အခန်း (၁၉၁-၁၉၅)
Vol. 20 Ch. 191-195
အခန်း (၁၉၁) ကောင်းကင်မိုးကြိုးဂိုဏ်း၏ နတ်သားတော် လီကျန့်
လီဖော်ထျန်း၏ စိတ်ထဲတွင် ပို၍ လေးလံသွားစေသည့်အချက်မှာ ထိုသူနှစ်ဦးအား သူမ တိုက်ခိုက်နေစဉ် ရွှေတိမ်တိုက်ဂိုဏ်းမှ ချင်ရှောက်ယန်နှင့် မုရွှယ်ယန်တို့ကလည်း နောက်ကြောင်းပြန်လှည့်ကာ သူမထံသို့ ပျံသန်းလာကြခြင်းပင်။
ရွှေတိမ်တိုက်ဂိုဏ်းနှင့် ထာဝရစိတ်ဝိညာဉ်ဂိုဏ်းတို့ ပူးပေါင်းသွားပြီဖြစ်၏။
လီဖော်ထျန်းသည် မျက်မှောင်ကြုတ်ကာ ရန်သူ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း မုန့်ဝမ်နှင့် ချင်းယွီတို့ကို အလျင်အမြန် သတိပေးလိုက်သည်။
"သူတို့လူများနေတယ်... အရင်ဆုံး ဖောက်ထွက်ကြစို့..."
သူမ စကားမဆုံးမီမှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပြီး သူမ၏ ပုဆိန်ကြီးကို မုန့်ဝမ်နှင့် ချင်းယွီ၏ ပုံရိပ်များဆီသို့ ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။
ပုဆိန်နှင့် ထိတွေ့လိုက်သည်နှင့် ထိုပုံရိပ်နှစ်ခုမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်။
လီဖော်ထျန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူမ အလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း အခုမှ သိလိုက်ရသည်။
ဤလူနှစ်ယောက်သည် ပုံရိပ်ယောင်အတတ် ကိုသုံးပြီး သူမကို အာရုံလွှဲစရာအဖြစ် အသုံးချကာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြခြင်းပင်။
"ဟားဟားဟားဟား..."
ဟွာလီသည် ခဏမျှ အံ့အားသင့်သွားပြီးနောက် မျက်ရည်ထွက်မတတ် ရယ်မောလေတော့သည်။
"နင်တို့ ရွှမ်ယင်ဂိုဏ်းက လူတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ အင်အားကြီးတဲ့ ရန်သူနဲ့ ထိပ်တိုက်တွေ့နေချိန်မှာ အတူတူ ခုခံရမယ့်အစား ကိုယ့်အသင်းဖော်ကို အမြောက်စာလုပ်ပြီး ထွက်ပြေးသွားကြတယ်ပေါ့"
ရှောင်ရိကလည်း နှာခေါင်းရှုံ့ကာ လှောင်ပြုံးဖြင့် - "မိစ္ဆာကျင့်ကြံသူတွေက ဒီလိုပါပဲ... ယုတ်မာတဲ့ လူတစ်စုပဲ၊ ဒါကြောင့် သူတို့က သေသင့်နေတာ"
သူတို့စကားပြောနေစဉ်မှာပင် မုရွှယ်ယန် ရောက်ရှိလာသည်။ သူမသည် လီဖော်ထျန်းကို အေးစက်စွာ တစ်ချက်ကြည့်ကာ သူမ အထူးကျွမ်းကျင်သော အသံလှိုင်းတိုက်ကွက်ဖြင့် တိုက်ခိုက်လိုက်တော့သည်။
"ကျန်တဲ့ နှစ်ယောက်က ပြေးသွားပြီဆိုတော့ ဒီတစ်ယောက်ကိုပဲ အရင်သတ်ကြတာပေါ့......"
အားမကိုးရသော အသင်းဖော်များ၏ သစ္စာဖောက်မှုနှင့် နတ်သားတော်၊ နတ်သမီးတော် လေးဦး၏ ဝိုင်းရံမှုကို ခံလိုက်ရသဖြင့် လီဖော်ထျန်း၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည်။
သူမသည် ဟိန်းဟောက်လိုက်ပြီး သူမ၏ ဝိညာဉ်စွမ်းအင်အားလုံးကို ပုဆိန်ကြီးထဲသို့ ထည့်သွင်းကာ ရန်သူများနှင့် အသက်စွန့်တိုက်ခိုက်လေတော့သည်။
လီဖော်ထျန်း တိုက်ပွဲဝင်နေချိန်တွင် မုန့်ဝမ်သည် သူမ၏ သွေးလွတ်မြောက်ခြင်းကျင့်စဉ်ဖြင့် တိုက်ပွဲမြေပြင်မှ ဝေးရာသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုစဉ် အစိမ်းရောင်ပုံရိပ်တစ်ခု သူမဘေးသို့ ဆင်းသက်လာသည်။
၎င်းမှာ ချင်းယွီပင် ဖြစ်သည်။
"ညီမလေးမုန့်... နင့်ရဲ့ ပုံရိယောင်အတတ်က တကယ်ကို အထင်ကြီးစရာပဲ" ချင်းယွီက နူးညံ့သော အပြုံးဖြင့် နှုတ်ဆက်သည်။
"အစ်ကိုချင်းယွီလည်း အတူတူပါပဲ" မုန့်ဝမ်က အရှိန်မလျှော့ဘဲ အေးစက်စွာ ပြန်ပြောလိုက်သည်။ သူမ သူ့ကို တစ်ချက်ပင် လှည့်မကြည့်ပေ။
ချင်းယွီက စိတ်မဆိုးဘဲ ရိုးသားဟန်ဖြင့် အကြံပြုလာသည်။ "ဒီပါရမီရှင်တွေက အားလုံး အစွမ်းထက်ကြတယ်။ တစ်ယောက်တည်း လှုပ်ရှားတာက အရမ်းအန္တရာယ်များတယ်၊ ငါတို့ နှစ်ယောက် ပူးပေါင်းကြရင် ဘယ်လိုလဲ......"
မုန့်ဝမ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်လုံးထဲတွင် အေးစက်သော အလင်းများ လက်သွားသည်။
ချင်းယွီသည် အပြင်ပန်းတွင် ယဉ်ကျေးပုံရသော်လည်း အတွင်း၌ အလွန်ဉာဏ်များသူဖြစ်သည်။ သူနှင့် ပူးပေါင်းခြင်းသည် နောက်ကျောမှ ဓားနှင့် အထိုးခံရမည်ကို အမြဲစိုးရိမ်နေရမည်ဖြစ်သည်။
"အစ်ကိုချင်းယွီရဲ့ စေတနာကို မုန့်ဝမ်က ကျေးဇူးတင်ပါတယ်" မုန့်ဝမ်၏ လေသံမှာ အေးစက်လှသည်။ "ဒါပေမဲ့ ကျွန်မက တစ်ယောက်တည်း လှုပ်ရှားရတာ ပိုပြီး အသားကျနေလို့ပါ။ အစ်ကို... တခြားလူကိုပဲ သွားရှာကြည့်ပါဦး"
ချင်းယွီသည် ထိုစကားကို ကြားသော်လည်း စိတ်မဆိုးဘဲ အားမလိုအားမရ ဖြစ်ဟန်ဖြင့် ပြုံးသည်။ "ဒါဆိုလည်း ဒီမှာပဲ လမ်းခွဲကြတာပေါ့။ မုန့်ညီမလေး ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်"
ထိုသို့ပြောပြီးနောက် သူသည် အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မုန့်ဝမ်ဘေးမှ ပျောက်ကွယ်သွားတော့သည်။ ချင်းယွီ လုံးဝထွက်သွားမှသာ မုန့်ဝမ်သည် အရှိန်ကို လျှော့လိုက်ပြီး အကြီးအကဲ ရှီ ပြောခဲ့သည်ကို ပြန်စဉ်းစားသည်။
နတ်သားတော် သို့မဟုတ် နတ်သမီးတော် တစ်ယောက်ကို အမဲလိုက်နိုင်လျှင် သတ်မှတ်ချက် တစ်ခုပြည့်သည်။ အခြား တပည့်များကိုမူ သုံးယောက် သတ်မှ တစ်ခုပြည့်မည်ဖြစ်၏။
နတ်သားတော်အဆင့်ရှိသူများကို အမဲလိုက်ခြင်းက အမှတ်အမြန်ရသော်လည်း အန္တရာယ် အလွန်များသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များကို တစ်ယောက်ချင်းစီ စုဆောင်းခြင်းက ပို၍ တည်ငြိမ်သော နည်းဗျူဟာဖြစ်သည်။
မုန့်ဝမ်သည် သူမ၏ သွေးစက်ဝန်းမျက်လုံးကို အသုံးပြုကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ မကြာမီမှာပင် ပစ်မှတ်တစ်ခုကို သူမ တွေ့ရှိသွားသည်။
၎င်းမှာ အင်အားစုငယ်တစ်ခုမှ ကျင့်ကြံသူ လေးဦးပါသော အဖွဲ့ဖြစ်သည်။ နတ်သားတော်အဆင့်ရှိသူ တစ်ဦးပါဝင်ပြီး ကျန်သုံးဦးမှာ သာမန်တပည့်များ ဖြစ်သဖြင့် ကိုင်တွယ်ရ လွယ်ကူသည်။ မုန့်ဝမ်သည် ထိုအဖွဲ့နောက်သို့ တိတ်တဆိတ် လိုက်ပါသွားသည်။ သူတို့သည် အခြား တစ်ကိုယ်တော်ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး ရှုပ်ထွေးနေချိန်မှသာ မုန့်ဝမ် စတင်လှုပ်ရှားလိုက်သည်။
လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် မုန့်ဝမ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာပြီး ပြင်းထန်သော မိစ္ဆာအရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။ သူမ၏ သွေးနီရောင် ဓားရှည်သည် လေထုကို ဖြတ်သန်းကာ တပည့်တစ်ဦး၏ ကျောပြင်သို့ ထိုးနှက်လိုက်သည်။
ထိုသူမှာ မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင် မုန့်ဝမ်၏ ပြင်းထန်သော ဓားအရှိန်အဝါကြောင့် ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။ ထို့နောက် လူတိုင်း မှင်သက်နေစဉ်မှာပင် မုန့်ဝမ်သည် သူမ၏ ဓားကို ထပ်မံစေခိုင်းကာ ကျန်ရှိသော တပည့်နှစ်ဦးကို ဆက်တိုက် တိုက်ခိုက်ပြန်သည်။
တပည့်နှစ်ဦးမှာ သတိပြန်ဝင်လာပြီး သူတို့၏ ဝိညာဉ်လက်နက်များကို ထုတ်ဖော်ကာ ကာကွယ်ရန် ကြိုးစားသော်လည်း မုန့်ဝမ်၏ သွေးလမ်းစဉ် အရှိန်အဝါမှာ အလွန်ပြင်းထန်လွန်းလှသည်။ ဓားချက်တစ်ချက်ချင်းစီမှာ အလွန်လေးလံလှသည်။
ခဏအတွင်းမှာပင် ဒုတိယမြောက် တပည့်၏ ခုခံမှုကို ချိုးဖျက်ကာ နှလုံးသားကို ဖောက်ထွင်းလိုက်သဖြင့် ထိုသူမှာ အသက်ပျောက်သွားရပြန်သည်။ နောက်ဆုံးကျန်ရစ်သူမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏လက်နက်ကိုပင် ပြန်မသိမ်းနိုင်ဘဲ ထွက်ပြေးရန် ကြိုးစားသည်။
သို့သော် မုန့်ဝမ်က ပို၍ မြန်ဆန်သည်။ သူမ၏ ပုံရိပ်သည် ထိုသူ၏နောက်သို့ ချက်ချင်း ရောက်ရှိသွားသည်။ သွေးရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ထိုတပည့်၏ ဦးခေါင်းမှာ အမြင့်သို့ လွင့်ပျံသွားကာ သွေးများ ပန်းထွက်ကုန်တော့သည်။
ဤဖြစ်ရပ်အားလုံးမှာ အလွန်မြန်ဆန်လှသည်။ ပထမလူ သေဆုံးချိန်မှ နောက်ဆုံးလူ၏ ဦးခေါင်း မြေခချိန်အထိ နှစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။ မုန့်ဝမ်သည် လူသုံးယောက်ကို သတ်ပြီးနောက် သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ် ကို သုံးကာ လေထဲရှိ သွေးအရှိန်အဝါများကို ဝါးမြိုလိုက်သည်။
ကျန်ရှိနေသော နတ်သားတော်မှာ သူ၏ အပေါင်းအဖော်များ သေဆုံးသည်ကို မြင်သော်လည်း တိုက်ပွဲအတွင်း ပိတ်မိနေသဖြင့် လာရောက် မကူညီနိုင်ခဲ့ပေ။ သူသည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို အမြန်ရှင်းလင်းပြီးနောက် မုန့်ဝမ်ကို ဒေါသတကြီး ကြည့်လိုက်သည်။
"ရွှမ်ယင်ဂိုဏ်းက မိစ္ဆာမ... နင် တော်တော် ယုတ်မာတာပဲ...... ငါ့ရဲ့ ဂျူနီယာတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် နင်နဲ့ ငါ အသေအလဲ တိုက်မယ်......"
သူသည် မုန့်ဝမ်၏ အဆင့်အတန်းကို မှတ်မိသွားပြီး ထိတ်လန့်ဒေါသဖြစ်ကာ တိုက်ခိုက်ရန် ပြင်သည်။ မုန့်ဝမ်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို မြင်ထားသဖြင့် သူသည် အနီးကပ်တိုက်ခိုက်ရန် မဝံ့ဘဲ အဝေးသို့ ဆုတ်ခွာလိုက်သည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးများ ဝန်းရံနေသော လှံရှည်ကို ဖန်တီးကာ မုန့်ဝမ်ထံသို့ ချိန်ရွယ်လိုက်သည်။
"ငါက ကောင်းကင်မိုးကြိုးဂိုဏ်း နတ်သားတော် လီကျန့် ပဲ...... ဒီနေ့ ဒဏ်ရာရရင်တောင် နင့်ကို တန်ဖိုးတစ်ခု ပေးစေရမယ်......"
လီကျန့်သည် ဟိန်းဟောက်ကာ သူ၏ လှံရှည်ကို ဝေ့ယမ်းလိုက်ရာ ပြင်းထန်သော မိုးကြိုးတန်းများသည် နဂါးများကဲ့သို့ မုန့်ဝမ်ထံသို့ ပြေးဝင်သွားသည်။
"ငါ့ကို သတ်ချင်တာလား...... နင့်မှာ အစွမ်းရှိမရှိ ကြည့်ကြသေးတာပေါ့......"
မုန့်ဝမ်သည် သူ၏ လှံရှည်ကို စိတ်ဝင်တစား ကြည့်ကာ သူမ၏ လက်ချောင်းထိပ်မှ သွေးနီရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းမှာ လခြမ်းပုံစံဖြစ်ပြီး ပြင်းထန်သော မိုးကြိုးများကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဤသည်ကား သွေးလဓားချက်ပင် ဖြစ်သည်။
ဘုန်း......
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးရောင်အလင်းနှင့် မိုးကြိုးများ ရောယှက်သွားပြီး မိုးကြိုးအားလုံးမှာ ပျောက်ကွယ်သွားတော့သည်။ လီကျန့်သည် မခံမရပ်နိုင်သော အင်အားကြောင့် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရပြီး မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
မိုးကြိုးလမ်းစဉ်သည် အပြင်းထန်ဆုံးဖြစ်ပြီး သွေးလမ်းစဉ်ကို သဘာဝအတိုင်း နှိမ်နင်းနိုင်စွမ်းရှိသည်။ သို့သော် အခုမူ တစ်ချက်တည်းနှင့် သူ၏ မိုးကြိုးစွမ်းအင်မှာ အပြည့်အဝ နှိမ်နင်းခြင်း ခံလိုက်ရသည်။
ဒီအခြေအနေအတွက် အဖြေတစ်ခုပဲ ရှိသည်။ ရန်သူ၏ ကျင့်ကြံမှုနှင့် အစွမ်းမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင်ဖြစ်၏......။
အခန်း(၁၉၂)စိတ်အနှောင့်ယှက်ပေးတဲ့သူ ပြန်ပေါ်လာခြင်း...
လီကျန့်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ မုန့်ဝမ်သည် သူမ၏ မျက်ဝန်းအစုံကို အသာအယာ ပင့်ကြည့်လိုက်ရင်း သွေးအေးသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
မိမိကိုယ်ကို ဒဏ်ရာရအောင်လုပ်ပြီး သူမကို တန်ဖိုးတစ်ခု ပေးဆပ်စေမည်ဆိုသည့် လီကျန့်၏ စကားမှာ သူတို့နှစ်ဦးကြားရှိ အစွမ်းချင်း ကွာခြားမှုကို သတိမမူမိ၍သာ ဖြစ်ပေလိမ့်မည်။
သူမသည် လက်ချောင်းထိပ်များမှ ထက်ရှလှသော သွေးလဓားချက် အချို့ကို ထပ်မံ စုစည်းကာ သူ့ထံသို့ ဆက်တိုက် ပစ်လွှတ်လိုက်သည်။
လီကျန့်သည် အစွမ်းထက်သူ ဖြစ်သော်လည်း မုန့်ဝမ်၏ မုန်တိုင်းကဲ့သို့ ပြင်းထန်သော တိုက်စစ်အောက်တွင် အကာအကွယ်ယူရန်သာ အာရုံစိုက်နေရပြီး အသက်ဘေးမှ သီသီလေး ရှောင်ရှားနေရသည်။ သူ၏ ဝတ်ရုံများမှာ နေရာအနှံ့ စုတ်ပြဲနေပြီး တစ်ကိုယ်လုံးလည်း သွေးများဖြင့် စိုရွှဲနေသည်။
“မိုးကြိုးနဂါး သက်ဆင်းခြင်း.........”
လီကျန့်က ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာပြီး လက်ထဲရှိ လှံရှည်ကြီးမှာ တောက်ပသော မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ မုန့်ဝမ်ထံသို့ အငြိုးတကြီး ပြေးဝင်သွားသည်။
ထိုကဲ့သို့ အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှ ပေါ့ဆခြင်းမရှိဘဲ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
မုန့်ဝမ်၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ကြောက်ရွံ့ခြင်းမူ မရှိချေ။ သူမ၏ လက်ဖဝါးထဲတွင် စိမ်းပုပ်ရောင် ထီးငယ်တစ်လက် ပေါ်လာပြီး အေးဆေးတည်ငြိမ်စွာပင် ၎င်းကို ဖွင့်လိုက်သည်။
ထိုထီးမှာ တစ်ချက်ထိရုံနှင့် ကျိုးသွားတော့မည့်အလား နုနယ်လှသော်လည်း မိုးကြိုးနဂါး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ချိန်တွင်မူ လေပြင်းနှင့် မိုးစက်များကို အကာအကွယ်ပေးသည့်အလား မိုးကြိုးအားလုံးကို လွယ်ကူစွာပင် တားဆီးပေးထားသည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.........”
လီကျန့်သည် ထိုစိမ်းပုပ်ရောင်ထီးကို ကြည့်ရင်း မျက်လုံးများ ပြူးထွက်မတတ် အံ့အားသင့်နေသည်။ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို မုန့်ဝမ်က ဤမျှ လွယ်ကူစွာ ချေဖျက်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ သူ မှင်သက်နေစဉ်မှာပင် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပြန်သည်။
လီကျန့်၏ အရိပ်မှာ ရုတ်တရက် ထရပ်လာပြီး သူနှင့် တစ်ပုံစံတည်း တူညီသော သွေးရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ သူ့ကို အတင်းအကျပ် ဖမ်းချုပ်ထားလိုက်သည်။
“မလုပ်နဲ့.........”
အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် လီကျန့်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ ထိုသွေးရောင်အရိပ်၏ ဖက်တွယ်မှုကို ရှောင်ရှားရန် ကြိုးစားသည်။ သို့သော် နောက်ကျသွားပြီဖြစ်၏။
သွေးရောင်အရိပ်၏ တင်းကျပ်စွာ ဖက်တွယ်ခြင်းကို ခံလိုက်ရသဖြင့် လီကျန့်မှာ တုန်ရီသွားရသည်။ သူ၏ ခန္ဓာကိုယ်အနှံ့ ချည်နှောင်မှု အင်အားများ ပျံ့နှံ့သွားသည်နှင့်အမျှ သူ၏ ရင်ထဲတွင် မကြုံစဖူးသော ထိတ်လန့်မှုများ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။
သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်သုံးခဲ့သည့်တိုင်အောင် ဤ ရွှမ်ယင်ဂိုဏ်း မိစ္ဆာကျင့်ကြံသူကို သူ မယှဉ်နိုင်ခဲ့ပေ။ ယနေ့တွင် သူ ဤနေရာ၌ သေဆုံးရတော့မည် ဖြစ်၏။
လီကျန့်သည် ရုန်းကန်ရင်း မုန့်ဝမ်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
“အကြီးအကဲက... ကိုယ့်လူအချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားတယ်...... နင် စည်းကမ်းကို ဖောက်ဖျက်နေပြီ......”
မုန့်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။
“စည်းကမ်း ဟုတ်လား......... စည်းကမ်းက ဂိုဏ်းတူတပည့်အချင်းချင်း အန္တရာယ်မပြုဖို့ တားမြစ်ထားတာ၊ ဒါပေမဲ့ ငါတို့က ဂိုဏ်းတူတပည့်တွေ မဟုတ်ကြဘူးလေ”
စကားမဆုံးမီမှာပင် မုန့်ဝမ်သည် သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ် ကို လှည့်ပတ်လိုက်ရာ ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာပြီး လီကျန့်ကို လွှမ်းခြုံသွားသည်။
“ဒါ... ဒါက ဘယ်လို မိစ္ဆာအတတ်မျိုးလဲ.........”
လီကျန့်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နှလုံးသွေး များမှာ လျင်မြန်စွာ စုပ်ယူခံနေရပြီး အသက်စွမ်းအားများလည်း အရှိန်အဟုန်ဖြင့် ကုန်ဆုံးနေချေပြီ။
ဤကြောက်မက်ဖွယ် စုပ်ယူမှုအားကို ခုခံရန် အသည်းအသန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သည်။
“ဟင့်အင်း... ငါ့ကိုမသတ်ပါနဲ့၊ ငါက ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ နတ်သားတော်ပါ.........”
လီကျန့်၏ အသံမှာ တဖြည်းဖြည်း တိုးသထက် တိုးလာပြီး မျက်ဝန်းများမှာလည်း ဝေဝါးလာသည်။ မုန့်ဝမ်က သေအံ့ဆဲဆဲ လီကျန့်ကို ကြည့်ကာ အေးစက်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
“ငါကလည်း နတ်သားတော်ကိုမှ ရွေးပြီး သတ်တာပဲလေ......”
လီကျန့်၏ မျက်ဝန်းထဲရှိ အလင်းရောင်များမှာ လျင်မြန်စွာ မှိန်ဖျော့သွားပြီး ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပိန်ချုံးလာသည်။
သေမင်း၏ အရိပ်အယောင်က သူ့ကို လွှမ်းမိုးထားသဖြင့် လွတ်မြောက်ရန် လမ်းစမရှိတော့ကြောင်း သူ နားလည်လိုက်သည်။ သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် ကျိန်ဆဲလေတော့သည်။
“မုန့်ဝမ်...... နင်က ရက်စက်တဲ့ မိစ္ဆာမပဲ...... အပြစ်မဲ့တဲ့သူတွေကို နင် လိုက်သတ်နေတာ၊ နင်လည်း အဆုံးသတ် ကောင်းမှာမဟုတ်ဘူး......”
မုန့်ဝမ်၏ အမူအရာမှာ တည်ငြိမ်လှပြီး သွေးနီရောင် မျက်ဝန်းများထဲတွင် မည်သည့် လှိုင်းကြက်ခွပ်မျှ မရှိချေ။ သူမက အေးဆေးစွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။
“နင်ကကော... သိပ်ပြီး အပြစ်ကင်းနေလို့လား...... နင်တို့ လိုက်သတ်ခဲ့တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကကော သေသင့်လို့လား......”
လီကျန့်မှာ မှင်သက်သွားသည်။ လွန်ခဲ့သော နာရီဝက်ခန့်က သူနှင့် သူ၏ အပေါင်းအဖော်များ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ပုံရိပ်မှာ သူ၏ အာရုံထဲတွင် ပေါ်လာသည်။
ထိုသူများ မသေဆုံးခင်တွင် ဤကဲ့သို့ မျှော်လင့်ချက်မဲ့သော မျက်ဝန်းများဖြင့် ဒူးထောက် အသနားခံခဲ့ကြသည်၊ သို့မဟုတ် အသည်းအသန် ကျိန်ဆဲခဲ့ကြသည်။ လီကျန့်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
သူသည် မိမိကိုယ်မိမိ မှန်ကန်သော လမ်းစဉ်ကို လျှောက်လှမ်းသည့် ဂိုဏ်းဝင်တစ်ဦးဟု အမြဲယုံကြည်ခဲ့ပြီး သူသတ်ခဲ့သူများမှာ သေသင့်သူများဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုမူ မုန့်ဝမ်၏ စကားများမှာ သူ၏ နှလုံးသားထဲတွင် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်သွားချေပြီ။
သတ္တုတွင်းကို လိုချင်တက်မက်ကြသော ထိုတစ်ကိုယ်တော်ကျင့်ကြံသူများမှာ တကယ်ပင် သေသင့်ကြသလော။ အဆုံးသတ်တွင်မူ သူတို့မှာ မည်သည့်အမှားမျှ မလုပ်ခဲ့ကြဘဲ အစွမ်းအားနည်းလွန်းခဲ့ကြခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤအချိန်တွင် လီကျန့်သည် သူ၏ လုပ်ရပ်များမှာ မိစ္ဆာကျင့်ကြံသူများနှင့် မည်သို့မျှ မခြားနားကြောင်း... မှန်ကန်သော လမ်းစဉ်ဟူသည့် ဟန်ပြမျက်နှာဖုံးကိုသာ စွပ်ထားခြင်းဖြစ်ကြောင်း နောက်ဆုံး၌ နားလည်သွားသည်။
သူ မိန်းမောနေစဉ်မှာပင် မုန့်ဝမ်သည် သူမ၏ ကျင့်စဉ်လည်ပတ်မှုကို အရှိန်မြှင့်လိုက်ပြီး လီကျန့်၏ ခန္ဓာကိုယ်ထဲရှိ နှလုံးသွေးများကို လျင်မြန်စွာ စုပ်ယူကာ သန့်စင်ပစ်လိုက်သည်။ လီကျန့်သည် သူ၏ သွေးများ ခန္ဓာကိုယ်ထဲမှ လျင်မြန်စွာ ဆုံးရှုံးနေသည်ကို ခံစားနေရသော်လည်း ခုခံရန် အင်အား အစအနမျှပင် မရှိတော့ချေ။
နောက်ဆုံးတွင် သူ၏ ပိန်ချုံးနေသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခြောက်ကပ်နေသော အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မုန့်ဝမ်သည် အမူအရာ ကင်းမဲ့စွာဖြင့် ဂိုဏ်းမှ ထုတ်ပေးထားသော အထူး ဝိညာဉ်လက်နက်ကို ထုတ်ယူကာ သူတို့၏ ဝိညာဉ်အကြွင်းအကျန်များကို တစ်ခုပြီးတစ်ခု သိမ်းဆည်းလိုက်သည်။ ဤဝိညာဉ်အကြွင်းအကျန်များမှာ မစ်ရှင်ပြီးမြောက်ကြောင်း ဆုံးဖြတ်ရန် အရေးကြီးသော သက်သေများ ဖြစ်ပေသည်။
ဝိညာဉ်အကြွင်းအကျန်များကို သိမ်းဆည်းပြီးနောက် သူမသည် စစ်မြေပြင်ရှိ ပစ္စည်းများကို အလျင်အမြန် သိမ်းယူလိုက်ပြီး လက်ဖဝါးဖြင့် အနည်းငယ် ဝေ့ယမ်းကာ တိုက်ပွဲခြေရာလက်ရာများကို ဖျောက်ပစ်လိုက်သည်။
မည်သည့်ခြေရာလက်ရာမျှ မကျန်တော့ကြောင်း အတည်ပြုပြီးနောက် မုန့်ဝမ်သည် သူမ၏ သွေးစက်ဝန်းမျက်လုံး ကို ထပ်မံ အသုံးပြုကာ နောက်ထပ် ပစ်မှတ်တစ်ခုကို ရှာဖွေပြန်သည်။
ပစ်မှတ်အသစ်ကို ရှာတွေ့ပြီးနောက် မုန့်ဝမ် လိုက်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် လမ်းပိတ်ဆို့ခြင်း ခံလိုက်ရပြန်သည်။
“အောမိတောဖော... ဒကာမုန့်၊ ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့”
လရောင်ကဲ့သို့ ဖြူဖွေးသော သင်္ကန်းကို ဝတ်ဆင်ထားသည့် ဘုန်းကြီးငယ်တစ်ပါး မုန့်ဝမ်ရှေ့တွင် ပေါ်လာသည်။ ၎င်းမှာ ရွှမ်ဟူကျောင်းတော်၏ ဗုဒ္ဓလမ်းစဉ် နတ်သားတော် ရွှမ်ကျီ ပင် ဖြစ်သည်။
မုန့်ဝမ်သည် ဦးနှောက်ထဲတွင် တဆစ်ဆစ် နာကျင်သွားသလို ခံစားလိုက်ရသည်။ ဤကပ်စေးနှဲလို လိုက်ကပ်နေသည့် အနှောင့်အယှက်ကြီး နောက်တစ်ကြိမ် ပြန်ရောက်လာပြန်ချေပြီ။
“ရှင် ကိုယ့်ကိုယ်ကိုယ် သိရင် အမြန်ဆုံး ထွက်သွားစမ်းပါ။ ရှင့်ကို အချိန်ပေးပြီး စကားများနေဖို့ ကျွန်မမှာ အချိန်မရှိဘူး”
“ဒကာ... ဒကာရဲ့ ခန္ဓာကိုယ်မှာ မိစ္ဆာအရှိန်အဝါတွေ သိပ်များနေတယ်။ ကိုယ်တော်အနေနဲ့ ဒကာကို အကြံပေးချင်တာကတော့ သတ်ဖြတ်ခြင်း ဓားကို ချထားလိုက်ပြီး အကုသိုလ်ကံတွေကို ထပ်မဖန်တီးပါနဲ့တော့”
ရွှမ်ကျီ၏ မျက်နှာတွင် ကရုဏာများ ပြည့်နှက်နေပြီး သူ၏ လေသံမှာ ငြိမ်းချမ်းလှသော်လည်း ငြင်းပယ်၍မရသော ပြတ်သားမှုများ ပါဝင်နေသည်။ မုန့်ဝမ်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီး ရွှမ်ကျီနှင့် အချိန်ဖြုန်းမနေတော့ဘဲ သူမ၏ သွေးလွတ်မြောက်ခြင်းကျင့်စဉ်ဖြင့် တိုက်ရိုက် ထွက်ပြေးလိုက်သည်။
သို့သော် ရွှမ်ကျီ၏ အရှိန်မှာလည်း မနှေးလှချေ။ သူသည် မုန့်ဝမ်၏ နောက်မှ ခပ်လှမ်းလှမ်းတွင် လိုက်ပါလာရင်း ကျမ်းစာများကို ဆက်တိုက် ရွတ်ဖတ်နေဆဲ ဖြစ်သည်။
“ဒကာမုန့်... ကိုယ်တော်ရဲ့ စေတနာကို နားလည်မှာပါ........ ဒကာက အပြင်ပန်း အပေါ်ယံတွေအပေါ်မှာပဲ အစွဲအလမ်း ကြီးနေတာပါ.........”
မုန့်ဝမ်၏ စိတ်အနှောင့်အယှက်ဖြစ်မှုမှာ ပိုမို ပြင်းထန်လာပြီး ဤအနှောင့်အယှက်ကြီးကို ခါချ၍ မရနိုင်ကြောင်း မြင်သောအခါ သူမက ရုတ်တရက် ရပ်လိုက်သည်။
ထို့နောက် လှည့်ကြည့်ကာ ရွှမ်ကျီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ဆရာကြီး... ရှင်က ဒီလောက်တောင် ဇွဲကောင်းနေမှတော့ ကျွန်မဘက်က ရိုင်းသလို ဖြစ်သွားတာကို အပြစ်မတင်ပါနဲ့......”
ထိုသို့ပြောပြီးနောက် သူမက ရုတ်တရက် တိုက်ခိုက်လိုက်ရာ ပုံရိပ်ယောင် အင်အားတစ်ခုမှာ ရွှမ်ကျီ၏ မျက်နှာသို့ တိုက်ရိုက် ဦးတည်သွားသည်။
ရွှမ်ကျီသည် ကျမ်းစာများကို ရွတ်ဖတ်ရန် ပြင်လိုက်သော်လည်း သူ၏ စိတ်မှာ ခဏမျှ ယိမ်းယိုင်သွားပြီး ပေါ့ဆမှုကြောင့် ထိုပုံရိပ်ယောင်အင်အား၏ ထိမှန်ခြင်းကို ခံလိုက်ရသည်။
တစ်ခဏချင်းမှာပင် သူ၏ မြင်ကွင်းမှာ အမှောင်အတိ ကျသွားပြီး ဝေဝါးသော အခြေအနေသို့ ကျရောက်သွားတော့သည်။ မုန့်ဝမ် ဖန်တီးထားသော ပုံရိပ်ယောင်အတွင်း၌ သူသည် ရွှမ်ဟူကျောင်းတော်၏ လေးစားဖွယ် နတ်သားတော် မဟုတ်တော့ဘဲ ကျင့်ကြံခြင်း ပါရမီမရှိသော သာမန်ကလေးငယ်တစ်ဦးသာ ဖြစ်နေသည်။
ပျက်စီးနေသော သက်ကယ်မိုး အိမ်ခေါင်မိုးမှ မိုးရေများ ယိုစီးနေပြီး ရေစက်ကျသံမှာ သေမင်း၏ ခေါင်းလောင်းသံကဲ့သို့ ရွှမ်ကျီ၏ နှလုံးသားကို ထပ်ခါတလဲလဲ ရိုက်ခတ်နေသည်။ သူသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေး ဝပ်နေပြီး ပိန်လှီသော ခန္ဓာကိုယ်မှာ တုန်ရီနေကာ မျက်ဝန်းထဲတွင်လည်း ထိတ်လန့်မှုနှင့် အားကိုးရာမဲ့မှုများ ပြည့်နှက်နေသည်။
“အသုံးမကျတဲ့ကောင်...... မင်းကိုယ်မင်း ကြည့်စမ်း၊ ဒီလောက်ကြာအောင် ကျင့်ကြံနေတာတောင် ဝိညာဉ်စွမ်းအင် အစအနလေးတောင် အာရုံမခံနိုင်ဘူး...... မင်း ငါတို့ မိသားစုကို အရှက်ခွဲနေတာပဲ......”
ယောကျ်ားတစ်ဦး၏ ကြမ်းတမ်းသော အသံမှာ အခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး ကြွေပန်းကန်လုံးတစ်လုံး ကွဲအက်သွားသည့် ကျယ်လောင်သော အသံလည်း ထွက်ပေါ်လာသည်။
ရွှမ်ကျီသည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မည်သည့်အသံမျှ မထွက်ရဲဘဲ ရှိနေပေတော့သည်။
အခန်း (၁၉၃) မိစ္ဆာကျင့်စဉ်ကို လုံးဝကျင့်ကြံမည်မဟုတ်ပေ......
သူသည် အသံတစ်ချက်ထွက်လိုက်မိရုံဖြင့် ပို၍ပြင်းထန်သော ဆဲဆိုရိုက်နှက်မှုများကိုသာ ဖိတ်ခေါ်ရာရောက်မည်မှန်း ကောင်းကောင်းသိသည်။ သူက ကျင့်ကြံခြင်းကို မလိုလားသည်မဟုတ်၊ သူ၏ မိဘများနှင့် အစ်မဖြစ်သူကဲ့သို့ပင် ဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်ပြီး အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် မည်သူထက်မဆို ပို၍ တောင့်တခဲ့ဖူးသည်။
သို့သော်လည်း သူမည်မျှပင် ကြိုးစားပါစေ၊ မည်မျှပင် ဝီရိယရှိရှိ ကျင့်ကြံပါစေ၊ ဝိညာဉ်စွမ်းအင် အစအနလေးကိုပင် အာရုံမခံနိုင်ခဲ့ချေ။
“ဖေဖေ... မေမေ... သား... သား ကြိုးစားပါ့မယ်.........”
ရွှမ်ကျီသည် နိမ့်ကျလှသော အသံဖြင့် တောင်းပန်တိုးလျှိုးနေပြီး သူ၏ လေသံမှာ ရှိုက်သံနှင့်အတူ တုန်ရီနေသည်။
“ကြိုးစားမယ် ဟုတ်လား...... နင့်ဆီက ဒီစကားပဲ အမြဲကြားနေရတာ...... ဟိုဘက်အိမ်ကကလေးကို ကြည့်စမ်း၊ နင်နဲ့ရွယ်တူပဲရှိသေးတယ်၊ အခြေခံစွမ်းအင်အဆင့်တတိယအဆင့်ကို ရောက်နေပြီ...... နင်ကကော...... အခုထိ ပထမအဆင့်ကိုတောင် မရောက်သေးဘူး...... နင်က အသုံးမကျတဲ့ကောင်ပဲ......”
သူ့မိခင်၏ ထက်ရှပြီး ကြမ်းတမ်းသော အသံမှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ရွှမ်ကျီ၏ နှလုံးသားကို ထိုးစိုက်နေသည်။ ရွှမ်ကျီ၏ မျက်ဝန်းထဲတွင် နာကျင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူက အောင့်အည်းသည်းခံကာ ငိုမချလိုက်ပေ။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် လက်သည်းများမှာ အသားထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပြီး သွေးများပင် ထွက်လာသည်။
သူသည် ဝီရိယရှိရှိ ကျင့်ကြံပြီး အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာကာ မိဘများ ဂုဏ်ယူရစေမည်ဟု ကျိန်ဆိုလိုက်သည်။
ရွှမ်ကျီသည် တင်ပျဉ်ခွေထိုင်ကာ လောက၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ကြိုးစားသော်လည်း ဝိညာဉ်စွမ်းအင် အစအနလေးကိုပင် မခံစားရသေးချေ။
ချွေးများက သူ၏ အဝတ်အစားများကို စိုရွှဲစေသော်လည်း သူက သွားကို တင်းတင်းစေ့ကာ ဇွဲမလျှော့ဘဲ ဆက်လက်ကျင့်ကြံနေသည်။
သို့သော် သူမည်မျှပင် ကြိုးစားပါစေ၊ သူ၏ ပါရမီညံ့ဖျင်းလွန်းလှသည်ဟူသော အချက်ကိုမူ မပြောင်းလဲနိုင်ခဲ့ချေ။ ရွယ်တူများက သူ့ကို လှောင်ပြောင်လာကြသည့်အပြင် မိသားစု၏ အရှက်ရစရာဟု ခေါ်ဝေါ်လာကြသည်။
သူ၏ အစ်မဖြစ်သူကပင် သူ့ကို မကြာခဏ ရိုက်နှက်ဆဲဆိုကာ နည်းလမ်းမျိုးစုံဖြင့် နှိမ့်ချဆက်ဆံလေသည်။
“အသုံးမကျတဲ့ကောင်...... ဒီလောက်ကြာအောင် ကျင့်ကြံတာတောင် အခြေခံစွမ်းအင် ပထမအဆင့်ပဲ ရှိသေးတယ်...... နင့်လိုလူက ငါ့မောင်ဖြစ်ဖို့ မတန်ဘူး......”
အစ်မဖြစ်သူ၏ ထက်ရှသော အသံမှာ သူ၏ အာရုံထဲတွင် ကျိန်စာတစ်ခုကဲ့သို့ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသည်။ ရွှမ်ကျီသည် ကြီးမားသော နာကြည်းမှုနှင့် ဒေါသကို ခံစားလိုက်ရသည်။ သူတကယ် ကြိုးစားခဲ့ပါ၏၊ သူ၏ ပါရမီကသာ ညံ့ဖျင်းနေခဲ့ခြင်း ဖြစ်သည်။ ပါရမီညံ့ဖျင်းခြင်းမှာ သူ၏ အပြစ်လော။
သူသည် မိဘများထံသို့သွားကာ သူ့အတွက် တရားမျှတမှုကို တောင်းဆိုခဲ့သော်လည်း မိဘများက သူ့ကို ကူညီမည့်အစား အေးစက်စွာပင် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
“နင်က ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ...... နင့်ကို ငါတို့က မနှိပ်စက်ရင် ဘယ်သူက နှိပ်စက်မှာလဲ...... နင့်အစ်မက နင့်ကိုရိုက်တာ မှန်တယ်။ နင့်ပါရမီက သိပ်ညံ့လွန်းတယ်၊ နောင်မှာ ကျင့်ကြံခြင်းလမ်းမှာ မအောင်မြင်ရင် ဒီတစ်သက် နင့်အစ်မကိုပဲ အားကိုးနေရမှာ...... ဒါကိုတောင် နင်က ပြန်တိုင်ရဲသေးတယ်ပေါ့...... အခုချက်ချင်း နင့်အစ်မကို သွားတောင်းပန်စမ်း......”
မိဘများ၏ စကားက ရွှမ်ကျီ၏ နှလုံးသားကို ပြင်းထန်စွာ နာကျင်စေသည်။ သူ၏ အရင်းနှီးဆုံး ဆွေမျိုးသားချင်းများက ဤကဲ့သို့ ပြောဆိုနိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ချေ။
“ဟင့်အင်း... သား... သားက အသုံးမကျတဲ့သူ မဟုတ်ဘူး.........”
ရွှမ်ကျီသည် မြေပြင်ပေါ်သို့ အင်အားမဲ့စွာ လဲကျသွားပြီး မျက်ရည်များမှာ တိတ်တဆိတ် စီးကျလာသည်။ မျှော်လင့်ချက်မဲ့မှုများက ဒီရေကဲ့သို့ သူ့ကို ဝါးမြိုသွားလေသည်။ ထိုစဉ် ဆွဲဆောင်မှုရှိသော အသံတစ်သံက သူ၏ နှလုံးသားထဲတွင် ဟိန်းထွက်လာသည်။
“မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံလိုက်စမ်းပါ။ အစွမ်းကသာ အရာအားလုံးကို ပြောင်းလဲပေးနိုင်မှာ”
ရွှမ်ကျီသည် ထိတ်လန့်တကြား မော့ကြည့်လိုက်သော်လည်း ပတ်ဝန်းကျင်တွင် မည်သူမျှမရှိချေ။ “မင်း.... မင်း......က ဘယ်သူလဲ.........”
“ငါက နင့်ရဲ့ ကိုယ်တွင်းမိစ္ဆာလေ”
“မဟုတ်ဘူး... မဟုတ်ဘူး......”
“ကောင်းပြီလေ၊ နင် အသိအမှတ်မပြုချင်လည်း ထားလိုက်ပါတော့။ အစွမ်းရဖို့အတွက် တခြားနည်းလမ်းတစ်ခုကို စဉ်းစားကြည့်မလား...... နင်သာ သန်မာလာရင် ဘယ်သူမှ နင့်ကို နှိပ်စက်ရဲမှာ မဟုတ်တော့ဘူး”
ရွှမ်ကျီသည် ထိတ်လန့်တကြား ခေါင်းခါရမ်းကာ ကြောက်မက်ဖွယ်ကောင်းသော ထိုဆွဲဆောင်မှုကို ငြင်းပယ်လိုက်သည်။
“ဟင့်အင်း... ကျွန်တော် မိစ္ဆာကျင့်စဉ်တွေကို လုံးဝ မကျင့်ဘူး......”
“ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ...... မိစ္ဆာကျင့်စဉ်ဆိုတာ အစွမ်းရဖို့အတွက် နည်းလမ်းတစ်ခုသာသာပဲ ...........၊ နင့်ရဲ့ အသက်က နင့်လက်ထဲမှာပဲ ရှိနေတုန်းပဲလေ”
ထိုအသံက အစွမ်းရှိခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဆက်လက်၍ မြှူဆွယ်ပြောဆိုနေသည်။ လေးစားခံရသည့် အဆင့်အတန်း၊ ကြီးမားသော ခွန်အားနှင့်... လွတ်လပ်သော ဆန္ဒ.......။
ရွှမ်ကျီ၏ နှလုံးခုန်သံမှာ ပြင်းထန်လာသည်။ ကိုယ်တွင်းမိစ္ဆာ၏ ပြောစကားများအရ သူသည် အားလုံး၏ အထက်တွင် မြင့်မြတ်စွာ ရပ်တည်နေပြီး အတိတ်က အရှက်ရမှုနှင့် နာကျင်မှုများမှာ လေထဲသို့ ပျောက်ကွယ်သွားသည်ဟု မြင်ယောင်လာသည်။
သူ့အပေါ် အမြဲအေးစက်ခဲ့သော မိဘများပင်လျှင် များစွာ ကြင်နာလာကြသည်။ သို့သော် သူက ဆက်လက် ခုခံနေဆဲပင်။ သူ ကြောက်ရွံ့နေသည်၊ သူ ထိတ်လန့်နေသည်၊ ထိုခြေလှမ်းကို သူ မလှမ်းရဲချေ။
“ကျွန်တော် မိစ္ဆာကျင့်စဉ် မကျင့်ချင်ဘူး၊ မိစ္ဆာကျင့်ကြံသူတွေက လူဆိုးတွေချည်းပဲ” ရွှမ်ကျီက တုန်ရီစွာပြောရင်း မိမိကိုယ်မိမိရော၊ နှလုံးသားထဲရှိ မှောင်မိုက်သောအရာကိုပါ နားချရန် ကြိုးစားနေသည်။
“အစွမ်းဆိုတာမှာ ကောင်းခြင်း ဆိုးခြင်း မရှိဘူး၊ အဓိကက အဲဒီအစွမ်းကို ကိုင်တွယ်တဲ့ လူပေါ်မှာပဲ မူတည်တာ” ထိုအသံက ဆက်လက်၍ ဆွဲဆောင်ပြန်သည်။
“နင်က တစ်သက်လုံး တခြားလူတွေရဲ့ ခြေဖဝါးအောက်မှာ အနင်းခံနေရတာကို ကျေနပ်နေတာလား...... နင့်ကို အရှက်ခွဲခဲ့တဲ့လူတွေကို ပြန်ပြီး အရှက်ခွဲချင်စိတ် မရှိဘူးလား......”
ရွှမ်ကျီသည် တိတ်ဆိတ်သွားပြီး သူ၏ စိတ်ထဲတွင် ပြင်းထန်စွာ တိုက်ပွဲဝင်နေရသည်။ သို့သော် အဆုံးသတ်တွင်မူ သူသည် ကိုယ်တွင်းမိစ္ဆာ၏ အလိုသို့ မလိုက်ခဲ့ပေ။
အချိန်များ ကုန်လွန်သွားရာ မျက်စိတစ်မှိတ်အတွင်း ရွှမ်ကျီသည် အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်ရှိလာသည်။ သူ၏ ကျင့်ကြံမှုမှာ အခြေခံစွမ်းအင် ဒုတိယအဆင့်မှာပင် ရပ်တန့်နေဆဲ ဖြစ်သဖြင့် သူသည် မိသားစု၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး မော်တယ်လောကရှိ ဝေးလံသော အရပ်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
ဤအချိန်တွင် ရွှမ်ကျီ၏ နှလုံးသားမှာ လုံးဝ သေဆုံးသွားခဲ့ချေပြီ။ သူသည် အင်မော်တယ်လမ်းစဉ်နှင့် ရေစက်မပါကြောင်း နားလည်လိုက်သည်။
ထိုအသံမှာ နောက်ဆုံး၌ ထပ်မံ ပေါ်လာပြန်သည်။ “မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံလိုက်တော့။ နင် ဒီအတိုင်း ဆက်သွားရင် တစ်သက်လုံး အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်”
သို့သော် ရွှမ်ကျီက ခေါင်းကို ဇွဲနပဲဖြင့် ခါရမ်းလိုက်သည်။ “အဆင့်နိမ့် ကျင့်ကြံသူ ဖြစ်ရင်လည်း ဖြစ်ပါစေ၊ ကျွန်တော် မိစ္ဆာကျင့်စဉ်ကို လုံးဝ မကျင့်ကြံဘူး......”
ထိုအသံသည် ရယ်စရာတစ်ခုကို ကြားလိုက်ရသည့်အလား အားရပါးရ ရယ်မောလေသည်။ “ဟားဟား...... ရယ်စရာကောင်းလိုက်တာ...... နင့်မှာ ရွေးချယ်စရာ ရှိနေသေးတယ်လို့ ထင်နေတာလား...... နင်က ဒီလောကကြီးရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီ...... အစွမ်းရှိမှသာ ဒီလောကမှာ မတ်တတ်ရပ်နိုင်စေမှာ......”
ရွှမ်ကျီသည် ကိုယ်တွင်းမိစ္ဆာ၏ လှောင်ပြောင်မှုများကို လျစ်လျူရှုလိုက်သည်။ သူသည် စိတ်ကို တင်းထားကာ ကျင့်ကြံခြင်းလောကမှ ထွက်ခွာလာခဲ့သည်။
လူသားလောကသို့ ရောက်ရှိသွားပြီးနောက်တွင်လည်း ရွှမ်ကျီသည် ကျင့်ကြံခြင်းကို လက်မလျှော့ခဲ့ပေ။ ဆယ်နှစ်တိုင်တိုင် သူသည် ဝီရိယရှိရှိဖြင့် အရင်းအမြစ်များကို စုဆောင်းကာ ကျင့်ကြံနေခဲ့သည်။
နောက်ဆုံးတွင် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်၌ ဝိညာဉ်စွမ်းအင် နည်းပါးလှသော လူသားလောကတွင် သူသည် အခြေခံစွမ်းအင် တတိယအဆင့်သို့ ခက်ခဲစွာ တက်လှမ်းနိုင်ခဲ့သည်။ ထိုအချိန်တွင် သူသည် အရုဏ်ဦး၏ အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ အလွန် ဝမ်းသာပီတိ ဖြစ်သွားသည်။
သို့သော်လည်း ထိုနေ့မှာပင် သူ၏ အစ်မဖြစ်သူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် သူမ၏ ထူးချွန်သော ပါရမီကြောင့် ရွှေအမြုတေအဆင့် အကြီးအကဲတစ်ဦး၏ တပည့်အဖြစ် လက်ခံခြင်း ခံလိုက်ရကြောင်း ကြားလိုက်ရသည်။
ရွှမ်ကျီ၏ နှလုံးသားမှာ တုန်ရီသွားသည်။ အခြေခံတည်ဆောက်ခြင်း၊ ရွှေအမြုတေ... ထိုအသုံးအနှုန်းများမှာ သူ့အတွက် အလှမ်းဝေးလွန်းလှသည်။ သူက အခြေခံစွမ်းအင် တတိယအဆင့်မှာသာ ရှိသေးသော်လည်း သူ့ထက် တစ်နှစ်သာကြီးသော အစ်မဖြစ်သူမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နေချေပြီ။
ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းလှသည်။ ကိုယ်တွင်းမိစ္ဆာ၏ အသံမှာ လှောင်ပြောင်မှုများဖြင့် ပြန်လည် ထွက်ပေါ်လာသည်။
“တွေ့လား...... ဒါက နင့်ရဲ့ ဇွဲကြောင့် ရလာတဲ့ ရလဒ်ပဲ...... နင် ဆယ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာက တခြားလူရဲ့ တစ်နှစ်စာ အောင်မြင်မှုကိုတောင် မယှဉ်နိုင်ဘူး...... နင်က တကယ်ပဲ အသုံးမကျတဲ့ကောင်ပဲ......”
ရွှမ်ကျီ၏ နှလုံးသားမှာ အသူရာချောက်ထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် လက်သည်းများမှာ အသားထဲသို့ နစ်ဝင်သွားသော်လည်း သူသည် နာကျင်မှုကို မခံစားရတော့ချေ။
အချိန်အတော်ကြာမှ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး ကိုယ်တွင်းမိစ္ဆာ၏ စောင်းမြောင်းပြောဆိုမှုများကို လျစ်လျူရှုကာ သူ၏ အလုပ်များကို ဆက်လက်လုပ်ကိုင်ရင်း ကျင့်ကြံနေခဲ့သည်။ တစ်နေ့လျှင် တစ်နာရီသာ အိပ်စက်ကာ မည်သူထက်မဆို ပို၍ ကြိုးစားခဲ့သည်။
သို့သော် အခြေခံစွမ်းအင် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ တက်လှမ်းရန်မှာ အတားအဆီးကြီး တစ်ခုဖြစ်နေသည်။ လူသားလောကတွင် ဝိညာဉ်စွမ်းအင် နည်းပါးလွန်းလှသဖြင့် သူသည် အဆင့်တက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း တစ်ကြိမ်မျှ မအောင်မြင်ခဲ့ချေ။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် အတိတ်က ရွယ်တူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ကုန်ကြပြီ ဖြစ်ကြောင်းနှင့် အညံ့ဆုံးလူပင်လျှင် အခြေခံစွမ်းအင် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ကြားသိခဲ့ရသည်။
သူတစ်ယောက်တည်းသာ အခြေခံစွမ်းအင် အစောပိုင်းအဆင့်မှာပင် ရုန်းကန်နေရဆဲ ဖြစ်သည်။ အသက်သုံးဆယ်အရွယ်တွင် ရွှမ်ကျီသည် မိသားစုထံမှ အကူအညီတောင်းရန် နောက်ဆုံး၌ သတ္တိမွေးလိုက်သည်။
သူသည် မိဘများနှင့် အစ်မဖြစ်သူထံသို့ လမ်းညွှန်မှုနှင့် အကူအညီ ရလိုရငြား စာရေးသား ပေးပို့ခဲ့သည်။ သို့သော် စာများ ပေးပို့ပြီးနောက် တစ်နေ့ပြီးတစ်နေ့ မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့် အကြောင်းပြန်စာမျှ ရောက်မလာခဲ့ပေ။
အခန်း (၁၉၄) အပြစ်မဲ့သူများကို မည်သည့်အခါမျှ သတ်ဖြတ်မည်မဟုတ်ချေ
ကိုယ်တွင်းမိစ္ဆာ၏ တိုးတိုးသာသာ ရေရွတ်သံများက လှောင်ပြောင်သရော်သည့် အသံနှင့်အတူ သူ၏ နားထဲ၌ ထပ်မံ ပဲ့တင်ထပ်လာပေသည်။
“တွေ့လား......... သူတို့က မင်းကို ဘာမှ ဂရုမစိုက်ကြဘူး။ သူတို့အတွက်တော့ မင်းက ဘာကောင်မှ မဟုတ်ဘူး။ အစွမ်းထက်တဲ့ ခွန်အားကသာ မင်းကို နိမ့်ကျတဲ့ဘဝကနေ မြှင့်တင်ပေးနိုင်မှာဖြစ်သလို မင်းရဲ့ ကံကြမ္မာကိုလည်း ပြန်လည် ထိန်းချုပ်ခွင့် ပေးနိုင်လိမ့်မယ်။ မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံပြီး အမှောင်ထုကို လက်ခံလိုက်စမ်းပါ။ အဲဒီအခါကျမှ မင်း အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာနိုင်မှာ.....”
ရွှမ်ကျီ နှုတ်ဆိတ်သွား၏။ ကိုယ်တွင်းမိစ္ဆာ၏ စကားလုံးများက စည်တီးသံကဲ့သို့ သူ၏ နှလုံးသားကို တုန်ခါသွားစေပေသည်။ သူသည် စိတ်ဓာတ်များ ဝေဝါးလာပြီး မိစ္ဆာလမ်းစဉ်သို့ ကျရှုံးတော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်။
သို့သော် ရွှမ်ကျီသည် သွားကို တင်းတင်းကြိတ်ကာ နာကျင်စွာဖြင့် ကိုယ်တွင်းမိစ္ဆာကို ငြင်းပယ်လိုက်ပေသည်။ “မလုပ်ဘူး......... ဆက်မပြောနဲ့တော့။ ငါ မိစ္ဆာလမ်းစဉ်ကို မကျင့်ကြံဘူး”
“ကောင်းပြီလေ......... နောင်တစ်ချိန်ကျရင်တော့ ဒီနေ့ ဆုံးဖြတ်ချက်အတွက် မင်း နောင်တမရဖို့ ငါ မျှော်လင့်ပါတယ်”
သုံးလအကြာတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်သားရဲ အချို့မှာ လူသားကမ္ဘာတွင် ရုတ်တရက် ပေါ်လာချေသည်။ ၎င်းတို့သည် အစွမ်းထက်သော ခွန်အားကို အသုံးချကာ တွေ့သမျှလူများကို ကိုက်ဖြတ်ဝါးမြိုပြီး တစ်မြို့လုံးကို ထိတ်လန့်တုန်လှုပ်စေပေသည်။
ထိုသတင်းကို ကြားသောအခါ ရွှမ်ကျီသည် စိတ်ပူပန်သွားပြီး အပြစ်မဲ့သော အရပ်သားများကို ကာကွယ်ပေးလိုစိတ် ပြင်းပြလာ၏။ သို့သော် သူ၏ ကျင့်ကြံမှုမှာ အလွန်နိမ့်ကျလွန်းလှရာ ထိုသားရဲများ၏ သွားကြားညှပ်ရန်ပင် မလုံလောက်ချေ။
သူသည် ပုံရိပ်ယောင်သားရဲများ သောင်းကျန်းနေသည်ကိုလည်းကောင်း၊ အရပ်သားများ၏ ငိုကြွေးသံများကိုလည်းကောင်း ဘာမှမတတ်နိုင်ဘဲ ကြည့်နေရရုံသာ ရှိပေသည်။ သူ၏ ရင်ထဲတွင် အားကိုးရာမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၏။
ပုံရိပ်ယောင်သားရဲများ၏ ဘေးအန္တရာယ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာရာ မိသားစု၏ လုပ်ငန်းများကိုပါ ထိခိုက်လာပေသည်။ ထို့ကြောင့် မိသားစုက မြို့ကို စွန့်ခွာရန်နှင့် လူအားလုံးကို ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြ၏။
ဤသတင်းကို သိလိုက်ရသည်နှင့် ရွှမ်ကျီသည် မန်နေဂျာထံ ချက်ချင်းသွားကာ မိသားစုကို အစီရင်ခံရန်နှင့် သားရဲများကို သတ်ဖြတ်ရန် မိသားစုမှ ကျွမ်းကျင်သူများကို လွှတ်ပေးရန် တောင်းဆိုလိုက်ပေသည်။
သို့သော် မန်နေဂျာက အေးစက်စွာ ငြင်းပယ်လိုက်၏။
“မိသားစုဝင်အားလုံးက တခြား အရေးကြီးတဲ့ ကိစ္စတွေနဲ့ မအားကြဘူး။ နောက်လအနည်းငယ်အထိ အချိန်ပေးနိုင်မှာ မဟုတ်ဘူး”
ရွှမ်ကျီ အလွန် ဒေါသထွက်သွားပေသည်။ “မြို့တစ်မြို့လုံးက လူတွေက သားရဲတွေရဲ့ အစားခံနေရတာတောင် သူတို့က အရေးမလုပ်ကြဘူးလား။ လူတွေအားလုံး သေကုန်တဲ့အထိ စောင့်နေရင် နောက်လအနည်းငယ်ကြာမှ ရောက်လာတာက ဘာထူးမှာလဲ”
မန်နေဂျာက သူ့ကို မထီမဲ့မြင် ကြည့်လိုက်ကာ အထင်အမြင်သေးသော လေသံဖြင့် ဆိုလိုက်၏။
“မင်းက မခံစားနိုင်ဘူးဆိုရင်လည်း ကိုယ်တိုင်သွားသတ်လေ။ ဒီမှာ လာညည်းတွားနေတာက ဘာထူးမှာလဲ။ မင်းညီမရဲ့ မျက်နှာကို ထောက်ထားလို့သာ ငါက မင်းကို အသိပေးနေတာ။ မဟုတ်ရင်တော့ မင်းကို ပုံရိပ်ယောင်သားရဲ ပါးစပ်ထဲမှာပဲ အသေခံခိုင်းလိုက်မှာ”
ရွှမ်ကျီသည် စိတ်ပျက်လက်ပျက်ဖြင့် လမ်းပေါ်သို့ ထွက်လာခဲ့ပေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သားရဲများမှာ ပိုမိုသောင်းကျန်းလာရာ နေရာတိုင်းတွင် ပျက်စီးယိုယွင်းမှုများနှင့် ငိုကြွေးသံများ ဖုံးလွှမ်းနေ၏။
ကိုယ်တွင်းမိစ္ဆာ၏ အသံက ထပ်မံ ထွက်ပေါ်လာပေသည်။ “မြင်ပြီလား......... ဒါက မင်းရဲ့ ခေါင်းမာမှုကြောင့် ဖြစ်လာတဲ့ ရလဒ်ပဲ။ မင်းမှာသာ လုံလောက်တဲ့ ခွန်အား ရှိခဲ့မယ်ဆိုရင် ဒါတွေအားလုံးကို တားဆီးနိုင်ခဲ့မှာ”
ရွှမ်ကျီ နှုတ်ဆိတ်နေစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်သားရဲ တစ်ကောင် ထပ်မံ ပေါ်လာပြန်၏။ ၎င်းသည် ကြီးမားသော ခန္ဓာကိုယ်၊ ရုပ်ဆိုးလှသော မျက်နှာနှင့် ဓားကဲ့သို့ ထက်မြက်သော အစွယ်များ ရှိပေသည်။
သားရဲသည် ဟိန်းဟောက်ကာ လူအုပ်ထဲသို့ တိုးဝင်ပြီး အဆင်အခြင်မဲ့ သတ်ဖြတ်လေတော့သည်။ ခဏချင်းအတွင်းမှာပင် လူပေါင်းများစွာ သေဆုံးသွားရပြီး သွေးညှီနံ့များ လွင့်ပျံလာကာ အော်ဟစ်သံများက ကောင်းကင်အထိ ပဲ့တင်ထပ်သွား၏။ လူများစွာ ထွက်ပြေးကြသော်လည်း သားရဲ၏ ပါးစပ်ထဲတွင်သာ အဆုံးသတ်သွားကြရပေသည်။
ရွှမ်ကျီသည် ထိုမြင်ကွင်းကို ကြည့်ရင်း နာကျင်မှုနှင့် အားကိုးရာမဲ့မှုကို ခံစားနေရ၏။
ကိုယ်တွင်းမိစ္ဆာက လှောင်ပြောင်လိုက်ပေသည်။ “မင်းသာ မိစ္ဆာလမ်းစဉ်ကို စောစောက ကျင့်ကြံခဲ့ရင် သူတို့ သေမှာ မဟုတ်ဘူး။ အခုတော့ မင်းက ဘာမှ မလုပ်နိုင်ဘဲ ဒီလူတွေ သေတာကို ကြည့်နေရုံပဲ ရှိတော့တယ်”
ရွှမ်ကျီ၏ မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် ရုန်းကန်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် လက်သီးကို တင်းတင်းဆုပ်ထားရာ သူ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်သွားပြီး သွေးများမှာ လက်ချောင်းကြားမှတစ်ဆင့် မြေပြင်ပေါ်သို့ တစ်စက်ချင်း ကျလာပေသည်။
အပြစ်မဲ့သော အရပ်သားများမှာ ငိုကြွေးနေကြဆဲ၊ ရုန်းကန်နေကြဆဲ ဖြစ်ပေသည်။ ရွှမ်ကျီ၏ နှလုံးသားမှာ တုန်ခါသွားပြီး နောက်ဆုံးတွင် အလျှော့ပေးလိုက်ရတော့၏။
“ငါ......... ငါ သဘောတူတယ်.........”
ကိုယ်တွင်းမိစ္ဆာက သာယာစွာ ရယ်မောလိုက်၏။ “အရမ်းကောင်းတယ်......... ငါပြောသလို လုပ်ပါ.........”
ရွှမ်ကျီသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ရာ သွေးနှင့် မျက်ရည်များမှာ သူ၏ မျက်နှာပေါ်တွင် ရောထွေး စီးကျလာပေသည်။ သူသည် တုန်တုန်ရင်ရင်ဖြင့် လက်ကို ဆန့်ထုတ်ကာ သေဆုံးသွားသော ကလေးငယ်၏ အလောင်းကို ထိတွေ့လိုက်၏။ ထိုကလေး၏ မျက်နှာပေါ်တွင် ကြောက်လန့်နေသော အရိပ်အယောင်များ ကျန်ရှိနေဆဲ ဖြစ်ပေသည်။
ကိုယ်တွင်းမိစ္ဆာ၏ အသံက မြွေတစ်ကောင်၏ လျှာကဲ့သို့ သူ၏ နားထဲတွင် ဖြားယောင်းလာပေသည်။
“ဒီခန္ဓာကိုယ်တွေနဲ့ ဝိညာဉ်အကြွင်းအကျန်တွေအားလုံးက မင်းအတွက် ခွန်အားတွေ ဖြစ်လာလိမ့်မယ်။ သူတို့ကို ဝါးမြိုလိုက်စမ်း။ အဲဒီအခါကျရင် မင်း ကာကွယ်ချင်တဲ့အရာမှန်သမျှကို ကာကွယ်နိုင်တဲ့ အမြင့်ဆုံး ခွန်အားကို ရလိမ့်မယ်”
ရွှမ်ကျီသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး ကိုယ်တွင်းမိစ္ဆာ သင်ကြားပေးသော ကျင့်စဉ်ကို စတင် လည်ပတ်လိုက်ပေသည်။ ကျင့်စဉ်ကို စတင်သည်နှင့် ထူးဆန်းပြီး အစွမ်းထက်သော အင်အားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝင်လာ၏။ ရွှမ်ကျီ၏ ကျင့်ကြံမှုမှာ ခဏချင်းအတွင်းမှာပင် အခြေခံစွမ်းအင်အဆင့် လေးသို့ တိုးတက်သွားချေပြီ။
ကိုယ်တွင်းမိစ္ဆာ၏ အသံက ရူးသွပ်သော ရယ်မောသံအဖြစ် ပြောင်းလဲသွား၏။ “ဟုတ်တယ်......... ခွန်အားကသာ မင်းအတွက် တစ်ခုတည်းသော ကယ်တင်ရှင်ပဲ”
ရွှမ်ကျီ၏ မျက်လုံးများမှာ တဖြည်းဖြည်း သွေးကဲ့သို့ နီရဲလာပေသည်။ သူသည် အလောင်းများထံမှ စွမ်းအင်များကို အငမ်းမရ စုပ်ယူလိုက်ရာ သူ၏ ကျင့်ကြံမှုမှာ လျင်မြန်စွာ မြင့်တက်လာ၏။
အဆင့်လေးမှ အဆင့်ငါးသို့ တိုးတက်သွားပေသည်။ ခွန်အားများ တိုးလာခြင်းက သူ့ကို စိတ်လှုပ်ရှားစေသော်လည်း တစ်ဖက်တွင်လည်း ထိတ်လန့်စေ၏။
သူသည် သွေးနှင့် သတ်ဖြတ်ခြင်းများဖြင့် ခင်းကျင်းထားသော လမ်းတစ်ခုကို မြင်ယောင်နေပြီး သူကိုယ်တိုင်လည်း ထိုနောက်ပြန်လှည့်၍ မရသော လမ်းပေါ်သို့ ရောက်ရှိနေချေပြီ။
“အခြေခံစွမ်းအင်အဆင့် ငါးက အားနည်းလွန်းသေးတယ်။ ဒီအလောင်းတွေထဲက စွမ်းအင်တွေက နည်းလွန်းတယ်။ မင်း အသက်ရှင်နေတဲ့ လူသားအချို့ကို သွားရှာလိုက်.........”
“တော်တော့.........”
ရွှမ်ကျီ၏ နီရဲနေသော မျက်ဝန်းများထဲတွင် ရုန်းကန်နေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူသည် ဖြားယောင်းနေသော အသံကို ရုတ်တရက် ဖြတ်ပြောလိုက်ပေသည်။
“ပါးစပ်ပိတ်ထားစမ်း။ ငါ အပြစ်မဲ့သူတွေကို ဘယ်တော့မှ အကြောင်းမဲ့ သတ်မှာမဟုတ်ဘူး”
ကိုယ်တွင်းမိစ္ဆာ၏ ရူးသွပ်သော ရယ်မောသံမှာ နားမခံသာအောင် ထွက်ပေါ်လာ၏။ “မင်းက တော်တော် နုနယ်တာပဲ။ အခု မင်းမှာရှိတဲ့ မစို့မပို့ ကျင့်ကြံမှုနဲ့ ဘာလုပ်နိုင်မှာလဲ။ ဟို ပုံရိပ်ယောင်သားရဲတွေက မင်းကို လက်ညှိုးတစ်ချောင်းနဲ့တင် ချေမှုန်းနိုင်တယ်။ ဆက်တိုက် ဝါးမြိုပြီး အားကောင်းလာမှသာ မင်း အသက်ရှင်နိုင်မှာဖြစ်သလို ဒီမြို့ကိုလည်း ကာကွယ်နိုင်မှာ”
ရွှမ်ကျီသည် သွားကို ကြိတ်ထားရာ သူ၏ လက်သီးဆုပ်သံများပင် ထွက်လာပေသည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နေရာတိုင်းတွင် အလောင်းများဖြင့် ပြည့်နှက်နေပြီး သွေးများမှာ မြစ်ကဲ့သို့ စီးဆင်းနေ၏။ လေထုထဲတွင်လည်း ပျို့အန်ချင်စဖွယ် သွေးညှီနံ့များ ဖုံးလွှမ်းနေပေသည်။
အဝေးတွင် ကြီးမားသော ပုံရိပ်ယောင်သားရဲမှာ သောင်းကျန်းနေဆဲဖြစ်ပြီး ၎င်း၏ ဟိန်းဟောက်သံတိုင်းတွင် အသက်ပေါင်းများစွာ ဆုံးရှုံးနေရ၏။
“တခြား နည်းလမ်း......... တကယ်ပဲ မရှိတော့ဘူးလား”
ရွှမ်ကျီသည် တီးတိုး ရေရွတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ဝေခွဲမရမှုနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေပေသည်။ သူသည် ခွန်အားကို တောင့်တသော်လည်း လူသားဆန်မှု ကင်းမဲ့သည့် မိစ္ဆာကျင့်ကြံသူတစ်ဦး မဖြစ်လိုချေ။
ကိုယ်တွင်းမိစ္ဆာ၏ အသံက နတ်ဆိုးတစ်ကောင်၏ တိုးတိုးလေး ပြောသံကဲ့သို့ ထပ်မံ ထွက်ပေါ်လာ၏။ “တွန့်ဆုတ်မနေနဲ့တော့။ ခွန်အားက မင်းရှေ့မှာတင် ရှိနေတာ။ မင်းသာ သဘောတူမယ်ဆိုရင် အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ အင်အားကို ပိုင်ဆိုင်ရမှာ”
ရွှမ်ကျီသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို အတင်း တည်ငြိမ်အောင် ထိန်းလိုက်ပေသည်။ သူသည် ယိုင်တိုင်တိုင်ဖြင့် ထရပ်ကာ ကျန်ရှိနေသော အလောင်းများကို ကြိုးစား ရှာဖွေနေ၏။
“အလောင်းတွေက နည်းလွန်းတယ်”
ကိုယ်တွင်းမိစ္ဆာက မကျေမနပ် ညည်းတွားလိုက်၏။ “ဒီပုံစံအတိုင်းဆိုရင် မင်းရဲ့ ကျင့်ကြံမှုက ဘယ်တော့မှ တက်မှာလဲ။ အသက်ရှင်နေတဲ့ လူတွေကို တိုက်ရိုက်ဖမ်းပြီး သန့်စင်လိုက်တာက ပိုမမြန်ဘူးလား”
ရွှမ်ကျီ တုန်လှုပ်သွားပြီး ခြေဖျားမှ ဦးခေါင်းအထိ အေးစိမ့်သွားသလို ခံစားလိုက်ရ၏။
“ပါးစပ်ပိတ်ထားစမ်း။ ငါ ဒီလို လူမဆန်တဲ့အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူး”
သို့သော် ရွှမ်ကျီ အလောင်းများကို ရှာဖွေနေစဉ်မှာပင် ကြီးမားသော ပုံရိပ်ယောင်သားရဲ အချို့သည် မြို့ထဲသို့ ထပ်မံ တိုးဝင်လာပြန်၏။ ၎င်းတို့၏ သွေးနီရောင် မျက်လုံးများက ထိတ်လန့်နေသော လူအုပ်ကို ကြည့်ကာ အားရပါးရ ဟိန်းဟောက်လိုက်ကြပြီးနောက် အသေသတ်ပွဲကို စတင်လေတော့သည်။
ထက်မြက်သော လက်သည်းများက အသားကို ဆွဲဖြဲနေပြီး အစွယ်များက အရိုးများကို ဝါးမြိုနေ၏။ အော်ဟစ်ငိုကြွေးသံများမှာ မျှော်လင့်ချက်မဲ့သော တေးသွားတစ်ခုကဲ့သို့ ထွက်ပေါ်လာပေသည်။
ရွှမ်ကျီသည် ထိုလူမဆန်သော သတ်ဖြတ်မှုကို တားဆီးလိုသောကြောင့် တုန်လှုပ်ဒေါသထွက်ကာ ကိုယ်တွင်းမိစ္ဆာကို အော်ဟစ်လိုက်၏။
“မြန်မြန်......... နည်းလမ်းတစ်ခုခု စဉ်းစားစမ်း။ ငါ သူတို့ကို တားချင်တယ်”
သို့သော် ကိုယ်တွင်းမိစ္ဆာမှာ ပျောက်ကွယ်သွားသကဲ့သို့ ထူးဆန်းစွာ တိတ်ဆိတ်သွားပေသည်။ ရွှမ်ကျီ မည်သို့ပင် ခေါ်စေကာမူ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။
ရွှမ်ကျီသည် သူ၏ ရှေ့မှောက်တွင် အပြစ်မဲ့သော လူသားများစွာကို သားရဲများက ဆွဲဖြဲဝါးမြိုနေသည်ကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံသာ ရှိပေသည်။
လမ်းမပေါ်တွင် သွေးများ စွန်းထင်နေပြီး ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်မှာ ငရဲခန်းအလား ဖြစ်နေ၏။
ဒေါသနှင့် အားငယ်မှုများမှာ သူ၏ ဝိညာဉ်ထဲတွင် မီးဟုန်းဟုန်း တောက်လောင်လာပေသည်။
သူ ဆက်လက် မအောင့်အီးနိုင်တော့ဘဲ သောင်းကျန်းနေသော သားရဲများဆီသို့ ပြေးဝင်သွားကာ လက်သီးဖြင့် အစွမ်းကုန် တိုက်ခိုက်လိုက်ပေသည်။
သို့သော် အစွမ်းထက်သော ပုံရိပ်ယောင်သားရဲများ၏ ရှေ့တွင် အခြေခံစွမ်းအင်အဆင့် ငါးသာ ရှိသေးသော ရွှမ်ကျီမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လွန်းနေသည်။
အခန်း (၁၉၅) တာအိုနှလုံးသား လှုပ်ခတ်ခြင်း
ပုံရိပ်ယောင်ထဲရှိ ပုံရိပ်ယောင်သားရဲသည် လက်သည်းဖြင့် ခပ်ပေါ့ပေါ့ ဝှေ့ယမ်းလိုက်ရာ ရွှမ်ကျီမှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပေသည်။ သူ၏ ပါးစပ်မှလည်း သွေးများ ပန်းထွက်လာ၏။
ရွှမ်ကျီသည် အားယူ၍ ထရန် ကြိုးစားသော်လည်း အရိုးများအားလုံး ကြေမွသွားသကဲ့သို့ ခံစားရပြီး လှုပ်ရှား၍ပင် မရတော့ချေ။ သားရဲမှာ သူ၏အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာရာ နံစော်သော အနံ့ဆိုးများနှင့်အတူ ၎င်း၏ ကြီးမားလှသော အရိပ်မည်းကြီးမှာ သူ့ကို လွှမ်းမိုးသွားပေသည်။
ထိုစဉ်မှာပင် ကိုယ်တွင်းမိစ္ဆာ၏ အသံမှာ လှောင်ပြောင်သရော်မှု၊ အရေးမစိုက်မှုတို့နှင့်အတူ ထပ်မံ ထွက်ပေါ်လာပြန်၏။
“တွေ့လား......... ဒါက မင်းရဲ့ ကရုဏာ၊ မင်းရဲ့ အားနည်းချက်ပဲ။ မင်း သူတို့ကို သတ်လိုက်တာ။ သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို မင်းကိုယ်တိုင် ဖျက်ဆီးလိုက်တာပဲ။ ငါ့စကားကို နားထောင်ပြီး လူအနည်းငယ်ကို သတ်ပြီး စွမ်းအင်တွေ စုပ်ယူခဲ့ရင် မင်း အခုထက် အားကောင်းနေမှာ။ အခုတော့ အချိန်နှောင်းသွားပြီ”
ကိုယ်တွင်းမိစ္ဆာ၏ စကားအဆုံး၌ သားရဲသည် ခေါင်းငုံ့ကာ ၎င်း၏ ကြီးမားလှသော ပါးစပ်ဖြင့် ရွှမ်ကျီကို ဝါးမြိုလိုက်ပေသည်။
အဆုံးမဲ့သော နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများကြားတွင် ပတ်ဝန်းကျင်မှ မြင်ကွင်းများမှာ မှန်တစ်ချပ် ကွဲအက်သွားသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီး မူလကမ္ဘာသို့ ပြန်လည် ရောက်ရှိသွား၏။
ရွှမ်ကျီသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပေသည်။ သူ၏ မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် ဝေခွဲမရမှုများ ကျန်ရှိနေဆဲ ဖြစ်ပေသည်။ ပုံရိပ်ယောင်မှာ ပြီးဆုံးသွားသော်လည်း သူသည် ထိုနယ်ပယ်ထဲတွင်ပင် ပိတ်မိနေသကဲ့သို့ ခံစားနေရပြီး အချိန်အတော်ကြာသည့်တိုင်အောင် ရုန်းမထွက်နိုင်သေးချေ။ စောစောက ခံစားခဲ့ရသော အားကိုးရာမဲ့မှုနှင့် စိတ်ပျက်မှုများမှာ သူ၏ စိတ်ရင်းခံကို လွှမ်းမိုးထားဆဲပင်။
သူသည် ပတ်ဝန်းကျင်ကို ဟာလာဟင်းလင်း မျက်ဝန်းများဖြင့် ငေးကြည့်နေပေသည်။ သူ၏ ဝိညာဉ်မှာ အကြီးအကျယ် တုန်လှုပ်နေစဉ်မှာပင် သွေးနီရောင် အလင်းတန်းတစ်ခုမှာ လေထုကို ဖြတ်သန်းကာ အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါနှင့်အတူ သူ၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာ၏။
မုန့်ဝမ်က တိုက်ခိုက်လိုက်ခြင်းပင်။
သွေးလဓားချက်မှာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အရှိန်အဝါနှင့်အတူ ညကောင်းကင်ယံကို ဖြတ်ပြေးသွားသော လျှပ်စီးကဲ့သို့ ရွှမ်ကျီ၏ ရှေ့မှောက်သို့ ခဏချင်း ရောက်ရှိလာပေသည်။ ရွှမ်ကျီမှာ အလျင်အမြန်ပင် မတတ်သာဘဲ ခုခံလိုက်ရ၏။
သွေးလဓားချက်မှာ သူ၏ ခုခံကာကွယ်ထားသော ဗုဒ္ဓအလင်းတန်းကို ပြင်းထန်စွာ ရိုက်ခတ်သွားရာ အလင်းတန်းမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပျက်စီးလုနီးပါး ဖြစ်သွားပေသည်။ ရွှမ်ကျီသည် ညည်းတွားလိုက်ပြီး ပါးစပ်ထောင့်မှ သွေးစအချို့ ကျလာကာ နောက်သို့ ယိုင်သွား၏။
သွေးလဓားချက်မှာ အစပြုရုံမျှသာ ရှိသေးသော်လည်း မုန့်ဝမ်၏ တိုက်ကွက်များမှာ ပြင်းထန်သော မုန်တိုင်းကဲ့သို့ ရွှမ်ကျီအပေါ် ကျရောက်လာပေသည်။ ရွှမ်ကျီသည် ဗီဇအရ ပြန်လည် တိုက်ခိုက်လိုသော်လည်း မည်သည့် တိုက်ခိုက်လိုစိတ်ကိုမျှ စုစည်း၍ မရနိုင်တော့ချေ။ မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ပေါ်လာတော့သည်။
၎င်းကို မြင်သောအခါ မုန့်ဝမ်၏ မျက်ဝန်းများတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ရွှမ်ကျီ၏ ခန္ဓာကိုယ်အတွင်းရှိ နှလုံးသွေးများကို စုပ်ယူရန် သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်ပေသည်။
ရွှမ်ကျီ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပိန်ချုံးသွားရာ ထိုနေရာမှာပင် သေဆုံးတော့မည့်ပုံ ပေါက်နေ၏။
ထိုစဉ်မှာပင် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပေသည်။ ရွှမ်ကျီ၏ ဝိညာဉ် အနက်ရှိုင်းဆုံးမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပေါက်ကွဲထွက်လာပြီး ရွှေရောင်အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားကာ မုန့်ဝမ်ကို ချက်ချင်း လွင့်ထွက်သွားစေ၏။
ထိုဖိအားထဲ၌ ပါဝင်သော ထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်ရာ မုန့်ဝမ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပေသည်။
ရွှမ်ဟူကျောင်းတော်မှ နတ်သားတော်တွင် အစောင့်အရှောက်တစ်ဦး ရှိသည်ဟု သူမ ကြားဖူးခဲ့ရာ ၎င်းမှာ မှန်ကန်ပုံရပေသည်။ ယနေ့ ရွှမ်ကျီကို သတ်ရန်မှာ ခက်ခဲလိမ့်မည်ဟု သူမ သိလိုက်၏။
မုန့်ဝမ်သည် မျက်မှောင်အနည်းငယ် ကြုတ်ကာ စိတ်ထဲတွင် အလျင်အမြန် တွက်ချက်လိုက်ပေသည်။ သူမသည် လက်ကို မြှောက်ကာ ရွှမ်ကျီ ဝတ်ဆင်ထားသော ပုတီးစေ့များကို လှမ်းယူလိုက်၏။ အဆက်မပြတ် တုန်ခါနေသော ပုတီးစေ့များကို အတင်းအဓမ္မ လုယူပြီးနောက် သူမသည် ဆက်လက် တိုက်ခိုက်မနေတော့ဘဲ လှည့်ထွက်သွားတော့သည်။
မုန့်ဝမ် ထွက်သွားပြီးနောက် ရွှမ်ကျီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားနှင့် ရွှေရောင်အလင်းတန်းများမှာလည်း ပစ်မှတ်ကို ပျောက်ဆုံးသွားသကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပေသည်။
ရွှမ်ကျီသည် မျက်လုံးများကို တင်းတင်းပိတ်ကာ မြေပြင်ပေါ်တွင် လဲကျသွားပေသည်။ သူ၏ ပါးရိုးများမှာ သိသိသာသာ ချိုင့်ဝင်နေပြီး အသက်ရှူသံမှာလည်း မသေရုံတမည်သာ ရှိတော့၏။
ထိုအချိန်တွင် ကောင်းကင်မှ အလင်းတန်းတစ်ခု ဆင်းသက်လာပြီး သင်္ကန်းရုံထားသော ကြည်ညိုဖွယ် မျက်နှာရှိသည့် ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ဦး ရွှမ်ကျီ၏ ဘေး၌ ပေါ်လာပေသည်။ သူကား ရွှမ်ဟူကျောင်းတော်မှ အကြီးအကဲ ယွမ်စီဖြစ်ပြီး ရွှမ်ကျီ၏ ဦးလေးအရင်းပင် ဖြစ်၏။
ရွှမ်ကျီမှာ ပြင်းထန်စွာ ဒဏ်ရာရကာ သတိလစ်နေသည့်အပြင် သူ၏ သင်္ကန်းမှာ သွေးများဖြင့် ရဲရဲနီနေသည်ကို မြင်လိုက်ရသောအခါ ယွမ်စီ၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွားပေသည်။ သူသည် ရွှမ်ကျီကို ချက်ချင်းပင် မလိုက်ပြီး ဒဏ်ရာများကို စစ်ဆေးလိုက်၏။
ရွှမ်ကျီသည် သူ၏ နှလုံးသွေး အများစု ဆုံးရှုံးသွားကြောင်းနှင့် သူ၏ ဝိညာဉ်မှာလည်း ထိခိုက်ပျက်စီးသွားကြောင်း သူ သိလိုက်ရ၏။
အကယ်၍ ရွှေရောင်အလင်း အမြုတေ၏ အကာအကွယ်သာ မရှိခဲ့ပါက သူသည် သေမင်းဆီသို့ ရောက်ရှိသွားပြီဖြစ်၏။
“ငါတို့ ရွှမ်ဟူကျောင်းတော်ရဲ့ နတ်သားတော်ကို ဒီလောက်အထိ ရက်ရက်စက်စက် လုပ်ရဲတဲ့သူက ဘယ်သူလဲ”
ယွမ်စီ၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူ၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော ဖိအားများ ထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ သစ်ပင်များပင် တုန်ခါသွားပေသည်။
သူသည် သူ၏ ဝိညာဉ်လက်နက်ထဲမှ ရွှေရောင် ဆေးလုံး တစ်လုံးကို အမြန်ထုတ်ယူကာ ရွှမ်ကျီ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး ပြန်လည် ကောင်းမွန်လာစေရန် သူ၏ ဝိညာဉ်အာရုံဖြင့် ကူညီပေးလိုက်ပေသည်။
ဆေးလုံးမှာ ပါးစပ်ထဲသို့ ရောက်သည်နှင့် အရည်ပျော်သွားပြီး နွေးထွေးသော စီးဆင်းမှုတစ်ခုအဖြစ် ရွှမ်ကျီ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပေသည်။ သူ၏ ဖြူဖျော့နေသော မျက်နှာမှာ တဖြည်းဖြည်း အရောင်အနည်းငယ် ပြန်လည် ရရှိလာပြီး မှေးမှိန်နေသော အသက်ရှူသံမှာလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာ၏။
ခဏအကြာတွင် ရွှမ်ကျီသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပေသည်။ သူ၏ ရှေ့မှောက်ရှိ လူကို မှတ်မိသွားသောအခါ သူ၏ လည်ချောင်းမှာ အနည်းငယ် လှုပ်ရှားသွား၏။
“ဦးလေး.........”
“တူတော် ရွှမ်ကျီ......... ဘယ်လို ခံစားရလဲ။ မင်းကို ဘယ်သူ ဒဏ်ရာရအောင် လုပ်တာလဲ”
ယွမ်စီက စိုးရိမ်တကြီး မေးလိုက်၏။ သူ၏ မျက်ဝန်းများတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေပေသည်။
ရွှမ်ကျီ နှုတ်ဆိတ်သွား၏။ သူသည် ရွှမ်ဟူကျောင်းတော်တွင် နေရာအနှံ့ တွေ့ရတတ်သော အလုပ်သင် ကိုယ်တော်လေးများကို ရုတ်တရက် သတိရလိုက်ပေသည်။
၎င်းတို့သည် အပင်ပန်းဆုံးနှင့် အခက်ခဲဆုံး အလုပ်များကို လုပ်ကိုင်ကြရပြီး ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ရရှိကြကာ ၎င်းတို့၏ ကျင့်ကြံမှုမှာလည်း အခြေခံစွမ်းအင်အဆင့်မှာပင် ရှိကြ၏။
များသောအားဖြင့် ကိုယ်တော်လေး ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းတွင် တစ်ဦးသာလျှင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ပြီး ရွှမ်ဟူကျောင်းတော်၏ တကယ့် တပည့်တစ်ဦး ဖြစ်လာတတ်ကြပေသည်။ အကယ်၍ သူသာ ထူးခြားသော ပါရမီနှင့် မွေးရာပါ ဗုဒ္ဓစိတ်ရင်း မရှိခဲ့ပါက ထိုနိမ့်ကျသော အလုပ်သင် ကိုယ်တော်လေးများနှင့် မည်သို့ ထူးခြားပါမည်နည်း။
ရွှမ်ကျီ အချိန်အတော်ကြာ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ယွမ်စီ၏ မျက်နှာတွင် စိုးရိမ်မှုများ ပိုမိုနက်ရှိုင်းလာ၏။
“တူတော်......... ဘာဖြစ်လို့လဲ။ မင်း ဖြေရှင်းရခက်တဲ့ ကိစ္စတစ်ခုခုနဲ့ ကြုံနေရလို့လား”
ရွှမ်ကျီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖြည်းညှင်းစွာ ဆိုလိုက်၏။ “တပည့် ဒီနေ့ ကံကြမ္မာ အနှောင့်အယှက်တွေ အလွန်နက်နဲတဲ့ သွေးကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူမကို ပြုပြင်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ မျှော်လင့်မထားဘဲ သူမက......... သူမက ပုံရိပ်ယောင်ကို သုံးပြီး တပည့်ရဲ့ ဝိညာဉ်ကို ဖြားယောင်းခဲ့ပါတယ်”
သူသည် ပုံရိပ်ယောင်ထဲတွင် မြင်တွေ့ခဲ့ရသည်များ၊ ကြားခဲ့ရသည်များနှင့် ကြုံတွေ့ခဲ့ရသော အခက်အခဲများအားလုံးကို ယွမ်စီအား အသေးစိတ် ပြောပြလိုက်ပေသည်။
ရွှမ်ကျီ၏ ပြောပြချက်ကို ကြားရသောအခါ ယွမ်စီသည် စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွား၏။ အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိသေးသော သွေးကျင့်ကြံသူတစ်ဦးသည် သူတို့ ရွှမ်ဟူကျောင်းတော်၏ နတ်သားတော်၏ တာအိုနှလုံးသားကို ပုံရိပ်ယောင်ဖြင့် နှောင့်ယှက်နိုင်သည်တဲ့လား။ ရွှမ်ယင်ဂိုဏ်းမှာ ဘယ်တုန်းက ဒီလိုလူ ပေါ်လာတာလဲ။
ဗုဒ္ဓတရားတော်များက မိစ္ဆာအတတ်ပညာများကို နှိမ်နင်းနိုင်သောကြောင့် ရွှမ်ဟူကျောင်းတော်၏ နတ်သားတော်မှာ ရွှမ်ယင်ဂိုဏ်း၏ မိစ္ဆာများကို အမြဲတမ်း ဖိနှိပ်နိုင်ခဲ့ပေသည်။ သို့သော် ရွှမ်ဟူကျောင်းတော်တွင် မျိုးဆက်တစ်ခုလျှင် နတ်သားတော် တစ်ဦးသာရှိပြီး ရွှမ်ယင်ဂိုဏ်းတွင်မူ နတ်သားတော် ခုနစ်ဦးအထိ ရှိပေသည်။ ထို့ကြောင့် ရွှမ်ယင်ဂိုဏ်း တစ်ခုလုံးနှင့် ရင်ဆိုင်ရလျှင် ရွှမ်ဟူကျောင်းတော်မှာ အားနည်းချက် ရှိနေဆဲပင်။
ယွမ်စီသည် ခဏမျှ စဉ်းစားလိုက်ရာ သူ၏ မျက်ဝန်းများတွင် တည်ကြည်မှုများ ဖြတ်ပြေးသွားပေသည်။ ဗုဒ္ဓဘာသာသည် သတ္တဝါအားလုံးအပေါ် ကရုဏာထားရန်နှင့် ကယ်တင်ရန် ဟောကြားထားသော်လည်း ဤကမ္ဘာပေါ်တွင် သတ္တဝါအားလုံးကို တရားပြ၍ မရနိုင်ချေ။
ထို့အပြင် ရွှမ်ယင်ဂိုဏ်းမှ သွေးကျင့်ကြံသူများမှာ သတ်ဖြတ်ခြင်းကိုသာ သူတို့၏ တာအိုအဖြစ် မှတ်ယူထားကြရာ ဗုဒ္ဓဘာသာ စည်းမျဉ်းများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
ယွမ်စီသည် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ပြီး ဆိုလိုက်၏။ “တူတော်......... အဲဒီ သွေးကျင့်ကြံသူရဲ့ စိတ်ရင်းက ယုတ်မာပြီး ကံကြမ္မာ အနှောင့်အယှက်တွေကလည်း နက်နဲလှတယ်။ သူမက ငါတို့ ဗုဒ္ဓတရားတော်နဲ့ ပြုပြင်ဖို့ လွယ်ကူတဲ့သူ မဟုတ်ဘူး။
မင်းက ထူးခြားတဲ့ ပါရမီရှင်ဖြစ်သလို ဗုဒ္ဓတရားတော်တွေကိုလည်း နှံ့နှံ့စပ်စပ် လေ့လာထားတဲ့သူပဲ။ ဘာလို့ ဒီလောက်အထိ ဇွဲနပဲကြီးနေရတာလဲ။ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေ အများကြီး ရှိသလို ကယ်တင်ဖို့ လိုအပ်တဲ့ သတ္တဝါတွေလည်း အများကြီး ရှိပါသေးတယ်.........”
ယွမ်စီ၏ စကားကို ရွှမ်ကျီက ဖြတ်ပြောလိုက်၏။
“ဦးလေး......... ဗုဒ္ဓတရားတော်မှာ ဟောကြားထားတာ ရှိပါတယ်။ ငါ ငရဲထဲ မဆင်းရင် ဘယ်သူ ဆင်းမှာလဲ တဲ့။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ တပည့်က သတ္တဝါအားလုံးကို ပြုပြင်ပေးဖို့ သစ္စာဆိုထားပါတယ်။ အခက်အခဲလေး တစ်ခုတွေ့တာနဲ့ ဘယ်လိုလုပ် နောက်ဆုတ်နိုင်မှာလဲ။
အမြဲတမ်း ဒီလိုပဲ လုပ်နေမယ်ဆိုရင် တပည့်ရဲ့ တာအိုနှလုံးသားက ဘယ်လိုလုပ် ကျောက်ဆောင်လို ခိုင်မာပြီး တာအိုလမ်းစဉ်ပေါ်မှာ အဝေးကြီး လျှောက်လှမ်းနိုင်မှာလဲ”
ရွှမ်ကျီ၏ လေသံမှာ ခိုင်မာပြတ်သားနေပြီး သံသယဖြစ်ဖွယ် မရှိချေ။
၎င်းကို ကြားသောအခါ ယွမ်စီသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဆက်လက် နားချလိုက်ပေသည်။
“တူတော်......... ကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံးက မင်း ဖြစ်ချင်သလို ဖြစ်မလာနိုင်ဘူးဆိုတာကို မင်း သိရမယ်။ ခွန်အား မလုံလောက်တဲ့အခါမှာ နောက်ဆုတ်တာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်နိုင်ပါတယ်”
“ဒါပေမဲ့ တပည့်ကတော့ နောက်မဆုတ်ချင်ဘူး”
ရွှမ်ကျီသည် အချိန်အတော်ကြာ ရုန်းကန်နေရသော်လည်း နောက်ဆုံးတွင် သူ၏ စိတ်ရင်းအတိုင်း ခေါင်းမာစွာ ဆိုလိုက်ပေသည်။
“တပည့် တစ်ကြိမ် နောက်ဆုတ်လိုက်ရင် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆိုတာတွေ ရှိလာမှာပဲ။ နောက်ဆုံးမှာတော့ နောက်ဆုတ်စရာ နေရာတောင် ကျန်တော့မှာ မဟုတ်ဘူး။ ဗုဒ္ဓက ကရုဏာကြီးမားပြီး သတ္တဝါအားလုံးကို ကယ်တင်တယ်ဆိုတာ ဒီကမ္ဘာပေါ်က သတ္တဝါအားလုံးကို ပြုပြင်ပေးတာကို ဆိုလိုတာပါ။ သာမန် သွေးကျင့်ကြံသူ တစ်ယောက်ကိုတောင် မပြုပြင်နိုင်ရင် သတ္တဝါအားလုံးကို ကယ်တင်ဖို့ဆိုတာ ဘယ်လိုလုပ် ပြောနိုင်မှာလဲ”
ယွမ်စီ တိတ်ဆိတ်သွားသည်။