← Chapters

အခန်း (၁၂၁-၁၂၅)

Vol. 13 Ch. 121-125

အခန်း (၁၂၁-၁၂၅)

Vol. 13 Ch. 121-125

အခန်း (၁၂၁) မြေခွေးအိုနှစ်ကောင်၏ အပြန်အလှန် အကြံထုတ်ခြင်း

လုကျန့်ခဲ့သည် ဖန့်ယောင်၏ စကားကို ယုံကြည်သွားလေသည်။ ထိုဘုန်းကြီးမှာ လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူ၏ရည်စားဟောင်းနှင့် တရားမဝင်သမီးဖြစ်သူကို ကယ်တင်လိုစိတ် ရှိသည်မှာ လူ့သဘာဝပင် ဖြစ်သည်ဟု သူက တွေးမိ၏။ သို့သော် ကျိုးကျစ်လော့နှင့် ထိုကောင်လေး ကျန်းဝူကျိတို့မှာ အတူတူရှိနေကြပြီး စောစီးစွာ ထွက်ခွါသွားလေပြီ။ ယခု သီလရှင် မြဲ့ကြွယ် တစ်ယောက်သာ ကျန်ရှိတော့သဖြင့် ယခုကိစ္စကို ကိုင်တွယ်ရန်မှာ မခက်ခဲလှပေ။

လုကျန့်ခဲ့သည် စိတ်အေးသွားကာ တဟားဟား ရယ်မောရင်း "ဒါဆိုရင် မင်းကြီးရဲ့ ချစ်လှစွာသော ကိုယ်လုပ်တော် ဒီကို ရုတ်တရက် ရောက်လာတာဟာလည်း ဆရာကြီးကူရဲ့ လက်ချက်ပဲပေါ့လေ"

ဖန့်ယောင်က ပြုံးလျက် "ဒီလောက် အရေးကြီးတဲ့အကူအညီမျိုးကို လက်ဗလာနဲ့ တောင်းဆိုလို့ ဘယ်ဖြစ်ပါ့မလဲ။ အရင်တုန်းက လူကြီးမင်းလုဟာ ဒီ ဟန်ကျီကို သိပ်ပြီး သဘောကျခဲ့တာကို ကျုပ် မြင်ခဲ့ဖူးတယ်လေ။ ဒါကြောင့် ခုလို ကျေးဇူးဆပ်တာဟာ အကောင်းဆုံးပဲ မဟုတ်လား" ဟု ပြန်လည် ဖြေကြား၏။

ထိုစကားကို ကြားသောအခါ လုကျန့်ခဲ့သည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားလေသည်။ 'ဒီကိစ္စလေးပဲ ဆိုရင်တော့ မခက်ခဲပါဘူး။ ကူတုထော်ကို အဲ့ဒီ သီလရှင် မြဲ့ကြွယ်ကို ကယ်ခိုင်းလိုက်ရုံပဲ။ ငါကတော့ ဒီလို အလှနတ်သမီးလေးကို အလကား ရလိုက်တာပေါ့။ တကယ်လို့ နောက်ပိုင်းမှာ ပြဿနာ တစ်ခုခု တက်လာရင်တောင် ကယ်တဲ့သူက သူပဲလေ။ မင်းသမီးက ငါတို့ ညီအစ်ကိုတွေရဲ့ အကာအကွယ်ကို လိုအပ်နေသေးတော့ ငါ့ ခေါင်းပေါ်တော့ အပြစ်ရောက်လာမှာ မဟုတ်ဘူး' ဟု သူက တွေးတောနေသည်။

သို့သော် လုကျန့်ခဲ့၌ မေးခွန်းတစ်ခု ရှိနေသေးသဖြင့် "ဒါဆို ကျုပ်ရဲ့ ညီလေးက ဘယ်လိုလုပ် အဆိပ်မိသွားတာလဲ။ နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်ကို သူက သေသေချာချာ သိမ်းထားတာပါ" ဟု မေးလိုက်သည်။

ဖန့်ယောင်က ပရိယာယ်ဖြင့် "လူကြီးမင်းရဲ့ ညီလေးက သိုင်းပညာ အလွန်မြင့်မားတာ မှန်ပါတယ်။ ဒါပေမဲ့ သူက အရက် အလွန်ကြိုက်တယ်လေ... သူ ရှစ်ပုံ ကိုးပုံလောက် မူးနေတဲ့အချိန်မှာ ကျုပ်က ဒါလေးကို ခိုးယူဖို့ မခက်ခဲဘူးဆိုတာ လူကြီးမင်း မသိဘူးလား" ဟု ဆို၏။

လုကျန့်ခဲ့သည် ထိုစကားကို ကြားသောအခါ သံသယ မရှိတော့ပေ။ ကူတုထော်၏ သိုင်းပညာသည် သူတို့ညီအစ်ကိုထက် မနိမ့်ကြောင်း သူ သိထားသည်။ တကယ်လို့ ဟဲပိဝိန့်သာ အရက် အလွန်အကျွံ သောက်ခဲ့လျှင် ထိုလူ၏ လက်ခုပ်ထဲက ရေ ဖြစ်နေမည်မှာ မလွဲပေ။

သို့သော် ယခုကဲ့သို့ နှာဖားကြိုးအထိုးခံလိုက်ရသဖြင့် လုကျန့်ခဲ့သည် မကျေမနပ် ဖြစ်ကာ ဟဲပိဝိန့်ကို စိုက်ကြည့်လိုက်၏။

ဟဲပိဝိန့်မှာမူ အရှက်ရစွာဖြင့် ခေါင်းငုံ့ထားရုံသာ တတ်နိုင်လေသည်။ ထိုအရူးသည် သူကိုယ်တိုင် အရက်မူးနေသည့်အတွက် ကူတုထော်က နံ့သာဆယ်ပါး အရိုးပျောဆေးမှုန့်ကို ခိုးကာ သူ့ကို အဆိပ်ခတ်သွားသည်ဟု အမှန်တကယ် ယုံကြည်သွားပြီး အမှားကြီး မှားခဲ့သည့်အတွက် နောင်တကြီးစွာ ရနေမိသည်။

လုကျန့်ခဲ့သည် ပြုံးလျက် လက်ခုပ်တီးကာ ပြောလိုက်၏။ "ကောင်းပြီ။ ဆရာကြီးကူ၊ ကျုပ်က ခင်ဗျားကို မိတ်ဆွေအဖြစ် သတ်မှတ်လိုက်ပြီ။ ဒီအလုပ်ကို ကူညီပေးမယ်။ ဒါပေမဲ့ နောက်တစ်ခါတော့ ခုလိုမျိုး ကျုပ်ကို မလှည့်စားပါနဲ့တော့"

ဖန့်ယောင်က ဟန်ကျီကို လက်ညှိုးညွှန်ပြကာ "ဒီ 'လှည့်ကွက်' ကို လူကြီးမင်းလု တော်တော် သဘောကျနေမှာပါ။ တစ်ခါလောက် အလှည့်စားခံရတာနဲ့ ဒီလောက် ချောမောတဲ့ အလှနတ်သမီးလေးကို ရမယ်ဆိုရင် လူကြီးမင်းက ငြင်းဦးမလား" ဟု ရယ်မောရင်း ပြောဆိုသည်။

လုကျန့်ခဲ့သည် ပျော်ရွှင်ဟန်ဖြင့် 'ဟားဟား' ဟု ရယ်မောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ 'ဒီဘုန်းကြီးရဲ့ သိုင်းပညာက တော်တော် မြင့်တယ်။ ငါတို့ ညီအစ်ကိုတွေကို ခုလို လှည့်စားသွားတဲ့အတွက် ကိစ္စပြီးတာနဲ့ သူ့ကို သတ်ပစ်ဖို့ အခွင့်အရေး ရှာရမယ်' ဟု ကြံစည်နေလေသည်။

ဖန့်ယောင်မှာမူ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိပေ။ သိုင်းပညာ အရဆိုလျှင် ရွှမ်မင် အဖိုးအို နှစ်ယောက်အနက် တစ်ယောက်ချင်းစီကို သူ မကြောက်ပေ။ အနိုင်မရလျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်စွမ်း ရှိသည်။ ထို့အပြင် ယနေ့ညတွင် ဂိုဏ်းချုပ်နှင့် အခြားသူများက ဝမ်အန်းဘုရားကျောင်းကို တိုက်ခိုက်တော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူသည် မင်ဂိုဏ်းသို့ ပြန်သွားမည် ဖြစ်ရာ ဤလူယုတ်မာများနှင့် ထပ်ပြီး ပတ်သက်စရာ မလိုတော့သဖြင့် အများကြီး တွေးမနေတော့ပေ။

လုကျန့်ခဲ့သည် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ဖန့်ယောင်၏ ယုံကြည်မှုရှိသော အမူအရာကို မြင်သောအခါ သူ၏ ကျိုးနေသော သမင်ဦးချိုတုတ်ကို ယူကာ လှည့်ဖွင့်လိုက်ပြီး ခွက်တစ်ခုထဲသို့ ဆေးမှုန့်အချို့ကို လောင်းထည့်လိုက်သည်။ ထို့နောက် "ဆရာကြီးကူ၊ ဒါက နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့်ရဲ့ ဖြေဆေးပဲ။ ယူသွားပါ" ဟု ပြောလိုက်၏။

ဖြေဆေး အနည်းငယ်သာ ထည့်ပေးသည်ကို မြင်သောအခါ ဖန့်ယောင်က "ဒီလောက် နည်းနည်းလေးနဲ့ ဘာလုပ်ရမှာလဲ။ ကျုပ်ကို ပိုပေးပါ" ဟု ဆိုသည်။

လုကျန့်ခဲ့သည် မျက်မှောင်ကြုတ်သွားကာ သံသယ ဖြစ်လာပြီး "ဒီလောက်ဆိုရင် သီလရှင် မြဲ့ကြွယ်ကိုတင် မကဘူး၊ နောက်ထပ် သုံးလေးယောက်ကို ကယ်ဖို့တောင် လုံလောက်နေပြီ။ မင်းက မလောက်သေးဘူးလို့ ပြောနေတာလား" ဟု မေးမြန်းလေသည်။

ဖန့်ယောင်က ခေါင်းခါလျက် "မလောက်ဘူး..... ခင်ဗျား ကျုပ်ကို တစ်ခုခု ထပ်ပြီး လှည့်စားဦးမလားဆိုတာ ဘယ်သူသိနိုင်မလဲ" ဟု ပြန်ပြော၏။

လုကျန့်ခဲ့သည် ပို၍ သံသယဝင်လာကာ "ဆရာကြီးကူ၊ မင်းက သီလရှင် မြဲ့ကြွယ် တစ်ယောက်တည်းတင် မဟုတ်ဘဲ တခြား ဂိုဏ်းကြီးတွေက လူတွေကိုပါ ကယ်ဖို့ ကြံနေတာလား" ဟု မေးခွန်းထုတ်လိုက်သည်။

သူ သံသယ ဖြစ်နေသည်ကို မြင်သော်လည်း ဖန့်ယောင်သည် မျက်နှာပျက်ခြင်း မရှိပေ။ သူက နှာခေါင်းရှုံ့လျက် "ကျုပ်နဲ့ မဆိုင်တဲ့ လူတွေကို ဘာလို့ ကယ်ရမှာလဲ။ ကျုပ်က ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အပို သိမ်းထားချင်လို့ပါ။ ခင်ဗျားတို့ ညီအစ်ကိုတွေက နောက်ကျရင် ဒီအဆိပ်နဲ့ ကျုပ်ကို ကလဲ့စားချေလာမလား ဘယ်သူသိနိုင်မလဲ။ အဆင်သင့် ပြင်ဆင်ထားတာက ပိုကောင်းပါတယ်" ဟု ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ လုကျန့်ခဲ့၏ မျက်နှာသည် ချက်ချင်း ပျက်သွားလေသည်။ အကြောင်းမှာ ဖန့်ယောင်သည် သူ၏ စိတ်ကူးကို မှန်ကန်စွာ ခန့်မှန်းမိသွားခြင်းကြောင့်ပင် ဖြစ်သည်။

လုကျန့်ခဲ့သည် ဖန့်ယောင်အပေါ် နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့် အသုံးပြုရန် အမှန်တကယ် ရည်ရွယ်ထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကူတုထော်၏ သိုင်းပညာမှာ မနိမ့်လှပေ။ သူတို့ညီအစ်ကို နှစ်ယောက်ပေါင်း၍ ချောင်းမြောင်း တိုက်ခိုက်လျှင်ပင် သူ့ကို လျင်မြန်စွာ သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆူညံသံများ ထွက်ပေါ်လာပြီး မင်းကြီးနှင့် မင်းသမီးတို့ သိသွားပါက ပြဿနာကြီး ဖြစ်လာပေလိမ့်မည်။

အကောင်းဆုံး နည်းလမ်းမှာ နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့်ဖြင့် အဆိပ်ခတ်ရန် ဖြစ်သည်။ ကူတုထော် အတွင်းအား မထုတ်နိုင်တော့သည့် အချိန်တွင် လက်ဝါးဖြင့် ရိုက်သတ်လိုက်ရုံသာ ရှိသည်။ ထို့နောက် အလောင်းကို မြေမြှုပ်ဖျောက်ပစ်လျှင် ရုယန်မင်းကြီး စံအိမ်က သူတို့ကို သံသယဝင်မည် မဟုတ်ပေ။

သို့သော် သူ၏ ပြီးပြည့်စုံသော အကြံအစည်ကို ဖန့်ယောင်က သိမြင်သွားသဖြင့် လုကျန့်ခဲ့သည် မျက်နှာမကောင်း ဖြစ်သွားရသည်။

လုကျန့်ခဲ့က မျက်နှာထားတင်းတင်းဖြင့် "ဆရာကြီးကူရဲ့ စိတ်ထဲမှာ ကျုပ်က ဒီလောက်တောင် အရှက်မရှိတဲ့ လူယုတ်မာ တစ်ယောက် ဖြစ်နေတာလား" ဟု မေးလိုက်၏။

ဖန့်ယောင်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလျက် "ဟုတ်တယ်" ဟု ပြန်ဖြေသည်။

လုကျန့်ခဲ့မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူ၏ အကြံအစည်များမှာ မအောင်မြင်တော့ကြောင်း သိသဖြင့် ဘာဆက်လုပ်ရမည်ကို တွေးတောနေလေသည်။

"ဟင်....... ခြေရာတွေက ဒီနားအထိ ရောက်လာတာပဲ။ ဟန်ကျီက ဝမ်အန်းဘုရားကျောင်းထဲကို ဖမ်းခေါ်ခံရတာလား"

ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် လူအများ ထိတ်လန့်သွားကြသည်။ ခြေသံများကို နားထောင်ကြည့်လျှင် လူ ခုနစ်ယောက် ရှစ်ယောက်ခန့် ရှိပြီး စစ်ဝတ်စုံဝတ်ထားသော စစ်သည်များ ဖြစ်ဟန်တူသည်။ မင်းကြီးစံအိမ်မှ လူများ ရောက်လာခြင်း ဖြစ်၏။

လုကျန့်ခဲ့သည် အလွန်တုန်လှုပ်သွားကာ ဟန်ကျီကို စောင်ဖြင့် ချက်ချင်း ဖုံးအုပ်လိုက်သည်။ ထို့နောက် ဖန့်ယောင်ကို စိုက်ကြည့်လျက် "ဆရာကြီးကူ..... ခင်ဗျားက တော်တော် ကောက်ကျစ်တာပဲ။ ဖြေဆေးကို ယူပြီးတော့ ကျုပ်ကို အပြစ်ပုံချဖို့ ကြံနေတာလား" ဟု တိုးတိုးလေး ပြောဆိုသည်။

ဖန့်ယောင်မှာမူ ဤသည်မှာ ဝေယိရှောက်၏ လက်ချက်ဖြစ်ကြောင်း သိရှိသည်။ သူက ခေါင်းခါလျက် "စကားတွေ အများကြီး ပြောမနေနဲ့တော့။ လူမိမခံချင်ရင် ဖြေဆေးကို ကျုပ်ကို ပေးလိုက်။ ခင်ဗျား အပြစ်မရှိကြောင်း ကျုပ် နည်းလမ်းရှာပြီး ဖြေရှင်းပေးမယ်" ဟု တိုးတိုးလေး ဆိုလိုက်၏။

လုကျန့်ခဲ့သည် မိမိတွင် အပြစ်ရှိနေသဖြင့် ပျာယာခတ်နေလေသည်။ ထိုစကားကို ကြားသောအခါ သူ၏ စဥ်းစားချင့်ချိန်နိုင်စွမ်းများမှာ ပျောက်ဆုံးကုန်ပြီး သမင်ဦးချိုတုတ်ကို ဖန့်ယောင်၏ လက်ထဲသို့ ထည့်ပေးလိုက်ကာ "ကျုပ် ဘာလုပ်ရမလဲ" ဟု မေးလေသည်။

ဖြေဆေးကို ရရှိသွားသဖြင့် ဖန့်ယောင်သည် အလွန် စိတ်ကျေနပ်သွားလေသည်။ သူက "ငြင်းရုံပဲ ရှိတယ်။ သူတို့ ဘာမှ မလုပ်ရဲပါဘူး။ ပြီးရင် ဟန်ကျီကို ဘုရားကျောင်း မျှော်စင် အပေါ်ဆုံးကို ခေါ်သွားလိုက်။ အဲ့ဒီနေရာက ခင်ဗျားရဲ့ တပည့်ကြီး ဝူဝမ်အာဖု ရှိတဲ့ နေရာပဲ။ အဲ့ဒီမှာ ဂိုဏ်းကြီးတွေက သိုင်းသမားတွေကို အကျဉ်းချထားတာ ဆိုတော့ မင်းကြီးစံအိမ်က လူတွေ ဒီနေရာကို သံသယဝင်မှာ မဟုတ်ဘူး" ဟု လမ်းညွှန်လိုက်သည်။

အမှန်စင်စစ် ဖန့်ယောင်၏ ရည်ရွယ်ချက်မှာ ဂိုဏ်းကြီးလေးဂိုဏ်းကို ကယ်တင်ချိန်တွင် ဤကိစ္စကို ဖော်ထုတ်ရန် ဖြစ်သည်။ ပုံမှန်အားဖြင့် ဝူဝမ်အာဖုက ဖုံးကွယ်ပေးထားလျှင် ပြဿနာ မရှိသော်လည်း တကယ်တမ်း အရှုပ်အထွေးများ ဖြစ်လာပါက ဟန်ကျီကို တွေ့ရှိသွားမည်မှာ မလွဲပေ။ ရွှမ်မင် အဖိုးအိုများကို မသတ်နိုင်ခဲ့လျှင်တောင် ဤဖြစ်ရပ်ကြောင့် ရုယန်မင်းကြီး စံအိမ်တွင် သူတို့ နေစရာ ရှိတော့မည် မဟုတ်ပေ။

လုကျန့်ခဲ့သည် ဖန့်ယောင်ကို နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့်ဖြင့် သတ်ရန် ကြံစည်သကဲ့သို့ ဖန့်ယောင်သည်လည်း လုကျန့်ခဲ့ကို ထောင်ချောက်ဆင်နေခြင်း ဖြစ်သည်။ အပြင်ပန်းတွင်မူ တစ်ဦးကိုတစ်ဦး ကောင်းစေလိုသည့် အမူအရာများ ပြနေကြသော်လည်း မြေခွေးအိုကြီး နှစ်ကောင်မှာမူ အချင်းချင်း အကြံထုတ်နေကြခြင်းသာ ဖြစ်၏။

လုကျန့်ခဲ့မှာမူ ဖန့်ယောင်၏ တကယ့်နောက်ခံကို မသိရှိပေ။ သူတို့အားလုံးသည် မင်းကြီးစံအိမ်မှ လူများဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး သစ္စာဖောက်မည် မဟုတ်ဟုသာ သူက ထင်မှတ်နေလေသည်။ ထို့ကြောင့် ဖန့်ယောင်၏ စကားကို ကြားသောအခါ အလွန်ဝမ်းသာသွားပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေတော့သည်။

ထိုစဉ် အပြင်ဘက်မှ "လူကြီးမင်းလု အိမ်မှာ ရှိပါသလား" ဟု အော်ဟစ် မေးမြန်းသံတစ်ခု ထွက်ပေါ်လာ၏။

လုကျန့်ခဲ့သည် ဖန့်ယောင်ကို ကြည့်လိုက်ရာ ဖန့်ယောင်က သူသည် စကားမပြောနိုင်သော လူအ ဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။

ထိုအခါ လုကျန့်ခဲ့က "ဘာကိစ္စလဲ" ဟု အော်ပြောလိုက်၏။

အပြင်ဘက်မှ လူက "မင်းကြီးစံအိမ်က အမျိုးသမီး တစ်ယောက်ကို လူယုတ်မာတွေက ပြန်ပေးဆွဲသွားပါတယ်။ ခြေရာတွေက ဝမ်အန်းဘုရားကျောင်း နားကို ဦးတည်နေလို့ပါ" ဟု ဖြေကြားသည်။

လုကျန့်ခဲ့သည် စိတ်မရှည်စွာဖြင့် "ဒါဆို ဘာလို့ သွားမရှာကြတာလဲ။ ဒီမှာ ဘာလာလုပ်နေတာလဲ။ ကျုပ်ရဲ့ ဒဏ်ရာတွေက မပျောက်သေးဘူး။ မင်းတို့ကို ကူပြီး လူရှာပေးဖို့ အချိန်မရှိဘူး" ဟု ပြန်လည် မောင်းထုတ်လိုက်လေသည်။

ရွှမ်မင် အဖိုးအိုများ၏ သိုင်းပညာမှာ အလွန်မြင့်မားသကဲ့သို့ စံအိမ်တွင်လည်း အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြသည်။ ထိုလူများမှာ သူတို့ကို မည်သို့မျှ မလုပ်ရဲကြပေ။ လုကျန့်ခဲ့၏ စကားကို ကြားသောအခါ သူတို့သည်လည်း ဦးညွှတ်ကာ အလျှင်အမြန် ထွက်ခွာသွားကြတော့သည်။

အခန်း (၁၂၂) လေထဲမှ ရန်သူနှင့် အသိဉာဏ်ပြိုင်ခြင်း

ထိုသူများကို ပြန်လွှတ်လိုက်ပြီးနောက် လုကျန့်ခဲ့သည် ဟဲပိဝိန့်ကို အဆိပ်ဖြေပေးလိုက်၏။ ထို့နောက်မှ မျှော်လင့်ချက်ကင်းမဲ့နေသော ဆုန့်ဆန်းဟွေ့ နှင့် လီစီချွေ တို့၏ မျက်ဝန်းများကို ဂရုမစိုက်ဘဲ နောင်ရေးစိတ်အေးရစေရန် ၎င်းတို့နှစ်ဦးလုံးကို လက်ဝါးဖြင့် ရိုက်သတ်လိုက်လေသည်။

ဟဲပိဝိန့်သည် အတန်ကြာအောင် အတွင်းအားကို လှည့်ပတ်ကျင့်ကြံပြီးမှ အတွင်းအားအချို့ ပြန်လည်ရရှိလာသော်လည်း အားလုံးပြန်ကောင်းရန်မှာမူ အချိန်အတန်ကြာ ဦးမည်ဖြစ်၏။ သို့သော် ယခုအချိန်တွင် အလျင်စလိုလုပ်စရာ မရှိတော့သဖြင့် သူသည် သက်ပြင်းချကာ မတ်တတ်ရပ်လိုက်ပြီး မိမိကို လှည့်စားခဲ့သော ဖန့်ယောင်အား ဒေါသတကြီး စိုက်ကြည့်နေမိသည်။

ဖန့်ယောင်ကမူ ထိုအကြည့်ကို ဂရုမစိုက်သည့်အပြင် ဟဲပိဝိန့်ဆီသို့ တိုးကပ်သွားကာ လက်ဝါးဖြင့် ရုတ်တရက် ရိုက်လိုက်ပြန်သည်။

ဤရုတ်တရက် တိုက်ခိုက်မှုကြောင့် ဟဲပိဝိန့်မှာ လန့်ဖျပ်သွားပြီး အမြန်ပင် ရှောင်တိမ်းလိုက်ရ၏။ သူ၏ သိုင်းပညာမှာ အားအင်အပြည့် ပြန်မရသေးသဖြင့် ဖန့်ယောင်ကို ယှဉ်နိုင်စွမ်း မရှိချေ။ လုကျန့်ခဲ့သည် ထိုအခြင်းအရာကို မြင်သော် ထိတ်လန့်သွားပြီး ညီငယ်ဖြစ်သူကို ကာကွယ်ရန် ဘေးတိုက်ဝင်၍ တိုက်ခိုက်လိုက်သော်လည်း နောက်ကျသွားခဲ့သည်။ ဖန့်ယောင်သည် လက်ဝါးကို လှည့်လိုက်ပြီး ဟဲပိဝိန့်၏ ရင်ခွင်ထဲသို့ နှိုက်ကာ ကျိုးပဲ့နေသော ကြိုးကြာနှုတ်သီးလက်နက်ကို ဆွဲထုတ်လိုက်လေသည်။

ထိုခဏမှာပင် လုကျန့်ခဲ့၏ လက်ဝါးချက် ရောက်ရှိလာ၏။ ဖန့်ယောင်သည် လုကျန့်ခဲ့၏ လက်ဝါးကို ပြန်လည်ခုခံလိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီးမှ ရယ်မောကာ ပြောလိုက်သည်။

"မင်းညီကို ဒုက္ခပေးဖို့ ငါ့မှာ အကြံမရှိပါဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းနေတာပါ"

ထိုသို့ပြောပြီးနောက် ဖန့်ယောင်သည် ကြိုးကြာနှုတ်သီး၏ တစ်ဖက်ကို လှည့်ဖွင့်ကာ အတွင်း၌ရှိသော နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့် အားလုံးကို မြေပေါ်သို့ သွန်ချလိုက်၏။ ထို့နောက် ခြေဖြင့် နင်းလိုက်ရာ အတွင်းအား အရှိန်ကြောင့် ဆေးမှုန့်များသည် ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားပြီး ပြန်လည်စုစည်း၍ မရနိုင်တော့ချေ။

ဖန့်ယောင်၏ လုပ်ရပ်ကို မြင်သောအခါ ရွှမ်မင်နတ်လက်ဝါး အဖိုးကြီးနှစ်ဦး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်သွားလေသည်။ ကူဆရာကြီးသည် နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် နောင်တွင် ၎င်းတို့က အခြားသူများကို အဆိပ်ခတ်မည်ကို တားဆီးလိုက်ခြင်းဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြ၏။ သူ၏ အစီအစဉ် စနစ်ကျပုံမှာ အမှန်ပင် အထင်ကြီးစရာ ဖြစ်ပေသည်။

"ဟွန်း......မင်း လိုချင်တာလည်း ရပြီပဲ။ ငါကတော့ အပိုစကားတွေ ပြောမနေချင်ဘူး"

လုကျန့်ခဲ့သည် နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီးနောက် ကုတင်နားသို့ သွားကာ ဟန်ကျီကို စောင်ဖြင့် လုံအောင်ပတ်၍ ကျောပိုးလိုက်လေသည်။

လုကျန့်ခဲ့က "သူတို့ရဲ့အလောင်းတွေကိုတော့ ဒီမှာပဲ ခဏထားခဲ့မယ်။ ဘယ်သူမှလည်း ငါ့အခန်းထဲကို မဝင်ရဲပါဘူး။ ဟန်ကျီကို နေရာချပေးပြီးမှ ငါပြန်လာခဲ့မယ်။ ပြီးရင် အလောင်းတွေကို တောထဲယူသွားပြီး မီးရှို့ပစ်လိုက်မှာဆိုတော့ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ပြဿနာလည်း မရှိတော့ဘူး" ဟု ပြောလိုက်၏။

ဖန့်ယောင်က ခေါင်းညိတ်ပြကာ ပြုံးလျက် "လုဆရာကြီးက အလုပ်လုပ်တာ တကယ်ကို စေ့စပ်တာပဲ။ ငါ တကယ်ပဲ အထင်ကြီးမိတယ်" ဟု ဆိုသည်။

လုကျန့်ခဲ့သည် နှာခေါင်းရှုံ့လိုက်ရင်း 'မင်းရဲ့ အကြံအဖန်တွေသာ မပါရင် ငါ ဘာလို့ ဒီလို စွန့်စားမှုတွေ လုပ်နေရမှာလဲ။ ဒီဟန်ကျီလေးသာ အချောအလှလေး မဟုတ်ရင် မင်းလို လူယုတ်မာ ဘုန်းကြီးနဲ့ ငါ စာရင်းရှင်းပြီးသားပဲ' ဟု စိတ်ထဲမှ ကြုံးဝါးနေမိ၏။

"အချိန်မရှိတော့ဘူး..... နောက်ထပ် ပြဿနာတွေ မတက်ခင် သူ့ကို မျှော်စင်ဆီ အမြန်ပို့ရအောင်"

လုကျန့်ခဲ့သည် စကားအရှည်ကြီး မပြောတော့ဘဲ ဟန်ကျီကို ကျောပိုးလျက် ထွက်ခွာသွားရာ ဖန့်ယောင်နှင့် ဟဲပိဝိန့်တို့ကလည်း နောက်မှ လိုက်သွားကြသည်။

မျှော်စင်တံခါးဝသို့ ရောက်သော် မမျှော်လင့်ဘဲ လူအချို့ မျှော်စင်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ ထိုသူများကို ဦးဆောင်လာသူမှာ တခြားသူမဟုတ်ဘဲ ကျောက်မိန်ပင် ဖြစ်သည်။

ကျောက်မိန်ကို မြင်သောအခါ ဖန့်ယောင် အပါအဝင် အားလုံးမှာ အလွန်အံ့အားသင့်သွားကြသည်။ 'မင်းသမီးက အရမ်းဉာဏ်ကောင်းတာ။ အခုဖြစ်ပျက်သမျှကို သူသာ ရိပ်မိသွားရင် ငါ လွတ်ဖို့ ခက်လိမ့်မယ်' ဟု ဖန့်ယောင် တွေးလိုက်မိသည်။

သို့သော် သူသည် တည်ငြိမ်စွာဖြင့်ပင် 'အခြေအနေကြည့်ပြီးမှ လုပ်ရတော့မယ်။ လုကျန့်ခဲ့ကတော့ ဘာမှ ပြောရဲမှာ မဟုတ်ပါဘူး' ဟု ဆက်တွေးနေ၏။

မူလက ဖန့်ယောင်သည် အဆိပ်ဖြေဆေး ရပြီဖြစ်၍ လုကျန့်ခဲ့ကို အပြတ်ရှင်းကာ မင်းသမီးထံ အပ်နှံပြီး အကျိုးအမြတ် ယူရန် စဉ်းစားခဲ့သေးသည်။ သို့သော် လုကျန့်ခဲ့က ပြန်လည် တုံ့ပြန်လျှင် ကိစ္စများ ပိုမိုကြီးထွားသွားပြီး လူမသိသူမသိ ကယ်တင်ရန် ခက်ခဲသွားမည်ကို စိုးရိမ်သဖြင့် ထိုအကြံကို ခေတ္တ လက်လျှော့ထားလိုက်ခြင်း ဖြစ်သည်။

လုကျန့်ခဲ့မှာမူ အပြစ်ရှိသူပီပီ ကျောက်မိန်ကို မြင်သောအခါ ထိတ်လန့်သွားပြီး မင်းသမီးက မိမိကို ဖမ်းရန် လာသည်ဟုပင် ထင်မှတ်နေမိ၏။ ထို့ကြောင့် သူသည် အနားသို့ မကပ်ရဲဘဲ ခြေလှမ်းအနည်းငယ် အကွာမှသာ ဦးညွှတ် အရိုအသေပေးလိုက်သည်။

ကျောက်မိန်ကမူ ပြုံးလျက် လက်ဝေ့ယမ်းပြပြီး ဖန့်ယောင်ကို ပြောလိုက်၏။ "ကူဆရာကြီး.....ကျွန်မ ရှင့်ကို လိုက်ရှာမလို့ပဲ။ ဒီမှာ မထင်မှတ်ဘဲ ဆုံတာ အတော်ပဲ"

ဖန့်ယောင်သည် ကျောက်မိန်က မိမိကို အဘယ်ကြောင့် ရှာနေသည်ကို မသိသဖြင့် ဘာမျှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

ကျောက်မိန်က ပြုံးလျက် "ကူဆရာကြီး..... ကျွန်မနဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့ပေးပါ။ လူတစ်ယောက်ကို တွေ့ဖို့ လိုနေလို့ပါ" ဟု ဆိုလေသည်။

ထိုစကားကို ကြားသောအခါ ဖန့်ယောင်မှာ အကျပ်ရိုက်သွား၏။ 'အဆိပ်ဖြေဆေးလည်း ရပြီ။ မျှော်စင်ထဲ ခိုးဝင်ပြီး လူကယ်ရုံပဲ ရှိတော့တာကို ကျောက်မိန်က အခုမှ လာခေါ်နေတယ်။ ခက်တာပဲ' ဟု သူ တွေးနေမိသည်။ သို့သော် မင်းသမီး၏ အမိန့်ကို ငြင်းပယ်ရန် မဖြစ်နိုင်သဖြင့် ဖန့်ယောင်မှာ ခေါင်းခဲနေရတော့သည်။

ထိုစဉ် ကျောက်မိန်သည် လုကျန့်ခဲ့ ကျောပိုးထားသော အထုပ်ကြီးကို သတိထားမိသွားပြီး သံသယဖြင့် မေးလိုက်၏။ "လုဆရာကြီး....... ရှင့်ကျောပေါ်မှာ ဘာတွေ ပိုးထားတာလဲ"

လုကျန့်ခဲ့သည် စောစောက စကားဝိုင်းကို နားထောင်ပြီး စိတ်အေးလက်အေး ရှိနေကာမှ ကျောက်မိန်၏ မေးခွန်းကြောင့် ပြန်လည် ထိတ်လန့်သွားရပြန်သည်။ ဤသည်မှာ အပြစ်ရှိသူ၏ စိုးရိမ်စိတ်ပင် ဖြစ်ပေသည်။

လုကျန့်ခဲ့သည် ဖန့်ယောင်ကို လှမ်းကြည့်သော်လည်း ဖန့်ယောင်ကမူ မသိကျိုးကျွံပြုနေသဖြင့် သူဘာသာသူသာ အဖြေရှာရတော့မည် ဖြစ်၏။

လုကျန့်ခဲ့သည် ကြောက်ကြောက်လန့်လန့်ဖြင့်ပင် "ဒါ... ဒါက ကူဆရာကြီးရဲ့ အိပ်ရာခင်းတွေပါ" ဟု ထစ်ထစ်ငေါ့ငေါ့ ဖြေလိုက်လေသည်။

ကျောက်မိန်က နားမလည်နိုင်ဟန်ဖြင့် "အိပ်ရာခင်းလား..... ကူဆရာကြီးက ဘာလို့ အိပ်ရာခင်းတွေ သယ်နေရတာလဲ။ ပြီးတော့ ဘာလို့ ရှင့်ကို သယ်ခိုင်းရတာလဲ" ဟု မေး၏။

ထို့နောက် ကျောက်မိန်က ရယ်မောကာ "ကူဆရာကြီးက ကျွန်မကို တပည့်အဖြစ် မသင်ပေးချင်တော့လို့ အထုတ်အပိုးပြင်ပြီး ထွက်သွားမလို့လား" ဟု စနောက်လိုက်သည်။

ထိုစကားမှာ နောက်ပြောင်ခြင်းသာ ဖြစ်သော်လည်း လုကျန့်ခဲ့နှင့် ဖန့်ယောင်တို့မှာမူ အကြံပေါ်သွားပြီလားဟု ထင်ကာ ရင်တထိတ်ထိတ် ဖြစ်နေကြရ၏။ ဖန့်ယောင်ကမူ မိမိမှာ စကားမပြောနိုင်သူဖြစ်၍ သာသာယာယာပင် လက်ဟန်ခြေဟန် အချို့လုပ်ပြကာ လုကျန့်ခဲ့ကိုသာ အဖြေရှာခိုင်းထားလိုက်သည်။

လုကျန့်ခဲ့မှာ ဒေါသထွက်လွန်း၍ မသက်မသာဖြစ်နေသော်လည်း အောင့်အီးကာ ပြုံးလျက် ပြောလိုက်ရ၏။ "ဒီလိုပါ မင်းသမီး..... မင်ဂိုဏ်းသားတွေ ညဘက် လာတိုက်မှာ စိုးရိမ်လို့ ကျွန်တော်တို့ မျှော်စင်ပေါ်မှာပဲ အတူတူ နေထိုင်ပြီး စောင့်ကြပ်ဖို့ လုပ်နေတာပါ။ ဒီအိပ်ရာခင်းက ကူဆရာကြီးရဲ့ စောင်ပါပဲ"

ကျောက်မိန်သည် ထိုစကားကို ကြားသော် သဘောကျသွားပြီး "ရှင်တို့ ဒီလောက်အထိ စဉ်းစားပေးတာ တကယ်ကို ကောင်းပါတယ်။ ကျန်းဝူကျိနဲ့ ထားထားတဲ့ ကတိမှာ ကျွန်မ အပြတ်အသတ် နိုင်ရမယ်" ဟု ဆိုလေသည်။

ထို့နောက် ကျောက်မိန်သည် ဖန့်ယောင်အား "ကူဆရာကြီး..... ကျွန်မနဲ့ လိုက်ခဲ့ပေးပါဦး" ဟု ဆိုကာ ရှေ့မှ ထွက်ခွာသွား၏။ ဖန့်ယောင်လည်း မတတ်သာဘဲ လုကျန့်ခဲ့ကို ပခုံးတွန့်ပြကာ ကျောက်မိန်နောက်သို့ လိုက်သွားရလေသည်။

လုကျန့်ခဲ့သည် ထိတ်လန့်စွာဖြင့် ကျန်ရစ်ခဲ့၏။ ကူဆရာကြီးက မင်းသမီးကို အမှန်အတိုင်း ပြောပြလိုက်မည်လားဟု သူ စိုးရိမ်နေမိသည်။ သို့ဖြစ်၍ လုကျန့်ခဲ့သည် မျှော်စင်ထဲသို့ အမြန်ဝင်ကာ ဟန်ကျီကို မျှော်စင်ထိပ်တွင် နေရာချပြီးမှ ကူဆရာကြီး လူခေါ်လာမည်လားဆိုသည်ကို တိတ်တဆိတ် စောင့်ကြည့်နေတော့သည်။

လုကျန့်ခဲ့သည် 'မင်း ငါ့ကို သစ္စာဖောက်ရင် ငါလည်း မင်းကို ပြန်ကိုက်မှာပဲ။ အဲဒီကျရင် မင်း ဆွံ့အချင်ယောင် ဆောင်နေလို့ မရတော့ဘူး။ မင်းကြီးရဲ့ ကိုယ်လုပ်တော်ကို မင်းခိုးတယ်လို့ ဘယ်သူမှ မယုံရင်တောင် မင်း ဆွံ့အချင်ယောင် ဆောင်နေတာကတော့ သံသယဖြစ်စရာပဲ' ဟု တွေးတောကာ ကြံစည်နေလေသည်။

ဟဲပိဝိန့်ကမူ ဘာမျှမပြောဘဲ မျှော်စင်ထိပ်သို့ ရောက်သည်နှင့် အတွင်းအား ပြန်လည်ရရှိရန် တရားထိုင် ကျင့်ကြံနေ၏။ သူသည် အတွင်းအား အချို့ ပြန်ရနေပြီဖြစ်သော်လည်း အားလုံး ပြန်ကောင်းရန် နာရီအနည်းငယ် ထပ်မံ ကျင့်ကြံရဦးမည် ဖြစ်သည်။

လုကျန့်ခဲ့မှာမူ မျှော်စင်ထိပ်တွင် လေးနှင့် မြားများစွာကို အသင့်ပြင်ထား၏။ အပေါ်ယံတွင် မင်ဂိုဏ်းကို ကာကွယ်ရန်ဟု ဆိုသော်လည်း တကယ်တမ်းမှာမူ ကူဆရာကြီးက မင်းသမီးကို တိုင်တောပြီး လူခေါ်လာမည်ကို စိုးရိမ်သောကြောင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ဤအခြင်းအရာအားလုံးမှာ မရှိသော ရန်သူကို ရှိသည်ဟု ထင်မှတ်ကာ လေထဲတွင် အသိဉာဏ် ပြိုင်နေခြင်းသာ ဖြစ်ပေတော့သည်။

အခန်း (၁၂၃) အရက်သောက်ခြင်း

ဖန့်ယောင်သည် ဝမ်အန်းဘုရားကျောင်းပြင်ပသို့ ကျောက်မိန်နောက်မှ လိုက်ပါလာပြီး ကျောက်မိန်မှာသူမ၏ရုပ်ရည်ကို ဖုံးကွယ်ရန် ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားလေသည်။ ဤလုပ်ရပ်ကြောင့် ဖန့်ယောင် အတန်ငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ မင်းသမီးသည် အဘယ်ကြောင့် သူမ၏မျက်နှာကို ဖုံးကွယ်ထားရသနည်း။ သူမသည် ဘယ်အရာကို ကြံစည်နေသနည်း။

ကျောက်မိန်က "ဆရာကြီးကူ၊ ကျမတို့ ဟိုလူဆိုးလေး ကျန်းဝူကျိဆီ သွားကြည့်ရအောင်" ဟု တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဖန့်ယောင်မှာ လန့်ဖျပ်သွားသော်လည်း ကျောက်မိန်၏ မျက်လုံးများမှာ အရောင်တောက်နေပြီး ပါးပြင်နှစ်ဖက်မှာ ရှက်သွေးဖြာကာ ကြည်နူးမှုများ ရောယှက်နေသည်ကို မြင်လိုက်ရသည်။ ထိုပုံစံမှာ မိမိ၏ အကြံအစည်ကို ရိပ်မိသွားသည့် ပုံစံမျိုး မဟုတ်ပေ။

ထိုအခါမှ ဖန့်ယောင်မှာ စိတ်သက်သာရာ ရသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် ကျန်းဝူကျိကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူးမိသည်။ ကျောက်မိန်သည် အရွယ်ရောက်လာကတည်းက အလွန်ထက်မြက်သည့် ဉာဏ်ရည်နှင့် နည်းပရိယာယ်များကို ပြသခဲ့ပြီး ရုယန်မင်းသားကြီးအား ငယ်ငယ်ရွယ်ရွယ်နှင့် ကိစ္စအဝဝကို ကူညီစီမံပေးခဲ့သူ ဖြစ်သည်။

ဖန့်ယောင်ကိုယ်တိုင်ပင် ကျောက်မိန်ကို အလွန်လေးစားမိသော်လည်း ယခုအချိန်တွင်မူ ကျောက်မိန်၏ နှလုံးသားမှာ ကျန်းဝူကျိထံ၌ လုံးဝကျရှုံးနေပြီ ဖြစ်ကြောင်း သိသာလှသည်။

ဤအကြောင်းကို သူ သိထားပြီး ဖြစ်သော်လည်း ကိုယ်တိုင် မြင်တွေ့ရသည်မှာ ခံစားချက်ချင်း မတူပေ။ ဖန့်ယောင်သည် ကျောက်မိန်နောက်သို့ လိုက်ပါလာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူမထံမှ ဤကဲ့သို့ မိန်းကလေးဆန်သော အမူအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ဤသံယောဇဉ်မှာ ဟန်ဆောင်ထားခြင်း မဟုတ်သည်မှာ အမှန်ပင်။

သူမသည် အဘယ်ကြောင့် ရွှမ်မင်နတ်လက်ဝါး အဖိုးကြီးနှစ်ယောက်ကို မခေါ်ဘဲ မိမိကို ခေါ်လာသနည်းဆိုသည်ကို ဖန့်ယောင် ချက်ချင်း နားလည်လိုက်သည်။ မိမိမှာ စကားမပြောနိုင်သည့်အတွက် ကျောက်မိန်က မိမိကို ခေါ်ဆောင်လာခြင်းဖြင့် အနှောင့်အယှက်များစွာကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ အကယ်၍ သူမသာ ထိုအဖိုးကြီးနှစ်ယောက်ကို ခေါ်လာခဲ့လျှင် မတော်တဆ စကားမကျွံဟု မည်သူမျှ အာမမခံနိုင်ပေ။

ဖန့်ယောင်က မင်းသမီးသာ ဂိုဏ်းချုပ်နှင့် လက်ထပ်ဖြစ်ခဲ့လျှင် အလွန်ကောင်းသော ကိစ္စတစ်ခု ဖြစ်လိမ့်မည်ဟု တွေးတောရင်း အနည်းငယ် ပြုံးလိုက်မိသည်။

သူသည် ရုယန်မင်းသားကြီး၏ အိမ်တော်တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ထိုသက်တမ်း၏ တစ်ဝက်ခန့်ကို ကျောက်မိန်လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောက်မိန်ကလည်း သူ့အပေါ် အလွန်ရိုသေသမှုဖြင့် ဆက်ဆံခဲ့သည်။

အကယ်၍ သူသာ မင်ဂိုဏ်းသို့ ပြန်သွားပြီးနောက် သူ၏သခင်မလေး နှင့် ရန်သူဖြစ်ရမည်ဆိုလျှင် စိတ်ထဲ၌ တစ်မျိုး ဖြစ်နေပေလိမ့်မည်။ ယခုမူ ကျောက်မိန်သာ ဂိုဏ်းချုပ်နှင့် လက်ထပ်ခဲ့ပါက သူသည် ဂိုဏ်းချုပ်ကတော်ကို ဆက်လက် အလုပ်အကျွေးပြုနိုင်မည် ဖြစ်ရာ အကောင်းဆုံးသော ဖြေရှင်းချက်ပင် ဖြစ်သည်။

ဤသို့ တွေးမိသည်နှင့် ဖန့်ယောင်၏ စိတ်ထဲ၌ ပေါ့ပါးသွားပြီး မရည်ရွယ်ဘဲ ရယ်မောမိသွားသည်။

ကျောက်မိန်မှာ ရှက်သွေးဖြာနေချိန်တွင် ဖန့်ယောင်၏ ရယ်သံကို ကြားရသဖြင့် မိမိကို လှောင်ပြောင်နေသည်ဟု ထင်မှတ်ကာ "ဘာရယ်တာလဲ" ဟု မေးလိုက်သည်။

ဖန့်ယောင်သည် မိမိ အနည်းငယ် လွန်သွားသည်ကို သတိပြုမိလိုက်သဖြင့် ချက်ချင်းပင် တည်ကြည်သော မျက်နှာပေးဖြင့် သူ၏ရင်ဘတ်ကို ပုတ်ပြလိုက်ပြီးနောက် ကျောက်မိန်ကို ကာကွယ်ပေးမည်ဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။

ထိုအခါမှ ကျောက်မိန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

၎င်းတို့နှစ်ဦး တည်းခိုခန်းသို့ ရောက်ရှိလာသောအခါ ကျောက်မိန်က တည်းခိုခန်းပိုင်ရှင်အား "ကျန်းဝူကျိဆိုတဲ့ ဧည့်သည်ကို တွေ့ချင်လို့ပါ" ဟု ပြောလိုက်သည်။

သူမက ထိုသို့ပြောလိုက်သည်နှင့် တည်းခိုခန်းပိုင်ရှင်မှာ လန့်သွားသလို အနီးအနားတွင် စားသောက်နေသော လူအချို့လည်း လန့်ဖျပ်သွားကြသည်။

ကျန်းဝူကျိသည် မနေ့က အနောက်ဘက်ဒေသမှ ဘုန်းကြီးအချို့ကို သတ်ဖြတ်ပြီး သူ၏အမည်ကို ကြေညာခဲ့ပြီးနောက် အနီးအနားရှိ လူတိုင်းက သူ၏ ဂုဏ်သတင်းကို သိရှိသွားကြပြီး အလွန်လေးစားနေကြပြီ ဖြစ်သည်။

အစပိုင်းတွင် လူများက ကျန်းဝူကျိမှာ ယွမ်နန်းတော်၏ ချေမှုန်းခြင်းကို ခံရတော့မည်ဟု ထင်မှတ်ပြီး မသိမသာ စိုးရိမ်ခဲ့ကြသည်။ တည်းခိုခန်းပိုင်ရှင်မှာလည်း ဤပြဿနာကြားတွင် မြေစာပင် မဖြစ်လိုသဖြင့် တုန်လှုပ်ချောက်ချားနေခဲ့သော်လည်း ကျန်းဝူကျိနှင့် အဖွဲ့သားများကို မောင်းထုတ်ရန် မဝံ့ရဲသဖြင့် အခြေအနေကိုသာ စောင့်ကြည့်နေခဲ့ရသည်။

သို့သော် တစ်ရက်ကျော် ကြာသွားသည့်တိုင်အောင် ယွမ်စစ်သားအချို့ ရောက်လာပြီး ထိုဘုန်းကြီးများ၏ အလောင်းနှင့် ခေါင်းများကို လာရောက် သိမ်းဆည်းသွားသည်မှလွဲ၍ အခြား ဘာမျှ မလုပ်ခဲ့ကြပေ။ ကျန်းဝူကျိနှင့် သူ၏အဖွဲ့မှာ ဘေးကင်းလုံခြုံစွာ ရှိနေဆဲပင်။

ထိုအခါမှသာ ၎င်းတို့က ကျန်းဝူကျိမှာ ဝံပုလွေနှင့် ကျားများကဲ့သို့ ကြမ်းတမ်းသော ယွမ်နန်းတော်ကပင် မထိရဲသည့် ထူးခြားသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရှိသွားကြသည်။ ၎င်းတို့၏ လေးစားမှုများမှာ ပိုမိုတိုးပွားလာပြီး တစ်ချိန်တည်းမှာပင် စိတ်အေးသွားကြတော့သည်။

ယခုအခါ ကျောက်မိန်က ကျန်းဝူကျိကို တွေ့လိုကြောင်း ပြောလာသောအခါ သူမ၏ လေသံမှာ နူးညံ့သော်လည်း လူတိုင်းက ကျန်းဝူကျိဟူသော အမည်ကို အလွန် အထိခိုက်မခံနိုင် ဖြစ်နေကြသည်။

တည်းခိုခန်းပိုင်ရှင်က သူမသည်လည်း အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်ဟု တွေးကာ "သခင်မလေးက ဘယ်သူလဲဆိုတာ သိပါရစေ၊ ကျနော် သတင်းပါးပေးပါ့မယ်" ဟု အနည်းငယ် ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သည်။

"သတင်းပါးပေးမယ် ဟုတ်လား၊ အရာရှိကြီးတွေဆီ သတင်းပို့သလိုပါပဲလား"

ကျောက်မိန်က ပြုံးလျက် "သူ့ကို မိတ်ဆွေဟောင်း ကျောက် လို့ အမည်ရတဲ့သူက ရှာနေတယ်လို့ပဲ ပြောလိုက်ပါ၊ သူ သေချာပေါက် ထွက်လာလိမ့်မယ်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ခဏလောက် စောင့်ပေးပါဦး"

တည်းခိုခန်းပိုင်ရှင်သည် ညွှန် ကြားချက်ကို ရရှိပြီးနောက် ကျန်းဝူကျိကို သွားရောက် သတင်းပို့လေသည်။

အမှန်စင်စစ် ကျန်းဝူကျိသည် မာန်မာန မရှိသူဖြစ်ပြီး တည်းခိုခန်းပိုင်ရှင် သို့မဟုတ် သာမန်လူများအပေါ် မည်သည့်အခါမျှ ဆရာမလုပ်ခဲ့ပေ။ သို့သော် သူ၏ လွှမ်းမိုးနိုင်လှသော နည်းဗျူဟာများနှင့် မြင့်မားသော သိုင်းပညာများကြောင့် လူများ၏ အမြင်တွင် သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး မြင့်မြတ်လှသူတစ်ဦးအဖြစ် ထင်မှတ်ခြင်း ခံထားရသည်။ ထို့ကြောင့် လူများက သူနှင့် တန်းတူမဟုတ်သကဲ့သို့ ခံစားရပြီး အလွယ်တကူ မချဉ်းကပ်ဝံ့ကြချေ။ ထို့ကြောင့်ပင် သတင်းမပို့မီ သူ၏အမည်ကို မေးမြန်းနေခြင်း ဖြစ်သည်။

ခဏအကြာတွင် ကျန်းဝူကျိ ထွက်လာလေသည်။ ဝါးခမောက် ဆောင်းထားသော လူနှစ်ဦးကို မြင်လိုက်ရသည့်အခါ သူတို့၏ ကိုယ်နေဟန်ထားကို ကြည့်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားကာ "အခန်းထဲမှာ အသေးစိတ် စကားပြောရအောင် ကြွပါဦး၊ ပြီးတော့ ဦးလေးကြီး၊ အမဲသား နှစ်ပိဿာလောက် လှီးပေးပြီး အရက် နှစ်အိုးလောက် နွှေးပေးပါ" ဟု ပြုံးလျက် ပြောလိုက်သည်။

တည်းခိုခန်းပိုင်ရှင်မှာလည်း ချက်ချင်းပင် သဘောတူပြီး ပြင်ဆင်ရန် သွားလေတော့သည်။

ကျောက်မိန်၏ လှပသော မျက်နှာလေးမှာ ရှက်သွေးဖြာသွားသည်။ သူက စိတ်ထဲမှ 'လူယုတ်မာ ကျန်းဝူကျိ.... ရှင်က အရင်အတိုင်း လူလည်ပဲ၊ တွေ့တွေ့ချင်းမှာတင် အခန်းထဲ လိုက်ခဲ့ဖို့ ပြောရတယ်လို့၊ အကယ်၍ ဆရာကြီးကူသာ ဒီမှာ မရှိရင် ရှင် ဘာတွေ ကြံစည်နေမလဲ မသိဘူး' ဟု တွေးနေမိသည်။

သို့သော် ယခုအချိန်တွင် သူမ ဘာမျှ မတတ်နိုင်သဖြင့် ဖန့်ယောင်နှင့်အတူ ကျန်းဝူကျိနောက်မှ လိုက်သွားရလေသည်။ သူတို့သည် ကျန်းဝူကျိ၏ အခန်းသို့ ရောက်ရှိသွားကြသည်။

အခန်းသို့ ရောက်မှသာ ကျန်းဝူကျိသည် တည်းခိုခန်း၏ အကြီးဆုံးအခန်းတွင် တည်းခိုနေကြောင်းနှင့် အနားတွင် မည်သူမျှ မရှိကြောင်း သိလိုက်ရသည်။ ရန်ရှောင်နှင့် ဝေယိရှောက်တို့မှာ အခြားအခန်းတွင် ရှိနေကြသဖြင့် ကျန်းဝူကျိက ၎င်းတို့ကို ဤနေရာသို့ ခေါ်လာခြင်း ဖြစ်သည်။

အခန်းထဲတွင် စားပွဲဝိုင်းတစ်ခု ရှိလေသည်။ ကျန်းဝူကျိနှင့် ကျောက်မိန်တို့မှာ ထိုစားပွဲဝိုင်း၌ ထိုင်လိုက်ကြသည်။ ဖန့်ယောင်က ကျန်းဝူကျိကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျောက်မိန်ကို တစ်ချက် ကြည့်လိုက်သည်။

ကျောက်မိန်သည် ကျန်းဝူကျိအပေါ် လုံးဝ သတိမထားဘဲ "ဆရာကြီးကူ..... တံခါးမှာ စောင့်ပေးပါ၊ ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့" ဟု ပြောလိုက်သည်။

အမှန်စင်စစ် ကျောက်မိန်သည် ဖန့်ယောင်ကို ခေါ်လာရခြင်းမှာ ဂိုဏ်းအသီးသီးမှ လူများ သူမကို တိုက်ခိုက်မည်ကို ကာကွယ်ရန် ဖြစ်သည်။

ကျန်းဝူကျိကိုမူ သူမ လုံးဝ စိုးရိမ်ခြင်း မရှိပေ။ သူသည် သူမကို အချိန်အတော်ကြာ ဖမ်းဆီးထားစဉ်ကပင် သူမအပေါ် ဘာမျှ မပြုလုပ်ခဲ့ဖူးချေ။ အလွန်ဆုံးမှ အနည်းငယ် လူလည်ကျရုံသာ ရှိသည်။ သူ၏ လုပ်ရပ်များမှာ အမြဲတမ်း အကန့်အသတ်ရှိပြီး သူမ၏ နှလုံးသားကို လှုပ်နှိုးကာ သူ့အပေါ် ခံစားချက်များ ပိုမိုများပြားလာစေသည်မှလွဲ၍ မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ မရှိသဖြင့် ဤလူဆိုးလေးအပေါ် သံယောဇဉ် ပိုမို နက်ရှိုင်းလာရခြင်း ဖြစ်သည်။

ဖန့်ယောင်မှာမူ မိမိသည် ဂိုဏ်းချုပ်နှင့် မင်းသမီးတို့၏ အချစ်ရေးကို အနှောင့်အယှက် ပေးနေမှန်း သိနေသဖြင့် အပြင်ထွက်ရန် အစကတည်းကပင် ဆန္ဒရှိနေသည်။ ယခု ကျောက်မိန်၏ စကားကို ကြားရသောအခါ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ခံစားလိုက်ရသည်။ သူသည် နွှေးထားသော အရက်အိုးကို ယူကာ တံခါးနားရှိ ထိုင်ခုံတစ်ခုတွင် ထိုင်ရင်း အရက်သောက်ကာ စောင့်ကြပ်နေလေသည်။

ဤအချိန်တွင် အခန်းထဲ၌ ကျန်းဝူကျိနှင့် ကျောက်မိန်တို့နှစ်ဦးသာ ကျန်ရှိတော့သည်။ ကျန်းဝူကျိ၏ အကြည့်များက သူမကို အကဲခတ်နေသည်ကို မြင်သောအခါ ကျောက်မိန်မှာ ကျန်းဝူကျိ၏ ဖမ်းဆီးခြင်းကို ခံရစဉ်က နေ့စဉ် အခန်းတစ်ခန်းတည်း၌ အတူတူ ဖြတ်သန်းခဲ့ရပုံများနှင့် ရင်ခုန်စရာ အခိုက်အတန့်များကို ချက်ချင်း ပြန်လည် မြင်ယောင်လာသည်။ သူမ၏ လှပသော မျက်နှာလေးမှာ မထင်မှတ်ဘဲ ရှက်သွေးဖြာလာရသည်။

သို့သော် ကျန်းဝူကျိ၏ စနောက်ခြင်းကို မခံရစေရန် သူမသည် အရက်အိုးကို ကိုယ်တိုင်ယူကာ အရက်နှစ်ခွက် ငှဲ့လိုက်သည်။ တစ်ခွက်ကို ကျန်းဝူကျိအား ကမ်းပေးပြီးနောက် မိမိခွက်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်လေသည်။

ဤအရက်တစ်ကျိုက် သောက်လိုက်ခြင်းမှာ ပြဿနာ မဟုတ်သော်လည်း ရှက်သွေးဖြာနေသည့် ကျောက်မိန်၏ မျက်နှာလေးမှာ ပို၍ နီမြန်းသွားကာ အလွန် ချစ်စရာ ကောင်းနေတော့သည်။

ကျန်းဝူကျိသည် ကျောက်မိန်၏ လှပမှုကို ကြည့်ရင်း စိတ်လှုပ်ရှားသွားရသည်။ သူက ပြုံးလျက် "မင်းသမီးက ဒီကို ဘာကိစ္စနဲ့ လာတာလဲ၊ ကျုပ်နဲ့ အရက်သောက်ပြီး အမဲသားစားဖို့ သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်" ဟု မေးလိုက်သည်။

"မဟုတ်ဘူး၊ ရှင်နဲ့ ဒီလိုမျိုး အရက်သောက်ဖို့ မဟုတ်ဘူး"

ကျောက်မိန်က နောက်ထပ် တစ်ခွက် ငှဲ့လိုက်ပြီး ကျန်းဝူကျိအား ကမ်းပေးကာ "ရှင် ဒီတစ်ခွက်ကို သောက်၊ ရှင့်ခွက်ထဲမှာ ကျမ အဆိပ်ခတ်ထားတယ်" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ကျောက်မိန်က ကျန်းဝူကျိ၏ လက်ထဲမှ အရက်ခွက်ကို လုယူရန် ကြံသော်လည်း ကျန်းဝူကျိက ပို၍ မြန်လှသည်။ သူသည် အရက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် ကျောက်မိန်၏ ခွက်ကို ယူကာ အနံ့ခံကြည့်ပြီး "ခွက်နှုတ်ခမ်းမှာ မင်းသမီးရဲ့ ရနံ့လေး ကျန်နေသေးတယ်၊ သေချာ မြည်းစမ်းကြည့်ရမယ်" ဟု ပြုံးလျက် ပြောလိုက်သည်။

ပြောပြီးသည်နှင့် ကျန်းဝူကျိသည် ကျောက်မိန်၏ အရက်ခွက်ကိုလည်း တစ်ကျိုက်တည်း သောက်လိုက်ပြီး ခွက်နှုတ်ခမ်းကိုပင် လျှာဖြင့် ရက်လိုက်သေးသည်။ သူသည် အလွန် အရသာရှိသွားသည့် ပုံစံဖြင့် ကျေနပ်အားရနေလေတော့သည်။

အခန်း (၁၂၄) ကျန်းဝူကျိ : ငါတို့က ဇနီးမောင်နှံတွေပဲ

ကျန်းဝူကျိ၏ ရုတ်တရက် အပြုအမူကြောင့် ကျောက်မိန်သည် ချက်ချင်းဆိုသလို ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီမြန်းသွားရသည် ။ သူမသည် ကျန်းဝူကျိအား အရက်ခွက်ဖြင့် စနောက်ရန်သာ ရည်ရွယ်ခဲ့သော်လည်း ကျန်းဝူကျိက အခြေအနေကို ပြောင်းပြန်လှန်ကာ တစ်ခါတည်းပင် အသာစီးယူလာလိမ့်မည်ဟု လုံးဝမထင်ထားမိပေ ။

ကျောက်မိန်သည် ထောင့်စေ့အောင်တွေးတတ်သော ထက်မြက်သူဖြစ်သော်လည်း ဤကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုကို မကြုံဖူးသေးသည့် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် ကျန်းဝူကျိ၏ ပွင့်လင်းလှသော အပြုအမူကို မခုခံနိုင်ဘဲ ရှိနေတော့သည် ။ သို့သော်လည်း သူမ၏ ရှက်ရွံ့မှုကြားတွင် ပိုမိုကြီးမားသော ပျော်ရွှင်မှုလည်း ရှိနေပါသည် ။ ကျန်းဝူကျိသည် သူမအား ပိုမိုတောင့်တမိအောင် အမြဲတစေ ပြုမူတတ်သူဖြစ်ရာ သူမ၏ ရင်ကို အချိန်တိုင်းပင် လှုပ်ခါသွားစေသည် ။

ရုတ်တရက် ကျောက်မိန်သည် သက်ပြင်းသဲ့သဲ့ချကာ “အမှန်အတိုင်း ဝန်ခံရရင် ရှင်က ကျွန်မကို ကျိုးကျစ်လော့ကို စောင့်ရှောက်ပေးဖို့ ပြောတုန်းက အဲဒီမိန်းကလေးကို လက်ဝါးတစ်ချက်ထဲနဲ့ သတ်ပစ်ချင်စိတ် ပေါက်သွားတာ သိလား” ဟု ဆိုလာသည် ။

ကျန်းဝူကျိက အသာအယာ ပြုံးလိုက်ပြီး “မင်းသာ တကယ်လုပ်ခဲ့ရင် ဒီလောကကြီးမှာ မွန်ဂိုတစ်ယောက်မှ ကျန်တော့မှာမဟုတ်ဘူးလို့ ငါအာမခံတယ်၊ သူတို့အားလုံး ကျိုးကျစ်လော့နဲ့အတူ သေကြရလိမ့်မယ်” ဟု ပြောလိုက်သည် ။

သူ၏ စကားလုံးများသည် တည်ငြိမ်လှသော်လည်း ကျောက်မိန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားရသည် ။ ကျန်းဝူကျိသည် ဟိတ်ဟန်ဖြင့် ခြိမ်းခြောက်တတ်သူ မဟုတ်သည်ကို သူမ ကောင်းကောင်းသိထားသလို ဤစကားသည်လည်း ပေါ့ပေါ့တန်တန် ပြောခြင်းမဟုတ်ကြောင်း သူမ နားလည်သည် ။ သူကပြောပြီးလျှင် တကယ်လုပ်မည့်သူ ဖြစ်သည် ။

သို့သော် ကျောက်မိန်သည် အရှုံးမပေးလိုသဖြင့် “လောကမှာ မွန်ဂိုတွေ အများကြီးရှိတာပဲ၊ ပြီးတော့ လောကကြီးက မွန်ဂိုတွေပိုင်တာ၊ ရှင်က အကုန်လုံးကိုသတ်နိုင်လို့လား” ဟု ပြန်ပြောလိုက်သည် ။

ကျန်းဝူကျိက နှာခေါင်းရှုံ့လိုက်ပြီး ” မိုပေ့က မွန်ဂိုတွေရဲ့ နဂိုနယ်မြေဆိုတာ တစ်ချိန်က ရှုန်းနူးတွေရဲ့ နယ်မြေပဲ၊ အဲဒီတုန်းက ရှုန်းနူးတွေလည်း ဟန်လူမျိုးတွေရဲ့ နယ်မြေကို ခြိမ်းခြောက်ခဲ့တာပဲ၊ နောက်တော့ အရှေ့မြောက်ဘက်က လျောင်နဲ့ ကျင်းနိုင်ငံတွေဆိုရင် ပိုတောင် အင်အားကြီးသေးတယ်၊ ဒါပေမဲ့ အခု သူတို့ ဘယ်မှာလဲ” ဟု မေးခွန်းထုတ်လိုက်သည် ။

ကျောက်မိန်သည် ရုတ်တရက် ဆွံ့အသွားရသည် ။ မင်းဆက်များ ထွန်းကားလိုက် ပျက်သုဉ်းလိုက်နှင့် အင်ပါယာများသည် တစ်ခုပြီးတစ်ခု အလှည့်ကျ ပေါ်ပေါက်လာကြသော်လည်း တရုတ်ယဉ်ကျေးမှုသည်သာ ယနေ့တိုင် တည်တံ့နေခြင်း ဖြစ်သည် ။ တစ်ချိန်က အင်အားကြီးခဲ့သော ရှုန်းနူး၊ ရှန်းပေ့၊ လျောင်နှင့် ကျင်းအင်ပါယာတို့မှာ ကြာမြင့်လှပြီဖြစ်သော မြေမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည် ။ ဝန်းကျင်လေထုမှာလည်း ရုတ်တရက် အေးစက်သွားရတော့သည် ။

ကျန်းဝူကျိက စကားလမ်းကြောင်းကို ပြောင်းလိုက်ကာ “ ဒါပေမဲ့ မင်းအဲဒီလို မလုပ်ဘူးဆိုတာ ငါသိပါတယ်၊ ဒါကြောင့်လည်း ငါမစိုးရိမ်ခဲ့တာပေါ့” ဟု ပြောသည် ။

ကျောက်မိန်က သူ့ကို တစ်ချက်ကြည့်ကာ ပြုံးယောင်သန်းလျက် “ကျွန်မ မလုပ်ဘူးလို့ ရှင်က ဘယ်လိုသိတာလဲ၊ ကျွန်မက အမြဲတမ်း စည်းကမ်းမရှိ လူသတ်တတ်တာ၊ ကျွန်မကို လာစော်ကားမှ မဟုတ်ဘူး တစ်ယောက်ယောက်က ကျွန်မကို ကြည့်တာ မနှစ်မြို့စရာကောင်းရင်တောင် သတ်ပစ်တာပဲ၊ ရှင့်ရဲ့ ကျိုးကျစ်လော့က ကျွန်မကို တကယ် ဒေါသထွက်အောင် လုပ်ခဲ့တာ၊ ကျွန်မ သူမကို သတ်ချင်ခဲ့သလား မသတ်ချင်ခဲ့ဘူးလား ရှင်ဘယ်လို ထင်သလဲ” ဟု မေးလိုက်သည် ။

“မင်းသတ်ချင်မှာပါ..... ဒါပေမဲ့ ဘာဖြစ်လဲ၊ မင်းရဲ့ ပုံစံလေးကို ကြည့်ရတာ လူတစ်ယောက်ကိုမှ သတ်ဖူးမယ့်ပုံ မပေါက်ပါဘူး” ဟု ကျန်းဝူကျိက ရယ်မောကာ ပြောလိုက်ရာ ကျောက်မိန် အနည်းငယ် စိတ်ဆိုးသွားရသည် ။

သို့သော် ကျောက်မိန်သည် ကြွားဝါခြင်း မပြုဘဲ နှာခေါင်းရှုံ့ကာ “ကျွန်မ အခုထိ ဘယ်သူ့ကိုမှ မသတ်ဖူးသေးတာ မှန်ပေမဲ့ နောင်ကျရင်တော့ သေချာပေါက် သတ်မှာ၊ လူတွေ အများကြီးကိုလည်း သတ်မှာ၊ ကျွန်မရဲ့ ဘိုးဘေးက ဂျင်ဂျစ်ခန် ဧကရာဇ်ကြီးပဲ၊ ပြီးတော့ ထော်လွီနဲ့ ကူဗလိုင်ခန် တို့လို သူရဲကောင်းကြီးတွေကလည်း ကျွန်မရဲ့ ဘိုးဘေးတွေပဲ၊ ကျွန်မက မိန်းမတစ်ယောက် ဖြစ်နေတာကိုပဲ နောင်တရမိတယ်၊ မဟုတ်ရင် သူတို့လိုပဲ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရအောင် လုပ်ဦးမှာ” ဟု ဆိုသည် ။

“မင်းရဲ့ ရည်မှန်းချက်က မသေးဘူးပဲ၊ ဒါပေမဲ့ စိတ်မကောင်းစရာက မင်းပြောတဲ့လူတွေက အဲဒီလောက်ကြီး ထူးထူးခြားခြားမဟုတ်တာပဲ” ဟု ကျန်းဝူကျိ၏ စကားမှာ ပေါ့ပါးနေသော်လည်း အတော်ပင် ဒေါသထွက်စရာ ကောင်းလှသည် ။

ကျောက်မိန်သည် လက်မခံနိုင်ဘဲ “တခြားသူတွေကို သာမန်ပဲလို့ပြောတာကို လက်ခံပေးနိုင်ပေမဲ့ ဂျင်ဂျစ်ခန်နဲ့ ကူဗလိုင်ခန် တို့က မထူးခြားဘူးလား၊ ဂျင်ဂျစ်ခန် မရှိရင် ဒီနေ့ မွန်ဂိုဆိုတာ ရှိလာမှာမဟုတ်ဘူး၊ ပြီးတော့ ရှင့်ရဲ့ ဟန်လူမျိုးတွေရဲ့ နယ်မြေကိုလည်း ကျွန်မရဲ့ ဘိုးဘေး ကူဗလိုင်ခန်က သိမ်းပိုက်ခဲ့တာပဲ” ဟု ဆိုသည် ။

ကျန်းဝူကျိက ခေါင်းယမ်းလိုက်ပြီး “ အဲ့လောက်လည်းမဟုတ်ပါဘူး၊ ငါ့အမြင်မှာတော့ သူတို့က သူရဲကောင်းတွေ ကွယ်ပျောက်နေတဲ့ အချိန်မှာ ပေါ်လာတဲ့သူတွေပဲ၊ အကယ်၍ ဟန်ဝူဒီ ဧကရာဇ် ဒါမှမဟုတ် ထန်ထိုက်ကျုံး ဧကရာဇ်တို့သာ အသက်ရှိနေသေးရင် သူတို့ ဒီလောက် ရမ်းကားခွင့် ရပါ့မလား၊ အဓိကကတော့ တောင်ပိုင်းဆုန့်မင်းဆက်က အရမ်း အားနည်းပြီး အစွမ်းအစ မရှိလွန်းလို့ပါ” ဟု ပြောလိုက်သည် ။

ကျောက်မိန်က ရယ်မောကာ “ဂျင်ဂျစ်ခန် ဧကရာဇ်ကြီးက ထန်ထိုက်ကျုံး ဧကရာဇ်ကို အင်မတန် လေးစားခဲ့တာ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့ အချင်းချင်း ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရခဲ့ကြဘူး၊ ဒါကြောင့် ဘယ်သူက ပိုတော်သလဲဆိုတာ ပြောဖို့ခက်ပါတယ်၊ ဆုန့်မင်းဆက်နဲ့ ပတ်သက်ရင်တော့ ကျောက်မိသားစုက စစ်ရေးထက် အုပ်ချုပ်ရေးကိုပဲ ဦးစားပေးခဲ့တာ ဘယ်သူ့ကို သွားအပြစ်တင်လို့ ရမလဲ၊ ကျွန်မတို့ မွန်ဂိုတွေက သူတို့ကို အနိုင်ယူခဲ့တာဟာ မရှောင်လွှဲနိုင်တဲ့ ကံကြမ္မာပဲ မဟုတ်လား၊ သူတို့ အရင်က လျောင်နဲ့ ကျင်းကိုတောင် ရှုံးနိမ့်ခဲ့တာပဲလေ” ဟု ဆိုသည် ။

ကျောက်မိန်သည် ဆုန့်မင်းဆက်၏ စစ်ရေးထက် အုပ်ချုပ်ရေးကို ပိုမိုဦးစားပေးသော စနစ်ကို အထူးပင် အထင်အမြင်သေးကြောင်း သိသာလှသည် ။

ကျန်းဝူကျိကလည်း သူ၏ အမြင်များကို ကျောက်မိန်အား ပြောပြရန် ဝန်မလေးဘဲ “ငါ့အမြင်မှာတော့ ထန်ထိုက်ကျုံး ဧကရာဇ်က ပိုပြီး အစွမ်းထက်တာ ငြင်းစရာ မရှိဘူး၊ ဂျင်ဂျစ်ခန်က အရည်အချင်း ရှိပေမဲ့ သားသတ်သမား တစ်ယောက်သာသာပဲ၊ မင်းက ဆုန့်မင်းဆက်က အုပ်ချုပ်ရေးကို ဦးစားပေးတယ်လို့ ပြောပေမဲ့ မွန်ဂိုတွေကတော့ အုပ်ချုပ်ရေးထက် စစ်ရေးကိုပဲ တဖက်သတ် ဦးစားပေးတဲ့ ဥပမာပဲ၊ ဆုန့်မင်းဆက်ရဲ့ အခြေအနေကတော့ မင်းဆက်ငါးခုနဲ့ တိုင်းပြည်ဆယ်ခု ခေတ်ရဲ့ ရှုပ်ထွေးမှုတွေကြောင့် အနည်းငယ် အစွန်းရောက်သွားတာ ဖြစ်နိုင်ပါတယ်၊ အုပ်ချုပ်ရေးပိုင်းမှာတော့ သမိုင်းမှာ ဘယ်မင်းဆက်မှ ဆုန့်ကို မကျော်နိုင်ဘူး၊ မွန်ဂိုတွေဆိုရင် သူတို့ကို ယှဉ်ဖို့ ဝေလာဝေးပဲ ။

မင်း စဉ်းစားကြည့်ပါ၊ အုပ်ချုပ်ရေးနဲ့ တရားဓမ္မတွေ အထွတ်အထိပ်ကို ရောက်တဲ့အခါ ယဉ်ကျေးမှုဟာလည်း အသစ်တစ်ဖန် ကူးပြောင်းသွားတာပဲ၊ ယဉ်ကျေးမှု တည်ရှိနေမှသာ နိုင်ငံဆိုတာ ထာဝရ တည်တံ့မှာပေါ့၊ အရင်က ရှုန်းနူးတွေ ပျက်သုဉ်းသွားတာကို ပြောနေစရာတောင် မလိုဘူး၊ အကယ်၍ လျောင်တို့ ကျင်းတို့ နောက်ဆုံး မင်းတို့ မွန်ဂိုတွေတောင်မှ ဟန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို အကုန်လုံး လက်မခံခဲ့ဘူးဆိုရင် မင်းတို့ ဟန်လူမျိုးတွေရဲ့ နယ်မြေမှာ အခြေချဖို့ အခွင့်အရေး ဘယ်ရပါ့မလဲ” ဟု ဆိုသည် ။

အမှန်အတိုင်း ပြောရလျှင် ကျန်းဝူကျိသည်လည်း စစ်ရှုံးစေသည့် စစ်ရေးထက် အုပ်ချုပ်ရေး ဦးစားပေးမှုကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရသော်လည်း မင်းဆက်ငါးခုနှင့် တိုင်းပြည်ဆယ်ခု ခေတ်ကို ပြန်ကြည့်လျှင် အနည်းငယ် နားလည်နိုင်စရာ ရှိပါသည် ။ အရေးကြီးဆုံးမှာ ဆုန့်မင်းဆက်၏ အုပ်ချုပ်ရေးနှင့် စီးပွားရေးသည် ကျော်လွှား၍မရသော အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး တစ်နိုင်ငံလုံး၏ ကိုယ်ကျင့်တရား စံနှုန်းမှာလည်း အလွန်မြင့်မားခဲ့ခြင်း ဖြစ်သည် ။ ယခင်ခေတ်များသာမက နောက်ပိုင်းပေါ်ပေါက်လာသော ယွမ်၊ မင်နှင့် ချင်းမင်းဆက်တို့ပင်လျှင် ဆုန့်ကို မယှဉ်နိုင်ခဲ့ပေ ။

သို့သော် သူတို့၏ စစ်ရေးစွမ်းရည် အလွန်ညံ့ဖျင်းမှုကြောင့် ဆုန့်မင်းဆက်အပေါ် အကဲဖြတ်ချက်များမှာ ခက်ခဲလှသည် ။ မင်းဆက်တိုင်းတွင် ၎င်းတို့၏ တောက်ပသော အချိန်များ ရှိစမြဲဖြစ်ပြီး ကျန်းဝူကျိ၏ ယခုပြောကြားချက်မှာလည်း သူရဲကောင်းတို့၏ အမြင်ဖြင့် အကဲဖြတ်ခြင်းသာ ဖြစ်သည် ။

သို့သော် ကျောက်မိန်သည် ဤစကားများကို ငြင်းပယ်ခြင်း မပြုဘဲ အသာအယာ ခေါင်းညိတ်သည် ။

ယွမ်မင်းဆက်သည် လက်ရှိတွင် နေရာအနှံ့ ပုန်ကန်မှုများဖြင့် ပြည့်နှက်နေပြီး သာမန်ပြည်သူများမှာ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် ဒုက္ခရောက်နေကြရသည် ။ နောက်ဆုံးတွင် မွန်ဂိုများသည် အင်ပါယာကြီးတစ်ခုကို မည်သို့ စီမံခန့်ခွဲရမည်ကို မသိဘဲ တိုက်ခိုက်ရန်သာ သိကြသည် ။

သူတို့၏ အုပ်ချုပ်ပုံမှာ သိုးနွားများကို ကျောင်းသကဲ့သို့ ဖြစ်နေပြီး လူများကို တိရစ္ဆာန်ကဲ့သို့လည်းကောင်း၊ လောကကြီးကို စားကျက်မြေကဲ့သို့လည်းကောင်း သဘောထားခြင်းမှာ အမှန်တကယ်ပင် ရိုင်းစိုင်းသော လုပ်ရပ် ဖြစ်သည် ။ ဤသို့သာ မဟုတ်ခဲ့လျှင် ယွမ်မင်းဆက်မှာ ဤမျှ သက်တမ်းတိုလိမ့်မည် မဟုတ်ပေ ။ နောက်ပိုင်း ချင်းမင်းဆက် အုပ်ချုပ်သူများသည် ဤအမှားများကို လေ့လာခဲ့ကြသောကြောင့်သာ နှစ်ပေါင်းများစွာ စိုးစံနိုင်ခဲ့ခြင်း ဖြစ်သည် ။

ကျန်းဝူကျိက ရုတ်တရက် ရယ်မောလိုက်ကာ “ငါတို့တွေ စကားလမ်းကြောင်း လွဲကုန်ပြီ...... ပြောရဦးမယ်၊ ငါ့မှာလည်း နယ်မြေတွေကို ပြန်သိမ်းပြီး ကမ္ဘာကြီးကို အံ့ဩသွားအောင်လုပ်ချင်တဲ့ ရည်မှန်းချက် ရှိတယ်၊ မင်းမှာလည်း အဲဒီလို ရည်မှန်းချက် ရှိနေမှတော့ ငါ့ဆီမှာ လာအလုပ်လုပ်ပါလား၊ ငါတို့ ဇနီးမောင်နှံနှစ်ယောက် စိတ်တူကိုယ်တူ ပေါင်းစည်းလိုက်ရင် ကြီးကျယ်တဲ့ သာယာဝပြောတဲ့ ခေတ်ကြီးတစ်ခုကို တည်ထောင်နိုင်ပြီး မျိုးဆက်ပေါင်းများစွာအထိ အမွေအနှစ်တွေ ချန်ထားခဲ့နိုင်မှာပဲ၊ အဲဒါ အံ့ဩဖို့ မကောင်းဘူးလား” ဟု မေးလိုက်သည် ။

“သွားပါ....... ဘယ်သူက ရှင့်မိန်းမလဲ၊ လျှောက်ပြောနေပြန်ပြီ” ဟု ကျောက်မိန်က ဆိုသည် ။

ကျောက်မိန်၏ မျက်လုံးများ တောက်ပသွားကာ သူမက ရယ်မောလျက် ”ရှင်က တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာပဲ၊ ကျွန်မက မွန်ဂိုတစ်ယောက်လေ၊ ရှင်က တကယ်ပဲ ရှင့်ဆီမှာ အလုပ်လုပ်ဖို့ ခေါ်နေတာလား၊ ကျွန်မက စစ်တပ်ကို ဦးဆောင်ပြီး ရှင့်ရဲ့ မင်ဂိုဏ်းကို ဖျက်ဆီးပြီး ရှင့်ရဲ့ ရည်မှန်းချက်တွေကို အဆုံးသတ်ပစ်မှာ မကြောက်ဘူးလား” ဟု မေးလိုက်သည် ။

“မင်း အဲဒီလို လုံးဝ လုပ်မှာမဟုတ်ပါဘူး “

“ဘာလို့လဲ “

“ဘာလို့လဲဆိုတော့ ငါ ဒီမှာ ရှိနေလို့ပဲ “

ကျန်းဝူကျိက တည်တည်ငြိမ်ငြိမ်နှင့်ယုံကြည်မှုရှိစွာ ပြောလိုက်ရာ ကျောက်မိန်မှာ အားရပါးရ ရယ်မောတော့သည် ။

ကျောက်မိန်က မေးလေးကို ပင့်လိုက်ပြီး ရယ်မောကာ “ရှင်က တကယ်ပဲ ယုံကြည်မှု ရှိတာပဲ၊ ကျွန်မကို ချုပ်ကိုင်ထားနိုင်တဲ့ အချက်များ ရှိနေလို့လား” ဟု မေးသည် ။

“ရှိတာပေါ့၊ တခြားတော့ မဟုတ်ပါဘူး၊ အဲဒါ မင်းရဲ့ နှလုံးသားပဲ “

ကျန်းဝူကျိက ပြုံးလျက် ပြောလိုက်ပြီးနောက် ရုတ်တရက် ကျောက်မိန်အား သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည် ။ ကျောက်မိန်သည် လန့်ဖျန့်သွားကာ မိန်းကလေးတို့သဘာဝအရ ရုန်းကန်ရန် ကြိုးစားသော်လည်း ကျန်းဝူကျိ၏ တင်းကျပ်သော ဖက်ထားခြင်းကို ခံလိုက်ရသည် ။

“ရှင် ....... ဘာလုပ် ... အင်း... “

ကျောက်မိန်သည် အော်ဟစ်ကာ ပြောရန် ပြင်လိုက်သော်လည်း သူမ၏ စကားလုံးများမှာ ပြတ်တောက်သွားရသည် ။ ကျန်းဝူကျိသည် သူမ၏ နီမြန်းသော နှုတ်ခမ်းအစုံကို အတင်းအဓမ္မ နမ်းရှုပ်လိုက်ကာ သူမ၏ နှုတ်ခမ်းများထံမှ ချိုမြိန်မှုကို ရယူတော့သည် ။

“ဝုန်း... “

ကျောက်မိန်သည် ခေါင်းထဲ၌ အုန်းခနဲ ဖြစ်သွားသလို ခံစားလိုက်ရသည် ။ ကျန်းဝူကျိက သူမကို ဤသို့ ဆက်ဆံဝံ့လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ ။ ရှက်ရွံ့မှုနှင့် အံ့အားသင့်မှုများ သူမ၏ စိတ်ထဲတွင် ပေါက်ကွဲထွက်သွားသော်လည်း နောက်တွင်တော့ ထူးဆန်းပြီးပြောပြရန်ခက်ခဲသော ခံစားမှုက ချက်ချင်းဆိုသလို အစားထိုး ဝင်ရောက်လာသည် ။

မွန်ဂိုအမျိုးသမီးများသည် ပင်ကိုယ်အားဖြင့် အလယ်ပိုင်းဒေသက အမျိုးသမီးများကဲ့သို့ ရှက်ကြောက်လွန်းသူများ မဟုတ်ကြဘဲ စိတ်ထားပွင့်လင်းကာ ရဲရင့်သူများ ဖြစ်ကြသည် ။ ကျောက်မိန်သည် ဟန်လူမျိုးတို့၏ ပညာရပ်များကို တတ်မြောက်ထားသော်လည်း သူမ၏ ပင်ကိုယ်သဘာဝမှာ ပြောင်းလဲခြင်း မရှိပေ ။ ရန်ပုဟွေ့နှင့် ရှောင်ကျောက်တို့သည် ကျန်းဝူကျိ၏ ဤကဲ့သို့ ဆက်ဆံမှုကို ခံရသောအခါ ရှက်ရွံ့လွန်း၍ တုန်ယင်နေခဲ့ကြပြီး ကျန်းဝူကျိ၏ အလိုအတိုင်းသာ ငြိမ်နေခဲ့ကြသည် ။

သို့သော် ယခုတွင်မူ ဤသည်မှာ ကျောက်မိန်၏ ပထမဦးဆုံး အနမ်းဖြစ်သော်လည်း သူမသည် အခြေအနေကို ပြောင်းပြန်လှန်ကာ ကျန်းဝူကျိ၏ တောင်းဆိုမှုများကို စိတ်အားထက်သန်စွာ တုံ့ပြန်လာသည် ။ ကျန်းဝူကျိအပေါ် သူမ စတင်ချစ်မိခဲ့ကတည်းက ရှိနေခဲ့သော အချစ်များကို တစ်ကြိမ်တည်းဖြင့် ထုတ်ဖော်လိုက်ချင်သကဲ့သို့ပင် ဖြစ်သည် ။

ကျန်းဝူကျိကလည်း ထိန်းချုပ်ခြင်း မရှိတော့ပေ ။ ချစ်ခြင်းနှင့် မုန်းခြင်းကို ပြတ်သားစွာ ဖော်ပြဝံ့သော ဤအမျိုးသမီးကို သူသည် လေးလည်းလေးစားသလို ချစ်လည်းချစ်မိသည် ။ သူ၏ လက်များက သူမ၏ ဝတ်ရုံအောက်သို့ တိုးဝင်သွားကာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နူးညံ့သော အသားအရေကို ပွတ်သပ်နေမိသည် ။

နှစ်ဦးသားမှာ အတော်ကြာအောင် နမ်းရှုပ်နေကြပြီးနောက် ကျောက်မိန်က မခံနိုင်တော့ဘဲ ကျန်းဝူကျိကို အသာအယာ တွန်းထုတ်လိုက်သည် ။

ကျန်းဝူကျိက သူမကို ကြည့်လိုက်သောအခါ ကျောက်မိန်၏ လှပသော မျက်နှာလေးမှာ နီမြန်းနေပြီး ရှက်ရွံ့မှုနှင့်အတူ ပျော်ရွှင်မှုများ ရောယှက်နေသည်ကို တွေ့ရသည် ။ သူမ၏ အကြည့်များမှာ ရှောင်လွှဲနေပြီး တစ်ခါတစ်ရံတွင်မူ ရှက်ကိုးရှက်ကန်းနှင့် အနည်းငယ် စိတ်ဆိုးသယောင်ဖြင့် သူ့ကို လှမ်းကြည့်နေလေသည် ။

အခန်း (၁၂၅) အယူအဆ

"လူယုတ်မာ........ရှင်က ကျွန်မအပေါ် ဒီလောက်တောင် လက်ရဲဇက်ရဲ ရှိလှချည်လား။ ဒီအတိုင်းတော့ အလွယ်တကူ အလျော့ပေးမှာ မဟုတ်ဘူး"

ကျောက်မိန်သည် မိမိအား ပြုံးပြီးကြည့်နေသော ကျန်းဝူကျိကို မြင်သောအခါ မျက်နှာတစ်ခုလုံး ပို၍ နီမြန်းလာသည်။ ထို့နောက် သူမသည် နှုတ်ခမ်းကို ဆူလိုက်ပြီး ထိုသို့ ပြောဆိုလိုက်လေသည်။

ကျန်းဝူကျိက တဟားဟား ရယ်မောရင်း "ဘာလဲ...... မင်းက ငိုယိုပြီး ပြဿနာရှာမလို့လား၊ ဒါမှမဟုတ် လည်ပင်းကြိုးကွင်းစွပ်ပြီး သေကြောင်းကြံမယ်လို့ ခြိမ်းခြောက်မလို့လား" ဟု ဆိုသည်။

ကျောက်မိန်က တံတွေးတစ်ချက် ထွေးလိုက်ပြီး "ကျွန်မကို ရှင့်ရဲ့ ဟန်အမျိုးသမီးတွေလို ထင်နေတာလား။ ရှင် ကျွန်မအပေါ် ဘယ်လိုဆက်ဆံသလဲ၊ ကျွန်မကလည်း ရှင့်ကို အဲ့ဒီအတိုင်း ပြန်လုပ်မှာပဲ" ဟု ပြန်ပြော၏။

ကျန်းဝူကျိမှာ အံ့အားသင့်သွားပြီး "ဟင်" ဟု ရေရွတ်မိသည်။

နောက်တစ်ခဏတွင် ကျောက်မိန်သည် နီမြန်းနေသော မျက်နှာဖြင့် ကျန်းဝူကျိအပေါ်သို့ အုပ်မိုးကာ သူ၏ နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်လေသည်။

ဤတစ်ကြိမ်တွင်မူ ကျန်းဝူကျိတစ်ယောက် အံ့ဩတုန်လှုပ်ရမည့် အလှည့်ဖြစ်လာသည်။

ဤသို့ ဖြစ်နိုင်ပါ့မလား။ သူမသည် ဤမျှအထိ သတ္တိရှိလှပါသလား။ ဤမျှအထိ ပွင့်လင်းလှပါသလား။

သို့သော် ကျန်းဝူကျိသည် ထိုသို့သော အခွင့်အရေးကို ငြင်းပယ်မည့်သူ မဟုတ်ပေ။ သူသည် ကျောက်မိန်ကို ချက်ချင်းပင် ပွေ့ဖက်လိုက်ပြီး သူမ၏ နှုတ်ခမ်းများထံမှ အချိုဓာတ်ကို မက်မောစွာ စုပ်ယူတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်များမှာလည်း အငြိမ်မနေဘဲ လှုပ်ရှားလျက် ရှိနေလေသည်။

တံခါးဝတွင် ရှိနေသော ဖန့်ယောင်သည် အရက်တစ်ငုံ သောက်လိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းကာ စဉ်းစားနေမိသည်။ ဂိုဏ်းချုပ်သည် တကယ့်ကို အံ့ဖွယ် လူသားတစ်ယောက် ဖြစ်သလို မင်းသမီးမှာလည်း သာမန်ထက် ထူးကဲသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ ဤနှစ်ဦးမှာ နတ်ဖတ်သည့် စုံတွဲပင် ဖြစ်တော့သည်။ အော့မေ့ဂိုဏ်းမှ ကျိုးကျစ်လော့မှာမူ ထိုမျှအထိ စွမ်းဆောင်နိုင်ပုံမရသဖြင့် ဂိုဏ်းချုပ်နှင့် သင့်တော်မည် မဟုတ်ပေ။ ရန်ရှောင်၏ သမီးမှာမူ ပို၍ပင် မလိုက်ဖက်လှချေ။

ဖန့်ယောင်သည် အမြော်အမြင်ရှိသော လူတစ်ဦး ဖြစ်သည်။ သူက ဂိုဏ်းချုပ်နှင့် မင်းသမီးတို့၏ ဆက်ဆံရေးမှတစ်ဆင့် ဟန်လူမျိုးနှင့် မွန်ဂိုလူမျိုးများအကြား တင်းမာမှုများကို လျှော့ချနိုင်မည်ဟု တွေးတောမိသည်။ ထိုသို့ဆိုလျှင် ရှေးဟောင်း တန်မင်းဆက်ကဲ့သို့ စည်ပင်ဝပြောသော အင်ပါယာကြီးကို ပြန်လည် တည်ထောင်နိုင်မည် ဖြစ်ပြီး လူမျိုးစုအားလုံး သဟဇာတဖြစ်စွာ နေထိုင်ရင်း ဂိုဏ်းချုပ်ကို ထန်ထိုက်ချုံး ဧကရာဇ်ကဲ့သို့ ကြည်ညိုလေးစားကြမည် မဟုတ်ပါလား။

ထိုအချိန်ကျလျှင် သူသည် ဂိုဏ်းချုပ်နှင့် မင်းသမီး နှစ်ဦးလုံးအပေါ် သစ္စာစောင့်သိကာ ကွမ်မင်ညာလက်ရုံးသံတမန် အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ အနာဂတ်တွင် အရာရှိရာထူး အချို့ ပေးအပ်ခြင်း ခံရမည်ဆိုလျှင်လည်း မဆိုးလှပေ။ သူသည် မည်သည့်အခါမှ မကောင်းသော အကြံအစည် မရှိခဲ့သဖြင့် မည်သူ့ကိုမဆို ရင်ဆိုင်ရဲပေသည်။ ထိုအခြေအနေမှာ တကယ့်ကို ဖော်ပြ၍ မရနိုင်အောင်ပင် ကောင်းမွန်လှသည်။

ထိုသို့ တွေးမိသောအခါ ဖန့်ယောင်သည် အလွန် ဝမ်းမြောက်သွားသည်။ ဤအရက်မှာ အကောင်းစား မဟုတ်သော်လည်း ယခုအချိန်တွင် သောက်ရသည်မှာ ထူးခြားသော အရသာ ရှိနေတော့သည်။

ခန်းထဲတွင်မူ ကျန်းဝူကျိနှင့် ကျောက်မိန်တို့သည် ဆက်လက်၍ ရင်းနှီးနေကြရာ ကျောက်မိန်မှာ တကယ့်ကို မအောင့်ထားနိုင်တော့ပေ။ နောက်ဆုံးတွင် သူမသည် သူမ၏ ဝတ်ရုံအတွင်းသို့ ရောက်ရှိနေသော ကျန်းဝူကျိ၏ လက်ကို တွန်းဖယ်လိုက်ပြီး မူလနေရာတွင် ပြန်ထိုင်ကာ ခြေထောက်များကို စိထားလိုက်သည်။ သူမ ပုံစံမှာ အနိုင်ကျင့်ခံထားရသည့်အတိုင်းပင်။

ကျန်းဝူကျိမှာမူ သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး လက်ဖဝါးကို ပွတ်သပ်နေသည်။

သူ၏ အတွေးများမှာ အမြဲတမ်း မှန်ကန်ကြောင်း သက်သေပြနေပေသည်။ ကျောက်မိန်သည် ကဏ္ဍပေါင်းစုံတွင် အလွန် ကောင်းမွန်ထူးကဲသော မိန်းကလေးတစ်ဦး ဖြစ်သည်။

ကျန်းဝူကျိက ပြုံးလိုက်ပြီး "ငါ့ရဲ့ ကျောက်မိန်လေး ၊ အခု ကျေနပ်ပြီလား" ဟု မေးလိုက်သည်။

"မကျေနပ်သေးဘူး.... အပြင်မှာ လူတွေ ရှိနေလို့ပေါ့၊ မဟုတ်ရင် ဘယ်သူက အနိုင်ရမလဲဆိုတာ ကြည့်ရဦးမှာ"

ကျောက်မိန်၏ မျက်နှာမှာ နီမြန်းနေသော်လည်း အရှုံးမပေးလိုပေ။

ကျန်းဝူကျိမှာမူ ဂရုမစိုက်ပေ။ သူသည် အမြတ်ထွက်ပြီးသား ဖြစ်သလို အနာဂတ်တွင်လည်း အခွင့်အရေးများစွာ ရှိနေသည် မဟုတ်ပါလား။ ဤအရာများမှာ သေးငယ်သော ကိစ္စများသာ ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ကျန်းဝူကျိသည် ကျောက်မိန်ကို ထိုနေရာတွင်ပင် ပိုင်ဆိုင်လိုသော်လည်း တံခါးဝ၌ ဖန့်ယောင် ရှိနေပေသည်။ ထိုသို့သော ကိစ္စမျိုးကို အခြားတစ်ယောက်အား မည်သို့ ကြားခွင့်ပေးနိုင်ပါ့မည်နည်း။ ထိုအချက်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် အလောတကြီး လုပ်ရန် မလိုပေ။ ကျန်းဝူကျိတွင် လှပသော အမျိုးသမီးများ ဝန်းရံနေသဖြင့် ဤကဲ့သို့သော ကိစ္စလေးအတွက် စိတ်အနှောင့်အယှက် မဖြစ်လှချေ။

ကျောက်မိန်သည် သာမန်မိန်းကလေးများနှင့် မတူသည့်အတွက် လျင်မြန်စွာပင် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာအမူအရာမှာ အလွန် တည်ကြည်သွားပြီး "ရှင် ကျွန်မတို့ မွန်ဂိုတွေကို ရန်သူလို သဘောထားဖို့ ဆုံးဖြတ်ထားတာလား" ဟု မေးမြန်းလိုက်သည်။

ကျန်းဝူကျိက သူမ ဤသို့ မေးမည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ရာ ခေါင်းခါယမ်းလျက် "ဟင့်အင်း၊ ငါ့မှာ မွန်ဂိုတွေအပေါ် ဘာအစွဲမှ မရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မင်းတို့ရဲ့ ရဲရင့်ပြီး သဘောထားကြီးတဲ့ စရိုက်ကို ငါ အရမ်း သဘောကျတယ်။ ဒါကြောင့် ငါက မွန်ဂိုမျိုးနွယ်တစ်ခုလုံးကို ရန်သူလို ဘယ်တော့မှ သဘောထားမှာ မဟုတ်ဘူး" ဟု ဆိုသည်။

"ဒါဆို ရှင်က..."

ကျောက်မိန်က ဆက်မေးချင်သော်လည်း ဘယ်ကစရမှန်း မသိ ဖြစ်နေသည်။

ထိုအခါ ကျန်းဝူကျိက သူမ၏ မေးခွန်းကို ပြန်လည် ဖြေကြားပေးလိုက်သည်။ "ငါက မွန်ဂိုတွေနဲ့ ပြဿနာမရှိပေမယ့် အသုံးမကျတဲ့ ယွမ်နန်းတွင်းနဲ့တော့ ပြဿနာရှိတယ်။ သူတို့က ကမ္ဘာကြီးကို ဆင်းရဲဒုက္ခရောက်အောင် လုပ်ခဲ့တယ်၊ ငါ့ရဲ့ မြင့်မြတ်တဲ့မြေပေါ်က လူတွေကို နှစ်ပေါင်း တစ်ရာကြာအောင် ကျွန်ပြုခဲ့တယ်။

ဒီလူယုတ်မာတွေကို အမြစ်ပြတ် တိုက်ထုတ်ရမယ်။ မကြာခင်မှာ ယွမ်မင်းဆက်ဆိုတာ သမိုင်းဝင် စကားလုံးတစ်ခုပဲ ဖြစ်ကျန်ခဲ့တော့မှာပါ။ လူတွေက အရင်မင်းဆက် ဒါမှမဟုတ်ရင်လည်း ယွမ်မင်းဆက်လို့ပဲ ပြောကြတော့မယ်၊ အခုလို ခမ်းနားတဲ့ ယွမ်အင်ပါယာကြီးအဖြစ် ရှိနေတော့မှာ မဟုတ်ဘူး"

ကျောက်မိန်သည် တိတ်ဆိတ်စွာ နားထောင်နေသည်။ မွန်ဂိုရွှေရောင်မိသားစုသည် မျိုးဆက်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း အားနည်းချက်များစွာ ရှိနေသည်ကို သူမ ကောင်းကောင်း သိသည်။ သူတို့တွင် စစ်ရေးစွမ်းရည် ကြွယ်ဝသော်လည်း အုပ်ချုပ်ရေးပိုင်းတွင်မူ အရိုင်းဆန်သော အဆင့်မှာပင် ရှိနေသေးသည်။ ယွမ်မင်းဆက် တစ်လျှောက်လုံးကို ကြည့်လျှင် ကူဗလိုင်ခန် တစ်ဦးတည်းသာ အုပ်ချုပ်ရေးကို နားလည်ခဲ့သဖြင့် ယွမ်မင်းဆက်ကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကူဗလိုင်ခန်၏ စစ်ရေးအောင်မြင်မှုများမှာ အုပ်ချုပ်ရေးထက် ပို၍ များပြားလှသည်။ နောက်ပိုင်း တက်လာသော ယွမ်ဧကရာဇ်များမှာမူ အသုံးမကျသူများသာ ဖြစ်ကြပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့နေနေသာသာ နန်းတွင်းက ကိစ္စလေးတွေကိုတောင် ရှင်းနိုင်ရင် တော်လှပြီ ဖြစ်သည်။

ခဏအကြာတွင် ကျောက်မိန်က ရုတ်တရက် "ကျွန်မကလည်း ယွမ်နန်းတွင်းက မှူးမတ်တစ်ယောက်ရဲ့ သမီးပဲ။ ရှင် ကျွန်မကိုလည်း သတ်မှာလား" ဟု ဆိုသည်။

ထိုသို့ ပြောပြီးနောက် ကျန်းဝူကျိ၏ အဖြေကို မစောင့်ဘဲ ကျောက်မိန်က မိမိကိုယ်ကို လှောင်ပြောင်သကဲ့သို့ ပြုံးလိုက်ပြီး "ဟုတ်တာပေါ့၊ သန်းပေါင်းများစွာသော လူတွေနဲ့ ယှဉ်ရင် ကျွန်မက ဘာမှမဟုတ်ပါဘူး။ ရှင်က ကျွန်မလို ပြဿနာများတဲ့ မိန်းမတစ်ယောက် သေသွားရင် ပြဿနာနည်းသွားမယ်လို့တောင် တွေးပြီး ဝမ်းသာနေမှာပါ" ဟု ပြောလိုက်သည်။

သူမ၏ လေသံမှာ ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေသည်။ ကျောက်မိန်သည် ဤပြဿနာမှာ မည်သို့မျှ မဖြေရှင်းနိုင်သော အရာဖြစ်ကြောင်း သိရှိနေပေသည်။

သို့သော် ကျန်းဝူကျိက ခေါင်းခါယမ်းကာ "မင်းတစ်ယောက်တည်းက သန်းပေါင်းများစွာသော လူတွေနဲ့ မယှဉ်နိုင်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါက အတ္တကြီးတဲ့သူ တစ်ယောက်ပါ။ ဝေဝါးနေတဲ့ အယူအဆတွေထက် မင်း ဘေးကင်းကင်းနဲ့ ရှိနေတာကိုပဲ ငါ ပိုပြီးလိုလားတယ်။ မင်းကို ဘယ်လို ထိခိုက်မှုမျိုးမှ မဖြစ်စေချင်ဘူး" ဟု ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျောက်မိန်၏ မျက်နှာပေါ်မှ ဝမ်းနည်းရိပ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ပါးပြင်လေးများ နီမြန်းလာကာ ခေါင်းငုံ့သွားလေသည်။

"ဟင်း"

ခဏအကြာတွင် ကျောက်မိန်က သက်ပြင်းချလိုက်ပြီး "ငယ်ငယ်ကတည်းက မွန်ဂိုမျိုးနွယ် ဖြစ်ရတာကို ဂုဏ်ယူခဲ့တာ။ ဒါပေမဲ့ ရှင့်ကို တွေ့ပြီးတဲ့နောက်မှာတော့ ကျွန်မဟာ သာမန် ဟန်အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အဲ့ဒါဆိုရင် ရှင်လည်း ကျွန်မအပေါ် ပိုကောင်းမှာဖြစ်သလို ကျွန်မတို့ကြားမှာလည်း ဘာအတားအဆီးမှ ရှိမှာမဟုတ်ဘူး" ဟု ဆိုသည်။

"မဟုတ်ဘူး၊ မင်းသာ မွန်ဂိုမင်းသမီး မဟုတ်ခဲ့ရင် မွန်ဂိုတွေရဲ့ ကံကြမ္မာဟာ တကယ့်ကို အမြစ်ပြတ် သုတ်သင်ခံရတာမျိုး ဖြစ်သွားလိမ့်မယ်"

ကျန်းဝူကျိက တည်ငြိမ်စွာ ပြောလိုက်သဖြင့် ကျောက်မိန်က သူ့ကို ရုတ်တရက် မော့ကြည့်လိုက်သည်။

ကျောက်မိန်သည် ဉာဏ်ကောင်းသူ ဖြစ်သည်။ ယခုအချိန်တွင် သူမ၏ ဆင်ခြင်တုံတရားမှာ ခံစားချက်ကြောင့် အနည်းငယ် ယိမ်းယိုင်နေသော်လည်း ဉာဏ်ရည်မှာမူ လျော့ပါးမသွားပေ။ ကျန်းဝူကျိ ထိုသို့ ပြောသည်ကို ကြားသောအခါ သူမ တစ်စုံတစ်ခုကို တွေးမိသွားပြီး "ရှင်က ကျွန်မရဲ့ အဆင့်အတန်းကို သုံးပြီး မွန်ဂိုတွေကို သိမ်းသွင်းချင်တာလား" ဟု မေးလိုက်သည်။

"အဲ့ဒီလိုလည်း ပြောလို့ရတယ်၊ ဒါပေမဲ့ သိမ်းသွင်းရုံတင် မဟုတ်ပါဘူး"

ကျန်းဝူကျိသည် လှပသော အမှတ်တရတစ်ခုကို သတိရနေသည့်အလား ပြုံးလိုက်ပြီး "ငါ တည်ထောင်ချင်တဲ့ နိုင်ငံက လူမျိုးစုတွေကို အလွန်အကျွံ ခွဲခြားနေဖို့ မလိုတဲ့ နိုင်ငံမျိုးပါ။ ဘာလို့လဲဆိုတော့ လူတိုင်းက တူညီတဲ့ အခွင့်အရေး ရမှာမို့လို့ပဲ။ အခု မွန်ဂိုတွေ လုပ်နေသလိုမျိုး အဆင့်အတန်း ခွဲခြားတာမျိုး ရှိမှာမဟုတ်ဘူး။

မင်းက မွန်ဂိုမင်းသမီး ဖြစ်နေတာက အစောပိုင်းကာလမှာ မွန်ဂိုတွေကို သိမ်းသွင်းဖို့ လိုအပ်တဲ့ အချက်တစ်ချက်ပဲ၊ ရည်ရွယ်ချက်ကတော့ ယုံကြည်မှုရဖို့နဲ့ ရေရှည် တိုးတက်ဖို့ပါ။ ဟန်လူမျိုးတွေက အရေအတွက် အများဆုံး ဖြစ်နေလို့ အဓိက ဖြစ်နေမှာ မှန်ပေမယ့် မွန်ဂိုတွေရဲ့ အဆင့်အတန်းက ဟန်လူမျိုးတွေထက် နိမ့်ကျနေဖို့ မလိုဘူး။ ဒါဟာ တောင်ပိုင်းက လူမျိုးစုတွေအတွက်လည်း အတူတူပါပဲ။ အားလုံးကို ချိတ်ဆက်ပေးမှာက ယဉ်ကျေးမှုပဲ၊ လူမျိုးရေး မဟုတ်ဘူး"

ကျန်းဝူကျိသည် သူ၏ စိတ်ကူးထဲက နိုင်ငံမှာ နောင်အနာဂတ် မျိုးဆက်များတွင်မှ ရှိနိုင်မည်ကို သိထားသည်။ ယခုအချိန်တွင် တိုက်ရိုက် အကောင်အထည်ဖော်ရန်မှာ အလှမ်းဝေးကွာလွန်းလှပြီး ပြဿနာများ ဖြစ်လာနိုင်သည်။ ပြုပြင်ပြောင်းလဲမှုများကို ဖြည်းဖြည်းချင်းနှင့် အဆင့်ဆင့် လုပ်ဆောင်ရန် လိုအပ်ပေသည်။

မဟုတ်လျှင် ကျန်းဝူကျိအနေဖြင့် တော်လှန်ပုန်ကန်ချိန်တွင် "လူတိုင်း သာတူညီမျှဖြစ်ရမည်" ဟူသော ကြွေးကြော်သံများကို တိုက်ရိုက် ဟစ်ကြွေးမည်ဆိုပါက ရှေးရိုးစွဲ အင်အားစုများ၏ ပြင်းထန်သော တုံ့ပြန်မှုကို မလွဲမသွေ ခံရမည် ဖြစ်သည်။ ၎င်းမှာ ပေါ့ပေါ့တန်တန် လုပ်ရမည့်ကိစ္စ မဟုတ်ပေ။

ပြုပြင်ပြောင်းလဲမှု တစ်ခုအတွက် ကြိုတင် လိုအပ်ချက်မှာ ကိုယ်ပိုင်အာဏာ ရှိနေရမည် ဖြစ်ပြီး ပန်းတိုင်ကိုလည်း တစ်ဆင့်ချင်း လျှောက်လှမ်းရမည် ဖြစ်သည်။

ကျန်းဝူကျိ ယခုပြောလိုက်သော စကားမှာ ပထမဆုံး ခြေလှမ်းသာ ဖြစ်ပြီး နှိုင်းယှဉ်ချက်အရ ဤအဆင့်မှာ အောင်မြင်ရန် အလွန် လွယ်ကူနေသေးသည်။

All Chapters