← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း ၁၅၁

မြင့်မြတ်သောတောင်ကုန်း၏ တောင်ခါးပန်းတွင် ပုပ်ရဟန်းမင်းနန်းတော် တည်ရှိလေသည်။ ထိုထက်ပို၍ မြင့်မားသော လျှို့ဝှက်ဆန်းကြယ်သည့် နယ်မြေမှာမူ တိမ်တိုက်များကြားတွင် ဖုံးကွယ်နေ၏။

ဘီဘီတုန်းသည် ထိုမြင့်မြတ်သောအရပ်သို့ တစ်ဦးတည်း ခြေချလိုက်သည်။ သူမ၏ မာကျောသောဖနောင့်သံမှာ အေးစက်သော ကျောက်ပြားများပေါ်တွင် တခွပ်ခွပ် မြည်ဟည်းသွားပြီး တောင်ပတ်လမ်းတစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။

သူမသည် တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ချိန် သူမ၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ ရုတ်ချည်းပင် ပွင့်လင်းသွားတော့သည်။ ပုပ်ရဟန်းမင်းနန်းတော်ထက်ပင် ပို၍ ခန့်ညားထည်ဝါပြီး ရှေးကျသော ကျောင်းတော်တစ်ခုမှာ တိမ်ပင်လယ်အထက်တွင် ထီးထီးကြီး တည်ရှိနေသည်။ စင်ကြယ်သော အဖြူရောင် ရွှေရည်စိမ်ကျောက်တိုင်များမှာ မြေပြင်မှ ထိုးထွက်နေပြီး တိမ်တိုက်ထဲအထိ မြင့်တက်နေသော အမိုးခုံးကြီးကို ထောက်မထားသည်။ အတောင်ပံ ၁၂ ခုပါသော ကောင်းကင်တမန် ရုပ်ထုကြီးမှာ ကျောင်းတော်၏ အထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားပြီး အမွေးအတောင် တစ်ခုချင်းစီမှာ လက်ရာမြောက်လွန်းလှသဖြင့် နောက်တစ်စက္ကန့်တွင်ပင် အတောင်ပံများ ခတ်ကာ နတ်ဘုရားနယ်မြေသို့ ပျံတက်သွားတော့မည့်အသွင်ပင်။

ဘီဘီတုန်းသည် လေးလံသော ကျောင်းတော်တံခါးဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။ တံခါးပွင့်သွားသော တိုးညင်းသည့် အသံတစ်ခု ပဲ့တင်ထပ်သွား၏။ သူမသည် ခြေလှမ်းမရပ်ဘဲ အတွင်းသို့ လှမ်းဝင်လိုက်သည်။ သူမ ဖြတ်သန်းသွားသည်နှင့်အမျှ... စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်တွင် ထွန်းညှိထားသော မီးအိမ်ရှည်များမှာ တစ်ခုပြီးတစ်ခု ငြိမ်းသတ်သွားတော့သည်။ ဒီရေတက်သကဲ့သို့ ထူထပ်သော အမှောင်ထုမှာ တိတ်ဆိတ်စွာပင် ပျံ့နှံ့ဝင်ရောက်လာလေ၏။

တိတ်ဆိတ်ခြင်းထဲတွင် သူမ၏ ခြေသံများမှာ ထူးထူးခြားခြား ပီပြင်နေသည်။ သူမသည် စင်္ကြံလမ်း၏ အဆုံးသို့ နောက်ဆုံးတွင် ရောက်ရှိသွားသည်။ ထိုနေရာမှာ အလွန်ကျယ်ပြောလှသော နေရာလွတ်တစ်ခု ဖြစ်၏။ အမြင့် မီတာ ၂၀ ကျော်ရှိသော ကောင်းကင်တမန် ရုပ်ထုကြီးမှာ အလယ်ဗဟိုတွင် ရပ်တည်နေသည်။

ရုပ်ထု၏ တစ်ဖက်တစ်ချက်တွင်မူ ရွှေရည်စိမ် ပလ္လင်သုံးခုစီ ချထားလေသည်။ ထိုအချိန်၌ ပလ္လင်ခြောက်ခုစီတွင် လူရိပ်တစ်ဦးစီမှာ တင်ပျဉ်ခွေ ထိုင်နေကြ၏။ သူတို့၏ အရှိန်အဝါများမှာ ခိုင်မာကျစ်လျစ်နေပြီး ကျင့်ကြံခြင်းထဲတွင် နှစ်မြုပ်နေကြသည်။ အမှောင်ထုသည် သူမ၏ နောက်မှ အရိပ်ပမာ လိုက်ပါလာပြီး စင်္ကြံလမ်း၏ အလင်းရောင်ကို အလုံးစုံ ဝါးမြိုသွားသော်လည်း ရုပ်ထုရှိရာ နေရာတွင်မူ မြင့်မြတ်သော အလင်းရောင်များ လွှမ်းခြုံထားဆဲပင်။

ဘီဘီတုန်းသည် အလင်းနှင့် အမှောင် နယ်နိမိတ်တွင် ရပ်တန့်နေ၏။ သို့သော်လည်း ထိုလူရိပ်ခြောက်ခုမှာ မသိနိုးနား ရှိနေကြသကဲ့သို့ မလှုပ်မယှက် ရှိနေကြဆဲ။ ဘီပီတုန်းသည် လက်ချောင်းငါးချောင်းကို ဆုပ်ကိုင်လျက် သူမလက်ထဲရှိ ပုပ်ရဟန်းမင်း တောင်ဝှေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

ဝုစ်...

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်အောင် ကြီးမားသော ကြောက်မက်ဖွယ် အဆိပ်ရှိ ပင့်ကူဝိဉာဉ်ပုံရိပ်ကြီး နှစ်ခုမှာ သူမ၏ နောက်ကျောတွင် ရုတ်ချည်း ပေါ်ပေါက်လာတော့သည်။ သိသာထင်ရှားသော ဒီရေလှိုင်းများပမာ အေးစက်လှသော အရှိန်အဝါများမှာ တစ်ခဏချင်းအတွင်း နေရာလွတ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် လူရိပ်ခြောက်ဦးမှာ မျက်လုံးများကို ပြိုင်တူ ဖွင့်လိုက်ကြသည်။ ထိုခဏ၌ အိပ်ပျော်နေသော နဂါးကြီး ခြောက်ကောင် နိုးထလာသကဲ့သို့ပင်။ အတုမဲ့ပြီး အင်အားကြီးမားသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ဤနေရာလွတ်အတွင်းသို့ အရိုင်းအစိုင်းဆန်စွာ လှိုင်းများထန်သွားစေတော့သည်။

“ငါက ဝိဉာဉ်နန်းတော်ရဲ့ ပုပ်ရဟန်းမင်းပဲ...”

ဘီဘီတုန်း၏ အသံမှာ အနက်ဆုံးချောက်နက်မှ လေညင်းများကဲ့သို့ အေးစက်နေသည်။

“နင်တို့တွေ ဘယ်သူ့ဘက်ကလဲဆိုတာတောင် မခွဲခြားနိုင်တော့ဘူးလား”

“နင်တို့က ချန်ရန်ရွယ်ကို ယုံကြည်မှုတွေ စုစည်းစေပြီး ကောင်းကင်တမန် နတ်ဘုရားရဲ့ စမ်းသပ်မှုကို အောင်မြင်စေချင်တာလား”

“ဒါဆိုရင် ဘာလို့ နတ်မိမယ်နန်းဆောင်က ငါ့အလုပ်တွေကို လာနှောင့်ယှက်နေရတာလဲ”

ညနေခင်းအချိန်၌ အဖွဲ့လိုက် ဗိုလ်လုပွဲမှာ အချိန်ကိုက်ပင် စတင်လေသည်။ ပရိသတ်စင်မြင့်များထံမှ နားကွဲလုမတတ် ဟစ်ကြွေးသံများမှာ ဒီရေလှိုင်းများပမာ တက်လာတော့သည်။

ပညာရေးဘုတ်အဖွဲ့ဝင် ပိုင်ပေါင်ရှန်း၊ လီကျယ်ရှန်း၏ မိတ်ဆွေများဖြစ်သော ဟောက်ဝူ၊ ဖုန်းရှောင်ထျန်းနှင့် ထျန်းဒိုမြို့တော်မှ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာကြသော အခြားသော ဝိဉာဉ်ပညာရှင်များစွာမှာ အားပေးရင်း အာခေါင်ခြစ် အော်ဟစ်နေကြသည်။ လီကျယ်ရှန်းသည် ဒူကူယန်၊ ယဲ့လင်းလင်းနှင့် အခြားလေးဦးကို ဦးဆောင်ကာ အားကစားကွင်းအတွင်းသို့ ဖြည်းညင်းစွာ တက်လာ၏။

ကွင်း၏ အခြားတစ်ဖက်တွင်မူ ရွှေရောင်မျိုးဆက်က ဦးဆောင်သော ဝိဉာဉ်နန်းတော်အဖွဲ့ဝင် ခုနစ်ဦးမှာလည်း တိုက်ပွဲအတွက် အသင့်စောင့်နေကြသည်။

“အခြေအနေက ကြည့်လိုက်တာနဲ့ သိသာနေတာပဲ”

ယွီထျန်းဟန်က လက်သီးကို တင်းတင်းဆုပ်ကာ သွားကြိတ်လျက် ပြောလိုက်သည်။

“ရွှေရောင်မျိုးဆက် သုံးယောက်အပြင် ဝိဉာဉ်နန်းတော်အဖွဲ့ရဲ့ ကျန်တဲ့ လေးယောက်စလုံးက အဆင့် ၄၀ အထက် ဝိဉာဉ်ပညာရှင်တွေချည်းပဲ”

“သူတို့က ဘယ်လိုနည်းနဲ့မဆို ငါတို့ ခြောက်ယောက်ကို ထိန်းထားဖို့ ကြိုးစားကြမှာပဲ။ ကျယ်ရှန်း... မင်းကတော့ ရွှေရောင်မျိုးဆက် သုံးယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရဖို့ ရှိတယ်။ ငါတို့ကတော့ အတတ်နိုင်ဆုံး အမြန်ဆုံး အနိုင်ယူပြီး မင်းကို လာကူညီမယ်”

ဒူကူယန်၊ ယဲ့လင်းလင်း၊ ယွီဖုန်းနှင့် ရှီညီအစ်ကိုတို့မှာ စိုးရိမ်စိတ်ကို မဖုံးကွယ်နိုင်ကြပေ။ လီကျယ်ရှန်းသည် အလွန်အစွမ်းထက်ပြီး ရွှေရောင်မျိုးဆက်ကို မကြောက်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့၏ ပူးပေါင်းအားကို ရင်ဆိုင်ရမည် မဟုတ်ပါလား။

လီကျယ်ရှန်း၏ ချောမောသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင်မူ သူ၏ အကြည့်မှာ လျှပ်စီးပမာ စူးရှသွား၏။ သူသည် တစ်ဖက်ရှိ ရွှေရောင်မျိုးဆက် သုံးဦး၏ အကြည့်ကို မရှောင်မလွှဲဘဲ စိုက်ကြည့်လိုက်သည်။

ရှီလိုင်ခဲ့ကျောင်းတော်မှာ ဒဏ်ရာများကြောင့် နှုတ်ထွက်သွားသဖြင့် ဤတိုက်ပွဲမှာ အဖွဲ့လိုက် ဗိုလ်လုပွဲ၏ ချန်ပီယံကို ဆုံးဖြတ်မည့် နောက်ဆုံးတိုက်ပွဲ ဖြစ်လာသည်။ လီကျယ်ရှန်း၏ အေးစက်သော အကြည့်နှင့် ရွှေရောင်မျိုးဆက် သုံးဦး၏ အကြည့်တို့ လေထဲတွင် ထိပ်တိုက်တွေ့ဆုံချိန်၌... ထိုအေးစက်လှသော သတ်ဖြတ်လိုစိတ်နှင့် တိုက်ပွဲဝင်လိုစိတ်တို့ကို ပရိသတ်စင်မြင့်မှပင် သိသိသာသာ ခံစားနေရသည်။

ချက်ချင်းပင် ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ အော်ဟစ်အားပေးသံများမှာ ကွင်းတစ်ခုလုံးကို မှောက်လှန်ပစ်တော့မည့်အတိုင်းပင်။

ဝိဉာဉ်နန်းတော်၏ ရွှေရောင်မျိုးဆက်မှာ ဝိဉာဉ်မြို့တော်ရှိ လူထု၏ စိတ်နှလုံးထဲတွင် ကြာမြင့်စွာကတည်းက ဂုဏ်သတင်းကြီးမားခဲ့ပြီး ရွယ်တူများထဲတွင် အနှိုင်းမဲ့သူများအဖြစ် ပုံဖော်ခံထားရပြီးဖြစ်သည်။ လီကျယ်ရှန်းမှာ အံ့အားသင့်ဖွယ် အစွမ်းများကို ပြသထားသော်လည်း ယခုအချိန်၌ ရွှေရောင်မျိုးဆက်အတွက် အားပေးသံများမှာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းနေဆဲပင်။

“လီကျယ်ရှန်းက အစွမ်းထက်တယ်ဆိုပေမဲ့ ရွှေရောင်မျိုးဆက်ကလည်း မညံ့ဘူးနော်”

“’ဝိုင်ဓားရှင်’ က တစ်ယောက်တည်းပဲ၊ ဝိဉာဉ်နန်းတော်ရဲ့ ရွှေရောင်မျိုးဆက်က အတောင့်တင်းဆုံးပဲဟေ့”

“သုံးယောက်က တစ်ယောက်ကို တိုက်တာ ‘အတောင့်တင်းဆုံး’ တဲ့လား၊ အဲဒါက ကြွားစရာလားကွ”

“စကားတွေ အများကြီး မပြောနဲ့၊ အနိုင်ရတဲ့သူက ဘုရင်၊ ရှုံးတဲ့သူက ဓားပြပဲ”

...ကွင်းအတွင်း တိုက်ပွဲ မစတင်သေးသော်လည်း ပရိသတ်စင်မြင့်မှာမူ အငြင်းပွားမှုများဖြင့် ဆူညံနေလေပြီ။

“အဖွဲ့လိုက် ဗိုလ်လုပွဲ... စတင်စေ”

ဒိုင်လူကြီး၏ အသံအဆုံးတွင် ကွင်းအတွင်း၌ ဝိဉာဉ်စွမ်းရည် အလင်းကွင်းများမှာ တောက်ပလာတော့သည်။ လူအများ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့၏။ ဝိဉာဉ်နန်းတော်အဖွဲ့မှာ ချက်ချင်းပင် နှစ်ဖွဲ့ကွဲသွားသည်။ အဖွဲ့ဝင် လေးဦးမှာ ဒူကူယန်နှင့် ကျန်ခြောက်ဦးထံသို့ ပြင်းထန်စွာ ပြေးဝင်သွားကြသည်။

ယန်၊ ရှဲ့ယွဲ့ နှင့် ဟူလျန်နာ တို့မှာမူ လီကျယ်ရှန်းကိုသာ ပစ်မှတ်ထားလိုက်ကြ၏။ ဒူကူယန်သည် လီကျယ်ရှန်းကို ကူညီရန် ကြိုးစားသော်လည်း နောက်တစ်စက္ကန့်တွင် အားကောင်းသော တိုက်ခိုက်ရေးဝိဉာဉ်ပညာရှင်တစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ယန်၊ ရှဲ့ယွဲ့ နှင့် ဟူလျန်နာ တို့သည် ဘေးချင်းယှဉ်ကာ ဖိနှိပ်လိုသော အရှိန်အဝါများဖြင့် လီကျယ်ရှန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာကြသည်။ သူတို့၏ ခြေဖဝါးအောက်တွင် အကောင်းဆုံး စုဖွဲ့မှုဖြစ်သော ဝိဉာဉ်ကွင်းငါးကွင်းစီ ရှိနေ၏ (အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်)။ အစွမ်းထက်သော ဝိဉာဉ်စွမ်းအား တုန်ခါမှုများမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ဒီရေလှိုင်းကြီးပမာ လီကျယ်ရှန်းထံသို့ ဖိနှိပ်ဆင်းသက်လာသည်။

“လီကျယ်ရှန်း”

ဟူလျန်နာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမ၏ ခြေဖဝါးအောက်ရှိ ပထမဝိဉာဉ်ကွင်းမှာ ရုတ်ချည်းပင် တောက်ပလာ၏။ သူမ၏ သဘာဝအတိုင်း ဆွဲဆောင်မှုရှိသော မြေခွေးမျက်လုံးများထဲတွင် ထူးဆန်းသော ပန်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

“ပထမဝိဉာဉ်စွမ်းရည် — ညှို့ယူခြင်း”

ဤစိတ်ဝိဉာဉ်ထိန်းချုပ်မှု စွမ်းရည်သည် ပြိုင်ဘက်၏ အာရုံခံစားမှုနှင့် လှုပ်ရှားမှုကို ၅၀ ရာခိုင်နှုန်းအထိ ဖိနှိပ်ထားနိုင်ပေသည်။

သို့သော်လည်း သူမ၏ အကြည့်မှာ လီကျယ်ရှန်း၏ နက်ရှိုင်းသော မျက်လုံးများနှင့် ဆုံမိသော ခဏ၌...

ချန်...

ထိုနက်မှောင်သော သူငယ်အိမ်များထဲမှ ဓားချီတစ်ခု ပေါက်ကွဲထွက်လာသည်။

“အင့်”

ဟူလျန်နာမှာ ညည်းညူသွားပြီး သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားကာ မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမသည် ရှောင်တိမ်းရန် ခေါင်းကို အမြန်လွှဲလိုက်ရပေသည်။

ရှူး...

စူးရှသော ဓားအလင်းတန်းတစ်ခုမှာ သူမ၏ နားရွက်ကို သီသီလေး ဖြတ်သန်းသွားသည်။ သူမ၏ ဆံပင်အချို့မှာ ထိုဓားချက်ကြောင့် ပြတ်တောက်သွားလေပြီ။ ဟူလျန်နာမှာ ဆုတ်ယုတ်မှုနှင့် ကြုံတွေ့နေရစဉ်မှာပင် ရှဲ့ယွဲ့နှင့် ယန်တို့၏ တိုက်ခိုက်မှုများမှာ ရောက်ရှိလာပြီဖြစ်သည်။

ရှဲ့ယွဲ့သည် လက်တစ်ဖက်စီတွင် သွေးရောင်လခြမ်းဓား တစ်လက်စီကို ကိုင်ဆောင်ထားပြီး သူ၏ စတုတ္ထနှင့် ဒုတိယ ဝိဉာဉ်ကွင်းများမှာ ဆက်တိုက် တောက်ပလာ၏။

“စတုတ္ထဝိဉာဉ်စွမ်းရည် — လရိပ်ကိုယ်ပွား”

“ဒုတိယဝိဉာဉ်စွမ်းရည် — လခြမ်းလျှပ်စီး”

ရှဲ့ယွဲ့၏ ပုံရိပ်မှာ လှုပ်ခါသွားပြီး အစစ်နှင့်အတု ခွဲခြားရခက်သော ကိုယ်ပွားသုံးခု ထွက်ပေါ်လာသည်။ လူရိပ်လေးခု၏ လက်ထဲရှိ လခြမ်းဓား ရှစ်လက်မှာ ပြိုင်တူ ခုတ်ပိုင်းလိုက်ကြ၏။ တစ်ခဏချင်းအတွင်း မီတာဝက်ခန့် ရှည်လျားပြီး အေးစက်သော လခြမ်းဓားအလင်းတန်း ဒါဇင်ပေါင်းများစွာမှာ လေထုကို ဖြတ်သန်းလျက် လီကျယ်ရှန်းထံသို့ အရိုးထဲထိ အေးစက်စေသော အရှိန်ဖြင့် ပြေးဝင်လာတော့သည်။ ဓားချီများမှာ ယှက်နွှယ်နေပြီး မြေပြင်ပေါ်တွင် အက်ကြောင်းလေးများ ချက်ချင်း ထင်ကျန်ရစ်၏။

အခြားတစ်ဖက်တွင်မူ ယန်၏ တိုက်ခိုက်မှုမှာ တောင်နှင့်မြေကြီးကို တုန်ခါစေနိုင်လောက်သော ကြမ်းတမ်းသည့် အင်အားကို ဆောင်ကျဉ်းထားသည်။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်စီ ကြီးထွားလာ၏။ ကျောက်တုံးပမာ ကြွက်သားများမှာ ဖောင်းကြွလာသည်။ လောင်မြိုက်နေသော မီးလျှံများမှာ သူ၏ ပခုံးနှင့် ဒူးဆစ်များမှ ထွက်ပေါ်လာ၏။ သူ၏ တစ်ကိုယ်လုံးမှာ မီတာ ၂၀ ကျော် မြင့်မားသော ချော်ရည်ဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူ၏ မျက်လုံးများထဲတွင် ရက်စက်မှုများ တောက်လောင်နေပြီး ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ သူ၏ တတိယနှင့် ပထမ ဝိဉာဉ်ကွင်းများမှာ လင်းလက်လာသည်။

“တတိယဝိဉာဉ်စွမ်းရည် — ချော်ရည်ပေါက်ကွဲခြင်း”

“ပထမဝိဉာဉ်စွမ်းရည် — ချော်ရည်ပန်းထွက်ခြင်း”

ဝုန်း... ဝုန်း...

သူသည် သူ၏ ဧရာမခြေထောက်ဖြင့် မြေပြင်ကို အားရပါးရ နင်းချလိုက်ချိန် ကြီးမားသော အက်ကြောင်းကြီးတစ်ခုမှာ သူ၏ ခြေဖဝါးအောက်မှ လီကျယ်ရှန်း ရှိရာအရပ်သို့ ပျံ့နှံ့သွား၏။ ပူပြင်းပြီး စေးကပ်သော အနီရင့်ရောင် ချော်ရည်များမှာ ထိုအက်ကြောင်းထဲမှ ပန်းထွက်လာပြီး လီကျယ်ရှန်း၏ ပုံရိပ်ကို တစ်ခဏချင်းအတွင်း ဝါးမြိုသွားတော့သည်...

အခန်း ၁၅၂

ဝိဉာဉ်နန်းတော်၏ ရွှေရောင်မျိုးဆက်ဆိုသည်မှာ အမည်နှင့်လိုက်အောင်ပင် အစွမ်းထက်လှပေသည်။ သူတို့သုံးဦးစလုံးမှာ အဆင့် ၅၀ အထက် ဝိဉာဉ်ဘုရင် အဆင့်ရှိ သန်မာသောသူများဖြစ်ကြပြီး တိုက်ပွဲပေါင်းများစွာကို အတူတူ ဖြတ်သန်းခဲ့ကြသဖြင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပင် စည်းချက်ညီလှ၏။

ဟူလျန်နာသည် ထိန်းချုပ်ရေးဝိဉာဉ်ပညာရှင်တစ်ဦးအနေဖြင့် အခြေအနေအရပ်ရပ်ကို ညွှန်ကြားပေးပြီး ရှဲ့ယွဲ့နှင့် ယန်တို့ကမူ ရန်သူကို အနိုင်ယူရန် ပြင်းထန်သော တိုက်စစ်ကိုသာ အာရုံစိုက်ကြသည်။ ဤကဲ့သို့ စုဖွဲ့မှုမျိုးဆိုလျှင် အဆင့် ၇၀ အထက် ဝိဉာဉ်သူတော်စင် တစ်ဦးပင်လျှင် ပေါ့ဆရဲမည်မဟုတ်ပေ။

ပထမအကျော့ တိုက်စစ်တွင် ဟူလျန်နာ၏ ညှို့ယူခြင်းစွမ်းရည်မှာ မအောင်မြင်ခဲ့သဖြင့် အနည်းငယ် ချို့ယွင်းချက်ရှိသွားသော်လည်း ရှဲ့ယွဲ့နှင့် ယန်တို့၏ ပူးပေါင်းတိုက်ခိုက်မှုမှာ လီကျယ်ရှန်း၏ မိတ်ဆွေများကို မျက်နှာပျက်သွားစေလောက်အောင် ပြင်းထန်လှသည်။

စူးရှသည်။ ပြတ်သားသည်။ ပြေးပေါက်အားလုံးကို ပိတ်ဆို့ထားသကဲ့သို့ပင်။

ဟုန်းဟုန်းတောက်နေသော ချော်ရည်များကြားတွင် လီကျယ်ရှန်း ဝါးမြိုခံလိုက်ရသည်ကို မြင်သောအခါ ရှဲ့ယွဲ့သည် သူ၏ လခြမ်းဓားကွေးများကို ကိုင်ဆောင်ကာ သေစေနိုင်သော ဒုတိယမြောက် တိုက်ခိုက်မှုအတွက် နောက်ကပ်လျက် လိုက်ပါသွားတော့သည်။

ပရိသတ်စင်မြင့်တစ်ခုလုံး ချက်ချင်းပင် သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်သွား၏။ လူတိုင်း အသက်ရှူအောင့်ထားကြပြီး သူတို့၏ နှလုံးသားများကို မမြင်ရသော လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ ခံစားနေရသည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရေထဲတွင် လမ်းလျှောက်နေသကဲ့သို့ ခြေသံအချို့ကိုသာ ကြားလိုက်ရ၏။ ဝတ်ရုံဖြူနှင့် လူရိပ်တစ်ခုမှာ ချော်ရည်မီးတောက်တိုင်ကြီးထဲမှ အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့သည်။ သတ္တုများကိုပင် အရည်ပျော်စေနိုင်သော အပူချိန်မှာ သူ့ကို အနည်းငယ်မျှပင် မထိခိုက်စေရုံသာမက သူ၏ အရှိန်အဝါကို ပို၍ပင် ထည်ဝါသွားစေသည်။ အနီရင့်ရောင် ချော်ရည်စက်အချို့မှာ သူ၏ ဝတ်ရုံဖြူပေါ်တွင် စီးကျနေ၏။ သူ၏ နက်မှောင်သော ဆံနွယ်များပေါ်တွင်လည်း ချော်ရည်စက်အချို့မှာ သွေးရောင်ကြယ်ပွင့်များအလား တွဲခိုနေသည်။

“ဘာ... ဘာဖြစ်တာလဲ”

ယန်က မယုံကြည်နိုင်စွာဖြင့် အသံပျောက်မတတ် အော်ဟစ်လိုက်သည်။ ပရိသတ်များမှာလည်း အံ့အားသင့်ကာ မျက်လုံးအပြူးသား ဖြစ်ကုန်ကြ၏။

“ချော်ရည်တွေက လီကျယ်ရှန်းအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလား”

ထိုလျှပ်စီးလက်သကဲ့သို့သော အခိုက်အတန့်မှာပင် ရှဲ့ယွဲ့၏ တိုက်ခိုက်မှု ရောက်ရှိလာသည်။ သူသည် ကိုယ်ပွားများကို ဖန်တီးလိုက်၏။ ယှက်နွှယ်နေသော လခြမ်းဓားများသည် လေထုကို ဖြတ်သန်းကာ လီကျယ်ရှန်းထံသို့ ခက်ခဲသော ထောင့်လေးခုမှ ခုတ်ပိုင်းလာသည်။

ချန်...

အေးစက်သော အလင်းတန်းတစ်ခု ရုတ်ချည်း ပေါ်လာ၏။ ကြာပန်းစိမ်းဓား၏ ဓားလက်အုပ်မှာ လီကျယ်ရှန်း၏ ရှေ့တွင် ကာကွယ်ထားပြီးသား ဖြစ်နေသည်။ ရှဲ့ယွဲ့၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

လခြမ်းဓားနှင့် ကြာပန်းစိမ်းဓားတို့ ထိတွေ့မိသော ခဏ၌ စိတ်ကူးကြည့်၍မရနိုင်သော စူးရှမှုတစ်ခုမှာ ဓားလက်တံမှတစ်ဆင့် ကူးစက်လာ၏။ သူ၏ လခြမ်းဓားများကို တစ်ပိုင်းစီ ပြတ်တောက်သွားစေတော့မည့်အတိုင်းပင်။ ထို့နောက်တွင်မူ လီကျယ်ရှန်း၏ အေးစက်သော အကြည့်မှာ သူ့အပေါ်သို့ ကျရောက်လာသည်ကို မြင်လိုက်ရသည်။

လီကျယ်ရှန်း၏ နဖူးထက်တွင် ကြာပန်းစိမ်းဓား တံဆိပ်မှာ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။ မရေမတွက်နိုင်သော မမြင်ရသည့် ဓားချီများမှာ လေထဲတွင် စုစည်းလာသကဲ့သို့ ရှိပြီး အေးစက်သော ဓားဆန္ဒများမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ရှဲ့ယွဲ့မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ သူငယ်အိမ်များ ကျုံ့သွားတော့သည်။

“မကောင်းတော့ဘူး၊ ဆုတ်တော့”

ရှဲ့ယွဲ့က အော်ဟစ်လိုက်ပြီး မြေပြင်ကို အားပြုကာ ကွင်းပြင်တစ်လျှောက် အမြန်ဆုတ်ခွာလိုက်သည်။ သူ၏ လခြမ်းဓားနှစ်လက်ကိုလည်း မိမိကိုယ်ကို ကာကွယ်ရန် ကြက်ခြေခတ် ပုံစံဖြင့် ထားရှိလိုက်၏။ မမြင်ရသော ဓားချီများမှာ ပစ်လွှတ်ပြီးသား ဖြစ်နေပြီ။

ချွင်၊ချွင်၊ချွင်

သတ္တုချင်း ထိခိုက်သံများမှာ ဆက်တိုက် ထွက်ပေါ်လာသည်။ သူဖန်တီးထားသော ကိုယ်ပွားသုံးခုမှာ အပိုင်းပိုင်း ပြတ်တောက်ကာ ပျောက်ကွယ်သွားတော့သည်။

“ဒုတိယဝိဉာဉ်စွမ်းရည် — တောက်လောင်ကျောက်သား ဒိုင်းလွှတ်”

ယန်၏ အော်ဟစ်သံ ထွက်ပေါ်လာပြီး သူ၏ ခြေဖဝါးအောက်ရှိ ဒုတိယဝိဉာဉ်ကွင်းမှာ တောက်ပလာသည်။ ကွင်းကြီးတစ်ခုလုံး တုန်ခါသွားကာ မြေကြီးနှင့် ချော်ရည်များ စုစည်းလာပြီး ရှဲ့ယွဲ့၏ ရှေ့တွင် တစ်မီတာကျော် အထူရှိသော ဧရာမ ချော်ရည်ဒိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဓားချီများမှာ မိုးပေါက်များပမာ ထိုဒိုင်းကြီးပေါ်သို့ ဆက်တိုက် ကျရောက်လာသည်။ တစ်ခဏချင်းအတွင်း ကျောက်တုံးများ ကွဲအက်ကာ ချော်ရည်များ စင်ထွက်ကုန်၏။ အသက်ရှူအကြိမ် အနည်းငယ်မျှသာ ခံနိုင်ရည်ရှိပြီးနောက် ဖျက်ဆီး၍မရနိုင်ဟု ထင်ရသော တောက်လောင်ကျောက်သားဒိုင်းကြီးမှာ ဓားချီများ၏ ရိုက်ခတ်မှုကြောင့် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။

ကျောက်တုံးအပိုင်းအစများနှင့် ချော်ရည်များကို သယ်ဆောင်လာသော ပြင်းထန်သော လေလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွား၏။ ထိုဒိုင်းကြီး၏ နောက်ကွယ်တွင် ဟူလျန်နာနှင့် အခြားနှစ်ဦးမှာ ဘေးချင်းယှဉ် ရပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ပရိသတ်စင်မြင့်မှာ လုံးဝ တိတ်ဆိတ်သွား၏။ ပထမဆုံး ထိတွေ့မှုမှာတင် အပြတ်အသတ် ရှုံးနိမ့်သွားခြင်းပါလား။ ရွှေရောင်မျိုးဆက် သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ လီကျယ်ရှန်း တစ်ဦးတည်းကိုပင် မယှဉ်နိုင်ဘဲ အရေးနိမ့်နေရသည်လား။

ထျန်းဒို တော်ဝင်အသင်း ပြင်ဆင်ဆောင်တွင် ပိုင်ပေါင်ရှန်းက စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။ လီကျယ်ရှန်း၏ သူငယ်ချင်းများမှာလည်း ဝမ်းသာအားရ အော်ဟစ်နေကြ၏။ တိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေသော တိုက်မုပိုင်နှင့် ထန်စန်းတို့မှာမူ မျက်နှာများ ဖြူလျော့နေကြပြီ။ လီကျယ်ရှန်းသည် သူတို့နှင့် တိုက်ခိုက်စဉ်က သူ၏ အစွမ်းအစများကို ဝှက်ထားခဲ့ဆဲပင်။

ကျူကျူချင်း၏ သွယ်လျသော လက်ကလေးများမှာ စိတ်လှုပ်ရှားမှုကြောင့် တင်းတင်းဆုပ်ထားမိသည်။ သူမ၏ ဘေးရှိ ရှောင်ဝူမှာလည်း ကျူကျူချင်း၏ လက်မောင်းကို ဆွဲကာ အံ့သြတုန်လှုပ်နေ၏။ နင်ရုံရုံမှာမူ သူမ၏ နှုတ်ခမ်းနီလေးကို တင်းတင်းစေ့ထားပြီး သူမမျက်လုံးထဲရှိ ဝမ်းနည်းမှုများမှာ ပို၍ပင် နက်ရှိုင်းလာသည်။

ဂုဏ်သရေရှိ ဧည့်သည်တော်နေရာတွင် ဘီဘီတုန်း၏ မျက်နှာမှာ ရေပြင်ပမာ တည်ငြိမ်နေဆဲ။ ဝိဉာဉ်နန်းတော်မှ ပင်ပန်းကြီးစွာ ပြုစုပျိုးထောင်ထားသော ပါရမီရှင် သုံးဦးမှာ လီကျယ်ရှန်း တစ်ဦးတည်း၏ ဖိနှိပ်ခြင်းကို ခံနေရသော်လည်း သူမ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မတွေ့ရပေ။

ကွင်းအတွင်း၌ လီကျယ်ရှန်းသည် ရွှေရောင်မျိုးဆက်ကို အေးအေးလူလူ တိုက်ခိုက်နေသည်ကို မြင်သောအခါ ဒူကူယန်၊ ယဲ့လင်းလင်းနှင့် အခြားသူများမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။ ယွီထျန်းဟန်က ဟိန်းဟောက်လိုက်ပြီး နဂါးအသွင်ပြောင်းထားသော သူ၏ လက်မောင်းမှ အကြောများ ဖောင်းကြွလာကာ ရန်သူ့ထံသို့ ပြင်းထန်စွာ ခုန်အုပ်လိုက်တော့သည်။

“ရွှေရောင်မျိုးဆက်...”

“မင်းတို့ရဲ့ အစွမ်းတွေအားလုံးကို ထုတ်သုံးလိုက်စမ်း”

“အဲဒီတုန်းက မင်းတို့ တော်ဝင်အသင်းကို ဘယ်လို နှိမ့်ချခဲ့သလဲ၊ ဒီနေ့ အဲဒါတွေကို အတိုးချပြီး ပြန်ပေးဆပ်စေရမယ်”

ဤစကားလုံးများမှာ အလွန်ပင် တည့်တိုးဆန်လှသလို ရွှေရောင်မျိုးဆက်အပေါ် အရေးမစိုက်သကဲ့သို့လည်း ရှိနေ၏။ လီကျယ်ရှန်းသည် ဟူလျန်နာတို့ သုံးဦးနှင့် မီတာအနည်းငယ်အကွာတွင် ရပ်နေသည်။ သူ၏ နဖူးပေါ်ရှိ ကြာပန်းစိမ်းဓားတံဆိပ်မှာ တောက်ပနေပြီး မရေမတွက်နိုင်သော ပွင့်လင်းမြင်သာသည့် ဓားချီများမှာ သူ့ပတ်လည်တွင် ဝဲလည်နေ၏။ ဤသည်မှာ ဓားလမ်းစဉ်၏ စတုတ္ထအဆင့်ဖြစ်သော “အရာခပ်သိမ်းသည် ဓားပင်ဖြစ်သည်” ဟူသော နက်ရှိုင်းသည့် နယ်ပယ်ပင် ဖြစ်သည်။

သူသည် ဟူလျန်နာတို့ထံသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ တစ်လှမ်းလှမ်းလိုက်တိုင်း သူ၏ ခြေဖဝါးအောက်တွင် ခရမ်းရောင် ဝိဉာဉ်ကွင်းတစ်ခု တက်လာ၏။ ဒုတိယခြေလှမ်းတွင် နောက်ထပ် ခရမ်းရောင် ဝိဉာဉ်ကွင်းတစ်ခု ပေါ်လာပြန်သည်။ တတိယခြေလှမ်းတွင်မူ ထူးခြားသော အလင်းတန်းများ စီးဆင်းနေပြီး ဓားမွှေးအတောင် ၁၂ ခု ထွင်းထုထားသည့် ခန့်ညားထည်ဝါသော ဝိဉာဉ်ကွင်းတစ်ခု စုစည်းလာတော့သည်။

ကျယ်ပြောလှသော ဝိဉာဉ်စွမ်းအား လှိုင်းလုံးကြီးများမှာ လီကျယ်ရှန်းထံမှ လှိုင်းထလာ၏။ သူ၏ ဆံနွယ်များမှာ အရိုင်းအစိုင်း လွင့်ပျံနေပြီး ဝတ်ရုံဖြူမှာလည်း တဖျတ်ဖျတ် လှုပ်ခါနေသည်။ သူသည် ဝိဉာဉ်ကွင်း ၃ ကွင်းသာရှိသော ဝိဉာဉ်ပညာရှင်တစ်ဦးသာ ဖြစ်သည်မှာ ထင်ရှားသော်လည်း ယခုအချိန်တွင် ထွက်ပေါ်နေသော ပြင်းထန်သည့် အရှိန်အဝါမှာ ဝိဉာဉ်ဘုရင်အဆင့်ရှိ ပြိုင်ဘက်သုံးဦးကိုပင် အပြတ်အသတ် ဖိနှိပ်ထားနိုင်ပေသည်။

ပရိသတ်များကြားတွင် အစွမ်းထက်သူ အများအပြားမှာ အံ့အားသင့်ပြီး သံသယဖြစ်ဖွယ် အမူအရာများ ပြသလာကြသည်။

“ဒီဝိဉာဉ်စွမ်းအားက ဝိဉာဉ်အကြီးအကဲတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အရာမျိုး မဟုတ်ဘူး”

လီကျယ်ရှန်းသည် ဓားလမ်းစဉ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ အရှိန်အဝါမှာ ဓားတစ်လက်ကဲ့သို့ပင်။ သူ၏ စူးရှမှုကို ထိန်းချုပ်ထားနိုင်သဖြင့် သူကိုယ်တိုင် အလိုအလျောက် ထုတ်မပြသရွေ့ အခြားသူများမှာ သူ၏ ဝိဉာဉ်စွမ်းအား အနက်အရှိုင်းကို တိကျစွာ ခန့်မှန်းနိုင်မည်မဟုတ်ပေ။

ရွှေရောင်မျိုးဆက်များမှာလည်း ဝိဉာဉ်နန်းတော်၏ ပါရမီရှင်များ ဖြစ်ကြသည့်အတိုင်း ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် တန်ပြန်တိုက်စစ်ကို ချက်ချင်းပင် ဆင်နွှဲလိုက်ကြသည်။ ဟူလျန်နာ၏ ခြေဖဝါးအောက်ရှိ ဝိဉာဉ်ကွင်းငါးကွင်းမှာ စည်းချက်ကျကျ ဆက်တိုက် တောက်ပလာ၏။ ပဉ္စမဝိဉာဉ်ကွင်း၊ စတုတ္ထဝိဉာဉ်ကွင်း၊ တတိယဝိဉာဉ်ကွင်း... မှသည် အောက်ဆုံးရှိ အဝါရောင် ပထမဝိဉာဉ်ကွင်းအထိပင်။ ဝိဉာဉ်ကွင်းတစ်ခု တောက်ပလာတိုင်း သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အနီရောင်အလင်းတန်းမှာ ပိုမို အားကောင်းလာသည်။

တစ်ချိန်တည်းမှာပင် ရှဲ့ယွဲ့လည်း လှုပ်ရှားလိုက်ပြီ။ သူသည် သွေးရောင် လခြမ်းဓားနှစ်လက်ကို ကိုင်ဆောင်ထား၏။ သူ၏ ပုံရိပ်မှာ လျှပ်စီးပမာ မြန်ဆန်လှပြီး ဟူလျန်နာထံသို့ ပြေးဝင်သွားသည်။ သူတို့နှစ်ဦး၏ ပုံရိပ်များ ထပ်တူကျလုနီးပါး ဖြစ်သွားချိန်တွင် လခြမ်းဓားများမှာ သူတို့၏ ခန္ဓာကိုယ်များကို ထူးဆန်းစွာ ဖြတ်သန်းသွား၏။

ထိုခဏချင်းမှာပင် သူတို့နှစ်ဦး ထိတွေ့မိသော နေရာမှ ထူထပ်သော အနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူတို့ကို အလုံးစုံ ဝါးမြိုသွားတော့သည်။ ထို့နောက် တက်ကြွလှသော အနီရောင် ဒီရေလှိုင်းကြီးအဖြစ် ပြောင်းလဲသွားကာ လီကျယ်ရှန်းထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ဤသည်မှာ သူတို့၏ ဝိဉာဉ်ပေါင်းစပ်စွမ်းရည် မိစ္ဆာညှို့ငင်ခြင်းပင် ဖြစ်သည်။ ၎င်း၏ အာနိသင်မှာ အလွန်ပင် အားကောင်းလှ၏။ မိစ္ဆာညှို့ငင်ခြင်း၏ အနီရောင်အလင်းတန်း လွှမ်းခြုံထားသော နယ်ပယ်အတွင်းရှိ ရန်သူအားလုံးမှာ အာရုံခံစားမှု ၅၀ ရာခိုင်နှုန်း လျော့နည်းသွားမည်ဖြစ်ပြီး ဝိဉာဉ်စွမ်းအား ၅၀ ရာခိုင်နှုန်း ဖိနှိပ်ခံရကာ လှုပ်ရှားမှုနှုန်းမှာလည်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည် ဖြစ်သည်။

“ဟင်း”

သွေးပင်လယ် ဒီရေလှိုင်းကဲ့သို့ တက်လာသော အနီရောင်အလင်းတန်းကို ကြည့်ပြီး လီကျယ်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ခြေဖဝါးအောက်ရှိ ဓားမွေးအတောင် ၁၂ ခု ထွင်းထုထားသော ခန့်ညားလှသည့် ဝိဉာဉ်ကွင်းမှာ ရုတ်ခြည်းပင် စူးရှသော အလင်းတန်းများ ထွက်ပေါ်လာ၏။

“တတိယဝိဉာဉ်စွမ်းရည် — ကြာပန်းစိမ်း ကပ်ဘေးဆယ့်နှစ်ခု”

ဝိဉာဉ်ပညာရှင် ပြိုင်ပွဲ စတင်ကတည်းက လီကျယ်ရှန်းအနေဖြင့် သူ၏ ဝိဉာဉ်ကွင်းမှ ပေးအပ်သော ဝိဉာဉ်စွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းပင် ဖြစ်သည်။ ဝိဉာဉ်မြို့တော်ရှိ မရေမတွက်နိုင်သော ဝိဉာဉ်ပညာရှင်များ၏ အံ့သြတုန်လှုပ်နေသော အကြည့်များကြားတွင်... ကြာပန်းစိမ်းဓား ၁၂ လက်မှာ လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး အောက်သို့ စိုက်ဆင်းသွားတော့သည်။

ဟူလျန်နာ၊ ရှဲ့ယွဲ့ နှင့် ယန်တို့ကို ဓားဝင်္ကပါအတွင်းသို့ အခိုင်အမာ ပိတ်လှောင်လိုက်၏။ ဓားဝင်္ကပါ တည်ဆောက်ပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းအတွင်းရှိ ကြာပန်းစိမ်းဓား ၄ လက်မှာ တုန်ခါလျက် အသံမြည်လာသည်။ ၎င်းတို့ တစ်လက်ချင်းစီတွင် မတူညီသော ဓားဆန္ဒများ စုစည်းနေ၏ — ကြယ်စင်၏စူးရှမှု၊ နှင်းခဲနှင့်မီးလျှံ ပေါင်းစပ်မှု၊ ပုံသဏ္ဍာန်မဲ့သော လေညင်း နှင့် မိုးကြိုး၏ ဖျက်ဆီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း...

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ လေးမျိုးမှာ ဓားဝင်္ကပါအတွင်း၌ သောင်းကျန်းနေတော့သည်။

All Chapters