အခန်း (၂၃၁)
Vol. 23 Ch. 231
ရှန်းယွီသည် နေရာရွှေ့ပြောင်းခြင်း သင်္ကေတအင်းစာလုံး၏ ရှုပ်ထွေးလှသော ပုံစံများကို ဓားမျက်နှာပြင်ပေါ်တွင် ဂရုတစိုက် ထွင်းထုနေသည်။ နုနယ်သိမ်မွေ့လှသော အင်းကွက်များမှာ လုံးဝဥဿုံ ပြည့်စုံနေရန် လိုအပ်ပြီး အင်းကြောင်းတစ်ခုချင်းစီ တိုင်းအတွက် သူ၏ အာရုံစူးစိုက်မှုကို အပြည့်အဝ အသုံးပြုနေရသည်။
ဤအလုပ်သည် အဆောင်အင်းများ ပြုလုပ်ခြင်းထက် များစွာ ခက်ခဲလွန်းလှပေသည်။ ရှေးခေတ်ပညာရှင်များသည် အဘယ်ကြောင့် သင်္ကေတအင်းစာလုံးများကို စွန့်ပယ်ကာ ပိုမိုရိုးရှင်းသော အဆောင်အင်းနည်းလမ်းကို ပြောင်းလဲအသုံးပြုခဲ့ကြသည်ကို ယခုမှပင် သူ နားလည်တော့သည်။ အင်းကွက်များ၏ ရှုပ်ထွေးမှုမှာ အံ့မခန်းဖြစ်ပြီး အမှားအယွင်း အနည်းငယ်မျှပင် အဖြစ်မခံနိုင်ပေ။
ပထမဆုံး ရင်ဆိုင်ရသည့် အခက်အခဲမှာ ဓားကိုယ်ထည်ပင်။ နတ်ဘုရားအဆင့်အတု လက်နက်၏ အလွန်တရာ ခိုင်မာလှသော တည်ဆောက်ပုံကြောင့် ၎င်း၏ မျက်နှာပြင်ပေါ်တွင် တစ်စုံတစ်ရာ ထွင်းထုရန်မှာ မဖြစ်နိုင်သလောက်ပင်။ သာမန်ကိရိယာများမှာ ထိုသို့သော အဆင့်မြင့်ရတနာကို တုန့်ပြန်နိုင်စွမ်း မရှိချေ။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဟင်းလင်းပြင်နက်မှိုင်းမီးလျှံ မှာမူ ထိုခိုင်မာလှသော ပစ္စည်းကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသဖြင့် လိုအပ်သော အင်းကြောင်းများကို ထွင်းထုနိုင်ခဲ့သည်။
သို့သော် မီးလျှံကြောင့် ပစ္စည်းအခက်အခဲ ပြေလည်သွားသည့်တိုင် အင်းကွက်များကို ပုံဖော်
ရန်မှာ ကြမ်းတမ်းခက်ခဲဆဲပင် အဆောင်အင်းများ ပြုလုပ်စဉ်က သူသည် သူ၏ ဝိညာဉ်
ပင်လယ်အတွင်း၌ အာရုံစူးစိုက်ကာ တိကျစွာ လုပ်ဆောင်နိုင်သော်လည်း ယခုမူ သူ၏ ရုပ်ပိုင်းဆိုင်ရာ လက်ချောင်းများကိုသာ အားကိုးနေရသဖြင့် အမှားအယွင်း ဖြစ်နိုင်ခြေ များပြားလှသည်။ လက်ချောင်းလေး တစ်ချက်မျှ တုန်ခဲသွားခြင်း သို့မဟုတ် အနည်းငယ်မျှ တွက်ချက်မှု မှားယွင်းသွားခြင်းကပင် နာရီပေါင်းများစွာ ကြိုးစားထားသမျှကို ပျက်စီးသွားစေနိုင်သည်။
လိုအပ်သော အာရုံစူးစိုက်မှုမှာ အတိုင်းအဆမရှိ များပြားလှပေသည်။ သူသည် မီးလျှံ၏ ပြင်းအားကို ထိန်းချုပ်ရင်း ခွဲစိတ်ဆရာတစ်ဦးကဲ့သို့ တိကျစွာ လက်ကို လှုပ်ရှားရင်း ဓားသွားပေါ်တွင် တွန့်လိမ်ကွေးကောက်နေသော ရှုပ်ထွေးသည့် သင်္ကေတအင်းပုံစံများကို စောင့်ကြည့်ရင်း အစွမ်းကုန် အာရုံစိုက်နေရသည်။ လှုပ်ရှားမှု တစ်ချက်မှားယွင်းခြင်း သို့မဟုတ် အာရုံစူးစိုက်မှု တစ်ခဏတာ လွတ်ထွက်သွားခြင်းကပင် အရာအားလုံးကို အချည်းနှီး ဖြစ်သွားစေနိုင်သည်။
အကယ်၍ ယခုအချိန်တွင် အမှားအယွင်း တစ်ခုခု ဖြစ်သွားပါက ပြန်လည်ပြင်ဆင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုအမှားကြောင့် ဓားတစ်ခုလုံး ပျက်စီးသွားခြင်းမျိုး မဟုတ်သည့်တိုင် တစ်ဝက်တစ်ပျက် ပြီးစီးနေသော အင်းကွက်များကို ဖျက်ထုတ်ကာ အစမှ ပြန်လည်စတင်ရန်မှာ အိမ်မက်ဆိုးတစ်ခုကဲ့သို့ပင်။
"သူ ဘယ်လို အဆင့်မြှင့်မှာလဲဟင်"
လီယောင်းက သူ အလုပ်လုပ်နေသည်ကို ကြည့်ရင်း မေးလိုက်သည်။
"အခုဆိုရင် ဒါက စစ်မှန်တဲ့ နတ်ဘုရားအဆင့် လက်နက် ဖြစ်သွားမှာလား"
[အဲဒီလို ဖြစ်လာနိုင်ပေမဲ့ အခွင့်အလမ်းကတော့ အလွန်နည်းပါတယ်]
ဧကရီက ပြန်လည်ဖြေကြားသည်။
[ဒီလက်နက်က နတ်ဘုရားအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ဆိုပေမဲ့ အဲဒီခြေတစ်လှမ်းက ကျော်ဖြတ်ရခက်တဲ့ ချောက်ကမ်းပါးကြီးတစ်ခုလိုပဲ]
သို့သော်လည်း ရှန်းယွီ၏ အလုပ်လုပ်ပုံကို ဆက်လက်ကြည့်ရှုနေစဉ် ဧကရီ၏ သုံးသပ်ချက်တွင် သံသယများ စတင်ဝင်ရောက်လာသည်။ သူမ၏ မူလထင်မြင်ချက်ကို ပြန်လည်စဉ်းစားနေမိသည်။ မူလဓားမှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ပညာရှင်တစ်ဦး၏ ကျင့်ကြံမှု အစုံအလင်ဖြင့် သွန်းလုပ်ထားခြင်းဖြစ်ရာ ၎င်းအတွင်း၌ ဟင်းလင်းပြင်စွမ်းအင် အမြောက်အမြား ကိန်းအောင်းနေသည်။ ထိုစွမ်းအင်ကပင် ဓားသွားကို အလွန်တရာ ထက်မြက်စေခြင်း ဖြစ်သည်။
ရှန်းယွီ ရေးဆွဲနေသော သင်္ကေတအင်းစာလုံးကို ကြည့်ရသည်မှာ ၎င်းသည်... သူမ၏ အတွေးမဆုံးမီမှာပင် အရာအားလုံး ရုတ်တရက် လွဲချော်သွားတော့သည်။
ရှန်းယွီသည် သင်္ကေတအင်းစာလုံး၏ နောက်ဆုံးအပိုင်းကို အချောသတ် ထွင်းထုနေစဉ်မှာပင် ဓားဆီမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပွင့်ထွက်လာသည်။ ထိုအလင်းမှာ မြန်ဆန်လွန်းလှသဖြင့် သူ တုန့်ပြန်ချိန်ပင် မရလိုက်ချေ။ ပြင်းထန်လှသော ပေါက်ကွဲအားက သူ့ကို လေထဲသို့ လွင့်စင်သွားစေပြီး ဂူနံရံဆီသို့ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။
နောက်ဆုံးကျမှ အင်းကွက် မှားသွားတာလား ဟူသော အတွေးသည် သူ လေထဲတွင် လွင့်နေစဉ် စိတ်ထဲ၌ လျှပ်ခနဲ ပေါ်လာသည်။
သူသည် ဂူနံရံနှင့် မရိုက်မိမီမှာပင် လီယောင်းသည် လျှပ်တပြက် လှုပ်ရှားမှုဖြင့် သူ၏နောက်သို့ ရောက်ရှိလာပြီး သူ့ကို ပွေ့ပိုက်ကာ အန္တရာယ်ကင်းစွာ ဖမ်းယူလိုက်သည်။
"စီနီယာအစ်ကို... အဲဒါက..."
လီယောင်း၏ အသံမှာ တိုးဝင်သွားပြီး ရှန်းယွီကို ကျော်လွန်ကာ ဓားရှိရာသို့ မှင်သက်စွာ စိုက်ကြည့်နေတော့သည်။
ရှန်းယွီသည် အရှက်ရနေမှုကို ဂရုမထားနိုင်ဘဲ လီယောင်း၏ ပွေ့ချီထားမှုအတွင်းမှ အမြန်ရုန်းထွက်ကာ ရှေ့မှ မြင်ကွင်းကို အံ့ဩမှင်သက်စွာ ကြည့်နေမိသည်။ ဓားသည် လေထုထဲ၌ အလိုအလျောက် လွင့်မျောနေပြီး ၎င်း၏ ပတ်ပတ်လည်တွင် ဝဲကရက်သဏ္ဌာန် ရွှေရောင်စွမ်းအင်များ ဝန်းရံလျက် ရှိသည်။ ထိုစွမ်းအင်များမှာ တဖျတ်ဖျတ် မြည်ဟည်းလျက် ရှိပြီး ပတ်ဝန်းကျင်ရှိ လေထုကိုပင် လှိုင်းထနေစေသည်။
နောက်တစ်စက္ကူန့်တွင် ထိုရွှေရောင်စွမ်းအင်လုံးကြီးသည် အတွင်းဘက်သို့ ရုတ်တရက် ကျုံ့ဝင်သွားပြီး ဓား၏ အမြုတေအတွင်းသို့ တိုက်ရိုက် စုပ်ယူခြင်း ခံလိုက်ရသည်။ ထို့နောက် မည်သည့်သတိပေးချက်မျှမရှိဘဲ ဓားသွားဆီမှ ကြီးမားသော ရွှေရောင်အလင်းတန်းကြီး တစ်ခု ပွင့်ထွက်လာကာ ဂူအမိုးကို ဖောက်ထွက်သွားတော့သည်။ ထိုမျှမက သူသည် ဂူအတွင်းနှင့် ဂိုဏ်းပတ်ပတ်လည်တွင် အသေအချာ ချမှတ်ထားသော ကာကွယ်ရေး အတားအဆီးများကိုပါ ထိုးဖောက်၍ ကောင်းကင်ယံသို့ တိုင်အောက်သဏ္ဌာန် အရှိန်အဟုန်ဖြင့် ထိုးတက်သွားလေသည်။
[ဒုက္ခပဲ...]
ဧကရီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ချက်ချင်းပင် သူမသည် လီယောင်း၏ ခန္ဓာကိုယ်အတွင်းမှ ကိုယ်ထင်ရှားပြလာပြီး ဓားရှိရာသို့ နေရာရွှေ့ပြောင်း ရောက်ရှိသွားသည်။ သူမသည် လက်နှစ်ဖက်ကို အသုံးပြု၍ ပြင်းထန်သော စွမ်းအင်များ စုစည်းထားသည့် အပြာရောင် စက်ဝန်းတစ်ခုဖြင့် ဓားကို အမြန်ပိတ်ဆို့လိုက်သည်။ ထိုကြည်လင်သော စက်ဝန်းအတွင်း၌ ဓားသည် တောက်ပသော ရွှေရောင်စွမ်းအင်များကို ထုတ်လွှတ်နေဆဲဖြစ်ပြီး လှောင်အိမ်ထဲမှ သားရဲတစ်ကောင်ကဲ့သို့ ရုန်းကန်နေသည်ကို မြင်တွေ့နေရသည်။
ဧကရီသည် အပြာရောင်စက်ဝန်းကို ဖိသိပ်ကာ ရွှေရောင်စွမ်းအင်များကို ကျုံ့ဝင်သွားစေရန် အစွမ်းကုန် ကြိုးစားနေရသဖြင့် သူမ၏ မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုများ သိသာစွာ ပေါ်လွင်နေသည်။ ပြင်းထန်လှသော စွမ်းအားကို တိုက်ခိုက်နှိမ်နင်းရင်း နောက်ဆုံးတွင် ရုန်းကွနေသော စွမ်းအင်များမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
လေထဲ၌ လွင့်မျောနေသော ဓားသည် သူမ၏ လက်ထဲသို့ ကျဆင်းလာခဲ့ပြီး လုံးဝ အသွင်
ပြောင်းလဲသွားသည်။ ယခင်ကကဲ့သို့ တောက်ပသော မိုးပြာရောင် မဟုတ်တော့ဘဲ အလင်းကိုပင် ပြန်မဟပ်နိုင်သည့် နက်မှိုင်းသော ဟင်းလင်းပြင်သဏ္ဌာန် ဖြစ်သွားတော့သည်။ ၎င်းသည် ဟင်းလင်းပြင်နက်မှိုင်းမီးလျှံ ကဲ့သို့ အလင်းအားလုံးကို စုပ်ယူနိုင်သည့် အဆင့်သို့ မရောက်သေးသော်လည်း ထိုဘက်သို့ သိသိသာသာ ဦးတည်နေ၏။
ဓားသည် နောက်ဆုံးတွင် ငြိမ်သက်သွားသဖြင့် သူမသည် သက်ပြင်းအေးအေး ချလိုက်နိုင်
တော့သည်။ ထိုအခါမှသာ သူမသည် သူ့ကို မှင်သက်စွာ စိုက်ကြည့်နေကြသော လီယောင်းနှင့် ရှန်းယွီတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
[အင်း... ဆိုတော့... ဒါကို ငါဘယ်လို ရှင်းပြရမလဲ...]
...
သူတို့ သုံးဦးစလုံး ဂူကြမ်းပြင်ပေါ်တွင် ဝိုင်းဖွဲ့၍ ထိုင်လိုက်ကြသည်။ ရှန်းယွီသည် ဧကရီနှင့် လီယောင်းတို့ကို တစ်လှည့်စီ ကြည့်နေမိသည်။ ဧကရီ၏ တည်ရှိမှုကို သူ အနည်းအကျဉ်း သိထားသော်လည်း ယခုကဲ့သို့ ကိုယ်ထင်ရှားပြလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူတို့၏ ရှင်းပြချက်အရ သူမတို့နှင့် ပတ်သက်၍ အနည်းငယ် ပိုမိုသိရှိလာရသော်လည်း သူ ကြိုတင်မှန်းဆထားသည်များထက် ထူးခြားသည်တော့ မဟုတ်ပေ။
"စီနီယာအစ်ကို... ကျွန်မကို ယုံပေးပါနော်"
လီယောင်းက ရုတ်တရက် အော်ပြောလိုက်သည်။
"ကျွန်မက အစ်ကို့ကို လျှို့ဝှက်ချက် ထားချင်တာ မဟုတ်ပါဘူး။ သူမကပဲ ဘာမှမပြောဖို့ အတင်းအကျပ် ခိုင်းထားလို့ပါ။ ကျွန်မကို ယုံပေးပါနော်"
သူမသည် သူ၏ အဖြေကိုပင် မစောင့်တော့ဘဲ ရှန်းယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ဧကရီမှာ အလွန်အမင်း စိတ်ပျက်သွားသဖြင့် သူမ၏ လက်
ဖြင့် မျက်နှာကို အုပ်လိုက်မိသည်။
ဒီမိန်းကလေးမှာ ဘယ်မာန်မာနမှ မရှိတော့ပါလား။
ဒီလို စရိုက်မျိုးနဲ့ လူသားတွေရဲ့ ဧကရီ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။
"ရပါတယ်"
ရှန်းယွီက သူမ၏ ခေါင်းကို အသာအယာ ပုတ်ရင်း ညင်သာစွာ ပြောလိုက်သည်။
"ငါ့ရဲ့ ယောင်းယောင်းလေးက ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ခံရတဲ့သူဆိုတာ ငါ အမြဲသိနေတာပဲ"
"တကယ်ကြီးလားဟင်"
လီယောင်းက သူ၏ ရင်ခွင်ထဲသို့ ပို၍ တိုးဝင်ရင်း မေးလိုက်လေသည်။
"ငါက မင်းကို လိမ်ပါ့မလား"
သူက စစ်မှန်သော အပြုံးဖြင့် ပြန်ဖြေရင်း သူမ၏ ခေါင်းကို ဆက်လက်၍ အသာအယာ ပုတ်ပေးနေသည်။
သူ၏ စကားကြောင့် လီယောင်း၏ မျက်နှာတစ်ခုလုံး ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ ရင်ခွင်ထဲသို့ ပို၍ပင် တိုးဝင်နေတော့သည်။
ဒီမိန်းကလေး ငါ့ကို အခွင့်ကောင်းယူနေတာလား။
ရှန်းယွီ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။
ထို့နောက် သူသည် ဧကရီဘက်သို့ အာရုံလွှဲလိုက်ပြီး "ဓားက အခု ဘာဖြစ်သွားတာလဲ" ဟု လေးနက်သော လေသံဖြင့် မေးလိုက်သည်။
ဧကရီသည် သူမ၏ လက်ဖဝါးကို ဖြန့်လိုက်ရာ ထိုလက်နက်သည် သူမ၏ လက်ထဲ၌ ကိုယ်ထင်ရှား ပေါ်လာသည်။
[ဒီဓားက စစ်မှန်တဲ့ နတ်ဘုရားအဆင့်ကို တက်လှမ်းသွားပြီ]
ဧကရီက ရှင်းပြလိုက်သည်။
"စောစောက အလင်းတန်းက..."
ရှန်းယွီ စကားမဆုံးမီမှာပင် ဧကရီက ဖြတ်ပြောလိုက်သည်။
[ဟုတ်တယ် အဲဒါက ဒီဓားလောကထဲကို ရောက်ရှိလာကြောင်း တစ်ကမ္ဘာလုံးကို အသိပေးလိုက်တာပဲ။ အခုဆိုရင် အစွမ်းထက်တဲ့ ကျင့်ကြံသူ အများအပြားဟာ နတ်ဘုရားအဆင့် ရတနာတစ်ခု ပေါ်ထွန်းလာတာကို သိသွားကြပြီ]
ရှန်းယွီ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားတော့သည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း သူ ကောင်းစွာ သဘောပေါက်လိုက်သည်။
"ဒါဆိုရင်..."
[စိတ်မပူပါနဲ့]
ရှန်းယွီ၏ ထိတ်လန့်မှုကို သိရှိသွားသော ဧကရီက အမြန်ကြားဖြတ်ပြောလိုက်သည်။
[ကမ္ဘာကြီးက အလုံးစုံ မသိသွားခင်မှာပဲ ငါက ဒီဓားရဲ့ အရှိန်အဝါကို ဖုံးကွယ်လိုက်နိုင်တယ်။ သူတို့ သိမှာကတော့ အရှေ့ဘက်တိုက်ကြီးရဲ့ တစ်နေရာရာမှာ နတ်ဘုရားအဆင့် လက်နက်တစ်ခု ပေါ်လာပြီဆိုတာပဲ ဘယ်နေရာမှာလဲဆိုတာကိုတော့ အတိအကျ မသိနိုင်ပါဘူး]
ရှန်းယွီမှာမူ ထိုစကားကြောင့် စိတ်မအေးနိုင်သေးပေ။ ထိုသို့ ခွဲခြားသိရှိရုံမျှနှင့် ဘာမျှ ထူးခြားမည် မဟုတ်ချေ။ ဤကဲ့သို့သော ရတနာကို အလိုရှိမည့်သူများမှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် သို့မဟုတ် ထိုထက် မြင့်မားသူများသာ ဖြစ်ပေလိမည်။ ထိုအဆင့်ရှိ ကျင့်ကြံသူများသည် တိုက်ကြီးတစ်ခုလုံးကို သူတို့၏ ဝိညာဉ်အာရုံဖြင့် အလွယ်တကူ လွှမ်းခြုံရှာဖွေနိုင်ကြသည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော ဘေးအန္တရာယ်ကို အချိန်ဆွဲထားခြင်းသာ ဖြစ်ပေသည်။
[အဲဒီလောက်ကြီး စိတ်မပူပါနဲ့]
ရှန်းယွီ၏ စိုးရိမ်နေသော အမူအရာကို ကြည့်ကာ ဧကရီက ပြောလိုက်သည်။
[ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအင်ကို သုံးပြီး သဲလွန်စတွေကို သေသေချာချာ ဖုံးကွယ်ထားပြီးပြီ။ သူတို့အနေနဲ့ ဒီဓားရှိတဲ့ နေရာအတိအကျကို တော်တော်နဲ့ ရှာတွေ့နိုင်မှာ မဟုတ်ဘူး]
ထို့နောက် သူမက ပြုံးလိုက်ပြီး [ဓားကို စစ်ဆေးကြည့်ချင်လား] ဟု မေးကာ ဓားကို သူ့ထံသို့ ကမ်းပေးလိုက်သည်။
ရှန်းယွီသည် သူမ၏လက်ထဲမှ ဓားကို ဂရုတစိုက် လက်ခံယူလိုက်ရာ ဓားကို ကိုင်လိုက်ရသည့် ခံစားချက်ကြောင့် သူ အံ့ဩသွားမိသည်။ သူ၏ ရင်ခွင်ထဲ၌ ကပ်နေသော လီယောင်းသည်လည်း ထိုနတ်ဘုရားအဆင့် လက်နက်ကို အနီးကပ် မြင်တွေ့နိုင်ရန် သူ၏ ခြေထောက်နှစ်ဖက်ကြားတွင် ဝင်ထိုင်လိုက်သည်။
ဓားသည် သူ၏ လက်ထဲ၌ မရှိသလောက်ပင် အလွန်တရာ ပေါ့ပါးနေသည်။ ၎င်း၏ ဂုဏ်သတ္တိများကို သိရှိနိုင်ရန်အတွက် သူသည် အကဲဖြတ်စွမ်းရည်ကို အသုံးပြု၍ အသေးစိတ် စစ်ဆေးလိုက်လေတော့သည်။
[အမည် - ဟင်းလင်းပြင်ဓား]
[အမျိုးအစား - ရတနာလက်နက်]
[အဆင့် - အောက်ခြေ နတ်ဘုရားအဆင့် ရတနာ]
[အချက်အလက် - ဟင်းလင်းပြင်ကို ဖောက်ထွင်းဖြတ်တောက်နိုင်သည့် အလွန်တရာ ထက်မြက်သော ဓား]