အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း ၁၅၇
အံ့အားသင့်နေသော၊ မရေမတွက်နိုင်သော အကြည့်များအောက်တွင် ဘီဘီတုန်းသည် သူမ၏ ဝတ်ရုံလက်ကို အသာအယာ ခါယမ်းလိုက်သည်။
ဘုန်း
ဒုံး
ထိုင်းမှိုင်းသော အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ စားပွဲဝိုင်းများကြားရှိ ကွင်းပြင်လွတ်ပေါ်သို့ ရုပ်အလောင်းများ ပြုတ်ကျလာသည်။ ထိုအရိုးစုများပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများ ပြည့်နှက်နေ၏။ အဆိုးဆုံးမှာ ထိုဒဏ်ရာများ၏ အစွန်းတွင် ဖိနှိပ်မှုပြင်းသော ဓားချီ အကြွင်းအကျန်များ မှိန်ပျပျ ရှိနေခြင်းပင်။
ထိုဓားဓာတ်မှာ ကြယ်စင်ပမာ တောက်ပနေခြင်း၊ ရေခဲနှင့် မီးလျှံပမာ ရောယှက်နေခြင်း သို့မဟုတ် လေတိုက်စားမှုကဲ့သို့ အချိန်ကာလ၏ အမှတ်အသားများကို ဆောင်ကျဉ်းနေခြင်းများ ရှိနေသည်။
ဂလု...
တစ်စုံတစ်ယောက်က တံတွေးကို အနိုင်နိုင် မျိုချလိုက်မိသည်။ မရေမတွက်နိုင်သော အကြည့်များမှာ မျက်နှာထား တင်းမာနေသည့် ဝတ်ရုံဖြူနှင့် လူငယ်လေးထံသို့ ချက်ချင်း စုပြုံရောက်ရှိသွား၏။ ဝိဉာဉ်ပညာရှင် ပြိုင်ပွဲကြီးက ခုလေးတင် ပြီးဆုံးသွားတာလေ။ လီကျယ်ရှန်းသည် ဓားသိုင်းပါရမီရှင်တစ်ဦး ဖြစ်ကြောင်း မည်သူက မသိဘဲ နေမည်နည်း။ သူသည် မတူညီသော ဓားဆန္ဒမျိုးစုံကို ကျင့်ကြံထားသူ ဖြစ်သည်။
ဤဓားဆန္ဒများမှာ... သိသိသာသာပင် လီကျယ်ရှန်း၏ လက်ရာများ ဖြစ်နေသည်။
လွန်ခဲ့တဲ့ နှစ်ဝက်က ဟုတ်လား။ လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက လီကျယ်ရှန်းဟာ အဆင့် ၅၀ ဝိဉာဉ်ဘုရင် အများအပြားကို သတ်ဖြတ်နိုင်နေပြီလား။
‘သွားပြီ၊ ဝိဉာဉ်နန်းတော်က ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။’ ဤအတွေးမှာ လူအများ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။ လီကျယ်ရှန်းအပေါ် ကြည့်ရှုသည့် အကြည့်များမှာ ရှုပ်ထွေးသွား၏... နှမြောတသဖြစ်ခြင်း၊ အံ့သြခြင်းနှင့် သူတစ်ပါး ဘေးဒုက္ခရောက်သည်ကို ဝမ်းသာခြင်းများ ရောပြွမ်းနေသည်။
ရှီလိုင်ခဲ့ အဖွဲ့ဝင်များ ခြေလှမ်းရပ်သွားကြသည်။ ယွီရှောင်ကန်း၊ ဖူလန်ဒါနှင့် လျိုအာလုံတို့က အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်နေကြ၏။ နင်ရုံရုံ၏ သွယ်လျသော လက်ကလေးများမှာ တင်းတင်းဆုပ်ထားပြီး သူမ၏ လှပသော မျက်နှာတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးနေသည်။ ထန်စန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သော်လည်း ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွား၏။ တစ်ဖက်တွင်မူ တိုက်မုပိုင်၏ မျက်နှာတွင် ထိန်းမနိုင်သိမ်းမရသော ဝမ်းသာရိပ်များ ပေါ်ပေါက်လာသည်။
“လီကျယ်ရှန်း”
ကျူကျူချင်း၊ ဒူကူယန်၊ ယဲ့လင်းလင်းနှင့် အခြားသူများမှာ အလွန်အမင်း စိုးရိမ်တကြီးဖြင့် လီကျယ်ရှန်းကို ကြည့်လိုက်ကြသည်။
“ပုပ်ရဟန်းမင်းကြီးရှင့်၊ ဒါ... ဒါဟာ နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်”
ပိုင်ပေါင်ရှန်းက တုန်လှုပ်ချောက်ခြားစွာ ရှေ့သို့ တိုးလာပြီး
“ကျယ်ရှန်းက ဘယ်လိုလုပ်ပြီး...”
ဝုန်း
သူ စကားမဆုံးမီမှာပင် ဂန္ဓမာသုံ့လော်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကြောက်မက်ဖွယ် ဖိအားတစ်ခု ရုတ်တရက် ကျရောက်လာသည်။ တောင်ကြီးတစ်လုံးပမာ ဖိနှိပ်မှုကြောင့် ဦးညွှတ်နေသော ပိုင်ပေါင်ရှန်းမှာ မြေပြင်ပေါ်သို့ ပြားပြားဝပ် ကျသွားတော့၏။
ဘီဘီတုန်းသည် မြင့်မားသော ပုပ်ရဟန်းမင်း ပလ္လင်ပေါ်တွင် ထိုင်လျက်ပင် အမူအရာမှာ တည်ငြိမ်နေဆဲ...
“လီကျယ်ရှန်း၊ ငါ ပုပ်ရဟန်းမင်းက မင်းကို ရှင်းပြဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ဘာဖြစ်လို့... ငါ့ရဲ့ ဝိဉာဉ်နန်းတော် တာဝန်ခံ ဆယ့်ခုနစ်ယောက်ကို မင်း သတ်ဖြတ်ခဲ့ရတာလဲ”
“ခင်ဗျားတို့ ဝိဉာဉ်နန်းတော်က လူလွှတ်ပြီး ကျွန်တော့်ကို ချောင်းမြောင်းသတ်ဖို့ ကြိုးစားလို့ ကျွန်တော်က ပြန်ခုခံရုံပါပဲ။”
“အို”
ရင်ပြင်ရှိ ရာဂဏန်းရှိသော လူများကြားတွင် ဆူညံသွားသော်လည်း ဘီဘီတုန်းကမူ မကြားသကဲ့သို့ပင်။ သူမ၏ အမြဲတမ်း တည်ငြိမ်ခန့်ညားသော မျက်နှာထက်တွင် နောက်ပြောင်လိုသော အမူအရာတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ဤသိမ်မွေ့သော အပြောင်းအလဲမှာ သူမ၏ ခန့်ညားသော အရှိန်အဝါပေါ်တွင် မိစ္ဆာဆန်သည့် ထူးဆန်းမှုကို ထပ်လောင်းပေးလိုက်သကဲ့သို့ ရှိနေ၏။
“ဒါဆို ပြောပြစမ်း...”
သူမသည် ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်သည်။ သူမ၏ နက်ရှိုင်းသော ခရမ်းရောင် မျက်လုံးများထဲတွင် တစ်စုံတစ်ခုမှာ တိတ်တဆိတ် ကွဲအက်သွားပြီး အနက်ရောင် အငွေ့အသက်များ ငြိမ်သက်စွာ ပျံ့နှံ့လာ၏။
ဘီပီတုန်း၏ ရုပ်သွင်မှာ ပြောင်းလဲခြင်း မရှိသော်လည်း လီကျယ်ရှန်းမှာမူ ထိုလှပသော အသွင်အပြင်အောက်တွင် ရူးသွပ်မှုများ လှိုင်းထန်နေသည်ကို မြင်နေရသည်။ ဘီဘီတုန်းသည် သူ ထိုအမည်ကို ပြောထွက်လာရန် အလွန်အမင်း မျှော်လင့်နေပုံရသည်။
“ချန်ရန်ရွယ်” ဟု သူကိုယ်တိုင် ပြောလာရန် သူမ မျှော်လင့်နေသည်။
“ကျွန်တော်နဲ့ ဝိဉာဉ်နန်းတော်က ချန်ရန်ရွယ်ရဲ့ ပတ်သက်မှုက ထူးခြားနေလို့ ခင်ဗျားတို့က သတ်ဖို့ ကြိုးစားတာ” ဟု ဖော်ထုတ်ပြောကြားရန် သူမ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ဤနည်းအားဖြင့်... ဘီဘီတုန်း၏ ပုံပျက်နေသော ခံယူချက်တွင် ချန်ရန်ရွယ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို လီကျယ်ရှန်းက “သစ္စာဖောက်” ပြီး ထုတ်ဖော်လိုက်သည်ဟု မှတ်ယူနိုင်မည် မဟုတ်ပါလား။ မိခင်တစ်ဦးဖြစ်ပါလျက် သမီးဖြစ်သူမှာ သူမ ချစ်မြတ်နိုးရသူ၏ သစ္စာဖောက်ခြင်းကို ခံရသည်ကို မြင်တွေ့လိုလှသည့် စိတ်ဓာတ်ပင်။
“ခင်ဗျားကတော့ တကယ့်ကို ကုမရတဲ့ လူနာပဲ။”
လီကျယ်ရှန်းက စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်...
ပြတ်သားသော ခြေသံများ တောင်ပေါ်လမ်း၏ ကျောက်လှေကားထစ်များထံမှ ထွက်ပေါ်လာသည်။ အဝေးမှ အနီးသို့ ခြေလှမ်းတိုင်းမှာ သေလုမတတ် တိတ်ဆိတ်နေသော ရင်ပြင်တွင် ပဲ့တင်ထပ်နေ၏။ လူတိုင်း အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။
ရင်သပ်ရှုမောဖွယ် ပုံရိပ်တစ်ခု ပေါ်လာသည်အထိပင်။
သူမမှာ ရွှေရောင်ဆံပင်နှင့် လူသားတို့၏ အလှထက် သာလွန်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ ပတ်လည်တွင် မှိန်ပျပျ ရွှေရောင် အရှိန်အဝါများ စီးဆင်းနေပြီး အသက်ရှူရကျပ်လောက်အောင် မြင့်မြတ်လွန်းလှသည်။ လူအများ၏ အကြည့်များကို လျစ်လျူရှုကာ သူမသည် ပလ္လင်ပေါ်တွင် မြင့်မားစွာ ရှိနေသော ဘီဘီတုန်းကို တည့်တည့်စိုက်ကြည့်လိုက်၏။
“ဘာလို့ ဝိဉာဉ်နန်းတော်က လီကျယ်ရှန်းကို သတ်ချင်တာလဲဆိုတော့...”
“ကျွန်မကြောင့်ပဲ။”
“ကျွန်မက လီကျယ်ရှန်းကို မြတ်နိုးလို့။”
“ကျွန်မ မြတ်နိုးရသူက တောက်ပလွန်းလို့၊ သူ့ဘေးမှာ ရပ်ပြီး အလင်းထဲမှာ အတူတူ လျှောက်လှမ်းချင်လို့။”
“ပြီးတော့ ရှင်ကတော့...”
“မနာလိုဖြစ်နေတယ်၊ ရှင်က ရူးနေတယ်၊ ရှင်က အသိစိတ်လွတ်နေတယ်။”
“ဒါကြောင့် ရှင်က သူ့ကို သတ်ချင်နေတာ။”
ပုပ်ရဟန်းမင်း နန်းတော်ရှေ့ရှိ ကျယ်ပြောလှသော ရင်ပြင်ကြီးမှာ သင်္ချိုင်းကုန်းတစ်ခုပမာ တိတ်ဆိတ်သွားတော့သည်။ အံ့သြခြင်း၊ ဝေခွဲမရခြင်းနှင့် အကဲခတ်လိုသော အကြည့်များမှာ လှပသော ရွှေရောင်ဆံပင်နှင့် မိန်းကလေးထံသို့ ရောက်ရှိနေ၏။ သူမ ခြေတစ်လှမ်းချင်း လှမ်းလာသည်ကို သူတို့ စောင့်ကြည့်နေကြသည်။
လီကျယ်ရှန်း၏ ဘေးနားအထိပင်။
“သူမက... ဘယ်သူလဲ”
“လီကျယ်ရှန်းကို မြတ်နိုးတာကြောင့် ဝိဉာဉ်နန်းတော်ရဲ့ တိုက်ခိုက်တာကို ခံရတယ် ဟုတ်လား”
“သူမနဲ့ ပုပ်ရဟန်းမင်းကြီးနဲ့က ဘာပတ်သက်တာလဲ”
မရေမတွက်နိုင်သော မေးခွန်းများ လူတိုင်း၏ စိတ်ထဲတွင် ပေါက်ကွဲထွက်လာသည်။ ရှီလိုင်ခဲ့ အဖွဲ့ဝင်များမှာ အစွန်းဘက်သို့ ဆုတ်ခွာသွားကြပြီ။ နင်ရုံရုံသည် ထိုအိမ်မက်ပမာ လှပသော မျက်နှာကို ကြည့်ရင်း သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွား၏။ ကျူကျူချင်းကမူ သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်။ သူမ၏ လက်မောင်းကို ဖက်ထားသော ရှောင်ဝူကတော့ ကျူကျူချင်း၏ ကိုယ်အပူချိန် အေးစက်သွားသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ ဒူကူယန်နှင့် ယဲ့လင်းလင်းတို့၏ အကြည့်များမှာမူ နာကျည်းမှုနှင့် အံ့သြမှုများ ရောယှက်နေ၏။ ယွီထျန်းဟန်တို့မှာလည်း အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ လီကျယ်ရှန်းနှင့် နေ့ညမပြတ် အတူရှိခဲ့ကြသော်လည်း သူသည် ဤရွှေရောင်ဆံပင်နှင့် မိန်းကလေးကို မည်သည့်အချိန်တွင် တွေ့ဆုံခဲ့သည်ကို သူတို့ မသိကြပေ။
ယခုအချိန်မှာ ရှင်းပြနေရမည့် အချိန်မဟုတ်။ လီကျယ်ရှန်းသည် ဘေးရှိ ချန်ရန်ရွယ်ကို ကြည့်ကာ မျက်မှောင်ကို တင်းတင်းကြုတ်လိုက်သည်။
“မင်း...”
ချင်းရင်ရွှယ်က သူ ဘာပြောမည်ကို သိနေပုံရသည်။
“နင်ဘေးကင်းနေသရွေ့ ငါ အဆင်ပြေမှာပါ။”
စင်မြင့်မြင့်ပေါ်တွင်မူ ချန်ရန်ရွယ် ပေါ်လာသည့် ခဏ၌ ဘီဘီတုန်း၏ ခရမ်းရောင် မျက်လုံးများမှာ နက်ရှိုင်းသော ချောက်နက်ကြီးများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူမ၏ အရိုးထိအေးစက်သော အသံမှာ ခန်းမတစ်ခုလုံးကို အအေးလှိုင်းတစ်ခုပမာ ဖြတ်သန်းသွား၏။
“သံသယတွေ ရှိနေကတည်းကတော့...”
“လီကျယ်ရှန်း၊ မင်း ဝိဉာဉ်နန်းတော်မှာ ခေတ္တ နေရမယ်။”
“အမှန်တရား ပေါ်ပေါက်လာပြီဆိုမှ မင်းကို ထွက်ခွာခွင့် ပေးမယ်။”
“ကျွန်မ သူ့ကို ခေါ်သွားမယ်”
ချန်ရန်ရွယ်က လီကျယ်ရှန်း၏ လက်ကို ဆွဲကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
“ဘယ်သူ တားရဲသလဲ”
“ခွင့်ပြုချက်မရှိဘဲ ထွက်သွားရဲရင်တော့...”
ပုံသဏ္ဍာန်မဲ့သော အနက်ရောင်အငွေ့များမှာ ဘီဘီတုန်း၏ ပတ်လည်တွင် လှိုင်းထန်လာသည်။ သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“အပြစ်ရှိလို့ ထွက်ပြေးတယ်လို့ပဲ သတ်မှတ်ရလိမ့်မယ်။ ဖမ်းဆီးစမ်း။”
သူမ၏ အသံအဆုံးတွင် ဝိညာဉ်နှစ်ခုပမာ ပုံရိပ်နှစ်ခုမှာ ဘီဘီတုန်း၏ ဘေးမှပြေးထွက်သွားသည်။ ၎င်းတို့မှာ သစ္ဆေသုံ့လော် ကွေ့မင်နှင့် ဂန္ဓမာသုံ့လော် ယွဲ့ကွမ်းတို့ပင်။ သူတို့၏ အရှိန်မှာ အာကာသကို ဆွဲဖြဲနေသကဲ့သို့ မြန်လွန်းလှ၏။ ဖုန့်ဟောက်သုံ့လော်တို့၏ ကြောက်မက်ဖွယ် ဖိအားမှာ ဆူနာမီလှိုင်းကြီးပမာ လီကျယ်ရှန်းထံသို့ အဝေးမှ ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။
အရာအားလုံးကို ချေမှုန်းပစ်မည့် ဆန္ဒဖြင့် သူတို့သည် သူ့ကို ထိုနေရာတွင်ပင် ဖိနှိပ်ရန် ရည်ရွယ်ထား၏။
ပတ်ဝန်းကျင်ရှိ ဝိဉာဉ်ပညာရှင်များမှာ ထိတ်လန့်တကြား အော်ဟစ်ကာ အရပ်မျက်နှာအနှံ့ ထွက်ပြေးကြသည်။ လွန်ခဲ့သော ခဏက ဂုဏ်ပြုစားပွဲ ဖြစ်ခဲ့ပြီး၊ ယခု မျက်စိတစ်မှိတ်အတွင်းမှာပင် ငရဲတိုက်ပွဲမြေပြင် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထျန်းဒိုမြို့တော် ဝိဉာဉ်ပညာရှင်မှာ ကြောက်လန့်လွန်း၍ တုန်ရင်နေသော်လည်း သွားကို တင်းတင်းကြိတ်ကာ လက်များ တုန်ရင်လျက် ရေးမှတ်နေဆဲ... သူ ပြောခဲ့ဖူးသည် မဟုတ်ပါလား။ ယနေ့ အဖြစ်အပျက်များကို ပုံပြောသူဆရာကြီးဆီ အရောက်ပို့ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ရမည်ဟု။
“လီကျယ်ရှန်း၊ မြန်မြန်သွား” ချန်ရန်ရွယ်၊ ကျူကျူချင်း၊ ဒူကူယန်၊ ယဲ့လင်းလင်း၊ ဟောက်ဝူ၊ ဖုန်းရှောင်ထျန်းတို့မှာ လီကျယ်ရှန်းနှင့် ဖုန့်ဟောက်သုံ့လော်နှစ်ဦးကြားတွင် တားဆီးရန် ပြိုင်တူ ပြေးဝင်သွားကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင်… ရုတ်ခြည်း အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
တောင်ပေါ်လမ်း၏ ကျောက်လှေကား အက်ကြောင်းများကြားမှ မရေမတွက်နိုင်သော စိမ်းမြမြ မြွေများမှာ တိတ်ဆိတ်စွာ တွားသွား ထွက်လာကြသည်။ ၎င်းတို့သည် ရင်ပြင်၏ ဗဟိုတွင် လျင်မြန်စွာ စုစည်းသွား၏။
“ဟင်”
ကွေ့မင်နှင့် ယွဲ့ကွမ်းတို့၏ ပုံရိပ်များမှာ အနည်းငယ် တုံ့ဆိုင်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်ပေါင်းများစွာသော မြွေစိမ်းများမှာ သုံ့လော်နှစ်ဦးနှင့် လီကျယ်ရှန်းကြားရှိ လမ်းပေါ်တွင် ရစ်ပတ်စုစည်းသွားကြသည်။
ဝိညာဉ်ကို ထိုးဖောက်နိုင်လောက်သော မြွေသံတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ဧရာမ မြွေလုံးကြီးအဖြစ် စုစည်းနေသော မြွေအုပ်ကြီးမှာ ဟိန်းဟောက်သံနှင့်အတူ ပွင့်အာသွားတော့သည်။
တစ်ခဏချင်းအတွင်းမှာပင် ထူထပ်သော အစိမ်းရောင် အဆိပ်ငွေ့များမှာ လေထုထဲသို့ ပျံ့နှံ့သွား၏။ ထိုအဆိပ်ငွေ့များကြားမှ မျက်နှာထားတင်းမာပြီး မျက်လုံးစိမ်းများနှင့် အဖိုးအိုတစ်ဦးမှာ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာတော့သည်။
“ဝိဉာဉ်နန်းတော်ကတော့ တကယ်ကို လွန်လွန်းနေပြီ...”
အခန်း ၁၅၈
အေးစက်လှသော ထိုအသံမှာ တစ်ကွင်းလုံး၏ သေလုမတတ် တိတ်ဆိတ်မှုကို ဆွဲဖြဲပစ်လိုက်သည်။ တောင်ပေါ်လမ်းတစ်လျှောက်တွင် အစိမ်းရောင်မြူခိုးများ လှိုင်းထန်လာပြီး အဆိပ်ငွေ့များမှာ ဒီရေအလား ပျံ့နှံ့သွားရာ မှောင်ပျိုးစပြုနေသော ကောင်းကင်ယံပင် မြရောင်သန်းသွားတော့သည်။
အဆိပ်သုံ့လော် ဒူကူပို ရောက်ရှိလာလေပြီ။
သူ၏ ပိန်လှီသော ခန္ဓာကိုယ်မှာ အစိမ်းရောင်မြူများကြားတွင် ရိပ်ခနဲ ပေါ်လာသည်။
“အဘိုး” ဒူကူယန်က အသည်းအသန် အော်ဟစ်လိုက်သည်။
“မောင်လေးကျယ်ရှန်းကို ကာကွယ်ပေးပါ”
ဂန္ဓမာသုံ့လော်၏ မျက်နှာမှာ အေးစက်သွားပြီး မျက်လုံးများကို ကျဉ်းမြောင်းလျက် ပြောလိုက်သည်။
“ဟက်... အဆိပ်အိုကြီး၊ မင်း တကယ်ပဲ ဒီနေရာမှာ ကိုယ်ထင်ပြရဲတယ်ပေါ့...”
“အညံ့ဆုံးလို့ နာမည်ကြီးတဲ့ မင်းရဲ့ အရည်အချင်းနဲ့ လီကျယ်ရှန်းကို ကာကွယ်နိုင်မယ်လို့ ထင်နေတာလား...”
စကားပင် မဆုံးသေးမီ
ကောင်းကင်ယံရှိ သွေးရောင်တိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာမှ ရင်တုန်စရာကောင်းလောက်အောင် ထူထဲလှသော ခရမ်းရောင် လျှပ်စီးတန်းကြီးတစ်ခုမှာ အချုပ်အနှောင်မှ လွတ်မြောက်လာသော နဂါးတစ်ကောင်အလား တိမ်တိုက်များကို ပြင်းထန်စွာ ဖောက်ထွက်လာသည်။
ထိုခရမ်းရောင်အလင်းတန်းမှာ ကောင်းကင်တစ်ဝက်ကို နေ့ခင်းဘက်အလား လင်းထိန်သွားစေပေသည်။
ရဲရင့်သော ပုံရိပ်တစ်ခုသည် သောင်းကျန်းလှသော လျှပ်စီးလှိုင်းများကို နင်းလျှက် ဆင်းသက်လာသည်။ သူ၏ ဆံပင်များမှာ လှံများအလား ထောင်မတ်နေပြီး မျက်လုံးများထဲတွင် ခရမ်းရောင် လျှပ်စီးများ စီးဆင်းနေ၏။ ဟင်းလင်းပြင်ထဲတွင် သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ တောက်လောင်နေသော လျှပ်စီးလုံးကြီးများကို ပေါက်ကွဲသွားစေသည်။
“ဒါဆိုရင် ဒီအဘိုးကြီးပါ ပေါင်းလိုက်ရင်ရော ဘယ်လိုလဲ”
ယွီယွမ်ကျန့်၏ အသံမှာ မိုးကြိုးပေါင်း ထောင်သောင်းချီ တစ်ပြိုင်နက် ပေါက်ကွဲသွားသကဲ့သို့ပင် တစ်လောကလုံးကို တုန်ခါသွားစေသည်။
“အဘိုး” ယွီထျန်းဟန်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။
“မြန်မြန်... ညီလေးကျယ်ရှန်းကို ခေါ်ပြီး ထွက်သွားပါတော့”
တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်လာသော ထိတ်လန့်ဖွယ်ရာ အခြေအနေများကြောင့် ပုပ်ရဟန်းမင်း နန်းတော်ရှေ့ရှိ ရင်ပြင်တစ်ခုလုံး မှင်သက်တိတ်ဆိတ်သွားတော့သည်။
အဆိပ်သုံ့လော် ဒူကူပို။
မိုးကြိုးသုံ့လော် ယွီယွမ်ကျန့်။
နာမည်ကျော် ဖုန့်ဟောက်သုံ့လော်နှစ်ဦးမှာ လီကျယ်ရှန်း၏ ရှေ့တွင် တစ်ပြိုင်နက်တည်း ရပ်တည်ပေးနေကြပြီး လူတိုင်း၏ ရင်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွား၏။ လီကျယ်ရှန်းသည် သူတို့၏ မြေးများ၊ တပည့်များနှင့် ရင်းနှီးရုံမျှဖြင့် ဤမျှ အန္တရာယ်ကြီးလှသော ဝိဉာဉ်နန်းတော်ကို ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ကြောင်း လူတိုင်း နားလည်ကြသည်။
ဒါဆိုရင် လီကျယ်ရှန်းမှာ ဘယ်လိုအစွမ်းမျိုးရှိနေလို့ ထိုပုဂ္ဂိုလ်နှစ်ဦးက ကာကွယ်ပေးနေရတာလဲ။
“နဂါးအိုကြီးနဲ့ အဆိပ်အိုကြီး...”
“ဝိဉာဉ်နန်းတော်ရဲ့ ကိစ္စကို ဝင်နှောင့်ယှက်တယ်ပေါ့”
“မင်းတို့ တကယ်ပဲ သတ္တိကောင်းကြတာပဲ”
ကွေ့မင်၏ ပတ်လည်တွင် ထူးဆန်းသော ဝိညာဉ်အရိပ်များ ဝိုင်းရံလာသည်။ ယွဲ့ကွမ်း၏ လက်ဝါးပေါ်ရှိ ဂန္ဓမာပန်းမှာလည်း ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာ၏။ ကြောက်မက်ဖွယ် ဖုန့်ဟောက်သုံ့လော်အရှိန်အဝါ လေးခုမှာ ပြင်းထန်စွာ ရိုက်ခတ်မိကြတော့သည်။
ဘုန်း ဘုန်း ဘုန်း
သုံ့လော်လေးဦး၏ ကြောက်မက်ဖွယ် အစွမ်းများ ပေါက်ကွဲထွက်လာရာ မျက်စိဖြင့် မြင်နိုင်သော လေလှိုင်းများမှာ ဆူနာမီလှိုင်းကြီးအလား အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ ပျံ့နှံ့သွားတော့သည်။
စင်မြင့်မြင့်ပေါ်တွင်မူ ဘီဘီတုန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။ ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာသကဲ့သို့ ပြင်းထန်သော ဖိအားတစ်ခု ရုတ်တရက် သက်ဆင်းလာ၏။ သူမ၏ ခြေဖဝါးအောက်မှ ဝိဉာဉ်ကွင်း ကိုးကွင်းမှာ တစ်လွှာချင်း တက်လာသည်။
အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက်၊ အနက်၊ အနီ။
နောက်ဆုံး ဝိဉာဉ်ကွင်းမှာ သွေးလို နီရဲနေသည်။ မှောင်ပျပျ ကောင်းကင်အောက်တွင် ထိုအနီရောင်အရှိန်အဝါမှာ ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ သမုဒ္ဒရာပမာ နက်ရှိုင်းလှသော ဝိဉာဉ်စွမ်းအားများမှာ မမြင်နိုင်သော ဧရာမ တောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲကာ ဖိနှိပ်ချလိုက်တော့သည်။
ဒူကူပိုနှင့် ယွီယွမ်ကျန့်တို့မှာ ညည်းညူသံနှင့်အတူ ကိုယ်ဟန်များ အနည်းငယ် ယိုင်နဲ့သွားကြ၏။ သူတို့နှစ်ဦးစလုံးမှာ ဘီဘီတုန်း တစ်ဦးတည်း၏ ဖိနှိပ်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။ သစ္ဆေသုံ့လော်နှင့် ဂန္ဓမာသုံ့လော်တို့မှာ ထိုအခွင့်အရေးကို မြင်သည်နှင့် လျှပ်စီးတန်းနှစ်ခုအလား လီကျယ်ရှန်းထံသို့ တည့်တည့် ပြေးဝင်သွားကြတော့သည်။ ဂန္ဓမာသုံ့လော်လက်ထဲမှ ရွှေရောင်အလင်းတန်းမှာ စူးရှထက်မြက်လှပြီး လီကျယ်ရှန်း၏ မျက်နှာရှေ့သို့ တစ်ခဏချင်း ရောက်ရှိလာ၏။
ထိုသေစေနိုင်သော ရွှေရောင်အလင်းမှာ လီကျယ်ရှန်းနှင့် ထိတွေ့တော့မည့် အခိုက်အတန့်မှာပင်...
ချန်
ကြည်လင်ပြတ်သားသော ဓားဟိန်းသံတစ်ခု ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။ ကမ္ဘာပျက်မတတ် ခမ်းနားသော ပြကွက်မျိုး မဟုတ်ပေ။ အစွန်းကုန် စုစည်းထားသော ငွေဖြူရောင် ဓားအလင်းတစ်ခုသာ လီကျယ်ရှန်း၏ ရှေ့တွင် ဟင်းလင်းပြင်မှ ပေါ်ထွက်လာသည်။ ထိုဓားအလင်းမှာ ရိုးရှင်းလှသော်လည်း အရာအားလုံးကို ဖြတ်တောက်နိုင်သော ဓားသိုင်းအနှစ်သာရများ ကိန်းအောင်းနေ၏။
ထို့နောက်တွင်မူ လူတိုင်း တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်သော ပြကွက်တစ်ခု ပေါ်လာတော့သည်။
ကောင်းကင်တစ်ခုလုံးတွင် မိုင်ပေါင်းထောင်ချီ ဖြန့်ကျက်နေသော သွေးရောင်တိမ်တိုက်ကြီးမှာ ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းထားသည့် ဧရာမ ဓားရိပ်ကြီးတစ်ခုကြောင့် အတင်းအဓမ္မ အက်ကွဲသွားတော့သည်။ သွေးရောင်တိမ်တိုက်များကြားတွင် ကျဉ်းမြောင်းဖြောင့်တန်းသော အက်ကြောင်းကြီးတစ်ခု ပေါ်လာပြီး ဘေးတစ်ဖက်တစ်ချက်စီရှိ တိမ်တိုက်များမှာ လွင့်စင်သွားကြရာ ၎င်းတို့နောက်ကွယ်ရှိ နက်မှောင်သော ကောင်းကင်ပြာကြီး ပေါ်ထွက်လာသည်။
စင်ကြယ်ပြီး ရှေးကျလှသော ဓားရှည်တစ်လက်မှာ ကောင်းကင်အက်ကြောင်းထဲမှ ဆင်းသက်လာပြီး လီကျယ်ရှန်း၏ ရှေ့တွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်။ ထိုဓား၏ အပေါ်တွင်မူ လူရိပ်တစ်ခုမှာ တိတ်ဆိတ်စွာ ပေါ်လာ၏။
သူသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး မျက်နှာမှာ ပိန်လှီကာ မျက်လုံးများမှာ ရှေးဟောင်း ရေတွင်းပျက်ကြီးအလား တည်ငြိမ်လွန်းလှသည်။ ဓားမှာ သူ၏ ဘေးတွင် ငြိမ်သက်စွာ ရှိနေပြီး ဓားဆန္ဒများကို သိမ်းဆည်းထားဆဲ ဖြစ်သော်လည်း၊ ရှေ့သို့ ပြေးဝင်လာသော သစ္ဆေသုံ့လော်နှင့် ဂန္ဓမာသုံ့လော်တို့ကိုတော့ ရန်သူကြီးနှင့် တွေ့လိုက်ရသကဲ့သို့ ခြေလှမ်းများ ရပ်တန့်သွားစေခဲ့သည်။
နေဝင်ချိန်၏ နောက်ဆုံး အလင်းတန်းလေးမှာ သူ၏ ဝတ်ရုံဖြူပေါ်သို့ ကျရောက်နေပြီး တစ်ကိုယ်တည်း ထီးထီးကြီး ရှိနေသော သူ၏ ပုံရိပ်ကို ရွှေရောင် အနားသတ်လေးများဖြင့် အလှဆင်ပေးထားသကဲ့သို့ ရှိနေ၏။ သူသည် လီကျယ်ရှန်းကို သူ၏ ကျောပြင်နောက်တွင် ကာကွယ်ထားလိုက်သည်။
“ဒီလမ်းကတော့ ဖြတ်လို့မရဘူး။”
သူ့ရှေ့ရှိ ဝတ်ရုံဖြူနှင့် ကျောပြင်ကို ကြည့်ရင်း လီကျယ်ရှန်း၏ မျက်လုံးများထဲတွင် အလွန်ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားသည်။ ကွေ့မင်နှင့် ယွဲ့ကွမ်းတို့မှာ သွားကို တင်းတင်းကြိတ်လျက် တစ်ကမ္ဘာလုံးအနှံ့ ကျော်ကြားလှသော ထိုအမည်ကို ရေရွတ်လိုက်မိကြသည်။
“ဓားဂိုဏ်း ချန်ရှင်း”
လူအုပ်ကြားထဲတွင် နင်ရုံရုံ၏ မျက်လုံးများမှာ ချက်ချင်း ဝင်းလက်သွားပြီး ငိုသံပါပါဖြင့် အော်ပြောလိုက်သည်။
“ဓားဘိုးဘိုး၊ အဘိုး... ကျေးဇူးပြုပြီး မောင်လေးကျယ်ရှန်းကို ကာကွယ်ပေးပါ”
တတိယမြောက်။ တတိယမြောက် ဖုန့်ဟောက်သုံ့လော်။ လီကျယ်ရှန်းကို ကာကွယ်ပေးနေတာ ဒါနဲ့ဆို သုံးယောက်ရှိနေကာ ၎င်းမှာ ဘုံ၇ဆင့်ရတနာပြသာဒ်ဂိုဏ်း၏ အထောက်အပံ့ကြီးဖြစ်သော ဓားသုံ့လော် ချန်ရှင်းပင် ဖြစ်သည်။ ရင်ပြင်ရှိ လူရာပေါင်းများစွာမှာ အံ့သြလွန်း၍ ခေါင်းပင် မူးနောက်သွားကြပြီ။ သာမန်နေ့များတွင် တွေ့ရခဲလှသော အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများမှာ ဒီနေ့တွင် လီကျယ်ရှန်း တစ်ယောက်တည်းအတွက် တစ်ဦးပြီးတစ်ဦး ပေါ်လာနေကြသည် မဟုတ်ပါလား။
ဘီဘီတုန်း၏ လက်ကောက်ဝတ်များမှာ ပုပ်ရဟန်းမင်း ကျိုင်းတံကို ဆုပ်ကိုင်ထားရင်း ဖြူလျော့နေသည်။ လီကျယ်ရှန်း တစ်ယောက်တည်းကို ဖမ်းဆီးဖို့ရန်အတွက် ဖုန့်ဟောက်သုံ့လော်သုံးဦးအထိ ပေါ်လာလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
“ယွဲ့ကွမ်... ငါ ချန်ရှင်းကို ထိန်းထားမယ်၊ မင်း လီကျယ်ရှန်းကို မြန်မြန် ဖမ်းစမ်း”
ကွေ့မင်က ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ပုံပျက်နေသော အနက်ရောင် ဝိညာဉ်ရိပ်အဖြစ် ပြောင်းလဲကာ ချန်ရှင်းထံသို့ တည့်တည့် ပြေးဝင်သွားသည်။ ဂန္ဓမာသုံ့လော်ကလည်း သဘောပေါက်သွားပြီး သူ၏ လက်ထဲမှ ဂန္ဓမာပန်းမှာ ရွှေရောင်အလင်းများ ထပ်မံ ထွက်ပေါ်လာကာ ချန်ရှင်း၏ ဓားဆန္ဒ အတားအဆီးကို ကျော်ဖြတ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း... ကွေ့မင်၏ တိုက်ခိုက်မှုနှင့် ဂန္ဓမာသုံ့လော်၏ ကျော်ဖြတ်ရန် ကြိုးစားမှုကို ရင်ဆိုင်ရချိန်တွင် ချန်ရှင်း၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူသည် သူ၏ လက်ထဲမှ လူသတ်ဓားခုနှစ်ဖော်ကို တစ်လက်မမျှပင် မရွှေ့ပေ။
သူသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူ၏ အကြည့်မှာ ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသကဲ့သို့ ရှိကာ အေးစက်စွာ ပြောလိုက်သည်။
“အခြေအနေတွေကို ဒီလောက်ကြာအောင် စောင့်ကြည့်နေတာ... အခုတော့ မင်း ကိုယ်ထင်ပြသင့်ပြီ မဟုတ်လား”
ထိုစကားကြောင့် တစ်ကွင်းလုံး တုန်လှုပ်သွားရပြန်သည်။ ဘီဘီတုန်းပင်လျှင် စိုးရိမ်စိတ် အနည်းငယ် ဝင်သွား၏။
နောက်ထပ် ရှိသေးသည်လော။ အမှောင်ထဲမှာ နောက်ထပ် ဖုန့်ဟောက်သုံ့လော်တစ်ယောက် ကျန်သေးတာလား။ လီကျယ်ရှန်း ကိုယ်တိုင်ပင်လျှင် အံ့သြခြင်းနှင့် သံသယများ မျက်လုံးထဲတွင် ပေါ်လာတော့သည်။ ဘယ်သူ ကျန်သေးသည်လဲ။
ဖော်ပြမရနိုင်သော တိတ်ဆိတ်ခြင်းတစ်ခု ကျရောက်လာသည်။ လေတိုက်သံ၊ ဝိဉာဉ်စွမ်းအားများ တိုက်ခိုက်သံ၊ ဝေးလံသော တောင်တန်းများဆီမှ ငှက်သံ၊ ပိုးကောင်သံများ... အားလုံးမှာ ထိုအခိုက်အတန့်တွင် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။
ထို့နောက်တွင်တော့ လေများ တိုက်ခတ်လာကာ မရေမတွက်နိုင်သော သိမ်မွေ့လှသည့် အစိမ်းရောင် လေစီးကြောင်းများမှာ တောင်တောထဲမှ သစ်ရွက်ဖျားများ၊ ကျောက်လှေကား အက်ကြောင်းများ၊ ကောင်းကင်ရှိ တိမ်အက်ကြောင်းများ အစရှိသည့် နေရာအနှံ့မှ တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး စုစည်းလာကြသည်။ ထိုလေစီးကြောင်းများမှာ အသိဉာဏ်ရှိသကဲ့သို့ပင်။ အရာအားလုံးကို ထိုးဖောက်နိုင်သော စူးရှမှုနှင့် နေရာအနှံ့ ရောက်ရှိနိုင်သော လျင်မြန်မှုတို့ဖြင့် ရင်ပြင်အလယ်ရှိ ဟင်းလင်းပြင်ကို မရေမတွက်နိုင်သော အစိမ်းရောင် ဇကာကွက်များအဖြစ် ပိုင်းဖြတ်လိုက်တော့သည်။
ထိုလေခွင်းဓားဆန္ဒဖြင့် တည်ဆောက်ထားသော ဇကာကွက်၏ အလယ်ဗဟိုတွင် ဟင်းလင်းပြင်မှာ လေပြေညင်းပမာ လှိုင်းထန်သွားပြီး လူရိပ်တစ်ခုမှာ ဖြည်းဖြည်းချင်း ပေါ်လာသည်။
သူသည် ပိန်လှီပြီး အဖြူအမည်း ရောယှက်နေသော ဆံပင်ရှည်များ ရှိကာ၊ နွမ်းဖတ်နေသော မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ တောင်ပေါ်က မည်သည့်နေရာတွင်မဆို တွေ့နိုင်သော ထင်းခွေသမားတစ်ဦးအလား ရိုးရှင်းလှသည်။ သို့သော် ထူးခြားချက်မှာ သူ၏ မျက်လုံးများကို အနက်ရောင် ပိုးသားစဖြင့် စည်းနှောင်ထားခြင်းပင်။
သူ၏ အသံမှာ ရှေးကျပြီး ငြိမ်းချမ်းလှသည်။ နက်ရှိုင်းလှသော တောင်ကြားလျှိုမြောင်ထဲကို ဖြတ်သန်းသွားသည့် ကြည်လင်သော လေပြေညင်းတစ်ခုအလား...
“ဒီအဘိုးကြီး... လေခွင်းဓားကလည်း ညီလေးကျယ်ရှန်းကို ကာကွယ်ဖို့ ရောက်ရှိတယ်။”