အခန်း (၂၁၁-၂၁၅)
Vol. 22 Ch. 211-215
အခန်း (၂၁၁) အမွှေးထူမိစ္ဆာ
ဟွာလီက သခင်လေးကျွယ်ထံ ခေါင်းလှည့်ကြည့်လိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့် ဆိုသည်။
"သခင်လေးကျွယ်နဲ့ နတ်သမီးလင်းယွီတို့က ရွှမ်ယင်ဂိုဏ်းနဲ့အတူ ခရီးသွားချင်တယ်ဆိုရင်တော့ ကျွန်မတို့ ထာဝရစိတ်ဝိညာဉ်ဂိုဏ်းအနေနဲ့ ဝမ်းသာရမှာပါ။
ရွှန်ထျန်းဓားဂိုဏ်းနဲ့ ရွှေတိမ်တိုက်ဂိုဏ်းက မိတ်ဆွေတွေလည်း ကန့်ကွက်မှာမဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်"
"နတ်သမီးဟွာလီ နားလည်မှုလွဲနေပါပြီ။ ကျွန်တော် ရွှမ်ယင်ဂိုဏ်းနဲ့အတူ သွားဖို့ အစီအစဉ်မရှိပါဘူး။ အားလုံး ခဏလောက် စောင့်ပေးကြပါဦး"
သခင်လေးကျွယ်က အားနာဟန်ဖြင့် ပြုံးပြလိုက်ပြီးနောက် သူ၏သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ မုန့်ဝမ်ထံ ကမ်းပေးလိုက်သည်။
"နတ်သမီးမုန့်......... ကျွန်တော့်မှာ အကြီးအကဲချင်လိုမျိုး ကြွယ်ဝမှုမရှိပါဘူး။ ဒါက ကျွန်တော့်ရဲ့ တောင်းပန်မှုအဖြစ် အမှတ်တရလက်ဆောင်လေးပါ၊ နတ်သမီးအနေနဲ့ ငြင်းပယ်မှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်"
မုန့်ဝမ်က အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးပင့်လိုက်ပြီးနောက် ချင်းယွီကို တစ်ချက်ကြည့်ကာ ညွှန်ကြားလိုက်သည်။
"ဒီလိုဆိုမှတော့ စီနီယာအစ်ကို ချင်းယွီ......... ဒါကို ကျွန်မအတွက် ခဏသိမ်းပေးထားပါဦး"
ချင်းယွီသည် အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။ မုန့်ဝမ် ခိုင်းသမျှကိုသာ သူ လိုက်လုပ်နေရလျှင် သူမ၏ နောက်လိုက်လေးတစ်ယောက် ဖြစ်သွားတော့မည် မဟုတ်လား။
သို့သော် အားလုံး၏ အကြည့်အောက်တွင် မုန့်ဝမ် မဆန့်ကျင့်သရဲသဖြင့် ချင်းယွီသည် စိတ်ပျက်လက်ပျက်ဖြင့်ပင် ထိုပစ္စည်းကို လှမ်းယူလိုက်ရသည်။
သခင်လေးကျွယ်က သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာသည်။
"နတ်သမီးမုန့်......... ကျွန်တော်တို့ မကြာခင် ပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်"
စကားအဆုံးတွင် သခင်လေးကျွယ်နှင့် လင်းယွီတို့သည် ဟွာလီတို့အဖွဲ့နှင့်အတူ ထွက်ခွာသွားကြရာ ရွှမ်ယင်ဂိုဏ်းမှ လေးဦးသာ ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။
"ဂျူနီယာညီမလေးမုန့်......... နင်က ဘာလို့ ရွှေတိမ်တိုက်ဂိုဏ်းနဲ့ ထာဝရစိတ်ဝိညာဉ်ဂိုဏ်းကလူတွေကို တမင်ရန်စနေတာလဲ။ ဒါနဲ့ပတ်သက်ပြီး နင် ငါ့ကို ရှင်းပြချက်တစ်ခု ပေးဖို့ မျှော်လင့်တယ်"
လီဖော်တျန်းက သူမ၏မျက်နှာပေါ်တွင် ပြုံးနေဆဲဖြစ်သော်လည်း သူမ၏လေသံမှာမူ ရန်လိုမှုအနည်းငယ် ပါဝင်နေသည်။
"စီနီယာအစ်မလီ......... ရှေ့ကနေ လမ်းရှင်းပေးမယ့်သူရှိရင် ကျွန်မတို့ခရီးက ပိုပြီးချောမွေ့သွားမယ်လို့ မထင်ဘူးလား"
"လမ်းရှင်းပေးမယ်....... ဘာကို ရှင်းပေးမှာလဲ"
လီဖော်တျန်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိုသူများထွက်သွားသည့်ဘက်သို့ သံသယဖြင့် ကြည့်လိုက်သော်လည်း အမှောင်ထုကိုသာ မြင်ရသည်။
"ဒီအမည်းရောင်မြူခိုးတွေကြားထဲမှာ ဘာမှမမြင်ရဘူးလေ။ နင်ပြောနေတာတွေက အဓိပ္ပာယ်မရှိဘူးလို့ မထင်ဘူးလား"
သို့သော် မုန့်ဝမ်ကမူ သူမကို ဆက်လက်ရှင်းပြရန် ဆန္ဒမရှိတော့ချေ။ သူမက လှည့်ထွက်ကာ မြူခိုးများထဲသို့ ခြေချလိုက်ပြီး ရွှမ်ကျီနှင့် ချင်းယွီကိုလည်း မှာကြားရန် မမေ့ပေ။
"နီးနီးကပ်ကပ်နေကြ၊ ဒီမြူခိုးတွေက အရမ်းထူးဆန်းတယ်၊ လမ်းမပျောက်စေနဲ့"
ရွှမ်ကျီသည် မုန့်ဝမ်၏အရိပ်အလားပင်။ မုန့်ဝမ် လှုပ်ရှားလိုက်သည်နှင့် သူက ချက်ချင်းနောက်မှ လိုက်ပါသွားသည်။ ချင်းယွီ၏ လှုပ်ရှားမှုမှာလည်း လျင်မြန်လှသည်။ သူက ရှေ့သို့တစ်လှမ်းတိုးကာ မုန့်ဝမ်၏ ညာဘက်နေရာကို အပိုင်ယူလိုက်သည်။
ခဏမျှ နောက်ကျကျန်ခဲ့သော လီဖော်တျန်းမှာမူ မုန့်ဝမ်အပေါ် မကျေနပ်သော်လည်း ထပ်မံ နောက်ကျမနေရဲဘဲ အလျင်အမြန်ပင် နောက်မှလိုက်လာခဲ့တော့သည်။
မြူခိုးထဲသို့ ခြေချလိုက်သည်နှင့် အေးစက်သောအရှိန်အဝါက သူမကို တိုက်ခိုက်လာပြီး ရှေ့ရှိကမ္ဘာကြီးမှာ ထူထပ်သောမြူများဖြင့် ဖုံးလွှမ်းသွားရာ သူမ၏မျက်နှာရှေ့ရှိ လက်ကိုပင် မမြင်နိုင်တော့ချေ။
မြူထဲတွင် ဝိညာဉ်အာရုံ နှင့် အမြင်အာရုံ နှစ်ခုလုံး ကန့်သတ်ခံထားရသည်။ သူတို့လေးဦး အလွန်နီးကပ်စွာ နေထိုင်ခြင်းကြောင့်သာ လူစုမကွဲသွားခြင်း ဖြစ်ပေသည်။
မုန့်ဝမ်တို့အဖွဲ့ ခဏမျှ လျှောက်သွားပြီးနောက် ရှေ့ဘက်မှ ထိတ်လန့်စရာကောင်းသော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။
၎င်းနှင့်အတူ တစ်စုံတစ်ယောက် တိုက်ခိုက်ခံလိုက်ရသည့်အလား နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
ချင်းယွီ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူက ရှေ့သို့ အတင်းစိုက်ကြည့်သော်လည်း ထူထပ်၍ ဖောက်ထွင်းမရသော အမည်းရောင်မြူထုကိုသာ မြင်ရသည်။
လီဖော်တျန်းနှင့် ရွှမ်ကျီတို့လည်း ရှေ့သို့ကြည့်သော်လည်း ဘာမျှမမြင်ရချေ။
မုန့်ဝမ်သည် သူမ၏ သွေးစက်ဝန်းမျက်လုံး ကို အသက်သွင်းကာ အဝေးသို့ ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် အမည်းရောင်အမွှေးရှည်များ ဖုံးလွှမ်းနေသော လူသားပုံစံမိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသည်။
၎င်းမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် မြူခိုးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုမိစ္ဆာ၏မျက်နှာမှာ ထူထပ်သောအမွှေးများဖြင့် ဖုံးအုပ်နေပြီး သွေးကဲ့သို့နီမြန်းသော မျက်လုံးတစ်စုံမှာ သွေးဆာနေသည့်အလင်းများဖြင့် တောက်ပနေရာ တစ်ကိုယ်လုံး ကြက်သီးထစရာပင်ဖြစ်၏။
"သတိထား......."
လီရွှမ်ရိက ဟောက်လိုက်ပြီး သူ၏ဓားရှည်ကို အိမ်မှဆွဲထုတ်လိုက်ရာ ထက်မြက်သော ဓားအရှိန်အဝါ က မြူခိုးများကို ဖြတ်သန်း၍ ထိုမိစ္ဆာထံသို့ တည့်တည့်ဦးတည်သွားသည်။
ဟွာလီ၏ သွယ်လျသောလက်ကလေးမှာ အသာအယာ ဝှေ့ယမ်းလိုက်ရာ ပန်းပွင့်ချပ်များစွာ လွင့်စင်လာပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် ထူးခြားသော အစီအရင် တစ်ခု ဖြစ်ပေါ်လာသည်။
လင်းယွီမှာမူ မိစ္ဆာ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် သူမ၏ခန္ဓာကိုယ်အတွင်းမှ မြူခိုးများကို အသက်သွင်းကာ အကာအကွယ်တစ်ခု ဖန်တီးလိုက်သည်။
ထိုအမွှေးထူမိစ္ဆာမှာ အစွမ်းထက်လှသည်။ ၎င်း၏ ကြွက်သားများမှာ ကြေးနီတံတိုင်း၊ သံမဏိခံတပ်အလား မာကျောရုံသာမက ၎င်း၏ အရှိန်နှင့် ပေါက်ကွဲအားမှာလည်း ပြင်းထန်လှသည်။
ထို့ပြင် ၎င်းသည် မြူခိုးထဲတွင် လွတ်လပ်စွာ မြင်နိုင်၊ လှုပ်ရှားနိုင်သည်။
သို့သော် ထိုနေရာရှိ လူအားလုံးမှာ နတ်သားတော်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အားလုံးစုပေါင်းကာ အစွမ်းကုန် တိုက်ခိုက်ကြသည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် မိစ္ဆာမှာ ပူးပေါင်းတိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ထွက်ပြေးရန် ကြိုးစားသော်လည်း အဆင်သင့်ပြင်ထားသော သခင်လေးကျွယ်နှင့် လင်းချင်းယဲ့တို့က လမ်းပိတ်ထားလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ထိုမိစ္ဆာမှာ မကျေမနပ် ဟိန်းဟောက်ကာ သွေးအိုင်ထဲတွင် လဲကျသေဆုံးသွားတော့သည်။
"ဟူး......... နောက်ဆုံးတော့ ရှင်းလိုက်နိုင်ပြီ"
ဟွာလီက သူမ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရာ ကျန်ရှိနေသေးသော ထိတ်လန့်မှုများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
"ဟွန်း......... ဒီမိစ္ဆာက မြေပြင်အနေအထား အသာစီးရထားလို့ပါ။ မဟုတ်ရင် ဒီလိုအမွှေးထူမိစ္ဆာလေးတစ်ကောင်ကို ရှင်းရတာ ဘာလို့ ဒီလောက်ကြာမှာလဲ"
လင်းယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြူခိုးတစ်စဖြင့် မိစ္ဆာ၏ဦးခေါင်းကို ရိုက်ပုတ်လိုက်ရာ ၎င်း၏မျက်နှာပေါ်မှ အမွှေးရှည်များ လွင့်စင်သွားသည်။ "ဒီမိစ္ဆာက ဘယ်လိုပုံစံလဲဆိုတာ ငါကြည့်ချင်သေးတယ်"
အားလုံးက ထိုအသံကြောင့် လှည့်ကြည့်လိုက်ကြပြီး မိစ္ဆာ၏မျက်နှာကို မသိစိတ်ဖြင့် စိုက်ကြည့်လိုက်မိကြသည်။
သို့သော် အားလုံးက မိစ္ဆာ၏ ရုပ်သွင်ကို သေချာမြင်လိုက်ရသောအခါ အကြီးအကျယ် တုန်လှုပ်သွားကြတော့သည်။
ဤအမွှေးရှည်မိစ္ဆာမှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဤနေရာသို့ ဝင်ရောက်လာခဲ့သော ဂိုဏ်းတစ်ခုမှ အထူးချွန်ဆုံးတပည့်တစ်ဦး ဖြစ်နေသောကြောင့်ပင်.......
ဒါဆို......... ပျောက်ဆုံးသွားတဲ့ အထူးချွန်ဆုံးတပည့်တွေ အားလုံးက မိစ္ဆာတွေ ဖြစ်ကုန်ကြတာလား.......
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဟွာလီ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူမရှေ့ရှိ မိစ္ဆာကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
ဘယ်လိုစွမ်းအားမျိုးက လွန်ခဲ့သော ရက်အနည်းငယ်ကမှ ပုံမှန်ရှိနေသော ကျင့်ကြံသူတစ်ဦးကို ဤကဲ့သို့ မိစ္ဆာအဖြစ် ပြောင်းလဲပစ်နိုင်ရသနည်း။
"သူ ဘာဖြစ်သွားတာလဲ"
လီရွှမ်ရိ၏ မျက်မှောင်များမှာ ကြုတ်နေပြီး သူ၏နှလုံးသားထဲတွင် စိတ်မသက်မသာဖြစ်မှုများ တိုးပွားလာကာ ဤနေရာမှ ချက်ချင်းလှည့်ထွက်သွားပြီး တစ်သက်လုံး ခြေမချချင်တော့သည့် စိတ်ဆန္ဒများ ပေါ်ပေါက်လာသည်။
တစ်စုံတစ်ယောက်က ခန့်မှန်းချက်တစ်ခု ပေးလိုက်သည်။ "ဒီနေရာမှာ တစ်စုံတစ်ယောက် မှားယွင်းဝင်ရောက်မိရင် မိစ္ဆာအဖြစ် ပြောင်းလဲသွားစေတဲ့ မိစ္ဆာအစီအရင်တစ်ခု ရှိနေတာလား"
"အစီအရင်ထက်စာရင် ဒါက ကျိန်စာတစ်ခုခုနဲ့ ပိုတူတယ်လို့ ငါထင်တယ်။ ကျိန်စာမိတဲ့သူတွေက ဒီလိုပုံစံ ပြောင်းကုန်ကြတာပဲ"
သခင်လေးကျွယ်က ထိုင်ချလိုက်ပြီး မိစ္ဆာအလောင်းကို သေချာစစ်ဆေးနေသည်။ သူ၏မျက်ဝန်းများမှာ နက်ရှိုင်းနေပြီး တစ်ခုခုကို စဉ်းစားနေသည့်အလားပင်။
"သခင်လေးကျွယ် တစ်ခုခု တွေ့သွားပြီလား"
ဟွာလီက သူ၏လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး သူ၏ အမူအရာ အပြောင်းအလဲကို မြင်သောအခါ လေးနက်သောလေသံဖြင့် မေးလိုက်သည်။
"ဒီမှာ မိစ္ဆာဝိညာဉ်တစ်ခုခု ရှိနေတယ်လို့ ကျွန်တော် သံသယရှိတယ်"
"မိစ္ဆာဝိညာဉ်......."
လီရွှမ်ရိက မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားသော်လည်း အဖြေရှာမရချေ။
"အားလုံးရဲ့ ခန့်မှန်းချက်တွေက မှန်နိုင်ပါတယ်။ အချုပ်ပြောရရင် ဒီနေရာက နည်းနည်းထူးဆန်းတယ်၊ အားလုံး သတိထားဖို့ လိုတယ်"
မုန့်ဝမ်က အဝေးသို့ အကြာကြီး စိုက်ကြည့်နေသည်ကို မြင်သောအခါ ချင်းယွီက မနေနိုင်ဘဲ အသာအယာ ချောင်းဟန့်လိုက်သည်။ "ဂျူနီယာညီမလေးမုန့်......... ရှေ့မှာ ဘာတွေ ပြောင်းလဲသွားလို့လဲ"
မုန့်ဝမ်က အဝေးသို့ အကြည့်မလွှဲဘဲ အခြားသူများ၏ အခြေအနေကို ရိုးရိုးရှင်းရှင်းပင် ဖော်ပြလိုက်သည်။ ချင်းယွီက နားထောင်ရင်း တိတ်တဆိတ် ထိတ်လန့်သွားပြီး သူ၏နှလုံးသားထဲတွင် ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခု ပေါ်လာသည်။
"အရင်ဝင်သွားတဲ့ အထူးချွန်ဆုံးတပည့်တွေ အပြင်ကို အသက်ရှင်လျက် ပြန်မလာနိုင်တာက သူတို့အားလုံး မိစ္ဆာတွေ ဖြစ်ကုန်ကြလို့လား"
လီဖော်တျန်းကမူ အနည်းငယ် သံသယရှိနေသည်။ သူတို့လေးယောက်ထဲတွင် မုန့်ဝမ်တစ်ယောက်တည်းသာ မျက်လုံးအတတ် ကို ကျင့်ကြံထားသဖြင့် အဝေးမှာ ဘာဖြစ်နေလဲဆိုတာ မြင်နိုင်ခြင်း ဖြစ်သည်။
၎င်းက အဖြူလား အမည်းလားဆိုသည်မှာ သူမ၏ စကားပေါ်မှာပဲ မူတည်နေသည် မဟုတ်လား။ သူမပြောတာတွေက အမှန်တရားလား သို့မဟုတ် သူမ လုပ်ကြံပြောနေတာလားဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
အခန်း (၂၁၂) မိစ္ဆာဖြစ်သွားခြင်း
ရွှမ်ကျီမှာမူ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အရာကိုမျှ စိတ်ဝင်စားပုံမရချေ။
အကယ်၍ သူသာ အမှန်တကယ် အသက်ရှင်မနေပါက လီဖော်တျန်းနှင့် ချင်းယွီတို့သည် သူ့ကို မုန့်ဝမ် သန့်စင်ထားသော ရုပ်သေးရုပ်တစ်ခုဟုပင် ထင်မှတ်မိကြပေလိမ့်မည်။
လီရွှမ်ရိသည် မိစ္ဆာ၏ အကြွင်းအကျန်များကို သိုလှောင်အိတ်အလွတ်တစ်ခုထဲသို့ ထည့်ပြီးနောက် အားလုံးကို ပြန်လည်ထွက်ခွာရန် ဦးဆောင်တော့မည့်ဆဲဆဲမှာပင် မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အစောပိုင်းက မိစ္ဆာ၏ ကုတ်ခြစ်ခြင်းခံခဲ့ရသော ဂိုဏ်းငယ်တစ်ခုမှ နတ်သားတော်မှာ ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာပြီး သူ၏မျက်နှာမှာ မီးတောက်နေသည့်အလား နီမြန်းလာသည်။
သူသည် ညည်းတွားလိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားကာ သူ၏ဦးခေါင်းကို ဆုပ်ကိုင်လျက် နာကျင်စွာ လူးလိမ့်နေသည်။
"သူ ဘာဖြစ်တာလဲ....... ဒဏ်ရာက ပြန်ကြွလာတာလား"
အားလုံးက သူ၏ဒဏ်ရာကို စစ်ဆေးရန် အလျင်အမြန် ဝိုင်းအုံလာကြသည်။
"ထူးဆန်းလိုက်တာ၊ သူ့ဒဏ်ရာက လုံးဝ ပျောက်ကင်းသွားပြီပဲ......."
ထိုသူ နာကျင်စွာ လူးလိမ့်နေသည်ကို ကြည့်ရင်း လီရွှမ်ရိ၏ ဦးနှောက်ထဲတွင် ထိတ်လန့်စရာ အတွေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။
"မဟုတ်သေးဘူး......."
လီရွှမ်ရိ၏ အမူအရာက အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူက ထိုသူကို ဝိုင်းကြည့်နေသော လူအုပ်ကို အတင်းတွန်းဖယ်လိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"မြန်မြန် နောက်ဆုတ်ကြ....... အားလုံး နောက်ကို ဆုတ်......."
တွေဝေနေသော လူအုပ်မှာ သူ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် လန့်သွားကြသော်လည်း မသိစိတ်ဖြင့် လိုက်နာကာ နောက်သို့ ဆုတ်ခွာလိုက်ကြသည်။
သူတို့ အနည်းငယ် ဝေးကွာသွားသည်နှင့် မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေသော ထိုသူမှာ ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားပြီး မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်သည်။
ထိုမျက်လုံးများမှာ လူသားနှင့်တူသည့် အစိတ်အပိုင်း လုံးဝ မကျန်တော့ချေ။ ၎င်းတို့မှာ အစောပိုင်းက မိစ္ဆာကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော မျက်စိသူငယ်အိမ်များအဖြစ် ပြောင်းလဲသွားပြီး အေးစက်သော သွေးရောင်အလင်းများ တဖျတ်ဖျတ် တောက်ပနေသည်။
တစ်ချိန်တည်းမှာပင် သူ၏ အသားအရေပေါ်၌ အမည်းရောင်အမွှေးနုလေးများမှာ သိသိသာသာ အရှိန်ဖြင့် စတင်ပေါက်လာသည်။
၎င်းမှာ အမည်းရောင် ပိုးကောင်လေးများစွာ တွားသွားနေသည့်အလား ရှိနေသဖြင့် ကြည့်ရသူမှာ ကြက်သီးထစရာပင်။
သူသည် နာကျင်စွာ ဟိန်းဟောက်လိုက်ရာ အသံမှာ အက်ကွဲပြီး နက်ရှိုင်းနေကာ မိစ္ဆာတစ်ကောင်၏ အော်သံနှင့် တူနေသည်။
"အား....... သူ... သူ မိစ္ဆာဖြစ်သွားပြီ......."
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး မျက်နှာမှာ ပြာနှမ်းသွားသည်။ ထိုအခါမှသာ ထိုကဲ့သို့သော ဒဏ်ရာရသူတိုင်းသည်လည်း မိစ္ဆာအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း အားလုံး သိရှိသွားကြသည်။
အားလုံး၏ ရင်ထဲတွင် ထိတ်လန့်သွားကြပြီး ထို "မိစ္ဆာ" နှင့် ပိုမိုဝေးကွာအောင် နောက်သို့ ဆုတ်လိုက်ကြသည်။
ထိုသူမှာ သူထင်ထားသည့်အတိုင်း မိစ္ဆာဖြစ်သွားသည်ကို မြင်သောအခါ လီရွှမ်ရိ၏ ရင်ထဲတွင် လေးလံသွားသည်။
သူက ဤမိစ္ဆာကို ရှင်းလင်းရန် အားလုံးကို အမြန် ညွှန်ကြားလိုက်သည်။
၎င်းကို ကြားသောအခါ အားလုံးက မဆိုင်းမတွဘဲ သူတို့၏ ဝိညာဉ်လက်နက်များကို ထုတ်ယူကာ မိစ္ဆာကို လုံးဝ အမြစ်ပြတ် သတ်ဖြတ်ရန် ပြင်ဆင်လိုက်ကြသည်။
ထိုစဉ်မှာပင် သွယ်လျသော ကိုယ်ဟန်တစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့လိုက်သည်။ "နေကြပါဦး၊ ခဏလောက် စောင့်ပေးကြပါဦး......."
အားလုံးက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးတစ်ဦး စိုးရိမ်တကြီးဖြင့် ရှေ့သို့ တိုးလာသည်ကို တွေ့ရသည်။
ဤအမျိုးသမီးမှာ မိစ္ဆာဖြစ်သွားသူနှင့် အလွန်နီးစပ်သော ဆက်ဆံရေး ရှိပုံရသည်။
"နတ်သမီးတော် လျို ......... မင်း ဘာလုပ်နေတာလဲ"
လီရွှမ်ရိက မျက်မှောင်ကြုတ်ကာ ရန်လိုသောလေသံဖြင့် မေးလိုက်သည်။ လျိုယီရန်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲလျက် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး သူ့ကို မသတ်ပါနဲ့၊ ရမလား....... သူ... သူက အခုမှ မိစ္ဆာအဖြစ် လုံးဝ ပြောင်းမသွားသေးတာပါ။ ဖြစ်နိုင်ရင်... ဖြစ်နိုင်ရင် သူ့ကို ကယ်လို့ ရဦးမှာပါ........."
"ကယ်လို့ ရဦးမယ်......."
ဟွာလီက နှာခေါင်းရှုံ့လိုက်ပြီး သူမရှေ့ရှိ အမျိုးသမီး ကျင့်ကြံသူကို မကျေမနပ် ကြည့်လိုက်သည်။
"နင် နောက်နေတာလား....... သူက လူမဟုတ်၊ သရဲမဟုတ်တဲ့ ဒီလိုပုံစံ ဖြစ်နေပြီကို ဘယ်လို ကယ်တင်ခြင်းမျိုး ရှိဦးမှာလဲ"
"မဟုတ်ဘူး၊ အဲဒီလို မဟုတ်ပါဘူး........."
လျိုယီရန်မှာ ငိုတော့မတတ် စိုးရိမ်နေပြီး ခေါင်းကို တခါခါ ယမ်းနေသည်။
"သူ အခုလေးတင် ကျွန်မဆီကို အကူအညီတောင်းတဲ့ စိတ်ချင်းဆက် သတင်းပို့ခဲ့တယ်။ သူက အဲဒီမိစ္ဆာရဲ့ ကုတ်တာ ခံခဲ့ရရုံတင်ပါ၊ ဒဏ်ရာက ပြင်းထန်သွားလို့ အခုလို ဖြစ်သွားတာပါ။ သူ့ရဲ့ ဒဏ်ရာတွေကိုသာ ကုပေးနိုင်မယ်ဆိုရင် သူ နဂိုအတိုင်း ပြန်ဖြစ်လာနိုင်ပါတယ်........."
"နတ်သမီးတော် လျို......... မင်းက အရမ်း ရိုးအလွန်းနေတာ မဟုတ်လား။ မင်းဆီကို သတင်းပို့တဲ့သူက လူလား၊ မိစ္ဆာလားဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
လီရွှမ်ရိက သတိပေးသည့် လေသံဖြင့် ကြားဖြတ် ပြောလိုက်သည်။ "ဒီမိစ္ဆာရဲ့ အရင်းအမြစ်ကို ငါတို့ မသိသေးဘူး၊ သူ့ကြောင့် ဖြစ်တဲ့ ဒဏ်ရာက ဒီလောက် အလွယ်တကူ ပျောက်ကင်းနိုင်ပါ့မလား။ ဒါ့အပြင် သူက မိစ္ဆာ ဖြစ်နေပြီပဲ၊ ဒဏ်ရာ ပျောက်ရင်တောင် သူ လူပြန်ဖြစ်လာနိုင်မှာ မဟုတ်ဘူး........."
ပတ်ဝန်းကျင်မှ လူအုပ်ကလည်း ဝိုင်းပြောကြသည်။ "နတ်သမီးတော် လျို......... ဒီလူနဲ့ နီးစပ်တာကို ငါတို့ သိပါတယ်၊ ဒါပေမဲ့ သူက မိစ္ဆာ ဖြစ်သွားပြီပဲ။ အမှန်တရားကို မြန်မြန် လက်ခံလိုက်စမ်းပါ"
"နတ်သမီးတော် လျို......... နင်က ဒီမိစ္ဆာကို မတိုက်ရက်ဘူးဆိုရင်လည်း ခပ်ဝေးဝေးမှာ သွားရပ်နေပါ၊ ငါတို့ကို လာမတားပါနဲ့......."
၎င်းကို ကြားသောအခါ လျိုယီရန်၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားပြီး မျက်ရည်များမှာ ထိန်းမနိုင်အောင် စီးကျလာသည်။
သူမ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ဟွာလီ၏ မျက်နှာ တင်းမာသွားကာ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
"လျိုယီရန်......... နင့်ကို အဝေးမှာပဲ နေဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်ရင်တော့ ငါတို့ နင့်ကိုပါ အဲဒီမိစ္ဆာနဲ့အတူ သတ်ပစ်ရလိမ့်မယ်......."
လျိုယီရန်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် လူအများ၏ ဆန္ဒကို မဆန့်ကျင်ရဲချေ။
သူမသည် မတတ်သာဘဲ ဘေးသို့ တိတ်တဆိတ် ဆုတ်ခွာသွားရပြီး မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့မှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
မိစ္ဆာမှာလည်း အားလုံး၏ ရန်လိုမှုကို သိရှိပုံရသည်။ ၎င်းက ဟိန်းဟောက်လိုက်ပြီး လူအုပ်ကို စတင် တိုက်ခိုက်တော့သည်။
မိစ္ဆာ၏ ကုတ်ခြစ်ခံရပါက မိစ္ဆာ ဖြစ်သွားမည်ကို သိထားကြသဖြင့် အားလုံးက ရန်သူကြီးကို ရင်ဆိုင်နေရသကဲ့သို့ သတိထားနေကြသည်။
သူတို့သည် ဦးစွာ ဝိညာဉ်လက်နက်များကို ထုတ်ယူ၍ မိမိကိုယ်ကို ကာကွယ်ကြပြီးနောက် နည်းလမ်းအမျိုးမျိုးဖြင့် မိစ္ဆာ၏ တိုက်ခိုက်မှုကို တွန်းလှန်ကြသည်။
ခဏအတွင်းမှာပင် မြူခိုးများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ကျင့်စဉ် များ ထိတွေ့သံမှာ ထွက်ပေါ်နေသည်။
အားလုံး ပူးပေါင်းလိုက်သဖြင့် မိစ္ဆာမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားကာ သွေးများ အန်လာသည်။ သို့သော် ဤမိစ္ဆာ၏ စွမ်းအားမှာ အစောပိုင်းက မိစ္ဆာထက် သိသိသာသာ ပိုမို ကြီးမားနေသည်။
ဒဏ်ရာ အပြင်းအထန် ရရှိပြီးနောက် ၎င်းမှာ ပို၍ပင် ကြမ်းတမ်းလာသည်။
အားလုံးမှာလည်း မိစ္ဆာနှင့် အနီးကပ် မထိတွေ့မိစေရန် အထူးသတိထားနေကြသဖြင့် တိုက်ပွဲမှာ အချိန်ဆွဲနေရသည့် စစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
နောက်ဆုံးတွင် မိစ္ဆာသည် ဟိန်းဟောက်လိုက်ပြီး မြူခိုးများထဲသို့ လှည့်ကာ ထွက်ပြေးသွားတော့သည်။
"တောက်....... အဲဒါ တကယ်ပဲ လွတ်သွားပြီ......."
ဟွာလီ၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာပြီး လျိုယီရန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ဒါ နင့်ကြောင့်ပဲ....... နင်သာ ငါတို့ကို မတားခဲ့ရင် အဲဒီမိစ္ဆာကို ရှင်းပြီးနေပြီ......."
"ဟမ့်......... မိစ္ဆာတစ်ကောင်ကို ကာကွယ်ပေးနေတယ်၊ အချို့လူတွေကတော့ အမှားအမှန်ကိုတောင် မခွဲခြားတတ်တော့ဘူး......."
"အခု မိစ္ဆာက လွတ်သွားပြီဆိုတော့ ငါတို့ အချိန်မရွေး ပြန်တိုက်ခိုက်ခံရနိုင်တယ်။ အခုတော့ သူ စိတ်ကျေနပ်သွားပြီပေါ့ ဟုတ်လား"
လျိုယီရန်မှာ စကားပြန်မပြောနိုင်ဘဲ လူတိုင်း၏ စွပ်စွဲမှုများကို တိတ်တဆိတ် သည်းခံနေရသည်။ သူမ၏ ခဏတာ စိတ်ပျော့ညံ့မှုကြောင့် လက်ရှိအခြေအနေ ဖြစ်ပေါ်လာခြင်းကို သူမ သိပါသည်။
သို့သော် သူမ အသေအချာ သိနေသည်မှာ အစောပိုင်းက ကြားခဲ့ရသော အကူအညီတောင်းသံမှာ မိစ္ဆာ၏ ပါးစပ်မှ ထွက်လာခြင်း မဟုတ်ဘဲ သူမ၏ သူငယ်ချင်းထံမှ တကယ် ထွက်ပေါ်လာခြင်း ဖြစ်သည်ဆိုသည်ကိုပင်......... ကံဆိုးသည်မှာ မည်သူကမျှ သူမကို မယုံကြည်ကြခြင်းပင် ဖြစ်၏.......
ဟွာလီက အေးစက်စွာ အမိန့်ပေးလိုက်သည်။ "လျိုယီရန်......... နင့်ရဲ့ အမှားကြောင့် အခုလို ဖြစ်ရတာဆိုတော့ အဲဒီအတွက် နင်က လျော်ကြေးအနေနဲ့ ရှေ့ကနေ လမ်းရှင်းတဲ့ တာဝန်ကို ယူရမယ်"
"......... ဟုတ်ကဲ့"
လျိုယီရန်မှာ အပြစ်မကင်းသကဲ့သို့ ခံစားနေရသဖြင့် လမ်းရှင်းသည့် တာဝန်ကို လက်ခံလိုက်ရပြီး အဖွဲ့၏ အရှေ့ဆုံးမှ သတိထားကာ လျှောက်လှမ်းနေတော့သည်။
၎င်းကို မြင်သောအခါ မုန့်ဝမ်သည်လည်း သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမ၏ အမြင်သစ်များကို ကျန်ရှိနေသော သုံးဦးအား ပြောပြလိုက်သည်။
လီဖော်တျန်းက အသက်ရှူမှားသွားသည်။ "အဲဒီမိစ္ဆာရဲ့ ဒဏ်ရာရတဲ့သူတွေကလည်း မိစ္ဆာ ဖြစ်သွားတယ် ဟုတ်လား" ဤကိစ္စမှာ အလွန်ပင် ထူးဆန်းလွန်းသဖြင့် မုန့်ဝမ် လုပ်ကြံပြောနေခြင်း မဟုတ်ကြောင်း သူမ အမှန်တကယ် စတင် ယုံကြည်လာတော့သည်။
ချင်းယွီ၏ မျက်ဝန်းထဲတွင်လည်း လေးနက်မှုများ ပေါ်လာသည်။
"သူတို့အဖွဲ့မှာ ဆယ်ယောက် ရှိတာလေ။ တစ်ယောက်က မိစ္ဆာဖြစ်သွားပြီး လျိုယီရန်က တားနေတယ် ဆိုရင်တောင် ကျန်တဲ့ ရှစ်ယောက်က မိစ္ဆာတစ်ကောင်ကို ရှင်းဖို့ လုံလောက်တာထက် ပိုပါတယ်။ အဲဒီမိစ္ဆာကို အလွတ်ပေးလိုက်စရာ အကြောင်း လုံးဝ မရှိဘူး"
"အဲဒီမိစ္ဆာက လမ်းဆုံးပိတ်မိနေတဲ့ သားရဲတစ်ကောင်လိုပဲ သေဘေးကို မကြောက်ဘဲ ပြန်တိုက်နေတာ။ ဟိုဘက်ကလူတွေကျတော့ မိစ္ဆာရဲ့ ဒဏ်ရာရမှာကို ကြောက်နေကြတော့ မတိုက်ခင်ကတည်းက ကြောက်စိတ်က သုံးပုံတစ်ပုံလောက် ဝင်နေတာလေ။ ဒီရလဒ်ထွက်လာတာကို ငါတော့ မအံ့သြပါဘူး"
မုန့်ဝမ်က နှုတ်ခမ်းကို ပြုံးစစဖြင့် ဆိုလိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် စိတ်ဝင်တစားရှိမှုများ လက်ခနဲ ဖြစ်သွားသည်။ "ဒါပေမဲ့ ငါ တကယ် သိချင်တာက........."
အခန်း (၂၁၃) နောက်ထပ် ဖြစ်ရပ်တစ်ခု
"အဲဒီ လျိုယီရန်က သူ့သူငယ်ချင်းဆီက အကူအညီတောင်းသံ ကြားရတယ်လို့ ပြောခဲ့တာ။ သူပြောတာက အမှန်လား၊ အမှားလားဆိုတာ ကျွန်မ တကယ် သိချင်မိတယ်"
မုန့်ဝမ်၏ မျက်ဝန်းများက လက်ခနဲဖြစ်သွားပြီး သူမ၏ နှုတ်ခမ်းတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။
၎င်းကို ကြားသောအခါ ချင်းယွီ၏ အမူအရာက ပို၍ လေးနက်သွားသည်။
"သူ တကယ် အကူအညီတောင်းသံ ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ သတိထားတဲ့အနေနဲ့ အဲဒီမိစ္ဆာကို သတ်ဖို့ နည်းလမ်းရှာရလိမ့်မယ်။ ကျင့်ကြံသူတစ်ယောက်က မိစ္ဆာအဖြစ် ပြောင်းလဲသွားပြီးရင် သူ့ရဲ့ ခွန်အားက အဆမတန် တိုးလာမှာ။
အကယ်၍ သူက ရူးသွပ်ပြီး လူတွေကို ထပ်ပြီး ဒဏ်ရာပေးမယ်ဆိုရင် မိစ္ဆာတွေ ပိုများလာပြီး အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မယ်"
မုန့်ဝမ်က ဘာမျှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
"သွားရအောင်။ ဟိုဘက်ကလူတွေ စပြီး လှုပ်ရှားနေကြပြီ။ ရှေ့မှာ ဘယ်လို စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေက ငါတို့ကို စောင့်ကြိုနေမလဲဆိုတာ ကြည့်ကြတာပေါ့"
ထို့ကြောင့် မုန့်ဝမ်တို့ လေးဦးအဖွဲ့သည် ရှေ့မှ လူအုပ်နောက်သို့ တိတ်တဆိတ် ဆက်လက် လိုက်ပါသွားကြသည်။
သို့သော် နာရီဝက်ပင် မပြည့်သေးမီမှာပင် မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။
လူအုပ်၏ အလယ်တွင် လျှောက်လှမ်းနေသော ရှောင်ရိသည် ရုတ်တရက် တုန်ယင်သွားပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားကာ မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် အသက်ရှူသံပြင်းပြင်းဖြင့် ညည်းတွားလိုက်ပြီး ခန့်ညားသော သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် တွန့်လိမ်နေကာ လက်နှစ်ဖက်ဖြင့် သူ၏ ဦးခေါင်းကို အတင်း ဆုပ်ကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ် ချွေးပေါက်များမှ ထူးဆန်းသော အမည်းရောင် အငွေ့ များ စိမ့်ထွက်လာသည်။
"ရှောင်ရိ......."
ဟွာလီက အော်ဟစ်လိုက်ပြီး တုန်ယင်နေသော ရှောင်ရိကို ထိန်းပေးရန် ရှေ့သို့ တိုးသွားကာ စိုးရိမ်တကြီး မေးလိုက်သည်။ "နင် ဘာဖြစ်တာလဲ"
ရှောင်ရိသည် နာကျင်စွာ အသက်ရှူနေရသော်လည်း သူသည် စကားပြောရန် ပါးစပ်ဟ၍မရချေ....... သူသည် စိတ်ချင်းဆက်သတင်းပို့စနစ်ဖြင့်သာ ပြတ်တောင်းပြတ်တောင်း ပြောနိုင်တော့သည်။
"ဟွာလီ......... ငါ... ငါလည်း အစောပိုင်းက အမွှေးရှည်မိစ္ဆာလို... ပြောင်းလဲတော့မယ့်ပုံပဲ။ ငါ့ကို ကယ်ပါဦး၊ ငါ မိစ္ဆာတစ်ကောင် မဖြစ်ချင်ဘူး........."
ဟွာလီ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။ ရှောင်ရိ သတင်းပို့လိုက်သော အကြောင်းအရာမှာ အစောပိုင်းက လျိုယီရန် ပြောခဲ့သည်နှင့် တစ်ထပ်တည်းပင်.......
သူမသည်လည်း လွန်ခဲ့သော ခဏက လျိုယီရန် ရင်ဆိုင်ခဲ့ရသော အခက်အခဲမျိုးနှင့် မလွဲမသွေ ရင်ဆိုင်နေရပြီ ဖြစ်သည်။
ရှောင်ရိကို ယုံကြည်ပြီး အခြားသူများနှင့် ရန်သူဖြစ်ရန် ရွေးချယ်မလား သို့မဟုတ် သူ မိစ္ဆာဖြစ်သွားသည်ကို ငြိမ်ခံနေမလား.......
ဟွာလီသည် ရှောင်ရိ၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရာ သူမ၏ လက်ချောင်းထိပ်များမှာ ဖြူလျော့နေပြီး ရင်ထဲတွင် လေးလံနေသည်။
သို့သော် ဟွာလီ ဝေခွဲမရဖြစ်နေစဉ်မှာပင် အခြားသူများက ရှောင်ရိ၏ ခန္ဓာကိုယ်မှ ပုံမှန်မဟုတ်မှုများကို သတိပြုမိသွားကြသည်။
သူတို့သည် ထိတ်လန့်တကြားဖြင့် အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။
ရှောင်ရိမှာ ကူးစက်ရောဂါတစ်ခုခု သယ်ဆောင်လာသည့်အလား သူတို့အားလုံးက အဝေးသို့ အတင်း ပြေးရှောင်နေကြသည်။
လင်းယွီကမူ ရက်စက်စွာပင် ကြိမ်းမောင်းလိုက်သည်။ "ဟွာလီ......... နင် ဘာလို့ သူ့ကို ကိုင်ထားသေးတာလဲ။ သူ မိစ္ဆာဖြစ်တော့မယ်လေ။ နင် လူအားလုံးကို သတ်ချင်နေတာလား"
ခဏအတွင်းမှာပင် ဟွာလီသည် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူမက လူတိုင်းကို မော့ကြည့်လိုက်ရာ သူမ၏ အကြည့်တွင် တောင်းပန်တိုးလျှိုးမှု အနည်းငယ် ပါဝင်နေသည်။
"ရှောင်ရိက မိစ္ဆာရဲ့ တိုက်ခိုက်ခြင်းကို မခံခဲ့ရဘူး၊ သူ မိစ္ဆာဖြစ်မှာ မဟုတ်ဘူး။ ဒါက နားလည်မှုလွဲတာ တစ်ခုခု ဖြစ်ရမယ်....... ငါ့ကို ယုံကြပါ......."
လျိုယီရန်က လှောင်ပြုံးပြုံးလိုက်ပြီး ရန်လိုသော လေသံဖြင့် ဆိုသည်။
"နားလည်မှုလွဲတာ ဟုတ်လား....... နတ်သမီးတော် ဟွာလီ......... နင်ပြောတာက တကယ်ကို ရယ်စရာကောင်းတာပဲ။ အမှန်တရားက နင့်မျက်စိရှေ့မှာ ရှိနေတာကို နင်က ငြင်းချင်သေးတာလား။ ငါ့သူငယ်ချင်းတုန်းကလည်း ဘာမှမဟုတ်ဘဲ အခုလိုပဲ မိစ္ဆာဖြစ်သွားခဲ့တာပဲ.......
ဒါပေမဲ့ သူက နင်တို့အားလုံး ဝိုင်းတိုက်တာကို ခံရပြီး ထွက်ပြေးခဲ့ရတယ်။ အခု နင့်အလှည့်ရောက်တော့မှ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ အမွှန်းခံရတဲ့ဒဏ်က ဘယ်လောက် နာကျင်လဲဆိုတာ နင် သိပြီလား"
ဟွာလီက အလျင်အမြန် ရှင်းပြသည်။ "ရှောင်ရိရဲ့ အခြေအနေက မတူဘူး။ သူက ငါတို့နဲ့ တောက်လျှောက် အတူရှိနေခဲ့တာ၊ မိစ္ဆာရဲ့ တိုက်ခိုက်မှုကိုလည်း မခံခဲ့ရဘူး။ ဒီမှာ ကွယ်ဝှက်ထားတဲ့ အကြောင်းရင်းတစ်ခုခု ရှိနေရမယ်......."
လျိုယီရန်က ဟွာလီ၏ ရှင်းပြချက်ကို လုံးဝ နားမထောင်ဘဲ သူမ၏ လေသံမှာ ပို၍ပင် ပြင်းထန်လာသည်။
"ဘာကွယ်ဝှက်တဲ့ အကြောင်းရင်းလဲ။ နင့်ဦးနှောက်ကတော့ ရှုပ်ထွေးကုန်ပြီ ထင်တယ်။ ဟွာလီ......... နင်ကသာ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါတို့ကို ယဉ်ကျေးမနေဘူးလို့ အပြစ်မတင်နဲ့တော့......."
အခြားသူများကလည်း ဝိုင်းဝန်းဖျန်ဖြေကြသော်လည်း သူတို့၏ စကားလုံးများထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"နတ်သမီးတော် ဟွာလီ......... စိတ်လှုပ်ရှားမနေပါနဲ့။ အခြေအနေအရ နင်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရလိမ့်မယ်"
"ဟုတ်ပါတယ်၊ ဒီနေရာက အကြာကြီး နေဖို့ မသင့်တော်ဘူး။ နောက်ထပ် ပြဿနာတွေ မတက်ခင် ရှောင်ရိကို အမြန်ဆုံး ရှင်းပစ်ရမယ်"
"ဟွာလီ......... နင်နဲ့ ရှောင်ရိကြားမှာ သံယောဇဉ်ကြီးတာကို ငါတို့ သိပါတယ်၊ ဒါပေမဲ့ ဒါက အသက်တွေနဲ့ ဆိုင်နေတာလေ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့......."
ဟွာလီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမဘက်က ရပ်တည်ပေးမည့်သူ တစ်ယောက်မျှ မရှိချေ။ သူတို့ပြောတာလည်း မမှန်ဘူးဟု သူမ မဆိုလိုပါ။
သို့သော် သူမ ရှောင်ရိကို ဒီအတိုင်း အဆုံးရှုံးမခံနိုင်ချေ။ သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ရှောင်ရိကို သူမ ယုံကြည်သည်၊ သူ မိစ္ဆာဖြစ်သွားမည် မဟုတ်ချေ.......
ဟွာလီ၏ မျက်ဝန်းထဲတွင် ပြတ်သားမှုများ လက်ခနဲ ဖြစ်သွားသည်။ သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အားလုံး အမှတ်မထင် ဖြစ်နေစဉ် ရှောင်ရိကို ဆွဲထူကာ အမည်းရောင်မြူထု၏ အနက်ပိုင်းဆီသို့ ပျံသန်း ထွက်ပြေးသွားတော့သည်။
၎င်းကို မြင်သောအခါ လူအုပ်မှာ ထိတ်လန့်စိုးရိမ်မှုများဖြင့် ဆူညံသွားကြသည်။ လျိုယီရန် တစ်ယောက်သာ ဟွာလီ ပျောက်ကွယ်သွားသည့်ဘက်ကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။
"ဟွာလီ....... နင် ရူးနေတာလား။ ပြန်လာခဲ့......." လီရွှမ်ရိ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ဟိန်းဟောက်လိုက်သည်။
"တကယ်ကို မိုက်မဲတာပဲ....... သေခါနီး လူတစ်ယောက်အတွက်နဲ့ ငါတို့အားလုံးရဲ့ အသက်ကို ဂရုမစိုက်တော့ဘူးပေါ့......." လင်းယွီက နှာခေါင်းရှုံ့လိုက်သည်။
"ဒီမိန်းမက တကယ်ကို ရူးနေတာပဲ....... သူ သေချင်ရင်လည်း သေပေါ့၊ ဘာလို့ ငါတို့ကိုပါ ဆွဲထည့်ချင်နေရတာလဲ......." အခြားတစ်ဦးကလည်း ဒေါသတကြီးဖြင့် မြေကြီးကို ဆောင့်ကန်လိုက်သည်။
အားလုံးက ဝိုင်းဝန်း ဝေဖန်နေကြစဉ် လင်းချင်းယွဲ့ကမူ မျက်မှောင်ကြုတ်ကာ တစ်ခုခုကို စဉ်းစားနေသည်။
"ဟွာလီက စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူ မဟုတ်ဘူး။ သူ အခုလို လုပ်တာက နောက်ကွယ်မှာ တခြား အကြောင်းရင်းတစ်ခုခု ရှိနိုင်တယ်"
သူမ ပြောလိုက်သည်နှင့် သံသယသံများ ဝိုင်းထွက်လာတော့သည်။
"အကြောင်းရင်း....... ဘာအကြောင်းရင်းလဲ။ မိစ္ဆာဖြစ်သွားတဲ့သူက လူပြန်ဖြစ်လာနိုင်လို့လား"
"ဟုတ်တယ်၊ အဲဒီလို သရဲသဘက်ပုံစံ ဖြစ်သွားပြီးမှ ဘာအကြောင်းရင်း ရှိဦးမှာလဲ"
"ငါ့အမြင်တော့ ဟွာလီက ရှောင်ရိရဲ့ မှော်ဝင်တာ ခံလိုက်ရပြီး အသိစိတ် ပျောက်နေတာပဲ ဖြစ်ရမယ်......."
လူတိုင်း၏ သံသယများကို ရင်ဆိုင်ရင်း လင်းချင်းယဲ့က မလှုပ်မယှက်ဘဲ ဆက်ပြောသည်။
"အားလုံး မမေ့ပါနဲ့ဦး၊ ရှောင်ရိက မိစ္ဆာရဲ့ တိုက်ခိုက်မှုကို မခံခဲ့ရဘူး။ သူ ဘာလို့ ရုတ်တရက် အဲဒီလို ဖြစ်သွားတာလဲ။ ဒီကိစ္စက တကယ်ကို ထူးဆန်းတယ်။"
သူမက ခဏရပ်လိုက်ပြီးမှ "ဖြစ်နိုင်တာက ငါတို့အားလုံး အစောပိုင်းက နတ်သမီးတော် လျိုကို နားလည်မှုလွဲခဲ့တာလည်း ဖြစ်နိုင်တာပဲ........."
လင်းချင်းယဲ့ စကားမဆုံးမီ လင်းယွီက နှာခေါင်းရှုံ့လိုက်သည်။
"နတ်သမီးလင်း......... နင်က အရမ်းကို ရိုးလွန်းနေပြီ။ ရှောင်ရိမှာ အခု အသိစိတ် ရှိနေဦးတော့၊ သူ ဘယ်လောက်အထိ ထိန်းထားနိုင်မှာလဲ။
ဒါ့အပြင် သူက တိုက်ခိုက်မခံရဘဲနဲ့ ဒီလို ဖြစ်သွားတာလေ။ ဒါက ပိုပြီး ကြောက်စရာမကောင်းဘူးလား။ ခဏနေရင် ငါတို့အားလုံးကော အဲဒီလို ဖြစ်ကုန်မှာလား"
လင်းယွီ၏ စကားမှာ မိုးကြိုးပစ်လိုက်သည့်အလား လူတိုင်း၏ နားထဲတွင် ဟိန်းထွက်သွားသည်။ အားလုံး တုန်လှုပ်သွားကြပြီး ရင်ထဲတွင် အရိပ်မည်းကြီးတစ်ခု ကျရောက်လာသည်။
ခိုင်မာသော စိတ်ဓာတ်ရှိသည့် ပါရမီရှင်များပင်လျှင် သူတို့ကိုယ်တိုင် သွေးဆာပြီး အသိစိတ်မဲ့သော မိစ္ဆာများ ဖြစ်သွားမည်ကို တွေးမိသောအခါ ကြောက်ရွံ့လာကြသည်။
ထိတ်လန့်မှုများမှာ လူအုပ်ထဲတွင် ကူးစက်ရောဂါအလား တိတ်တဆိတ် ပျံ့နှံ့သွားသည်။ အချို့ကလည်း ၎င်းမှာ သတ္ထုတွင်းဂူထဲရှိ မြူခိုးကြောင့်လား သို့မဟုတ် ထူးဆန်းသော သတ္ထုရိုင်းတစ်ခုခုကြောင့်လားဟု တိုးတိုးလေး ခန့်မှန်းနေကြသည်။
အမျိုးမျိုးသော ခန့်မှန်းချက်များ ထွက်ပေါ်လာသော်လည်း မည်သူကမျှ အဖြေမှန်ကို မပေးနိုင်ချေ။ ဤအမည်မသိ ကြောက်ရွံ့မှုက လူတိုင်းကို တုန်လှုပ်စေသည်။
လင်းချင်းယဲမှာ လူတိုင်းကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"အားလုံးပဲ......... ဒီသတ္ထုတွင်းထဲက အပြောင်းအလဲတွေက ငါတို့ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာ မရှိတော့ဘူး။ ငါ့အမြင်တော့ မူလလမ်းအတိုင်း ချက်ချင်း နောက်ဆုတ်ပြီး ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းမှုတွေကို အကြီးအကဲတွေဆီ သတင်းပို့သင့်တယ်။ ပြီးမှ ဂိုဏ်းအသီးသီးက အကြီးအကဲတွေ ဆုံးဖြတ်ပါစေ"
လင်းယွီကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ "နတ်သမီးလင်း ပြောတာ မှန်တယ်။ ငါတို့ ဒီသတ္ထုတွင်းအကြောင်း သိတာ နည်းလွန်းတယ်။ ဇွတ်တိုးသွားရင် အန္တရာယ်ပဲ များလိမ့်မယ်"
"ဒါပေမဲ့ အန္တရာယ်တွေ့လို့ နောက်ဆုတ်ရမယ်ဆိုတာ ငါတို့ ကျင့်ကြံသူတွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူး" မုရွှယ်ယန်ကမူ သဘောထား ကွဲလွဲနေသည်။
"မမေ့နဲ့ဦး၊ အန္တရာယ်ရှိတဲ့နေရာမှာ ကံကောင်းမှုလည်း ရှိနေတတ်တာပဲ။ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှသာ ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းရည်အစစ်အမှန်ကို ပြနိုင်မှာလေ"
"ဒီနေရာက အန္တရာယ်ရှိတာ မှန်ပေမဲ့ ဒီအတိုင်း ပြန်လှည့်သွားရတာကတော့ ငါ့အတွက် အလွန် ရင်လေးစရာပဲ"
အခန်း (၂၁၄) ခန့်မှန်းချက် အမှန်ဖြစ်လာခြင်း
လူအုပ်ကြီး အငြင်းပွားနေသည်ကို မြင်သောအခါ လီရွှမ်ရိက နှုတ်ခမ်းကို အသာအယာ စေ့လိုက်သည်။
"အားလုံးမှာ ကိုယ်ပိုင်အမြင်တွေ ရှိနေကြတာဆိုတော့ ဒီမှာပဲ ခဏလောက် အနားယူကြတာပေါ့။ ဆုံးဖြတ်ချက်တစ်ခု ချပြီးမှ ဆက်ပြီး လှုပ်ရှားတာလည်း မနောက်ကျပါဘူး"
လီရွှမ်ရိတို့အဖွဲ့ ရပ်နားလိုက်သည်ကို မြင်လျှင် မုန့်ဝမ်သည်လည်း သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမ မြင်တွေ့ကြားသိခဲ့ရသမျှကို ရွှမ်ကျီ၊ ချင်းယွီနှင့် လီဖော်တျန်းတို့ကို ပြောပြလိုက်သည်။
လီဖော်တျန်း၏ အမူအရာမှာ လေးနက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုနှင့် သံသယများ ပြည့်နှက်နေသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ စောစောကလူက မိစ္ဆာရဲ့ အကုတ်ခံရလို့ မိစ္ဆာဖြစ်သွားတာ ထားပါတော့၊ ဒါပေမဲ့ ရှောင်ရိက ဘာဒဏ်ရာမှ မရဘဲ ဘာလို့ မိစ္ဆာဖြစ်သွားရတာလဲ။ တကယ်တော့ ဘာတွေဖြစ်နေတာလဲ"
ချင်းယွီသည်လည်း အခြေအနေ၏ ခက်ခဲမှုကို ခံစားမိနေသည်။
"တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ။ ရှောင်ရိ ဘာလို့ မိစ္ဆာဖြစ်သွားလဲဆိုတာ ငါတို့ အဖြေရှာရမယ်၊ မဟုတ်ရင် ဒီကျိန်စာသင့်တဲ့နေရာမှာ ငါတို့ ဆက်နေလို့ မဖြစ်ဘူး"
သူတို့နှစ်ဦး ဆွေးနွေးနေစဉ်မှာပင် မုန့်ဝမ်က ရုတ်တရက် ခေါင်းလှည့်ကာ တိတ်ဆိတ်နေသော ရွှမ်ကျီကို ကြည့်လိုက်သည်။
"ရွှမ်ကျီ......... ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ"
ရွှမ်ကျီက မျက်လွှာချလိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ တိုးတိုးလေး ရွတ်ဖတ်လိုက်သည်။ ခဏအကြာတွင် သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် ရွှေရောင်အလင်းများ ဝင်းလက်နေသည့်အလား ရှိသည်။
"ရုပ်သည် သုံည၊ သုံညသည် ရုပ်သာတည်း။ ဝေဒနာ၊ တဏှာ၊ သင်္ခါ၊ ဝိညာဉ်တို့သည်လည်း ထို့အတူပင်။ ခပ်သိမ်းသော တရားတို့သည် ကိုယ်ပိုင်သဘောအားဖြင့် ဆိတ်သုဉ်း၏၊
ဖြစ်ခြင်းလည်းမရှိ၊ ပျက်ခြင်းလည်းမရှိ၊ ညစ်နွမ်းခြင်းလည်းမရှိ၊ စင်ကြယ်ခြင်းလည်းမရှိ၊ တိုးပွားခြင်းလည်းမရှိ၊ ဆုတ်ယုတ်ခြင်းလည်းမရှိ......... ခပ်သိမ်းသော တရားတို့ကို ထိုးထွင်းသိမြင်မှသာ ပုံရိပ်ယောင်ကို ဖောက်ထွက်ပြီး အမှန်တရားဆီ ပြန်ရောက်နိုင်လိမ့်မယ်"
မုန့်ဝမ်က တစ်ခုခုကို နားလည်သွားသည့်အလား စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ချင်းယွီမှာမူ ဇဝေဇဝါဖြစ်နေပြီး ရွှမ်ကျီ၏ နက်နဲသော စကားလုံးများကို နားလည်ရန် ကြိုးစားရင်း မျက်မှောင်ကြုတ်နေမိသည်။
လီဖော်တျန်းကမူ စိတ်မရှည်သဖြင့် နားရွက်ကိုကုတ်ကာ ခြေဆောင့်နေတော့သည်။
"......... တော်ကြပါတော့....... နင်တို့နှစ်ယောက် ပဟေဠိတွေ ပြောမနေကြနဲ့တော့....... နားလည်အောင် ပြောလို့မရဘူးလား"
မုန့်ဝမ်သည် လီဖော်တျန်း၏ စိုးရိမ်တကြီး ဖြစ်နေသောပုံစံကို ကြည့်ကာ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
ထိုအပြုံးမှာ ခဏချင်းပင် ပျောက်ကွယ်သွားပြီး ထက်မြက်သော တိုက်ခိုက်လိုစိတ် အဖြစ် ပြောင်းလဲသွားသည်။
သူမ၏ ကိုယ်ဟန်မှာ ဝေဝါးသွားပြီး လီဖော်တျန်း၏ ရှေ့သို့ တစ္ဆေတစ်ကောင်အလား ရုတ်တရက် ရောက်ရှိလာသည်။
သူမ၏ သွယ်လျသော လက်ဝါးထဲတွင် အံ့မခန်းစွမ်းအားများ ကိန်းအောင်းနေပြီး လီဖော်တျန်း၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
"နင်........."
လီဖော်တျန်းမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး ကာကွယ်ရန်အတွက် လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်လိုက်ရသည်။
ဘုန်း.......
အသံအက်အက်တစ်ခုနှင့်အတူ လီဖော်တျန်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ အသက်ရှူသံနှင့် သွေးစီးဆင်းမှုမှာ ကမောက်ကမ ဖြစ်သွားသည်။
သူမသည် မုန့်ဝမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ သူမ ဘာကြောင့် ရုတ်တရက် တိုက်ခိုက်ရသနည်း ဆိုသည်ကို သူမ နားမလည်ချေ။
သို့သော် မုန့်ဝမ်ကမူ ရပ်တန့်မည့်ပုံမပေါ်ချေ။ သူမ၏ ကိုယ်ဟန်က ထပ်မံ လှုပ်ရှားသွားပြီး လီဖော်တျန်းနှင့် အနီးကပ် တိုက်ခိုက်တော့သည်။
ပြင်းထန်သော လေတိုက်ခတ်သံများနှင့်အတူ သူတို့၏ ပုံရိပ်များမှာ ရောထွေးနေပြီး လျင်မြန်သော အရှိန်ဖြင့် ကျင့်စဉ်များ ဖလှယ်နေကြသည်။
မုန့်ဝမ်၏ တိုက်ကွက်များမှာ ရက်စက်လှပြီး တိုက်ချက်တိုင်းမှာ လီဖော်တျန်း၏ အရေးကြီးသော အချက်အချာနေရာများကိုသာ ဦးတည်နေသည်။
လီဖော်တျန်းသည်လည်း အလျှော့မပေးဘဲ သူမ၏ အစွမ်းကုန် ပြန်လည် တိုက်ခိုက်သည်။ နှစ်ဦးသား တိုက်ပွဲမှာ အကြိတ်အနယ် ဖြစ်နေပြီး အရှုံးအနိုင် ခွဲရန် ခက်ခဲနေသည်။
နောက်ဆုံးတွင် လီဖော်တျန်း အခွင့်အရေးတစ်ခု ရသွားပြီး ဟောက်လိုက်ကာ သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ မုန့်ဝမ်ထံ ပစ်သွင်းလိုက်သည်။
လက်သီးအရှိန်ကြောင့် ဖြစ်ပေါ်လာသော လေမှာ တောင်များကို ပြိုလဲစေနိုင်ပြီး ပင်လယ်ကို တိမ်းမှောက်စေနိုင်သည့်အလား ပြင်းထန်လှရာ မုန့်ဝမ်ကို ချေမှုန်းပစ်တော့မည့်ပုံပင်။
သို့သော် ထိုတိုက်ခိုက်မှုများသည် မုန့်ဝမ်၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်လာသော ငွေရောင်ချပ်ဝတ်ကြောင့် လုံးဝ တားဆီးခြင်း ခံလိုက်ရသည်။
ရွှံ့နွားတစ်ကောင် ပင်လယ်ထဲ ဆင်းသွားသကဲ့သို့ မည်သည့် လှိုင်းမျှ မဖြစ်ပေါ်စေချေ။
မုန့်ဝမ်မှာမူ ထိုအခွင့်အရေးကို အသုံးချကာ သူမ၏ ဓားပျံကို ဆင့်ခေါ်လိုက်ပြီး လီဖော်တျန်း အင်အား ပြန်မရုပ်သိမ်းနိုင်မီမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ ပေးလိုက်သည်။
"တောက်....... နင်က တကယ်ကို ကောက်ကျစ်တာပဲ......."
လီဖော်တျန်းမှာ ဒေါသထွက်လွန်းသဖြင့် ခုန်ပေါက်ကာ ကျိန်ဆဲတော့သည်။
သူမသည် မူလကတည်းက ဒေါသကြီးသူဖြစ်ရာ ယခု မုန့်ဝမ်၏ ရန်စမှုကြောင့် သူမကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည်။
၎င်းကို မြင်သောအခါ ရွှမ်ကျီသည် မုန့်ဝမ်ကို ကူညီရန် ရှေ့သို့ တိုးလာသည်။ သို့သော် ချင်းယွီက မျက်လုံးတစ်ချက် လှုပ်ရှားသွားပြီး သူ၏လမ်းကို ပိတ်ဆို့လိုက်သည်။
"ရွှမ်ကျီ......... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ဂျူနီယာညီမလေး မုန့်ဝမ်က နတ်သမီးလီကို ဘာလို့ ရုတ်တရက် တိုက်ခိုက်လဲဆိုတာ ငါ နားမလည်ပေမဲ့ သူတို့က ဂိုဏ်းတူတပည့်တွေပဲလေ။ ဂျူနီယာညီမလေးမုန့်က သူ့ကို သတ်မှာ မဟုတ်ပါဘူး"
ချင်းယွီသည် အပြင်ပန်းတွင် တရားမျှတသူတစ်ယောက်အလား ဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင်မူ သူ၌ အခြား အစီအစဉ် ရှိနေသည်။
အကယ်၍ လီဖော်တျန်းသာ တစ်ခုခု ဖြစ်သွားပါက သူတစ်ယောက်တည်းနှင့် မုန့်ဝမ်၊ ရွှမ်ကျီတို့၏ ပူးပေါင်းအင်အားကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။
သူသည် မုန့်ဝမ်၏ လုပ်ရပ်များကို သဘောကျသော်လည်း သူမက အသာစီးရသွားမည်ကိုမူ မမြင်လိုချေ။
ရွှမ်ကျီသည် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ခဏမျှ တွေဝေသွားသော်လည်း နောက်ဆုံးတွင် ရပ်တန့်လိုက်ကာ ချင်းယွီကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ မုန့်ဝမ်၏ အသာစီးရမှုမှာ ပိုမို ထင်ရှားလာသည်။
လီဖော်တျန်းသည် ချပ်ဝတ်၏ အကာအကွယ်ကို နောက်ဆုံးတွင် ဖောက်ထွက်နိုင်ခဲ့သော်လည်း ထိုချပ်ဝတ်အောက်ရှိ မုန့်ဝမ်၏ အသားအရေမှာ သံမဏိကဲ့သို့ အလွန်ပင် မာကျောနေသည်။
လီဖော်တျန်းသည် သူမ၏ အင်အားအားလုံးကို အသုံးချခဲ့သော်လည်း မုန့်ဝမ်ကို အနည်းငယ်မျှပင် ဒဏ်ရာမပေးနိုင်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် မုန့်ဝမ်မှာမူ ပို၍ ပို၍ သက်သောင့်သက်သာ ရှိလာသည်။ သူမသည် ပျံသန်းဓားကို အသုံးချကာ လီဖော်တျန်း၏ ပတ်ပတ်လည်တွင် ဝဲပျံစေလျက် သွေးစလေးများ ထွက်အောင် အဆက်မပြတ် တိုက်ခိုက်နေသည်။
လီဖော်တျန်းမှာ ညည်းတွားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပိုမို များပြားလာကာ သွေးများက အဝတ်အစားတွင် စွန်းထင်ကုန်သည်။
သို့သော် သူမသည် သွားကို တင်းတင်းကြုတ်ကာ မဆုတ်မနစ်သော တိုက်ခိုက်လိုစိတ် ဖြင့် ဆက်လက် တောင့်ခံနေဆဲပင်။
၎င်းကို မြင်သောအခါ မုန့်ဝမ်က မျက်ခုံးပင့်လိုက်ပြီး သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ် ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
လီဖော်တျန်းသည် သူမ၏ သွေးများမှာ ဆူပွက်လာပြီး မီးလောင်တော့မည့်အလား ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် သည်းမခံနိုင်သော ပူလောင်မှုများ ပျံ့နှံ့လာသည်။
သူမ၏ ဒဏ်ရာများမှ သွေးများ ပိုမို စီးထွက်လာပြီး သူမသည် သွေးချင်းချင်းနီနေသော လူတစ်ယောက် ဖြစ်သွားတော့သည်။
နောက်ဘက်မှ တိုက်ခိုက်သံများကြောင့် ရှေ့မှလူများမှာ နောက်ဆုံးတွင် လန့်သွားကြသည်။ သူတို့အားလုံး ထရပ်လိုက်ပြီး ဝေဝါးနေသော မြူခိုးများကြောင့် ဘာမှမမြင်ရဘဲ တွေဝေစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
"နောက်မှာ ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်ယောက် တိုက်ခိုက်နေကြတာလား။ ရွှမ်ယင်ဂိုဏ်းကလူတွေလား" လင်းယွီ၏ မျက်ဝန်းထဲတွင် အံ့သြမှုများ လက်ခနဲ ဖြစ်သွားသည်။
သခင်လေးကျွယ်သည် ကျောက်စိမ်းယပ်တောင်ကို ကိုင်ကာ အသာအယာ ယမ်းနေပြီး ခန့်ညားသော မျက်နှာတွင် စဉ်းစားဟန်တစ်ခု ပေါ်နေသည်။
"သူတို့ တစ်စုံတစ်ခုနဲ့ ပြဿနာတက်နေတာ ဖြစ်နိုင်သလို ရတနာတစ်ခုခုအတွက် တိုက်ခိုက်နေတာလည်း ဖြစ်နိုင်တယ်။" သူက ခဏရပ်လိုက်ပြီး လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
"ငါတို့ သွားကြည့်ကြမလား။ အင်အားတစ်ခု ပိုလာရင် အကူအညီတစ်ခု ပိုရတာပဲ။
အကယ်၍ ရွှမ်ယင်ဂိုဏ်းကလူတွေကို ငါတို့နဲ့အတူ သွားဖို့ စည်းရုံးနိုင်ရင် နောက်မှ အဲဒီမိစ္ဆာနဲ့ တွေ့တဲ့အခါ ငါတို့အတွက် ပိုပြီး ယုံကြည်ချက် ရှိတာပေါ့"
၎င်းကို ကြားသောအခါ လင်းယွီသည် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သူမသည် ရွှမ်ယင်ဂိုဏ်းကလူတွေ၊ အထူးသဖြင့် မုန့်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လုံးဝ ဆန္ဒမရှိချေ.......
သို့သော် ဤအဆိုပြုချက်မှာ သူမ၏ ဂိုဏ်းတူအကိုထံမှ ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် သူမ တိုက်ရိုက် မကန့်ကွက်ရဲချေ။ သူမသည် နှုတ်ခမ်းကို အေးစက်စွာ တွန့်လိုက်ပြီး တိတ်ဆိတ်နေလိုက်သည်။
မုန့်ဝမ်ကို အမုန်းဆုံးဖြစ်သော ဟွာလီမှာ ထွက်ခွာသွားပြီ ဖြစ်သည်။
မုရွှယ်ယန်က ကန့်ကွက်လိုသော်လည်း အခြားသူများ၏ မျက်နှာရိပ်မျက်ကဲကို ကြည့်ကာ နောက်ဆုံးတွင် စကားပြန်မြိုချလိုက်ရသည်။
သခင်လေးကျွယ်၏ အဆိုပြုချက်ကို မည်သူမျှ မကန့်ကွက်သဖြင့် လီရွှမ်ရိသည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"သခင်လေးကျွယ် ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ နောက်မှာ တကယ် ဘာဖြစ်နေလဲဆိုတာ မသေချာသေးဘူး။ အနားကို အရင်သွားပြီး အခြေအနေကို စောင့်ကြည့်ကြတာပေါ့"
သဘောတူညီချက် ရရှိသွားပြီးနောက် အားလုံးသည် မနှောင့်နှေးတော့ဘဲ ဆူညံသံ ထွက်ပေါ်ရာဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးသွားကြတော့သည်။
လူအုပ်ကြီး အနားသို့ ရောက်ရှိလာသောအခါ လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ငြိမ်သောအမူအရာဖြင့် ရပ်နေသော မုန့်ဝမ်ကို တွေ့လိုက်ရသည်။
လီဖော်တျန်းမှာမူ အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး ခြေဆုံးခေါင်းဆုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ အလွန်ပင် သနားစဖွယ် ဖြစ်နေသည်။
သို့သော် ထိုဒဏ်ရာများသည် ကြည့်ရသည်မှာ ကြောက်စရာကောင်းသော်လည်း အမှန်တကယ်တွင်မူ အပေါ်ယံ ရှပ်ထိဒဏ်ရာများသာ ဖြစ်သည်။
"မုန့်ဝမ်......... နင် ဘာလို့ ရုတ်တရက် ရူးသွားရတာလဲ"
လီဖော်တျန်းက မုန့်ဝမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ ဆက်လက် ကျိန်ဆဲရန် ပြင်လိုက်သော်လည်း ရုတ်တရက် အသံပျောက်သွားပြီး ရင်ဘတ်ကို နာကျင်စွာ ဆုပ်ကိုင်လျက် ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့သည်။
လတ်တလောတွင် ရှောင်ရိ မိစ္ဆာဖြစ်သွားသည်ကို မြင်တွေ့ခဲ့ရသော လူတိုင်းမှာ ၎င်းကို မြင်သောအခါ အသက်ရှူမှားသွားကြသည်။
လီဖော်တျန်းသည်လည်း မိစ္ဆာအဖြစ် ပြောင်းလဲတော့မည့် လက္ခဏာများ ပြသလာလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ.......
ချင်းယွီသည် ၎င်းကို မြင်သောအခါ တစ်စုံတစ်ခုကို စဉ်းစားမိသည့်အလား မျက်စိသူငယ်အိမ်များ ကျုံ့သွားသည်။
ရွှမ်ကျီမှာမူ ပတ်ဝန်းကျင်က အရာအားလုံးသည် သူနှင့် မသက်ဆိုင်သည့်အလား တည်ငြိမ်နေဆဲပင်။
မုန့်ဝမ် တစ်ယောက်တည်းသာလျှင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်နေပြီး သူမ၏ ခန့်မှန်းချက်မှာ အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်၏။
အခန်း (၂၁၅) လိမ္မာယဉ်ကျေးသော လီဖော်တျန်း
လီရွှမ်ရိက ပထမဆုံး တုံ့ပြန်လိုက်သူ ဖြစ်သည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မုန့်ဝမ်ဘက်သို့ လှည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"နင်တို့ ဒီကို ရောက်ပြီးမှ အဲဒီအမွှေးရှည်မိစ္ဆာတွေနဲ့ တွေ့ခဲ့သလားတော့ ငါမသိဘူး၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် လီဖော်တျန်းက မိစ္ဆာဖြစ်တော့မယ့် လက္ခဏာတွေ ပြနေပြီ။
သူ့ရဲ့ အသွင်ကူးပြောင်းမှု မပြီးဆုံးခင် သူ့ကို အမြန်ဆုံး ရှင်းပစ်ရမယ်..."
လီရွှမ်ရိ စကားမဆုံးမီမှာပင် လူတိုင်းက သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများကို မသိစိတ်ဖြင့် အသက်သွင်းလိုက်ကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
၎င်းကို ကြားလိုက်ရသောအခါ လီဖော်တျန်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
သူမသည် မိမိခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ကြောက်လန့်တကြား ကြည့်နေမိသည်။ ခန္ဓာကိုယ်အတွင်းမှ ကြမ်းတမ်းပြီး ဆူပွက်နေသော စွမ်းအားများကို ခံစားနေရသဖြင့် ထိန်းမနိုင်သိမ်းမရသော ကြောက်စိတ်များက သူမကို ဝါးမြိုသွားသည်။
သူမသည် မိမိအပေါ် သတ်ဖြတ်လိုစိတ် ပြင်းထန်နေသူများကို သတိထားပြီး စိုးရိမ်တကြီး ကြည့်လိုက်ကာ အငြင်းပွားရန် ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးမျှ ထွက်မလာချေ။
အသည်းအသန် ဖြစ်နေသော အခြေအနေတွင် လီဖော်တျန်းသည် ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကို အံကြိတ်ခံကာ သူမ၏ နောက်ဆုံးကျန်ရှိသော အသိစိတ်ကို အသုံးချ၍ ချင်းယွီထံသို့ အကူအညီတောင်းသည့် စိတ်ချင်းဆက် သတင်းပို့လွှာ ပေးပို့လိုက်သည်။
"နတ်သားတော် ချင်းယွီ......... ကျွန်မကို ကယ်ပါဦး... ကျွန်မ မိစ္ဆာမဟုတ်ပါဘူး... ကျွန်မ လုံးဝ မိစ္ဆာဖြစ်မသွားသေးဘူး၊ ကျေးဇူးပြုပြီး ကူညီပါဦး........."
၎င်းကို ကြားလိုက်ရသောအခါ ချင်းယွီ၏ အမူအရာတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ခဏမျှ ဖြတ်ပြေးသွားသည်။ သို့သော် သူသည် အကျိုးအမြတ်ကို လျင်မြန်စွာ တွက်ချက်ပြီးနောက် ဘာမှမကြားသကဲ့သို့ ဟန်ဆောင်ကာ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။
လီရွှမ်ရိ ဦးဆောင်သော အဖွဲ့ကြီးက စတင် လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် မုန့်ဝမ်က နောက်ဆုံး၌ လှုပ်ရှားလိုက်သည်။ သူမက ရှေ့သို့ တစ်လှမ်းတိုးကာ လီဖော်တျန်း၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"လီဖော်တျန်းက ငါ့ရဲ့ ရွှမ်ယင်ဂိုဏ်းဝင်တစ်ယောက်ပဲ။ သူ့ကိစ္စက ငါတို့ ရွှမ်ယင်ဂိုဏ်း ဖြေရှင်းရမယ့်ကိစ္စ၊ ပြင်ပလူတွေ ဝင်ပါဖို့ မလိုဘူး"
သူမ၏ အကြည့်က လူတိုင်းကို ဝေ့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ ဓားကဲ့သို့ ထက်မြက်နေပြီး လူတိုင်း တည့်တည့်မကြည့်ဝံ့လောက်အောင် အရှိန်အဝါ ပြင်းထန်လှသည်။
သခင်လေးကျွယ်၏ မျက်နှာမှာ အနည်းငယ် ညှိုးမှိန်သွားပြီး သူ၏ ကျောက်စိမ်းယပ်တောင်ဖြင့် လက်ဝါးကို အသာအယာ ပုတ်နေမိသည်၊ သူသည်လည်း အရှုံးအမြတ်ကို တွက်ချက်နေပုံရသည်။
လီရွှမ်ရိ၏ လက်ထဲမှ ဓားရှည်မှာ မပြတ်တမ်း တုန်ယင်နေပြီး သူသည် မျက်မှောင်ကြုတ်လျက် လီဖော်တျန်းကို ကာကွယ်ထားသော မုန့်ဝမ်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
"မုန့်ဝမ်......... အကျိုးအကြောင်းမရှိတာတွေ လုပ်မနေနဲ့... ဒီမိစ္ဆာက လက္ခဏာတွေ ပြနေပြီ၊ အချိန်မီ မရှင်းနိုင်ရင် ဒါက ဘေးဒုက္ခကြီး ဖြစ်လာလိမ့်မယ်..."
မုရွှယ်ယန်၏ မျက်ခုံးများမှာ မြင့်တက်နေပြီး သူမ၏ လေသံမှာလည်း မကျေနပ်မှုများ ပါဝင်နေသည်။
"မုန့်ဝမ်......... လီဖော်တျန်းက ရွှမ်ယင်ဂိုဏ်းက ဖြစ်နေရုံနဲ့ လူတိုင်းရဲ့ ဘေးကင်းရေးကို လျစ်လျူမရှုသင့်ဘူး... ဒီမိစ္ဆာက ရူးသွပ်သွားရင် ဘယ်သူ့ကိုမဆို ခွဲခြားမနေဘဲ တိုက်ခိုက်မှာ..."
အခြားသူများကလည်း ဝိုင်းဝန်း စွပ်စွဲကြသည်။
"ဟုတ်တယ်... မုန့်ဝမ်......... နင် ဒီလောက် မဆင်မခြင် မလုပ်ပါနဲ့၊ အကယ်၍ လီဖော်တျန်းက တကယ် မိစ္ဆာဖြစ်သွားရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်မှာ မဟုတ်လား..."
"ရွှမ်ယင်ဂိုဏ်းကလူက အမှားအမှန်ကို ဒီလောက်တောင် ဝေခွဲမရဖြစ်နေတာလား။ မိစ္ဆာတစ်ကောင်ကို လက်ခံထားတယ်ဆိုတာ..."
လူတိုင်း၏ စွပ်စွဲကျိန်ဆဲသံများကို ရင်ဆိုင်ရင်း မုန့်ဝမ်၏ အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူမက အသာအယာ ရယ်မောလိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်သည်။
"လီဖော်တျန်းက မိစ္ဆာလို့ ဘယ်သူပြောလဲ"
ဤစကားကို ကြားလိုက်ရသောအခါ ထိုနေရာရှိ လူတိုင်း မျက်မှောင်ကြုတ်သွားကြပြီး မုန့်ဝမ်သည် အလွန်ပင် အကျိုးအကြောင်းမရှိ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
"သူက ဒီပုံစံဖြစ်နေတာကို မိစ္ဆာမဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ"
မုန့်ဝမ်သည် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး သူမ၏ နောက်ကွယ်မှ လီဖော်တျန်းကို ကြည့်လိုက်သည်။
သူမသည် လူတိုင်း၏ အံ့သြနေသော အကြည့်များကို လျစ်လျူရှုကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။
"နင် လူစကား နားလည်တယ်ဆိုတာ ငါသိတယ်"
လီဖော်တျန်း၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး သူမက မုန့်ဝမ်ကို ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် နီမြန်းသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
မုန့်ဝမ်၏ မျက်ဝန်းထဲတွင်မူ ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ ဆက်ပြောသည်။
"နင်က ငါ့ဆီမှာ အကူအညီမတောင်းဘဲ ချင်းယွီဆီကို သတင်းပို့ဖို့ ရွေးချယ်ခဲ့ပေမဲ့လည်း......... ထားပါတော့လေ၊ ငါက ဘယ်သူနဲ့မှမတူတဲ့ စိတ်ရင်းကောင်းတဲ့သူ ဖြစ်နေတာကိုး"
မုန့်ဝမ်၏ နှုတ်ခမ်းများက နောက်ပြောင်လိုသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ "နင်က ရွှမ်ယင်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေတာကြောင့် ဒီတစ်ကြိမ်တော့ ငါ နင့်ကို ကာကွယ်ပေးမယ်"
၎င်းကို ကြားလိုက်ရသောအခါ လီဖော်တျန်း၏ ခံစားချက်မှာ ရှုပ်ထွေးသွားပြီး ခဏမျှ မည်သို့ တုံ့ပြန်ရမည်ကို မသိဖြစ်သွားသည်။
မုန့်ဝမ်သည်လည်း အခြားသူများကဲ့သို့ သူမကို သတ်ရန် အော်ဟစ်လိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း မုန့်ဝမ်က သူမ၏ရှေ့တွင် ရပ်ကာ ဤကဲ့သို့ စကားမျိုး ပြောလာလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
၎င်းအပြင် သူမကို ဤကဲ့သို့ဖြစ်အောင် လုပ်ခဲ့သော တရားခံမှာလည်း မုန့်ဝမ်ကိုယ်တိုင်ပင် ဖြစ်သည်။ လီဖော်တျန်း၏ မျက်ဝန်းထဲတွင် ပြင်းထန်သော အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
ခဏတာမျှ သူမသည် မုန့်ဝမ်ကို အခွင့်ကောင်းယူ တိုက်ခိုက်ပြီး သူမကိုပါ "မိစ္ဆာ" အဖြစ် ပြောင်းလဲပစ်ရန် စဉ်းစားလိုက်မိသည်။
သို့သော် မုန့်ဝမ်၏ ပြုံးစစ မျက်ဝန်းများနှင့် ဆုံလိုက်ရသောအခါ သူမ၏ အတွင်းစိတ် အာရုံတစ်ခုနှင့် ပေါင်းစပ်ကာ လီဖော်တျန်းသည် ထိုအတွေးကို ဖျောက်ဖျက်လိုက်ပြီး မုန့်ဝမ်ကို လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်တော့သည်။
မိစ္ဆာတစ်ကောင်က လူစကား နားလည်နိုင်သည်ဟူသော အချက်က လူတိုင်းကို အကြီးအကျယ် အံ့သြသွားစေသည်။
ဆူညံနေသော ပတ်ဝန်းကျင်မှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ လီရွှမ်ရိ၏ လက်ထဲမှ ဓားရှည်မှာ အနည်းငယ် တုန်ယင်နေဆဲဖြစ်ပြီး ၎င်းမှ ထွက်ပေါ်နေသော ဓားအရှိန်အဝါများမှာလည်း တည်ငြိမ်မှုမရှိဘဲ သူ အကြီးအကျယ် တုန်လှုပ်နေကြောင်း ဖော်ပြနေသည်။
မုရွှယ်ယန်မှာမူ မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိပြီး သူမ၏ မျက်ဝန်းထဲတွင် ယုံကြည်ရခက်ခြင်းနှင့် သံသယများ ရောထွေးနေသည်။
"ဒါ......... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" သူမက မျက်မှောင်ကို တင်းတင်းကြုတ်ကာ မယုံနိုင်စွာ ရေရွတ်လိုက်သည်။ "မိစ္ဆာတွေက လူစကား နားမလည်နိုင်သင့်ဘူးလေ........."
အခြားသူများမှာလည်း ဤအချက်ကို လက်ခံရန် ခက်ခဲနေကြသည်။
လီဖော်တျန်းသည် လက်ရှိတွင် အလွန် လိမ္မာယဉ်ကျေးစွာ နေပြနေသော်လည်း သူတို့သည် သတိနှင့် ကြောက်ရွံ့မှုကို မစွန့်လွှတ်နိုင်ကြသေးချေ။
အဆုံးတွင်တော့ ဤမိစ္ဆာက မည်သည့်အချိန်တွင် ရူးသွပ်ပြီး သူတို့ကို တိုက်ခိုက်လာမည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။
"ဒီမိစ္ဆာက လူစကား တကယ် နားလည်ရင်ရော ဘာဖြစ်လဲ"
လင်းယွီက နှာခေါင်းရှုံ့လိုက်ပြီး မုန့်ဝမ်နှင့် လီဖော်တျန်းကို အေးစက်စွာ ကြည့်လိုက်သည်။
"အချိန်ကြာလာတာနဲ့အမျှ မိစ္ဆာတွေက သူတို့ရဲ့ အသိစိတ်ကို တဖြည်းဖြည်း ဆုံးရှုံးသွားပြီး ရန်လိုလာမှာပဲ၊ အဲဒါက အရမ်း အန္တရာယ်ရှိတယ်။ မုန့်ဝမ်......... နင် သူ့ကို ဒီလို ကာကွယ်နေတာက ကိုယ့်ကိုယ်ကိုယ် မီးနဲ့ ဆော့နေတာလို့ မထင်ဘူးလား"
၎င်းကို ကြားသောအခါ မုန့်ဝမ်၏ နှုတ်ခမ်းများက လှောင်ပြောင်သော အကွေးအဆန့်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ အကြည့်က လူတိုင်းကို အေးစက်စွာ ဝေ့ကြည့်ကာ နောက်ဆုံးတွင် လင်းယွီအပေါ် ရပ်တန့်သွားသည်။
"ငါ ဘာလုပ်လုပ် နင် ဝင်ပြောစရာ မလိုဘူး။ ငါ နင့်ကို အကြံပေးချင်တာက လာတဲ့လမ်းအတိုင်း ပြန်လှည့်သွားဖို့ပဲ။ မဟုတ်ရင်တော့........."
သူမက ခဏရပ်လိုက်ပြီးမှ လီဖော်တျန်းကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ငါ သူ့ကို လွှတ်ပြီး ကိုက်ခိုင်းလိုက်မယ်"
မုန့်ဝမ် စကားဆုံးသည်နှင့် လီဖော်တျန်းက အလိုက်သင့်ပင် တိုးတိုးလေး ဟိန်းဟောက်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လက်သည်းများကို ကွေးလိုက်ရာ လူတိုင်းကို ကြက်သီးထသွားစေလောက်သည့် ခြိမ်းခြောက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။
လင်းယွီ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားပြီး သူမသည် မသိစိတ်ဖြင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ ထပ်မံ စကားမပြောရဲတော့ချေ။
လီရွှမ်ရိက မုန့်ဝမ်ကို မကျေမနပ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
သူ၏ လက်ထဲမှ ဓားရှည်မှာ တဝဲဝဲ မြည်ဟည်းနေပြီး ဓားအရှိန်အဝါများမှာလည်း အချိန်မရွေး အိမ်ထဲမှ ထွက်ပေါ်လာတော့မည့်ပုံပင်။
"မုန့်ဝမ်......... နင်က ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။ အခု အခြေအနေက မသေချာသေးဘူး၊ ငါတို့နဲ့ ပူးပေါင်းတာက ပိုမကောင်းဘူးလား။
နင်က ဒီမိစ္ဆာကို အတင်း ခေါ်သွားချင်နေပေမဲ့ သူ ဘယ်အချိန်မှာ ရူးသွပ်သွားမလဲဆိုတာ နင် ဘယ်လို သိမှာလဲ။ အဲဒီအချိန်ကျမှ နောင်တရရင်လည်း နောက်ကျသွားပြီ..."
၎င်းကို ကြားသောအခါ မုန့်ဝမ်၏ နှုတ်ခမ်းများက အေးစက်သော အကွေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ မျက်ဝန်းများက ထက်မြက်သော ဓားသွားများကဲ့သို့ လူတိုင်းကို ဝေ့ကြည့်ကာ နောက်ဆုံးတွင် လီရွှမ်ရိထံ စိုက်ကြည့်လိုက်သည်။
"ငါ သူ့ကို ခေါ်သွားတာ နင်နဲ့ ဘာဆိုင်လဲ။ နင်တို့က သူ့ကို မိစ္ဆာလို့ပဲ အော်နေကြပေမဲ့ နင်တို့ကိုယ်တိုင် မိစ္ဆာအဖြစ် ပြောင်းမသွားဘူးလို့ ဘယ်လို သိနိုင်မလဲ"
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လေထုမှာလည်း တိတ်ဆိတ်အေးခဲသွားသည်။
သခင်လေးကျွယ်သည် သူ၏ ကျောက်စိမ်းယပ်တောင်ကို အသာအယာ ခတ်လိုက်ပြီး အခြေအနေကို ဖျန်ဖြေရန် ပြောလိုက်သည်။
"နတ်သမီးမုန့်ရဲ့ စကားတွေကလည်း အဓိပ္ပာယ်မရှိတာ မဟုတ်ပါဘူး။ မိတ်ဆွေ လီ က ဒီလိုပုံစံ ဘယ်လိုဖြစ်သွားရလဲဆိုတာကို ကျွန်တော် တကယ် သိချင်မိတယ်။
အရင်က ထာဝရစိတ်ဝိညာဉ်ဂိုဏ်းက ရှောင်ရိလည်း ရုတ်တရက် ရူးသွပ်သွားပြီး ပုံမှန်လူတစ်ယောက်ကနေ မိစ္ဆာအဖြစ် ပြောင်းလဲသွားခဲ့တာပဲ။ ဒီဖြစ်ရပ်နှစ်ခုကြားမှာ ဆက်နွှယ်မှု တစ်ခုခု ရှိနေမလား"
၎င်းကို ကြားလိုက်ရသောအခါ ချင်းယွီ၏ မျက်ဝန်းထဲတွင် စဉ်းစားဟန်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ မုန့်ဝမ်က လီဖော်တျန်းကို တမင်တိုက်ခိုက်ခဲ့ပြီး လီဖော်တျန်း ဒဏ်ရာရပြီး မကြာမီမှာပင် သူမက မိစ္ဆာအဖြစ် ပြောင်းလဲသွားခဲ့သည်။
မိစ္ဆာအဖြစ် ပြောင်းလဲသွားရသည့် အကြောင်းရင်းက......... လီဖော်တျန်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတွေနဲ့ ဆက်စပ်နေတာများလား
လီဖော်တျန်းသည်လည်း တစ်စုံတစ်ခုကို ဝေဝါးစွာ ခန့်မှန်းမိသွားပြီး သူမ၏ ရင်ထဲတွင် မုန့်ဝမ်ကို အကြီးအကျယ် ကျိန်ဆဲလိုက်မိတော့သည်။
တောက်... အဲဒီ မုန့်ဝမ်...
သူမ သိပေသည်..၊ မုန့်ဝမ်က ဘာလို့ ရုတ်တရက် စိတ်ကောင်းဝင်ပြီး သူမရှေ့မှာ ကာကွယ်ပေးနေရတာလဲလို့။ သူ မိစ္ဆာဖြစ်သွားရတဲ့ အကြောင်းရင်းက မုန့်ဝမ်ကြောင့်ပဲ ဖြစ်ရမယ်...