက်မည်ဟုပင် ပြောခဲ့၏။ တကယ်၍ ဤနေရာတွင် တရားရုံးရှိပါက သူက လူသိရှင်ကြား စွဲချက်တင်ကာ တရားစွဲမိမှာ သေချာ၏။

“တပ်မှူးလန်ဖုန်း... ရှင်လည်း ပဲပန်းနေပါပြီ။” ကျန်းချွင်းဟွာက အသာပြုံးပြ၏။ ပြီးနောက် ရေခဲမုန့် တစ်ဇွန်းကိုခပ်ပြီး ရှမ့်လန်ကို ခွံကျွေး၏။ ပြီးနောက် လူတိုင်း၏ရှေ့မှာပဲ သူက နှုတ်ခမ်းကိုဆူကာ ရှမ့်လန်၏ ပါးကိုနမ်း၏။ ရောက်ရှိနေသူအားလုံးက ဤမြင်ကွင်းကို သာမန်ဖြစ်သည်ဟု ယူဆကာဖြင့် လျစ်လျူရှုထားမိ၏။ အနောက်တိုင်းလောကတွင် ဤအရာက လူသိရှင်ကြား ပြုမူတတ်သည့် ပုံစံတစ်မျိုးပင်။

တပ်မှူးလန်ဖုန်းက မင်သက်သွား၏။ သူ၏မျက်နှာပေါ်ရှိ အကြောများက တဆတ်ဆတ် တုန်နေ၏။ “ဘယ်လိုလုပ် ဒါမျိုးဖြစ်ရတာလဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

သို့သော်ငြား သူက ထိုနေ့မှစ၍ ကျန်းချွင်းဟွာကို လူသိရှင်ကြား စွဲချက်တင်၍ မရတော့ချေ။ မူလက သူတို့အားလုံးက လက်အောက်ခံများ ဖြစ်သော်လည်း ယခု ကျန်းချွင်းဟွာက သူ၏သခင်မများထဲမှ တစ်ဦး ဖြစ်လာတော့မည် မဟုတ်ပါလား။

သို့သော်လည်း တပ်မှူးလန်ဖုန်းက မုန့်ရိုလန်၊ တခြားသော တပ်မှူးများနှင့်အတူ ကျန်းချွင်းဟွာကို သီးသန့် နားချရန် အခွင့်အရေးရှာဖို့ ဆုံးဖြတ်ထား၏။ သူတို့က ပြည်ပရောက် အစိုးရ ဖြစ်နေသော်လည်း လိုအပ်သည့် ကျင့်ဝတ်များကိုတော့ လိုက်နာရပေဦးမည်။

............

ပီကျင်းမြို့

အလွန်လှပသည့် နယ်စားကြီးဒီဘိုရာက လက်ဝှေ့စင်မြင့်တွင် တိုက်ခိုက်လျက်ရှိ၏။ ဤအချိန်မှာတော့ အစစ်အမှန် တိုက်ပွဲပင်။ ယခင်က ကြမ်းတမ်းသည့် ခြင်္သေ့ကြီးက သူမ၏ လေ့ကျင့်ဖော်သာဖြစ်ပြီး သူမ၏ အိမ်မွေးတိရစ္ဆာန်လည်း ဖြစ်သောကြောင့် သူက မတိုက်ရဲခဲ့ချေ။ သို့သော်ငြား ယခုအချိန်မှာတော့ သူမက ဧရာမ ဝံပုလွေကြီး ၁၀ ကောင်ထက်မနည်းကို ရင်ဆိုင်နေ၏။

သူမက အဝတ်အစားများကို နည်းပါးစွာ ဝတ်ဆင်ထားသဖြင့် ခြေထောက်နှင့် လက်မောင်း၊ ခါးလေးများက ပေါ်နေ၏။ ဆံနွယ်နီရှည်ကြီးများက သူမကို မီးလျှံကဲ့သို့ပင် လှပစေ၏။ အသက်ကို ပြင်းပြင်းရှူပြီးနောက် သူမက ခေါင်းဆောင်းကို ဆောင်းသည်။ “လွှတ်လိုက်စမ်း။”

အမိန့်ပေးလိုက်သည်နှင့် လှောင်အိမ်တချို့က တပြိုင်နက်တည်း ပွင့်ထွက်၏။ ဧရာမ ဝံပုလွေကြီး ၁၀ ကောင်ထက်မနည်းက လျှပ်စီးကဲ့သို့ ပြေးထွက်လာပြီး နယ်စားကြီးဒီဘိုရာထံသို့ ခုန်ဝင်၏။ ဤဝံပုလွေကြီးများ ကို ယဉ်ပါးအောင် မလုပ်ရသေးဘဲ အစာကိုလည်း တစ်ဝက်လောက်သာ ဝအောင်ကျွေး ၏။ သူတို့က အင်အားအပြည့် ရှိနေပြီး အလွန်အမင်းလည်း ရက်စက်ကြ၏။

“ဝူး.... ဝူး...”

ဤဝံပုလွေကြီး ဆယ်ကောင်က သူမကို မည်သို့ဝိုင်းရမည်ကို သိ၏။ သူတို့က ဝိုင်းရံပြီးသည့်နောက် အရှေ့၊ အနောက်၊ ဘယ်၊ ညာမှ ခုန်အုပ် တိုက်ခိုက်ကြ၏။ သူတို့က လျင်မြန်လွန်းလှသလို အစွမ်းလည်းထက်၏။ ဝံပုလွေတစ်ကောင်ချင်းစီက နွားပေါက်လေးကဲ့သို့ ကြီးမား၏။ မည်သူမှ ဤမြင်ကွင်းကို တည့်တည့် မကြည့်ဝံ့ကြချေ။ သိုင်းပညာရှင် တစ်ဦးပင်လျှင် ထိုကဲ့သို့ အန္တရာယ်ရှိသည့် အခြေအနေ၌ သေဆုံးသွားနိုင်သည်။

ဒီဘိုရာက ရုတ်တရက် ကောင်းကင်ပေါ်သို့ ခုန်တက်၏။ သူမ၏ခန္ဓာကိုယ်က မြေပြင်မှ မီတာ အနည်းငယ်အထိ မြင့်တက်သွားသည်။ ဝံပုလွေ ဆယ်ကောင်လုံးက ပစ်မှတ်ကို လွှဲချော်၏။ ပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်ပေါ်မှာ ပြန်ကျဆင်းလာ၏။

“ရွှီး.. ရွှီး.. ရွှီး..”

ဒီဘိုရာ၏ ဓားက လျှပ်စီးကဲ့သို့ပင် မြန်ဆန်၏။ ခဏအတွင်း ဝံပုလွေဆယ်ကောင်ထက် မနည်းက အသတ်ခံရ၏။ စတင်ချိန်မှအဆုံးအထိ တိုက်ပွဲပြီးဆုံးရန် သုံးစက္ကန့်ပင် မကြာလိုက်ချေ။ သို့သော်ငြား ဝံပုလွေဆယ်ကောင်ကို သတ်ဖြတ်ခြင်းက သွေးပူလေ့ကျင့်ခန်းမျှသာဖြစ်သည်။

ပြီးနောက် ဆံပင်ဖြူဖွေးလျက်ရှိသည့် ခန့်ညားသော လူဖြူတစ်ဦး ထွက်လာ၏။

“သခင်ကြီးပိုင်တင်”

ဤသခင်ကြီးပိုင်တင်က အသူရာလှိုင်းပြည်နယ်၏ နံပါတ်တစ် ဓားသမားဖြစ်သည်။ သူက မြို့စားကြီး အော်စတင်၏ ဆရာအဖြစ် တည်ရှိခဲ့သူ တစ်ယောက်ပင်။

“နယ်စားကြီး”

သခင်ကြီး ပိုင်တင်က ပြန်လည်ကာ အလေးပြု၏။ “စကြရအောင်။”

နှစ်ယောက်သား ပြင်းထန်စွာ တိုက်ခိုက်၏။ ဒီဘိုရာက ယခင်က အတွင်းအားကို တစ်ခါမှ မသုံးခဲ့သော်လည်း ယခု ထိပ်တန်းပညာရှင်နှင့် တိုက်ပွဲမှာတော့ စတင်ကာ အသုံးပြု၏။ သူမ၏ခန္ဓာကိုယ်မှ မှိန်ဖျဖျ အလင်းရောင်များ ထွက်ပေါ်နေသကဲ့သို့ပင်။ ဓားချက်တိုင်းက မိုးခြိမ်းသံကဲ့သို့ ဟိန်းသံများ ထွက်ပေါ်နေ၏။ အလင်း၏အရိပ်လှိုင်းများနှင့် ယှက်နွယ်နေသည်။

ရွှီး.. ရွှီး...

ဓားလှိုင်းများက ဝေ့ယမ်းဖြတ်သန်းသွား၏။ ပတ်ဝန်းကျင်ရှိ အလံတိုင်များပင်လျှင် လေထဲတွင် အပိုင်းပိုင်း ပြတ်ကုန်၏။ သူတို့နှစ်ဦးက အကွက်ပေါင်း ရာနှင့်ချီ၍ တိုက်ခိုက်နေသော်လည်း အရှုံးအနိုင် မပေါ်သေးပေ။

ရုတ်တရက် လူရိပ်တစ်ခုက ပြေးဝင်လာ၏။ ထိုအရာက သတ်လတ်ပိုင်းအရွယ် မိန်းမစိုးကြီး တာလွန်ပင်။ နယ်စားကြီးဒီဘိုရာ မျက်မှောင်ကြုတ်လိုက်၏။ ပြီးနောက် နှစ်ဦးသား အစွမ်းကုန်သုံးပြီး နောက်ဆုံး တိုက်ကွက်ကို တပြိုင်နက်တည်း ထုတ်ဖော်ကြ၏။

“ဘုန်း...” ကျယ်လောင်လွန်းသည့်အသံကြီးနှင့်အတူ လူရိပ်နှစ်ခုက အချင်းချင်း ထိပ်တိုက်တွေ့ဆုံပြီးနောက် နောက်သို့ လွင့်စင်သွား၏။ ခိုင်မာလွန်းသည့် ကျောက်ခင်းပြားများပေါ်တွင် အက်ကြောင်းကြီးများ ပေါ်လာသည်။

သခင်ကြီးပိုင်တင်က ဦးညွတ်ကာပြော၏။ “အရှင်မက ရော့ဆိုမိသားစုရဲ့ အစွမ်းထက်ဆုံး ဆက်ခံသူပါပဲ။”

နယ်စားကြီး ဒီဘိုရာက ခေါင်းညိတ်ပြပြီး အပြင်ဘက်သို့ ထွက်သည်။

................

“သတင်းဆိုးလား။” နယ်စားကြီး ဒီဘိုရာ မေး၏။

“ဟုတ်ပါတယ်။”

သတ်လတ်ပိုင်းအရွယ် မိန်းမစိုးတာလွန်က ပြောသည်။ “သွေးသောက်ဘာရွန်က အရှင်နဲ့ တွေ့ချင်နေပါတယ်။”

ဒီဘိုရာက ပင်ကိုယ်အသိဖြင့် စာကြည့်ခန်းကို သွားရန်ပြင်သော်လည်း ခြေလှမ်းကို ရပ်လိုက်မိ၏။ တိုက်ပွဲဝင် ဝတ်စုံနှင့် လက်အောက်ခံတစ်ဦးကို တွေ့ရန် မသင့်တော်ချေ။ သူမက ရေချိုး၊ ခမ်းနားသည့် ဝတ်စုံကို လဲလှယ် ဝတ်ဆင်ပြီးမှ စာကြည့်ခန်းသို့ သွား၏။

“သွေးသောက်ကြီး.. ကျွန်မအတွက် သတင်းဆိုး ပါလာတယ်လို့ ကြားတယ်။ ဘာလဲ။” နယ်စားကြီး ဒီဘိုရာက မေးလိုက်သည်။

သွေးသောက်ဘာရွန်က ပြော၏။ “ဟုတ်ပါတယ်။ မူလန်မြို့တိုက်ပွဲက ရှုံးနိမ့်သွားခဲ့ပါတယ်။ မြို့စားကြီးကောင့် ကျဆုံးသွားခဲ့ပြီး မြို့စားကြီးအော်စတင်ကတော့ အဖမ်းခံထားရပါတယ်။”

ဒီဘိုရာ၏ လှပသည့် မျက်နှာလေးက အေးစက်သွား၏။ သူမ၏နှလုံးသားကလည်း တုန်လှုပ်သွား၏။ စစ်သည် တစ်သိန်းက မြို့ငယ်လေးတစ်မြို့ကို ဝင်တိုက်ခြင်းပင်။ ရန်သူကလည်း လူ ၂၀၀၀ သာ ရှိ၏။ အဘယ်သို့ ရှုံးနိမ့်ရသနည်း။

သွေးသောက်ဘာရွန်က ရှင်းပြသည်။ “ရှမ့်လန်က အမေဇုန် မျိုးနွယ်စုရဲ့ သစ္စာခံမှုကို ရရှိသွားတယ်။ အရေးကြီးဆုံးအချိန်မှာ အမေဇုန် အမျိုးသမီးစစ်သည် တစ်သောင်းနီးပါးက မြို့စားကြီး အော်စတင်နဲ့ မြို့စားကြီးကောင့်ရဲ့ စစ်သည် အားလုံးကို သတ်ဖြတ်လိုက်တာပဲ။”

ဒီဘိုရာ၏မျက်နှာက သွေးဆုတ်ဖြူရော်သွား၏။ “ရှမ့်လန်က အမေဇုန်မျိုးနွယ်ရဲ့ သစ္စာခံမှုကို ရရှိခဲ့တာလား။ ဘာကြောင့်လဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

အမေဇုန်အမျိုးသမီးတွေက နှစ်ပေါင်းထောင်ချီအောင် လောကကြီးနှင့် အဆက်အသွယ် ဖြတ်တောက်နေ ခဲ့၏။ ရှီလွန်မင်းဆက်၏ ဧကရာဇ်အဆက်ဆက်က ထိုသူတို့ကို အောင်နိုင်အောင် မလုပ်နိုင်ခဲ့ကြပေ။

ရှမ့်လန်ဆိုသည်က ကြက်တစ်ကောင်ကိုပင် လည်လိမ်သတ်နိုင်သည့် အင်အားမရှိသည့် အရှေ့တိုင်းသား တစ်ဦး ဖြစ်၏။ ဘာကို အားကိုးပြီး ဤသို့ လုပ်နိုင်ရသနည်း။ ချောမောလို့လား။ ဤကဲ့သို့ ဆွဲဆောင်မှုမျိုး ကြောင့်လား။

နယ်စားကြီး ဒီဘိုရာအတွက်တော့ အင်အားကြီးသည့် အမျိုးသားများမှသာ ဆွဲဆောင်မှုရှိ၏။ အာဏာကမှ တကယ်ကို ဆွဲဆောင်မှုအစစ်ပင်။ ရှီလွန်မင်းဆက်၏ ဧကရာဇ်တွေပင် မလုပ်နိုင်သည့် အကြောင်းအရာကို ရှမ့်လန်က အဘယ်သို့ ပြုလုပ်နိုင်ခဲ့သနည်း။

“မူလန်မြို့ကို တိုက်ခိုက်ဖို့အတွက် ကျွန်မ လွှတ်လိုက်တဲ့ စစ်တပ်ထဲမှာ လူဘယ်နှစ်ယောက်လောက် ကျန်သေးလဲ။”

သွေးသောက်ဘာရွန်က ပြန်ဖြေ၏။ “မကျန်ပါဘူး။ တစ်ယောက်မှ မကျန်ပါဘူး။ အားလုံး သေကုန်ပါပြီ။”

သူ ထိုသို့ ပြောလိုက်သည်နှင့် ဒီဘိုရာ၏ လက်ထဲရှိ ဖန်ခွက်ကြီးက ရုတ်တရက် ကွဲကြေပြီး အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

All Chapters