အခန်း (၁၀၆-၁၁၀)
Vol. 11 Ch. 106-110
အခန်း (၁၀၆) ကိုးပါးနေဝန်း အလင်းစွမ်းအင်နှင့် အင်အားချင်းယှဉ်မှာလား......တော်တော်ကြောက်ဖို့ကောင်းတဲ့ သရဲပုံပြင်ပဲ
“ဂိုဏ်းချုပ်၊ ရွှမ်မင်အဘိုးကြီးနှစ်ဦးရဲ့ သိုင်းပညာက အလွန်မြင့်မားလှပါတယ် ။ ဂိုဏ်းချုပ်တစ်ယောက်တည်း ရင်ဆိုင်ရတာ ခက်ခဲနိုင်တာမို့ ကျွန်တော် ကူညီပေးပါရစေ”
ဝေယိရှောက်သည် အနားသို့ တိုးကပ်လာရင်း ပြောဆိုလိုက်သည် ။ သူ၏ကိုယ်ဖော့ပညာနှင့် သိုင်းစွမ်းရည်ကို ပေါင်းစပ်လိုက်လျှင် ရွှမ်မင်အဘိုးကြီးနှစ်ဦးကဲ့သို့ နာမည်ကျော်များပင်လျှင် ရင်ဆိုင်ရခက်ပေလိမ့်မည် ။ အကယ်၍ တစ်ယောက်ကို ထိန်းထားနိုင်လျှင် ကျန်တစ်ယောက်ကို ကျန်းဝူကျိ အနိုင်ယူရန်မှာ အသေအချာပင် ဖြစ်သည် ။
ရန်ရှောင်ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလေသည် ။
“မှန်ပါတယ်၊ ဂိုဏ်းချုပ်ရဲ့ ခန္ဓာကိုယ်က အရမ်းအဖိုးတန်တာမို့ အန္တရာယ်ကြားထဲ အလွယ်တကူ မဝင်ရောက်သင့်ပါဘူး”
ယွီလျန်ကျိုးကလည်း လေးနက်သောလေသံဖြင့် ဆို၏ ။
“ဝူကျိ....... မပေါ့ဆနဲ့ဦး။ ဒုတိယ ဦးလေးလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်။ သူတို့ရဲ့သိုင်းပညာက ဘယ်လောက်ပဲ ကောင်းကောင်း၊ ငါကတော့ သူတို့ထဲက တစ်ယောက်ယောက်နဲ့ အသက်ချင်းလဲဖို့ အသင့်ပဲ”
ရှီဟော်လုံကလည်း ရှေ့သို့ထွက်ကာ ပြောသည် ။
“ကျွန်တော်လည်း ဂိုဏ်းချုပ်နဲ့အတူ တိုက်ခိုက်ပါရစေ။ ရွှမ်မင်အဘိုးကြီးနှစ်ဦးက ကြောက်စရာကောင်းတယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကလည်း လျှော့တွက်လို့မရပါဘူး ။ အဆိုးဆုံးဖြစ်လာရင်တောင် ကျွန်တော်နဲ့အတူ ဒဏ်ရာရသွားအောင် တိုက်ခိုက်နိုင်ပါတယ်၊ သူတို့ကိုတော့ ရမ်းကားခွင့်မပေးနိုင်ဘူး”
ကျန်းဝူကျိ၏ သွေးများဆူပွက်သကဲ့သို့ ဒေါသထွက်နေသည့်အတွက် ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ လက်ချက်ဖြင့် ထပ်မံဒဏ်ရာရရှိမည်ကို စိုးရိမ်သဖြင့် လူအများက ဝိုင်းဝန်းတားဆီးနေကြခြင်း ဖြစ်သည် ။
ကျန်းဝူကျိက ခေါင်းကိုခါယမ်းလိုက်ပြီး စိတ်ထဲမှ ကြံစည်နေမိသည် ။
“ငါက ကလဲ့စားချေဖို့တင်မကဘဲ အခုအချိန်မှာ ရွှမ်မင်အဘိုးကြီးနှစ်ဦးအပေါ် ငါဘယ်လောက်အထိ အသာစီးရနေပြီလဲဆိုတာ စမ်းသပ်ချင်သေးတယ်။ အားလုံးကသာ ဝင်ပါနေရင် ငါ့ရဲ့အစီအစဉ်တွေ ပျက်ကုန်မှာပေါ့”
အထူးသဖြင့် ရှီဟော်လုံမှာ ခန္ဓာကိုယ် ကြီးမားသော်လည်း ကိုယ်ဖော့ပညာတွင် သာမန်အဆင့်သာ ရှိသည် ။ ထို့ကြောင့် သူ့အနေဖြင့် တိုက်ခိုက်သည့်အခါ တိုက်ရိုက်ရင်ဆိုင်ခြင်းကိုသာ ပြုနိုင်သည်။ သူ၏ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ဖြင့် ရွှမ်မင်အဘိုးကြီးနှစ်ဦးကို တိုက်ခိုက်လျှင် လုကျန့်ခဲ့ သို့မဟုတ် ဟဲပိဝိန့်တို့ကို အပြင်းအထန် ဒဏ်ရာရစေနိုင်သော်လည်း ရှီဟော်လုံ ကိုယ်တိုင်လည်း အသက်ဆုံးရှုံးသွားနိုင်သည် ။
ထိုကဲ့သို့ အသေခံတိုက်ခိုက်ခြင်းမျိုးကို ကျန်းဝူကျိ အဖြစ်မခံနိုင်ပေ ။ ထို့ကြောင့် သူက ခေါင်းကိုခါယမ်းကာ
“အားလုံးပဲ..... ကျွန်တော့်ကို နားချဖို့ မကြိုးစားကြပါနဲ့တော့။ ဒါက ကျွန်တော်ငယ်ငယ်က ခံခဲ့ရတဲ့ လက်ဝါးချက်အတွက် ကလဲ့စားချေတာမို့ ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး။ ပြီးတော့ ဒီခွေးအိုကြီးနှစ်ကောင်ရဲ့ သိုင်းပညာက ကျွန်တော့်အတွက် ဘာမှစိုးရိမ်စရာ မရှိတော့ပါဘူး”
ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည် ။
“တောက်......စကားပြောစရာရှိတာပဲပြော။ ငါတို့ကိုပါ ဆွဲမထည့်နဲ့လေ။ မင်းကို ငယ်ငယ်က လက်ဝါးတစ်ချက် ရိုက်ခဲ့တာနဲ့ပဲ ငါတို့ကို တစ်သက်လုံး ကျိန်စာတိုက်နေတော့မှာလား”
ဤအချိန်၌ ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ မျက်လုံးထဲတွင် အလှအပနှင့် အရက်ချိုများက အရေးမပါတော့ပေ ။ ကျန်းဝူကျိအပေါ် ထားရှိသည့် နာကျည်းမှုနှင့် ဒေါသတို့က အရာအားလုံးကို ဖုံးလွှမ်းသွားသည် ။ သူတို့အမြင်တွင် ကျန်းဝူကျိမှာ အလွန်ပင် ရွံရှာဖွယ်ကောင်းသော ကောင်ကလေး တစ်ယောက် ဖြစ်နေတော့သည် ။
ကျန်းဝူကျိ၏ စိတ်ဓာတ်မှာ အလွန်ပြတ်သားလွန်းလှသဖြင့် ကျန်လူများသည်လည်း ဘာမှ ဆက်မပြောနိုင်ကြတော့ပေ ။ ဂိုဏ်းချုပ်တစ်ယောက်၏ အရှိန်အဝါနှင့် အာဏာကြောင့် ဝူတန်ဂိုဏ်းသားများပင်လျှင် လွယ်လွယ်နှင့် မငြင်းဆန်ဝံ့ကြချေ ။ ထို့ကြောင့် ဂရုစိုက်ရန်သာ မှာကြားနိုင်ကြတော့သည် ။
ကျန်းဝူကျိသည် စင်မြင့်အလယ်သို့ လျှောက်လှမ်းသွားပြီး လုကျန့်ခဲ့နှင့် ဟဲပိဝိန့်တို့၏ ပုတ်သိုးနေသော မျက်နှာအိုကြီးများကို ကြည့်ကာ ရယ်မောလိုက်သည် ။
“ဘာလို့ မျက်နှာတွေက လူသေတွေလို ဖြစ်နေတာလဲ၊ ခင်ဗျားတို့အိမ်မှာ တစ်ယောက်ယောက် သေလို့လား”
သူ စကားပြောလိုက်သည်နှင့် ရွှမ်မင်အဘိုးကြီးနှစ်ဦးသည် ဒေါသကို မထိန်းနိုင်ကြတော့ပေ ။ သူတို့က ကြိမ်းဝါးရန် ပြင်ဆင်ထားသော်လည်း ကျန်းဝူကျိ၏ စကားကြောင့် အရှိန်သေသွားပြီး အဆုံးစွန်သော ဒေါသတို့သာ ကျန်ရစ်တော့သည် ။
“ကောင်းပြီ..... ကျန်းဝူကျိ”
လုကျန့်ခဲ့သည် ထိုစကားကို အံကြိတ်ကာ ပြောလိုက်ပြီး မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့်ကြည့်နေသည် ။ ဟဲပိဝိန့်မှာလည်း ထိုနည်းတူပင်ဖြစ်သည် ။ ဤကောင်ကလေးကို အမြစ်ပြတ်အောင် သတ်ပစ်မည်ဟုသာ သူတို့စိတ်ထဲတွင် ရှိတော့သည် ။
သူတို့နှစ်ဦးသည် အပိုစကား တစ်ခွန်းမျှ မဆိုတော့ဘဲ အော်ဟစ် မာန်သွင်းလိုက်ကာ လက်ဝါးကိုယ်စီဖြင့် ကျန်းဝူကျိအား ဘယ်ညာညှပ်၍ ရွှမ်မင်နတ်လက်ဝါးဖြင့် ရိုက်နှက်လိုက်ကြသည် ။ ဒေါသထွက်နေသော ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ လက်ဝါးအရှိန်မှာ ယခင်ကထက် ပိုမိုပြင်းထန်လှပေသည် ။ ၎င်းကို ကြည့်ခြင်းအားဖြင့် ရန်ရှောင်နှင့် ဖန့်ယောင်တို့သည်ပင်လျှင် ရွှမ်မင်အဘိုးကြီးနှစ်ဦးထဲမှ တစ်ဦးချင်းစီကို ယှဉ်နိုင်ရန် ခဲယဉ်းကြောင်း သိသာလှသည် ။
သို့သော် ကျန်းဝူကျိမှာမူ မည်သည့်လှည့်ကွက်မျှ မသုံးဘဲ သူ၏ လက်ဝါးစွမ်းအားကို မြှင့်တင်ကာ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထဲမှ ကျန့်ကျင်းပိုင်လီ သိုင်းကွက်ဖြင့် ပြန်လည်ခုခံလိုက်သည် ။
“ဘုန်း......”
ကျန်းဝူကျိသည် သူတို့နှစ်ဦး၏ လက်ဝါးချက်များကို တိုက်ရိုက်ရင်ဆိုင်လိုက်သည် ။ သူသည် ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရသော်လည်း ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ တည်ငြိမ်လှသော အတွင်းအားဖြင့် ပြန်လည်ခုခံထားသဖြင့် ခြေတစ်လှမ်းမျှ နောက်သို့ဆုတ်မသွားပေ ။ ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာမူ နဂါးနိုင်လက်ဝါး၏ ဒဏ်ကြောင့် လက်မောင်းများ ထုံကျင်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည် ။
ထိုအချိန်၌ ကျန်းဝူကျိသည် ရှေ့သို့ တိုးဝင်လိုက်ရာ သူ၏ ခြေရာများမှာ မြေကြီးထဲသို့ လက်မအနည်းငယ်ခန့် နစ်ဝင်သွားသည် ။ သူသည် လက်ဝါးကို ဆက်တိုက်အသုံးပြုကာ ရွှမ်မင်အဘိုးကြီးနှစ်ဦး နောက်သို့ လိုက်လံတိုက်ခိုက်လေသည် ။
ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ ကျန်းဝူကျိ၏ လက်ဝါးအရှိန်အဝါ ပြင်းထန်မှုကို အံ့အားသင့်သွားကြသည် ။ သူတို့ အစွမ်းကုန်တိုက်ခိုက်ပါသော်လည်း နောက်သို့ ဆုတ်ပေးလိုက်ရသဖြင့် ကျန်းဝူကျိ၏ လက်ဝါးချက်များ ထပ်မံရောက်ရှိလာသောအခါ ရွှမ်မင်နတ်လက်ဝါးဖြင့်သာ အသည်းအသန် ကာကွယ်နေရတော့သည် ။
“ဝုန်း....”
တုန်ခါသွားသော လက်ဝါးအရှိန်ကြောင့် သူတို့၏ အင်္ကျီစများမှာ တဖျတ်ဖျတ် လွင့်စင်နေသည် ။ ကျန်းဝူကျိ၏ လက်ဝါးသိုင်းမှာ မြန်ဆန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်း ခုနစ်ချက်၊ ရှစ်ချက်ခန့် အပြန်အလှန် တိုက်ခိုက်ပြီး ဖြစ်သည် ။ ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ ယခုအခါ အကြီးအကျယ် ဒုက္ခရောက်နေကြပြီ ဖြစ်သည် ။ ကျန်းဝူကျိ၏ လက်ဝါးချက်တိုင်းမှာ အလွန်ပြင်းထန်ပြီး တည်ငြိမ်လှသဖြင့် သူတို့ ခုခံလိုက်တိုင်း လက်မောင်းများမှာ ကျဉ်တက်ကာ ထုံကျင်လာသည် ။ သူတို့သည် နက်ရှိုင်းလှသော အတွင်းအားဖြင့်သာ တောင့်ခံထားရသော်လည်း ဤအတိုင်း ဆက်သွားလျှင် ကြာရှည်ခံမည် မဟုတ်ပေ ။
ဟဲပိဝိန့်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ အရိပ်အယောင် ပြလာသော်လည်း လုကျန့်ခဲ့မှာမူ အံကြိတ်ကာ တောင့်ခံထားဆဲ ဖြစ်သည် ။ သူက စိတ်ထဲမှ ကြံစည်နေသည်မှာ “ကျန်းဝူကျိရဲ့ လက်ဝါးသိုင်းက အရမ်းစွမ်းအားကြီးလွန်းတော့ အတွင်းအားကို အမြောက်အမြား သုံးစွဲရမှာပဲ။ သူ ဒီအတိုင်း ဆက်တိုက် အသုံးမပြုနိုင်ပါဘူး။ ငါတို့ နောက်ထပ် ဆယ်ကွက်၊ ဆယ့်ငါးကွက်လောက် တောင့်ခံထားနိုင်ရင် ကျန်းဝူကျိရဲ့ အတွင်းအား ကုန်ခမ်းသွားမှာ အသေအချာပဲ။ အဲဒီအချိန်ကျမှ ငါတို့ ပြန်တိုက်ရမယ်” ဟူ၍ ဖြစ်သည် ။
ထိုသို့ တွေးတောကာ လုကျန့်ခဲ့သည် သူ၏ ရွှမ်မင်အတွင်းအားကို မြှင့်တင်ပြီး အေးစက်လှသော လက်ဝါးစွမ်းအားများဖြင့် အစွမ်းကုန် ခုခံနေတော့သည် ။
ဟဲပိဝိန့်မှာ စိုးရိမ်နေသော်လည်း သူ၏စီနီယာအစ်ကိုက အသည်းအသန် တိုက်ခိုက်နေသည်ကို မြင်သောအခါ တစ်ယောက်တည်း နောက်မဆုတ်ဝံ့တော့ပေ ။ ထို့ကြောင့် သူလည်း အံကြိတ်ကာ ကျန်းဝူကျိ၏ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကို တိုက်ရိုက် ရင်ဆိုင်နေရတော့သည် ။
ကျန်းဝူကျိသည် ပြင်းထန်သော လက်ဝါးချက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်ရာ လုကျန့်ခဲ့နှင့် ဟဲပိဝိန့်တို့မှာ ခေါင်းများမူးနောက်လာပြီး ကိုယ်တွင်းကလီစာများ နာကျင်လာကာ လက်မောင်းများလည်း ထုံကျင်သွားကြသည် ။ သို့သော် သူတို့သည် အံကြိတ်ကာ အသည်းအသန် တောင့်ခံထားကြပြီး မျက်လုံးထဲတွင်လည်း တစ်စုံတစ်ခုကို မျှော်လင့်နေကြသည် ။
၎င်းကို မြင်သောအခါ ကျန်းဝူကျိသည် ထိုလူနှစ်ယောက် ဘာတွေးနေသည်ကို ချက်ချင်း ရိပ်မိလိုက်သည် ။ သူ အားကုန်သွားမည့် အချိန်ကို စောင့်နေကြခြင်း ဖြစ်သည် ။
ထိုသို့ တွေးမိသည်နှင့် ကျန်းဝူကျိမှာ ရယ်ချင်သွားတော့သည် ။
“ဒီလူအိုကြီး နှစ်ယောက်က ကိုးပါးနေဝန်း အလင်းစွမ်းအင်နဲ့ အင်အားချင်းယှဉ်မယ်ပေါ့လေ”
“ခင်ဗျားတို့ပြောနေတဲ့ သရဲပုံပြင်က တကယ်ကြောက်ဖို့ကောင်းတာပဲ။ ကုန်ခမ်းခြင်းမရှိ၊ အဆုံးမရှိ ဆိုတဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့ မသိကြဘူးလား ။”
ကိုးပါးနေဝန်း အလင်းစွမ်းအင်မှာ အမှန်တကယ် အဆုံးမရှိသည်တော့ မဟုတ်သော်လည်း လောကတွင် အပြင်းထန်ဆုံးဖြစ်သည့် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်နှင့် ပေါင်းစပ်လိုက်သည့်အခါတွင်မူ အလွန်ပင် ပြည့်စုံသွားတော့သည် ။ သူ၏ လှုပ်ရှားမှုတိုင်းသည် ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ သဘောတရားအတိုင်း ဖြစ်သည် ။ လက်ဝါးတစ်ချက် ရိုက်လိုက်တိုင်း ကုန်ဆုံးသွားသည့် အတွင်းအားကို အသက်ရှူသွင်း၊ ရှူထုတ်ရုံဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည် ။ ထို့ကြောင့် အင်အားမှာ အဆက်မပြတ် စီးဆင်းနေသကဲ့သို့ ဖြစ်နေတော့သည် ။
လက်ရှိ ကျန်းဝူကျိကို အင်အားကုန်အောင် စောင့်ဆိုင်းခြင်းမှာ မဖြစ်နိုင်သော အရာပင် ဖြစ်သည် ။
သို့သော်လည်း ကိစ္စမရှိပါ၊ ဤလူအိုကြီးနှစ်ယောက်ကို စစ်မှန်သော မျှော်လင့်ချက်မဲ့ခြင်း၏ အရသာကို မြည်းစမ်းခွင့် ပေးလိုက်မည်ဟု သူတွေးလိုက်သည် ။
ထို့ကြောင့် ကျန်းဝူကျိသည် အနိုင်ရရန် အလျင်မလိုတော့ဘဲ တည်ငြိမ်စွာ တိုက်ခိုက်နေတော့သည် ။ နောက်ထပ် လက်ဝါးတစ်ချက် မထုတ်မီ ယခင်က ကုန်ဆုံးသွားသော အတွင်းအားကို ပြန်လည်ဖြည့်တင်းပြီးမှ တိုက်ခိုက်သည် ။ ဤသို့ဖြင့် အင်အားများမှာ အဆုံးမရှိ စီးဆင်းနေသော်လည်း သူ၏ လက်ဝါးချက်များမှာမူ ရက်စက်ပြင်းထန်မြဲ ဖြစ်သည် ။ လက်ဝါးတစ်ချက်စီတိုင်းက ရွှမ်မင်အဘိုးကြီးနှစ်ဦးကို ချွေးပြန်စေကာ မနည်းခုခံနေရသည် ။
ကျန်းဝူကျိ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည် ။ ပြည့်စုံသွားသော ကိုးပါးနေဝန်း အလင်းစွမ်းအင်နှင့် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်တို့ကို ပေါင်းစပ်လိုက်လျှင်ပင် ရွှမ်မင်အဘိုးကြီးနှစ်ဦးကို အနိုင်ယူရန် လုံလောက်နေပြီ ဖြစ်ကြောင်း သူသိလိုက်ရသည် ။
သူ၏ ‘လက်ညှိုးသိုင်း’၊ ‘စကြဝဠာ ရွှေ့ပြောင်းခြင်း’ နှင့် ‘ထိုက်ကျိလက်ဝါးသိုင်း’ တို့ကိုမူ အသုံးပင် မပြုရသေးချေ ။
အခန်း (၁၀၇) ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ လက်နက်များ
လက်ဝါးအချက်ပေါင်း သုံးဆယ်ခန့် တောင့်ခံပြီးနောက် ကျန်းဝူကျိထံမှလာသော လက်ဝါးချက်၏ တိုက်ရိုက်ထိမှန်ခြင်းကို မခံရသေးသော်လည်း ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ အတွင်းကလီစာများမှာ နာကျင်နေပြီ ဖြစ်ကာ နှုတ်ခမ်းထောင့်များမှ သွေးစအချို့ပင် စိမ့်ထွက်လာချေသည်။
သူတို့၏ အခြေအနေမှာ ကြည့်ရသည်မှာ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ လက်ဝါးများမှာ ခရမ်းရောင်သန်းနေပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းလျက် မျက်ရည်များပင် ကျဆင်းနေကြသည်။ သူတို့နှစ်ဦးလုံးမှာ ရူးသွပ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သို့သော် ထိုအတွက် သူတို့ကို အပြစ်ဆို၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်၏ တိုက်ရိုက်ရင်ဆိုင်မှုကို မည်သူမျှ ကြာရှည်မခံနိုင်သောကြောင့် ဖြစ်သည်။ သူတို့ အားထားရသည့် ရွှမ်မင်အတွင်းအားမှာလည်း ကျန်းဝူကျိအပေါ်တွင် လုံးဝအသုံးမဝင်ချေ။ ကျန်းဝူကျိ၏ ကိုးပါးနေဝန်း အလင်းစွမ်းအင်မှာ ရွှမ်မင်အတွင်းအားကို အပြီးအပိုင် ချေဖျက်နိုင်စွမ်း ရှိပေသည်။ သူတို့၏ အေးစက်လှသော အတွင်းအားများမှာ ကျန်းဝူကျိ၏ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်နိုင်သဖြင့် မည်သည့်အန္တရာယ်မျှ မပေးနိုင်တော့ချေ။
ဤအချိန်၌ ကြည့်ရှုနေကြသော လူအများလည်း ရှင်းလင်းစွာ နားလည်သွားကြပြီ ဖြစ်သည်။ ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ သိုင်းပညာ မြင့်မားလှသော်လည်း ကျန်းဝူကျိ၏ ပြိုင်ဘက် မဟုတ်ကြတော့ပေ။
ရောက်ရှိနေသူ အားလုံးနီးပါးမှာ သိုင်းလောက၏ ထိပ်သီးပညာရှင်များ ဖြစ်ကြသည့်အတိုင်း ကျန်းဝူကျိ၏ လက်ဝါးချက်များမှာ ပြင်းထန်လှသော်လည်း သူသည် ထိုသူတို့ကို သတ်ဖြတ်ရန် မရည်ရွယ်ဘဲ နှိပ်စက်ကစားနေခြင်း ဖြစ်ကြောင်း ရိပ်မိကြသည်။ ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အတွင်းပိုင်းမှ ပြိုလဲသွားအောင် တမင်ရိုက်ချိုးနေခြင်း ဖြစ်ပေသည်။
စိုးရိမ်ပူပန်နေခဲ့ကြသော ရန်ရှောင်နှင့် အခြားသူများမှာလည်း ဤမြင်ကွင်းကို မြင်သောအခါမှ သက်ပြင်းချနိုင်ကြတော့သည်။ သူတို့၏ ဂိုဏ်းချုပ်ကို လျှော့တွက်ခဲ့မိကြောင်း တွေးမိကြ၏။ ဂိုဏ်းချုပ်၏ အတွင်းအားမှာ ပြိုင်ဘက်ကင်းနေပြီဖြစ်ကာ ပြင်းထန်လှသော နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကိုပါ တတ်မြောက်ထားသဖြင့် ရွှမ်မင်အဘိုးကြီးနှစ်ဦးကို အလွယ်တကူ ချေမှုန်းနိုင်နေပြီ ဖြစ်သည်။
ရှီဟော်လုံမှာမူ အားကျသော မျက်လုံးများဖြင့် ကြည့်ရှုနေမိသည်။
“ငါသာဆိုရင် သူတို့ထဲက တစ်ယောက်ကိုတောင် နိုင်ဖို့ မလွယ်ဘူး။ ကျန်းဝူကျိကတော့ နှစ်ယောက်လုံးကို အသာစီးနဲ့ တိုက်ခိုက်နေနိုင်တာပဲ။ ဒီကွာခြားချက်က သာမန်မဟုတ်တော့ဘူး”
ရှီဟော်လုံကို အားအကျစေဆုံးအရာမှာ ကျန်းဝူကျိသည် တိုက်ပွဲတစ်ခုလုံးတွင် အခြားသိုင်းပညာများကို အသုံးမပြုဘဲ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကိုသာ တစ်ကွက်ပြီးတစ်ကွက် အသုံးပြုနေခြင်း ဖြစ်သည်။ သူ၏ အားကောင်းလှသော အတွင်းအားနှင့် နဂါးနိုင်လက်ဝါးတို့ ပေါင်းစပ်လိုက်သည့်အခါ အလွန်ပင် တည်ငြိမ်အေးဆေးလှရာ သိုင်းလောက အရှင်သခင်ကြီးတစ်ဦး၏ အရှိန်အဝါကို ဖော်ဆောင်နေပေသည်။
ထို့နောက် သူသည် မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုမိသည်။ သူသည် လက်ဝါးဆယ့်နှစ်ချက်ကို သင်ယူနိုင်ရန်အတွက်ပင် ပြင်းထန်သော ဒဏ်ရာများနှင့် နာတာရှည်ဝေဒနာများကို ခံစားခဲ့ရသည်။ ကျန်းဝူကျိမှာမူ နှစ်လကျော်အတွင်းမှာပင် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကို အလုံးစုံ တတ်မြောက်သွားခြင်းမှာ နှိုင်းယှဉ်စရာပင် မရှိတော့ချေ။ ပါရမီဆိုသည်မှာ အမှန်တကယ် ကွာခြားလှပေသည်။
ရှီဟော်လုံ၏ အမြင်အရ သူ၏ သိုင်းပညာနှင့် လှုပ်ရှားမှုများမှာ ကျန်းဝူကျိနှင့် ယှဉ်လျှင် အများကြီး ကွာဟနေသေးသည်။ သူ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသော နဂါးနိုင်လက်ဝါးမှာ ကျန်းဝူကျိ နှစ်လအတွင်း သင်ယူခဲ့သည်ကိုပင် မမီနိုင်ချေ။ ထိုမျှလောက်သော ကွာခြားချက်ကို မြင်သောအခါ သူသည် ကျန်းဝူကျိအပေါ် ပို၍ပင် ကြည်ညိုလေးစားလာတော့သည်။
ကျန်းဝူကျိ၏ မယုံကြည်နိုင်လောက်သော စွမ်းဆောင်ရည်များကို မြင်တွေ့ရလေလေ၊ ရှီဟော်လုံမှာ ကျန်းဝူကျိ၏ လက်အောက်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း ပို၍ ခံစားရလေလေ ဖြစ်သည်။
သူ မကြာခဏ တွေးတောမိသည်မှာ သူနှင့် သူတောင်းစားဂိုဏ်းက ကျန်းဝူကျိအား လောကကို စည်းလုံးစေရန် ကူညီပေးပြီးနောက် ကျန်းဝူကျိသည်လည်း သူတောင်းစားဂိုဏ်းကို ပြန်လည် ထောက်ပံ့ပေးလိမ့်မည်ဟူ၍ ဖြစ်သည်။ ထိုအချိန်ကျလျှင် သူတောင်းစားဂိုဏ်းမှာ မကြုံစဖူးသော ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိလာပေလိမ့်မည်။
သို့သော် ရှီဟော်လုံမှာ အတွေးတိမ်လှပေသည်။ သူသည် သိုင်းလောက၏ ကိစ္စရပ်များကိုသာ တွေးတောမိသော်လည်း ကျန်းဝူကျိက လောကကြီးကို စည်းလုံးစေပြီး သာယာဝပြောသော ခေတ်ကို တည်ထောင်လိုက်လျှင် သာမန်လူတန်းစားများမှာ ငတ်မွတ်ခြင်း မရှိတော့ဘဲ တောင်းရမ်းစားသောက်ရန် လိုတော့မည် မဟုတ်ကြောင်းကိုမူ မတွေးမိချေ။ လူများ တောင်းရမ်းခြင်း မပြုကြတော့လျှင် သူတောင်းစားများ မရှိတော့သဖြင့် သူတောင်းစားဂိုဏ်းက မည်သို့ ပြန်လည် ထွန်းကားနိုင်မည်နည်း။
မင်ဂိုဏ်းနှင့် အခြားသိုင်းလောကဂိုဏ်းများမှ ထိပ်သီးပညာရှင်များမှာလည်း ကျန်းဝူကျိ၏ သိုင်းပညာနှင့် ရဲစွမ်းသတ္တိကို ချီးကျူးကာ ခေါင်းငြိမ့်နေကြသည်။
ကျောက်မိန်၏ ဘက်မှမူ ထူးခြားသော အမူအရာ မပြသော်လည်း အသီးသီး စိတ်ကူးရှိနေကြသည်။
ဖန့်တုန်းပိုင်မှာ ရှီဟော်လုံ ရောက်ရှိလာခြင်းကြောင့် စိတ်တိုနေခဲ့ရာ ကျန်းဝူကျိနှင့် ရွှမ်မင်အဘိုးကြီးနှစ်ဦး တိုက်ခိုက်နေခြင်းကို ကြည့်ရင်းဖြင့်သာ အာရုံလွှဲထားရသည်။
ကျောက်မိန်မှာမူ မင်းသမီးတစ်ပါး ဖြစ်သည့်အတွက် ရန်သူဘက်ကို ပေါ်ပေါ်ထင်ထင် အားမပေးနိုင်သော်လည်း ကျန်းဝူကျိ၏ စွမ်းရည်မှာ ရုယန်မင်းသားအိမ်တော်မှ အစွမ်းဆုံးဖြစ်သည့် ရွှမ်မင်အဘိုးကြီးနှစ်ဦးကိုပင် အနိုင်ရနေသည်ကို မြင်သောအခါ သူ၏ ချစ်သူအတွက် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။ သို့သော် အပြင်ပန်းတွင်မူ ဘာမှမဖြစ်သလို ဟန်ဆောင်ထားရချေသည်။
ဖန့်ယောင်တစ်ယောက်သာလျှင် မည်သို့သော အမူအရာမျှ မပြဘဲ ရပ်နေသော်လည်း သူ၏မျက်လုံးများမှာ ကျန်းဝူကျိနှင့် ရွှမ်မင်အဘိုးကြီးနှစ်ဦးတို့၏ တိုက်ပွဲအပေါ်တွင်သာ စူးစိုက်ထားသည်။ ကျန်းဝူကျိ၏ အစွမ်းထက်မှုကို မြင်တွေ့ရသောအခါ သူသည် အလွန်ပင် စိတ်သက်သာရာရသွားကာ မင်ဂိုဏ်းကို ဂိုဏ်းတည်ထောင်သူ နတ်ဘုရားက စောင့်ရှောက်နေပြီဟု တွေးမိသည်။ ဆယ်စုနှစ်များစွာ ကွဲပြားနေခဲ့သော မင်ဂိုဏ်းမှာ နောက်ဆုံးတွင် ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော ထူးခြားပြောင်မြောက်သည့် ဂိုဏ်းချုပ်မျိုးနှင့် ဆုံတွေ့ရသဖြင့် သူ၏ ရုပ်ဖျက်ခဲ့ရခြင်းနှင့် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရခြင်းမှာ အလဟဿ မဖြစ်တော့ပေ။
ရင်ပြင်အတွင်း၌ ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ ကျန်းဝူကျိ၏ လက်ဝါးအရှိန်ကြောင့် နှုတ်ခမ်းထောင့်များမှ သွေးများ ထွက်လာပြီ ဖြစ်သည်။ ဤအတိုင်း ဆက်သွားလျှင် ကျန်းဝူကျိက အစွမ်းကုန် မတိုက်ခိုက်လျှင်ပင် သူတို့မှာ အတွင်းအားဒဏ်ကြောင့် သေဆုံးသွားနိုင်ကြောင်း သိလိုက်ကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးလုံးသည် လက်ဝါးကွက်များကို စွန့်လွှတ်လိုက်ကာ နောက်သို့ လိမ့်ကာ ဆုတ်ခွာသွားကြပြီးနောက် သူတို့၏ လက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြသည်။
ကျန်းဝူကျိသည် သူတို့နောက်သို့ အတင်းမလိုက်ခြင်းမှာ သူတို့တွင် မည်သည့် လှည့်ကွက်များ ကျန်ရှိနေသေးသည်ကို ကြည့်လိုသောကြောင့် ဖြစ်သည်။ ယခုအခါ လက်နက်များကို ထုတ်ယူလာသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
“လက်နက်နဲ့ ကစားမလို့လား”
ကျန်းဝူကျိက ရယ်မောလိုက်ရင်း သူ၏ ခါးမှ တိမ်လွှာဓား ကို ထုတ်ယူလိုက်သည်။
ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ ယနေ့တွင် အလွန်ပင် ရယ်စရာကောင်းလှသည်။ သူတို့သည် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်၊ ကိုးပါးနေဝန်း အလင်းစွမ်းအင်နှင့် အင်အားချင်း ယှဉ်ခဲ့ကြသည်၊ ယခုအခါ တိမ်လွှာဓားနှင့် လက်နက်ချင်း ယှဉ်ပြိုင်ချင်နေကြပြန်ပြီ။
သူတို့သည် လောကတွင် ရင်ဆိုင်ရအခက်ဆုံးသော အရာများကို တစ်ခုပြီးတစ်ခု ရွေးချယ်မိနေကြခြင်း ဖြစ်သည်။
၎င်းကို မြင်သောအခါ ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ မျက်နှာများမှာ အနည်းငယ် ပျက်သွားသော်လည်း လက်ဝါးချင်းယှဉ်လျှင် ကျန်းဝူကျိကို မယှဉ်နိုင်ကြောင်း သိသဖြင့် လက်နက်ကိုသာ အားကိုးရန် ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။
လူအများ ကြည့်ရှုနေစဉ်အတွင်း လုကျန့်ခဲ့သည် သမင်ဦးချိုပုံစံ ထိပ်နှစ်ခွပါသော တုတ်တိုတစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းမှာ တစ်ခုလုံး မည်းနက်နေကာ မည်သည့်သတ္တုဖြင့် ပြုလုပ်ထားသည်ကို မသိနိုင်ချေ။ ဟဲပိဝိန့်မှာမူ ကြိုးကြာနှုတ်သီးကဲ့သို့ ထိပ်ဖျားချွန်ထက်နေသော ကလောင်တံနှစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ၎င်းတို့မှာ လင်းလက်တောက်ပနေသဖြင့် အလွန်ပင် မာကျောသော လက်နက်များဖြစ်ကြောင်း သိသာလှသည်။
“တစ်ယောက်က လုကျန့်ခဲ့ (သမင်ဦးချို)၊ နောက်တစ်ယောက်က ဟဲပိဝိန့် (ကြိုးကြာ)။ သူတို့ရဲ့ လက်နက်တွေက နာမည်နဲ့ လိုက်ဖက်သလို တော်တော်လည်းကောင်းသားပဲ ၊ ဒါပေမဲ့ လူကတော့ မကောင်းဘူး၊ ဒီနာမည်ကောင်းတွေကို ဖြုန်းတီးပစ်တာပဲ”
ကျန်းဝူကျိက လှောင်ပြောင်လိုက်ပြီး အလွန်ထက်မြက်လှသော တိမ်လွှာဓားကို ကိုင်ဆောင်ကာ ပြောလိုက်သည်။
“လာကြလေ၊ ခင်ဗျားတို့ရဲ့ ဒီလက်နက်တွေက တိမ်လွှာဓားကို ခုခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့”
အစပိုင်းတွင် ရွှမ်မင်အဘိုးကြီးနှစ်ဦး လက်နက်များ ထုတ်လာသည်ကို မြင်သောအခါ လူအချို့က ကျန်းဝူကျိအတွက် စိုးရိမ်ခဲ့ကြသည်။
အထူးသဖြင့် ကျောက်မိန် ဖြစ်သည်။ ရွှမ်မင်အဘိုးကြီးနှစ်ဦးသည် ရုယန်မင်းသား အိမ်တော်တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကာ သူမ၏ လက်အောက်တွင် ရှိခဲ့သော်လည်း သူတို့ လက်နက်အသုံးပြုသည်ကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ယနေ့မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် ထိုသူတို့တွင် ကျန်းဝူကျိ လက်မခံနိုင်သော လျှို့ဝှက်ချက်များ ရှိနေမည်ကို သူမ စိုးရိမ်နေမိသည်။
သို့သော် နောက်တစ်ခဏ၌ ကျန်းဝူကျိက တိမ်လွှာဓားကို ကိုင်ကာ လှောင်ပြောင်နေသည်ကို မြင်သောအခါ အားလုံး စိတ်အေးသွားကြတော့သည်။
“ဒါက အေးဆေးပါပဲ ...ဟုတ်တယ် အေးဆေးပဲ”
တိမ်လွှာဓားကို လက်ထဲတွင် ကိုင်ထားသရွေ့ နဂါးနိုင်ဓား သာ ထွက်မလာလျှင် ကျန်သော လက်နက်များမှာ အသုံးမဝင်ချေ။
လက်နက်ချင်း ယှဉ်ပြိုင်သည့်အခါတွင် လှုပ်ရှားမှုများ မည်မျှပင် ကောင်းမွန်ပါစေ၊ သိုင်းပညာ မည်မျှပင် မြင့်မားပါစေ၊ လက်နက်၏ အရည်အသွေးမှာ အရေးကြီးဆုံး အချက်ဖြစ်ပေသည်။
တိမ်လွှာဓားမှာ လောကတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။ ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ ထူးဆန်းသော လက်နက်များမှာ ထိရောက်မှု ရှိမည်မဟုတ်ချေ။
“ထိရောက်သလား၊ မထိရောက်ဘူးလားဆိုတာ တိုက်ကြည့်ရင် သိမှာပေါ့”
လုကျန့်ခဲ့နှင့် ဟဲပိဝိန့်တို့၏ မျက်နှာများမှာ မှောင်မှောင်မည်းမည်း ဖြစ်နေသည်။ သူတို့မှာ ဤအခြေအနေသို့ ရောက်အောင် အတင်းအကျပ် တွန်းပို့ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။ အကယ်၍ ကျန်းဝူကျိက သူတို့အား လက်ဝါးသိုင်းဖြင့် အသည်းအသန် ဖိအားမပေးခဲ့လျှင် သူတို့ လက်နက်များကို ထုတ်သုံးမည် မဟုတ်ပေ။
အမှန်တကယ်ပင် လက်ဝါးချက်တိုင်းကို တောင့်ခံနေရသည်မှာ အတွင်းကလီစာများအထိ နာကျင်လှသဖြင့် မခံမရပ်နိုင် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ လက်နက်များကို အသုံးပြုရသဖြင့် ထိုကဲ့သို့ ကြီးမားသော နာကျင်မှုကို ခံစားရန် မလိုတော့ပေ။ ထို့ပြင် သူတို့၏ လက်နက်များမှာလည်း လျှို့ဝှက်လက်နက်များ ဖြစ်ကြကာ ရှားပါးသတ္တုများဖြင့် ပြုလုပ်ထားသဖြင့် အလွန်ပင် မာကျောလှသည်။ ကောင်းကင်ဓားလောက် မကောင်းလျှင်ပင် များစွာကွာခြားမည်မဟုတ်ဘဲ သာမန်လက်နက်များကဲ့သို့ ထိလိုက်သည်နှင့် ပြတ်တောက်သွားမည် မဟုတ်ကြောင်း သူတို့ ယုံကြည်နေကြသည်။
သူတို့က “ကျန်းဝူကျိရဲ့ လက်ဝါးသိုင်းက အစွမ်းထက်ပြီး အတွင်းအားက နက်ရှိုင်းပေမဲ့ သူ့ရဲ့ ဓားသိုင်းကတော့ အဲ့လောက် မကောင်းနိုင်ပါဘူး” ဟု တွေးတောကာ ထိုအားနည်းချက်ကို အသုံးချရန် ကြံစည်နေကြခြင်း ဖြစ်သည်။
အခန်း (၁၀၈) သေခြင်းအား ကြောက်ရွံ့ခြင်း
ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ အကြံကုန်သဖြင့် ဂယောင်ဂတမ်းဖြစ်နေကြပြီ ဖြစ်သည်။ သူတို့၏ လက်ဝါးသိုင်းမှာ လုံးဝအသုံးမဝင်တော့သဖြင့် လက်နက်ဖြင့်သာ အနိုင်ယူရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ပေသည်။
ကျန်းဝူကျိမှာ ငယ်ရွယ်သူဖြစ်သဖြင့် အချိန်နှင့် အင်အားမှာ အကန့်အသတ်ရှိနိုင်ကာ လက်ဝါးသိုင်းနှင့် အတွင်းအားတွင် ထူးချွန်သော်လည်း လက်နက်ပိုင်းတွင် ကျွမ်းကျင်လိမ့်မည်မဟုတ်ဟု သူတို့က အစပိုင်းတွင် တွေးထင်ခဲ့ကြသည်။
အမှန်စင်စစ် သူတို့၏ အတွေးမှာ လုံးဝမှားယွင်းသည်တော့ မဟုတ်ပေ။ ယခင်က ဝူတန်တောင်ပေါ်တွင် ကျန်းဝူကျိသည် ထိုက်ကျိဓားသိုင်းဖြင့် ဖန့်သုန်းပိုင်ကို အနိုင်ယူခဲ့သော်လည်း ထိုတိုက်ပွဲမှာ အလွန်မြန်ဆန်လွန်းခဲ့သည်။ ရွှမ်မင်အဘိုးကြီးနှစ်ဦး ကိုယ်တိုင်မှာလည်း ဓားသိုင်းအနှစ်သာရကို နားလည်သူများ မဟုတ်ကြချေ။ ကျန်းဝူကျိ၏ စင်ကြယ်လှသော ကိုးပါးနေဝန်းအတွင်းအားက ဖန့်သုန်းပိုင်ကို ဖိနှိပ်လိုက်ခြင်းသာ ဖြစ်မည်ဟု သူတို့က ယူဆခဲ့ကြပြီး ကျန်းဝူကျိမှာ လက်နက်အသုံးပြုရာတွင် ကျွမ်းကျင်မှုမရှိဟု ကောက်ချက်ချခဲ့ကြသည်။
သို့သော် နောက်ဆက်တွဲဖြစ်ရပ်များက သူတို့အား မှင်တက်သွားစေခဲ့သည်။
လုကျန့်ခဲ့သည် သူ၏ တုတ်တိုကို ဝှေ့ယမ်းလိုက်ပြီး ဟဲပိဝိန့်ကလည်း သံကလောင်နှစ်ချောင်းကို ကိုင်ဆောင်ကာ ကျန်းဝူကျိအား ဝိုင်းရံတိုက်ခိုက်ကြတော့သည်။
ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ လက်နက်အသုံးပြုမှုကို ကျွမ်းကျင်စွာ လေ့ကျင့်ထားသူများဖြစ်ကြပြီး သူတို့၏ ဟန်ချက်ညီမှုမှာလည်း အထူးကောင်းမွန်လှသည်။ သူတို့၏ လှုပ်ရှားမှုကြောင့် အနက်ရောင်အလင်းတန်းတစ်ခုနှင့် အဖြူရောင်အလင်းတန်းနှစ်ခုမှာ ကျန်းဝူကျိအား ရစ်ပတ်ဖုံးလွှမ်းသွားသည်။
လုကျန့်ခဲ့က လှောင်ပြောင်ကာ
“ငါတို့ နာမည်တွေကို မင်းသိချင်နေတယ် မဟုတ်လား။ ငါတို့နာမည်တွေက ဒီလက်နက်တွေကနေ ဆင်းသက်လာတာပဲ။ ငါတို့ရဲ့ သမင်ဦးချိုတုတ်တိုနဲ့ ကြိုးကြာနှုတ်သီးကလောင်အောက်မှာ သေခဲ့ရတဲ့လူတွေက လက်ညှိုးထိုးမလွဲဘူး။ မင်းလည်း ဒီလက်နက်တွေနဲ့ အသတ်ခံရတာကို ဂုဏ်ယူသင့်တယ်” ဟု ဆိုသည်။
သူ စကားပြောနေစဉ်မှာပင် သူတို့၏ လက်နက်များမှာ ကျန်းဝူကျိအနားသို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့၏ တိုက်ကွက်များမှာ ရက်စက်ပြီး ထူးဆန်းလှကာ သိုင်းလောကတွင် တွေ့ရခဲသော သိုင်းကွက်များ ဖြစ်ကြသည်။
ရောက်ရှိနေသူအားလုံးမှာ မျက်မှောင်ကြုတ်သွားကြသည်။ သိုင်းပညာအမျိုးမျိုးကို တတ်မြောက်သည်ဟု ဂုဏ်ယူထားသော ဖန့်ယောင်ပင်လျှင် ဤသူနှစ်ဦး၏ လက်နက်နှင့် တိုက်ကွက်များမှာ ထူးဆန်းလွန်းလှသဖြင့် မည်သည့်သိုင်းပညာဖြင့် တုံ့ပြန်ရမည်ကို စဉ်းစားမရဘဲ ရှိနေသည်။
ဖန့်ယောင်တင်မကဘဲ ရန်ရှောင်၊ ဝေယိရှောက်နှင့် အခြားသူအားလုံးမှာလည်း အသက်ရှူပင် မဝဝံ့ကြဘဲ ကျန်းဝူကျိက မည်သည့်သိုင်းပညာဖြင့် ခုခံမည်ကို စူးစိုက်ကြည့်နေကြသည်။
သို့သော် နောက်တစ်ခဏတွင်မူ မြင်တွေ့ရသည့် မြင်ကွင်းကြောင့် လူတိုင်းမှာ ဆွံ့အသွားကြတော့သည်။
ကျန်းဝူကျိသည် တိမ်လွှာဓားကို မြှောက်ကာ သူ့ထံသို့ တိုးဝင်လာသော ဟဲပိဝိန့်အပေါ်သို့ အားကုန်လွှဲ၍ ခုတ်ချလိုက်ခြင်း ဖြစ်သည်။
ဤခုတ်ချက်တွင် မည်သည့်သိုင်းကွက်မျှ မပါဝင်ချေ။ ဟဲပိဝိန့်မှာ ကျန်းဝူကျိက ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု လုံးဝမထင်ထားသဖြင့် သူ၏ ကြိုးကြာနှုတ်သီးကလောင်နှစ်ချောင်းကို ကြက်ခြေခတ်ကာ အလျင်အမြန် ခုခံလိုက်ရသည်။
စူးရှသော သတ္တုချင်းထိခတ်သံ ထွက်ပေါ်လာသည်။ ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ ပံ့ပိုးမှုကြောင့် ကျန်းဝူကျိ၏ ဓားချက်မှာ အလွန်ပင် အားပြင်းလှသည်။ ကျန်းဝူကျိ၏ အတွင်းအားဒဏ်ကို ခံထားရပြီးသား ဖြစ်သော ဟဲပိဝိန့်မှာ အစွမ်းကုန် မခုခံနိုင်တော့ဘဲ လက်မောင်းများ ထုံကျင်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။
ဟဲပိဝိန့်အား ပို၍ ထိတ်လန့်သွားစေသည်မှာ သူ၏ မာကျောလှသော ကြိုးကြာနှုတ်သီးကလောင်မှာ ကောင်းကင်ဓားကြောင့် တစ်လက်မခန့် နက်ဝင်သွားသည့် ချိုင့်ခွက်ကြီး ဖြစ်သွားခြင်းပင်။
ဤအတိုင်းသာ ဆက်သွားလျှင် နောက်ထပ် အချက်အနည်းငယ်အတွင်း သူ၏ လက်နက်များ ကျိုးပဲ့သွားတော့မည် မဟုတ်လား။
ထိုခဏမှာပင် ကျန်းဝူကျိသည် တိမ်လွှာဓားကို ပြန်မြှောက်ကာ ဘေးနားရှိ လုကျန့်ခဲ့အပေါ်သို့ ထပ်မံ ပိုင်းချလိုက်ပြန်သည်။
ဤတိုက်ကွက်မှာလည်း မည်သည့်ဟန်ပန်မှ မရှိဘဲ ရိုးရှင်းလွန်းလှသည်။ လုကျန့်ခဲ့မှာ မှင်တက်သွားသော်လည်း ကျန်းဝူကျိ၏ တိုက်ကွက်မှာ မြန်ဆန်လွန်းလှသဖြင့် ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ သူ၏ သမင်ဦးချိုတုတ်တိုဖြင့်သာ ပိတ်ဆို့ခုခံလိုက်ရသည်။
ထပ်မံ၍ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာကာ လုကျန့်ခဲ့မှာလည်း နောက်သို့ ယိုင်နဲ့ကာ ဆုတ်ခွာသွားရသည်။
သူသည် ယခင်က ကျန်းဝူကျိအား ဝိုင်းရံတိုက်ခိုက်စဉ်က နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်၏ ဒဏ်ကို ပိုမိုခံထားရသဖြင့် ကျန်းဝူကျိ၏ ဓားချက်ကို ကြံ့ကြံ့မခံနိုင်တော့ပေ။ လုကျန့်ခဲ့သည် သူ၏ လက်ဖဝါးမှာ စူးစူးဝါးဝါး နာကျင်လာသဖြင့် ငုံ့ကြည့်လိုက်ရာ လက်ဖဝါးအရေပြားမှာ ပေါက်ပြဲကာ သွေးများ စိမ့်ထွက်နေပြီး သူ၏ သမင်ဦးချိုတုတ်တိုမှာလည်း တစ်လက်မခန့် ချိုင့်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
လုကျန့်ခဲ့၏ နှုတ်ခမ်းများ တုန်ရီနေတော့သည်။ သူသည် သူ၏ သမင်ဦးချိုတုတ်တိုနှင့် သူ၏ ညီငယ်၏ ကြိုးကြာနှုတ်သီးကလောင်တို့မှာ တိမ်လွှာဓားနှင့် နဂါးနိုင်ဓားတို့ကို မမီနိုင်လျှင်ပင် များစွာကွာခြားမည်မဟုတ်ဟု ယုံကြည်ခဲ့သည်။ ယခုကဲ့သို့ ကြီးမားသော ကွာခြားချက်ရှိနေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ဓားဖြင့် တစ်ချက်ခုတ်လိုက်ရုံနှင့် ဤမျှဖြစ်သွားလျှင် နောက်ထပ် အနည်းငယ်ဆိုလျှင် ချက်ချင်း ကျိုးသွားပေတော့မည်။
ကျန်ရှိနေသော လူများ၏ မျက်နှာအမူအရာများမှာလည်း အလွန်ပင် ထူးဆန်းကာ အံ့အားသင့်နေကြသည်။
ကျန်းဝူကျိက ရန်သူကို ဤနည်းလမ်းဖြင့် တိုက်ခိုက်လိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။ ဤသည်မှာ သိုင်းပညာအဆင့်အတန်း လုံးဝမရှိဘဲ လယ်သမားတစ်ယောက်က ထင်းခုတ်သကဲ့သို့ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အားကုန်လွှဲရိုက်နေခြင်းသာ ဖြစ်သည်။ သို့သော် ကျန်းဝူကျိ၏ သိုင်းပညာက အလွန်မြင့်မားလွန်းသဖြင့် သူ၏ ရိုက်ချက်တိုင်းမှာ တိကျလှပေသည်။
“ဒါပေမဲ့ ဒါက သိုင်းပညာမှ မဟုတ်တာ”
သို့သော်လည်း အရာအားလုံးက ထူးဆန်းလှပေသည်။ ရိုးရှင်းသောအရာက ဆန်းကြယ်သောအရာကို အနိုင်ယူလိုက်ခြင်းပင် ဖြစ်မည်။ ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ ထူးဆန်းပြီး ရက်စက်သော လှည့်ကွက်များမှာ ကျန်းဝူကျိ၏ ထင်းခုတ်သကဲ့သို့ ရိုက်ချက်နှစ်ချက်အောက်တွင် အရာမထင်တော့ဘဲ ဆွံ့အသွားကြရသည်။
ဝူတန်ငါးဖော်မှာမူ စိတ်ပျက်လက်ပျက်ဖြင့် သူတို့၏ နဖူးများကို လက်ဖြင့် အုပ်လိုက်ကြသည်။
“ဒါက ဘာတွေလဲ။ ဆရာသခင်က ဝူကျိကို ထိုက်ကျိဓားသိုင်း သင်ပေးထားတယ် မဟုတ်လား။ ဘာလို့ ဝူကျိက အဲဒါကို မသုံးတာလဲ။ အခု ဒီရိုက်ချက်နှစ်ချက်က ဘာကြီးလဲ။ ဒါသာ သိုင်းလောကမှာ ပြန့်သွားရင် မင်ဂိုဏ်းချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကုန်တော့မှာပဲ “ဟု တွေးတောမိကြသည်။
ကျောက်မိန်မှာလည်း ပြောစရာစကား မရှိအောင် ဖြစ်သွားရသော်လည်း ခဏအကြာတွင် သူမ၏ နှုတ်ခမ်းများမှာ လှပစွာ ကွေးညွှတ်သွားသည်။ ကျန်းဝူကျိ၏ ကြမ်းတမ်းလှသော ထင်းခုတ်ဓားသိုင်းမှာ အမှန်တကယ်ပင် ရယ်စရာကောင်းလှပေသည်။ လူအများသာ မရှိလျှင် ကျောက်မိန်မှာ ကျိန်းသေပေါက် အော်ဟစ်ရယ်မောမိပေလိမ့်မည်။
ချစ်သူအပေါ်တွင်သာ စိတ်ရောက်နေသည့် မိန်းကလေးတစ်ဦး၏ စိတ်ဓာတ်ဟုသာ ဆိုရပေမည်။ သူမ၏ လက်အောက်ငယ်သားများမှာ အရိုက်ခံနေရသော်လည်း သူမ၏ နှလုံးသားကမူ ချစ်သူအတွက် ဝမ်းသာနေမိသည်။
လုကျန့်ခဲ့နှင့် ဟဲပိဝိန့်တို့မှာ ကျန်းဝူကျိက ဤသို့ လုပ်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူတို့၏ သိုင်းကွက်များမှာ ခေတ္တမျှ အသုံးမဝင်သကဲ့သို့ ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ လက်နက်ကျွမ်းကျင်မှု မည်မျှပင် ကောင်းမွန်ပါစေ၊ အတွင်းအားမှာ ကျန်းဝူကျိကို မမီနိုင်ပေ။ ကျန်းဝူကျိ၏ နက်ရှိုင်းလှသော အတွင်းအားကြောင့် သူ၏ ဓားလွှဲချက်များမှာ သူတို့ထက် ပို၍ မြန်ဆန်နေသည်။ ဤကဲ့သို့ ထင်းခုတ်သကဲ့သို့ ရိုက်ချက်မျိုးဖြင့်ပင် သူတို့၏ လှည့်ကွက်အားလုံးကို အင်အားသုံး၍ ဖြိုခွင်းနိုင်နေခြင်း ဖြစ်သည်။
ကျန်းဝူကျိက စကားအပိုမဆိုဘဲ တိမ်လွှာဓားကို ဆက်တိုက်လွှဲကာ ရိုက်ချနေတော့သည်။ ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာလည်း ထုံထိုင်းနေကြပြီ ဖြစ်သော်လည်း ရှောင်တိမ်းရန် မဖြစ်နိုင်သဖြင့် သူတို့၏ လက်နက်များဖြင့်သာ အတင်းကာကွယ်နေရသည်။
ထို့ကြောင့် လက်နက်ချင်း ထိခတ်သံ ထွက်ပေါ်လာတိုင်း ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ နှုတ်ခမ်းများမှာ တုန်ရီသွားကာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပိုမိုပြည့်နှက်လာပြီး ခန္ဓာကိုယ်များလည်း တုန်လှုပ်လာတော့သည်။
သူတို့သည် သူတို့၏ လက်နက်များအတွက် အမှန်တကယ်ပင် နှမြောတသ ဖြစ်နေကြရသည်။ ကျန်းဝူကျိ၏ ကြောက်မက်ဖွယ်ကောင်းမှုကိုလည်း အမှန်တကယ် နားလည်သွားကြပြီ ဖြစ်သည်။
“မနိုင်တော့ဘူး...... ဘယ်လိုမှ မနိုင်နိုင်တော့ဘူး။”
သို့သော် နှမြောနေ၍လည်း မရ၊ ကြောက်နေ၍လည်း မထူးတော့ပေ။ သူတို့၏ လက်နက်များမှာ တိမ်လွှာဓား၏ ပြိုင်ဘက် မဟုတ်ကြချေ။ ကျန်းဝူကျိက နောက်ထပ် လေးငါးကြိမ်ခန့် ဆက်တိုက် ရိုက်ချလိုက်သောအခါ သမင်ဦးချိုတုတ်တိုနှင့် ကြိုးကြာနှုတ်သီးကလောင်တို့မှာ ဒဏ်ကို မခံနိုင်တော့ဘဲ တိမ်လွှာဓား၏ အောက်တွင် တိုက်ရိုက်ကျိုးပဲ့သွားကာ မြေကြီးပေါ်သို့ ဗုန်းဗုန်းလဲကျသွားတော့သည်။
ကျန်းဝူကျိသည် တိမ်လွှာဓားကို မြှောက်ကာ ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုခဏ၌ လုကျန့်ခဲ့နှင့် ဟဲပိဝိန့်တို့မှာ ခြေချော်ကာ လဲကျလုနီးပါး ဖြစ်သွားကြပြီး အလျင်အမြန်ပင် အော်ဟစ်လိုက်ကြသည်။
“ငါတို့ အရှုံးပေးပါတယ်၊ အညံ့ခံပါတယ် “ ဟု အော်လိုက်ကြသည်။
နောက်ထပ် တစ်ချက်တည်းနှင့်ပင် ကျန်းဝူကျိ၏ ဓားက သူတို့အား သတ်ပစ်နိုင်ကြောင်း သူတို့ ကောင်းကောင်းသိသည်။
ဤအချိန်တွင် လုကျန့်ခဲ့နှင့် ဟဲပိဝိန့်တို့သည် ကျန်းဝူကျိအပေါ် အတိုင်းအဆမရှိသော ကြောက်ရွံ့မှုကို ခံစားနေကြရပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ လျှံထွက်နေတော့သည်။
သူတို့သည် ကျန်းဝူကျိကြောင့် အသည်းတုန်အောင် ကြောက်လန့်သွားကြပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
သိုင်းလောကတွင် ထိပ်သီးပညာရှင်များအဖြစ် ကျင်လည်ခဲ့ကြသော်လည်း သေရမည်ကို ကြောက်သည့်နေရာတွင်မူ သူတို့သည်လည်း အခြားလူများနှင့် မခြားနားကြပေ။
ထိုသူနှစ်ဦးမှာ ဤမျှအထိ ကြောက်လန့်နေသည်ကို မြင်သောအခါ ကျန်းဝူကျိသည် သူ၏ ဓားကို ပြန်သိမ်းလိုက်သည်။
သူက ကြင်နာတတ်၍ မဟုတ်ဘဲ ကျောက်မိန်၏ မျက်နှာကို ထောက်ထားခြင်းသာ ဖြစ်သည်။ ဤသည်မှာ သူတို့နှစ်ဦး သဘောတူထားသည့် ကိစ္စဖြစ်သဖြင့် ကျန်းဝူကျိသည် သူ၏ မိန်းကလေးကို အလေးအနက်ထား လေးစားခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ နောင်တွင် သူ့ရှေ့တွင် မောက်မာဝံ့တော့မည် မဟုတ်ပေ။ အန္တရာယ်ကင်းသွားပြီ ဖြစ်သဖြင့် သူတို့အား သတ်ရန်မှာ နောင်တစ်ချိန်တွင်လည်း နောက်မကျသေးပေ။ တစ်ရက်စောခြင်း၊ နောက်ကျခြင်းမှာ ထူးခြားမည် မဟုတ်ပေ။
ကျောက်မိန်းက လက်ဝှေ့ယမ်းလိုက်ရာ ဖန့်ယောင်နှင့် ဖန့်သုန်းပိုင်တို့သည် ရွှမ်မင်အဘိုးကြီးနှစ်ဦးအား သွားရောက် ထူမလိုက်ကြသည်။ ရွှမ်မင်အဘိုးကြီးနှစ်ဦးမှာ ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး တုန်ရီနေကြပြီး ထိုသူနှစ်ဦး၏ နောက်ကွယ်တွင် ပုန်းကွယ်နေကြတော့သည်။
ကျောက်မိန်းက ပြုံးလိုက်ကာ
“ဂိုဏ်းချုပ်ကျန်းရဲ့ သိုင်းပညာက လောကမှာ ပြိုင်ဘက်ကင်းပါပဲ၊ ကျွန်မလည်း မျက်မြင်တွေ့ခဲ့ရပါပြီ။ ဒီနေ့မှာ ကျွန်မတို့ ရှုံးနိမ့်ခဲ့တဲ့အတွက် ကတိအတိုင်း အားလုံးကို ထွက်ခွာခွင့် ပေးပါ့မယ်။ နောက် သဘောတူထားတဲ့နေ့ကျရင် ထပ်ပြီးတွေ့ကြတာပေါ့” ဟု ဆိုသည်။
အခန်း (၁၀၉) ကျိုးကျစ်လော့၏ တောင်းဆိုချက်
“ဒါကတော့ သဘာဝကျပါတယ်”
ကျန်းဝူကျိသည် အနည်းငယ် ပြုံးလိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းခဲ့ရာ လူအုပ်ကြီးသည်လည်း နောက်မှ ထပ်ချက်မကွာ လိုက်ပါလာကြတော့သည်။ ယွမ်စစ်တပ်သည် မူလက ၎င်းတို့ကို တားဆီးရန် ကြံရွယ်သော်လည်း ကျောက်မိန်က သူမ၏ လူများကို တားမြစ်လိုက်သဖြင့် ကျန်းဝူကျိနှင့် အခြားသူများမှာ အေးအေးလူလူပင် ထွက်ခွာခွင့် ရရှိခဲ့ကြသည် ။
လူအုပ်ကြီး တည်းခိုခန်းသို့ ပြန်ရောက်သည့်အချိန်တွင် မိုးစင်စင်လင်းနေပြီ ဖြစ်သည်။ ဆုန့်ယွမ်ချောင်သည် ဆုန့်ချင်းရှူးကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းလေတော့သည်။ ယနေ့တွင် ဆုန့်ချင်းရှူး၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များကြောင့် လူတိုင်း ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ရသည် ။
ကံကောင်းထောက်မစွာဖြင့် ကျန်းဝူကျိသည် အရည်အချင်းရှိသူဖြစ်ရာ ကျောက်မိန် တို့ကို အနိုင်ရခဲ့သဖြင့် တစ်ဖက်ခေါင်းဆောင်မှာ ၎င်းတို့ဘက်သို့ ပါဝင်လာခဲ့ရသည်။ ထို့ကြောင့်သာ လွတ်မြောက်ရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ကျွမ်းကျင်လှသော ယွမ်စစ်တပ်၏ မြင်းစီးလေးသမား ရာပေါင်းများစွာနှင့် ရင်ဆိုင်ရလျှင် သိုင်းပညာ အလွန်မြင့်မားသူများမှာ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ဂိုဏ်းကြီးလေးဂိုဏ်းမှ သိုင်းပညာရှင်များမှာမူ ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများနှင့် မလွဲမသွေ ကြုံတွေ့ရမည်သာ ဖြစ်သည် ။
ကျန်းဝူကျိအတွက်မူ ဂိုဏ်းကြီးလေးဂိုဏ်းမှ လူအချို့ သေဆုံးခြင်းမှာ ကိစ္စကြီးမဟုတ်သော်လည်း ယနေ့ည ပဋိပက္ခမှာ ဆုန့်ချင်းရှူးကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဝူတန်ဂိုဏ်းအနေဖြင့် တာဝန်ယူရမည်ဖြစ်ရာ ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာပေမည် ။
ယွီလျန်ကျိုး၊ ကျန်းဆုန်းရှီးနှင့် အခြားသူများမှာလည်း အနည်းငယ် ဒေါသထွက်နေကြသော်လည်း ဆုန့်ချင်းရှူးမှာ ၎င်းတို့၏ သားအရင်းမဟုတ်သဖြင့် အရိပ်အမြွက်မျှသာ ပြောဆိုကြသည်။ ဆုန့်ယွမ်ချောင် တစ်ဦးတည်းသာ အလွန်တင်းမာစွာ ပြောဆိုနေခြင်း ဖြစ်သည် ။
ဆုန့်ချင်းရှူးသည် အပြစ်တင်ခံရသဖြင့် ခေါင်းငုံ့ကာ တိတ်ဆိတ်နေပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ရှိသည်။ ၎င်းက “အဖေ၊ ကျောက်မိန်က ကျိုးကျစ်လော့ကို ရန်ရှာတော့မှာမို့လို့ ကျွန်တော် ဝင်ပါခဲ့တာပါ။ ကျွန်တော်တို့ ဝူတန်နဲ့ အော့မေ့က ရင်းနှီးတဲ့ မိတ်ဆွေတွေမို့လို့ သူ့ကို ကယ်ဖို့ ကြိုးစားခဲ့တာပါ” ဟု ပြောဆိုလိုက်သည် ။
ထိုစကားကို ကြားသောအခါ ဆုန့်ယွမ်ချောင်မှာ သွေးပင်တိုးချင်သွားတော့သည်။ သူက “ငါ့တစ်သက်လုံး ပညာရှိစွာ နေထိုင်ခဲ့ပါလျက်နဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်နုံအတဲ့ သားမျိုး မွေးမိပါလိမ့်။ ကျောက်မိန်နဲ့ ကျန်းဝူကျိက တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ရှိနေကြတာ။ ကျောက်မိန်က သဝန်တိုပြီး ကျိုးကျစ်လော့ကို ခြောက်လှန့်နေတာတင်ပါ။ ဒါကို မင်းက တကယ်ထင်နေရသလား” ဟု တွေးတောနေမိသည် ။
ဆုန့်ယွမ်ချောင်မှာ အလွန်ဒေါသထွက်သဖြင့် စကားပင် ကောင်းစွာမပြောနိုင်တော့ပေ။ သူ့အနေဖြင့် ဆုန့်ချင်းရှူးကို သိုင်းလောက၏ သူရဲကောင်းပီသသည်ဟု ချီးမွမ်းရမည်လော သို့မဟုတ် ဝက်ကဲ့သို့ အသိဉာဏ်မရှိဟု ပြောရမည်လော ဝေခွဲမရနိုင်အောင် ဖြစ်နေရသည် ။
ထိုစဉ် ကျန်းဝူကျိက ရယ်မောလျက် “စီနီယာအစ်ကို ဆုန့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျိုးကျစ်လော့အပေါ် သူထားတဲ့ စေတနာတွေဟာ တကယ်တော့ ကျွန်တော့်ကြောင့်ပါပဲ။ ဂျူနီယာညီလေးတစ်ယောက်အနေနဲ့ အရမ်းပဲ ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည် ။
ထိုသို့ပြောရင်း ကျန်းဝူကျိသည် ကျိုးကျစ်လော့၏ နုနယ်သော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ ကျိုးကျစ်လော့၏ ပါးပြင်နှစ်ဖက်မှာ အနည်းငယ် နီမြန်းသွားသော်လည်း ဘာမှ ပြန်မပြောခဲ့ပေ ။
ကျိုးကျစ်လော့ ကိုယ်တိုင်လည်း ကျန်းဝူကျိကို နှစ်သက်နေသည်မှာ အလွန်ပင် ထင်ရှားနေသည်။ ယခုတစ်ကြိမ်တွင် ကျန်းဝူကျိက ကယ်တင်ခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် ပို၍ပင် ကျေးဇူးတင်နေမိသည်။ ၎င်းတို့၏ ဆက်ဆံရေးမှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်သဖြင့် လူအများရှေ့တွင် လက်ချင်းဆုပ်ကိုင်ထားသည်မှာ အထူးအဆန်း မဟုတ်တော့ပေ ။
ဆုန့်ချင်းရှူးသည် ထိုစကားကို ကြားပြီး ကျန်းဝူကျိက ကျိုးကျစ်လော့၏ လက်ကို ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ မနာလိုစိတ်ကြောင့် မျက်လုံးများ နီမြန်းလာတော့သည် ။
“တောက်.....ဘယ်သူက မင်းအတွက် လုပ်ပေးနေလို့လဲ။ ငါ ကျိုးကျစ်လော့ကို ကယ်တာက မင်းနဲ့ ဘာဆိုင်လို့လဲ” ဟု စိတ်ထဲမှ ကြုံးဝါးနေမိသည် ။
သို့သော် ထိုစကားများကိုမူ ထုတ်မပြောရဲပေ။ ကျန်းဝူကျိ၏ လုပ်ရပ်မှာ ကျိုးကျစ်လော့ကို မိမိ၏ မိန်းမကဲ့သို့ သဘောထားကြောင်း အထင်အရှား ပြသနေခြင်း ဖြစ်သည်။ အကယ်၍ ဆုန့်ချင်းရှူးက ယခုအချိန်တွင် တစ်ခုခု လျှောက်ပြောလိုက်ပါက ၎င်းကိုယ်တိုင်သာ လူဆိုးဖြစ်သွားပေမည် ။
ထို့ကြောင့် ဆုန့်ချင်းရှူးမှာ အလွန်ခံရခက်နေသော်လည်း ခေါင်းငုံ့ကာ အဆူအဆဲကို သည်းခံနေရုံသာ တတ်နိုင်တော့သည် ။
ဆုန့်ချင်းရှူးကို စနောက်ပြီးနောက် လူတိုင်းမှာ အနားယူရန် အသီးသီး အခန်းထဲသို့ ပြန်သွားကြသော်လည်း ကျိုးကျစ်လော့က ကျန်းဝူကျိကို လှမ်းခေါ်လိုက်သည် ။
“သခင်လေးကျန်း”
ကျိုးကျစ်လော့က လှမ်းခေါ်သည်ကို မြင်သောအခါ ကျန်းဝူကျိမှာ ပြုံးလျက် လှည့်ကြည့်ပြီး “ဘာကိစ္စရှိလို့လဲ ကျစ်လော့” ဟု မေးလိုက်သည် ။
ရန်ရှောင်၊ ဝေယိရှောက်နှင့် အခြားသူများမှာ ဖြစ်ပျက်နေသည်ကို ချက်ချင်းပင် နားလည်သွားကြပြီး တခိခိရယ်မောလျက် ထွက်ခွာသွားကြရာ ထိုနေရာတွင် ကျန်းဝူကျိနှင့် ကျိုးကျစ်လော့ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည် ။
“သခင်လေးကျန်း၊ ကျွန်မ...”
ကျိုးကျစ်လော့၏ မျက်နှာတွင် တစ်ခုခုကို ပြောရန် ခက်ခဲနေသည့်နှယ် တုံ့ဆိုင်းနေသော အရိပ်အယောင်များ ပေါ်ပေါက်နေသည် ။
ကျန်းဝူကျိက နူးညံ့စွာ ပြုံးလိုက်ပြီး “ကျစ်လော့၊ ငါတို့ကြားမှာ ဒီလိုစကားတွေ ပြောဖို့ မလိုပါဘူး။ ငါ့ကို ဒီလောက် သူစိမ်းဆန်ဆန်ကြီး မခေါ်ပါနဲ့။ မင်းစိတ်ရှိဘူးဆိုရင် ငါ့နာမည်ကိုပဲ ခေါ်ပါ” ဟု ဆိုလိုက်သည် ။
မူလက တုံ့ဆိုင်းနေသော ကျိုးကျစ်လော့သည် ထိုစကားကို ကြားသောအခါ ရှက်သွေးဖြာသွားပြီး “ဝူ... ဝူကျိကိုကို” ဟု လှမ်းခေါ်လိုက်တော့သည် ။
အမှန်စင်စစ် သူမသည် ထိုသို့ ခေါ်ရန် စိတ်ထဲတွင် ကြာမြင့်စွာကပင် ရည်ရွယ်ထားသော်လည်း လူချင်းတွေ့လျှင် ရှက်သဖြင့် မခေါ်ဝံ့ဘဲ ရှိနေခြင်း ဖြစ်သည်။ ယခုမူ ကျန်းဝူကျိက ခွင့်ပြုလိုက်ပြီဖြစ်ရာ သူမ ငြင်းဆန်နိုင်စွမ်း မရှိတော့ဘဲ စိတ်ထဲမှ အလွန်ခင်မင်ပြီး နှစ်လိုဖွယ်ကောင်းသော ထိုအမည်ကို ခေါ်ဆိုရင်း ရင်ထဲတွင် ကြည်နူးမှုများ ပြည့်လျှံနေတော့သည် ။
“ဟုတ်ပြီလေ၊ ဒါမှမဟုတ်ရင် 'ကျန်းလင်' လို့ ခေါ်ရင်လည်း ရပါတယ်။ အဲဒါက ပိုပြီး ရင်းနှီးသလို ခံစားရတာပေါ့”
(ကျန်းလင် ဆိုသည်မှာ ဇနီးသည်က မိမိ၏ အမျိုးသားအား ချစ်စနိုးဖြင့် ခေါ်ဆိုခြင်းဖြစ်သည်)
ကျန်းဝူကျိက စနောက်လိုက်ရာ ကျိုးကျစ်လော့၏ မျက်နှာမှာ တစ်ခုလုံး နီမြန်းသွားပြီး ခေါင်းငုံ့ထားကာ စကားပင် မပြောရဲတော့ပေ ။
ခဏမျှ စနောက်ပြီးနောက် ကျိုးကျစ်လော့က တုံ့ဆိုင်းစွာဖြင့် “ဝူကျိကိုကို၊ ကျွန်မ တောင်းဆိုစရာလေးတစ်ခု ရှိပါတယ်။ အဲဒါကို သဘောတူပေးနိုင်မလားဟင်” ဟု မေးလိုက်သည် ။
ကျန်းဝူကျိက စိတ်ထဲမှ အချို့အချက်များကို ခန့်မှန်းမိသော်လည်း မျက်နှာတွင်မူ ဘာမှ မပေါ်လွင်စေဘဲ “ပြောပါဦး။ ငါ့ရဲ့ ကျစ်လော့လေး ပျော်ရွှင်ဖို့ဆိုရင် ကိစ္စတစ်ခုမကဘူး၊ တစ်ထောင်၊ တစ်သောင်းဖြစ်ဖြစ် ငါ လုပ်ပေးပါ့မယ်” ဟု ပြုံးလျက် ပြောလိုက်သည် ။
ထိုစကားများက ကျိုးကျစ်လော့၏ ရင်ကို အေးမြသွားစေသည်။ သူမက “ငါ့အပေါ် အရမ်းတင်းကျပ်တဲ့ ဆရာတစ်ယောက် ၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲအကွက်ချ ချောက်တွန်းနေကြတဲ့ စီနီယာအစ်မတွေနဲ့ ယှဉ်ရင် ဝူကျိကိုကိုက ငါ့အပေါ် အကောင်းဆုံးဖြစ်ပြီး ငါ့ကို အပျော်ဆုံးဖြစ်အောင် ထားနိုင်တဲ့သူပဲ” ဟု တွေးနေမိသည် ။
ကျိုးကျစ်လော့က “ဝူကျိကိုကို ၊ ကျွန်မရဲ့ ဆရာက ကျွန်မအပေါ် တင်းကျပ်ပေမဲ့ ဒါဟာ ကျွန်မကို အော့မေ့ဂိုဏ်းရဲ့ နောက်ထပ် ဂိုဏ်းချုပ်ဖြစ်လာအောင် လေ့ကျင့်ပေးနေတာဆိုတာ ကျွန်မ သိပါတယ်။ ဒါကြောင့် ကျွန်မ အဲဒီလို တင်းကျပ်တာကို မကြိုက်ပေမဲ့ ဆရာ့ကိုတော့ မမုန်းပါဘူး။ အခု ဆရာက ဝမ်အန်းဘုရားကျောင်းမှာ ယွမ်နန်းတွင်းက လူတွေကို ဆန့်ကျင်ပြီး အစာငတ်ခံ ဆန္ဒပြနေတာ။ ဆရာ ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူးလို့ ကျွန်မ စိုးရိမ်နေမိတယ်။ ဒါကြောင့် ဆရာ့ရဲ့ အသက်ကို ကယ်ပေးဖို့ တောင်းဆိုချင်တာပါ” ဟု တိုးတိုးလေး ပြောလိုက်သည် ။
ကျိုးကျစ်လော့သည် အမှန်တကယ်ပင် အကွက်များလှသူ ဖြစ်သော်လည်း ယခုအချိန်မှာ သူမအနေဖြင့် စိတ်ဓာတ်များ ပျက်ပြားနေသည့် အချိန်မဟုတ်သေးပေ။ ကျန်းဝူကျိ၏ ချိုသာသော စကားများရှေ့တွင် သူမ၌ မည်သည့် လှည့်ကွက်မှ မရှိဘဲ ရင်ထဲရှိသည့်အတိုင်း ပြောဆိုနေခြင်း ဖြစ်သည် ။
ကျန်းဝူကျိက “ဒါလေးက ကိစ္စအသေးအမွှားပါ ကျစ်လော့ရယ်။ စိတ်မပူပါနဲ့.....ငါနဲ့ ကျောက်မိန်ကြားမှာ သုံးလစာချုပ် ရှိထားတယ်။ သဘက်ခါညကျရင် ငါ လူတွေခေါ်ပြီး ဂိုဏ်းကြီးလေးဂိုဏ်းက သိုင်းပညာရှင်တွေကို သွားကယ်ပါ့မယ်။ အော့မေ့ဂိုဏ်းကလည်း အဲဒီထဲမှာ ပါတာပဲ။ သီလရှင် မြဲ့ကြွယ်က အရမ်းဒေါသကြီးပြီး စိတ်တိုလွယ်ပေမဲ့ မင်းရဲ့ ဆရာဖြစ်နေတဲ့အတွက် ငါ သူ့ကို ကယ်ပေးပါ့မယ်” ဟု ပြုံးလျက် ဆိုလိုက်သည် ။
ကျိုးကျစ်လော့က ထိုကဲ့သို့ ပြောလာမည်ကို ကျန်းဝူကျိ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ပုံမှန်အားဖြင့် ကျိုးကျစ်လော့၏ အစီအစဥ်များသည် “ငါ့ကိုလာ မထိရင် ငါကလည်းမထိဘူး” ဆိုသည့် အချက်အပေါ်တွင် အခြေခံထားသည်။ သီလရှင် မြဲ့ကြွယ်မှာ သူမအပေါ် အမှန်တကယ်ပင် ကောင်းမွန်ခဲ့သည်။ ကျန်းဝူကျိက ၎င်းတို့၏ ဆက်ဆံရေးကို အကြိမ်အနည်းငယ် နှောင့်ယှက်ခဲ့သော်လည်း ကျိုးကျစ်လော့၏ ရင်ထဲတွင်မူ သီလရှင် မြဲ့ကြွယ်ကို အလွန်ပင် လေးစားလျက် ရှိနေသေးသည် ။
သို့သော် ကျိုးကျစ်လော့မှာ ထိုစကားကို ကြားသော်လည်း ထူးထူးခြားခြား ပျော်ရွှင်သွားပုံ မရပေ။ သူမက နှုတ်ခမ်းနီလေးကို သွားလေးဖြင့် ခပ်ဖွဖွကိုက်လျက် “ဝူကျိကိုကို၊ ကျွန်မဆရာမက... ကျွန်မတို့ နှစ်ယောက်လုံးအတွက် ကောင်းမွန်မယ့်၊ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းတစ်ခုခုလောက် စဉ်းစားပေးလို့ ရမလားဟင်” ဟု ပြောလိုက်သည် ။
ထိုစကားမှာ နားလည်ရ ခက်နေသဖြင့် ကျန်းဝူကျိမှာ ခေတ္တမျှ မှင်တက်သွားရသည် ။
ကျန်းဝူကျိ နားမလည်သည်ကို မြင်သောအခါ ကျိုးကျစ်လော့၏ မျက်နှာမှာ တစ်ခုလုံး နီမြန်းသွားပြီး နှာခေါင်းထိပ်တွင် ချွေးစလေးများ ပေါ်လာတော့သည်။ သူမသည် ကျန်းဝူကျိကို တိုက်ရိုက်မကြည့်ဝံ့တော့ဘဲ “အော့မေ့ဂိုဏ်းသားတွေက ဂိုဏ်းချုပ်ဖြစ်လာမယ်ဆိုရင် အိမ်ထောင်ပြုခွင့် မရှိဘူး...” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည် ။
သူမ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားရာ အကယ်၍ ကျန်းဝူကျိသာ အတွင်းအား မမြင့်မားဘဲ နားမစွင့်ထားပါက နောက်ဆုံးစာသားများကို ကြားရမည် မဟုတ်ပေ ။
သို့သော် ကျန်းဝူကျိက အခြေအနေကို ချက်ချင်းပင် နားလည်သွားခဲ့သည်။ ကျိုးကျစ်လော့သည် ကျန်းဝူကျိကို ချစ်မိသွားပြီ ဖြစ်သော်လည်း သီလရှင် မြဲ့ကြွယ်ကို ကယ်တင်ပြီးပါက ဆရာဖြစ်သူက ၎င်းတို့နှစ်ဦး လက်ထပ်ပြီး ချစ်သူများဖြစ်လာမည့် ကိစ္စကို ဝင်ရောက်နှောင့်ယှက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည် ။
ကျိုးကျစ်လော့သည် သီလရှင် မြဲ့ကြွယ်၏ စိတ်ကို အလွန်နားလည်သည်။ သူမသည် အလွန်အစွန်းရောက်သူ (တစ်ဖက်သတ်ဆန်လွန်းသူ) ဖြစ်သည်။ အကယ်၍ သူမက တစ်စုံတစ်ယောက်ကို အသိအမှတ်မပြုလျှင် စိတ်ပြောင်းရန် လွယ်ကူသူ မဟုတ်ပေ။ ထို့ပြင် အော့မေ့ဂိုဏ်းချုပ်သည် အိမ်ထောင်မပြုရဟူသော စည်းကမ်းကို ဖောက်ဖျက်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သော ကိစ္စဖြစ်သည် ။
အကျဉ်းကျနေသည့် ရက်များအတွင်း၌ပင် သီလရှင် မြဲ့ကြွယ်က ကျန်းဝူကျိကို အကြိမ်ကြိမ် ဆဲဆိုနေသည်ကို သူမ ကြားခဲ့ရသည် ။
“သူက အမှန်တရားဘက်တော်သား ဂိုဏ်းတစ်ခုရဲ့ မျိုးဆက်ဖြစ်ပါလျက်နဲ့ မိစ္ဆာဂိုဏ်းက လူယုတ်မာတွေနဲ့ ပေါင်းပြီး ဂိုဏ်းကြီးလေးဂိုဏ်းကို ဆန့်ကျင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင် လုပ်နေတယ်” စသည်ဖြင့် ဆဲဆိုခြင်း ဖြစ်သည် ။
ထို့ပြင် “မိစ္ဆာဂိုဏ်းရဲ့ သိုင်းပညာတွေကို သင်ယူတယ်၊ ကောင်းတာတစ်ခုမှ မလုပ်ဘူး၊ ငါ့ရဲ့ အတွင်းအားတွေကိုလည်း စုပ်ယူသွားသေးတယ်၊ ကျန်းဆန်းဖုန်းရဲ့ မျက်နှာကိုလည်း အိုးမည်းသုတ်တယ်၊ အမှန်တရားဘက်တော်သား သိုင်းလောကတစ်ခုလုံးကိုလည်း အရှက်ခွဲတယ်” ဟူ၍လည်း ပြောဆိုခဲ့သည် ။
ထို့အပြင် “သူက ငါနဲ့ အော့မေ့ဂိုဏ်းရဲ့ ကြီးမားတဲ့ အစီအစဉ်ကို ဖျက်ဆီးခဲ့တယ်။ အကယ်၍ ကွမ်မင်တောင်ထိပ်ကို ဝိုင်းဝန်းတိုက်ခိုက်တာသာ အောင်မြင်ခဲ့ရင် ယွမ်နန်းတော် လူယုတ်မာတွေရဲ့ ဖမ်းဆီးတာကို ခံရပါ့မလား။ ဒါဟာ ကြီးမားတဲ့ အရှက်ရမှုတင်မကဘဲ အမှန်တရားဘက်တော်သား သိုင်းလောကတစ်ခုလုံးလည်း ပျက်စီးလုနီးပါး ဖြစ်သွားရပြီ။ ဒါတွေအားလုံးဟာ ကျန်းဝူကျိရဲ့ တာဝန်ပဲ” ဟုလည်း အပြစ်တင်ခဲ့လေသည် ။
အခန်း (၁၁၀) လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ဦး၏ တုံ့ပြန်ပုံ
ကျိုးကျစ်လော့သည် သီလရှင် မြဲ့ကြွယ် ပြောသမျှ စကားအားလုံးကို ကျန်းဝူကျိအား ပြန်လည် ပြောပြလိုက်သည်။
ထိုစကားများကို ကြားပြီးနောက် ကျန်းဝူကျိမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲသွားတော့သည်။
သူက “သြော်..... သီလရှင်ကြီး မြဲ့ကြွယ်၊ ခင်ဗျား အဖမ်းခံရတာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ အရင်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး ခင်ဗျားကို လာကယ်ဖို့ ပြင်နေတာတောင် ခင်ဗျားက ကျေးဇူးမသိဘဲ ရန်လုပ်နေသေးတာလား” ဟု စိတ်ထဲမှ တွေးနေမိသည်။
၎င်းတို့ကို ကယ်တင်ရခြင်းမှာ မိမိလက်အောက်သို့ သိမ်းသွင်းရန်ဟူသော အခြားအကြံအစည် ရှိသော်လည်း၊ လက်တွေ့လုပ်ဆောင်ချက်ကို ကြည့်လျှင် ၎င်းတို့မှာ ဤနေရာတွင် အကျဉ်းမကျ ချင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် ယွမ်နန်းတော်ကို ဆန့်ကျင်ရန် ကျန်းဝူကျိနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ မှားယွင်းသော ကိစ္စမဟုတ်ပေ။
အဆိုးဆုံးအချက်မှာ သူမ အဖမ်းခံရခြင်းအတွက် ကျန်းဝူကျိကို အပြစ်တင်နေခြင်းပင် ဖြစ်သည်။ ကျန်းဝူကျိမှာ မှင်တက်သွားရပြီး “သီလရှင်ကြီး မြဲ့ကြွယ်၊ ဒါက ဘယ်လိုလုပ်ပြီး တရားမျှတမှာလဲ။ ကျန်တဲ့သူတွေကပဲ အမြဲမှားနေပြီး ခင်ဗျားကတော့ တစ်ခါမှ မမှားဘူးပေါ့ ဟုတ်လား” ဟု တွေးတောမိသည်။
ကျန်းဝူကျိမှာ တစ်နေ့တွင် သီလရှင် မြဲ့ကြွယ်က “အမှန်တရားတွေ ဘာတွေ ဘေးဖယ်ထား ၊ တကယ်တော့ နင့်ဘက်က မှားနေတာ မဟုတ်ဘူးလား” ဟုပင် ပြောလာမည်လားဟု သံသယဝင်နေမိသည်။
ကျန်းဝူကျိမှာ ဒေါသကြောင့် မျက်နှာနီမြန်းနေသည်ကို မြင်သောအခါ ကျိုးကျစ်လော့က “ဝူကျိကိုကို၊ ကျွန်မရဲ့ ဆရာက အမြဲတမ်း အဲဒီလိုပါပဲ။ သူ့ကို ဒေါသမထွက်ပါနဲ့နော်။ ကျွန်မမျက်နှာကို ထောက်ပြီး ခွင့်လွှတ်ပေးလို့ ရမလားဟင်” ဟု အလျင်အမြန် ဖျောင်းဖျလိုက်သည်။
ထိုသို့ပြောရင်း ကျိုးကျစ်လော့သည် ကျန်းဝူကျိ၏ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး တောင်းပန်တိုးလျှိုးနေသော မျက်နှာလေးဖြင့် ကြည့်နေမိသည်။
အမှန်အတိုင်းပြောရလျှင် ကျန်းဝူကျိနှင့် သီလရှင် မြဲ့ကြွယ်တို့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့နေကြခြင်းမှာ ကျိုးကျစ်လော့ကို အလွန်ပင် စိုးရိမ်ပူပန်စေခဲ့သည်။ ကျန်းဝူကျိက သူမကို ဝေယိရှောက်လက်မှ ကယ်တင်ပေးခဲ့စဉ်က ၎င်းတို့၏ ဆက်ဆံရေးမှာ ပြေလည်သွားသဖြင့် ကျိုးကျစ်လော့မှာ အတိုင်းမသိ ဝမ်းသာခဲ့ရသည်။ သို့သော် ကွမ်မင်တောင်ထိပ် တိုက်ပွဲပြီးနောက်တွင် အဖြစ်အပျက်များစွာ ပေါ်ပေါက်လာခဲ့ရာ အပြောင်းအလဲများမှာ အမှန်တကယ်ပင် ခန့်မှန်းရ ခက်ခဲလှပေသည်။
ယခုအချိန်တွင် ကျိုးကျစ်လော့၏ တစ်ခုတည်းသော ဆန္ဒမှာ ကျန်းဝူကျိနှင့် သီလရှင် မြဲ့ကြွယ်တို့ ငြိမ်းချမ်းရေးရရန်နှင့် သူမကိုယ်တိုင်လည်း ကျန်းဝူကျိနှင့် အတူရှိနေရန်ပင် ဖြစ်သည်။ အကယ်၍ ထိုသို့သော အကောင်းဆုံး ဖြေရှင်းနည်းသာ ရှိခဲ့လျှင် အလွန်ပင် ပြည့်စုံပေလိမ့်မည်။
မိမိလက်ထဲရှိ နူးညံ့မှုနှင့် ကျိုးကျစ်လော့၏ လှပနုနယ်သော မျက်နှာလေးကို ကြည့်ရင်း ကျန်းဝူကျိ၏ ဒေါသများမှာ သိသိသာသာ ပြေလျော့သွားကာ အခြားသော ခံစားချက်များ အစားထိုး ဝင်ရောက်လာတော့သည်။
သီလရှင် မြဲ့ကြွယ်ကို ဒေါသထွက်နေရအောင် ငါက အရူးလား။ အဲဒီ အဖွားကြီးရဲ့ စရိုက်ကို ငါ ကောင်းကောင်းကြီး သိတာပေါ့။ အကယ်၍ ကျိုးကျစ်လော့သာ မရှိရင် သူ့ကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။
သို့သော် ယခုအချိန်တွင် ကျန်းဝူကျိသည် သူ၏ မွေးရာပါ သရုပ်ဆောင် စွမ်းရည်ကို ထုတ်သုံးလိုက်သည်။ ၎င်းသည် ကျိုးကျစ်လော့ကို မိမိအနားသို့ အသာအယာ ဆွဲခေါ်ကာ ရင်ခွင်ထဲ ထည့်လိုက်ပြီး မေးစေ့ဖြင့် သူမ၏ နဖူးကို တင်းတင်းကြပ်ကြပ် ဖိထားလိုက်သည်။
ကျိုးကျစ်လော့၏ ခန္ဓာကိုယ်မှာ သိသိသာသာ တောင့်တင်းသွားရသည်။ သူမ အရွယ်ရောက်လာကတည်းက မည်သည့်အမျိုးသား၏ ဖက်လဲတကင်း ပြုခြင်းကိုမျှ မခံခဲ့ရဖူးပေ။ စိတ်အခံအရ ရုန်းထွက်ချင်သော်လည်း သူမ၏ ဆရာက ကျန်းဝူကျိအပေါ် မတရားပြောဆိုထားခြင်းနှင့် ကျန်းဝူကျိ စိတ်မကောင်းဖြစ်နေခြင်းကို ထောက်ထားပြီး အောင့်အည်း သည်းခံနေလိုက်သည်။
သူမ၏ ရင်ခုန်သံမှာ အလွန်မြန်နေပြီး ပါးပြင်တစ်ဝက်မှာ နီမြန်းနေသော်လည်း ကျိုးကျစ်လော့မှာ ငြင်းပယ်ခြင်း မရှိဘဲ ပျော်ရွှင်မှု အနည်းငယ်ကိုပင် ခံစားနေရသည်။ သူမသည် ကျန်းဝူကျိကို နှစ်သက်နေသူ ဖြစ်ရာ ဤကဲ့သို့ နီးနီးကပ်ကပ် ရှိနေခြင်းအပေါ် ရှက်နေသော်လည်း ရင်ထဲ၌ အလွန်ပင် ကြည်နူးနေမိသည်။
ကျန်းဝူကျိက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး “ကျစ်လော့၊ စိတ်မပူပါနဲ့။ သူတို့ကို ကယ်ထုတ်ပြီးတာနဲ့ ငါ့ရဲ့ အဖိုးကို အော့မေ့ဂိုဏ်းဆီ ကိုယ်တိုင်သွားပြီး လက်ထပ်ခွင့် တောင်းခိုင်းပါ့မယ်။ မင်းရဲ့ ဆရာက အဖိုးရဲ့ မျက်နှာကိုတော့ ထောက်ထားမှာပါ။ အဲဒါမှ အဆင်မပြေရင်လည်း တခြားနည်းလမ်းတွေ စဉ်းစားကြတာပေါ့။ အင်း....... မင်းကို အခုလို အကြပ်ရိုက်အောင် လုပ်မိတာ ငါ မင်းကို အရမ်းကို ချစ်မိနေလို့ပါပဲ” ဟု ဆိုလိုက်သည်။
နာကျင်ဟန်ဆောင်လျက် အလွန်အမင်း ချစ်မြတ်နိုးကြောင်း ဖော်ပြနေသော ထိုစကားများမှာ ဝါရင့်သရုပ်ဆောင်များကိုပင် လက်ဖျားခါသွားစေလောက်သည်။
ကျိုးကျစ်လော့မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ကျန်းဝူကျိက သူမအတွက် ဤမျှအထိ လုပ်ဆောင်ပေးမည်ဆိုလျှင် ဘာပြောစရာ ကျန်ပါဦးမည်နည်း။ သူမက “မဟုတ်တာ ဝူကျိကိုကို၊ အစ်ကိုက ကျွန်မအပေါ် အရမ်းကောင်းပြီးသားပါ။ ကျွန်မ ဒုက္ခမရောက်ရအောင် ကျောက်မိန်ကို ဂရုစိုက်ခိုင်းထားတာလည်း ကျွန်မ သိပါတယ်။ အစ်ကို ကျွန်မအတွက် အများကြီး ပေးဆပ်ခဲ့ရပါပြီ။ ကျွန်မကသာ အစ်ကို့အပေါ် အမှားလုပ်မိတာပါ” ဟု အလျင်အမြန် ပြောလိုက်သည်။
လှည့်ကွက်ဆိုသည်မှာ အခြေခံမျှသာ ဖြစ်သော်လည်း အတွေ့အကြုံက လူကို ပို၍ တည်ငြိမ်စေသည်ဟု ဆိုရပေမည်။
အကွက်အချို့ သုံးလိုက်ရုံဖြင့် ကျိုးကျစ်လော့မှာ ကျန်းဝူကျိ၏ လက်တွင်းသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့ရသည်။
ခေတ္တမျှအတွင်း ကျိုးကျစ်လော့၏ ရင်ထဲတွင် ကျေးဇူးတင်မှုများသာ ပြည့်နှက်နေတော့သည်။
ကျန်းဝူကျိသည်လည်း စိတ်လှုပ်ရှားနေဟန် ပြလိုက်သည်။ ကျိုးကျစ်လော့၏ ရှက်သွေးဖြာပြီး လှပသည့် မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းဖူးလေးကို မြင်သောအခါ ကျန်းဝူကျိမှာ မအောင့်နိုင်တော့ဘဲ သူမကို နမ်းရှိုက်လိုက်တော့သည်။
“အင်း...”
ကျိုးကျစ်လော့မှာ ဦးစွာ ထိတ်လန့်သွားပြီး သူမ၏ လက်ကလေးများဖြင့် ကျန်းဝူကျိ၏ ရင်ဘတ်ကို အသာအယာ တွန်းထားမိသည်။ အသာအယာ တွန်းသော်လည်း မရွေ့လျားသဖြင့် ကျန်းဝူကျိက သူမကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ရာ သူမ၏ မျက်တောင်များ တုန်ယင်လျက် မျက်လုံးများကို မှိတ်လိုက်ပြီး ကျန်းဝူကျိ စိတ်တိုင်းကျ ပြုမူသမျှကို ခွင့်ပြုလိုက်တော့သည်။
ဤသည်မှာ စိတ်ခံစားချက်များ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် သဘာဝအလျောက် တုံ့ပြန်လာခြင်းပင် ဖြစ်သည်။ ကျိုးကျစ်လော့က “ဆရာက ငါ့အပေါ် အမြဲတမ်း တင်းကျပ်လွန်းပြီး ဝူကျိကိုကိုနဲ့ အတူရှိခွင့် မပေးဘူး။ အခု ဝူကျိကိုကိုနဲ့ ငါ ဒီလောက်တောင် ရင်းနှီးနေပြီဆိုတော့ ကိစ္စတွေကို မြန်မြန်အပြီးသတ်ပြီး ကလေးတစ်ယောက် ရအောင် ယူလိုက်တာက အကောင်းဆုံးပဲ။ အဲဒီအခါကျရင် ဆရာက ဘယ်လို ငြင်းနိုင်ဦးမှာလဲ” ဟု တွေးနေမိသည်။
ကျန်းဝူကျိကို အားပါးတရ ပြန်လည် နမ်းရှိုက်နေသော ကျိုးကျစ်လော့သည် ကာလရှည်ကြာစွာ ဖိနှိပ်ခံထားရသော တုံ့ပြန်လိုစိတ်များကြောင့် အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။
ဤသည်က ကျန်းဝူကျိကို ပို၍ပင် သဘောကျသွားစေသည်။ ၎င်းသည် သူ၏ ကျစ်လော့လေး ကို အမှန်တကယ်ပင် မြတ်နိုးလှသည်။
ထို့ပြင် ကျိုးကျစ်လော့ကို နမ်းရှိုက်ရခြင်းမှာ ရှောင်ကျောက်၊ ရန်ပုဟွေ့ နှင့် ယင်းလီတို့ကို နမ်းရသည်နှင့် လုံးဝ ကွဲပြားခြားနားလှသည်။
ကျိုးကျစ်လော့မှာ ၎င်းအတွက် အကောင်းဆုံး လက်တွဲဖော်ဖြစ်ပြီး အရာရာ ပြည့်စုံလွန်းနေသည့်နှယ် ခံစားရသည်။
ဟုတ်သားပဲ၊ ကျောက်မိန်ကိုတော့ မစမ်းရသေးဘူး။ နောက်မှ ကျောက်မိန်ကို နမ်းကြည့်ဦးမယ်ဟု ကျန်းဝူကျိက စိတ်ထဲမှ ကြံစည်နေမိသည်။
ခဏကြာအောင် နမ်းရှိုက်ပြီးနောက် ကျိုးကျစ်လော့မှာ အကြာကြီး မတောင့်ခံနိုင်တော့ဘဲ ကျန်းဝူကျိကို အားအနည်းငယ်သုံး၍ တွန်းထုတ်လိုက်သည်။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ ကျန်းဝူကျိ၏ လက်များမှာ သူမကို ဖက်ထားရုံတင်မကတော့ဘဲ ဟိုဟိုဒီဒီ လှုပ်ရှားသွားလာနေသောကြောင့် ဖြစ်သည်။
ဤသည်မှာ မသင့်တော်ပေ။ ကျိုးကျစ်လော့ကဲ့သို့ အမြဲတမ်း လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ဦးအတွက် ကျန်းဝူကျိနှင့် အားပါးတရ နမ်းရှိုက်ရခြင်းမှာ သူမ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုထက်ပိုသော အပြုအမူကို သူမ မည်သို့ သည်းခံနိုင်မည်နည်း။
အနည်းဆုံးတော့ ယခုအချိန်တွင် လုံးဝ မဖြစ်နိုင်သေးပေ။ သိုင်းလောကသားများမှာ အသေးအမွှား ကိစ္စများကို ဂရုမစိုက်ကြသော်လည်း ဤခေတ်ကာလရှိ အမျိုးသမီးများမှာမူ အလွန်ပင် ရှေးရိုးစွဲကြသူများ ဖြစ်သည်။
ကျိုးကျစ်လော့၏ ဖြူစင်နူးညံ့သော လက်ကလေးများမှာ ကျန်းဝူကျိ၏ ပုခုံးပေါ်တွင် ရှိနေပြီး သူမ၏ ခေါင်းကို ၎င်း၏ အခြားပုခုံးတစ်ဖက်ပေါ်တွင် မှီထားလိုက်သည်။ သူမ၏ မျက်နှာမှာ နီမြန်းနေပြီး အသက်ကို ခပ်ဖွဖွ နှစ်ချက်မျှ ရှူလိုက်ပြီးနောက် အလွန်ပင် ခံစားချက်ပါစွာဖြင့် “ဝူကျိကိုကို၊ အစ်ကို ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ တကယ်လို့ အဆင်မပြေဘူးဆိုရင် ကျွန်မ အော့မေ့ဂိုဏ်းကနေ ထွက်ပြီး အစ်ကိုနဲ့ပဲ ထာဝရ အတူနေပါ့မယ်။ သိုင်းလောကရဲ့ ပဋိပက္ခတွေ၊ ကြီးမားတဲ့ ရည်မှန်းချက်တွေကို ကျွန်မ မလိုချင်တော့ဘူး။ အစ်ကို့အနားမှာ အမြဲရှိနေရရင်ပဲ ကျေနပ်ပါပြီ” ဟု ဆိုလိုက်သည်။
ထိုသို့ပြောပြီးနောက် မိမိစကားများမှာ ရဲတင်းလွန်းသည်ဟု ခံစားမိသွားသဖြင့် ကျိုးကျစ်လော့သည် ကျန်းဝူကျိ၏ ပါးပြင်ကို အသာအယာ နမ်းလိုက်ပြီး ရှက်ရှက်ဖြင့် ပြေးထွက်သွားတော့ရာ လေထုထဲတွင် သင်းပျံ့သော ရနံ့လေးသာ ကျန်ရစ်ခဲ့တော့သည်။
ကျန်းဝူကျိသည် သူ၏ နှုတ်ခမ်းကို လျှာဖြင့် အသာအယာ သပ်လိုက်ပြီး ပါးကို ထိကိုင်ကာ မသိမသာ ပြုံးလိုက်မိသည်။
ကျစ်လော့မှာ အမှန်တကယ်ပင် လိမ္မာသော မိန်းကလေးတစ်ဦးဖြစ်ကြောင်း ၎င်းအနေဖြင့် ဝန်ခံရပေမည်။
မူလဇာတ်လမ်းတွင် သီလရှင် မြဲ့ကြွယ်က သူမအပေါ် ဖိအားများ အလွန်ပေးခဲ့ပြီး ဇာတ်လမ်း လိုအပ်ချက်များကြောင့် သူမမှာ ဗီလိန် ဖြစ်သွားခဲ့ရသော်လည်း၊ ယခုမူ ထိုသို့သော အဖြစ်မျိုး ထပ်မံ ပေါ်ပေါက်လာမည် မဟုတ်တော့ပေ။
ကျိုးကျစ်လော့၏ လှည့်ကွက်များကို ၎င်းအပေါ် ကောင်းမွန်ရန်အတွက်သာ အသုံးချနိုင်တော့မည် ဖြစ်သည်။ သူမအနေဖြင့် အခြားအရာများ ဖြစ်သော အော့မေ့ဂိုဏ်း၊ ဝူတန်ဂိုဏ်း သို့မဟုတ် မင်ဂိုဏ်း၏ ရှုပ်ထွေးသော ကိစ္စရပ်များကို စိုးရိမ်နေရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများမှာ သူမ စဉ်းစားရမည့် အရာများ မဟုတ်သောကြောင့် ဖြစ်သည်။
ကျန်းဝူကျိ၏ စိတ်ထဲတွင် အကြံတစ်ခု ရရှိသွားပြီ ဖြစ်သည်။
မည်သည့်နည်လမ်းကိုသုံးရမည်နည်း ။ အကောင်းဆုံးနည်းလမ်းမှာ သီလရှင် မြဲ့ကြွယ်ကို သေဆုံးစေခြင်းပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် အကြီးမားဆုံး အတားအဆီးမှာ အလိုအလျောက် ပျောက်ကွယ်သွားပေလိမ့်မည်။
ဤသည်မှာ ကျန်းဝူကျိ စဉ်းစားမိသော အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
သီလရှင် မြဲ့ကြွယ်၏ စရိုက်နှင့်ဆိုလျှင် ကျန်းဆန်းဖုန်း ကိုယ်တိုင် လက်ထပ်ခွင့် တောင်းလျှင်ပင် ဂိုဏ်းချုပ်ဆက်ခံသူအဖြစ် ရွေးချယ်ခံထားရသော ကျိုးကျစ်လော့ကို လွှတ်ပေးမည် မဟုတ်ကြောင်း ၎င်း ကောင်းစွာ သိရှိသည်။ ဤကိစ္စမှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။
ကျိုးကျစ်လော့ ကိုယ်တိုင်လည်း ဤအချက်ကို သိရှိပြီး ဖြစ်နိုင်ခြေ အလွန်နည်းပါးမှန်း သိသောကြောင့် အော့မေ့ဂိုဏ်းမှ ထွက်မည့်အကြောင်း ပြောဆိုကာ သူမ၏ သစ္စာရှိမှုကို ပြသခဲ့ခြင်း ဖြစ်သည်။
ထိုစကားများက ကျန်းဝူကျိကို အလွန်ပင် ကျေနပ်သွားစေသည်။
သို့သော် ထိုသို့ ကျေနပ်သည်မှာ တစ်ပိုင်းဖြစ်ပြီး သီလရှင် မြဲ့ကြွယ်မှာမူ မလွဲမသွေ သေဆုံးရပေလိမ့်မည်။ မည်သို့ သေဆုံးမည်နည်း ဆိုသည်ကိုမူ အသေအချာ စဉ်းစားရန် လိုအပ်သေးသည်။
ယခုတစ်ကြိမ် ဝမ်အန်းဘုရားကျောင်းမှ လူများကို ကယ်တင်ခြင်းမှာ အကောင်းဆုံး နည်းလမ်း ဖြစ်သော်လည်း၊ ကျန်းဝူကျိ၏ အကြံမှာ သီလရှင် မြဲ့ကြွယ်ကို သေဆုံးစေပြီး အော့မေ့ဂိုဏ်းမှာ ၎င်းအပေါ် ကျေးဇူးတင်နေစေရန်နှင့် ကျိုးကျစ်လော့ကလည်း သူမ၏ ဆရာမကို ကယ်တင်ရန် ၎င်းအနေဖြင့် အစွမ်းကုန် ကြိုးစားခဲ့သည်ဟု ယုံကြည်စေရန် ဖြစ်သည်။ ဤအချက်အားလုံးကို အကွက်ကျကျ စီစဥ်ရန် အနည်းငယ် ခက်ခဲလှပေသည်။
အကယ်၍ သီလရှင် မြဲ့ကြွယ်ကို သေရုံသက်သက် ဆိုလျှင်မူ ဘာခက်ခဲပါမည်နည်း။
အခြားအချက်မှာ ဖန့်ယောင်ကို သီလရှင် မြဲ့ကြွယ်အား သတ်ခွင့် မပြုနိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် မင်ဂိုဏ်းနှင့် ပတ်သက်လာပေလိမ့်မည်။ ရုယန်မင်းသား နန်းတော်ကို အပြစ်ပုံချခြင်းမှာလည်း အလုပ်မဖြစ်ပေ။ ထိုသို့ဆိုလျှင် ကျောက်မိန်နှင့် ကျိုးကျစ်လော့တို့ သင့်မြတ်ရန် ခက်ခဲသွားပေလိမ့်မည်။
ခြေလှမ်းတစ်လှမ်း မှားသွားလျှင် မိန်းကလေးများကြားတွင် ပဋိပက္ခများ ပေါ်ပေါက်လာပေလိမ့်မည်။
ကျန်းဝူကျိသည် သီလရှင်ကြီး မြဲ့ကြွယ်၏ သေဆုံးခြင်းကို အကျိုးအရှိဆုံး ဖြစ်စေရန်နှင့် မည်သည့် နောက်ဆက်တွဲ ဆိုးကျိုးမျှ မရှိစေရန်အတွက် သင့်တော်သော နည်းလမ်းတစ်ခုကို စဉ်းစားထုတ်ဖော်ရန် အလေးအနက် တွေးတောနေတော့သည်။