အခန်း (၁၁၁-၁၁၅)
Vol. 12 Ch. 111-115
အခန်း ၁၁၁ ဤမျှသာလော
ဤစကားကို ကြားသောအခါ လူအများအပြားက ချက်ချင်းပင် ငြင်းဆိုလိုက်ကြလေသည်။
“ ဒါက မဖြစ်နိုင်ဘူး မဟုတ်လား။ ပင်မသွေးကန်ကြီးထဲမှာ သွေးဝိညာဉ်ရေတွေ ပြန်လည်ဖြည့်တင်းပေးနေတာ ကြာလှပြီပဲ။ ရေမျက်နှာပြင်ကလည်း ထပ်ပြီး ကျမသွားတော့ဘူးလေ ”
“ သွေးပင်လယ်ကို ခုမှစဖွင့်လှစ်ထားတဲ့ ကျင့်ကြံသူတစ်ယောက်အတွက် အဲဒါကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်ကူလှဘူး.......။ သူမအနေနဲ့ အခြေခံတည်ဆောက်ခြင်းအတွက် ပြင်ဆင်ရင်း သူမရဲ့ အခြေအနေကို ပြန်လည်ညှိနှိုင်းနေတာ ဖြစ်ရမယ် ”
လူအုပ်ကြီးက ဘာမှမသိဘဲ ထင်ကြေးပေးနေကြသော်လည်း ဝတ်ရုံခရမ်းရောင် အကြီးအကဲနှင့် သွေးကန်ကြီးကြပ်ရေးမှူး ဖြစ်သူ စီထျန်းချီကမူ အခြေအနေမှန်ကို ကောင်းစွာ သိရှိနေပေသည်။
ဤရက်ပေါင်း နှစ်ဆယ်ပတ်လုံး ထိုမိန်းကလေးငယ်သည် သွေးဝိညာဉ်ရေများကို တစ်စက္ကန့်မျှ မရပ်မနားဘဲ ရူးသွပ်စွာ လုယူသုံးစွဲနေခြင်း ဖြစ်ပေသည်။
အကယ်၍ ခုနစ်ခုမြောက် တောင်ထိပ်ရှိ အရန်သွေးကန်မှ သန့်စင်သော သွေးဝိညာဉ်ရေများကို အဆက်မပြတ် ထောက်ပံ့ပေးမထားလျှင် ပထမတောင်ထိပ်၏ ပင်မသွေးကန်မှာ သူမကြောင့် ခန်းခြောက်သွားသည်မှာ ကြာလှပေပြီ။
ဒီကလေးမကတော့ တကယ်ကို စုပ်ယူနိုင်တာပဲ...... ဒီအတိုင်းသာ ဆက်သွားရင် ခုနစ်ခုမြောက် တောင်ထိပ်က အရန်သွေးကန်ပါ ခန်းသွားတော့မှာ မဟုတ်ပါလော။
စီထျန်းချီသည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီးနောက် နောက်ဆုံးတွင် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်ပေသည်။ အစောပိုင်းကတည်းက ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ရာ အနည်းငယ် ပိုကုန်သွားရုံဖြင့် ထူးခြားမည် မဟုတ်တော့ချေ။
“ အကယ်၍ သူမသာ အောင်မြင်သွားခဲ့လျှင် သူ၏ သွေးလမ်းစဉ်အစုအဖွဲ့တွင် နောက်ထပ် သွေးလမ်းစဉ် ပါရမီရှင်တစ်ဦး တိုးလာမည်ဖြစ်ပြီး ဂိုဏ်းအတွင်းရှိ သူတို့၏ အဆင့်အတန်းမှာလည်း ပိုမို ခိုင်မာလာမည် ဖြစ်ပေသည်။ အကယ်၍ သူမ ကျရှုံးသွားခဲ့လျှင်လည်း အဆိုးဆုံးအနေဖြင့် ကိုယ်တိုင် အပြင်ထွက်ကာ ရွှေအမြုတေအဆင့် မိစ္ဆာသားရဲ အနည်းငယ်ကို အမဲလိုက်ပြီး ဆုံးရှုံးမှုများအတွက် ပြန်လည်ဖြည့်တင်းပေးရုံသာ ရှိပေသည် ”
ထိုသို့ နားလည်သွားပြီးနောက် စီထျန်းချီသည် မဆိုင်းမတွတော့ဘဲ တည်ငြိမ်သော အမူအရာဖြင့် မုန့်ဝမ်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သူမ လုံးဝ စုပ်ယူ၍ မရတော့သည့်တိုင်အောင် ဆက်လက် စုပ်ယူရန် ပြောကြားလိုက်လေသည်။ စီထျန်းချီ၏ စကားကြောင့် မုန့်ဝမ်၏ စိတ်ထဲမှ နောက်ဆုံးကျန်ရှိနေသော စိုးရိမ်မှုများမှာ ကွယ်ပျောက်သွားတော့၏။
အထွတ်အမြတ်နယ်မြေအတွင်းသို့ မဝင်မီက သူမသည် ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးဆောင်ကာ သွေးကန်ကို တစ်လကြာ အသုံးပြုခွင့် ရယူခဲ့ခြင်း ဖြစ်ပေသည်။ ယခု တစ်လပြည့်ရန် နီးကပ်လာသော်လည်း သူမ၏ သွေးပင်လယ်မှာ သုံးပုံတစ်ပုံပင် မပြည့်သေးချေ။
အပြင်သို့ ပြန်ထွက်ကာ ပစ္စည်းအချို့ ရောင်းချပြီး သွေးကန်အသုံးပြုခွင့် သက်တမ်းတိုးရန် ဝိညာဉ်ကျောက်တုံးများ သွားလဲသင့်သလား။
သူမ ထိုသို့ စဉ်းစားနေစဉ်မှာပင် စီထျန်းချီ၏ စကားကို ကြားလိုက်ရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မုန့်ဝမ်သည် ပိုမို ယုံကြည်မှုရှိရှိဖြင့် သွေးဝိညာဉ်ရေများကို စုပ်ယူကာ သွေးပင်လယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားစေတော့၏။
ဤအချိန်တွင် သွေးပင်လယ်မှာ လွန်ခဲ့သော ရက်ပေါင်း နှစ်ဆယ်နှင့် နှိုင်းယှဉ်လျှင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။
ပြင်းထန်သော လှိုင်းလုံးကြီးများမှာ ဟိန်းဟောက် လှုပ်ခတ်နေသဖြင့် သွေးပင်လယ်တစ်ခုလုံးမှာ ခန့်ညားထည်ဝါပြီး ထူးခြားဆန်းပြားသော အသွင်ကို ဆောင်နေလေသည်။ မုန့်ဝမ်သည် သူမ၏ အတွင်းပိုင်းကို စစ်ဆေးကြည့်ကာ သွေးပင်လယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဘာမှမဖြစ်သလိုပင် ဆက်လက် ကျင့်ကြံနေလေတော့၏။
ဤသို့ ကျင့်ကြံရင်း နောက်ထပ် ရက်ပေါင်း ခုနစ်ဆယ် ကုန်လွန်သွားခဲ့ပေပြီ။ အစောပိုင်းက ရက်ပေါင်း နှစ်ဆယ်နှင့် ပေါင်းလိုက်လျှင် သူမသည် သွေးပင်လယ်ကို ဖြည့်တင်းရန် အဆင့်တစ်ခုတည်းအတွက်တင် သုံးလ အပြည့် အချိန်ပေးခဲ့ရခြင်း ဖြစ်ပေသည်။ သုံးလဆက်တိုက် မရပ်မနား စုပ်ယူသန့်စင်ပြီးနောက် မုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းရှိ အောက်ခြေမရှိသော ချောက်နက်ကြီးမှာ နောက်ဆုံး၌ ပြည့်သွားခဲ့လေပြီ။
နောက်ဆုံးတွင် ယနေ့ ညနေခင်း၌ သွေးအရှိန်အဝါ ဝဲဂယက်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မုန့်ဝမ်သည် မျက်လုံးများကို ဖွင့်လိုက်ပေသည်။ သူမ၏ မျက်ဝန်းများအတွင်း၌ သွေးနီရောင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်နေသော သွေးရောင် အလင်းတုံးကြီးကို ငုံ့ကြည့်လိုက်၏။
ဤသွေးရောင် အလင်းတုံးမှာ သူမ သွေးဝိညာဉ်ရေများကို အလွန်အကျွံ မြန်မြန်ဆန်ဆန် စုပ်ယူခဲ့ခြင်းကြောင့် ခန္ဓာကိုယ်၏ အတွင်းဘက်ဆုံးအလွှာမှ သွေးအဆီအနှစ်များမှာ ဖိသိပ်ခံရပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။
အစပိုင်းတွင် ဤအလင်းတုံးမှာ တစ်လက်မခန့် အထူရှိခဲ့ပေသည်။ သို့သော် လွန်ခဲ့သော သုံးလအတွင်း မရေမတွက်နိုင်သော ဖိသိပ်မှုများနှင့် ထိတွေ့မှုများကြောင့် ဤသွေးရောင် အလင်းလွှာမှာ ပို၍ ပါးလွှာလာခဲ့လေသည်။
ယခုအခါ ၎င်းမှာ ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလွှာနေသော်လည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမို မာကျောပြီး ခိုင်ခံ့လှပေသည်။ ၎င်းမှာ သဘာဝအလျောက် ဖြစ်ပေါ်လာသော ဝတ်စုံနူးညံ့ချပ်ဝတ်တစ်ခုပမာ မုန့်ဝမ်၏ ရုပ်ခန္ဓာတွင် တိတ်တဆိတ် ကပ်တွယ်နေလေတော့သည်။
မုန့်ဝမ် မတ်တပ်ရပ်လိုက်သောအခါ သူမ၏ လှုပ်ရှားမှုကြောင့် ပိုမို လှိုင်းထန်လာသော သွေးပင်လယ်ကို ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးပင်လယ်မှာ လုံးဝ ပြည့်လျှံနေပြီ ဖြစ်ရာ သွေးဝိညာဉ်ရေ တစ်စက်မျှပင် ထပ်မံ ထည့်သွင်း၍ မရတော့ချေ။ လှိုင်းလုံးကြီးများ၏ ဟိန်းဟောက် လှုပ်ခတ်မှုကြောင့် သူမ အတင်းအကျပ် ဖိနှိပ်ထားသော အဆင့်မှာ အနည်းငယ် လျော့ရဲလာပေသည်။
အခြေခံတည်ဆောက်ခြင်း ပြုလုပ်ရန် အချိန်တန်လေပြီ......
သူမ၏ စိတ်အာရုံ လျော့ရဲသွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး အစီအရင်၏ အတားအဆီးကို ချက်ချင်း ဖောက်ထွက်ကာ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားလေတော့သည်။ မြေကမ္ဘာနှင့် ကောင်းကင်ယံမှ ဝိညာဉ်စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်လာကြသော်လည်း ပြည့်လျှံနေသော သွေးပင်လယ်အတွင်းသို့ ဝင်၍ မရသဖြင့် မုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်း၌ မထိန်းချုပ်နိုင်အောင် သောင်းကျန်းနေကြပေသည်။
မုန့်ဝမ်သည် တိုးညင်းစွာ ညည်းတွားလိုက်သော်လည်း မျက်နှာအမူအရာ မပျက်ဘဲ ကျင့်စဉ်ကို လည်ပတ်စေကာ ထိုဝိညာဉ်စွမ်းအင်များကို ချေဖျက်လိုက်လေသည်။ ဝိညာဉ်စွမ်းအင်များ၏ ဆေးကြောမှုအောက်တွင် သူမ၏ သွေးပင်လယ်မှာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော သွေးလမ်းစဉ် ဖိအားများကို ထုတ်လွှတ်လာပေတော့၏။
မည်သည့် အတားအဆီး၊ အခက်အခဲမျှ မရှိဘဲ မုန့်ဝမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ သဘာဝအလျောက် တက်လှမ်းနိုင်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ကြည်လင်နေသော ကောင်းကင်ယံမှာ မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး လျှပ်စီးလက်သံ၊ မိုးခြိမ်းသံများ ထွက်ပေါ်လာပေသည်။
လေးလံသော တိမ်တိုက်ကြီးများမှာ ကောင်းကင်ယံထက်တွင် မှင်ရည်များ ဖိတ်စင်ထားသကဲ့သို့ လိပ်တက်နေပြီး လူကို အသက်ရှူကျပ်စေမည့် ဖိအားများကို ပေးစွမ်းနေလေသည်။ တိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာတွင် ခရမ်းရောင် လျှပ်စီးအလင်းတန်းငယ်များကို မြင်တွေ့နေရပြီး အိပ်ပျော်နေသော ဧရာမ သားရဲကြီးတစ်ကောင် နိုးထလာတော့မည့်အလား တအုန်းအုန်း မြည်ဟည်းသံများ ထွက်ပေါ်နေပေသည်။
“ ဘေးဒုက္ခတိမ်တိုက်တွေ...... ဒါက...... အခြေခံတည်ဆောက်ခြင်း လျှပ်စီးဘေးဒုက္ခ မဟုတ်လား ”
ကောင်းကင်ယံမှ ဘေးဒုက္ခလျှပ်စီးများကြောင့် လူတိုင်း၏ အာရုံမှာ ဆွဲဆောင်ခြင်း ခံလိုက်ရပြီး ထိတ်လန့်တုန်လှုပ်သော မျက်နှာများဖြင့် မော့ကြည့်နေကြလေသည်။
“ ဒီလောက် ကြောက်စရာကောင်းတဲ့ အခြေခံတည်ဆောက်ခြင်း လျှပ်စီးဘေးဒုက္ခမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ အစောပိုင်းက သွေးကန်ထဲမှာ ထူးခြားမှုတွေ ဖြစ်အောင် လုပ်ခဲ့တဲ့ ကျင့်ကြံသူ အမျိုးသမီးကြောင့် ဖြစ်ရမယ် ”
“ ပထမတောင်ထိပ်ရဲ့ အစီအရင်က ဒီလျှပ်စီးတွေကြောင့် ပျက်စီးမသွားနိုင်ဘူးလား ”
“ စိတ်မပူပါနဲ့...... ဒါက အထွတ်အမြတ်နယ်မြေပဲလေ။ ကျင့်ကြံခြင်းစင်မြင့်က ဒီအတိုင်း အလှပြထားတာလို့ မင်း ထင်နေသလား။ စင်မြင့်ရဲ့ အနီးအနားမှာ ဘယ်လို အစီအရင်နဲ့ အတားအဆီးမှ မရှိဘူး၊ အဲဒါက ဘေးဒုက္ခ ကျော်ဖြတ်ဖို့အတွက် သီးသန့် အသုံးပြုတာပဲ ”
“ ဟုတ်သားပဲ...... မိုးခြိမ်းသံက အရမ်း ကြောက်စရာကောင်းနေတော့ ငါ အဲဒါကို မေ့သွားတယ် ”
လူတိုင်းမှာ သူတို့၏ ကျင့်ကြံမှုများကို ဘေးဖယ်ထားကာ ကျင့်ကြံခြင်းစင်မြင့်တစ်ခုဆီသို့ လှမ်းကြည့်လိုက်ကြပေသည်။ မကြာမီမှာပင် သွေးရောင်ဝတ်စုံနှင့် လူရိပ်တစ်ခုသည် သွေးကန်အတွင်းမှ ထွက်ပေါ်လာပြီး စင်မြင့်ထက်သို့ ဆင်းသက်လိုက်လေသည်။ ထိုအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ မုန့်ဝမ် ပင် ဖြစ်ပေသည်။
သူမ စင်မြင့်ထက်သို့ ဆင်းသက်လိုက်သည်နှင့် တားဆီးမည့် အစီအရင် မရှိတော့သဖြင့် ကောင်းကင်ဘုံကပ်ဘေးမှာ သူမ၏ အရှိန်အဝါကို တိကျစွာ ဖမ်းယူမိသွားပြီး ကောင်းကင်ရှိ တိမ်တိုက်များမှာ ပိုမို ပြင်းထန်စွာ လိပ်တက်လာလေတော့သည်။ မိုးခြိမ်းသံများမှာ ပို၍ ကျယ်လောင်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေပေ၏။
ချက်ချင်းဆိုသလိုပင် မုန့်ဝမ်ကို ပြင်ဆင်ရန် အချိန်အများကြီး မပေးဘဲ တောက်ပသော ခရမ်းရောင် လျှပ်စီးတစ်ခုသည် တိမ်တိုက်များအကြားမှ ဖောက်ထွက်လာပြီး ခရမ်းရောင် မြွေတစ်ကောင်ပမာ တွန့်လိမ်ကာ မုန့်ဝမ်ထံသို့ တိုက်ရိုက် ဦးတည် ကျဆင်းလာလေတော့သည်။
ပထမဆုံးသော ကောင်းကင်လျှပ်စီးမှာ အမွှေးတိုင် တစ်ချောင်းစာမျှသာ အထူရှိပြီး ဖျက်ဆီးလိုသော အရှိန်အဝါ အနည်းငယ် ကိန်းအောင်းနေ၏။
မုန့်ဝမ်သည် ကောင်းကင်လျှပ်စီး၏ အရှိန်ကို လျှော့ချရန်အတွက် ဝိညာဉ်လက်နက်တစ်ခုကို ကြိုတင် ပြင်ဆင်ထားသော်လည်း ဤပထမဆုံး လျှပ်စီး၏ စွမ်းအားမှာ သူမ မျှော်လင့်ထားသည်ထက် များစွာ နည်းပါးနေပေသည်။
ဒီလောက်အထိ ခမ်းခမ်းနားနား ပြင်ဆင်ထားပြီးတော့မှ ရလဒ်က...... ဤမျှသာလော......
မုန့်ဝမ်၏ မျက်နှာထားမှာ အေးစက်ပြီး မာန်ဝံ့နေလေသည်။ ရှန်စီရွှမ်ထံမှ ရရှိခဲ့သော လျှပ်စီးဆွဲဆောင်သည့် ကိရိယာကို သိုလှောင်အိတ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး ဤကောင်းကင်လျှပ်စီးကို သူမ၏ ရုပ်ခန္ဓာဖြင့် တိုက်ရိုက် ခုခံရန် ဆုံးဖြတ်လိုက်လေသည်။
သူမ၏ စိတ်အာရုံတစ်ခုဖြင့် အရေပြားပေါ်တွင် ကပ်တွယ်နေသော ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလွှာသည့် ချပ်ဝတ်ကိုပင် ဖယ်ရှားလိုက်ပေသည်။
ဤမျှ သေးငယ်သော ကောင်းကင်လျှပ်စီးသည် သူမ မတော်တဆ သန့်စင်မိထားသော ချပ်ဝတ်ပေါ်သို့ ကျရောက်သွားပါက ထိုအလွှာကိုပင် ဖောက်ထွက်နိုင်မည် မဟုတ်ချေ။ ထိုသို့ဖြစ်လျှင် ရုပ်ခန္ဓာကို ပိုမို သန်မာအောင် ဆေးကြောသန့်စင်ပေးမည့် ရည်ရွယ်ချက်မှာ အထမြောက်မည် မဟုတ်ပေ။
မုန့်ဝမ်၏ စိန်ခေါ်မှုကို သိရှိသွားသည့်အလား အမွှေးတိုင် တစ်ချောင်းစာမျှရှိသော ကောင်းကင်လျှပ်စီးမှာ ဟိန်းဟောက်ကာ မုန့်ဝမ်ကို ပြင်းထန်စွာ ရိုက်ခတ်လေတော့သည်။
“ ဝုန်း...... ”
ကောင်းကင်လျှပ်စီးသည် မုန့်ဝမ်ကို တိုက်ရိုက် ထိမှန်သွားပြီး နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာပေသည်။ တောက်ပသော ခရမ်းရောင်အလင်းတန်းများက သူမ၏ ကိုယ်ဟန်ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး အစွမ်းထက်သော စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားရာ မြေပြင်ပေါ်ရှိ ကျောက်ခဲများကို လွင့်စင်သွားစေပြီး ဖုန်မှုန့်များကို တက်လာစေတော့၏။
အလင်းမှာ အလွန် တောက်ပလွန်းသဖြင့် ကြည့်ရှုနေသူများမှာ မျက်လုံးများကို မလွှဲမရှောင်ဘဲ မနေနိုင်ကြချေ။ သို့သော် သူတို့၏ စိတ်ထဲတွင်မူ ဤဂျူနီယာညီမလေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းနေသည်ဟု တွေးမိကြပေသည်။ ကောင်းကင်လျှပ်စီးကို ရင်ဆိုင်ရာတွင် မည်သည့် အကာအကွယ်မျှ မသုံးခဲ့ချေ။
သို့သော် ခရမ်းရောင်အလင်းများ ပျောက်ကွယ်သွားပြီး ဖုန်မှုန့်များ ငြိမ်ကျသွားသောအခါ လူတိုင်းမှာ အံ့ဩသွားကြရပေသည်။ မုန့်ဝမ်သည် မူလနေရာမှာပင် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိဘဲ ရပ်နေသည်ကို တွေ့လိုက်ရပေသည်။ သူမ၏ အဝတ်အစားများပင် ပျက်စီးခြင်း မရှိဘဲ ဆံပင်များသာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပေသည်။
မုန့်ဝမ်သည် ကျင့်ကြံခြင်းစင်မြင့်ထက်တွင် ကျော့ရှင်းစွာ ရပ်နေရင်း မျက်လုံးများကို မှိတ်ကာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ တိုးပွားလာသော စွမ်းအားများကို ခံစားကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်ထွက်လာလေသည်။
အခန်း ၁၁၂ ကိုယ်ပိုင်လမ်းစဉ်ကို သူတစ်ပါး ဆုံးဖြတ်ရန် မလိုအပ်ပေ
လျှပ်စီးဘေးဒုက္ခသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီးနောက် ကိုယ်ခန္ဓာအနှံ့ ပျံ့နှံ့သွားကာ မရေမတွက်နိုင်သော ဒဏ်ရာငယ်လေးများကို ဖြစ်ပေါ်စေခဲ့ပေသည်။ သို့သော် ခဏချင်းမှာပင် သွေးပင်လယ်အတွင်းမှ တိုးထွက်လာသော သွေးဝိညာဉ်ရေများက ဒဏ်ရာအားလုံးကို အသစ်အတိုင်း ပြန်လည် ကုသပေးလိုက်လေသည်။
လျှပ်စီးများ၏ သန့်စင်မှုအောက်တွင် သူမ၏ ရုပ်ခန္ဓာမှာ ပိုမို သန်မာလာပြီး သန့်စင်လာပေသည်။
ဤအရာက ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းလော......
အကယ်၍ ဤသည်မှာ ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်း ဖြစ်ခဲ့လျှင် သူမအနေနှင့် ဤထက်မက ပို၍ပင် တောင့်ခံနိုင်ပေသေးသည်
“ လာစမ်း...... ”
မုန့်ဝမ်သည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှုနှင့် တောင့်တမှုများ တောက်လောင်နေပေသည်။
ကောင်းကင်ယံရှိ ဘေးဒုက္ခတိမ်တိုက်များသည် သူမ၏ စိန်ခေါ်မှုကို သိရှိသွားသည့်အလား ပိုမို ပြင်းထန်စွာ လိပ်တက်လာပြီး မိုးခြိမ်းသံများမှာလည်း ပို၍ ကျယ်လောင်လာလေသည်။
ဒုတိယမြောက် ကောင်းကင်လျှပ်စီးသည် ပထမတစ်ခုထက် ပိုမို ကြီးမားကာ ပို၍လည်း မြန်ဆန်လှပေသည်။ ၎င်းမှာ ဖျက်ဆီးလိုသော အရှိန်အဝါ အပြည့်ဖြင့် မုန့်ဝမ်ကို ရိုက်ခတ်လိုက်လေသည်။
တောက်ပသော ခရမ်းရောင်အလင်းတန်းက မုန့်ဝမ်၏ ကိုယ်ဟန်ကို နောက်တစ်ကြိမ် ဝါးမြိုသွားပြန်ပြီး နားကွဲလုမတတ်သော မိုးခြိမ်းသံမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံအကြား ဟိန်းဟောက်သွားတော့၏။
လူတိုင်းက အသက်ရှူပင် ရပ်တန့်ကာ စောင့်ကြည့်နေကြပြီး ခရမ်းရောင်အလင်းများ ကွယ်ပျောက်သွားသည်နှင့် ကျင့်ကြံခြင်းစင်မြင့်ထက်သို့ အပြေးအလွှား ကြည့်လိုက်ကြပေသည်။ မုန့်ဝမ်သည် မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရပြီး သူမ၏ အရေပြားပေါ်တွင် လျှပ်စီးစအနလေးများ ဖျတ်ခနဲ လက်နေကာ သူမ၏ မျက်နှာတွင် အပြုံးရိပ်တစ်ခုပင် ရှိနေသေးသည်။
တတိယမြောက်၊ စတုတ္ထမြောက်...... အဋ္ဌမမြောက် လျှပ်စီးအထိပင်။
ကောင်းကင်လျှပ်စီးများမှာ တစ်ခုပြီးတစ်ခု ကျဆင်းလာပြီး တစ်ခုထက်တစ်ခု ပိုမို အစွမ်းထက်လာပေသည်။ လျှပ်စီးရှစ်ခုကို တောင့်ခံပြီးနောက် မုန့်ဝမ်၏ နှုတ်ခမ်းထောင့်မှ သွေးစအချို့ နောက်ဆုံး၌ စီးကျလာပြီး သူမ ဝတ်ဆင်ထားသော အပြင်ဘက် ဝတ်ရုံမှာလည်း လျှပ်စီးများကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားလေပြီ။
သို့သော် သူမ၏ အရှိန်အဝါမှာမူ အနည်းငယ်မျှ ယိမ်းယိုင်ခြင်း မရှိဘဲ သူမ၏ မျက်ဝန်းများမှာ ပို၍ပင် တောက်ပလာပေသည်။
“ ဝုန်း...... ”
နဝမမြောက် ကောင်းကင်လျှပ်စီးသည် အချိန်အတော်ကြာ အရှိန်ယူပြီးနောက် နောက်ဆုံး၌ ကျဆင်းလာပေတော့သည်။ ၎င်းသည် ထမင်းစားတူတစ်ချောင်းစာမျှ အထူရှိပြီး ပထမဆုံး လျှပ်စီးထက် ငါးဆခန့် ပိုမို အစွမ်းထက်လှပေသည်။
သို့သော် ၎င်းသည် မုန့်ဝမ်ပေါ်သို့ ကျရောက်လာချိန်တွင် သူမ၏ ရုပ်ခန္ဓာကို တစ်ခဏမျှသာ တုန်ခါသွားစေနိုင်ခဲ့ပေသည်။
နဝမမြောက် လျှပ်စီး ကျဆင်းပြီးနောက် ဘေးဒုက္ခတိမ်တိုက်များသည် လွင့်ပြယ်သွားကြပြီး ကြည်လင်သော ကောင်းကင်ပြာကြီး ပေါ်ထွက်လာလေသည်။ မုန့်ဝမ်သည် ကျင့်ကြံခြင်းစင်မြင့်ထက်တွင် လေညင်းကို ခံယူရင်း မတ်တပ်ရပ်နေကာ အဝတ်စုတ်များ ဖြစ်နေသော သူမ၏ အပြင်ဘက်ဝတ်ရုံကို ပေါ့ပေါ့ပါးပါးပင် ချွတ်ပစ်လိုက်၏။ သူမ၏ ဟန်ပန်မှာ လွတ်လပ်ပေါ့ပါးပြီး အတားအဆီးမဲ့နေပေသည်။
ကြည့်ရှုနေသူများမှာ ပွက်လောရိုက်သွားကြတော့၏။
“ ဒါ...... ဒါက ကြောက်စရာ ကောင်းလွန်းတယ် မဟုတ်ဘူးလား။ သူမက ကောင်းကင်လျှပ်စီး ကိုးခုလုံးကို ရုပ်ခန္ဓာအစွမ်းတစ်ခုတည်းနဲ့ တောင့်ခံသွားတာပဲ..... ”
“ သွေးလမ်းစဉ်အစုအဖွဲ့က ရုပ်ခန္ဓာကျင့်ကြံသူတွေက သူတို့ရဲ့ သန်မာတဲ့ ရုပ်ခန္ဓာနဲ့ ကောင်းကင်လျှပ်စီးကို တောင့်ခံနိုင်တယ်ဆိုပေမဲ့ သူမက သွေးကျင့်ကြံသူလေ ”
“ ဒီမိန်းမက ဘယ်လို မိစ္ဆာမျိုးပါလိမ့် ”
လူအုပ်အတွင်း၌ ဆွေးနွေးသံများ ဆူညံနေပြီး မုန့်ဝမ်ကို ကြည့်သော သူတို့၏ အကြည့်များတွင် ထိတ်လန့်မှုနှင့် အံ့ဩလေးစားမှုများ ပြည့်နှက်နေပေသည်။
လျှပ်စီးများ ကွယ်ပျောက်သွားသော်လည်း ကောင်းကင်ဘေးဒုက္ခမှာ မပြီးဆုံးသေးချေ။ လျှပ်စီးဘေးဒုက္ခပြီးနောက်တွင်မူ ‘ကိုယ်တွင်းမိစ္ဆာဘေးဒုက္ခ’ ရောက်ရှိလာလေသည်။ သူမ၏ မျက်စိရှေ့တွင် ဝေဝါးသွားသည်ဟု ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။
သူမသည် ရွှမ်ယင်ဂိုဏ်း၏ တောင်တံခါးရှေ့တွင် ရပ်နေပြီး လမ်းမှန်ကျင့်ကြံသူ အမြောက်အမြား၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေရပေသည်။ သူတို့သည် သူမကို လက်ညှိုးထိုးကာ လက်မရွံသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ၊ အပြစ်မဲ့သူများ၏ သွေးများ လက်တွင် စွန်းထင်းနေသူဟု ဆဲရေးတိုင်းထွာနေကြသည်။
“ နင်က မကောင်းမှုတွေ အများကြီး လုပ်ထားတာ၊ လူတိုင်းမှာ နင့်ကို အပြစ်ပေးပိုင်ခွင့် ရှိတယ် ”
“ ရက်စက်တဲ့ မိန်းမ၊ ဒီနေ့က နင် သေရမယ့်နေ့ပဲ ”
လမ်းမှန်ကျင့်ကြံသူတစ်ဦးသည် င်္ဓါးကို အထက်သို့ မြှောက်ကာ သူမထံသို့ ထိုးနှက်လိုက်ပေသည်။ မုန့်ဝမ်သည် ရှောင်တိမ်းလိုက်သော်လည်း အခြားကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအားဖြင့် ရိုက်ခတ်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပေသည်။
ရုန်းကန်ကာ ပြန်လည် တိုက်ခိုက်သော်လည်း လမ်းမှန်ကျင့်ကြံသူများမှာ အဆုံးမရှိ ပေါ်ထွက်လာနေပေသည်။ သွေးပင်လယ် ခန်းခြောက်သွားပြီး အကြောများ ပြတ်တောက်သွားသည့်တိုင်အောင် တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့ရလေသည်။
နောက်ဆုံးတွင်မူ သူမသည် အဖမ်းခံရပြီး မုန့်မိသားစုထံသို့ ပြန်လည် ပို့ဆောင်ခြင်း ခံလိုက်ရပေသည်။ တစ်ချိန်က ရင်းနှီးခဲ့သော မိသားစု စံအိမ်တော်ကြီးမှာ ယခုအခါ သူမအတွက် အကျဉ်းထောင်တစ်ခု ဖြစ်လာခဲ့လေပြီ။ မုန့်ချင်းစုန်းသည် သူမ၏ ရှေ့တွင် ရပ်နေကာ သူ၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ရှိနေပေသည်။
“ ရက်စက်တဲ့ သမီးမိုက် ၊ နင်လည်း ဒီလိုနေ့မျိုးနဲ့ ကြုံရတာပဲ မဟုတ်လား ”
မုန့်ချင်းစုန်း၏ အသံတွင် နာကျည်းမှုများ ပြည့်နှက်နေ၏။
“ လောကမှာရှိသမျှ နာကျင်မှု အားလုံးကို နင် ခံစားစေရမယ်........”
ထို့နောက်တွင်မူ ရိုက်နှက်ခြင်း၊ မီးပူတိုက်ခြင်း၊ အပ်ဖြင့် ထိုးခြင်း စသည့် နှိပ်စက်မှု အမျိုးမျိုး ကျရောက်လာပေသည်။ သို့သော် မုန့်ဝမ်မှာမူ သူမကိုယ်တိုင် နှိပ်စက်ခံနေရခြင်း မဟုတ်သည့်အလား မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ တည်ငြိမ်နေပေသည်။
“ ဘာလို့ နင်က ဒီလောက်အထိ ခေါင်းမာပြီး မိစ္ဆာလမ်းစဉ်ထဲကို သက်ဆင်းသွားရတာလဲ ” ဟု မုန့်မိသားစု အကြီးအကဲတစ်ဦးက စိတ်မကောင်းစွာဖြင့် မေးမြန်းလိုက်ပေသည်။
လမ်းစဉ် (Dao) ဆိုသည်မှာ ကောင်းခြင်း၊ ဆိုးခြင်း မရှိချေ။ အဘယ်မှာ မိစ္ဆာလမ်းစဉ်ဟူ၍ ရှိပါအံ့နည်း။ ကောင်းကင်ဘုံတရားသည် ကြင်နာမှု ကင်းမဲ့လှပြီး သက်ရှိအားလုံးကို မြက်ပင်များကဲ့သို့သာ သဘောထားပေသည်
မုန့်ဝမ်သည် လှောင်ရယ်လိုက်၏။
“ နဂိုကတည်းက ဖြောင့်မတ်ခြင်းနဲ့ ယုတ်မာခြင်းဆိုတာ လောကကြီးက သတ်မှတ်ထားတဲ့ အမည်သက်သက် ဖြစ်ပြီး လူသားတွေ ဘာသာ သတ်မှတ်ထားတာ........ ”
“ ခေါင်းမာလိုက်တာ ”
မုန့်မိသားစု အကြီးအကဲမှာ စိတ်နှလုံး ကြေကွဲသွားဟန်ဖြင့် သူမ၏ ဒဏ်ရာများကို လက်ညှိုးထိုးပြကာ ထပ်ခါတလဲလဲ မေးမြန်းနေပေသည်။
“ နင် ဘာတွေ လုပ်ခဲ့လဲဆိုတာ နင် သိရဲ့လား။ မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားပြီး အပြစ်မဲ့သူတွေကို မဆင်မခြင် သတ်ဖြတ်နေတာ၊ နင် ဘယ်မျက်နှာနဲ့ 'လမ်းစဉ်' အကြောင်း ပြောနေရတာလဲ ”
မုန့်ဝမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမ၏ အကြည့်များက ပတ်ဝန်းကျင်ရှိ ရင်းနှီးသော်လည်း စိမ်းသက်နေသော မျက်နှာများဆီသို့ ဝှေ့ယမ်းကြည့်လိုက်ပေသည်။
“ နင်တို့ အားလုံးက ငါဟာ အပြစ်မဲ့သူတွေကို မဆင်မခြင် သတ်တယ်လို့ပဲ ပြောနေကြတာပဲ။ ဒါပေမဲ့ ဒီလောကမှာ ဘယ်သူက အပြစ်မဲ့တာလဲ။ သန်မာသူက အားနည်းသူကို အနိုင်ယူတာ၊ အသင့်တော်ဆုံးသူသာ ရှင်သန်တာဟာ ကောင်းကင်ဘုံတရားရဲ့ အမှန်တရားပဲ။
ငါ သတ်လိုက်တဲ့ လူတွေအားလုံးဟာ ငါ့ရဲ့ လမ်းစဉ်ကို ပိတ်ဆို့နေတဲ့သူတွေပဲ။ အကယ်၍ သူတို့က ငါ့ကို မတားဆီးခဲ့ရင် ငါ ဘာလို့ သူတို့တွေကို သတ်မှာလဲ။ နင်တို့အားလုံးက လူသားချင်းစာနာမှုနဲ့ ကိုယ်ကျင့်တရားအကြောင်းတွေ ဟောပြောနေကြပြီး မင်းတို့ရဲ့ လုပ်ရပ်တွေကတော့ လုယက်သတ်ဖြတ်နေတာပဲ မဟုတ်လား။ အဲဒါကိုတောင် ရှက်စိတ်ကို ဖုံးကွယ်ဖို့ စကားလုံးလှလှတွေ သုံးနေတာက ရယ်စရာကောင်းတယ် ”
မုန့်ဝမ်သည် မထီမဲ့မြင်ပြုသော အကြည့်များဖြင့် ထပ်ခါတလဲလဲ လှောင်ပြောင်လိုက်၏။
“ မင်းတို့လို လူမျိုးတွေက ငါနဲ့ လမ်းစဉ်အကြောင်း ဆွေးနွေးနိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့ လမ်းစဉ်ကို တခြားသူတွေရဲ့ ဆုံးဖြတ်ချက် မလိုသလို ဘယ်သူ့ရဲ့ ထောက်ခံချက်မှလည်း မလိုအပ်ဘူး။
အရိုးစုတွေကနေ ထာဝရလမ်းစဉ်ကို တည်ဆောက်မယ်၊ သွေးပင်လယ်ကနေ မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေကို သန့်စင်မယ်။ ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ငါ့ရဲ့ ရုပ်ခန္ဓာ ပျက်စီးသွားရရင်တောင် ထာဝရအသက်ကို ငါ ရအောင် ရှာဖွေမယ်။ ”
သူမ၏ စကားလုံးများမှာ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာပြီး ပုံရိပ်ယောင်တစ်ခုလုံးကို တုန်ခါသွားစေတော့၏။ ရင်းနှီးသော မျက်နှာများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စွပ်စွဲသံ၊ ဆဲရေးသံများမှာလည်း လုံးဝ ကွယ်ပျောက်သွားလေပြီ။ ပတ်ဝန်းကျင် ရှုခင်းများမှာ ကွဲအက်သွားသော မှန်ချပ်များပမာ ကွာကျသွားပြီး မူလ ကျင့်ကြံခြင်းစင်မြင့်ကို ပြန်လည် မြင်တွေ့လိုက်ရပေသည်။
မုန့်ဝမ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေပေသည်။
ဒါဟာ ကိုယ်တွင်းမိစ္ဆာဘေးဒုက္ခပဲလော...... စိတ်ဝင်စားဖို့ ကောင်းလှ၏.......
မုန့်ဝမ် မျက်လုံးပွင့်လာသည်ကို မြင်သောအခါ ကြည့်ရှုသူများမှာ အလွန် အံ့ဩသွားကြပေသည်။
“ သူမက ကိုယ်တွင်းမိစ္ဆာဘေးဒုက္ခကို ဒီလောက်မြန်မြန် ကျော်ဖြတ်နိုင်တာလား။ လျှပ်စီးဘေးဒုက္ခ ပြီးသွားတာ လက်ဖက်ရည်တစ်ဝက်စာ အချိန်ပဲ ရှိသေးတယ် မဟုတ်လား ”
“ လမ်းစဉ်အပေါ် စိတ်ဓာတ် အလွန်အမင်း ခိုင်မာတဲ့သူတွေမှသာ ကိုယ်တွင်းမိစ္ဆာဘေးဒုက္ခရဲ့ စမ်းသပ်မှုကို ဒီလို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်တာပဲ။ ဟူး...... ငါတို့ သွေးလမ်းစဉ်အဖွဲ့အစည်းမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ထပ်တိုးတော့မယ် ထင်တယ် ”
“ စောစောစီးစီး မပျော်လိုက်ပါနဲ့ဦး။ ပါရမီရှင် ဖြစ်လေလေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဖို့ လွယ်လေလေပဲ။ နောက်ထပ် ဘာဘေးဒုက္ခမျိုးနဲ့ ထပ်တွေ့ဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ”
“ စပြီ...... မြန်မြန်ကြည့်ကြစမ်း။ ဒါက 'ကံကြမ္မာဘေးဒုက္ခ' ပဲ။ အခုတော့ ပြဿနာ တက်ပြီ...... ”
လူတိုင်းမှာ ကျင့်ကြံခြင်းစင်မြင့်ထက်သို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြပေသည်။ ကံကြမ္မာ ဆိုသည်မှာ ပြုခဲ့သမျှ ကံ၏ တုံ့ပြန်မှုပင် ဖြစ်ပေသည်။
လောကတွင် ရှိရှိသမျှ အရာအားလုံး၌ ကံကြမ္မာ ရှိပေသည်။ ဤကံကြမ္မာသည် သာမန်အချိန်တွင် သိသာခြင်း မရှိသော်လည်း အရေးကြီးသော အချိန်များတွင်မူ ပြင်းထန်သော တုံ့ပြန်မှုများအဖြစ် ပေါက်ကွဲထွက်လာတတ်ပေသည်။
မရေမတွက်နိုင်သော ကံကြမ္မာကြိုးကွင်းများမှာ မမြင်နိုင်သော သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး မုန့်ဝမ်ကို အခြေခံတည်ဆောက်ခြင်း လမ်းစဉ်ထက်မှ ဆွဲချရန် တင်းကျပ်စွာ ပတ်နှောင်ထားလေတော့သည်။
ကံကြမ္မာ၏ သက်ရောက်မှုကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုများမှာ လေထွက်သွားသော ပူဖောင်းတစ်ခုကဲ့သို့ အလျင်အမြန် လျော့နည်းသွားသည်ကို မုန့်ဝမ် သိသိသာသာ ခံစားနေရပေသည်။ ထို့ထက် ပိုမို ပြင်းထန်သော ကံကြမ္မာများမှာ ‘ကံကြမ္မာအတားအဆီး’ များအဖြစ်သို့ ပြောင်းလဲသွားပေသည်။
ဤကံကြမ္မာအတားအဆီးများသည် သူမ တစ်ချိန်က သတ်ခဲ့ဖူးသော ကျင့်ကြံသူများ၏ ပုံသဏ္ဌာန်အဖြစ် ပေါ်ထွက်လာကြလေသည်။ သူတို့၏ မျက်နှာများမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး စူးရှသော ငိုကြွေးသံများကို ထုတ်လွှတ်နေကြ၏။ သူတို့သည် ပုပ်ပွနေသော လက်များကို ဆန့်ထုတ်ကာ သူမ၏ ခန္ဓာကိုယ်ကို ဖမ်းဆွဲရင်း ကံကြမ္မာပင်လယ်၏ အနက်ရှိုင်းဆုံး ချောက်နက်ထဲသို့ ဆွဲချရန် ကြိုးစားနေကြပေသည်။
မုန့်ဝမ်သည် မျက်မှောင်ကြုတ်လိုက်၏။ ဘယ်လို ညစ်ပတ်တဲ့ အရာတွေကများ သူမကို လာပြီး စွပ်စွဲဝံ့ရတာပါလိမ့်။ အကယ်၍ သူမသည် သူတို့ကို တစ်ကြိမ် သတ်နိုင်ခဲ့လျှင် အကြိမ်ပေါင်း ထောင်ချီ၍လည်း ထပ်မံ သတ်နိုင်ပေသည်။
မုန့်ဝမ်၏ စိတ်အာရုံ လှုပ်ရှားသွားသည်နှင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးပင်လယ်မှာ ဟိန်းဟောက်ကာ လှုပ်ခတ်လာပေတော့၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် ပြင်းထန်သော လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားကာ သူမကို ပတ်နှောင်ထားသော ကံကြမ္မာသံကြိုးများနှင့် နာကျည်းနေသော ဝိညာဉ်များကို သနားညှာတာမှုမရှိဘဲ ရိုက်ခတ်ဆေးကြောပစ်လိုက်လေသည်။
“ အား...... အား...... အား...... ”
စူးရှသော အော်ဟစ်သံများမှာ ကောင်းကင်နှင့် မြေကြီးအကြား ပျံ့နှံ့သွားပေသည်။ ထိုမျက်နှာများသည် သွေးပင်လယ်အတွင်း၌ ရုန်းကန်ကာ တွန့်လိမ်နေကြပြီး နောက်ဆုံးတွင် လုံးဝ ကွယ်ပျောက်သွားကြတော့၏။
ဤမြင်ကွင်းကို ကြည့်နေရသော ပတ်ဝန်းကျင်မှ ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြပေသည်။
“ သူမက...... သူမ ရူးသွားပြီလား။ ကံကြမ္မာတွေကို အတင်းအဓမ္မ ဖယ်ရှားဖို့ သွေးပင်လယ်ရဲ့ စွမ်းအားကို တကယ်ပဲ သုံးနေတာလား။ သွေးပင်လယ်ထဲက သွေးဝိညာဉ်ရေတွေ ကံကြမ္မာအတားအဆီးတွေကြောင့် ညစ်ညမ်းသွားမှာကို သူမ မကြောက်ဘူးလား ”
“ ရူးနေတာပဲ...... ”
အခန်း ၁၁၃ ဒြပ်ငါးပါးဘေးဒုက္ခ
ရူးသွပ်နေသည်လော......
ပြင်ပလူများအမြင်တွင်မူ သူမ၏လုပ်ရပ်မှာ ရူးသွပ်မှုတစ်ခုဟု ထင်ရသော်လည်း သူတို့မသိသည်မှာ မုန့်ဝမ်၏ သွေးပင်လယ်အတွင်း၌ အလွန်များပြားလှသော သွေးဝိညာဉ်ရေများ ရှိနေခြင်းပင် ဖြစ်ပေသည်။ ကံကြမ္မာအတားအဆီးများကြောင့် ညစ်ညမ်းသွားလျှင်ပင် သူမအတွက်မူ သမုဒ္ဒရာထဲမှ ရေတစ်စက် ဆုံးရှုံးရသကဲ့သို့သာ ဖြစ်ပေသည်။
သွေးပင်လယ်၏ လှိုင်းထန်မှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး မုန့်ဝမ်၏ ခန္ဓာကိုယ်ကို ပတ်နှောင်ထားသော ကံကြမ္မာသံကြိုးများနှင့် နာကျည်းနေသော ဝိညာဉ်များမှာလည်း လုံးဝ ကွယ်ပျောက်သွားတော့၏။
ကံကြမ္မာဆိုသည်မှာ ဤမျှသာဖြစ်ပေသည်။
မုန့်ဝမ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူမ၏ အကြည့်များမှာ တည်ငြိမ်ပြီး ယိမ်းယိုင်ခြင်း မရှိချေ။ သူမ၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာရာ အိမ်မှ ထုတ်လိုက်သော ထက်မြက်သည့် ဓားတစ်စဥ်ပမာ အစွမ်းများမှာ အတိုင်းသား ပေါ်လွင်နေပေသည်။
ကြည့်ရှုနေကြသော တပည့်များမှာ မုန့်ဝမ်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ အံ့ဩလေးစားမှုများ ပါဝင်သော်လည်း မနာလိုမှုနှင့် ငြူစူမှုများက ပို၍ များပြားနေပေသည်။
“တောက်...... သူမရဲ့ ဘေးဒုက္ခကျော်ဖြတ်မှုက အရမ်း လွယ်ကူလွန်းနေတာပဲ”
“လျှပ်စီးဘေးဒုက္ခ၊ ကိုယ်တွင်းမိစ္ဆာ၊ ပြီးတော့ အခုတင်ကျော်ဖြတ်လိုက်တဲ့ ကံကြမ္မာဘေးဒုက္ခ။ မိစ္ဆာကျင့်ကြံသူ အများစုဟာ အခြေခံတည်ဆောက်ခြင်းမှာ ကောင်းကင်ဘေးဒုက္ခ သုံးခုပဲ ကြုံရတတ်တာ။ သူမတော့ အောင်မြင်တော့မှာပဲ”
“ဟူး...... ငါတို့ သွေးလမ်းစဉ်အဖွဲ့မှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ထပ်တိုးတော့မယ်။ ဒါပေမဲ့ ဘာလို့ အဲဒီပါရမီရှင်က ငါ မဖြစ်ရတာလဲ”
ထိုစဉ် “ဝုန်း––”
ကျယ်လောင်သော အသံကြီးနှင့်အတူ လေနှင့်တိမ်တိုက်များ၏ အရောင်မှာ ပြောင်းလဲသွားခဲ့လေပြီ။ မုန့်ဝမ်၏ ဘေးပတ်လည်တွင် အဆုံးမရှိသော သွေးနီရောင် မီးတောက်များ ရုတ်တရက် တောက်လောင်လာပြီး ကျင့်ကြံခြင်းစင်မြင့်တစ်ခုလုံးကို ခဏချင်းမှာပင် မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားစေတော့၏။
ပူပြင်းလှသော အပူလှိုင်းများမှာ အရာအားလုံးကို ပြာဖြစ်စေတော့မည့်အလား လိပ်တက်နေပေသည်။ ကြည့်ရှုနေသော တပည့်များမှာ ထိတ်လန့်တကြား အော်ဟစ်ရင်း ကြောက်မက်ဖွယ် မီးတောက်များ၏ ဝါးမြိုခြင်းကို မခံရစေရန် နောက်သို့ ဆုတ်ခွာသွားကြရသည်။
မုန့်ဝမ်သည် အန္တရာယ်အရှိဆုံး ဖြစ်သော ကံကြမ္မာဘေးဒုက္ခကို ကျော်ဖြတ်ပြီးပြီဖြစ်၍ အခြေခံတည်ဆောက်ခြင်းကို အောင်မြင်စွာ အဆုံးသတ်တော့မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ကံကြမ္မာဘေးဒုက္ခမှာ အဆုံးသတ်မဟုတ်သည်ကို မည်သူမျှ မမျှော်လင့်ထားကြချေ။
“မီးဘေးဒုက္ခပဲ။ ဒါက ဒြပ်ငါးပါးဘေးဒုက္ခ ထဲက မီးဘေးဒုက္ခပဲ”
တပည့်တစ်ဦးက အရင်ဆုံး သတိပြုမိသွားကာ အံ့အားသင့်စွာ အော်ဟစ်လိုက်ပေသည်။ အခြားသူများလည်း ချက်ချင်းပင် နားလည်သွားကြပြီး ၎င်းမှာ သဘာဝကျသည်ဟုလည်း ခံစားလိုက်ရသည်။ မုန့်ဝမ် ပြသခဲ့သည့် ပါရမီအရဆိုလျှင် ဒြပ်ငါးပါးဘေးဒုက္ခကို ဆွဲဆောင်မိသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ဒြပ်ငါးပါးဘေးဒုက္ခဆိုသည်မှာ အဆင့်တက်လှမ်းခြင်းတွင် အကြောက်ရဆုံးသော ကောင်းကင်ဘေးဒုက္ခများထဲမှ တစ်ခု ဖြစ်ပေသည်။ ၎င်းသည် ဒြပ်ငါးပါးစွမ်းအားနှင့် ဆက်နွှယ်နေသော်လည်း ထိုမျှသာ မကချေ။ ဤဘေးဒုက္ခ၏ စွမ်းအားမှာ အလွန် ပြင်းထန်လှပြီး အနည်းငယ်မျှ အမှားအယွင်း ဖြစ်သွားသည်နှင့် ဝိညာဉ်ပါ လွင့်စင်ပျောက်ကွယ်သွားနိုင်ပေသည်။
ယေဘုယျအားဖြင့် ထူးကဲသော ပါရမီရှိသူများသာလျှင် ဒြပ်ငါးပါးဘေးဒုက္ခကို ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။ ပါရမီ မြင့်မားလေလေ ကြုံတွေ့ရသည့် ဒြပ်ငါးပါးဘေးဒုက္ခမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်ပေသည်။
မုန့်ဝမ်သည် မီးပင်လယ်အလယ်တွင် ရှိနေပြီး ပူပြင်းသော မီးလျှံများမှာ သူမ၏ အရေပြားကို ပြာဖြစ်သွားစေတော့မည့်အလား လျက်ဖြတ်နေကြပေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင် နူးညံ့ချပ်ဝတ် ပေါ်ထွက်လာပြီး မီးတောက်များ၏ အပူရှိန်အချို့ကို ကာကွယ်ပေးလိုက်သည်။ ထို့နောက်တွင်မူ မုန့်ဝမ်၏ ခန္ဓာကိုယ်မှ သွေးအရှိန်အဝါ အမြောက်အမြား ထွက်ပေါ်လာပေသည်။
သွေးနှင့်မီးတို့ ရောယှက်သွားကာ တစီစီ အသံများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်ရှိ မီးတောက်အပူရှိန်မှာလည်း လျော့နည်းသွားခဲ့လေပြီ။
ကျင့်ကြံခြင်းစင်မြင့်ထက်ရှိ မီးတောက်များမှာ ကြည့်ရဆိုးနေသေးသော်လည်း မုန့်ဝမ်အတွက်မူ အန္တရာယ် မရှိတော့ချေ။
သို့သော်...... ဒြပ်ငါးပါးဘေးဒုက္ခသည် မီးဘေးဒုက္ခတစ်ခုတည်းသာ ဖြစ်ပါလော။
နောက်တစ်ခဏတွင် မုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ တိုက်ရိုက် ခဲသွားခဲ့လေပြီ။ 'ရေခဲဘေးဒုက္ခ' ကျရောက်လာခြင်း ဖြစ်ပေသည်။
မရေမတွက်နိုင်သော သေးငယ်သည့် ရေခဲပွင့်များမှာ သူမ၏ အကြောများအတွင်း၌ လှုပ်ရှားနေပြီး သံအပ်ပေါင်း ထောင်ချီ၍ အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည့်အလား ရိုးတွင်းခြင်ဆီအထိ အေးစက်သော နာကျင်မှုကို ပေးစွမ်းနေပေသည်။
မုန့်ဝမ်မှာမူ မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း နောက်ဆုံးတွင် စိတ်ဝင်စားစရာ အသွင်တစ်ခု ပေါ်လာပေသည်။
အပြင်ဘက်မှ မီးတောက်များမှာ အာရုံပြောင်းရန်အတွက် အမြည်းမျှသာ ဖြစ်နိုင်သည်။ အတွင်းဘက်မှ ရုတ်တရက် ဖြစ်ပေါ်လာသော ရေခဲစွမ်းအားမှာမှ တကယ့် သတ်ကွက်ပင် ဖြစ်ရမည်။
ကံဆိုးလှစွာပင် သူမသည် သွေးလမ်းစဉ်ကို ကျင့်ကြံသူဖြစ်ရာ ရေခဲစွမ်းအားကို အကြောက်ဆုံး မဟုတ်ပေ။
မုန့်ဝမ်သည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူမ၏ မျက်ဝန်းများအတွင်း စိတ်လှုပ်ရှားမှုများ လက်ခနဲ ပေါ်လာပေသည်။ သူမ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်း ခဲနေသော သွေးများအားလုံးမှာ ရုတ်တရက် ဆူပွက်တောက်လောင်လာတော့၏။
“ဝုန်း”
အပူရှိန်ကြောင့် အေးစက်ခိုင်မာနေသော ရေခဲများမှာ အရည်ပျော်သွားကြပြီး အကြောများကို ထိုးဖောက်နေသော ရေခဲပွင့်များမှာလည်း ကြည်လင်သော ရေစက်များအဖြစ် ပျောက်ကွယ်သွားလေတော့သည်။
အတွေ့အကြုံရှိသော တပည့်အချို့မှာ အရိပ်အမြွက်ကို မြင်သွားကြ၏။
“ရေခဲဘေးဒုက္ခပဲ။ သူမရဲ့ မျက်တောင်တွေမှာ နှင်းတွေ ဖုံးနေတာ ကြည့်။ သူမက မီးဘေးဒုက္ခ တစ်ခုတည်းကို ရင်ဆိုင်နေရတာ မဟုတ်ဘူး”
လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ဆူညံသွားပြန်သည်။
“ရေခဲဘေးဒုက္ခနဲ့ မီးဘေးဒုက္ခက တစ်ပြိုင်တည်း ပေါ်လာနိုင်တာလား”
အခြေခံတည်ဆောက်ခြင်းကို ခုမှ အောင်မြင်ထားသည့် တပည့်တစ်ဦးက “ဒါ...... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟု အံ့ဩတုန်လှုပ်စွာ မေးမြန်းလိုက်ပေသည်။
ပုံမှန်အားဖြင့် ဒြပ်ငါးပါးဘေးဒုက္ခသည် ဘေးဒုက္ခတစ်မျိုးတည်းအဖြစ်သာ ပေါ်ထွက်လေ့ရှိသည်။ ဘေးဒုက္ခ နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍ တစ်ပြိုင်တည်း ပေါ်လာခြင်းမှာ အလွန် ရှားပါးလှပေသည်။
လူအုပ်အတွင်း၌ ဆွေးနွေးသံများ ပွက်လောရိုက်သွားတော့၏။
“မင်းတို့ ဒါကို နားမလည်သေးဘူးပဲ။ ပါရမီ မြင့်မားလေလေ ဘေးဒုက္ခ ကျော်ဖြတ်ချိန်မှာ ပိုပြီး ကြောက်စရာကောင်းတဲ့ ဒြပ်ငါးပါးဘေးဒုက္ခတွေကို ပိုများများ ရင်ဆိုင်ရလေလေပဲ”
ဝါရင့်တပည့်တစ်ဦးက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။ “ငါတို့ သွေးလမ်းစဉ်အဖွဲ့ထဲက စီနီယာအစ်ကို၊ အစ်မအချို့တောင် အခြေခံတည်ဆောက်ခြင်းမှာ ဒြပ်ငါးပါးဘေးဒုက္ခ နှစ်မျိုး၊ သုံးမျိုးအထိ ကြုံတွေ့ခဲ့ရဖူးတယ်။ ငါတို့ သွေးလမ်းစဉ် နတ်သား တောင် အခြေခံတည်ဆောက်ခြင်းတုန်းက သတ္တု၊ မီး၊ လျှပ်စီးနဲ့ ရေခဲဆိုတဲ့ ဒြပ်ငါးပါးဘေးဒုက္ခ လေးမျိုးကို တစ်ပြိုင်တည်း ရင်ဆိုင်ခဲ့ရတာ”
“ဘေးဒုက္ခ လေးမျိုး တစ်ပြိုင်တည်း ကျရောက်တာလား”
ဤအကြောင်းကို ပထမဆုံး ကြားဖူးသည့် တပည့်များမှာ သွေးလမ်းစဉ် နတ်သား၏ ကြောက်မက်ဖွယ် ပါရမီကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။ စင်မြင့်ထက်ရှိ အမျိုးသမီးက မီးဘေးဒုက္ခနှင့် ရေခဲဘေးဒုက္ခကို တစ်ပြိုင်တည်း ရင်ဆိုင်နေရသည်မှာပင် အလွန် အံ့ဩစရာကောင်းနေပြီဟု သူတို့ ထင်ခဲ့ကြခြင်း ဖြစ်ပေသည်။ သွေးလမ်းစဉ် နတ်သားမှာမူ ဘေးဒုက္ခ လေးမျိုးအထိ တစ်ပြိုင်တည်း ရင်ဆိုင်ခဲ့ရသည်ကို သူတို့ မမျှော်လင့်ထားကြချေ။
နတ်သားတော်၏ အစွမ်းမှာ အလွန်ပင် ကြောက်စရာ ကောင်းလှပေသည် မဟုတ်ပါလော။
ပတ်ဝန်းကျင်မှ လူများ မှင်တက်နေသည်ကို မြင်သောအခါ ထိုဝါရင့်တပည့်မှာ ဂုဏ်ယူစွာဖြင့် မေးကိုပင့်ကာ ပြောလိုက်၏။
“ငါတို့ ရွှမ်ယင်ဂိုဏ်းမှာ တပည့်ပေါင်း သိန်းချီရှိတာ။ ရွှမ်ယင်ရဲ့ ကြီးမြတ်တဲ့ လမ်းစဉ်ခုနစ်ခုထဲက တစ်ခုဖြစ်တဲ့ သွေးလမ်းစဉ်မှာ ထူးကဲတဲ့ ပါရမီ၊ အံ့ဩစရာ အစွမ်းနဲ့ သွေးလမ်းစဉ်အပေါ် အနက်ရှိုင်းဆုံး နားလည်မှု ရှိသူတွေသာ နတ်သားတော် ဖြစ်ဖို့ အရည်အချင်းရှိတာ။ နတ်သားတော်ရဲ့ လမင်းလို တောက်ပတဲ့ ပါရမီရှေ့မှာ ဒီမိန်းမရဲ့ ပါရမီက သာမန်လောက်ပဲ ရှိပါသေးတယ်”
ထိုဝါရင့်တပည့် စကားအဆုံးတွင် လူအုပ်ဆီမှ အံ့သြချီးကျူးသံများကို သူ မျှော်လင့်ခဲ့သော်လည်း လူတိုင်း၏ အံ့သြသံများမှာ သူ၏စကားကြောင့် မဟုတ်သည်ကို တွေ့လိုက်ရပေသည်။
“မြန်မြန်ကြည့်ဦး၊ သူမရဲ့ ခြေထောက်မှာ ဘာတွေဖြစ်နေတာလဲ”
“သတ္တုဘေးဒုက္ခ ပဲ။ သတ္တုဘေးဒုက္ခပါ ကျရောက်လာပြီ”
လူတိုင်းမှာ နောက်တစ်ကြိမ် ဆူညံသွားပြန်ပြီး သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုနှင့် မနာလိုမှုများ ရောယှက်နေပေသည်။
“မီးဘေးဒုက္ခ၊ ရေခဲဘေးဒုက္ခ၊ အခု သတ္တုဘေးဒုက္ခပါ ပေါ်လာပြီ။ သွေးလမ်းစဉ်အဖွဲ့က အဘိုးအိုကြီးတွေရဲ့ တိုက်ရိုက်မျိုးဆက်တွေတောင် ဤထက် ပိုကောင်းပါ့မလား”
“ဒီမိန်းမရဲ့ ပါရမီက တကယ်ကို ကြောက်စရာကောင်းတာပဲ။ သူမသာ ဒီကောင်းကင်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ရင် တစ်ဟုန်ထိုး တိုးတက်လာမှာ သေချာတယ်”
တပည့်များ အော်ဟစ်နေကြစဉ် စီထျန်းချီသည်လည်း မျက်လုံးများကို ကျဉ်းမြောင်းကာ စိုက်ကြည့်နေပေသည်။
မီး၊ ရေခဲ၊ သတ္တု ဘေးဒုက္ခသုံးမျိုး တစ်ပြိုင်တည်း ပေါ်လာခြင်းပင်။
သွေးလမ်းစဉ် နတ်သား ဒြပ်ငါးပါးဘေးဒုက္ခကို ကျော်ဖြတ်စဉ်က ဘေးဒုက္ခ လေးမျိုး ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေရာ...... စီထျန်းချီ၏ မျက်ဝန်းများအတွင်း အလင်းတစ်ချက် လက်သွားပေသည်။
ဤအမျိုးသမီး၏ သွေးလမ်းစဉ်အပေါ် နားလည်မှုမှာ သာမန်လူများကို ကျော်လွန်နေပြီး “နတ်သမီး အလောင်းအလျာ အဆင့်သို့ ရောက်ရှိနေလေပြီ။ ထို့ကြောင့်ပင် အခြေခံတည်ဆောက်ခြင်းမှာ ကောင်းကင်ဘုံတရား၏ စိုးရိမ်မှုကို ခံရပြီး သူမကို အဖူးအပွင့်အဆင့်မှာတင် ဖျက်ဆီးပစ်ရန် ကောင်းကင်ဘေးဒုက္ခ စွမ်းအားများကို အသုံးပြုနေခြင်း ဖြစ်ရမည်
မိန်းမငယ်လေး၊ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အချည်းနှီး မဟုတ်ခဲ့ဘူးပဲ။
သူ၏ တောင်ထိပ်တွင် 'နတ်သမီးလောင်းအလျာ' အဆင့်ရှိသူ မရှိသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးဆက်များ၏ ပြိုင်ပွဲတွင် အခြားသော တောင်ထိပ်များ၏ ဖိနှိပ်မှုကို အမြဲ ခံခဲ့ရပေသည်။ အရင်းအမြစ် အမျိုးမျိုးကိုလည်း အမြဲ လုယူခံခဲ့ရ၏။ အကယ်၍ ဤမိန်းကလေးသာ ဤဘေးဒုက္ခ သုံးမျိုးကို ကျော်ဖြတ်နိုင်လျှင် သူကိုယ်တိုင် ရှေ့ထွက်ကာ သူမကို တပည့်အဖြစ် လက်ခံမည် ဖြစ်ပေသည်။
လူတိုင်း၏ စိတ်နှလုံးများ လှုပ်ခတ်နေစဉ် ကျင့်ကြံခြင်းစင်မြင့်ထက်တွင် မုန့်ဝမ်သည် သူမ၏ ခြေထောက်ကို ငုံ့ကြည့်လိုက်၏။ ရွှေရောင်အလင်းတန်းများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ သူမ၏ ခြေထောက်များမှာ ခဲများနှင့် လောင်းထည့်ထားသည့်အလား အလွန်အမင်း လေးလံကာ တောင့်တင်းသွားခဲ့လေပြီ။ ထိုရွှေရောင်အလင်းမှာ အထက်သို့ ဆက်လက် စီးဆင်းသွားပြီး သူမ၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ထုံကျင်သွားစေကာ ခံစားမှု ကင်းမဲ့စေပေသည်။
တစ်ချိန်တည်းမှာပင် အခြားသူများ မမြင်နိုင်သော နေရာ၌။
ဘယ်ကမှန်းမသိသော ပြင်းထန်ပြီး ထူးဆန်းသည့် လေပြင်းတစ်ခုသည် မုန့်ဝမ်၏ ဝိညာဉ်အာရုံ ကို ပြင်းထန်စွာ တိုက်ခတ်လိုက်လေသည်။ ၎င်းမှာ ထက်မြက်သော ဓားတစ်စဥ်ပမာ သူမ၏ ဝိညာဉ်အာရုံကို တစ်စစီ ခြစ်ထုတ်နေပြီး အပေါက်ငယ်ပေါင်းများစွာ ဖြစ်ပေါ်စေခဲ့ပေသည်။
“ရှူး......”
မုန့်ဝမ်သည် နာကျင်မှုကြောင့် အသံထွက်သွားသော်လည်း သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ မျက်ဝန်းများမှာ ပိုမို စိတ်လှုပ်ရှားလာပေသည်။
အခြေအနေတွေက နောက်ဆုံးတော့ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီပဲ။
အခန်း ၁၁၄ ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူ၏ တပည့်လက်ခံခြင်း
မငြိမ်မသက်ဖြစ်နေသော သွေးပင်လယ်သည် နောက်တစ်ကြိမ် ပြန်လည် ဆူပွက်လာခဲ့လေသည်။ ၎င်းမှာ ပေပေါင်းများစွာ မြင့်မားသော လှိုင်းလုံးကြီးများကို တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေကာ အတွင်းအာကာသထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို မုန့်ဝမ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ရူးသွပ်စွာ ပျံ့နှံ့စေတော့၏။
ထိုစွမ်းအားများမှာ အထက်သို့ မြင့်တက်လာကာ စူးရှစွာ ဟိန်းဟောက်ရင်း အရာအားလုံးကို တိုက်စားပစ်လိုက်လေသည်။
ပူပြင်းသော မီးတောက်များ၊ အေးစက်သော ရေခဲများ၊ တောက်ပသော ရွှေရောင်အလင်းများနှင့် ထူးဆန်းသော လေပြင်းများ...... ဤအရာ အားလုံးသည် အတားအဆီးမဲ့သော၊ ဘုရင်တစ်ဆူကဲ့သို့ လွှမ်းမိုးထားသော သွေးပင်လယ်ကြီး၏ ရှေ့မှောက်တွင်မူ လက်အောက်ခံများသာ ဖြစ်ပေသည်။
“အားလုံး ထွက်သွားကြစမ်း......”
သွေးပင်လယ် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မီးတောက်များ ငြိမ်းသတ်ခံရကာ၊ ရေခဲများ အရည်ပျော်သွားပြီး၊ ရွှေရောင်အလင်းများ ကွယ်ပျောက်လျက်၊ ထူးဆန်းသော လေပြင်းများမှာလည်း ရပ်တန့်သွားခဲ့လေပြီ။ အရာအားလုံးမှာ တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားတော့၏။
ဤမြင်ကွင်းမှာ ကြည့်ရှုနေသူ အားလုံးကို မှင်တက်သွားစေခဲ့သည်။ ဘာဖြစ်သွားသည်ကို သူတို့ အတိအကျ မသိသော်လည်း မီးတောက်များ ပျက်စီးသွားခြင်း၊ ရေခဲများ အရည်ပျော်ခြင်းနှင့် ရွှေရောင်အလင်းများ ဆုတ်ခွာသွားခြင်းကိုမူ အထင်အရှား မြင်လိုက်ရပေသည်။
“ဘာဖြစ်သွားတာလဲ။ ဒြပ်ငါးပါးဘေးဒုက္ခ ပြီးသွားပြီလား”
“အရမ်းမြန်လွန်းတယ်။ မီးဘေးဒုက္ခ စတင်ကတည်းက အခုအထိဆိုရင် နာရီဝက်တောင် မရှိသေးဘူး မဟုတ်လား”
“ဘေးဒုက္ခ သုံးမျိုး တစ်ပြိုင်တည်း ကျရောက်တာတောင် ကျော်ဖြတ်နိုင်တယ်ဆိုတော့ ဘယ်လိုအဆင့်မျိုးပါလိမ့်။ နတ်သမီး အလောင်းအလျာ အဆင့်ပဲ။ သွေးလမ်းစဉ် ပါရမီရှင်တစ်ယောက် မွေးဖွားလာတာကို ငါ ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ”
မုန့်ဝမ်အပေါ် ထားရှိသော သူတို့၏ မနာလိုမှုများမှာ ပျောက်ကွယ်သွားပြီး ကြောက်ရွံခြင်းနှင့်ကြည်ညိုလေးစားသော စိတ်များကသာ အစားထိုးဝင်ရောက်လာခဲ့သည်။
လူအချင်းချင်း ကွာဟချက်မှာ အနည်းငယ်သာ ရှိပါက သန်မာသောသူကို မနာလို ဖြစ်နိုင်ပေသည်။ သို့သော် ထိုကွာဟချက်မှာ လိုက်မမှီနိုင်လောက်အောင် ကြီးမားသွားသောအခါတွင်မူ မနာလိုမှုသည် လေးစားခြင်း အဖြစ်သို့ ပြောင်းလဲသွားတတ်ပေသည်။
“ဒါပေမဲ့ ဒြပ်ငါးပါးဘေးဒုက္ခ ပြီးသွားပြီဆိုရင် သူမ ဘာလို့ မလှုပ်မယှက် ရပ်နေတာလဲ။ ပြီးတော့ သူမရဲ့ ခန္ဓာကိုယ် မျက်နှာပြင်မှာ အက်ကြောင်းတွေ ပေါ်နေတာပဲ...... ကောင်းကင်ဘေးဒုက္ခက မပြီးသေးတာတော့ မဟုတ်ပါဘူးနော်”
လူတိုင်းက တံတွေးမြိုချရင်း အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားကြ၏။ ကျင့်ကြံခြင်းစင်မြင့်ထက်ရှိ ပုံရိပ်ကို သေချာစွာ စစ်ဆေးပြီးနောက်တွင်မူ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားကြသည်။
“ဒီအက်ကြောင်းတွေက...... ဒါက ရုပ်ခန္ဓာဘေးဒုက္ခ ပဲ”
လူတိုင်းမှာ အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားသွားကြသည်။ “သူမရဲ့ ပါရမီက နတ်သမီး အလောင်းအလျာ အဆင့်ကို ကျော်လွန်ပြီး နတ်သားတွေနဲ့ တိုက်ရိုက် ယှဉ်နိုင်တာမျိုးလား”
“ဒါတော့ မဖြစ်နိုင်ဘူး။ လူတိုင်းသိတဲ့အတိုင်း ဒြပ်ငါးပါးဘေးဒုက္ခကသာ ပါရမီနဲ့ ဆက်နွှယ်တာလေ။ ရုပ်ခန္ဓာဘေးဒုက္ခနဲ့ ဒြပ်ငါးပါးဘေးဒုက္ခက လုံးဝ မတူညီတဲ့ ကိစ္စတွေပဲ”
“ဪ...... ဒီလိုကိုး။ ဒီနေ့တော့ ငါ တကယ့်ကို လောကကြီးအကြောင်း မြင်ဖူးသွားပြီပဲ”
တစ်စုံတစ်ယောက်က သက်ပြင်းချရင်း သာမန်လူများနှင့် ပါရမီရှင်များအကြားရှိ ကွာဟချက်ကို နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။
လူအများစုက လေ့လာကြည့်ရှုနေကြစဉ် အမြော်အမြင်ရှိသော ကျင့်ကြံသူအချို့မှာမူ ကြိုတင်စီမံနေကြပြီ ဖြစ်ပေသည်။ အကယ်၍ အခြားတစ်ဖက်မှလူသည် ဒြပ်ငါးပါးဘေးဒုက္ခ သုံးမျိုးကိုပင် တောင့်ခံနိုင်လျှင် ရုပ်ခန္ဓာဘေးဒုက္ခမှာ သူမအတွက် ပြဿနာ မဟုတ်သည်မှာ သေချာလှသည်။
ကောင်းကင်ဘေးဒုက္ခ ပြီးဆုံးသည်နှင့် သူမထံသို့ ချက်ချင်း သွားရောက်ကာ မိတ်ဖွဲ့ရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော် သူတို့၏ အကြံအစည်မှာ ပျက်ပြယ်သွားခဲ့ရလေပြီ။
မုန့်ဝမ်သည် ရုပ်ခန္ဓာဘေးဒုက္ခကို လွယ်ကူစွာ ကျော်ဖြတ်သည်ကို မြင်လိုက်ရသဖြင့် သူတို့ ရှေ့သို့ တိုးသွားမည်အလုပ်တွင် သူမ၏ ပုံရိပ်မှာ မျက်စိရှေ့တင် ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းမှာ မှင်တက်သွားကြပြီးနောက် 'ရွှေရောင်အမြုတေ' အဆင့် စီနီယာတစ်ဦးက သူတို့ထက် အလျင်ဦးကာ လူကို လုယူသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။ အစွမ်းထက်သူတစ်ဦးနှင့် ရင်းနှီးခွင့်ရမည့် အခွင့်အရေးကောင်းကို လက်လွတ်လိုက်ရသဖြင့် သူတို့မှာ နှမြောတသ ဖြစ်နေကြတော့၏။
မုန့်ဝမ်ကို ခေါ်ဆောင်သွားသူမှာ အခြားသူမဟုတ်ဘဲ ဘေးဒုက္ခကျော်ဖြတ်မှု တစ်လျှောက်လုံးကို စောင့်ကြည့်နေခဲ့သည့် စီထျန်းချီ ပင် ဖြစ်ပေသည်။
သူသည် မုန့်ဝမ်ကို ခန်းမဆောင်ကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်လာပြီးနောက် ခန်းမ၏ အလယ်ဗဟိုရှိ နေရာတွင် ဝင်ထိုင်လိုက်ကာ မုန့်ဝမ်၏ တုံ့ပြန်မှုကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေပေသည်။ သူမ၏ မျက်နှာမှာ တည်ငြိမ်နေပြီး မျက်ဝန်းများတွင်လည်း ထိတ်လန့်ခြင်း အရိပ်အယောင်ပင် မရှိသည်ကို မြင်သောအခါ စီထျန်းချီသည် သူ၏ ထိုင်ခုံလက်ရန်းကို လက်ချောင်းဖြင့် အသာအယာ ခေါက်လိုက်၏။
“မင်း ငါ့ကို မကြောက်ဘူးလား”
မုန့်ဝမ်၏ ဘေးဒုက္ခကျော်ဖြတ်မှု ပြီးဆုံးသွားသည့် တစ်ခဏမှာပင် သွေးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် တိတ်တဆိတ် တည်ရှိနေသော ‘နှလုံးစားပိုးကောင်’ မှာ ပြန်လည် ထွက်ပေါ်လာခဲ့လေပြီ။ မုန့်ဝမ်က စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည်နှင့် ၎င်းသည် ချက်ချင်းပင် အလုပ်စတော့၏။
“သခင်မ၊ ဒီအဘိုးကြီးက သူ့စိတ်ထဲမှာ သခင်မအကြောင်း တတွတ်တွတ် ပြောနေတာ။ သူက သခင်မကို သူ့အတွက် အသုံးချချင်နေတာပဲ”
နှလုံးစားပိုးကောင်၏ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ကြားပြီးနောက် မုန့်ဝမ်သည် တည်ငြိမ်သော အမူအရာဖြင့် စီထျန်းချီ၏ အကြည့်ကို ပြန်လည် ရင်ဆိုင်လိုက်ပေသည်။
“ကြောက်တာပေါ့ စီနီယာ။ ဒါပေမဲ့ စီနီယာက ကျွန်မကို ဘာသံမှမထွက်ဘဲ ဒီကို ခေါ်ဆောင်လာနိုင်တယ်ဆိုကတည်းက စီနီယာရဲ့ ကျင့်ကြံမှုအဆင့်ဟာ အခုမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ခါစ ကျွန်မလို ကျင့်ကြံသူလေး ယှဉ်နိုင်မယ့် အဆင့်မဟုတ်တာ သေချာပါတယ်”
“ပြီးတော့ စီနီယာက ကျွန်မကို သတိထားမိတယ်ဆိုတာ ဂျူနီယာတစ်ယောက်အနေနဲ့ ကံကောင်းခြင်းတစ်ခုပါပဲ။ စီနီယာမှာ ဘာညွှန်ကြားချက်ပဲရှိရှိ ပွင့်ပွင့်လင်းလင်း မိန့်ကြားပေးပါ”
“ဟားဟားဟားဟား...... လိမ္မာပါးနပ်တယ်၊ အရမ်းကောင်းတယ်၊ တကယ်ကို ကောင်းတယ်”
စီထျန်းချီ၏ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်သွားခဲ့လေသည်။ ကျင့်ကြံသူတစ်ဦး၏ ပါရမီ မြင့်မားလေလေ မာနနှင့် သိက္ခာမှာလည်း ကြီးမားလေလေ ဖြစ်ပေရာ ဤအမျိုးသမီးကို လိမ္မာလာစေရန် အားစိုက်ထုတ်ပြီး စကားအများကြီး ပြောရမည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူမက အလွန်ပင် နားလည်မှု ရှိနေသဖြင့် သူ၏ အလုပ်မှာ များစွာ သက်သာသွားခဲ့လေပြီ။
စီထျန်းချီသည် ခဏမျှ စဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်၏။
“ငါက ရွှမ်ယင်ဂိုဏ်း၊ သွေးလမ်းစဉ်အဖွဲ့ရဲ့ အကြီးအကဲတစ်ဦးပဲ။ မင်းကို ငါ့ရဲ့ 'တိုက်ရိုက်တပည့်' အဖြစ် လက်ခံချင်တယ်။ မင်း သဘောတူလား”
မုန့်ဝမ်သည် လေးနက်စွာ ဒူးထောက်လိုက်ပြီး ဦးချလိုက်ပေသည်။
“ဆရာ့ကို တပည့် ဂါဝရ ပြုပါတယ်”
စီထျန်းချီသည် ခေါင်းကို အသာအယာ ငြိမ့်လိုက်ပြီးနောက် လက်ကို မြှောက်ကာ မုန့်ဝမ်ကို ထစေလိုက်သည်။
“ကျင့်ကြံခြင်း လမ်းစဉ်မှာ အခြေခံတည်ဆောက်ခြင်းဆိုတဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်မှသာ တာအိုလမ်းစဉ်ကို တကယ် ဝင်ရောက်တယ်လို့ သတ်မှတ်လို့ရတာ။ ငါတို့ ရွှမ်ယင်ဂိုဏ်းမှာ ဘယ်လို အမွေအနှစ်တွေ ရှိလဲဆိုတာ မင်း သိလား”
မုန့်ဝမ်မှာ မည်သို့ ဖြေရမည်ကို မစဉ်းစားရသေးခင်မှာပင် နှလုံးစားပိုးကောင်က စိတ်ဖတ်ခြင်းအတတ်ဖြင့် အဖြေမှန်ကို ရရှိပြီးသား ဖြစ်ပေသည်။
သွေးလမ်းစဉ်၊ ဝိညာဉ်လမ်းစဉ်၊ အဆိပ်ပိုးလမ်းစဉ်၊ စုန်းအတတ်လမ်းစဉ်၊ ကျိန်စာလမ်းစဉ်......
နှလုံးစားပိုးကောင်သည် စီထျန်းချီ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသော အမွေအနှစ် ဒါဇင်ပေါင်းများစွာကို ရေရွတ်ရင်း အံ့သြနေတော့၏။
“ဝိုး...... ဒီရွှမ်ယင်ဂိုဏ်းက မသေးဘူးပဲ။ နှစ်ပေါင်း သောင်းချီတဲ့ အမွေအနှစ်ရှိတဲ့ ဂိုဏ်းကြီးဆိုတဲ့အတိုင်းပါပဲလား”
မုန့်ဝမ်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ နှလုံးစားပိုးကောင် ရေရွတ်ပြလိုက်သည့် အမွေအနှစ်များထဲမှ အချို့ကို ရွေးထုတ်ကာ ပြောလိုက်ပေသည်။
“တပည့် ရှက်မိပါတယ်ရှင့်။ ကျွန်မက ဒါတွေလောက်ပဲ ကြားဖူးထားလို့ပါ”
“မဆိုးပါဘူး”
စီထျန်းချီက ခေါင်းငြိမ့်လိုက်ပြီး “ငါတို့ ရွှမ်ယင်ဂိုဏ်းမှာ အမွေအနှစ် ဒါဇင်ပေါင်းများစွာ ရှိပေမဲ့ အဓိက လမ်းစဉ်ခုနစ်ခုပဲ ရှိပြီး အဲဒါကို 'ကြီးမြတ်သော လမ်းစဉ်ခုနစ်ခု' လို့ ခေါ်ကြတယ်။ အဲဒါတွေကတော့ သွေးလမ်းစဉ်၊ ဝိညာဉ်လမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ အဆိပ်လမ်းစဉ်၊ အဆိပ်ပိုးလမ်းစဉ်၊ ကာမလမ်းစဉ်နဲ့ ခွန်အားလမ်းစဉ် တို့ပဲ ဖြစ်တယ်”
မုန့်ဝမ်၏ မျက်ဝန်းများအတွင်း အလင်းတစ်ချက် လက်သွားပြီး ထိုလမ်းစဉ်ခုနစ်ခုကို လျှို့ဝှက် မှတ်သားထားလိုက်ပေသည်။
“ဆရာတော်၊ ဒီလမ်းစဉ်ခုနစ်ခုထဲမှာ ကျွန်မတို့ သွေးလမ်းစဉ်က ဘယ်အဆင့်မှာ ရှိပါသလဲရှင့်”
“လမ်းစဉ်ခုနစ်ခုမှာ အဆင့်သတ်မှတ်ချက် မရှိပါဘူး။ ဒါပေမဲ့ သွေးလမ်းစဉ်အဖွဲ့ဟာ ကျင့်ကြံရတာ ပိုပြီး လွယ်ကူတဲ့အတွက် သွေးလမ်းစဉ်ကို ကျင့်ကြံတဲ့ သာမန်တပည့်တွေ ပိုများနေတာပဲ ဖြစ်တယ်”
စီထျန်းချီသည် လမ်းစဉ်ခုနစ်ခု၏ ကျင့်ကြံမှုစနစ်ကို မုန့်ဝမ်အား အကျဉ်းချုပ် ရှင်းပြပြီးနောက် စကားလမ်းကြောင်းကို ပြောင်းလိုက်ပေသည်။
“ငါတို့ ရွှမ်ယင်ဂိုဏ်းမှာ ကြီးမြတ်တဲ့ တာအိုလမ်းစဉ်အသီးသီးကြားက အတွင်းရေး ပဋိပက္ခတွေကို ဘယ်တော့မှ ဝင်မစွက်ဖက်ဘူး။ တကယ်တော့ အားပေးတိုက်တွန်းတယ်လို့တောင် ပြောလို့ရတယ်။ လမ်းစဉ်ခုနစ်ခုကြားမှာတင် မကဘူး၊ လမ်းစဉ်တစ်ခုတည်းအတွင်းမှာရော၊ တောင်ထိပ်အသီးသီးကြားမှာပါ ပြိုင်ဆိုင်မှုတွေက ပြင်းထန်လှတယ်။ သန်မာသူသာ ရှင်သန်ရစမြဲပဲ”
ဤသည်ကို ကြားသောအခါ မုန့်ဝမ်သည် နားလည်သွားသည့် အမူအရာဖြင့် ခေါင်းငြိမ့်လိုက်ပေသည်။
“ဒါက ဖြစ်သင့်ပါတယ် ဆရာ....... အရင်းအမြစ်တွေက အကန့်အသတ်ရှိပြီး ကျင့်ကြံသူတွေက များပြားနေတာဆိုတော့ အဖိုးတန် ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လူတိုင်းဆီ ညီတူညီမျှ ခွဲဝေပေးဖို့ဆိုတာ မဖြစ်နိုင်တာ သဘာဝပါပဲ”
“မှန်တယ်”
စီထျန်းချီ၏ အသံတွင် သဘောကျသည့် အရိပ်အယောင်များ ပါဝင်နေကာ သူက ဆက်ပြောလေသည်။
“အခြေခံတည်ဆောက်ခြင်းကနေ စပြီး ဂိုဏ်းက ဘယ်တပည့်ကိုမှ အကျိုးခံစားခွင့် ဒါမှမဟုတ် အကာအကွယ်တွေ ပေးတော့မှာ မဟုတ်ဘူး။ အရာအားလုံးအတွက် မင်းရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ပဲ ယှဉ်ပြိုင်လုယူရလိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရရင် မင်းမှာ လုံလောက်တဲ့ အစွမ်းရှိသရွေ့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်သမျှ မင်း လုပ်ချင်ရာ အားလုံးကို လုပ်လို့ရတယ်”
“ဆရာရဲ့ လမ်းညွှန်ချက်ကို တပည့် အမြဲမှတ်သားထားပါ့မယ်ရှင့်”
မုန့်ဝမ်သည် လေးနက်စွာ ခေါင်းငြိမ့်လိုက်ရာ သူမ၏ မျက်ဝန်းများအတွင်း ပြတ်သားမှုနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေပေသည်။
“ကျွန်မတို့ သွေးလမ်းစဉ်အဖွဲ့ရဲ့ ဂုဏ်သိက္ခာ ထိန်းသိမ်းဖို့အတွက် ကျင့်ကြံခြင်းမှာ ကြိုးစားအားထုတ်ပြီး လုယူနိုင်သမျှ အရင်းအမြစ် အားလုံးကို လုယူနိုင်အောင် ကြိုးစားသွားပါ့မယ်”
အခန်း ၁၁၅ - ငါ့မှာ လက်အောက်ခံ တစ်ယောက် လိုနေသေးတယ်
စီထျန်းချိသည် စိတ်ကျေနပ်မှုရှိစွာဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး - “နင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းချိန်မှာ ‘ဒြပ်ငါးပါး ဘေးဒုက္ခ’ သုံးကြိမ်တိုင်တိုင် ဆွဲဆောင်နိုင်ခဲ့တာက သွေးလမ်းစဉ်ကျင့်စဉ်မှာ နင့်ရဲ့ ပါရမီ ဘယ်လောက်ရှိလဲဆိုတာ သက်သေပြနေတာပဲ။
ဒါပေမဲ့ နင့်ရဲ့ ကျင့်ကြံမှုနဲ့ ခွန်အားက အခြေခံတည်ဆောက်ခြင်းအဆင့်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံထားတဲ့သူတွေနဲ့ ယှဉ်ရင် အများကြီး အားနည်းနေသေးတယ်။ ရှင်သန်ကြီးထွားနိုင်တဲ့ ပါရမီရှင်မှသာ တကယ့် ပါရမီရှင်လို့ ခေါ်နိုင်တာ... နင် နားလည်လား”
“တပည့် နားလည်ပါတယ်”
“ကောင်းပြီ... နားလည်ရင် ရပြီ။ ဒါက ဆရာ့ဆီက ပေးတဲ့ အထိမ်းအမှတ် လက်ဆောင်ပဲ။ သွားလို့ရပြီ”
စီထျန်းချိက လက်ကို ဝေ့ယမ်းလိုက်ရာ သိုလှောင်အိတ်တစ်ခုမှာ မုန့်ဝမ်၏ ရှေ့သို့ ပျံဝဲရောက်ရှိလာပေသည်။
“ဆရာ့ရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်”
မုန့်ဝမ်သည် ရိုသေစွာ ဂါရဝပြုပြီးနောက် ခန်းမဆောင်ကြီးအတွင်းမှ ထွက်လာခဲ့၏။ သူမသည် သိုလှောင်အိတ်အတွင်းရှိ ပစ္စည်းများကိုပင် မစစ်ဆေးရသေးခင်မှာပင် ပညာတတ်ပုံစံရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပြုံးရွှင်သော မျက်နှာဖြင့် သူမထံသို့ အပြေးအလွှား လျှောက်လာပေသည်။
“စီနီယာအစ်မ မုန့် လားခင်ဗျာ။ ကျွန်တော့်နာမည်က ဆွန်ရန် ပါ။ စီနီယာ စီ က ဒီနေ့ကစပြီး ကျွန်တော့်ကို စီနီယာအစ်မရဲ့ အမိန့်တွေကို နာခံဖို့ ပြောထားပါတယ်”
မုန့်ဝမ်သည် ဆွန်ရန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လက်ကိုမြှောက်ကာ သူ၏ ပုခုံးကို ပုတ်လိုက်၏။ ဤရိုက်ချက်တွင် မည်သည့် ဝိညာဉ်စွမ်းအင် သို့မဟုတ် သွေးစွမ်းအင်မျှ ပါဝင်ခြင်း မရှိပေ။ အကယ်၍ သူတို့အချင်းချင်း ရင်းနှီးပါက သူငယ်ချင်းအချင်းချင်း စနောက်သည့်ပုံစံမျိုးပင် ရှိပေသည်။
သို့သော်လည်း မုန့်ဝမ် လက်မြှောက်လိုက်သည့် ခဏမှာပင် ဆွန်ရန်၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သော ခံစားချက်တစ်ခု ချက်ချင်း စီးဝင်သွားပေသည်။
သူ ဘာမှပင် မလုပ်ရသေးပါဘဲနှင့် သူမက သူ့ကို ဘာကြောင့် သံသယဝင်နေရသနည်း။ သို့မဟုတ် သူမ၏ အရှိန်အဝါကို ပြသရန် ကြိုးစားနေခြင်းလော။
ဤအတွေးများသည် သူ၏ ဦးနှောက်အတွင်း လျှပ်စီးလို ဖြတ်ပြေးသွားပြီး ဆွန်ရန်သည် သူ၏ ဘဝတွင် အမြန်ဆုံး အရှိန်ဖြင့် နောက်သို့ လှန်ချကာ ရှောင်တိမ်းလိုက်ပေသည်။ သို့သော် ထိုအချိန်မှာပင် မုန့်ဝမ်၏ အခြားလက်တစ်ဖက်က လှုပ်ရှားလာ၏။
“ဘုန်း...”
မုန့်ဝမ်၏ ဘယ်ဘက်လက်က ဝေ့ယမ်းလိုက်ပြီး ဆွန်ရန်၏ ညာဘက်ခါးကို တိုက်ရိုက် ထိမှန်သွားပေသည်။ ပြင်းထန်သော အားကြောင့် ဆွန်ရန်မှာ စုတ်ပြဲနေသော အရုပ်တစ်ခုလို လွင့်ထွက်သွားခဲ့ရပေသည်။ သူ လွင့်ထွက်သွားသည့် ခဏမှာပင် ဆွန်ရန်၏ စိတ်အတွင်း ကြောက်ရွံ့မှုများမှာ အထွတ်အအိပ်သို့ ရောက်ရှိသွားပေသည်။
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ကြောက်ရွံ့မှုများသာ ပြည့်နှက်နေသဖြင့် မည်သည့်တုံ့ပြန်မှုမျှ မလုပ်နိုင်တော့ဘဲ ရှင်သန်လိုစိတ်ဖြင့်သာ အသက်ချမ်းသာပေးရန် တောင်းပန်နေတော့၏။
“စီနီယာအစ်မ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
မုန့်ဝမ်က လက်ကိုမြှောက်ကာ လက်သီးဆုပ်လိုက်၏။
“ဂျောက်...”
တိုးညင်းသော အသံနှင့်အတူ တစ်ခုခု ကြေမွသွားသည့်ပုံစံ ရှိပေသည်။ ဆွန်ရန်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသွား၏။ သူ၏ မျက်နှာတွင် နာကျင်နေသော အမူအရာ ရှိသော်လည်း ဂရုမစိုက်ဘဲ အမြန်ထကာ ဒူးထောက်လိုက်ပြီး မုန့်ဝမ်ရှိရာဘက်သို့ အဆက်မပြတ် ဦးချနေတော့သည်။ သူ၏ အမူအရာမှာ ပို၍ပင် ကြောက်ရွံ့နေပေသည်။
မုန့်ဝမ်သည် ဖြည်းဖြည်းချင်း လျှောက်လာပြီး သူ၏ရှေ့တွင် ရပ်လိုက်၏။
“ဆရာက နင့်ကို ငါ့လက်အောက်မှာ အလုပ်လုပ်ဖို့ ခန့်ထားတာလား”
ဆွန်ရန်က ခေါင်းကို အဆက်မပြတ် ညိတ်ပြနေ၏။ သူသည် မုန့်ဝမ်အနေဖြင့် စီနီယာ စီ ၏ မျက်နှာကို ထောက်ထားပြီး သူ့ကို ခွင့်လွှတ်ပေးရန် မျှော်လင့်နေခြင်း ဖြစ်ပေသည်။
မုန့်ဝမ်၏ အကြည့်မှာ ဆွန်ရန်၏ ကြေမွသွားသော လည်ချောင်းပေါ်သို့ ကျရောက်သွားပြီးနောက် နှမြောတသဟန်ဖြင့် ပြောလိုက်သည်မှာ - “အနေတဲ့သူတစ်ယောက်က ဘာလုပ်နိုင်မှာလဲ။ သတ်လိုက်တော့”
မြေပြင်တွင် ဒူးထောက်နေသော ဆွန်ရန်၏ မျက်စိသူငယ်အိမ်များမှာ ရုတ်တရက် ကျယ်သွား၏။ သူ ခုခံရန်ပင် မစဉ်းစားနိုင်ခင်မှာပင် သတိလစ်မေ့မြောသွားခဲ့ရပေသည်။ ဆွန်ရန်ကို သန့်စင်ပြီးနောက် မုန့်ဝမ်သည် သူ၏လက်ချောင်းမှ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး ခန်းမအပြင်ဘက်ရှိ အခြားသော လူများရှိရာသို့ အေးအေးဆေးဆေး ကြည့်လိုက်၏။
“ဆွန်ရန်ကတော့ သေသွားပြီ။ ဒါပေမဲ့ ငါ့မှာ လက်အောက်ခံတစ်ယောက်တော့ လိုနေသေးတယ်။ နင်တို့ထဲက ဘယ်သူက ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေယူပေးချင်သလဲ”
“ကျွန်တော်ပါ”
“ကျွန်တော် စီနီယာအစ်မအတွက် အလုပ်အကျွေးပြုဖို့ အသင့်ပါပဲ”
“ကျွန်တော့်ကို ရွေးပါ... ကျွန်တော် အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိနေတာ ငါးနှစ်၊ ခြောက်နှစ်လောက် ရှိပါပြီ။ ဆွန်ရန် သိသလောက် ကျွန်တော်လည်း သိပါတယ်”
ရောက်ရှိနေသူ အားလုံးမှာ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သစ္စာရှိကြောင်း အပြိုင်အဆိုင် ပြောဆိုနေကြတော့သည်။ နောက်ပြောင်နေခြင်း မဟုတ်ပေ။ ဆွန်ရန် မည်သို့သေသွားသည်ကို သူတို့ အားလုံး အထင်အသား မြင်လိုက်ရခြင်း ဖြစ်ပေသည်။ အကယ်၍ ဤစီနီယာအစ်မ၏ ဖိတ်ခေါ်မှုကို မည်သူမျှ မတုံ့ပြန်ပါက သူမ စိတ်တိုပြီး အားလုံးကို သတ်ပစ်လျှင် ဘာလုပ်ကြမည်နည်း။
မုန့်ဝမ်၏ အကြည့်မှာ နောက်ဆုံးတွင် ရှိနေသော လူငယ်လေးတစ်ဦးအပေါ်သို့ ကျရောက်သွား၏။ ထိုသူမှာ အသားဖြူဖြူနှင့် အတော်လေး ချောမောသော လူငယ်လေးတစ်ဦး ဖြစ်ပေသည်။ မုန့်ဝမ်၏ အကြည့်ကို သတိထားမိလိုက်သောအခါ သူသည် အမြန်ပင် ခေါင်းငုံ့လိုက်ပြီး သူမကို တိုက်ရိုက် မကြည့်ရဲပေ။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
လူငယ်လေးမှာ သူ၏ စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး - “စီနီယာအစ်မကို ဖြေကြားပါတယ်... ကျွန်တော့်နာမည် ကျန်းဖန် ပါ”
“ကျန်းဖန်... ဟုတ်လား။ မင်းပဲ လုပ်လိုက်တော့”
မုန့်ဝမ်သည် သူမ၏ ‘နှလုံးစားပိုးကောင်’ နှင့် ခဏမျှ နားထောင်ကြည့်ပြီးနောက် ထိုလူငယ်၏ အတွေးထဲတွင် မည်သည့် မကောင်းသော အကြံအစည်မျှ မရှိသည်ကို သိလိုက်ရသဖြင့် မေးစေ့ကို အနည်းငယ် မြှင့်ကာ မြေပြင်ပေါ်ရှိ အလောင်းကို ညွှန်ပြလိုက်၏။
“ဒါ မင်းအတွက်ပဲ... စလိုက်တော့”
ကျန်းဖန်က မုန့်ဝမ်ကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် မုန့်ဝမ်၏ ဘေးနားသို့ အမြန်လျှောက်လာပြီး သူမ၏ အနောက်တွင် ရပ်လိုက်လေသည်။
“စီနီယာအစ်မ ဘာတွေ သိချင်ပါသလဲ”
မုန့်ဝမ်သည် ခန်းမ၏ ထွက်ပေါက်ဆီသို့ ခြေလှမ်းလှမ်းလိုက်ရင်း - “ပထမဆုံးအနေနဲ့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ငါ့ကို ပြောပြဦး”
ကျန်းဖန်သည် မပေါ့ဆရဲဘဲ ဂိုဏ်းစည်းမျဉ်းများကို အစမှအဆုံး သေချာရှင်းပြပေး၏။ နောက်ဆုံးတွင် သူသည် စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူကာ မုန့်ဝမ်ကို ကမ်းပေးလိုက်ပေသည်။
“စီနီယာအစ်မ... ကျွန်တော်ပြောတာတွေ အားလုံးက အမှန်တွေပါ။ အကယ်၍ စီနီယာ မယုံဘူးဆိုရင် ကိုယ်တိုင်လည်း စစ်ဆေးကြည့်နိုင်ပါတယ်”
မုန့်ဝမ်သည် ထိုစာအုပ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ယူမထားဘဲ သူမ၏ ခရီးကိုသာ ဆက်လျှောက်နေ၏။ ကျန်းဖန်မှာမူ အနည်းငယ် မျက်နှာပျက်သွားသော်လည်း စီနီယာအစ်မက သူ့ကို ဤမျှအထိ ယုံကြည်သည်ကို မြင်ရသဖြင့် စိတ်သက်သာရာ ရသွားပေသည်။
ကျန်းဖန်သည် ထိုစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဘာပြောရမှန်း မသိဖြစ်နေစဉ်မှာပင် စီနီယာအစ်မက ရုတ်တရက် မေးလာသည်ကို ကြားလိုက်ရ၏။
“ဒီနေရာက ဘယ်နေရာလဲ”
ကျန်းဖန်က အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်မှာ - “ဒီတောင်ထိပ်ကို သွေးငန်းတောင် လို့ ခေါ်ပါတယ်၊ စီနီယာ တင်း ရဲ့ ကျင့်ကြံရာနယ်မြေ ဖြစ်ပါတယ်”
မုန့်ဝမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး - “သွေးငန်းတောင်မှာ တပည့် ဘယ်နှယောက် ရှိသလဲ၊ ပြီးတော့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက ဘယ်လောက်လဲ”
“သွေးငန်းတောင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ရာကျော် ရှိပါတယ်။ အဲဒီထဲမှာ တစ်ရာ့လေးဆယ်ကျော်က အစောပိုင်းအဆင့်၊ ငါးဆယ်ကျော်က အလယ်အလတ်အဆင့်နဲ့ နှစ်ဆယ်ကျော်က နှောင်းပိုင်းအဆင့်မှာ ရှိကြပါတယ်”
ကျန်းဖန်က အသေးစိတ် ဖြေကြားပေး၏။
“သွေးငန်းတောင် တစ်ခုတည်းမှာတင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဒီလောက်တောင် များနေတာလား”
မုန့်ဝမ်မှာ အနည်းငယ် အံ့အားသင့်သွားပေသည်။ သူမသည် မိစ္ဆာလမ်းစဉ်ဂိုဏ်းကြီးများ၏ အင်အားကို အထင်သေးခဲ့မိပုံ ရပေသည်။
“စီနီယာအစ်မ မသိသေးတာ ရှိနိုင်ပါတယ်... အဲဒီ ကျင့်ကြံသူ နှစ်ရာကျော်ထဲမှာ သုံးပုံတစ်ပုံလောက်ပဲ သွေးငန်းတောင်မှာ အခြေစိုက်နေတာပါ။ ကျန်တဲ့သူတွေကတော့ ဂိုဏ်းရဲ့ တာဝန်တွေကို သွားရောက်ထမ်းဆောင်နေကြတာ ဒါမှမဟုတ် ရတနာတွေ ရှာဖွေဖို့နဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းဖို့ အပြင်ထွက်နေကြပြီး အခုထိ ပြန်မလာသေးကြတာပါ”
ကျန်းဖန်က စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ “ပဋိပက္ခတွေထဲမှာ မပါဝင်ချင်ဘဲ ဂိုဏ်းရဲ့ အစွန်အဖျား နယ်မြေတွေမှာ သွားရောက် အခြေချနေတဲ့သူတွေလည်း ရှိသလို အခြားတောင်ထိပ်က ကျင့်ကြံသူတွေနဲ့ ပေါင်းပြီး ဂိုဏ်းခွဲ ထောင်ထားတဲ့သူတွေလည်း ရှိပါတယ်...”
မုန့်ဝမ်က စဉ်းစားဟန်ဖြင့် - “မင်းပြောတဲ့ ဂိုဏ်းအစွန်အဖျားမှာ ဖွံ့ဖြိုးနေတယ်ဆိုတာက အကျင့်ကြံသူတွေကို စီမံခန့်ခွဲပြီး အစေခံခိုင်းစေနေတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို ပြောတာလား။ ဥပမာ - ရွယ်လျန်ကျိ၊ ဒန်ကျွယ်ကျိ တို့လိုမျိုးလား”
“ဟုတ်ပါတယ်”
စီနီယာအစ်မ ပြောလိုက်သော ကျင့်ကြံသူ နှစ်ဦးကို ကျန်းဖန် မသိသော်လည်း သူမ ဆိုလိုသည့်အဓိပ္ပာယ်ကိုတော့ သူ နားလည်ပေသည်။
“မိစ္ဆာလမ်းစဉ်က ပါရမီကို မရွေးချယ်ဘူးလေ။ ဝိညာဉ်အမြုတေရှိတာနဲ့ ကျင့်ကြံလို့ ရတာမို့ ကျွန်တော်တို့ ရွှမ်ယင်ဂိုဏ်းမှာ အဆင့်နိမ့်တပည့်တွေ ဆိုတာ လုံးဝ မရှားပါဘူး။
အခြားသော ကျင့်ကြံခြင်း မြို့တော်တွေနဲ့ ဈေးတွေကနေ ဖမ်းခေါ်လာတဲ့ တပည့်တွေအပြင် မိမိတို့ရဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံဖို့ ကိုယ့်ဆန္ဒနဲ့ကိုယ် လာရောက်ပူးပေါင်းတဲ့ ကျင့်ကြံသူတွေလည်း အများကြီး ရှိပါတယ်။ ရွှမ်ယင်ဂိုဏ်းကတော့ လာသမျှလူ အားလုံးကို လက်ခံပါတယ်”
မုန့်ဝမ်သည် ခေတ္တမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ရွှမ်ယင်ဂိုဏ်း၏ တပည့်ဦးရေမှာ အခြားဂိုဏ်းကြီးများထက် ဘာကြောင့် ဤမျှအထိ များပြားနေရသနည်းဆိုသည်ကို နားလည်သွားပေသည်။
အခြားသော ကျင့်ကြံခြင်းဂိုဏ်းအသီးသီးတွင် တပည့်များ၏ ဝိညာဉ်အမြုတေ ပါရမီအဆင့်အတန်းနှင့် ပတ်သက်ပြီး တင်းကျပ်သော ကန့်သတ်ချက်များ ရှိကြ၏။ အပြင်စည်းတပည့် ဦးရေမှာပင် သတ်မှတ်ထားပြီးသား ဖြစ်ပေသည်။
အကယ်၍ တစ်စုံတစ်ယောက်၏ ပါရမီမှာ သာမန်သာ ရှိနေလျှင် သို့မဟုတ် သန့်စင်မှု အားနည်းနေလျှင် တိုက်ရိုက်ပင် ငြင်းပယ်ခံရတတ်ပေသည်။ ဂိုဏ်းက ပို၍ အစွမ်းထက်လေ၊ ဤစည်းကမ်းမှာ ပို၍ တင်းကျပ်လေ ဖြစ်ပေသည်။
မိစ္ဆာဂိုဏ်းတစ်ခုဖြစ်သော မျောလွင့်နန်းတော် ပင်လျှင် တပည့်တိုင်းကို လက်မခံဘဲ အလွန်အမင်း ချောမောလှပသော အမျိုးသားနှင့် အမျိုးသမီးများကိုသာ ရွေးချယ်လက်ခံကြပေသည်။ သို့သော် ရွှမ်ယင်ဂိုဏ်းမှာမူ ထိုသို့ မဟုတ်ပေ။ ပါရမီ သို့မဟုတ် ဇာစ်မြစ် မည်သို့ပင် ရှိစေကာမူ ကျင့်ကြံသူ ဖြစ်နေသရွေ့ အားလုံးကို လက်ခံပေးသည်။