← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁)

ကွာရှင်းပြတ်စဲခြင်း

'ကူးအုပ်စု' ၏ ဥက္ကဋ္ဌရုံးခန်း။

"သခင်ကြီးကူး... ဒါတွေက လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းတွေပါခင်ဗျာ"

ကူးရိမင်က ခေါင်းညိတ်ပြလိုက်ပြီး စာရွက်စာတမ်းများကို ယူကာ လျင်မြန်စွာ လက်မှတ်ရေးထိုး လိုက်လေသည်။

"သခင်ကြီး... အခု ကျန်းမိသားစုနဲ့ မစ္စကျန်းဇီယွီတို့ရဲ့ သတင်းတွေ တက်နေပါတယ် ဒီကိစ္စမှာ ဘေကျင်းက 'လင်းလုပ်ငန်းစု' ရဲ့ ဒုတိယသခင်လေးလည်း ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်ခင်ဗျာ"

"သိပြီ"

အတွင်းရေးမှူး ထွက်သွားပြီးနောက် ကူးရိမင်သည် သတင်းများကို ဖွင့်ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လျက် လေလံပွဲတုန်းက ဆုံခဲ့သည့် မိန်းကလေး တန်ယန်အကြောင်းကို တွေးတောနေမိ၏။ သူမသည် ဂီတလောကတွင်လည်း တက်သစ်စ ကြယ်ပွင့်တစ်ဦး မဟုတ်ပါလော။

ကူးရိမင် နားမလည်နိုင်သည်မှာ လေလံပွဲ မစတင်မီအထိ ထိုမြောက်ပိုင်းဒေသ မြေကွက်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ သူမရရှိခဲ့ခြင်းပင် ဖြစ်သည်။ သို့ဆိုလျှင် ထိုမိန်းကလေးက မည်သို့ သိနေခဲ့သနည်း။ သို့သော်လည်း ထိုမြေကွက်ကို လက်လွှတ်လိုက်ရန် သူမက ရည်ရွယ်ချက်ရှိရှိ သတိပေးခဲ့ခြင်းကြောင့် သူနှင့် ကူးမိသားစုမှာ သူမအပေါ် ကျေးဇူးတင်သင့်ပေသည်။ ဘာပဲဖြစ်ဖြစ် ကူးမိသားစုအတွက် ငွေသန်း ၇၀၀ ဆိုသည်မှာ မပြောပလောက်သော်လည်း ဖော်ဆောင်၍ မရသော မြေကွက်တစ်ခုအတွက် ငွေသားအမြောက်အမြား အသုံးပြုလိုက်ရခြင်းမှာ ၎င်းတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့်... သူမကြောင့်ပင် သူ ထိုမြေကွက်ကို လက်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုနောက်ပိုင်းတွင် သူသည် တန်ယန်အကြောင်းကို စုံစမ်းစစ်ဆေးခဲ့သော်လည်း သူမ၏ အချက်အလက်များမှာ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေလေသည်။ အနည်းဆုံးတော့ လွန်ခဲ့သော ၁၅ နှစ်တာအတွင်း သူမ၏ဘဝမှာ ထူးခြားမှု မရှိခဲ့ပေ။ အမှန်တကယ် ပြောင်းလဲသွားသည်မှာ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲ မတိုင်မီ တစ်လ၊ နှစ်လ အလိုခန့်ကမှ ဖြစ်သည်။ တန်မိသားစုသည် နိုင်ငံရပ်ခြားရှိ သူဌေးကြီး တစ်ဦးထံမှ အမွေများ ဆက်ခံရရှိခဲ့ပြီး ချမ်းသာကြွယ်ဝ လာခဲ့သည်ဟု သိရသည်။ တန်ယန်၏ မိဘများသည်လည်း လုပ်ငန်းသစ်များ ပြောင်းလဲလုပ်ကိုင်ခဲ့ကြပြီး အိမ်တွင်းအလှဆင် ကုမ္ပဏီနှင့် နောက်ပိုင်းတွင် အိမ်ခြံမြေ လုပ်ငန်းထဲသို့ပါ ခြေဆန့်လာခဲ့ကြသည်။

သို့သော် သေတ္တာထဲမှ စာရွက်စာတမ်းများထက် သူ၏ ကိုယ်ပိုင်အမြင်ကိုသာ သူပို၍ ယုံကြည်ပေသည်။ သူမြင်တွေ့ခဲ့ရသော တန်ယန်သည် ထိုစာရွက် စာတမ်းများထဲတွင် ဖော်ပြထားသကဲ့သို့ သာမန်မိန်းကလေးတစ်ဦး မဟုတ်သည်မှာမူ လုံးဝသေချာနေတော့သည်။

*

H မြို့တော်ရှိ ရှန်ဂရီလာ ဟိုတယ်၏ သီးသန့်ခန်းမဆောင်။

ဖန်းရို့သည် ဆိုဖာပေါ်တွင် ခြေထောက်ချိတ်လျက် ပျင်းရိပျင်းတွဲ ထိုင်နေသည်။ သူမ၏လက်ထောက် ချန်ယွီက အွန်လိုင်းပေါ်ရှိ လက်ရှိ အခြေအနေများကို သူမအား အစီရင်ခံနေလေသည်။

မနေ့ညက သူမသည် ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်မှုကို လက်ပူးလက်ကြပ် ဖမ်းမိရန်အတွက် ဘေကျင်းမှ H မြို့သို့ နောက်ဆုံးလေယာဉ်ဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နောက်ပိုင်းတွင် ကွာရှင်းခွင့် တောင်းဆိုရန်အတွက် သက်သေအထောက်အထားများ စုဆောင်းလိုခြင်းလည်း ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် လင်းမိသားစုမှ လူကြီးများမှာမူ သူမ၏ ကွာရှင်းလိုသည့် ဆန္ဒကို အလွယ်တကူ သဘောတူကြမည် မဟုတ်သည်မှာ သေချာလှသည်။

လင်းကျိုး ပထမဆုံးအကြိမ် ဖောက်ပြန်ခဲ့စဉ်ကပင် ဤအချက်ကို သူမ ကောင်းကောင်း သိခဲ့သည်။ သို့သော် ထိုစဉ်ကမူ လင်းကျိုးတစ်ယောက် သူတို့နှစ်ဦး အသည်းအသန် ချစ်ခဲ့ကြစဉ်ကကဲ့သို့ ပြန်လည် ကောင်းမွန်လာလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့မိသေးသည်။

ဒေါက် ဒေါက် ဒေါက်... အခန်းတံခါးကို ပြင်းထန်စွာ ထုရိုက်သံ ထွက်ပေါ်လာသည်။

"ဖန်းရို့ တံခါးဖွင့်စမ်း"

ဒေါက် ဒေါက် ဒေါက်... တံခါးအပြင်ဘက်မှ လင်းကျိုး၏ အော်ဟစ်သံနှင့်အတူ တံခါးထုသံများက ဆက်တိုက် ထွက်ပေါ်နေ၏။

ချန်ယွီက အစီရင်ခံနေသည်ကို ရပ်လိုက်ပြီး ဖန်းရို့၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းလိုက်သည်။

"သွားဖွင့်ပေးလိုက်"

ချန်ယွီက တံခါးသွားဖွင့်ပေးလိုက်ရာ ဘာမျှမပြောရသေးမီမှာပင် လင်းကျိုးက သူ့ကို ဘေးသို့တွန်းဖယ်ကာ အထဲသို့ ပြေးဝင်လာတော့သည်။

"ဖန်းရို့ မင်းဘာတွေ လုပ်နေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လားမင်းရူးသွားပြီလား"

မနေ့ညက သူသည် အမျိုးသမီး တစ်ဦးနှင့်အတူ သာယာကြည်နူးဖွယ်ညကို ဖြတ်သန်းနေစဉ် လူတစ်စုက တံခါးကို စီးနင်းဝင်ရောက်လာပြီး သူတို့ထံသို့ ကင်မရာများ ထိုးချိန်ခဲ့ကြသည်။ သူမည်မျှပင် ထိတ်လန့်သွားသနည်းဆိုလျှင် သူ၏ အမျိုးသားအင်္ဂါပင် အလုပ်မလုပ်တော့လုနီးပါး ဖြစ်သွားခဲ့ရသည် (YW - အရှက်ရဖွယ်ရာ ကိစ္စရပ်ဖြစ်သဖြင့် သင်္ကေတဖြင့်သာ ဖော်ပြလိုက်ပါသည်)။

ထို့နောက် ဖန်းရို့သည် သူမ၏ လူယုံများနှင့်အတူ အခန်းထဲသို့ လျှောက်လှမ်း၍ ဝင်လာခဲ့သည်။ သူမ၏ တည်ငြိမ်အေးစက်ပြီး ပြတ်သားလှသော မျက်နှာပေးကြောင့် သူ ထိတ်လန့်သွားရကာ ခေတ္တမျှ ဘာပြန်လုပ်ရမည်မသိ ဖြစ်သွားခဲ့ရ၏။ ထို့နောက်တွင်မူ သူ၏ မဖွယ်မရာ ဗီဒီယိုမှာ အွန်လိုင်းပေါ်သို့ ပြန့်နှံ့သွားတော့သည်။

ဤကိစ္စကြောင့် လင်းအုပ်စု၏ ရှယ်ယာဈေးနှုန်းများမှာ တစ်နေ့လုံး ထိုးဆင်းသွားခဲ့ရသည်။ သူ၏အစ်ကိုနှင့် အဖေတို့ကလည်း သူ့ကို ဖုန်းဆက်၍ အကြီးအကျယ် ဆူပူကြိမ်းမောင်းခဲ့ကြ၏။ သူသည် အလွန် ဒေါသထွက်သွားကာ ဖန်းရို့ရှိရာသို့ ချက်ချင်းပြေးလာခဲ့ခြင်း ဖြစ်သည်။ ဤအရာအားလုံးမှာ သူမ၏ လုပ်ရပ်ကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် သူသည် ဤကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားလာစရာ အကြောင်းမရှိသလို အဖေဖြစ်သူ၏ ဆူပူမှုကိုလည်း ခံရမည် မဟုတ်ပေ။

ယခုအချိန်တွင်မူ သူသည် မိမိကိုယ်တိုင်က ဇနီးအပေါ် စတင်သစ္စာဖောက်ခဲ့သူ ဖြစ်သည်ကို လုံးဝပင် မေ့လျော့နေတော့သည်။

"ဟက်... ငါဘာလုပ်လုပ် ဒါက မင်းနဲ့ဆိုင်လို့လား"

ဖန်းရို့၏ နှုတ်ခမ်းအစုံမှာ လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"ကိုယ့်အိမ်ထောင်ဖက်အပေါ် ဖောက်ပြန်ထားပြီးတော့ ငါ့ကို အခုလို လာအော်ဟစ်ဖို့ ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ"

လင်းကျိုးသည် ခေတ္တမျှ အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း ချက်ချင်းပင် မာန်တင်းလိုက်ကာ -

"ငါ မင်းအပေါ် ဖောက်ပြန်ပြီး မှားခဲ့တယ် ဆိုရင်တောင် ဒါကို အွန်လိုင်းပေါ် ဒီလိုမျိုး တင်လိုက်လို့ မရဘူးလေ ဒါကြောင့် လင်းအုပ်စုရဲ့ ရှယ်ယာတွေ ထိုးကျကုန်ပြီ ငါတို့တွေ ဘယ်လောက်အထိ ဆုံးရှုံးသွားလဲဆိုတာ မင်းသိရဲ့လား"

"အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ"

ဖန်းရို့သည် သူမရှေ့မှ အမျိုးသားကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်သည်။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ။ လင်းမိသားစုရဲ့ အရှုံးအမြတ်တွေက သူမနှင့် ဘာမျှမဆိုင်ပါ။ သူမကတော့ လင်းမိသားစု ဒေဝါလီ မြန်မြန်ခံလေ၊ လူတွေကို ဒုက္ခပေးတာနည်းလေ ဖြစ်မည့်အတွက် ဆုတောင်းနေမိသည်။ လွန်ခဲ့သော နှစ်တွေအတွင်းမှာ လင်းမိသားစုက အကျိုးအမြတ်အတွက် နည်းလမ်းမျိုးစုံ သုံးခဲ့ခြင်းကို သူမသိသည်။ လူသတ်ခြင်းနှင့် မီးရှို့သည်မှလွဲ၍ ကျန်သည့် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်းတို့ကို သူတို့ မလုပ်ဖူးခဲ့သည်မှာ မရှိပါ။

မကြာသေးခင်ကပင် လင်းကျိုးဟာ 'ရီယန်အုပ်စု' ၏ စီအီးအိုကို ရည်ရွယ်ချက်ရှိရှိ ကားနှင့် တိုက်ခိုင်းခဲ့သေးသည်။ အဲဒီစီအီးအိုဟာ အခုထိ ဆေးရုံမှာ ရှိနေသေးသည်။ အဲဒီကိစ္စအတွက် သက်သေ အထောက်အထားတွေလည်း သူမမှာ အကုန်ရှိပါသည်။

လင်းမိသားစု၏ အဘိုးကြီးဟာ မြေခွေးအိုကြီး တစ်ကောင်လိုပင် ပါးနပ်လွန်းလှ၏။ သူတို့အားလုံးကို သူ့လက်ခုပ်ထဲတွင်ထည့်ထားသည်။ အရင်ကတော့ သူမဟာ အချစ်မှာ မျက်စိကန်းနေခဲ့လို့ ဘာကိုမှ ဂရုမစိုက်ခဲ့ပါ။ ဒါကြောင့်လည်း ဘာမှမတွေးမိခဲ့တာ ဖြစ်သည်။ သို့သော် ယခုတော့ သူမ နိုးကြားသွားပြီဖြစ်သည်။ ထိုမြေခွေးအိုကြီး လုပ်သမျှဟာ လင်းမိသားစုနှင့်လင်းကော်ပိုရေးရှင်း ကောင်းစားဖို့ အတွက်သာဖြစ်သည်။ သူမဆိုတဲ့ ချွေးမကတော့ သူတို့အတွက် သွေးစုပ်ထုတ်လို့ရမည့်အသုံးချခံ သက်သက်သာ ဖြစ်သည်။

ဖန်းမိသားစုက သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပြီး လင်းမိသားစု၏ သယ်ယူပို့ဆောင်ရေးပိုင်း အတော်များများကို တာဝန်ယူပေးထားရသည်။ အပေါ်ယံ ကြည့်လျှင်တော့ ခမည်းခမက် အချင်းချင်း လုပ်ငန်းကူညီပေးနေသည်ဟု ထင်ရပေမဲ့ တကယ်တမ်းမှာတော့ လင်းမိသားစုက ဖန်းမိသားစုကို ခေါင်းပုံဖြတ်နေသည်ကို သူမ မကြာသေးခင်ကမှ သိလိုက်ရသည်။ လုပ်ငန်းပူးပေါင်း ဆောင်ရွက်သည့် ဈေးနှုန်းတွေက ဈေးကွက်ထဲမှာ အနိမ့်ဆုံး ဖြစ်နေရုံတင် မကဘဲ တစ်ခုခု အမှားအယွင်း ဖြစ်လျှင်လည်း ဖန်းမိသားစုကသာ စိုက်လျော်ပေးရသည်။ ဒါတင်မကဘဲ သူတို့က ဖန်းမိသားစု၏ လုပ်ငန်းကိုသုံးပြီး မှောင်ခိုပစ္စည်းတွေတောင် သယ်နေကြသည်။

မူလကတော့ ဖန်းရို့ဟာ မိသားစု၏ တစ်ဦးတည်းသောသမီး ဖြစ်နေတာကြောင့် သူမမျက်နှာကို ထောက်ထားပြီး ဤအရာများကို လျစ်လျူရှုထားခဲ့ကြသည်။ ဒါပေမဲ့ လင်းမိသားစုက ဖန်းမိသားစု၏ ဘေးကင်းလုံခြုံမှုကိုတောင် ထည့်မစဉ်းစားခဲ့ပေ။ သူမအဖေ၏ လူယုံတစ်ယောက်က တစ်ခုခု မှားနေတာကို ရှာမတွေ့ခဲ့ရင် ဖန်းမိသားစုဟာ ဘယ်လောက်အထိ အမှောင်ထဲမှာ ဆက်ရှိနေဦးမလဲ မသိနိုင်ပါ။ တကယ်လို့သာ အဖမ်းခံရရင် ဖန်းမိသားစုပဲ အမှုပတ်မည်ဖြစ်သည်။

ထိုအမှန်တရားကို သိလိုက်ရသောအခါ သူမဟာ ဒေါသထွက်သလို ရွံလည်းရွံရှာမိသည်။ ဒါပေမဲ့ ဒီခံစားချက်များက လင်းမိသားစုနှင့် လင်းကော်ပိုရေးရှင်း အပေါ်မှာပဲ ထားရှိခြင်းဖြစ်သည်။ အကယ်၍ သူမ၏အဖေက 'ရန်သူကို ရိပ်မိအောင် မလုပ်သေးနဲ့ဦး၊ အာဏာပိုင်တွေက လင်းမိသားစုကို လမ်းစအနေနဲ့သုံးပြီး နောက်ကွယ်က ငါးကြီးတွေကို ဖမ်းဖို့လိုနေသေးတယ်' ဟု မပြောခဲ့လျှင် သူမဟာ အထုပ်အပိုးတွေပြင်ပြီး မိဘအိမ်ကို ပြန်သွားမှာပဲဖြစ်သည်။

လင်းကျိုးနှင့် ပတ်သက်လျှင်တော့ သူဟာ ဒီအခြေအနေတွေကို မသိတာပါဆိုသည့် အကြောင်းပြချက်မျိုးနှင့် သူမ ဝေခွဲမရဖြစ်ခဲ့မိသေးသည်။ ဘာပဲဖြစ်ဖြစ် သူက လင်းအုပ်စု၏ အကြီးအကဲမဟုတ်ချေ။ ထို့ပြင် သူမနှင့် လင်းကျိုးဟာ ချစ်၍ လက်ထပ်ခဲ့ကြသည်မလို့ သူ့အပေါ် သံယောဇဉ် ရှိနေသေးသည်။လင်းကျိုးက အမှားတွေ လုပ်တတ်ပေမဲ့ ယခုတော့ သူလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်နေပြီဟု သူမက ထင်ခဲ့မိသည်။

သို့သော်လည်း သူက တိုးတက်ချင်ယောင်ဆောင်ကာ အချစ်သစ်ရှာဖို့ အကြောင်းပြချက် လုပ်နေခဲ့မှန်း သူမ အခုမှ သိလိုက်ရတော့သည်။ အခုအချိန်မှာတော့ သူမအနေဖြင့် ဘာတွန့်ဆုတ်စရာမှ မရှိတော့ပေ။

ဖန်းရို့ဟာလည်း နာမည်ကြီး တက္ကသိုလ်တစ်ခုက ထူးချွန်စွာ ဘွဲ့ရထားသူ တစ်ယောက်ဖြစ်သည်။ ယခင်က လူမှားပြီး မျက်စိမှားခဲ့မိသည့်အတွက် သူမ၏မိသားစုကို အခွင့်ကောင်းယူတာ ခံခဲ့ရပေမဲ့၊ အခုလို အချိန်မီ နိုးကြားလာခဲ့သည်ကတော့ နောက်မကျသေးချေ။

သူမက လင်းမိသားစုတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။ ယခုကဲ့သို့ တစ်စုံတစ်ဦးက သူမအား ထွက်ခွာရန် ခိုင်လုံသော အကြောင်းပြချက်ကို ကမ်းလှမ်းလာချိန်တွင်မှ ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ မလွတ်မြောက်ခဲ့ပါက မိမိကိုယ်ကိုယ် မတရားရာ ကျပေလိမ့်မည်။

"ဖန်းရို့"

လင်းကျိုး ဒေါသတကြီး အော်လိုက်မိသည်။ သူ့ရှေ့မှ အမျိုးသမီးမှာ အရင်ကနှင့် ဘာကြောင့် ဤမျှ ကွဲပြားနေရသနည်း။ သူအထင်မှားနေခြင်းသာ ဖြစ်ရမည်။ သူမ သူ့ကို မည်မျှချစ်သည်ကို သူသိထားသည်။ ထို့ကြောင့်ပင် သူမ၏ သည်းခံနိုင်စွမ်းကို အကြိမ်ကြိမ် စမ်းသပ်ကာ ဤမျှအထိ ရဲတင်းခဲ့ခြင်း ဖြစ်လေသည်။

"ငါမှားသွားပါတယ် ငါက အပျော်သဘောပဲ ကစားခဲ့တာပါ အဲဒီမိန်းမက ငါ့ကို ဖြားယောင်းခဲ့တာ နောက်ကို သူနဲ့ ဘာပတ်သက်မှုမှ မရှိစေရဘူးလို့ ငါကျိန်ဆိုရဲပါတယ်"

"ဟက် ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း ရှင်ဒီလိုပဲပြောခဲ့တာ မဟုတ်လား ဒါပေမဲ့ အခုတော့ အကျင့်ဟောင်းက ပြန်ပေါ်လာပြန်ပြီ"

ဖန်းရို့က လှောင်ပြောင်သည့် အမူအရာဖြင့် ရယ်မောလိုက်သည်။

"ဒီတစ်ခါတော့ ကွာရှင်းကြရအောင် ငါတကယ် စိတ်ကုန်လှပြီ"

လင်းကျိုးသည် သူမအား မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။ သူမသည် အမှန်အတိုင်း ပြောနေခြင်းလား သို့မဟုတ် စိတ်တိုတိုနှင့် ပြောနေခြင်းလား ဆိုသည်ကို သူ ဝေခွဲမရ ဖြစ်နေ၏။ သူသိကျွမ်းခဲ့၊ ချစ်ခဲ့ပြီး လက်ထပ်ခဲ့သည့် ဇနီးသည်မှာ ယခုအခါ အလွန်ပင် ဝေးကွာသွားသကဲ့သို့ သူခံစားလိုက်ရသည်။ မိမိလက်ထဲမှ အရာတစ်ခုခုမှာ လွတ်ထွက်သွားတော့မည်ကဲ့သို့ ရုတ်တရက် စိုးရိမ်ထိတ်လန့် စိတ်များက သူ့ထံသို့ လှိုင်းလုံးကြီးများသဖွယ် တိုးဝင်လာခဲ့သည်။

"မင်း... မင်းနောက်နေတာ မဟုတ်လား ဟား... ဟားဟား၊ မင်း နောက်နေတာပဲ ဖြစ်ရမယ် မိန်းမရယ်... ကိုယ်တကယ် မှားသွားတာပါ၊ ကိုယ့်ကို နောက်ထပ် အခွင့်အရေးလေး တစ်ခုလောက်ပဲ ပေးပါနော် ဒီတစ်ခါတော့ တကယ် ပြုပြင်ပါ့မယ်လို့ ကတိပေးတယ် ကိုယ်..."

လင်းကျိုးသည် တစ်ခုခုကို ထပ်ပြောချင်သော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်ဆို့နေတော့သည်။

အခန်း (၁၁၂)

ဗီဒီယိုအတိုများ

လင်းကျိုးသည် စိတ်ဓာတ်ကျစွာဖြင့် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ သူ၏စိတ်ထဲတွင် ဖန်းရို့နှင့် ချစ်ကြိုက်ခဲ့စဉ်က ပုံရိပ်များဖြင့် ပြည့်နှက်နေ၏။ သူမသည် သူ့ကို ပျော်ရွှင်စွာ လက်ထပ်ခဲ့သည့် အချိန်ကို ပြန်တွေးမိတိုင်း ရင်ထဲတွင် ခါးသီးနာကျင်ရသည်။ သို့သော် အဆုံးစွန်၌မူ ဤအမှားကို သူကိုယ်တိုင် ကျူးလွန်ခဲ့ခြင်းပင်။ ဘယ်အချိန်ကစပြီး သူ သူမကို ဂရုမစိုက်တော့ဘဲ ငြီးငွေ့လာခဲ့ခြင်းကို မသိလိုက်ပေ။

ထို့အပြင် သူမ၏ မျက်လုံးများထဲမှာ သူ့ကို မြင်လိုက်ရတိုင်း ပေါ်ထွက်လာလေ့ရှိသည့် ပျော်ရွှင်မှုများက ဘယ်အချိန်မှာ ပျောက်ကွယ်သွားပြီး အစားထိုး မရနိုင်သည့် စိတ်ပျက်အားလျော့မှုတွေ ဖြစ်သွားခဲ့ရသနည်း။ အရာအားလုံးဟာ သူတို့၏ ကတိသစ္စာတွေကို သူစတင် ဖောက်ဖျက်ခဲ့ချိန်ကတည်းက စတင်ခဲ့တာ ဖြစ်ပုံရသည်။ သူတို့ ဘယ်တော့မှ အရင်လို ပြန်မဖြစ်နိုင်တော့ပေ။ ဤအချက်ကို သိရှိသွားသည့်အခါ လင်းကျိုးသည် ဟိုတယ်ထဲမှ ယိုင်တိယိုင်တိုင်ဖြင့် ထွက်ခွာလာခဲ့တော့သည်။

ထိုအချိန်တွင် သူသည် အဖေဖြစ်သူက အစ်ကိုဖြစ်သူအား မှာကြားထားသည့် စကားများကိုလည်း မေ့လျော့နေခဲ့ပြီး အင်တာနက်ပေါ်မှ သတင်းများကိုလည်း ဂရုမစိုက်နိုင်တော့ချေ။ အမူးလွန်အောင် သောက်ပြီး သူရင်မဆိုင်ရဲသည့် အရာများမှ ထွက်ပြေးရန်သာ ဆန္ဒရှိနေတော့သည်။

*

ကျန်းမိသားစုအိမ်။

ဖြောင်း...။

ကျန်းဇီယွီသည် သူမ၏ ဘယ်ဘက်ပါးကိုအုပ်လျက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

"နင်က ငါ့ကို ဒုက္ခရောက်တာ မြင်ချင်နေတာလား ဟုတ်လား၊အဲဒီလောက်တောင် ဖောက်ပြန်ချင်နေရတာလား"

ကျန်းဟွေ့သည် ရှေ့မှလူကို သမီးတစ်ယောက်ကဲ့သို့ မဟုတ်ဘဲ ရန်သူတစ်ယောက်ကဲ့သို့ ဒေါသတကြီး လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောဆိုနေ၏။

"ကျန်းမိသားစုက အခက်အခဲ ဖြစ်နေတာကို နင်မသိဘူးလား ဒီလို အရှုပ်တော်ပုံမျိုး နင်လုပ်ရဲသေးတယ်ပေါ့ အခုကြည့်စမ်း ဘာဖြစ်သွားလဲ၊ ချန်မိသားစုက နင့်ကို အိမ်ပေါ်က နှင်ချလိုက်ပြီ ပြီးတော့ ကျန်းမိသားစုနဲ့ ပူးပေါင်းထားတဲ့ ရန်ပုံငွေတွေကိုလည်း အကုန် ရုပ်သိမ်းလိုက်ပြီ အခုတော့ နင်ကျေနပ်ပြီလား ငါပြောထားမယ် ငါသာအဆင်မပြေရင် နင်လည်း အဆင်ပြေရမှာမဟုတ်ဘူး ငါမသေခင် နင့်ကို အရင်သတ်ပစ်မယ်"

"အဖေ သမီးက အဖေ့ရဲ့ သမီးအစစ်ကော ဟုတ်ရဲ့လား"

ကျန်းဇီယွီမှာ စိတ်ဓာတ်တွေ အလုံးစုံ ပြိုလဲနေပြီ ဖြစ်သည်။ သူမသည် ချန်မိသားစု အိမ်တွင်လည်း အနိုင်ကျင့်ခံခဲ့ရပြီးပြီဖြစ်သည်။ ယခု အိမ်ပြန်ရောက်ရောက်ချင်းမှာပင် ပါးရိုက်ခံရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ဟက် နင့်လိုသမီးမျိုး ငါ့မှာမရှိရင် ပိုကောင်းဦးမယ်"

ကျန်းဟွေ့က လှောင်ပြုံးပြုံးလိုက်သည်။ သူသည် ကျန်းဇီယွီ ချိတ်ဆက်ထားသည့် ချစ်သူအကြောင်းကို တွေးမိသွားရာ အသံမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး -

"အခု နင်ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ နင် ချန်မိသားစု ဆီကိုတော့ လုံးဝပြန်သွားလို့ မရတော့ဘူး နင်က ဒီလောက် အရှုပ်တော်ပုံတွေ လုပ်ထားပြီး မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပြီလေ"

"ကျွန်မလည်း ပြန်မသွားချင်ပါဘူး ကျွန်မ ချန်ကျဲကို မချစ်ပါဘူးလို့ ပြောခဲ့သားပဲ"

ကျန်းဇီယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ချန်မိသားစုထဲသို့ အတင်းအကျပ် လက်ထပ်ကာ ဝင်ရောက်ခဲ့ရခြင်းဖြစ်သည်။ ချန်ကျဲနှင့် နှိုင်းယှဉ်လျှင် သူမသည် ချောမောသော လင်းကျိုးကို ပို၍နှစ်သက်သည်။ သို့မဟုတ်ပါက သူမသည် မင်္ဂလာဆောင်သည့် နေ့၌ပင် လင်းကျိုးနှင့် ချိတ်ဆက်မိလိမ့်မည် မဟုတ်ပေ။

"ဒါဆိုရင်တော့ နင် လင်းမိသားစုရဲ့ ဒုတိယသခင်လေးကို သူ့မိန်းမနဲ့ ကွာရှင်းပြီး နင့်ကို လက်ထပ်အောင် ကြိုးစားရလိမ့်မယ်"

ကျန်းဟွေ့က သူမကို ခပ်စောင်းစောင်း ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ပါးနပ်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားလေသည်။

“ကျွန်မ...”

ကျန်းဇီယွီ စကားမဆိုနိုင်ဘဲ ဆွံ့အသွားရသည်။

“အသုံးမကျတဲ့ဟာ”

ကျန်းဟွေ့က အေးစက်စွာ ဆိုလိုက်၏။

အခြေအနေ အနည်းငယ် ပြေလျော့သွားသည်ကို မြင်လိုက်ရသဖြင့် လင်းချန်းရို့သည် လတ်လတ်ဆတ်ဆတ် ဖျော်ထားသော လက်ဖက်ရည်ကို အလျင်အမြန် ယူလာပေးခဲ့သည်။

"မောင်... လက်ဖက်ရည်လေး သောက်လိုက်ဦး ကြည့်ပါဦး၊ စကားတွေ အများကြီး ပြောလိုက်ရတာ အာခေါင်တွေ ခြောက်နေပြီ မဟုတ်လား"

ထို့နောက် သူမက ကျန်းဇီယွီဘက်သို့ လှည့်ကာ -

"ဇီယွီ... သမီးအဖေက သမီးကို စိတ်ပူလို့ အခုလို ဒေါသထွက်နေတာပါ ချန်မိသားစုက ကုမ္ပဏီမှာလာပြီး ဘယ်လောက်တောင် ပြဿနာ ရှာသွားတယ်ဆိုတာ သမီးမမြင်လိုက်လို့ပါ"

ကျန်းဇီယွီသည် တွန့်ဆုတ်နေသော်လည်း လင်းချန်းရို့က သူမအား အဓိပ္ပာယ်ပါပါ မျက်ရိပ်ပြနေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲက မကျေနပ်သေးသော်လည်း ရရှိလာသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အလျှော့ပေးလိုက်လေသည်။

"သမီးတောင်းပန်ပါတယ်၊ အားလုံးက သမီးအမှားတွေပါ ဖေဖေ စိတ်မဆိုးပါနဲ့တော့၊ အခုတော့ လင်းကျိုးကို ဘယ်လို ချုပ်ကိုင်ထားရမလဲ ဆိုတာပဲ သမီးတို့တွေ နည်းလမ်းရှာကြရအောင်နော်"

"ဟုတ်တယ်မောင်... လင်းမိသားစုက ချန်မိသားစုထက် အများကြီး ပိုအင်အားကြီးတာပဲ ဇီယွီတစ်ယောက် လင်းသခင်လေးကို ထိန်းချုပ်ထားနိုင်ဖို့ကို နည်းလမ်းရှာပေးရမယ်"

ဤစကားကို ကြားလိုက်ရသည့်အခါ ကျန်းဟွေ့၏ မျက်နှာပေးမှာ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူ၏မိသားစုမှာ ယခုအခါ မြောက်ပိုင်းဒေသ မြေကွက်ကိစ္စတွင် အလုံးစုံ နစ်မွန်းနေပြီး ပြင်ပမှ ခိုင်မာသော ထောက်ပံ့မှု မရရှိပါက မကြာမီ ဒေဝါလီခံရတော့မည် ဖြစ်သည်။ လင်းမိသားစုမှာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်လေသည်။ ဤသို့ တွေးမိလိုက်သည်နှင့် သူ၏ မျက်လုံးထဲတွင် ကျန်းဇီယွီမှာ ပြန်လည် ကြည့်ကောင်းလာသည်။

ထိုနေ့ ညနေမှာပင် လင်းမိသားစုအတွက် နောက်ထပ် အရှုပ်တော်ပုံ သတင်းများ ထွက်ပေါ်လာခဲ့ပြန်သည်။ စာရင်းဇယားများ လိမ်လည်ခြင်း၊ အခွန်ရှောင်ခြင်း၊ စာချုပ်အတုများ ပြုလုပ်ခြင်းနှင့် ဝန်ထမ်းများအပေါ် အနိုင်ကျင့်ခြင်း စသည့် သတင်းဆိုးများက တရဟော ပေါက်ကြားလာခဲ့၏။ ဤသတင်းများနှင့် နှိုင်းယှဉ်လျှင် ယခင်က ထွက်ပေါ်ခဲ့သော လင်းကျိုး၏ ဖောက်ပြန်မှု သတင်းမှာ ဘာမှမဟုတ်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။

ဖန်းရို့သည်လည်း ထိုသတင်းများကို မြင်တွေ့လိုက်ရရာ အံ့အားသင့်သွားမိပြီး မည်သူကများ ဤသို့ လက်ဦးမှု ယူလိုက်သနည်းဟု စဉ်းစားမရ ဖြစ်နေခဲ့သည်။ ထိုနေ့မှာပင် သူမသည် ဘေကျင်းသို့ လေယာဉ်ဖြင့် ပြန်လာခဲ့ပြီး သူမ၏ နေအိမ်တွင် အထုပ်အပိုးများကို အရင်သိမ်းဆည်းကာ ဖန်းမိသားစုအိမ်သို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။

*

ဘေကျင်းမြို့၊ မွန်းလွဲ ၂ နာရီ။

တန်ယန်သည် သူမ အသစ်ဝယ်ထားသော မေဘတ်ချ်ကားအရှည်ကြီးကို မောင်းနှင်၍ 'ရီယွီယဉ်ကျေးမှု' ကုမ္ပဏီသို့ ရောက်ရှိလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် 'ယွီယင်' ပလက်ဖောင်း၏ တာဝန်ခံနှင့် တွေ့ဆုံရန် ထိုနေရာ၌ ချိန်းဆိုထားသောကြောင့် ဖြစ်သည်။

ဆွန်းယီဝမ်သည် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ယခုလက်ရှိ 'ယွီယင်' ပလက်ဖောင်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။ သူသည် နာမည်ကျော်ကြား လိုသော်လည်း မိမိ၏ အရည်အချင်းကို အထင်ကြီးလွန်းခဲ့သဖြင့် ယခုအခါ ပလက်ဖောင်းမှာ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေရပြီ ဖြစ်သည်။

သို့သော် မကြာသေးမီက ကုမ္ပဏီ၏ ပြန့်ကျဲနေသော ရှယ်ယာအားလုံးမှာ တန်ယန်ဆိုသည့် အမျိုးသမီး တစ်ဦးထံသို့ လွှဲပြောင်း ရောက်ရှိသွားပြီး သူမသည် ယွီယင်၏ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်လာကြောင်း သူသိလိုက်ရသည်။ ကုမ္ပဏီအတွက် တစ်ခုခု ထူးခြားသွားမည်ကို စိုးရိမ်ကာ သူစိတ်မအေးနိုင် ဖြစ်ခဲ့ရသည်။

ယခု ဒုတိယအကြီးဆုံး ရှယ်ယာရှင်ထံမှ တွေ့ဆုံရန် ဖိတ်ကြားချက်ကို ရရှိသောအခါ သူသည် စိတ်လှုပ်ရှားနေသလို တစ်ဖက်ကလည်း စိုးရိမ်နေမိသည်။ သူသည် ရီယွီယဉ်ကျေးမှု ကုမ္ပဏီသို့ ရောက်ရှိလာပြီး တန်ယန်နှင့် တွေ့ဆုံလိုက်ရသည့်အခါ -

"မင်္ဂလာပါရှင့်၊ မစ္စတာဆွန်း”

"မင်္ဂလာပါ... ခင်ဗျားက... တန်ယန်လား၊ မစ္စတန်လား"

ဆွန်းယီဝမ်မှာ အတော်လေး အံ့အားသင့်သွားရသည်။ သူ့ရှေ့မှ မိန်းကလေးမှာ ဆယ်ကျော်သက် အရွယ်မျှသာ ရှိသေးသည်။ သူမက ဘယ်လိုလုပ်ပြီး သူ၏ ကုမ္ပဏီရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူနိုင်ခဲ့သူ ဖြစ်နေရသနည်း။

"ဟုတ်ပါတယ်၊ တွေ့ရတာ ဝမ်းသာပါတယ် ကျွန်မအကြောင်း အရင် မိတ်ဆက်ပါရစေ 'ရီယွီယဉ်ကျေးမှု' က ကျွန်မပိုင်တဲ့ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုပါ၊ ရှင့်တို့ကုမ္ပဏီ အခြေစိုက်ထားတဲ့ 'ကော်မိုအဆောက်အအုံ' လည်း ကျွန်မပိုင်တာပါပဲ"

တန်ယန်သည် ရှေ့ဆက်ပြောမည့် စကားများ ချောမွေ့စေရန်အတွက် သူမ၏ နောက်ခံအချို့ကို ထုတ်ဖော် ပြောပြလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ဆွန်းယီဝမ်မှာ ပို၍ပင် အံ့အားသင့်သွားသော်လည်း သူ၏ မယဉ်ကျေးမှုကို ချက်ချင်း သတိထားမိသွားကာ -

"တောင်းပန်ပါတယ်၊ ကျွန်တော် အံ့သြလွန်းလို့ အမူအရာ ပျက်သွားမိတယ် မစ္စတန်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ချမ်းသာကြွယ်ဝ နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး ကိုယ့်ကိုယ်ကိုယ် တကယ် ရှက်မိပါတယ်"

"ဒါက ဘိုးဘွားတွေရဲ့ ကျေးဇူးကြောင့်ပါ မစ္စတာဆွန်းက တကယ့်အရည်အချင်း ရှိတဲ့သူ တစ်ယောက်ပါ၊ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေဖို့ မလိုပါဘူး"

တန်ယန်က ဤစကားကို စိတ်ရင်းဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်မျိုးဆက်များ၏ ဖျော်ဖြေရေး လောကသည် ဆွန်းယီဝမ်၏ ဦးဆောင်မှုအောက်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

"မစ္စတန်က အခုလို အထင်ကြီးပေးတာ ကျွန်တော် ဂုဏ်ယူမိပါတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေရဦးမှာပါ"

ဆွန်းယီဝမ်က ခေါင်းကို အသာခါယမ်းလိုက်ပြီး စကားကို လိုရင်းသို့ လှည့်လိုက်သည် -

"မစ္စတန် ဒီနေ့ ကျွန်တော့်ကို ဘာကိစ္စများ ဆွေးနွေးချင်လို့လဲဆိုတာ သိပါရစေ"

"ကျွန်မမှာ အကြံဉာဏ်တချို့ရှိတယ်၊ အဲဒါအတွက် မစ္စတာဆွန်းရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်"

"ကျွန်တော်ကူညီနိုင်မယ့် အရာဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ လုပ်ပေးမှာပါခင်ဗျာ"

"မစ္စတာဆွန်း... ဒီကိုမလာခင်မှာ 'ယွီယင်' ရဲ့ လက်ရှိစီးပွားရေးအခြေအနေကို ကျွန်မ စစ်ဆေးကြည့်ပြီးပြီ ကြည့်ရတာ အခြေအနေက သိပ်မကောင်းလှဘူးနော်"

တန်ယန်က ခေတ္တမျှ ရပ်လိုက်ပြီးမှ -

"မစ္စတာဆွန်းအနေနဲ့ 'ယွီယင်' ပလက်ဖောင်းကို ဘယ်လိုပုံစံမျိုး ဖြစ်စေချင်တာလဲဆိုတာ ကျွန်မသိချင်ပါတယ်"

"ဟူး... ကျွန်တော်က ဗီဒီယိုမျှဝေတဲ့ ပလက်ဖောင်းတစ်ခု တည်ဆောက်ချင်ခဲ့တာပါ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် 'ချီ' စတေရှင်က ကျွန်တော်တို့ရှေ့မှာ အများကြီး ရောက်နေပြီလေ၊ အဲဒီတော့ 'ယွီယင်' အနေနဲ့ သူတို့ရဲ့ ဈေးကွက်ဝေစုကို လုဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စပါပဲ"

ဆွန်းယီဝမ်၏ စကားများမှာ အတော်ပင် မျှတလှသည်၊ ထိုအရာမှာ သူသည် လက်တွေ့ကျကျ တွေးတောနိုင်စွမ်း ရှိသေးကြောင်း ပြသနေ၏။

"ဒါဆိုရင် မစ္စတာဆွန်း... လက်ရှိသွားနေတဲ့ လမ်းကြောင်းမဟုတ်ဘဲ တခြားလမ်းကြောင်း အသစ်တစ်ခုကို ပြောင်းဖို့ရော စဉ်းစားဖူးသလား"

*

'ရီယွီ' ကုမ္ပဏီမှ ပြန်လည် ထွက်ခွာလာချိန်တွင် ဆွန်းယီဝမ်သည် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။ယခင်က သူသည် တည်ငြိမ်အေးဆေးပုံ ပေါက်သော်လည်း စိတ်ထဲတွင်မူ အမြဲတမ်း ဖိအားများဖြင့် ပြည့်နှက်နေပြီး အသက်ရှူပင် ကြပ်နေခဲ့ရသည်။ သို့သော် ယခုမူ ထိုဖိအားများအားလုံး ရုတ်တရက် လွင့်စင်သွားသကဲ့သို့ သူ၏ တစ်ကိုယ်လုံးတွင် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များဖြင့် ပြည့်နှက်နေလေပြီ။

သူသည် ပလက်ဖောင်း၏ စီးပွားရေးပုံစံကို ပြောင်းလဲရန် စဉ်းစားခဲ့ဖူးသော်လည်း 'ဗီဒီယိုအတိုလေးများ' ကို အဖြေတစ်ခုအဖြစ် အသုံးချနိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးမိခဲ့ပေ။

ခုနကတင် တန်ယန်က သူ့ကို အကြံဉာဏ်တစ်ခု ပေးခဲ့သည်။ လက်ရှိ 'ချီ' နှင့် ဆင်တူသော ဗီဒီယိုမျှဝေမှု ပုံစံမှသည် စက္ကန့် ၃၀ မှ ၃၀၀ အထိသာရှိသော ဗီဒီယို အတိုလေးများ မျှဝေသည့်ပုံစံသို့ ပြောင်းလဲရန်ပဲ ဖြစ်ပါသည်။ ထို့နောက် သူမသည် နောက်ဆက်တွဲ စနစ်ပိုင်းဆိုင်ရာ မြှင့်တင်မှုများနှင့် ကြော်ငြာမဟာဗျူဟာများ အကြောင်းကိုပါ ဆက်လက် ဆွေးနွေးခဲ့သည်။ မိနစ်သုံးဆယ် အတွင်းမှာပင် သူသည် သူမ၏အစွမ်းကို အလုံးစုံ အထင်ကြီး လေးစားသွားခဲ့ရသည်။

'တစ်ဖက်လူရဲ့ ဦးနှောက်က ဘယ်လိုမျိုး အလုပ်လုပ်နေတာပါလိမ့်၊ ဒီလောက် ထူးခြားဆန်းသစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလမ်းမျိုးကို စဉ်းစားမိရုံတင် မကဘူး... အဓိကက အဲဒီနည်းလမ်းက လက်တွေ့တကယ် ဖြစ်နိုင်ခြေ ရှိနေတာပဲ'

ဟု သူတွေးနေမိသည်။

သူမ ချမှတ်ပေးခဲ့သည့် လမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းမည်ဆိုလျှင် သူတို့၏ ဖျော်ဖြေရေး သတင်းများနှင့် ဗီဒီယိုကဏ္ဍသည် သေချာပေါက် ပေါက်ကွဲအား ကောင်းကောင်းဖြင့် အောင်မြင်လာမည်ကို သူကြိုတင် မြင်တွေ့နေရပြီဖြစ်သည်။ သူနောက်ထပ် စောင့်မနေနိုင်တော့ပါ။

All Chapters