အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း (၁၂၅)
မင်းဒီလိုဖြစ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး အစ်ကိုယန်ရှန်
ဖိုရမ်ပေါ်ရှိ ကျန်းရှောင်၏ပို့စ်မှာ လျင်မြန်စွာပင် ရေပန်းစားလာခဲ့ပြီး မှတ်ချက်ပေးသူ သုံးထောင်ကျော်သွားသဖြင့် စာဖတ်သူများနှင့် စာရေးဆရာ အများအပြားမှာ တန်ယန်က ဝတ္ထုအသစ် စတင်ရေးသားနေပြီ ဖြစ်ကြောင်း သိရှိသွားကြသည်။
စာဖတ်သူများမှာ ဝတ္ထုကို ၎င်းတို့၏ စာရင်းထဲသို့ အပြိုင်အဆိုင် ထည့်သွင်းနေကြသလို စာရေးဆရာများကလည်း တန်ယန်၏ ဝတ္ထုအသစ်မှ ဇာတ်ကွက်နှင့် စိတ်ကူးသစ်များကို လေ့လာကာ ၎င်းတို့၏ လက်ရာများအတွက် အတုယူရန် ကြိုးစားကြသည်။ တော်သေးသည်မှာ သူမအနေဖြင့် သိသာထင်ရှားသော ခိုးချမှုမျိုးနှင့် မကြုံတွေ့ရသေးသဖြင့် လက်ရှိ အွန်လိုင်းစာပေလောက၏ အခြေအနေအပေါ် သူမ အထင်ကြီးမိသွားသည်။
တန်ယန်၏ အယ်ဒီတာမှာလည်း သူမ၏ လက်အောက်တွင် ဤမျှ ဝီရိယရှိပြီး ထူးချွန်သော စာရေးဆရာမတစ်ဦး ရှိနေသည့်အတွက် ဝတ္ထုအသစ် တင်လိုက်သည်ကို မြင်လျှင်မြင်ချင်း အလွန်ဝမ်းသာသွားသည်။ အမှန်စင်စစ် တန်ယန်သည် ဝတ္ထုတစ်ပုဒ်တည်းနှင့်ပင် အွန်လိုင်းစာပေ လောကတွင် ဂန္ထဝင်စာရေးဆရာမ တစ်ဦးအဖြစ် အသိအမှတ် ပြုခံထားရပြီး ဖြစ်သည်။
ပလက်ဖောင်းဘက်မှ သူမ၏ အရည်အချင်းကို အလွန်အမင်း အသိအမှတ်ပြုထားသဖြင့် သူမ၏ ဝတ္ထုအသစ်မှာ တင်ပြီးပြီးချင်းမှာပင် ထိပ်တန်းအကြံပြုချက် နေရာကို ရရှိခဲ့သည်။ အယ်ဒီတာကျင့်မုန့်သည် ချက်ချင်းပင် ဒီဇိုင်းဆိုင် တစ်ဆိုင်ကိုရှာကာ ကြော်ငြာပုံရိပ်များကို ပြုလုပ်စေခဲ့ပြီး နှစ်နာရီမပြည့်မီမှာပင် တန်ယန်၏ ဝတ္ထုအသစ် ကြော်ငြာကို အစီအစဉ်တကျဖြစ်အောင် စီစဉ်ပေးလိုက်သည်။
ထိုသို့ လုပ်ဆောင်ပြီးနောက် ကျင့်မုန့်သည် သူမကိုယ်သူမ ဂုဏ်ယူစွာဖြင့် လက်မထောင်ပြလိုက်ပြီး ဖုန်းမှ စခရင်ရှော့ရိုက်ကာ တန်ယန်သိရှိစေရန် လိုင်းမှတစ်ဆင့် ပေးပို့လိုက်သည်။
နောက်တစ်နေ့တွင် တန်ယန်သည် ဝက်ဘ်ဆိုက်၏ နောက်ကွယ်မှ အချက်အလက်များကို ဝင်ကြည့်သည့်အခါ သုံးခန်းသာ တင်ရသေးသော သူမ၏ ဝတ္ထုအသစ်မှာ တစ်ပတ်တာအတွင်း စာဖတ်သူ အကြိုက်ဆုံး စာရင်းတွင် နံပါတ် (၁) နေရာသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သတိပြုရမည်မှာ ယနေ့သည် ထိုအပတ်၏ နောက်ဆုံးရက်ပင် ဖြစ်နေပြီဖြစ်သည်။
သို့သော် သူမသည် ဤအောင်မြင်မှုကြောင့် ဘဝင်မြင့်မသွားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမသည် အရင်ဘဝက အတွေ့အကြုံများကို အသုံးချနေခြင်းသာ ဖြစ်ပေ၏။
ယနေ့အတွက် အခန်းသစ်ကို ရေးသားပြီးစီးပြီး နောက်တွင်မှ သူမသည် အယ်ဒီတာ၏ မက်ဆေ့ကို မြင်လိုက်ရသည်။ ပထမဆုံးဝတ္ထု အလွန် အောင်မြင်ခဲ့သည့်အတွက် ဤဒုတိယဝတ္ထုမှာ စရုံသာ ရှိသေးသော်လည်း သူမသည် စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခံလိုက်ရလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် နိုဝင်ဘာလသို့ ရောက်ရှိလာခဲ့ပြီး S မြို့တော်၏ ရာသီဥတုမှာလည်း စတင် အေးစိမ့်လာခဲ့သည်။
ထိုနေ့က တန်ယန်သည် အတန်းထဲတွင် စာသင်နေစဉ် အတန်းပိုင်ဆရာမက သူမကို အပြင်သို့ ခေါ်ထုတ်သွားသည်။ သူမသည် အထက်တန်း ဒုတိယနှစ်မှ တတိယနှစ် (၁) အတန်းသို့ အတန်းကျော် တက်ရောက်ခဲ့ခြင်းဖြစ်ရာ အတန်းပိုင်မှာလည်း ဆရာမဟွမ်ဟု အမည်ရသော ဆရာမအသစ် ဖြစ်နေသည်။
"ဆရာမဟွမ်... သမီးကို ဘာကိစ္စရှိလို့ ခေါ်တာလဲဟင်"
တန်ယန်သည် အတော်ကြာ စဉ်းစားကြည့်သော်လည်း ဆရာမအနေဖြင့် သူမကိုခေါ်စရာ အကြောင်းရင်းကို မတွေးမိပေ။
"တန်ယန်... ဒီနှစ်ကျောင်းရဲ့ နှစ်သစ်ကူး ဖျော်ဖြေပွဲမှာ ပါဝင်ချင်သလား ပွဲစီစဉ်တဲ့ဆရာက ဒီနေ့ ဆရာမဆီလာပြီး သမီးကို အခမ်းအနားမှူးအဖြစ် လုပ်စေချင်တယ်လို့ ပြောတယ် အဲဒါကြောင့် သမီးရဲ့ သဘောထားကို အရင်မေးကြည့်တာပါ၊ သမီးစိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်"
ဆရာမက သူမ၏သဘောထားကို သိလိုသဖြင့် နူးညံ့စွာပြုံးလျက် မေးလိုက်သည်။
တန်ယန်မှာ အနည်းငယ် ကြောင်သွားရသည်။ သူမတွင် အခမ်းအနားမှူး လုပ်ဖူးသည့် အတွေ့အကြုံ လုံးဝမရှိပါဘဲနှင့် ပွဲစီစဉ်သူဆရာက ဘာကြောင့် သူမကို ရွေးချယ်ရသနည်းဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
"ဆရာမ... သမီးမှာ ဒီလိုမျိုး အတွေ့အကြုံ တစ်ခါမှ မရှိဖူးဘူးရှင့်"
"ဒီနှစ်က ကျောင်းက မြို့တော်လူကြီးတွေကိုပါ ဖျော်ဖြေပွဲကြည့်ဖို့ ဖိတ်ထားတာလေ သမီးက အရင်တုန်းက နိုင်ငံတကာဆု ရထားဖူးတော့ သူတို့က သမီးကို စံပြကျောင်းသူ တစ်ယောက်အနေနဲ့ ထားချင်ပုံရတယ်"
"ဆရာမ... အခမ်းအနားမှူးတော့ မလုပ်ပါရစေနဲ့ရှင် သမီးမှာ ဇာတ်တိုက်လေ့ကျင့်ဖို့ အချိန်အများကြီး မရှိလို့ပါ ဒါပေမဲ့ ဖျော်ဖြေရေး အစီအစဉ် တစ်ခုမှာတော့ ပါဝင်ဖို့ စာရင်းပေးပါ့မယ်"
"ကောင်းပါပြီ၊ ဒါဆို ဆရာမဖျက်ပေးလိုက်မယ် အစီအစဉ်အတွက်တော့ ပွဲစီစဉ်တဲ့ဆရာကို ညီမလေးဆီ တိုက်ရိုက် ဆက်သွယ်ခိုင်းလိုက်မယ်လေ"
"ဟုတ်ကဲ့ပါဆရာမ ဒါဆို သမီး အတန်းထဲ ပြန်သွားလိုက်ပါဦးမယ်"
*
မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ်ပိတ်ရက် တစ်ခုသို့ ရောက်ရှိလာပြန်သည်။ တန်ယန်သည် သက်တော်စောင့် အချို့နှင့်အတူ နံနက်စောစောမှာပင် H မြို့တော်သို့ ထွက်ခွာခဲ့သည်။ ယခုတစ်ခေါက်တွင်မူ ချင်ယွီရုံတစ်ယောက် ဘေကျင်းတွင် ရုတ်တရက် အရေးပေါ်ကိစ္စ ပေါ်လာသဖြင့် လိုက်မလာနိုင်ဘဲ ထိုဘက်သို့ အမြန်သွားရောက် ဖြေရှင်းနေရသည်။
ယနေ့ သူမသည် C ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ H မြို့တွင် ကျင်းပမည့် ရှိုးပွဲတစ်ခုသို့ တက်ရောက်ရန် လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လျန်ရှန့်ရွှီ၏ မွေးနေ့ပါတီသို့လည်း တက်ရောက်ရန် အစီအစဉ်ရှိသည်။
H မြို့သို့ ရောက်ရှိချိန်တွင် မွန်းတည့် ၁၂ နာရီ ကျော်နေပြီဖြစ်သည်။ တန်ယန်သည် သူမ၏ သက်တော်စောင့်များကို ယွီချန်းနျန်၏ လူနေရပ်ကွက်သို့ တိုက်ရိုက် မောင်းပို့ခိုင်းလိုက်သည်။ သူမသည် ဆရာကတော်နှင့်အတူ နေ့လယ်စာစားရန် ကြိုတင်ချိန်းဆိုထားခြင်း ဖြစ်သည်။
တန်ယန်သည် သက်တော်စောင့်များကို ဟိုတယ်သို့သွား၍ အရင်အနားယူရန်နှင့် ညနေမှသာ သူမကို လာကြိုရန် မှာကြားလိုက်သည်။ ထို့နောက် ယွီချန်းနျန်နှင့် ဇနီးဖြစ်သူအတွက် လက်ဆောင်ပေးရန် လက်ဖက်ရည်နှင့် မုန့်များကို သယ်ဆောင်လျက် အထဲသို့ ဝင်လာခဲ့သည်။
"ဆရာနဲ့ ဆရာကတော်... သမီးရောက်ပါပြီ"
တန်ယန်သည် ခြံဝင်းတံခါးဝသို့ ရောက်သည်နှင့် အိမ်ထဲသို့ လှမ်းအော်လိုက်သည်။
နာရီဝက်မပြည့်မီမှာပင် ဆရာကတော်က တံခါးဖွင့်ပေးလိုက်ပြီး သူမကိုမြင်သည်နှင့် မျက်လုံးများ ဝင်းခနဲဖြစ်ကာ ပြုံးရွှင်သွားတော့သည်။
"မြန်မြန်ဝင်ခဲ့၊ အပြင်မှာ အေးနေတယ် မဟုတ်လား"
တန်ယန်က အိမ်ထဲသို့ လျှောက်ဝင်ရင်း ခေါင်းခါပြလိုက်သည်။
"မအေးပါဘူးရှင့်၊ အခုက အအေးဆုံးအချိန် မရောက်သေးဘူးလေ"
"အဲဒါလည်း ဟုတ်တာပဲ ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ... ဒီနေ့ သမီးရဲ့ အစ်ကိုယန်ရှန်းက သူ့ရည်းစားကို အိမ်ကို ခေါ်လာတယ်လေ လာ... အတူတူ တွေ့လိုက်ရအောင်"
ဆရာကတော်၏ မျက်နှာမှာ ပြုံးပန်းဝေနေပြီး ချွေးမလောင်းလေး ရောက်လာသည့်အတွက် အလွန်ဝမ်းသာနေပုံ ရသည်။
ထိုစကားကို ကြားသည်နှင့် တန်ယန်မှာ ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။
"ဘယ်လိုလဲ ဆရာကတော်... အတော်လေး သဘောကျနေတယ် မဟုတ်လား"
ဆရာကတော် စကားမပြောရသေးမီမှာပင် သူမက ဆက်ပြောလိုက်သည်။
"ကြည့်ရတာတော့ အတော်လေးကို ကျေနပ်နေပုံပဲ ကဲ... သမီးရဲ့ ယောင်းမလောင်းလေးက ဘယ်လိုပုံစံလဲဆိုတာ ဝင်ကြည့်ရအောင်"
အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် စာဖတ်မျက်မှန်တပ်ကာ သတင်းစာဖတ်နေသည့် ယွီချန်းနျန်ကို တွေ့လိုက်ရသည်။ ဘေးနားရှိ လက်ဖက်ရည်ပွဲလေးမှာမူ ဟောင်းလောင်းဖြစ်နေဆဲဖြစ်သည်။ လက်ဖက်ခြောက်အိတ်များကို သယ်ဆောင်လာသော တန်ယန်ကို မြင်သောအခါ သူက ရယ်မောလျက်
"မင်းအစ်ကို ယန်ရှန်းက ငါ့ကို လက်ဖက်ရည် ဖျော်ပေးမယ်ဆိုတာကို ငါကငြင်းလိုက်တာ သမီး လက်ဖက်ရည် ယူလာမယ်ဆိုတာ သိနေလို့လေ"
ဟု ဆိုသည်။
"ဆရာ... ဘာလို့ တစ်ယောက်တည်း ထိုင်နေတာလဲဟင်"
တန်ယန်က ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်သော်လည်း ယောင်းမလောင်းလေး၏ အရိပ်အယောင်ကို မတွေ့ရပေ။
"မင်းအစ်ကို ယန်ရှန်းက သူ့ရည်းစားကို အပေါ်ထပ် ခေါ်သွားလေရဲ့ သူတို့ ပြန်ဆင်းလာရင် လျှောက်ကြည့်မနေနဲ့ဦး၊ သွား... လက်ဖက်ရည် အရင်ဖျော်ချေ"
ယွီချန်းနျန်က ခေါင်းခါရင်းဆိုသည်။ ဒီခေတ်ကလေးတွေကတော့ တကယ်ကို စိတ်မထိန်းနိုင်ကြပါလား။
တန်ယန်က ပုခုံးလေးတွန့်ပြကာ လက်ဖက်ရည်ဖျော်ရန် လှည့်ထွက်ခဲ့သည်။
နေ့လယ်စာစားချိန် ရောက်မှသာ ယွီယန်ရှန်း၏ ချစ်သူနှင့် တရားဝင် ဆုံတွေ့ခွင့်ရတော့သည်။ သူမသည် အလွန်ပင် အနေအေးပြီး လိမ္မာယဉ်ကျေးပုံ ရသည့်အပြင် ပညာတတ်ဆန်သော အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူတို့နှစ်ဦးမှာ အလွန်ပင် လိုက်ဖက်ညီလှသည်။
"မင်္ဂလာပါ ယောင်းမလောင်းလေးရေ... ကျွန်မကတန်ယန်ပါတွေ့ရတာ ဝမ်းသာပါတယ်ရှင်"
"မင်္ဂလာပါ၊ အစ်မနာမည်က မုန့်ဟန်ပါ။ အာယန်ပြောပြလို့ ညီမလေးအကြောင်း ကြားဖူးပါတယ် အခုလို လူချင်းတွေ့ရတာ တကယ်ဝမ်းသာတယ်၊ ညီမလေးက တကယ်ကို တော်တာပဲနော်"
မုန့်ဟန်၏ စကားပြောသံမှာ နူးညံ့ပြီး အပြုံးမှာလည်း နွေးထွေးလှရာ တန်ယန်အဖို့ ပထမဆုံး တွေ့ဆုံမှုမှာတင် အထင်ကြီးစရာ ဖြစ်ခဲ့သည်။
"တစ်ယောက်ကိုတစ်ယောက် ချီးကျူးမနေကြပါနဲ့တော့ ငါ့အမြင်မှာတော့ ညည်းတို့ နှစ်ယောက်လုံးက တော်ကြတဲ့ သူတွေချည်းပါပဲ ကဲ... စားကြ စားကြ"
လုမုန်လန်၏ မျက်နှာထက်မှ အပြုံးမှာလည်း မပျက်ပေ။ ထိုင်ခုံမှာ နေရာယူသည်နှင့် သူမသည် ချွေးမလောင်းလေးအတွက် ဟင်းများခပ်ပေးရန်သာ အလုပ်ရှုပ်နေတော့သည်။
"ဟူး... မုန့်ဟန်အစ်မ ရှိနေတော့လည်း ဆရာကတော်ရဲ့ နှလုံးသားက အစ်မဆီပဲ အကုန်ရောက်သွားတော့တာပဲ"
တန်ယန်က မနာလို ဖြစ်ဟန်ဆောင်ကာ သက်ပြင်းလေးချ၍ ဆိုလိုက်သည်။
"ဒီကလေးမလေးကတော့နော်... ငါကဘယ်တုန်းက ဘက်လိုက်လို့လဲ ဒါ ညည်းအကြိုက်ဆုံး ကြာစွယ်ကပ်ကြော် မဟုတ်လား"
လုမုန်လန်က တန်ယန်နောက်နေသည်ကို သိသဖြင့် ရယ်မောကာ ဆူသလိုလုပ်ရင်း ဟင်းရည်တစ်ခွက် ခပ်ပေးရန်လည်း မမေ့ပေ။
ဟင်းရည်ပန်းကန်ကို လှမ်းယူရင်း တန်ယန်က လျှာလေးထုတ်ကာ ပြုံးဖြီးဖြီးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဟီးဟီး... ဆရာကတော်က သမီးကို ချစ်နေသေးမှန်း သိသားပဲ"
ထမင်းဝိုင်းအတွင်းရှိ ပျော်ရွှင်ဖွယ်ကောင်းသော အခြေအနေကို မြင်သောအခါ မုန့်ဟန် စိတ်အေးသွားရသည်။ အစပိုင်းတွင် ချစ်သူ၏ မိသားစုဝင်များမှာ အလွန်တည်ကြည် လေးနက်သူများ ဖြစ်နေမလားဟု သူမ စိုးရိမ်ခဲ့သော်လည်း ယခုတော့ အားလုံးမှာ အလွန်ပင် ပေါင်းသင်းရ လွယ်ကူသူများ ဖြစ်နေကြသည်။
သူမသည်ပြုံးလျက် ယွီယန်ရှန်း၏ အကြည့်ကို လှမ်းဆုံလိုက်ရာ ယန်ရှန်းထံမှလည်း ချစ်ခင်ကြင်နာသော အကြည့်များကို ပြန်လည် ရရှိလိုက်သည်။ သူမကပြုံးရင်း ခေါင်းခါပြကာ ဟင်းများ ပြည့်လျှံနေသော သူမ၏ပန်းကန်ကို ငုံ့ကြည့်လျက် အမြန်ပင် စတင်စားသောက်လေသည်။
ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် တန်ယန်သည် ဆိုဖာပေါ်တွင် သက်သောင့်သက်သာ မှီထိုင်နေသည်။ မုန့်ဟန်ကမူ သူမ၏ ဘေးနားတွင် အနည်းငယ် ရှိန်နေပုံရလျက် ထိုင်နေသည်။
"မုန့်ဟန်အစ်မ... အစ်မနဲ့ ယန်ရှန်းကိုကိုနဲ့ ဘယ်လို စဆုံခဲ့ကြတာလဲဟင်"
တန်ယန်သည် မုန့်ဟန်၏ အရှိန်အဝါကို လျှော့ချပေးချင်သလို သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းကိုလည်း တကယ်ပင် စပ်စုချင်နေမိသည်။
"အမှန်အတိုင်း ပြောရရင် တို့နှစ်ယောက် ဆုံခဲ့ပုံက တကယ့်ကို မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုပဲ"
"မတော်တဆ ဖြစ်ခဲ့တာလားဟင်"
မုန့်ဟန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ စတင်ရှင်းပြတော့သည်။
"အင်း... အဲဒီနေ့က အစ်မအပြင်သွားရင်း လှေကားထစ်တွေကို သတိမထားမိဘဲ ခြေထောက် ခေါက်သွားတာလေ အရမ်းနာနေတာနဲ့ ဆေးရုံကို တက္ကစီနဲ့ သွားခဲ့ရတယ် ကားပေါ်က ဆင်းလိုက်တဲ့အခါ ခြေထောက်က ပိုနာလာတာနဲ့ တစ်ဖက်တည်းနဲ့ပဲ ခုန်ပြီး သွားနေခဲ့ရတာပေါ့"
"အဲဒီအချိန်မှာပဲ ညီမလေးရဲ့ အစ်ကိုက အနောက်ကနေ ရောက်လာတာလေ အစ်မရဲ့ ပုံစံကိုကြည့်ပြီး ရယ်ချင်စရာကောင်းနေလို့လားတော့ မသိဘူး၊ သူက ဝှီးချဲတစ်စီးကို ကြင်ကြင်နာနာနဲ့ တွန်းလာပြီး အစ်မကို ကူညီပေးခဲ့တာ"
"တကယ်တော့ အဲဒီအချိန်တုန်းက တို့ရဲ့ 'နတ်သားလေး' က တို့ကိုကယ်တင်ဖို့ ရောက်လာတာပဲလို့တောင် ထင်မိသွားရတယ် အဲဒီနောက်ပိုင်းမှာတော့ သူ့ကိုတွေ့ဖို့ အကြောင်းပြချက်တွေ အမြဲရှာရင်းနဲ့ပဲ မကြာခင်မှာ တို့နှစ်ယောက် တွဲဖြစ်သွားကြတာပါပဲ"
ဤသို့ပြောရင်း မုန့်ဟန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးငုံ့သွားသည်။
တန်ယန်မှာမူ သစ်သီးပန်းကန်ကို ကိုင်ကာ ဖြည်းဖြည်းချင်း လျှောက်လာသော ယွီယန်ရှန်းကို ကြည့်ကာ အံ့သြလွန်းသဖြင့် မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။
ယွီယန်ရှန်းက သစ်သီးပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး မုန့်ဟန်၏ဘေးတွင် ဝင်ထိုင်ကာ စူးစမ်းသလို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဘာတွေပြောနေကြတာလဲ ယန်ယန်က ဘာလို့ ငါ့ကို အဲဒီလိုကြီး ကြည့်နေရတာလဲ"
"ကိုကိုယန်ရှန်း... ကိုကိုက ဒီလိုမျိုး လူစားမျိုးမှန်း ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး"
အခန်း (၁၂၆)
ရှိုးပွဲကြည့်ခြင်း
မုန့်ဟန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ ယွီယန်ရှန်း၏ မျက်နှာမှာ နီမြန်းသွားရသည်။ သူ၏ အသက် ၃၀ သက်တမ်းတစ်လျှောက်တွင် ဤသည်မှာ ပထမဆုံးအကြိမ် ရည်းစားထားခြင်းဖြစ်ပြီး တစ်ဖက်က အရင်လိုက်ခြင်းကို ခံခဲ့ရသည်ဟု ဝန်ခံရန် သူအတော်လေး ရှက်နေမိသည်။ သို့သော်လည်း တစ်ဖက်တွင်မူ ဤအချက်ကပင် သူသည် ဆွဲဆောင်မှုရှိသူဖြစ်ကြောင်း သက်သေပြနေသည်ဟု ပြန်တွေးကာ ဖြေသိမ့်လိုက်သည်။
"မုန့်ဟန်အစ်မ... အစ်မက ဇာတ်ညွှန်းရေး ဆရာမလို့ ကြားတယ်နော်"
တန်ယန်သည် လုမုန်လန်ထံမှတစ်ဆင့် ကြားသိထားခြင်းဖြစ်သည်။
"ဟုတ်တယ် အဲဒါမှန်ပါတယ် အချိန်ပိုပြီး လွတ်လပ်မှုရှိလို့ ဇာတ်ညွှန်းရေးတဲ့ အလုပ်ကို ရွေးချယ်ခဲ့တာပါ တစ်ခါတလေ အလုပ်တွေ အရမ်းများပြီး စိတ်တိုရတဲ့ အချိန်တွေ ရှိတတ်ပေမဲ့ မနက် ၉ နာရီကနေ ည ၅ နာရီအထိ ရုံးတက်ရတဲ့ ဘဝထက်စာရင် ကိုယ်ပိုင်အချိန် ပိုရတာကို ပိုသဘောကျလို့ပါ"
သူမ၏ အသက်မွေးဝမ်းကျောင်း အလုပ်အကြောင်း ပြောသည့်အခါ မုန့်ဟန်၏ မျက်လုံးများမှာ ဝင်းပလာသည်။ သူမသည် ထိုအလုပ်ကို တကယ်ပင် မြတ်နိုးကြောင်း သိသာလှသည်။
"တကယ်ကို ကောင်းတာပဲနော် ညီမလည်း နောက်ကျရင် ကိုယ်ဝါသနာပါတဲ့ အလုပ်မျိုးကိုပဲ ရွေးချယ်ချင်တာ ဒါမှပဲ အသက်ရှင် ရပ်တည်ဖို့အတွက် သက်သက်မဟုတ်ဘဲ ကိုယ့်အိပ်မက်တွေအတွက် ကြိုးစားနေရတယ်လို့ ခံစားရမှာ"
ဟု တန်ယန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
"ညီမက အလုပ်လုပ်ဖို့ လိုသေးလို့လား"
ဟု ယွီယန်ရှန်းက ပြန်မေးသည်။
'ညီမရဲ့အလုပ်က ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းပြီး ပျင်းပျင်းရိရိ နေဖို့ပဲလေ' ဟု သူမ စိတ်ထဲက တွေးလိုက်မိသည်။
အတိအကျပင် ထိုအချိန်တွင် ယွီချန်းနျန် ရောက်လာပြီး တန်ယန်၏ "ပျင်းပျင်းရိရိ နေချင်သည်" ဟူသော စကားကို ကြားသောအခါ ရုတ်တရက် မကျေမနပ် ဖြစ်သွားတော့သည်။
"ပေါက်ကရတွေ ညည်းက ဘယ်လိုဖြစ်ပြီး ပျင်းပျင်းရိရိ နေမှာလဲ တို့ရဲ့ယန်ယန်က စာလည်းတော်သလို၊ ပီယာနို တီးတာမှာလည်း ဘယ်သူမှ မလိုက်နိုင်တဲ့ အဆင့်ကို ရောက်နေတာလေ ဘယ်လိုဖြစ်လို့ ပျင်းရိတဲ့သူ ဖြစ်မှာလဲ"
ယွီချန်းနျန်က ယွီယန်ရှန်းကို စိုက်ကြည့်လိုက်ရင်း
"ဟန်ဟန် (မုန့်ဟန်) မျက်နှာကြောင့်သာ မဟုတ်ရင် မင်းအမေနဲ့ ငါက မင်းကို မြင်တောင်မမြင်ချင်ဘူး"
ယွီယန်ရှန်းမှာ နှာခေါင်းလေးကို ပွတ်လိုက်မိသည်၊ တန်ယန်ကို မစသင့်ခဲ့ပေ။ မုန့်ဟန်မှာမူ ရယ်ချင်စိတ်ကို အောင့်ထားရင်း နှုတ်ခမ်းလေးကို စေ့ထားကာ ယွီယန်ရှန်း၏လက်ကို အသာအယာ အားပေးသည့် သဘောဖြင့် တို့လိုက်သည်။
နေလယ်ပိုင်းတွင် တန်ယန်ကို ဟိုတယ်သို့ ခေါ်ဆောင်သွားကာ အလှပြင်ပေးကြသည်။ သူမသည် ကားတီးယား ဖက်ရှင်ရှိုးသို့ သွားရောက်ကြည့်ရှုရန် ဖြစ်သဖြင့် ယနေ့အသုံးပြုသော အလှကုန်နှင့် ပစ္စည်းများ အားလုံးမှာ ကားတီးယား အမှတ်တံဆိပ်များသာ ဖြစ်သည်။
အဖြူရောင် Chanel စတိုင် ဂျာကင်အကျီနှင့် အနက်ရောင် စကတ်အရှည်ကို တွဲဖက်ဝတ်ဆင်ထားပြီး ရှတိုး ဒီ ကိုရယ်မှ ပုလဲဆွဲကြိုး နှစ်ထပ်ကိုလည်း ဆင်မြန်းထားသည်။ သူမ၏ဆံပင်ကို အနောက်တွင် အနိမ့်စည်းထားပြီး ခရင်မ်ရောင် ကက်ရှ်မီးယား ဘဲရတ်ထ်ဦးထုပ်လေးကို ဆောင်းထားကာ နားတွင်လည်း ရှတိုး ဒီ ကိုရယ် အမှတ်တံဆိပ် နားကပ်လေးများမှာ အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေသည်။
ဖက်ရှင်ရှိုး ကျင်းပရာ နေရာမှာ တန်ယန်၏ ဟိုတယ်နှင့် မဝေးလှဘဲ ကားဖြင့် ၁၀ မိနစ်ခန့်သာ မောင်းရသည်။ ရောက်ရှိချိန်တွင် C အမှတ်တံဆိပ်မှ ကိုယ်စားလှယ်ကိုယ်တိုင် လာရောက်ကြိုဆိုပြီး တန်ယန်ကို VIP နေရာသို့ လမ်းညွှန် ခေါ်ဆောင်သွားခဲ့သည်။
"မစ္စတန်... ခဏလောက် အနားယူနိုင်ပါတယ်ရှင် ရှိုးပွဲက နောက် ၁၀ မိနစ်နေရင် စပါတော့မယ် အကယ်၍ သဘောကျတဲ့ ဝတ်စုံရှိရင် မှတ်ထားပေးပါဦးနော်၊ ကျွန်မတို့ ညီမလေးအတွက် အရင်ဆုံး ဖယ်ထားပေးပါ့မယ်"
"ဟုတ်ကဲ့ပါ၊ ကျွန်မဘာသာပဲ ခဏနေလိုက်ပါ့မယ် အစ်မတို့လည်း သွားပြီး အလုပ်ရှုပ်နိုင်ပါတယ်"
VIP နေရာများသည် အခြားထိုင်ခုံများနှင့် သီးခြားစီ ခွဲထားသည်။ အကွာအဝေးအားဖြင့် သိပ်မဝေးသော်လည်း အလယ်တွင် လမ်းကြားတစ်ခု ရှိနေသဖြင့် ထင်ထင်ရှားရှားပင် ကွဲပြားနေသည်။
တန်ယန်၏ ဘေးပတ်လည်ရှိ ထိုင်ခုံများတွင် လူပြည့်နေပြီဖြစ်ပြီး အများစုမှာ H မြို့မှ ချမ်းသာကြွယ်ဝသော အမျိုးသမီးကြီးများ ဖြစ်ကြသည်။ သူမသည် ထိုသူများကြားတွင် အလယ်ဗဟို၌ ထင်ရှားနေပြီး သူမ၏ အသက်အရွယ်နှင့် ရုပ်ရည်မှာလည်း ထိပ်တန်းအဆင့်တွင် ရှိနေသည်။ သူမကိုသိသော အမျိုးသမီးများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စုံစမ်းကြည့်ကြသော်လည်း သူမမှာ လူစိမ်းတစ်ယောက် ဖြစ်နေသည်ကိုသာ သိရှိရသည်။
"မစ္စတန်လား"
ရုတ်တရက် သူမ၏ဘေးနားမှ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။ တန်ယန် လှည့်ကြည့်လိုက်ရာ ခုံတစ်ခုံခြားတွင် ထိုင်နေသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် လက်ရာမြောက်သော မိတ်ကပ်များ လိမ်းခြယ်ထားပြီး စီအင်န်တီမှ ဂန္ထဝင်ဒီဇိုင်းဖြစ်သော ပုလဲနားကပ်အကြီးကြီးများကို ဆင်မြန်းထားသည်။ ထိုအမျိုးသမီးမှာ သူမကို ဝမ်းသာအားရဟန်ဖြင့် ကြည့်နေသည်။
"ကျွန်မကို ခေါ်တာလားရှင့်"
တန်ယန်က သူမကိုယ်သူမ ပြန်ညွှန်ပြကာ မေးလိုက်သည်။
"ဟုတ်တယ်၊ တန်ယန်လေး"
အမျိုးသမီးက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်ရာ အလွန်ပင် ကြင်နာတတ်မည့်ပုံ ပေါ်သည်။
"တို့တွေ အရင်က ပရဟိတ လေလံပွဲတစ်ခုမှာ ဆုံခဲ့ဖူးတယ်လေ ဒါပေမဲ့ အဲဒီတုန်းက လူတွေ အရမ်းများနေတော့ နှုတ်ဆက်ဖို့ အခွင့်အရေး မရလိုက်ဘူး ဒီနေ့တော့ တကယ့်ကို တိုက်ဆိုင်တာပဲ"
တန်ယန်ကလည်း ရင်းနှီးဖော်ရွေသော အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
"မင်္ဂလာပါရှင်၊ တွေ့ရတာ ဝမ်းသာပါတယ်"
ထိုသို့ ပြောပြီးသည်နှင့် အမျိုးသမီးသည် သူမ၏ဘေးရှိလူနှင့် ခုံချင်းလဲလိုက်ပြီး သူမနှင့် ရင်းနှီးပြီးသားဖြစ်ကြောင်း အရိပ်အယောင် ပြလိုက်သည်။
"တန်ယန်လေး... တို့ရဲ့ မျိုးရိုးနာမည်က 'ကျန့်' ပါ စိတ်မရှိဘူးဆိုရင် အန်တီကျန့်လို့ပဲ ခေါ်နိုင်ပါတယ်"
"ဟုတ်ကဲ့၊ အန်တီကျန့်"
ထိုစကားကို ကြားလိုက်ရသည့်အခါ အမျိုးသမီး၏ အပြုံးမှာ ပို၍ ကျယ်ပြန့်သွားတော့သည်။
"တို့က ချစ်စရာကောင်းတဲ့ မိန်းကလေးငယ်လေးတွေကို တကယ်ပဲချစ်တာ ဒါပေမဲ့ ကံမကောင်းချင်တော့ တို့မှာ သမီးမရှိဘူးလေ၊ သားတစ်ယောက်ပဲ ရှိတာ၊ အန်တီက သမီးလေးကို 'ယန်ယန်' လို့ပဲ ခေါ်လို့ရမလား"
တန်ယန်က ခေါင်းညိတ်ပြလိုက်သည်။
"ရပါတယ်ရှင့်"
"ယန်ယန်... အန်တီ့ကို လိုင်းမှာ အပ်ထားပါလား နောက်ဆိုရင် ဖက်ရှင်ရှိုးတွေကို အတူတူ သွားကြတာပေါ့"
ပြောပြောဆိုဆိုဖြင့် သူမသည် အိတ်ထဲမှ နောက်ဆုံးပေါ် အိုင်ဖုန်းကို ထုတ်လိုက်သည်။
သူတို့နှစ်ဦး WeChat အပ်ပြီးသည်နှင့် မီးများမှိန်သွားကာ ရှိုးပွဲမှာစတင်တော့သည်။
ယနေ့၏ အဓိက အကြောင်းအရာမှာ "နွေဦးမြက်ခင်းပြင်" ဖြစ်ပြီး သဘာဝဆန်သော အဝတ်အထည်များနှင့် အသုံးအဆောင်များကို တင်ဆက်ထားသည်။ ကြည့်ရသည်မှာ ပေါ့ပေါ့ပါးပါး ရှိသော်လည်း လက်ရာမြောက်သော အသေးစိတ် အပြင်အဆင်များစွာဖြင့် တန်ဆာဆင်ထားသည်။
တန်ယန်သည် အဝါနုရောင် ကာဒီဂင်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ထားသော အဖြူရောင် ဂါဝန်လေးနှင့် နှလုံးသားပုံစံ လွယ်အိတ်လေးကို သဘောကျသွားသည်။ ထိုဝတ်စုံမှာ အရောင်နှစ်မျိုးဖြင့် လာပုံရသဖြင့် သူမသည် အားလုံးကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
"ယန်ယန်... ဘယ်ဟာကို သဘောကျလဲ အန်တီကျန့်က လက်ဆောင်အဖြစ် ဝယ်ပေးပါရစေ"
"ကျေးဇူးတင်ပါတယ် အန်တီကျန့်၊ ဒါပေမဲ့ မလိုပါဘူးရှင့် ဒီနေ့က ဒီအတိုင်း လာကြည့်ရုံ သက်သက်ပါပဲ"
တန်ယန်က ယဉ်ကျေးပျူငှာစွာ ငြင်းပယ်လိုက်သည်။ သူမသည် အခြားသူများထံမှ လက်ဆောင်များကို အလွယ်တကူ လက်ခံတတ်သည့် အလေ့အကျင့် မရှိခဲ့ပေ။
"ရပါတယ်ဆို၊ သဘောကျတာ ရှိရင်သာပြော အန်တီကျန့်မှာ စုထားဆောင်းထားတာတွေ အများကြီး ရှိပါတယ်"
ကျန့်ရှင်းယွဲ့သည် တန်ယန်ကို မြင်မြင်ချင်း ခင်မင်သွားပြီး တကယ်ပင် သဘောကျနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ပရဟိတလေလံပွဲတုန်းက သူမကို စကားမပြောလိုက်ရသဖြင့် အတော်ကြာအောင် နောင်တရနေခဲ့ရသည်။
ယနေ့ ထပ်မံဆုံတွေ့ရခြင်းမှာ တကယ့်ကို ရေစက်ပင် ဖြစ်သည်။ ထို့ကြောင့် အခြားသူများ၏ ထူးဆန်းသလို ကြည့်နေသည့် အကြည့်များကို ဂရုမစိုက်ဘဲ သူမသည် ထိုမိန်းကလေးကို သူငယ်ချင်းအဖြစ် အတင်းအကျပ် အပ်ခဲ့ခြင်းဖြစ်သည်။
C အမှတ်တံဆိပ်၏ရှိုးပွဲ ပြီးဆုံးသောအခါ ကျန့်ရှင်းယွဲ့က တန်ယန်အား စူပါမားကတ် ကတ်ပြားတစ်ခုကို မရရအောင် ပေးခဲ့သည်။
"အန်တီတို့ မိသားစုက 'ချန်ရုန်' စူပါမားကတ်ကို ပိုင်တာလေ၊ သိတယ်မလား အဲဒါ အန်တီတို့ မိသားစုလုပ်ငန်းပဲ ဒီကတ်ထဲမှာ ငွေအများကြီး မရှိပါဘူး၊ တို့တွေက မိတ်ဆွေတွေနဲ့ ဖောက်သည်တွေကို လက်ဆောင်ပေးဖို့ လုပ်ထားတာပါ အားမနာပါနဲ့ စူပါမားကတ်မှာ ဈေးဝယ်လို့ရသလို၊ စူပါမားကတ် ဘေးနားက စားသောက်ဆိုင်တွေမှာလည်း သုံးလို့ရတယ်လေ"
တန်ယန်က အသာအယာ သက်ပြင်းချလိုက်ရင်း
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် အန်တီကျန့်"
ဟု ဆိုလိုက်ရတော့သည်။
ထိုအခါမှ ကျန့်ရှင်းယွဲ့သည် ဝမ်းသာအားရ နှုတ်ဆက်ကာ သူမ၏ ကားပေါ်သို့တက်၍ မောင်းထွက်သွားတော့သည်။
တန်ယန် ဟိုတယ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် C ကုမ္ပဏီ၏တာဝန်ရှိသူထံမှ ဖုန်းဝင်လာသည်။
"မစ္စတန်... ညီမလေး သဘောကျတဲ့ ဝတ်စုံတွေ အားလုံးကို S မြို့တော်က ဇူးယုန်းဗီလာကိုပဲ ပို့ပေးရမလားရှင့်"
ဟု တာဝန်ရှိသူက အတည်ပြုရန် မေးမြန်းလာသည်။
"အင်း... အဖြူရောင် လွယ်အိတ်တစ်လုံးနဲ့ ပုလဲလက်ဝတ်ရတနာ တစ်စုံကိုတော့ နယူးဝေါလ် ဟိုတယ်ကအခန်းကို ပို့ပေးပါ ဒါနဲ့... မစ္စကျန့်ရှင်းယွဲ့ရဲ့လိပ်စာ ရှိပါသလား ဒီနေ့ရှိုးပွဲက ပုလဲလက်ဝတ်ရတနာ တစ်စုံရယ်၊ ပိုးပဝါအသစ် တစ်ထည်ရယ်ကို သူမဆီ ပို့ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ မစ္စတန်"
တန်ယန်သည် အခြားသူတစ်ဦးကို အမြဲတမ်း အရှုံးမခံတတ်သူ၊ ကျေးဇူးကို ပြန်ဆပ်တတ်သူ ဖြစ်သည်။ ကျန့်ရှင်းယွဲ့က သူမကို လက်ဆောင်ကတ် ပေးသဖြင့် သူမကလည်း C အမှတ်တံဆိပ်မှ ပစ္စည်းများကို ပြန်လည် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ သူမသည် ပစ္စည်း၏တန်ဖိုးကို ဂရုမစိုက်ဘဲ တစ်ဖက်လူ၏ စေတနာကိုသာ အလေးထားသည်။
ရေချိုးပြီးနောက် မီကိုနှင့် ဗီဒီယိုကော ခေတ္တခဏ ပြောပြီးနောက် တန်ယန်သည် ကွန်ပျူတာကိုဖွင့်ကာ စာပြန်ရေးတော့သည်။ သူမ၏ ဝတ္ထုအသစ်မှာ အခန်းများများစားစား မတင်ရသေးသော်လည်း အခြားစာရေးဆရာများမှာ သူမ၏ပုံစံကို အတုယူကာ စတင်ရေးသားနေကြပြီ ဖြစ်သည်။ မကြာမီတွင် ဝက်ဘ်ဆိုက်တစ်ခုလုံး 'ခေတ်ကျော် သို့မဟုတ် တစ်ဖန်ပြန်လည်ရှင်သန်ခြင်း' ဇာတ်လမ်းများဖြင့် ပြည့်နှက်သွားတော့မည်မှာ မလွဲဧကန် ဖြစ်ပေသည်။
ထိုအကြောင်းကို တွေးမိသောအခါ 'ခေတ်ကျော်ခြင်း' နှင့် 'စနစ်ပါသောဝတ္ထု' များသည် ရုပ်ရှင်ရိုက်ကူးရန် မသင့်တော်ဘူးလားဟု သူမရုတ်တရက် သတိပြုမိသွားသည်။ 'ထားလိုက်ပါတော့... ရေးပြီးသွားပြီပဲ၊ နောက်စာအုပ်ကျမှပဲ အဲဒီအကြောင်းကို ထည့်စဉ်းစားတော့မယ်' ဟု သူမ တွေးလိုက်သည်။
နှစ်နာရီခန့် ဝီရိယရှိရှိ စာရေးပြီးနောက် သူမ၏မူကြမ်းထဲတွင် စာလုံးရေ သုံးသောင်းခန့် ထပ်မံ စုဆောင်းမိသွားကာ နောက်ဆုံးတွင် စိတ်ကျေနပ်စွာဖြင့် အိပ်စက်လိုက်ပါတော့၏။
နောက်တစ်နေ့တွင် တန်ယန်သည် ယွီချန်းနျန်၏အိမ်သို့ ညစာစားရန် သွားရောက်ခဲ့ပြီး မုန့်ဟန်အတွက် လက်ဆောင်ပေးမည့် အဖြူရောင် လွယ်အိတ်လေးကို ဆရာကတော်မှတစ်ဆင့် ပေးအပ်ခဲ့သည်။ ထို့ပြင် မနေ့ညက သူမဝယ်ယူခဲ့သော ပုလဲရတနာ အစုံကိုလည်း ဆရာကတော်အား လက်ဆောင်ပေးခဲ့သည်။ ဆရာကတော်၏ ပုံစံမှာ ပုလဲနှင့် ကျောက်စိမ်းရတနာများ ဆင်မြန်းလိုက်လျှင် အလွန်တင့်တယ် လှပမည်ဟု သူမ အမြဲတမ်း ခံစားခဲ့ရသောကြောင့် ဖြစ်သည်။
လုမုန်လန်သည် လက်ဆောင်ကို လက်ခံရရှိသောအခါ အလွန်ပင် အံ့သြဝမ်းသာသွားရသည်။ 'သမီးမိန်းကလေးတွေဟာ မိခင်တွေအတွက် နွေးထွေးတဲ့ ဝတ်စုံလေးတွေလိုပဲ' ဆိုသည့်စကားမှာ အမှန်ပင် ဖြစ်တော့သည်။ ဆရာကတော်သည်လည်း မိခင်တစ်ဦးပင် မဟုတ်ပါလော။
"ယန်ယန်လေးကတော့ ပိုက်ဆံတွေ ထပ်ကုန်ပြန်ပြီ ညည်းမှာ ပိုက်ဆံမရှားဘူးဆိုတာ သိပေမဲ့ နောက်ခါကျရင် ဒီလိုတွေ အပိုမသုံးပါနဲ့တော့"
လုမုန်လန်သည် ဆွဲကြိုးကို လက်ထဲတွင်ကိုင်ကာ တသသဖြင့် ရေရွတ်နေမိသည်။
"တကယ်ကို လှတာပဲ ဒါပေမဲ့ အန်တီက အခုဆို အဘွားကြီး ဖြစ်နေပြီပဲ၊ ဒါကြီးကို ဆင်မြန်းပြီး အပြင်ထွက်ဖို့ အခွင့်အရေးက သိပ်မရှိတော့ပါဘူး"
"ဆရာကတော်ကလည်း... ဘယ်နားမှာ အဘွားကြီး ဖြစ်နေလို့လဲရှင့် အကယ်၍ ဆရာကတော်သာ သမီးနဲ့အတူ အပြင်ထွက်ရင် လူတွေက သမီးတို့ကို အမွှာညီအစ်မတွေလို့တောင် ထင်သွားကြမှာ ပြီးတော့ ရတနာဆိုတာ သူများမြင်အောင် ဝတ်ပြဖို့သက်သက် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာဖို့အတွက် ဝတ်တာပါ သမီးကြည့်ရသလောက်တော့ ဆရာကတော် ဝတ်ထားတဲ့ ဝတ်စုံနဲ့ ဒီဆွဲကြိုးက တကယ်ကို လိုက်ဖက်မှာပဲ ကဲ... တစ်ခါတည်း ဝတ်ကြည့်လိုက်ပါလားဟင်"