အခန်း (၂၃၃)
Vol. 23 Ch. 233
ဝိညာဉ်ကြောရှိရာသို့ ပြန်ရောက်ပြီးနောက် ရှန်းယွီသည် ဓား၏အတိုင်းအတာများကို တိုင်းတာပြီးမှ လီယောင်းထံသို့ ပြန်ပေးလိုက်သည်။ ဓားအိမ်ကိုမူ နောင်တွင် ဖိုသွန်းလုပ်ရာမှ ကျန်ရှိသော ပစ္စည်းများဖြင့်သာ ပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်ရာ လောလောဆယ်တွင် သူမအနေဖြင့် ဓားအိမ်မပါဘဲ အသုံးပြုရမည်ဖြစ်သည်။ ကံကောင်းသည်မှာ ဤဟင်းလင်းပြင် ရတနာကို သာမန်လက်စွပ်များအတွင်း သိုလှောင်၍မရသော်လည်း ဧကရီက သူမအတွက် သိမ်းဆည်းပေးထားနိုင်ခြင်းပင်။
လောလောဆယ်တွင် သူ၏အဓိကအလုပ်မှာ ပျက်စီးသွားသော အစီအရင်အတားအဆီးများကို ပြန်လည်ပြင်ဆင်ရန်ဖြစ်သည်။ နတ်ဘုရားဓား၏ စွမ်းအင်ပေါက်ကွဲမှုကြောင့် သူ၏ကိုယ်ပိုင်ဂူရှိ အစီအရင်များသာမက ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ထားသော အစီအရင်အချို့ပါ ပျက်စီးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အစီအရင်များမှာ အလုံးစုံ ပျက်စီးသွားခြင်းမျိုး မဟုတ်သဖြင့် ပြန်လည်ပြုပြင်၍ ရနိုင်သေးသည်။ သူ၏ စတုတ္ထအဆင့် အစီအရင်ကျွမ်းကျင်မှုဖြင့် အစီအရင်တစ်ခုကို ပြင်ဆင်ရန် မိနစ်အနည်းငယ်သာ အချိန်ပေးလိုက်ရသည်။
ဂိုဏ်း၏ ပင်မအတားအဆီးကို ပြင်ဆင်နေစဉ် အကြီးအကဲဟွမ် ရောက်ရှိလာပြီး သူမ၏မျက်နှာထက်တွင် စိုးရိမ်မှုများ သိသာစွာ ပေါ်လွင်နေသည်။
"ဘာတွေဖြစ်တာလဲ"
သူမက အစီအရင်များဆီသို့ ညွှန်ပြရင်း မေးလိုက်သည်။
"အတားအဆီးတွေအားလုံး တစ်ပြိုင်နက်တည်း ဘာလို့ ပျက်သွားရတာလဲ။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး"
ရှန်းယွီသည် ပြုပြင်နေမှုကို ခေတ္တရပ်တန့်လိုက်ပြီး "ညီမလေးက ပညာရပ်အသစ်အချို့ကို စမ်းသပ်နေလို့ပါ" ဟု ပြန်ဖြေလိုက်သည်။ သူသည် နတ်ဘုရားလက်နက်အကြောင်းကို တမင်သက်သက် ဖုံးကွယ်လိုခြင်း မဟုတ်သော်လည်း အထူးသဖြင့် ယခုကဲ့သို့ ကိုယ်ဝန်ဆောင်ထားရချိန်မျိုး၌ သူ၏ဒေါ်လေးကို စိတ်ပူပန်မှု မပေးလိုခြင်းသာ ဖြစ်သည်။
အစီအရင်များကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပြီးနောက် ရှန်းယွီသည် နောက်ဆက်တွဲအတတ်ပညာများဆိုင်ရာ အဆောင်သို့ ထွက်လာခဲ့သည်။ အဆိုပါအဆောက်အအုံအတွင်း၌ တပည့်များသည် သူတို့၏ အတတ်ပညာရပ်များကို လေ့ကျင့်နေကြသဖြင့် စည်ကားလျက်ရှိသည်။ ကျောင်းခွဲအသီးသီးကြားတွင် စီမံခန့်ခွဲပေးနေသော ဥက္ကဋ္ဌ လျူချင်းကို သူ တွေ့လိုက်ရသည်။
"ဥက္ကဋ္ဌလျူ"
သူက ခေါ်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းမှ သင်္ကေတအင်းစာလုံးဆိုင်ရာ ဖတ်စာအုပ်များကို ထုတ်ယူလိုက်သည်။
"ဒါတွေက အဆောင်အင်းကျောင်းအတွက် စာအုပ်အသစ်တွေပဲ။ မင်းလည်း အဆောင်အင်းပညာရပ်ကို လေ့လာနေတာ မဟုတ်လား"
သူက မေးလိုက်ရာ လျူချင်းက ခေါင်းညိတ်ပြသည်။
"ကောင်းပြီ... စာအုပ်ဟောင်းတွေကို နားလည်ဖို့ ခက်နေတယ်ဆိုရင် ဒါတွေကို ဖတ်ကြည့်လို့ရတယ်။ ပြီးတော့ စိတ်ဝင်စားတဲ့သူ ဘယ်သူ့ကိုမဆို ဝေပေးလိုက်ပါ။ ကျန်တဲ့စာအုပ်တွေကိုတော့ ထုံးစံအတိုင်း စာကြည့်တိုက်မှာပဲ ထားလိုက်ပါ"
လျူချင်းသည် စာအုပ်များကို ရိုသေစွာ လက်ခံယူလိုက်ပြီး "ဂိုဏ်းရဲ့ အကြီးအကဲချုပ် ခိုင်းတဲ့အတိုင်း ဆောင်ရွက်ပါ့မယ်" ဟု ပြန်လည်ဖြေကြားသည်။
ထို့နောက် ရှန်းယွီသည် ဆေးပညာကျောင်းသို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ထိုနေရာ၌ ဒဏ်ရာရရှိထားသော တပည့်များမှာ ကုသမှုခံယူရန် စောင့်ဆိုင်းနေကြပြီဖြစ်သည်။ သူသည် ပထမဆုံးလူနာကို စတင်စစ်ဆေးလိုက်သည်နှင့် ဆေးကျောင်းသားများသည် ထုံးစံအတိုင်း ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး မှတ်စုစာအုပ်များကို အဆင်သင့် ပြင်ထားကြတော့သည်။
"ဒီတပည့်က ကျင့်ကြံမှုကို အတင်းအကျပ် လုပ်ဆောင်ခဲ့တာကြောင့် ဝိညာဉ်ကြောတွေ ပိတ်ဆို့နေတဲ့ လက္ခဏာကို ပြနေတာပဲ"
လူနာ၏ သွေးခုန်နှုန်းကို စစ်ဆေးရင်း သူက ရှင်းပြလိုက်သည်။
"သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ ဘယ်လိုမျိုး ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနေသလဲဆိုတာ သတိထားကြည့်ကြ..."
သူသည် သင်ခန်းစာများကို ဆက်လက်သင်ကြားရင်း လူနာများကို ကုသပေးရင်းနှင့် အတွေးတစ်ခု ဝင်လာသည်။ နောက်ဆက်တွဲအတတ်ပညာများဆိုင်ရာ အဆောင်ကို တည်ထောင်ပြီးကတည်းက သူသည် ဆေးကျောင်းသားများကိုသာ စနစ်တကျ သင်ကြားပေးခဲ့မိသည်။ အခြားသော ကျောင်းခွဲများမှာမူ ဖတ်စာအုပ်များသာ ရရှိကြပြီး မိမိဘာသာသာ လေ့လာသင်ယူနေကြရခြင်း ဖြစ်သည်။
ဤသည်မှာ ကောင်းမွန်သော သင်ကြားမှုပုံစံ မဟုတ်ချေ။
သူသည် သူ၏ အချိန်ဇယားကို ပြန်လည်ပြင်ဆင်ရန် စိတ်ထဲ၌ မှတ်သားထားလိုက်သည်။ အတတ်ပညာ တစ်ခုချင်းစီအတွက် သတ်မှတ်ထားသော အချိန်များ၏ ပထမတစ်နာရီကို စာတွေ့သင်ကြားမှုအတွက် အသုံးပြုပြီး အခြေခံပစ္စည်းများကို သွန်းလုပ်ပြနိုင်သည်။ သင်ကြားမှုပြီးဆုံးမှသာ တစ်ဦးတည်း လုပ်ဆောင်ရမည့် အလုပ်ရုံများသို့ သွားရောက်ကာ ပိုမိုနက်ရှိုင်းသော သွန်းလုပ်မှုများကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ ဤနည်းလမ်းသည် တပည့်များကို စနစ်တကျ လမ်းညွှန်မှု ပေးနိုင်ရုံသာမက သူ၏ ကိုယ်ပိုင်အတွေ့အကြုံ တိုးတက်မှုနှုန်းကိုလည်း ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
နောက်ဆုံးလူနာကို ကုသပေးပြီးနောက် ဆေးကျောင်းသားများကို ပြန်လွှတ်လိုက်ကာ ရှန်းယွီသည် ညစာပြင်ဆင်ရန် ထွက်လာခဲ့သည်။ သူနှင့် သူ၏ဆရာအတွက် စတုတ္ထအဆင့် ဝိညာဉ်အာဟာရ ဒေါ်လေးအတွက် ဒုတိယအဆင့်နှင့် လီယောင်းအတွက် ပထမအဆင့် အသီးသီး ပြင်ဆင်လိုက်သည်။
အကြီးအကဲဟွမ်သည် ရွှေရောင်အမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဒုတိယအဆင့် အစားအစာကိုသာ နှစ်သက်နေဆဲ ဖြစ်သည်။ ပထမအဆင့် ဝိညာဉ်အာဟာရမှာမူ သူမ၏ အသစ်တဖန် တည်ငြိမ်စပြုလာသော ကျင့်ကြံမှုအခြေခံအတွက် ပြင်းထန်လွန်းလှပေသည်။
ညစာသုံးဆောင်ပြီးသောအခါ လီယောင်းက ရုတ်တရက် စကားစလာသည်။
"ကျွန်မ ဂိုဏ်းကနေ ခဏလောက် ထွက်သွားဦးမယ်"
လူတိုင်း ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။
"ဘယ်လောက်ကြာမှာလဲ"
ရှန်းယွီက သူဆေးကြောနေသော ပန်းကန်ခွက်ယောက်များကို ချလိုက်ရင်း မေးလိုက်သည်။
"အခြေအနေပေါ် မူတည်တာပဲ"
လီယောင်းက ပြန်ဖြေသည်။
"နာရီပိုင်းကနေ တစ်ရက်လောက်အထိ ကြာနိုင်တယ်"
တိကျမှုမရှိသော အချိန်ကာလကြောင့် ရှန်းယွီ မျက်မှောင်ကြုတ်သွားသည်။
"နာရီပိုင်းကနေ တစ်ရက် မင်း ဘာသွားလုပ်မှာလဲ"
လီယောင်း၏ အမူအရာမှာ ပိုမိုလေးနက်သွားပြီး "ကျွန်မ အခြေတည်ဝိညာဉ်အဆင့် ကို တက်လှမ်းဖို့ ကြိုးစားတော့မလို့ပါ" ဟု ပြောလိုက်သည်။
ရှန်းယွီ၏ မျက်နှာထက်တွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ကျန်ရှိသူများလည်း ထိုနည်းတူပင်။
"ကံကောင်းပါစေ"
သူတို့ သုံးဦးစလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
သူတို့၏ အားပေးမှုကြောင့် လီယောင်းက နွေးထွေးစွာ ပြုံးလိုက်သည်။
"ဆေးလုံးတွေ ဒါမှမဟုတ် အစီအရင်တွေ လိုဦးမလား"
ရှန်းယွီက ကူညီရန် ကမ်းလှမ်းလိုက်သည်။
"မလိုပါဘူး"
လီယောင်းက ပြတ်သားစွာ ငြင်းပယ်လိုက်သည်။
သူမ၌ ရှိထားသော အထူးလျှပ်စစ်အမြုတေနှင့် ကိုးမိုးကောင်းကင် မိုးကြိုးခန္ဓာတို့ကြောင့် ပြင်ပအထောက်အကူများကို အသုံးပြုခြင်းက သူမ၏ တိုးတက်မှုကို အမှန်တကယ် အဟန့်အတား ဖြစ်စေလိမည်ဟု ဧကရီပြောခဲ့သော စကားကို သူမ မှတ်မိနေသည်။ သူမအတွက် အမှန်တကယ် လိုအပ်သည်မှာ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ် မိုးကြိုးများကို တိုက်ရိုက်စုပ်ယူရန်သာ ဖြစ်ပေတော့သည်။
ဧကရီသည် ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
[မှန်တယ် မင်းအနေနဲ့ မိုးကြိုးစွမ်းအင်အားလုံးကို စုပ်ယူဖို့ လိုအပ်တယ်။ ငါတို့ ကံကောင်းမယ်ဆိုရင် မင်းရဲ့ ကိုးမိုးကောင်းကင် မိုးကြိုးခန္ဓာက ဒုတိယမြောက် ကောင်းကင်ဘုံအဆင့်ကို ရောက်သွားနိုင်တယ်]
သူမက ရှင်းပြလိုက်သည်။
...
ညစာစားပြီးနောက် ရှန်းယွီသည် ဝိညာဉ်ကြောရှိရာသို့ ပြန်ရောက်လာသည်။ လီယောင်း မရှိတော့သဖြင့် သူ၏စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်မှုကို ခံစားနေရသည်။
ထို့ကြောင့်ပင် သူသည် ဖန်တီးနေသော အစီအရင်ကို အမြန်ဆုံး အပြီးသတ်နိုင်ရန် အားထုတ်နေခြင်းဖြစ်သည်။ သူသည် စတုတ္ထအဆင့် ခံစစ်အစီအရင်ကို ဖန်တီးနေစဉ် သူ၏လက်ချောင်းများမှာ အလျင်အမြန် လှုပ်ရှားနေတော့သည်။ ဤသို့သော အကာအကွယ်မျိုး ရှိနေမှသာ လီယောင်း ဂိုဏ်းတွင် မရှိသည့်အချိန်၌ သူ အနည်းငယ် စိတ်အေးနိုင်မည် မဟုတ်ပါလား။
နောက်ထပ် နာရီအနည်းငယ်အတွင်း သူသည် အစီအရင်ချပ်ပြားများပေါ်တွင် ရှုပ်ထွေးလှသော ပုံစံများကို ဂရုတစိုက် ထွင်းထုလိုက်သည်။ ၎င်းကို ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် အစီအရင်အဖြစ် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ရာ ဂိုဏ်းနယ်နိမိတ်၏ ထောင့်လေးထောင့်တွင် ထားရှိရန်အတွက် အစီအရင်ချပ်ပြား လေးခုကို သီးခြားစီ သွန်းလုပ်လိုက်သည်။
အခြေခံ အစီအရင်ပုံစံများ ပြီးစီးသွားသောအခါ ရှန်းယွီသည် ၎င်းတို့ကို ချက်ချင်း သွားရောက်တပ်ဆင်ခြင်း မပြုသေးပေ။ ထိုအစား ချပ်ပြားများကို ပြန်လည်ယူဆောင်ကာ ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် လုံးဝကွဲပြားခြားနားသော ပုံစံများဖြစ်သည့် သင်္ကေတအင်းစာလုံးများကို ထပ်မံထွင်းထုလေတော့သည်။
သင်္ကေတပန်းပဲအတတ်၏ အံ့မခန်း အသုံးဝင်ပုံကို သိရှိပြီးနောက် ထိုရှေးဟောင်းသင်္ကေတများသည် သူဖန်တီးသမျှ မည်သည့်ကိရိယာကိုမဆို အစွမ်းထက်စေနိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။ ၎င်းတွင် အစီအရင်များလည်း ပါဝင်ပေသည်။
အမှန်တကယ် ထူးကဲလှသော အရာတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိနေပါလျက်နှင့် သာမန်ခံစစ်အစီအရင်တစ်ခုဖြင့် အဘယ်ကြောင့် တင်းတိမ်နေရမှာလဲ။
ပထမဆုံး အစီအရင်ချပ်ပြားပေါ်တွင် သူသည် ခံစစ်သင်္ကေတအင်းစာလုံးကို သတ္တုမျက်နှာပြင်ပေါ်၌ ဂရုတစိုက် ထွင်းထုလိုက်သည်။ ဤအဆင့်မြှင့်တင်မှုသည် အစီအရင်၏ ကာကွယ်နိုင်စွမ်းကို မူလသတ်မှတ်ချက်ထက် များစွာ သာလွန်သွားစေမည် ဖြစ်သည်။
ဒုတိယချပ်ပြားပေါ်တွင်မူ ပြန်လည်ပြုပြင်ခြင်း သင်္ကေတအင်းစာလုံးကို ထွင်းထုလိုက်သည်။ ဤအင်းစာလုံးသည် အစီအရင် အတားအဆီး ပျက်စီးသွားပါက အလိုအလျောက် လျင်မြန်စွာ ပြန်လည်ပြုပြင်ပေးနိုင်ရန် အာမခံချက် ပေးပေလိမ့်မည်။ ထို့ကြောင့် အစီအရင်၏ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်မှာ သိသိသာသာ မြင့်တက်သွားမည်ဖြစ်သည်။ ရန်သူများက အတားအဆီးကို ဖောက်ထွင်းနိုင်ခဲ့လျှင်ပင် ၎င်းသည် အဆက်မပြတ် ပြန်လည်စေ့ပိတ်သွားမည်ဖြစ်ရာ တိုက်ခိုက်သူများအတွက် မူလခံစစ်ကိုသာမက မရပ်မနား ပြန်လည်အားဖြည့်နေသည့် စွမ်းအားကိုပါ ကျော်လွှားရမည် ဖြစ်သည်။
တတိယချပ်ပြားအတွက်မူ ရှန်းယွီသည် ဖုံးကွယ်ခြင်းအတတ်ကို ရွေးချယ်လိုက်သည်။ သူသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများကို ကာကွယ်ရုံမျှနှင့် မကျေနပ်နိုင်ဘဲ ထိုသူများအနေဖြင့် ဂိုဏ်း၏ တည်နေရာကို လုံးဝ ရှာမတွေ့နိုင်အောင် ပြုလုပ်ထားရန် ပိုမိုနှစ်သက်သည်။ သို့သော် ယခင်ကကဲ့သို့ အမှားမျိုး မဖြစ်စေရန် သူ အထူးဂရုစိုက်လိုက်သည်။
ယခင်တစ်ခေါက်က သူ၏ ပေါ့လျော့မှုကြောင့် ဝိညာဉ်ကိုယ်ပွားသည် ဝိညာဉ်အာရုံ ထိုးဖောက်၍မရသော သံသယဖြစ်ဖွယ် ဟာလာဟင်းလင်း ဖြစ်နေသည့် နေရာကို ရှာတွေ့သွားပြီး သူ၏ ဖုံးကွယ်ခြင်းအစီအရင်ကို အသုံးချသွားနိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူအသုံးပြုလိုက်သော ဖုံးကွယ်ခြင်း သင်္ကေတအင်းစာလုံးမှာ များစွာ ပိုမိုနက်ရှိုင်းလှသည်။ ၎င်းသည် နယ်မြေကို ဖုံးကွယ်ရုံမျှသာ မဟုတ်ဘဲ ပတ်ဝန်းကျင်၏ အခြေအနေကို အတုယူ ဖန်တီးပေးမည်ဖြစ်ရာ ဂိုဏ်းရှိသည့် နေရာမှာ ထူးခြားမှုမရှိသော တောရိုင်းမြေရိုင်းတစ်ခုအဖြစ်သာ မြင်တွေ့ရပေလိမ့်မည်။
စတုတ္ထမြောက် သင်္ကေတအင်းစာလုံးမှာမူ သူ စဉ်းစားနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လက်တွေ့မလုပ်ဆောင်ဖြစ်သေးသည့် ဝိညာဉ်စွမ်းအင် စုစည်းခြင်း အင်းစာလုံးပင်။
အခြားအင်းစာလုံးများက ကာကွယ်ရေးကိုသာ အာရုံစိုက်သော်လည်း ဤအဆင့်မြှင့်တင်မှုမှာ ပတ်ဝန်းကျင်ဒေသမှ ဝိညာဉ်စွမ်းအင်များကို ဆွဲယူကာ ဂိုဏ်းနယ်နိမိတ်အတွင်း၌ စုစည်းပေးမည်ဖြစ်သည်။
နောက်ဆုံးပုံစံကို ထွင်းထုနေစဉ် ရှန်းယွီ ပြုံးလိုက်မိသည်။ သူ ထည့်သွင်းထားသော သင်္ကေတအင်းစာလုံး၏ အဆင့်အတန်းအရ ဂိုဏ်းအတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ သူ၏ ကိုယ်ပိုင်ဝိညာဉ်ကြောထက်ပင် အဆပေါင်းများစွာ ပိုမိုအားကောင်းလာပေလိမည်။ ဤသည်မှာ တပည့်များ၏ ကျင့်ကြံမှုနှုန်းကို မြှင့်တင်ပေးရုံသာမက သူ၏ ဆေးဘက်ဝင် အပင်ဥယျာဉ်ကိုလည်း ပိုမိုဖြစ်ထွန်းစေမည်ဖြစ်ပြီး ဝိညာဉ်ကြောကိုယ်တိုင်ကိုလည်း ပိုမိုဖွံ့ဖြိုးလာစေမည် ဖြစ်သည်။
၎င်းမှာ ဝတ္ထုများထဲတွင် သူမြင်တွေ့ဖူးသော အဆင့်မြင့်ဂိုဏ်းကြီးများကဲ့သို့ ကျင့်ကြံခြင်း နိဗ္ဗာန်ဘုံတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။
သင်္ကေတအင်းစာလုံး လေးခုစလုံးဖြင့် အဆင့်မြှင့်တင်ပြီးနောက် ရှန်းယွီသည် အစီအရင်ချပ်ပြားများကို ဂရုတစိုက် သိမ်းဆည်းကာ ဝိညာဉ်ကြောအတွင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ပုံမှန်ဆိုလျှင် သူသည် ဤအစီအရင်များကို တပ်ဆင်ရန် ဒေါ်လေးကို အကူအညီတောင်းရမည် ဖြစ်သော်လည်း ယခုကဲ့သို့ ညဉ့်နက်ချိန်၌ အသစ်စက်စက် လက်ထပ်ထားသော ဇနီးမောင်နှံတို့၏ ကြည်နူးစရာအချိန်များကို သူ မနှောင့်ယှက်လိုတော့ပေ။