အခန်း (၂၃၀)
Vol. 23 Ch. 230
ရှန်းယွီ၏ နောက်နားတွင် ကပ်၍လျှောက်လာသော လီယောင်းသည် ရုတ်တရက် ရှေ့သို့ခုန်တက်ကာ သူ၏ကျောပြင်ကို နောက်မှနေ၍ တင်းကျပ်စွာ ဖက်တွယ်လိုက်သည်။ သူမ၏ နွေးထွေးသော ထွက်သက်ဝင်သက်များက ရှန်းယွီ၏ နားပါးသို့ ရိုက်ခတ်နေစဉ် သူမက တိုးညှင်းသော လေသံဖြင့် "စီနီယာအစ်ကို... ကျွန်မကို ဘာလို့ရှာနေတာလဲ" ဟု မေးလိုက်သည်။ ထို့နောက် နောက်ပြောင်ကျီစယ်သော အသံဖြင့် "အစ်ကိုက... ဘာလုပ်ချင်လို့လဲဟင်" ဟု ဆက်၍ပြောလိုက်သည်။
သို့သော် သူမ စကားမဆုံးမီမှာပင် ရှန်းယွီသည် သူမ၏ ဖက်တွယ်ထားမှုကို လွယ်လင့်တကူ ဖယ်ရှားလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ အကွာအဝေးတစ်ခု ခြားလိုက်သည်။
"စမ်းသပ်ကြည့်ချင်တာလေး တစ်ခုရှိလို့ပါ"
သူက သူမဘက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။
လီယောင်းမှာမူ ဖြစ်ပျက်သွားသော အခြေအနေကြောင့် ကြောင်အမ်းကာ ကျန်ရစ်ခဲ့သည်။ သူမသည် သူမ၏ လက်နှစ်ဖက်ကို မျက်နှာရှေ့သို့ ဖြည်းညင်းစွာ မြှောက်ကြည့်ရင်း အံ့ဩမှင်သက်နေမိသည်။ သူမ၏ မျက်နှာမှာ သရဲသပက်ကို မြင်လိုက်ရသကဲ့သို့ ဖြူလျော်သွားတော့သည်။
သူ လွတ်သွားတာလား။
သူမသည် ဟာလာဟင်းလင်း ဖြစ်ကာ ကျန်ရစ်သော သူမလက်များကို စိုက်ကြည့်ရင်း မယုံကြည်နိုင်စွာ တွေးနေမိသည်။ သူမ၏ စီနီယာအစ်ကိုသည် သူမ၏ ဖက်တွယ်ထားမှုမှ အမှန်တကယ်ပင် ရုန်းထွက်နိုင်ခဲ့လေပြီ။
ဤသည်မှာ သူ အလိုရှိပါက သူမထံမှ အချိန်မရွေး ထွက်ပြေးနိုင်သည်ဟု ဆိုလိုခြင်းလား။
လီယောင်း၏ မျက်နှာထက်တွင် အံ့ဩမှုများ ပျောက်ကွယ်သွားပြီး ပိုမိုပြတ်သား၍ ခိုင်မာသော အမူအရာတစ်ခု အစားထိုး ဝင်ရောက်လာသည်။ သူမသည် ကျင့်ကြံခြင်းတွင် ပေါ့လျော့နေခဲ့ပုံရသည်။ စီနီယာအစ်ကိုသည် အလွန်အစွမ်းထက်သော အမွေအနှစ် တစ်ခုခုကို ရရှိထားကြောင်း ဧကရီက သတိပေးခဲ့ဖူးသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။
မဟုတ်သေးဘူး။ ဒီအတိုင်း ဆက်ထားထားလို့ မဖြစ်တော့ဘူး။
သူမ ပို၍သန်မာလာရန် လိုအပ်သည်။ ပို၍ သန်မာလာမှ ဖြစ်မည်။ သို့မှသာလျှင် သူ့ကို အမိအရ ချည်နှောင်ထားနိုင်ပေလိမ့်မည်။
"ငါပြောတာ နားထောင်နေရဲ့လား"
ရှန်းယွီ၏ အသံက သူမ၏ ရှုပ်ထွေးနေသော အတွေးစများကို ဖြတ်တောက်လိုက်သည်။
လီယောင်းသည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး ဘာမျှမဖြစ်ခဲ့သကဲ့သို့ပင် သူမ၏ ထုံးစံအတိုင်း ရွှင်ပျသော အမူအရာသို့ ချက်ချင်း ပြန်ပြောင်းလိုက်သည်။ ထို့နောက် အားအင်
အသစ်များဖြင့် ရှန်းယွီထံသို့ အပြေးအလွှား ချဉ်းကပ်သွားပြန်သည်။
"အာ... ဟုတ်ကဲ့ အစ်ကို ဘာပြောလိုက်တာလဲဟင်"
သူမက တောက်ပစွာ ပြန်ဖြေရင်း သူတို့ကြားရှိ အကွာအဝေးကို တစ်ဖန် ပြန်လည် ကျဉ်းမြောင်းလိုက်သည်။
"စီနီယာအစ်ကို... ဘာကို စမ်းသပ်ချင်တာလဲဟင်"
သူမက မေးလိုက်သည်။
ရှန်းယွီသည် တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားသော စိတ်မသက်မသာမှုကို ခံစားလိုက်ရသည်။ အစောပိုင်း ခဏတာအတွင်း သူမ၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားပုံကို သူ သတိထားမိလိုက်သည်။ သူမသည် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးနှင့် အမှန်ပင် တူလှပေသည်။
သူသည် ထိုစိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားပြီး လက်ရှိလုပ်ဆောင်ရမည့် အလုပ်အပေါ် အာရုံစိုက်လိုက်သည်။
"မင်းရဲ့ ဓားကို ခဏလောက် ကြည့်လို့ရမလား"
သူက လက်ကမ်းရင်း မေးလိုက်သည်။
"ရတာပေါ့"
သူမက မဆိုင်းမတွ ပြန်ဖြေရင်း သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ လက်နက်ကို ချက်ချင်းထုတ်ယူကာ သူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှန်းယွီ၏ လက်ချောင်းများက ဓားရိုးကို ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ဓား၏ ဂုဏ်သတ္တိများကို အသေးစိတ် သိရှိနိုင်ရန် သူ၏ အကဲဖြတ်စွမ်းရည်ကို စတင် အသုံးပြုလိုက်တော့သည်။
[အမည် - မိုးပြာတိမ်တိုက်ဓား]
[အမျိုးအစား - လက်နက်]
[အဆင့် - နတ်ဘုရားအဆင့်အတု]
[အချက်အလက် - ဖုန်းထျန်းရွှီသည် သူ၏ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံမှုနှင့် ဝိညာဉ်စွမ်းအင်အားလုံးကို အသုံးပြု၍ ဤဓားကို အလွန်တရာ ထက်မြက်သော လက်နက်တစ်ခုအဖြစ် သွန်းလုပ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ဓားကို အပြီးသတ် သွန်းလုပ်နိုင်ခြင်းမရှိမီ သူ၏ ဝိညာဉ်မှာ အခြေတည်ဝိညာဉ်အဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့ပြီး ကျင့်ကြံမှုအားလုံးလည်း ဆုတ်ယုတ်သွားခဲ့သည်။ လက်ရှိတွင် ဤဓားသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ခြေတစ်
လှမ်းသာ လိုတော့သည်]
ဤအချက်အလက်များကို သိလိုက်ရသောအခါ ရှန်းယွီ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ ဖုန်းထျန်းရွှီမှာ သူတို့၏ မိုးပြာတိမ်တိုက်ဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးဖြစ်ကြောင်း သူသိရှိသော်လည်း ထိုဘိုးဘေးမှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အထိ ရောက်ရှိခဲ့သူဖြစ်ကြောင်း သိလိုက်ရသဖြင့် အမှန်တကယ် အံ့အားသင့်သွားမိသည်။
သူသည် ဓားကို ကိုင်မြှောက်ကာ အလေးချိန်နှင့် အနေအထားကို စစ်ဆေးကြည့်ရာ ဓားသွားအတွင်း၌ ကိန်းအောင်းနေသော အံ့မခန်းစွမ်းအင်များကို အမှန်ပင် အာရုံခံလိုက်မိသည်။ ၎င်းသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် အနေအထားမှာ အမှန်ပင်။
ဤလက်နက်ကို နတ်ဘုရားအဆင့်နှင့် နီးကပ်သွားအောင် ဖန်တီးနိုင်ခဲ့သည်မှာ ထိုဘိုးဘေး၌ အလွန်ခိုင်မာသော အခြေခံစွမ်းအား ရှိခဲ့သောကြောင့်ပင်။ ဤဓားကို နောက်ဆုံးခြေတစ်လှမ်းအထိ တက်လှမ်းနိုင်အောင် သူ ကူညီပေးနိုင်မလားဟု ရှန်းယွီ တွေးတောနေမိသော်လည်း မည်မျှအထိ ဖြစ်နိုင်မည်ကိုမူ မသေချာသေးပေ။
နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပါက ဤဓားကို ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ထက် ကျော်လွန်သော ကျင့်ကြံသူများပင် အလိုရှိကြပေလိမ့်မည်။ နတ်ဘုရားအဆင့် လက်နက်ကိရိယာများမှာ နောက်ပြောင်စရာမဟုတ်ဘဲ လူ့လောကရှိ ပန်းပဲအတတ်ပညာ၏ အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။
ဤဓားသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဆိုသော်လည်း ထိုကျန်ရှိနေသော ခြေတစ်လှမ်းမှာမူ စစ်မှန်သော နတ်ဘုရားအဆင့်နှင့် ခွဲခြားထားသည့် အလွန်နက်ရှိုင်းသော ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်ကို ရှန်းယွီ ခံစားနေရသည်။ ကွာဟချက်မှာ သေးငယ်သည်ဟု ထင်ရသော်လည်း ၎င်းကို ကျော်လွန်နိုင်ရန်မှာမူ ထူးခြားဆန်းပြားသော အရာတစ်ခုခု လိုအပ်ပေလိမည်။
သူသည် ဓားကို လုပ်ငန်းခွင် စားပွဲပေါ်သို့ အသာအယာ တင်လိုက်ပြီးနောက် လက်ကိုမြှောက်ကာ သူ၏ ဟင်းလင်းပြင်နက်မှိုင်းမီးလျှံကို ဆင့်ခေါ်လိုက်သည်။
"စီနီယာအစ်ကို... ဒီဓားက မီးလောင်နိုင်လားဆိုတာ စမ်းကြည့်ချင်လို့လား"
လီယောင်းက ကလေးငယ်တစ်ဦးကဲ့သို့ စိတ်အားထက်သန်စွာဖြင့် စူးစမ်းလိုစိတ်အပြည့်နှင့် မေးလိုက်သည်။
ရှန်းယွီသည် သူမ၏ အပြစ်ကင်းသော စိတ်လှုပ်ရှားမှုကို ကြည့်ကာ ပြုံးလိုက်မိသည်။ အစောပိုင်းက စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း ယခု သူမ၏ တုံ့ပြန်ပုံမှာ အမှန်တကယ် ချစ်စရာကောင်းလှသည်။
"မဟုတ်ဘူး ငါ ဒီဓားကို အဆင့်မြှင့်တင်မလို့"
သူက ခေါင်းကို အသာအယာ ခါယမ်းရင်း ပြောလိုက်သည်။
"အဆင့်မြှင့်တင်မလို့လား"
သူမက ထပ်ဆင့်မေးလိုက်စဉ် သူမ၏ မျက်နှာထက်၌ စိတ်ပျက်သွားသော အရိပ်အယောင်များ ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။
ဤမိန်းကလေးမှာ ဓား၏ အရည်အသွေး တက်လာသည်ကို မြင်ရသည်ထက် အရာဝတ္ထုများ မီးလောင်ကျွမ်းသွားသည်ကို ကြည့်ရသည်မှာ ပို၍ စိတ်ဝင်စားနေခြင်းလားဟု ရှန်းယွီ မတွေးဘဲ မနေနိုင်တော့ပေ။ သူသည် ထိုအတွေးများကို ဖျောက်ဖျက်လိုက်ပြီး ရှေ့တွင်ရှိသော အလုပ်
အပေါ် အာရုံစူးစိုက်လိုက်သည်။ မည်သို့ပင်ဆိုစေ ဤမိန်းကလေး၏ စိတ်အကြံကို နားလည်
နိုင်ရန်မှာ မသေနိုင်သော နတ်ဘုရားအဆင့် နိုးကြားမှုမျိုး လိုအပ်ပေလိမ့်မည်။
...
"သူ ဘာလုပ်နေတာလဲ"
လီယောင်းက ရှန်းယွီ အလုပ်လုပ်နေသည်ကို ကြည့်ရင်း ချောမွေ့သော ကျောက်တုံးကြီးတစ်ခုပေါ်တွင် သက်သောင့်သက်သာ ထိုင်ကာ မေးလိုက်သည်။
ရှန်းယွီသည် အလုပ်လုပ်နေစဉ် အပေါ်အင်္ကျီကို ချွတ်ထားသဖြင့် သူ၏ တောင့်တင်းခိုင်မာသော ရင်အုပ်နှင့် ကြွက်သားအဖုအထစ်များကို ကြည့်ရင်း သူမ သဘောကျနေမိသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ သေသပ်ကျနပြီး ကျွမ်းကျင်သော ပန်းပဲဆရာတစ်ဦး၏ အနုပညာမြောက် လှုပ်ရှားမှုများကဲ့သို့ ပြေပြစ်လှပေသည်။
[သူ့ကိုပဲ တိုက်ရိုက်မေးကြည့်ပါလား]
ဧကရီက ပြန်လည်ဖြေကြားလိုက်သည်။
"သူက အာရုံစိုက်နေတာဆိုတော့ ကျွန်မ အနှောင့်အယှက်မပေးချင်ဘူး"
လီယောင်းက တိုးညှင်းစွာ ပြောလိုက်သည်။
ဝိညာဉ်ပင်လယ်အတွင်းရှိ ဧကရီသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ ဤမိန်းကလေးမှာ လုံးဝပြုပြင်မရတော့သည်တော့ မဟုတ်သေးဘဲ အဆုံးအမပေး၍ ရနိုင်သေးသည်ဟု သူမ တွေးလိုက်သည်။
သို့သော်လည်း ဧကရီသည် လီယောင်း၏ စစ်မှန်သော အတွေးကို သိလိုက်ရသောအခါ "အခုသွားစကားပြောရင် ဒီမှတ်ဉာဏ်ပုံဆောင်ခဲနဲ့ သူ့ကို ခိုးပြီးမှတ်တမ်းတင်နေတာ သူရိပ်မိသွားမှာပေါ့"
ဧကရီသည် စိတ်ပျက်လက်ပျက်ဖြင့် ချက်ချင်းပင် ခေါင်းခါယမ်းလိုက်မိပြီး “ထားလိုက်ပါတော့... သူကတော့ ပြုပြင်မရတော့ဘူးပဲ” ဟု လက်လျှော့လိုက်လေတော့သည်။
[သူက ဓားပေါ်မှာ သင်္ကေတအင်းစာလုံးတွေ ထွင်းထုနေတာ]
ဧကရီက ရှင်းပြလိုက်ရာ သူမ၏ အသံထဲတွင် အမှန်တကယ် ချီးကျူးဂုဏ်ပြုသည့် အရိပ်အယောင်များ ပါဝင်နေသည်။ [ဒီခေတ်ကြီးထဲမှာ သင်္ကေတအင်းစာလုံး ကျွမ်းကျင်တဲ့သူတစ်ယောက်ကို မြင်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သူက အဆောင်အင်းတွေကို အချိန်အတော်ကြာ လေ့လာပြီးတဲ့နောက်မှာ ဒီပညာရပ်ကိုပါ နားလည်သွားတာ ဖြစ်ရမယ်။ မင်းရဲ့ စီနီယာအစ်ကိုက တကယ့်ကို ပါရမီထူးတဲ့သူပဲ]
ဤစကားကို ကြားလိုက်ရသောအခါ လီယောင်း၏ စိတ်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ လှိုင်းထန်သွားသည်။
သူက ဒီလောက်အထိ အစွမ်းထက်သူ ဖြစ်နေတာလား။
လူ့လောကကိစ္စများကို အမြဲလိုလို အထင်သေးတတ်သည့် ဧကရီပင်လျှင် သူ၏ စွမ်းဆောင်
ရည်အပေါ် အမှန်တကယ် အထင်ကြီးလေးစားနေခြင်းပင်။
ဤသို့ သိရှိလိုက်ရခြင်းအပေါ် သူမ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိသည်။ သူသည် ကမ္ဘာပေါ်တွင် အသန်မာဆုံးသူ ဖြစ်လာသည့်အခါ သူမကို လက်ထပ်မည်ဟု ကတိပေးထားသူ ဖြစ်ရာ သူ၏ ပါရမီထူးချွန်မှုကို သူမအနေဖြင့် ဂုဏ်ယူဝမ်းမြောက်သင့်သည်မှာ အမှန်ပင်။ သို့သော် တစ်ဖက်တွင်လည်း သူ ပိုမိုသန်မာလာခြင်းက သူမကို စိုးရိမ်ပူပန်မှု ဖြစ်စေသည်။ သူသာ အလွန်အစွမ်းထက်သွားပါက သူမ၏ လက်ခုပ်ထဲမှ လုံးဝ လွတ်မြောက်သွားမည် မဟုတ်ပါလား။
အဲ့အခါကျရင် ငါဘယ်လိုလုပ်ရမလဲ။
[သိပ်ပြီး လျှောက်မတွေးပါနဲ့]
ဧကရီ၏ စကားသံက သူမ၏ ရှုပ်ထွေးနေသော အတွေးများကို ပြတ်တောက်စေလိုက်သည်။
[သူ့ရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင် သူသာ အမှန်တကယ် ထွက်သွားချင်တယ်ဆိုရင် လွယ်လင့်တကူ သွားလို့ရနေပြီ]
ဧကရီက ဆက်ပြောလိုက်ရာ လီယောင်း၏ ညှိုးငယ်နေသော မျက်နှာထက်တွင် ဇဝေဇဝါဖြစ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
[ဒါပေမဲ့ သူက မသွားဖို့ ရွေးချယ်ခဲ့တယ်]
ဧကရီက အဓိပ္ပာယ်ပါပါ ဖြည့်စွက်ပြောလိုက်သည်။
[အခုကြည့်လေ... သူက မင်းအတွက် မင်းရဲ့လက်နက်ကို အားဖြည့်ပေးနေတာပဲ။ သူသာ တကယ် ထွက်ပြေးချင်တယ်ဆိုရင် မင်းကို ပိုပြီးသန်မာအောင် လုပ်ပေးပါ့မလား]
ဧကရီက လေသံကို အနည်းငယ် လျှော့လိုက်ပြီး [အမြဲတမ်း အဲ့ဒီလောက်ကြီး စိုးရိမ်မနေပါနဲ့။ သူက မင်းဆီကနေ ထွက်မပြေးနိုင်လို့ မင်းကို ချစ်နေတာ မဟုတ်ဘူး] ဟု ညင်သာစွာ ပြောလိုက်သည်။
ထိုစကားကြောင့် လီယောင်း၏ မျက်ဝန်းများ တောက်ပသွားတော့သည်။
"ဒါဆို... သူက ဘာလို့ ချစ်တာလဲဟင်"
သူမက တုန်ယင်သော အသံဖြင့် မေးလိုက်သည်။
ဧကရီက အားလုံးကို သိနေသကဲ့သို့ ပြုံးလိုက်ပြီး…
[ဘာလို့ သူ့ကိုကိုယ်တိုင် မမေးကြည့်တာလဲ]
"သူ အခု အလုပ်ရှုပ်နေတာပဲ နောက်မှပဲ မေးတော့မယ်"
လီယောင်းက ပြောလိုက်သည်။ သူမ၏ မျက်နှာထက်မှ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး တောက်ပသော အပြုံးများဖြင့် သူ အလုပ်လုပ်နေသည်ကို ဆက်လက်ကြည့်ရှုနေတော့သည်။
ဝိညာဉ်ပင်လယ်၏ နက်ရှိုင်းရာအရပ်တွင် ဧကရီသည် သဘောကျစွာဖြင့် လှောင်ရယ်လိုက်
မိသည်။
ကလေးလေးတွေရယ်... ငါ့ကို ဒီလိုကစားကွက်တွေနဲ့ လာကစားဖို့ဆိုတာ မင်းတို့က နှစ်ပေါင်းသန်းချီပြီး ငယ်ပါသေးတယ်။ မင်းတို့ရဲ့ ဆက်ဆံရေးကို ဒီလောက်အလွယ်တကူ အပျက်စီးခံမယ်လို့ ထင်နေတာလား။ ငါ့ရဲ့ ဝိညာဉ်စာနပ်ရိက္ခာကို ကာကွယ်ဖို့အတွက် ဧကရီတစ်ပါးအနေနဲ့ ဘယ်လောက်အထိ ကြိုးစားမလဲဆိုတာ။ မင်းတို့ အထင်မသေးလိုက်ပါနဲ့။ ဟားဟားဟား…..