အခန်း (၂၁၆-၂၂၀)
Vol. 22 Ch. 216-220
အခန်း (၂၁၆) မိစ္ဆာဖြစ်ရခြင်း၏ အကြောင်းရင်း
လီဖော်တျန်း၏ အတွေးများကို ကြားလိုက်ရသောအခါ မုန့်ဝမ်က ကျေနပ်စွာ ပြုံးလိုက်ပြီး "အကြောင်းရင်းကို သိချင်တာလား။ အဲဒါက တကယ်တော့ ရိုးရိုးလေးပါ"
သူမ၏ အကြည့်က ထိုနေရာရှိ လူတိုင်းကို ဝေ့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
"နင်တို့တွေ ဒဏ်ရာရတာနဲ့ မိစ္ဆာအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဒဏ်ရာက ပြင်းထန်လေလေ၊ သွေးထွက်တာ များလေလေ၊ မိစ္ဆာအဖြစ် ပြောင်းလဲတဲ့နှုန်းက ပိုမြန်လေလေပဲ။
ဒါကြောင့် နင်တို့တွေ မိစ္ဆာမဖြစ်ချင်ဘူးဆိုရင်တော့... ဘယ်တော့မှ၊ ဘယ်တော့မှ ဒဏ်ရာ အရမခံကြနဲ့"
မုန့်ဝမ်၏ စကားကို ကြားလိုက်ရသောအခါ အားလုံး မှင်သက်သွားကြသည်။ ဒဏ်ရာရတာနဲ့ မိစ္ဆာဖြစ်သွားတယ် ဟုတ်လား....... ဒါက တကယ်ကို ယုံကြည်ရခက်လွန်းလှသည်။
"နတ်သားတော် မုန့်......... မင်း ငါတို့ကို လှည့်စားနေတာတော့ မဟုတ်ဘူးမလား"
လီရွှမ်ရိက အေးစက်စွာ မေးလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် မယုံကြည်မှုများ သိသိသာသာ ပေါ်လွင်နေသည်။ အခြားသူများကလည်း ဝိုင်းပြောကြသည်။
"အနည်းဆုံးတော့ ယုံကြည်လောက်တဲ့ အကြောင်းပြချက်မျိုး ပေးသင့်တာပေါ့။ ဒီလိုစကားမျိုးကို ဘယ်သူက ယုံမှာလဲ"
"ယုံတာ မယုံတာက နင်တို့ အပိုင်းပဲ"
မုန့်ဝမ်က တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ ရှင်းပြမနေတော့ချေ။ "ငါက စေတနာနဲ့ သတိပေးရုံတင်ပါ။ နင်တို့ကမှ အသိအမှတ်မပြုတာဆိုတော့လည်း ထားလိုက်တော့"
စကားအဆုံးတွင် သူမသည် ရွှမ်ကျီ၊ ချင်းယွီနှင့် မိစ္ဆာအသွင်ပြောင်းနေသော လီဖော်တျန်းတို့ကို ခေါ်ဆောင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ရပ်လိုက်စမ်း......."
လီရွှမ်ရိက ခက်ထန်စွာ အော်ဟစ်လိုက်သည်။ "နင် အဲဒီမိစ္ဆာကို ခေါ်သွားလို့မရဘူး။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအတွက် ငါတို့ကို ရှင်းပြချက်တစ်ခု ပေးရမယ်......."
မုန့်ဝမ်က မျက်ခုံးပင့်လိုက်ပြီး မောက်မာသောလေသံဖြင့် ပြန်ပြောသည်။
"ရှင်းပြချက်....... ငါက ဘာကို ရှင်းပြရမှာလဲ။ နင် ငါ့လမ်းကို ထပ်ပိတ်မယ်ဆိုရင် လီဖော်တျန်းကို လွှတ်ပြီး လူကိုက်ခိုင်းလိုက်ရုံတင်မကဘူး၊ နင်တို့ကိုပါ လမ်းဆုံးအောင် အစောကြီး ပို့ပေးလိုက်မယ်......."
၎င်းကို ကြားသောအခါ လီရွှမ်ရိနှင့် အခြားသူများ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
အကယ်၍ သူတို့သည် မိစ္ဆာတစ်ကောင်တည်းကိုသာ ရင်ဆိုင်ရမည်ဆိုပါက ဒဏ်ရာမရအောင် ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ချက် ရှိသော်လည်း မုန့်ဝမ်၊ ချင်းယွီနှင့် ရွှမ်ကျီတို့ပါ ပေါင်းလိုက်ပါကမူ သူတို့တွင် အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိချေ။
အကယ်၍ မုန့်ဝမ် ပြောသကဲ့သို့ ဒဏ်ရာရရုံနှင့် မိစ္ဆာဖြစ်သွားမည်ဆိုပါက ဇွတ်တိုးခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
ထိုအတွေးကြောင့် လူတိုင်း၏ မျက်နှာများမှာ အကျည်းတန်သွားပြီး တိတ်ဆိတ်သွားကြသည်။
၎င်းကို မြင်သောအခါ မုန့်ဝမ်မှာ ပြုံးလိုက်ပြီး ရွှမ်ကျီ၊ ချင်းယွီနှင့် လီဖော်တျန်းတို့ကို ခေါ်ကာ ထွက်ခွာသွားသည်။
လီရွှမ်ရိနှင့် အခြားသူများမှာမူ မကျေနပ်သော်လည်း မုန့်ဝမ်တို့အဖွဲ့ ထွက်သွားသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိချေ။
မုန့်ဝမ်တို့ ထွက်သွားပြီးနောက် ကျန်ရစ်သူများမှာ အုပ်စုနှစ်စု ကွဲသွားသည်။
လင်းချင်းယွဲ့က အကြီးအကဲများထံ သတင်းပို့ရန် ချက်ချင်း ပြန်လှည့်သွားချင်သော်လည်း သခင်လေးကျွယ်နှင့် မုရွှယ်ယန်တို့ကမူ ဆက်လက် ရှာဖွေရန် ဆုံးဖြတ်ကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ သတ္ထုတွင်း၏ အနက်ပိုင်းမှ ကံကောင်းမှု ကို ရှာရန်ဖြစ်ရာ ယခုမှ စတင်ရုံရှိသေးသဖြင့် အလွယ်တကူ လက်မလျှော့လိုကြချေ။
နှစ်ဖက်စလုံး ညှိနှိုင်းမရသဖြင့် နောက်ဆုံးတွင် လမ်းခွဲလိုက်ကြသည်။
လင်းချင်းယဲ့နှင့် လီရွှမ်ရိတို့က ပြန်လှည့်သွားကြပြီး သခင်လေးကျွယ်၊ လင်းယွီနှင့် မုရွှယ်ယန်တို့ကမူ မုန့်ဝမ်တို့ သွားရာဘက်သို့ ဆက်လက် ချီတက်ကြသည်။
"ဂျူနီယာညီမလေးမုန့်........." ချင်းယွီက နောက်ဘက်မှ အမည်းရောင်မြူထုကို လှည့်ကြည့်ရင်း မေးလိုက်သည်။ "ငါတို့ ဟိုလူတွေနောက်ကို ဆက်လိုက်နေရဦးမှာလား"
"မလိုတော့ဘူး" မုန့်ဝမ်၏ အကြည့်က လီဖော်တျန်းထံ ကျရောက်သွားပြီး မေးစေ့ကို အသာပင့်ပြလိုက်သည်။
"ရှေ့က လမ်းပြပေးမယ့် အဆင်သင့် လူတစ်ယောက် ရှိနေတာပဲ၊ အသုံးမချရင် နှမြောစရာကြီး"
လီဖော်တျန်းမှာ ထိတ်လန့်သွားပြီး မသွားနိုင်ကြောင်း ငြင်းဆန်သည့်အနေဖြင့် ခေါင်းယမ်းပြသည်။ လမ်းပြခြင်းဆိုသည်မှာ နားထောင်ကောင်းအောင် ပြောခြင်းသာ ဖြစ်သည်၊ အမှန်တကယ်မှာမူ "အသေခံ" ခိုင်းခြင်းပင် ဖြစ်၏။
"ဒါက နင့်သဘောနဲ့ ဆိုင်တာ မဟုတ်ဘူး......." မုန့်ဝမ်က အေးအေးလူလူပင် ဆိုသည်။ "နင်က မလိုက်ချင်ဘူးဆိုရင် ငါတို့ သုံးယောက်က နင် သဘောတူတဲ့အထိ ဝိုင်းတိုက်ကြရုံပေါ့"
လီဖော်တျန်း၏ အမူအရာ ပျက်ယွင်းသွားသည်။
မိစ္ဆာဖြစ်သွားပြီးနောက် သူမ၏ စွမ်းအားက အဆမတန် တိုးလာသည်မှာ မှန်သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းမှ သူမနှင့် မသက်ဆိုင်သော စွမ်းအားကို သုံးလိုက်သည်နှင့် သူမ၏ အသိစိတ်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လုံးဝ မိစ္ဆာစစ်စစ် ဖြစ်သွားမည်ကို သူမ ခံစားမိနေသည်။
ထို့ကြောင့် လီဖော်တျန်းမှာ ရွေးချယ်စရာမရှိဘဲ လမ်းပြအဖြစ် အဖွဲ့၏ အရှေ့ဆုံးမှ လျှောက်လှမ်းပေးရတော့သည်။
ထူးဆန်းသည်မှာ အစောပိုင်းက သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် သတိမထားမိသော်လည်း ယခု မိစ္ဆာဖြစ်သွားပြီးနောက် မြူခိုးများကြားတွင် အနည်းငယ် ပိုမြင်လာရခြင်းပင်။
ဤတွေ့ရှိချက်ကြောင့် လီဖော်တျန်း၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။
မုန့်ဝမ်က သူမကို တမင် မိစ္ဆာဖြစ်အောင် လုပ်ခဲ့ပြီး ချင်းယွီကလည်း သူမ၏ အကူအညီတောင်းသံကို လျစ်လျူရှုခဲ့သည်။ သူမက မိစ္ဆာဖြစ်နေရချိန်မှာ သူတို့က ဘာလို့ လူအဖြစ် နေနိုင်ရမှာလဲ.......
သူမ ကလဲ့စားချေချင်သည်၊ သူတို့ကိုလည်း ဤလူမဆန်သော ဘဝမျိုး မြည်းစမ်းစေချင်သည်။ ရွှမ်ကျီသည်လည်း မုန့်ဝမ်၏ နောက်လိုက်ဖြစ်သဖြင့် လွတ်ငြိမ်းခွင့် မရှိပေ.......
လီဖော်တျန်းသည် အန္တရာယ်ကို သေချာစစ်ဆေးနေဟန် ဆောင်ရင်း အခြားမိစ္ဆာများ၏ အစအနကို ရှာဖွေရန် မျက်လုံးကို အတင်းပြူးကြည့်နေတော့သည်။
သူမသည် အတွေးနှင့်တင် ပြုံးလိုက်မိသည်၊ မုန့်ဝမ်တို့ သုံးယောက် မိစ္ဆာများ ဝိုင်းဝန်းခြင်းခံရပြီး အပိုင်းပိုင်း ပြတ်သွားမည့်ပုံကို မြင်ယောင်နေမိသည်။
သို့သော် သူမ မသိသည်မှာ မုန့်ဝမ်သည် နှလုံးစားပိုး (Heart-Corroding Worm) ဖြင့် သူမ၏ အတွေးများကို အကုန်ကြားနေရသည် ဆိုသည်ကိုပင်။
မုန့်ဝမ်၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ဤလီဖော်တျန်းကတော့ အုတ်ဂူမြင်မှ မျက်ရည်ကျမည့်ပုံပင်။ ကောင်းပြီလေ၊ သူက သေချင်နေမှတော့ ကူညီပေးရတာပေါ့။
အဖွဲ့သားများ အနက်ပိုင်းသို့ ဆက်လက် တိုးဝင်လာသည်နှင့်အမျှ မြူခိုးများမှာ ပိုမို ထူထပ်လာပြီး မြင်ကွင်းမှာ ပို၍ ဝေဝါးလာကာ လေထုမှာလည်း အေးစက်စိုစွတ်လာသည်။
လီဖော်တျန်းက သတိထားနေဟန်ဖြင့် အရှိန်ကို တမင် လျှော့လိုက်သော်လည်း အမှန်တကယ်မှာမူ အခွင့်အရေးကို စောင့်နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် အမည်းရောင်မြူထုကြား၌ လှုပ်ရှားနေသော ဝေဝါးသည့် အရိပ်မည်းတစ်ခုကို သူမ မြင်လိုက်ရသည်။
လီဖော်တျန်းသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ဘာမှမမြင်သည့်အလား ထိုအရိပ်မည်းရှိရာသို့ အဖွဲ့ကို ဦးဆောင်ခေါ်သွားသည်။
ထိုအရိပ်မည်းမှာလည်း တစ်ခုခုကို သိရှိသွားပုံရပြီး အဖွဲ့သားများရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
ထိုအရိပ်မည်းသည် အဖွဲ့နှင့် ဆယ်လံ အကွာသို့ ရောက်ရှိလာသောအခါမှ လီဖော်တျန်းက အမွှေးရှည်မိစ္ဆာတစ်ကောင် သူတို့ကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်း မုန့်ဝမ်တို့ကို သတိပေးသည့်အနေဖြင့် အော်ဟစ်လိုက်သည်။
မုန့်ဝမ်မှာမူ သွေးစက်ဝန်းမျက်လုံးနှင့် နှလုံးစားပိုးကောင်ကို အသုံးချကာ လီဖော်တျန်း၏ လှည့်ကွက်ကို ကြိုမြင်နေခဲ့ပြီးသားပင်။
သူမက အခွင့်ကောင်းယူ ထွက်ပြေးချင်နေသည်ကို သိသဖြင့် မုန့်ဝမ်သည် သွေးပင်လယ် ပုံရိပ်ယောင်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး မိစ္ဆာ၏ အာရုံခံစားမှုကို ဝင်ရောက်နှောင့်ယှက်လိုက်သည်။
ထို့ကြောင့် လီဖော်တျန်း၏ အမြင်တွင် မုန့်ဝမ်တို့ကို ဦးတည်နေသော မိစ္ဆာမှာ ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက် လှည့်လာပြီး သူမအပေါ်သို့ ခုန်အုပ်လာတော့သည်။
တောက်.......
လီဖော်တျန်းမှာ ဘာမှားသွားလဲဆိုတာ နားမလည်သော်လည်း အံကြိတ်ကာ ထိုမိစ္ဆာကို ပြန်လည် တိုက်ခိုက်ရတော့သည်။ မိစ္ဆာ၏ လက်သည်းများက လေထုကို ဖြတ်သန်းကာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည်။
လီဖော်တျန်းသည် အသည်းအသန် ခုခံနေရသော်လည်း သူမ၏ ခန္ဓာကိုယ် စွမ်းအားထက် ကျော်လွန်သော အင်အားကို သုံးရန် မဝံ့ရဲချေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုမိစ္ဆာမှာမူ မည်သည့် ကန့်သတ်ချက်မျှ မရှိဘဲ ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်များဖြင့် ရူးသွပ်နေသည်။
မုန့်ဝမ်သည် ဘေးတွင် ငြိမ်သက်စွာ ရပ်ကြည့်ရင်း လီဖော်တျန်းနှင့် အခြားမိစ္ဆာတို့၏ ခြားနားချက်ကို သွေးစက်ဝန်းမျက်လုံးဖြင့် သေချာလေ့လာနေသည်။ ထို့နောက် နှလုံးစားပိုးကို အသုံးချကာ ထိုမိစ္ဆာ၏ အတွေးများကို နားထောင်ရန် ကြိုးစားလိုက်သော်လည်း ဘာမျှမကြားရချေ။ ထိုမိစ္ဆာတွင် မည်သည့် အတွေးမျှ မရှိတော့ဘဲ ကျင့်ကြံသူတစ်ယောက်မှ မိစ္ဆာစစ်စစ်အဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် လီဖော်တျန်းသည် ထိုမိစ္ဆာကို နောက်ဆုံး၌ သတ်ပစ်နိုင်ခဲ့သည်။ သူမသည် အမောတကော အသက်ရှူရင်း မုန့်ဝမ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်မိသည်။
မုန့်ဝမ်သည် ပုံရိပ်ယောင်အတတ်တွင် ကျွမ်းကျင်သူဖြစ်ရာ မိစ္ဆာက သူမကို ပစ်မှတ်မထားဘဲ မိမိကို ပြန်တိုက်ခိုက်ခြင်းမှာ မုန့်ဝမ်၏ လက်ချက်ဖြစ်နိုင်ကြောင်း နောက်ကျမှ သတိပြုမိသွားခြင်းပင်။
သို့သော် ဤကိစ္စတွင် သူမကိုယ်တိုင်က အစကတည်းက အမှားလုပ်ခဲ့သူဖြစ်ရာ လီဖော်တျန်းသည် မကျေမနပ်ဖြစ်သော်လည်း ထပ်မံ စကားမပြောရဲဘဲ ကြိတ်မှိတ် သည်းခံလိုက်ရတော့သည်။
မိစ္ဆာကို ရှင်းလင်းပြီးနောက် အဖွဲ့သားများ ဆက်လက် ထွက်ခွာရန် ပြင်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် လီဖော်တျန်းသည် ရုတ်တရက် ရင်တုန်သွားရသည်။ မြူခိုးများ၏ အနက်ပိုင်းမှ တစ်စုံတစ်ရာသော စွမ်းအားက သူမကို လှမ်းခေါ်နေသကဲ့သို့ပင်။
အခန်း (၂၁၇) လျှို့ဝှက်ဆန်းကြယ်သော ကျောက်တံခါး
လီဖော်တျန်းသည် မုန့်ဝမ်နှင့် အခြားသူများကို ဝေ့ကြည့်လိုက်သည်။ သူတို့၏ အမူအရာများမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး ခေါ်သံကို ကြားရပုံမပေါ်သဖြင့် သူမ၏ ရင်ခုန်သံများ မြန်လာသည်။
အတွေးတစ်ခုက သူမ၏ ဦးနှောက်ထဲတွင် ပေါက်ကွဲထွက်လာသည် - ကံကောင်းမှု
ဒါက သူမအတွက် အနှိုင်းမဲ့တဲ့ ကံကောင်းမှုပဲ.......
သူမသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ အကဲခတ်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
ခဏကြာ လမ်းလျှောက်ပြီးလျှင် ဤလူအနည်းငယ်ကို ခါချပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါ်သံလာရာဆီသို့ တစ်ယောက်တည်း ဦးတည်သွားမည်ဖြစ်သည်။
မုန့်ဝမ်သည် နှလုံးစားပိုးကောင်မှတစ်ဆင့် လီဖော်တျန်း၏ အတွေးများကို ခံစားသိရှိလိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
လီဖော်တျန်းက ထွက်သွားချင်နေမှတော့ သူမ လွှတ်ပေးလိုက်မည်ဖြစ်သည်။
သူမကို လွှတ်မပေးလျှင် အမွေအနှစ်မြေ ဆိုသည့်နေရာသို့ သူမနောက်ကနေ မည်သို့ လိုက်သွားနိုင်မည်နည်း။
မုန့်ဝမ်သည် သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက် ကို တိတ်တဆိတ် အသက်သွင်းလိုက်ပြီး လီဖော်တျန်း ထွက်ပြေးရန်အတွက် "ပြီးပြည့်စုံသော" အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်ရာ သူမကလည်း ထောင်ချောက်ထဲသို့ တည့်တည့် တိုးဝင်သွားတော့သည်။
လီဖော်တျန်းသည် ရှေ့တွင် တစ်စုံတစ်ခု ရှိနေကြောင်း အခြားသူများကို အချက်ပြကာ ထိုနေရာ၌ ခဏစောင့်နေရန် ပြောဆိုပြီးနောက် သူမ၏ ကိုယ်ဟန်မှာ ဝေဝါးသွားပြီး မြူထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
ချင်းယွီမှာ မိုက်မဲသူမဟုတ်ချေ၊ မုန့်ဝမ်သည် လီဖော်တျန်းကို တမင် လွှတ်ပေးလိုက်သည်ကို သူ မြင်နိုင်သည်။
သို့သော် သူမ ဘာကြောင့် ထိုသို့လုပ်သည်ကိုမူ သူ နားမလည်ချေ။
ချင်းယွီက ခဏမျှ စဉ်းစားပြီးမှ စတင် မေးမြန်းလိုက်သည်။ "ဂျူနီယာညီမလေးမုန့်၊ တစ်ခုခု ဖြစ်ပျက်နေတာလား"
"ကျွန်မလည်း မသိဘူး။ စောစောက စီနီယာအစ်မလီကို အသာလေး စမ်းသပ်ကြည့်ရုံရှိသေးတယ်၊ သူက ကျွန်မတို့ကို ဒီအတိုင်း ပစ်ထားခဲ့လိမ့်မယ်လို့ မထင်ထားဘူး........." မုန့်ဝမ်က အသာအယာ သက်ပြင်းချလိုက်ပြီး "သွားကြရအောင်၊ ကျွန်မတို့လည်း အရှိန်မြှင့်မှ ဖြစ်မယ်"
ချင်းယွီက မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ခုခု မှားနေသည်ဟု မသိစိတ်က ခံစားနေရသော်လည်း ပြဿနာက ဘယ်မှာလဲဆိုတာ သူ အတိအကျ မပြောနိုင်သဖြင့် သူ၏ သံသယများကို ခေတ္တ ဘေးဖယ်ထားလိုက်ရတော့သည်။
လီဖော်တျန်းသည် မြူထုအလွှာလွှာကို ဖြတ်ကျော်ကာ အပြင်းနှင်လာခဲ့ပြီးနောက် နောက်ဆုံးတွင် နက်ရှိုင်းပြီး ဆိတ်ငြိမ်သော ချောက်ကမ္ဘားကြီးတစ်ခုသို့ ရောက်ရှိလာသည်။
ချောက်ကမ္ဘား၏ အနက်ပိုင်းတွင် စိမ်းဖန့်ဖန့် အလင်းရောင်များ ထွက်ပေါ်နေသော ကြီးမားသည့် ကျောက်တံခါးတစ်ခု ရှိနေပြီး ခေါ်ယူနေသော စွမ်းအားမှာ ထိုတံခါးအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကျောက်တံခါးကြီးပေါ်တွင် ထူးဆန်းသော မှော်စာလုံးများ ဖုံးလွှမ်းနေပြီး ရှေးဟောင်း တားမြစ်ချက် တစ်ခုနှင့် တူနေသည်။
လီဖော်တျန်းသည် ရင်ထဲမှ ဝမ်းသာပီတိကို မထိန်းနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှူကာ ထိုကျောက်တံခါးကြီးကို တွန်းဖွင့်လိုက်တော့သည်။
ကျောက်တံခါးပေါ်မှ မှော်စာလုံးများ ခဏမျှ လက်ခနဲ ဖြစ်သွားပြီးနောက် အက်ကြောင်းတစ်ခု ရုတ်တရက် ပွင့်လာသည်။
တံခါးအတွင်းမှ ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာပြီး လီဖော်တျန်းကို အတွင်းသို့ ဆွဲခေါ်သွားကာ ကျောက်တံခါးကြီးမှာ ဝုန်းခနဲ ပြန်ပိတ်သွားတော့သည်။
မုန့်ဝမ်သည် ၎င်းကို မြင်သောအခါ သူမ၏ မျက်ဝန်းထဲတွင် စဉ်းစားဟန်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ လူတွေကို မိစ္ဆာအဖြစ် ပြောင်းလဲစေသည့် လျှို့ဝှက်ချက်မှာ ဤကျောက်တံခါးနောက်ကွယ်တွင် ရှိနေပုံရသည်။
မုန့်ဝမ်သည် ရွှမ်ကျီနှင့် ချင်းယွီတို့ကို ဦးဆောင်ကာ ချောက်ကမ္ဘားအထက်တွင် လှည့်လည်ကြည့်ရှုနေပြီး ချောက်ထဲရှိ ကျောက်တံခါးကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။
လီဖော်တျန်း ဝင်သွားပြီးနောက်တွင် လူသားပုံစံ မိစ္ဆာအချို့သည် မြူထုထဲမှ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကာ ချောက်ကမ္ဘားဆီသို့ ဦးတည်လာကြသည်။
အချို့သော မိစ္ဆာများ၏ မျက်ဝန်းများမှာ ဟာလာဟင်းလင်းဖြစ်နေပြီး ရက်စက်မှုနှင့် သတ်ဖြတ်လိုစိတ်များသာ ကျန်ရှိတော့ကာ စွမ်းအားတစ်ခုခု၏ တိုက်စားခြင်းကို ခံထားရသည့် ရုပ်သေးရုပ် များအလား ဖြစ်နေသည်။
အချို့မှာမူ လီဖော်တျန်းကဲ့သို့ပင် သတိကြီးစွာ လှုပ်ရှားနေကြပြီး သူတို့၏ မျက်ဝန်းများမှာ လှုပ်ရှားနေကာ အသိစိတ် အနည်းငယ် ကျန်ရှိနေသေးပုံရသည်။
မိစ္ဆာအားလုံးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ဆွဲဆောင်ခြင်းကို ခံနေရပြီး နောက်ဆုံးတွင် သူတို့အားလုံးသည် ကျောက်တံခါးအတွင်းရှိ ကမ္ဘာထဲသို့ ဇွတ်တိုးဝင်သွားကြတော့သည်။
မုန့်ဝမ်က အေးစက်သောအကြည့်ဖြင့် စောင့်ကြည့်နေရင်း ဤကျောက်တံခါးနောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေရမည်ဟု တွေးနေမိသည်။
ချောက်ကမ္ဘားအနီးတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့သောအခါမှ မုန့်ဝမ်သည် ချင်းယွီနှင့် ရွှမ်ကျီတို့ကို ခေါ်ဆောင်ကာ ချောက်အောက်ခြေရှိ ကျောက်တံခါးဆီသို့ ဆင်းသွားသည်။
လမ်းတစ်လျှောက်တွင် မအီမသာဖြစ်စရာကောင်းသော အနံ့ဆိုးတစ်ခုမှာ လေထဲတွင် ပျံ့နှံ့နေသည်။ ချောက်နံရံနှစ်ဖက်စလုံးတွင် ထူးဆန်းသော အပင်များ ပေါက်ရောက်နေပြီး ငရဲမှ တစ္ဆေမီးများအလား ဖော့စဖောရပ် အလင်းနုများ ထွက်ပေါ်နေသည်။ မုန့်ဝမ်သည် ထိုအပင်များ၏ ထူးခြားသော ပုံသဏ္ဌာန်ကို မြင်သောအခါ အချို့ကိုပင် စုဆောင်းထားလိုက်သေးသည်။
ကျောက်တံခါးရှေ့သို့ ရောက်သောအခါ ပြင်းထန်သော ဖိအားတစ်ခုက သူတို့ကို ရိုက်ခတ်လာသဖြင့် အသက်ရှူပင် ကျပ်သွားရသည်။
ကျောက်တံခါးမှာ ဆယ်လံ ခန့် မြင့်မားပြီး တစ်ခုလုံး အမည်းရောင်ဖြစ်ကာ ထူးဆန်းသော မှော်စာလုံးများ ဖုံးလွှမ်းနေပြီး စိတ်မချမ်းမြေ့စရာ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ချင်းယွီ၏ မျက်မှောင်များမှာ တင်းကြပ်နေသည်၊ ဤကျောက်တံခါးကြီးက သူ့ကို အလွန် အန္တရာယ်ရှိသော ခံစားချက်မျိုး ပေးနေပြီး သူတို့ကို အချိန်မရွေး ဝါးမြိုတော့မည့် ကြမ်းတမ်းသော သားရဲကြီးတစ်ကောင်ကဲ့သို့ ရှိနေသည်။
"ဒီမှော်စာလုံးတွေကို ငါ တစ်ခါမှ မမြင်ဖူးဘူး........." ချင်းယွီက ကျောက်တံခါးပေါ်မှ မှော်စာလုံးများကို လေးနက်သောလေသံဖြင့် ကြည့်ကာ ဆိုသည်။
"ဒါက မိစ္ဆာကျင့်စဉ်တစ်ခုခုနဲ့ တူတယ်၊ ဂျူနီယာညီမလေးမုန့်......... ဒါက ဘာလဲဆိုတာ နင် သိလား"
ရွှမ်ကျီသည် ကျောက်တံခါးကို စိုက်ကြည့်နေပြီး သူ၏မျက်ဝန်းထဲတွင် အလင်းနုတစ်ခု လက်ခနဲ ဖြစ်သွားကာ ကျောက်တံခါးနောက်ကွယ်မှ လျှို့ဝှက်ချက်ကို စူးစမ်းနေသည့်အလား ရှိသည်။
မုန့်ဝမ်သည် သူတို့နှစ်ဦး၏ အမူအရာကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။
သူမက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "အမှန်အတိုင်း ပြောရရင် ကျွန်မ အဝေးမှာ ရှိနေတုန်းက ကျွန်မရဲ့ မျက်လုံးကျင့်စဉ်ကို သုံးပြီး အမွှေးရှည်မိစ္ဆာတွေ အများကြီး ဒီကျောက်တံခါးထဲ ဝင်သွားတာကို တွေ့ခဲ့တယ်။ ပျောက်သွားတဲ့ စီနီယာအစ်မလီ အပါအဝင်ပေါ့၊ သူလည်း ဒီထဲဝင်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားတာ"
သူမ၏ လေသံမှာ အသေးအဖွဲ ကိစ္စတစ်ခုကို ပြောပြနေသည့်အလား ပေါ့ပါးနေသော်လည်း ချင်းယွီနှင့် ရွှမ်ကျီ၏ နားထဲတွင်မူ မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
"ဒီထဲဝင်ပြီး ပျောက်သွားတာ ဟုတ်လား" ချင်းယွီက မျက်မှောင်ကြုတ်ကာ သတိကြီးစွာဖြင့် ဆိုသည်။ "ဒီကျောက်တံခါး နောက်ကွယ်မှာ မိစ္ဆာတွေရဲ့ အသိုက် ရှိနေတာများလား"
မုန့်ဝမ်က ခေါင်းယမ်းပြကာ သူ၏မေးခွန်းကို မဖြေဘဲ အမည်းရောင် ကျောက်တံခါးဆီသို့ အကြည့်ပြန်ပို့လိုက်သည်။ "ဒီကျောက်တံခါးကို ဘယ်လိုဖွင့်ရမလဲဆိုတာ အရင် စဉ်းစားရအောင်"
သုံးဦးသားသည် ကျောက်တံခါးကို ဖွင့်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။
ချင်းယွီက သူ၏ ဓားပျံ ကို ဆင့်ခေါ်ခဲ့သော်လည်း ဓားမှာ ကျောက်တံခါးပေါ်တွင် အစအနပင် မကျန်ဘဲ ပြန်ကန်ထွက်လာသည်။ ရွှမ်ကျီကမူ ကျောက်တံခါးပေါ်မှ မိစ္ဆာအငွေ့အသက်များကို ဖယ်ရှားရန် ဗုဒ္ဓစွမ်းအားကို သုံးခဲ့သော်လည်း အချည်းနှီးပင် ဖြစ်ခဲ့သည်။
မုန့်ဝမ်သည်လည်း အင်အားသုံး၍ ဖြိုခွဲရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် သွေးလမ်းစဉ် လျှို့ဝှက်ကျင့်စဉ် အမျိုးမျိုးဖြင့် ကြိုးစားခဲ့ပြန်သည်။
သို့သော် ကျောက်တံခါးမှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ သွေးစွမ်းအား များကို လုံးဝ ဝါးမြိုပစ်လိုက်ပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။ နည်းလမ်းအားလုံး ကုန်သွားသောအခါ ကျောက်တံခါးမှာ မလှုပ်မယှက် ရှိနေဆဲပင်။
သုံးဦးသားမှာ တစ်ဦးကိုတစ်ဦး အကူအညီမဲ့စွာ ကြည့်လိုက်မိကြပြီး နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချလိုက်ကြသည် - ဖြစ်နိုင်သည်မှာ ဤကျောက်တံခါးကို မိစ္ဆာများသာ ဖွင့်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
မုန့်ဝမ်၏ မျက်လုံးများ ကျုံ့သွားပြီး ချက်ချင်းပင် အကြံတစ်ခု ရလိုက်သည်။ သုံးဦးသားသည် သူတို့၏ အရှိန်အဝါများကို ဖျောက်ကွယ်ကာ ကျောက်တံခါးနှင့် မလှမ်းမကမ်းတွင် ချောင်းမြောင်းနေသော ကျားသစ်များအလား ပုန်းအောင်းနေပြီး သားကောင် ပေါ်လာရန် စောင့်ဆိုင်းနေကြသည်။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။ နာရီဝက်ခန့်အကြာတွင် အဝေးမှ အသက်ရှူသံပြင်းပြင်းများမှာ တဖြည်းဖြည်း နီးကပ်လာသည်။
ကျောက်တံခါးအတွင်းရှိ ကမ္ဘာ၏ ဆွဲဆောင်ခြင်းကို ခံရသော နောက်ထပ် မိစ္ဆာအသစ်တစ်ကောင် အပြင်းနှင်လာခြင်းပင်.......
မုန့်ဝမ်သည် ချောက်ကမ္ဘားအထက်သို့ မော့ကြည့်လိုက်ရာ ထို "မိစ္ဆာ" ၏ ပုံပန်းသဏ္ဌာန်ကို မြင်သောအခါ သူမ၏ မျက်ခုံးများ မြင့်တက်သွားသည်။ ထိုမိစ္ဆာမှာ အခြားသူမဟုတ်ဘဲ သူတို့၏ အသိဟောင်းဖြစ်သူ လင်းယွီပင် ဖြစ်နေတော့သည်။
သူတို့ လမ်းခွဲပြီး နှစ်နာရီခန့်သာ ကြာသေးသော်လည်း လင်းယွီသည် မိစ္ဆာအဖြစ် ပြောင်းလဲသွားရုံသာမက သခင်လေးကျွယ် နှင့် မုရွှယ်ယန်တို့နှင့်လည်း လူစုကွဲသွားပုံရသည်။
"ကြားဖြတ်ဖမ်းဖို့ ပြင်ထား" မုန့်ဝမ်က တိုးတိုးလေး အမိန့်ပေးလိုက်ပြီးနောက် အရိပ်ထဲမှ ပထမဆုံး ပြေးထွက်သွားကာ အတင်းပြေးလာနေသော လင်းယွီကို နှုတ်ဆက်လိုက်သည်။ "တိုက်ဆိုင်လိုက်တာ၊ ငါတို့ ပြန်တွေ့ကြပြန်ပြီ"
မုန့်ဝမ်ကို မြင်သောအခါ လင်းယွီမှာ ပထမဆုံး ထိတ်လန့်သွားပြီး သူမ၏ မျက်ဝန်းထဲမှ ရက်စက်မှုများ အနည်းငယ် ဆုတ်ခွာသွားကာ အရှက်ရခြင်းနှင့် သတိထားခြင်းတို့ ပါဝင်သော ရှုပ်ထွေးသည့် ခံစားချက်များ ပေါ်လာသည်။
သူမသည် သတိကြီးစွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ မုန့်ဝမ်နောက်မှ ခုန်ထွက်လာသော ရွှမ်ကျီနှင့် ချင်းယွီတို့ကို မျှော်လင့်ထားသည့်အတိုင်း တွေ့လိုက်ရသည်။
"ဝူး................"
မိစ္ဆာအဖြစ် ပြောင်းလဲသွားပြီးနောက် လင်းယွီသည် စကားမပြောနိုင်တော့ဘဲ တိုးတိုးလေးသာ ဟိန်းဟောက်နိုင်တော့သည်။
သူမ၏ လမ်းကို မပိတ်ရန် အခြားသူများကို သတိပေးနေပုံရသည်။ ၎င်းကို မြင်သောအခါ မုန့်ဝမ်၏ နှုတ်ခမ်းတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ ပါးစပ်နားသို့ ရောက်လာသော ဤသားကောင်ကို အလွယ်တကူ လွတ်မြောက်ခွင့် ပေးမည် မဟုတ်ပေ။
သူမ၏ ကိုယ်ဟန်မှာ ဝေဝါးသွားပြီး လင်းယွီ၏ လမ်းကို ပိတ်ဆို့ကာ ကျောက်တံခါးဆီသို့ သွားမည့်လမ်းကို တားဆီးလိုက်တော့သည်။
အခန်း (၂၁၈) ကျောက်တံခါးနောက်ကွယ်မှ ကမ္ဘာ
ကျောက်တံခါးကို မုန့်ဝမ် ပိတ်ရပ်ထားသည်ကို မြင်သောအခါ လင်းယွီ၏ မျက်ဝန်းထဲတွင် အရေးတကြီးဖြစ်မှုများ ပြည့်နှက်သွားပြီး သူမသည် အသနားခံသည့်အလား ဟောက်လိုက်သည်။
သို့သော် မုန့်ဝမ်သည် တုန်လှုပ်ခြင်းမရှိဘဲ တောက်ပစွာ ပြုံးပြလိုက်ပြီး ချင်းယွီကို အကြည့်တစ်ချက် ပေးလိုက်သည်။
ချင်းယွီက သဘောပေါက်သွားပြီး ကိုယ်ဟန်ကို လှုပ်ရှားကာ လင်းယွီ၏ အခြားတစ်ဖက်တွင် ပေါ်လာပြီး အေးစက်သော သတ်ဖြတ်လိုသော အရှိန်အဝါ များဖြင့် သူမကို တိုက်ခိုက်တော့သည်။
ရွှမ်ကျီသည်လည်း လက်နှစ်ဖက်ကို ပူးကပ်ကာ ဗုဒ္ဓကျမ်းစာကို တိုးတိုးလေး ရွတ်ဖတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဗုဒ္ဓအလင်းနုများက လင်းယွီကို ခန့်ညားထည်ဝါသော အရှိန်အဝါများဖြင့် ဝိုင်းရံထားလိုက်သည်။
၎င်းကို မြင်သောအခါ လင်းယွီက ဒေါသတကြီး ဟောက်လိုက်သည်။ သူမသည် အသိစိတ် ပျောက်ဆုံးခါနီး အခြေအနေသို့ ရောက်နေပြီဖြစ်ရာ ၎င်းတို့ သုံးဦး၏ ထပ်ခါတလဲလဲ ရန်စမှုများကြောင့် နောက်ဆုံးတွင် စိတ်ရှည်မှု လုံးဝ ကုန်ဆုံးသွားတော့သည်။
သူမသည် သားရဲတစ်ကောင်ကဲ့သို့ သူမ၏ လက်ဖဝါးများကို ဖြန့်လိုက်ရာ လက်ချောင်းငါးချောင်းမှာ ချိတ်ကောက်များကဲ့သို့ ထက်မြက်သော ဓားသွားငါးစင်းအလား ရှိနေပြီး သူတို့ သုံးဦးထံသို့ ခုန်အုပ်လိုက်သည်။
သူမ၏ အရှိန်မှာ အလွန်ပြင်းထန်လှသဖြင့် လေထုကို ဖြတ်သန်းသွားသော အသံမှာပင် ကျယ်လောင်လှပြီး သူတို့ သုံးဦးကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်တော့မည့်ပုံပင်။
မုန့်ဝမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားကာ လင်းယွီ၏ တိုက်ကွက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ သွေးရောင်ဓားရှည်ကို အသက်သွင်းကာ လင်းယွီထံသို့ ထိုးနှက်လိုက်သည်။ ချင်းယွီ၏ တိုက်ကွက်များကလည်း ကပ်လျက် ပါလာပြီး လင်းယွီ၏ အာရုံခံစားမှုများကို အဆက်မပြတ် နှောင့်ယှက်နေသည်။ ရွှမ်ကျီကမူ သူ၏ ဗုဒ္ဓအလင်းကို ရွှေရောင်ကြိုးများအဖြစ် ပြောင်းလဲကာ လင်းယွီကို ချည်နှောင်လိုက်သည်။
လင်းယွီသည် မိစ္ဆာအဖြစ် ပြောင်းလဲသွားပြီးနောက် အရှိန်နှင့် အင်အားမှာ အံ့မခန်း တိုးတက်လာသော်လည်း ၎င်းတို့ သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် လုံးဝ ဖိနှိပ်ခြင်း ခံနေရသည်။
မုန့်ဝမ်သည် အခွင့်အရေးကို ဆုပ်ကိုင်ကာ သူမ၏ သွေးဓားဖြင့် လင်းယွီ၏ လက်မောင်းကို ပြင်းထန်စွာ ထိုးလိုက်သည်။
သွေးများ ပန်းထွက်လာပြီး သွေးစက်အချို့မှာ ကျောက်တံခါးပေါ်သို့ ကျရောက်သွားရာ ၎င်းမှာ ချက်ချင်းပင် စုပ်ယူခြင်း ခံလိုက်ရပြီး မည်သည့် အစအနမျှ ကျန်ရစ်ခြင်း မရှိချေ။
၎င်းကို မြင်သောအခါ မုန့်ဝမ်၏ ဦးနှောက်မှာ ချက်ချင်းပင် လည်ပတ်သွားသည်။
အတွေးတစ်ချက်ဖြင့်ပင် မိစ္ဆာ၏ ပြတ်တောက်သွားသော လက်မောင်းမှ သွေးများမှာ သွေးရောင်မြွေငယ်လေးများအလား အရှိန်အဟုန်ဖြင့် ကြီးမားသော ကျောက်တံခါးကြီးဆီသို့ စီးဆင်းသွားတော့သည်။
ကျောက်တံခါးကြီးသည် ထိုသွေးများကို အမှန်တကယ်ပင် ထပ်မံစုပ်ယူလိုက်ပြီး ကျောက်တံခါးပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော မှော်စာလုံးအချို့မှာ လင်းလက်လာသည်။
လင်းယွီသည် မုန့်ဝမ်၏ လုပ်ရပ်များကို ကြည့်ကာ သူမ၏ မျက်ဝန်းထဲတွင် အံ့သြမှုများ လက်ခနဲ ဖြစ်သွားပြီး မသိစိတ်ဖြင့် ထွက်ပြေးရန် ကြိုးစားသည်။
သို့သော် ရွှမ်ကျီနှင့် ချင်းယွီတို့က အခွင့်အရေး မပေးဘဲ သူမကို မြဲမြံစွာ ထိန်းချုပ်ထားသည်။
ထို့နောက်တွင် မုန့်ဝမ်သည် သူမ၏ ကျင့်စဉ်ကို ထပ်မံ အသက်သွင်းကာ လင်းယွီ၏ ဒဏ်ရာမှ လတ်ဆတ်သော သွေးများကို ပိုမို ဆွဲထုတ်ပြီး ကျောက်တံခါးပေါ်သို့ ဖြန်းပက်လိုက်ရာ တံခါး၏ တစ်ဝက်ခန့်မှာ သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ကျောက်တံခါးပေါ်မှ မှော်စာလုံးများသည်လည်း တစ်ခုပြီးတစ်ခု လင်းလက်လာသည်။ လင်းယွီသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မုန့်ဝမ်တို့ သုံးဦးကို စူးစိုက်ကြည့်ကာ သူမ၏ မျက်ဝန်းထဲတွင် မကျေနပ်မှုများ လက်ခနဲ ဖြစ်သွားပြီးနောက် ရုတ်တရက် ထူးဆန်းသော လေသံဖြင့် လူစကားကို ပြောလိုက်သည်။
"နင်တို့ ငါ့ကို ဒဏ်ရာပေးရဲတယ်ပေါ့....... ငါ့သခင်က နင်တို့ကို လွှတ်ထားမှာ မဟုတ်ဘူး......."
သို့သော် ထိုစကားကို ပြောပြီးသည်နှင့် လင်းယွီမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး အသိစိတ် ပြန်ဝင်လာသည့်အလား သူမ၏ မျက်ဝန်းထဲတွင် ဝေဝါးမှုများ ဖြစ်ပေါ်လာသည်။
ငါ့သခင်......... အဲဒါ ဘယ်သူလဲ.......
လင်းယွီ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေသည်။ သူမသည် အဘယ်ကြောင့် ဤကဲ့သို့သော စကားမျိုးကို ပြောမိသလဲဆိုသည်ကို မသိပုံရချေ။
မုန့်ဝမ်သည် လင်းယွီ၏ ပုံမှန်မဟုတ်သော အခြေအနေကို စောင့်ကြည့်နေပြီး သူမ၏ အကြည့်မှာ ပိုမို နက်ရှိုင်းသွားသည်......... ဤမိစ္ဆာ၏ နောက်ကွယ်တွင် ပိုမိုကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေပုံရသည်။
သို့သော် ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်အတွက် သူမသည် ဦးစွာ ဤကျောက်တံခါးကို ဖွင့်ရမည် ဖြစ်သည်။
မုန့်ဝမ်သည် တဖြည်းဖြည်း လင်းလက်လာသော ကျောက်တံခါးပေါ်မှ မှော်စာလုံးများကို စူးစိုက်ကြည့်ကာ သူမ၏ လက်များကို အဆက်မပြတ် လှုပ်ရှားစေလျက် လင်းယွီ၏ ခန္ဓာကိုယ်မှ လတ်ဆတ်သော သွေးများကို အရူးအမူး ဆွဲထုတ်နေတော့သည်။
နီမြန်းသော သွေးများသည် စမ်းချောင်းငယ်လေးများအလား ကျောက်တံခါးပေါ်တွင် ပြန့်နှံ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံတစ်ခုအဖြစ် ရောယှက်သွားသည်။
ကျောက်တံခါးပေါ်မှ မှော်စာလုံးများ ပိုမို လင်းလက်လာသည်နှင့်အမျှ လင်းယွီသည် ခက်ခဲစွာ ပါးစပ်ဟလိုက်ပြီး ထိုထူးဆန်းသော လေသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ရပ်လိုက်စမ်း....... နင်တို့ လုပ်နေတာက ငါ့သခင်ကို ရန်စနေတာပဲ......... နင်တို့ ဘုရင်ရဲ့ ကျိန်စာကို ခံရလိမ့်မယ်......."
ကျိန်စာ.......
သူမ ပြောနေသော ကျိန်စာမှာ အသိစိတ်မဲ့သော မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းကို ဆိုလိုတာလား.......
မုန့်ဝမ်က စဉ်းစားနေရင်း ရပ်တန့်မသွားရုံတင်မကဘဲ သူမ၏ လုပ်ဆောင်ချက်များကိုပါ အရှိန်မြှင့်လိုက်သည်။
ထို "ဘုရင်" ဆိုသူမှာ ဘယ်သူလဲဆိုတာကို သူမ သိချင်လှပြီဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျောက်တံခါးတစ်ခုလုံးမှာ သွေးများဖြင့် ဖုံးလွှမ်းသွားပြီး ကျောက်တံခါးပေါ်မှ မှော်စာလုံးများမှာ ပို၍ ပို၍ လင်းလက်လာကာ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။
နောက်ဆုံးတွင် နောက်ဆုံးမှော်စာလုံးမှာ သွေးများဖြင့် လုံးဝ ဖုံးလွှမ်းသွားသောအခါ ကျောက်တံခါးကြီးထံမှ တိုးဖျော့သော အသံကြီး ထွက်ပေါ်လာပြီး အက်ကြောင်းတစ်ခု ဖြည်းဖြည်းချင်း ပွင့်လာသည်။
အေးစက်စိုစွတ်သော အရှိန်အဝါတစ်ခုမှာ ဝုန်းခနဲ ထွက်ပေါ်လာပြီး မအီမသာ ဖြစ်စရာကောင်းသော အနံ့ဆိုးကြီး ပါလာသည်။
မုန့်ဝမ်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူမ၏ လက်ထဲတွင် သွေးရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားကာ လင်းယွီကို စုတ်ပြတ်နေသော အရုပ်တစ်ရုပ်ကဲ့သို့ မ၍ ကျောက်တံခါးအတွင်းသို့ ပထမဆုံး လှမ်းဝင်လိုက်သည်။
ရွှမ်ကျီနှင့် ချင်းယွီတို့သည်လည်း ကပ်လျက် ပါဝင်လာကြသည်။
ကျောက်တံခါးနောက်ကွယ်ရှိ နေရာမှာ ကြီးမားသော မြေအောက်ခန်းမကြီး တစ်ခုဖြစ်ပြီး သားရဲကြီးတစ်ကောင်၏ ဗိုက်ထဲ ရောက်နေသည့်အလား မှောင်မည်းပြီး ဖိအားများ ပြည့်နှက်နေသည်။ မြူခိုးများ မရှိတော့သဖြင့် မြင်ကွင်းမှာ များစွာ ပိုမို ရှင်းလင်းသွားသည်။ ကျောက်နံရံများတွင် အလင်းပေးကျောက်တုံးများ မြှုပ်နှံထားပြီး ၎င်းတို့ထံမှ ထွက်ပေါ်နေသော အပြာရောင် အလင်းနုများက ထိုနေရာကို ပို၍ ကြောက်စရာကောင်းအောင် ပြုလုပ်နေသည်။
စိတ်မချမ်းမြေ့စရာ အရှိန်အဝါတစ်ခုမှာ လေထဲတွင် ပျံ့နှံ့နေပြီး အသက်ရှူရန် ခက်ခဲစေသည်။
အေးအေးဆေးဆေး ရှိနေခဲ့သော လင်းယွီသည် ဤနေရာသို့ ရောက်သည်နှင့် ရုတ်တရက် ရူးသွပ်သွားတော့သည်။ သူမသည် အသည်းအသန် ရုန်းကန်ရင်း အက်ကွဲသော အသံဖြင့် အော်ဟစ်နေသည်၊ သူမ၏ အသံတွင် အဆုံးမရှိသော ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ဤနေရာမှ ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ အမူအရာမှာ ပြောင်းလဲသွားပြီး အရူးအမူး ကိုးကွယ်သူတစ်ယောက်ကဲ့သို့ သူမ၏ မျက်နှာတွင် ပြုံးပျော်နေသော အမူအရာ ပေါ်လာသည်။
"ဟားဟားဟားဟား......... သခင်၊ သခင်က ကျွန်မကို ခေါ်နေပြီ....... မကြာခင်မှာ ကျွန်မ ကြီးမားတဲ့ ကံကောင်းမှုကို ရတော့မယ်....... ငါဟာ ဒီကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာတော့မယ်......."
သူမသည် စကားများကို လျှောက်ပြောနေသည်၊ တစ်ခါတစ်ရံ ရူးသွပ်နေပြီး တစ်ခါတစ်ရံတွင်မူ ကြည်လင်နေသည်၊ ဆန့်ကျင်ဘက်ဖြစ်သော ခံစားချက်နှစ်ခုမှာ သူမ၏အတွင်း၌ ရောယှက်နေသဖြင့် ကြည့်ရသူကို ကြက်သီးထစေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်း၌ မတူညီသော ဝိညာဉ်နှစ်ခု ရှိနေပြီး အမြဲတမ်း ဆွဲဖြတ်ခံနေရသည့်အလား ရှိသည်။
လင်းယွီ၏ ထူးဆန်းသော အမူအရာကို ကြည့်ကာ မုန့်ဝမ်သည် တစ်ခုခုကို စဉ်းစားနေမိသည်။ ဤနေရာမှ ထွက်ပေါ်နေသော ထူးဆန်းသော အရှိန်အဝါမှာ လင်းယွီ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားနှင့် ပဲ့တင်ထပ်နေပြီး သူမကို လုံးဝ ရူးသွပ်သွားစေသည်ကို သူမ ခံစားမိသည်။
ချင်းယွီ၏ မျက်မှောင်များမှာ တင်းကြပ်နေပြီး သူ၏ ခန့်ညားသော မျက်နှာတွင် ရှားရှားပါးပါး လေးနက်သော အမူအရာ ပေါ်လာသည်။
"ဒီနေရာက တကယ်ကို ကြောက်စရာကောင်းတာပဲ........."
ထိုစဉ်မှာပင် မုန့်ဝမ်သည် သူမ၏ ရင်ထဲမှ အေးစက်မှုတစ်ခု တက်လာသည်ကို ခံစားလိုက်ရသည်။ သူမသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ထက်မြက်သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
"တစ်ခုခုတော့ မမှန်တော့ဘူး........."
သူတို့နှစ်ဦး သတိထားနေစဉ်မှာပင် အရပ်မျက်နှာ အနှံ့အပြားမှ တိုးဖျော့ပြီး ရူးသွပ်နေသော ဟိန်းဟောက်သံများမှာ အဝေးမှ နီးကပ်လာသည်၊ ငရဲ၏ အနက်ရှိုင်းဆုံးနေရာမှ မိစ္ဆာများ ဟိန်းဟောက်နေသည့်အလားပင်။ ထိုအသံများမှာ ပိုမို နီးကပ်လာပြီး ပိုမို ထူထပ်လာကာ သူတို့ထံသို့ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ တိုးဝင်လာသည်။
ချက်ချင်းဆိုသလိုပင် ထူးဆန်းသော အပြာရောင်အလင်းအောက်တွင် အမည်းရောင် အမွှေးရှည်များ ဖုံးလွှမ်းနေသော မရေမတွက်နိုင်သည့် ပုံရိပ်များမှာ တစ္ဆေများကဲ့သို့ အဝေးမှ ပေါ်ထွက်လာပြီး သူတို့ သုံးဦးထံသို့ ခုန်အုပ်လာကြတော့သည်။
မုန့်ဝမ်၏ အကြည့်မှာ စူးရှသွားပြီး သူမ၏ မျက်စိသူငယ်အိမ်ထဲတွင် ရှေ့ဆုံးမှ ပုံရိပ်များ ထင်ဟပ်လာသည်။
ရှောင်ရိ ၊ ဟွာလီ ၊ လီဖော်တျန်း
သူတို့အားလုံးသည် အသိစိတ်များ ပျောက်ဆုံးသွားပြီး မိစ္ဆာများကဲ့သို့ ဟောက်ကာ သူတို့ကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။ အတွင်းစိတ် တိုက်ပွဲဖြစ်နေသော လင်းယွီသည် ယခုအခါ လုံးဝ ရူးသွပ်သွားချေပြီ။
သူမ၏ မျက်လုံးများမှာ သွေးချင်းချင်းနီနေပြီး မျက်နှာမှာ တွန့်လိမ်နေကာ ထူးဆန်းသောအော်သံများကို ထုတ်ဖော်လျက် ထိန်းချုပ်ခံထားရသော ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ တိုက်ခိုက်ရေးတန်းဇယားထဲသို့ ဝင်ရောက်သွားတော့သည်။
သူတို့သည် ငရဲမှ မိစ္ဆာများ လူ့လောကသို့ ဆင်းသက်လာသည့်အလား ဟိန်းဟောက် အော်ဟစ်နေကြပြီး အသက်ရှူကျပ်စရာကောင်းသော ဖိအားများနှင့်အတူ သူတို့ သုံးဦးကို အပိုင်းပိုင်း ဆွဲဖြတ်ရန် ကြိုးစားနေကြသည်....... သိပ်သည်းသော သတ်ဖြတ်လိုစိတ်များမှာ လေထဲတွင် ပျံ့နှံ့နေပြီး နေရာတစ်ခုလုံးကို ဆွဲဖြတ်တော့မည့်အလား ရှိနေသည်။
ချင်းယွီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူက အရေးတကြီး ပြောလိုက်သည်။ "ငါတို့ ဘာလုပ်ကြမလဲ....... သူတို့ လာနေကြပြီ......."
အခန်း (၂၁၉) ကိုးကွေ့တစ်ပတ် အစီအရင်
မိစ္ဆာလှိုင်းလုံးကြီး တိုးဝင်လာသည်ကို ရင်ဆိုင်ရင်း မုန့်ဝမ်၏ မျက်ဝန်းများသည် အေးစက်ကြည်လင်နေပြီး ဆုတ်ခွာမည့် အရိပ်အယောင် လုံးဝမရှိချေ။
"ချင်းယွီ... နင် အကျွမ်းကျင်ဆုံးဖြစ်တဲ့ ပုံရိပ်ယောင်အတတ် ကို သုံးပြီး သူတို့နှလုံးသားထဲက နက်ရှိုင်းတဲ့ အသိစိတ်ကို နှိုးဆွလိုက်......."
၎င်းကို ကြားလိုက်ရသောအခါ ချင်းယွီသည် မဆိုင်းမတွဘဲ သူ၏ ပုံရိပ်ယောင်အတတ်ကို အစွမ်းကုန် အသက်သွင်းလိုက်တော့သည်။
သူသည် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ သွယ်လျသော လက်ချောင်းများသည် မမြင်ရသော ကြိုးများကို တီးခတ်နေသည့်အလား လေထဲတွင် လှပစွာ လှုပ်ရှားနေသည်။
မမြင်ရသော ဂယက်လှိုင်းများသည် သူ၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး အိပ်မက်ဆန်သော ပုံရိပ်များအဖြစ် နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
မွှေးပျံ့သော ရနံ့တစ်ခု လေထဲတွင် ပျံ့လွင့်လာပြီး စိတ်နှလုံးကို ယိမ်းနွဲ့သွားစေသည်။ ဤရနံ့သည် အလွန်နူးညံ့ပြီး ကမ္ဘာမြေကို ဖြတ်တိုက်သွားသော နွေဦးလေပြည်ကဲ့သို့ပင် မတည်ငြိမ်သော ခံစားချက်အားလုံးကို ငြိမ်သက်သွားစေနိုင်စွမ်းရှိသည်။
ဂယက်လှိုင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ အရူးအမူး ဟောက်နေကြသော ရက်စက်ကြမ်းကြုတ်သည့် "မိစ္ဆာများ" သည် သူတို့၏ လှုပ်ရှားမှုများကို တဖြည်းဖြည်း နှေးကွေးသွားစေသည်။
သူတို့၏ နီမြန်းသော မျက်လုံးများမှ သွေးရောင်များမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားပြီး ဇဝေဇဝါဖြစ်မှုများနှင့် အစားထိုးဝင်ရောက်လာသည်။
ရှောင်ရိ ၊ ဟွာလီ ၊ လီဖော်တျန်း နှင့် လင်းယွီ တို့သည်လည်း တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူတို့၏ မျက်ဝန်းထဲသို့ အသိစိတ် အစအနလေးများ ပြန်လည်ဝင်ရောက်လာသည်။
ချင်းယွီ၏ ပုံရိပ်ယောင်အတတ်မှာ ရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားပြီး မိစ္ဆာအများအပြား နိုးထလာကာ သူတို့၏ အသိစိတ်များကို ပြန်လည်ရရှိလာကြသည်။
မိစ္ဆာအုပ်စုမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားတော့သည်။
နိုးထလာသူများသည် အမည်မသိ စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုကို ထပ်မံ အလိုမရှိကြတော့ဘဲ အသိစိတ် လုံးဝပျောက်ဆုံးနေသော ပတ်ဝန်းကျင်မှ မိစ္ဆာများကို ပြန်လည် တိုက်ခိုက်ကြတော့သည်။
"သတ်ဖြတ်ဖို့ပဲ သိတဲ့ ရုပ်သေးရုပ်တွေ လုံးဝ ဖြစ်မသွားချင်ဘူးဆိုရင် သူ့ကို (ချင်းယွီ) သေချာ ကာကွယ်ထားကြ......."
မုန့်ဝမ်၏ ကြည်လင်အေးစက်သော အသံမှာ ရှုပ်ထွေးနေသော စစ်တလင်းတွင် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာသည်။
ရှောင်ရိ၊ ဟွာလီနှင့် အခြားသူများသည် ပုံရိပ်ယောင်အတတ်ကို ထုတ်ဖော်နေသော ချင်းယွီကို မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ပြီးနောက် သူတို့ပတ်ဝန်းကျင်မှ ရူးသွပ်နေသော မိစ္ဆာများကို ကြည့်ကာ လက်ရှိအခြေအနေကို ချက်ချင်း သဘောပေါက်သွားကြသည်။
သူတို့သည် မဆိုင်းမတွဘဲ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး လူသားဒိုင်းသဖွယ် ကာကွယ်ရေးတန်းတစ်ခု ပြုလုပ်ကာ ချင်းယွီ၊ မုန့်ဝမ်နှင့် ရွှမ်ကျီ တို့ကို အလယ်တွင် ထား၍ မြဲမြံစွာ ကာကွယ်လိုက်ကြသည်။
အသားနှင့် သွေးများ လွင့်စင်လာပြီး အော်ဟစ်သံများမှာလည်း မပြတ်တမ်း ထွက်ပေါ်နေသည်။ အသက်ရှူအနည်းငယ်အတွင်းမှာပင် အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြီး "မိစ္ဆာ" အုပ်စုနှစ်စုသည် အချင်းချင်း သတ်ဖြတ်နေကြတော့သည်။
ချင်းယွီသည် သူ၏ ရှေ့မှ ဒေသခံဂိုဏ်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးတန်းကို ခဏမျှ ကြည့်လိုက်သည်။
သူ မဝမ်းသာနိုင်မီမှာပင် သူ၏ မျက်လုံးထောင့်မှ မလှမ်းမကမ်းရှိ မုန့်ဝမ်နှင့် ရွှမ်ကျီတို့ကို ကြည့်လိုက်ရာ သူ၏ ရင်ထဲတွင် ထိတ်လန့်သွားရသည်။
ရိပ်ခနဲ ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ကာ မုန့်ဝမ်သည် ထိုချိန်တွင် ရွှမ်ကျီကို ခေါ်ကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
သူမ၏ အသုံးချခံ နယ်ရုပ်တစ်ခု ဖြစ်သွားရသည်ကို သဘောပေါက်လိုက်သောအခါ ချင်းယွီ၏ ရင်ထဲတွင် အတိုင်းအထက်အလွန် ဒေါသများ ထွက်ပေါ်လာပြီး သူ၏ မျက်နှာမှာလည်း ခန့်မှန်းရခက်သော အမူအရာများ ဖြစ်ပေါ်နေသည်။
ယခုအချိန်တွင် သူသည် မရေမတွက်နိုင်သော မိစ္ဆာများ၏ သုံးထပ်ခန့် ဝိုင်းရံခြင်းကို ခံထားရသဖြင့် ဒဏ်ရာမရဘဲ ဖောက်ထွက်ရန်မှာ မဖြစ်နိုင်သလောက်ပင်.......
ချင်းယွီသည် သူ့ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေဆဲ ဖြစ်သော မိစ္ဆာများကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူ၏ အသိစိတ်များ တဖြည်းဖြည်း ပြန်ဝင်လာသည်။
လက်ရှိ အခြေအနေတွင် ဇွတ်ဖောက်ထွက်ခြင်းမှာ သေကြောင်းကြံခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤနေရာမှာပဲ နေပြီး လက်ရှိ အခြေအနေကို တတ်နိုင်သမျှ ထိန်းထားကာ မိစ္ဆာအချင်းချင်း အထိနာသွားချိန်မှသာ မျှော်လင့်ချက် အလင်းတန်းတစ်ခု ပေါ်လာနိုင်ပေမည်။
ချင်းယွီသည် အံကြိတ်ကာ မုန့်ဝမ် ဘယ်ရောက်သွားလဲဆိုသည်ကို ဆက်မလိုက်တော့ဘဲ လက်ရှိ ပြဿနာကို ရင်ဆိုင်ရန်သာ သူ၏ စွမ်းအင်အားလုံးကို အာရုံစိုက်လိုက်တော့သည်။
သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီး ပုံရိပ်ယောင်အတတ်ကို အစွမ်းကုန် အသက်သွင်းကာ တိုက်ပွဲကို ထိန်းချုပ်ရန် ကြိုးစားနေတော့သည်။
တစ်ချိန်တည်းမှာပင် မုန့်ဝမ်သည် ရွှမ်ကျီကို ဦးဆောင်ကာ နက်ရှိုင်းသော ကျောက်စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းနေသည်။
သူမ၏ ခြေလှမ်းများမှာ ပေါ့ပါးလှသဖြင့် မည်သည့် အသံမျှ ထွက်မလာချေ။
မှောင်မိုက်နေသော ပတ်ဝန်းကျင်တွင် သူမ၏ ခန္ဓာကိုယ်ပေါ်မှ တဖျတ်ဖျတ် လက်နေသော သွေးရောင်အလင်းနုများကသာ လမ်းပြနေသည်။
လမ်းချိုးတစ်ခုသို့ ရောက်သောအခါ မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြောသွားပြီး ကြီးမားသော ကျောက်ခန်းမဆောင်ကြီး တစ်ခု ပေါ်လာသည်။
ခန်းမဆောင်၏ အလယ်တွင် အလွန်ပင် ထွားကျိုင်းသော မိစ္ဆာကြီး လေးကောင် မတ်တပ်ရပ်နေကြသည်။
သူတို့သည် အမြင့် နှစ်လံ ခန့် ရှိကြပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြွက်သားများ ဖောင်းကားနေကာ လှုပ်ရှားနေသော တောင်ငယ်လေးများအလား ရှိနေသည်။
သူတို့၏ တုတ်ခိုင်သော ခြေလက်များတွင် ထက်မြက်သော အရိုးများ ဖုံးလွှမ်းနေသဖြင့် မြင်ရသူကို ထိတ်လန့်စေသည်။
လှုပ်ရှားမှုကို ကြားလိုက်ရသောအခါ သူတို့ လေးကောင်စလုံး ခေါင်းလှည့်ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းထဲတွင် အဆုံးမရှိသော ရူးသွပ်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
ရွှမ်ကျီသည် မသိစိတ်ဖြင့် မုန့်ဝမ်၏ ရှေ့တွင် ကာရပ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်တွင် ရွှေရောင် ဗုဒ္ဓအလင်းများ တဖျတ်ဖျတ် လက်လာကာ ထိုမိစ္ဆာများကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။
သို့သော် မုန့်ဝမ်သည် ရွှမ်ကျီကို လှုပ်ရှားခွင့် ပေးရန် အစီအစဉ်မရှိချေ။ သူမသည် သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက် ကို အသက်သွင်းလိုက်ရာ မမြင်ရသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ထိုတောင်တမျှ ကြီးမားသော မိစ္ဆာလေးကောင်ကို အောင်မြင်စွာ ထောင်ချောက်ဆင်လိုက်သည်။
မိစ္ဆာများသည် မမြင်ရသော လှောင်အိမ်ထဲတွင် ပိတ်မိသွားကြသည်။
သူတို့သည် သူတို့၏ ကြီးမားသော လက်သည်းကြီးများကို ဆန့်ထုတ်လိုက်သော်လည်း ဘာမျှ ဆုပ်ကိုင်၍ မရဘဲ ပုံရိပ်ယောင်ထဲတွင် အချည်းနှီး ရုန်းကန်ရင်း အကူအညီမဲ့စွာ ဟိန်းဟောက်နေကြတော့သည်။
မုန့်ဝမ်သည် အကြည့်ကို လွှဲလိုက်ပြီး ပုံရိပ်ယောင်ထဲတွင် ရုန်းကန်နေဆဲဖြစ်သော မိစ္ဆာများကို ဂရုမစိုက်တော့ဘဲ ကျောက်ခန်းမ၏ အနက်ပိုင်းသို့ အမြန် လျှောက်သွားသည်။
ရွှမ်ကျီသည်လည်း ကပ်လျက် လိုက်ပါလာပြီး မုန့်ဝမ်နှင့်အတူ မြင့်မားသော ကျောက်နံရံကြီးတစ်ခု၏ အောက်သို့ ရောက်ရှိလာသည်။
ကျောက်နံရံပေါ်တွင် နက်နဲသော မှော်စာလုံးများကို ထွင်းထုထားပြီး စိမ်းဖန့်ဖန့် အလင်းနုများကို ထုတ်လွှတ်နေသည်။
သူတို့နှစ်ဦး အနားသို့ ရောက်သွားသောအခါ ၎င်းမှာ အမှန်တကယ်တော့ မရေမတွက်နိုင်သော ကျောက်နံရံများဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော လျှို့ဝှက်ဝင်္ကပါ အစီအရင် ကြီး တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းအား ကိုးကွေ့တစ်ပတ် အစီအရင် ဟု ခေါ်သည်။
ဤအစီအရင်တွင် ဝင်ပေါက်တစ်ခုတည်းသာ ရှိသော်လည်း အတွင်း၌ မရေမတွက်နိုင်သော လမ်းခွဲများနှင့် ကွေ့ကောက်နေသော လမ်းများ ရှိသည်။
ကြီးမားသော ပင့်ကူအိမ်ကြီးကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ ဖြန့်ကျက်ထားသော်လည်း လမ်းမှန်မှာမူ တစ်ခုတည်းသာ ရှိသည်။
လမ်းမှားကို ရွေးချယ်မိသည်နှင့် ဝိညာဉ်အာရုံ တိုက်ခိုက်မှုများကို ခံရမည် ဖြစ်သည်။ လမ်းမှားကို ရွေးမိသည့် အကြိမ်ရေ များလာလေလေ ဝိညာဉ်အာရုံ တိုက်ခိုက်မှုမှာ ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။
နောက်ဆုံးတွင် စိန်ခေါ်သူ၏ ဝိညာဉ်အာရုံမှာ အားနည်းသွားပြီး စိတ်များ ဝေဝါးလာကာ ဝင်္ကပါအတွင်း ထာဝရ ပိတ်မိသွားမည် ဖြစ်သည်။
မုန့်ဝမ်သည် သူမရှေ့ရှိ အစီအရင်ကို သေချာ စစ်ဆေးနေစဉ်မှာပင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမ ဖန်တီးထားသော ပုံရိပ်ယောင်မှာ မိစ္ဆာလေးကောင်၏ တိုက်ခိုက်မှုကြောင့် တုန်ခါလာနေပြီး အချိန်မရွေး ပျက်ပြယ်သွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ သူမတွင် အချိန်အများကြီး မရှိတော့ချေ။
"သွားကြရအောင်။ ဒီအစီအရင် နောက်ကွယ်မှာ ပုန်းနေတာ လူလား၊ သရဲလားဆိုတာ ငါ သိချင်လှပြီ"
မုန့်ဝမ် စကားဆုံးသည်နှင့် သူမသည် ကြီးမားသော အစီအရင်၏ ဝင်ပေါက်ဆီသို့ ရိပ်ခနဲ ပြေးဝင်သွားသည်။ ရွှမ်ကျီသည်လည်း မျက်ခုံးတစ်ချက်ပင် မတွန့်ဘဲ မုန့်ဝမ်နှင့်အတူ လိုက်ဝင်သွားသည်။
ကိုးကွေ့တစ်ပတ် အစီအရင်ထဲသို့ ရောက်သည်နှင့် တူညီသော နက်ရှိုင်းပြီး ကျဉ်းမြောင်းသည့် လမ်းကိုးလမ်းမှာ မုန့်ဝမ်၏ ရှေ့တွင် ပေါ်လာသည်။
မုန့်ဝမ်သည် ခဏမျှ စဉ်းစားပြီးနောက် လက်ဟန်များ ပြုလုပ်လိုက်ရာ သူမ၏ လက်ချောင်းထိပ်များမှ နီမြန်းသော သွေးစက်များ ထွက်ကျလာသည်။
သွေးစက်များ မြေပေါ်ကျသွားသည်နှင့် သွေးမြူများအဖြစ် ပြောင်းလဲသွားပြီးနောက် အခြေခံစွမ်းအင်အဆင့် ခန့်သာရှိသော သွေးဝိညာဉ် ကြွက်အုပ်စုများအဖြစ် သူမ၏ ခြေရင်းတွင် ပေါ်လာသည်။
ဤကြွက်များသည် အသားနှင့် သွေးဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ သွေးဝိညာဉ်ဆင့်ခေါ်ခြင်း ကျင့်စဉ်ဖြင့် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။
သူတို့၏ စွမ်းအားမှာ အလွန်အားနည်းသဖြင့် တိုက်ခိုက်ရေးအတွက် အသုံးမဝင်သော်လည်း လမ်းစူးစမ်းရန်အတွက်မူ အသင့်တော်ဆုံးပင်။
"သွားကြ" မုန့်ဝမ်က တိုးတိုးလေး အမိန့်ပေးလိုက်ရာ သွေးကြွက်များသည် လေးမှ ထွက်သွားသော မြားများကဲ့သို့ လမ်းကိုးလမ်းထဲသို့ တစ်ကောင်စီ ပြေးဝင်သွားကြသည်။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။ မုန့်ဝမ်သည် ထိုနေရာမှာပင် ငြိမ်သက်စွာ ရပ်နေပြီး သွေးကြွက်များ ပြန်လည် ပေးပို့လာသော သတင်းအချက်အလက်များကို အာရုံခံနေသည်။
အားနည်းသော သွေးကြွက်များအတွက် လမ်းမှားကို ရွေးမိခြင်း၏ ရလဒ်မှာ တစ်ခုတည်းသာ ရှိသည် - အသေခံရခြင်းပင်။ မကြာမီမှာပင် သွေးကြွက် နှစ်ကောင်သာ အသက်ရှင် ကျန်ရစ်တော့သည်။
မုန့်ဝမ်သည် နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်ပြီး လမ်းတစ်ခုထဲသို့ မဆိုင်းမတွ လှမ်းဝင်လိုက်သည်။ ထို့နောက် ဤနည်းလမ်းကိုပင် ထပ်ခါတလဲလဲ အသုံးပြုကာ လမ်းပြရန်အတွက် သွေးကြွက်အုပ်စုများကို ထပ်မံ ဆင့်ခေါ်လိုက်သည်။
သွေးကြွက်များ၏ လမ်းပြမှုဖြင့် မုန့်ဝမ်သည် ဝင်္ကပါအတွင်း လှုပ်ရှားနေပြီး ခြေလှမ်းတိုင်းမှာ အလွန် တိကျလှသည်။
သာမန်လူများအတွက် ကိုးကွေ့တစ်ပတ် အစီအရင်မှာ ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲလှသော်လည်း သူမအတွက်မူ ပန်းခြံထဲတွင် လမ်းလျှောက်နေသည့်အလား ပေါ့ပါးနေတော့သည်။
တစ်နာရီခန့် ဤသို့ သွားလာပြီးနောက် မုန့်ဝမ်သည် နောက်ဆုံးတွင် ကိုးကွေ့တစ်ပတ် အစီအရင်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားတော့သည်။
အခန်း (၂၂၀) နင်က 'အထက်' က လွှတ်လိုက်တာလား
မုန့်ဝမ်သည် သူမ၏ ခြေဖျားလေးများကို အသာအယာတို့လျက် ကိုးကွေ့တစ်ပတ် အစီအရင် ၏ နောက်ဆုံးဂိတ်မှ အေးဆေးစွာ လှမ်းထွက်လိုက်သည်။ သူမ၏ရှေ့တွင် ကျောက်ခန်းမဆောင်တစ်ခု ပေါ်လာသည်။
၎င်းမှာ အလွန်ကျယ်ဝန်းသော ကျောက်ခန်းမတစ်ခုဖြစ်ပြီး နံရံများတွင် အလင်းပေးပုလဲများကို မြှုပ်နှံထားရာ တစ်ခန်းလုံးကို နူးညံ့သောအလင်းရောင်များဖြင့် လင်းထိန်စေသည်။
ခန်းမ၏အလယ်တွင် ကျောက်စားပွဲတစ်ခု ရှိနေပြီး ၎င်းပေါ်တွင် လက်ရာမြောက်သော လက်ဖက်ရည်အိုး အစုံအလင် ရှိနေသည်။
လက်ဖက်ရည်အိုးမှ ရေနွေးငွေ့များ ထွက်ပေါ်နေပြီး လေထဲတွင် သင်းပျံ့သော လက်ဖက်ရည်နံ့များ ပျံ့လွင့်နေသည်။
ကျောက်စားပွဲဘေးတွင် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အမျိုးသားကျင့်ကြံသူတစ်ဦးသည် တင်ပျဉ်ခွေထိုင်နေသည်။
သူ၏ရုပ်ရည်မှာ သာမန်မျှသာဖြစ်သော်လည်း သူ၏မျက်လုံးများမှာ ထက်မြက်ပြီး ပါးနပ်မှုများ ရှိနေသည်။
သူသည် မုန့်ဝမ်ကို စိတ်ဝင်တစားကြည့်နေပြီး သူ၏အကြည့်တွင် အံ့သြမှုအချို့ ပါဝင်နေသည်။
"တကယ့်ကို ရှားပါးတဲ့ ဧည့်သည်ပဲ။ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲမသိဘူး... ဒီကိုးကွေ့တစ်ပတ် အစီအရင်ကို တစ်ယောက်ယောက် ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး။ တကယ်ကို အထင်ကြီးစရာပဲ"
မုန့်ဝမ်က ချက်ချင်းပြန်မဖြေချေ။ သူမသည် မျက်လုံးများကို အနည်းငယ်ကျုံ့လိုက်ပြီး လင်းယုန်တစ်ကောင်ကဲ့သို့ ထက်မြက်သော အကြည့်များဖြင့် ကျောက်ခန်းမကို စူးစမ်းလိုက်သည်။
နံရံများမှာ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေပြီး အလင်းပေးပုလဲများမှလွဲ၍ မည်သည့်ထွင်းထုမှုမျှ မရှိသဖြင့် အေးစက်စက်နိုင်လှသည်။ ကြမ်းပြင်မှာလည်း အလွန်ညီညာပြီး ဖုန်တစ်စပင် မရှိချေ။
နောက်ဆုံးတွင် မုန့်ဝမ်သည် ကျောက်စားပွဲဆီသို့ အာရုံပြန်ပို့လိုက်သည်။ ထိုသူ လက်ဖက်ရည်ဖျော်ရန် အသုံးပြုသော လက်ဖက်ရည်အိုးမှာ အမှန်တကယ်တော့ 'နှစ်တစ်ထောင် အအေးဓာတ်သံမဏိ' ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဤမျှ ကြွယ်ဝချမ်းသာသော ဤအသက်လတ်ပိုင်း အမျိုးသားကျင့်ကြံသူမှာ အဓိကအင်အားစုကြီးတစ်ခုမှ ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။
မုန့်ဝမ်က ထိုအရာများကို စဉ်းစားနေသော်လည်း သူမ၏အမူအရာမှာ တည်ငြိမ်နေပြီး အေးစက်စွာသာ ပြောလိုက်သည်။
"ကံကောင်းလို့ပါ... လမ်းမှန်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားတာပါ"
မုန့်ဝမ်က သူ၏မေးခွန်းကို တိုက်ရိုက်မဖြေသည်ကို မြင်သောအခါ ထိုသူက စိတ်မဆိုးဘဲ အသာအယာ ပြုံးလိုက်သည်။
သူသည် လက်ဖက်ရည်ခွက်ကို မ၍ တစ်ငုံသောက်လိုက်ရာ လက်ဖက်ရည်နံ့မှာ ချက်ချင်းပျံ့နှံ့သွားသည်။ သူသည် မျက်လုံးများကို အသာမှိတ်ကာ အလွန်အရသာတွေ့နေသည့်အလား ရှိသည်။
"ကောင်မလေး... နင့်ရဲ့ သတိထားမှုက တော်တော်မြင့်တာပဲ။ ဒါပေမဲ့ နင် ဒီကို ရောက်လာမှတော့ ထွက်သွားဖို့တော့ မစဉ်းစားနဲ့တော့"
သူသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ အသာအယာပြန်တင်လိုက်ရာ တိတ်ဆိတ်နေသော ကျောက်ခန်းမထဲတွင် အသံမှာ ပဲ့တင်ထပ်သွားသည်။
သူသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ရာ သူ၏မီးခိုးရောင်ဝတ်စုံမှာ လေမတိုက်ဘဲ တဖျတ်ဖျတ် လွင့်ပျံလာပြီး ပြင်းထန်သော ဝိညာဉ်ဖိအား တစ်ခုသည် ကျောက်ခန်းမတစ်ခုလုံးသို့ ရိုက်ခတ်လာတော့သည်။
"ဒီ ကျင့်ကြံခြင်းဂူ ထဲကို အသက်ရှင်လျက် ဝင်လာနိုင်တဲ့ ကျင့်ကြံသူ မရှိတာ ကြာပြီ။ ကောင်မလေး... နင် တော်တော်စွမ်းတာပဲ"
သူ၏အသံမှာ သဲများကို ကြိတ်ခြေလိုက်သည့်အလား နက်ရှိုင်းပြီး အက်ကွဲနေသဖြင့် နားထောင်ရသူကို မသက်မသာ ဖြစ်စေသည်။
"ငါ နင်နဲ့ အေးအေးဆေးဆေး စကားပြောချင်ပါသေးတယ်... ဒါပေမဲ့ အချိန်က မရှိတော့ဘူး။ အမြန်ပဲ အဆုံးသတ်လိုက်ကြရအောင်......."
စကားဆုံးသည်နှင့် သူ၏ကိုယ်ဟန်မှာ ဝေဝါးသွားပြီး တစ္ဆေတစ်ကောင်အလား မုန့်ဝမ်၏ရှေ့သို့ ရောက်ရှိလာသည်။
သူ၏ညာလက်မှာ လက်သည်းပုံစံ ပြုလုပ်ထားပြီး ထက်မြက်သော လေတိုးသံနှင့်အတူ မုန့်ဝမ်၏ လည်ပင်းဆီသို့ တည့်တည့်ဦးတည်လာသည်။ အရှိန်မှာ အလွန်ပင် မြန်လှသည်။
ရိပ်ခနဲ ရွှေရောင်အလင်းတစ်ခု လက်သွားပြီး ရွှမ်ကျီ သည် မုန့်ဝမ်၏ရှေ့တွင် ကာရပ်လိုက်သည်။
သူသည် လက်နှစ်ဖက်ကို ပူးကပ်ကာ ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်အလင်းများ တောက်ပလာပြီး 'ဗာဂျရာရဟန္တာ' တစ်ပါးကဲ့သို့ ထိုသူ၏တိုက်ကွက်ကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။
ဘုန်း.......
ပြင်းထန်သော အသံကြီးနှင့်အတူ ရွှမ်ကျီသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးအချို့ စီးကျလာသည်။
သူ၏မျက်နှာမှာ ဖြူဖျော့နေသော်လည်း မျက်ဝန်းများမှာမူ ခိုင်မာနေပြီး ဆုတ်ခွာမည့် အရိပ်အယောင် လုံးဝမရှိချေ။
"ဒီဘက်ခေတ်မှာ ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေကတောင် 'သူရဲကောင်းက အလှမယ်ကို ကယ်တင်တဲ့' ဇာတ်လမ်းမျိုး ကစားတတ်နေပြီလား။ ရှားပါးလိုက်တာ"
ထိုသူက လှောင်ပြောင်လိုက်ပြီး ထပ်မံတိုက်ခိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် သူ၏တိုက်ကွက်များမှာ ပိုမိုရက်စက်လာပြီး အကွက်တိုင်းမှာ အသက်ကို ရန်ရှာနေသည်။ ရွှမ်ကျီ၏ စွမ်းအားမှာ မနိမ့်သော်လည်း နောက်ဆုံးတွင် ထိုအမျိုးသားကို မယှဉ်နိုင်ချေ။ သူသည် တိုက်ကွက်အနည်းငယ်ကိုသာ ခက်ခဲစွာ ကာကွယ်နိုင်ခဲ့ပြီး ထိုသူ၏ လက်ဝါးချက်ဖြင့် ရင်ဘတ်ကို အတိုက်ခံရကာ နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားတော့သည်။
အမျိုးသားသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရွှမ်ကျီကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီလောက် သစ္စာရှိတဲ့ ဘုန်းကြီးမျိုး မတွေ့ရတာ ကြာပြီ... ကောင်းပြီလေ၊ နင်တို့ နှစ်ယောက်လုံးကို သေခိုင်းလိုက်မယ်"
သူသည် ရွှမ်ကျီထံသို့ တစ်လှမ်းချင်း တိုးလာပြန်သည်။ ပြင်းထန်သော လက်ဝါးလေကြောင့် ကျောက်ခန်းမအတွင်းရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားပြီး လေထုပင် ခဲသွားသည့်အလား ရှိနေသည်။
ရွှမ်ကျီသည် အသက်ကို ပြင်းပြင်းရှူနေရပြီး သူ၏ခန္ဓာကိုယ်မှ သွေးများ ပိုမိုစီးကျလာသည်။
သူ၏ခန္ဓာကိုယ်မှာ အကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်သော်လည်း သူသည် အံကြိတ်ကာ အံ့သြဖွယ်ကောင်းသော စိတ်ဓာတ်ဖြင့် ပြန်ထရန် ကြိုးစားနေဆဲပင်။
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"
အမျိုးသားက နှာခေါင်းရှုံ့လိုက်ရာ သူ ဘာမှမလုပ်လိုက်ရဘဲ ရွှမ်ကျီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပူတက်လာသည်။ ဤသည်မှာ မိစ္ဆာအသွင်ပြောင်းလဲခြင်း၏ လက္ခဏာပင် ဖြစ်သည်။
အကယ်၍ ထိန်းချုပ်ခြင်းမပြုပါက ရွှမ်ကျီသည် မကြာမီမှာပင် အမွှေးရှည်မိစ္ဆာတစ်ကောင် ဖြစ်သွားတော့မည်။
ရွှမ်ကျီသည် သူ၏ အန္တရာယ်ရှိသော အခြေအနေကို သတိပြုမိသွားသည့်အလား ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲနေသော စွမ်းအားကို တိတ်တဆိတ် ခုခံနေသည်။
အစပိုင်းတွင် ထိုအမျိုးသားမှာ ပွဲကြည့်လိုသောစိတ်ဖြင့် ရွှမ်ကျီ ကြာကြာခံလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် နာရီဝက်ခန့် ကြာသွားသည့်တိုင်အောင် ရွှမ်ကျီမှာ ယိမ်းထိုးနေသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ခက်ခဲစွာ တောင့်ခံထားနိုင်ဆဲပင်.......
"ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ..."
၎င်းကိုမြင်သောအခါ အမျိုးသားမှာ မယုံကြည်နိုင်ဖြစ်သွားသည်။ "ဟေ့ ဘုန်းကြီး... နင် ဒါကို ဘယ်လို တောင့်ခံနိုင်တာလဲ"
သူ၏မျက်ဝန်းထဲတွင် သံသယများနှင့် မကျေနပ်မှုများ ပြည့်နှက်သွားပြီး ရွှမ်ကျီကို ထပ်မံ ရက်စက်စွာ တိုက်ခိုက်ပြန်သည်။ ရွှမ်ကျီသည် ညည်းညူလိုက်ရပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းမှာ မှေးမှိန်သွားသည်။
သို့သော် သူသည် ဘာမှမပြောဘဲ ထိုသူ၏ရှေ့တွင် ထပ်မံ ကာရပ်လိုက်ပြန်သည်။ အမျိုးသားက လှောင်ပြောင်လိုက်ပြီး သူ၏လက်ဝါးချက်မှာ ဓားတစ်စင်းကဲ့သို့ ထက်မြက်ကာ ရွှမ်ကျီ၏ အသက်အန္တရာယ်ရှိသော နေရာသို့ တိုက်ရိုက် ဦးတည်လိုက်သည်။
"အလကားပဲ....... နင်က အသိစိတ်ကို ခုခံနိုင်ရင်တောင် ဘာထူးမှာလဲ။ သေလမ်းပဲ ရှိတာ......."
"ဟုတ်လို့လား"
ကြည်လင်အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအမျိုးသားသည် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ မုန့်ဝမ်သည် ကျောက်ခန်းမ၏ အလယ်ရှိ ကျောက်စားပွဲဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။
ထိုသူ၏ ထိတ်လန့်နေသောအကြည့်အောက်မှာပင် သူမသည် သူမ၏လက်ကို အသာအယာမြှောက်ကာ ကျောက်စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
နူးညံ့လှသည်ဟု ထင်ရသော ထိုလက်ဝါးချက်တွင် ဖျက်ဆီးနိုင်စွမ်းရှိသော အင်အားများ ပါဝင်နေသည်။ ကျောက်စားပွဲမှာ အက်ကွဲသွားပြီး ကျောက်စအချို့ လွင့်ထွက်သွားရာ အတွင်းမှ လက်သီးဆုပ်ခန့်ရှိသော ထူးဆန်းသည့် အမည်းရောင်ကျောက်တုံးတစ်ခု ပေါ်လာသည်။ ကျောက်တုံးမှာ တစ်ခုလုံး အမည်းရောင်ဖြစ်ပြီး မျက်နှာပြင်တွင် ထူးခြားသော ပုံစံများ ရှိနေကာ ရင်တုန်စရာကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
"ဟင့်အင်း... မဖြစ်နိုင်တာ......."
အမျိုးသား၏မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည်။
မုန့်ဝမ်၏ ပစ်မှတ်မှာ ထိုအရာဖြစ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ချေ.......
သူသည် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်ကာ မုန့်ဝမ်၏လက်ထဲမှ ထိုကျောက်တုံးကို လုယူရန် ကျောက်စားပွဲဆီသို့ အပြင်းပြေးဝင်လာသည်။
၎င်းကိုမြင်သောအခါ ရွှမ်ကျီသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော သွေးများကို ဖိနှိပ်ကာ မုန့်ဝမ်အတွက် အချိန်ရစေရန် ထိုအမျိုးသားကို အသေအလဲ ပိတ်ဆို့လိုက်သည်။
"နင်က ဘယ်သူလဲ.............. ဒါ ရှိနေတာကို နင် ဘယ်လိုသိတာလဲ.............."
ထိုအမျိုးသားမှာ ရွှမ်ကျီ၏ ပိတ်ဆို့မှုကို မကျော်ဖြတ်နိုင်သဖြင့် စိတ်ပျက်စွာ ဟောက်လိုက်သည်။ သူသည် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားပြီး မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားသည်။
"ဒါဆို... နင်က 'အထက်' က လွှတ်လိုက်တဲ့သူလား.............."
မုန့်ဝမ်က သူ၏မေးခွန်းကို ဂရုမစိုက်ချေ။ သူမသည် ထိုထူးဆန်းသော ကျောက်တုံးကို လက်ထဲတွင် ကိုင်ထားပြီး အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အာရုံခံနေသည်။
အမျိုးသားသည် မုန့်ဝမ်က ထိုကျောက်တုံးကို အလွယ်တကူ ကိုင်ထားနိုင်သည်ကို မြင်သောအခါ မျက်နှာမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။
"ငါက ကျန်းမိသားစုရဲ့ မျိုးဆက်ပဲ....... ဒါကို ငါ အရင်တွေ့တာ... ငါ့ကို အမြန်ပြန်ပေး......."
"ပြန်ပေးဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
မုန့်ဝမ်က သူ့ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။ သူမသည် နှလုံးစားပိုးကောင်း၏ စိတ်ဖတ်အတတ်ကို အသုံးပြုကာ ထိုသူ၏ အတွေးများကို တိတ်တဆိတ် နားထောင်နေခဲ့ပြီး ကိစ္စအဝဝ၏ အမှန်တရားကို အကြမ်းဖျင်း သိရှိနေပြီ ဖြစ်သည်။
ချက်ချင်းပင် သူမသည် ထိုကျောက်တုံးပေါ်မှ တားမြစ်ချက် အနည်းငယ်ကို ဖွင့်ထုတ်လိုက်ပြီးနောက် လက်ထဲမှ ကျောက်တုံးကို ထိုအမျိုးသားထံသို့ လွှတ်ပစ်လိုက်သည်။
"ဟင့်အင်း... မလုပ်နဲ့......."
အမျိုးသား၏မျက်နှာမှာ ဖြူလျော့သွားပြီး အမြန်တောင်းပန်တော့သည်။ "ငါ ဒီကမ္ဘာရဲ့ အမှန်တရားကို သိတယ်... ငါ အကုန်ပြောပြမယ်၊ အမြန် ရပ်လိုက်ပါ..."
သူ၏စကားပင် မဆုံးသေးမီမှာပင် ထိုထူးဆန်းသော ကျောက်တုံးမှာ တောက်ပစွာ လင်းလက်လာပြီး အတွင်းမှ ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာကာ ထိုအမျိုးသား၏ ဝိညာဉ်အမြုတေ ကို လုံးဝ ဝါးမြိုပစ်လိုက်တော့သည်။