အခန်း (၂၃၈)
Vol. 23 Ch. 238
လီယောင်းသည် သူမကိုယ်သူမ ရင်းနှီးကျွမ်းဝင်လှသော နေရာတစ်ခု၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သူမ၏ ငယ်ဘဝကို ဖြတ်သန်းခဲ့သည့် နေအိမ်ပင် သို့မဟုတ် အိမ်ဟောင်းနေရာမှ ကျန်ရှိနေသော အပိုင်းအစများဟု ဆိုရမလား။ ပတ်ဝန်းကျင်ရှိ ပျက်စီးယိုယွင်းမှုများကို ကြည့်ရသည်မှာ ဤနေရာ၌ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။နံရံများမှာ အက်ကွဲအက်ရာများဖြင့် ပြိုကျပျက်စီးနေပြီး အပျက်အစီးများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေကာ လေထုအတွင်း၌ သောင်းကျန်းနေသော ချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
သူမ ဘာလို့ ဒီနေရာကို ပြန်ရောက်နေရတာလဲ။ သူမ အိပ်မက်မက်နေတာလား။
ဤနေရာအကြောင်းကို အိပ်မက်မမက်ဖြစ်သည်မှာ ကြာလှပြီဖြစ်သည်။
သူမသည် အိမ်ရှေ့တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ တံတားတံခါးမှာ အပြင်းအထန် ပျက်စီးနေပြီး ကျိုးပဲ့နေသော သော့ခလောက်တစ်ခုတည်းဖြင့်သာ တွဲလွဲခိုနေကာ မရှိသလောက်ပင် ဖြစ်နေသည်။ သူမ တံခါးကို တွန်းဖွင့်လိုက်ရာ သစ်သားတံခါးမှ ထွက်ပေါ်လာသော ကျွီခနဲ မြည်သံမှာ နိမိတ်မကောင်းသကဲ့သို့ ခံစားရသည်။
အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ငိုရှိုက်သံတစ်ခုကို သူမ ချက်ချင်းကြားလိုက်ရသည်။နူးညံ့သော်လည်း နှလုံးသားကွဲကြေမတတ် ဝမ်းနည်းပူဆွေးနေသော ငိုရှိုက်သံပင်။
"ကလေးတစ်ယောက်လား"
သူမ အသံထွက်၍ ရေရွတ်မိသည်။
ပြိုကျနေသော ထုတ်တန်းများနှင့် ပရိဘောဂအပိုင်းအစများကို ရှောင်ကွင်းရင်း ငိုသံကြားရာဘက်သို့ သူမ သတိထားကာ လျှောက်သွားလိုက်သည်။ ရင်းနှီးနေသော စင်္ကြံလမ်းများတစ်လျှောက် လျှောက်လှမ်းနေစဉ် အထက်မှ အရာတစ်ခု ပြုတ်ကျလာပြီး သူမ၏ ဦးခေါင်းကို ထိမှန်သွားသည်။ သူမက ထိုအရာကို လှမ်းဖမ်းလိုက်ရာ သွေးများစွန်းထင်ပြီး စုတ်ပြဲနေသော ပုံတူပန်းချီကားတစ်ချပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ပန်းချီကားမှာ ပျက်စီးနေသော်လည်း ထိုထဲရှိ လူပုံရိပ်ကို သူမ မှတ်မိနေဆဲပင်။
"အဖိုးလား..."
သူမ ပြောလိုက်မိသည်။
ရုတ်တရက်ဆိုသလို ဟိန်းထွက်လာသော ပေါက်ကွဲသံကြီးတစ်ခုကြောင့် အဆောက်အအုံတစ်ခုလုံး တုန်ခါသွားပြီး နံရံများနှင့် ကြမ်းပြင်များပါ လှုပ်ခါသွားတော့သည်။ သူမ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး အပျက်အစီးများနှင့် ပွတ်တိုက်မိသဖြင့် သူမ၏ လက်ဖဝါးများမှာ ပွန်းပဲ့သွားသည်။
"ဒါ ဘာဖြစ်တာလဲ"
ထိုသို့တွေးရင်း မှောက်လျက်အနေအထားမှ ပြန်ထရန် အားယူလိုက်ရသည်။
သူမ ပြန်အထတွင် သူမ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။သူမ သတိမထားမိသည့် ခဏအတွင်းမှာပင် အိမ်တစ်အိမ်လုံးမှာ မီးဟုန်းဟုန်းတောက်နေပြီ ဖြစ်သည်။
သူမ ဘာလုပ်ရမည်ကို စဉ်းစားနေစဉ် ထိုကလေးငယ်၏ ငိုသံကို ပိုမိုစူးစူးဝါးဝါး ထပ်မံကြားလိုက်ရပြန်သည်။
"ဒုက္ခပါပဲ ကလေးလေး"
ထိုသို့ထိတ်လန့်တကြား တွေးရင်း သူမ အမြန်ပြေးသွားတော့သည်။ သူမသည် မဆိုင်းမတွဘဲ မီးတောက်နေသော တံခါးကို တွန်းဖွင့်ကာ မီးလျှံများ ဝါးမြိုနေပြီဖြစ်သော အခန်းထဲသို့ ဝင်လိုက်သည်။
မီးခိုးများ အူနေသော အခန်းအတွင်း၌ ငိုသံရှင်ကို သူမ တွေ့လိုက်ရသည်။ ၎င်းမှာ ကလေးငယ်တစ်ဦးဖြစ်ပြီး အနီးကပ်ကြည့်လိုက်သောအခါ သူမ အံ့ဩသွားမိသည်။ထိုကလေးမှာ သူမ ငယ်စဉ်က ပုံစံလေး ဖြစ်နေသည်။
သူမ၏ နှလုံးခုန်သံများ မြန်လာပြီး ထိုကလေးလေးနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်
သည်။
"မင်း ဘာလို့ ငိုနေတာလဲ"
ကြောက်လန့်နေသော ကလေးငယ်ကို သူမ နူးညံ့စွာ မေးလိုက်သည်။
"ဒီနေရာကနေ မြန်မြန်ထွက်မှဖြစ်မယ် အိမ်တစ်အိမ်လုံး ပြိုကျတော့မယ်"
ထိုသို့ပြောရင်း သူမ ဆက်လက် ချဉ်းကပ်သွားတော့သည်။
ကလေးငယ် ထိုင်နေသည့်နေရာသို့ ရောက်ရှိသွားချိန်တွင် သူမ သတိပြုမိလိုက်သည်မှာ ထိုကလေး၏ဘေးတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသည့် အခြားသော လူရိပ်များပင်။
ထိုသူများကို မှတ်မိသွားချိန်တွင် လီယောင်း၏ မျက်နှာတစ်ခုလုံး အေးခဲသွားတော့သည်။ "မေမေ ဖေဖေ"
သူမ မေ့လျော့နေခဲ့သော မှတ်ဉာဏ်များ အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်လာသဖြင့် ဦးခေါင်းကို ဆုပ်ကိုင်ထားမိသည်။
"ဒီမှတ်ဉာဏ်တွေ... ငါ ဘယ်လိုလုပ်ပြီး မေ့နေနိုင်ခဲ့တာလဲ။ ငါ မေမေနဲ့ ဖေဖေအတွက် ကလဲ့စားချေရမယ်..."
စကားလုံးတစ်လုံးချင်းစီတိုင်းတွင် ခံစားချက်များ ပိုမိုပြင်းထန်လာစဉ် သူမ၏ နောက်ကျောဘက်တွင် လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ လျင်မြန်စွာ လှည့်ကြည့်
လိုက်ရာ စင်္ကြံလမ်းထဲသို့ ပျောက်ကွယ်သွားသော အရိပ်တစ်ခုကို မြင်လိုက်ရသည်။
"အဲဒီကလူ ရပ်စမ်း"
ထိုသို့အော်ဟစ်ကာ သူမ နောက်ကလိုက်သွားလိုက်သည်။
သို့သော်လည်း စင်္ကြံထောင့်ကို ချိုးလိုက်သည့် ခဏမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝပြောင်းလဲသွားပြန်သည်။ သူမသည် သွေးချောင်းစီးပြီး ပျက်စီးနေသော အခြားစစ်တပ်နယ်မြေတစ်ခု၏ ကောင်းကင်ယံထက်တွင် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
လီယောင်း ဇဝေဇဝါဖြင့် အောက်သို့ ငုံ့ကြည့်လိုက်မိသည်။
"ဒီနေရာက ဘယ်နေရာလဲ"
ထိုစဉ် အောက်ဘက် ဝေးဝေးတွင် လှုပ်ရှားမှုတစ်ခုကို သတိပြုမိလိုက်သဖြင့် သူမ အရှိန်အဟုန်ဖြင့် ဆင်းသက်လိုက်သည်။
ထိုလူမှာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရထားပုံရသည်။ သူ၏ နောက်ကွယ်တွင် ရှည်လျားပြီး နက်မှိုင်းသော သွေးလမ်းကြောင်းကြီးတစ်ခုက ထိုလူသည် စစ်တပ်နယ်မြေတစ်လျှောက် မည်မျှအထိ ဝေးဝေးလံလံ တွားသွားခဲ့ရသည်ကို ပြသနေသည်။ ထိုအမျိုးသားသည် အားယူ၍ လှည့်လိုက်ကာ သူ၏ ကျိုးပဲ့ပျက်စီးနေသော ခန္ဓာကိုယ်ကို ကျောက်ဆောင်ကြီးတစ်ခုတွင် မှီလိုက်ရင်း အသက်ကို ပြင်းပြင်းရှူနေရှာသည်။
လီယောင်း ထိုသူကို ချက်ချင်းမှတ်မိသွားသည်။
"အဖိုးလား"
သူမ ထိတ်လန့်တကြား ရေရွတ်ရင်း သူ၏ဘေးတွင် ပေါ်လာသည်။
"အဖိုး ဘာဖြစ်တာလဲ"
စိုးရိမ်တကြီးဖြင့် လှမ်းကိုင်လိုက်သော်လည်း သူမ၏ လက်များမှာ ထိုအဖိုး၏ ပုံရိပ်ကို တစ္ဆေတစ်ကောင်ကဲ့သို့ ဖောက်ထွက်သွားသည်။
သူမသည် သူမ၏ ဖောက်ထွင်းမြင်နေရသော လက်များကို ကြည့်ရင်း ဘာတွေဖြစ်နေမှန်း မသိဘဲ မှင်သက်နေမိသည်။
ထိုစဉ် သူမ၏ နောက်ကွယ် တစ်နေရာမှ တခိခိရယ်သံကို ကြားလိုက်ရပြန်သည်။ သူမ ချက်ချင်းလှည့်ကြည့်လိုက်ရာ ယခင်ကထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အခြားစစ်တပ်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြန်သည်။
သူမ အရေးတကြီး ပျံသန်းဆင်းသက်လိုက်ရာ ကျောက်နံရံတစ်ခုတွင် ဓားတစ်စင်းဖြင့် ရင်ဘတ်ကို ထိုးဖောက်၍ အကပ်ခံထားရသူတစ်ဦးကို တွေ့လိုက်ရသည်။
"စီနီယာအစ်ကို"
သူမ ထိတ်လန့်တကြား အော်ဟစ်ရင်း ထိုသူ့ဆီသို့ ပြေးသွားမိသည်။
သူမသည် ဓားကိုဆွဲနှုတ်၍ ကယ်ထုတ်ရန် ကြိုးစားသော်လည်း သူမ၏လက်များမှာ ဓားကို မထိတွေ့နိုင်ဘဲ ဖောက်ထွက်သွားသည်။
"ယောင်းယောင်း..."
ရှန်းယွီက အားနည်းပြီး တိမ်ဝင်နေသော အသံဖြင့် ခေါ်လိုက်သည်။
"စီနီယာအစ်ကို ကျွန်မ ဒီမှာရှိတယ် ကျွန်မ ကယ်ထုတ်ပေးမယ် ခဏလေးပဲ စောင့်ပါ"
သူမသည် ပြာပြာသလဲဖြင့် သူမ၏ဓားကိုထုတ်ကာ ကျောက်နံရံကို အသည်းအသန် ခုတ်သော်လည်း အရာအားလုံးမှာ အရာမထင်ဘဲ ဖောက်ထွက်သွားသည်။
သူမ၏ ဝိညာဉ်အိတ်ထဲမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူကာ အသည်းအသန် ကြိုးစားနေသော်လည်း ထိုထူးဆန်းသော ကမ္ဘာနှင့် မည်သည့်အရာမျှ ထိတွေ့၍ မရနိုင်ဘဲ ဖြစ်နေတော့သည်။
"တောင်းပန်ပါတယ်... ဒီဘဝမှာတော့ ကိုယ် မင်းကို လက်မထပ်နိုင်တော့ဘူး ထင်တယ်"
ရှန်းယွီက သူ၏ နောက်ဆုံးထွက်သက်ဖြင့် ပြောကြားလိုက်သည်။
"စီနီယာအစ်ကို စီနီယာအစ်ကို"
သူမ အသည်းအသန် အော်ဟစ်ခေါ်ယူနေသော်လည်း သူသည် သက်မဲ့ရုပ်အလောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လီယောင်းသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။
ဘာတွေဖြစ်နေတာလဲ။
ဒီကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုးကမ္ဘာကဘာကြီးလဲ။
"နင် ဘာကို စောင့်နေတာလဲ ဒီကမ္ဘာမှာ ဘာတစ်ခုမှ အရေးမပါတော့ဘူး။ နင့်ရဲ့ စစ်မှန်တဲ့ ပုံစံကို ထုတ်ဖော်လိုက်စမ်းပါ"
အရပ်မျက်နှာအနှံ့မှ တိုးတိုးလေး ကပ်ပြောသံများ သူမ၏ နားထဲသို့ စီးဝင်လာသည်။
"နင်က အခုထိ အားနည်းနေတုန်းပဲ။ ကြည့်စမ်း... နင် တစ်ခုခုကို ထပ်ပြီး ဆုံးရှုံးလိုက်ပြန်ပြီ"
"နင် နောင်တရနေလား နင်သာ အခုထက် ပိုသန်မာခဲ့ရင် အခုထက် ပိုမြန်ခဲ့ရင် အခုထက် ပိုပြီး ထက်မြက်ခဲ့ရင်..."
ရုတ်တရက်ဆိုသလို သူမသည် နေရာမှ ထရပ်လိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာလည်း လုံးဝ ခံစားချက်ကင်းမဲ့သွားတော့သည်။ သူမသည် ရှန်းယွီကို သတ်ခဲ့သော ဓားဆီသို့ လက်လှမ်းလိုက်ရာ ယခုတစ်ကြိမ်တွင်မူ သူမ၏လက်မှာ ဓားကို အမှန်တကယ် ဆုပ်ကိုင်မိသွားသည်။ သူမသည် ဓားကို တစ်ချက်တည်းဖြင့် ပြတ်သားစွာ ဆွဲထုတ်လိုက်လေတော့သည်။
ထို့နောက် ရှန်းယွီ၏ သက်မဲ့ခန္ဓာကိုယ်ကို ညင်သာစွာ မယူကာ နံရံတွင် ဂရုတစိုက် မှီထားပေးလိုက်ပြီး သူမ၏ လက်ထိပ်လေးများဖြင့် သူ၏ မျက်လုံးများကို အသာအယာ ပိတ်ပေးလိုက်သည်။
"ဒီကမ္ဘာကြီးက ပျက်စီးနေပြီ..."
သူမက စတင်ပြောလိုက်သည်။
"ငါကိုယ်တိုင် အဲဒါကို ပြန်ပြင်မယ်"
ချက်ချင်းဆိုသလိုပင် သူမ၏ ပတ်ဝန်းကျင်၌ ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ကြီးမားသော စွမ်းအားများ လှိုင်းထလာတော့သည်။ သူမ၏ အရေပြားများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စတင်အက်ကွဲလာပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ တဖျတ်ဖျတ် တုန်ခါနေသော တောက်ပသည့် အနီရောင် စွမ်းအင်များကို မြင်လိုက်ရသည်။