အခန်း (၁၂၆-၁၃၀)
Vol. 13 Ch. 126-130
အခန်း (၁၂၆) - တိုက်စစ်
အရေးကြုံလာချိန်တွင် မုန့်ဝမ်၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး သေစေနိုင်သော ထိုတိုက်ခိုက်မှုမှ သီသီလေး ရှောင်တိမ်းလိုက်နိုင်၏။ အနက်ရောင် အေးစက်သောအလင်းမှာ မြေပြင်သို့ စိုက်ဝင်သွားပြီး ကျောက်စိုင်ကျောက်ခဲများကို လွင့်စင်သွားစေသည်။
မုန့်ဝမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် သူမ၏ လက်ချောင်းထိပ်များမှ သွေးရောင်အလင်းများ ထွက်ပေါ်လာကာ ထက်မြက်သော သွေးဓားသွားများအဖြစ် ပြောင်းလဲ၍ ပြန်လည်တိုက်စစ်ဆင်လိုက်လေသည်။
“ကလေးကလား အတတ်တွေပဲ”
ကျူးယုံ၏ အသံအဆုံးတွင် တစ်ဟင်းလင်းပြင်လုံး၌ အနက်ရောင် မြူခိုးများ လှိုင်းထန်လာပြီး သွေးဓားသွားများအားလုံးကို ဝါးမျိုပစ်လိုက်တော့သည်။
“ဟုတ်လို့လား”
မုန့်ဝမ်၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီး အစွမ်းထက်သော ဝိညာဉ်စွမ်းအား တစ်ခုမှာ သူတို့ပတ်ဝန်းကျင်ရှိ ထူးဆန်းသော ဟင်းလင်းပြင်အတွင်းသို့ တိတ်တဆိတ် ပျံ့နှံ့ဝင်ရောက်သွား၏။
သူမ၏ ဝိညာဉ်အာရုံ မှာ မမြင်နိုင်သော ကြီးမားသည့် ပိုက်ကွန်တစ်ခုကဲ့သို့ ရှိနေပြီး ပုံရိပ်ယောင်အတွင်းရှိ သိမ်မွေ့သော လှုပ်ရှားမှုတိုင်းကို အသေးစိတ် ဖမ်းယူနေပေသည်။ သူမသည် အပေါ်ဘက်တည့်တည့်ရှိ အားနည်းချက် ကို လျင်မြန်စွာ အာရုံစိုက်လိုက်မိ၏။
“ထင်တဲ့အတိုင်းပဲ... စိတ်မကောင်းစရာကတော့ ဒီအကျဉ်းထောင်က သိပ်ပြီး ကြွပ်ဆတ်လွန်းနေတာပဲ”
မုန့်ဝမ်၏ အသံမှိန်သွားသည်နှင့် သူမသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး သွေးယဇ်ပူဇော်ခြင်းအတတ် ကို အသုံးပြုကာ အလွန်အစွမ်းထက်သော ဝိညာဉ်ခွဲအပ်တစ်ခုကို ဖန်တီးလိုက်ပြီး အားနည်းချက်ရှိရာ နေရာသို့ ပစ်လွှတ်လိုက်တော့သည်။
“ကရက်”
တစ်စုံတစ်ခု အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသကဲ့သို့ ရှိနေပြီး တည်ငြိမ်နေသော ဟင်းလင်းပြင်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။ အပေါ်ဘက်ရှိ အားနည်းချက်ကို ဗဟိုပြု၍ အက်ကြောင်းများမှာ ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားတော့သည်။
“ဟင့်အင်း... ဒါက မဖြစ်နိုင်ဘူး ”
ကျူးယုံသည် သူ၏ ခန္ဓာကိုယ်အနှံ့တွင် အက်ကြောင်းများ ပေါ်လာသည်ကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်။ အချိန်နှင့်အမျှ ထိုအက်ကြောင်းများမှာ ပိုမိုကျယ်ပြန့်လာချေသည်။ ကျူးယုံ၏ ခန္ဓာကိုယ်မှ ပြောင်းလဲထားသော ဟင်းလင်းပြင်မှာလည်း ကွဲအက်နေသော မှန်တစ်ချပ်ကဲ့သို့ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး သွေးငန်းတောင်၏ မူလပုံစံမှာ ပြန်လည် ပေါ်ထွက်လာတော့သည်။
ကျူးယုံသည် စတုတ္ထအကြိမ်မြောက်အဖြစ် လူသားပုံသဏ္ဌာန်သို့ ပြန်လည် ရောက်ရှိလာ၏။ ယခင်ကကဲ့သို့ ဝင့်ကြွားထောင်လွှားနေခြင်း မရှိတော့ဘဲ သူ၏ မျက်နှာမှာ ဖြူဖျော့နေကာ မျက်လုံးများထဲတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေသည်။ နောက်ဆုံးတွင် မုန့်ဝမ်၏ ပြိုင်ဘက် လုံးဝမဟုတ်ကြောင်း သဘောပေါက်သွားချေပြီဖြစ်၏။
မုန့်ဝမ်၏ ပုံရိပ်မှာ ကျူးယုံ၏ ရှေ့မှောက်တွင် ပေါ်လာ၏။ ကျူးယုံ၏ ထိတ်လန့်နေမှုနှင့် နှိုင်းယှဉ်လျှင် သူမ၏ အမူအရာမှာ များစွာ တည်ငြိမ်နေပြီး သူမ၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ရှိနေဆဲ ဖြစ်သည်။
ဤကျူးယုံမှာ မိစ္ဆာလမ်းစဉ်၏ နတ်သားတော်အလျောင်းအလျာ ဖြစ်ထိုက်ပေသည်။ သူသည် အမှန်တကယ်ပင် ခွန်အားအချို့ ရှိနေသည် မဟုတ်ပါလား။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူမ၏ စိတ်ဝင်စားမှုကို ရရှိထားသော ဤနတ်သားတော်အလျောင်းအလျာမှာ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ဝေးရာသို့ ထွက်ပြေးသွားတော့သည်။ ဤသည်ကို မြင်သောအခါ မုန့်ဝမ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။ သူမသည် သွေးရိပ်အတတ်ကို တိုက်ရိုက် အသုံးပြုလိုက်ပြီး ကျူးယုံကို ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။
“အားးးး ”
မမျှော်လင့်ဘဲ တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် ကျူးယုံမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားကာ လဲကျလုနီးပါး ဖြစ်သွား၏။ မိမိ၏ အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း သိရှိသွားချိန်တွင် ကျူးယုံ၏ မျက်လုံးထဲ၌ ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
သူသည် ထွက်ပြေးရန်အတွက် သူ၏ နောက်ဆုံးဝှက်ဖဲကို မထုတ်လိုသော်လည်း ယခုအချိန်တွင် ဆက်လက် ဖုံးကွယ်ထားပါက သူ၏ အသက်မှာ လုံးဝ ရှိတော့မည် မဟုတ်ပေ။
ကျူးယုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ သူ၏ တစ်ကိုယ်လုံးမှာ အရောင်အသွေးစုံလင်သော လိပ်ပြာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ အလင်းတန်းတစ်ခုကဲ့သို့ ပျံတက်ကာ ပျောက်ကွယ်သွားတော့သည်။
“အလင်းစီးကြောင်းလိပ်ပြာလား”
မုန့်ဝမ်က မျက်ခုံးပင့်လိုက်ပြီး ကျူးယုံ ထွက်ပြေးသွားသည်ကို အနည်းငယ် အံ့ဩစွာ ကြည့်နေမိသည်။ အလင်းစီးကြောင်းလိပ်ပြာတွင် အလွန်ထူးခြားသော စွမ်းရည်တစ်ခု ရှိပေသည်။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ မကြီးမားသော်လည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုင်ပေါင်း ထောင်ချီ၍ ခရီးနှင်နိုင်စွမ်း ရှိ၏။ ၎င်း၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင် ရင်ပေါင်တန်းနိုင်ပေသည်။
ဤမိစ္ဆာလမ်းစဉ်ဂိုဏ်း ကျင့်ကြံသူများသည် မိစ္ဆာသားရဲများ၏ စွမ်းအားနှင့် ပေါင်းစပ်ခြင်းအားဖြင့် အပိုဆောင်း အသက်များကို ရရှိရုံသာမက သားရဲများ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များကို အသုံးပြု၍ ထွက်ပြေးနိုင်ကြသေးသည်။
သူတို့၏ နည်းလမ်းများမှာ အမှန်တကယ်ပင် ပါးနပ်လှပေသည်။ အခွင့်အရေးရပါက သူမအနေဖြင့် မိစ္ဆာလမ်းစဉ်ဂိုဏ်း၏ နတ်ဘုရားစွမ်းရည်အချို့ကို ရှာဖွေပြီး တစ်ခု သို့မဟုတ် နှစ်ခုလောက် ကျင့်ကြံသင့်သည်ဟု တွေးလိုက်မိ၏။
သူမ၏ စိတ်ခံစားမှုကို သိရှိသွားသကဲ့သို့ နှလုံးသားစားပိုးကောင် က ရုတ်တရက် စကားပြောလာသည်။
“သခင်... မိစ္ဆာလမ်းစဉ်ရဲ့ နတ်ဘုရားစွမ်းရည်တွေကို သင်ချင်လို့လား”
မုန့်ဝမ်၏ စိတ်မှာ လှုပ်ရှားသွား၏။ “ဘာလဲ... မင်းရဲ့ စိတ်ထဲမှာ အဆင်သင့်ရှိတဲ့ ကျင့်စဉ်တွေ ရှိနေလို့လား”
“မဟုတ်ပါဘူး... ကျွန်တော့်ရဲ့ မှတ်ဉာဏ်အများစုက ဖျက်ဆီးခံထားရတာပါ။ မိစ္ဆာလမ်းစဉ်ရဲ့ ကျင့်စဉ်တွေအကြောင်း ကျွန်တော် သိပ်မသိပါဘူး...” နှလုံးသားစားပိုးကောင်က အားကိုးရာမဲ့စွာ ဆိုသည်။
“ကျွန်တော် သိတာကတော့ မိစ္ဆာလမ်းစဉ်ရဲ့ ကျင့်စဉ်တွေက ကျင့်ကြံဖို့ အလွန်ခက်ခဲပါတယ်။ သူတို့က သူတို့ရဲ့ ခန္ဓာကိုယ်ကို မိစ္ဆာသားရဲတွေနဲ့ ပေါင်းစပ်ဖို့ ထူးခြားတဲ့ နည်းလမ်းတွေကို အသုံးပြုကြရသလို မိစ္ဆာဝိညာဉ် တွေကိုလည်း သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်လှောင်ထားရပါတယ်။
မိစ္ဆာလမ်းစဉ်ရဲ့ ကျင့်စဉ်တွေက အလွန်အစွမ်းထက်ပေမဲ့ အဲဒီမိစ္ဆာဝိညာဉ်တွေက နောက်ဆုံးမှာတော့ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ ဖြစ်လာတတ်ပါတယ်။ ကျင့်ကြံမှု ကြာလာတာနဲ့အမျှ ပြဿနာတွေ အလွယ်တကူ ပေါ်လာနိုင်ပါတယ်။ အကောင်းဆုံး အခြေအနေမှာ မိစ္ဆာဝိညာဉ်ရဲ့ ဝါးမျိုခြင်းကို ခံရမှာ ဖြစ်ပြီး အဆိုးဆုံး အခြေအနေမှာတော့ သူတို့ရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်ပါ လုံးဝ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် သခင်အနေနဲ့ သေချာစဉ်းစားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်”
ထိုစကားကို ကြားသော်လည်း မုန့်ဝမ်၏ အမူအရာမှာ များစွာ ပြောင်းလဲခြင်း မရှိပေ။ မိစ္ဆာလမ်းစဉ်ဂိုဏ်း၏ ကျင့်စဉ်များကို ကျင့်ကြံခြင်းမှ ရရှိမည့် ခွန်အားနှင့် မွေးရာပါ နတ်ဘုရားစွမ်းရည်များနှင့် နှိုင်းယှဉ်လျှင် ဤစွန့်စားမှုလေးမှာ မပြောပလောက်ပေ။
မိစ္ဆာလမ်းစဉ်ဂိုဏ်းသည် ရွှမ်ယင်ဂိုဏ်း၏ ကြီးမြတ်သော လမ်းစဉ်ခုနစ်သွယ်တွင် တစ်ခုအဖြစ် ပါဝင်နိုင်ပြီး သွေးလမ်းစဉ်၊ တစ္ဆေလမ်းစဉ်တို့နှင့် ရင်ပေါင်တန်းနိုင်ခြင်းကပင် ၎င်း၏ စွမ်းအားနှင့် ထူးခြားမှုကို သက်သေပြနေခြင်း ဖြစ်ပေသည်။
မိစ္ဆာဝိညာဉ်များ ရှိနေလျှင်လည်း သွေးပင်လယ်အတွင်း၌သာ နှိမ်နင်းထားလိုက်မည် ဖြစ်၏။ အကယ်၍ ၎င်းတို့က တော်လှန်ရန် ကြိုးစားပါက တိုက်ရိုက် ချေမှုန်းပစ်ရုံသာ ရှိပေသည်။
“ငါ စဉ်းစားပြီးပြီ”
မုန့်ဝမ်၏ နှုတ်ခမ်းမှာ အနည်းငယ် ကွေးညွတ်သွားပြီး သူမ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဖြစ်၏။ အလင်းစီးကြောင်းလိပ်ပြာ၏ ထွက်ပြေးနိုင်စွမ်းမှာ အလွန်ပင် ကောင်းမွန်လှသဖြင့် သူမအနေဖြင့် ၎င်းကို သေချာပေါက် ရယူရမည် ဖြစ်ပေသည်။
“ငါ မိစ္ဆာလမ်းစဉ်ဂိုဏ်းက ကျင့်ကြံသူတချို့ကို သွားဖမ်းပြီး စစ်ဆေးမယ်။ ပြီးရင် သူတို့ရဲ့ စိတ်ကို တိုက်ရိုက် ဖတ်ပြီး ငါ့အတွက် ကျင့်စဉ်တွေကို ရယူပေးရမယ်”
“ဒါကတော့ နည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့... သခင်က သွေးလမ်းစဉ်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေတာပဲ၊ ဘာဖြစ်လို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းရဲ့ ကျင့်စဉ်တွေကို သင်ဖို့ ကြိုးစားနေတာလဲ” နှလုံးသားစားပိုးကောင်က နားမလည်နိုင်စွာ မေးမြန်းသည်။ “သွေးလမ်းစဉ်ရဲ့ သွေးလွတ်မြောက်ခြင်းအတတ်က အလင်းစီးကြောင်းလိပ်ပြာရဲ့ မွေးရာပါ စွမ်းရည်ထက် အနည်းငယ် နိမ့်ကျနေတာ မှန်ပေမဲ့ ထွက်ပြေးဖို့အတွက်ဆိုရင်တော့ လုံလောက်နေတာပဲ မဟုတ်လား”
“အသက်ရှင်ဖို့ နည်းလမ်းတွေ အများကြီး ရှိနေတာကို ဘယ်သူက ငြင်းမှာလဲ။ အလင်းစီးကြောင်းလိပ်ပြာရဲ့ မွေးရာပါ စွမ်းရည်က သွေးလမ်းစဉ်နဲ့ မတူညီတဲ့ စွမ်းအားစနစ် တစ်ခုပဲ။ အကယ်၍ တစ်နေ့မှာ ငါ အင်အားကြီးတဲ့ ရန်သူနဲ့ တွေ့ပြီး သွေးပင်လယ်က ပိတ်လှောင်ခံထားရမယ်ဆိုရင်တောင် ငါ့မှာ ခုခံနိုင်စွမ်း ရှိနေဦးမှာပဲ”
ဤသို့ တွေးလိုက်မိချိန်တွင် မုန့်ဝမ်သည် မိစ္ဆာလမ်းစဉ်ဂိုဏ်း၏ ကျင့်စဉ်များကို ရယူရန် ပို၍ပင် ပြတ်သားသွားတော့သည်။ သူမသည် ခါးမှ တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး အခြားတောင်ထိပ်သခင် ငါးဦးထံသို့ တိုက်ပွဲဝင် သတင်းစကား တစ်စောင် ပေးပို့လိုက်၏။ သူတို့၏ တပည့်များကို ခေါ်ဆောင်ကာ သွေးငန်းတောင်သို့ ချက်ချင်း လာရောက် စုဖွဲ့ကြရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ပေသည်။
မကြာမီမှာပင် အခြားတောင်ထိပ်သခင် ငါးဦးမှာ အမိန့်ကို လက်ခံရရှိသွားကြသည်။ မုန့်ဝမ်သည် ကျူးယုံကို အနိုင်ယူလိုက်ပြီဖြစ်ကြောင်း သိရှိရချိန်တွင် သူတို့ အားလုံးမှာ အလွန်ပင် ဝမ်းသာသွားကြပြီး သူတို့၏ စစ်တပ်များကို ချက်ချင်း စုစည်းကာ တပည့်များကို ဦးဆောင်၍ အပြေးအလွှား ရောက်ရှိလာကြတော့သည်။
အားလုံး စုံလင်သွားချိန်တွင် မုန့်ဝမ်သည် အမိန့်ပေးလိုက်ရာ ကြီးကျယ်ခမ်းနားသော စစ်တပ်ကြီးမှာ ကျူးယုံ၏ နယ်မြေထံသို့ ဦးတည်ကာ ချီတက်သွားတော့သည်။ ဤမြင်ကွင်းကြီးကြောင့် ကျင့်ကြံသူ အများအပြားမှာ ရပ်တန့်၍ ကြည့်နေကြရ၏။
“ဟိုး အရှေ့ဆုံးက လူက လောလောဆယ် နာမည်ကြီးနေတဲ့ မုန့်ဝမ် မဟုတ်လား”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျူးယုံ က သွေးငန်းတောင်ကို လာသိမ်းသွားတာလေ။ အခု သူမကို ကြည့်ရတာ ကျူးယုံကို ပြဿနာ သွားရှာတော့မယ့် ပုံပဲ”
“ဒါကတော့ ကြည့်ကောင်းတော့မှာပဲ လာ... ငါတို့လည်း နောက်ကနေ လိုက်ပြီး သွားကြည့်ရအောင် ”
မိုင်ပေါင်း တစ်ထောင်ကျော် ဝေးကွာသော ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းဂူ အတွင်း၌ ကျူးယုံသည် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာများကို ကုသနေစဉ်မှာပင် သူ၏ ခါးရှိ တံဆိပ်ပြားမှာ ရူးသွပ်စွာ တုန်ခါလာ၏။ ကျူးယုံသည် တံဆိပ်ပြားကို ကြည့်လိုက်ရာ မုန့်ဝမ် လာရောက် တိုက်ခိုက်နေပြီဖြစ်ကြောင်း သတင်းကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး သွေးတစ်လုပ် ထွေးထုတ်လိုက်ရတော့သည်။
“တောက် ဒီ မုန့်ဝမ် က ဘာဖြစ်လို့ ဒီလောက်အထိ ဒုက္ခပေးနေရတာလဲ ”
သူသည် သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်ထားရာ ပြင်းထန်သော နာကျင်မှုကြောင့် အသက်ရှူရန်ပင် ခက်ခဲနေချေသည်။
“တောင်ထိပ်သခင်... အခု... အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ” တံဆိပ်ပြားမှတစ်ဆင့် တုန်ရီသော အသံတစ်ခု ထွက်ပေါ်လာသည်။ “မုန့်ဝမ်... သူမက လူမင်တောင်နဲ့ မိုင်နှစ်ရာတောင် မဝေးတော့ဘူး ”
ကျူးယုံသည် တံဆိပ်ပြားကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ “အမိန့်ထုတ်လိုက်စမ်း လူမင်တောင်က တပည့်တွေ အားလုံး အဲဒီကနေ ချက်ချင်း ထွက်ခဲ့ကြပြီး ဟူရှောင်တောင်ထိပ်ကို ဆုတ်ခွာခဲ့ကြ ”
“...ဟုတ်ကဲ့ပါ ”
သူသည် မုန့်ဝမ်၏ သွေးငန်းတောင်ကို သိမ်းပိုက်ခဲ့သဖြင့် သူမဘက်မှလည်း ပြန်လည် တုံ့ပြန်လာခြင်း ဖြစ်ပေသည်။ သူ ရှုံးနိမ့်သွားပြီဖြစ်ရာ လူမင်တောင်ကို စွန့်လွှတ်လိုက်ပြီး ၎င်းကို သူမအတွက် လျော်ကြေးအဖြစ် ပေးအပ်လိုက်ရတော့သည်။
မုန့်ဝမ်သည် သူမ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ လူမင်တောင်သို့ ရောက်ရှိလာ၏။ တောင်အတွင်း၌ ကာကွယ်ရေးများ အားနည်းနေသည်ကို မြင်သောအခါ သူမသည် အားနာခြင်းမရှိဘဲ ထိုတောင်ကို သူမ၏ ပိုင်နက်အဖြစ် သတ်မှတ်လိုက်တော့သည်။
လူမင်တောင်ကို ထိန်းချုပ်ရန်အတွက် တပည့်အချို့ကို ချန်ထားရစ်ခဲ့ပြီးနောက် မုန့်ဝမ်သည် ကျန်ရှိသော ကျင့်ကြံသူများကို ဦးဆောင်ကာ ဟူရှောင် (Tiger Roar) တောင်ထိပ်သို့ ဟိန်းဟောက်၍ ချီတက်သွားပြန်သည်။ ကျူးယုံသည် ထိုသတင်းကို ရရှိချိန်တွင် ထိတ်လန့်မှုနှင့် ဒေါသများဖြင့် ပြည့်နှက်သွားရကာ သွေးအဟောင်းများကို ထပ်မံ ထွေးထုတ်လုနီးပါး ဖြစ်သွားရ၏။
ဤမုန့်ဝမ်၏ လောဘမှာ တကယ်ပင် ကြီးမားလှပေသည်။ လူမင်တောင် တစ်လုံးတည်းနှင့် အားမရဘဲ ဟူရှောင်တောင်ထိပ်ကိုပါ သိမ်းပိုက်ရန် ကြိုးစားနေသည် မဟုတ်ပါလော။
အခန်း (၁၂၇) - ငါ့မှာ တောင်းဆိုချက်တချို့ ရှိတယ်
“ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ သခင်ကျူးယုံ။ ရန်သူက အရှိန်အဟုန်နဲ့ ချီတက်လာပြီး ဟူရှောင် တောင်ထိပ်ကို တိုက်ရိုက် ဦးတည်နေပြီ။ ကျွန်တော်တို့ တိုက်မှာလား ဒါမှမဟုတ် တခြားနည်းလမ်း သုံးမှာလား”
“ငါတို့က လူမင် တောင်ကို အလျော်အစားအဖြစ် ပေးပြီး တစ်လှမ်းဆုတ်ပေးခဲ့ပြီးပြီ။ ဒါကို သူမက အားမရဘဲ နယ်မြေချဲ့ထွင်ဖို့ ကြံစည်နေတုန်းပဲ။ ငါတို့ မိစ္ဆာလမ်းစဉ်မှာ လူမရှိတော့ဘူးလို့ သူမ တကယ်ပဲ ထင်နေတာလား”
“သခင်ကျူးယုံ... ကျွန်တော်တို့ ထပ်ပြီး ဆုတ်ခွာလို့ မဖြစ်တော့ဘူးလေ”
တောင်ထိပ်သခင် တစ်စုမှာ ဒေါသထွက်နေကြပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြသော်လည်း ကျူးယုံက အသက်ကို ပြင်းပြင်းရှူကာ ရုတ်တရက် ဟိန်းဟောက်လိုက်၏။
“တော်စမ်း ”
သူသည် လက်သီးကို တင်းတင်းဆုပ်ကာ ရင်ထဲရှိ အရှက်ရမှုကို ဖိနှိပ်လိုက်ရင်း လက်ထဲမှ တံဆိပ်ပြားမှတစ်ဆင့် အမိန့်ထုတ်ပြန်လိုက်ပေသည်။
“ဟူရှောင်တောင်ထိပ်ကို သူမဆီ ပေးလိုက်စမ်း။ အားလုံး လိပ်ကြီးတောင် ဆီကို ဆုတ်ခွာခဲ့ကြ”
“သခင်ကျူးယုံ...”
ဟူရှောင်တောင်ထိပ်၏ တောင်ထိပ်သခင်မှာ ထပ်မံ ငြင်းဆိုရန် ကြိုးစားသော်လည်း ကျူးယုံ၏ အေးစက်စက် အသံကို ကြားလိုက်ရ၏။ “နင်က ငါ့စကားကိုတောင် နားမထောင်တော့ဘူးလား”
“...ဟုတ်ကဲ့ပါ သခင်”
ဟူရှောင်တောင်ထိပ်သခင်သည် မကျေမနပ်ဖြစ်မှုကို အောင့်အည်းလျက် တောင်ပေါ်ရှိ တပည့်များနှင့် လူမင်တောင်မှ ဆုတ်ခွာလာသော တပည့်များကို ဦးဆောင်ကာ လိပ်ကြီးတောင်သို့ နာကျည်းစွာဖြင့် ဆုတ်ခွာသွားရလေသည်။
မိစ္ဆာလမ်းစဉ်သားများ ဆုတ်ခွာသွားသည်နှင့် မုန့်ဝမ်သည် သူမ၏ လူများကို ဦးဆောင်ကာ ဟူရှောင်တောင်ထိပ်ကို သိမ်းပိုက်လိုက်၏။
တောင်ကို ထိန်းချုပ်ရန် တပည့်အချို့ကို ချန်ထားရစ်ခဲ့ပြီးနောက် မုန့်ဝမ်သည် အဓိက စစ်တပ်ကြီးကို ဦးဆောင်ကာ လိပ်ကြီးတောင်ထံသို့ ဆက်လက် ဖိအားပေး ချီတက်သွားပြန်သည်။
မုန့်ဝမ်၏ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်နေသော ကျူးယုံသည် ထိုသတင်းကို ချက်ချင်း သိလိုက်ရ၏။
“မုန့်ဝမ် နင်ကတော့ လွန်လွန်ကဲကဲ လုပ်နေပြီ ”
ကျူးယုံသည် ဒေါသကြောင့် သွားကြိတ်လိုက်မိပေသည်။ သူသည် လူမင်တောင်နှင့် ဟူရှောင်တောင်ထိပ်ကို သူမထံသို့ ကိုယ်တိုင် ပေးအပ်ခဲ့ပါလျက်နှင့် သူမက ရပ်တန့်ရန် ငြင်းဆန်နေသေးသည် မဟုတ်ပါလား။ ဤသည်မှာ သည်းခံနိုင်စွမ်းထက် ကျော်လွန်သွားချေပြီ။
ကျူးယုံသည် ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ ကျင့်ကြံခြင်းဂူမှ ဒေါသတကြီး ထွက်လာကာ အလင်းစီးကြောင်းလိပ်ပြာ အတတ်ကို အသုံးပြု၍ လိပ်ကြီးတောင်ထံသို့ အပြေးအလွှား ရောက်ရှိလာတော့သည်။
လိပ်ကြီးတောင်၏ ရှေ့မှောက်တွင် မုန့်ဝမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး အစောင့်အကြပ် ထူထပ်လှသော လိပ်ကြီးတောင်ကို အေးစက်သော အကြည့်ဖြင့် ကြည့်နေ၏။ တောင်လေများ တိုက်ခတ်နေသဖြင့် သူမ၏ ဝတ်ရုံစများမှာ လေထဲတွင် လွင့်ပျံနေပေသည်။
သူမ၏ နောက်ကွယ်တွင် နီဖေလန်၊ ရှဲ့ကွမ်းယိနှင့် အခြား တောင်ထိပ်သခင်များမှာ တည်ငြိမ်စွာ ရပ်နေကြ၏။ ထိုသူတို့၏ နောက်ကွယ်တွင်မူ သွေးလမ်းစဉ်ဂိုဏ်းသား တပည့်များစွာ စုရုံးနေကြရာ သူတို့၏ အရှိန်အဝါမှာ သက်တံကဲ့သို့ ကောင်းကင်သို့ တိုင်နေချေသည်။
ကျူးယုံသည် လိပ်ကြီးတောင်ပေါ်မှနေ၍ မုန့်ဝမ်နှင့် သွေးလမ်းစဉ်ဂိုဏ်းသားများကို ကြည့်လိုက်ရာ မျက်နှာမှာ ပြာနှမ်းသွားရ၏။ သူသည် အသက်ကို ပြင်းပြင်းရှူကာ ရင်ထဲမှ ဒေါသကို ထိန်းချုပ်လိုက်ပြီး မုန့်ဝမ်တို့နှင့် လေထဲတွင် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ပေသည်။
“မုန့်ဝမ် နင် ငါ့ရဲ့ လူမင်တောင်နဲ့ ဟူရှောင်တောင်ထိပ်ကို ယူသွားခဲ့ပြီ။ ငါက ဒီလောက်အထိ ဆုတ်ပေးထားတာတောင် နင်က ဘာတွေ ထပ်ပြီး လိုချင်နေသေးတာလဲ”
မုန့်ဝမ်၏ နှုတ်ခမ်းများမှာ ကွေးညွတ်သွားပြီး သူ့ကို အေးစက်က် အကြည့်ဖြင့် ကြည့်လိုက်၏။
“ကျူးယုံ... နင် ငါ့ရဲ့ သွေးငန်းတောင်မှာရှိတဲ့ တပည့်တွေ အများကြီးကို သတ်ခဲ့တာပဲ။ အခု ငါက တောင်ထိပ်နှစ်ခုပဲ ပြန်ယူရသေးတာဆိုတော့ ဒါက နင့်အတွက် သက်သာလွန်းနေတယ်လို့ မထင်ဘူးလား”
ကျူးယုံ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ “နင်ကတော့ အဓိပ္ပာယ်မရှိတာတွေကို လုပ်နေတာပဲ”
မုန့်ဝမ်က သူ၏ စကားကို ဂရုမစိုက်ဘဲ တိုက်ခိုက်ရန် တိုက်ရိုက် အမိန့်ပေးလိုက်ပေသည်။
“နေဦး ”
ကျူးယုံက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏ စကားများတွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များ ပါဝင်လာ၏။ “မုန့်ဝမ်... နင့်အနေနဲ့ ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာ သိဖို့ ငါ အကြံပေးချင်တယ်။ ငါ ရှုံးနိမ့်သွားတာ မှန်ပေမဲ့ ငါတို့ မိစ္ဆာလမ်းစဉ်မှာ နတ်သားတော်အလျောင်းအလျာ ဆိုတာ ငါတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး။ အကယ်၍ နင်က အတင်းအကြပ် ငါ့ကို လာတွန်းအားပေးနေမယ်ဆိုရင်တော့ ငါ့ဘက်က အကူအညီတချို့ကို ဖိတ်ခေါ်ရလိမ့်မယ်”
မုန့်ဝမ်၏ မျက်လုံးများ အနည်းငယ် မှေးစပြုလာ၏။ “နင် ငါ့ကို ခြိမ်းခြောက်နေတာလား”
“ငါက သတိပေးနေတာ ”
ကျူးယုံက မုန့်ဝမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ဒီကိစ္စကို ငါ အရင်စခဲ့တာဖြစ်သလို ငါ့ရဲ့ ခွန်အားက နိမ့်ကျနေတာကိုလည်း ငါ ဝန်ခံတယ်။ နင့်ကို လူမင်တောင်နဲ့ ဟူရှောင်တောင်ထိပ်ကို ငါ ကိုယ်တိုင် ပေးခဲ့ပြီးပြီ။ အကယ်၍ နင်က ထပ်ပြီး ကံကောင်းချင်နေဦးမယ်ဆိုရင်တော့ ငါ့ဘက်ကလည်း မျက်နှာသာ ပေးနေမှာ မဟုတ်တော့ဘူး”
မုန့်ဝမ်၏ နောက်ကွယ်မှ တောင်ထိပ်သခင် အချို့မှာလည်း စိုးရိမ်ပူပန်မှုများဖြင့် စကားဆိုလာကြ၏။
“ဟုတ်ပါတယ် သခင်... ကျွန်မတို့ သွေးမြေမကျဘဲ လူမင်တောင်နဲ့ ဟူရှောင်တောင်ထိပ်ကို ရရှိခဲ့တာပဲ။ ဒီလောက်နဲ့တင် ရပ်တန့်သင့်ပါပြီ”
“အကယ်၍ ကျူးယုံကို တကယ်ပဲ ဒေါသထွက်အောင် လုပ်မိလို့ သူက မိစ္ဆာလမ်းစဉ်က တခြား နတ်သားတော်အလျောင်းအလျာတွေကို အဖိုးအခပေးပြီး ဖိတ်ခေါ်လိုက်မယ်ဆိုရင် ကျွန်မတို့ ရထားတဲ့ အကျိုးအမြတ်တွေတောင် ပြန်ဆုံးရှုံးသွားနိုင်တယ်လေ”
ထိုစကားများကို ကြားရသောအခါ မုန့်ဝမ်၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားချေသည်။
“ငါ့ကို ရပ်တန့်စေချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက်တချို့ ရှိတယ်”
ကျူးယုံမှာ အနည်းငယ် သက်ပြင်းချနိုင်သွားသော်လည်း သူ၏ မျက်နှာမှာ တင်းမာနေဆဲ ဖြစ်၏။ “နင့်ရဲ့ တောင်းဆိုချက်တွေက ဘာလဲ... ပြောစမ်းပါ”
မုန့်ဝမ်က ခေါင်းအသာအယာ ညိတ်ပြလိုက်ပြီး အားလုံးကို တိုက်ခိုက်မှု ရပ်တန့်ရန် အချက်ပြလိုက်၏။ ထို့နောက် သူမသည် လက်ရာမြောက်လှသော လေသင်္ဘော တစ်စင်းကို ထုတ်ယူလိုက်ရာ ၎င်းမှာ လိပ်ကြီးတောင်၏ အထက်သို့ ဖြည်းညှင်းစွာ တက်လာပြီးနောက် ရပ်တန့်သွား၏။ သူမသည် ကျူးယုံကို ဆွေးနွေးရန်အတွက် လေသင်္ဘောပေါ်သို့ တက်လာရန် အချက်ပြလိုက်လေသည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကျူးယုံသည် မုန့်ဝမ်၏ နောက်သို့ လိုက်ပါကာ လေသင်္ဘောပေါ်သို့ တက်လာခဲ့၏။ သူတို့ နှစ်ဦးသည် လေသင်္ဘောအတွင်းရှိ အခန်းထဲတွင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြရာ လေထုမှာ အနည်းငယ် လေးလံနေပေသည်။
“ကျင့်ကြံသူကျူး... အဲဒီလောက်အထိ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။ တကယ်တော့ ငါ့မှာ ကြီးကြီးမားမား တောင်းဆိုချက်တွေ မရှိပါဘူး”
မုန့်ဝမ်က သာမန်ကာလျှံကာ လေသံဖြင့် အသာအယာ ပြုံး၍ ဆိုလိုက်၏။
“ငါက နင်တို့ မိစ္ဆာလမ်းစဉ်ရဲ့ ကျင့်စဉ်တွေကို သိပ်ပြီး စိတ်ဝင်စားလို့ပါ။ နင် ကျင့်ကြံနေတဲ့ ကျင့်စဉ်မိတ္တူတစ်ခု ငါ့ကို ပေးမယ်ဆိုရင် ငါ ဒီမှာတင် ရပ်တန့်ပေးမယ်။ နင့်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ နယ်မြေတွေကိုလည်း ထပ်ပြီး မကျူးကျော်ဘူးလို့ ငါ အာမခံနိုင်တယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျူးယုံ၏ မျက်နှာ ပျက်သွားရချေသည်။ သူမက သူ၏ ကျင့်စဉ်ကို တိုက်ရိုက် တောင်းဆိုနေပါလျက်နှင့် ကြီးကြီးမားမား တောင်းဆိုချက် မဟုတ်ဘူးဟု ဆိုနေသည် မဟုတ်ပါလား။
သူသည် လေးနက်သော အသံဖြင့် ဆိုလိုက်၏။ “မုန့်ဝမ်... အရမ်းလည်း လောဘမကြီးပါနဲ့ဦး ကျင့်စဉ်ဆိုတာ ကျင့်ကြံသူတိုင်းရဲ့ တည်ရှိမှု အခြေခံပဲလေ။ ဒါကို တခြားသူဆီ ဘယ်လိုလုပ် အလွယ်တကူ ပေးလို့ ရမှာလဲ”
မုန့်ဝမ်က တိုးညင်းစွာ ရယ်မောလိုက်သည်။ “ကျင့်ကြံသူကျူး ရဲ့ ဆိုလိုရင်းက ဆွေးနွေးစရာ မရှိတော့ဘူးလို့ ပြောတာလား”
“ငါ သိထားသလောက်တော့ တခြား နတ်သားတော်အလျောင်းအလျာတွေကို ဖိတ်ခေါ်ဖို့ ကုန်ကျစရိတ်က မနည်းဘူး မဟုတ်လား။ ငါ လိုချင်တာက ကျင့်စဉ်တစ်ခုတည်းပါ။ နင်က တကယ်ပဲ အသေအလဲ တိုက်ဖို့ ပြင်ဆင်ထားတာလား”
ထိုစကားကို ကြားသောအခါ ကျူးယုံ၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲသွားတော့သည်။ မိစ္ဆာလမ်းစဉ်မှ အခြား နတ်သားတော်အလျောင်းအလျာများကို အဖော်စပ်ရန်၊ အထူးသဖြင့် အဆင့်တူ ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်ရန်အတွက်ဆိုလျှင် သူတို့ကို စိတ်လှုပ်ရှားစေမည့် အကျိုးအမြတ်များစွာ ပေးရမည် ဖြစ်ပေသည်။
သူသည် မိစ္ဆာအသက် လေးခု ဆုံးရှုံးသွားခဲ့ရပြီးဖြစ်ရာ သူ၏ ခွန်အားမှာ ထက်ဝက်ခန့် ပျက်စီးသွားခဲ့ပြီ ဖြစ်သဖြင့် ဤအဆင့်ရှိ တိုက်ပွဲတွင် များစွာ အသုံးမဝင်တော့ချေ။
ထို့ကြောင့် မုန့်ဝမ်ကို ရင်ဆိုင်ရန်အတွက် သူသည် အနည်းဆုံး တောင်ထိပ်နှစ်ခုစာ အကျိုးအမြတ်ကို ပေးအပ်ပြီး နတ်သားတော်အလျောင်းအလျာ နှစ်ဦးကို ဖိတ်ခေါ်ရလိမ့်မည် ဖြစ်၏။ ကျူးယုံသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင်တော့ လိုက်လျောရန် ဆုံးဖြတ်လိုက်ရတော့သည်။
“ငါ့ဆီမှာ ကျင့်စဉ်မရှိဘူး”
ကျူးယုံ၏ လေသံမှာ တိုးညင်းလှပေသည်။ “သာမန်ကျင့်စဉ်တွေမှာ အားနည်းချက်တွေ အများကြီး ရှိတယ်။ မိစ္ဆာလမ်းစဉ်ရဲ့ ကောင်းမွန်တဲ့ ကျင့်စဉ်တွေအားလုံးက သန့်စင်ရာနယ်မြေ ကနေ လာတာပဲ။ အဲဒါတွေကို သင်ယူဖို့ဆိုရင် သန့်စင်ရာနယ်မြေကို ကိုယ်တိုင်သွားပြီး နားလည်အောင် လုပ်ရုံပဲ ရှိတယ်”
မုန့်ဝမ်က မသိမသာ မျက်မှောင်ကြုတ်လိုက်၏။ နှလုံးသားစားပိုးကောင် နှင့် ဆက်သွယ်ပြီး ကျူးယုံမှာ လိမ်ညာနေခြင်း မဟုတ်ကြောင်း အတည်ပြုပြီးနောက် သူမ စကားဆိုလိုက်သည်။
“သွေးလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ငါ မိစ္ဆာလမ်းစဉ် သန့်စင်ရာနယ်မြေထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်း ရှိလား”
ကျူးယုံက ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ဆိုလိုက်ပေသည်။ “ကြီးမြတ်သော သန့်စင်ရာနယ်မြေ ခုနစ်ခုက သူတို့ရဲ့ လမ်းစဉ်ကို ကျင့်ကြံတဲ့ တပည့်တွေအပေါ်မှာတော့ အလွန် လျှော့ပေါ့ပေးထားပါတယ်။ ဝိညာဉ်ကျောက်တုံး ပေးပြီး ဝင်လို့ ရတယ်လေ။
ဒါပေမဲ့ တခြားလမ်းစဉ်ကို ကျင့်ကြံတဲ့ တပည့်တွေအတွက်တော့ အလွန် တင်းကျပ်တယ်။ သန့်စင်ရာနယ်မြေက သတ်မှတ်ထားတဲ့ စမ်းသပ်မှုတွေကို အောင်မြင်မှပဲ ဝင်ခွင့်ရမှာ...........”
မုန့်ဝမ်က မျက်ခုံးပင့်လိုက်မိ၏။ သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသည်မှာ အချိန်တိုတောင်းလှသဖြင့် ဤကဲ့သို့သော အကြောင်းအရာကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။
သူမအနေဖြင့် စိတ်ဝင်စားသွားရကာ “သန့်စင်ရာနယ်မြေမှာ ဘယ်လို စမ်းသပ်မှုမျိုးတွေ ရှိတာလဲ။ အသေးစိတ် ပြောပြစမ်းပါဦး”
ကျူးယုံ၏ အမူအရာမှာ တည်ကြည်လေးနက်သွား၏။ “သန့်စင်ရာနယ်မြေရဲ့ စမ်းသပ်မှုတွေက အလွန် အန္တရာယ်များပါတယ်။ အမှားအယွင်း အနည်းငယ် ရှိရုံနဲ့ တစ်ဦးတစ်ယောက်ရဲ့ ဝိညာဉ်အာရုံကို ထိခိုက်စေနိုင်သလို သေဆုံးပြီး လမ်းစဉ် ပျက်စီးသွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ကျင့်ကြံသူမုန့် အနေနဲ့ အဲဒါကို အပေါ့အပါး မစမ်းသပ်ကြည့်ဖို့ ငါ အကြံပေးချင်တယ်”
မုန့်ဝမ်က ခပ်တိုးတိုး ရယ်လိုက်၏။ “စမ်းသပ်မလား၊ မစမ်းသပ်ဘူးလား ဆိုတာကတော့ ငါ့ရဲ့ အပိုင်းပဲလေ။ နင် သိထားတာတွေကို အမှန်အတိုင်း ပြောပြဖို့ပဲ လိုတယ်”
ကျူးယုံမှာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင်တော့ စကားဆိုလာတော့သည်။
“သန့်စင်ရာနယ်မြေ တစ်ခုချင်းစီရဲ့ စမ်းသပ်မှုက မတူညီကြဘူး။ ဒါပေမဲ့ အားလုံးကတော့ အဲဒီလမ်းစဉ်ရဲ့ ကျင့်စဉ်လက္ခဏာတွေနဲ့ပဲ ဆက်နွှယ်နေတာပါ။ ငါတို့ မိစ္ဆာလမ်းစဉ်ရဲ့ သန့်စင်ရာနယ်မြေ စမ်းသပ်မှုကိုတော့ 'မိစ္ဆာပုံရိပ်နယ်မြေ' လို့ ခေါ်တယ်။ ကျင့်ကြံသူတစ်ယောက် အဲဒီထဲကို ဝင်လိုက်တာနဲ့ သူတို့မှာ ရှိတဲ့ ကျင့်ကြံသူစွမ်းရည် အများစုကို ဆုံးရှုံးသွားရလိမ့်မယ်။ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ ပုံသဏ္ဌာန်နဲ့ ထူးဆန်းတဲ့ ပုံရိပ်ယောင် စမ်းသပ်မှုမျိုးစုံကို ရင်ဆိုင်ရမှာပါ။ အမှားအယွင်း အနည်းငယ်က သေခြင်းတရားကို ခေါ်ဆောင်လာနိုင်သလို... နောက်ပြီးတော့...”
သူသည် ခေတ္တမျှ ရပ်နားလိုက်ပြီး တိုးညင်းသော လေသံဖြင့် ဆက်ပြောလိုက်၏။ “နတ်သားတော်အလျောင်းအလျာ အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူ အများအပြားတောင် အဲဒီထဲမှာ ပျက်စီးသွားခဲ့ရဖူးတယ်”
အခန်း (၁၂၈) - ရွှယ်လျန်ကျိ၏ ထိတ်လန့်တုန်လှုပ်မှု
မုန့်ဝမ်၏ မျက်ဝန်းများမှာ လေးနက်သော အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သန့်စင်ရာနယ်မြေ အသီးသီးမှ ချမှတ်ထားသော စမ်းသပ်မှုများ၏ နောက်ကွယ်မှ နက်နဲသော အဓိပ္ပာယ်ကို သူမ ခန့်မှန်းမိပေသည်။
ဤသည်မှာ တပည့်များအနေဖြင့် မိမိတို့၏ လမ်းစဉ်အပေါ် စိတ်နှလုံးမယိုင်လဲစေရန် တားဆီးခြင်း ဖြစ်သလို လမ်းစဉ်အသွယ်သွယ်ကို လေ့လာလိုသော ပါရမီရှင်များအတွက်လည်း လမ်းစတစ်ခု ချန်ထားပေးခြင်း ဖြစ်ပေသည်။
စိတ်ဝင်စားစရာပဲ။ အကယ်၍ အခွင့်သာခဲ့လျှင် 'မိစ္ဆာပုံရိပ်နယ်မြေ' ၏ နက်နဲမှုများကို သေချာပေါက် သွားရောက် ကြည့်ရှုရပေမည်။
ကျူးယုံသည် မုန့်ဝမ်၏ စိတ်ဝင်စားမှုကို မြင်သောအခါ အတွင်းစိတ်၌ လှောင်ပြောင်နေသော်လည်း မျက်နှာပြင်တွင်မူ ထုတ်မပြရဲချေ။
“ငါ သိသမျှ အားလုံးကို အမှန်အတိုင်း ပြောပြပြီးပြီ။ ကျင့်ကြံသူမုန့် အနေနဲ့ ကတိအတိုင်း မင်းရဲ့ စစ်တပ်တွေကို ချက်ချင်း ရုပ်သိမ်းပြီး ဒီနေရာကနေ ထွက်သွားလိမ့်မယ်လို့ မျှော်လင့်တယ်”
မုန့်ဝမ်က ကျူးယုံကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်၏။
“ဒီလို သတင်းစကားမျိုးက သက်တမ်းရင့်တဲ့ တပည့်တချို့ကို မေးမြန်းကြည့်ရုံနဲ့ အလွယ်တကူ သိနိုင်တာပဲလေ။ ကျင့်ကြံသူကျူး... နင့်ဘက်က ပေးတဲ့ အဖိုးအခက နည်းနည်းတော့ နည်းလွန်းနေသေးတယ်”
“နင်က ကတိဖျက်ချင်တာလား”
ကျူးယုံ၏ အမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားရ၏။ “ငါတို့ မိစ္ဆာလမ်းစဉ် သန့်စင်ရာနယ်မြေရဲ့ အကြောင်းက လူတိုင်း သိနိုင်တာ မဟုတ်ဘူး။ သန့်စင်ရာနယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့သူတွေဟာ ဘာကြောင့် သေမှန်းတောင် မသိဘဲ ပျက်စီးသွားကြရတာ။ အကြောင်းရင်းကတော့ သူတို့ ဘာမှ မသိထားကြလို့ပဲ”
“နင် ဒီလေသင်္ဘောပေါ် တက်လာကတည်းက ငါ လိုချင်တာ ကျင့်စဉ်လို့ အတိအလင်း ပြောခဲ့ပြီးသားပဲ” မုန့်ဝမ်က အေးအေးလူလူပင် ဆိုလိုက်၏။ “နင်က ကျင့်စဉ်ကို မပေးနိုင်ဘူးဆိုမှတော့ ငါ့ရဲ့ မေးခွန်းတစ်ခုကို ထပ်ပြီး ဖြေရလိမ့်မယ်”
ကျူးယုံသည် အသက်ကို ပြင်းပြင်းရှူကာ တိုက်ခိုက်လိုစိတ်ကို အတင်းအကျပ် ဖိနှိပ်ထားရပေသည်။ “ဘာမေးခွန်းလဲ”
“နင် ပေါင်းစပ်ထားတဲ့ မိစ္ဆာသားရဲတွေဖြစ်တဲ့ ကျားသစ်နက်၊ ဟောက်ယန်ငှက်၊ ရေခဲဖားပြုပ်၊ နောက်ပြီး အလင်းစီးကြောင်းလိပ်ပြာတွေက ဘယ်ကနေ ရလာတာလဲ”
ဤသည်မှာ ဖြေရခက်သော ကိစ္စမဟုတ်သဖြင့် ကျူးယုံက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။
“ဒီသားရဲတချို့ကို သန့်စင်ရာနယ်မြေကနေ ရခဲ့တာပါ။ တချို့ကိုတော့ ငါကိုယ်တိုင် မိစ္ဆာသားရဲတောင်တန်းတွေကနေ ဖမ်းခဲ့တာ ဖြစ်တယ်။ ကျူးယုံ (ခန္ဓာကိုယ်) နဲ့ အလင်းစီးကြောင်းလိပ်ပြာကတော့ သန့်စင်နယ်မြေကနေ ရခဲ့တာပဲ”
“သူ လိမ်နေတာ သူ အလင်းစီးကြောင်းလိပ်ပြာကို ပျက်စီးနေတဲ့ မိစ္ဆာနယ်မြေတစ်ခုထဲမှာ တွေ့ခဲ့တာ ”
နှလုံးသားစားပိုးကောင်သည် ကျူးယုံ၏ အမှားကို ဖမ်းမိသွားသဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လေတော့သည်။
“ဒါတင်မကသေးဘူး သခင်... သူ့ဆီမှာရှိတဲ့ တခြား မိစ္ဆာသားရဲတွေက တခြားလူတွေဆီကနေ ခိုးယူထားတာ သာမန်ကျင့်စဉ်တွေက တခြားသူ ကျင့်ကြံပြီးသား မိစ္ဆာဝိညာဉ်ကို ခိုးယူလို့ မရပေမဲ့ အဆင့်မြင့်တဲ့ မိစ္ဆာလမ်းစဉ် ကျင့်စဉ်တွေကတော့ သူတစ်ပါး ပိုင်ဆိုင်ပြီးသား မိစ္ဆာဝိညာဉ်ကိုတောင် လုယူနိုင်တယ်လို့ သူ့ရဲ့ စိတ်ထဲမှာ တွေးနေတယ် ”
မုန့်ဝမ်သည် နှလုံးသားစားပိုးကောင်၏ စကားကို နားထောင်နေသော်လည်း အမူအရာ ပြောင်းလဲခြင်း မရှိပေ။
“ငါ သိချင်တာတွေ အကုန် မေးပြီးပြီ။ နင် သွားလို့ ရပြီ။ ဒီနေ့ ကိစ္စက ဒီမှာတင် ပြီးပြီ”
ကျူးယုံမှာ သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိ၏။ အလင်းစီးကြောင်းလိပ်ပြာ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်ခဲ့ပြီဟု သူ ယူဆနေချေပြီ။ ထိုပျက်စီးနေသော မိစ္ဆာနယ်မြေထဲတွင် ထူးခြားသော အရာများကို တွေ့ရှိထားသဖြင့် ၎င်း၏ တည်ရှိမှုကို တခြားသူများအား မသိစေလိုခြင်း ဖြစ်ပေသည်။
သူ ပြန်ရောက်၍ ဒဏ်ရာများ ပျောက်ကင်းသွားပါက ထိုနယ်မြေသို့ ထပ်မံသွားရောက်ပြီး အစွမ်းထက်သော မိစ္ဆာသားရဲများကို ရှာဖွေကာ ပေါင်းစပ်ရပေမည်။ ထိုအခါမှသာ ယနေ့ ဆုံးရှုံးခဲ့ရသမျှကို ပြန်လည် ရယူနိုင်လိမ့်မည် မဟုတ်ပါလား။
ကျူးယုံ လေသင်္ဘောပေါ်မှ ဆင်းသွားသည်နှင့် နှလုံးသားစားပိုးကောင်က မုန့်ဝမ်၏ စိတ်ထဲတွင် ရယ်မောလိုက်၏။
“ဒီအသုံးမကျတဲ့သူက သူတွေးသမျှကို ကျွန်တော် မြင်နေတာတောင် ဟန်ဆောင်နေတုန်းပဲ သခင်... မိစ္ဆာလမ်းစဉ် သန့်စင်ရာနယ်မြေကို ဘယ်တော့သွားဖို့ စီစဉ်ထားလဲ”
“မလောပါနဲ့ဦး”
သန့်စင်ရာနယ်မြေ စမ်းသပ်မှုများအကြောင်း သိရှိပြီးနောက် သူမ ပိုမို တည်ငြိမ်သွားပေသည်။ မိစ္ဆာလမ်းစဉ် သန့်စင်ရာနယ်မြေသို့ သူမ သေချာပေါက် သွားရပေမည်။
အခြားသော လမ်းစဉ်များ၏ သန့်စင်ရာနယ်မြေများသို့လည်း အခွင့်သာလျှင် သွားရောက် ကြည့်ရှုရမည် ဖြစ်၏။ သို့သော် လာမည့် ရက်အနည်းငယ်အတွင်းမှာပင် နတ်သားတော် ၏ လစဉ် ခေါ်ယူတွေ့ဆုံသည့် အချိန်သို့ ရောက်ရှိလာတော့မည် ဖြစ်ပေသည်။
သွေးလမ်းစဉ် နတ်သားတော် နှင့် တွေ့ဆုံပြီးမှသာ မိစ္ဆာလမ်းစဉ် သန့်စင်ရာနယ်မြေသို့ သွားရန် သူမ စီစဉ်ထား၏။ ထုံးတမ်းစဉ်လာအရ နတ်သားတော် ခေါ်ယူသည့်အခါ ၎င်း၏ လက်အောက်ရှိ နတ်သားတော်အလျောင်းအလျာ များအားလုံးသည် နတ်သားတော်အပေါ် ရိုသေမှုနှင့် နာခံမှုကို ပြသရန်အတွက် များပြားလှသော အရင်းအမြစ်များကို လက်ဆောင်အဖြစ် ယူဆောင်လာကြရပေသည်။
နတ်သားတော်သည်လည်း ဤအခွင့်အရေးကို အသုံးပြု၍ နတ်သားတော်အလျောင်းအလျာများ၏ ခွန်အားနှင့် စွမ်းဆောင်ရည်ကို အကဲဖြတ်ကာ ဆုလာဘ်နှင့် အပြစ်ဒဏ်များကို ပေးလေ့ရှိ၏။
လမ်းစဉ်ပြိုင်ပွဲများတွင် မပါဝင်ဘဲ တောင်ထိပ်များမှ ထွက်ခွာ၍ တာဝန်များ ထမ်းဆောင်နေကြသော တပည့်များသည်လည်း လစဉ် မိမိတို့၏ တောင်ထိပ်သခင်များထံသို့ ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များ ပေးဆောင်ရပေသည်။
ထိုအရင်းအမြစ်များ၏ ခုနစ်ဆယ်ရာခိုင်နှုန်းမှာ နောက်ဆုံးတွင် နတ်သားတော်၏ လက်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်၏။
ရက်အနည်းငယ် ကြာပြီးနောက်... ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်မှုကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် (၈) သို့ တက်လှမ်းနိုင်ခဲ့သော ရွှယ်လျန်ကျိသည် ကျင့်ကြံခြင်းဂူမှ ထွက်လာကာ သူမ၏ ချင်းရှာတောင်ထိပ် သို့ အလျင်အစလို ပြန်လာခဲ့ပေသည်။ တောင်ထိပ်ပေါ်ရှိ နန်းတော်ကြီးမှာ တိမ်ခိုးမြူထုများ လွှမ်းခြုံထားသဖြင့် နတ်ဘုံနတ်နန်းသဖွယ် ခမ်းနားလှ၏။
ရွှယ်လျန်ကျိသည် ဤကာလအတွင်း သူမ စုဆောင်းထားသော ဝိညာဉ်ဆေးမြက်များနှင့် သတ္တုရိုင်းများကို တောင်ထိပ်သခင် နီဖေလန် ထံသို့ ရိုသေစွာ ဆက်သလိုက်ပေသည်။ ထို့နောက် တောင်ထိပ်သခင်၏ ညွှန်ကြားချက်ကို နာခံရန် ဘေးတစ်ဖက်တွင် ရိုကျိုးစွာ ရပ်နေ၏။
နီဖေလန်သည် အရင်းအမြစ်များကို လှန်လှောကြည့်ရှုရင်း မကျေမနပ် ဖြစ်နေသော အမူအရာ ပေါ်လာ၏။
“ဒီလောက်ပဲလား။ နင်က လက်နက်သွန်းလုပ်ခြင်း မှာ ကျွမ်းကျင်တယ် မဟုတ်လား။ အခု တင်ပြတဲ့ အရင်းအမြစ်တွေထဲမှာ ဘာဖြစ်လို့ စနစ်တကျရှိတဲ့ ဝိညာဉ်လက်နက် တစ်ခုမှ မပါရတာလဲ”
ရွှယ်လျန်ကျိက အလျင်အမြန် ရှင်းပြလိုက်၏။ “ဒီတပည့်က ဒီကာလအတွင်းမှာ ကျင့်ကြံမှုအတွက်ပဲ ဂူအောင်းနေခဲ့ရလို့ လက်နက်သွန်းလုပ်ဖို့ ဖိုမဖွင့်ဖြစ်ခဲ့လို့ပါ... ဒါကြောင့်...”
“ဂူအောင်းကျင့်ကြံတယ် ဟုတ်လား”
နီဖေလန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ “နင်တို့က အလုပ်သိပ်အားနေပုံပဲ။ ဂူအောင်းကျင့်ကြံဖို့တောင် အချိန်ရနေကြတယ်ပေါ့။ နင်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ... နတ်သားတော်အလျောင်းအလျာ လို့ ထင်နေတာလား”
ရွှယ်လျန်ကျိမှာ ခေါင်းကို ပိုမိုငုံ့ထားလိုက်ပြီး ပြန်လည် မချေပရဲဘဲ တောင်ထိပ်သခင်၏ ဆူပူကြိမ်းမောင်းမှုကိုသာ တိတ်ဆိတ်စွာ ခံယူနေရပေသည်။ နောက်ဆုံးတွင်တော့ ရွှယ်လျန်ကျိမှာ တခြားသော အရင်းအမြစ်များကိုပါ ထပ်မံ ထုတ်ပေးလိုက်ရမှသာ တောင်ထိပ်သခင်၏ ဒေါသမှာ ပြေလျော့သွားတော့သည်။
သူမသည် သက်ပြင်းတစ်ချက် အသာအယာ ချလိုက်ပြီး ခန်းမဆောင်အတွင်းမှ ထွက်လာ၏။ သူမ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ခန်းမအပြင်ဘက်ရှိ တပည့်အချို့၏ ပြောဆိုသံများကို ကြားလိုက်ရပေသည်။
“ငါ ကြားတာတော့ အသစ်ခန့်အပ်ခံရတဲ့ နတ်သားတော်အလျောင်းအလျာက ကျိကျိကွမ်း ကို သတ်ပြီးတဲ့နောက် မိစ္ဆာလမ်းစဉ်က နတ်သားတော်အလျောင်းအလျာ ကျူးယုံကိုပါ အနိုင်ယူလိုက်တယ်တဲ့။ ကျူးယုံဆီကနေ တောင်ထိပ်နှစ်ခုတောင် သိမ်းပိုက်လိုက်တာတဲ့လေ”
“ဟုတ်တာပေါ့။ ငါတို့ရဲ့ သွေးငန်းတောင်ကို လာသိမ်းသွားတဲ့ အဲဒီကျူးယုံက တောင်ကို ပြန်ပေးရရုံတင် မကဘူး၊ နောက်ဆုံးမှာ တောင်းပန်တိုးလျှိုးခဲ့ရတယ်လို့ ပြောကြတယ်”
ထိုစကားများကို ကြားရသောအခါ ရွှယ်လျန်ကျိမှာ ဂုဏ်ယူဝင့်ကြွသလို ခံစားလိုက်ရ၏။ နတ်သားတော်အလျောင်းအလျာ တစ်ဦး၏ လက်အောက်ခံ သာမန်တပည့်တစ်ဦးအနေဖြင့် မိမိ၏ အရှင်သခင်က ကျော်ကြားပြီး အစွမ်းထက်လေလေ၊ အပြင်ဘက်တွင် သွားလာလှုပ်ရှားရသည်မှာ ပို၍ လွယ်ကူချောမွေ့လေလေ မဟုတ်ပါလား။
ဤမျှ အစွမ်းထက်သော နတ်သားတော်အလျောင်းအလျာက သူတို့ကို အကာအကွယ် ပေးထားမှတော့ သူတို့၏ အနာဂတ်မှာ ပိုမို တောက်ပလာပေလိမ့်မည်။
“ဒီနတ်သားတော်အလျောင်းအလျာ အသစ်က ဘယ်သူလဲဟင်” ရွှယ်လျန်ကျိသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်ပေသည်။
“ဒါကိုတောင် နင် မသိဘူးလား” တပည့်တစ်ဦးက သူမကို အံ့ဩစွာ ကြည့်လိုက်၏။ “နတ်သားတော်အလျောင်းအလျာရဲ့ အမည်က မုန့်ဝမ် တဲ့။ သူမက ငါတို့ သွေးလမ်းစဉ်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူမ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တဲ့နေ့မှာ ဒြပ်စင်ငါးပါး ဘေးဒုက္ခသုံးပါး ကိုတောင် လှုံ့ဆော်နိုင်ခဲ့တယ်လို့ ပြောကြတယ်...”
“မုန့်... မုန့်ဝမ်”
ရွှယ်လျန်ကျိ၏ စိတ်ထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမသည် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိပြီး မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားကာ ချွေးစေးများ စီးကျလာတော့သည်။
စကားပြောနေသော တပည့်ဖြစ်သူက သူမ၏ အမူအရာ ပျက်ယွင်းသွားသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်၍ မေးလိုက်၏။ “နင် ဘာဖြစ်တာလဲ”
ရွှယ်လျန်ကျိ၏ နှုတ်ခမ်းများမှာ တုန်ရီနေသော်လည်း စကားတစ်လုံးမှ ထွက်မလာဘဲ ခေါင်းကိုသာ တရစပ် ခါယမ်းနေမိပေသည်။
မုန့်ဝမ်... တစ်ချိန်က သူမ၏ လက်အောက်တွင် ရိုကျိုး၍ ခိုင်းစေသမျှကို လုပ်ဆောင်ခဲ့ရသော ထိုကလေးမလေးက... သူမ စိတ်ကြိုက် ခြယ်လှယ်နိုင်ခဲ့သော ထိုသူက... အခုတော့ နတ်သားတော်အလျောင်းအလျာ ဖြစ်လာခဲ့ပြီလား မိစ္ဆာလမ်းစဉ်မှ နတ်သားတော်အလျောင်းအလျာ ကျူးယုံကိုတောင် အနိုင်ယူနိုင်ခဲ့တာလား
ရွှယ်လျန်ကျိ၏ ဦးနှောက်မှာ ထူပူသွားရ၏။ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ ထိုမုန့်ဝမ်ကို သူမကိုယ်တိုင် ဈေးထဲကနေ ဖမ်းခေါ်လာခဲ့တာ မဟုတ်လား။ အချိန်အားဖြင့် တစ်နှစ်တောင် မပြည့်သေးပါဘဲနဲ့ သူမက ဘယ်လိုလုပ် ဒီလောက်အထိ ကြီးထွားလာနိုင်ရတာလဲ။
အခန်း (၁၂၉) - ရွှယ်လျန်ကျိ၏ မျက်နှာချိုသွေးခြင်း
လူတိုင်း ပြောဆိုနေကြသော နတ်သားတော်အလျောင်းအလျာမှာ သူမ၏ တပည့်ဟောင်းကလေး ဖြစ်နေကြောင်း သိလိုက်ရချိန်တွင် ရွှယ်လျန်ကျိ၏ ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပေသည်။
လွန်ခဲ့သော နှစ်လကျော်က မုန့်ဝမ်နှင့် ပတ်သက်သည့် သတင်းစကား တစ်စောင် ရရှိခဲ့သည်ကို သူမ ပြန်လည် အမှတ်ရလိုက်၏။ ထိုစဉ်က သူမသည် ဂိုဏ်းသို့ ပြန်ရောက်ခါစ ဖြစ်ပြီး မုန့်ဝမ် ပြန်လာကြောင်း တစ်ဦးက သတင်းပို့ခဲ့ပေသည်။
ထို့ပြင် မုန့်ဝမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့် (အစောပိုင်း) ရှိ ဒင်ကွေ့ဟယ်ကို ပြစ်မှားထားသဖြင့် ဒုက္ခရောက်နိုင်ကြောင်းလည်း ပါရှိ၏။
ထိုစဉ်က သူမသည် ထိုသတင်းကို ဖတ်ရှုရန်ပင် စိတ်မဝင်စားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ တွက်ချက်မှုအရ မုန့်ဝမ်သည် အဆိပ်ကြောင့် မကြာမီ သေဆုံးရတော့မည် ဖြစ်ပေသည်။
သေလုမြောပါး ဖြစ်နေသူတစ်ဦးအတွက် သူမအနေဖြင့် အချိန်ကုန်ခံ စဉ်းစားနေစရာ မလိုဟု ယူဆခဲ့ခြင်း ဖြစ်၏။
သို့ဖြစ်ရာ ရွှယ်လျန်ကျိသည် မုန့်ဝမ်ကို မရှိသကဲ့သို့သာ သဘောထားပြီး ကျင့်ကြံခြင်း၊ လက်နက်သွန်းလုပ်ခြင်းနှင့် လူသစ်ရှာဖွေခြင်း အလုပ်များကိုသာ ဆက်လက် လုပ်ဆောင်နေခဲ့ပေသည်။
သို့သော် ယခု ကြားလိုက်ရသည် ……….. သူမ လျစ်လျူရှုခဲ့သော ထိုကလေးမလေးသည် အဆိပ်ဒဏ်မှ လွတ်မြောက်ခဲ့ရုံသာမက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး နတ်သားတော်အလျောင်းအလျာ ကျိကျိကွမ်းကို သတ်ကာ သူ၏ ရာထူးကိုပင် ဆက်ခံလိုက်ပြီတဲ့လား။
တစ်ချိန်က သူမ၏ ခြေဖဝါးအောက်တွင် ရှိခဲ့သော ထိုကလေးမလေးသည် ယခုအခါ သူမ မော့ကြည့်ရုံပင် မတတ်နိုင်သော အမြင့်သို့ ရောက်ရှိနေချေပြီ။
သူမကြောင့် ဖြစ်ပေါ်ခဲ့ဖူးသော အမည်းစက်များကို ထိုသူက ခွင့်လွှတ်ပါ့မလား။ ဤသို့ တွေးလိုက်မိသည်နှင့် ရွှယ်လျန်ကျိသည် ခြေဖျားမှ ဦးခေါင်းအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမ ဤနေရာမှ ထွက်ပြေးရပေမည်၊ ဝေးနိုင်သမျှ ဝေးရာသို့ ထွက်ပြေးရမည် ဖြစ်၏။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရွှယ်လျန်ကျိ ရပ်တန့်သွားကာ သူမ၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ဖုံးလွှမ်းသွားတော့သည်။
ဘယ်ကို ပြေးရမှာလဲ။ သွေးလမ်းစဉ်ကျင့်ကြံမှုကို စွန့်လွှတ်ပြီး အခြားလမ်းစဉ်သို့ ပြောင်းလဲခြင်း သို့မဟုတ် ရွှမ်ယင်ဂိုဏ်းမှ လုံးဝ ထွက်ခွာခြင်း မပြုဘဲ မုန့်ဝမ်၏ စကားတစ်လုံးတည်းဖြင့်ပင် သူမ ပျက်စီးသွားနိုင်ပေသည်။
သွေးလမ်းစဉ်ကို စွန့်လွှတ်ခြင်းမှာ နှစ်ပေါင်းများစွာ အပင်ပန်းခံ ကျင့်ကြံခဲ့သမျှ အချည်းနှီး ဖြစ်သွားရပေမည်။ ဂိုဏ်းမှ ထွက်ခွာ၍ တစ်ကိုယ်တည်း ရှင်သန်ရန်မှာလည်း ပို၍ပင် ခက်ခဲလှ၏။
ဤသို့ တွေးတောရင်း ရွှယ်လျန်ကျိသည် အသက်ကို ပြင်းပြင်းရှူကာ သွားကြိတ်လျက် ခန်းမဆောင်ကြီးဆီသို့ ပြန်လှည့်လာခဲ့တော့သည်။
သူမ ထွက်ပြေး၍ မဖြစ်ချေ။ ထိုင်ပြီး အသေခံနေမည့်အစား မုန့်ဝမ်ထံသို့ အစပြု၍ မျက်နှာချိုသွေးခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ထိုသို့လုပ်မှသာ ရှင်သန်နိုင်မည့် မျှော်လင့်ချက်ကလေး ရှိပေမည်။
မုန့်ဝမ် တပည့်ကလေး ဘဝတုန်းက သူမအနေဖြင့် မုန့်ဝမ်အပေါ် နှိပ်စက်ညှဉ်းပန်းခဲ့ခြင်း မရှိဘဲ ထူးခြားသော မျက်နှာသာပင် ပေးခဲ့ဖူးသည်ဟု သူမ ယုံကြည်နေ၏။ သူမ၏ ရည်ရွယ်ချက်အချို့မှာ ပြောမပြနိုင်လောက်အောင် ဆိုးရွားခဲ့သော်လည်း ထိုစဉ်က မုန့်ဝမ်မှာ ဘာမှမသိသော ကလေးတစ်ဦးသာ မဟုတ်ပါလား။
နီဖေလန်သည် ဖီးနစ်တောင်ကြား သို့ ထွက်ခွာရန် ပြင်နေစဉ် ရွှယ်လျန်ကျိ ပြန်ရောက်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိ၏။
“နင် ဘာလို့ ပြန်လာတာလဲ”
ရွှယ်လျန်ကျိသည် အသက်ကို ပြင်းပြင်းရှူကာ ဖော်လံဖားသော အပြုံးတစ်ခုကို အတင်းအကျပ် လုပ်ယူလိုက်ပေသည်။ “တောင်ထိပ်သခင်... ကျွန်မမှာ နတ်သားတော်အလျောင်းအလျာကို ဆက်သချင်တဲ့ ရတနာတစ်ခု ရှိလို့ပါ”
နီဖေလန်က မျက်ခုံးပင့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် အံ့ဩမှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ “အိုး... ဘာရတနာလဲ။ ထုတ်ပြစမ်းပါဦး”
ရွှယ်လျန်ကျိသည် သူမ၏ သိုလှောင်အိတ် ထဲမှ လက်ရာမြောက်လှသော ကျောက်စိမ်းသေတ္တာကလေးတစ်ခုကို ထုတ်ယူလိုက်၏။ သေတ္တာကို ဖွင့်လိုက်သည်နှင့် သန့်စင်သော ဝိညာဉ်စွမ်းအင် များမှာ လေထုအတွင်းသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။
သေတ္တာအတွင်း၌ သွေးကဲ့သို့ နီရဲနေသော ဆေးလုံးတစ်လုံး ရှိနေပြီး နှလုံးခုန်မြန်စေလောက်သော အရှိန်အဝါများကို ထုတ်လွှတ်နေပေသည်။ ဤသည်မှာ သူမ၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်သော သွေးဝိညာဉ်ဆေးလုံး ဖြစ်ပြီး သွေးစွမ်းအင်များကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးနိုင်၏။
“ဒါက... အဆင့်မြင့် သွေးဝိညာဉ်ဆေးလုံးပဲ ” နီဖေလန်မှာ အနည်းငယ် အံ့ဩသွားရ၏။ ရွှယ်လျန်ကျိထံတွင် ဤမျှ တန်ဖိုးရှိသော ဆေးလုံး ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
“တောင်ထိပ်သခင်... ဒီဆေးလုံးက နတ်သားတော်အလျောင်းအလျာအတွက် ကျွန်မရဲ့ ဂါရဝပြု လက်ဆောင်ပါ” ရွှယ်လျန်ကျိက နှမြောတသမှုကို အောင့်အည်းလျက် ရိုသေစွာ ဆိုလိုက်ပေသည်။
နီဖေလန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး သေတ္တာကို သိမ်းဆည်းလိုက်၏။ “စိတ်မပူပါနဲ့... နင့်ရဲ့ အလိုက်သိမှုကို ငါ သေချာပေါက် ပြောပေးပါ့မယ်” ထို့နောက် သူမ ထွက်ခွာရန် ပြင်လိုက်ပြန်သည်။
ရွှယ်လျန်ကျိမှာ လက်သီးကို တင်းတင်းဆုပ်ကာ ရုတ်တရက် အော်ပြောလိုက်၏။ “တောင်ထိပ်သခင်... ခဏလောက် စောင့်ပါဦး...”
နီဖေလန်က စိတ်မရှည်စွာဖြင့် ပြန်လှည့်ကြည့်လိုက်၏။ “ဘာကျန်သေးလို့လဲ”
ရွှယ်လျန်ကျိသည် သူမ၏ ရည်ရွယ်ချက်ကို အားတင်းကာ ပြောလိုက်ပေသည်။ “တောင်ထိပ်သခင်... ကျွန်မ... ကျွန်မ နတ်သားတော်အလျောင်းအလျာကို ကိုယ်တိုင် သွားရောက် ဂါရဝပြုပြီး ဒါကို ပေးချင်လို့ပါ”
နီဖေလန်က မျက်မှောင်ကြုတ်လိုက်၏။ “မဖြစ်နိုင်တာ နတ်သားတော်က အလုပ်များနေတာ။ နင်က ကြိုက်တဲ့အချိန် သွားတွေ့လို့ ရမယ် ထင်နေတာလား”
“တောင်ထိပ်သခင်... တကယ်တော့ ကျွန်မ... ကျွန်မ...” ရွှယ်လျန်ကျိမှာ သွားကြိတ်လျက် နောက်ဆုံး ဝှက်ဖဲကို ထုတ်သုံးလိုက်တော့သည်။ “ကျွန်မက နတ်သားတော်အလျောင်းအလျာရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ ”
နီဖေလန်၏ မျက်လုံးများမှာ အကျိုးအမြတ်ကို တွက်ချက်ရင်း ဝေ့ဝဲသွား၏။ ရွှယ်လျန်ကျိ၏ အမူအရာကို ကြည့်ရသည်မှာ လိမ်ညာနေပုံ မရချေ။
သူမ သွားချင်နေမှတော့ ခေါ်သွားပေးခြင်းက ဘာမှ မနစ်နာပေ။ အကယ်၍ နတ်သားတော်က အပြစ်တင်လျှင်လည်း ရွှယ်လျန်ကျိ တစ်ယောက်တည်းသာ ခံရမည် မဟုတ်ပါလား။
“ကောင်းပြီလေ” နီဖေလန်က နောက်ဆုံးတွင် သဘောတူလိုက်ပေသည်။ “နင် ငါနဲ့အတူ လိုက်ခဲ့လို့ ရတယ်။ ဒါပေမဲ့ မှတ်ထားဦး... စကားကို ဆင်ခြင်ပြောရမယ်။ မဟုတ်ရင်တော့ နင် ကိုယ့်အပြစ်နဲ့ကိုယ်ပဲ”
ရွှယ်လျန်ကျိက တရစပ် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ရင်ထဲတွင် အနည်းငယ် တည်ငြိမ်သွားတော့သည်။ မုန့်ဝမ်ကို တွေ့ခွင့်ရရုံနှင့် သူမအနေဖြင့် ရှင်းပြခွင့် ရနိုင်ပြီး အသက်ကို ကယ်တင်နိုင်မည့် အခွင့်အရေး ရှိပေမည်။
သွေးနီဥတောင်ကြားသို့ ရောက်ရှိချိန်တွင် နီဖေလန်က သူတို့ လာရခြင်း အကြောင်းရင်းကို ရှင်းပြပြီးနောက် ရွှယ်လျန်ကျိကို မုန့်ဝမ်၏ ကျင့်ကြံခြင်းဂူ ထဲသို့ ခေါ်ဆောင်သွားခဲ့ပေသည်။
နီဖေလန်၏ နောက်ကွယ်တွင် ထိတ်လန့်တကြား ရပ်နေသော ရွှယ်လျန်ကျိကို မြင်သောအခါ မုန့်ဝမ်၏ မျက်လုံးထဲတွင် ပြောင်ချော်ချော် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီး သူမ၏ နှုတ်ခမ်းတွင် နှစ်လိုဖွယ် အပြုံးတစ်ခု ပေါ်လာ၏။
သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ကတည်းက တိုက်ပွဲများ၊ နယ်မြေသိမ်းပိုက်မှုများနှင့် ကျင့်စဉ်များကို ကျင့်ကြံခြင်းများဖြင့် အလွန် အလုပ်များနေခဲ့သဖြင့် ရွှယ်လျန်ကျိကို ဒုက္ခပေးရန် အချိန်မရခဲ့ချေ။ သို့သော် ဤသူကတော့ သူမအကြောင်း ကြားသိသွားပြီးနောက် ကိုယ်တိုင် ရောက်ရှိလာခဲ့ချေပြီ။
ရွှယ်လျန်ကျိသည် မုန့်ဝမ်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ရီလျက် ချက်ချင်း ဒူးထောက်လိုက်တော့သည်။
“ဂါရဝပြုပါတယ်... ဂါရဝပြုပါတယ် နတ်သားတော်အလျောင်းအလျာ ဒီတပည့်က... ဒီတပည့်က အရင်တုန်းက ဘာမှမသိဘဲ ပြစ်မှားမိခဲ့တာတွေ ရှိခဲ့ပါတယ်။ နတ်သားတော်အနေနဲ့ ခွင့်လွှတ်ပေးဖို့ ကျွန်မ တောင်းပန်ပါတယ် ”
ပြောရင်းနှင့် သူမသည် ကျောက်စိမ်းသေတ္တာကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် မြှောက်၍ ဆက်သလိုက်၏။
“ဒါက ဒီတပည့်ရဲ့ သေးငယ်တဲ့ ဂါရဝ လက်ဆောင်ပါ။ နတ်သားတော်အနေနဲ့ လက်ခံပေးဖို့နဲ့ ဒီတပည့်ရဲ့ အရင်က အမှားတွေကို စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ် ”
သေတ္တာထဲတွင်မူ ထိုသွေးဝိညာဉ်ဆေးလုံး ရှိနေပေသည်။ မုန့်ဝမ်သည် သေတ္တာကို ယူလိုက်ပြီး ဆေးလုံးကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။
သာမန်တပည့်များအတွက် ဤဆေးလုံးမှာ ရတနာတစ်ခု ဖြစ်သော်လည်း သူမကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူအတွက်မူ ထူးခြားမှု မရှိချေ။ သို့သော် ရွှယ်လျန်ကျိက ကိုယ်တိုင် လာရောက် ဆက်သသည်ဖြစ်ရာ သူမအနေဖြင့် လက်ခံထားလိုက်ပြီး ရွှယ်လျန်ကျိ၏ အသက်ကို လောလောဆယ် ချန်ထားပေးလိုက်ပေမည်။
ထို့ပြင် သူမ၏ ရုပ်သေး ဖြစ်သော ဇီလင် သည်လည်း ရွှယ်လျန်ကျိ၏ လက်အောက်တွင် ရှိနေဆဲ မဟုတ်ပါလား။ ရွှယ်လျန်ကျိ သေဆုံးသွားပါက ဇီလင်အတွက် နေရာသစ် ရှာဖွေရသည်မှာ အလုပ်ရှုပ်ပေလိမ့်မည်။
မုန့်ဝမ်သည် ဆေးလုံးကို လက်ခံလိုက်ပြီး သာမန်ကာလျှံကာ လေသံဖြင့် ဆိုလိုက်၏။
“ထပါ... ငါတို့က အသိဟောင်းတွေပဲလေ။ အရင်တုန်းကလည်း နင့်ဆီကနေ စောင့်ရှောက်မှုတချို့ ရခဲ့တာပဲ။ အရမ်းကြီး စိုးရိမ်မနေပါနဲ့။ အရာအားလုံးက အရင်အတိုင်းပါပဲ”
ရွှယ်လျန်ကျိသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ထရပ်လိုက်၏။ သူမ၏ လောင်းကြေး ထပ်မှုမှာ အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်းသာသွားရပေသည်။ မုန့်ဝမ်သည် သူမ၏ အရင်က အကြံအစည်ဆိုးများကို မသိသေးဟု သူမ ယုံကြည်နေချေပြီ။
အလုပ်ပြီးသွားချိန်တွင် နီဖေလန်သည် ရွှယ်လျန်ကျိကို တောင်ကြားမှ ခေါ်ထုတ်လာခဲ့ပြီးနောက် သူမကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်မိ၏။ ရွှယ်လျန်ကျိမှာ နတ်သားတော်၏ မိတ်ဆွေဟောင်း အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
သို့သော် ရွှယ်လျန်ကျိ ပြောပုံအရ အရင်က နတ်သားတော်ကို ပြစ်မှားခဲ့ပုံ ရပေသည်။ သို့သော် နတ်သားတော်ကိုယ်တိုင်က အရေးမယူတော့မှတော့ သူမအနေဖြင့်လည်း စွက်ဖက်နေစရာ မလိုတော့ပေ။
နီဖေလန်က ရွှယ်လျန်ကျိကို ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ “နတ်သားတော်က ကြင်နာတတ်လို့ နင့်ရဲ့ အမှားတွေကို ခွင့်လွှတ်ပေးလိုက်တာပဲ။ ပြီးခဲ့တာတွေ ပြီးပါစေတော့။ နောက်နောင်မှာတော့ အမူအရာ ဆင်ခြင်ပြီး နတ်သားတော်အတွက် အရင်းအမြစ်တွေကို ကြိုးကြိုးစားစား ရှာဖွေပေးဖို့ပဲ မှတ်ထားပါ”
“ဟုတ်ကဲ့ပါ တောင်ထိပ်သခင်”
သူမ၏ ကျင့်ကြံခြင်းဂူသို့ ပြန်ရောက်သောအခါ ရွှယ်လျန်ကျိသည် ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရဆဲ ဖြစ်၏။
တစ်ချိန်က သူမ၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်ခဲ့သော ထိုကလေးမလေးသည် ယခုအခါ သူမ မမှီနိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါ့မည်နည်း။
အကယ်၍ သူမအနေဖြင့် ရွှေအမြုတေအဆင့် သို့ တက်လှမ်းနိုင်ခြင်း မရှိပါက သူမသည် တစ်သက်လုံး မုန့်ဝမ်၏ အရိပ်အောက်တွင်သာ နေထိုင်ရပေတော့မည်။ သို့သော် အမြုတေ ဖြစ်တည်ရန်မှာ လွယ်ကူသလား။
မိစ္ဆာကျင့်ကြံသူတစ်ဦးအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်မှာပင် စစ်သည်တော် ထောင်သောင်းချီ၍ တံတားကျဉ်းကလေးကို ဖြတ်ကူးနေရသကဲ့သို့ ခက်ခဲလှပေသည်။ အမြုတေအဆင့်မှာမူ ထိုတံတားပေါ်တွင် ကောင်းကင်ဘုံနှင့် ရင်ဆိုင်တိုက်ခိုက်ရသကဲ့သို့ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းထက် ဆယ်ဆ၊ အဆတစ်ရာမက ပို၍ ခက်ခဲလှပေသည်။
အမှားအယွင်း အနည်းငယ်က သေခြင်းတရားကို ခေါ်ဆောင်လာနိုင်၏။ ရွှယ်လျန်ကျိသည် အသက်ကို ပြင်းပြင်းရှူကာ သူမ၏ ရင်ထဲမှ မကျေနပ်မှုများကို ဖိနှိပ်ထားလိုက်ပေသည်။ လောလောဆယ်တွင်တော့ သူမအနေဖြင့် ငြိမ်ငြိမ်သက်သက် နေထိုင်ရင်း သူမ၏ ခွန်အားကို မြှင့်တင်ရန်သာ နည်းလမ်းရှာဖွေရပေတော့မည်။
အခန်း (၁၃၀) - နတ်သားတော်နှင့် တွေ့ဆုံခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်သားတော် မှ ခေါ်ယူတွေ့ဆုံသည့် နေ့ရက်သို့ ရောက်ရှိလာချေပြီ။ မုန့်ဝမ်သည် တောင်ထိပ်သခင်အချို့ စီစဉ်ပေးထားသော အနက်ရောင်နှင့် အနီရောင် ရောယှက်နေသည့် ကျင့်ကြံသူဝတ်ရုံကို လဲလှယ်ဝတ်ဆင်ကာ သွေးလမ်းစဉ် သန့်စင်ရာနယ်မြေသို့ ဦးတည်လိုက်ပေသည်။
ကောင်းကင်တောင် သွေးကန် တွင် တောင်ထိပ် ကိုးခု ရှိရာ ပထမ တောင်ထိပ် သုံးခုကိုသာ သာမန် သွေးလမ်းစဉ် တပည့်များ ဝင်ရောက်ခွင့် ရရှိကြ၏။ ကျန်ရှိသော တောင်ထိပ် ခြောက်ခုသို့ ဝင်ရောက်နိုင်ရန်မှာမူ တင်းကျပ်လှသော စည်းကမ်းချက်များကို ကျော်ဖြတ်ရပေမည်။
တောင်ထိပ်သခင်အဆင့် ကျွမ်းကျင်သူများသည် တစ်နှစ်လျှင် တစ်ကြိမ်သာ စတုတ္ထတောင်ထိပ်သို့ ခုနစ်ရက်ကြာ ဝင်ရောက်ခွင့် ရရှိကြ၏။ နတ်သားတော်အလျောင်းအလျာ အဆင့်ရှိသူများသည်မူ ပဉ္စမတောင်ထိပ်သို့ တစ်နှစ်လျှင် တစ်ကြိမ် ခုနစ်ရက်ကြာ ဝင်ရောက် ကျင့်ကြံခွင့် ရရှိပေသည်။ ဆဋ္ဌမတောင်ထိပ်မှာမူ သွေးလမ်းစဉ် နတ်သားတော် တစ်ဦးတည်းသာ ပိုင်ဆိုင်သော နယ်မြေဖြစ်ပေသည်။
ဆဋ္ဌမတောင်ထိပ်သို့ လှမ်းဝင်လိုက်သည်နှင့် ပြင်းထန်လှသော သွေးအရှိန်အဝါ များက ဆီးကြိုနေသဖြင့် စိတ်ရွှင်လန်းမှုကို ပေးစွမ်းနိုင်ပေသည်။ မုန့်ဝမ်နှင့် အခြားသော နတ်သားတော်အလျောင်းအလျာ ငါးဦးတို့သည် သွေးကန်အပြင်ဘက်ရှိ ရင်ပြင်တွင် စောင့်ဆိုင်းနေကြ၏။
သူမ၏ အနီးတွင် ယွီချီ ၊ ယွဲ့ချန် ၊ တွမ့်ချန်းရှောင်း တို့အပြင် စီနီယာ နတ်သားတော်အလျောင်းအလျာ နှစ်ဦးဖြစ်သော ယွမ်ဝူ နှင့် ချင်းလင် တို့လည်း ရှိနေကြပေသည်။
ယွမ်ဝူမှာ အရပ်အမောင်း မြင့်မားကာ ကြမ်းတမ်းသော ပုံစံရှိပြီး ကျားမျက်လုံးကဲ့သို့ ထက်မြက်သော မျက်ဝန်းများ ရှိ၏။ သူသည် မုန့်ဝမ်ကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ခန့်မှန်းရခက်သော လေသံဖြင့် ဆိုလိုက်ပေသည်။
“နင်က မုန့်ဝမ်လား။ မကြာသေးခင်က နင့်ရဲ့ နာမည်က တော်တော်လေး ကျော်ကြားနေတာပဲ”
မုန့်ဝမ်က တည်ငြိမ်သော အမူအရာဖြင့် အေးစက်စွာ တုံ့ပြန်လိုက်၏။ “စီနီယာအစ်ကို ယွမ်ဝူ က မြှောက်ပင့်လွန်းနေပါပြီ။ ဒါတွေက အပြင်လူတွေ လျှောက်ပြောနေကြတဲ့ ကောလာဟလတွေပါ”
ချင်းလင်မှာ လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ယွမ်ဝူ၏ ဘေးတွင် ရပ်နေပေသည်။ သူမက ပါးစပ်ကလေးကို အုပ်ကာ တိုးညင်းစွာ ရယ်မောလိုက်ပြီး မုန့်ဝမ်ကို စိတ်ဝင်တစား ကြည့်နေသော်လည်း စကားတစ်လုံးမှ မဆိုချေ။
“နင်က တော်တော်လေး အစွမ်းထက်တာပဲ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီးတာနဲ့ နာမည်တစ်လုံး ရအောင် လုပ်နိုင်ခဲ့တယ်... ဒါပေမဲ့...”
ယွမ်ဝူ၏ လေသံမှာ ဆုံးမဩဝါဒပေးသည့် ဟန်ဖြင့် ပြောင်းလဲသွား၏။ “လူငယ်တွေဆိုတာ တစ်ခါတလေမှာ မာနထောင်လွှားတတ်ကြတာ သဘာဝပါပဲ။ အောင်မြင်မှု အနည်းငယ် ရရုံနဲ့ လောကမှာရှိတဲ့ ကျင့်ကြံသူအားလုံးကို အထင်သေးတတ်ကြတာပေါ့။ ငါတို့လည်း ဒီလမ်းကို ဖြတ်သန်းလာခဲ့ဖူးတာဆိုတော့ နင့်ရဲ့ ခံစားချက်ကို နားလည်ပါတယ်”
“စီနီယာအစ်ကိုရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ မုန့်ဝမ် အမြဲ မှတ်သားထားပါ့မယ်” မုန့်ဝမ်က ရိုကျိုးသော အမူအရာဖြင့် နာခံသည့်ဟန် ပြုလိုက်ပေသည်။
သူမက မိမိစကားကို နားထောင်သည်ဟု ယူဆကာ ယွမ်ဝူ ကျေနပ်သွားရ၏။ “စည်းကမ်းအရ နင်တို့အားလုံးက တစ်နှစ်မှာ တစ်ကြိမ် ပဉ္စမတောင်ထိပ်မှာ ကျင့်ကြံခွင့် ရကြတယ်။ ဒီမှာရှိတဲ့ နင့်ရဲ့ စီနီယာတွေဖြစ်တဲ့ ယွီချီ၊ ယွဲ့ချန်နဲ့ တွမ့်ချန်းရှောင်းတို့က သိပ်ပြီး နားလည်မှု ရှိကြတာ။
သူတို့က သူတို့ရဲ့ အခွင့်အရေးကို ငါနဲ့ စီနီယာအစ်မ ချင်းလင် တို့ဆီ လိုလိုလားလား ပေးအပ်ခဲ့ကြတယ်။ ပဉ္စမတောင်ထိပ်က သွေးကန်ဟာ သွေးအရှိန်အဝါ သိပ်ပြီး ပြင်းထန်လွန်းလို့ နင်တို့လို လူသစ်တွေအတွက် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ နင့်အတွက် အခွင့်အရေးကိုလည်း ငါ့ကိုပဲ ပေးလိုက်ပါ”
ထိုစကားကို ကြားရမှသာ သူ၏ ရည်ရွယ်ချက်မှာ သူမ၏ အရင်းအမြစ်များကို လုယူလိုခြင်းဖြစ်ကြောင်း မုန့်ဝမ် နားလည်လိုက်ပေသည်။
ယွီချီတို့ တစ်စုမှာမူ မိမိတို့၏ အရေးပါသော ကျင့်ကြံမှု အရင်းအမြစ်များကို လုယူခံရသော်လည်း စကားတစ်လုံးမှ မဟရဲကြချေ။ နတ်သားတော်အလျောင်းအလျာများ အချင်းချင်းကြားမှာပင် ခွန်အားကွာဟချက်မှာ အလွန် ကြီးမားလှပုံ ရပေသည်။
မုန့်ဝမ်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီး သူမ၏ နှုတ်ခမ်းတွင် အပြစ်ကင်းစင်သော အပြုံးတစ်ခု ပေါ်လာ၏။
“ကျွန်မ ခံနိုင်ရည် ရှိမရှိဆိုတာ စမ်းကြည့်ပြီးမှပဲ သိရမှာပေါ့။ ကျွန်မ အရင် စမ်းကြည့်ပါရစေဦး။ တကယ်လို့ ခံနိုင်ရည် မရှိဘူးဆိုမှ စီနီယာအစ်ကို့ကို ပေးအပ်ပါ့မယ်”
ယွမ်ဝူ၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားပြီး သူ၏ မျက်ဝန်းမှ ဒေါသများမှာ ပိုမို ပြင်းထန်လာ၏။ “နင်က အကောင်းပြောနေတာကို နားမဝင်ဘူးပေါ့လေ”
မုန့်ဝမ်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သော်လည်း သူမ၏ စကားမှာ ထက်မြက်လှ၏။ “စီနီယာအစ်ကို စိတ်ပျက်သွားပါလိမ့်မယ်။ ကျွန်မက အကောင်းပြောတာကိုလည်း နားမဝင်သလို၊ အဆိုးပြောတာကိုလည်း ဂရုမစိုက်တတ်လို့ပါ”
ယွမ်ဝူသည် တကယ်ပင် ဒေါသထွက်သွားကာ ဒေါသတကြီး ရယ်မောလိုက်၏။ “အခုမှ စလုပ်တဲ့ ကောင်မလေးက ဒီလောက်အထိ မာနကြီးရဲတယ်ပေါ့ နင့်မှာ ဘယ်လောက် အစွမ်းရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ် ”
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ အရှိန်အဝါ များမှာ လှိုင်းတံပိုးကဲ့သို့ ထွက်ပေါ်လာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် (၆) ၏ ဖိအားများမှာ မုန့်ဝမ်၏ အပေါ်သို့ လွှမ်းမိုးသွားတော့သည်။ မုန့်ဝမ်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ သူမသည် နောက်ဆုတ်မည့် အရိပ်အယောင် မပြဘဲ ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေ၏။
ရင်ပြင်အတွင်းရှိ လေထုမှာ ချက်ချင်း တင်းမာသွားရပေသည်။ ယွီချီတို့ တစ်စုမှာမူ တိတ်ဆိတ်နေကြပြီး စကားမဟရဲကြချေ။ ချင်းလင်မှာမူ ပွဲကောင်းကြည့်ရတော့မည်ဟု ယူဆကာ စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် ကြည့်နေပေသည်။
“ဟွန့် ”
ယွမ်ဝူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မုန့်ဝမ်ကို သင်ခန်းစာ ပေးရန် ပြင်လိုက်ချိန်တွင်... သန့်စင်ရာနယ်မြေ၏ နက်ရှိုင်းသော နေရာမှ ပြင်းထန်လှသော ဖိအားတစ်ခု ထွက်ပေါ်လာချေပြီ။ ထိုကြီးမားလှသော ဖိအားမှာ ယွမ်ဝူ၏ အရှိန်အဝါများကို ချက်ချင်းပင် ချေမှုန်းလိုက်၏။
ယွမ်ဝူ၏ အမူအရာ ပျက်ယွင်းသွားပြီး သူ၏ အရှိန်အဝါများကို လျင်မြန်စွာ ပြန်လည် သိမ်းဆည်းလိုက်ကာ ဘေးတစ်ဖက်တွင် ရိုသေစွာ ရပ်နေလိုက်တော့သည်။ အခြားသော နတ်သားတော်အလျောင်းအလျာများမှာလည်း ခေါင်းကို ငုံ့၍ ဂါရဝပြုလိုက်ကြ၏။
သွေးရောင် အလင်းတစ်ချက် လက်သွားပြီးနောက် သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ရင်ပြင်၏ အလယ်တွင် ပေါ်လာပေသည်။ သူသည် ခန့်ညားသော မျက်နှာထား၊ အေးစက်သော အမူအရာနှင့် လူတို့၏ နှလုံးသားကို ထိုးဖောက်မြင်နိုင်စွမ်းရှိသော သွေးရောင် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထား၏။ ဤသူမှာ အခြားသူမဟုတ်ဘဲ သွေးလမ်းစဉ် နတ်သားတော် ရွှယ်ဝူယာ ပင် ဖြစ်ပေသည်။
“ဂါရဝပြုပါတယ် နတ်သားတော် ”
အားလုံးက တညီတညွတ်တည်း အလေးပြုလိုက်ကြ၏။ ရွှယ်ဝူယာက ခပ်အသာအယာ ခေါင်းညိတ်ပြပြီး အားလုံးကို အကဲခတ်ကြည့်လိုက်ရာ မုန့်ဝမ်၏ ဆီတွင် ခေတ္တမျှ အကြည့် ရပ်တန့်သွားပေသည်။
ဤသည်ကို မြင်သောအခါ ယွမ်ဝူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ သူသည် ချက်ချင်းပင် ရှေ့သို့ တိုးလိုက်ကာ အလေးပြုရင်း ဆိုလိုက်ပေသည်။
“နတ်သားတော်... အသစ်တိုးမြှင့်ခံရတဲ့ နတ်သားတော်အလျောင်းအလျာ မုန့်ဝမ်ဟာ မာနကြီးပြီး စီနီယာတွေကို မလေးမစား လုပ်နေပါတယ်။ ဒါကို နတ်သားတော်အနေနဲ့ ဆုံးဖြတ်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ် ”
ရွှယ်ဝူယာ၏ အကြည့်မှာ ယွမ်ဝူဆီသို့ ရောက်ရှိသွားပြီး အေးစက်စွာ မေးလိုက်၏။ “အိုး... ဘာဖြစ်လို့လဲ”
ယွမ်ဝူက ဖြစ်ပျက်ခဲ့သမျှကို ချဲ့ကား၍ ပြောပြလေတော့သည်။ သူသည် မုန့်ဝမ်ကို သွေးလမ်းစဉ်ဂိုဏ်း၏ စည်းကမ်းများကို ကောင်းမွန်စွာ ရှင်းပြခဲ့သော်လည်း မုန့်ဝမ်က မာနကြီးကာ သူ့ကိုရော အခြားသော စီနီယာများကိုပါ လျစ်လျူရှုခဲ့သည်ဟု ဆိုလိုက်၏။
နားထောင်ပြီးနောက် ရွှယ်ဝူယာမှာ ချက်ချင်းပင် မှတ်ချက်မပေးချေ။ သူမသည် မုန့်ဝမ်ဆီသို့ အကြည့်ပြန်လည် ပို့ဆောင်လိုက်ပြီး အေးစက်စွာပင် မေးလိုက်၏။
“မုန့်ဝမ်... နင့်ဘက်က ဘာရှင်းပြချင်လဲ”
မုန့်ဝမ်သည် ရွှယ်ဝူယာ၏ ကျင့်ကြံမှုကို အကဲခတ်ရန်အတွက် သူမ၏ ဝိညာဉ်အာရုံ ကို မသိမသာ အသုံးပြုလိုက်၏။ ရန်သူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် (၇) တွင် ရှိနေပြီး သူ၏ အရှိန်အဝါမှာ ထူးဆန်းလှပေသည်။ ၎င်းမှာ တစ္ဆေလမ်းစဉ် ၏ အရိပ်အယောင်များ ပါဝင်နေသဖြင့် သူသည် တစ္ဆေလမ်းစဉ် ကျင့်စဉ်များကိုလည်း ကျင့်ကြံထားပုံ ရပေသည်။ ထို့ပြင် သူသည် ဆဋ္ဌမတောင်ထိပ်ရှိ သွေးကန်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံထားသူ ဖြစ်သဖြင့် သူမအနေဖြင့် လောလောဆယ်တွင် ရင်ဆိုင်နိုင်ရန် ခက်ခဲပေလိမ့်မည်။
အောင်နိုင်ခြေနှင့် အကျိုးအမြတ်ကို လျင်မြန်စွာ တွက်ချက်ပြီးနောက် မုန့်ဝမ်က ရိုသေစွာ အလေးပြုလိုက်၏။
“နတ်သားတော်ကို တင်ပြရရင်... ဒီတပည့်က အသစ်ဖြစ်လို့ စည်းကမ်းတွေကို သေချာ မသိသေးတာတွေ ရှိနိုင်ပါတယ်။ အကယ်၍ တစ်စုံတစ်ဦးကို ပြစ်မှားမိခဲ့ရင်တော့ စီနီယာအစ်ကိုတို့ အနေနဲ့ ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်။ စီနီယာအစ်ကို ယွမ်ဝူ ပြောတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့...”
သူမက ခေတ္တမျှ ရပ်နားလိုက်ပြီး ဝမ်းနည်းနေသော လေသံဖြင့် ဆိုလိုက်၏။ “ဒီတပည့်အနေနဲ့ သဘောမတူရဲပါဘူး။ ကျွန်မက အမှန်တရားအချို့ကိုပဲ ပြောခဲ့တာပါ။ တစ်စုံတစ်ဦးကို ပြစ်မှားဖို့ ရည်ရွယ်ချက် မရှိခဲ့ပေမဲ့ စီနီယာအစ်ကို့ကို ဒီလောက်အထိ ဒေါသထွက်သွားစေမယ်လို့ မထင်ထားခဲ့ပါဘူး။ ကျွန်မ တကယ်ပဲ ထိတ်လန့်သွားရပါတယ်”
သူမ၏ စကားမှာ အလွန် ပါးနပ်လှပေသည်။ သူမသည် ယွမ်ဝူကို တိုက်ရိုက် မချေပသလို သူ၏ အမှားကိုလည်း မသိမသာ ဖော်ပြလိုက်ခြင်း ဖြစ်၏။ ရွှယ်ဝူယာသည် တိတ်ဆိတ်စွာ နားထောင်နေသော်လည်း သူ၏ မျက်နှာမှာ ခံစားချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိပေ။
ရင်ပြင်အတွင်းရှိ လေထုမှာ အနည်းငယ် လေးလံနေပေသည်။ အခြားသော နတ်သားတော်အလျောင်းအလျာများမှာမူ ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် အသက်ပင် မရှူရဲကြချေ။ ချင်းလင်မှာမူ အပြင်လူတစ်ဦးကဲ့သို့ မုန့်ဝမ်ကို ပြောင်ချော်ချော် အကြည့်ဖြင့် ကြည့်နေပေသည်။
ခဏအကြာတွင် ရွှယ်ဝူယာက ဖြည်းညှင်းစွာ စကားဆိုလာ၏။
“ဒါဆိုရင်လည်း ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြစို့။ နင်တို့အားလုံးက ငါတို့ သွေးလမ်းစဉ်ရဲ့ ပါရမီရှင်တွေပဲ။ ဂိုဏ်းရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး စည်းစည်းလုံးလုံး နေထိုင်ကြရမယ်။ အချင်းချင်း တိုက်ခိုက်နေတာမျိုး မဖြစ်စေနဲ့”
“နတ်သားတော်ရဲ့ လမ်းညွှန်မှုကို လိုက်နာပါ့မယ် ” အားလုံးက တညီတညွတ်တည်း ဖြေကြားလိုက်ကြ၏။
“ကောင်းပြီ... အချိန်က တန်ဖိုးရှိတယ်။ ဒီမှာ အချိန်မဖြုန်းကြနဲ့တော့” ရွှယ်ဝူယာက အားလုံးကို ကြည့်လိုက်၏။ “ဒီလအတွက် အရင်းအမြစ်တွေ ဆက်သတဲ့ အစီအစဉ်ကို စလိုက်ကြစို့”
“ဟုတ်ကဲ့ပါ”
ယွမ်ဝူမှာ ပထမဆုံး ရှေ့သို့ တိုးလိုက်ပြီး လက်ရာမြောက်လှသော သိုလှောင်လက်စွပ် တစ်ကွင်းကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။ “နတ်သားတော်... ဒါက ဒီလအတွင်းမှာ ကျွန်တော် အပင်ပန်းခံ စုဆောင်းထားတဲ့ အရင်းအမြစ်တွေပါ။ နတ်သားတော်အနေနဲ့ စစ်ဆေးပေးပါဦး”
ရွှယ်ဝူယာက လက်စွပ်ကို ယူလိုက်ပြီး သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကာ အသာအယာ ခေါင်းညိတ်လိုက်ပေသည်။ “ဒီလအတွင်းမှာ ဘာထူးခြားမှုတွေ ရှိသေးလဲ”
ယွမ်ဝူ၏ စိတ်ထဲတွင် တင်းမာသွားသော်လည်း အမှန်အတိုင်းပင် သတင်းပို့လိုက်၏။ “တစ္ဆေလမ်းစဉ်က မော့ရှောင် ဟာ ကျွန်တော့်ရဲ့ နယ်မြေတွေကို ခဏခဏ ကျူးကျော်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို အကြိမ်တိုင်း ပြန်လည် မောင်းထုတ်နိုင်ခဲ့ပါတယ်”
ရွှယ်ဝူယာက အသေးစိတ်အချို့ကို ထပ်မံ မေးမြန်းပြီးနောက် ယွမ်ဝူကို ပြန်ခိုင်းလိုက်ပေသည်။ ယွမ်ဝူ၏ နောက်တွင် အခြားသူများမှာလည်း တစ်ဦးပြီးတစ်ဦး ရှေ့သို့ တိုးကာ အရင်းအမြစ်များကို ဆက်သပြီး သူတို့၏ စွမ်းဆောင်ချက်များကို တင်ပြကြလေသည်။
မကြာမီမှာပင် အရင်းအမြစ်များ မဆက်သရသေးသူအဖြစ် မုန့်ဝမ် တစ်ဦးတည်းသာ ကျန်ရှိတော့ပေသည်။