← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇)

ကိုယ့်ကိုယ်ကိုယ် အကြံပြုထားသည့် ဝတ္ထုတစ်ပုဒ်

သို့သော် တန်ယန်တွင်မူ 'အတတ်ကောင်း' တစ်ခု ရှိနေသည်။ သူမတွင် 'ယိတျန်တျန်စနစ်’ ရှိနေပါရက်နှင့် သူမ၏ လူမှုကွန်ရက် အကောင့်များကို စီမံခန့်ခွဲပေးရန် အခြားသူကို အဘယ်ကြောင့် လိုအပ်ပါဦးမည်နည်း။

ထို့ကြောင့် ယိတျန်တျန်သည် အလုပ်သစ်တစ်ခု ထပ်မံရရှိခဲ့သည်။ ၎င်းမှာ စာရေးဆရာ အကောင့်တစ်ခု ဖွင့်လှစ်ရန်နှင့် လည်ပတ်ရန်ပင် ဖြစ်သည်။

ဆားထဲသို့ သကြားအနည်းငယ်ထည့်ပါ (v): ကံကြမ္မာ၏ မမျှော်လင့်ဘဲ အလှည့်အပြောင်း တစ်ခုကြောင့် သူမသည် အတိတ်ကာလသို့ ရောက်ရှိသွားပြီး အနောက်မျှော်စင်တိုင်းပြည် ဝန်ကြီးချုပ်အိမ်တော်၏ အချစ်ဆုံးသမီးကြီး ဖြစ်လာခဲ့သည်။ ခေတ်သစ်လူသား တစ်ဦး၏ ထူးခြားသော ဆွဲဆောင်မှုဖြင့် ရှေးခေတ်လူသားတို့၏ နှလုံးသားကို သိမ်းပိုက်ရခြင်းမှာ မည်မျှ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါသနည်း။ လာရောက်ဖတ်ရှုလိုက်ပါဦး

ဖုန်းချီအွန်လိုင်း စာပေပလက်ဖောင်း၏ တရားဝင် Weibo အကောင့်ကလည်း ဤပို့စ်ကို ပြန်လည်မျှဝေ ပေးလိုက်သဖြင့် ဖောလိုဝါများအားလုံး ဤညွှန်းဆိုချက်ကို မြင်တွေ့သွားကြသည်။ ဇာတ်လမ်းသစ် စတင်ရန် ပြင်ဆင်နေသည့် အကဲခတ်ကောင်းသော စာရေးဆရာ အချို့သည် ဤညွှန်းဆိုချက်ကို မြင်သောအခါ ပလက်ဖောင်းပေါ်ရှိ ထိုဇာတ်လမ်း၏ သုံးသပ်ချက်များနှင့် ရေပန်းစားမှုကို လိုက်လံရှာဖွေ ကြည့်ကြတော့သည်။

ဤဝတ္ထုသည် 'ပေါက်' တော့မည့် လက္ခဏာများ ပြသနေသည်ကို သတိပြုမိ သွားကြပြီးနောက် လူအများအပြားမှာ သူတို့၏ ဇာတ်လမ်းအကျဉ်းများကို ပြန်လည်ပြင်ဆင်ကာ 'ခေတ်ကူးဝတ္ထု' များကို စတင် ရေးသားကြတော့သည်။ ရလဒ်အနေဖြင့် ဖုန်းချီပလက်ဖောင်းပေါ်ရှိ စာဖတ်သူများသည် ခေတ်သစ်ကာလမှသည် ရှေးခေတ်ကာလ သို့မဟုတ် အနာဂတ်ကာလသို့ ကူးပြောင်းသွားသည့် ဇာတ်လမ်းများ တစ်ဟုန်ထိုး များပြားလာသည်ကို သတိပြုမိသွားကြသည်။

၎င်းမှာ စာဖတ်သူများ အတွက်တော့ ဆိုးဝါးသောကိစ္စ မဟုတ်ပေ။ ရွေးချယ်စရာများ ပိုမိုများပြား လာသည့်အပြင် စာရေးဆရာများကလည်း အပြိုင်အဆိုင် ကြိုးစားလာကြသဖြင့် စာဖတ်သူများမှာ ပိုမိုကောင်းမွန်သော စာအုပ်များကို ဖတ်ရှုခွင့်ရလာကြခြင်းပင် ဖြစ်သည်။

မကြာမီမှာပင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းများ ထွက်ပေါ်လာမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။ တန်ယန်၏ အဒေါ်ဖြစ်သူ မိသားစုနှင့် ဦးလေးဖြစ်သူ မိသားစုအားလုံးမှာ သူမ၏ ဗီလာစံအိမ်သို့ စုရုံးရောက်ရှိလာကြသည်။

ရမှတ်များထုတ်ပြန်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ ပေါ့ပေါ့ပါးပါး စကားပြောနေကြသူများ အားလုံး တိတ်ဆိတ်သွားကြသည်။ အချိန်ကျလာသောအခါ ရမှတ်များကို စစ်ဆေးပေးမည့်သူ တန်ယွီက သူ၏ခုံနံပါတ်ကို စာမျက်နှာထဲသို့ လျင်မြန်စွာ ရိုက်ထည့်ကာ အကောင့်ဝင်ရန် စောင့်ဆိုင်းနေသည်။

လူတိုင်းမှာ ရမှတ်စစ်ဆေးရန် စောင့်ဆိုင်းနေကြသဖြင့် စာမျက်နှာမှာ အတော်ကြာအောင် အဝိုင်းလည်နေပြီးနောက်

"လက်ရှိတွင် အသုံးပြုသူ များပြားနေပါသဖြင့် ခဏကြာမှ ထပ်မံကြိုးစားပါ"

ဟူသော စာသားသာ ပေါ်လာသည်။

လီရှူးယောင်းသည် တန်ယန်၏ဘေးတွင် ထိုင်နေပြီး သူမ၏ ပေါင်ပေါ်တွင်တော့ ယိတျန်တျန်က ချော့မြှူခြင်းကို ခံယူရင်း ခွေနေသည်။ ရမှတ်ထွက်မည့် အခိုက်အတန့်သို့ ရောက်လာသောအခါ လီရှူးယောင်းမှာ အနည်းငယ် စိတ်လှုပ်ရှားလာပြီး တန်ယန်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

"ရှူးယောင်းမမ... စိတ်မလှုပ်ရှားပါနဲ့၊ ပုံမှန်အတိုင်းပဲ ဖြေခဲ့တာဆိုရင် အဆင်ပြေမှာပါ"

"မမသိပါတယ်၊ ဒါပေမဲ့ စိတ်ကိုလျှော့ထားလို့ မရဘူးဖြစ်နေတယ် ဒီရက်ပိုင်းအတွင်းမှာ မမ စဉ်းစားနေမိတာက... စာမေးပွဲမှာ အမှတ်ကောင်းခဲ့ရင် ပြည်ပကိုမသွားခင် တရုတ်ပြည်မှာပဲ တက္ကသိုလ် အရင်ပြီးအောင် တက်သင့်လားလို့ ဒါပေမဲ့လည်း ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကျောင်းကို စောစောသွားတာက အနာဂတ် အလုပ်အကိုင်အတွက် ပိုပြီးအကျိုးရှိမယ်လို့လည်း ခံစားနေရတယ်"

လီရှူးယောင်းတစ်ယောက် ဝေခွဲမရဖြစ်ကာ စိတ်မအေး ဖြစ်နေစဉ်မှာပင် တန်ယွီက အံ့သြတကြီး အော်ပြောလိုက်သည်။

"ထွက်လာပြီ"

အားလုံး၏အကြည့်မှာ ကြိုတင်ချိန်းဆိုထားခြင်း မရှိဘဲ လက်တော့ပ် စခရင်လေးဆီသို့ စုပြုံပြီး ရောက်ရှိသွားကြပါသည်။

"ဝါး ၅၇၈ မှတ်တောင် တကယ့်ကို အံ့သြဖို့ကောင်းလိုက်တာ"

S မြို့တော်၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စုစုပေါင်းရမှတ်မှာ ၆၅၀ မှတ် ဖြစ်သည်။ ဤရမှတ်မှာ အလွန်ကောင်းမွန်သော တက္ကသိုလ်တစ်ခုသို့ တက်ရောက်ရန် လုံလောက်သော အမှတ်ပင်ဖြစ်သည်။

လီရှူးယောင်းသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျလာရသည်။ ဤရမှတ်သည် သူမ တက်ရောက်လိုသည့် ဒီဇိုင်းဘာသာရပ် သင်ကြားသောကျောင်းကို စိတ်ကြိုက် ရွေးချယ်နိုင်ရန် လုံလောက်ပေသည်။ သူမအတွက် နောက်ထပ် ရွေးချယ်စရာတစ်ခု ရရှိသွားပြီဖြစ်၏။ ၎င်းမှာ တရုတ်ပြည်တွင်း၌ပင် ဖက်ရှင်ဒီဇိုင်း ဘာသာရပ်ကို အရင်တက်ရောက်ပြီး ဘွဲ့ရရှိမှသာ YL နိုင်ငံရှိ ML အနုပညာအကယ်ဒမီတွင် ပညာဆက်လက် သင်ယူရန်ပင် ဖြစ်သည်။

အကယ်၍ စာမေးပွဲတွင် အမှတ်မကောင်းခဲ့ပါက သူမအနေဖြင့် YL နိုင်ငံရှိ တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားကာ ပြည်ပသို့ ထွက်ခွာရပေမည်။ ယခုအခြေအနေမှာ သူမအတွက် အလွန်ပင် ကောင်းမွန်လွန်းနေသည်။ သူမအနေဖြင့် ပိုမိုပြည့်စုံသော ပြင်ဆင်မှုများကို ပြုလုပ်နိုင်တော့မည်။

"ဂုဏ်ယူပါတယ် ရှူးယောင်းမမ"

တန်ယန်သည် သူမအတွက် တကယ်ပင် ဝမ်းသာနေပြီး လီရှူးယောင်းကို ပြေး၍ဖက်လိုက်သည်။

"ကျေးဇူးပါပဲယန်ယန်... တကယ်ကို ကျေးဇူးတင်ပါတယ်"

အကယ်၍ တန်ယန်က သူမကို ထိုစကားများဖြင့် အားပေးလမ်းပြခဲ့ခြင်း မရှိပါက သူမသည် ယခုအချိန်အထိ ကိုယ့်ကိုယ်ကိုယ် သနားကာ ဝမ်းနည်းပူဆွေးရင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုပင် လွဲချော်ခဲ့ပေလိမ့်မည်။

"ဒီနေ့တော့ ငါတကယ်ကို ပျော်တယ်ဟေ့ ခဏနေရင် 'ရှီးယွီ' စားသောက်ဆိုင်မှာ ဝိုင်းတစ်ခု ကြိုတင်မှာထားဖို့ မင်းအဒေါ်ကို ပြောလိုက်မယ်၊ အားလုံးအတူတူ အောင်ပွဲခံကြတာပေါ့"

ယန်ဝမ်ဘိုက ပြုံးရွှင်စွာ ပြောလိုက်သည်။ သူ၏သမီးဖြစ်သူက ဤမျှ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ခြင်းအပေါ် သူအလွန်ပင် ဂုဏ်ယူနေမိသည်။

"ကောင်းပါပြီ၊ ကျွန်မအခုပဲ ဖုန်းဆက်မှာလိုက်ပါ့မယ် ရှင့်တို့ခဏလောက် စကားပြောနေကြဦး"

ဂျူးမန်သည် ခင်ပွန်းဖြစ်သူကို အမြဲတမ်း မျက်နှာသာ ပေးလေ့ရှိသူဖြစ်ရာ ချက်ချင်းပင်ထ၍ အစားအစာများ မှာယူရန် ဖုန်းဆက်တော့သည်။

"မမက တကယ်ကို တော်တာပဲ"

ယန်ယီအန်က လက်မထောင်၍ ချီးကျူးလိုက်သည်။

"ဒါဆို မင်းကရော မင်းမမဆီကနေ အတုမယူဘူးလား"

ယန်ဝမ်ဘိုသည် သူ၏သားဖြစ်သူကို ချက်ချင်းပင် စတင်နှိမ်လိုက်ပြီး သူလုပ်သမျှကို အပြစ်လိုက်ရှာတော့သည်။

ယန်ယီအန်မှာ ဆွံ့အသွားရပြီး သူ၏တည်ရှိမှုကို အမြန်ဆုံး ဖျောက်ဖျက်ထားသင့်မှန်း သိလိုက်ရသည်။

တန်ယွီသည် ယန်ယီအန်ကို သနားကရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူတို့နှစ်ဦးမှာ တစ်ဦး၏ဒုက္ခကို တစ်ဦးက နားလည်နေသည့်အလား အကြည့်ချင်း ဆုံသွားကြ၏။

"ကဲပါ... ဒီနေ့က ပျော်စရာနေ့ပဲလေ ကလေးအကြောင်းတွေကို မပြောကြပါနဲ့တော့"

ယန်ရိုးလင်က ကလေးဘက်မှ ချက်ချင်းဝင်ရောက် ကာကွယ်ပေးလိုက်ရာ ယန်ယီအန်ထံမှ ကျေးဇူးတင်သော အကြည့်များကို ရရှိလိုက်သည်။

"ရိုးလင်... အကိုတန်က ဒီနေ့နေ့လယ် အားရဲ့လား သူအလုပ်များနေရင်လည်း ဟိုဟိုဒီဒီ လျှောက်မပြေးခိုင်းပါနဲ့တော့ တို့ရဲ့ အိမ်ရာစီမံကိန်းကလည်း ပြီးသလောက် ဖြစ်နေပြီ မဟုတ်လားနင်တို့တွေ တကယ်ကို မြန်မြန်ဆန်ဆန် တိုးတက်လာကြတာပဲ"

"ဟုတ်ပါရဲ့၊ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကဆိုရင် နင်တို့ဇနီးမောင်နှံ ဒီလောက်အထိ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုမျိုးကို တည်ဆောက်နိုင်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ တကယ်ကို အားကျဖို့ကောင်းတယ်"

လီရှူးယောင်း၏ ဖခင်ဖြစ်သူ လီယွီရှင်းက စကားဝိုင်းထဲသို့ ဝင်ရောက်၍ ပြောဆိုလိုက်သည်။

"ကျွန်မတို့လည်း ဒါမျိုးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး တို့တွေက လုပ်ငန်းနယ်ပယ်ရဲ့ ထိပ်ဆုံးကို အခန့်သင့် ရောက်သွားရုံပါပဲ အားလုံးက ကံတရားကြောင့်လို့ပဲ ပြောရမှာပေါ့"

ယန်ရိုးလင်က ရင်ထဲမှလာသော အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

"အရမ်းလည်း အားမကျပါနဲ့၊ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာတွေပဲလေ"

ယန်ရိုရှန်က နောက်ပြောင်သော လေသံဖြင့် ဝင်ပြောလိုက်လေသည်။

"မဖြစ်နိုင်တာ တို့တွေ ဒီနေ့ဒီလို အခြေအနေမျိုး ရောက်လာတာ သူတို့ရဲ့ အကူအညီတွေကြောင့်ပဲလေ ဘယ်လိုလုပ်ပြီး လောဘတက်နိုင်မှာလဲ အခုဘဝက ကျွန်တော့်အတွက်တော့ အားရကျေနပ်စရာ အကောင်းဆုံးပါပဲ"

လီယွီရှင်းက သက်ပြင်းချရင်း ပြောလိုက်သည်။ လွန်ခဲ့သည့် ခြောက်လအတွင်း သူ၏မိသားစုတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများမှာ သူ၏ယောက္ခမ မိသားစုကြောင့်ဆိုသည်ကို သူတန်ဖိုးထား သိရှိနေပါသည်။

"ကျွန်တော်တို့ ယန်မိသားစုမှာ ကျေးဇူးကန်းတဲ့သူ တစ်ယောက်မှ မရှိပါဘူး ဟားဟားဟား... အစ်မကြီး စိုးရိမ်မနေပါနဲ့"

ယန်ဝမ်ဘို၏ ပို့ဆောင်ရေး လုပ်ငန်းမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာနေသည်။ အွန်လိုင်းဈေးဝယ်ပလက်ဖောင်းများ ခေတ်စားလာသည်နှင့်အမျှ လူအများမှာ ကိုယ်တိုင်သွားဝယ်မည့်အစား အွန်လိုင်းမှ ဝယ်ယူလာကြသဖြင့် သူတို့ကုမ္ပဏီ၏ လုပ်ငန်းပမာဏမှာလည်း သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

"အားလုံးပဲ... စားပွဲမှာလို့ ပြီးပါပြီ ခဏနေရင် သွားကြမယ်နော်၊ အခုပဲ မွန်းတည့်တော့မှာဆိုတော့ ပြင်ဆင်ထားကြတော့"

ဂျူးမန်သည် ဖုန်းဆက်ပြီးနောက် အထဲသို့ဝင်လာကာ အားလုံးကို နေ့လယ်စာအတွက် အသိပေးလိုက်သည်။

"ကောင်းပြီလေ၊ ငါ အင်္ကျီသွားလဲလိုက်ဦးမယ်"

ယန်ရိုးလင်သည် အိမ်နေရင်း အဝတ်အစားနှင့် ဖြစ်နေသည့်အတွက် အပြင်ထွက်ရန် မသင့်တော်သဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

"သမီးလည်း လိုက်မယ်"

တန်ယန်ကလည်း သူမနောက်မှ အပေါ်ထပ်သို့ လိုက်သွားတော့သည်။

နှစ်ယောက်သား အဝတ်အစားလဲပြီးနောက် မိသားစုများအားလုံး စုပေါင်း၍ အပြင်သို့ ထွက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် တန်ယန်နှင့် လီရှူးယောင်းတို့မှာ တစ်ဦးနှင့်တစ်ဦး မှီတွယ်ရင်း ညီအစ်မနှစ်ယောက် ပြောမကုန်နိုင်သော စကားများကို ပြောနေကြတော့သည်။

"ယန်ယန်... မမ စာမေးပွဲပြီးတုန်းက အချိန်ဖြုန်းဖို့ ဝတ္ထုတွေ လိုက်ရှာဖတ်သေးတယ် မမသူငယ်ချင်းညွှန်းတဲ့ စာအုပ်တစ်အုပ်ရှိတယ်၊ တကယ်ကိုကောင်းတာ မမရှာပေးမယ် နင်လည်းဖတ်ကြည့်ဦး"

ဝတ္ထုအကြောင်း ကြားလိုက်ရသည်နှင့် တန်ယန်၏ စိတ်ထဲတွင်

"မဖြစ်နိုင်တာ... ဒီလောက်တောင် တိုက်ဆိုင်ရလား"

ဟူသော ခံစားချက် ဝင်လာခဲ့သည်။ ထင်သည့်အတိုင်းပင်...

"ဒါလေးလေ... 'အနောက်မျှော်စင်သို့ အိပ်မက်ပြန်လည်စေခြင်း' တဲ့ မမပြောပြမယ် ဒါက တကယ်ကောင်းတာ ဘာအကြောင်းလဲဆိုတော့..."

လီရှူးယောင်းက ထိုစာအုပ် မည်မျှကောင်းကြောင်း တတွတ်တွတ် ပြောနေစဉ် တန်ယန်၏ နဖူးပေါ်တွင်တော့ အမည်းရောင် မျဉ်းသုံးကြောင်း (စိတ်ပျက်သော အမူအရာ) ထင်ဟပ်နေတော့သည်။ ထိုစာအုပ် ဘာအကြောင်းလဲ ဆိုသည်ကို သူမထက်ပိုသိသူ မည်သူရှိပါဦးမည်နည်း။ သို့သော် သူမ၏ စာရေးဆရာ အိုင်ဒီကိုတော့ လျှို့ဝှက်ထားရပေဦးမည်။

ဟိုတယ်၏ သီးသန့်ခန်းသို့ ရောက်ရှိကာ အားလုံး နေရာယူပြီးသည့်တိုင်အောင် လီရှူးယောင်းမှာ သူမ၏ ဝတ္ထုကြော်ငြာခြင်းကို မရပ်တန့်နိုင်ဘဲ ဝန်လေးစွာဖြင့်သာ စကားဖြတ်လိုက်ရသည်။

တန်ချင်းရွှဲ့သည် လှပသော ကိတ်မုန့်တစ်ခုကို ယူဆောင်လာခဲ့ရာ တန်ယွဲဂျားမှာ အတိုင်းမသိ ပျော်ရွှင်သွားတော့သည်။ သူမသည် မကြာသေးမီက သွားပိုးစားထားသဖြင့် အချိုစားသုံးမှုကို တင်းကြပ်စွာ ကန့်သတ်ခံထားရသူ ဖြစ်သည်။ ကိတ်မုန့်ကို တစ်လုပ်တည်းသာ စားရမည်ဟု ကြားလိုက်ရသောအခါ သူမ၏ ပျော်ရွှင်နေသော မျက်နှာလေးမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။

နောက်ဆုံးတွင် ဂျူးမန်က ဒီနေ့သည် လီရှူးယောင်းအတွက် ဂုဏ်ပြုသည့် နေ့ဖြစ်ကြောင်း ပြောလိုက်ရာ လီရှူးယောင်းမှာ ပျော်ရွှင်စွာဖြင့် ဖန်ခွက်ကိုမြှောက်ကာ အားလုံးကို တိုက်လိုက်သည်။ သူမက

"သမီး ရှူးယောင်းမမအတွက် ဝမ်းသာပါတယ်၊ ကိတ်မုန့်စားရလို့ မဟုတ်ပါဘူးနော်"

ဟုပင် ထပ်မံပြောလိုက်သေးသည်။

ထိုစကားကြောင့် အားလုံးထံမှ ချစ်စဖွယ် ရယ်မောသံများ ထွက်ပေါ်လာပါသည်။

ညစာစားပြီးနောက် အားလုံးမှာ ပျော်ပျော်ပါးပါး စကားပြောရယ်မောရင်း တန်မိသားစု၏ ဗီလာစံအိမ်သို့ ပြန်လာခဲ့ကြသည်။ ချင်ယွီရုံက သစ်သီးများနှင့် လက်ဖက်ရည်များကို အဆင်သင့်ပြင်ဆင်ပေးထား၏။ စကားဝိုင်းမှာ စီးမျောနေရင်းမှ နောက်ဆုံးတွင် ဘွဲ့နှင်းသဘင်အကြို (သို့မဟုတ်) ကျောင်းပြီးသည့်အထိမ်းအမှတ် ခရီးထွက်မည့် ကိစ္စဘက်သို့ ဦးတည်သွားတော့သည်။

လီရှူးယောင်းကမူ သူမအနေဖြင့် တက္ကသိုလ် သင်ခန်းစာများကို ကြိုတင်လေ့လာရန် အစီအစဉ်ရှိကြောင်းနှင့် သူမ၏ အရည်အချင်းများ တိုးတက်လာစေရန် သင်တန်းတစ်ခုခုပင် တက်ရောက်ကောင်း တက်ရောက်ဖြစ်လိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် လောလောဆယ်တွင် ခရီးထွက်ရန် မစဉ်းစားထားဘဲ နောင်မှသာ အချိန်ပေး၍ ခရီးထွက်တော့မည်ဟု ပြောလိုက်သည်။

တန်ယန်သည် ထိုစကားကို ကြားသောအခါ လီရှူးယောင်း၏ စိတ်ဓာတ်ကို အထင်ကြီး လေးစားသွားမိပြီး ထောက်ခံသည့်အနေဖြင့် လက်ထောင်ပြလိုက်သည်။ ကြိုးစားအားထုတ်လိုစိတ်ရှိသူများသည် အနှေးနှင့်အမြန်ဆိုသလို ကြီးကျယ်သော အောင်မြင်မှုများကို ရရှိကြစမြဲသာ ဖြစ်ပေသည်။

အခန်း (၁၁၈)

တန်ယွဲဂျား၏ မွေးနေ့ပွဲ

"အနောက်မျှော်စင်" ဝတ္ထုကို တစ်လနီးပါး အဆက်မပြတ် တင်ပေးခဲ့ပြီးနောက် တန်ယန်သည် "အနောက်မျှော်စင်သို့ အိပ်မက်ပြန်လည်စေခြင်း" ၏ ဇာတ်သိမ်းပိုင်းကို ရေးသားပြီးစီးသွားခဲ့ပြီဖြစ်သည်။ စာအုပ်တစ်အုပ်လုံး၏ စာလုံးရေမှာ ၃၅၀,၀၀၀ (သုံးသိန်းခွဲ) ခန့်ရှိပြီး၊ စာလုံးရေ သန်းချီရှိတတ်သည့် အခြားသော အွန်လိုင်းဝတ္ထုများနှင့် ယှဉ်လျှင်မူ အတော်လေး ကျစ်လျစ်သည်ဟု ဆိုရပေမည်။

ဇူလိုင်လ ကုန်ဆုံးခါနီးအချိန်တွင် တန်ယွဲဂျား၏ မွေးနေ့လေး နီးကပ်လာခဲ့သည်။ မိသားစုဝင်များနှင့် သူမ၏သူငယ်ချင်းများ စုံစုံလင်လင်ဖြင့် မွေးနေ့ပွဲကို စနေ၊ တနင်္ဂနွေပိတ်ရက်၌ ကျင်းပရန် အားလုံးက သဘောတူခဲ့ကြသည်။ တန်ယွဲဂျားလေးမှာမူ ဤကဲ့သို့ အတွေ့အကြုံမျိုး တစ်ခါမျှ မရှိခဲ့ဖူးသဖြင့် ထိုနေ့ကို အလွန်ပင် မျှော်လင့်နေရှာသည်။

တန်ယန် ကြိုတင်မှာယူထားသော ကလေးသုံး လက်ကိုင်အိတ်နှင့် မင်းသမီးဝတ်စုံလေး ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရှေ့မှောက်ရှိ မင်းသမီးဝတ်စုံလေးကို မြင်လိုက်ရသောအခါ တန်ယွဲဂျား၏ မျက်လုံးလေးများမှာ ဝင်းခနဲ ဖြစ်သွားတော့သည်။ တီဆိုပန်းဥယျာဉ်သို့ သွားစဉ်က ဂါဝန်လေးများ အများကြီး ဝယ်ခဲ့ဖူးသော်လည်း ယခုဝတ်စုံလေးက ပို၍ပင် လှပနေသေးသည်။

နောက်ဆုံးတွင် ထိုရက်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေ့တွင် တန်ယွဲဂျားလေးသည် ထူးထူးခြားခြား စောစောနိုးနေခဲ့သည်။ မိုးသောက် အလင်းတန်းလေး စတင်ပေါ်စ အချိန်မှာပင် သူမသည် ဧည့်ခန်းလေးထဲရှိ ဆိုဖာပေါ်တွင်ထိုင်ကာ ခွေးလေးကို ပွတ်သပ်နေခဲ့သည်။ သူမက

"ယိတျန်ရေ... ဒီနေ့က ငါ့မွေးနေ့လေ၊ နင့်မှာရော မွေးနေ့ရှိလား ငါနင့်ကို သီချင်းဆို သင်ပေးရမလား"

ဟု တတွတ်တွတ် ပြောနေတော့သည်။

【အရှင်... ငါ့ကို ကယ်ပါဦး ခွေးတောင်မှ သည်းမခံနိုင်တော့ဘူး】

တန်ယန်မှာ အိပ်ရာမှနိုးလာစဉ် ကြောင်တောင်တောင် ဖြစ်သွားရသည်။

【ဘာဖြစ်လို့လဲ】

【ဂျားဂျားလေးက အရမ်းကို စိတ်လှုပ်ရှားနေတာလေ ဒီမနက်အစောကြီးကတည်းက ဧည့်ခန်းထဲမှာ ထိုင်စောင့်ရင်း ငါ့ကို တောက်လျှောက် စကားတွေပြောနေတာ အခုဆို ခွေးတစ်ကောင်ကို 'Happy Birthday' သီချင်းတောင် သင်ပေးချင်နေပြီ】

【ဟားဟား.... 】

တန်ယန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ထိုကောင်မလေး တကယ်ကို ပျော်နေရှာသည်ပင် ဖြစ်၏။

သူမ အောက်ထပ်သို့ ဆင်းလာသောအခါ ယိတျန်တျန်မှာ လျှပ်စီးလက်သကဲ့သို့ သူမထံသို့ ပြေးဝင်လာတော့သည်။ တန်ယန်က ၎င်း၏ခေါင်းကို နှစ်သိမ့်သည့် အနေဖြင့် အသာပုတ်ပေးလိုက်ကာ ရင်ခွင်ထဲသို့ ပွေ့ပိုက်ထားလိုက်သည်။

"မမ"

တန်ယန်ကို မြင်လိုက်ရသဖြင့် တန်ယွဲဂျားလေးမှာ ဝမ်းသာအားရ ဖြစ်သွားသည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ဂျားဂျားလေး"

"ကျေးဇူးတင်ပါတယ် မမ"

"မမနဲ့အတူ စန္ဒရား သွားတီးကြမလား ဒီည လူတွေအများကြီးရှေ့မှာ တီးပြရမှာဆိုတော့ စိတ်လှုပ်ရှားနေလား"

မွေးနေ့ပွဲများတွင် မိသားစုဝင်များရှေ့၌ မိမိ၏ အရည်အချင်းကို ထုတ်ဖော်ပြသရခြင်းမှာ တန်မိသားစု၏ ရှေးယခင်ကတည်းက ရှိခဲ့သော အစဉ်အလာ တစ်ခုပင်ဖြစ်သည်။ တစ်ခါက တန်ယွီကလေးဘဝတွင် ဘာပြရမှန်း မသိသဖြင့် ဂျွမ်းထိုးပြခဲ့သည်ကို တန်ယန် မှတ်မိနေသေးသည်။ ကံမကောင်းစွာဖြင့် သူသည် ဖခင်ဖြစ်သူ အလွန်မြတ်နိုးသော ငါးကန်ကိုတိုက်မိကာ ခွဲလိုက်မိသဖြင့် လမ်းထိပ်အထိ အဖေဖြစ်သူ၏ လိုက်လံ ရိုက်နှက်ခြင်းကို ခံခဲ့ရဖူးသည်။

"နည်းနည်းတော့ စိတ်လှုပ်ရှားတယ်မမ၊ အဲဒါကြောင့် သမီးနဲ့အတူ ခဏလောက် လေ့ကျင့်ပေးပါဦးနော် သမီးတီးတာ မှားနေတာရှိရင် ပြပေးပါဦး ဟဲဟဲ"

ယိတျန်တျန်မှာတော့ တန်ယန်က ဆိုဖာပေါ်သို့ ပြန်တင်ထားခဲ့သဖြင့် အမြီးလေးကို အသာအယာနန့်ကာ အေးဆေးစွာ ခွေနေတော့သည်။ ဟူး... နောက်ဆုံးတော့ လွတ်လပ်သွားပြီ။

မွေးနေ့ပွဲကို နေ့လယ်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ယနေ့ ရာသီဥတုမှာလည်း အလွန်ပင် သာယာလှပနေသည်။

ဧည့်ခန်းတစ်ခုလုံးကို ကာတွန်းရုပ်ပုံများနှင့် မင်းသမီးလေးများ၏ ပုံစံအတိုင်း အသစ်တစ်ဖန် ပြင်ဆင်ထားသည်။ တန်ယွဲဂျားသည် တန်ယန် ပြင်ဆင်ပေးထားသော မင်းသမီးဝတ်စုံလေးကို လဲလှယ်ဝတ်ဆင်ကာ ထွက်လာခဲ့သည်။ မကြာမီမှာပင် ဧည့်သည်များ စတင် ရောက်ရှိလာကြ၏။

တန်ယွဲဂျားသည် သူမ၏ မိသားစုဝင်များအပြင် အတန်းဖော်သူငယ်ချင်း အချို့ကိုလည်း ဖိတ်ကြားထားသည်။ လူတိုင်းက သူမအတွက် လက်ဆောင်များ အသီးသီး ပြင်ဆင်လာကြရာ ကောင်မလေးမှာ မျက်တောင်မခတ်နိုင်အောင် ပြုံးပျော်နေပြီး မျက်လုံးလေးများပင် ပျောက်ကွယ်မတတ် ဖြစ်နေတော့သည်။

ကျိုးကျားရှင်း: "ဝါး ဂျားဂျားလေးရေ... ဒီနေ့ နင်တကယ်ကို လှနေတာပဲ မွေးနေ့မှာ ပျော်ရွှင်ပါစေနော် ဒါက ငါ့ရဲ့လက်ဆောင်ပါ၊ နင်ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

တန်ယွဲဂျား: "ကျေးဇူးပါပဲ၊ ငါတကယ်ကို ကြိုက်ပါတယ် အခုချက်ချင်း ဖွင့်ကြည့်လို့ရမလား"

ကျိုးကျားရှင်း: "အင်း မြန်မြန်ဖွင့်ကြည့်လိုက် ငါဒါကို အကြာကြီး ရွေးထားရတာ"

ခွင့်ပြုချက်ရသည်နှင့် တန်ယွဲဂျားသည် လက်ဆောင်ဘူးကို စတင်ဖွင့်လိုက်သည်။ အတွင်း၌ ဝက်ဝံရုပ်လေးတစ်ရုပ် ရှိနေပြီး ထိုဝက်ဝံရုပ်လေးမှာ ချစ်စဖွယ် ဇာနားပါသော ဂါဝန်လေးကို ဝတ်ဆင်ထားသဖြင့် အလွန်ထူးခြားနေသည်။ ထို့ပြင် ဘေးနားတွင်လည်း ဝတ်စုံလေးအချို့ အပိုပါဝင်နေသေးသည်။

သူမသည် ဝက်ဝံရုပ်လေးကိုမကာ အံ့သြတကြီး အော်လိုက်သည်။

"ရှင်းရှင်း... ဒီဝက်ဝံရုပ်က အင်္ကျီလဲလို့ ရတာလား"

ကျိုးကျားရှင်း: "ရတာပေါ့ ဒီဝက်ဝံရုပ်ကို ငါဝယ်တာ အင်္ကျီတွေကိုတော့ ငါ့မေမေက ကိုယ်တိုင် ချုပ်ပေးထားတာလေ"

တန်ယွဲဂျား: "နင့်မေမေက တကယ်ကိုတော်တာပဲ ငါအများကြီးကြိုက်တယ်၊ နင့်ကိုလည်း ကျေးဇူးတင်သလို အန်တီ့ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပေးပါဦးနော်"

"ထမင်းစားလို့ ရပါပြီ"

တန်ချင်းရွှဲ့သည် သူမ၏ချစ်သူ ယန်ဝေကျိန်းနှင့်အတူ ရောက်လာပြီး အားလုံးကို ထမင်းစားရန် လှမ်းခေါ်လိုက်သည်။

ယနေ့တည်ခင်းသော တရုတ်ဟင်းလျာများ အားလုံးကို ဝေ့ယီဂဲမှ စားဖိုမှူးကိုယ်တိုင် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ S မြို့တော်ရှိဆိုင်ခွဲမှာ ပြုပြင်မွမ်းမံမှုများ ပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိသည့် အသေးစိတ် အချက်အလက်များ ပြီးစီးပါက မင်္ဂလာရှိသော နေ့တစ်နေ့တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။

ထို့ကြောင့် S မြို့တော်သို့ ပြောင်းရွှေ့လာသော စားဖိုမှူးသည် ပတ်ဝန်းကျင်အသစ်နှင့် ရင်းနှီးစေရန် ကြိုတင်ရောက်ရှိနေခြင်း ဖြစ်သည်။ တန်ယွဲဂျား၏ မွေးနေ့နှင့် တိုက်ဆိုင်နေသဖြင့် တန်ယန်က သူ့ကို အိမ်သို့လာရောက် ချက်ပြုတ်ပေးရန် ဖိတ်ကြားခဲ့ခြင်းပင် ဖြစ်သည်။

စားပွဲပေါ်တွင် အိမ်တော်ထိန်းကျန်းကိုယ်တိုင် တစ်ရက်ချင်းနှုန်းဖြင့် ငှားရမ်းပေးထားသော နာမည်ကြီး အနောက်တိုင်းစားဖိုမှူး ပြင်ဆင်ထားသည့် အနောက်တိုင်း ဟင်းလျာအချို့လည်း ပါဝင်သည်။

ထမင်းစားပွဲတွင် တန်ယွဲဂျားသည် သူမ၏ သူငယ်ချင်းများနှင့် အတန်းဖော်များကို ဟင်းများထည့်ပေးရင်း အလွန်ပင် ဂရုတစိုက် ဧည့်ခံနေခဲ့သည်။ အချုပ်ဆိုရသော် အားလုံးပင် ထိုနေ့လယ်စာကို အထူးနှစ်သက် သဘောကျသွားကြသည်။

အခမ်းအနား၏ ဒုတိယပိုင်းတွင် တန်ချင်းရွှဲ့က မွေးနေ့ကိတ်ကို တည်ခင်းပေးလိုက်သည်။ ထိုကိတ်မှာ 'တက်စ်ကမ္ဘာ' အပန်းဖြေဥယျာဉ်ရှိ မင်းသမီးလေးပုံစံ ပြုလုပ်ထားသော ပန်းရောင်နှင့် ခရမ်းရောင် ရောယှက်နေသည့် သုံးထပ်ကိတ်ကြီး ဖြစ်သည်။ တန်ယွဲဂျားမှာ ထိုကိတ်ကို အလွန်သဘောကျသဖြင့် သူမ၏အတန်းဖော်များ၊ သူငယ်ချင်းများနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ထို့နောက် တန်ယွဲဂျား၏ မိသားစုဝင်များက လက်ဆောင်များ စတင်ပေးကြတော့သည်။ တန်ယန်ပေးသော အထူးမှာယူထားသည့် လက်ကိုင်အိတ် အပါအဝင် အခြားသူများ၏ လက်ဆောင်များမှာလည်း အသုံးဝင်သော ပစ္စည်းများသာ ဖြစ်ကြသည်။

သို့သော် ယန်ဝေကျိန်းပေးသော လက်ဆောင်မှာမူ အလွန်ထူးခြားလှသဖြင့် တန်ယန်က ထိုလက်ဆောင်ကို ယနေ့၏ 'အကောင်းဆုံးလက်ဆောင်' ဟုပင် သတ်မှတ်လိုက်မိသည်။

"ဒါကတော့ ဂျားဂျားလေးအတွက် ဦးဦးပေးတဲ့ ဂိမ်းလေးပါ။ ဂျားဂျားလေး ရဲတိုက်ထဲမှာနေတဲ့ မင်းသမီးလေးလို နေ့တိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်"

ယန်ဝေကျိန်းက သူ၏ လပ်တော့ပ်ကိုဖွင့်ကာ တန်ယွဲဂျားအတွက် ထိုဂိမ်းကို စတင် လည်ပတ်ပြလိုက်သည်။

တန်ယန်က အနားသို့ လျှောက်သွားကာ ကြည့်လိုက်သောအခါ ၎င်းမှာ ဝဘ်ဆိုက်အခြေပြု အဝတ်အစားလဲသည့် ဂိမ်းတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ အရင်ဘဝက အလွန်နာမည်ကြီးခဲ့သော မီရယ်ကယ်နစ်ကီဂိမ်းနှင့် ဆင်တူလှသည်။ ပို၍ထူးခြားသည်မှာ ဂိမ်းထဲမှ ဇာတ်ကောင်၏ မျက်နှာမှာ တန်ယွဲဂျား၏ မျက်နှာကို ပုံစံတူယူထားခြင်းဖြစ်ပြီး နောက်ခံမှာလည်း မင်းသမီးလေး၏ ရဲတိုက်ကြီး ဖြစ်နေခြင်းပင်ဖြစ်သည်။

တန်ယွဲဂျားသည် သူမနှင့်ပုံစံတူသော ကာတွန်းဇာတ်ကောင်လေးက ရဲတိုက်ထဲရှိ အခန်းများအတွင်း ဝတ်စုံလေးဖြင့် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည့်အခါ အလွန်အံ့သြဝမ်းသာသွားသည်။ သူမသည် မောက်စ်ကို အသုံးပြုကာ ဇာတ်ကောင်လေးအား ဟိုဟိုဒီဒီ ရွှေ့ကြည့်ရင်း စမ်းသပ် ကစားကြည့်နေတော့သည်။

"သမီးအရမ်းကြိုက်တယ် ကျေးဇူးတင်ပါတယ် ဦးဦးယန်"

တန်မိသားစုဝင်များလည်း ဤသည်ကို မြင်ရသည့်အခါ အလွန်ကျေနပ်သွားကြသည်။ ယန်ဝေကျိန်းသည် ဤလက်ဆောင်အတွက် အတော်လေး စိတ်နှစ်ပြီး ပြင်ဆင်ခဲ့သည်မှာ ထင်ရှားလှသည်။ ဂိမ်းတစ်ခု မည်သို့ဖန်တီးရသည်ကို သူတို့ အသေးစိတ် မသိသော်လည်း ၎င်းမှာ မလွယ်ကူသည့် အလုပ်ဖြစ်ကြောင်းကိုတော့ ခန့်မှန်းမိကြသည်။

【အရှင်... ဒီဂိမ်းလေးက အတော်လေး ကောင်းပါတယ် လက်ရှိဈေးကွက်ထဲမှာ ဒီလိုဂိမ်းမျိုး မရှိသေးဘူး】

【နင့်မှာရော လယ်ယာတွေ၊ ခြံတွေ စီမံခန့်ခွဲလို့ရတဲ့ ဂိမ်းမျိုးတွေရှိလား】

【ငါ့ဆီမှာတော့ မရှိဘူး၊ ဒါပေမဲ့ စတူဒီယို တစ်ခုကတော့ အဲဒါမျိုး ရေးနေပုံရတယ် စမ်းသပ်ပြီး ဖြန့်ချီဖို့တောင် နီးစပ်နေပြီထင်တယ်】

【အဲဒါဆိုရင် ငါ့အတွက် သူတို့ကို ဆက်သွယ်ပေးပါ သူတို့ဘက်က ရင်းနှီးမြှုပ်နှံသူ လိုအပ်နေသလား ဆိုတာကို စုံစမ်းပေးဦး】

【ဟုတ်ကဲ့ပါ အရှင်၊ ငါ့ကိုပဲ လွှဲထားလိုက်ပါ】

*

တန်ယွဲဂျား၏ မွေးနေ့ပွဲ ပြီးဆုံးပြီးနောက် တန်ယန်သည် ယန်ဝေကျိန်းနှင့် ထိုအဝတ်အစား လဲသည့်ဂိမ်းကို ဆက်လက်အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့သည်။ သို့သော် ယန်ဝေကျိန်းက သူလက်ဆောင် ပေးထားသော အရာကို ပြန်လည်အသုံးချကာ စီးပွားရေးလုပ်ရန် စိတ်မပါခဲ့ပေ။ ထိုသို့လုပ်ဆောင်ခြင်းက သူပေးခဲ့သော လက်ဆောင်၏ အဓိပ္ပာယ်ကို ပျက်ပြားစေလိမ့်မည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။

တန်ချင်းရွှဲ့သည် ဤအကြောင်းကို သိရှိသွားသောအခါ တန်ယွဲဂျားကိုခေါ်၍ ယန်ဝေကျိန်းထံ သွားရောက်ခဲ့သည်။ တန်ယွဲဂျားက စကားတစ်ခွန်းသာ ပြောလိုက်ရုံဖြင့် ယန်ဝေကျိန်းသည် တန်ယန်၏ ပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်ကို သဘောတူလိုက်လေတော့သည်။ သို့သော် သူက ကန့်သတ်ချက်တစ်ခု ထားရှိခဲ့သည်။ ၎င်းမှာ ဤဂိမ်းမှရရှိသော အကျိုးအမြတ် အားလုံးကို တန်ယွဲဂျား တစ်ဦးတည်းသာ ပိုင်ဆိုင်ရမည်ဟူ၍ ဖြစ်သည်။

တန်ယန်သည် ဤဆုံးဖြတ်ချက်ကို လေးစားစွာ လက်ခံလိုက်သည်။ တစ်ဖက်လူ အနေဖြင့် အကျိုးအမြတ်ထက် သူမ၏အဒေါ်နှင့် ဂျားဂျားလေး၏ ခံစားချက်ကို ပိုမိုတန်ဖိုးထားကြောင်း တွေ့ရသဖြင့် သူမဝမ်းသာမိသည်။ သူတို့ဘက်က အားနာစရာမလိုဟု ပြောထားသည့်တိုင် ယန်ဝေကျိန်းက ဤမျှအထိ လိုက်လျောပေးခဲ့ခြင်းမှာ သူသည် သူမ၏အဒေါ်နှင့် ဂျားဂျားလေးအပေါ် တကယ်ပင် ကောင်းမွန်စွာ ဆက်ဆံမည့်သူဖြစ်ကြောင်း သက်သေပြနေသည်။

သဘောတူညီချက်များ အပြီးသတ်ပြီးနောက် တန်ယန်က ရင်းနှီးမြှုပ်နှံမှု အပိုင်းကို တာဝန်ယူခဲ့သည်။ တန်ချင်းရွှဲ့သည်လည်း ဝင်ငွေအားလုံးမှာ တန်ယွဲဂျားဆီသို့ ရောက်မည်ဟု ကြားသောအခါ သူမ၏ ပိုင်ဆိုင်မှုအချို့ကို ရင်းနှီးမြှုပ်နှံမှုတွင် အတင်းအကြပ် ပါဝင်ထည့်ဝင်ခဲ့ပြန်သည်။

ယန်ဝေကျိန်းက ကုမ္ပဏီရှိ ဝန်ထမ်းအားလုံး၏ ကြိုးပမ်းအားထုတ်မှုကြောင့် "မင်းသမီးလေး၏ ရဲတိုက်" ဟု အမည်ပေးထားသော ထိုဂိမ်းကို စက်တင်ဘာလ အစောပိုင်းတွင် စတင်ဖြန့်ချီနိုင်ခဲ့သည်။ တစ်လအတွင်းမှာပင် ထိုဂိမ်းသည် ဂိမ်းဇယားအသီးသီးကို လွှမ်းမိုးသွားခဲ့ပြီး ထိုနှစ်၏ အမျိုးသမီးကစားသမားများအကြား အကျော်ကြားဆုံး ဂိမ်းအဖြစ် နံပါတ် (၁) နေရာကို သိမ်းပိုက်နိုင်ခဲ့သည်။

ကလေးငယ်များသာမက အသက် ၂၀ ကျော်၊ ၃၀ ကျော် အမျိုးသမီးများပင် ထိုဂိမ်း၏ သစ္စာရှိ အသုံးပြုသူများ ဖြစ်လာကြသည်။ ဤဂိမ်းကြောင့် တန်ယွဲဂျားလေးသည် အလွန်များပြားသော ဝင်ငွေများကို ရရှိခဲ့ပြီး မူလတန်းတက်နေစဉ် ကာလမှာပင် ငွေရေးကြေးရေးအရ လွတ်လပ်မှုကို အပြည့်အဝ ရရှိသွားခဲ့လေသည်။

All Chapters