အခန်း (၁၃၁-၁၃၅)
Vol. 14 Ch. 131-135
အခန်း (၁၃၁) - နတ်သားတော်၏ ဆုလာဘ်
အားလုံး၏ အကြည့်များမှာ မုန့်ဝမ်ဆီသို့ ကျရောက်နေကြ၏။ မုန့်ဝမ်သည် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ လှမ်းတက်လိုက်ကာ ပြင်ဆင်လာသော ပစ္စည်းများကို လက်နှစ်ဖက်ဖြင့် မြှောက်၍ ဆက်သလိုက်ပေသည်။
“နတ်သားတော်... ကျွန်မက ဒီကို ရောက်ခါစမို့ ဂိုဏ်းရဲ့ စည်းကမ်းတွေကို သေချာ မသိသေးပါဘူး။ အကယ်၍ တစ်စုံတစ်ရာ ပြစ်မှားမိခဲ့ရင်တော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ဒါတွေကတော့ ကျွန်မရဲ့ တောင်ထိပ်တွေကနေ စုဆောင်းလာတဲ့ ဝိညာဉ်ဆေးပင်အချို့ပါပဲ။ နတ်သားတော်အနေနဲ့ လက်ခံပေးပါဦး”
ရွှယ်ဝူယာက လက်စွပ်ကို ယူလိုက်ပြီး သူ၏ ဝိညာဉ်အာရုံ ဖြင့် အကြမ်းဖျင်း စစ်ဆေးလိုက်၏။ လက်စွပ်အတွင်း၌ အဖိုးတန် ဝိညာဉ်ဆေးမြက်များ၊ သတ္တုရိုင်းများနှင့် ကျင့်ကြံရာတွင် လိုအပ်သော ဆေးလုံးများစွာ ပါရှိပေသည်။
အဆင့်အတန်းမှာ ပျမ်းမျှသာ ရှိသော်လည်း အရေအတွက်မှာ အလွန်ပင် များပြားလှရာ ချင်းလင်နှင့် ယွမ်ဝူတို့ ဆက်သသည်ထက်ပင် လျော့နည်းခြင်း မရှိချေ။
သူ၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်၏။ “နင်က တော်တော်လေး စေ့စပ်သေချာတာပဲ”
မုန့်ဝမ်သည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ဆက်လက် တင်ပြလိုက်ပေသည်။
“ကျွန်မ ရာထူးရယူပြီးကတည်းက တောင်ထိပ်အသီးသီးက ကိစ္စရပ်တွေကို ကြိုးကြိုးစားစား စီမံခဲ့ပါတယ်။ သွေးလမ်းစဉ်အတွက်လည်း အကျိုးအမြတ်အချို့ ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ စီမံခန့်ခွဲတဲ့ သွေးငန်းတောင်ဟာ မိစ္ဆာလမ်းစဉ် က ကျူးယုံရဲ့ ကျူးကျော်မှုကို ခံခဲ့ရပါတယ်။
ဒါပေမဲ့ ကျွန်မ ရန်သူကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သလို တပည့်တွေကို ဦးဆောင်ပြီး တန်ပြန်တိုက်စစ် ဆင်နွှဲခဲ့ပါတယ်။ အခုတော့ သွေးငန်းတောင်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ရုံတင်မကဘဲ မိစ္ဆာလမ်းစဉ် ပိုင်ဆိုင်တဲ့ လူမင်တောင်နဲ့ ဟူရှောင်တောင်ထိပ်တွေကိုပါ ကျွန်မတို့ သွေးလမ်းစဉ်ရဲ့ လက်အောက်ကို ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်...”
မုန့်ဝမ်သည် သူမ ရာထူးရယူပြီးနောက်ပိုင်း ဆောင်ရွက်ခဲ့သမျှကို အစီရင်ခံရာတွင် ရိုသေ နာခံစွာဖြင့် တစ်ခုချင်းစီ ရှင်းလင်းစွာ ပြောကြားသွား၏။
ရွှယ်ဝူယာသည် သူမ၏ အစီရင်ခံမှုကို နားထောင်ရင်း နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။ “အရမ်းကောင်းတယ်။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီး တစ်လတောင် မပြည့်သေးခင်မှာ ဒီလောက်အထိ စွမ်းဆောင်နိုင်တာပဲ။ မုန့်ဝမ်လို ပါရမီရှင် ရှိနေမှတော့ ငါတို့ သွေးလမ်းစဉ် တိုးတက်လာမှာ အသေအချာပဲ”
“ဒီစွမ်းဆောင်ချက်တွေက နတ်သားတော်ရဲ့ တောက်ပမှုနဲ့ နှိုင်းယှဉ်ရင် ပိုးစုန်းကြူးရဲ့ အလင်းရောင်လောက်ပဲ ရှိတာပါ” မုန့်ဝမ်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ဆိုလိုက်၏။
“စောစောက စီနီယာအစ်ကို ယွမ်ဝူ က ကျွန်မရဲ့ နိမ့်ကျတဲ့ ကျင့်ကြံမှုနဲ့ဆိုရင် ပဉ္စမတောင်ထိပ်က သွေးကန်ထဲက ပြင်းထန်တဲ့ အရှိန်အဝါတွေကို ခံနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်မရဲ့ အခွင့်အရေးကို သူ့ကို ပေးဖို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်မ ထင်တာကတော့ ဒီလို အခွင့်အရေးမျိုးက နတ်သားတော်နဲ့ပဲ ထိုက်တန်ပါတယ်။ အကယ်၍ နတ်သားတော်က စိတ်မရှိဘူးဆိုရင် ကျွန်မရဲ့ ပဉ္စမတောင်ထိပ် ဝင်ရောက်ခွင့်ကို နတ်သားတော်ကိုပဲ ဆက်သပါရစေ ”
ဤသည်ကို ကြားသောအခါ ယွမ်ဝူမှာ အခြေအနေမဟန်တော့ကြောင်း သိလိုက်သဖြင့် ရှင်းပြရန် ပြင်လိုက်သော်လည်း ရွှယ်ဝူယာ၏ အေးစက်စက်အကြည့်နှင့် ဆုံသွားရ၏။ ချက်ချင်းပင် ချွေးစေးများ ထွက်လာပြီး စကားတစ်လုံးမှ မဟရဲတော့ချေ။
ရွှယ်ဝူယာသည် သူ၏ ရှေ့တွင် ရိုကျိုးနေသော မုန့်ဝမ်ကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာမှ အပြုံးမှာ ပိုမို နက်ရှိုင်းလာပေသည်။
“ပဉ္စမတောင်ထိပ်က သွေးကန်က ငါ့အတွက် အသုံးမဝင်တော့ပါဘူး။ ဒါပေမဲ့ နင့်ရဲ့ စေတနာကိုတော့ ငါ မှတ်ထားပါ့မယ်”
ရွှယ်ဝူယာသည် ခေတ္တမျှ စဉ်းစားပြီးနောက် သွေးနီရောင် ကျောက်စိမ်းဆွဲပြား တစ်ခုကို ထုတ်ယူကာ မုန့်ဝမ်ထံ ပေးအပ်လိုက်၏။
“ဒါက သွေးလမ်းစဉ်နန်းတော် ကို ဝင်ရောက်နိုင်တဲ့ သက်သေခံ တံဆိပ်ပြားပဲ။ နင် အဲဒီထဲမှာ သုံးရက်ကြာအောင် ကျင့်စဉ်တွေကို သွားရောက် လေ့လာနိုင်တယ်”
မုန့်ဝမ်သည် ကျောက်စိမ်းဆွဲပြားကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ သိမ်းဆည်းလိုက်၏။ “နတ်သားတော်ရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် ”
ဤသည်ကို မြင်သောအခါ ယွမ်ဝူမှာ မနာလိုဖြစ်သွားရပေသည်။ သွေးလမ်းစဉ်နန်းတော် ဆိုသည်မှာ မည်ကဲ့သို့သော နေရာနည်း။ ၎င်းမှာ သွေးလမ်းစဉ်၏ ဗဟိုချက်ဖြစ်ပြီး အဆင့်မြင့်ဆုံး ကျင့်စဉ်များနှင့် အတတ်ပညာများ စုစည်းရာ နေရာဖြစ်၏။ အရေအတွက်မှာ များပြားလှသည်မဟုတ်သော်လည်း တစ်ခုချင်းစီမှာ လမ်းစဉ်၏ အနှစ်သာရများသာ ဖြစ်ပေသည်။
နတ်သားတော်အလျောင်းအလျာ တစ်ဦးအတွက်ပင် ထိုနေရာသို့ ဝင်ရောက်ခွင့်မှာ အလွန် အကန့်အသတ် ရှိပေသည်။ အတွင်းရှိ ကျင့်စဉ်များအားလုံးကို တားမြစ်ချက် များဖြင့် ကာကွယ်ထား၏။ ကျင့်စဉ်က ပိုမို အစွမ်းထက်လေလေ၊ တားမြစ်ချက် အလွှာများက ပိုမို များပြားလေလေ ဖြစ်ပေသည်။
သုံးရက်ဆိုသည်မှာ ကြာရှည်လှသည် မဟုတ်သော်လည်း အားနည်းသော ကျင့်စဉ်တစ်ခု၏ တားမြစ်ချက်ကို ချိုးဖျက်ရန်အတွက်မူ လုံလောက်ရုံမျှသာ ရှိ၏။ ပုံမှန်အားဖြင့် လူသစ်တစ်ဦးမှာ ဂိုဏ်းတွင် အနည်းဆုံး သုံးလခန့် ကြာမြင့်ပြီး စွမ်းဆောင်ရည် ပြသနိုင်မှသာ သွေးလမ်းစဉ်နန်းတော်သို့ ဝင်ခွင့် ရရှိတတ်ကြပေသည်။
ယခုမူ မုန့်ဝမ်သည် နတ်သားတော်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံရုံဖြင့် ဤမျှ ကြီးကျယ်သော ဆုလာဘ်ကို ရရှိခဲ့ချေပြီ။ ယွမ်ဝူမှာ ရင်ထဲတွင် အလွန် မခံမရပ်နိုင် ဖြစ်နေရ၏။ ချင်းလင်မှာလည်း အနည်းငယ် အံ့ဩသွားပြီး ယွီချီတို့ တစ်စုမှာလည်း မနာလိုမှုများဖြင့် ကြည့်နေကြပေသည်။
သူတို့ သုံးဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး မုန့်ဝမ်အနေဖြင့် ဘာမှ မရရှိပါစေနှင့်ဟု ဆုတောင်းနေကြ၏။ ကျင့်စဉ်များပေါ်ရှိ တားမြစ်ချက်များကို ချိုးဖျက်ရန်မှာ ထင်သလောက် မလွယ်ကူချေ။ မုန့်ဝမ်မှာ ထိုနန်းတော်သို့ ဝင်ရောက်ဖူးသည့် အတွေ့အကြုံ မရှိချေ။ အကယ်၍ သူမက မိမိကိုယ်ကိုယ် အထင်ကြီးပြီး အစွမ်းထက်လွန်းသော ကျင့်စဉ်ကို ရွေးချယ်မိပါက နောက်ပိုင်းတွင်မှ အမှားကို သိရှိ၍ ရိုးရှင်းသော ကျင့်စဉ်ကို ပြန်လည် ရွေးချယ်လိုလျှင်လည်း အချိန်မီတော့မည် မဟုတ်ပါလား။
ရွှယ်ဝူယာသည် အားလုံး၏ အမူအရာများကို မြင်တွေ့နေရသော်လည်း ဤကဲ့သို့ သေးငယ်သော ကိစ္စရပ်များကို ဂရုမစိုက်ချေ။ သူသည် ယွမ်ဝူနှင့် ချင်းလင်ကို ကြည့်ကာ သာယာသော လေသံဖြင့် ဆိုလိုက်၏။
“ယွမ်ဝူ... ချင်းလင်... ဒီလအတွင်း နင်တို့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် နင်တို့ကို ဆဋ္ဌမတောင်ထိပ်ကို ဝင်ရောက်ခွင့် ပေးမယ်။ သွေးကန်ရဲ့ စွမ်းအင်ကို အသုံးပြုပြီး သုံးရက်ကြာ ကျင့်ကြံနိုင်တယ်”
“နတ်သားတော်ကို ကျေးဇူးတင်ပါတယ် ” ယွမ်ဝူနှင့် ချင်းလင်တို့မှာ ဝမ်းသာအားရဖြင့် အလေးပြုလိုက်ကြ၏။
“ယွီချီ... ယွဲ့ချန်... တွမ့်ချန်းရှောင်း... နင်တို့ရဲ့ စွမ်းဆောင်ရည်ကလည်း လက်ခံနိုင်စရာ ရှိပါတယ်။ နင်တို့ကိုတော့ ဆဋ္ဌမတောင်ထိပ်မှာ တစ်ရက်ကြာ ကျင့်ကြံခွင့် ပေးမယ်” ဟု ရွှယ်ဝူယာက ဆက်ပြောလိုက်၏။
“နတ်သားတော်ကို ကျေးဇူးတင်ပါတယ် ”
ယွီချီတို့ တစ်စုမှာ ယွမ်ဝူတို့ကို မနာလို ဖြစ်နေသော်လည်း မိမိတို့ ရရှိသည့် အခွင့်အရေးအတွက် ကျေနပ်ကာ ရွှယ်ဝူယာကို အလျင်အမြန် ကျေးဇူးတင်လိုက်ကြပေသည်။
ရွှယ်ဝူယာ၏ အကြည့်မှာ နောက်ဆုံးတွင် မုန့်ဝမ်ဆီသို့ ရောက်ရှိသွားပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာ၏။ “မုန့်ဝမ်... နင်က သွေးလမ်းစဉ်ကို ရောက်ခါစမို့ အခြေခံက အားနည်းနေသေးတယ်။ သွေးလမ်းစဉ်နန်းတော်မှာ ဒီသုံးရက်ကို ကောင်းကောင်း အသုံးချပြီး လေ့လာပါ။ ဒီအဖိုးတန် အခွင့်အရေးကို အချည်းနှီး မဖြစ်စေနဲ့”
“မုန့်ဝမ် အစွမ်းကုန် ကြိုးစားပါ့မယ်။ နတ်သားတော်ရဲ့ မျှော်လင့်ချက်တွေကို အပျက်မခံပါဘူး” မုန့်ဝမ်က စိတ်ရင်းမှန်ဖြင့် ထပ်မံ အလေးပြုလိုက်၏။
ရွှယ်ဝူယာက အသာအယာ ခေါင်းညိတ်ပြပြီး အားလုံးကို ကြည့်လိုက်၏။ “ကဲ... ငါ ပြန်တော့မယ်။ ဘာမှ မရှိတော့ဘူးဆိုရင် နင်တို့အားလုံး ပြန်နိုင်ကြပြီ”
“နတ်သားတော်ကို အရိုအသေပြု နှုတ်ဆက်ပါတယ် ”
နတ်သားတော် ထွက်သွားသည်နှင့် ယွမ်ဝူသည် ချင်းလင်နှင့် စိတ်အားထက်သန်စွာ ဆွေးနွေးလေတော့သည်။ “ငါ့ရဲ့ ကျင့်ကြံမှုက အတက်အကျ ဖြစ်နေပြီ။ ဆဋ္ဌမတောင်ထိပ်က သွေးကန်ကို ငါ အရင် သုံးပါရစေ” သူသည် ယွီချီတို့ တစ်စုကိုတော့ ဂရုမစိုက်ချေ။
“ရတာပေါ့... ဒါပေမဲ့ နောက်တစ်ခါ နတ်သားတော်ကို အရင်းအမြစ်တွေ ဆက်သတဲ့အခါကျရင်တော့ ငါ့ရဲ့ တောင်ထိပ်တစ်ခုစာအတွက် နင်က ကူညီပေးရလိမ့်မယ်” ဟု စီနီယာအစ်မ ချင်းလင်က ပြုံး၍ ဆိုလိုက်၏။
ယွမ်ဝူ၏ မျက်နှာ မည်းမှောင်သွား၏။ “ဒါက ကိစ္စသေးလေးပဲလေ။ နင်က ဒီလောက်အထိ လောဘကြီးဖို့ မလိုပါဘူး”
“နင် မလိုချင်ဘူးလား။ ဒါဆိုရင်လည်း ထားလိုက်တော့။ အရင် စည်းကမ်းအတိုင်းပဲ တိုက်ခိုက်ပြီးတော့ ခွန်အားအလိုက် အလှည့်ကို ဆုံးဖြတ်ကြတာပေါ့” ချင်းလင်က သူမ၏ အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
ယွမ်ဝူမှာ တုံ့ဆိုင်းသွားရ၏။ သူသည် အဆင့်တက်ရန် နီးကပ်နေပြီဖြစ်ရာ ဤကဲ့သို့ အဓိပ္ပာယ်မရှိသော တိုက်ပွဲတွင် သူ၏ သွေးစွမ်းအင်များကို အကုန်မခံလိုချေ။
သူ၏ အကြည့်မှာ မုန့်ဝမ်ဆီသို့ ရောက်သွားပြီး သူ၏ မျက်ဝန်းတွင် ယုတ်မာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ နောက်ဆုံးတွင်တော့ သူသည် ချင်းလင်၏ တောင်းဆိုချက်ကို သဘောတူလိုက်ရတော့သည်။
“ကောင်းပြီလေ... တောင်ထိပ်တစ်ခုစာ အရင်းအမြစ်ပဲ မဟုတ်လား။ ငါ ကူညီပေးမယ်”
ထိုကတိကို ရရှိပြီးနောက် ချင်းလင်က အပြုံးဖြင့် လမ်းဖယ်ပေးလိုက်၏။ ယွမ်ဝူသည် မုန့်ဝမ်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ တောင်ပေါ်သို့ တိုက်ရိုက် တက်သွားတော့သည်။ သို့သော် သူ၏ အကြည့်မှာမူ အရာအားလုံးကို ဖော်ပြနေပေသည်။
သုံးရက်အကြာတွင် သူ သွေးကန်မှ ပြန်ထွက်လာပါက မုန့်ဝမ်ကို သေချာပေါက် ဒုက္ခပေးပေလိမ့်မည်။ မုန့်ဝမ်အတွက်တော့ ကြီးမားသော ပြဿနာတစ်ခု ရှိနေချေပြီ။ သူမအနေဖြင့် သွေးလမ်းစဉ်နန်းတော်တွင် အတတ်ပညာအချို့ သင်ယူနိုင်ခဲ့လျှင်ပင် စီနီယာအစ်ကို ယွမ်ဝူကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ယွီချီတို့ သုံးဦးမှာလည်း အချင်းချင်း ကြည့်လိုက်ကြပြီး အခြေအနေကို နားလည်စွာဖြင့် ဆိုလိုက်ကြ၏။ “ကျွန်တော်တို့မှာလည်း လုပ်စရာလေးတွေ ရှိသေးလို့ အရင် ပြန်လိုက်ပါဦးမယ်။ စီနီယာအစ်မ ချင်းလင် သုံးပြီးမှပဲ ကျွန်တော်တို့ သွေးကန်ကို သုံးပါ့မယ်”
ပြောပြီးနောက် ထိုသုံးဦးမှာ အလျင်အစလို ထွက်ခွာသွားကြတော့သည်။ ထိုသူများ ထွက်သွားသည်ကို ကြည့်ရင်း မုန့်ဝမ်က နှုတ်ခမ်းကလေးကို အသာအယာ ကွေးညွတ်၍ ပြုံးလိုက်ပြီး သူမ၏ ဘေးမှ ချင်းလင်ကို ကြည့်လိုက်ပေသည်။
အခန်း (၁၃၂) - သွေးလမ်းစဉ်နန်းတော်သို့ ဝင်ရောက်ခြင်း
“စီနီယာအစ်မ ချင်းလင်... ဒါ ကျွန်မတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပေမဲ့ ဂျူနီယာညီမလေးအနေနဲ့ ဘာလက်ဆောင်မှ မပြင်ဆင်လာမိဘူး။ နောက်တစ်ခါ နတ်သားတော်ကို အရင်းအမြစ်တွေ ဆက်သတဲ့အခါ စီနီယာအစ်မရဲ့ တောင်ထိပ်တစ်ခုစာအတွက် ကျွန်မကပဲ တာဝန်ယူပေးပါ့မယ်။ ဒါက ကျွန်မရဲ့ လက်ဆောင်လေးပါ”
ချင်းလင်၏ အပြုံးမှာ ပိုမိုနက်ရှိုင်းသွား၏။
“ဂျူနီယာညီမလေးက သိပ်ပြီး ယဉ်ကျေးတာပဲ။ ဒါက စီနီယာဖြစ်တဲ့ ငါ့ကိုတောင် အားနာစေတယ်။ ဒါပေမဲ့ ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်။ နင်က ယွမ်ဝူကို ပြစ်မှားထားတာဆိုတော့ သူ ပြန်ထွက်လာရင် အငြိုးတေးနဲ့ လက်စားချေတာကို ခံရတော့မှာ။
သူက နတ်သားတော်ကို မျက်နှာထောက်ပြီး နင့်အသက်ကို ချန်ထားပေးဦးတော့... နောက်တစ်ခါ ဆက်သဖို့အတွက် ဒီလောက်များတဲ့ အရင်းအမြစ်တွေကို နင် တကယ်ပဲ ရှာပေးနိုင်ပါဦးမလား”
“စီနီယာအစ်မ ပြောပုံအရဆိုရင် ကျွန်မက ကတိအလွတ်တွေ ပေးနေသလိုပဲနော်”
မုန့်ဝမ်က အနည်းငယ် ဝမ်းနည်းဟန်ဖြင့် ခေါင်းခါလိုက်ပြီး သူမ၏ အင်္ကျီလက်ထဲမှ သိုလှောင်အိတ် တစ်လုံးကို ထုတ်ကာ ချင်းလင်ထံ ပေးအပ်လိုက်၏။
“ကျွန်မက ဒီကို ရောက်ခါစမို့ လက်ထဲမှာ အဖိုးတန်တာတွေ သိပ်မရှိဘူးဆိုတာ စီနီယာအစ်မလည်း သိမှာပါ။ ဒီလက်ဆောင်ကလေးက စီနီယာအစ်မ စိတ်ကျေနပ်ဖို့ လုံလောက်ပါ့မလား”
ချင်းလင်သည် သိုလှောင်အိတ်ကို ယူ၍ သူမ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးပြီးနောက် သူမ၏ မျက်နှာမှ အပြုံးမှာ ပိုမိုစစ်မှန်လာတော့သည်။
“ညီမလေးက သိပ်ပြီး သဘောကောင်းတာပဲ။ ငါတို့က နတ်သားတော်ရဲ့ လက်အောက်မှာ အတူတူ အလုပ်လုပ်နေကြတဲ့ ညီအစ်မတွေပဲလေ၊ အချင်းချင်း ကူညီကြရမှာပေါ့။ ငါက ဒီကို အရင်ရောက်တဲ့သူဆိုတော့ နင်မသိတာရှိရင် ဘာမဆို မေးလို့ရတယ်”
မုန့်ဝမ် ပြုံးလိုက်၏။ ဤစကားသည် ချင်းလင်ထံမှ သူမ ကြားချင်နေသော စကားပင် ဖြစ်ပေသည်။
“နတ်သားတော်က ကျွန်မကို ကျောက်စိမ်းဆွဲပြား ပေးပြီး သွေးလမ်းစဉ်နန်းတော်မှာ သုံးရက်ကြာ ကျင့်ကြံခွင့် ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ရဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်မ မသိသေးလို့ပါ”
“အာ... ဒီကိစ္စလား။ ညီမလေး ငါ့ကို မေးတာ သိပ်မှန်သွားတာပဲ”
ချင်းလင်က ပြုံး၍ သွေးလမ်းစဉ်နန်းတော်သို့ ဝင်ရောက်ရာတွင် သတိထားရမည့် အချက်အလက်အားလုံးကို ရှင်းပြလေတော့သည်။ မုန့်ဝမ်ကလည်း အသစ်အသစ်သော ဗဟုသုတများကို ရရှိသည့်ဟန်ဖြင့် တရစပ် ခေါင်းညိတ်၍ နားထောင်နေ၏။
“စီနီယာအစ်မရဲ့ စကားတွေက ကျွန်မအတွက် တကယ်ကို အကျိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်မ မရှင်းတာ တစ်ခု ရှိသေးတယ်”
“ညီမလေး ပြောစမ်းပါဦး”
“အခြားလမ်းစဉ်တွေက တပည့်တွေဟာ သွေးကန်စမ်းသပ်မှုကို အောင်မြင်ရင် သွေးလမ်းစဉ်ရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို ကျင့်ကြံခွင့် ရနိုင်တယ်လို့ ကြားဖူးပါတယ်။ ဒါက တကယ်ပဲလား”
“သေချာပေါက် တကယ်ပေါ့။ ဒါပေမဲ့...”
ဤနေရာတွင် ချင်းလင်က စကားကို ရုတ်တရက် ရပ်လိုက်ပြီး မုန့်ဝမ်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။ မုန့်ဝမ်က သဘောပေါက်စွာဖြင့် အင်္ကျီလက်ထဲမှ နောက်ထပ် သိုလှောင်အိတ်တစ်လုံးကို ထုတ်၍ ပေးအပ်လိုက်ပြန်သည်။
ဤစီနီယာအစ်မမှာ လောဘကြီးသော်လည်း သူမ ပြောသမျှမှာ အမှန်တရားများသာ ဖြစ်ပေသည်။ သတင်းအချက်အလက် ရယူရန်အတွက် ငွေကုန်ကြေးကျ ခံရခြင်းမှာ သဘာဝပင် မဟုတ်ပါလား။
ချင်းလင်က သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်ပြီးနောက် ပြုံး၍ ဆို၏။
“ငါ နင့်ကို အကြံပေးချင်တာကတော့... ကျန်တဲ့ လမ်းစဉ် ခြောက်ခုရဲ့ စမ်းသပ်မှုတွေကို သွားပြီး မလုပ်ပါနဲ့၊ တခြားလမ်းစဉ် ကျင့်စဉ်တွေကိုလည်း တိတ်တဆိတ် မကျင့်ကြံပါနဲ့”
မုန့်ဝမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။ “ဘာကြောင့်လဲဆိုတာ စီနီယာအစ်မ ရှင်းပြပေးပါဦး”
“အကြောင်းရင်းက ရိုးရှင်းပါတယ်။ လမ်းစဉ်သစ်တစ်ခုကို သင်ယူတယ်ဆိုတာ ကိုယ့်ရဲ့ မူလလမ်းစဉ်ကို သစ္စာဖောက်တာနဲ့ အတူတူပဲ။ ဘယ်နတ်သားတော်ကမှ ဒါကို ခွင့်မပြုဘူး။ ဒါပေမဲ့ နင်ကိုယ်တိုင်က နတ်သားတော်ဆိုရင်တော့ တစ်မျိုးပေါ့။ နတ်သားတော် ရွှယ်ဝူယာဟာ သူ့မှာ ခွန်အားနဲ့ အရင်းအနှီး ရှိလို့သာ တစ္ဆေလမ်းစဉ် ကျင့်စဉ်ကို ကျင့်ကြံနိုင်တာ။
ဒါပေမဲ့ နတ်သားတော်တောင်မှ ဒီလမ်းမှာ စမ်းသပ်ရုံလောက်ပဲ လုပ်တာပါ။ ဘာလို့လဲဆိုတော့ လမ်းစဉ်တစ်ခုစီရဲ့ ကျင့်ကြံပုံချင်း မတူကြဘူး။ လမ်းစဉ်တွေကို ပေါင်းစပ်ဖို့ဆိုတာ သိပ်ပြီး ရှုပ်ထွေးလှတယ်။ အမှားအယွင်း အနည်းငယ်က ပြဿနာကြီးကြီးမားမား ဖြစ်စေနိုင်တယ်”
မုန့်ဝမ်သည် ချင်းလင်၏ ဆိုလိုရင်းကို နားလည်လိုက်၏။ အလင်းစီးကြောင်းလိပ်ပြာ ၏ ပါရမီကို ရယူရန်မှာ သူမ ထင်ထားသလောက် မလွယ်ကူပုံ ရပေသည်။ ကျူးယုံသည် ဤအချက်ကို တမင်မပြောဘဲ သူမကို ကျော့ကွင်းထဲ ဆင်းလာရန် စောင့်နေခြင်း ဖြစ်ပေလိမ့်မည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။ ကျွန်မ မှတ်သားထားပါ့မယ်”
ချင်းလင်က မုန့်ဝမ်ကို ကြည့်ကာ မျက်စိတစ်ချက် မှိတ်ပြလိုက်၏။ “ဘာမှ ထူးထူးခြားခြား မဖြစ်ဘူးဆိုရင် ယွမ်ဝူဟာ သွေးကန်မှာ သုံးရက်ကြာ ကျင့်ကြံပြီးရင် အဆင့်တက်လာတော့မှာ။ နင့်အတွက် ငါ သူ့ကို တားပေးစေချင်လား”
ချင်းလင်ကို မေးခွန်းနှစ်ခု မေးရုံနှင့်ပင် မုန့်ဝမ် နတ်သားတော်အလျောင်းအလျာ ဖြစ်လာပြီးနောက် စုဆောင်းထားသမျှ အရင်းအမြစ် အများစုမှာ ကုန်ဆုံးသွားပြီ ဖြစ်၏။ သူမကို ယွမ်ဝူနှင့် ရင်ဆိုင်ခိုင်းရန်မှာ တောင်ထိပ်တစ်ခုစာလောက် ထပ်ပေးရပေဦးမည်။
မုန့်ဝမ်က ခေါင်းခါလိုက်၏။ “ဒါက ကိစ္စသေးလေးပါ၊ စီနီယာအစ်မကို ဒုက္ခမပေးလိုပါဘူး”
ချင်းလင်က အံ့ဩသလို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။ “ကောင်းပြီလေ... ဒါဆိုရင် ညီမလေး ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ်”
ချင်းလင် ထွက်သွားသည်ကို ကြည့်ပြီးနောက် မုန့်ဝမ်သည် ကျောက်စိမ်းဆွဲပြားကို ကိုင်ကာ သွေးလမ်းစဉ်နန်းတော်သို့ ဦးတည်လိုက်ပေသည်။
သွေးလမ်းစဉ်နန်းတော်မှာ ဆဋ္ဌမတောင်ထိပ်၏ အထက်ဆုံးတွင် တည်ရှိ၏။ ၎င်းမှာ သွေးရောင် လွှမ်းနေသော နန်းတော်ကြီးဖြစ်ပြီး အဝေးမှ ကြည့်လျှင် သွေးစိမ်းရှင်ရှင်များထဲတွင် နစ်မြုပ်နေသကဲ့သို့ ခံစားရစေကာ ထိတ်လန့်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေပေသည်။ နန်းတော်၏ တံခါးမကြီးမှာ ပိတ်ထားပြီး မည်သည့် အစောင့်အကြပ်မျှ မရှိချေ။
မုန့်ဝမ်သည် ကျောက်စိမ်းဆွဲပြားကို တံခါးနှင့် ထိကပ်လိုက်ရာ မှော်စာလုံး များမှာ ချက်ချင်း လင်းထိန်သွားပြီး တံခါးကြီး ဖြည်းညှင်းစွာ ပွင့်လာတော့သည်။ ပြင်းထန်လှသော သွေးနံ့များမှာ သူမဆီသို့ တိုးဝှေ့လာ၏။ မုန့်ဝမ်သည် အသက်ကို ပြင်းပြင်းရှူကာ နန်းတော်အတွင်းသို့ လှမ်းဝင်လိုက်ပေသည်။
နန်းတော်အတွင်းမှာ ကျယ်ဝန်းလှပြီး နံရံများပေါ်တွင် ထူးဆန်းသော မှော်စာလုံးများကို ထွင်းထုထားရာမှ ဖျော့တော့သော အလင်းရောင်များ ထွက်ပေါ်နေ၏။ နန်းတော်၏ အလယ်တွင် သွေးနီရောင် အလင်းလုံးပေါင်း များစွာမှာ လေထဲတွင် ဝေ့ဝဲနေကြရာ ကြည့်ရသည်မှာ ပိုးအိမ်ကြီးများ သဏ္ဌာန် ရှိနေပေသည်။
ဤအလင်းလုံးများမှာ သွေးလမ်းစဉ်၏ ကျင့်စဉ်များ၊ အတတ်ပညာများနှင့် လျှို့ဝှက်နည်းလမ်းများကို သိမ်းဆည်းထားခြင်း ဖြစ်၏။
အလင်းလုံးများမှာ အရွယ်အစားနှင့် တောက်ပမှု မတူညီကြချေ။ သို့သော် အားလုံးမှာ ထူထဲလှသော ပိုးအိမ်အလွှာများဖြင့် ရစ်ပတ်ခံထားရပေသည်။
ထိုသွေးရောင် ပိုးအိမ်များမှာ တားမြစ်ချက် များပင် ဖြစ်၏။ ချင်းလင် ပြောကြားချက်အရ အလင်းလုံး ပိုမို တောက်ပလေလေ၊ ၎င်း၏ တန်ဖိုးမှာ ပိုမြင့်မားလေလေဖြစ်ပြီး ၎င်းကို ရစ်ပတ်ထားသော တားမြစ်ချက်မှာလည်း ပိုမို ထူထဲလေလေ ဖြစ်ပေသည်။
မုန့်ဝမ်သည် အလင်းလုံးအားလုံးကို အကဲခတ်ကြည့်လိုက်၏။ ပိုးအိမ်များပေါ်ရှိ စာသားများမှတစ်ဆင့် ကျင့်စဉ် တစ်ခုချင်းစီ၏ အမည်နှင့် အကျဉ်းချုပ်ကို သူမ သိရှိနိုင်ပေသည်။
“သွေးရိပ်ခြေဖျောက်အတတ် ”၊ “သွေးနတ်ဆိုးဓားသိုင်း”၊ “သွေးမိစ္ဆာကျမ်းစာ ”မုန့်ဝမ်သည် သူမ စိတ်ဝင်စားမည့် ကျင့်စဉ်များကို ရှာဖွေနေမိပေသည်။
ရုတ်တရက် အလင်းလုံးတစ်ခုက သူမ၏ အာရုံကို ဖမ်းစားလိုက်၏။ ထိုအလင်းလုံးမှာ အခြားအရာများထက် အနည်းငယ် သေးငယ်ပြီး အရောင်မှာလည်း ဖျော့တော့၏။ ၎င်းကို “သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း ကျင့်စဉ်”ဟု ခေါ်ဆိုပေသည်။
ဤအတတ်မှာ သွေးအတွင်းရှိ သက်စွမ်းအားကို အသုံးပြု၍ ပျက်စီးသွားသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန်လည် ပြုပြင်ပေးနိုင်သည့် လျှို့ဝှက်နည်းလမ်း ဖြစ်သည်။ ဤအတတ်ကို အဆင့်မြင့်ဆုံးအထိ ကျင့်ကြံနိုင်ပါက မည်မျှ ပြင်းထန်သော ဒဏ်ရာရရှိပါစေ အသက်ရှူနေသရွေ့ လျင်မြန်စွာ ပြန်လည် ကောင်းမွန်စေနိုင်သည်။
ဤသည်ကို မြင်သောအခါ မုန့်ဝမ် စိတ်လှုပ်ရှားသွားရ၏။ ကျိကျိကွမ်း ဒဏ်ရာရရှိစဉ်က ဤလျှို့ဝှက်အတတ်ကို အသုံးပြု၍ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို သူမ သတိရလိုက်မိသည်။ သွေးလမ်းစဉ်ကျင့်ကြံသူတစ်ဦးအတွက် ဤသည်မှာ တိုက်ပွဲတွင် အလွန် အသုံးဝင်သော ကုသရေးအတတ် ဖြစ်ပေသည်။ သူမ ဤအရာကို လိုချင်မိ၏။
မုန့်ဝမ်သည် အခြားသော အလင်းလုံးများကို ဆက်လက် ကြည့်ရှုနေခဲ့သည်။ “သွေးဝိညာဉ်ဆင့်ခေါ်ခြင်း” မှာလည်း စိတ်ဝင်စားစရာ ကောင်းလှ၏။ ၎င်းမှာ သွေးနှင့် ဝိညာဉ်အစွမ်းကို အသုံးပြု၍ သွေးနတ်ဆိုးများကို ဆင့်ခေါ်ကာ တိုက်ခိုက်ခိုင်းခြင်း ဖြစ်ပေသည်။ သွေးစွမ်းအား များလေလေ ဆင့်ခေါ်ခံရသူမှာ ပိုမို အစွမ်းထက်လေလေဖြစ်ပြီး ဝိညာဉ်အစွမ်း များလေလေ ဆင့်ခေါ်ခံရသူမှာ ဉာဏ်ရည် ပိုမို မြင့်မားကာ စွမ်းအားကြီးမည်ဖြစ်သည်။
ထို့ပြင် ခံစစ်အတတ်ဖြစ်သော “ဆယ်မျက်နှာသွေးချပ်ဝတ်ကျင့်စဉ်”မှာလည်း သွေးကို အသုံးပြု၍ ကာကွယ်ရေး အလွှာများစွာကို တစ်ခုပြီးတစ်ခု ထပ်ကာ တည်ဆောက်နိုင်ခြင်း ဖြစ်ရာ အဆင့်မြင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ထိုဒိုင်းများကို ဖျက်ဆီးရန် ခက်ခဲပေလိမ့်မည်။ အခြားသော တိုက်စစ်ဖြစ်သည့် “သွေးလဓားချက်” မှာလည်း အလွန် လျင်မြန်လှသော တိုက်ခိုက်မှု ဖြစ်ပေသည်။
ဤမျှ များပြားလှသော ကျင့်စဉ်များကြားတွင် မုန့်ဝမ်မှာ မည်သည့်အရာကို ရွေးချယ်ရမည်ကို ဝေခွဲမရ ဖြစ်နေတော့သည်။ နောက်ဆုံးတွင် သူမ၏ အကြည့်မှာ “သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက်” ဟု အမည်ရသော အလင်းလုံးဆီသို့ ကျရောက်သွားလေသည်။
အခန်း (၁၃၃) - လုပ်ချင်တာကိုလုပ် နောင်ဖြစ်နောက်ကိစ္စ
သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက် ဆိုသည်မှာ သွေးပင်လယ်၏ စွမ်းအင်နှင့် ပုံရိပ်ယောင်လမ်းစဉ်ကို ပေါင်းစပ်ကာ သွေးပင်လယ် တည်ရှိမှုအပေါ် အခြေခံသည့် ပုံရိပ်ယောင်နယ်ပယ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်ပေသည်။
ရန်သူများကို ပုံရိပ်ယောင်အတွင်းသို့ ကျရောက်စေကာ နောက်ဆုံးတွင် သွေးပင်လယ်အတွင်းသို့ ထာဝရ နစ်မြုပ်သွားစေနိုင်၏။ သွေးပင်လယ် ပိုမိုအားကောင်းလေလေ၊ ဖန်တီးထားသော ပုံရိပ်ယောင်မှာ ပိုမိုစစ်မှန်လေလေဖြစ်ရာ ရန်သူများအတွက် ခွဲခြားသိမြင်ရန်နှင့် ရုန်းထွက်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
ဤအတတ်ပညာကို မြင်လိုက်ရချိန်တွင် မုန့်ဝမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားရပေသည်။ သူမသည် ပုံရိပ်ယောင်အတတ်တွင် အခြေခံရှိပြီးသား ဖြစ်သလို အလွန်ကျယ်ပြောလှသော သွေးပင်လယ်ကိုလည်း ပိုင်ဆိုင်ထားပေ၏။ အကယ်၍ သွေးပင်လယ်၏ စွမ်းအားနှင့် ပုံရိပ်ယောင်ကို ပေါင်းစပ်နိုင်ပါက သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် မြင့်မားလာပေလိမ့်မည်။
မုန့်ဝမ်သည် တုံ့ဆိုင်းမနေတော့ဘဲ “သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက်” အလင်းလုံးဆီသို့ တည့်တည့်လျှောက်သွားလိုက်ပေသည်။ သူမ၏ နုနယ်သော လက်ချောင်းကလေးဖြင့် အလင်းလုံးအပြင်ဘက်ရှိ သွေးပိုးအိမ်ကို အသာအယာ ထိတွေ့လိုက်၏။ ပြင်းထန်လှသော တားမြစ်ချက် စွမ်းအင်မှာ ချက်ချင်းပင် တုံ့ပြန်ကန်ထွက်လာပြီး မုန့်ဝမ်၏ လက်ချောင်းကို တွန်းထုတ်လိုက်ပေသည်။
မုန့်ဝမ်သည် မျက်မှောင်အနည်းငယ်ကြုတ်ကာ နောက်တစ်ကြိမ် ထိတွေ့လိုက်ပြန်၏။ ယခုတစ်ကြိမ်တွင်မူ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအရှိန်အဝါများကို နှိုးဆွ၍ တားမြစ်ချက်စွမ်းအားကို တိတ်တဆိတ် ခုခံလိုက်ပေသည်။
“ဇိ... ဇိ...”
သွေးပိုးအိမ်မှ ပြင်းထန်သော ပွတ်တိုက်သံများ ထွက်ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ပွန်းပဲ့ရာအချို့ ပေါ်လာချေပြီ။ ဤနှုန်းအတိုင်းဆိုလျှင် သုံးရက်ခန့်အတွင်း သွေးပိုးအိမ်ကို တိုက်စားပစ်နိုင်ပြီး အတွင်းရှိ ကျင့်စဉ်ကို ရရှိနိုင်မည်ဟု မုန့်ဝမ် ခန့်မှန်းလိုက်ပေသည်။
သို့သော် ခဲရာခဲဆစ် ရောက်ရှိလာရသော သွေးလမ်းစဉ်နန်းတော်မှ ဤမျှနှင့် ကျေနပ်သွားရန်မှာ မုန့်ဝမ်အတွက် မဖြစ်နိုင်ချေ။ သူမ၏ အကြည့်မှာ တောက်ပနေသော အခြားအလင်းလုံးများဆီသို့ ရောက်သွားပြီး ရင်ခုန်သံများ မြန်လာရပေသည်။ တားမြစ်ချက်များမှာ အားလုံးတူတူပင် ဖြစ်နေမှတော့... အားလုံးကို ဘာလို့ သိမ်းကျုံးယူမပစ်ရမှာလဲ။
မုန့်ဝမ်သည် လောဘတကြီးဖြင့် နှုတ်ခမ်းထောင့်ကို လျှာဖြင့်သပ်လိုက်၏။ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သွေးအရှိန်အဝါများမှာ ဒီရေကဲ့သို့ စီးထွက်သွားပြီး ခန်းမအတွင်းရှိ အလင်းလုံးအားလုံးကို ရစ်ပတ်ကာ သူမ၏ သွေးပင်လယ်အတွင်းသို့ ဆွဲသွင်းပစ်လိုက်တော့ပေသည်။
မုန့်ဝမ်၏ ရည်ရွယ်ချက်ကို သိရှိသွားသော အလင်းလုံးများမှာ ပြင်းထန်စွာ ရုန်းကန်ကြပြီး ပိုမိုတောက်ပသော အလင်းများကို ထုတ်လွှတ်ကာ မုန့်ဝမ်၏ ထိန်းချုပ်မှုမှ ရုန်းထွက်ရန် ကြိုးစားကြ၏။ အချို့မှာ တိုက်ခိုက်၍ ရုန်းထွက်သွားကြပြီး အချို့မှာမူ ပေါက်ကွဲကာ ကြယ်စင်ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားကြပေသည်။
မုန့်ဝမ်သည် ညည်းညူလိုက်မိပြီး မျက်နှာမှာ အနည်းငယ် ဖြူလျော့သွားချေပြီ။ ဤအလင်းလုံးများ၏ ခုခံမှုမှာ သူမ ထင်ထားသည်ထက် ပိုမိုပြင်းထန်လှပေသည်။ သူမသည် တိုက်စစ်ကို အနည်းငယ်လျှော့ချလိုက်ပြီး ရွေးချယ်၍သာ သိမ်းဆည်းလိုက်တော့၏။ ကျင့်စဉ်များပါဝင်သော အလင်းလုံးအားလုံးကို စွန့်ပစ်လိုက်ပေသည်။ သူမတွင် သွေးမိစ္ဆာ ကောင်းကင်ဘုံကျင့်စဉ် ရှိနေပြီဖြစ်ရာ အခြားကျင့်စဉ်များသို့ ပြောင်းလဲရန် မလိုတော့ချေ။
နောက်ဆုံးတွင် ပြင်းထန်သော ရုန်းကန်မှုများအပြီး၌ မုန့်ဝမ်သည် အလင်းလုံးစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ကိုသာ ထိန်းသိမ်းနိုင်ခဲ့ပေသည်။ ကျန်ရှိသောအရာများမှာ လွတ်မြောက်သွားခြင်း သို့မဟုတ် ပျက်စီးသွားခြင်းများ ဖြစ်ကုန်ကြ၏။
သူမ၏ သွေးပင်လယ်အတွင်း ဝေ့ဝဲရုန်းကန်နေသော အလင်းလုံး ဆယ်ဂဏန်းခန့်ကို ကြည့်ရင်း မုန့်ဝမ်က နှမြောတသစွာဖြင့် နှုတ်ခမ်းဆူလိုက်မိပေသည်။ သူမ တွက်ချက်မှု မှားယွင်းသွားခဲ့ခြင်းဖြစ်၏။
ဤအရာများ ဤမျှအထိ ခုခံမည်မှန်းသိလျှင် သူမအနေဖြင့် ပို၍ ပါးနပ်စွာ လုပ်ဆောင်ခဲ့သင့်ပေသည်။ သို့သော် အလင်းလုံး တစ်ဒါဇင်ကျော်ကို တစ်ပြိုင်နက် ဖိနှိပ်ထားခြင်းမှာ သူမ သွေးပင်လယ်၏ အကန့်အသတ်ပင် ဖြစ်ပေလိမ့်မည်။
မုန့်ဝမ်သည် သွေးပင်လယ်၏ စွမ်းအားအားလုံးကို လှိုင်းတံပိုးကြီးများကဲ့သို့ နှိုးဆွကာ အတွင်းရှိ အလင်းလုံးများကို တိုက်စားတော့၏။ သောင်းနှင့်ချီသော သွေးရောင်လက်တံကလေးများကဲ့သို့သော သွေးဝိညာဉ်ရေများက အလင်းလုံးများကို ရစ်ပတ်ကာ တားမြစ်ချက်များကို စတင်တိုက်စားကြပေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သွေးလမ်းစဉ်နန်းတော်အတွင်း တိတ်ဆိတ်နေသော်လည်း မုန့်ဝမ်၏ သွေးပင်လယ်အတွင်းမှာမူ အံ့ဩဖွယ်ရာ မြင်ကွင်းများ ဖြစ်ပေါ်နေပေသည်။
သုံးရက်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ချေပြီ။ နောက်ဆုံးအလင်းလုံးပေါ်ရှိ တားမြစ်ချက်မှာ လုံးဝ တိုက်စားခံလိုက်ရပြီး မုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ အလင်းတန်းအဖြစ် ပေါင်းစပ်သွားချိန်တွင် မုန့်ဝမ်သည်လည်း သွေးလမ်းစဉ်နန်းတော်မှ တွန်းထုတ်ခြင်းကို ခံလိုက်ရတော့ပေသည်။
ရရှိခဲ့သော အကျိုးအမြတ်များကို ပြန်လည်စဉ်းစားရင်း မုန့်ဝမ်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။ သူမ နှစ်သက်သော အဓိကအတတ်ကြီး ငါးခုအပြင် “သွေးဝိညာဉ်လမ်းညွှန်မှု”၊ “သွေးအလင်းခြေဖျောက်ခြင်း” နှင့် သွေးရိပ်အတတ် အစရှိသော အဆင့်မြင့် အတတ်ပညာများစွာကိုလည်း သူမ သင်ယူနိုင်ခဲ့ပေသည်။
အများကြီးကို တစ်ပြိုင်နက် မသင်ယူသင့်သည့် နိယာမကို သူမ သိရှိသော်လည်း... လုပ်ချင်တာကိုလုပ် နောင်ဖြစ်နောက်ကိစ္စ မဟုတ်ပါလား။ ဤအရာများသည် ရွှမ်ယင်ဂိုဏ်း၏ နှစ်ပေါင်းသောင်းချီ စုဆောင်းထားသော အခြေခံအုတ်မြစ်များ ဖြစ်ပေသည်။ မည်သည့်အတတ်မဆို အပြင်လောကတွင် တိုက်ပွဲပေါင်းများစွာ ဖြစ်စေနိုင်လောက်အောင် တန်ဖိုးကြီးလှပေ၏။ အခွင့်အရေး ရရှိခိုက်တွင် သူမ လောဘကြီးလိုက်ခြင်းမှာ သဘာဝပင်။
“အိုး... ဒါ ဂျူနီယာညီမလေး မုန့်ဝမ် မဟုတ်လား။ သုံးရက်ကြာပြီးတဲ့နောက် ဘယ်လို ကမ္ဘာကျော်တဲ့ အတတ်တွေကို သင်ယူခဲ့လဲဆိုတာ သိပါရစေဦး”
သွေးလမ်းစဉ်နန်းတော်၏ အပြင်ဘက်တွင် ယွမ်ဝူမှာ အကြာကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။ မုန့်ဝမ် ထွက်လာသည်ကို မြင်သောအခါ သူ၏ မျက်နှာတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်လာ၏။ သုံးရက်ကြာ ကျင့်ကြံပြီးနောက် ယွမ်ဝူ၏ အရှိန်အဝါမှာ ပိုမိုအားကောင်းလာပြီး သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် (၆) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ချေသည်။
မုန့်ဝမ်က ခပ်အေးအေးပင် ရယ်မောလိုက်ပြီး ယွမ်ဝူကို ကြည့်လိုက်ပေသည်။ “စီနီယာအစ်ကို ယွမ်ဝူရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ အနည်းငယ်တော့ ရရှိခဲ့ပါတယ်”
ယွမ်ဝူက နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ဖုံးကွယ်မထားဘဲ ထွက်ပေါ်နေချေပြီ။
“ညီမလေး တစ်ခုခု ရခဲ့တယ်ဆိုမှတော့... ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ အကိုပဲ စမ်းသပ်ပေးရမှာပေါ့”
“စီနီယာအစ်ကို ယွမ်ဝူ... ဒီနေရာမှာ ကျွန်မနဲ့ တကယ်ပဲ တိုက်ချင်တာလား”
မုန့်ဝမ်က ပြုံးလိုက်၏။ ယွမ်ဝူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများကို သူမ သတိမပြုမိသကဲ့သို့ပင်။ “အကယ်၍ ကျွန်မတို့ တိုက်ခိုက်လို့ နတ်သားတော်ရဲ့ ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်သွားရင်... နတ်သားတော်ရဲ့ ဒေါသကို စီနီယာအစ်ကို ဘယ်လို ရင်ဆိုင်မလဲ”
“ဟက်... ငါက ဒီမှာ တိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီမလေးရဲ့ စကားအရဆိုရင် နင်က ဆဋ္ဌမတောင်ထိပ်ကိုပဲ အမြဲ အားကိုးနေမှာတော့ မဟုတ်ဘူးမလား” ယွမ်ဝူက လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်၏။ “အခုမှ ကြောက်နေရင်တော့ နောက်ကျသွားပြီ! ငါကိုယ်တိုင် နင့်ရဲ့ အရိုးတွေကို ချိုးပစ်မယ်။ နင် မြေပြင်ပေါ်မှာ အရိုးမရှိတဲ့ တီကောင်လို ဒူးထောက်ငိုယိုပြီး နင့်ရဲ့ အရင်းအမြစ်အားလုံးကို ငါ့ဆီ အပ်လာအောင် လုပ်ပြမယ်”
“အဲဒါက တော်တော်လေး ကြောက်စရာကောင်းတာပဲ။ ဒါပေမဲ့ ကျွန်မမှာ စီနီယာအစ်ကိုနဲ့ စကားပြောဖို့ အချိန်မရှိဘူး။ ကျွန်မ နတ်သားတော်ကို သွားတွေ့ရဦးမယ်”
ပြောပြီးနောက် မုန့်ဝမ်သည် နတ်သားတော် ဆိတ်ငြိမ်စွာ ကျင့်ကြံနေသော နေရာသို့ ဦးတည်၍ တောင်အောက်သို့ ဆင်းလာခဲ့တော့ပေသည်။ မုန့်ဝမ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ယွမ်ဝူ၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
နတ်သားတော်ဆီ သွားပြီး ကရုဏာသက်အောင် လုပ်မလို့လား။ ဟက်... နတ်သားတော်အလျောင်းအလျာတွေကြားက တိုက်ခိုက်မှုကို နတ်သားတော်ကိုယ်တိုင်က ခွင့်ပြုထားတယ်ဆိုတာ ဒီကောင်မလေး မသိပုံရပေသည်။ တစ်စုံတစ်ယောက် သေဆုံးသွားခြင်း မရှိသရွေ့နှင့် အခြေအနေကို မထိခိုက်သရွေ့ သူတို့ ကြိုက်သလို ပြုမူနိုင်ကြပေ၏။
မကြာမီ မုန့်ဝမ်သည် ဆဋ္ဌမတောင်ထိပ်မှ နတ်သားတော်၏ နှင်ထုတ်ခြင်းကို ခံရတော့မည်ဟု ယွမ်ဝူ တွေးတောလိုက်ပေသည်။ ထိုအချိန်ကျမှသာ သူမ၏ ပြုမူခဲ့သမျှအတွက် ပေးဆပ်ရပေလိမ့်မည်။
မုန့်ဝမ်သည် တောင်အောက်သို့ ဆင်းလာပြီး တောင်လယ်ရှိ နန်းဆောင်တစ်ခုဆီသို့ လျှောက်သွား၏။ သူမ အနားမရောက်မီမှာပင် အစောင့်တပည့် နှစ်ဦးက တားဆီးလိုက်ပေသည်။
“နတ်သားတော်က တံခါးပိတ် ကျင့်ကြံနေတာမို့ ဘယ်သူ့ကိုမှ မတွေ့ဘူး”
“နတ်သားတော်ရဲ့ ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်စေဖို့ ဆဋ္ဌမတောင်ထိပ်ကနေ အမြန်ထွက်သွားပါ”
မုန့်ဝမ်သည် ကျောက်စိမ်းပုလင်း နှစ်လုံးကို ထုတ်ယူကာ တစ်ယောက်တစ်လုံးစီ ပေးလိုက်၏။ “နတ်သားတော်ကို သွားသတင်းပို့ပေးပါ။ မုန့်ဝမ်က သွေးလမ်းစဉ်နန်းတော်ကနေ ထွက်လာပြီး နတ်သားတော်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်စကား လာပြောတာပါလို့”
အစောင့်များမှာ ပုလင်းအတွင်းရှိ အဖိုးတန်ပစ္စည်းများကို မြင်လိုက်ရချိန်တွင် အမူအရာများ ချက်ချင်း ပြောင်းလဲသွားပြီး သတင်းပို့ရန် ဝင်သွားကြတော့ပေသည်။
ခဏအကြာတွင် အစောင့်တစ်ဦး ထွက်လာပြီး ရိုသေစွာ ဆို၏။ “ကြွပါခင်ဗျာ... နတ်သားတော်က ဝင်ခဲ့ဖို့ မိန့်ကြားလိုက်ပါတယ်”
မုန့်ဝမ်သည် ခန်းမအတွင်းသို့ ဝင်လိုက်ရာ မြင့်မားသော စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရွှယ်ဝူယာကို မြင်လိုက်ရသဖြင့် ရိုသေစွာ အလေးပြုလိုက်ပေသည်။
“ဂါရဝပြုပါတယ် နတ်သားတော်”
ရွှယ်ဝူယာက မျက်လုံးဖွင့်၍ သူမကို ငုံ့ကြည့်လိုက်၏။ “ဘာကိစ္စလဲ”
အခန်း (၁၃၄) - ယွမ်ဝူနှင့် တိုက်ပွဲ
“မုန့်ဝမ် ဒီကိုလာရတဲ့ အကြောင်းရင်းကတော့ ကျွန်မကို သွေးလမ်းစဉ်နန်းတော်ထဲ ဝင်ရောက်ခွင့်ပေးခဲ့တဲ့ နတ်သားတော်ရဲ့ ကျေးဇူးတော်ကို လာရောက်ဂါရဝပြုတာပါ”
မုန့်ဝမ်၏ လေသံမှာ အလွန်ပင် ရိုးသားလှပြီး စကားလုံးတိုင်းမှာ စိတ်ရင်းမှန်မှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
“သွေးလမ်းစဉ်နန်းတော်ထဲမှာ ကျွန်မအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့ပါတယ်။ ဒါတွေအားလုံးက နတ်သားတော်ရဲ့ ရက်ရောမှုကြောင့် ရရှိလာတဲ့ ကံကောင်းမှုတွေပါပဲ”
“နင်က ငါတို့ သွေးလမ်းစဉ်ရဲ့ နတ်သားတော်အလျောင်းအလျာ တစ်ဦးဖြစ်သလို ငါ့ရဲ့နယ်ပယ်ကိုလည်း စီမံခန့်ခွဲပေးနေသူပဲ။ ဒီဆုလာဘ်တွေက နင်နဲ့ ထိုက်တန်ပါတယ်” ရွှယ်ဝူယာက အသာအယာ ပြုံးလိုက်၏။
“နောင်မှာလည်း ငါ့အတွက် ဆက်လက်ပြီး ကြိုးစားအားထုတ်ပေးပါ”
“ဟုတ်ကဲ့ပါ... နတ်သားတော်ရဲ့ ကျင့်ကြံမှုက နက်နဲရုံတင်မကဘဲ အမူအရာကလည်း ခန့်ညားထည်ဝါလှပါတယ်။ စိတ်နှလုံး ဖြူစင်ကျယ်ပြန့်တဲ့ နတ်သားတော်ရဲ့နောက်ကို လိုက်ခွင့်ရတာ ကျွန်မအတွက် ကံကောင်းခြင်းပါပဲ။
နတ်သားတော်ရဲ့ အနားမှာ အမြဲရှိနေပြီး လမ်းညွှန်မှုတွေကို အမြဲမပြတ် နားမထောင်နိုင်တာကိုပဲ နောင်တရမိပါတယ်”
မုန့်ဝမ်က နှမြောတသဟန်ဖြင့် သက်ပြင်းချလိုက်၏။ သူမ၏ မျက်နှာတွင် နောင်တရိပ်များ လွှမ်းနေပေသည်။ နတ်သားတော်သည် လက်အောက်ငယ်သားများ၏ မြှောက်ပင့်စကားများကို နေသားကျနေသူ ဖြစ်သော်လည်း ဤစကားများကို ကြားရသောအခါ အနည်းငယ် ကျေနပ်သွားရချေပြီ။
“နင့်ရဲ့ စေတနာကို ငါသိပါတယ်။ ဒါပေမဲ့ နင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ခါစဆိုတော့ ကျင့်ကြံမှုက နိမ့်ပါးနေသေးတယ်။ ကျင့်ကြံမှု တိုးတက်ဖို့ကိုပဲ အဓိကထားပြီး အာရုံစိုက်ပါ။ ကဲ... သွားတော့။ နောက်တစ်ခါ လာတွေ့တဲ့အခါ သတင်းကောင်းတွေ ပါလာလိမ့်မယ်လို့ မျှော်လင့်တယ်”
“အမိန့်အတိုင်းပါ နတ်သားတော်”
မုန့်ဝမ်သည် ခန်းမအတွင်းမှ ရိုသေစွာ ဆုတ်ခွာခဲ့ပြီး ဆဋ္ဌမတောင်ထိပ်မှ ထွက်ခွာလာခဲ့ပေသည်။ ဆဋ္ဌမတောင်ထိပ်၏ အပြင်ဘက်တွင် ယွမ်ဝူမှာ အကြာကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေ၏။ မုန့်ဝမ် ထွက်လာသည်ကို မြင်သည်နှင့် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားအားလုံးကို အစွမ်းကုန် နှိုးဆွလိုက်တော့သည်။ ထို့နောက် ကြီးမားလှသော ကိရိန်းသွေးတံဆိပ် တစ်ခုကို ဖန်တီးကာ မုန့်ဝမ်ရှိရာသို့ ရိုက်ချလိုက်ပေသည်။
သွေးတံဆိပ်ပေါ်ရှိ ကိရိန်းရုပ်မှာ သက်ဝင်လှုပ်ရှားလာပြီး ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ရာ တောင်နှင့် ပင်လယ်ကိုပင် မှောက်လှန်နိုင်လောက်သော အသံကြီး ထွက်ပေါ်လာပေသည်။
ဤတိုက်ကွက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် (၆) ရှိသော ယွမ်ဝူ၏ အပြင်းထန်ဆုံး တိုက်ကွက်ပင် ဖြစ်ချေပြီ။ ယွမ်ဝူ၏ စကားများတွင် မုန့်ဝမ်ကို အထင်အမြင်သေးဟန်များ ပါဝင်နေသော်လည်း အမှန်တကယ် တိုက်ခိုက်ချိန်တွင်မူ သူသည် အစွမ်းကုန် အသုံးပြု၍ တိုက်ခိုက်ခြင်း ဖြစ်ပေသည်။
နီးကပ်လာသော ကိရိန်းသွေးတံဆိပ်နှင့် ပြင်းထန်လှသော သွေးရောင်အလင်းတန်းများကို ကြည့်ရင်း မုန့်ဝမ်သည် မကြုံစဖူးသော ဖိအားကို ခံစားလိုက်ရ၏။ ထိုဖိအားကြောင့် သူမ၏ အရေပြားများပင် တဆတ်ဆတ် တုန်ယင်လာရပေသည်။
ဒါ အခြေခံတည်ဆောက်ခြင်းအဆင့် (၆) ရဲ့ စွမ်းအားလား.........
သူသည် အဆင့် (၄) သာရှိသော ကျူးယုံထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေပေသည်။ မုန့်ဝမ်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်လိုက်ရာ ဖိအားများအားလုံး ပျောက်ကွယ်သွားတော့၏။
ချက်ချင်းပင် မုန့်ဝမ်သည် အထက်သို့ ခုန်တက်လိုက်ပြီး ကိရိန်းသွေးတံဆိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ပေသည်။
“ဝုန်း ....”
လေထဲတွင် နှစ်ဦးသား ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြပြီး နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာ၏။ သွေးတံဆိပ်မှာလည်း ရှေ့သို့ တစ်လက်မပင် ဆက်မတိုးနိုင်တော့ချေ။ မုန့်ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးရောင်အလင်းများ လွှမ်းခြုံနေပြီး သူမသည် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုသက်သက်ဖြင့် ထိုသွေးတံဆိပ်ကို ခုခံထားခြင်း ဖြစ်ပေသည်။
ကြီးမားလှသော ကိရိန်းသွေးတံဆိပ်ရှေ့တွင် မုန့်ဝမ်မှာ ပုရွက်ဆိတ်ကလေးတစ်ကောင်ကဲ့သို့ သေးငယ်လှသော်လည်း ထိုပုရွက်ဆိတ်ကလေးကပင် ကြီးမားသော သစ်ပင်ကြီးကို တုန်ခါစေနိုင်ခဲ့၏။
ယွမ်ဝူ၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွား၏။ မုန့်ဝမ်ကို မတိုက်ခိုက်မီ သူမနှင့်ပတ်သက်သော သတင်းအချက်အလက်များကို သူ စုဆောင်းထားခဲ့ပေသည်။
သူမသည် ခန္ဓာကိုယ် ကျင့်စဉ်များကို ကျင့်ကြံထားသူဖြစ်ပြီး သူမ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အခြားသော လမ်းစဉ်များမှ နတ်သားတော်အလျောင်းအလျာများနှင့်ပင် နှိုင်းယှဉ်နိုင်သည်ကို သူ သိထားပေသည်။
သို့သော် သူမသည် သူ့ထက် အဆင့်လေးဆင့်မျှ နိမ့်ကျနေသူ ဖြစ်ချေ၏။ သူ ခဲရာခဲဆစ် ကျင့်ကြံထားသော ကိရိန်းသွေးတံဆိပ်ကို သူမအနေဖြင့် ခုခံနိုင်စရာ အကြောင်းမရှိပေ။
ယွမ်ဝူ၏ အကြည့်မှာ ကိရိန်းသွေးတံဆိပ်ကို ထိန်းထားသော မုန့်ဝမ်၏ လက်ဆီသို့ ကျရောက်သွား၏။ ပါးလွှာသော ဝတ်ရုံအောက်မှ လက်ချောင်းများမှာ ဖိအားကြောင့် တုန်ယင်နေပြီး အရိုးများပင် လွဲချော်နေသည်ကို မြင်လိုက်ရချိန်တွင်မှ သူသည် အေးစက်စွာ ပြုံးလိုက်တော့ပေသည်။
“ဟက်... အပေါ်ယံ ဟန်ဆောင်နေတာကိုး.........”
ယွမ်ဝူသည် လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်၏။ သူ၏ လှုပ်ရှားမှုနှင့်အတူ ကိရိန်းရုပ်မှာ ထပ်မံဟိန်းဟောက်လိုက်ပြီး သွေးတံဆိပ်မှာ ပိုမိုပြင်းထန်သော စွမ်းအားများဖြင့် ဖိနှိပ်ချလိုက်ပေသည်။
မုန့်ဝမ်သည် သူမ၏ လက်ကို ရုတ်သိမ်းလိုက်ပြီး နောက်သို့ ဆုတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ အပြင်းအထန် လောင်မြဲလာပြီး သွေးရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ သွေးတံဆိပ်၏ အကွာအဝေးမှ လွတ်မြောက်သွားတော့ပေသည်။
“ပြေးမလို့လား.........”
ယွမ်ဝူက နှာခေါင်းရှုံ့လိုက်၏။ သူ၏ အတွင်းရှိ သွေးပင်လယ်မှာ ဟုန်းဟုန်းတောက် ထွက်ပေါ်လာပြီး ခဏချင်းမှာပင် ကောင်းကင်တစ်ခုလုံးကို သွေးရောင် လွှမ်းသွားစေတော့သည်။ ထို့နောက် သွေးရေများမှာ ရေတံခွန်ကဲ့သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး ချွန်ထက်သော ဓားရှည်များကဲ့သို့ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် မုန့်ဝမ်ဆီသို့ ဦးတည်သွားတော့ပေသည်။
မုန့်ဝမ်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ကောင်းကင်မှ ကျဆင်းလာသော သွေးရေတံခွန်ကို မော့ကြည့်လိုက်၏။ သူမသည် နောက်ဆုတ်မသွားဘဲ ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းတက်လိုက်ကာ အဆုံးမရှိသော သွေးရေတံခွန်ထဲသို့ တိုးဝင်လိုက်ပေသည်။
ထို့နောက် သူမ၏ သွေးပင်လယ်ကို ဖွင့်လှစ်လိုက်ပြီး ကောင်းကင်မှ ကျဆင်းလာသမျှ သတ်ဖြတ်လိုသော အရှိန်အဝါများကို လက်ခံလိုက်တော့၏။
ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပေသည်။ အရှိန်အဟုန်ဖြင့် ကျဆင်းလာသော သွေးရေများမှာ မုန့်ဝမ်၏ ခန္ဓာကိုယ်နှင့် သုံးလက်မအကွာသို့ ရောက်ရှိချိန်တွင် လေထဲ၌ပင် ပျောက်ကွယ်သွားကြတော့၏။ ယွမ်ဝူသည် မျက်မှောင်ကြုတ်လိုက်ပြီး မုန့်ဝမ်၏ ရည်ရွယ်ချက်ကို သိလိုက်ရချိန်တွင် လှောင်ပြောင်လိုက်ပေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် (၂) မျှသာရှိသောသူက သူ၏ သွေးဝိညာဉ်ရေများကို ဝါးမြိုရန် ကြိုးစားနေခြင်းမှာ ဗိုက်ပေါက်ထွက်မည်ကို မကြောက်ခြင်းပင် ဖြစ်ချေလိမ့်မည်။
ယွမ်ဝူသည် သွေးပင်လယ်အတွင်းမှ သွေးဝိညာဉ်ရေ အမြောက်အမြားကို ထပ်မံနှိုးဆွလိုက်ပြီး မုန့်ဝမ်ဆီသို့ ရစ်ပတ်စေလိုက်၏။ သို့သော် မုန့်ဝမ်မှာ အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်။ ဘယ်လောက်ပင် လာပါစေ သူမသည် အားလုံးကို ဝါးမြိုပစ်လိုက်ပြီး သူမ၏ သွေးပင်လယ်အတွင်း၌ အတင်းအဓမ္မ ဖိနှိပ်ထားတော့ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ယွမ်ဝူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး သူ၏ရင်ထဲတွင် စိုးရိမ်စိတ်များ ဝင်လာရပေသည်။ မုန့်ဝမ်၏ သွေးပင်လယ်မှာ မည်မျှအထိ ကျယ်ပြောနေသနည်း။
သူ ဖန်တီးလိုက်သော သွေးရေတံခွန်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့် (၃) သို့မဟုတ် (၄) ရှိသော သူများကိုပင် ဗိုက်ပေါက်ထွက်စေရန် လုံလောက်လှပေသည်။ သို့သော် မုန့်ဝမ်၏ မျက်နှာမှာမူ နီမြန်းလျက်ရှိပြီး မျက်ဝန်းများမှာလည်း တောက်ပနေရာ ပေါက်ကွဲထွက်တော့မည့်ပုံစံ လုံးဝ မရှိချေ။
ယွမ်ဝူသည် ကိရိန်းသွေးတံဆိပ်ကို မုန့်ဝမ်အား တိုက်ခိုက်ရန် ခိုင်းစေလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ ဝါးမြိုထားသော သွေးရေတံခွန်များကို အပြင်းအထန် ရုန်းကန်စေလိုက်၏။
မုန့်ဝမ်၏ သွေးပင်လယ်အတွင်း၌ ရုန်းကန်နေသော သွေးရေတံခွန်များမှာ သွေးနဂါးများကဲ့သို့ ရုန်းကန်နေကြသော်လည်း ပြင်းထန်သော လှိုင်းလုံးကြီးများက ၎င်းတို့ကို ပင်လယ်၏ အောက်ခြေသို့ ပြန်လည် ဆွဲချပစ်လိုက်တော့ပေသည်။
ယွမ်ဝူသည် ထိုသွေးရေတံခွန်များနှင့် သူ၏ အဆက်အသွယ် ပြတ်တောက်တော့မည်ကို သိရှိလိုက်သဖြင့် ကိရိန်းသွေးတံဆိပ်ကို မုန့်ဝမ်ရှိရာသို့ အသည်းအသန် ရိုက်ချလိုက်ပေသည်။
မုန့်ဝမ်သည် သူမ၏ အတွင်းစိတ်ကို တစ်ချက်ကြည့်လိုက်ပြီး သွေးရေတံခွန်များကို အောင်မြင်စွာ ဖိနှိပ်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင်မှ ကိရိန်းသွေးတံဆိပ်ကို အာရုံစိုက်လိုက်တော့၏။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရသွေးများမှာ တိတ်တဆိတ် လောင်မြဲလာပြီး သူမသည် သွေးရိပ်တစ်ခုအဖြစ် အလွန်လျှင်မြန်သော အရှိန်ဖြင့် ခုန်တက်လိုက်ကာ ကိရိန်း၏ ကျောပေါ်သို့ ရောက်ရှိသွားပေသည်။
ထို့နောက် သူမ၏ လက်သီးများဖြင့် ကိရိန်း၏ ဦးခေါင်းကို တရစပ် ထိုးနှက်တော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးချက်ပေါင်း ဆယ်ချက်ကျော်မှာ ကိရိန်း၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး ဦးခေါင်းမှာလည်း နက်ရှိုင်းစွာ နိမ့်ဝင်သွားတော့ပေသည်။
သွေးကိရိန်းမှာ နာကျင်စွာ အော်ဟစ်ရင်း သူမကို ခါချရန် ကြိုးစားနေသော်လည်း မုန့်ဝမ်၏ ခြေထောက်များမှာ သံညှပ်ကြီးများကဲ့သို့ ကိရိန်း၏ ခန္ဓာကိုယ်ပေါ်တွင် မြဲမြံစွာ ကပ်ပါနေပေသည်။
အခန်း (၁၃၅) - ယွမ်ဝူနှင့် တိုက်ပွဲ (အပိုင်း ၂)
သွေးကိရိန်းကြီး ရုန်းကန်နေစဉ်မှာပင် မုန့်ဝမ်သည် မိုးသီးမိုးပေါက်အလား ပြင်းထန်လှသော လက်သီးချက်များကို ၎င်း၏ ကျန်ရှိနေသော ဦးခေါင်းတစ်ခြမ်းဆီသို့ တရစပ် ပစ်လွှတ်လိုက်ပေသည်။
မကြာမီမှာပင် ထိုကြီးမားလှသော ကိရိန်းဦးခေါင်းမှာ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။
“မဖြစ်နိုင်ဘူး.........”
ယွမ်ဝူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ဆံပင်များမှာ ထောင်မတ်နေပြီး မုန့်ဝမ်ကို ကြည့်နေသော အကြည့်များမှာ သားကောင်ကို ဝါးမြိုတော့မည့် သားရဲတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူ၏ သွေးရေတံခွန်များနှင့် ဆက်သွယ်မှုမှာ တစ်စထက်တစ်စ အားနည်းလာနေသည်ကို သူ ခံစားနေရ၏။ ဤအတိုင်းဆိုလျှင် ထိုအဆက်အသွယ်များမှာ လုံးဝ ပြတ်တောက်သွားပေတော့မည်။
သူ ဆက်လက်၍ စောင့်ဆိုင်းမနေနိုင်တော့ချေ။
ယွမ်ဝူ၏ မျက်ဝန်းများမှ သွေးရောင်အလင်းများ ထွက်ပေါ်လာပြီး မျက်နှာတွင် ရူးသွပ်မှုများ လွှမ်းမိုးသွားပေသည်။ ထို့နောက် ပျက်စီးနေသော ကိရိန်းသွေးတံဆိပ်ကို လက်ညှိုးညွှန်လိုက်၏။
သူ နှစ်ပေါင်းများစွာ ခဲရာခဲဆစ် ကျင့်ကြံခဲ့ရသော ဤထူးခြားသည့် စွမ်းရည်ကို ဖျက်ဆီးပစ်ရဦးတော့မည်... ချုပ်နှောင်ခံထားရသော သွေးရေတံခွန်များကို ပြန်လည်ရရှိရန်အတွက် သူသည် ဤမျှအထိ ရင်းနှီးလိုက်ပေသည်။
“ဝုန်း .....”
အလွန်တရာ ခိုင်မာလှသော ကိရိန်းသွေးတံဆိပ်မှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး သွေးလှိုင်းတံပိုးများမှာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားတော့ပေသည်။ ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိနေသော မုန့်ဝမ်သည် ထိုဒဏ်ကို အပြည့်အဝ ခံစားလိုက်ရ၏။
ပြင်းထန်လှသော သွေးလှိုင်းများက သူမကို ဝါးမြိုသွားပြီး အဆုံးမရှိသော ဖျက်ဆီးမှုများအောက်တွင် သူမ၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်သွား၏။
သူမ ဝတ်ဆင်ထားသော သွေးရောင်ဝတ်ရုံကို ဖောက်ထွက်၍ ရက်စက်လှသော ဖျက်ဆီးခြင်းစွမ်းအားများက မုန့်ဝမ်၏ အသားအရေကို တိုက်စားဖျက်ဆီးနေပေသည်။
သူမ၏ အသားအရေမှာ ခြောက်သွေ့နေသော မြေပြင်ကဲ့သို့ အက်ကွဲသွားပြီး ဒဏ်ရာများမှ သွေးများ တဒဟုန်တည်း စီးကျလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ဝမ်သည် ကြောက်မက်ဖွယ်ကောင်းသော သွေးလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားရပေသည်။
သွေးယဇ်ပူဇော်ခြင်း
မုန့်ဝမ်၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီး သူမ၏ ခန္ဓာကိုယ်မှ စီးကျနေသော သွေးများမှာ လေထဲ၌ပင် ပျောက်ကွယ်သွားကာ အခြားသော စွမ်းအင်ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
တစ်ချိန်တည်းမှာပင် သူမ၏ သွေးပင်လယ်အတွင်းရှိ သွေးရေတံခွန်များကို တိုက်စားနေသည့် အရှိန်မှာလည်း ပိုမိုမြန်ဆန်လာပေသည်။ ဤမျှအရေးကြီးသော အချိန်တွင် သူမသည် မိမိရရှိထားသော ဒဏ်ရာများကို ဂရုမစိုက်ဘဲ အရင်းအမြစ်များကိုသာ အသည်းအသန် လုယူနေတော့ပေသည်။
“နင်... သေထိုက်တယ်.........”
ယွမ်ဝူသည် မုန့်ဝမ်၏ ရည်ရွယ်ချက်ကို သိရှိသွားပြီး သူ၏ မျက်နှာမှာ ပိုမိုခက်ထန်လာ၏။ လခြမ်းပုံသဏ္ဌာန် ချိတ်ကောက်ဓားရှည်တစ်လက်မှာ သူ၏ လက်အတွင်း၌ ပေါ်လာပြီး မုန့်ဝမ်ရှိရာသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာပေသည်။
အချိန်မရှိတော့ချေ... သူမကို ကိုယ်တိုင် သတ်ဖြတ်နိုင်မှသာ သူ၏ သွေးရေတံခွန်များကို ပြန်လည်ရရှိနိုင်ပေလိမ့်မည်။ မုန့်ဝမ်ကို သတ်ပြီးနောက်တွင်မှ နတ်သားတော်ထံ သွားရောက်၍ အပြစ်ပေးခံကာ တောင်းပန်ရလိမ့်မည်ဖြစ်၏။
ယွမ်ဝူသည် သူ၏ အရှိန်ကို အစွမ်းကုန် မြှင့်တင်လိုက်၏။ ခဏချင်းမှာပင် ချွန်ထက်လှသော ချိတ်ကောက်ဓားမှာ မုန့်ဝမ်၏ နှလုံးသားပေါ်သို့ ရောက်ရှိလာပေသည်။ ဓားဦးမှာ မုန့်ဝမ်၏ ရင်ဘတ်မှ ဒဏ်ရာအတိုင်း ထိုးဖောက်ဝင်ရောက်ကာ နှလုံးသားကို အပိုင်းပိုင်းဖြတ်တော့မည့် ဆဲဆဲတွင်... ဓား၏အောက်၌ စက္ကူဖြူတစ်ရွက်မှာ ရုတ်တရက် ပေါ်ပေါက်လာပေသည်။
ထိုစက္ကူဖြူမှာ သာမန်စက္ကူနှင့် မည်သို့မျှ မခြားနားလှပေ။ သို့သော် ထိုချိတ်ကောက်ဓားဖြင့် မည်သို့ပင် ထိုးနှက်ပါစေ ပါးလွှာလှသော ထိုစက္ကူဖြူကို ဖောက်ထွက်နိုင်ခြင်း မရှိသည့်အပြင် မည်သည့် အမှတ်အသားမျှပင် ကျန်ရစ်ခြင်း မရှိချေ။
ယွမ်ဝူသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်၏။ သူသည် တိုက်ခိုက်မှု ပုံစံအမျိုးမျိုးကို ပြောင်းလဲခဲ့သော်လည်း ထိုစက္ကူဖြူက အသာအယာပင် တားဆီးထားနိုင်ပေသည်။ သူ၏ စိတ်ထဲ၌ စိုးရိမ်ထိတ်လန့်မှုများ စတင်လာရပေသည်။
သွေးရေတံခွန်နှင့် သူ၏ ဆက်သွယ်မှုမှာ အလွန်သေးငယ်သော အမျှင်တန်းလေးတစ်ခုသာ ကျန်ရှိတော့ပြီး မည်သည့်အချိန်တွင်မဆို ပြတ်တောက်သွားနိုင်ပေသည်။
ယွမ်ဝူသည် ဓားကို စွန့်ပစ်လိုက်ပြီး ကျင့်စဉ်တိုက်ကွက်ကို ပြောင်းလဲလိုက်၏။ ထို့နောက် ကြီးမားလှသော လက်ဝါးကြီးတစ်ခုကို ဖန်တီးကာ မုန့်ဝမ်၏ ခန္ဓာကိုယ်ပေါ်သို့ အားကုန်ရိုက်ချလိုက်ရာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံး ကြေမွသွားရချေပြီ။
မုန့်ဝမ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး မြေကျင်းထဲတွင် နစ်မြုပ်ကာ သွေးများ အန်ထုတ်နေပေသည်။
သို့သော် သူမသည် ကြေမွသွားသော ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ယွမ်ဝူကို ကြည့်ကာ ပြုံးလိုက်၏။ ဤအချိန်တွင် ယွမ်ဝူ၏ စိတ်ထဲ၌ ထိတ်လန့်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပေသည်။
ထို့နောက် မုန့်ဝမ်၏ ခန္ဓာကိုယ်မှ မြင့်မားလှသော သွေးရောင်အလင်းများ ထွက်ပေါ်လာပြီး သူမ၏ အရှိန်အဝါမှာ တရိပ်ရိပ် တက်လာတော့ပေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် (၂) မှသည် အဆင့် (၃) သို့ တိုက်ရိုက် တိုးတက်သွားချေပြီ။ ထို့နှင့် တစ်ပြိုင်နက်တည်းမှာပင် ယွမ်ဝူ၏ သွေးပင်လယ်အတွင်းရှိ အနှစ်သာရများ ဝါးမြိုခံလိုက်ရသဖြင့် သူ၏ ကျင့်ကြံမှုမှာလည်း ပြန်လည်ကျဆင်းသွားတော့၏။
သူ၏ အရှိန်အဝါများမှာ ရုတ်တရက် ညှိုးနွမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေခံတည်ဆောက်ခြင်းအဆင့် (၆) မှ အဆင့် (၅) သို့ ကျဆင်းသွားရပေသည်။
“မဖြစ်ဘူး... မလုပ်နဲ့.........”
ယွမ်ဝူ၏ မျက်ဝန်းများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေပြီး တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် ကြိုးစားနေသကဲ့သို့ သူ၏ လက်ချောင်းများကို တင်းတင်းစေ့ထားမိပေသည်။
သို့သော် ဝါးမြိုခံလိုက်ရသော သွေးရေတံခွန်များမှာ မည်သည့်အခါမျှ ပြန်လည်ရောက်ရှိလာတော့မည် မဟုတ်ချေ။ ယွမ်ဝူ၏ အရှိန်အဝါမှာ ဆက်လက် ကျဆင်းနေပြီး အခြေခံတည်ဆောက်ခြင်းအဆင့် (၄) သို့ ရောက်ရှိချိန်တွင်မှ ရပ်တန့်သွားတော့ပေသည်။
“အခုတော့ ကျွန်မအလှည့်ရောက်ပြီနော်... စီနီယာအစ်ကို ယွမ်ဝူ”
မုန့်ဝမ်၏ ဒဏ်ရာများမှာ မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားသည်ကို မသိရချေ။ သူမသည် လေထဲသို့ ခုန်တက်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့် ယွမ်ဝူဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပေသည်။
ယွမ်ဝူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး သူ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
သူသည် အဆင့် (၆) တွင် ရှိနေစဉ်မှာပင် မုန့်ဝမ်ကို မနိုင်ခဲ့ချေ။ ယခုကဲ့သို့ အဆင့် (၄) သာ ကျန်ရှိတော့ချိန်တွင် ကျင့်ကြံမှု တိုးတက်သွားသော မုန့်ဝမ်ကို သူ မည်သို့ ရင်ဆိုင်နိုင်ပါဦးမည်နည်း။
ယွမ်ဝူသည် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲကာ ဝေးရာသို့ အသည်းအသန် ထွက်ပြေးတော့လေသည်။ သူ၏ အနှစ်သာရသွေးများကို လောင်ကျွမ်းစေ၍ အသည်းအသန် ထွက်ပြေးသွားခြင်း ဖြစ်ပေသည်။
ထွက်ပြေးသွားသော ယွမ်ဝူကို ကြည့်ရင်း မုန့်ဝမ်၏ နှုတ်ခမ်းမှ အပြုံးမှာ ပိုမိုနက်ရှိုင်းသွား၏။ ယွမ်ဝူသည် သူမကို သတ်ရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်ပေသည်။
သူမ ရရှိခဲ့သော ဒဏ်ရာများမှာ အမှန်တကယ်ပင် ပြင်းထန်လှပြီး လွယ်လွယ်ကူကူနှင့် ပြန်လည်ကောင်းမွန်လာစရာ အကြောင်းမရှိချေ။
သူမသည် သွေးယဇ်ပူဇော်ခြင်းအတတ်ကို အသုံးပြု၍ ဒဏ်ရာများကို အပေါ်ယံမျှသာ ပျောက်ကွယ်သွားအောင် ဖန်တီးထားခြင်း ဖြစ်ပေသည်။
အကယ်၍ ယွမ်ဝူသာ အနည်းငယ် ပို၍ သတိထားခဲ့မည်ဆိုလျှင် ထိုအားနည်းချက်ကို သေချာပေါက် သိရှိနိုင်ပေလိမ့်မည်။ သို့သော် သူသည် မုန့်ဝမ်၏ ဖန်တီးမှုကို ကြောက်လန့်သွားခဲ့ပြီး သူ၏ ကျန်ရှိနေသော ကျင့်ကြံမှုများပါ ဆုံးရှုံးရမည်ကို စိုးရိမ်ကာ ထွက်ပြေးသွားခြင်း ဖြစ်ပေသည်။
မုန့်ဝမ်သည် သူမ၏ လက်ကို မြှောက်လိုက်ပြီး လေသင်္ဘောတစ်စင်းကို ထုတ်ယူလိုက်၏။ ထို့နောက် သူမ၏ ရုပ်သေးကို ထိုလှေကို ထိန်းချုပ်ရန် ခိုင်းစေလိုက်ပြီး လှေအတွင်းခန်းသို့ ယိုင်တိယိုင်တိုင်ဖြင့် ဝင်ရောက်သွားတော့ပေသည်။
သူမ၏ အရိုးများအားလုံးမှာ ကြေမွနေပြီ ဖြစ်၏။ ယွမ်ဝူကို ခြောက်လှန့်ရန်အတွက် သူမသည် သွေးယဇ်ပူဇော်ခြင်းအတတ်ကို အသုံးပြု၍ အသားနှင့် အရိုးများကို အတင်းအဓမ္မ ပြန်လည် ပေါင်းစပ်ထားရခြင်း ဖြစ်ပေသည်။
များစွာသော အဆစ်အမြစ်များမှာလည်း လွဲချော်နေသဖြင့် ၎င်းတို့ကို ပြန်လည်ချိုး၍ စနစ်တကျ ပြုပြင်ရပေဦးမည်။
သို့သော် ဤတိုက်ပွဲတွင် သူမသည် အဆင့် (၆) ရှိသော ယွမ်ဝူ၏ စွမ်းအင်အမြောက်အမြားကို လုယူနိုင်ခဲ့သဖြင့် ခြုံငုံကြည့်လျှင် အမြတ်ထွက်ခဲ့သည်ဟု ဆိုရပေမည်။
အခြားတစ်ဖက်တွင်မူ ယွမ်ဝူသည် ထွက်ပြေးလာခဲ့ပြီးနောက် သူ၏ ကျင့်ကြံခြင်းဂူသို့ပင် မပြန်ရဲတော့ဘဲ ပုန်းကွယ်နေနိုင်မည့် နေရာတစ်ခုကို ရှာဖွေလိုက်ပေသည်။
သူသည် ဘေးကင်းပြီဟု ယူဆရချိန်တွင်မှ သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားပေသည်။ သို့သော် သူသည် ချက်ချင်းပင် ပြန်လည်ထိုင်လိုက်၏။
ဒါ... မဟုတ်သေးဘူး.........
မုန့်ဝမ်သည် သေလုမျောပါး ဒဏ်ရာများ ရရှိထားပါလျက် သူ၏ စွမ်းအားများကို လောဘတကြီး ဝါးမြိုနေခဲ့သူ ဖြစ်ပေသည်။ သူမအနေဖြင့် သူ့ကို အလွယ်တကူ လွှတ်ပေးစရာ အကြောင်းမရှိချေ။ သူမ တမင်သက်သက် လုပ်လိုက်ခြင်း ဖြစ်ရမည်။
ယွမ်ဝူသည် တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်လိုက်၏။ သူမ၏ အသားအရေမှာ နီမြန်းနေပြီး အချို့သော လှုပ်ရှားမှုများမှာ သဘာဝမကျသည်ကို သူ ပြန်လည်သတိရလိုက်ပေသည်။
ယွမ်ဝူ၏ မျက်ဝန်းများတွင် ဒေါသတရားများ ပြည့်နှက်သွားရ၏။ သူမ၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ သူမသည် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။
သူမ၏ လှည့်ကွက်ကို သူ ခံလိုက်ရချေပြီ။ အကယ်၍ သူသာ ထိုအချိန်တွင် ထွက်မပြေးဘဲ တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ၏ ကျင့်ကြံမှုများကို ပြန်လည်ရယူနိုင်ကောင်း ရယူနိုင်ပေလိမ့်မည်။
ယွမ်ဝူသည် ပုန်းကွယ်နေရာမှ အပြင်းအထန် ထွက်လာခဲ့ပြီး ယခင်တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသို့ အမြန်ဆုံး ပြန်သွားခဲ့သော်လည်း မုန့်ဝမ်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။
သူသည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ပြီးနောက် အေးစက်စွာ ရယ်မောလိုက်၏။
“မုန့်ဝမ်... နင် လွတ်မှာ မဟုတ်ပါဘူး.........”
သူမ၏ ဒဏ်ရာများ မသက်သာမီ သူမကို သူ သေချာပေါက် ပြန်ရှာရပေမည်။