ကျေးဇူးပြုပြီး ဘုရင်မကြီးလို့ ခေါ်ပေးပါ
Vol. 16 Ch. 214
“ဘာကို ဆင့်ခေါ်နေတာလဲ”
“ရွှေသောက်တော်ရေခွက်”
လျှိုချင်ဟွမ်၏ တုံ့ပြန်မှုကြောင့် ဝမ်ရွှမ်ကျန့်နှင့် အန်လင်းတို့မှာ မိုးကြိုးနှင့် ပစ်ခံလိုက်ရသကဲ့သို့ ကြောက်ရွံ့ထိတ်လန့် သွားကြလေသည်။
“အဲတော့ ရွှေသောက်တော်ရေခွက်ကို ဆင့်ခေါ်ဖို့ မန္တန်ရေးဆွဲနေတာပေါ့ အဲလိုလား”
“လာနောက်နေတာတော့ မဟုတ်ဘူးမလား”
အန်လင်းမှာ မြေပြင်ပေါ်ရှိ ရှုပ်ထွေးလှသော ပုံစံများကို မယုံကြည်နိုင်မှုများဖြင့်သာ ကြည့်နေမိတော့သည်။
“ဟီးဟီး ဒါပေါ့။ ငါတကယ်ကို အဲဒီလို လုပ်နေတာလေ။ ငတုံးကောင်”
လျှိုချင်ဟွမ်မှာ ရယ်မောနေရင်းနှင့် မျက်လုံးများမှာလည်း အရောင်တောက်နေလေသည်။
အန်လင်း : “…”
ဝမ်ရွှမ်ကျန့် : “…”
အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့၏ မည်းမှောင်နေသော အမူအရာများကို ကြည့်ကာဖြင့် လျှိုချင်ဟွမ်သည် အမှန်တရားကိုပြောရန် ဆုံးဖြတ်လိုက်လေသည်။ “ဒီသောက်တော်ရေခွက်တွေမှာ ဆက်သွယ်ချက်တွေ ရှိတယ်လို့ ငါသံသယဝင်မိတယ်။ ဒီသောက်တော်ရေခွက် တစ်ခွက်ချင်းစီမှာပါတဲ့ ထူးခြားတဲ့ပုံစံတွေက ကွဲပြားတဲ့ သောက်တော်ရေခွက်တွေ အတွက် အထူးသင်္ကေတတစ်မျိုးပဲလို့ ယူဆလို့ရတယ်။ ဒီထူးခြားတဲ့ ပုံစံတွေကို အော်ရာရှာဖွေဝင်္ကပါအဖြစ် ဆွဲလိုက်မယ်ဆိုရင် နောက်ဆုံးကျန်တဲ့ သောက်တော်ရေခွက်နဲ့ ပတ်သက်တဲ့ ဆက်သွယ်ချက်တစ်ခုခုကို ရရှိလာနိုင်မယ်လို့ ထင်တယ်”
အန်လင်းသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ အမှန်တကယ် နားမလည်သော်ငြား အလွန် အထင်ကြီးစရာကောင်းမှန်း ခံစားမိနေသည်။
တစ်ချိန်တည်းမှာပင် ဝမ်ရွှမ်ကျန့်၏မျက်လုံးများ အရောင်လက်လာသည်။ “အော်ရာရှာဖွေဝင်္ကပါက သွေးမျိုးဆက်တွေကို ခြေရာခံတဲ့ မန္တန်ပုံစံနဲ့ ဆင်တယ်မဟုတ်လား။ သွေးမျိုးဆက် ရှာဖွေဝင်္ကပါကလည်း ထူးခြားတဲ့ သွေးမျိုးဆက်ကို အသုံးပြုပြီး တခြားတူညီတဲ့ သွေးမျိုးဆက်တွေရဲ့ တည်နေရာကို ခြေရာခံနိုင်တယ်။ အခု ဒီအော်ရာရှာဖွေဝင်္ကပါက သွေးမျိုးဆက်ရှာဖွေဝင်္ကပါနဲ့ အဆင့်အနည်းငယ်လောက်ပဲ ပိုများမယ်ထင်တယ်။ ငါကြားဖူးတာကတော့ ကမ္မစွမ်းအားကို ထိတွေ့နိုင်မှုအပေါ် မူတည်နေတယ်တဲ့။ ညီမလေး လျှိုမှာ ဒီလိုဝင်္ကပါကို အသုံးပြုနိုင်စွမ်းရှိမယ်လို့ ဘယ်သူကထင်မှာလဲ”
“အခုအချိန်မှာတော့ ကျွန်မက အော်ရာရှာဖွေဝင်္ကပါရဲ့ အရိုးရှင်းဆုံးပုံစံကိုပဲ ရေးဆွဲနိုင်ပါသေးတယ်” လျှိုချင်ဟွမ် ရယ်မောလိုက်သည်။ “သောက်တော်ရေခွက်တွေမှာ ရှိနေတဲ့ ထူးခြားတဲ့ ပုံစံတွေက မှန်မယ်ဆိုရင် ဝင်္ကပါကို သက်ရောက်မှုရှိစေလိမ့်မယ်။ အဲဒီအပြင် ပိုပြီးထူးခြားတဲ့ပုံစံတွေ ရှိပြီး ငါတို့တွေနဲ့ အနီးဆုံးမှာ ရှိနေမယ်ဆိုရင် အောင်မြင်ဖို့ အခွင့်အရေးကလည်း ပိုများလာလိမ့်မယ်”
ခေတ္တမျှကြာပြီးသည့်နောက်တွင် မြေပြင်ပေါ်၌ အလွန်အမင်း ရှုပ်ထွေးလှသော ဝင်္ကပါတစ်ခုပေါ်လာသည်။
လျှိုချင်ဟွမ်မှာ အနည်းငယ် ဖျော့တော့လျက်ရှိပြီး သူမ၏နဖူးထက်တွင် ချွေးသီးချွေးပေါက်များ စီးကျနေလေသည်။ အော်ရာရှာဖွေဝင်္ကပါ ရေးဆွဲခြင်းသည် သူမအား အတော်လေး အားအင် ကုန်ခန်းသွားစေကြောင်း သိသာလှသည်။
ဝင်္ကပါ၏ အလယ်ဗဟိုရှိ သောက်တော်ရေခွက်များပေါ်တွင် ထူးခြားသည့်ပုံစံအသီးသီး ရှိနေသည်။ ထိုပုံစံများသည် ဝင်္ကပါ၏ အစိတ်အပိုင်းများ ဖြစ်ကြကာ ကမ္မစွမ်းအားများဖြင့် ချိတ်ဆက်နေကြသည်။
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်တွင် လေနှင့်တိမ်တိုက်များ စုပြုံလာသည်။ ချီစွမ်းအင် အများအပြားသည်လည်း အော်ရာရှာဖွေဝင်္ကပါဆီသို့ စုတင်စုဆုံလာပြီး ဝင်္ကပါအား အသက်သွင်းရန် ကြိုးပမ်းကြသည်။
အန်လင်းမှာ စိုးရိမ်ကြောင့်ကြစွာဖြင့် ဝင်္ကပါအား ကြည့်နေရင်း တံတွေးမျိုချမိလိုက်သည်။
ရုတ်တရက်ဆိုသလို ဝင်္ကပါထံမှ တောက်ပသည့် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဝင်္ကပါ၏ အပေါ်ဘက်တွင် အဖြူရောင်လက်တံသုံးခု ဖြစ်တည်လာပြီး မတူညီသည့် အရပ်မျက်နှာ အသီးသီးသို့ ညွှန်ပြလျက်ရှိသည်။
“အလုပ်ဖြစ်တယ်ဟ” လျှိုချင်ဟွမ်သည် အံ့ဩတကြီး အော်ဟစ်လိုက်သည်။
သူမအနေဖြင့် ဤစမ်းသပ်ချက်အတွက် မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ပေ။ အမှန်တကယ် အလုပ်ဖြစ်လာသည့်အခါတွင် လွန်စွာပျော်ရွှင်မိသည်။ ယခုအခါတွင် သူမ၏ ခံစားချက်များမှာ အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့ထက်ပင် ပိုမိုစိတ်လှုပ်ရှားလျက်ရှိသည်။ သူမ၏ ဟန်ပန်မှာလည်း အရေးပါသည့် ဆုကြီးကြီး ဆွတ်ခူးလိုက်သလိုပင် ရှိနေသည်။
“ဒီလက်တံတွေက သောက်တော်ရေခွက်တွေရဲ့ တည်နေရာကို ကိုယ်စားပြုတာလား။ အဲဒါဆိုရင် ဘယ်တစ်ခုက အမှန်လဲ” ဝမ်ရွှမ်ကျန့် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး” လျှိုချင်ဟွမ်၏ ခရမ်းရောင် မျက်ဝန်းလေးများမှာ လှပစွာ တောက်ပလျက်ရှိပြီး ဝင်္ကပါ၏တစ်နေရာသို့ ညွှန်ပြလိုက်သည်။ “ဒီဟာကမှ အမှန်”
သူမညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သည့်အခါတွင် အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည် ဝင်္ကပါ၏ အလယ်တွင် တည်ငြိမ်စွာဖြင့် ရှိနေသော သေးငယ်လှသည့် လက်တံတစ်ခုအား တွေ့လိုက်ရသည်။ ယင်းသည် အချိန်မရွေး ပျောက်ကွယ်သွားမည့်အသွင်ဖြင့် ရှိနေပြီး တိကျသည့် နေရာတစ်ခုအား ညွှန်ပြနေလေသည်။
အန်လင်း၏မျက်နှာတွင် ရုတ်ခြည်းဆိုသလို နားလည်သဘောပေါက်လာဟန် ပေါ်လာသည်။ “သဘောပေါက်ပြီ သဘောပေါက်ပြီ။ တခြားလက်တံသုံးခုက ကျန်နေတဲ့ သံသောက်တော်ရေခွက်နဲ့ ငွေသောက်တော်ရေခွက်တွေရဲ့ တည်နေရာကို ပြနေတာ။ ကျွန်တော်တို့မှာရှိနေတဲ့ သံသောက်တော်ရေခွက်နဲ့ ငွေသောက်တော် ရေခွက်တွေပေါ်မှာ ရှိနေတဲ့ ထူးခြားတဲ့ ပုံစံတွေကနေ အခု ဝင်္ကပါဖြစ်လာတယ်။ အဲဒါကြောင့် သူတို့နဲ့ ဝင်္ကပါရဲ့ ဆက်သွယ်ချက်က အရမ်းကို ခိုင်မာအားကောင်းနေတာ။ ရွှေသောက်တော်ရေခွက်ကျတော့ သီးသန့် တည်ရှိနေတာဆိုတော့ သူတို့နဲ့ ဆက်သွယ်မှုက အားနည်းဖျော့တော့နေတယ်။ အဲဒါကြောင့် လက်တံတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိပ်မသိသာတာ”
လျှိုချင်ဟွမ်သည် လက်ဖျောက်တီးလိုက်ပြီးနောက် ရွှင်မြူးစွာဖြင့် ဆိုသည်။ “အတိအကျပဲ။ ဒီမှိုပွင့်လောက် သေးနေတဲ့ လက်တံက ရွှေသောက်တော်ရေခွက်ရဲ့ တည်နေရာကို ညွှန်ပြနေတာ အတိအကျပဲ။ အခု ငါတို့သွားရမဲ့ လမ်းကြောင်းကို တိတိကျကျ သိသွားပြီ”
သူမပြောပြီးသည်နှင့် ဝင်္ကပါထံမှ ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး လက်တံ သေးသေးလေးမှာလည်း ပြိုကွဲပျက်စီးသွားလေသည်။
အော်ရာရှာဖွေဝင်္ကပါမှာ သူ့ကိုယ်သူ ဖျက်ဆီးသွားလေပြီ ဖြစ်သည်။
လျှိုချင်ဟွမ်သည် လျှာတစ်လစ် ထုတ်ပြီးနောက် “ငါတို့သွားရမဲ့နေရာကို သိနေပြီပဲ။ သွားကြစို့”
အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။ မည်သို့ပင်ဆိုစေ သူတို့ထံ၌ ဦးတည်ရာလမ်းကြောင်း ရှိလာပြီဖြစ်သည်။ အချိန်ဖြုန်းမနေတော့ပဲနှင့် သူတို့သည် လက်တံညွှန်ပြရာဘက်သို့ လျှိုချင်ဟွမ်နှင့်အတူ ပျံသန်းထွက်ခွာသွားကြသည်။
ကျုံးလုံတောင်တန်း၏ အရှေ့မြောက်ဒေသတွင် မတ်စောက်သည့် တောင်တစ်လုံးရှိသည်။ ယင်းတောင်ကို အနက်ရောင် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားပြီး တောင်ထိပ်မှာ အဖြူရောင်နှင်းများ ဖုံးလွှမ်းထားလေသည်။ ညအချိန်ဖြစ်သော်လည်း တောင်၏ ထိပ်တွင်ရှိသည့် နှင်းများသည် လအလင်း ရောင်ပြန်နေပြီး ငြိမ်သက်သန့်စင်သည့် အသွင်ဖြင့် ရှိနေသည်။
ရှင်းလင်းနေသည့် တောင်စောင်းတစ်လျှောက်တွင် ဖျော့တော့သည် မီးတောက်မီးပွားများ ရှိနေသည်။
“တုန်ယန်ရေ တောင်ပေါ်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲ” ဟုန်သို၏မျက်လုံးများမှာ စူးရှပြီး တောင်၏ ကီလိုမီတာ နှစ်ရာပတ်လည်အား ကြည့်လိုက်သည်။
ပိန်းပိတ်အောင် မှောက်မိုက်နေသည့် ညတွင် မည်သည့်မီးပွားမီးစမဆို ကောင်းစွာ သတိပြုနိုင်လောက်သည်။
တုန်ယန်သည်လည်း ထိုအရာကို စိတ်ဝင်စားမိသည်ကြောင့် “သွားကြည့်ကြမယ်။ နင့်ကိုယ်ကို သတိထားပြီး ဖုံးထားဦး”
တောင်ပေါ်တွင် ရှိနေသည်မှာ အခြားသော အင်အားကြီးများ၏ ကိုယ်စားလှယ်များဖြစ်မည်ဟု သူတို့နှစ်ဦး ယူဆလိုက်ကြသည်။ ထင်သာမြင်သာ ရှိခြင်းမှ ကာကွယ်ရန်အတွက် ပျံသန်းမသွားကြပေ။ ထို့ကြောင့် တောင်စောင်းတစ်လျှောက် ပြေးတက်ရန်သာ ရွေးချယ်လိုက်ကြသည်။
စိတ်ဓာတ်ကျမှုများအား ကျော်လွန်ပြီးသည့်နောက်တွင် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များသည် နဂိုမူလ စိတ်အခြေအနေသို့ ပြန်လည် ရောက်ရှိလာကြသည်။ သူတို့ထံတွင် ဗျူဟာအသစ်လည်း ရှိနေပြီဖြစ်ကာ ထိုဗျူဟာ၏ အဓိကအချက်မှာ _ 'ရှုပ်ထွေးမှုများအကြားမှ အကျိုးအမြတ် ရိတ်သိမ်းရန်' ဖြစ်သည်။
မှန်၏။ သူတို့သည် ရွှေသောက်တော်ရေခွက်အား လိုချင်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် အချင်းချင်း တိုက်ခိုက်ခိုင်းလိုက်မည်။
တိုက်ပွဲ၏ အရေးကြီးသည့် အချိန်သို့ ရောက်လာသည်နှင့် ဟုန်သိုနှင့် တုန်ယန်တို့ ပုန်းအောင်းနေရာမှ ခုန်ထွက်ကာ သောက်တော်ရေခွက် အတွက် တိုက်ခိုက်ကြမည်။
ထိုသို့သော အပြုအမူမျိုးသည် အနည်းငယ် အရှက်မဲ့ရာ ကျသော်လည်း သူတို့နှစ်ဦး၏ လက်ရှိအခြေအနေဖြင့် ဤနည်းလမ်းသာလျှင် အောင်မြင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။
ထိုသို့ဖြင့် ဟုန်သိုနှင့် တုန်ယန်တို့သည် တောင်စောင်းတွင်ရှိသည့် မီးပွားထံသို့ ချဉ်းကပ်လာလေသည်။
များမကြာမီတွင် သူတို့သည် မီးတောက်အား ရှင်းလင်းစွာ မြင်နိုင်ပြီ ဖြစ်သည်။ ယင်းမှာ မီးပုံတစ်ခုဖြစ်ပြီး တောဝက်ရိုင်း ကင်နေခြင်းဖြစ်သည်။
တောဝက်ရိုင်းကင်မှာ ကျက်လုနီးဖြစ်သည်ကြောင့် ယင်းထံမှ ထွက်ပေါ်လာသော မွှေးရနံ့မှာ လေထုထဲ ပျံ့နှံ့လျက်ရှိပြီး သွားရည်ယိုချင်စဖွယ် ဖြစ်သည်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော သေးသွယ်သွယ် မိန်းကလေးတစ်ဦးသည် တက်ကြွစွာဖြင့် တံစို့အား လှည့်နေလေသည်။
သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများတွင် မီးတောက်များ အလင်းပြန်လျက်ရှိကာ လောဘတကြီးနှင့် လျှာသပ်နေလေသည်။
လျှို့ဝှက်စွာ လေ့လာလျက်ရှိကြသည့် ဟုန်သိုနှင့် တုန်ယန်မှာ ကြောင်အနေမိကြသည်။ ထိုမိန်းကလေးမှာ မည်သူနည်း။
“ဟေး တုန်ယန် သူမခေါင်းပေါ်မှာ ဟုတ်တယ်မလား” ဟုန်သို၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေလေသည်။ မျက်နှာမှာလည်း အံ့ဩပျော်ရွှင်လျက် ရှိသည်။
တုန်ယန်သည် အလေးအနက်ထား ခေါင်းညိတ်ကာဖြင့် “ငါလည်း အဲလိုပဲ ထင်တယ်။ အဲဒါ သေချာပေါက် ရွှေသောက်တော်ရေခွက်ပဲ”
မှန်သည်။ ထိုသေးသွယ်ပြီး ချစ်စဖွယ် မိန်းမငယ်လေးသည် လှပကာ လက်ရာမြောက် ခမ်းနားလှသည့် သရဖူတစ်ခုအား ဦးခေါင်းထက်တွင် ဆင်မြန်းထားသည်။ သေချာပေါက် ရွှေသောက်တော်ရေခွက်ပင် ဖြစ်သည်။
သူမဦးခေါင်းထက်တွင် ရွှေသောက်တော်ရေခွက်အား ဆင်မြန်းထားသော်လည်း ခမ်းနားထည်ဝါကာ ဖိနှိပ်နိုင်ခြင်း မရှိချေ။ စိတ်ဝင်စားဖွယ်ကောင်းပြီး ရယ်ရွှင်ဖွယ်ရာဖြစ်ကာ အနည်းငယ် ကလေးဆန်သည့် အသွင်ပေါ်သည်။ ရွှေသောက်တော်ရေခွက်မှာ လက်ရာမြောက် အရုပ်နှင့်ပင် တူလှသည်။
တုန်ယန်နှင့် ဟုန်သိုတို့မှာ မတည်ငြိမ်မှုများကို စတင်ခံစားမိလာသည်။ အရာတိုင်းသည် မြင်တွေ့နေရသလို မရိုးရှင်းမှန်း သိနေမိသည်။
သို့သော်လည်း အကယ်၍ ...
အကယ်၍များ ရွှေသောက်တော်ရေခွက် ရရှိရန်မှာ သူတို့မျှော်မှန်းထားသလို ခက်ခဲခြင်းမရှိလျှင် သူတို့အနေဖြင့် ရယူနိုင်မည် မဟုတ်ပါလား။
ရွှေသောက်တော်ရေခွက်အား ဆင်မြန်းထားသူမှာ မိန်းမငယ်လေး တစ်ဦးသာလျှင် ဖြစ်သည်။
အင်အားကြီး လေးရပ်တွင် သူတို့သည် ရွှေသောက်တော်ရေခွက်အား ဦးစွာတွေ့ရှိကြသူများ ဖြစ်သည်။ သူတို့အနေဖြင့် ဘာမှမလုပ်ဘဲ နေရမည်လား။
ဟုန်သိုနှင့် တုန်ယန်တို့မှာ သူတို့ကိုယ်ကို အတော်လေး ထိန်းချုပ်ထားကြရသည်။ သူတို့၏ တစ်ခုတည်းသော အားသာချက်မှာ ဤနေရာသို့ အရင်ဦးဆုံး ရောက်ရှိလာခြင်းသာလျှင် ဖြစ်သည်။ “အကယ်၍များ” ဟူသော အတွေးသည် သူတို့၏စိတ်ထဲ၌ တောမီးပမာ ပျံ့နှံ့လာနေပြီး တွန်းလှန်နိုင်စွမ်း မရှိကြချေ။
“ငါ သူမကို ထွက်လာအောင် လုပ်လိုက်မယ်။ တုန်ယန် နင်က အခြေအနေကို ကြည့်ပြီးတော့ လှုပ်ရှားလိုက်”
ခေတ္တမျှ ကြာပြီးသည့်နောက်တွင် ဟုန်သိုသည် သူ၏စိတ်အား ပြင်ဆင်လိုက်နိုင်သည်။
တုန်ယန်သည်လည်း ကွန့်ကွက်ခြင်းမရှိဘဲ ဟုန်သို၏ အစီအစဉ်အား လက်ခံပုံရသည်။
မိန်းမငယ်လေးသည် သူမ၏အသားကင်အား လှည့်နေရင်းနှင့် ရုတ်တရက်ဆိုသလို သူမအရှေ့တွင် ပေါ်လာသည့် ကျောက်ဘီလူးအား ကြည့်လိုက်သည်။
ဟုန်သိုသည် အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိသည်။ မိန်းမငယ်လေး၏ မျက်လုံးအတွင်း ကြည့်လိုက်သည့်အခါ ကြောက်ရွံ့ထိတ်လန့်မှုတို့ ရှိမနေကြောင်း သတိပြုမိသည်။ ထို့ကြောင့် နူးညံ့သိမ်မွေ့သည့် နည်းလမ်းဖြင့် ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။
“မင်္ဂလာပါ ညီမငယ်လေး”
ဟုန်သိုသည် သူ၏ ကြံရွယ်ချက်ကို ဖုံးကွယ်နိုင်ရန် အကောင်းဆုံး ကြိုးစားကာဖြင့် မိန်းမငယ်လေးအား ရင်းနှီးဖော်ရွေစွာဖြင့် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။
ဟုန်သို၏ နှုတ်ဆက်စကားအား ကြားသည့်အခါတွင် မိန်းမငယ်လေး၏ လှပသည့် မျက်နှာလေးသည် အေးစက်ကာ အသက်မဲ့လာသည်။
ဟုန်သိုသည် ချက်ချင်းဆိုသလို အန္တရာယ်ရှိသည့် ခံစားမှုတို့ လွှမ်းခြုံလာပြီး ခန္ဓာကိုယ်တစ်ခုလုံး တင်းကြပ်လာသည်။
နောက်ပြန်ဆုတ်တော့မည့် ဆဲဆဲမှာပင် သူ၏ရင်ဘတ်သို့ သေးငယ်သည့် လက်သီးတစ်လုံး ပစ်ဝင်လာသည်။
“ကျေးဇူးပြုပြီး ဘုရင်မကြီးလို့ ခေါ်ပေးပါ”
မိန်းမငယ်လေး၏ ကြည်လင်သည့်အသံမှာ မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားလေသည်။
ဝုန်း ...
လက်သီး၏ သက်ရောက်မှုသည် မြေပြင်အား အက်ကွဲစေပြီး တောင်တန်းအား တုန်ခါစေသည်။
ပြင်းထန်သည့် ပေါက်ကွဲမှုများကြောင့် မြေပြင်ထက်တွင် လျှိုမြောင်များ ဖြစ်ပေါ်လာပြီး မိုင်ပေါင်းများစွာအဝေးရှိ ကောင်းကင်တစ်နေရာတွင် ပေါက်ကွဲသွားလေသည်။
ဟုန်သို၏မျက်လုံးများ ပြူးကျယ်လာပြီးနောက် ပါးစပ်မှ ချော်ရည်များ စီးကျလာသည်။ သူ၏မာကျောလှသည့် ခန္ဓာကိုယ်မှာလည်း အက်ကွဲသွားလေသည်။
ပတ်လည်တွင် ရွှေရောင်အကာအကွယ် ပေါ်လာပြီးနောက် လက်သီးစွမ်းအားကို ထက်ဝက်ခန့် စုပ်ယူလိုက်သည်။ သို့တည်းမဟုတ်လျှင် ထိုလက်သီး၏ စွမ်းအားအပြည့်သည် ဟုန်သိုအား အစိတ်စိတ်အပိုင်းပိုင်း ပြတ်ထွက်သွားစေနိုင်သည်။
“ဖန်တီးခြင်းခန်းမမှ ဟုန်သို ထုတ်ပယ်ခံရ”
ကောင်းကင်ထက်မှ ကြေညာသံ ထွက်ပေါ်လာသည်။
*****