အခန်း (၁၁၁-၁၁၅)
Vol. 12 Ch. 111-115
အခန်း (၁၁၁) ဖန့်ယောင်ကို သတိပေးခြင်း
ကျန်းဝူကျိသည် ကုတင်ပေါ်တွင် လဲလျောင်းကာ မျက်စိမှိတ်အနားယူရင်း ထိုအကြောင်းအရာကို စဉ်းစားနေသည်။ တစ်နာရီကျော်ခန့် ကြာသောအခါ ကောင်းကင်တစ်ခုလုံးကို အလင်းရောင်က နေရာယူသွားပြီ ဖြစ်သည်။
ထိုစဉ် ကျန်းဝူကျိသည် ဖွဖွလေးနင်းလာသော ခြေသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။ သူ လှမ်းကြည့်လိုက်သောအခါ တံခါးပွင့်လာပြီး ရန်ရှောင် နှင့် ဝေယိရှောက်တို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ ကျန်းဝူကျိ လဲလျောင်းနေဆဲ ဖြစ်သည်ကို မြင်သောအခါ ၎င်းတို့သည် ဂိုဏ်းချုပ်ကို အနှောင့်အယှက် ပေးမိပြီဟု ထင်မှတ်ကာ အလျင်အမြန်ပင် တောင်းပန်ကြသည်။
ကျန်းဝူကျိက အဆင်ပြေကြောင်း လက်ကာပြရင်း "ဘာကိစ္စရှိလို့လဲ" ဟု မေးမြန်းလိုက်သည်။
ရန်ရှောင်က ဦးညွှတ်၍ "ဂိုဏ်းချုပ်၊ ကျွန်တော် မနေ့ညက သတင်းပို့စရာ ရှိခဲ့ပေမဲ့ ကျိုးကျစ်လော့က ဂိုဏ်းချုပ်နဲ့ စကားပြောနေတာ မြင်လို့ ချက်ချင်း သတင်းမပို့ဖြစ်ခဲ့တာပါ။ အခု လင်းနို့ဘုရင် ဝေနဲ့ တိုင်ပင်ပြီးပြီမို့ လာရောက် သတင်းပို့တာပါ" ဟု လျှောက်တင်သည်။
ရန်ရှောင် စကားမဆုံးမီမှာပင် ပြတင်းပေါက်တစ်ခု ပွင့်သွားသည့် အသံ ခပ်သဲ့သဲ့ ကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က အတွင်းသို့ ချောင်းကြည့်နေသည်။ သုံးယောက်လုံးမှာ သိုင်းပညာရှင်များ ဖြစ်သည့်အတွက် ထိုအသံကို အတိုင်းသား ကြားလိုက်ရသည်။ ၎င်းတို့ လှည့်ကြည့်လိုက်သောအခါ မျက်နှာတွင် အမာရွတ်များဖြင့် ကြောက်မက်ဖွယ် ရုပ်ဆိုးလှသည့် ကူတုထော် (ဖန့်ယောင်) ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ရန်ရှောင်၏ မျက်နှာမှာ ဝင်းပသွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ကူတုထော်က ၎င်းတို့အား တစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသည်။
"ဟင်"
ရန်ရှောင်က ဇဝေဇဝါ ဖြစ်နေသော်လည်း ကျန်းဝူကျိက "နောက်က လိုက်ကြည့်ကြမယ်" ဟု ဆိုသည်။ ထို့နောက် သူသည် ပြတင်းပေါက်မှ ချက်ချင်း ခုန်ထွက်သွားပြီး ကျန်နှစ်ယောက်ကလည်း နောက်မှ လိုက်ကြသည်။
သုံးယောက်သား တည်းခိုခန်းမှ ထွက်လာသောအခါ ဖန့်ယောင်သည် လမ်းထောင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျန်းဝူကျိသည် 'တိမ်လွှာလှေကား' ကိုယ်ဖော့ပညာကို အသုံးပြုကာ လျင်မြန်စွာ လိုက်ဖမ်းသည်။ ဖန့်ယောင်သည်လည်း အစွမ်းကုန် ပြေးသော်လည်း သူ၏ ကိုယ်ဖော့ပညာမှာ ကျန်းဝူကျိလောက် မမြန်ပေ။ သို့သော် နိမ့်ကျသည်ဟုမဆိုနိုင်ပေ။ သူသည် လူသူကင်းမဲ့သော ကျောက်ဆောင်များ ရှိရာသို့ ရောက်သည်အထိ လမ်းကြားလေးအတိုင်း မရပ်မနား ပြေးသွားခဲ့သည်။ ထိုနေရာ ရောက်မှသာ ကျန်းဝူကျိက မှီသွားတော့သည်။
ရန်ရှောင်၏ ကိုယ်ဖော့ပညာမှာ အနည်းငယ် ပိုနှေးသည့်အတွက် နာရီဝက်ခရီးခန့် ကျန်နေသေးသော်လည်း ဝေယိရှောက်မှာမူ လျှပ်စီးကဲ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျန်းဝူကျိက " ကူတုထော်.....မင်း ဘာကြောင့် ငါတို့ကို အပြင်ထွက်လာအောင် မျှားခေါ်တာလဲ" ဟု မေးလိုက်သည်။
ကျန်းဝူကျိ မေးသော်လည်း ဖန့်ယောင်၏ မျက်နှာမှာ မည်သည့် အရိပ်အယောင်မျှ မပြပေ။ သူသည် လက်ဝါးတွင် အားအင်များ စုစည်းကာ ကျန်းဝူကျိထံသို့ ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ဤရုတ်တရက် တိုက်ခိုက်မှုကြောင့် အားလုံး အံ့အားသင့်သွားကြသည်။
သို့သော် ကျန်းဝူကျိကမူ ဤသည်မှာ ဖန့်ယောင်၏ စမ်းသပ်မှု ဖြစ်သည်ကို နားလည်လိုက်သည်။ သိုင်းလောကရှိ သိုင်းပညာအားလုံးကို နားလည်သည်ဟု ဆိုသော ဤမာနကြီးသည့် လူအား မိမိထံ နာခံစေရန် သင်ခန်းစာ ပေးရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ အရိုးရှင်းဆုံးဆိုရသော် သူ၏ အစွမ်းကို ပြသရန်ပင် ဖြစ်သည်။
ထို့ကြောင့် ကျန်းဝူကျိက ပြုံးလျက် "ရုယန်မင်းသား အိမ်တော်က လက်ပါးစေတစ်ယောက်မှာ ဘယ်လို အရည်အချင်းတွေ ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" ဟု ဆိုလိုက်သည်။
စကားဆုံးသည်နှင့် ကျန်းဝူကျိသည် 'ကိုးပါးနေဝန်း အလင်းစွမ်းအင်' ကို စုစည်းကာ လက်ဝါးနှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။ ၎င်းမှာ 'နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်' အနက်မှ 'ကျန့်ကျင်းပိုင်လီ' သိုင်းကွက်ပင် ဖြစ်သည်။
ဤသည်မှာ နဂါးနိုင်လက်ဝါး သိုင်းကွက်များထဲတွင် အင်အားအကြီးဆုံး ဖြစ်ပြီး နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုက်ရိုက် တိုက်ခိုက်သည့် သိုင်းကွက်ဖြစ်သည်။ ထိုအချိန်တွင် ကျန်းဝူကျိသည် မိမိ၏ အင်အားအားလုံးနီးပါးကို အသုံးပြုလိုက်ရာ မနေ့ညကထက် ပိုမို အစွမ်းထက်လှသည်။
“ဘုန်း.....”
လက်ဝါးများ အချင်းချင်း ထိတွေ့သွားပြီး ဖန့်ယောင်သည် ကြီးမားလှသော စွမ်းအားတစ်ခု မိမိထံ တိုးဝင်လာသည်ကို ခံစားလိုက်ရကာ နောက်သို့ လွင့်ထွက်သွားသည်။ သူသည် နောက်ရှိ လူတစ်ရပ်ခန့် မြင့်သော ကျောက်ဆောင်နှင့် ပြင်းထန်စွာ ရိုက်မိသွားပြီး သွေးတစ်လုပ် အန်လိုက်ရသည်။
ကျန်းဝူကျိသည် စကားအများကြီး မပြောဘဲ ရှေ့သို့ တိုးလာကာ လက်ဝါးတွင် အားအင်များ ပြန်လည် စုစည်းလိုက်သည်။ ဖန့်ယောင်သည် ထိတ်လန့်သွားပြီး ကျန်းဝူကျိ၏ ထိုလက်ဝါးအားမှာ အလွန် ပြင်းထန်လှကြောင်း သိလိုက်သည်။ အကယ်၍ ဤလက်ဝါးချက် ထိမှန်ပါက သူ၏ အရိုးများ အားလုံး ကျိုးကြေကာ သေပွဲဝင်ရမည်မှာ သေချာသည်။
သို့သော် သူသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆွံ့အနားမကြားသူအဖြစ် ဆောင်ခဲ့ရသည့်အတွက် အခုအချိန်တွင် မည်သို့ စကားပြောရမည်ကို မေ့လျော့နေပြီး အံ့အားသင့်စွာ ကြည့်နေမိသည်။
"ဂိုဏ်းချုပ်....... ခဏနေပါဦး"
ထိုအချိန်တွင် ရန်ရှောင် ရောက်ရှိလာပြီး ဝေယိရှောက်ကလည်း လျင်မြန်စွာပြောလိုက်သည်။ နှစ်ယောက်လုံးက အသည်းအသန် ဝိုင်းတားကြသည်။
ကျန်းဝူကျိသည် လက်ဝါးအားကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ "မင်းတို့ ဘာလုပ်တာလဲ၊ သူက ယွမ်နန်းတော်ရဲ့ အစေခံဆိုတာ မသိဘူးလား" ဟု ဆိုသည်။
ကျန်းဝူကျိ လက်ဝါးအားကို ရုပ်သိမ်းလိုက်သည်ကို မြင်သောအခါမှ ရန်ရှောင်နှင့် ဝေယိရှောက်တို့ လည်း သက်ပြင်းချနိုင်တော့သည်။ ၎င်းတို့၏ လက်ဖဝါးများတွင် ချွေးစေးများ ထွက်နေသည်။
ရန်ရှောင်က "ဂိုဏ်းချုပ်.....ကျွန်တော် သတင်းပို့မလို့ လုပ်နေတာ ဒီလူ့အကြောင်းပါပဲ" ဟု အလျင်အမြန် လျှောက်တင်သည်။
"အော်"
ကျန်းဝူကျိက မသိဟန်ဆောင်ကာ "ဘာကိစ္စလဲ" ဟု မေးမြန်းသည်။
ရန်ရှောင်က ခါးသီးစွာ ပြုံးလိုက်ပြီး စကားမပြောမီမှာပင် ဖန့်ယောင်က တုံ့ပြန်လိုက်သည်။ ဖန့်ယောင်၏ မျက်နှာမှာ လေးနက်တည်ကြည်နေသည်။ သူသည် လက်နှစ်ဖက်ဖြင့် တောက်လောင်နေသော မီးလျှံသင်္ကေတကို ပြုလုပ်ကာ ရင်ဘတ်တွင် ထားပြီး ကျန်းဝူကျိအား ရိုသေစွာ ဦးညွှတ်လိုက်သည်။
ထို့နောက် "ကျွန်တော်မျိုး မင်ဂိုဏ်းရဲ့ ညာလက်ရုံးတမန်တော်ဖန့်ယောင်၊ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ကျွန်တော်မျိုးရဲ့ အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး ရိုင်းပျမိတာကို ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်" ဟု ဆိုသည်။
သူသည် ဆယ်စုနှစ်တစ်ခုကျော် စကားမပြောဘဲ နေခဲ့သည့်အတွက် သူ၏ စကားသံမှာ အနည်းငယ် ထစ်ငေါ့နေပြီး သဘာဝမကျဘဲ ထူးဆန်းနေသည်။
ကျန်းဝူကျိက အံ့အားသင့်ဟန် ဆောင်လိုက်ရာ ရန်ရှောင်က ခေါင်းညိတ်ပြပြီး "ဂိုဏ်းချုပ်၊ သူဟာ တကယ်ပဲ ညာလက်ရုံးတမန်တော်ဖန့်ယောင် ပါပဲ" ဟု အတည်ပြုပေးသည်။
"ဒါက..............ညာလက်ရုံးတမန်တာ်ဖန့်က ဘယ်လိုလုပ်ပြီး ရုယန်မင်းသား အိမ်တော်က လူ ဖြစ်သွားရတာလဲ။ အားလုံးက ကိုယ့်လူတွေပဲကို၊ ငါတော့ အမှားကြီး မှားတော့မလို့ပဲ"
ကျန်းဝူကျိက ဖန့်ယောင်ကို ကိုယ်တိုင် ထူပေးပြီး အံ့သြဟန်ဖြင့် ပြောဆိုသည်။
ရန်ရှောင်သည်လည်း အလွန် စိတ်လှုပ်ရှားနေသည်။ သူသည် ရှေ့သို့ တိုးကာ ဖန့်ယောင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ဖန့်ယောင်၏ ရုပ်သွင်ကို ကြည့်ရင်း ရန်ရှောင်မှာ မျက်ရည်မထိန်းနိုင်ဘဲ "ညီလေး၊ မနေ့ညက မင်းကို ငါ မှတ်မိတယ်။ ငါတို့ မတွေ့ရတာ ဆယ်စုနှစ်တွေတောင် ကြာသွားပြီဆိုတာ မယုံနိုင်စရာပဲ" ဟု ဆိုသည်။
ဖန့်ယောင်က ရန်ရှောင်ကို ဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် "အစ်ကိုကြီး၊ နှစ်တွေ အများကြီး ကြာသွားပြီ။ အစ်ကိုကြီး ကျန်းကျန်းမာမာ ရှိနေပြီး ငါတို့ မင်ဂိုဏ်း ပြန်ပြီး စည်းလုံးသွားတာ မြင်ရတာ ငါ့နှလုံးသားထဲမှာ အတိုင်းမသိ ဝမ်းသာမိတယ်။
ငါတို့ ဂိုဏ်းတည်ထောင်သူ နတ်မင်းကြီးတွေရဲ့ စောင့်ရှောက်မှုကြောင့် အခုလို စွမ်းဆောင်ရည်ရှိတဲ့ ဂိုဏ်းချုပ်ကို ရခဲ့တာပဲ။ ဒါကြောင့်လည်း ငါတို့ ညီအစ်ကိုတွေ ပြန်ဆုံနိုင်တာပေါ့" ဟု ပြောသည်။
ရန်ရှောင်ကလည်း ခေါင်းညိတ်ကာ "ဂိုဏ်းချုပ် ခုနက မေးတာကို ငါလည်း သိချင်နေတာ ညီလေးရယ်၊ မင်း ဘယ်လိုဖြစ်လို့ ဒီလို အခြေအနေ ရောက်သွားရတာလဲ" ဟု မေးသည်။
ဖန့်ယောင်က ခေါင်းခါရင်း "ငါသာ ငါ့ရုပ်ကို ငါ ကိုယ်တိုင် မဖျက်ဆီးခဲ့ရင် လူယုတ်မာ ချန်ခွန်းကို ဘယ်လို လှည့်စားနိုင်မှာလဲ။ ပြီးတော့ ရုယန်မင်းသား အိမ်တော်ရဲ့ ယုံကြည်မှုကိုရော ဘယ်လို ရနိုင်မှာလဲ" ဟု ဆိုသည်။
ထိုစကားကို ကြားသောအခါ ရန်ရှောင်သည် ဖန့်ယောင်က ရန်သူ့စခန်းတွင် သူလျှိုအဖြစ် နေနိုင်ရန် မိမိကိုယ်ကိုယ် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တမင် လုပ်ခဲ့သည်ကို နားလည်သွားသည်။ သူသည် ပိုမို ဝမ်းနည်းသွားပြီး "ညီလေး၊ မင်း တကယ် ဒုက္ခခံခဲ့ရတာပဲ" ဟု ဆိုသည်။
ရန်ရှောင်၏ လေသံမှာ စိတ်မကောင်းဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ အတိတ်တုန်းက 'ခန့်ညားတဲ့ ထူးချွန်သူ နှစ်ဦး' ဟု နာမည်ကျော်ခဲ့စဉ်က နှစ်ယောက်လုံးမှာ ခန့်ညားချောမောသော လူငယ်များ ဖြစ်ခဲ့ကြသည်။ အခုအချိန်တွင် ရန်ရှောင်မှာ ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သော်လည်း ဖန့်ယောင်မှာမူ မိမိကိုယ်ကိုယ် ရုပ်ဆိုးအောင် လုပ်ထားခဲ့သည်။ သူ၏ ပြတ်သားသော စိတ်ဓာတ်မှာ သာမန်လူများ မယှဉ်နိုင်သော အရာဖြစ်သည်။
ဝေယိရှောက်သည်လည်း ဤသည်ကို မြင်သောအခါ လေးစားသွားပြီး "ညာလက်ရုံးတမန်တော် ဖန့်၊ ဒီနေ့ကျမှပဲ ကျုပ်...ဝေယိရှောက်က မင်းကို တကယ် လေးစားမိတော့တယ်။ ဂါရဝပြုပါတယ်" ဟု ဆိုကာ ဦးညွှတ်သည်။
ဖန့်ယောင်က အလျင်အမြန် ဒူးထောက်ကာ "လင်းနို့ဘုရင် ဝေ၊ ဒီလောက် အားနာဖို့မလိုပါဘူး။ ကွမ်မင်တောင်ထိပ် တိုက်ပွဲတုန်းက ငါက ရုယန်မင်းသား အိမ်တော်မှာ ပိတ်မိနေလို့ ပြန်လာပြီး မကူညီနိုင်ခဲ့ဘူး။ အစ်ကိုကြီး ရန်နဲ့ မင်းတို့ သေရမယ်မှန်း သိလျက်နဲ့ မင်ဂိုဏ်းကို မဆုတ်မနစ် ကာကွယ်ခဲ့ကြလို့သာ ဂိုဏ်းကြီး တည်တံ့နေတာပါ။ ဒီလို သစ္စာရှိမှုကို ဖန့်ယောင်က မမီပါဘူး" ဟု ပြန်ပြောသည်။
အမှန်စင်စစ် ဤနှစ်ယောက်၏ ဆက်ဆံရေးမှာ ယခင်က ထူးထူးခြားခြား ကောင်းမွန်ခဲ့သည်တော့ မဟုတ်ပေ။ ကြီးကြီးမားမား ရန်ငြိုးမရှိသော်လည်း တစ်ဦးကိုတစ်ဦး အလျှော့မပေးလိုကြပေ။ သို့သော် အခုအချိန်တွင် ရန်ငြိုးများကို အပြီးတိုင် ဖျောက်ပစ်နိုင်ခဲ့ကြသည်မှာ ကောင်းသော ကိစ္စပင် ဖြစ်သည်။
ရန်ရှောင်က ပတ်ဝန်းကျင်ကို ကြည့်ကာ "ဒီနေရာက လူသူကင်းမဲ့တယ် ဆိုပေမဲ့ မြို့နဲ့ နီးနေသေးတယ်။ ရှေ့က တောင်ကြားထဲသွားပြီး စကားပြောကြရအောင်၊ သူများတွေ ကြားသွားမှာ စိုးလို့" ဟု ဆိုသည်။
အားလုံးက သဘောတူကြပြီး မိမိတို့၏ သိုင်းပညာများကို အသုံးပြုကာ ရှေ့သို့ ဆက်သွားကြသည်။ ဆယ်မိုင်ကျော်ခန့် သွားပြီးနောက် တောင်ကုန်းငယ်တစ်ခုသို့ ရောက်ရှိသည်။ ထိုနေရာမှာ ကွင်းပြင်ကျယ်ကြီး ဖြစ်ပြီး မိုင်ပေါင်းများစွာကို လှမ်းမြင်ရလောက်အောင်ပင် မြင်ကွင်းရှင်းနေသည့်အတွက် သူများ ကြားသွားမည်ကို မစိုးရိမ်ရတော့ပေ။ ၎င်းတို့ ထိုင်ချလိုက်ပြီး ဖန့်ယောင်၏ ဇာတ်လမ်းကို နားထောင်ကြသည်။
ဖန့်ယောင်က အတိတ်က အဖြစ်အပျက်များကို ပြန်ပြောပြသည်။ ဂိုဏ်းချုပ် ရန်တိန့်ထျန်း ပျောက်ကွယ်သွားပြီးနောက် မင်ဂိုဏ်းသားများသည် အာဏာလုကြရာမှ အကွဲကွဲအပြားပြား ဖြစ်ကုန်ကြပြီး မည်သူကမျှ မည်သူ့ကိုမျှ မနာခံကြတော့ပေ။
သူသည် ဂိုဏ်းချုပ် ရာထူးကို စိတ်မဝင်စားသလို တိုက်ချီစီသည်လည်း ဟန်ချန်ယဲ့နှင့် လက်ထပ်သွားပြီ ဖြစ်ရာ သူ၏ နှလုံးသားမှာ သေဆုံးနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် မုတ်ဆိတ်မွေးများ ထားကာ ပညာရှိအဖိုးကြီး တစ်ဦးအဖြစ် ဟန်ဆောင်၍ လှည့်လည်သွားလာခဲ့သည်။
တစ်နေ့တွင် လမ်း၌ လူတစ်ယောက်ကို တွေ့ရာ ထိုသူမှာ ' မိုးကြိုးလက်ဝါး' ချန်ခွန်း ဖြစ်နေသည်။ ထိုစဉ်က ပြဿနာ၏ အတိမ်အနက်ကို သူ အကုန်အစင် မသိသေးသော်လည်း ချန်ခွန်းသည် ဂိုဏ်းချုပ်ကတော်၏ စီနီယာအစ်ကို ဖြစ်ကြောင်းနှင့် သိုင်းလောကတွင် အသတ်ခံရသူ အများအပြားမှာ ချန်ခွန်း၏ နာမည်ကို ချန်ထားခဲ့ကြကြောင်း ကောလာဟလများ ကြားသိထားသည်။ ဤလူသည် ဂိုဏ်းချုပ် ရန် ပျောက်ကွယ်သွားမှုနှင့်လည်း ပတ်သက်နိုင်သည်ဟု တွေးကာ ဖန့်ယောင်သည် ၎င်းနောက်သို့ တိတ်တဆိတ် လိုက်ခဲ့လေသည်။
အခန်း (၁၁၂) ဖန့်ယောင်၏ အတိတ်ဇာတ်ကြောင်း
ညာလက်ရုံးတမန်တော် ဖန့်ယောင်သည် နောက်ယောင်ခံလိုက်သွားရာ ချန်ခွန်းနှင့် ရွှမ်မင်နတ်လက်ဝါး အဖိုးအိုနှစ်ဦးတို့ တွေ့ဆုံ၍ တစ်စုံတစ်ခုကို တိုင်ပင်နေကြသည်ကို တွေ့မြင်လိုက်ရလေသည် ။
၎င်းတို့၏ စကားသံများမှာ သဲသဲကွဲကွဲမရှိသဖြင့် ဖန့်ယောင်သည် အနားသို့ ခိုးကြောင်ခိုးဝှက် တိုးကပ်သွား၏ ။ သို့သော်လည်း ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် နီးနီးကပ်ကပ် မသွားရဲဘဲ ကွမ်မင်တောင်ထိပ် ဌာနချုပ်ကို ဖျက်ဆီးမည့်အကြောင်း ပြောဆိုနေကြသည်ကိုသာ ဝေဝါးစွာ ကြားလိုက်ရလေသည် ။
ဤကိစ္စသည် မိမိတို့ဂိုဏ်းနှင့် သက်ဆိုင်နေသဖြင့် လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ၎င်းတို့နောက်သို့ ဆက်လက်လိုက်ပါသွားရာ ရုယန်မင်းသား၏ စံအိမ်အတွင်းသို့ ဝင်ရောက်သွားကြသည်ကို မြင်လိုက်ရ၏ ။ ထိုအခါမှသာ ရွှမ်မင်နတ်လက်ဝါး အဖိုးအိုနှစ်ဦးသည် ရုယန်မင်းသား၏ လက်အောက်ခံ ထိပ်သီးသိုင်းပညာရှင်များ ဖြစ်ကြောင်း သိရှိသွားတော့သည် ။
ချန်ခွန်းနှင့် ရုယန်မင်းသားတို့သည် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ပူးပေါင်းထားကြပြီး မင်ဂိုဏ်းကို လုပ်ကြံရန် ကြံစည်နေကြသည်မှာ ထင်ရှားလှပေသည် ။ ဖန့်ယောင်သည် ဤအရေးကို အသေးစိတ်စုံစမ်းရာ ရုယန်မင်းသားသည် လောက၌ ဟန်လူမျိုးများ သိုင်းပညာလေ့ကျင့်နေကြသရွေ့ ဆူပူသောင်းကျန်းမှုများ ရှိနေဦးမည်ဟု ယူဆသဖြင့် သိုင်းလောကရှိ ဂိုဏ်းအားလုံးကို အမြစ်ပြတ်ချေမှုန်းလိုကြောင်း သိရလေသည် ။
ထိုအချိန်တွင် ချန်ခွန်းသည် အကြံပေးချက်များ တင်ပြခဲ့ရာ ပထမဆုံးအကြံမှာ မင်ဂိုဏ်းကို ဖျက်ဆီးရန်ပင် ဖြစ်သည် ။ ၎င်းမှာ ချန်ခွန်း၏ ကိုယ်ကျိုးအတ္တအတွက်သာ ဖြစ်သော်လည်း ရုယန်မင်းသားမှာမူ ချန်ခွန်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို မသိရှိသည့်အပြင် ယွမ်မင်းဆက်ကို အညံ့မခံသည့် မင်ဂိုဏ်းမှာ နောင်တစ်ချိန်တွင် ကြီးစွာသော ဘေးအန္တရာယ် ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ထိုအကြံကို လက်ခံလိုက်လေသည် ။
မင်ဂိုဏ်းသည် အတွင်းပိုင်း၌ စည်းလုံးမှုပြိုကွဲနေပြီး ပြင်ပတွင်လည်း ရန်သူများ ဝိုင်းရံနေသဖြင့် မကြာမီ ပျက်စီးတော့မည်ကို ဖန့်ယောင် စိုးရိမ်မိသည် ။ ထို့ကြောင့် မင်ဂိုဏ်းအတွက် မိမိ၏ ရုပ်ရည်ကို မိမိဘာသာ ဖျက်ဆီးကာ ရုယန်မင်းသား၏ စံအိမ်အတွင်းသို့ သူလျှိုအဖြစ် ဝင်ရောက်ခဲ့ပြီး ချန်ခွန်းကို လုပ်ကြံရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည် ။
ဖန့်ယောင်က ထိုအကြောင်းကို ပြောပြနေစဉ်တွင် သူ၏ အသံ၌ သံသယများ ပြည့်နှက်နေဆဲ ဖြစ်၏။ ချန်ခွန်းသည် ရန်တိန့်ထျန်း၏ ဇနီးနှင့် မောင်နှမဝမ်းကွဲ တော်စပ်သူဖြစ်ပြီး ရွှေမွေးခြင်္သေ့ဘုရင် ရှဲ့ရွှန်း၏ ဆရာလည်း ဖြစ်ပါလျက် အဘယ်ကြောင့် မင်ဂိုဏ်းကို အသေအလဲ ဖျက်ဆီးလိုရသနည်းဟု သူက မေးခွန်းထုတ်လေသည် ။
"ကျွန်တော်ကတော့ ချန်ခွန်းဟာ စည်းစိမ်ဥစ္စာနဲ့ အာဏာကို မက်မောလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ သူ့ရဲ့ နေထိုင်ပုံက ရိုးရှင်းပြီး ဘာမှလည်း ထူးထူးခြားခြား မက်မောတာမျိုး မတွေ့ရဘူး။ သူ ဘာဖြစ်လို့ မင်ဂိုဏ်းကို ရန်ငြိုးဖွဲ့နေရတာလဲဆိုတာ အခုထိ စဉ်းစားလို့ မရသေးဘူး" ဟု ဖန့်ယောင်က ခေါင်းခါရင်း ပြောဆိုသည် ။
ရန်ရှောင်က အံ့အားသင့်သွားပြီး "ညီအစ်ကို... မင်း ဒီကိစ္စရဲ့ အမှန်တရားကို မသိသေးဘူးလား" ဟု မေးလိုက်၏ ။
ဖန့်ယောင်က မျက်မှောင်ကြုတ်ကာ "ဘာအမှန်တရားလဲ။ ကျွန်တော် အတော်ကြာအောင် သိုင်းကျင့်ပြီး အပြင်ထွက်လာတော့မှ မင်ဂိုဏ်းရဲ့ ဘေးအန္တရာယ်တွေ ပြေလည်သွားပြီလို့ ကြားခဲ့ရတာ။ အဲဒါနဲ့ စိတ်အေးသွားပြီး ဘာမှ ထပ်မစုံစမ်းတော့ဘဲ ရှောင်လင်ဂိုဏ်းက ဘုန်းကြီးတွေကို ဖမ်းဖို့ လိုက်ပါခဲ့တာပဲ။ ပြီးတော့ ဝမ်အန်းကျောင်းကို ပြန်လာကတည်းက ဘယ်သူ့ရှေ့မှ ထွက်မပြခဲ့ဘူး" ဟု ပြန်ပြောသည် ။
ဝေယိရှောက်ကလည်း "ချန်ခွန်းရဲ့ အကြောင်းက တစ်လောကလုံး ပျံ့နှံ့နေပြီလေ။ ဖန့်ယောင်... မင်း တကယ်ပဲ မသိဘူးလား။ ကျောက်မိန်တို့က မင်းကို ဘာမှ မပြောကြဘူးလား" ဟု မေးမြန်းသည် ။
"ကျွန်တော်က စကားမပြောတက်သူအဖြစ် ဟန်ဆောင်နေတာလေ။ ပြီးတော့ သူလျှိုလုပ်နေရတာဆိုတော့ ဘယ်သူနဲ့မှလည်း မဆက်ဆံဖြစ်ဘူး။ ဒါကြောင့် ဘာသတင်းမှလည်း မကြားတာပေါ့" ဟု ဖန့်ယောင်က ဆို၏ ။
ထိုအခါမှ ကျန်သူသုံးဦးလည်း သဘောပေါက်သွားကြသည် ။ ဆွံ့အနားမကြား တစ်ယောက်ကို မည်သူက အပိုစကား လာပြောနေပါမည်နည်း ။ ဖန့်ယောင်သည်လည်း လူမိမည်ကို စိုးရိမ်သဖြင့် သတင်းများကို စူးစမ်းခြင်း မပြုခဲ့သည်မှာ သဘာဝကျလှပေသည် ။ ရန်ရှောင်နှင့် ဝေယိရှောက်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ချန်ခွန်းနှင့် ပတ်သက်သမျှ အကြောင်းစုံကို ဖန့်ယောင်အား ပြောပြလိုက်ကြသည် ။
ဖန့်ယောင်သည် နားထောင်ပြီးနောက် ကြောင်အမ်းအမ်း ဖြစ်သွားလေသည် ။ အရင်က အကြောင်းအရာများ ဤမျှအထိ ပတ်သက်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ခဲ့ပေ ။ မင်ဂိုဏ်း၏ ကာလရှည်ကြာ ပျက်စီးဆုတ်ယုတ်မှု နောက်ကွယ်မှ လက်မည်းကြီးမှာ ဤ ချန်ခွန်းပင် ဖြစ်နေသည်လားဟု သူက တွေးတောမိသည် ။
"ဘယ်လောက် ယုတ်မာတဲ့ လူလဲ..... ဒီလောက် ကိစ္စတွေ အများကြီးကို ကြံစည်ခဲ့တာ တကယ့်ကို စက်ဆုပ်စရာပဲ" ဟု ဖန့်ယောင်က နာနာကျင်ကျင် ကျိန်ဆဲလေသည် ။
ရန်ရှောင်က ရယ်မောလျက် "ညီအစ်ကို စိတ်မပူပါနဲ့.....ချန်ခွန်းရဲ့ အကြံအစည်တွေက ဘယ်လောက်ပဲ နက်နဲပါစေ အခုတော့ ဂိုဏ်းချုပ်ရဲ့ လက်ထဲမှာ မိနေပါပြီ... ဂိုဏ်းချုပ်က သူ့ရဲ့ ခြေလက်တွေကို ချိုးပြီး သိုင်းပညာကိုလည်း ဖျက်ဆီးထားပြီးပြီ။ အခု ကွမ်မင်တောင်ထိပ်မှာ ချုပ်နှောင်ထားတယ်၊ ခြင်္သေ့ဘုရင် ပြန်ရောက်လာရင် စီရင်ဖို့ စောင့်နေတာပါ" ဟု ပြောပြသည် ။
ဖန့်ယောင်က ခေါင်းညိတ်ကာ "ဂိုဏ်းချုပ်ကို ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင် မင်ဂိုဏ်းဟာ ဒီလူယုတ်မာလက်ချက်နဲ့ ပျက်စီးသွားမှာ အမှန်ပဲ" ဟု ကျန်းဝူကျိကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုလေသည် ။
ကျန်းဝူကျိကမူ လက်ကာပြကာ ဂုဏ်ယူဝံ့ကြွားခြင်းမရှိဘဲ တည်ငြိမ်စွာသာ နေ၏ ။ ဖန့်ယောင်က ဆက်လက်၍ "အဲဒီတုန်းက ကျွန်တော် ဘာမှ မသိခဲ့ဘူး။ ချန်ခွန်းကို သတ်နိုင်ရင် အခြေအနေတွေ ပြောင်းလဲသွားမယ် ထင်ခဲ့တာ။ သူ့ကို သုံးကြိမ်တိုင်တိုင် ချောင်းမြောင်း တိုက်ခိုက်ခဲ့ပေမဲ့ သူ့ရဲ့ သိုင်းပညာက မြင့်မားလွန်းလို့ သုံးကြိမ်စလုံး မအောင်မြင်ခဲ့ဘူး။နောက်ဆုံးအကြိမ်မှာ သူ့ကို ဓားနဲ့ ထိုးနိုင်ခဲ့ပေမဲ့ ကျွန်တော်လည်း သူ့ရဲ့ လက်ဝါးချက်မိပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်။ ဒဏ်ရာပျောက်ကင်းဖို့ တစ်နှစ်လောက် အချိန်ယူခဲ့ရတယ်" ။
"ဒီလို ရုပ်ဖျက်ထားတာဟာ ခဏတဖြုတ်ပဲ လှည့်စားနိုင်မယ်၊ ရေရှည်မှာတော့ မလွယ်ဘူးလို့ ကျွန်တော် တွေးမိတယ်။ အဲဒီတုန်းက မင်ဂိုဏ်းရဲ့ အလင်းတမန်တော်နှစ်ပါးက နာမည်ကြီးလွန်းတော့ ကျွန်တော့်ကို မှတ်မိသူတွေ အများကြီးရှိတယ်။ ဖော်ထုတ်ခံလိုက်ရရင် ကိစ္စတွေ အကုန်ပျက်ကုန်မှာစိုးလို့ စိတ်ကို တင်းပြီး ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးခဲ့တယ်။ ဆံပင်ကိုလည်း ဆေးဆိုးပြီး အနောက်ဘက် ဒေသက ခါဝါရက်ဇင်ပြည်ကို ထွက်ပြေးခဲ့တာပဲ" ဟု ရှင်းပြသည် ။
ဝေယိရှောက်က "ဘာဖြစ်လို့ ခါဝါရက်ဇင်ကို သွားရတာလဲ" ဟု စပ်စုမိသည် ။
ရန်ရှောင်က လက်ခုပ်တီး၍ ရယ်မောကာ "ဒါက တကယ့်ကို ပါးနပ်တဲ့ အကွက်ပဲ။ လင်းနို့ဘုရင်... စဉ်းစားကြည့်လေ။ ဖန့်ယောင်က အဲဒီကိုသွားပြီး သူ့ရဲ့ အရည်အချင်းကို ပြလိုက်ရင် မွန်ဂိုမင်းသားတွေက သူ့ကို မသိမ်းသွင်းဘဲ နေမလား။ ပြီးတော့ ခါဝါရက်ဇင် မင်းသားက ရုယန်မင်းသားကို မျက်နှာလိုမျက်နှာရ ဖြစ်အောင် ဖန့်ယောင်ကို လက်ဆောင်အဖြစ် ပို့ပေးမှာ အသေအချာပဲ။ အဲဒီအချိန်ကျရင် သူ့ရဲ့ နောက်ကြောင်းက စင်ကြယ်သွားပြီ၊ ရုပ်ရည်နဲ့ အမူအရာလည်း ပြောင်းနေပြီဆိုတော့ ချန်ခွန်းတောင် ဘယ်လိုမှ ရိပ်မိမှာ မဟုတ်ဘူး" ။
ထိုအခါမှ ဝေယိရှောက်လည်း သဘောပေါက်သွားပြီး "မင်ဂိုဏ်းရဲ့ အလင်းတမန်တော်တွေဆိုတာ တကယ်ကို ချီးကျူးစရာပဲ။ သိုင်းပညာတင်မကဘူး၊ အစီအစဥ်တွေမှာလည်း ပြိုင်ဘက်မရှိပါလား။ ငါတို့အစောင့်အရှောက် ဘုရင်လေးပါးတောင် ဒီလိုအကြံမျိုး ထွက်မှာ မဟုတ်ဘူး" ဟု ချီးကျူးလေသည် ။
ဖန့်ယောင်က "ညီအစ်ကို ဝေ... ကျွန်တော့်ကို အဲဒီလောက် မချီးမွမ်းပါနဲ့ ။ ကျွန်တော် ဒီလောက်အထိ မထိုက်တန်ပါဘူး" ဟု နှိမ့်ချစွာ ပြောဆိုသည် ။
၎င်းတို့ အပြန်အလှန် စကားပြောပြီးနောက် ဖန့်ယောင်က ဆက်၍ "ကျွန်တော် ရုယန်မင်းသား စံအိမ်ကို ပြန်ရောက်တော့ ချန်ခွန်းက ပျောက်နေပြီ။ အဲဒီတုန်းက ဘာလို့လဲဆိုတာ မသိခဲ့ဘူး၊ ဂိုဏ်းချုပ်က ဖမ်းထားတာ ဖြစ်လိမ့်မယ်လို့လည်း မထင်ခဲ့မိဘူး။
အဲဒီကတည်းက စံအိမ်ထဲမှာ သတင်းယူဖို့ပဲ ကြံစည်ခဲ့တာ။ မင်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းကြားရင် လျှို့ဝှက်ပေးပို့ဖို့ပေါ့။ ဒါပေမဲ့ ကျွန်တော်က လူအ အဖြစ် ဟန်ဆောင်နေရတာရယ်၊ စံအိမ်ကလည်း ကျွန်တော့်ကို အပြည့်အဝ မယုံကြည်တာရယ်ကြောင့် သတင်းတွေ အများကြီး မပေးနိုင်ခဲ့တာကို တကယ့်ကို နောင်တရမိတယ်" ဟု ဆိုသည် ။
ဝေယိရှောက်က "ဒါဆို ရှောင်လင်ဂိုဏ်းက ကြေးရုပ်နောက်ကွယ်မှာ စာရေးခဲ့တာလည်း ဖန့်ယောင်ပဲပေါ့" ဟု မေးရာ ဖန့်ယောင်က ခေါင်းညိတ်ဝန်ခံလေသည် ။
ဖန့်ယောင်သည် ရုတ်တရက် ကျန်းဝူကျိ၏ ရှေ့၌ ဒူးထောက်လိုက်ပြီး "ဂိုဏ်းချုပ်... ကျွန်တော့်မှာ ဝန်ခံစရာ တစ်ခုရှိပါသေးတယ်။ ရုယန်မင်းသားရဲ့ ယုံကြည်မှုရအောင် ကျွန်တော်ဟာ မင်ဂိုဏ်းက ဌာနခွဲမှူး သုံးယောက်ကို သတ်ခဲ့မိပါတယ်။ မင်ဂိုဏ်းအပေါ် ကျွန်တော့်မှာ ရန်ငြိုးကြီးလှပါတယ်ဆိုတာကို သက်သေပြခဲ့တာပါ" ဟု လျှောက်တင်သည် ။
ဤစကားကို ကြားသောအခါ ကျန်းဝူကျိ၊ ရန်ရှောင်နှင့် ဝေယိရှောက်တို့ ခဏတာ တိတ်ဆိတ်သွားကြ၏ ။ မိမိတို့ ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်ခြင်းမှာ ကြီးလေးသော ပြစ်မှုဖြစ်သဖြင့် ရန်ရှောင်နှင့် ဝေယိရှောက်တို့ပင် ဝင်ရောက်ပြောဆိုရန် ခက်ခဲနေကြသည် ။
ကျန်းဝူကျိက ဖန့်ယောင်၏ စိတ်နေစိတ်ထားမှာ တစ်ခါတစ်ရံ ခန့်မှန်းရခက်သဖြင့် ယခုအချိန်တွင် သူ့ကို အပြည့်အဝ စည်းရုံးနိုင်ရန် တစ်ခုခု လုပ်ပြရန် လိုအပ်သည်ဟု တွေးတောမိသည် ။ ထို့ကြောင့် ကျန်းဝူကျိသည် မျက်နှာတွင် တွန့်ဆုတ်နေဟန် ပြသလိုက်ပြီး "ဖန့်ယောင်... မင်းဟာ မင်ဂိုဏ်းအပေါ် စိတ်ရင်းမှန်နဲ့ အလုပ်အကျွေးပြုခဲ့တာပါ။ ဒီကိစ္စက ကြီးလေးတဲ့ ပြစ်မှုဖြစ်ပေမဲ့ အတိတ်မှာပဲ ထားလိုက်ပါတော့" ဟု မိန့်ကြားလိုက်သည် ။
"ကျွန်တော့်ကို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးကြီးလှပါတယ် ဂိုဏ်းချုပ်" ဟု ဖန့်ယောင်က ရိုသေစွာ ဦးညွှတ်လေသည် ။ သို့သော် သူ ပြန်အထတွင် ကျန်းဝူကျိ၏ မျက်နှာမှ တွန့်ဆုတ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ရန်ရှောင်၏ ခါးကြားမှ ဓားကို ဆွဲထုတ်ကာ မိမိ၏ ဘယ်ဘက်လက်မောင်းကို ပြင်းထန်စွာ ထိုးစိုက်လိုက်ရာ သွေးများ ပန်းထွက်လာတော့သည် ။
ဤသည်ကို မြင်သောအခါ သုံးဦးစလုံး ထိတ်လန့်သွားကြ၏ ။ ကျန်းဝူကျိက ဓားကို အမြန်လုယူလိုက်ပြီး "ဖန့်ယောင်... မင်း ဘာလုပ်တာလဲ" ဟု မေးလိုက်သည် ။
"အပြစ်မရှိတဲ့ ညီအစ်ကိုတွေကို သတ်ခဲ့တာဟာ ကြီးလေးတဲ့ အပြစ်ပါ။ ကျွန်တော့်ရဲ့ တာဝန်တွေ မပြီးသေးလို့သာ ကိုယ့်ကိုယ်ကိုယ် အသက်မသေစေတာ။ အခုတော့ ဒီဓားချက်နဲ့ပဲ အပြစ်ပေးပါရစေ၊ နောက်ကျရင်တော့ ဒီဦးခေါင်းကို ဖြတ်ပြီး အပြစ်ပေးပါ့မယ်" ဟု ဖန့်ယောင်က ဆိုသည် ။
ကျန်းဝူကျိက "ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး။ ငါ ဂိုဏ်းချုပ်အနေနဲ့ မင်းကို ခွင့်လွှတ်ပြီးပြီပဲ။ အရေးကြီးတဲ့ အချိန်မှာတော့ ဒီလိုပဲ လုပ်ဆောင်ရတာမျိုး ရှိတတ်တာပဲ။ ဒီကိစ္စကို နောက်ထပ် ဘယ်တော့မှ ထပ်မပြောပါနဲ့တော့" ဟု ဆိုကာ ဆေးဝါးများကို ထုတ်ယူ၍ ဖန့်ယောင်၏ ဒဏ်ရာကို လူးပေးပြီး မိမိ၏ အဝတ်ကို ဆုတ်ကာ စည်းနှောင်ပေးလိုက်လေသည် ။
အခန်း (၁၁၃)။ ရွှမ်မင်အဖိုးကြီးနှစ်ဦးအတွက် ထောင်ချောက်ဆင်ခြင်း
ထိုခဏတွင် ကျန်းဝူကျိသည် ဖန့်ယောင်အား ရုတ်တရက် ဦးညွှတ်ဂါရဝပြုလိုက်သည် ။ ဤသည်ကို မြင်သောအခါ ဖန့်ယောင်၊ ရန်ရှောင်နှင့် ဝေယိရှောက်တို့မှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ကျန်းဝူကျိ၏ ဂါရဝကို လက်မခံဝံ့သဖြင့် ၎င်းနှင့်အတူ အလျင်အမြန်ပင် ဒူးထောက်လိုက်ကြလေသည် ။
"ဂိုဏ်းချုပ်... ဘာလို့ ဒီလိုလုပ်ရတာလဲ"
ကျန်းဝူကျိက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် "ညာလက်ရုံးသံတမန် ဖန့်ဟာ ငါတို့ဂိုဏ်းအတွက် သူ့ရုပ်ရည်ကို ဖျက်ဆီးခဲ့ရုံတင်မကဘဲ ကြီးမားတဲ့ အကျိုးတွေလည်း ပြုခဲ့တယ်။ ဒါကြောင့် ငါ့ရဲ့ ဂါရဝပြုမှုကို ခံယူထိုက်ပါတယ်။ ဒီကိစ္စဟာ ဒီနေ့မှာပဲ အဆုံးသတ်ရမယ်။ နောက်နောင် မင်းကိုယ်မင်း နာကျင်အောင် ထပ်လုပ်မယ်ဆိုရင် ငါဟာ အရည်အချင်းရော သီလပါ မရှိတဲ့သူလို့ ဆိုလိုရာရောက်တယ်။ ဒါဆိုရင်တော့ ဒီဂိုဏ်းချုပ်နေရာကနေ ငါ ချက်ချင်းပဲ နုတ်ထွက်မယ်" ဟု ဆိုလေသည် ။
ရန်ရှောင်သည် အလွန်အံ့အားသင့်သွားပြီး "ညီနောင်... ငါတို့ဂိုဏ်းရဲ့ ဘေးကင်းရေးတင်မကဘူး တစ်လောကလုံးရဲ့ ကံကြမ္မာက ဂိုဏ်းချုပ်တစ်ယောက်တည်းအပေါ်မှာပဲ မူတည်နေတာ။ အခု ဂိုဏ်းချုပ်က အမိန့်ပေးနေပြီပဲ၊ မင်းက ဘာကြောင့် မနာခံဘဲနေမှာလဲ" ဟု မနေနိုင်ဘဲ ပြောလိုက်သည် ။
သိုင်းလောကကို လွှမ်းမိုးချုပ်ကိုင်ထားသော ကျန်းဝူကျိက မိမိအား ဒူးထောက်ဂါရဝပြုသည်ကို မြင်သောအခါ ဖန့်ယောင်မှာ ပြောမပြနိုင်အောင် စိတ်လှုပ်ရှားသွားပြီး မျက်ဝန်းများ နီမြန်းကာ မျက်ရည်များ ချက်ချင်းပင် စီးကျလာသည် ။ ၎င်းက "ဂိုဏ်းချုပ်။ ဒီလက်အောက်ငယ်သားဟာ ဖောက်ပြန်တဲ့ စရိုက်ရှိတာမို့ အကြိမ်ပေါင်း သောင်းခြောက်ထောင် သေရမှာပါ။ ဒီနေ့ကစပြီး ဖန့်ယောင်ဟာ ဂိုဏ်းချုပ်ရဲ့လူပါပဲ။ ဂိုဏ်းချုပ်က အခုချက်ချင်း သေခိုင်းရင်တောင် ကျွန်တော် တွန့်ဆုတ်နေမှာ မဟုတ်ဘူး" ဟု ဆိုလေသည် ။
ပြောပြီးနောက် ၎င်းသည် မြေကြီးပေါ်သို့ ဝပ်တွားကာ ရိုသေစွာ ဂါရဝပြုလေသည် ။ ကျန်းဝူကျိက ၎င်းအား ချက်ချင်းထူပေးလိုက်ပြီး နှစ်ဦးသား အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြသည် ။ ထိုအချိန်မှစ၍ ဖန့်ယောင်သည် ကျန်းဝူကျိအပေါ် အကြွင်းမဲ့ ကြည်ညိုလေးစားသွားပြီး သစ္စာရှိစွာဖြင့် နောက်နောင်တွင် မည်သည့်သစ္စာဖောက်စိတ်မှ မမွေးမြူတော့ချေ ။
လူလေးဦး ပြန်လည်ထိုင်လိုက်ကြပြီးနောက် ဖန့်ယောင်က အခြေအနေများကို ဆက်လက်ရှင်းပြလေသည် ။ ၎င်းသည် အနောက်ဘက်ဒေသ ခါဝါရက်ဇမ်မှ လာသူဖြစ်သဖြင့် အစပိုင်းတွင် မင်ဂိုဏ်းနှင့် ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ အရေးကိစ္စများ၌ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပါ ။ ၎င်း၏ တာဝန်မှာ ရုယန်မင်းသား၏ နန်းတော်အတွင်း မင်းသားကို အကာအကွယ်ပေးရန်သာ ဖြစ်သည် ။ ရုယန်မင်းသားသည် ထိုကာလအတွင်း နန်းတော်မှ ထွက်ခွာခြင်း မရှိဘဲ ဆိတ်ငြိမ်သော နေရာတစ်ခု၌ သိုင်းပညာများ လေ့ကျင့်နေခဲ့ခြင်းဖြစ်သည် ။ ရုယန်မင်းသားမှလွဲ၍ မည်သူမျှ ၎င်းကို မနှောင့်ယှက်ဝံ့သလို ၎င်းကို ဝိုင်းရံပြုစုနေသော အစေခံများစွာမှာလည်း မျက်စိနှင့် နားသဖွယ် ဖြစ်နေသဖြင့် အဝင်အထွက် ပြုလုပ်ရန် ခက်ခဲသောကြောင့် သတင်း တစ်စုံတစ်ရာ ပေါက်ကြားခြင်း မရှိခဲ့ခြင်းဖြစ်သည် ။
နောက်ပိုင်း ရှောင်လင်ဂိုဏ်းကို ကိုင်တွယ်သောအခါမှသာ ကျောက်မိန်သည် လူအင်အား မလုံလောက်ဟု ခံစားရသဖြင့် ရုယန်မင်းသား၏ နန်းတော်မှ လူအင်အား တောင်းခံခဲ့ရာ ဖန့်ယောင်က ဦးဆောင်လာခဲ့ရခြင်း ဖြစ်သည် ။
ရှင်းပြချက်များ ပြီးဆုံးသွားသောအခါ ရန်ရှောင်က "ညီနောင်... ငါတို့ ဂိုဏ်းချုပ်က စိတ်သဘောထား ကြီးမြတ်သူပါ။ မွန်ဂိုတွေကို မောင်းထုတ်ဖို့ ရည်ရွယ်ထားတာမို့ တခြားဂိုဏ်းတွေနဲ့ အတိတ်က အာဃာတတွေကို မေ့ပျောက်ထားဖို့ ပြင်ဆင်နေတယ်။ ငါတို့ ဒီကို လာတဲ့ ရည်ရွယ်ချက်ကလည်း လူတွေကို ကယ်ထုတ်ဖို့ပဲ" ဟု ပြောလိုက်သည် ။
ထို့နောက် ရန်ရှောင်သည် ကွမ်မင်တောင်ထိပ်၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြလေသည် ။ ကျန်းဝူကျိက ရှန်းယွီထုံကို သတ်ဖြတ်ပြီး ဂိုဏ်းအသီးသီးကို ဆုံးမခဲ့ကြောင်း သိလိုက်ရသောအခါ ဖန့်ယောင်မှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားသည် ။
ဖန့်ယောင်က ပြုံးလျက် "ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဂိုဏ်းအသီးသီးက လူတွေဟာ ဂိုဏ်းချုပ်ရဲ့ ဆုံးမမှုကို ခံခဲ့ရပြီးပြီဆိုတော့ ဒီအာဃာတတွေလည်း ကုန်စင်သွားလောက်ပါပြီ။ ဝူတန်ဂိုဏ်းက ရသေ့တွေတော့ ဂိုဏ်းချုပ်ရဲ့ မိသားစုဝင်တွေမို့ ကိစ္စမရှိပေမဲ့ နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်ရဲ့ ဖြေဆေးကို ရဖို့ကတော့ ခက်လိမ့်မယ်။ အဲဒီ ဘုန်းကြီးတွေနဲ့ ရသေ့တွေသာ အဆိပ်ပြေပြီး အတွင်းအားတွေ ပြန်ရလာရင် အားလုံး စုပေါင်းပြီး ဖောက်ထွက်တာက ဖြစ်နိုင်ပါသေးတယ်" ဟု ဆိုသည် ။
မင်ဂိုဏ်းနှင့် အခြားဂိုဏ်းများမှာ နှစ်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့ကြသဖြင့် ဖန့်ယောင်က မည်သည်ကိုမျှ ထောက်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောခြင်းဖြစ်သည် ။ ဝူတန်ဂိုဏ်းကို မနှိမ့်ချဘဲ ချန်လှပ်ထားခြင်းမှာလည်း ကျန်းဝူကျိ၏ မျက်နှာကြောင့်သာ ဖြစ်သည် ။
ကျန်းဝူကျိက မျက်မှောင်ကြုတ်လိုက်ပြီး "နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်ရဲ့ ဖြေဆေးကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဒါတူးမြို့နားမှာ ဆေးမယ်တွေကို ရှာဖို့က ခက်နိုင်သလို အချိန်တိုအတွင်း ဖော်စပ်ဖို့ကလည်း မလွယ်ဘူး" ဟု ဆိုလေသည် ။
ဆေးပညာ၌ အလွန်နှံ့စပ်သော ကျန်းဝူကျိသည် နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်အကြောင်းကို ကောင်းစွာသိသည် ။ ၎င်းသည် ယခင်က ဝူချင်းရင်အပေါ် ထိုဆေးကို အသုံးပြုခဲ့ဖူးပြီး ၎င်းကို နုနယ်မွှေးပျံ့ကာ နာခံတတ်သော အရုပ်လေးတစ်ရုပ်အဖြစ် ပြောင်းလဲပစ်ခဲ့ဖူးသည် ။ နောက်ပိုင်း ဝူတန်သူရဲကောင်း လေးဦးကို ကယ်တင်စဉ်ကလည်း ကျောက်မိန်ထံမှ ဖြေဆေး ရရှိခဲ့သော်လည်း အားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည် ။
ဝူချင်းရင်အပေါ် အဆိပ်ခတ်စဉ်က ကျန်းဝူကျိသည် ဖြေဆေးကို မဖော်စပ်ခဲ့ချေ ။ ဤအဆိပ်မှုန့်မှာ ဖော်စပ်ရန် လွယ်ကူသော်လည်း ဖြေဆေးမှာမူ ခက်ခဲလှသည် ။ ဝူချင်းရင်ကို သိုင်းပညာ ပြန်မရစေချင်သဖြင့် ၎င်းကို အရုပ်လေးတစ်ရုပ်အဖြစ်သာ ထားရှိလိုသောကြောင့် ကျန်းဝူကျိက ဖြေဆေးကို စိတ်မဝင်စားခဲ့ခြင်း ဖြစ်သည် ။
သို့သော် ယခုအချိန်တွင် ၎င်းမှာ အလောတကြီး မဖြစ်တော့ပေ ။ အကြောင်းမှာ အခြားနည်းလမ်း ရှိသည်ကို ၎င်းသိရှိထားပြီး ထိုကိစ္စကို ဖန့်ယောင်အား ကိုင်တွယ်ခိုင်းရန် သင့်တော်သောကြောင့် ဖြစ်သည် ။
ဖန့်ယောင်က "ကျွန်တော်က လူအ ယောင်ဆောင်ထားတာဆိုတော့ မင်းသမီးက လျှို့ဝှက်ချက်တွေကို မပြောပြဘူး။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော် သတိထားကြည့်နေခဲ့တယ်။ မင်းသမီးဟာ အဆိပ်နဲ့ ဖြေဆေးကို ခွဲခြားပြီးတော့ ရွှမ်မင်အဖိုးကြီးနှစ်ဦးကို စီမံခိုင်းထားတာ ဖြစ်မယ်။ တစ်ယောက်က အဆိပ်ကို ကိုင်ထားပြီး နောက်တစ်ယောက်က ဖြေဆေးကို ကိုင်ထားတာ။ ဒါတင်မကဘဲ သူတို့နှစ်ယောက်က ခဏခဏ လဲလှယ်ကိုင်တွယ်နေကြတော့ ဘယ်သူ့ဆီမှာ ဘာရှိလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး" ဟု ပြောသည် ။
ဝေယိရှောက်က ဤသည်ကို ကြားသောအခါ သက်ပြင်းချလျက် "ဒီမင်းသမီးကျောက်ဟာ တကယ်ပဲ ထူးခြားတဲ့သူပဲ။ အတွေးအခေါ်ကလည်း အလွန်စေ့စပ်တယ်။ ရုယန်မင်းသားရဲ့ နန်းတော်က နှစ်ပေါင်းများစွာ စီစဉ်လာခဲ့တာတွေကလည်း ဒါကို သက်သေပြနေတာပဲ" ဟု ဆိုသည် ။
သို့သော် ဖန့်ယောင်က ပြုံးလျက် "ညီအစ်ကိုဝေ... မင်း နည်းနည်း ဇဝေဇဝါ ဖြစ်နေတာလား။ မင်းသမီးက အသက် ဘယ်လောက်ရှိသေးလို့လဲ။ ကျွန်တော် နန်းတော်ကို စရောက်တုန်းက သူက ကလေးမလေးပဲ ရှိသေးတာ။ နန်းတော်ရဲ့ နှစ်ပေါင်းများစွာ စီစဉ်မှုတွေက ရုယန်မင်းသားရဲ့ အမြော်အမြင်နဲ့ သူ့ရဲ့ သားကြီး ဝမ်ဘာဘောင်ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပါ။ မင်းသမီးက ဒီနောက်ဆုံး တစ်နှစ် နှစ်နှစ်လောက်မှ စပြီး တာဝန်ယူခဲ့တာ" ဟု ပြောလိုက်သည် ။
"အာ... ဟုတ်သားပဲ"
ဝေယိရှောက်က ၎င်း၏ နဖူးကို ရိုက်လိုက်ပြီး "ငါက သူ့အသက်ကို မေ့သွားတာပဲ၊ ရှက်စရာကောင်းလိုက်တာ။ ရုယန်မင်းသားကလည်း တကယ်ပဲ အရည်အချင်းရှိတဲ့သူပဲ။ သူနဲ့ သူ့သားသမီး နှစ်ယောက်လုံးက မြေခွေးတွေလိုပဲ။ ကံကောင်းလို့ ဒီလူက ယွမ်မင်းဆက်ရဲ့ ဧကရာဇ် မဖြစ်လာတာ၊ မဟုတ်ရင်တော့ ဒီကမ္ဘာကြီးက မတည်မငြိမ် ြဖစ်နေဦးမှာပဲ" ဟု မနေနိုင်ဘဲ ပြောသည် ။
ထိုအခါ ရန်ရှောင်က "အဆိပ်နဲ့ ဖြေဆေးကို ရွှမ်မင်အဖိုးကြီးနှစ်ဦးက ခွဲပြီး ကိုင်ထားရုံတင်မကဘဲ အလှည့်ကျ လဲလှယ်နေကြတယ်ဆိုတော့ ကျောက်မိန်က သူတို့ကိုတောင် မယုံဘူးဆိုတဲ့ သဘောလား" ဟု မေးသည် ။
ဖန့်ယောင်က ခေါင်းခါလိုက်ပြီး "မယုံတာထက် ပိုပြီးတော့ ဘေးကင်းအောင် လုပ်တာပါ။ စဉ်းစားကြည့်လေ၊ ငါတို့ ရွှမ်မင်အဖိုးကြီးတွေကို ဖမ်းမိရင်တောင် ဘယ်ဟာက အဆိပ်၊ ဘယ်ဟာက ဖြေဆေးဆိုတာ မခွဲခြားနိုင်ဘူး။ နှစ်ခုလုံးက အရောင်ရော အရသာပါ အတူတူပဲ။ ကိုင်ထားတဲ့လူ ကိုယ်တိုင်ပဲ သိတာ။ တကယ်လို့ ဆေးမှားပြီး အဆိပ်ကို ထပ်တိုက်မိရင်တော့ နေရာမှာတင် ချက်ချင်းသေမှာမို့ ဘယ်သူမှ မကယ်နိုင်တော့ဘူး" ဟု ဆိုသည် ။
ဝေယိရှောက်က "အာ" ဟု အာမေဍိတ်သံပြုလိုက်ပြီး "ဒါဆိုရင်တော့ ခက်ပြီ။ ငါတို့သာ မှားသွားရင် လူသတ်မိသလို ဖြစ်တော့မှာပေါ့" ဟု စိတ်ပျက်လက်ပျက် ပြောသည် ။
ဖန့်ယောင်က ပြုံးလျက် "ဒါက ဘာမှ မခက်ပါဘူး။ ဆေးကို ခိုးယူပြီးတာနဲ့ ကုန်းထုံဂိုဏ်း ဒါမှမဟုတ် ရှောင်လင်ဂိုဏ်းက လူတချို့နဲ့ စမ်းသပ်ကြည့်လိုက်ရင် အမှန်ကို သိရမှာပဲ" ဟု ဆိုသည် ။
ကျန်းဝူကျိက ခေါင်းခါလိုက်ပြီး "ပြောသလောက် မလွယ်ဘူး။ ရွှမ်မင်အဖိုးကြီးတွေရဲ့ သိုင်းပညာက အလွန်မြင့်တယ်။ ငါကိုယ်တိုင် မလှုပ်ရှားရင် သူတို့ဆီက ဖြေဆေးကို ဘယ်သူ ရနိုင်မှာလဲ" ဟု ပြောလိုက်သည် ။
ဤစကားကို ကြားလိုက်ရသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားလေသည် ။ အမှန်တကယ်ပင် ရွှမ်မင်အဖိုးကြီးနှစ်ဦး၏ သိုင်းပညာမှာ အလွန်မြင့်မားလှသည် ။ တစ်ဦးချင်း တိုက်ခိုက်မည်ဆိုပါက ကျန်းဝူကျိမှလွဲ၍ ကျန်သူများထဲတွင် ၎င်းတို့ကို ယှဉ်နိုင်သူ မရှိချေ ။
ရန်ရှောင်၊ ဖန့်ယောင်နှင့် ဝေယိရှောက် သုံးဦးပေါင်းပါက ရွှမ်မင်အဖိုးကြီးနှစ်ဦးကို ယှဉ်နိုင်မည်ဖြစ်သော်လည်း ကြီးကြီးမားမား လှုပ်ရှားမှု ထွက်ပေါ်လာမည်ဖြစ်ရာ ၎င်းတို့ ဖော်ထုတ်ခံရမည် မဟုတ်ပါလား ။ ထို့ပြင် ကျန်းဝူကျိ ကိုယ်တိုင်သွားလျှင်ပင် ၎င်းတို့ကို နှိမ်နင်းရန်မှာ ကြီးမားသော လှုပ်ရှားမှု ဖြစ်ပေါ်စေမည်မှာ သေချာသလောက် ရှိသည် ။ ထို့ကြောင့် ဤကိစ္စကို ပရိယာယ်ဖြင့်သာ ကိုင်တွယ်ရမည်ဖြစ်သည် ။
အားလုံး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျန်းဝူကျိသည် ၎င်း၏ အိတ်ကပ်ထဲမှ ကြွေပုလင်းလေးတစ်လုံးကို ထုတ်ယူကာ ဖန့်ယောင်ထံသို့ ပစ်ပေးလိုက်သည် ။ ဖန့်ယောင်က ကြွေပုလင်းကို ဖမ်းယူလိုက်ပြီး "ဂိုဏ်းချုပ်... ဒါက ဘာလဲ" ဟု မေးသည် ။
ကျန်းဝူကျိက ပြုံးလျက် "ဒါက တခြားမဟုတ်ပါဘူး၊ နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့်ပါပဲ" ဟု ဆိုသည် ။
"ဟင်"
လူသုံးဦးလုံး ထိတ်လန့်သွားကြသည် ။ "ဂိုဏ်းချုပ်က ဒီပစ္စည်းကို ကိုယ်ပေါ်မှာ အမြဲဆောင်ထားတာလား" ဟု တွေးမိကြသည် ။ သို့သော် ကျန်းဝူကျိက ဘာကို ဆိုလိုသည်ကိုမူ သူတို့ မသိကြချေ ။
ကျန်းဝူကျိက အနည်းငယ်ပြုံးကာ "ညာလက်ရုံးသံတမန် ဖန့်... လုကျန့်ခဲ့က မိန်းမမက်ပြီး ဟဲပိဝိန့်က အရက်မက်တယ်ဆိုတာ ဟုတ်သလား" ဟု မေးသည် ။
ကျန်းဝူကျိက အဘယ်ကြောင့် ဤသို့မေးသည်ကို ဖန့်ယောင် မသိသော်လည်း "ဟုတ်ပါတယ်။ ဒီနှစ်ယောက်ထဲက တစ်ယောက်က မွေးရာပါ မိန်းမမက်သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ အရက်နတ်ဆိုးပါပဲ။ သူတို့က ပြင်ပလူတွေနဲ့ သိပ်မဆက်ဆံကြဘဲ ထူးဆန်းတဲ့သူ နှစ်ယောက်ပါပဲ" ဟု ရိုးသားစွာ ဖြေကြားလိုက်သည် ။
ကျန်းဝူကျိက ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင်တော့ ဒီကိစ္စက အောင်မြင်ဖို့ မျှော်လင့်ချက် ရှိပြီ။ ရွှမ်မင်အဖိုးကြီးတွေ လက်ထဲမှာ ရှိတာက အစစ်လား အတုလားဆိုတာ ငါတို့ မသိနိုင်ပေမဲ့ သူတို့ကိုယ်တိုင်တော့ မသိဘဲ နေမလား။ မင်းက ဟဲပိဝိန့်ကို အရက်အတူသောက်ဖို့ ဖိတ်ခေါ်ပြီး နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်ကို ခိုးထည့်လိုက်မယ်ဆိုရင် လုကျန့်ခဲ့နဲ့ ဟဲပိဝိန့်တို့ ဖြေဆေးကို မထုတ်ပေးဘဲ နေနိုင်မလား။ ဒါဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြေဆေးကို ရနိုင်တာပေါ့" ဟု ဆိုလေသည် ။
ကျန်းဝူကျိ၏ စကားကို ကြားလိုက်ရသောအခါ ကျန်လူသုံးဦး၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားကြလေတော့သည် ။
အခန်း (၁၁၄) အနောက်တိုင်းဘုန်းတော်ကြီးများ
ကျန်းဝူကျိ၏ အကြံပြုချက်ကို ကြားလျှင် ကြားချင်းပင် ကျန်သုံးယောက်စလုံးက လက်ခုပ်တီး၍ ထောက်ခံကြလေသည်။ ဟဲပိဝိန့်သည် အရက်ကြိုက်သူဖြစ်ရာ ၎င်း၏အရက်ထဲတွင် အဆိပ်ခတ်ပြီး နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်၏ အရသာကို ကိုယ်တိုင်မြည်းစမ်းစေမည် ဖြစ်သည်။
ထိုအချိန်တွင် ဖြေဆေးသည် လုကျန့်ခဲ့၏လက်ထဲ၌ရှိစေ၊ ဟဲပိဝိန့်၏လက်ထဲ၌ရှိစေ ၎င်းတို့က မလွဲမသွေ ထုတ်ပေးရမည်ဖြစ်ရာ ဖြေဆေးကို ရယူရန်မှာ အလွန်ပင် သေချာသွားပေတော့မည်။
ရန်ရှောင်က "ဂိုဏ်းချုပ်က တကယ့်ကို အမြော်အမြင်ရှိပါပေတယ်၊ ဒီအကြံက တကယ့်ကို အံ့မခန်းပါပဲ" ဟု ချီးကျူးလေသည် ။
"ဟုတ်တယ်၊ ဟုတ်တယ်"
ဝေယိရှောက်သည် စာပေအသိပညာ များများစားစား မရှိသော်လည်း ကျန်းဝူကျိ၏ အစီအစဉ်မှာ တကယ့်ကို အစွမ်းထက်လှသည်ဟု ခံစားရသဖြင့် အလွန်ပင် ကြည်ညိုလေးစားသွားမိသည် ။
ဖန့်ယောင်ကလည်း ခေါင်းညိတ်ကာ "တကယ်ပါပဲ၊ ဟဲပိဝိန့်က ရက်စက်တတ်ပေမဲ့ လုကျန့်ခဲ့လောက်တော့ ပရိယာယ်မများဘူး၊ ဖြေဆေးကသာ ဟဲပိဝိန့်ဆီမှာ ရှိနေမယ်ဆိုရင် သူ့သိုင်းပညာက ကျွန်တော့်ထက် သာနေပါစေဦးတော့၊ သူသာ နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်မိသွားရင် သူ့ဆီက ဖြေဆေးရဖို့ ဘာခက်ခဲတော့မှာလဲ၊ ကျွန်တော် အလွယ်လေး လှည့်စားယူနိုင်ပါတယ်" ဟု ပြောလေသည် ။
ရန်ရှောင်က တစ်ခုခုကို သတိပြုမိသွားကာ "ဖြေဆေးက လုကျန့်ခဲ့ဆီမှာ ရှိနေရင်ကော ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည် ။
ဖန့်ယောင်က မျက်မှောင်ကြုတ်ကာ "ဒါဆိုရင်တော့ ခက်သွားပြီ၊ လုကျန့်ခဲ့နဲ့ ဟဲပိဝိန့်က ညီအစ်ကိုတွေထက်တောင် သံယောဇဉ်ကြီးကြပေမဲ့ သူ့ကိုကယ်ဖို့ ဖြေဆေးတော့ ထုတ်ပေးကြမှာပါ၊ ဒါပေမဲ့ ကျွန်တော့်ခွန်အားတစ်ခုတည်းနဲ့ သူတို့နှစ်ယောက်လုံးကို ရင်ဆိုင်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်" ဟု ဆိုသည် ။
ရန်ရှောင်က ခဏမျှ စဉ်းစားပြီး "ဒါဆိုရင် ဟဲပိဝိန့်ကို လုပ်သလိုမျိုးပဲ လုကျန့်ခဲ့ကိုလည်း တစ်ခုခုနဲ့ ထောင်ချောက်ဆင်ပြီး ဖြေဆေးကို အသာတကြည် ထုတ်ပေးအောင် လုပ်လို့မရဘူးလား" ဟု မေးလေသည် ။
ထိုအချိန်တွင် ကျန်းဝူကျိက "လုကျန့်ခဲ့က မိန်းမမက်တတ်တာပဲ၊ သူ့ကို မိန်းမလှလေးတစ်ယောက်နဲ့ မျှားရင်ကော ဘယ်လိုလဲ၊ အဲဒီမိန်းမလှလေးက အဆင့်အတန်းတစ်ခုခုရှိတဲ့သူ ဖြစ်နေရင် ပိုကောင်းလိမ့်မယ်၊ ဖန့်ယောင် တစ်ယောက်တည်းပဲ ဒီကိစ္စကို သိထားရင် လုကျန့်ခဲ့ကို ထိန်းချုပ်ထားလို့ ရနိုင်တာပေါ့" ဟု အကြံပေးလိုက်သည် ။
ဤစကားကို ကြားလျှင် ဖန့်ယောင်၏ မျက်လုံးများ ဝင်းလက်သွားကာ "ဒါ တကယ်ဖြစ်နိုင်တယ်၊ ဒီနှစ် နွေဦးတုန်းက ရုယန်မင်းသားက ကိုယ်လုပ်တော်အသစ် တစ်ယောက်ရလို့ ပန်းဥယျာဉ်ခန်းမမှာ ကျွန်တော်တို့ကို စားသောက်ပွဲ ဖိတ်ကျွေးခဲ့ဖူးတယ်၊ ရုယန်မင်းသားက သူ့ရဲ့ ကိုယ်လုပ်တော်အသစ် ဟန်ကျီရဲ့ အလှကို ကြွားချင်တာနဲ့ သူ့ကို အပြင်ထွက်ခိုင်းပြီး အရက်ငှဲ့ခိုင်းခဲ့တယ်၊ အဲဒီ ဟန်ကျီက တကယ့်ကို ရင်သပ်ရှုမောစရာ အလှမျိုးပဲ၊ လုကျန့်ခဲ့ရဲ့ မျက်လုံးတွေက သူ့ဆီကနေ မခွာနိုင်တော့ဘဲ တံတွေးတွေတောင် ခိုးခိုးမျိုချနေတာ၊ တကယ့်ကို စွဲလမ်းသွားတာပဲ၊ သူ့ရဲ့ အဆင့်အတန်းကြောင့်သာ တပ်မက်စိတ်ကို အတော်လေး အောင့်အည်းထားရတာလေ" ဟု ပြန်ပြောသည် ။
ဝေယိရှောက်က ရယ်မောကာ "အဲဒီလူက နဂါးနှလုံးသားရှိရင်တောင် ရုယန်မင်းသားရဲ့ ကိုယ်လုပ်တော်ကိုတော့ လက်ဖျားနဲ့တောင် တို့ရဲမှာ မဟုတ်ဘူး၊ သူ တဏှာရူးပြီး သေမတတ် ဖြစ်နေမှာတော့ သေချာတယ်၊ ဒါပေမဲ့ အဲဒီတုန်းက မင်းတစ်ယောက်ပဲ မြင်ခဲ့တာဆိုတော့ သူ့ကို အကျပ်ကိုင်ဖို့က မလုံလောက်သေးဘူးထင်တယ်" ဟု ဆိုလေသည်
ဖန့်ယောင်က ပြုံးလျက် "အခုတော့ ဒါက အပြစ်မဟုတ်သေးပေမဲ့ အပြစ်ဖြစ်အောင် ဖန်တီးလို့ရတာပေါ့၊ အဲဒီမတိုင်ခင် ဝေယိရှောက် အနေနဲ့တော့ နည်းနည်း အလုပ်လုပ်ပေးဖို့ လိုလိမ့်မယ်" ဟု ပြောသည် ။
ဝေယိရှောက်က ချက်ချင်းပင် တည်တည်တံ့တံ့ဖြင့် "ဖန့်ယောင် ပြောပါ၊ ကျွန်တော် ကူညီနိုင်တဲ့ ကိစ္စဆိုရင် ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး" ဟု ဆိုသည် ။
ဖန့်ယောင်က "ညီအစ်ကိုဝေ အနေနဲ့ ရုယန်မင်းသားရဲ့ အိမ်တော်ကို ခိုးဝင်ပြီး ဟန်ကျီကို ခိုးထုတ်ခဲ့ပေးပါ၊ ပြီးရင် သူ့ကို လုကျန့်ခဲ့ရဲ့ ကုတင်ပေါ်မှာ သွားထားလိုက်၊ အဲဒီအဘိုးကြီးက ဆယ်ခါမှာ ရှစ်ခါလောက်ကတော့ စိတ်ကို ထိန်းနိုင်မှာ မဟုတ်ဘူး၊ သူသာ စိတ်ထိန်းနိုင်ရင်တောင် ကျွန်တော်က အခွင့်ကောင်းယူပြီး အခန်းထဲကို ဝင်ဖမ်းလိုက်မယ်၊ ဒါဆိုရင် သူ ဘာမှ ဆင်ခြေပေးလို့ ရမှာမဟုတ်တော့ဘူး၊ ကျွန်တော် လူသိရှင်ကြား မပြောအောင် သူက ဖြေဆေးကို အသာတကြည် ထုတ်ပေးရတော့မှာပေါ့" ဟု အစီအစဉ်ကို ရှင်းပြလေသည် ။
ရန်ရှောင်နှင့် ဝေယိရှောက်တို့က လက်ခုပ်တီးကာ ပြိုင်တူရယ်မောရင်း "ဒီအစီအစဉ်က တကယ့်ကို ပြောင်မြောက်တယ်၊ လုကျန့်ခဲ့က ဘယ်လောက်ပဲ ကောက်ကျစ်ပါစေ နောက်ဆုံးတော့ သူ့ရဲ့ တဏှာရူးတဲ့စိတ်ကြောင့် ဒုက္ခရောက်ရတော့မှာပဲ၊ သူ့ကို လိမ္မာအောင် လုပ်ကြရအောင်" ဟု ပြောကြသည် ။
ထိုအခြင်းအရာကို မြင်သော် ကျန်းဝူကျိသည်လည်း အနည်းငယ် ပြုံးမိသည် ။ သူ၏ လမ်းညွှန်မှုကြောင့် ဖန့်ယောင်တို့ အဖွဲ့သည် ဤအစီအစဉ်ကို ကြံစည်နိုင်ခဲ့ခြင်း ဖြစ်သည် ။ ဤနည်းလမ်းများသည် မိစ္ဆာဂိုဏ်းများ၏ လုပ်ရပ်များနှင့် မခြားနားလှကြောင်း သူ ဝန်ခံရမည်ဖြစ်သည် ။
သို့သော် ကျန်းဝူကျိသည် ရှေးရိုးစွဲ သူတစ်ယောက် မဟုတ်သလို လူကောင်းတစ်ယောက်လည်း မဟုတ်ပေ ။ သူသည် ဤအရာများကို စက်ဆုပ်ရွံရှာခြင်း မရှိဘဲ အလုပ်ဖြစ်လျှင် ပြီးရောဟုသာ သဘောထားသည် ။ မည်သို့ပင်ဆိုစေကာမူ ရုယန်မင်းသားသည်လည်း မကြာမီ ပုန်ကန်တော့မည့်သူဖြစ်ရာ ၎င်းတို့ကို အားနာနေစရာ မလိုဟု သူ ယူဆသည် ။
ကျန်းဝူကျိအနေဖြင့် ရုယန်မင်းသား မိသားစုအပေါ် ထားရှိသည့် နောက်ဆုံးသော ကြင်နာမှုမှာ ကျောက်မိန်ကို ထောက်ထား၍ ၎င်းတို့ကို ကိုယ်တိုင် လက်ဖြင့် မသတ်မိစေရန် ရှောင်ကြဉ်ခြင်းသာ ဖြစ်နိုင်သော်လည်း ခြိမ်းခြောက်မှု ပေးနိုင်သူမှန်သမျှကိုမူ အသက်ရှင်ခွင့် ပေးလိမ့်မည်မဟုတ်ပေ ။
အထူးသဖြင့် ဝမ်ပေါင်ပေါင် ဆိုသည့် ထိုလူယုတ်မာသည် မဟာယွမ်မင်းဆက်၏ နောက်ဆုံးသော စစ်သူကြီးကြီး ဖြစ်နိုင်ရာ ပြဿနာမတက်ခင် စောစောစီးစီး ရှင်းပစ်လိုက်နိုင်လျှင် အကောင်းဆုံးဖြစ်မည်ဟု သူ တွေးမိသည် ။
၎င်းတို့ လေးယောက်သည် အတန်ကြာ ဆွေးနွေးပြီးနောက် ဖြေဆေးရသည်နှင့် တစ်ပြိုင်နက် ဖန့်ယောင်က ရှောင်လင်ဂိုဏ်းနှင့် အော့မေ့ဂိုဏ်းမှ လူများကို အဆိပ်ဖြေပေးရန်၊ ကျန်းဝူကျိနှင့် အခြားသိုင်းပညာရှင်များက အပြင်ဘက်မှ ကူညီပေးရန် ဆုံးဖြတ်လိုက်ကြသည် ။ ဖန့်ယောင်က ဘုရားကျောင်းအတွင်းမှ မီးရှူးမီးပန်း လွှတ်လိုက်သည်နှင့် အပြင်မှ လူများက ဘုရားကျောင်း၏ အခြားနေရာများကို မီးရှို့ကာ ရှုပ်ထွေးနေစဉ်အတွင်း အခြားဂိုဏ်းသားများအားလုံးကို ကယ်ထုတ်ပြီး ချန်ဖိန်တွင် ပြန်လည် ဆုံတွေ့ကြရန် အစီအစဉ် ဆွဲလိုက်ကြသည် ။
အစီအစဉ် ချမှတ်ပြီးနောက် လေးယောက်သား လမ်းခွဲခဲ့ကြသည် ။ ဖန့်ယောင်သည် အစီအစဉ်အတိုင်း လုပ်ဆောင်ရန် နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်ကို ယူသွားပြီး ကျန်းဝူကျိတို့ကမူ ထွက်ပြေးသည့်အခါ အသုံးပြုရန် မြင်းများနှင့် လှည်းများကို ဝယ်ယူရန် ပြင်ဆင်ကြသည် ။
တည်းခိုခန်းသို့ ပြန်ရောက်သောအခါ လူအများ ဝိုင်းအုံနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းဝူကျိမှာ ဘာများဖြစ်နေသနည်းဟု မျက်မှောင်ကြုတ်ကာ တွေးမိသည် ။ ၎င်းတို့ သုံးယောက် လူအုပ်ကြားထဲ တိုးဝင်ကြည့်လိုက်ရာ ရန်ပုဟွေ့၊ ရှောင်ကျောက်နှင့် ကျိုးကျစ်လော့တို့ကို အနောက်တိုင်း ဘုန်းတော်ကြီး အချို့က ဝိုင်းထားသည်ကို တွေ့လိုက်ရသည် ။
ဆုန့်ယွမ်ချောင်၊ ယွီလျန်ကျိုးနှင့် အခြားသူများလည်း ထိုနေရာတွင် ရှိနေပြီး အမျိုးသမီး သုံးယောက်၏ ရှေ့မှ ရပ်ကာ ကာကွယ်ပေးထားကြသည် ။
ထိုအနောက်တိုင်း ဘုန်းတော်ကြီးများကို ကြည့်လိုက်လျှင် မျက်နှာနှင့် ကိုယ်ခန္ဓာများတွင် ဒဏ်ရာများရနေပြီး အချို့မှာ မျက်လုံးများ ညိုမည်းကာ မျက်နှာများ ဖောင်းအစ်နေသည်ကို တွေ့ရသည် ။ ဝူတန်ဂိုဏ်း၏ သိုင်းကွက်များဖြင့် အနှိပ်စက်ခံထားရကြောင်း ကျန်းဝူကျိ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည် ။
ထိုအချိန်တွင် အနောက်တိုင်း ဘုန်းတော်ကြီးများသည် ဆဲဆိုကြိမ်းမောင်းနေကြသည် ။ ၎င်းတို့၏ တရုတ်စကားမှာ အလွန်ညံ့ဖျင်းသဖြင့် သဲသဲကွဲကွဲ နားမလည်ရသော်လည်း ၎င်းတို့၏ အမူအရာမှာ အလွန်ပင် ရိုင်းစိုင်းရမ်းကားနေသည်မှာတော့ အထင်အရှားပင် ဖြစ်သည် ။
"ဘာဖြစ်နေတာလဲ"
ကျန်းဝူကျိနှင့် အခြားနှစ်ယောက်သည် လူအုပ်ကို တိုးဝှေ့ကာ ဆုန့်ယွမ်ချောင်တို့ရှိရာသို့ ရောက်သွားပြီး မေးလိုက်သည် ။
ကျန်းဝူကျိတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ဆုန့်ယွမ်ချောင်တို့ မျက်နှာများ ဝင်းလက်သွားကြသည် ။ ၎င်းတို့သည် ဤကိစ္စအတွက် အခက်တွေ့နေကြပြီး ယခုအခါ အရာအားလုံးက ကျန်းဝူကျိအပေါ်တွင်သာ မူတည်နေသဖြင့် သူကသာ ဖြေရှင်းပေးရမည် ဖြစ်သည် ။
ရန်ပုဟွေ့သည် ရှောင်ကျောက်၏ လက်ကို ဆွဲကာ ပြေးလာပြီး "ဝူကျိကိုကို ၊ ဒီဘုန်းကြီးဆိုးတွေက ကျွန်မတို့ကို အနိုင်ကျင့်နေကြတယ်" ဟု ဝမ်းနည်းပက်လက် ပြောလေသည် ။
“ဟင်”
ကျန်းဝူကျိက အခြေအနေကို အမြန်မေးမြန်းရာ ရန်ပုဟွေ့၊ ရှောင်ကျောက်နှင့် ကျိုးကျစ်လော့တို့က ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြကြသည် ။
ဖြစ်ပုံမှာ မိုးလင်းစတွင် ရန်ပုဟွေ့နှင့် ရှောင်ကျောက်တို့သည် ကျန်းဝူကျိကို လာရှာရာမှ ကျိုးကျစ်လော့နှင့် မထင်မှတ်ဘဲ ဆုံမိကြခြင်း ဖြစ်သည် ။ မိန်းကလေး သုံးယောက်သည် တစ်ယောက်၏ အထောက်အထားကို တစ်ယောက် သိထားကြသဖြင့် အနည်းငယ် နှုတ်ဆက်စကား ပြောဆိုပြီးနောက် တံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်ကြသည် ။
မည်သူမျှ ထူးခြင်းမရှိသဖြင့် ကျန်းဝူကျိ အခန်းထဲမှာ မရှိမှန်း သိလိုက်ကြသည် ။ ထို့ကြောင့် ရန်ရှောင်တို့ကို သွားမေးရာမှ ကျန်းဝူကျိ၊ ရန်ရှောင်နှင့် ဝေယိရှောက်တို့ အပြင်သွားကြသည်ကို သိလိုက်ရသည် ။
အရေးကြီးကိစ္စရှိ၍ သွားကြခြင်းဖြစ်မည်၊ မကြာမီ ပြန်လာလိမ့်မည်ဟု တွေးကာ လက်လျှော့လိုက်ကြသည် ။ ထို့နောက် သုံးယောက်သား အောက်ထပ်သို့ ဆင်းကာ ဆိုင်ရှင်ကို အားလုံးအတွက် မနက်စာ ပြင်ခိုင်းလိုက်ကြသည် ။
သို့သော် ကံဆိုးချင်တော့ ထိုအချိန်တွင် အနောက်တိုင်း ဘုန်းတော်ကြီး အချို့ ဝင်လာကြသည် ။ ကျိုးကျစ်လော့ အပါအဝင် မိန်းကလေး သုံးယောက်ကို မြင်လိုက်ရသောအခါ ၎င်းတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည် ။ ဤမျှ လှပသော မိန်းကလေးများကို ၎င်းတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ ။
ခဏမျှ မှင်တက်သွားပြီးနောက် ၎င်းတို့သည် မိန်းကလေး သုံးယောက်ကို အတင်းအဓမ္မ ခေါ်ဆောင်သွားရန် ကြိုးစားကြသည် ။ အနောက်တိုင်း ဘုန်းတော်ကြီးများသည် ထူးခြားသော အဆင့်အတန်းရှိသူများ ဖြစ်သဖြင့် မည်သူမျှ ဝင်မတားရဲကြပေ ။ မဟာယွမ် ဧကရာဇ် ကိုယ်တိုင်က ထိုဘုန်းတော်ကြီးများအား မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းများကို ပြုလုပ်ခွင့်ပေးထားသည့် အမိန့်တော် ထုတ်ပြန်ထားရာ မည်သူက ရင်ဆိုင်ရဲပါမည်နည်း ။
ကံကောင်းသည်မှာ မိန်းကလေး သုံးယောက်စလုံး သိုင်းပညာ တတ်မြောက်ထားကြသဖြင့် အဖမ်းမခံဘဲ ပြန်လည် ခုခံကြသည် ။ သို့သော် အနောက်တိုင်း ဘုန်းတော်ကြီးများကလည်း သိုင်းတတ်နေသဖြင့် အတန်ကြာ ခုခံနေရသည် ။ ထိုအချိန်တွင် ယွီလျန်ကျိုး နိုးလာပြီး အပြင်ထွက်လာရာမှ ဆူညံသံများကို ကြားပြီး ချက်ချင်း ပြေးလာသည် ။ ဤမြင်ကွင်းကို မြင်သည်နှင့် သူသည် တစ်စက္ကန့်မျှပင် မဆိုင်းမတွဘဲ ဝင်ရောက် နှိမ်နင်းကာ ဘုန်းတော်ကြီးများကို သင်ခန်းစာ ပေးလိုက်တော့သည် ။
ယွီလျန်ကျိုးသည် ဝူတန်သူရဲကောင်း ခုနစ်ဦးထဲတွင် စိတ်အမြန်ဆုံးနှင့် ဒေါသအကြီးဆုံး ဖြစ်သည် ။ သူသည် ကျားလက်သည်းဖြတ် လက်ကွက်သိုင်းကို တီထွင်ခဲ့သူ ဖြစ်ရာ သူ၏ ပြတ်သားသော စိတ်ဓာတ်ကို ခန့်မှန်းနိုင်သည် ။ နှစ်ရှည်လများ ကျင့်ကြံအားထုတ်မှုကြောင့် ဒေါသကို အတန်ငယ် ထိန်းချုပ်နိုင်လာသော်လည်း လုပ်ဆောင်ရမည့် အချိန်တွင်မူ သူသည် ဘယ်တော့မှ တွန့်ဆုတ်နေမည့်သူ မဟုတ်ပေ ။
ဤဘုန်းတော်ကြီးများသည် လူ့လောက အကြောင်း နားမလည်ကြသဖြင့် ရိုက်နှက်ဆုံးမလိုက်လျှင် ကိစ္စပြတ်သွားလိမ့်မည်ဟု ယွီလျန်ကျိုးက တွေးမိသည် ။
သို့သော် ထိုဘုန်းတော်ကြီးများသည် ပို၍ ရမ်းကားလာပြီး ဆိုင်ရှင်ကို ယွမ်စစ်တပ်ကို သွားခေါ်ခိုင်းကာ လုံးဝ လက်လျှော့မည့်ပုံ မပေါ်ပေ ။
ထိုအချိန်တွင် ဆုန့်ယွမ်ချောင်တို့လည်း ရောက်လာကြသည် ။ ၎င်းတို့သည် ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို မသိဘဲ အခက်တွေ့နေကြသည် ။ ဘုန်းတော်ကြီးများကို နှိမ်နင်းရန်မှာ လွယ်ကူသော်လည်း ယွမ်စစ်တပ်သာ ရောက်လာပြီး တိုက်ပွဲဖြစ်ပွားပါက ပြဿနာကြီးသွားမည် မဟုတ်ပါလား ။
၎င်းတို့ အကျပ်ရိုက်နေစဉ်မှာပင် ကျန်းဝူကျိတို့ ပြန်ရောက်လာပြီး ဤမြင်ကွင်းကို တွေ့လိုက်ရခြင်းပင် ဖြစ်ပေတော့သည် ။
အခန်း (၁၁၅) အားကုန်ထုတ်၍ သတ်ဖြတ်ကြ
"ဒါပဲလား"
အကြောင်းစုံကို ကြားသိရပြီးနောက် ကျန်းဝူကျိသည် လူအများကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည် ။ လူအပေါင်းမှာမူ ဆွံ့အသွားကြရ၏။ ဤသည်မှာ သာမန်ကိစ္စတစ်ခု မဟုတ်ပေ ။
အကယ်၍ ယွမ်စစ်တပ်က ဝိုင်းရံပိတ်ဆို့လာပါက လူအင်အား မမျှတမှုကြောင့် အဆုံးတွင် အရေးနိမ့်ကြရမည် ဖြစ်သည် ။ ဤနေရာသည် ယွမ်မင်းဆက်၏ မြို့တော် ဒါတူး ဖြစ်ရာ အခြေအနေမှာ ပိုမိုဆိုးရွားလာပါက ကြီးစွာသော ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ပေသည် ။
ဆုန့်ယွမ်ချောင်က "ဝူကျိ၊ ယွမ်စစ်တပ်က လမ်းမှာ ရောက်နေလောက်ပြီ။ ငါ့အထင်တော့ ထိပ်တိုက်ရင်ဆိုင်တာကို ရှောင်ဖို့ အမြန်ဆုံး ထွက်ခွာသင့်တယ်" ဟု ပြောဆိုသည် ။
"မလိုပါဘူး"
ကျန်းဝူကျိသည် လက်ကာပြလိုက်ပြီးနောက် အနောက်တိုင်းဘုန်းကြီးများထံ လျှောက်သွားကာ "မင်းတို့ကို တစ်ယောက်ယောက်က လွှတ်လိုက်တာလား" ဟု မေးမြန်းလိုက်သည် ။
ထိုအနောက်တိုင်းသား ဘုန်းကြီးများသည် တရုတ်စကားကို ကျွမ်းကျင်စွာ မပြောနိုင်သော်လည်း နားလည်ကြပေသည် ။ ကျန်းဝူကျိ၏ မေးခွန်းကို ကြားသောအခါ ခေါင်းဆောင်ဖြစ်သူက "ဘယ်သူက လွှတ်ရမှာလဲ။ မင်းတို့လို အောက်တန်းစားတွေကများ၊ ငါကိုယ်တော်က..."
“ဖြောင်း”
သူ စကားမဆုံးမီမှာပင် ကျန်းဝူကျိက လက်ပြန်ရိုက်ချက်ဖြင့် ခေါင်းကို ရိုက်ချလိုက်သည် ။ အရိုးကွဲသံနှင့်အတူ ထိုဘုန်းကြီး၏ ဦးခေါင်းတစ်ခြမ်းမှာ ချိုင့်ဝင်သွားပြီး ခန္ဓာကိုယ် တောင့်တင်းကာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတော့သည် ။
ဤသို့ ရုတ်တရက် သတ်ဖြတ်လိုက်မှုကြောင့် လူအပေါင်း ထိတ်လန့်သွားကြရ၏ ။
ကျန်ရှိနေသော ဘုန်းကြီးများမှာလည်း အလွန်အမင်း ကြောက်လန့်သွားကြသည် ။ ဤယွမ်မြို့တော် ဒါတူး၌ တစ်စုံတစ်ယောက်က သူတို့ကို သတ်ရဲလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ ။ ၎င်းတို့မှာ အဆင့်မြင့်သော လူမျိုးများ မဟုတ်ပါလား ။
ပုံမှန်အားဖြင့် ၎င်းတို့သည် ဟန်လူမျိုး အလှလေးများကို ဖမ်းဆီးကာ သေသည်အထိ ကစားကြသည်၊ အစားအသောက်များကို အခမဲ့ စားသောက်ကြသည်၊ မည်သူ့ကိုမဆို ရိုက်နှက်သတ်ဖြတ်ကာ စည်းကမ်းမဲ့စွာ ပြုမူနေကြသူများ ဖြစ်သည် ။ တစ်စုံတစ်ယောက်က သူတို့ကို ပြန်လည်သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သို့ စိတ်ကူးမိပါမည်နည်း ။
"မင်း... မင်းက စီမု လူမျိုး အရာရှိတစ်ယောက်ကို သတ်ရဲတယ်ပေါ့လေ"
အစောင့်အရှောက်နှင့်တူသော လက်ပါးစေတစ်ဦးက ကျန်းဝူကျိကို တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးဖြင့် ထိုးကာ ပြောဆိုသည် ။
ကျန်းဝူကျိက နှာခေါင်းရှုံ့ကာ "အရာရှိ ဟုတ်လား။ မိစ္ဆာတွေနဲ့တူတဲ့ ဒီလူရိုင်းတွေက အရာရှိလို့ ခေါ်ထိုက်လို့လား။ ငါ့မျက်စိထဲမှာတော့ သူတို့က ဝက်တွေ ခွေးတွေထက်တောင် ပိုအောက်တန်းကျသေးတယ်" ဟု ဆိုသည် ။
ပြောဆိုပြီးသည်နှင့် ကျန်းဝူကျိသည် သောင်းကျန်းတော့သည် ။ သူသည် ထိုလက်ပါးစေ၏ ရင်ဘတ်ကို လက်ပြန်ဖြင့် ရိုက်ချလိုက်ရာ နံရိုးကျိုးသံနှင့်အတူ ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး ခန္ဓာကိုယ်မှာ လွင့်ထွက်သွားတော့သည် ။ မြေပြင်ပေါ်သို့ ကျရောက်ကာ သွေးများအန်ပြီးနောက် ခဏချင်းပင် အသက်ပျောက်သွားလေသည် ။
“ဘုန်း”
ကျန်းဝူကျိက ကန်ကျောက်လိုက်ရာ အနောက်တိုင်းသား ဘုန်းကြီးတစ်ဦး၏ ရင်ဘတ်ကို တည့်တည့်မှန်ပြီး လွင့်ထွက်သွားကာ သွေးအန်ပြီးနောက် သေဆုံးသွားပြန်သည် ။
ကျန်ရှိနေသော အနောက်တိုင်းသား ဘုန်းကြီးနှစ်ဦးမှာ ကြောက်လန့်တကြား ထွက်ပြေးရန် ကြိုးစားသော်လည်း ကျန်းဝူကျိက မည်သို့ လွှတ်ပေးပါမည်နည်း ။
သူသည် ခြေလှမ်းအနည်းငယ် လှမ်းကာ ဘုန်းကြီးတစ်ဦး၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ဦးနှောက်များ ပွင့်ထွက်ကာ မြေသို့ လဲကျသေဆုံးသွားသည် ။
နောက်ထပ် ဘုန်းကြီးတစ်ဦးမှာမူ ခြေလှမ်းဆယ်လှမ်းကျော်ခန့် ဝေးရာသို့ ရောက်ရှိနေပြီ ဖြစ်သည် ။ ကျန်းဝူကျိသည် 'တိမ်လွှာလှေကား' ကိုယ်ဖော့ပညာကို အသုံးပြု၍ ထိုဘုန်းကြီး၏ ရှေ့သို့ ရောက်သွားကာ လက်သီးဖြင့် မျက်နှာတည့်တည့်ကို ထိုးနှက်လိုက်သည် ။ ပြင်းထန်သော အားကြောင့် ထိုသူ၏ ဦးခေါင်းမှာ ချိုင့်ဝင်သွားပြီး မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီကာ ချက်ချင်းပင် အသက်ထွက်သွားတော့သည် ။
ဤကဲ့သို့ ရက်စက်သော သတ်ဖြတ်မှုကြောင့် အနီးနားရှိ လူများမှာ ကြောက်လန့်တကြား အော်ဟစ်ကြကုန်သည် ။ ထို့နောက် ကျန်းဝူကျိသည် တိမ်လွှာဓားကို ဆွဲထုတ်ကာ ထိုဘုန်းကြီးလေးပါး၏ ခေါင်းကို ဖြတ်လိုက်ပြီး ကြိုးဖြင့် ချည်နှောင်ကာ မြို့ရိုးပေါ်ရှိ အမြင့်ဆုံးနေရာသို့ လှမ်းပစ်လိုက်ရာ ထိုခေါင်းများမှာ မြို့ရိုးတွင် တွဲလောင်းကျနေတော့သည် ။
ကျန်းဝူကျိက ဟိန်းဟောက်သော အသံဖြင့် "ယွမ်နန်းတော်က ခွေးဧကရာဇ်ဟာ ဒီလို အသိဉာဏ်မဲ့သူတွေကို စိတ်တိုင်းကျ သောင်းကျန်းခွင့် ပေးထားတယ်။ ဒီနေ့ ငါက ပြည်သူတွေရဲ့ ဒေါသကို ဖြေသိမ့်ဖို့အတွက် ဒီခွေးတွေကို သတ်ပြတာပဲ" ဟု ကြေညာလိုက်သည် ။
ကိုးပါးနေဝန်း အလင်းစွမ်းအင်ဖြင့် ပေါင်းစပ်ထားသော ထိုအသံမှာ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားပြီး အနီးနားရှိ လူတိုင်း ကြားကြရသည် ။
ဤသည်မှာ ကျန်းဝူကျိ၏ ရင်ထဲမှ စစ်မှန်သော ခံစားချက်များ ဖြစ်သည် ။ ပြည်သူများကို အမြဲနှိပ်စက်နေသော ဤလူယုတ်မာများမှာ အလိုလိုက်ထား၍ ပျက်စီးနေခြင်းသာ ဖြစ်သည် ။ ဤတိရစ္ဆာန်များကို သတ်ဖြတ်ရခြင်းမှာ အလွန်ကျေနပ်စရာ ကောင်းလှပေသည် ။
ကျန်းဝူကျိ၏ အမြင်တွင် မည်သည့်နေရာမှ လာသည်မှာ အရေးမကြီးပေ ။ စီမုလူမျိုးဖြစ်စေ၊ အခြားလူမျိုးဖြစ်စေ သူတစ်ပါးအပေါ် ကောင်းမွန်ပါက လူကောင်းဖြစ်ပြီး မကောင်းမှု ပြုလုပ်ပါက လူယုတ်မာသာ ဖြစ်သည် ။ ယခု ထိုဘုန်းကြီးများမှာ အလွန်အမင်း ရိုင်းစိုင်းလှသဖြင့် ကျန်းဝူကျိ၏ စိတ်ဓာတ်အရ မသတ်ဘဲ နေလိမ့်မည် မဟုတ်ပေ ။
အစပိုင်းတွင် ကြောက်လန့်နေကြသော ပြည်သူများသည် ဤစကားများကို ကြားရသောအခါ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာကြသည် ။
တုတ်ကောက်ကိုင်ထားသော အဘိုးအိုတစ်ဦးသည် ခေါင်းမရှိသော အနောက်တိုင်းသား ဘုန်းကြီးအလောင်းထံသို့ သွားရောက်ကာ အားရပါးရ ရိုက်နှက်ပြီး "သမီးလေး၊ နင့်အတွက် ကောင်းကောင်းကြီး ကောက်စားချေပေးလိုက်ပြီ" ဟု မျက်ရည်များဖြင့် အော်ဟစ်လေတော့သည် ။
ထိုသို့ စတင်လိုက်သည်နှင့် အနီးနားရှိ ပြည်သူများသည်လည်း ရဲတင်းလာကြပြီး အလောင်းများကို ဝိုင်းဝန်းရိုက်နှက်ကြသည် ။ ၎င်းတို့မှာ ထိုအနောက်တိုင်းသား ဘုန်းကြီးများ၏ နှိပ်စက်မှုကို ခံလာရသည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှပေသည် ။
လူအများအပြားမှာ ကျန်းဝူကျိကို ဦးညွှတ်ဂါရဝပြုကာ တရားမျှတမှုအတွက် ကျေးဇူးတင်ကြသည် ။ ဤမြင်ကွင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏ ။
သို့သော် ဆုန့်ယွမ်ချောင်နှင့် အခြားသူများမှာမူ မပျော်ရွှင်နိုင်ကြပေ ။ ၎င်းတို့သည် ကျန်းဝူကျိကို ဝိုင်းထားကြပြီး မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေကြသည် ။
ဆုန့်ယွမ်ချောင်က "ဝူကျိ၊ မင်း သူတို့ကို သတ်လိုက်တာက ကျေနပ်စရာ ကောင်းပေမဲ့ ယွမ်နန်းတော်ရဲ့ လိုက်လံဖမ်းဆီးတာကို ခံရမှာကို ငါ စိုးရိမ်တယ်" ဟု ဆိုသည် ။
ကျန်ရှိနေသော လူအပေါင်းမှာလည်း ကျေနပ်မှုရှိကြသော်လည်း စိုးရိမ်မှုများလည်း ရှိနေကြသည် ။ ၎င်းတို့ တစ်ဦးချင်းစီမှာ သိုင်းပညာ ထူးချွန်ကြသော်လည်း ထောင်သောင်းချီသော စစ်တပ်နှင့် ရင်ဆိုင်ရပါက အသတ်ခံရရုံသာ ရှိပေသည် ။
ကျန်းဝူကျိကမူ ဂရုမစိုက်ဘဲ "မစိုးရိမ်ပါနဲ့၊ ကမ္ဘာပေါ်မှာ ရှိသမျှ စစ်တပ်တွေဟာ ရုယန်မင်းသားရဲ့ လက်ထဲမှာပဲ ရှိတယ်။ ယွမ်ဧကရာဇ်ကတော့ ရုပ်သေးသက်သက်ပါပဲ။ ဒီဒေသဟာ ရုယန်မင်းသားရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာမို့ ရုယန်မင်းသားရဲ့ လူတွေပဲ လာဖြေရှင်းမှာပါ။ ကျွန်တော်တို့ကို ဘယ်သူမှ ဘာမှ မလုပ်နိုင်ဘူးလို့ ယုံကြည်တယ်" ဟု ပြောဆိုသည် ။
ပြောဆိုပြီးနောက် ကျန်းဝူကျိသည် မည်သည့်အကြောက်တရားမျှ မရှိဘဲ တည်းခိုခန်းသို့ အေးအေးဆေးဆေး ပြန်သွားလေသည် ။
ကျန်းဝူကျိ၏ ခေါင်းမာမှုကို မြင်သောအခါ သစ္စာရှိသော မင်ဂိုဏ်းသားများမှအပ ကျန်ဂိုဏ်းကြီးအချို့မှာ ဘေးမသင့်စေရန်အတွက် ထွက်ခွာသွားချင်ကြသည် ။ လူကယ်ထုတ်မည့် အစီအစဉ်ကိုမူ နောက်ဆုတ်ထားရမည် ဖြစ်သည် ။
ဝူတန်ဂိုဏ်းသားများမှာမူ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ ။ ဆုန့်ချင်းရှူးက စိုးရိမ်တကြီးဖြင့် "ဖေဖေ၊ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ" ဟု မေးသည် ။
ဆုန့်ယွမ်ချောင်က သူ့ကို ကြည့်ကာ "ဒီလို မေးခွန်းမျိုး ဘာလို့ မေးတာလဲ။ ဝူကျိက မထွက်သွားရင် ငါတို့က ထွက်သွားရမှာလား။ သေရမယ်ဆိုရင်တောင် အားလုံး အတူတူ သေကြတာပေါ့၊ ဒါက ဘာဆန်းလို့လဲ" ဟု ပြောဆိုလိုက်သည် ။
ကျန်ရှိနေသော ဝူတန်သူရဲကောင်း လေးဦးကလည်း ခေါင်းငြိမ့်ထောက်ခံသဖြင့် ဆုန့်ချင်းရှူးမှာ ဘာမှ ဆက်မပြောရဲတော့ဘဲ ဝူတန်ဂိုဏ်းသားများနှင့်အတူ တည်းခိုခန်းသို့ ပြန်ဝင်သွားရသည် ။
ဤသည်ကို မြင်သောအခါ အခြားဂိုဏ်းကြီးများမှ သိုင်းပညာရှင်ကြီးများသည်လည်း အံကြိတ်ကာ တည်းခိုခန်းသို့ ဝင်သွားကြသည် ။ ၎င်းတို့ ကြောက်လန့်နေသည်မှာ အမှန်ပင် ဖြစ်သော်လည်း သူရဲဘောကြောင်သူများတော့ မဟုတ်ကြပေ ။
ကျန်းဝူကျိ၏ လုပ်ရပ်မှာ စိတ်လိုက်မာန်ပါ ပြုမူခြင်း ဖြစ်နိုင်သော်လည်း အလွန်ပင် ကျေနပ်စရာ ကောင်းသည်မှာ အမှန်ပင် ။ ၎င်းတို့မှာ ဂုဏ်သိက္ခာရှိသော ဂိုဏ်းသားများ ဖြစ်သဖြင့် ဤကိစ္စအတွက် သေရမည်ဆိုလျှင်ပင် သမိုင်းတွင် ကျန်ရစ်မည် ဖြစ်သည် ။ အကယ်၍ ထွက်ပြေးပါက နာမည်ပျက်ရုံသာမက သိုင်းလောကသားများ၏ လှောင်ပြောင်ခြင်းကို ခံရမည်ဖြစ်ရာ ထွက်ပြေးမည့် အကြံကို အားလုံး စွန့်လွှတ်လိုက်ကြသည် ။
ကျန်းဝူကျိသည် တည်းခိုခန်းသို့ ရောက်သောအခါ မနက်စာမှာယူ၍ အေးအေးဆေးဆေး စားသောက်နေသည် ။ တည်းခိုခန်းပိုင်ရှင်မှာမူ လေးစားသလိုလို၊ ကြောက်သလိုလိုဖြင့် ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေရှာသည် ။
ကျိုးကျစ်လော့၊ ရန်ပုဟွေ့နှင့် ရှောင်ကျောက်တို့မှာမူ ကျန်းဝူကျိ လုပ်သမျှကိုသာ လိုက်ပါလုပ်ဆောင်ကြမည့်သူများ ဖြစ်သည် ။ အတူတူ သေရမည်ဆိုလျှင်ပင် မည်သည့် မကျေနပ်ချက်မျှ ရှိကြမည် မဟုတ်ပေ ။
မင်ဂိုဏ်းသားများမှာမူ ပို၍ပင် ပျော်ရွှင်နေကြသည် ။ ဝေယိရှောက်၊ ကျိုးတျန်နှင့် အခြားသူများသည် ဂိုဏ်းချုပ်ကြီး၏ သတ်ဖြတ်မှုမှာ အလွန်ကောင်းမွန်ပြီး ကျေနပ်စရာ ကောင်းကြောင်း ချီးကျူးနေကြရာ အခြားဂိုဏ်းသားများမှာ ဆွံ့အသွားကြရသည် ။
ခဏအကြာတွင် အပြင်ဘက်မှ မြင်းခွာသံများနှင့် ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရသည် ။ ယွမ်စစ်တပ်တစ်စု ရောက်ရှိလာခြင်း ဖြစ်သည် ။
ခေါင်းဆောင်လာသူများမှာ လေးနှင့် မြားများကို ကိုင်ဆောင်ထားသော ထွားကျိုင်းသည့် လူအချို့ ဖြစ်သည် ။ အနောက်တိုင်းသား ဘုန်းကြီးများ သေဆုံးနေသည်ကို မြင်သောအခါ ၎င်းတို့သည် ဒေါသအမျက်ထွက်ကာ "ဒါ ဘယ်သူလုပ်တာလဲ" ဟု အော်ဟစ်လိုက်ကြသည် ။
ထိုအော်ဟစ်သံမှာ အလွန်ပင် ကျယ်လောင်လှပြီး ယွမ်စစ်တပ်၏ အရှိန်အဝါအောက်တွင် ပြည်သူများမှာ ကြောက်လန့်တုန်ယင်နေကြသည် ။
သို့သော် ကျန်းဝူကျိက ထိုမိစ္ဆာဘုန်းကြီးများကို သတ်၍ ကလဲ့စားချေပေးခဲ့သဖြင့် ၎င်းတို့အပေါ် ကျေးဇူးတင်သောကြောင့် မည်သူမျှ တစ်စုံတစ်ရာ ထုတ်ဖော်မပြောကြပေ ။
ထိုခေါင်းဆောင်များသည် ပိုမို ဒေါသထွက်လာကြသည် ။ တစ်ဦးက "ဘယ်သူမှ မပြောဘူးဆိုရင် အကုန်လုံးကို သတ်ပစ်မယ်။ မင်းတို့ ခေါင်းတွေကိုပဲ လူစာရင်းထဲ ထည့်လိုက်မယ်" ဟု ခြိမ်းခြောက်လေသည် ။
ထိုစကားကို ကြားသည်နှင့် ပြည်သူများမှာ အလွန်အမင်း ထိတ်လန့်သွားကြသော်လည်း တည်းခိုခန်းအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည် ။
"ဝမ်ပါးရွှိုက်၊ မင်းက စိမ်းလန်းစိုပြည်တဲ့ ဝါးခြံမှာတုန်းကလည်း ဝက်တစ်ကောင်လိုပဲ အသုံးမကျခဲ့ဘူး။ အခု ပြည်သူတွေကို နှိပ်စက်ချင်နေပြန်ပြီလား"
ထိုအသံမှာ အလွန်ပင် ကျယ်လောင်လှရာ ထိုလူကြီးများ ကြားသောအခါ မြင်းပေါ်မှ ဆင်းပြေးလုမတတ် ဖြစ်သွားကြပြီး မျက်နှာတွင် အကြောက်တရားများ ဖုံးလွှမ်းသွားတော့သည် ။
လူအပေါင်းသည် ၎င်းတို့၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ တည်းခိုခန်းအတွင်းမှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာသော ကျန်းဝူကျိနှင့် သူ၏နောက်မှ မင်ဂိုဏ်းသားများ၊ ဂိုဏ်းကြီးများမှ သိုင်းပညာရှင်ကြီးများကို မြင်တွေ့လိုက်ရလေသည် ။