← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉)

ဝေ့ယီဂဲဆိုင်ခွဲ ဖွင့်လှစ်ခြင်း

စာသင်နှစ်အသစ် တစ်ဖန်ပြန်လည် စတင်လာပြန်ပြီဖြစ်ရာ ဒုတိယနှစ် ကျောင်းသားများကို ဝိဇ္ဇာ၊ သိပ္ပံနှင့် အနုပညာ အတန်းများဟူ၍ ခွဲခြားသတ်မှတ်လိုက်ကြသည်။

တန်ယန်မှာမူ အတန်းကျော်တက်ခဲ့သဖြင့် တက္ကသိုလ်ဝင်တန်းသိပ္ပံတန်းသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့မှာ တက္ကသိုလ်ဝင်တန်း (၄) သိပ္ပံတန်းသို့ ရောက်သွားကြပြီး မီကိုမှာမူ တက္ကသိုလ်ဝင်တန်း (၈) အနုပညာတန်းသို့ တက်ရောက်ခဲ့သည်။

အထက်တန်းဒုတိယနှစ် စတင်သည်နှင့် မီကိုသည် ပထမနှစ်ထက် ပိုမို အလုပ်များလာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ အမျိုးမျိုးသော လေ့ကျင့်ရေး သင်တန်းများနှင့် စာသင်ချိန်များက သူမအား အသက်ရှူပင် မချောင်စေတော့ဘဲ တန်ယန်နှင့်အတူ ဈေးဝယ်ထွက်ရန်ပင် အချိန်မပေးနိုင်တော့ချေ။

တန်ယန်၏ ပထမဆုံး အွန်လိုင်းဝတ္ထုဖြစ်သော "အနောက်မျှော်စင်သို့ အိပ်မက်ပြန်လည်စေခြင်း" သည် ဖုန်းချီဝက်ဘ်ဆိုက်တွင် အခန်းဆက်ဖော်ပြမှု ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ရုပ်ရှင်နှင့် ရုပ်သံစီးရီးရိုက်ကူးခွင့် မူပိုင်ခွင့်ကိုလည်း 'ယီယွီယဉ်ကျေးမှု' ထံ ရောင်းချလိုက်ပြီဖြစ်သည်။ သူမသည် ဝတ္ထုမှ ရရှိသမျှသော မူပိုင်ခွင့်ကြေး အားလုံးကို စမ်းသပ်အခြေခံ အလယ်တန်းနှင့် အထက်တန်း ကျောင်းများအတွက် ပညာသင်ဆု ရန်ပုံငွေအဖြစ် တည်ထောင်လှူဒါန်းခဲ့သည်။

အတန်းအသီးသီးမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားများသည် ဤပညာသင်ဆုကို လျှောက်ထားနိုင်ပြီး တစ်ဦးကို တစ်လလျှင် ၈၀၀ ယွမ် ရရှိမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ကျောင်းသားတစ်ဦးသည် ကျောင်းထမင်းစားဆောင်တွင် စားသောက်စရိတ်အတွက် တစ်လလျှင် ၃၀၀ ယွမ်ခန့်သာ ကုန်ကျပြီး အခြားသော လိုအပ်ချက်များ အပါအဝင်ဆိုလျှင် ဤပမာဏမှာ လုံလောက်မှုရှိပေသည်။

ဤဆုံးဖြတ်ချက်ကို သူမသည် ကျောင်းအုပ်ကြီးနှစ်ဦးနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကျောင်းများဘက်မှလည်း ဆင်းရဲနွမ်းပါးသော ကျောင်းသားများအတွက် ကျောင်းလခနှင့် အခြားသော အခကြေးငွေအချို့ကို လျှော့ပေါ့ပေးရန် သို့မဟုတ် ကင်းလွတ်ခွင့် ပေးရန်လည်း ထည့်သွင်း စဉ်းစားခဲ့ကြသည်။

ထိုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း တန်ယန်သည် စမ်းသပ်ကျောင်းရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားများကို စဉ်ဆက်မပြတ် ထောက်ပံ့နိုင်ရန်အတွက် ပညာသင်ဆု အကောင့်ထဲသို့ ငွေကျပ် ၁ သန်း (ယွမ်) ကို ကိုယ်တိုင် လှူဒါန်းသွားမည်ဖြစ်သည်။

ဝေ့ယီဂဲဆိုင်ခွဲအတွက် ပြင်ဆင်မှုများအားလုံး ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ရွမ်ဝေနှင့် ဆွေးနွေးပြီးနောက် တန်ယန်သည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆိုင်ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။

S မြို့တော်ရှိ ဝေ့ယီဂဲသည် ဘေကုတောင်ခြေရင်းတွင် တည်ရှိသည်။ စည်ကားလှသော မြို့လယ်ခေါင်တွင် မဟုတ်သော်လည်း အေးချမ်းဆိတ်ငြိမ်သော ပတ်ဝန်းကျင်မှာ ဆိုင်၏ အဓိက အားသာချက်တစ်ခု ဖြစ်သည်။ ဘေကျင်းရှိ ဝေ့ယီဂဲနှင့်ယှဉ်လျှင် ဤနေရာမှာ ပို၍ သေးငယ်သော်လည်း ဘေကျင်းမှ အိမ်ဝန်းပုံစံများကို ဤနေရာတွင် သီးသန့်ခန်းများအဖြစ် ပြောင်းလဲထားသည်။ သီးသန့်ခန်း စုစုပေါင်း ၁၀ ခန်း ရှိသော်လည်း လူထုအတွက် ၉ ခန်းသာ ဖွင့်လှစ်ထားသည်။

သို့သော်ငြားလည်း သီးသန့်ခန်း တစ်ခုချင်းစီကို ကိုယ်ပိုင်ထူးခြားသော ဟန်ပန်များဖြင့် ပြင်ဆင်ထားသဖြင့် စားသောက်ဆိုင်ဘက်မှ အတော်လေး စိတ်နှစ်၍ ပြင်ဆင်ထားကြောင်း သိသာလှသည်။

ဝေ့ယီဂဲ၏ ဖွင့်ပွဲအခမ်းအနားကို ဧည့်သည်ပင် မဖိတ်ဘဲ အလွန်ရိုးရှင်းစွာ ကျင်းပခဲ့သော်လည်း အချို့သောသူများမှာ ဂုဏ်ပြုရန်အတွက် ဝေးလံသော ဒေသများမှပင် လာရောက်ခဲ့ကြသည်။ ၎င်းက ဝေ့ယီဂဲသည် စားသောက်ကုန် လုပ်ငန်းနယ်ပယ်တွင် မည်မျှအထိ နေရာတစ်ခု ရရှိထားကြောင်း ဖော်ပြနေသည်။

ဖွင့်ပွဲနေ့တွင် တန်ယန်သည် ပြင်ပလူများရှေ့တွင် ပေါ်ထွက်ခြင်းမရှိဘဲ ချင်ယွီရုံနှင့်အတူ "ရီ" အမည်ရှိ အခန်းထဲတွင်သာ ထိုင်နေခဲ့သည်။ ရွမ်ဝေကမူ အိမ်ရှေ့ဝန်းတွင် ဧည့်သည်များကို ကြိုဆိုနှုတ်ဆက် နေလေသည်။

'ရီရှန့်' အခန်း၏ ပြတင်းပေါက်ကို ဖွင့်လိုက်လျှင် ဘေကုတောင်ခြေရင်းရှိ ဘေဟူကန်ကို လှမ်းမြင်ရသည်။ ကန်ရေပြင်ပေါ်တွင် လှေငယ်လေးများ လွင့်မျောနေကြသည်မှာ ဘေဟူကန်၏ ကမ္ဘာလှည့် ခရီးသည်တင် လှေငယ်လေးများပင် ဖြစ်သည်။

"ယန်ယန်... လက်ဖက်ရည် အဆင်သင့်ဖြစ်ပြီ မြည်းကြည့်ပါဦး၊ အရသာ ဘယ်လိုနေလဲလို့"

တန်ယန်သည် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ရနံ့ကို အသာအယာ ရှူရှိုက်လိုက်သည်။ မက်မွန်ပွင့်ရနံ့ သင်းသင်းလေးထဲတွင် အေးမြသော အထိအတွေ့တစ်ခု ပါဝင်နေသည်။ သူမ အနည်းငယ် ငုံ့သောက်လိုက်သည့်အခါ ခံတွင်းထဲ၌ အရသာမှာ စိမ့်ဝင်သွားတော့သည်။

"ဒါ 'နှလုံးသားထဲကနှင်း' လက်ဖက်ရည် မဟုတ်လား"

ချင်ယွီရုံက ပြုံးလျက် ခေါင်းညိတ်ပြသည်။

"ငါသိသားပဲ၊ နင့်ကိုစမ်းသပ်လို့ မရဘူးဆိုတာ ဘယ်လိုလဲ... ငါ့ရဲ့ လက်ဖက်ရည်ဖျော်တဲ့ နည်းစနစ်ကြောင့် ဒီလို လက်ဖက်ရည်ကောင်းလေး အရသာ ပျက်မသွားဘူးမလား"

"ရုံမမကလည်း... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ"

ဒေါက် ဒေါက် ဒေါက်...

ရွမ်ဝေသည် ပြုံးလျက် အခန်းထဲသို့ ဝင်လာပြီး မေးလိုက်သည်။

"ဟင်းတွေ စတင်တည်ခင်းလို့ ရပြီလား"

"ရပါပြီ၊ တကယ်တော့ ကျွန်မလည်း ဗိုက်ဆာနေပြီ"

ရွမ်ဝေသည် လှည့်ထွက်သွားပြီး ဝန်ထမ်းများကို ဟင်းများယူလာရန် ခေါ်လိုက်သည်။ ထို့နောက် တံခါးပြန်ပိတ်ကာ အထဲသို့ဝင်လာပြီး ဘေးတစ်နေရာ၌ အသာထိုင်ချလိုက်သည်။

"ငါကတော့ ပွဲမစည်ဘဲ ရိုးရိုးလေးပဲ ဖွင့်မလို့ပါ၊ ဒါပေမဲ့ ဖောက်သည်ဟောင်းတွေက အဲဒီလောက်တောင် ပန်းခြင်းတွေ အများကြီး ပို့လာလိမ့်မယ်လို့ မထင်ထားဘူး အပြင်မှာဆို ပန်းခြင်းတွေထားဖို့ နေရာတောင် မရှိတော့ဘူး"

"တို့ရဲ့ ရွမ်ဝေက ဩဇာအာဏာ အတော်ရှိတာပဲကိုး"

ချင်ယွီရုံက အချိန်ကိုက်ပင် ရွမ်ဝေထံ လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်ရာ ရွမ်ဝေက တစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်လိုက်သည်။

"မဆိုးဘူး၊ နင့်ရဲ့ လက်ဖက်ရည်ဖျော်တဲ့ အရည်အချင်းက ငါနဲ့တောင် ရင်ပေါင်တန်းနိုင်တော့မယ်"

သူမက နှုတ်ခမ်းကို သပ်လိုက်ရင်း

"နောက်တစ်ခွက် ထပ်ပေးဦး"

ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ တည်ခင်းလာသည့်အခါ ရွမ်ဝေသည် ခေါင်းခါယမ်းလျက် ဧည့်သည်များကို ဆက်လက်ကြိုဆိုရန် အပြင်သို့ ထွက်သွားတော့သည်။ တန်ယန်နှင့် တခြားအမျိုးသမီးက အခန်းထဲတွင် အေးအေးဆေးဆေး စားသောက်နေကြချိန်၌ သူမကတော့ ဟိုပြေးဒီပြေးဖြင့် လူတိုင်းကို လိုက်လံနှုတ်ဆက် နေရသည်ကို တွေးမိသည့်အခါ 'ငါတော့ လစာတိုးတောင်းမှ ဖြစ်မယ်' ဟု တွေးနေမိသည်။

ဆိုင်ဖွင့်ပြီးနောက်တွင် ဝေ့ယီဂဲသည် S မြို့တော်နှင့် အနီးတစ်ဝိုက်တွင် ဘိုကင်ရရန် အခက်ခဲဆုံး စားသောက်ဆိုင် ဖြစ်လာခဲ့သည်။ သို့သော် ၎င်းကို လူနည်းစု အသိုင်းအဝိုင်းကသာ သိရှိကြသည်။ အကယ်၍ ထိုနေရာတွင် ထမင်းစားလိုပါက အနည်းဆုံး နှစ်ပတ် (သို့မဟုတ်) တစ်လခန့် ကြိုတင်၍ ဘိုကင်တင်ထားရမည် ဖြစ်သည်။

တန်ယန်အနေဖြင့် S မြို့တော်တွင် ဆိုင်ခွဲဖွင့်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပိုင်ရှင်ဖြစ်သူ သူမကိုယ်တိုင် ဝေ့ယီဂဲ၏ အစားအစာများကို အချိန်မရွေး စားနိုင်ရန်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ငွေရှာရန်မှာ သူမအတွက် ဒုတိယဦးစားပေးသာ ဖြစ်ပေသည်။

တန်ယန် ဆိုင်မှ ထွက်လာသောအခါ အိမ်ရှေ့ဝန်းအတွင်း၌ ရှုရှင်းယန်၏ ဝမ်းကွဲအစ်ကို လျန်ရှန့်ရွှီနှင့် တိုးမိလေသည်။

"တန်ယန်... တိုက်ဆိုင်လိုက်တာ"

လျန်ရှန့်ရွှီသည်လည်း တန်ယန်ကို ဤနေရာတွင် တွေ့ရသဖြင့် အံ့သြသွားသည်။ သူသည် သူငယ်ချင်း အချို့နှင့်အတူ အပျော်သဘောဖြင့် လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။ ဤသီးသန့်စားသောက်ဆိုင်မှာ ဘေကျင်းတွင် အလွန်နာမည်ကြီးပြီး အာဏာရှိသူများနှင့် သူဌေးကြီးများသာ စားနိုင်သည်ဟု ကြားဖူးသည်။ သူ၏ လျန်မိသားစုမှာ ထိုအဆင့်ထိ မရောက်သေးသဖြင့် ယခုမှသာ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

"အစ်ကိုရှန့်ရွှီ... အစ်ကိုလည်း ဒီကို ထမင်းလာစားတာလား"

"ဟေး သူငယ်ချင်းတစ်ယောက်နဲ့ အပျော်သဘော လိုက်လာတာပါ ညီမလေး စားပြီးပြီလား၊ တို့နဲ့အတူတူ စားမလား ဟိုဘက်က ဘေးခန်းမှာလေ 'ဂန္ဓာမာ' အခန်းတဲ့"

လျန်ရှန့်ရွှီက ဘေးဘက်ရှိ အခန်းကို ညွှန်ပြလိုက်သည်။

"ညီမလေး စားပြီးပါပြီ အစ်ကိုတို့ အခုမှ ရောက်တာလား"

"အင်း၊ H မြို့တော်ကနေ ဒီအထိ နာရီပေါင်းများစွာ ကားမောင်းလာရတာ အခုထိတော့ ဒီလောက်ပင်ပန်းခံရတာ တန်၊ မတန်တော့ မသိသေးဘူး"

ထိုအချိန်တွင် လျန်ရှန့်ရွှီ၏ သူငယ်ချင်းက သူနောက်က လိုက်မလာသည်ကို သတိပြုမိသွားပြီး ရှေ့ဘက်မှ လှမ်းခေါ်လိုက်သည်။

တန်ယန်က အမြန်ပင်

"အစ်ကိုရှန့်ရွှီ... အစ်ကို့သူငယ်ချင်း ခေါ်နေပြီ၊ သွားလိုက်ဦးလေ ညီမလေးလည်း အိမ်ပြန်ရတော့မှာမို့ နောက်မှပဲ တွေ့ကြတာပေါ့"

"ကောင်းပါပြီ၊ ဒါဆိုလည်း ဒီနေ့တော့ မဆွဲထားတော့ဘူး အစ်ကိုသွားလိုက်ဦးမယ် နောက်တစ်ခါ H မြို့တော်ကိုလာရင် အစ်ကို့ကိုဆက်သွယ်ဖို့ မမေ့နဲ့ဦး၊ အစ်ကိုထမင်းကျွေးမယ်"

သူက နှုတ်ဆက်စကား ပြောပြီးနောက် လက်ပြကာ ထွက်သွားတော့သည်။

"ယန်ယန်... ပြန်တော့မလို့လား"

ရွမ်ဝေသည် အပြင်မှဝင်လာရင်း တန်ယန်နှင့် တိုးမိပြန်သည်။

"ဟုတ်ကဲ့ အစ်မဝေ ဂန္ဓာမာအခန်းမှာ ညီမသူငယ်ချင်း တစ်ယောက်ရှိတယ် သူတို့စားတာကို အလကား ကျွေးလိုက်ပါဦး အော်... ပြီးတော့ လျန်ရှန့်ရွှီဆိုတဲ့ လူကိုလည်း VIP ကတ်တစ်ခု ပေးလိုက်ပါဦးနော် ညီမနဲ့ အစ်မရုံ ပြန်တော့မယ် အစ်မဝေလည်း ပင်ပန်းသွားပြီ၊ ကျေးဇူးပါပဲ"

"အေးအေး... လမ်းမှာ ဂရုစိုက်သွားဦးနော်"

*

ဂန္ဓာမာအခန်း။

"အာရှု…. မင်းကလည်း ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ"

ဝူယွင်ကျဲနှင့် လျန်ရှန့်ရွှီတို့မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး ဝူမိသားစုနှင့် လျန်မိသားစုမှာလည်း မိသားစုအချင်းချင်း ရင်းနှီးကြသူများ ဖြစ်သည်။

"ခုနက ရှုရှင်းယန်ရဲ့ အတန်းဖော်နဲ့တွေ့လို့ နှုတ်ဆက်နေတာပါ"

"မိန်းကလေး အတန်းဖော်လား"

ကော်ချီနန်က နောက်ပြောင်လိုက်၏။

"မင်း သူမအပေါ် စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော် ဘာလို့ ငါတို့နဲ့ ပေးမတွေ့တာလဲ"

"ဖယ်စမ်းပါ မင်းနဲ့ဘာဆိုင်လို့လဲ ဒီကောင်စုတ်ရဲ့"

ဝူယွင်ကျဲသည် လျန်ရှန့်ရွှီဘက်မှ အမြဲ ကာကွယ်ပေးလေ့ရှိသည်။ ကော်ချီနန်က နောက်ပြောင်နေမှန်း သိသော်လည်း လျန်ရှန့်ရွှီကို အကျပ်ရိုက်စေမည့် အခြေအနေမျိုး မဖြစ်စေလိုပေ။

"မိန်းကလေး အတန်းဖော် ဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ မင်းတို့ထင်သလို မဟုတ်ပါဘူး သူမက တကယ့်သူဌေးသမီးကွ"

"ဟုတ်လား... ဘယ်လောက်တောင် ချမ်းသာလို့လဲ"

ဘေးနားတွင်ထိုင်လျက် လက်ထဲမှ ဖန်ခွက်ကို ကစားနေသော မုဖေးဝမ်က စကားဝိုင်းထဲသို့ ခပ်ရှားရှား ဝင်ရောက်၍ ပြောဆိုလိုက်လေသည်။

"မင်းတို့ 'ရှင်းယန်' အကြောင်း သိကြလား"

"သိတာပေါ့၊ Q မြို့က ဆိပ်ကမ်းမှာရှိတဲ့ သင်္ဘောကြီး မဟုတ်လား အဲဒါက အခု ငါတို့ပြောနေတာနဲ့ ဘာဆိုင်လို့လဲ"

ကော်ချီနန်က စိတ်မရှည်သလို ပြောလိုက်ရင်းမှ ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ မယုံနိုင်သလို မေးလိုက်သည်။

"ငါစဉ်းစားနေတဲ့ အတိုင်းတော့ မဟုတ်ပါဘူးနော်"

"မင်းစဉ်းစားနေတဲ့ အတိုင်းပဲ"

လျန်ရှန့်ရွှီက အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရင်း ရှေ့ရှိ လက်ဖက်ရည်အိုးကို ယူကာ ခွက်ထဲသို့ ငှဲ့လိုက်သည်။

"ရှုရှင်းယန်ရဲ့ အတန်းဖော်ဆိုတော့ အထက်တန်း ကျောင်းသူလေးပေါ့ သူမရဲ့ မိသားစုနောက်ခံက ဘာလဲ"

ဝူယွင်ကျဲသည်လည်း အလွန်ပင် စပ်စုချင်စိတ် ဖြစ်လာကာ မေးလိုက်မိသည်။

"သူမအဖေက အိမ်ခြံမြေ လောကထဲကို အခုမှစပြီး ဝင်လာတာပဲသိတယ်၊ တခြားတော့ သိပ်မသိဘူး"

လျန်ရှန့်ရွှီက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။ ဤအသိုင်းအဝိုင်းသည် အမြဲတမ်း အဆက်အသွယ်များ အပေါ်တွင်သာ မူတည်နေသည်ကို သူသိသော်လည်း တန်ယန်ကို ထိုကိစ္စများထဲသို့ မဆွဲသွင်းလိုပေ။

ဘာပဲဖြစ်ဖြစ် ဤကောင်မလေးနှင့် နှစ်ကြိမ်မျှ တွေ့ဆုံဖူးရုံဖြင့် သူမကို သူ၏ ညီမအရင်းလေးကဲ့သို့ ခင်မင်သွားခဲ့သည်။ တစ်ခါတစ်ရံတွင်မူ သူ၏မိခင်က သူ့ကို ညီမလေးတစ်ယောက် အဘယ်ကြောင့် မမွေးပေးခဲ့သနည်းဟု တွေးမိတတ်သေးသည်။ နူးညံ့ပြီး မွှေးရနံ့သင်းပျံ့သော ညီမလေးတစ်ယောက် ရှိနေခြင်းမှာ ညီအစ်ကိုတွေ ရှိနေတာထက် ပိုကောင်းသည်ဟု ထင်ပါသည်။

မကြာမီမှာပင် ဝန်ထမ်းများက ဟင်းလျာများကို စတင် တည်ခင်းတော့သည်။ ဤလူငယ်များအတွက် မည်သည့် အရသာထူးကိုမှ မမြည်းစမ်းဖူးခြင်း မရှိပေ။ စားသမျှ အစားအစာတိုင်းမှာ သူတို့ကို အံ့သြသွားအောင် လုပ်နိုင်သည်မှာ အလွန်ပင် ရှားပါးလှသည်။ သို့သော် ဤစားသောက်ဆိုင်ရှိ ဟင်းလျာများကတော့ ထိုအရာကို လုပ်ဆောင်နိုင်ခဲ့ပေ၏။

"အစ်ကိုမု... ဒီဆိုင်က ဘိုကင်ရဖို့ ဒီလောက်ခက်နေတာ ဒါကြောင့်ပဲလား"

အခန်း (၁၂၀)

လျန်ရှန့်ရွှီ၏ သံသယနှင့် စူးစမ်းမှု

မုဖေးဝမ်က ခေါင်းခါယမ်းလျက်

"ဒါတင်မကသေးဘူး၊ ဝေ့ယီဂဲက VIP စားသောက်ခွင့် ကတ်တွေကို အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်ပေးထားတာ အဲဒီကတ်ရှိရင် တစ်လကိုတစ်ကြိမ် ဦးစားပေး ဘိုကင်ရပိုင်ခွင့်ရှိတယ် ဘေကျင်းရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ဝေ့ယီဂဲVIP ကတ် မရှိတဲ့သူဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်သရေရှိ မိသားစုဝင် တစ်ယောက်လို့ ခေါ်ဖို့တောင် ရှက်စရာကောင်းတဲ့အထိပဲ"

"ဒါကို ဘယ်သူမှ ကန့်ကွက်တာမျိုး မရှိဘူးလား"

ကော်ချီနန်က အံ့သြတကြီး မေးလိုက်သည်။ ဘေကျင်းမှာ ချမ်းသာပြီး ဩဇာရှိသူတွေမှ အများကြီးရှိသည်။ သူတို့လိုလူမျိုးတွေကိုမှ ရှားပါးဈေးကွက် ရှာဖွေရေးနှင့် ကစားနေတာကို ဘယ်သူမှ ဘာမှမပြောကြပါ။ သူတို့ရဲ့နောက်ခံက ဘယ်လောက်တောင် တောင့်တင်းနေလို့လဲ။

"ရှိတာပေါ့၊ ဒါပေမဲ့ အဲဒါက ဝေ့ယီဂဲရဲ့ လျှို့ဝှက်ချက်ပဲ ဘယ်သူက နောက်ကွယ်က ရှိနေတာလဲ၊ ဘယ်လောက် အင်အားကြီးလဲဆိုတာ ဘယ်သူမှ မသိကြဘူး ငါသိသလောက်တော့ ဝေ့ယီဂဲကို အောင်အောင်မြင်မြင်နဲ့ နာမည်ဖျက်နိုင်ခဲ့တဲ့သူ တစ်ယောက်မှ မရှိသေးဘူး မဟုတ်ရင် ငါတို့တွေ အခု ဒီမှာရှိနေမှာ မဟုတ်ဘူး"

မုဖေးဝမ်၏ မျက်လုံးများမှာ အနည်းငယ် မှေးစပြုလာသည်။ အကယ်၍သာ ဝေ့ယီဂဲနောက်ကွယ်က အင်အားစုရဲ့ အကူအညီကို သူရခဲ့လျှင် သူဖြစ်ချင်သည့် ပန်းတိုင်ကို အလွယ်တကူ ရောက်နိုင်ပေလိမ့်မည်။

ဝေ့ယီဂဲ၏ ထူးခြားချက်များကို ရှင်းပြပြီးနောက်တွင် ရွမ်ဝေကိုယ်တိုင် ဝန်ထမ်းများကို ခေါ်ဆောင်ကာ ဟင်းလျာများ လာရောက် တည်ခင်းပေးတော့သည်။

"အားလုံးပဲ အဆင်မပြေတာရှိရင် ခွင့်လွှတ်ပေးကြပါ ဒီနေ့ မိတ်ဆွေတွေ အများကြီး ရောက်နေလို့ပါ"

မုဖေးဝမ်သည် အနည်းငယ် ဂုဏ်ယူမိသွားသော်လည်း သူဌေးသားပီပီ တည်ငြိမ်မှုကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး ယဉ်ကျေးစွာ ခေါင်းညိတ်ပြလျက်

"မန်နေဂျာရွမ်ကလည်း အားနာစရာကြီးပါ ကျွန်တော်တို့တွေဘက်က ဝေ့ယီဂဲကို လာရောက်ပြီး စားဖိုမှူးကြီးရဲ့ လက်ရာတွေကို မြည်းစမ်းခွင့် ရတာကိုက ဂုဏ်ယူစရာပါပဲ"

ဟု ပြန်ပြောလိုက်သည်။

ရွမ်ဝေက ပြုံးလျက် တုံ့ပြန်သည်။

"ရှင်တို့ထဲမှာ ဘယ်သူက မစ္စတာလျန်ရှန့်ရွှီပါလဲရှင့်"

လျန်ရှန့်ရွှီမှာ ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။

"မင်္ဂလာပါ မန်နေဂျာရွမ် ကျွန်တော်က လျန်ရှန့်ရွှီပါ"

"ဒါက ကျွန်မတို့ရဲ့ သခင်မလေးက ပေးခိုင်းလိုက်တာပါ မစ္စတာလျန် နောက်တစ်ခါ လာဖြစ်မယ်ဆိုရင် ကျွန်မကို ကြိုတင်ဆက်သွယ်နိုင်ဖို့ ဒါက ကျွန်မရဲ့ လိပ်စာကတ်ပါ ပြီးတော့ သခင်မလေးက ဒီနေ့အတွက် ကျသင့်ငွေကို ရှင်းပေးထားပါတယ်၊ အားလုံးပဲ စိတ်ကြိုက် သုံးဆောင်ကြပါ တစ်ခုခု လိုအပ်ရင်တော့ ဝန်ဆောင်မှုခေါ်တဲ့ ခေါင်းလောင်းလေးကို နှိပ်ပေးပါရှင်"

ရွမ်ဝေသည် လျန်ရှန့်ရွှီထံသို့ ဝေ့ယီဂဲ VIP ကတ်နှင့် သူမ၏ လိပ်စာကတ်ကို ကမ်းပေးလိုက်ပြီးနောက် ခေါင်းညိတ်နှုတ်ဆက်ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။

ရွမ်ဝေ ထွက်သွားသည်နှင့် ကော်ချီနန်သည် ချက်ချင်းထလာပြီး လျန်ရှန့်ရွှီ၏ ပခုံးကို ဖက်လိုက်သည်။

"ဝါး... အာရှု၊ မင်းကတော့ တစ်ခုခုကို ဖုံးထားတာပဲ ဝေ့ယီဂဲရဲ့ သခင်မလေးနဲ့ မင်းဘယ်တုန်းက တွေ့လိုက်တာလဲ ဝေ့ယီဂဲဆိုတာ ဘယ်လိုမျိုး မိသားစုလဲ ငါတကယ် သိချင်နေပြီ"

လျန်ရှန့်ရွှီမှာ အတော်ကြာအောင် စဉ်းစားနေမိသည်။ ယနေ့တွင် သူသည် တန်ယန်နှင့်သာ တွေ့ခဲ့ရပြီး အခြားဘယ်သူနှင့်မှ မတွေ့ခဲ့ပေ။ သို့ဆိုလျှင် ဝေ့ယီဂဲသည် တန်ယန်၏ မိသားစုပိုင် လုပ်ငန်းတစ်ခု ဖြစ်နေမည်ဟု သူတွေးလိုက်သည်။

"အာရှု"

ကော်ချီနန်က ထပ်မံခေါ်ယူကာ အဖြေကို အတင်းတောင်းနေတော့သည်။

"အဟမ်း... မဟုတ်ပါဘူး၊ ငါသူမကို မသိပါဘူး"

လျန်ရှန့်ရွှီ ခေတ္တမျှ စဉ်းစားပြီး သူ၏အတွေးကို ပြန်လည်ထိန်းချုပ်လိုက်သည်။

"ငါထင်တာတော့ ရှုရှင်းယန်ရဲ့ အတန်းဖော်က မန်နေဂျာရွမ်ပြောတဲ့ အဲဒီသခင်မလေးကို သိနေတာများလား"

မုဖေးဝမ်က သူ့ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ရိုးရိုးခင်မင်ရုံ သက်သက်ပဲလား။ VIP ကတ်ကို ဒီအတိုင်း အလကား ပေးနိုင်တယ်ဆိုတာ အလွန်ရင်းနှီးတဲ့သူ ဖြစ်ရမယ်၊ ဒါမှမဟုတ်ရင်လည်း လျန်ရှန့်ရွှီရဲ့ ဝမ်းကွဲရဲ့ အတန်းဖော်ကိုယ်တိုင်က အဲဒီသခင်မလေးပဲ ဖြစ်နေမလား။

*

'ယီယွီယဉ်ကျေးမှု' သည် မကြာသေးမီကပင် ဝတ္ထုအများအပြား၏ မူပိုင်ခွင့်များကို သိမ်းကျုံး ဝယ်ယူခဲ့သည်။ ၎င်းတို့ထဲတွင် စာအုပ်အဖြစ် ထွက်ရှိပြီးသား ဝတ္ထုများ ပါဝင်သလို အဆုံးမသတ်သေးသော အွန်လိုင်းဝတ္ထုများလည်း ပါဝင်သည်။ ဤကဲ့သို့ ကြီးမားသော လှုပ်ရှားမှုကြောင့် အနုပညာ လောကအတွင်းရှိ လူအများက စိတ်ဝင်တစား စောင့်ကြည့်လာကြသည်။ အကဲခတ်ကောင်းသော ရင်းနှီးမြှုပ်နှံသူ အချို့မှာလည်း ယီယွီဘက်မှ လက်လှမ်းမမီသေးသော သို့မဟုတ် မကြည့်ရသေးသော ဝတ္ထုမူပိုင်ခွင့်များကို လိုက်လံဝယ်ယူရင်း ခြေရာခံလာကြတော့သည်။

ကျိုးချီမှာမူ လက်ရှိတွင် အိမ်၌ပင် ကျန်းမာရေးအရ အနားယူနေရဆဲ ဖြစ်သည်။

‘အရိုးကျိုးလျှင် ရက်ပေါင်းတစ်ရာ အနားယူရသည်’ ဟု ဆိုရိုးရှိသော်လည်း ဤမျှပြင်းထန်သော ဒဏ်ရာမျိုးမှာ ရက်ပေါင်းတစ်ရာဖြင့် လုံးဝဥဿုံ ပြန်လည်ကောင်းမွန်ရန် မလွယ်ကူပေ။ သို့သော်ငြားလည်း သူသည် အလုပ်ကို လုံးဝပစ်ထားခြင်းမျိုးမဟုတ်ဘဲ အိမ်ရှိ စာကြည့်ခန်းထဲတွင်သာ အလုပ်လုပ်နေခဲ့သည်။

ယခုနှစ်အတွင်း ယီယွီလက်အောက်ရှိ အနုပညာရှင်များမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ကုမ္ပဏီတွင် ဆက်လက် ကျန်ရှိနေသူများမှာ ယခင်အလုပ်ရှင်များ၏ လျစ်လျူရှုခြင်းကို ခံခဲ့ရသော်လည်း တကယ့်အရည်အချင်း ရှိသူများသာ ဖြစ်ကြသည်။ ယခုအခါ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အရင်းအမြစ်များ ကြွယ်ဝလာသည့်အပြင် အခွင့်အလမ်းများကိုလည်း မျှတစွာ ခွဲဝေပေးထားသည်။ အကယ်၍ ဖျော်ဖြေရေး လောကအတွင်း မည်သည့် အနုပညာရှင်များက ပျော်ရွှင်မှု အရှိဆုံးလဲဟု မေးလာပါက ယီယွီမှ အနုပညာရှင်များဟုသာ ညွှန်းဆိုရပေလိမ့်မည်။

ကျင်းရှန်းသည် ယခင်က ဖက်ရှင်အပတ် အခွင့်အလမ်းများကို ငြင်းပယ်ခဲ့ပြီး သူမ၏ ဒရာမာအသစ်ဖြစ်သော "ယွမ်ချင်းဒဏ္ဍာရီ" ရိုက်ကူးရေး အပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ မကြာသေးမီကမှ သူမသည် ဇာတ်လမ်းမြှင့်တင်ရေးအတွက် အဖွဲ့သားများနှင့်အတူ လှည့်လည် သွားလာနေခဲ့ခြင်း ဖြစ်သည်။

ယခင်က ဖြစ်ပွားခဲ့သော 'ယွီမုန်းမုန်း' ဖြစ်ရပ်ကြောင့် ယီယွီအနုပညာ လုပ်ငန်း၏ မိမိအနုပညာရှင်အပေါ် အစွမ်းကုန် ကာကွယ်ပေးတတ်သည့် ပုံစံမှာ အွန်လိုင်းအသုံးပြုသူများအကြား ရေပန်းစားသွားခဲ့ပြီး ဤဒရာမာသစ်ကိုပါ စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့မှ ပိုစတာများ ထုတ်ပြန်လိုက်သည့် အခါတွင်လည်း ပရိသတ်များမှာ ဇာတ်လမ်းစတင်ပြသမည့်ရက်ကို တိတ်တဆိတ် စောင့်မျှော်နေကြပြီ ဖြစ်သည်။

ဤဇာတ်လမ်း၏ မင်းသားမှာ ပရိသတ် အခြေခိုင်မာမှု မရှိသေးသော လူသစ်တစ်ဦးဖြစ်ပြီး ကျင်းရှန်းမှာလည်း နာမည်သိပ်မကြီးသေးသော မင်းသမီးတစ်ဦးသာ ဖြစ်သည်။

တန်ယန်သည် ယိတျန်တျန်ကို အသုံးပြု၍ သူမ၏ အဓိကအကောင့်မှ ကျင်းရှန်း၏ပို့စ်ကို ပြန်လည် မျှဝေလိုက်သည်။ တန်ယန်၏ ပရိသတ်များ မတုံ့ပြန်နိုင်ခင်မှာပင် တန်ယန်၏ Weibo အကောင့်ကို အမြဲစောင့်ကြည့်နေသော ယွမ်ရှီးက တန်ယန်၏ပို့စ်ကို ချက်ချင်း ထပ်ဆင့် မျှဝေပေးလိုက်တော့သည်။

ယခုအခါ ပရိသတ်များသာမက ယွမ်ရှီး၏ ပရိသတ်များပါ ဇဝေဇဝါ ဖြစ်သွားကြရသည်။ သူတို့၏ အိုင်ဒေါသည် ဘာကြောင့် တန်ယန်တင်သမျှ ပို့စ်တိုင်းကို အရင်ဆုံးလိုက်ပြီး မျှဝေနေရသနည်း။ သူသည် သူမ၏ Weibo ပေါ်မှာပဲ အိမ်ဆောက်ပြီး နေနေသလားဟု ထင်ရသည်။

【ဝေဖန်ချက် ၁: 】 သိချင်လို့မေးတာပါ၊ ဘာလို့ ယွမ်ရှီးက တန်ယန်ပို့စ်တင်တိုင်း ချက်ချင်း လိုက်ခ်ပေးတာ ဒါမှမဟုတ် ပြန်မျှဝေတာတွေ လုပ်နေရတာလဲ။ တကယ်ကို နားမလည်နိုင်ဘူး။ သူတို့အတူတူ အလုပ်လုပ်ဖူးတယ် ဆိုဦးတော့ ဒါက နည်းနည်းတော့ လွန်မနေဘူးလား။ ယွမ်ရှီးက အနုပညာရှင်တွေ အများကြီးနဲ့ အလုပ်လုပ်ဖူးတာပဲ၊ တခြားသူတွေကိုကျ ဒီလောက်အထိ မျက်နှာချိုသွေးတာမျိုး မတွေ့ဖူးပါဘူး။ (အပြစ်ကင်းစင်သောရုပ်ပုံ)

【ဝေဖန်ချက် ၂: 】 အပေါ်ကလူက ထမင်းတွေ အများကြီး စားထားလို့ အားယားနေတာလား ငါတို့ရဲ့ ရှီးလေးက တခြားသူကို ကူညီတတ်ရုံလေးပါ၊ အဲဒါ ဘာဖြစ်လို့လဲ။

【ဝေဖန်ချက် ၃: 】 ချူယန်တော့ ပြာယာခတ်နေပြီ။ တို့တွေက ဘာမှမပြောရသေးဘူးနော်၊ နင့်အရှင်သခင်က လုပ်ရဲတာကို တို့က မပြောရဘူးလား။ (ပြုံးစိစိအီမိုဂျီ)

【ဝေဖန်ချက် ၄:】 ရှီးလေးက အရည်အချင်းရှိတဲ့ ဂီတပညာရှင်တွေကို အမြဲတမ်း လေးစားအားကျတတ်သူပါ။ အရင်က တီဗီအစီအစဉ်တွေမှာလည်း ကိုယ်ပိုင် ဖန်တီးသူတွေကို အကြိမ်ကြိမ် ချီးကျူးအားပေး ခဲ့ဖူးပါတယ်။ မစ္စတန်ယန်က ခေတ်သစ်တရုတ်နိုင်ငံမှာ 'ရှိုပင် အထူးဆု' ကို ရရှိခဲ့တဲ့ တစ်ဦးတည်းသော စန္ဒရားပညာရှင်လေ။ ရှီးလေးက သူမကို ပိုပြီး သတိထားမိနေတာ ဘာဆန်းလို့လဲ။ နောက်ပြီး မစ္စတန်ယန်က ရှီးလေးနဲ့အတူ စင်ဂယ်သီချင်းတစ်ပုဒ် ဖန်တီးခဲ့ဖူးတယ်၊ အဲဒီသီချင်းက ဇယားတွေရဲ့ ထိပ်ဆုံးမှာ ၃ လတောင် ရပ်တည်ခဲ့တာ။ အခုလို Weibo ပေါ်မှာ ကူညီပြီး ကြော်ငြာပေးတာက သဘာဝကျပါတယ်နော်။ (အပြုံးမျက်နှာ)

【ဝေဖန်ချက် ၅: 】 အပေါ်က ပြောသွားတာကို ထောက်ခံတယ်၊ တို့တွေ ပရိသတ်တွေကတောင် ဘာမှမပြောရသေးဘူး၊ ဘယ်ကလာတဲ့ အမုန်းပွားသူတွေက အာရုံလာစိုက်နေတာလဲ။ တော်တဲ့သူအချင်းချင်းက အမြဲတမ်း အပြန်အလှန် လေးစားကြစမြဲပဲ၊ မနာလိုတဲ့သူတွေ အဝေးကို သွားလိုက်ကြစမ်း။

【ဝေဖန်ချက် ၆: 】 ဝါး... ငါအခုမှ သတိထားမိတာ၊ ငါတို့ရဲ့တန်တန်နဲ့ "ယွမ်ချင်းဒဏ္ဍာရီ" က မင်းသမီးကျင်းရှန်းတို့က အပြန်အလှန် ဖော်လိုလုပ်ထားကြတာပဲ၊ လှပတဲ့ အမျိုးသမီးနှစ်ယောက် အတူတူ ပုံလေးတွေ တင်တာကို မြင်ချင်လှပြီ။

...

ယွမ်ရှီး၏ ပရိသတ်များနှင့် တန်ယန်၏ ပရိသတ်များသည် "ယွမ်ချင်းဒဏ္ဍာရီ" ၏ တရားဝင် Weibo အကောင့်သို့ အလုံးအရင်းနှင့် ဝင်ရောက် မှတ်ချက်ပေးကြတော့သည်။ "ယွမ်ချင်းဒဏ္ဍာရီ" ၏ ပထမဆုံး ပြသမည့်ရက်ကို ကြော်ငြာထားသည့်ပို့စ်မှာ မှတ်ချက်ပေါင်း ရာဂဏန်းမှသည် စက္ကန့်ပိုင်းအတွင်း သောင်းဂဏန်းအထိ တိုးတက်သွားခဲ့ပြီး ဆက်လက်၍လည်း မြင့်တက်နေဆဲ ဖြစ်၏။

တရားဝင် Weibo အကောင့်ကို တာဝန်ယူထားသော အဖွဲ့သားများသည် ထိုသို့ဒေတာများ ရုတ်တရက် မြင့်တက်လာသည်ကို သတိပြုမိသွားပြီး ဒါရိုက်တာထံ အစီရင်ခံလိုက်ကြသည်။ ဒါရိုက်တာရွှီကျိရှန်းမှာ မျက်ခုံးအနည်းငယ် ပင့်သွားရသည်။ ဤမင်းသမီးလေးမှာ ဤမျှအထိ အဆက်အသွယ်ကောင်းများ ရှိနေခဲ့သည်လား၊ ဤမျှ အဆက်အသွယ် ရှိပါလျက်နှင့် အဘယ်ကြောင့် ယနေ့အထိ နာမည်မကြီးသေးရသနည်း။

"ဒေတာတွေအတွက် စိတ်မပူနဲ့၊ ဒီညပဲ ကြော်ငြာဗီဒီယိုကို ထုတ်လိုက်တော့"

*

【အရှင်... ယွမ်ရှီးက အရှင်မအပေါ် စိတ်ဝင်စားနေတာ (ခံစားချက် ရှိနေတာ) လားဟင်】

တန်ယန်သည် ရေသောက်နေစဉ် ယိတျန်တျန်၏ မေးခွန်းကြောင့် ရေပင် သီးသွားတော့မတတ် ဖြစ်သွားရသည်။

"နင်က 'စိတ်ဝင်စားတယ်' ဆိုတဲ့ အဓိပ္ပာယ်ကို သိလို့လား"

【သိတာပေါ့】

ယိတျန်တျန်က မာန်လေးဝင့်ကာ ခေါင်းကိုမော့လိုက်သည်။

【သူက အရှင့်ကို တစ်ဖက်သတ် ကြိုက်နေတာ၊ ဒါပေမဲ့ အရှင်က သူ့ကို ပြန်လည်း မတုံ့ပြန်သလို ငြင်းလည်း မငြင်းဘူးလေ အရှင်၊ အရှင်က လူတကာကို ကစားတတ်တဲ့ မိန်းကလေးလား】

တန်ယန်သည် ခွေးတစ်ကောင်၏ မျက်လုံးထဲတွင် 'တုန်လှုပ်သွားသော အမူအရာ' ကို မြင်လိုက်ရသည်။ ဤအကြောင်းကို တစ်ယောက်ယောက်အား ပြန်ပြောပြလျှင် မည်သူက ယုံပါမည်နည်း။

သူမသည် ယိတျန်တျန်၏ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး ခြိမ်းခြောက်လိုက်သည်။

"【ဒီနေ့အတွက် နင့်ရဲ့ နွားနို့သား စတိတ်ကို မစားချင်တော့ဘူး ထင်တယ်၊ ဟုတ်လား】"

【အရှင်...အပြစ်ရှိသလို ခံစားနေရပြီမလား】

တန်ယန်: "...ငါကဘာလို့ အပြစ်ရှိသလို ခံစားရမှာလဲဟ ဒါနဲ့ ငါနဲ့ယွမ်ရှီးလား၊ ဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ အတွဲကြီးလဲ တို့တွေက အဲဒီလောက်တောင် ရင်းနှီးတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား ဒါပေမဲ့ ယွမ်ရှီးကလည်း တကယ်ကို တက်ကြွလွန်းနေတာပဲ၊ မဟုတ်ဘူးလား ဒါနဲ့ဆို ဒါက ဒုတိယအကြိမ်ရှိပြီ"

ဤသို့ တွေးမိပြီးနောက် တန်ယန်သည် သူမ၏ နောက်ကျောဘက်မှ ဖုန်းကိုထုတ်လိုက်ကာ ယွမ်ရှီး၏ လိုင်းမက်ဆေ့ ပေးပို့သည့်နေရာကို ရှာလိုက်သည်။

တန်ယန်: "ကြော်ငြာပေးတာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်【ချစ်စရာကြောင်ပုံလေး】ဒါပေမဲ့ နောက်တစ်ခါကျရင် ဒီလောက်အထိ အပင်ပန်းခံဖို့ မလိုပါဘူး အမြဲတမ်း အားနာစရာကြီး ဖြစ်နေလို့ပါ အစ်ကို S မြို့တော်ကို လာဖြစ်တဲ့အခါကျရင် ညီမလေး ထမင်းကျွေးပါ့မယ်"

ယွမ်ရှီး: "မပင်ပန်းပါဘူး၊ ရပါတယ် ဘယ်တော့လဲ ဘယ်မှာစားကြမလဲ"

All Chapters