← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇)

ခွေးတစ်ကောင် ခေါ်လာခဲ့ခြင်း

ယွီချန်းနျန်၏အိမ်မှ ထွက်ခွာလာပြီးနောက် တန်ယန်သည် အချိန်ဆွဲမနေဘဲ S မြို့တော်ရှိ သူမ၏အိမ်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။

လမ်းခရီးတွင် YL နိုင်ငံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။

"ဟိုင်း တို့ရဲ့ ချစ်လှစွာသော ယာနာ ငါဘယ်သူလဲဆိုတာ မှန်းကြည့်စမ်း"

ဖုန်းတစ်ဖက်မှ နောက်ပြောင်ကျီစယ်လိုသော အမျိုးသမီးအသံလေး ထွက်ပေါ်လာသည်။

"အယ်လီဆာ.... မတွေ့ရတာ ကြာပြီနော်"

တန်ယန်၏ အသံတွင် ရယ်မောသံများ ပါဝင်နေပြီး အားလုံး နှင်းဆီဥယျာဉ်ထဲတွင် လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောခဲ့ကြသည့် နေ့ရက်များကို သတိရနေပုံရသည်။

"ယာနာ... ငါ့ကို ဂုဏ်ပြုပေးပါဦး ငါလက်ထပ်တော့မယ်"

"အို... ဘုရားရေ ဂုဏ်ယူပါတယ် အယ်လီဆာ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ နင့်ရဲ့ အမျိုးသားနဲ့ အချစ်ဇာတ်လမ်းကို တကယ်ပဲ စပ်စုချင်မိပြီ"

"သူက ငါ့ကို တကယ်ပဲ ဆွဲဆောင်နိုင်လို့လေ၊ အဲဒါကြောင့် အသက်ကြီးမှ လက်ထပ်မယ်ဆိုတဲ့ အစီအစဉ်ကိုဖျက်ပြီး အိမ်ထောင်သည်ဘဝကို စောစောစီးစီး စတင်လိုက်တာ၊ ယာနာ... ငါ့မင်္ဂလာဆောင်ကို ဖိတ်ချင်လို့ပါ၊ လာခဲ့ပေးနိုင်မလားဟင်"

အယ်လီဆာက မျှော်လင့်တကြီးဖြင့် သူမဖုန်းခေါ်ရသည့် အကြောင်းရင်းကို ဖွင့်ဟပြောဆိုလိုက်သည်။

"ဒါပေါ့... နင့်ရဲ့မင်္ဂလာပွဲကို တက်ရောက်ခွင့်ရတာ ဂုဏ်ယူစရာပါပဲ"

ဟု တန်ယန်က မဆိုင်းမတွပင် ပြန်ပြောလိုက်သည်။

"အရမ်းကောင်းတာပဲ နင်လက်ခံမယ်ဆိုတာ ငါသိနေသားပဲမင်္ဂလာဆောင်က နောက်နှစ်လနေရင် ကျင်းပမှာဆိုတော့ အဲဒီမတိုင်ခင် လူပျို၊ အပျိုဖျန်း ပါတီကိုလည်း အရောက်လာခဲ့နော်"

"ကောင်းပြီလေ၊ ငါသေချာပေါက် စောစောရောက်အောင် လာခဲ့ပါ့မယ်"

ဖုန်းချလိုက်ပြီးနောက် လိုင်းတွင် မက်ဆေ့အသစ်တစ်ခု ရောက်နေသည်ကို တွေ့လိုက်ရသည်။

ကျန့်ရှင်းယွဲ့: (ဓာတ်ပုံ ၃ ပုံ) "ယန်ယန်လေးရေ... သမီးလေး ပေးလိုက်တဲ့ လက်ဆောင်တွေက တကယ့်ကို အံ့သြစရာပါပဲအကုန်လုံးက အရမ်းလှတာပဲ၊ တကယ်ကို အားနာစရာကြီးနောက်တစ်ခါ H မြို့တော်ကိုလာရင် အန်တီ့ကို ကြိုပြောနော်၊ အန်တီက ထမင်းတစ်နပ် ပြန်ကျွေးပါရစေ"

တန်ယန်: "အန်တီကျန့် သဘောကျတယ်ဆိုရင်ပဲ ဝမ်းသာပါပြီရှင့် သမီးတို့က ရေစက်တကယ်ရှိလို့ ဆုံကြတာလေ ဒီလက်ဆောင်က စေတနာသက်သက်မို့လို့ အန်တီစိတ်ထဲ သိပ်မထားပါနဲ့နော်"

ကျန့်ရှင်းယွဲ့: "ဒီတစ်ခါတော့ ထားလိုက်ပါတော့မယ်၊ ဒါပေမဲ့ နောက်ခါဆိုရင်တော့ ဒီလို မလုပ်ရဘူးနော် လူကြီးဆိုတာ ကလေးကို လက်ဆောင် ဝယ်ပေးရတဲ့သူလေ၊ သိတယ်မလား"

တန်ယန်: "ဟုတ်ကဲ့ပါ၊ နောက်တစ်ခါကျရင်တော့ အန်တီကျန့်ကိုပဲ ဝယ်ခိုင်းတော့မယ်နော် (လျှာထုတ်ပြနေသည့်ပုံ)"

ကျန့်ရှင်းယွဲ့: "လိမ္မာတဲ့ ကလေးလေးပဲ"

H မြို့တော်ရှိ ကျန့်မိသားစုအိမ်။

ကျန့်ချန်ရှုသည် အပြင်မှ ပြန်ဝင်လာစဉ် သူ၏မိခင်ဖြစ်သူမှာ ပျော်ရွှင်စွာ ပြုံးနေသည်ကို ချက်ချင်း မြင်လိုက်ရသည်။

"မေမေ... ဘာတွေကြည့်ပြီး ဒီလောက်တောင် ပျော်နေရတာလဲ"

ကျန့်ရှင်းယွဲ့က အသံလာရာသို့ လှည့်ကြည့်လိုက်ရာ သားဖြစ်သူ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူမက သားကို မကျေနပ်သလို ကြည့်လိုက်ပြီး

"ငါ့ရဲ့ အသည်းကျော်လေးနဲ့ စကားပြောနေတာလေ၊ အေးလေ... မေမေနဲ့အတူ ဈေးဝယ်ထွက်၊ စကားစမြည် ပြောပေးမယ့် ချိုသာပြီး ချစ်စရာကောင်းတဲ့ ချွေးမလေးကို ဘယ်တော့မှ ရမှာပါလိမ့်နော်"

"အသည်းကျော်လေး ဟုတ်လား၊ မေမေက သားအတွက် ညီမလေးတစ်ယောက် ဘယ်တုန်းက မွေးပေးလိုက်တာလဲ အိမ်ကိုခေါ်လာခဲ့လေ၊ ကျွန်တော်တို့နဲ့ မိတ်ဆက်ပေးဦး"

ကျန့်ချန်ရှုသည် သူ၏မိခင်မှာ မိန်းကလေးများကို အလွန်ချစ်ကြောင်း သိထားသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ၏ဖခင်မှာ အသုံးမကျသဖြင့် သူ့အတွက် ညီမလေးတစ်ယောက် ဖန်တီးမပေးနိုင်ခဲ့ပေ။

ယခုမူ သူ၏မိခင်မှာ သူ့ကို ရည်းစားရှာရန် နေ့တိုင်း စောင့်ကြည့်နေတော့သည်။ သူက ကုမ္ပဏီထဲကို အခုမှ စတင်ဝင်ရောက်ထားသူ ဖြစ်သည်။ အလုပ်အကိုင် အောင်မြင်ရေးကို အာရုံစိုက်ရမည့်အစား ရည်းစားရှာဖို့ ဘယ်မှာအချိန်ပို ရှိပါတော့မည်နည်း။

ထို့အပြင် ရည်းစားဆိုသည်မှာ ပစ္စည်းတစ်ခုမှ မဟုတ်ဘဲ၊ လိုချင်သည့် အချိန်တွင် ရှာနိုင်မည်မဟုတ်ပေ။ အကယ်၍သာ ထိုမျှလောက် လွယ်ကူနေလျှင် ကမ္ဘာပေါ်တွင် လူအများအပြား ဘာကြောင့် လူပျိုကြီး၊ အပျိုကြီးဘဝဖြင့် တစ်ယောက်တည်း ကျန်ရစ်နေကြမည်နည်း။

"ဒီကောင်စုတ်လေး မင်းက မင်းအမေကို ဒီလိုမျိုး ပြန်ပြောရဲတယ်ပေါ့လေ ငါ့ကိုရူးအောင် လုပ်နေတာလား"

ကျန့်ရှင်းယွဲ့သည် သားဖြစ်သူကိုမြင်တိုင်း စိတ်တိုရသည်။ သူက အသက် ၂၀ ကျော် အရွယ်ရောက်နေသည့် အမျိုးသားတစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ရည်းစားတစ်ယောက်တောင် မရှိသေးပေ။ သူမ ဘယ်တော့မှ မြေးမလေးကို ချီရပါတော့မည်နည်း။

'ဟူး... တန်ယန်လေးလို ချစ်စရာကောင်းတဲ့ သမီးလေးသာ ရှိခဲ့ရင် သိပ်ကောင်းမှာပဲ အိုး မဖြစ်သေးပါဘူး၊ ငါ့သားက သူမနဲ့ ဘယ်လိုမှမတန်ဘူး’

ကျန့်ရှင်းယွဲ့သည် သူမ၏ စိတ်ကူးယဉ်မှုများကို ခေါင်းခါ၍ ဖယ်ထုတ်လိုက်သည်။

တန်ယန်သည် အလွန်ငယ်ရွယ်ပြီး အဘက်ဘက်က ထူးချွန်လွန်းသူ ဖြစ်သည်။ သူ၏သားမှာ အခြားသူများ အမြင်တွင် အလားအလာရှိသော လူပျိုကြီးတစ်ဦး ဖြစ်သော်လည်း မိခင်တစ်ဦး အနေဖြင့် အမှန်အတိုင်း ပြောရလျှင် သူသည် တန်ယန်နှင့် လိုက်ဖက်သည်ဟု မပြောနိုင်ပေ။

သူမသည် သူမ၏ရှေ့တွင်ရှိသော ကျန့်ချန်ရှုကို နောက်တစ်ကြိမ် မထီမဲ့မြင် ကြည့်လိုက်ပြီး

"တောက် ဘယ်သူမှ မလိုချင်တာ မဆန်းပါဘူးအေ ဒါနဲ့ ဒီအချိန်ကြီး ဘာလာလုပ်တာလဲ"

သူမသည် နံရံကပ် ရှေးဟောင်းနာရီကို ကြည့်လိုက်သည်။ နေ့လယ် ၂ နာရီ ရှိနေပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် သူမက အိမ်မှာ တစ်ယောက်တည်း ရှိနေတတ်ပြီး ဖခင်နှင့်သားမှာ ညနေ ၆ နာရီမတိုင်ခင် ပြန်မလာတတ်ကြပေ။

ကျန့်ချန်ရှုက သက်ပြင်းချရင်း

"စာရွက်စာတမ်းတစ်ခု ပြန်လာယူတာပါ"

ဟု ပြောလိုက်သည်။ မိခင်၏ အကြည့်ထဲတွင်ရှိသော မထီမဲ့မြင်ပြုမှုများကို သူမသိဘဲ မနေပေ၊ နေသားပင် ကျနေပြီဖြစ်သည်။ သူသည် စာရွက်စာတမ်းယူရန် အပေါ်ထပ်သို့ အမြန်တက်သွားပြီး ပြန်ဆင်းလာခဲ့သည်။

"မေမေ၊ ကျွန်တော် ကုမ္ပဏီကို ပြန်သွားတော့မယ်နော်"

ကျန့်ရှင်းယွဲ့က နှာခေါင်းရှုံ့ပြလိုက်သည်၊ သိပြီဟု အဓိပ္ပာယ်ရသည်။

ကျန့်ချန်ရှုကတော့ စိတ်ထဲမထားပါ၊ ညကျမှ ဖခင်ဖြစ်သူ အိမ်ပြန်လာသည့်အခါ သူတို့သားအဖ နှစ်ယောက်ပေါင်းပြီး မိခင်ဖြစ်သူ စိတ်ပြေအောင် ချော့ရမည်သာ ဖြစ်သည်။

ထိုအချိန်တွင် တန်ယန် အိမ်ပြန်ရောက်သောအခါ သူမ၏ ခွေးလေးနှစ်ကောင်က နွေးထွေးစွာ ကြိုဆိုကြလေသည်။ ဂျင်နရယ်က သူမ၏ ခြေထောက်နားတွင် ခုန်ပေါက်ကာ ပတ်ချာလည်နေပြီး ယိတျန်တျန်ကမူ ခြေထောက်ကို ဖက်တွယ်ထားသည်။

တန်ယန်သည် ယိတျန်တျန်ကို ချီလိုက်ပြီး ဂျင်နရယ်၏ခေါင်းကို ပွတ်သပ်ပေးရန် ငုံ့လိုက်ကာ ခွေးလေးနှစ်ကောင်ကို အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့ပါသည်။

"မစ္စယန် ပြန်ရောက်ပြီလား"

အိမ်တော်ထိန်းကျန်းက ပြုံးရွှင်စွာဖြင့် ထွက်ကြိုပြီးနောက်

"အရင်ဆုံး ရေချိုးပြီး အနားယူချင်သလားခင်ဗျာ" ဟု မေးမြန်းလိုက်သည်။

တန်ယန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ပါ"

တန်ယန် ရေချိုးပြီးသည့်အခါ အိမ်တော်ထိန်းကျန်းက သူမအတွက် အသင့်ချက်ထားသော မှိုဖြူစွပ်ပြုတ်လေးကို ဂရုတစိုက် ယူဆောင်လာပေးပြီး မအိပ်ခင် သောက်လိုက်ရန် ပြောသည်။

ပုစွန်ခြောက်၊ လုံဂန်သီးခြောက်နှင့် ဂိုဂျီဘယ်ရီသီးတို့ဖြင့် အချိန်အတော်ကြာအောင် တည်ထားသည့် ပျစ်ပျစ်နှစ်နှစ် မှိုဖြူစွပ်ပြုတ်မှာ ချိုမြိန်လှပြီး သောက်လိုက်ရုံဖြင့် တစ်ကိုယ်လုံး လန်းဆန်းသွားစေသည်။

တစ်နာရီခန့် အိပ်စက်ပြီးနောက် တန်ယန် နိုးလာသည့် အခါတွင်မူ လုံးဝပင် အားအင်များ ပြည့်ဝသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ သူမ၏ ခုတင်ဘေးတွင် ဝိုင်းရံကာ စိုက်ကြည့်နေကြသော ချစ်စရာ သတ္တဝါလေး နှစ်ကောင်ပင် ဖြစ်သည်။

【ယိတျန်တျန်... နင်တို့ ဘာလုပ်နေကြတာလဲ】

ဘယ်သူမဆို နိုးနိုးချင်းမှာ မျက်လုံးလေးလုံးက ကိုယ့်ကို စိုက်ကြည့်နေတာကိုမြင်လျှင် လန့်သွားမှာပဲ ဖြစ်သည်။

【အရှင်... ကျွန်တော်တို့ အပြင်ထွက်ပြီး လမ်းလျှောက်ချင်လို့ပါရှောင်ဟက ပျင်းလွန်းလို့ ဆိုဖာကို ကိုက်ဖြတ်ပစ်တော့မယ် လုပ်နေလို့】

အင်း... ခွေးလေးနှစ်ကောင်က ဒီလောက်တောင် ချစ်ဖို့ကောင်းနေမှတော့ အပြင်ခေါ်ပြီး အပြေးလေ့ကျင့် ပေးရတော့မှာပေါ့။ တန်ယန်သည် အိပ်ရာမှထကာ သက်သောင့်သက်သာရှိသော ဝတ်စုံကိုလဲလိုက်ပြီး ကလေးနှစ်ကောင်ကို သံကြိုးလေးတွေ ပတ်ပေးကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။

ဇူးယုန်းဗီလာ၏ ဘေးနားတွင် ဝါးတောလေးတစ်ခု ရှိနေသဖြင့် ဤကဲ့သို့သော ရာသီဥတုမျိုးတွင် အပြင်ထွက်ခြင်းမှာ ဘာအန္တရာယ်မှ ရှိနိုင်မည် မဟုတ်ပေ။

တန်ယန်နှင့် သူမ၏ ခွေးလေးနှစ်ကောင်သည် ဝါးတောဆီသို့ လျှောက်လာခဲ့ကြသည်။ လမ်းမပေါ်တွင် လူသူကင်းရှင်းနေသဖြင့် သူမသည် သံကြိုးကို လျှော့ပေးလိုက်ကာ သူတို့ဘာသာ လွတ်လပ်စွာ ပြေးလွှားခွင့် ပေးလိုက်သည်။

【ဟေး... ဂျင်နရယ်ကို သေချာကြည့်ထားဦးနော် ပြဿနာတစ်ခုခု ဖြစ်တော့မယ်ဆိုရင် ချက်ချင်း ပြန်လာခဲ့ကြ】

【ဟုတ်ကဲ့ပါ၊ စိတ်မပူပါနဲ့ အရှင် ရှောင်ဟက အခုဆို ကျွန်တော့်စကားကို နားထောင်နေပါပြီ ကျွန်တော်တို့ အရှေ့ကနေ သွားနှင့်မယ်နော်၊ ဒီနားမှာ ဘယ်သူမှ မရှိပါဘူး】

ဘေးပတ်ဝန်းကျင်တွင် လူသူမရှိကြောင်း ယိတျန်တျန်က အာမခံသဖြင့် တန်ယန် စိတ်အေးသွားရသည်။ ပြီးခဲ့သည့် တစ်ခေါက်ကကဲ့သို့ ပြဿနာမျိုး ထပ်မဖြစ်စေချင်တော့ပေ။

【အရှင်... မြန်မြန်လာပါဦး! ကျွန်တော်တို့ သေအံ့ဆဲဆဲ ခွေးကလေး တစ်ကောင်ကို တွေ့ထားတယ်】

ယိတျန်တျန်၏ စိုးရိမ်တကြီး အော်သံကို ကြားလိုက်ရသဖြင့် တန်ယန်သည် ထိုနေရာသို့ အမြန်ပြေးသွားခဲ့သည်။

ညစ်ပတ်ပေရေနေသော ခွေးလေးတစ်ကောင်မှာ ဝါးတောဘေးရှိ သစ်ပင်ခြောက် တစ်ခုအနီးတွင် ကတုန်ကရင်ဖြင့် ဝပ်နေရှာသည်။ သူမအနားသို့ သွားကြည့်လိုက်သည့်အခါ ခွေးလေးမှာ ရံဖန်ရံခါတွင် အားနည်းသော အသံလေးဖြင့် ညည်းတွားနေသည်ကို သတိထားမိလိုက်သည်။

【ယိတျန်တျန်... ဘာဖြစ်တာလဲ】

【အရှင်... သူ ဒဏ်ရာရထားပုံပဲ ကြည့်ရတာ သူ့ခြေထောက် ကျိုးသွားပြီ ထင်တယ်】

"ဖြစ်ရလေ... ဘယ်သူကများ ဒီလောက်တောင် ရက်စက်ရတာလဲ"

ဤခွေးကလေးမှာ ရက်ပိုင်းသားလေးသာ ရှိဦးမည်ဖြစ်ပြီး ချစ်စရာကောင်းဆုံး အရွယ်လေးပင် ဖြစ်သည်။ တန်ယန် စိတ်မကောင်း ဖြစ်သွားကာ ခွေးလေး၏နားတွင် ဒူးထောက်ထိုင်လိုက်ပြီး နှာခေါင်းလေးကို အသာအယာ တို့ထိကြည့်လိုက်သည်။

တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ခွေးကလေးသည် လျှာလေးထုတ်ကာ သူမ၏လက်ကို ပြန်လျက်ပေးရှာသည်။

【ယိတျန်တျန်... လဲလှယ်လို့ရတဲ့ဆေးများ ရှိမလားဟင်】

【အရှင်... လေးစားအားကျမှုအမှတ် ၅၀ တည်းနဲ့ အိမ်မွေးတိရစ္ဆာန် အာဟာရ ဖြည့်စွက်ရည် တစ်ပုလင်းကို လဲလှယ်လို့ ရပါတယ်】

【လဲလိုက်မယ်】

သူမ စကားပြောပြီးသည်နှင့် တန်ယန်၏ လက်ထဲတွင် အစိမ်းနုရောင် အရည်များ ပါဝင်သော ဆေးပုလင်းလေးတစ်လုံး ပေါ်လာသည်။ တန်ယန်သည် ခွေးကလေး၏ ပါးစပ်ကို အသာအယာဟကာ ဆေးရည်များကို ဖြည်းဖြည်းချင်း တိုက်ကျွေးလိုက်သည်။

【ဘာလို့ ဘာမှ ထူးခြားမလာသလို ဖြစ်နေတာလဲ】

【အရှင်... ဆေးအာနိသင် ပြဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်】

【ကောင်းပြီ၊ ဘယ်လောက်ကြာမှာလဲ】

【တစ်ညလောက်တော့ ကြာနိုင်ပါတယ်】

ပတ်ဝန်းကျင် တစ်ခုလုံးတွင် သစ်ရွက်ခြောက်များနှင့် ဝါးပင်များသာ ရှိနေပြီး ခွေးကလေးကို ထည့်စရာ တစ်ခုမှ မရှိပေ။ ထို့ကြောင့် တန်ယန်သည် သူမ၏လည်ပင်းမှ ပဝါကို ချွတ်လိုက်ပြီး ခွေးကလေးကို ဂရုတစိုက် ထုပ်ပိုးကာ ချီမလိုက်သည်။

"အိမ်ပြန်ကြစို့"

ခွေးကလေးကို ရရှိသွားပြီဖြစ်၍ တန်ယန်သည် ကလေးနှစ်ကောင်နှင့်အတူ ဆက်လက် ပြေးလွှားရန် အစီအစဉ် မရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် အပြင်ထွက်လာခဲ့ပြီးပြီ မဟုတ်ပါလော။

"ဂျင်နရယ်... သွားကြစို့"

အခန်း (၁၂၈)

အစီအစဉ်များသည် အပြောင်းအလဲများနှင့် မကိုက်ညီတော့ပါ

"မစ္စယန်ယန်... ခွေးကလေးတစ်ကောင် ကောက်ရလာတာလားခင်ဗျာ"

အိမ်တော်ထိန်းကျန်းသည် တံခါးဝတွင် စောင့်နေပြီး သူမ၏ရင်ခွင်ထဲမှ ခွေးကလေးကို ချက်ချင်း သတိပြုမိသွားသည်။

"ဟုတ်တယ်၊ ခုနက ဝါးတောထဲမှာ တွေ့ခဲ့တာပါ အေးလို့ တုန်နေတာနဲ့ ခေါ်လာခဲ့တာ"

အိမ်တော်ထိန်းကျန်း၏ မျက်လုံးများတွင် အပြုံးများ ပြည့်လျှံသွားကာ

"ကျွန်တော်တို့ မစ္စယန်ယန်က တကယ်ကို စိတ်နှလုံး ကောင်းမွန်တာပဲ ကျွန်တော့်ဆီ ပေးပါခင်ဗျာ၊ သူ့အတွက် အိပ်ရာလေးတစ်ခု သွားလုပ်ပေးလိုက်ပါ့မယ်"

တန်ယန်သည် ခွေးကလေးကို လွှဲပေးရန် ပြင်လိုက်သော်လည်း ခွေးကလေးသည် သူမရှိနေသည်ကို သိနေသည့်အလား သူမ၏ အဝတ်အစားများကို ဖက်တွယ်ထားကာ အသံတိုးတိုးလေးဖြင့် ညည်းတွားနေရှာသည်။

"သူ ကြောက်နေပုံရတယ်၊ ကျွန်မပဲ အထဲကို ခေါ်သွားလိုက်ပါ့မယ်"

"ကောင်းပါပြီ၊ ကျွန်တော် ခွေးအိမ်အသစ်တစ်ခု သွားပြင်လိုက်ပါ့မယ်"

ထိုခွေးကလေးကို ယိတျန်တျန်၏ ခွေးအိမ်ဘေးတွင် နေရာချပေးကာ ဆိတ်နို့မှုန့်အချို့ တိုက်ကျွေးပြီး နောက်တွင်မူ ခွေးကလေးသည် စိတ်ကျေနပ်စွာဖြင့် လေတက်ကာ အိပ်ပျော်သွားတော့သည်။ တန်ယန်သည် စိုးရိမ်စိတ် အနည်းငယ် ရှိနေသေးသဖြင့် ယိတျန်တျန်ကို သေချာစောင့်ကြည့်ပေးရန် မှာကြားခဲ့သည်။

နောက်တစ်နေ့တွင် ခွေးကလေးမှာ ပြန်လည်လန်းဆန်း တက်ကြွလာသဖြင့် တန်ယန်သည် စိတ်အေးလက်အေးဖြင့် ကျောင်းသို့ သွားနိုင်ခဲ့သည်။

အချိန်များမှာ ကုန်လွန်သွားခဲ့ပြီး ခရစ္စမတ်ကာလသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။ အိမ်ထဲတွင် ခရစ္စမတ် သစ်ပင်များ၊ အလှဆင် ပစ္စည်းများဖြင့် ပြည့်နှက်နေပြီဖြစ်ကာ ခရစ္စမတ်ပြီးလျှင် နှစ်သစ်ကူးသို့ ကူးပြောင်းတော့မည် ဖြစ်သည်။ တန်ယန်သည် သူမ တစ်ဖန်ပြန်လည် ရှင်သန်လာသည့် တစ်နှစ်ခွဲ ကာလအတွင်း သူမ၏အိမ်တွင် အကြီးအကျယ် ပြောင်းလဲတိုးတက်လာသည်များကို ပြန်လည် တွေးတောမိသည်။

မစ္စတာနှင့် မစ္စတန်သည် အတွင်းပိုင်း အလှဆင်လုပ်ငန်းမှ အိမ်ခြံမြေ လုပ်ငန်းသို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ကြသည်။ S မြို့တော်ရှိ သူတို့၏ စီမံကိန်းမှာလည်း ပြီးစီးလုနီးပါး ဖြစ်နေကာ မကြာမီ ရောင်းချတော့မည်ဖြစ်ရာ သူတို့၏ စီးပွားရေးမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူမ၏ ဒေါ်လေးမှာလည်း အချစ်သစ်ကို ရှာတွေ့ခဲ့ပြီး မောင်လေးဖြစ်သူမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ တိုးတက်လာသည်။ အခြားဦးလေးနှင့် ဒေါ်လေးတို့၏ မိသားစုများမှာလည်း သဟဇာတဖြစ်စွာ နေထိုင်နေကြသည်။ သူမသည် ယခုအခါ အရင်ဘဝက အိပ်မက်ပင် မမက်ဝံ့ခဲ့သော ဘဝမျိုးကို ပိုင်ဆိုင်နေရပြီး သူမ၏ အနာဂတ်မှာလည်း အလွန်ပင် တောက်ပနေတော့သည်။

ဒီဇင်ဘာလကုန်တွင် S မြို့တော် စမ်းသပ်အထက်တန်းကျောင်း၌ နှစ်သစ်ကူး အနုပညာ ဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။ တန်ယန်သည် အထူးဧည့်သည်တော်အဖြစ် "ကောင်းကင်နန်းတော်"တေးသီချင်းကို အဖွင့်တေးအဖြစ် တီးခတ်ဖျော်ဖြေခဲ့သည်။

မီကိုသည်လည်း အနုပညာအတန်း၏ ပြဇာတ်ဖျော်ဖြေပွဲတွင် ကမ္ဘာကျော် ပြဇာတ်တစ်ခုဖြစ်သော "အဲလီယာအတွက်" ၌ အဓိကဇာတ်ကောင် အာရီယာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကျောင်း၏ ဖျော်ဖြေပွဲကို အက်စ် S မြို့တော် ရုပ်သံလိုင်းနှင့် အခြားမီဒီယာများက Weibo ပေါ်တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သဖြင့် မီကိုသည် ကုမ္ပဏီအငယ်စား အချို့ထံမှ စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ ရရှိခဲ့ရာ သူမအလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

ပို၍ အံ့သြစရာ ကောင်းသည်မှာ သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း (တန်ယန်) သည် အမှန်တကယ်တွင် ရီယွီဖျော်ဖြေရေး လုပ်ငန်း၏ သူဌေးဖြစ်နေခြင်းပင် ဖြစ်သည်။ ကုမ္ပဏီငယ်တစ်ခုက သူမကို စာချုပ်ချုပ်ရန် ဖိတ်ခေါ်ခဲ့သည့်အတွက် သူမသည် စိတ်လှုပ်ရှားစွာဖြင့် တန်ယန်နှင့် အခြားသူများကို ပြောပြခဲ့သည်။ တန်ယန်သည် မီကိုအနေဖြင့် အရင်ဘဝကကဲ့သို့ စိတ်လိုက်မာန်ပါလုပ်ကာ ဆယ်နှစ်စာချုပ်ကြီးကို လက်မှတ်ထိုးလိုက်မိပြီး သူမ၏ အနာဂတ်လမ်းကြောင်း ပျက်စီးသွားမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် သူမ၏ အစီအစဉ်များကို ပြောပြရန် မီကိုထံသို့ ဖုန်းအမြန် ဆက်လိုက်တော့သည်။

တန်ယန်သည် မူလက မီကို့ကို အနုပညာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အာရုံမပျံ့လွင့် စေလိုသဖြင့် အထက်တန်းကျောင်းပြီးမှသာ ရီယွီဖျော်ဖြေရေးနှင့် စာချုပ်ချုပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ "အစီအစဉ်ဟူသည် ပြောင်းလဲမှု၏နောက်သို့ အမြဲလိုက်မမှီနိုင်" ဟူသော စကားအတိုင်းပင် ဖြစ်နေရသဖြင့် မီကို့ကို ယခုကတည်းကပင် ရီယွီနှင့် စာချုပ်ချုပ်ဆိုပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် ရီယွီတွင် မီကို့ကို ပိုမိုကျွမ်းကျင်စွာ လေ့ကျင့်ပေးနိုင်မည့် ဆရာများရှိသလို ပိုမိုပြည့်စုံသော အနာဂတ် စီမံကိန်းများကိုလည်း ချမှတ်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ဤသို့လုပ်ဆောင်ရန်အတွက် မီကိုအနေဖြင့် ဘေကျင်းသို့ အရင်သွားရန် လိုအပ်မည်ဖြစ်သည်။

ကံကောင်းသည်မှာ နေထိုင်ရေးအတွက် အဆင်သင့် စီစဉ်ပြီးသားဖြစ်၍ မီကိုသည် အချိန်မရွေး ပြောင်းရွှေ့ နေထိုင်နိုင်သည်။

"ယန်ယန်... ငါတကယ်ပဲ စိတ်လှုပ်ရှားမိတယ် နင်က ငါ့အတွက်နဲ့ပဲ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု ထောင်လိုက်တာလား"

မီကိုသည် ပုံမှန်ဆိုလျှင် ပေါ့ပေါ့နေတတ်သော်လည်း အသိဉာဏ်မရှိသူတော့ မဟုတ်ပေ။

ပထမအချက်မှာ တန်ယန်ကိုယ်တိုင် အနုပညာ လောကထဲသို့ ဝင်ရောက်ရန် လုံးဝဆန္ဒမရှိခြင်း၊ ဒုတိယအချက်မှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု လိုအပ်ပြီး အခြားလုပ်ငန်းများလောက် အမြတ်အစွန်း မရနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ သူမသည် ရီယွီ၏ နာမည်ကျော်ကြားမှုကိုလည်း ကြားဖူးထားသည်။ အမှန်တကယ်တော့ သူမ၏ အစ်မများမှာ အကျိုးအမြတ်ကို မမျှော်လင့်ဘဲ ရင်းနှီးမြှုပ်နှံပေးနေသည့် ပရဟိတ လုပ်ငန်းသဖွယ် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

သူမအနေဖြင့် ဤကျေးဇူးကို မည်သို့ဆပ်ရမည်မှန်း မသိတော့ပေ။

"ယန်ယန်... ငါသေချာပေါက် ကြိုးစားသင်ယူပါ့မယ် ငါ နာမည်ကြီးလာတဲ့အခါ နင့်ကို ငါပြန်ပြီး စောင့်ရှောက်မယ်နော်"

မီကိုသည် ယခုအချိန်တွင် ချမ်းသာကြွယ်ဝမှု ကွာခြားချက်ကို အကြီးအကျယ် မခံစားရသေးသဖြင့် တန်ယန်ကို ပြန်လည်ထောက်ပံ့ပေးချင်သည့် စိတ်ရင်းရှိနေခြင်း ဖြစ်သည်။ သို့သော် သူမ လုပ်ငန်းခွင်ထဲသို့ တကယ်တမ်း ဝင်ရောက်သွားသည့် အခါတွင်မှ ယခုပြောခဲ့သော စကားများမှာ မည်မျှအထိ ရှက်စရာကောင်းသည်ကို သိမြင်လာလိမ့်မည် ဖြစ်သည်။

"ကောင်းပါပြီ... အသေအချာ ကြိုးစားနော် ငါအပြင်သွားရင် ငါ့သူငယ်ချင်းက မင်းသမီးကြီး တစ်ယောက်ပဲလို့ လူတကာကို လိုက်ကြွားလို့ ရအောင်ပေါ့ လူတွေက ငါ့ကို မနာလို ဖြစ်ကုန်ကြမှာ သေချာတယ်"

"ဟီးဟီး ငါကြိုးစားမှာပေါ့ နင် ဂုဏ်ယူဝံ့ကြွားနိုင်အောင် ငါအားလုံးကို အကောင်းဆုံး လုပ်ဆောင်သွားမယ်"

နောက်ဆုံးတွင်မူ မီကိုသည် နှစ်သစ်ကူးပြီးနောက် ဘေကျင်းသို့သွားကာ ရီယွီဖျော်ဖြေရေးနှင့် စာချုပ်ချုပ်ဆိုရန်နှင့် ထိုနေရာတွင်ပင် သင်တန်းတက်ကာ ပညာသင်ကြားရန် ဆုံးဖြတ်လိုက်သည်။ သူမအတွက် သီးသန့်ဆရာများက ပညာရေး ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး S မြို့တော်သို့ နောက်ဆုံးစာမေးပွဲ ဖြေဆိုရန်အတွက်သာ ပြန်လာမည်ဖြစ်သည်။

အတန်းတင် စာမေးပွဲများ ပြီးဆုံးပြီးနောက် တန်ယန်သည် YLနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ ယခုတစ်ခေါက်တွင်မူ သူမသည် ကိုယ်ပိုင်လေယာဉ်ဖြင့် ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။

YL နိုင်ငံ M မြို့တော် လေဆိပ်သို့ ရောက်ရှိချိန်တွင် ရတ်ဒ်ဝင်းက သူတို့ကို ကြိုဆိုရန် အသင့် စောင့်ဆိုင်းနေခဲ့သည်။

နှင်းဆီဥယျာဉ် ရဲတိုက်သို့ ပြန်ရောက်သောအခါ တန်ယန်သည် စားဖိုမှူး ချက်ပြုတ်ထားသော အရသာရှိလှသည့် သိုးနံရိုးကင်ကို သုံးဆောင်ပြီးနောက် အိမ်၌ပင် ရနံ့ကုထုံးဖြင့် အပန်းဖြေလိုက်သည်။ လေယာဉ်စီးရသဖြင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားချိန်တွင်မှ သူမသည် ဖုန်းကိုထုတ်ကာ အယ်လီဆာတို့ အဖွဲ့ထံသို့ ဆက်သွယ်လိုက်တော့၏။

ကာရင်း : "ယာနာ... ရောက်ပြီလား ဒီနေ့ ငါတို့တွေ အယ်လီဆာရဲ့ မြင်းကွင်းမှာ ဓာတ်ပုံရိုက်ကြတယ်လေ၊ အယ်လီဆာကတော့ တစ်နေကုန် ဒေါသတွေ ထွက်နေတာပဲ"

အယ်လီဆာ: "ကာရင်း... ဒါ ငါ့အပြားလို့ နင်ထင်နေတာလား"

ကာရင်း: "အိုး... မဟုတ်ပါဘူး အချစ်ရယ် နင်ပြောတာ လုံးဝမှန်ပါတယ် အဲဒီဝန်ထမ်းကပဲ အမှားလုပ်ခဲ့တာ သိသာနေတာပဲ နင်လုံးဝမှန်တယ်နော်"

အယ်လီဆာ: "ငါ့ရဲ့ ဒုတိယအစ်ကိုကတော့ တကယ့်ကို လူအပဲ မိန်းကလေးငယ်လေး တစ်ယောက်ကို မြင်တာနဲ့ ခြေထောက်တွေ ခွေသွားပြီး မျက်ရည်နှစ်စက်လောက် ကျပြတာနဲ့တင် အကုန်ယုံတာပဲ တကယ့်ကို အသုံးမကျတဲ့ အမှိုက်တုံးကြီး ပြီးတော့ အဲဒီမိန်းမကရော လှလို့လား ငါကြည့်တာတော့ တကယ့်ကို သာမန်ပါပဲ"

ကာရင်း: "နင့်အစ်ကိုက ဒီလိုမျိုး သနားစရာကောင်းပြီး အပြစ်ကင်းစင် ဟန်ဆောင်တဲ့ မိန်းကလေးမျိုးကို ပိုသဘောကျတာ ဖြစ်မှာပေါ့"

အယ်လီဆာ: "ဒါငါ့ရဲ့ မင်္ဂလာဆောင်အတွက်ရိုက်တဲ့ ဓာတ်ပုံတွေလေ ငါက နည်းနည်းပါးပါး ပိုတောင်းဆိုတာ ဘာမှားလို့လဲ ငါ့ရဲ့ သတို့သား ဟာဗန်ဒါတောင် ဘာမှမပြောဘူး၊ ငါ့အစ်ကိုကပဲ စကားတွေ များနေတာ ငါပြောထားမယ်နော် ဒီတစ်ခါတော့ သူ့ကို လုံးဝ ခွင့်မလွှတ်ဘူး လုံးဝပဲ"

တန်ယန်: "ငါရောက်ပါပြီ၊ အခု နှင်းဆီဥယျာဉ်မှာလေ ပင်ပန်းနေလို့ Spa သွားလုပ်ပြီး အပန်းဖြေနေတာ"

အယ်လီဆာ: "ယာနာ... နင်နောက်ဆုံးတော့ ရောက်လာပြီပေါ့ငါဒီနေ့ တကယ့်ကို ကံဆိုးတဲ့နေ့ပဲဟယ် (ငိုနေသည့်ပုံ)"

ကာရင်း: "ယာနာ... နင့်ကို အရမ်းလွမ်းနေတာ၊ အမြန်ဆုံး တွေ့ချင်လှပြီ"

အယ်လီဆာ: "ယာနာရေ... ငါ့အစ်ကိုက တကယ့်ကို ကောင်မလေးတွေနဲ့ ပတ်သက်ရင် မနေနိုင်တဲ့သူပဲ သူများအတွက်နဲ့ ကိုယ့်ညီမ အရင်းကိုတောင် ပြန်ပြီး ဝေဖန်နေသေးတယ်"

တန်ယန်: " အယ်လီဆာကို ဖက်ထားပေးမယ်နော် ဝမ်းမနည်းပါနဲ့တစ်ယောက်ယောက်က သူ့ကို သေချာပေါက် သင်ခန်းစာ ပေးပါလိမ့်မယ်"

အယ်လီဆာ: "ယာနာ... ဘယ်သူက သူ့ကို သင်ခန်းစာ ပေးမှာလဲငါ့မိဘတွေတောင် သူ့ကို ဂရုမစိုက်တော့ဘူးလေ"

ကာရင်း: "ဟားဟားဟား... အယ်လီဆာရေ နင်က C နိုင်ငံရဲ့ စကားအသုံးအနှုန်းတွေကို အပေါ်ယံကြည့်ပြီး နားလည်လို့ မရဘူးလေ"

အယ်လီဆာ: "ဘာအကြောင်း ပြောနေတာလဲ"

တန်ယန်: "ငါဆိုလိုတာက... နင့်အစ်ကိုက အခုဖြစ်ဖြစ် နောက်မှဖြစ်ဖြစ် မိန်းမတစ်ယောက်ကြောင့်နဲ့ ဒုက္ခရောက်ရလိမ့်မယ်လို့ ပြောတာပါ"

အယ်လီဆာ: "တကယ်လား အဲဒါဆိုရင်တော့ သိပ်ကောင်းတာပဲအဲဒီနေ့ကို ငါမစောင့်နိုင်တော့ဘူး၊ အဲဒီနေ့ရောက်ရင် ငါသေချာပေါက် Hermès အိတ် ဆယ်လုံးလောက်ဝယ်ပြီး အောင်ပွဲခံပစ်မယ်"

တန်ယန်: " အယ်လီဆာ... ဒီနေ့နင့်အတွက် အံ့သြစရာတစ်ခု ရှိတယ်၊ အိမ်မှာပဲ စောင့်နေနော်"

အယ်လီဆာ: "ဘာစပရိုက်လဲ မစောင့်နိုင်တော့ဘူး"

ကာရင်း: "ငါလည်း သိချင်နေပြီ"

တန်ယန်: "အလွန်ဆုံး တစ်နာရီနေရင် သိရမှာပါ"

နှစ်နာရီ ကြာပြီးနောက်...

အယ်လီဆာ: "ယာနာ... နင်တကယ်ပဲ... ငါ့ကို အရမ်း စိတ်လှုပ်ရှားသွားစေတာပဲ"

ကာရင်း: "ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ"

အယ်လီဆာ: (ပုံ ၁) (ပုံ ၂) (ပုံ ၃)

အယ်လီဆာ: "ဘယ်လိုလဲ တကယ်လှတယ် မဟုတ်လား"

ကာရင်း: "ဒါက တကယ့်ကို ရင်သပ်ရှုမောစရာပဲ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ရာမျိုးပဲ"

တန်ယန်: "နင်သဘောကျတယ် ဆိုရင်ပဲ ငါကျေနပ်ပါပြီ"

အယ်လီဆာ: "ယာနာ... ဒါက တကယ်ကို အရမ်း အဖိုးတန်လွန်းပါတယ်၊ ဒါပေမဲ့ ငါလည်း နင့်ကို ပြန်မပေး ချင်တော့လောက်အောင် သဘောကျနေပြီ"

All Chapters