အခန်း (၁၅၁-၁၅၅)
Vol. 16 Ch. 151-155
အခန်း (၁၅၁) နတ်သားတော်များ စုံစည်းခြင်း
မုန့်ဝမ်သည် ဖားယားတတ်သည့် ထိုလူနှင့် စကားများမနေတော့ဘဲ ဖီးနစ်တောင်ကြားသို့ ပြန်ရောက်သည်နှင့် သွေးပင်လယ်၏ စွမ်းအားကို အသုံးပြု၍ ‘ဝိညာဉ်လက်နက်’ များကို သန့်စင်ရန် ချက်ချင်းပင် တံခါးပိတ် ကျင့်ကြံတော့သည်။
တုပေါင်းဆောင် ပွင့်ရန် ၁၀ ရက်သာ လိုတော့သည်။ ပုံမှန်အတိုင်း တဖြည်းဖြည်း ကျင့်ကြံနေခြင်းမှာ အချိန်ဖြုန်းရာ ကျလှသည်။ လက်နက်များကို သန့်စင်ပြီး စွမ်းအားမြှင့်တင်ခြင်းကသာ ပို၍ ထိရောက်သော တိုးတက်မှုကို ရရှိစေမည်ဖြစ်သည်။
မုန့်ဝမ်သည် သွေးဝိညာဉ်ပုတီး၊ သွေးမိစ္ဆာပုတီး၊ သွေးရောင်ဓားရှည်နှင့် ယွမ်ဝူ၊ ယွီချီတို့ဆီမှ လုယူထားသော သွေးလက်နက် အားလုံးကို သွေးပင်လယ်ထဲသို့ ပစ်ထည့်လိုက်သည်။
သွေးပင်လယ်၏ နက်ရှိုင်းသော နေရာတွင် ပုံသဏ္ဌာန်မျိုးစုံရှိသော သွေးလက်နက် ဒါဇင်ပေါင်းများစွာမှာ နစ်မြုပ်နေကြသည်။
သူမ အသက်ရှူလိုက်တိုင်း သွေးရေပမာဏ အမြောက်အမြားမှာ ထိုလက်နက်များကို ပွတ်တိုက်ခြင်း၊ ဖိသိပ်ခြင်းနှင့် ရိုက်ခတ်ခြင်းများကို အဆက်မပြတ် လုပ်ဆောင်နေသည်။
အစွမ်းနည်းသော လက်နက်အချို့မှာ ပြင်းထန်သော ဖိအားကို မခံနိုင်ဘဲ “ဘုန်း” ခနဲ အသံနှင့်အတူ ပေါက်ကွဲကာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားကြသည်။ ထိုအစအနများကို သွေးရေများက ပြန်လည် ဆေးကြော သန့်စင်ပေးနေသည်။
“ဘုန်း... ဘုန်း... ဘုန်း”
အချိန်ကြာလာသည်နှင့်အမျှ အောင်မြင်စွာ ခံနိုင်ရည်မရှိသော လက်နက်များမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်။ နောက်ဆုံးတွင် သွေးဝိညာဉ်ပုတီး၊ သွေးမိစ္ဆာပုတီး၊ သွေးရောင်ဓားရှည်၊ ယွမ်ဝူ၏ တံစဉ်နှင့် အခြား လက်နက် ခုနစ်ခု ရှစ်ခုခန့်သာ ကျန်ရှိတော့သည်။
မုန့်ဝမ်သည် ပျက်စီးသွားသော လက်နက်များမှ ထွက်လာသည့် အနှစ်သာရများကို ကျန်ရှိသော လက်နက်များထဲသို့ ‘သွေးလမ်းစဉ်ကျင့်စဉ်’ ကို အသုံးပြု၍ ပေါင်းစပ်ထည့်သွင်းပေးလိုက်သည်။
သန့်စင်မှု လုပ်ငန်းစဉ်မှာ ဆယ်ပုံတစ်ပုံခန့်သာ ပြီးစီးသေးသော်လည်း ၁၀ ရက်တာ အချိန်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ တုပေါင်းဆောင်သို့ ထွက်ခွာရန် အချိန်ကျရောက်လာခဲ့သည်။ မုန့်ဝမ်သည် လက်နက်သန့်စင်ခြင်းကို ရပ်တန့်ကာ ဆဋ္ဌမတောင်ထိပ်သို့ ဦးတည်လေသည်။
သူမ ရောက်သွားသောအခါ စီနီယာအစ်မ ချင်းလင်မှာ စောင့်နေသည်မှာ ကြာနေပြီဖြစ်သည်။ မုန့်ဝမ်ကို မြင်သောအခါ ချင်းလင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အေးစက်စွာပင် နှုတ်ဆက်လိုက်သည်။
“ညီမလေး မုန့်”
“နေကောင်းလား စီနီယာအစ်မ ချင်းလင်”
မုန့်ဝမ်က ပြုံးရွှင်စွာ ပြန်လည်နှုတ်ဆက်လိုက်သည်။ ချင်းလင်၏ အေးစက်သော အမူအရာကို သူမ ဂရုမစိုက်ဘဲ ဘေးတွင် ရိုသေစွာ ရပ်စောင့်နေသည်။
မကြာမီမှာပင် တောင်ထိပ်မှ သွေးရောင်အလင်းတစ်ခုမှာ သူတို့နှစ်ဦး ရှေ့သို့ ကျဆင်းလာသည်။ အလင်းများ ပျောက်ကွယ်သွားသောအခါ ရက်စက်ယုတ်မာသော အသွင်အပြင်ရှိသည့် ချောမောခန့်ညားသော လူတစ်ယောက် ပေါ်လာသည်။
သူကား သွေးလမ်းစဉ်၏ နတ်သားတော် ရွှယ်ဝူယာ ပင် ဖြစ်ချေသည်။ အနက်ရောင် ပန်းခက်ပုံစံများ ထိုးထားသော သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်ခုံးများကြားရှိ မောက်မာမှုကြောင့် လူတိုင်းမှာ သူ့ကို တိုက်ရိုက်မကြည့်ရဲကြပေ။
“သွားကြစို့”
ရွှယ်ဝူယာက အပိုစကား မပြောဘဲ တည်ငြိမ်စွာ ဆိုလိုက်ကာ ဦးတည်ချက်တစ်ခုသို့ လျှောက်လှမ်းသွားသည်။ မုန့်ဝမ်နှင့် ချင်းလင်တို့က အမြန်ပင် နောက်က လိုက်သွားကြသည်။
“တုပေါင်းဆောင် ပွင့်တော့မယ်။ အရင်ဆုံး လျှို့ဝှက်နေရာတစ်ခုကို သွားရမယ်။ အဲဒီက ‘တယ်လီပို့’ ကနေတစ်ဆင့်မှ တုပေါင်းဆောင်ရဲ့ ပထမထပ်ကို ဝင်လို့ရမှာ။
တုပေါင်းဆောင်ထဲမှာ ရတနာတွေ အများကြီးရှိတယ်။ လူတိုင်းက ကိုယ့်အရည်အချင်းနဲ့ကိုယ် လုယူကြရမှာ ဖြစ်သလို တခြားလမ်းစဉ်တွေက ပါရမီရှင်တွေနဲ့လည်း တိုက်ခိုက်ရမှာ သေချာတယ်” ဟု ရွှယ်ဝူယာက ရှင်းပြသည်။
လမ်းတလျှောက်တွင် ရွှယ်ဝူယာသည် တုပေါင်းဆောင်အတွင်းရှိ စည်းမျဉ်းများ၊ သတိထားရမည့် အချက်များနှင့် ရရှိနိုင်မည့် ရတနာများအကြောင်းကို အတိုချုပ် ရှင်းပြပေးခဲ့သည်။
သူ၏ လေသံမှာ အေးဆေးနေသော်လည်း ငြင်းပယ်၍မရသော အာဏာ ပါဝင်နေသည်။
“မှတ်ထား... တုပေါင်းဆောင်ထဲ ရောက်ရင် ငါ့ရဲ့ အမိန့်ကိုပဲ နာခံရမယ်။ ခဏတာ အကျိုးအမြတ်အတွက် လောဘမကြီးကြနဲ့” ဟု သူက သတိပေးလိုက်သည်။
ချိုင့်ဝှမ်းတစ်ခုသို့ ရောက်သောအခါ ရွှယ်ဝူယာက ရပ်လိုက်ပြီး အောက်ဘက်ရှိ ချိုင့်ဝှမ်းကို ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်သည်။
“ဒါက ‘လျှို့ဝှက်နယ်မြေ’ ရဲ့ အဝင်ဝပဲ”
သူတို့ သုံးဦး ချိုင့်ဝှမ်းကို ဖြတ်ကျော်လိုက်သောအခါ မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြန့်သွားသည်။ ကွင်းပြင်ထဲတွင် ရှေးဟောင်း တယ်လီပို့ စက်ကွင်းတစ်ခုမှာ ဝိညာဉ်အလင်းတန်းလေးများ ထုတ်လွှတ်လျက် တည်ရှိနေသည်။
စက်ကွင်းအနီးတွင် ကျင့်ကြံသူ အများအပြား ရှိနေသော်လည်း သူတို့မှာ လမ်းစဉ်ငယ်လေးများမှ တပည့်များသာ ဖြစ်ဟန်တူသည်။
ထိုစဉ် လူအချို့မှာ အဝေးမှ ပျံသန်းလာပြီး စက်ကွင်းဘေးသို့ ဆင်းသက်လိုက်ကြသည်။
“ရွှယ်ဝူယာ... မင်း ရောက်တာ စောသားပဲ”
စကားပြောသူမှာ ဝတ်စုံနက်ကို ကျပ်ထုတ်နေအောင် ဝတ်ထားပြီး ‘ယင်’ စွမ်းအင်များ ဝန်းရံထားသည့် ‘ဝိညာဉ်လမ်းစဉ်’ ၏ နတ်သားတော် ဖြစ်သည်။
သူ၏ ဘေးတွင်မူ ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်စုံနှင့် ‘မိစ္ဆာလမ်းစဉ်’ ၏ နတ်သမီးတော် ရှိနေသည်။
ရွှယ်ဝူယာက နှာခေါင်းရှုံ့လိုက်ကာ - “မင်းတို့လည်း မနောက်ကျပါဘူး” ဟု အေးစက်စွာ တုံ့ပြန်လိုက်သည်။
ဝိညာဉ်လမ်းစဉ် နတ်သားတော်က မုန့်ဝမ်ကို တစ်ချက်ကြည့်ကာ စူးရှသော အသံဖြင့် ရယ်မောလိုက်သည်။ “မင်း နောက်လိုက်အသစ် ကောင်းကောင်းတစ်ယောက် ရထားတယ်လို့ ကြားတယ်။ ဒီနေ့တော့ ငါကိုယ်တိုင် မြင်ရတာပေါ့”
မိစ္ဆာလမ်းစဉ် နတ်သမီးတော်က ပါးစပ်ကို ပိတ်ကာ တခိခိ ရယ်မောလိုက်ပြီး မုန့်ဝမ်နှင့် ချင်းလင်ကို ကြည့်ကာ အဆိပ်လူးထားသော စကားများကို ဆိုလိုက်သည်။
“နတ်သားတော် ရွှယ်... မင်းက တကယ့်ကို ကံကောင်းတာပဲ။ ဒီလို အသားဖြူဖြူ ချောချောလှလှလေး နှစ်ယောက်က သနားစရာလေးတွေပါ။ မင်းက သူတို့ကို သနားလို့ တုပေါင်းဆောင်ထဲကို ဗဟုသုတရအောင် ခေါ်လာတာလား၊ ဒါမှမဟုတ် ရတနာလုဖို့ ခေါ်လာတာလား”
ဝိညာဉ်လမ်းစဉ် နတ်သားတော်က ကျောက်သင်ပုန်းကို လက်သည်းဖြင့် ခြစ်လိုက်သကဲ့သို့ နားမခံသာသော အသံဖြင့် ထပ်မံ ရယ်မောလိုက်ပြန်သည်။ “ရွှယ်ဝူယာ... ပြီးခဲ့တဲ့အကြိမ်က သင်ခန်းစာကို မေ့သွားပြီလား။ ဝန်ထုပ်ဝန်ပိုး နှစ်ခုကို ခေါ်လာတာ... အရင်တုန်းကလို လက်ဗလာနဲ့ ပြန်ရမှာ မကြောက်ဘူးလား”
ရွှယ်ဝူယာ၏ မျက်နှာမှာ မပြောင်းလဲဘဲ - “မင်းတို့ စိုးရိမ်တာ များသွားပြီ။ ဒါပေမဲ့ သူတို့ကို ဒုက္ခပေးဖို့ မကြိုးစားကြနဲ့၊ မဟုတ်ရင် မင်းတို့ကိုယ်တိုင် ပြဿနာတက်လိမ့်မယ်” ဟု အေးအေးဆေးဆေးပင် ပြောလိုက်သည်။
မိစ္ဆာလမ်းစဉ် နတ်သမီးတော်က မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားကာ - “နတ်သားတော် ရွှယ်... မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား” ဟု မေးလိုက်သည်။
ဘေးဘက်မှ ဝိညာဉ်လမ်းစဉ် နတ်သားတော်ကလည်း နှာခေါင်းရှုံ့လိုက်သည်။ “တုပေါင်းဆောင်ထဲမှာတော့ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ။ ဘယ်သူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့”
နှစ်ဖက်စလုံးမှာ စကားကောင်း ပြောနေကြသော်လည်း အတွင်းစိတ်ထဲတွင်မူ ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်နေချေပြီ။
“ဟက်... ဒါဆိုရင်လည်း စောင့်ကြည့်တာပေါ့”
ရွှယ်ဝူယာက လက်အင်္ကျီကို ခါလိုက်ပြီး တယ်လီပို့ စက်ကွင်းထဲသို့ ပထမဆုံး ဝင်ရောက်လိုက်သည်။
မုန့်ဝမ်သည် ခေါင်းငုံ့ထားရင်း မိစ္ဆာလမ်းစဉ် နတ်သမီးတော်ကို ခိုးကြည့်လိုက်ရာ ထူးဆန်းသော အရာတစ်ခုကို သတိထားမိလိုက်သည်။ နတ်သမီးတော်၏ ခန္ဓာကိုယ်တွင် မိစ္ဆာစွမ်းအင်များအပြင် သွေးစွမ်းအင် အနည်းငယ်လည်း ရောယှက်နေသဖြင့် သူမသည် ‘သွေးလမ်းစဉ်ကျင့်စဉ်’ ကိုလည်း ကျင့်ကြံထားကြောင်း သိလိုက်ရသည်။ ထို့ပြင် ဝိညာဉ်လမ်းစဉ် နတ်သားတော်၏ စွမ်းအင်များမှာလည်း သန့်စင်မနေဘဲ တစ်ခုခုနှင့် ရောထွေးနေသည်ကို သတိပြုမိသည်။ ထိုနတ်သားတော်များသည် လမ်းစဉ်တစ်ခုတည်းနှင့် မကျေနပ်ကြဘဲ အခြားလမ်းစဉ်များမှ စွမ်းအားများကို ပေါင်းစပ်ရန် ကြိုးစားနေကြဟန် တူသည်။
ထိုစဉ် နောက်ထပ် လူအချို့ ရောက်လာကြပြန်သည်။ ရှေ့ဆုံးမှ အမျိုးသမီးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ‘အဆိပ်’ အငွေ့အသက်များ ဝန်းရံထားသည်။ သူမကား ရွှယ်ဝူယာ၏ မဟာမိတ် ‘အဆိပ်လမ်းစဉ်’ ၏ နတ်သမီးတော် ‘လွီရှောက်’ ပင် ဖြစ်သည်။ သူမသည် ရွှယ်ဝူယာကို ခေါင်းညိတ် နှုတ်ဆက်လိုက်သော်လည်း အနားသို့ မလာဘဲ တစ်နေရာတွင် တင်ပျဉ်ခွေထိုင်ကာ စောင့်နေလိုက်သည်။
သူမ၏ နောက်တွင် ‘ဂူလမ်းစဉ်’(အဆိပ်ဂူလမ်းစဉ်က မပြေလို့ ဂူလို့ပြောင်းထားပါတယ်) နှင့် ‘ခွန်အားလမ်းစဉ်’ နတ်သားတော်များလည်း အတူတူ ရောက်လာကြသည်။ ဂူလမ်းစဉ် နတ်သားတော်မှာ ဖျော့တော့သောအသွင်ရှိပြီး အားနည်းဟန် ပေါ်သော်လည်း၊ ခွန်အားလမ်းစဉ် နတ်သားတော်မှာမူ ကျန်းမာသန်စွမ်းပြီး စွမ်းအင်များ ပြည့်ဝနေပုံရသည်။
နတ်သားတော်များ အားလုံး စုံစည်းသွားသောအခါ လေထုမှာ ပို၍ တင်းမာလာပြီး မည်သူမျှ စကားမဟရဲကြတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
အခန်း (၁၅၂) တုပေါင်းဆောင် ပွင့်ပြီ
မုန့်ဝမ် အံ့ဩသွားရသည်မှာ ရွှမ်ယင်ဂိုဏ်းမှ တပည့်များသာမက အခြားဂိုဏ်းအသီးသီးမှ တပည့်များ၊ ထိုမျှမက ‘တစ်ကိုယ်တော်ကျင့်ကြံသူ’များပင် ဤနေရာတွင် စုဝေးနေကြခြင်းဖြစ်သည်။
ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် သူမ အခြေအနေကို ရိပ်မိလိုက်သည်။ ဂိုဏ်းတော်သည် တုပေါင်းဆောင် ထဲ ဝင်ရောက်ခွင့် အရည်အချင်းများကို ပြင်ပလူများထံ ရောင်းချပြီး အမြတ်အစွန်း အမြောက်အမြား ရှာဖွေနေခြင်း ဖြစ်ဟန်တူသည်။
တယ်လီပို့ စက်ကွင်းအနီးတွင် ကျင့်ကြံသူများ ပိုမိုများပြားလာသော်လည်း ‘ကာမလမ်းစဉ်’ ၏ နတ်သားတော်ကိုမူ လုံးဝ မတွေ့ရပေ။ ထိုနတ်သားတော်သည် အလွန်လျှို့ဝှက်ပြီး ရုပ်ဖျက်အတတ်တွင် ကျွမ်းကျင်သူဖြစ်ရာ သူ၏ မျက်နှာအစစ်အမှန်ကို မြင်ဖူးသူ အလွန်ရှားသည်ဟု ဆိုကြသည်။
မုန့်ဝမ်ကတော့ သူသည် လူအုပ်ထဲတွင် ရောနှောနေပြီး သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားခြင်းသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားကာ တုပေါင်းးဆောင် ပွင့်မည့်အချိန် နီးကပ်လာခဲ့ပြီ။ လေထုမှာ တင်းမာမှုများ ပြည့်နှက်နေပြီး အချိန်မရွေး ပြတ်တောက်သွားနိုင်သည့် ကြိုးတစ်ချောင်းကဲ့သို့ ရှိနေသည်။
ထိုစဉ် တယ်လီပို့ စက်ကွင်းအထက်ရှိ ‘ဟင်းလင်းပြင်’ မှာ လှုပ်ရှားသွားပြီး ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ ဝဲဂယက်၏ အလယ်ဗဟိုမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာရာ အခြားကမ္ဘာတစ်ခုသို့ သွားရာ တံခါးပေါက်ကြီးတစ်ခုအလားဖြစ်နေသည်။
“တုပေါင်းးဆောင် ပွင့်ပြီ........”
လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်နှင့် လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြပြီး ဝဲဂယက်ကြီးကို စိုက်ကြည့်နေကြတော့သည်။
တစ်ချိန်တည်းမှာပင် သူတို့ခြေဖဝါးအောက်ရှိ တယ်လီပို့ စက်ကွင်းမှ အလင်းတန်းများ ရုတ်တရက် ပွင့်ထွက်လာပြီး လူတိုင်းကို လွှမ်းခြုံသွားတော့သည်။
ဖြူဖွေးသော အလင်းတန်းတစ်ခုနှင့်အတူ မုန့်ဝမ်သည် ခေါင်းမူးနောက်သွားသလို ခံစားလိုက်ရပြီး မျက်လုံးပြန်ဖွင့်လိုက်သောအခါ မရင်းနှီးသော နေရာတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
မိုးထိမတတ် မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးများမှာ ကောင်းကင်ကို ဖုံးအုပ်ထားပြီး ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် နွယ်ပင်များမှာ အမြစ်များအထိ ရစ်ပတ်နေကြသည်။
လေထုထဲတွင် သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများနှင့်အတူ သစ်ပင်ပန်းမန်အနံ့ သင်းသင်းလေးမှာလည်း ရောယှက်နေသည်။
ဤတုပေါင်းးဆောင်၏ ပထမထပ်မှာ အလွန်ပင် ကျယ်ဝန်းလှပေသည်။ ၎င်းကို “တုပေါင်းဆောင်” ဟု ခေါ်သည်ထက် ရတနာများ ပြည့်နှက်နေသည့် ‘လျှို့ဝှက်နယ်မြေ’ တစ်ခုဟု ဆိုလျှင် ပိုမှန်လိမ့်မည်။
မုန့်ဝမ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမမှအပ မည်သူ့ကိုမျှ မတွေ့ရပေ။ တယ်လီပို့ စက်ကွင်းသည် တုပေါင်းးဆောင်ထဲ ဝင်လာသူများကို ဟိုတစ်စ ဒီတစ်စ ခွဲထုတ်လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
မထွက်ခွာမီကပင် ရွှယ်ဝူယာသည် ဤအခြေအနေကို ကြိုတင်ပြောပြထားသဖြင့် မုန့်ဝမ်က ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ တုပေါင်းးဆောင်အတွင်း၌ အမှတ်အသား တိုကင်များဖြင့် သတင်းပို့၍ မရပေ။
ထို့ကြောင့် ရွှယ်ဝူယာသည် သူမနှင့် ချင်းလင်ကို ‘ဝိညာဉ်လက်နက်အသေးစား’ တစ်ခုစီ ပေးထားသည်။ ၎င်းမှာ ရွှယ်ဝူယာ၏ ပင်မလက်နက်ရှိရာကို အာရုံခံနိုင်သဖြင့် ဤလျှို့ဝှက်နယ်မြေအတွင်း အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်မည်ဖြစ်သည်။
ထို့ပြင် မုန့်ဝမ်နှင့် ချင်းလင်တို့ ကိုင်ဆောင်ထားသော လက်နက်များမှာလည်း တစ်ဦးနှင့်တစ်ဦး တည်နေရာကို အာရုံခံနိုင်ကြသည်။
မုန့်ဝမ်သည် ခဏမျှ စဉ်းစားပြီးနောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ လက်ဖဝါးခန့်ရှိသော ဓားငယ်လေးတစ်စင်းကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ရွှယ်ဝူယာ ပေးထားသော လက်နက်ငယ်ပင် ဖြစ်သည်။
ဓားလေးမှာ သူမ၏ လက်ထဲတွင် နွေးထွေးချောမွေ့နေပြီး သွေးနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။
မုန့်ဝမ်သည် ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်ရာ ဓားမှာ အနည်းငယ် တုန်ခါသွားပြီး အနီရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်လာသည်။
၎င်းသည် ဦးတည်ချက်တစ်ခုကို အရင်ညွှန်ပြပြီးနောက် အခြားတစ်ဖက်သို့ အနည်းငယ် ရွေ့သွားပြန်သည်။ ပထမဦးတည်ချက်မှာ ပင်မဓားရှိရာ (ရွှယ်ဝူယာရှိရာ) ဖြစ်ပြီး ဒုတိယဦးတည်ချက်မှာ အခြားလက်နက်ရှိရာ (ချင်းလင်ရှိရာ) ပင် ဖြစ်သည်။
ပင်မဓားနှင့် ဆက်သွယ်မှု ခွန်အားအရ ရွှယ်ဝူယာ၏ တည်နေရာမှာ သူမနှင့် အလွန်ဝေးကွာပြီး ဤလျှို့ဝှက်နယ်မြေ၏ အခြားတစ်ဖက်စွန်းတွင် ရှိနေကြောင်း မုန့်ဝမ် ရိပ်မိလိုက်သည်။
သို့သော် ချင်းလင်မှာမူ သူမနှင့် သိပ်မဝေးလှပေ။ သူမ၏ အရှိန်နှင့်ဆိုလျှင် တစ်နာရီမပြည့်မီ ဆုံစည်းနိုင်မည်ဖြစ်သည်။ မုန့်ဝမ်က ခပ်ပြုံးပြုံးပင် ဓားငယ်ကို သိမ်းဆည်းလိုက်ပြီး ချင်းလင်ရှိရာဘက်သို့ ဦးတည်ထွက်ခွာလိုက်သည်။
မုန့်ဝမ် ထွက်ခွာချိန်နှင့် တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ ချင်းလင်သည်လည်း မုန့်ဝမ်၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။ သူမလက်ထဲရှိ ဓားငယ်မှာ အနီရောင်အလင်းတန်းများ ထုတ်လွှတ်လျက် မုန့်ဝမ်ရှိရာဘက်သို့ ညွှန်ပြနေသည်။
ချင်းလင်၏ မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ချိုးသွားပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားရသည်။ မုန့်ဝမ်ကို သူမ စိတ်ပျက်သော်လည်း သူတို့သည် အုပ်စုတစ်ခုတည်း ဖြစ်နေကြသည်။
နတ်သားတော်များ၊ နတ်သားတော်အလျောင်းအလျာများ ပြည့်နှက်နေသည့် ဤပြင်းထန်သော ပတ်ဝန်းကျင်တွင် အတူတူ လှုပ်ရှားခြင်းကသာ ပို၍ ဘေးကင်းပေလိမ့်မည်။ မဟုတ်ပါက အခြားနတ်သားတော် တစ်ပါးပါးနှင့် တိုးပါက သူမ၏ ကျင့်ကြံမှု မည်မျှမြင့်စေကာမူ အမဲလိုက်ခံရမည့် ကံကြမ္မာသာ ရှိပေသည်။
ဤသို့တွေးပြီးနောက် ချင်းလင်က နှာခေါင်းရှုံ့လိုက်ကာ ဓားကို သိမ်းပြီး မုန့်ဝမ်ရှိရာဘက်သို့ အမြန်နှုန်းဖြင့် ပြေးထွက်လိုက်သည်။ သိပ်သည်းလှသော သစ်ပင်အုပ်ကြီးမှာ နေရောင်ခြည်ကို ပိတ်ဆို့ထားသဖြင့် တောအုပ်အတွင်း မှောင်မည်းနေသည်။
ချင်းလင်သည် ခြေဖျားလေးများဖြင့် ခုန်ကူးရင်း သစ်ပင်များကြားတွင် ပျံလွှားငှက်တစ်ကောင်အလား လျင်မြန်စွာ ရွေ့လျားနေသည်။
သို့သော် သူမ သိပ်မဝေးလှသော နေရာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ကြည့်လိုက်သည်။
“ဘယ်သူလဲ?........” ချင်းလင်က စူးရှစွာ အော်ဟစ်လိုက်သည်။
သစ်ပင်ရိပ်များ လှုပ်ခတ်သွားပြီး အမှောင်ထဲမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ “ဟဲဟဲ... မင်းရဲ့ သတိဝီရိယက မဆိုးဘူးပဲ။ ငါ့ကို ဒီလောက်အမြန် ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး...”
ချင်းလင်၏ စိတ်ထဲတွင် အန္တရာယ်အချက်ပေးသံများ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ သစ်ပင်တစ်ပင်နောက်မှ ဝိညာဉ်တစ်ခုကဲ့သို့ လူတစ်ယောက် ထွက်ပေါ်လာပြီး မြွေဆိုးတစ်ကောင်အလား သူမကို စိုက်ကြည့်နေသည်။
ထိုလူမှာ အဝတ်နက်ကို ဝတ်ဆင်ထားပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသော်လည်း နှုတ်ခမ်းများမှာမူ သွေးကဲ့သို့ နီရဲနေသည်။ သူကား ‘ဝိညာဉ်လမ်းစဉ်’ မှ နတ်သားတော်အလျောင်းအလျာ ‘မော့ရှောင်’ ပင် ဖြစ်ချေသည်။
သူတို့နှစ်ဦးမှာ အရင်ကတည်းက ရန်ငြိုးဟောင်း ရှိခဲ့သူများဖြစ်ရာ ယခုကဲ့သို့ တုပေါင်းးဆောင်ထဲတွင် ဆုံတွေ့ရခြင်းမှာ ရန်လိုမှုကို ပို၍ ကြီးထွားစေသည်။
“ချင်းလင်... တိုက်ဆိုင်လိုက်တာ။ မင်းနဲ့ ဒီလောက်အမြန် ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး........” မော့ရှောင်က သူ၏ သွားဖြူဖြူများကို ထုတ်ပြကာ ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
ချင်းလင်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်ထဲတွင် သွေးရောင် ကြာပွတ်ရှည်ကြီး တစ်ခု ပေါ်လာသည်။ “မော့ရှောင်... စကားများမနေနဲ့တော့........ တိုက်ချင်ရင်လည်း တိုက်လိုက်စမ်း........”
သူတို့နှစ်ဦး ချက်ချင်းပင် တိုက်ပွဲဝင်ကြတော့သည်။ မော့ရှောင်၏ ဝိညာဉ်လမ်းစဉ် ကျင့်စဉ်မှာ လျှို့ဝှက်ဆန်းပြားပြီး ခန့်မှန်းရ ခက်လှသည်။
ချင်းလင်မှာမူ ကြာပွတ်ကို ကျွမ်းကျင်စွာ အသုံးပြု၍ ပြိုင်ဘက်၏ အသက်အန္တရာယ်ရှိသော နေရာများကိုသာ ချိန်ရွယ် တိုက်ခိုက်သည်။ ခေတ္တမျှတွင် ကြာပွတ်ရိုက်သံများနှင့် ဝိညာဉ်ရိပ်များ ရှုပ်ထွေးသွားပြီး သူတို့နှစ်ဦးမှာ အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချင်းလင်က တဖြည်းဖြည်း အရေးနိမ့်လာသည်။ မော့ရှောင်၏ ကျင့်စဉ်မှာ အချိန်ဆွဲ တိုက်ခိုက်ရာတွင် အားသာပြီး ချင်းလင်၏ သွေးကြာပွတ်မှာမူ ပြင်းထန်သလောက် စွမ်းအင် စားသုံးမှု အလွန်များပြားသည်။
သူမ၏ ဝိညာဉ်စွမ်းအားများ ကုန်ခန်းလာသည်ကို သတိပြုမိသောအခါ ချင်းလင်သည် စိတ်ကို တင်းထားလိုက်ပြီး သူမ၏ လျှာကို ကိုက်ကာ သွေးတစ်လုပ်ကို လေထဲသို့ ထွေးထုတ်လိုက်သည်။ ထိုသွေးများမှာ လေထဲတွင် ထူးဆန်းသော သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“တံဆိပ်ကို ဖွင့်လိုက်စမ်း........ ပထမအဆင့် တံဆိပ်ဖြေလွှတ်ခြင်း........”
ချင်းလင် အော်ဟစ်လိုက်သည်နှင့် သူမ၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာပြီး ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ခြောက်မှ အဆင့် ခုနစ်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
မော့ရှောင်မှာ အံ့ဩသွားရသည်။ ချင်းလင်က သူမ၏ စွမ်းအားကို ဖုံးကွယ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူ မတုန်လှုပ်ဘဲ - “အခြေခံတည်ဆောက်ခြင်းအဆင့် ခုနစ် ဖြစ်တော့ရော ဘာဖြစ်လဲ? ငါ မင်းကို သတ်နိုင်တုန်းပဲ........” ဟု ဆိုကာ ပို၍ ပြင်းထန်စွာ တိုက်ခိုက်ပြန်သည်။
ချင်းလင်က နောက်သို့ ဆုတ်လိုက်ပြီး လျှာကို ထပ်မံကိုက်ကာ သွေးတစ်လုပ် ထပ်မံ ထွေးထုတ်လိုက်ပြန်သည်။
“ဒုတိယအဆင့် တံဆိပ်ဖြေလွှတ်ခြင်း........”
သူမ၏ ကျင့်ကြံမှုမှာ ထပ်မံ ခုန်တက်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ရှစ်သို့ ရောက်ရှိသွားသည်။ ထိုအခါမှသာ မော့ရှောင်မှာ ဖိအားကို စတင် ခံစားလိုက်ရပြီး သူ၏ အမူအရာမှာ ပျက်ယွင်းလာတော့သည်။
ချင်းလင်က သူမ၏ ခွန်အားကို ဤမျှအထိ နက်ရှိုင်းစွာ ဖုံးကွယ်ထားလိမ့်မည်ဟု သူ ကျိတ်၍ ကျိန်ဆဲနေမိသည်။
ချင်းလင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ မော့ရှောင်၏ လှုပ်ရှားမှုများမှာ ဝိညာဉ်တစ်ခုကဲ့သို့ လျင်မြန်လှရာ အဆင့် ရှစ်နှင့်ပင် သူ့ကို အသေသတ်ရန် မသေချာသေးဟု သူမ ခံစားလိုက်ရသည်။ တံဆိပ်ကို ဖြေလွှတ်ပြီးမှတော့ နောက်ဆုံးအဆင့်ကိုလည်း သူမ ဂရုမစိုက်တော့ပေ။
“တတိယအဆင့် တံဆိပ်ဖြေလွှတ်ခြင်း........”
ချင်းလင်၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ဖိအားများ ပေါက်ကွဲထွက်လာပြီး သူမ၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုးသို့ အံ့ဩဖွယ်ရာ ရောက်ရှိသွားတော့သည်။ မော့ရှောင်၏ မျက်နှာမှာ ဖြူလျော်သွားပြီး သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။
ချင်းလင်က လူမသိစေပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုးသို့ ရောက်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဤမျှ ကျင့်ကြံမှု ကွာခြားချက်နှင့်ဆိုလျှင် သူသည် အသတ်ခံရရုံသာ ရှိတော့သည်။
ချင်းလင်၏ မုန်တိုင်းအလား တိုက်ခိုက်မှုများအောက်တွင် မော့ရှောင်မှာ အထိနာလာပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီလာသည်။
သူ၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း တံဆိပ်သုံးခုလုံးကို ဖြေလွှတ်ထားသော ချင်းလင်ကို သူ ပြန်လည် မခုခံနိုင်တော့ပေ။
“သေပေတော့........”
ချင်းလင်၏ အေးစက်သော အသံမှာ ငရဲပြည်မှ စီရင်ချက်တစ်ခုကဲ့သို့ပင်။ သူမ၏ သွေးကြာပွတ်ကို မြှောက်လိုက်ကာ မော့ရှောင်၏ လည်ပင်းကို ချိန်ရွယ်လိုက်ပြီး တစ်ချက်တည်းနှင့် အပြီးသတ်ရန် ပြင်လိုက်စဉ်..............
အခန်း (၁၅၃) အခြေအနေကို နှောင့်ယှက်သူ
“ဝူ... ဝူ......”
ထိုစဉ်မှာပင် တောင်ပံများမှာ ကြည်လင်နေပြီး တစ်ကိုယ်လုံး မြစိမ်းရောင်သန်းနေသော ပျံလွှားပိုးကောင်တစ်ကောင်သည် တစီစီမြည်ကာ သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေသည့် ဤစစ်မြေပြင်ထဲသို့ ပေါ့ပါးစွာ ပျံသန်းဝင်ရောက်လာသည်။
ချင်းလင်နှင့် မော့ရှောင်တို့ နှစ်ဦးစလုံး လှုပ်ရှားမှုများ ရပ်တန့်သွားကြပြီး သူတို့၏ အကြည့်များမှာ ထိုပိုးကောင်ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။
“မြရောင်ရိပ် ကင်းမြီးကောက် ..........”
သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အာမေဍိတ်သံ ထွက်ပေါ်လာသည်။
ဤမြရောင်ရိပ် ကင်းမြီးကောက်ဆိုသည်မှာ ‘ဂူလမ်းစဉ် မှ ကျင့်ကြံသူများ အမြတ်တနိုး ထားရှိသည့် အရာဖြစ်သည်။ ၎င်း ဤနေရာတွင် ပေါ်လာသည်ဆိုပါက... မော့ရှောင်၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ လက်ခနဲ ဖြစ်သွားပြီး သူ၏ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်တော့သည်။
“ဂူလမ်းစဉ်က မိတ်ဆွေ... ကူညီပါဦး..... ဒီရူးနေတဲ့ မိန်းမက ငါ့ကို သတ်တော့မလို့.....”
သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ကြည့်ရင်း အခြေအနေကို ချဲ့ကားကာ ထပ်မံ အော်ပြောလိုက်ပြန်သည်။
“မိတ်ဆွေ... အချိန်ကိုက် ရောက်လာတာပဲ..... ဒီချင်းလင်က ဘယ်လို ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးထားလဲ မသိဘူး၊ သူမရဲ့ ကျင့်ကြံမှုက ရုတ်တရက် ခုန်တက်သွားတယ်၊ ငါ သူမကို လုံးဝ မယှဉ်နိုင်ဘူး..... သူမ ထူးခြားတဲ့ ‘ကောင်းကင်နှင့်မြေကြီး ရတနာ ကို ရထားလို့ နှုတ်ပိတ်ဖို့အတွက် ငါ့ကို သတ်ဖို့ ကြိုးစားနေတာ.....”
ချင်းလင်၏ မျက်နှာမှာ အေးစက်တင်းမာနေသည်။ သူမသည် မော့ရှောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် လေထဲတွင် ဝဲပျံနေသော ကင်းမြီးကောက်ကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
“မိတ်ဆွေ... ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ဖို့ အကြံပေးချင်တယ်။ ဒီနေ့ ဖြစ်ပျက်နေတာတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး..... အခုချက်ချင်း ထွက်သွားလိုက်ရင် ဘာမှမဖြစ်ခဲ့သလို ငါ သဘောထားပေးနိုင်တယ်.....”
မြရောင်ရိပ် ကင်းမြီးကောက်သည် လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားကာ တုံ့ဆိုင်းနေဟန် ရသည်။ ထိုသည်ကို မြင်သောအခါ မော့ရှောင်မှာ အခွင့်အရေးရပြီဟု တွေးကာ မီးလောင်ရာ လေပင့် လုပ်လိုက်ပြန်သည်။
“မိတ်ဆွေ... သူမ စကားကို နားမယောင်ပါနဲ့..... အခု သူမ ခွန်အားက ကြောက်ဖို့ကောင်းနေတာ ။ ငါ့ကို သတ်ပြီးရင် နောက်သေမဲ့လူက မင်းပဲ ဖြစ်လိမ့်မယ်..... ငါတို့နှစ်ယောက် ပေါင်းပြီး သူမကို အရင် တိုက်ခိုက်ပြီး သူမ ဘာရတနာ ရထားလဲဆိုတာကို အတင်းအကျပ် မေးလို့ရတာပေါ့၊ အဲဒါ ပိုမကောင်းဘူးလား”
မြရောင်ရိပ် ကင်းမြီးကောက်မှာ အနည်းငယ် တုန်ခါသွားပြီး လေထဲတွင် နှစ်ပတ်ခန့် ဝဲပျံလိုက်ရာ အရှုံးအမြတ်ကို တွက်ချက်နေပုံရသည်။
နောက်ဆုံးတွင် ၎င်းသည် ဖြည်းညှင်းစွာ လှည့်ထွက်သွားပြီး လာရာလမ်းအတိုင်း ပြန်လည် ပျံသန်းသွားတော့သည်။
ချင်းလင်မှာ ဝမ်းသာသွားပြီး သူမကိုယ်သူမ ကံကောင်းသည်ဟု ကျိတ်၍ မှတ်ချက်ပြုလိုက်သည်။ ဤ ‘ဂူလမ်းစဉ် က လူများမှာ အမြဲတမ်း ကောက်ကျစ်ယုတ်မာပြီး နောက်ကျောကို ဓားနဲ့ထိုးရသည်ကို အလွန်ဝါသနာပါသူများ ဖြစ်သည်။
အကယ်၍ သူမသာ သူတို့ကို ရန်စမိပါက မော့ရှောင်ကို ရင်ဆိုင်နေရစဉ် အာရုံစိုက်မှု ခွဲပေးရပေလိမ့်မည်။ သူတို့ကို အနိုင်ရလျှင်ပင် တစ်စုံတစ်ခုသော ပေးဆပ်မှုကို လုပ်ရပေမည်။ ယခုမူ သူတို့က အလိုအလျောက် ဆုတ်ခွာသွားသဖြင့် အလုပ်ရှုပ်သက်သာသွားချေပြီ။
မော့ရှောင်၏ မျက်နှာမှာမူ ချက်ချင်းပင် ပျက်ယွင်းသွားကာ မျက်ဝန်းထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ပြည့်နှက်သွားသည်။
ဂူလမ်းစဉ်က လူတွေ ကူညီလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
ချင်းလင်သည် မော့ရှောင်ကို ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ပျံသန်းထွက်ခွာတော့မည့် မြရောင်ရိပ် ကင်းမြီးကောက်သည် ရုတ်တရက် ရပ်တန့်သွားသည်။
၎င်း၏ အမြီးသည် ချင်းလင်ဆီသို့ ချိန်ရွယ်လိုက်ပြီး နွားနို့မွေးကဲ့သို့ သေးသွယ်လှသော အပ်တစ်ချောင်းကို ပစ်လွှတ်လိုက်တော့သည်။
“အောက်တန်းကျလှချည်လား.....”
ချင်းလင်က ဒေါသတကြီး အော်ဟစ်ကာ ဘေးဘက်သို့ အမြန် ရှောင်တိမ်းလိုက်သည်။ ဤကင်းမြီးကောက်၏ အမြီးဆူးတွင် အလွန်ပြင်းထန်သော အဆိပ်များ ပါရှိသည်။
အကယ်၍ အထိုးခံရပါက မသေလျှင်ပင် အသားလွှာတစ်ခု ကွာကျသွားလောက်အောင် အထိနာပေလိမ့်မည်။ မော့ရှောင်သည် ထိုအခွင့်အရေးကို အသုံးချကာ ချင်းလင်နှင့် ဝေးရာသို့ အမြန် ဆုတ်ခွာလိုက်သဖြင့် ဖိအားအနည်းငယ် လျော့ပါးသွားသည်။
အမြီးဆူးကို ရှောင်တိမ်းပြီးနောက် ချင်းလင်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ များပြားလာသည်။ထို့နောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေအဟုန်တစ်ခု ထွက်ပေါ်လာပြီး မြရောင်ရိပ် ကင်းမြီးကောက်ကို ချက်ချင်းပင် အမှုန့်ခြေပစ်လိုက်တော့သည်။
“ဝူ... ဝူ... ဝူ... ——”
ကင်းမြီးကောက် ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော တစီစီမြည်သံများ ရုတ်တရက် ပေါ်ထွက်လာသည်။
အဝေးမှ အနက်ရောင် တိမ်တိုက်ကြီးတစ်ခုအလား မြရောင်ရိပ် ကင်းမြီးကောက် အကောင်ပေါင်း ထောင်သောင်းချီ၍ ချင်းလင်ကို ဝိုင်းရံထားလိုက်ကြသည်။
ထိုသည်ကို မြင်သောအခါ မော့ရှောင်မှာ ရက်စက်စွာ ပြုံးလိုက်ပြီး ချင်းလင်ကို ထပ်မံ တိုက်ခိုက်တော့သည်။
“နင်ကတော့ သေချင်နေပြီပဲ.....”
ချင်းလင်က အော်ဟစ်လိုက်ပြီး သူမ၏ မျက်နှာမှာ နှင်းခဲများ ဖုံးလွှမ်းသွားသကဲ့သို့ အေးစက်သွားသည်။ သူမသည် မော့ရှောင်ကို အမြန်ဆုံး အပြတ်ရှင်းရန် ရည်ရွယ်ထားသော်လည်း ဤဇွဲကောင်းလှသော ဂူလမ်းစဉ်ကျင့်ကြံသူ၏ နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမကို ပို၍ ဒေါသထွက်စေသည်မှာ မုန့်ဝမ်သည် လမ်းတစ်ဝက်သို့ ရောက်နေပြီ ဖြစ်ခြင်းပင်။ အကယ်၍ မုန့်ဝမ်သာ သူမ၏ တကယ့်ကျင့်ကြံမှုကို သိသွားပြီး နတ်သားတော် ကို သွားတိုင်ပါက ရွှယ်ဝူယာ၏ သံသယဝင်ခြင်းကို ခံရပေလိမ့်မည်။
ကင်းမြီးကောက် အုပ်ကြီးမှာ အနက်ရောင် တိမ်တိုက်အလား သူမကို ဖိနှိပ်ထားပြီး မော့ရှောင်၏ တိုက်ခိုက်မှုများမှာလည်း ပို၍ ပြင်းထန်လာသည်။
ချင်းလင်၏ မျက်ခုံးအစုံမှာ တင်းတင်းကြပ်ကြပ် တွန့်ချိုးနေသည်။ သူမ၏ လက်အစုံကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သွေးရောင် စွမ်းအင်တန်းများဖြင့် ကင်းမြီးကောက်များကို ချေမှုန်းနေသော်လည်း ထိုအဆိပ်ရှိ ပိုးကောင်များမှာ သတ်၍ မကုန်နိုင်အောင်ပင် များပြားလှသည်။
ခေတ္တမျှ အကျပ်ရိုက်နေပြီးနောက် ချင်းလင်၏ မျက်ဝန်းထဲတွင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားကာ အကြံတစ်ခု ရသွားသည်။
သူမသည် ရုတ်တရက် အံ့ဩသွားဟန် ဆောင်ကာ ရှုံးနိမ့်သွားသည့်အလား ဟန်ဆောင်ပြီး မုန့်ဝမ် လာနေသည့် ဘက်သို့ လှည့်၍ ထွက်ပြေးတော့သည်။
ထွက်ပြေးနေစဉ်အတွင်း ချင်းလင်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဆူပွက်နေသော ဝိညာဉ်စွမ်းအားများကို တိတ်တဆိတ် ပြန်လည် ပိတ်ဆို့လိုက်ရာ သူမ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုး မှာ အဆင့် ခြောက်သို့ ချက်ချင်း ပြန်လည် ကျဆင်းသွားသည်။ သူမ၏ မျက်နှာမှာလည်း အင်အားကုန်ခန်းသွားသည့်အလား ဖြူလျော်သွားတော့သည်။
“ထွက်ပြေးချင်တာလား။ အဲလောက် မလွယ်ပါဘူး.....”
ထိုသည်ကို မြင်သောအခါ မော့ရှောင်သည် အစွမ်းကုန် လိုက်လံတိုက်ခိုက်ဟန် ပြသလိုက်သော်လည်း တကယ်တမ်းတွင်မူ သူသည် တိတ်တဆိတ် အရှိန်လျှော့ကာ အခွင့်အရေး ရသည်နှင့် ထွက်ပြေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သို့သော် သူ မလှုပ်ရှားမီမှာပင် ဖုန်မှုန့်ခန့်သာ ရှိသော ‘ဂူ’ ပိုးကောင်အချို့သည် သူ၏ နောက်ကွယ်မှ တိတ်တဆိတ် လိုက်ပါလာကြသည်။
ထိုပိုးကောင်များမှာ လုံးဝ ကြည်လင်နေသဖြင့် အကယ်၍ ဝိညာဉ်အာရုံ မထက်မြက်ပါက ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။ မော့ရှောင်၏ စိတ်ထဲတွင် တင်းကျပ်သွားရသည်။
အမှောင်ထဲမှ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေကြောင်း သူ သိလိုက်ရသည်။ အကယ်၍ သူသာ အခု ထွက်ပြေးပါက ထိုပိုးကောင်များမှာ ‘မဟာမိတ်’ မှ ‘ရန်သူ’ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် မော့ရှောင်သည် ထွက်ပြေးမည့် အစီအစဉ်ကို ခေတ္တ လက်လျှော့ကာ ချင်းလင်၏ နောက်သို့သာ လိုက်ရင်း အခွင့်အရေးကို စောင့်နေလိုက်သည်။
ချင်းလင်မှာမူ “အသည်းအသန်” ထွက်ပြေးနေရင်းနှင့် အခွင့်အရေးကို တိတ်တဆိတ် ရှာဖွေနေသည်။ သူမသည် မော့ရှောင် အနားသို့ ရောက်လာအောင် အကြိမ်ကြိမ် ဟန်ဆောင် ရှုံးနိမ့်ပြသော်လည်း အမှောင်ထဲမှ လူက အမြဲတမ်း ကြားဖြတ် နှောင့်ယှက်နေသဖြင့် မအောင်မြင်ခဲ့ပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ မုန့်ဝမ်နှင့် သူမကြား အကွာအဝေးမှာ ပို၍ ပို၍ နီးကပ်လာခဲ့သည်။ ချင်းလင်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ရှိနေသော်လည်း သူမ၏ စိတ်မှာမူ အလွန် တည်ငြိမ်နေသည်။
မုန့်ဝမ်နှင့် ဆုံစည်းလိုက်သည်နှင့် ပိုးကောင်များကို ထိန်းချုပ်နေသူကို မုန့်ဝမ်အား ကိုင်တွယ်ခိုင်းလိုက်မည်။ ထိုအခါမှ မော့ရှောင်ကို သတ်လျှင်လည်း မနှောင်းသေးပေ။ သို့သော် ထိုစဉ်မှာပင် ချင်းလင် လုံးဝ မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပျက်သွားတော့သည်။
မုန့်ဝမ်မှာ ရုတ်တရက် ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး ဆန့်ကျင်ဘက်ဘက်သို့ ထွက်ပြေးသွားတော့သည်.....
ချင်းလင်မှာ ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားရသည်။
ဒီမုန့်ဝမ်က ရူးနေတာလား.....
သူမဆီသို့ အသည်းအသန် လာနေပြီးကာမှ ဆုံခါနီးမှ ပြန်ပြေးသွားရတယ်လို့..... ချင်းလင်မှာ ဒေါသလည်း ထွက်၊ စိတ်လည်း ပျက်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။ သူမကို လိုက်နေသူများကို ထားခဲ့ပြီး မုန့်ဝမ်နောက်ကို လိုက်သွားဖို့ကလည်း မဖြစ်နိုင်ပေ။
ချင်းလင်သည် ပြတ်သားစွာပင် လှည့်ပြန်လိုက်ကာ သူမ၏ လျှာဖျားမှ သွေးသုံးလုပ်ကို ထွေးထုတ်လိုက်ပြီး လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။
မကြာမီမှာပင် သူမ၏ ကိုယ်တွင်းရှိ တားမြစ်ချက်များမှာ တစ်လွှာချင်း ပွင့်ထွက်သွားပြီး ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ သူမ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကိုးမှာ လုံးဝ ပေါ်ထွက်လာတော့သည်။
မော့ရှောင်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ ချင်းလင်အနေဖြင့် ဤအဆင့်ကို ထုတ်ဖော်ရန်အတွက် ကြီးမားသော ပေးဆပ်မှု လုပ်ရလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပေ။ ဂူပိုးကောင်များမှာလည်း အန္တရာယ်ကို ခံစားမိသဖြင့် အတောင်ပံများကို အပြင်းအထန် ခတ်ကာ နောက်သို့ ဆုတ်ခွာသွားကြသည်။
ချင်းလင်က နောက်ထပ် အားနာမနေတော့ပေ။ သူမ၏ လက်ထဲရှိ သွေးရောင် ကြာပွတ်ရှည်မှာ သွေးဆာနေသော မြွေဆိုးတစ်ကောင်အလား မော့ရှောင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။
မော့ရှောင်၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားကာ တစ်ခါဖူးမျှ မခံစားဖူးသော ဖိအားကို ခံစားလိုက်ရသည်။ သူလည်း အစွမ်းကုန် တိုက်ခိုက်မှ ဖြစ်တော့မည်ကို သိလိုက်ရသည်။
“ဝိညာဉ်ရိပ် အထပ်တစ်ထောင် .........”
မော့ရှောင်က ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဝေဝါးနေသော အနက်ရောင် ရိပ်ပေါင်း ဒါဇင်များစွာအဖြစ် ပြောင်းလဲသွားကာ ချင်းလင်၏ ပတ်ဝန်းကျင်တွင် လျင်မြန်စွာ လည်ပတ်နေပြီး ရိပ်တစ်ခုစီမှ ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်လာသည်။
ချင်းလင်က နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ ကြာပွတ်မှာ ပို၍ပင် လျင်မြန်စွာ လှုပ်ရှားလာပြီး အနက်ရောင် ရိပ်များကို ရိုက်ခွဲပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားကာ လျှာဖျားကို ကိုက်ပြီး ‘နှလုံးသွေး’ တစ်လုပ်ကို ထွေးထုတ်လိုက်သည်။
ထိုနှလုံးသွေးမှာ လေထဲတွင် သွေးမြှားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကြာပွတ်ရှည်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ သွေးများကို စုပ်ယူပြီးနောက် ကြာပွတ်မှာ တောက်ပစွာ လင်းလက်လာပြီး ခွန်အားမှာလည်း အဆပေါင်းများစွာ တိုးတက်သွားတော့သည်။
“သွားစမ်း.....”
ချင်းလင်က အသာအယာ အော်လိုက်ရာ ကြာပွတ်မှာ သက်ရှိတစ်ခုအလား အနက်ရောင် ရိပ်တစ်ခုဆီသို့ ချက်ချင်းပင် ရိုက်ခတ်သွားလေသည်။
အခန်း (၁၅၄) အခြေအနေ တင်းမာခြင်း
“ဘုန်း........”
အနက်ရောင်ရိပ်မှာ ရိုက်ခွဲခံလိုက်ရပြီး မော့ရှောင်၏ စစ်မှန်သော ခန္ဓာကိုယ် ပေါ်ထွက်လာသည်။ မော့ရှောင်၏ မျက်နှာမှာ ဖြူလျော်နေပြီး ပြင်းထန်သော ဒဏ်ရာကို ရရှိသွားသည်မှာ သိသာလှသည်။
ချင်းလင်၏ တိုက်ခိုက်မှုမှာ ဤမျှအထိ ပြင်းထန်ပြီး သူ၏ ‘ဝိညာဉ်ရိပ်အထပ်တစ်ထောင်’ ကို အလွယ်တကူ ချေဖျက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မော့ရှောင်ကို ပို၍ ဒေါသထွက်စေပြီး စိတ်မသက်မသာ ဖြစ်စေသည်မှာ ချင်းလင်က သူ့ကိုသာ အာရုံစိုက် တိုက်ခိုက်နေချိန်တွင် သူ့နောက်မှ လိုက်လာသော ‘ဂူ’ (Gu) ပိုးကောင်များမှာ တမင်တကာသော်လည်းကောင်း၊ မရည်ရွယ်ဘဲသော်လည်းကောင်း သူ၏ ဆုတ်လမ်းကို ပိတ်ဆို့ထားခြင်းပင် ဖြစ်သည်။
ဆုတ်လမ်းမရှိတော့သဖြင့် အကယ်၍ သူသာ နောက်ဆုတ်လျှင်ဖြစ်စေ၊ ထွက်ပြေးလျှင်ဖြစ်စေ သူတို့နှစ်ဦးစလုံး၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
မော့ရှောင်က ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးမားလာပြီး ကြီးမားသော ဝိညာဉ်သရဲကြီးအဖြစ် ပြောင်းလဲသွားကာ ပါးစပ်မှ ဝိညာဉ်အငွေ့အသက် များကို မှုတ်ထုတ်လိုက်သည်။ သူသည် ချင်းလင်၏ ကြိမ်လုံးရှည်ကို တိုက်စားပစ်ရန် ကြိုးစားနေခြင်းပင်။
ချင်းလင်မှာ သိသာသော လှုပ်ရှားမှု မပြုလုပ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ သွေးရောင်အလင်းတန်း တစ်လွှာဖြင့် ဖုံးလွှမ်းသွားသည်။ ဝိညာဉ်အငွေ့အသက်များသည် သွေးရောင်အလင်းနှင့် ထိတွေ့သည်နှင့် ပူပြင်းသော နေရောင်အောက်မှ နှင်းများကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“သွေးစွမ်းအင် ပေါက်ကွဲခြင်း........”
ချင်းလင်၏ အသံမှာ အေးစက်ပြီး ခံစားချက် ကင်းမဲ့နေသည်။ သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော သွေးအငွေ့အသက်များမှာ အနီရောင် အလင်းတိုင်ကြီးများအဖြစ် ပြောင်းလဲသွားကာ မော့ရှောင်ဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။ မော့ရှောင်၏ မျက်နှာမှာ ပျက်ယွင်းသွားကာ ထိုအလင်းတိုင်များကို တားဆီးရန် သူ၏ လက်များကို အသည်းအသန် ဝှေ့ယမ်းသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
“ဘုန်း........”
သွေးအလင်းတိုင်များသည် မော့ရှောင်ကို ထိမှန်သွားကာ မြေကမ္ဘာ တုန်ဟည်းမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ အနီရောင် အလင်းတိုင်များ၏ ထိမှန်မှုအောက်တွင် မော့ရှောင်၏ ခန္ဓာကိုယ်မှာ ကွဲအက်နေသော ကြွေထည်တစ်ခုကဲ့သို့ အစိတ်စိပ်အမွှာမွှာ ဖြစ်သွားတော့သည်။
“ဘုန်း........ ဘုန်း........ ဘုန်း........”
နောက်ထပ် သွေးအလင်းတိုင် အများအပြားသည် မော့ရှောင်၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ထပ်မံ ထိမှန်ကာ သွေးမြူများနှင့် အသားစများအဖြစ်သို့ ကြိတ်ခြေပစ်လိုက်သည်။
မော့ရှောင် လုံးဝ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ ချင်းလင်သည် တုန်ယင်နေသော လက်များ၊ ဖြူလျော်နေသော မျက်နှာဖြင့် ကျန်ရှိနေသော သွေးအလင်းတိုင်များကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ဤတိုက်ခိုက်မှုမှာ သူမအတွက် များစွာ ပေးဆပ်လိုက်ရသည်မှာ ထင်ရှားသည်။
မော့ရှောင်ကို ရှင်းလင်းပြီးနောက် ချင်းလင်သည် ဂူပိုးကောင်များဘက်သို့ ချက်ချင်း လှည့်လိုက်သည်။ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်တားဆီးမှု တစ်ခု ပေါ်ထွက်လာပြီး ပိုးကောင်အားလုံးကို လွှမ်းခြုံထားလိုက်သည်။
ကြည်လင်နေသော ဂူပိုးကောင်များသည် အလင်းကာရံမှုကို ထိမိသည်နှင့် တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသေဆုံးသွားကြသည်။
သို့သော် ပိုးကောင်အားလုံးကို သုတ်သင်တော့မည့်ဆဲဆဲမှာပင် အလင်းကာရံမှာ ရုတ်တရက် တုန်ခါသွားပြီး အပေါက်ငယ်လေးတစ်ခု ပေါ်လာသည်။ သတိမထားမိလောက်အောင် သေးငယ်သော အခွံစ တစ်ခုသည် ထိုအပေါက်မှတစ်ဆင့် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ထိုအစသည် ချင်းလင်၏ အရေပြားနှင့် ထိတွေ့သည်နှင့် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
ချင်းလင်၏ စိတ်ထဲတွင် တင်းကျပ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ဂူပိုးကောင်များသည် ကောက်ကျစ်ပြီး ခန့်မှန်းရ ခက်လှရာ သူတို့၏ နည်းလမ်းများကို ကာကွယ်ရန်မှာ မလွယ်ကူပေ။
သူမ၏ ကိုယ်တွင်းကို အမြန် စစ်ဆေးသော်လည်း ထိုအစ၏ ခြေရာလက်ရာကို ရှာမတွေ့ခဲ့ပေ။
ဒီအစတွေက... ပိုးဥတွေ ဖြစ်နေမလား........
ချင်းလင်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ ထိတ်လန့်ဒေါသဖြစ်သွားရသည်။ ဂူကျင့်ကြံသူများသည် ဤကဲ့သို့ ယုတ်မာသော နည်းလမ်းများကို အကျွမ်းကျင်ဆုံး ဖြစ်သည်။ အကယ်၍ ပိုးဥများက ကိုယ်တွင်းမှာ ပေါက်ဖွားလာပါက အကျိုးဆက်မှာ တွေးဝံ့စရာ မရှိပေ။
ဝိညာဉ်စွမ်းအား ကုန်ခန်းနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ချင်းလင်သည် သွားကို တင်းတင်းကြပ်ကြပ် ကြိတ်ကာ သူမ၏ သွေးအငွေ့အသက်များကို အသည်းအသန် လှုံ့ဆော်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူမသည် ဘာမှ ချန်မထားတော့ဘဲ သူမ၏ ဝိညာဉ်စွမ်းအား အားလုံးကို ထုတ်လွှတ်ကာ အရပ်မျက်နှာ အနှံ့သို့ ဖြန့်ကြက်လိုက်သည်။
မီတာ သုံးရာ ပတ်လည်အတွင်းရှိ နေရာမှာ ချက်ချင်းပင် အနီရောင် ငရဲဘုံအဖြစ် ပြောင်းလဲသွားတော့သည်။ သွေးလှိုင်းများသည် ဟိန်းဟောက်နေသော သားရဲကြီးများအလား မြေပြင်ပေါ်ရှိ သစ်ပင်များနှင့် ကျောက်ဆောင်များကို ဝါးမြိုပစ်လိုက်သည်။
အမှောင်ထဲတွင် ပုန်းကွယ်နေသော ‘ယွီရှဲ့’သည် ဆက်လက် ပုန်းကွယ်နေ၍ မရတော့ဘဲ ထိုပြင်းထန်လှသော စွမ်းအားကြောင့် အပြင်သို့ ထွက်လာခဲ့ရသည်။
သူ၏ အသွင်မှာ ဖရိုဖရဲ ဖြစ်နေပြီး ပါးစပ်ထောင့်မှ သွေးစအချို့ ကျဆင်းနေကာ မျက်နှာထားမှာလည်း မှောင်မှောက်နေသည်။ သူသည် ဖျက်ဆီးအားပြင်းလှသော သွေးပင်လယ်ရှေ့တွင် ပိုးကောင်အမြောက်အမြားကို အသုံးပြု၍ ပိုးကောင်တံတိုင်းတစ်ခုကို တည်ဆောက်ထားလိုက်သည်။
ယွီရှဲ့ကို မြင်လိုက်ရသောအခါ ချင်းလင်မှာ ပို၍ပင် ပြင်းထန်လာကာ တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ပြုလုပ်တော့သည်။
ယွီရှဲ့မှာ ဂူပိုးကောင်များကို အသုံးပြု၍ အသည်းအသန် ကာကွယ်နေသော်လည်း သွေးဓားချက်များကြောင့် တစ်ကိုယ်လုံး ဒဏ်ရာများစွာ ရရှိလာသည်။
“တောက်........ သွေးလမ်းစဉ် ကျင့်ကြံသူတွေက တကယ်ကို အရူးအုပ်စုပဲ........”
ယွီရှဲ့က ဟိန်းဟောက်လိုက်ပြီး ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်နေသည့် အနက်ရောင် ဂူပိုးကောင်တစ်ကောင်ကို ထုတ်ယူလိုက်သည်။
ထိုပိုးကောင် ပေါ်လာသည်နှင့် ချင်းလင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။ ချင်းလင်က အနီရောင် အလင်းကာရံဖြင့် ထိုပိုးကောင်ကို တားဆီးလိုက်သည်။
“အောက်တန်းကျတဲ့ လှည့်ကွက်တွေ........”
သူမက နှာခေါင်းရှုံ့လိုက်ပြီး သွေးပင်လယ်ကို ထပ်မံ လှုံ့ဆော်ကာ ယွီရှဲ့ကို နောက်သို့ ဆုတ်ခွာသွားစေသည်။ ယွီရှဲ့၏ ပိုးကောင်များမှာ အမြောက်အမြား သေဆုံးသွားပြီး သူကိုယ်တိုင်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိကာ လဲပြိုလုနီးပါး ဖြစ်နေချေပြီ။
သို့သော် ထိုစဉ်မှာပင် ချင်းလင်သည် သူမ၏ ကိုယ်တွင်း နက်ရှိုင်းသော နေရာမှ ပြင်းထန်လှသော ယားယံမှုကို ခံစားလိုက်ရသည်။ ပုရွက်ဆိတ် တစ်သောင်းက သူမ၏ နှလုံးသားကို ကိုက်ခဲနေသကဲ့သို့ပင်။
ဤခံစားချက်မှာ ခန္ဓာကိုယ် အနှံ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားကာ သူမကို မထိန်းချုပ်နိုင်လောက်အောင် ကုတ်ဖဲ့ချင်စိတ် ပေါ်လာစေသည်။
တောက်... ဟိုအစက ဒုက္ခပေးနေတာပဲ...
ချင်းလင်သည် အသက်ပြင်းပြင်းရှူကာ ကုတ်ဖဲ့ချင်စိတ်ကို အသည်းအသန် နှိမ်နင်းလိုက်ပြီး ကိုယ်တွင်းကို ထပ်မံ စစ်ဆေးသော်လည်း ဘာမှ ရှာမတွေ့သေးပေ။ ထိုထူးဆန်းသော အခွံစများသည် သူမ၏ အသားနှင့် သွေးများအတွင်းသို့ လုံးဝ ရောနှောသွားပုံရသည်။
ကြောက်လန့်မှုများက လှိုင်းလုံးကြီးတစ်ခုအလား တိုးဝင်လာပြီး သူမ၏ တိုက်ခိုက်မှုများမှာလည်း တည်ငြိမ်မှု ကင်းမဲ့လာသည်။
ယွီရှဲ့မှာ ဒဏ်ရာပြင်းထန်နေသော်လည်း ချင်းလင်၏ ပုံမှန်မဟုတ်မှုကို သတိထားမိလိုက်သည်။ သူသည် ကျန်ရှိနေသော ဂူပိုးကောင်များကို အသုံးပြု၍ အပြင်းအထန် ပြန်လည် တိုက်ခိုက်တော့သည်။
အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး လုံးဝ အရေးနိမ့်နေသော ယွီရှဲ့သည် အသက်ရှူပေါက် ပြန်ရလာခဲ့သည်။
အဝေးမှနေ၍ မုန့်ဝမ်သည် သူမ၏ ‘သွေးစက်ဝန်းမျက်လုံး’ ကို အသုံးပြုကာ အရာအားလုံးကို စောင့်ကြည့်နေသည်။
“စီနီယာအစ်မ ချင်းလင်ကတော့ ကျွန်မရဲ့ အကူအညီကို တကယ် လိုအပ်နေပုံရတယ်” ဟု မုန့်ဝမ်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဓားငယ်လေးကို သိမ်းကာ ချင်းလင်ရှိရာဘက်သို့ တိတ်တဆိတ် ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် ချင်းလင်၏ ကိုယ်တွင်းမှ ယားယံမှုမှာ ပို၍ ဆိုးရွားလာသည်။ ပိုးကောင်ငယ်လေးများစွာက သူမ၏ သွေးကြောများအတွင်း လှည့်လည်သွားလာနေသကဲ့သို့ ခံစားရပြီး သူမ၏ စိတ်ကို ဂယောင်ဂတမ်း ဖြစ်စေသည်။
ထို့ပြင် သူမ၏ တိုက်ခိုက်မှုများမှာလည်း တဖြည်းဖြည်း အားနည်းလာပြီး ပြင်းထန်လှသော အနီရောင် အတားအဆီးမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။
ထိုသည်ကို မြင်သောအခါ ယွီရှဲ့၏ မျက်ဝန်းထဲတွင် ရက်စက်မှုများ လက်ခနဲ ဖြစ်သွားပြီး ကျန်ရှိသော ဂူပိုးကောင်များကို အနက်ရောင် လှိုင်းလုံးကြီးတစ်ခုအလား ချင်းလင်ဆီသို့ အငမ်းမရ စေလွှတ်လိုက်သည်။
ပိုးဥများမှာ စတင် ပေါက်ဖွားနေပြီဖြစ်ရာ အောင်မြင်မှု အလေးသာမှုမှာ သူ၏ ဘက်သို့ တဖြည်းဖြည်း တိမ်းစောင်းလာနေပြီ။
သို့သော် ယွီရှဲ့က အောင်မြင်ပြီဟု ထင်လိုက်စဉ်မှာပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ယခုလေးတင် သူ ကင်းစောင့်ရန် စေလွှတ်ထားသော ဂူပိုးကောင်များ အားလုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားခြင်းပင် ဖြစ်သည်။
တစ်ယောက်ယောက် လာနေပြီ........
ဒီလောက်များပြားတဲ့ ပိုးကောင်တွေကို တိတ်တဆိတ် သုတ်သင်နိုင်တယ်ဆိုရင် အနည်းဆုံး ‘နတ်သားတော်အလျောင်းအလျာ’အဆင့်ရှိတဲ့ ကျွမ်းကျင်သူ ဖြစ်ရမယ်။ ယွီရှဲ့သည် ဆုတ်ခွာရန် စတင် စဉ်းစားလိုက်သည်။
ယနေ့သည် တုပေါင်းဆောင်ထဲသို့ ဝင်ရောက်သည့် ပထမဆုံးနေ့သာ ဖြစ်ရာ နောင်တွင် အချိန်များစွာ ရှိသေးသည်။ မော့ရှောင်၏ ခြေရာအတိုင်း မလိုက်ချင်သဖြင့် ယခု တိုက်ပွဲအား သူသေကိုယ်သေ တိုက်ရန် မလိုအပ်ဟု သူ ယူဆလိုက်သည်။
ယွီရှဲ့က လှည့်ထွက်ရန် ပြင်သော်လည်း ချင်းလင်ကမူ သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
“ထွက်သွားချင်တာလား။ အဲလောက် မလွယ်ပါဘူး........”
ချင်းလင်က အော်ဟစ်လိုက်ပြီး သူမ၏ ကိုယ်တွင်းမှ ပြင်းထန်လှသော ယားယံမှုကို အံကြိတ် ခံစားရင်း အသက်သွေးများကို လောင်မြိုက်စေကာ အနီရောင် ငရဲဘုံကို ထပ်မံ လှုံ့ဆော်ပြီး ယွီရှဲ့၏ ဆုတ်လမ်းကို ပိတ်ဆို့လိုက်သည်။
ယွီရှဲ့မှာ ဒေါသထွက်သွားသည်။ ဤအရူးမက တစ်ယောက်ယောက် လာနေပြီကိုတောင် မသိဘူးလား။
“နင် သေချင်ရင်လည်း ငါ့ကို ဆွဲမထည့်နဲ့........” ဟု သူက ကျိန်ဆဲလိုက်ပြီး သူ၏ အစွမ်းအထက်ဆုံး ဂူပိုးကောင် အချို့ကို ချင်းလင်ဆီသို့ စေလွှတ်လိုက်သည်။
ချင်းလင်မှာ ထိုပိုးကောင်များကြောင့် အလုပ်ရှုပ်သွားပြီး ယွီရှဲ့ကို ကိုင်တွယ်ရန် လက်မအား ဖြစ်သွားသည်။ ယွီရှဲ့သည် ထိုအခွင့်အရေးကို အသုံးချကာ အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး အဝေးသို့ ထွက်ပြေးတော့သည်။
“ပြေးချင်လို့လား... ငါ့ကို အရင် မေးလား”
ပျင်းရိပျင်းတွဲ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ယွီရှဲ့၏ ရှေ့တွင် လူရိပ်တစ်ခုသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး သူ၏ လမ်းကို ပေါ့ပေါ့ပါးပါးပင် ပိတ်ဆို့ထားလိုက်တော့သည်။
အခန်း (၁၅၅) အခွင့်ကောင်းယူခြင်း
ယွီရှဲ့၏ ပုံရိပ်သည် လေထဲတွင် တောင့်ခဲသွားသည်။ သူသည် ရှေ့မှ အမျိုးသမီးကျင့်ကြံသူကို ကြည့်ရင်း မျက်နှာမှာ ပို၍ မှောင်မှောက်လာသည်။
"မင်းက သွေးလမ်းစဉ် မှာ အခုတလော နာမည်ကြီးနေတဲ့ မုန့်ဝမ်လား"
မုန့်ဝမ်က ယွီရှဲ့၏ မေးခွန်းကို အဖတ်မလုပ်ဘဲ ချင်းလင်ကို ကြည့်ကာ ပြုံးစိစိဖြင့် ဆိုလိုက်သည်။
"စီနီယာအစ်မ ချင်းလင်... ကျွန်မတို့ ခွဲခွာသွားတာ မကြာသေးဘူးလေ။ ဘယ်လိုလုပ်ပြီး ဒီလောက် သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားရတာလဲ"
ချင်းလင်မှာ ကိုယ်တွင်းမှ သည်းမခံနိုင်လောက်အောင် ယားယံသည့်ဒဏ်ကို ခံစားနေရပြီး ယွီရှဲ့ ထွက်ပြေးတော့မည်ကို စိုးရိမ်စိတ်ဖြင့် ပူပန်နေစဉ် မုန့်ဝမ် ပေါ်လာသဖြင့် ချက်ချင်းပင် ဝမ်းသာသွားသည်။
"ညီမလေး မုန့်........ နင် အချိန်ကိုက် ရောက်လာတာပဲ။ မြန်မြန်... သူ့ကို ဝိုင်းတားပေးဦး........"
ထိုစကားကို ကြားသောအခါ ယွီရှဲ့၏ မျက်နှာမှာ ပို၍ပင် ဆိုးရွားသွားသည်။ သူသည် မုန့်ဝမ်ကို သတိကြီးစွာ စောင့်ကြည့်ရင်း ကာကွယ်ရေး အနေအထားကို ပြင်လိုက်သည်။
သို့သော် မုန့်ဝမ်မှာ ချက်ချင်း လှုပ်ရှားခြင်း မရှိပေ။ သူမသည် ချင်းလင်နှင့် ယွီရှဲ့ကို တစ်လှည့်စီ ကြည့်ကာ တစ်စုံတစ်ခုကို တွက်ချက်နေပုံရသည်။
"စီနီယာအစ်မ ချင်းလင်... ဒါက သိပ်မကောင်းဘူး မဟုတ်လား။ နှစ်ယောက်ပေါင်းပြီး တစ်ယောက်ကို တိုက်ရတာလေ။ သတင်းသာ ပေါက်ကြားသွားရင် တို့ သွေးလမ်းစဉ်ရဲ့ မျက်နှာ ပျက်စရာကြီး။
အစ်မက အခြေခံတည်ဆောက်ခြင်းအဆင့် ကိုး တောင် ရောက်နေတာကို... ဒီ အဆင့် ခြောက် ကျင့်ကြံသူကိုတောင် မနိုင်ဘူးလား"
ချင်းလင်မှာ အံကြိတ်ထားရသော်လည်း လက်ရှိတွင် မတတ်နိုင်သဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ရသည်။
"ငါ့ရဲ့ ကျင့်ကြံမှုက အကြာကြီး မခံဘူး၊ ပြီးတော့ သူ့ရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံလိုက်ရတာ။ အခု ငါ့အင်အားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ထုတ်သုံးလို့ရတယ်။ ဒီလိုအချိန်မှာ မျက်နှာထက် သူ့ကို သတ်နိုင်ဖို့က ပိုအရေးကြီးတယ်......."
မုန့်ဝမ်က ခေါင်းညိတ် ထောက်ခံလိုက်သည်။ "စီနီယာအစ်မ စကားကလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ကျွန်မက အလကားတော့ အလုပ်မလုပ်ပေးနိုင်ဘူးနော်"
ချင်းလင်၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်သွားသည်။ "နင်က အကျိုးအမြတ် လိုချင်တာလား။ ရတယ်။ သူ့ကို သတ်ပြီးရင် သူဆီက ရတဲ့ ပစ္စည်းတွေရဲ့ ထက်ဝက်ကို နင့်ကို ပေးမယ်........"
"အစ်မက ဒီလို ပြောနေမှတော့ ကျွန်မလည်း မကူညီဘဲ မနေတော့ပါဘူး"
မုန့်ဝမ်က ရယ်မောလိုက်သော်လည်း ရုတ်တရက် နောက်သို့ ခြေလှမ်းကျယ်ကျယ် ဆုတ်လိုက်ပြီး ယွီရှဲ့ကို စိတ်ဝင်တစား ကြည့်ကာ ဆိုလိုက်သည်။
"ဒါမှမဟုတ်... စီနီယာအစ်ကို ယွီရှဲ့က ကျွန်မကို ပိုကောင်းတဲ့ ဈေးပေးနိုင်ရင်လည်း ကျွန်မရဲ့ စီနီယာအစ်မကို ပြန်သတ်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူးနော်"
ယွီရှဲ့မှာ ထိုစကားကြောင့် မျက်ခုံးများ ပြင်းထန်စွာ တွန့်သွားပြီး စိတ်ဝင်စားသွားဟန် ရှိသည်။
"နေဦး........ နင် လိုချင်တာကို ငါ ပေးမယ်........"
ချင်းလင်၏ ဒေါသတကြီး ဟစ်အော်သံနှင့်အတူ သူမဆီမှ သိုလှောင်လက်စွပ် (Storage Ring) တစ်ခုသည် မုန့်ဝမ်ဆီသို့ ပျံထွက်လာသည်။
"ဒါက အရင်ပေးတဲ့ စရန်ပဲ။ အလုပ်ပြီးရင် နောက်ထပ် ပေးဦးမယ်........"
မုန့်ဝမ်က လက်ကို မြှောက်ကာ လက်စွပ်ကို ဖမ်းယူလိုက်ပြီး အတွင်းမှ ပစ္စည်းများကို အသေအချာ စစ်ဆေးကြည့်သည်။ ထိုအခါမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမသည် ယွီရှဲ့ကို ကြည့်ကာ ရှက်ပြုံးလေး ပြုံးပြလိုက်သည်။
"စီနီယာအစ်ကို ယွီရှဲ့... စီနီယာအစ်မ ချင်းလင်က စကားပြောလာပြီဆိုတော့... ရှင့်အနေနဲ့ ဒီမှာပဲ ခဏ နေခဲ့သင့်တယ် ထင်တယ်"
ပြောပြောဆိုဆိုဖြင့် မုန့်ဝမ်က လက်ကို မြှောက်ကာ သွေးမြှားတစ်စင်းကို ယွီရှဲ့ဆီသို့ ပစ်လွှတ်လိုက်သည်။ ယွီရှဲ့က ကျိန်ဆဲရင်း ထိုမြှားကို ရှောင်တိမ်းကာ ထွက်ပြေးရန် ပြင်သည်။ သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် ပြင်းထန်သော ဖိအားတစ်ခုက သူ့ကို ချုပ်ကိုင်ထားသဖြင့် လှုပ်မရ ဖြစ်သွားသည်။
ချင်းလင်က သူ့ထွက်ပြေးမည်ကို ကြိုတင် ကာကွယ်ထားခြင်းပင်။ သူမ၏ လက်အင်္ကျီအတွင်းမှ သွေးရောင် အလင်းတန်း တစ်ခုသည် မြွေတစ်ကောင်အလား ထွက်ပေါ်လာပြီး ယွီရှဲ့၏ ခြေကျင်းဝတ်ကို ရစ်ပတ်ကာ အတင်းအကျပ် ဆွဲခေါ်လိုက်သည်။
ချင်းလင်၏ မျက်နှာမှာ ရက်စက်စွာ ပြုံးနေပြီး လက်ဟန်များကို ပြောင်းလဲလိုက်ရာ သူမ၏ နောက်တွင် ကြီးမားလှသော သွေးရောင် မိစ္ဆာရုပ်ပုံကြီး တစ်ခု ပေါ်ထွက်လာပြီး ရင်တုန်စရာ ဖိအားများကို ထုတ်လွှတ်နေသည်။ မုန့်ဝမ်မှာမူ ဘေးတွင် ပေါ့ပေါ့ပါးပါး ရပ်နေသော်လည်း ယွီရှဲ့၏ ဆုတ်လမ်းကိုမူ လုံးဝ ပိတ်ဆို့ထားသည်။
ယွီရှဲ့မှာ တဖြည်းဖြည်း နောက်ဆုတ်လာရပြီး ချင်းလင်၏ တိုက်ခိုက်မှုများ ပိုပြင်းထန်လာသည်ကို မြင်သောအခါ စိတ်ထဲမှ ညည်းတွားလိုက်မိသည်။ သူက မုန့်ဝမ်ကို အော်ပြောလိုက်သည်။
"မုန့်ဝမ်........ ငါတို့ကြားမှာ ရန်ငြိုးမရှိဘူး။ ဘာလို့ ဒီအရူးမကို ကူညီနေရတာလဲ။ ငါ့ကို ထွက်ပြေးဖို့ ကူညီပေးမယ်ဆိုရင် ငါ နင့်ကို ကောင်းကောင်း လက်ဆောင်ပေးပါ့မယ်........"
ပြောပြောဆိုဆိုဖြင့် ယွီရှဲ့က လက်ကို မြှောက်လိုက်ရာ ဖောင်းကားနေသော သိုလှောင်အိတ်တစ်ခုသည် မုန့်ဝမ်ဆီသို့ ပျံထွက်သွားသည်။
"ဒီထဲမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပါသလို တခြား ရှားပါး ရတနာတွေလည်း ပါသေးတယ်။ ငါ့ရဲ့ စေတနာကို ထောက်ပြီး လွှတ်ပေးပါဦး........"
သူမဆီ ပျံလာသော အိတ်ကို ကြည့်ပြီး မုန့်ဝမ်က ပြုံးရုံသာ ပြုံးကာ လက်ဖြင့် ပုတ်ထုတ်လိုက်ရာ ထိုအိတ်မှာ ချင်းလင်ဆီသို့ ဦးတည်သွားတော့သည်။
"ကျွန်မက စီနီယာအစ်မဆီက အကျိုးအမြတ်ကို အရင် လက်ခံထားပြီးသားလေ။ တစ်ဖက်သားအပေါ် သစ္စာရှိရမယ် မဟုတ်လား။ စီနီယာအစ်ကို ယွီရဲ့ လုပ်ရပ်က ကျွန်မကို အရမ်း အကျပ်ရိုက်စေတာပဲ"
ချင်းလင်မှာ သူမဆီ ပျံလာသော အိတ်ကို မြင်သောအခါ မျက်နှာပျက်သွားသည်။ ဂူကျင့်ကြံသူဆီက ပစ္စည်းကို သူမ မထိရဲပေ။ အတွင်းမှာ ဘယ်လို ညစ်ပတ်တဲ့ အရာတွေ ပါလာမလဲ ဘယ်သူသိမှာလဲ။
ထို့ပြင် သူမမှာ ကိုယ်တွင်း ပြဿနာကိုတောင် မရှင်းနိုင်သေးသဖြင့် ပြဿနာအသစ် မတိုးချင်ပေ။ သူမက စွမ်းအင်များကို အသုံးပြု၍ ထိုအိတ်ကို တိုက်ရိုက် ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုသိုလှောင်အိတ်မှာ အလိုအလျောက် အရင် ပေါက်ကွဲသွားသည်။
“ဘုန်း........” ခနဲ အသံနှင့်အတူ အနက်ရောင် တိမ်တိုက်ကြီးတစ်ခုအလား ဂူပိုးကောင် အမြောက်အမြား ထွက်ပေါ်လာပြီး ချင်းလင်ဆီသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။
ချင်းလင်၏ မျက်ခုံးများ တုန်ခါသွားကာ ကာကွယ်ရန် ကြိုးစားသော်လည်း ကိုယ်တွင်းမှ သည်းမခံနိုင်သော ယားယံမှုမှာ ထိုအချိန်တွင်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသဖြင့် သူမ ခေတ္တမျှ ယိမ်းယိုင်သွားသည်။
ပိုးကောင် အများစုကို သူမ တားဆီးနိုင်သော်လည်း အချို့မှာ သူမ၏ အသားထဲသို့ စိမ့်ဝင်သွားကာ အတွင်းဒဏ်ရာများ ရရှိစေသည်။
ချင်းလင်က ညည်းတွားလိုက်ပြီး မျက်နှာမှာ ပို၍ ဆိုးရွားလာသည်။ မုန့်ဝမ်မှာမူ လက်ပိုက်ကြည့်ရင်း လှောင်ပြုံး ပြုံးနေသည်။ ချင်းလင်က ဒေါသတကြီး အော်ပြောလိုက်သည်။
"ညီမလေး မုန့်........ ငါနဲ့အတူ ပေါင်းတိုက်စမ်း........ ဒီလူယုတ်မာကို မြန်မြန် သတ်ရအောင်........"
ချင်းလင်က ယွီရှဲ့ဆီသို့ အပြင်းအထန် တိုးဝင်သွားသည်။ ယွီရှဲ့မှာ အစပိုင်းတွင် ပျာယာခတ်သွားသော်လည်း တိုက်ပွဲကြာလာသည်နှင့်အမျှ သူ စိတ်အေးသွားသည်။
မုန့်ဝမ်က အလုပ်မလုပ်ဘဲ ဟန်ဆောင်နေကြောင်း သူ ရိပ်မိလိုက်ခြင်းပင်........ သူမက အပေါ်ယံသာ လုပ်ပြနေပြီး တကယ့် အားစိုက်ထုတ်မှု မရှိပေ။
ယွီရှဲ့က ဝမ်းသာသွားကာ ရက်စက်သော အကြည့်ဖြင့် ချင်းလင်ကို အတင်း တိုက်ခိုက်တော့သည်။ မုန့်ဝမ်က အားမစိုက်ထုတ်လျှင် သူက ချင်းလင်ကို အရင်ဆုံး အပြတ်ရှင်းပစ်မည်........ သူ၏ ပတ်ဝန်းကျင်တွင် အနက်ရောင် အငွေ့အသက်များ ဝန်းရံသွားကာ ကြီးမားလှသော အဆိပ်ရှိ ကင်းမြီးကောက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲပြီး ချင်းလင်ကို ညှပ်ပစ်ရန် ပြင်သည်။
ချင်းလင်မှာ ကိုယ်တွင်း အဆိပ်နှင့် ပြင်ပ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသဖြင့် အင်အားကုန်ခန်းလာသည်။ သူမ၏ နောက်မှ သွေးရောင် မိစ္ဆာရုပ်ပုံမှာလည်း ဟိန်းဟောက်ကာ ယွီရှဲ့၏ ကင်းမြီးကောက်ကြီးနှင့် လုံးထွေးနေကြသည်။
"ညီမလေး မုန့်........ နင် အကျိုးအမြတ်တွေ ယူထားပြီးတော့ ဒီလောက်တောင် ဟန်ဆောင်နေမှာလား" ချင်းလင်က တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။
သူတို့နှစ်ဦး တကယ် တိုက်ခိုက်နေကြသည်ကို မြင်သောအခါ မုန့်ဝမ်က ဟန်ဆောင်မနေတော့ပေ။ သူမသည် လက်ပိုက်ကာ ပျင်းရိပျင်းတွဲ အမူအရာဖြင့် ပြဇာတ်ကြည့်နေသလို ရပ်နေလိုက်သည်။
"စီနီယာအစ်မ... အစ်မ မှားနေပြီ။ ကျွန်မက ယွီရှဲ့ရဲ့ ဆုတ်လမ်းကို ပိတ်ပေးထားတာလေ။ ဒါက အားမစိုက်တာလား။ အစွမ်းကုန် တိုက်ခိုက်ပေးဖို့ ဆိုတာကတော့... ဈေးနှုန်း နောက်တစ်ခု ရှိသေးတယ်"
သူမ၏ လေသံမှာ ပေါ့ပေါ့ပါးပါးနှင့် လှောင်ပြောင်နေသလိုပင်။ ချင်းလင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်သွားသော်လည်း ဘာမှ မတတ်နိုင်ပေ။
အခြေအနေမှာ သူမအတွက် ဆိုးရွားလာနေကြောင်း သူမ သိလိုက်သည်။ သူမက အံကြိတ်ကာ နောက်ထပ် သိုလှောင်အိတ် တစ်ခုကို ပစ်ပေးလိုက်သည်။
"ဒီထဲက ပစ္စည်းတွေကတော့ နင် အစွမ်းကုန် တိုက်ဖို့အတွက် လောက်လိမ့်မယ် ထင်တယ်........"
မုန့်ဝမ်က ဝိညာဉ်အာရုံ ဖြင့် အိတ်ကို စစ်ဆေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ကာ သိမ်းလိုက်သည်။
"အဲဒါမှပေါ့..."
မုန့်ဝမ်မှာ စတင် လှုပ်ရှားလိုက်ပြီး မြှားတိုပုံစံ သွေးရောင် ဝိညာဉ်လက်နက် တစ်ခုကို ထုတ်ယူကာ ယွီရှဲ့ဆီသို့ ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်သည်။
ယွီရှဲ့မှာ အစပိုင်းတွင် သတိထားသော်လည်း မြှားတိုမှာ ယိမ်းထိုးပြီး အင်အားမရှိသလို ပျံလာသဖြင့် သာမန် လက်နက်ဟု ထင်ကာ အမှတ်တမဲ့ နေလိုက်သည်။
သို့သော် ထိုမြှားသည် သူနှင့် နီးကပ်လာသောအခါ ရုတ်တရက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော သွေးအပ်များအဖြစ် ပြောင်းလဲကာ ယွီရှဲ့၏ ခန္ဓာကိုယ်အတွင်းသို့ သိပ်သည်းစွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။