← Chapters

အခန်း (၁၂၆-၁၃၀)

Vol. 13 Ch. 126-130

အခန်း (၁၂၆-၁၃၀)

Vol. 13 Ch. 126-130

အခန်း (၁၂၆) ကျောက်မိန်အား အောင်နိုင်မည့် သော့ချက်

ကျန်းဝူကျိ၏ အကြံအစည်များကို နားထောင်ပြီးနောက် ကျောက်မိန်မှာ အတန်ငယ် မိန်းမောတွေဝေသွားရသည်။ ကျန်းဝူကျိ စကားပြော၍ အဆုံးသတ်သွားသည့် အခါတွင်မူ ကျောက်မိန်၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလေသည်။

ကျောက်မိန်က "အမှန်အတိုင်း ပြောရရင် အခုချိန်မှာ ပုန်ကန်သူတွေ အများကြီးရှိနေပြီး သူတို့အားလုံးက ကျွန်မတို့ မွန်ဂိုတွေကို တိုက်ထုတ်ဖို့ အလံထောင်နေကြတာပဲ။ ဒါပေမဲ့ မျိုးနွယ်စု ခွဲခြားမှုမရှိဘဲ တူညီတဲ့ ယဉ်ကျေးမှုအကြောင်းကို ရှင်တစ်ယောက်ပဲ ပြောနိုင်တယ်" ဟု ဆိုသည်။

ကျန်းဝူကျိက "ရိုးရိုးသားသားပြောရရင်....ငါ တည်ထောင်ချင်တဲ့ နိုင်ငံက တရုတ်ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ တော်ဝင်အင်ပါယာတစ်ခု ဖြစ်မှာပါ။ တကယ်တော့ မျိုးနွယ်စုငါးခု ပုန်ကန်မှုကတည်းက မျိုးနွယ်စုတွေ အချင်းချင်း ရောနှောကုန်ကြတာ ဟန်လူမျိုးတွေဟာ ဟန်လူမျိုးစစ်စစ် ဖြစ်ချင်မှ ဖြစ်တော့မှာပါ။ ဒါပေမဲ့ ဘာလို့ သူတို့ရဲ့ မျိုးနွယ်စု ဂုဏ်သိက္ခာက အခုထိ ဆတ်ဆတ်ထိမခံ ဖြစ်နေရသေးတာလဲ။ အခြေခံအားဖြင့်တော့ ငါ ခုနက ပြောသလိုပါပဲ၊ အသိအမှတ်ပြုခံရတာက အမြဲတမ်း ယဉ်ကျေးမှုပဲ ဖြစ်တယ်၊ မျိုးနွယ်စု မဟုတ်ဘူး။

မျိုးနွယ်စုအကြောင်းပဲ ပြောမယ်ဆိုရင် ရှုန်းနူးတွေဟာ ဘယ်ဆီရောက်ကုန်မှန်း မသိအောင် ပျောက်ကွယ်သွားပြီ၊ ခီတန်နဲ့ ကျူချန်းတွေဆိုတာလည်း အခုဆို လက်ချိုးရေလို့တောင် ရနေပြီ။ ဒါပေမဲ့ ဟန်လူမျိုးတွေကတော့ ပိုပိုပြီး များလာတယ်။ ကူဗလိုင်ခန် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ဒီမြေကို အုပ်ချုပ်ချင်ရင် ဟန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို သင်ယူရမှာပဲ။ ငါ့အမြင်မှာတော့ ဆက်ခံလာတဲ့ မင်းဆက်တွေရဲ့ အမွေအနှစ်ဟာ တရုတ်ယဉ်ကျေးမှုရဲ့ ထူးခြားချက်ပေါ်မှာပဲ မှီခိုနေတာပါ။

မွန်ဂိုတွေဟာ တစ်ချိန်က အနောက်ဘက် အဝေးကြီးအထိ ရောက်ခဲ့ကြတယ်၊ အဲ့ဒီမှာ အနောက်တိုင်းဒေသတွေနဲ့ ဒါချင်းလို အင်အားကြီးနိုင်ငံတွေ ရှိခဲ့ပေမဲ့ အခု သူတို့မှာ ဘာရှိသေးလို့လဲ။ နောက်ဆုံးတော့ ဒါဟာ ယဉ်ကျေးမှုရဲ့ ကိစ္စပဲ။ ဒီနေရာမှာ သူတို့ဟာ ငါတို့ တရုတ်ယဉ်ကျေးမှုကို ဘယ်တော့မှ မမှီနိုင်ဘူး။ ဒါကြောင့်လည်း တရုတ်ပြည်ဟာ အခုထိ တည်တံ့နေတာပေါ့။

တကယ်တော့ အခုတင် မဟုတ်ပါဘူး၊ နောင်တစ်ချိန်မှာ မင်းနဲ့ ငါလည်း သေကြမှာပဲ၊ ငါတို့ သားသမီး မြေးမြစ်တွေလည်း သေကြမှာပဲ။ ဒါပေမဲ့ ယဉ်ကျေးမှု ရှိနေသရွေ့ တရုတ်လူမျိုးတွေဟာ ထာဝရ တည်တံ့နေမှာ ဖြစ်ပြီး ဘယ်တော့မှ ဖျက်ဆီးလို့ ရမှာ မဟုတ်ဘူး။ ဒါဟာ တခြား ဘယ်မျိုးနွယ်စုနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ အချက်ပဲ" ဟု ပြန်လည် ချေပပြောဆိုသည်။

ကျန်းဝူကျိက ကျောက်မိန်ကို ကြည့်ပြီး "ဒါကြောင့် ငါပြောနေတာက တရုတ်ယဉ်ကျေးမှုကို အသိအမှတ်ပြုတဲ့ နိုင်ငံအကြောင်းပဲ။ ကွန်ဖူးရှပ်က တစ်ခါက ပြောဖူးတယ်၊ 'လူရိုင်းတွေ တရုတ်ပြည်ထဲ ရောက်လာရင် တရုတ်ဖြစ်သွားမယ်၊ တရုတ်တွေ လူရိုင်းတွေဆီ ရောက်သွားရင် လူရိုင်းဖြစ်သွားမယ်' တဲ့။ ဒါဟာ ငါလက်ခံထားတဲ့ ယူဆချက်ပဲ။ မင်းရဲ့ အဆင့်အတန်းကို သုံးပြီး မွန်ဂိုတွေကို စည်းရုံးခိုင်းတာက ယုံကြည်မှု တည်ဆောက်ဖို့ ပထမခြေလှမ်းပဲ။ ငါ့ကို အပြည့်အဝ ယုံကြည်လို့ ရပါတယ်၊ နောက်ကျရင် ဒါတွေက ပြဿနာ ဖြစ်လာမှာ မဟုတ်ဘူး" ဟု ဆက်ပြောသည်။

ဤစကားများမှာ ကျန်းဝူကျိ၏ စိတ်ကူးများဖြစ်ပြီး သူသည် ထိုအချက်များကို အလွန် ယုံကြည်မှု ရှိနေသည်။

ယခုအချိန်တွင် ထိုစိတ်ကူးများကို ထုတ်ပြောခြင်းမှာ ရည်ရွယ်ချက် များစွာ ရှိပေသည်။

ပထမအချက်မှာ ကျန်းဝူကျိသည် ထိုသို့ အမှန်တကယ် တွေးတောမိခြင်းဖြစ်ပြီး ကျောက်မိန်ကို ရင်ဖွင့်လိုခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ ဤသို့ ပြောလိုက်ခြင်းက ကျောက်မိန်အပေါ် များစွာ သက်ရောက်မှု ရှိမည် ဖြစ်သည်။ ကျောက်မိန်မှာ ချစ်လျှင်လည်း ပွင့်လင်းပြီး မုန်းလျှင်လည်း ပြတ်သားသည့် အမျိုးသမီး ဖြစ်သည်။ အကယ်၍ နိုင်ငံရေး အတားအဆီးများကို ဖယ်ရှားနိုင်လျှင် သူမသည် အပြည့်အဝ အရှုံးပေးသွားပေလိမ့်မည်။

တတိယအချက်မှာ ဖန့်ယောင်သည် အပြင်တွင် နားထောင်နေသည် မဟုတ်ပါလား။ ဖန့်ယောင်အား ဤစကားများကို ကြားစေခြင်းဖြင့် သူ့ကို များစွာ တုန်လှုပ်စေမည် ဖြစ်သည်။ သို့သော် အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်တတ်သည့် ဖန့်ယောင်အဖို့ ကျန်းဝူကျိ၏ ရှင်းပြချက်နှင့် ဖျောင်းဖျချက်များမှာ စိတ်လှုပ်ရှားစရာ ဖြစ်နေမည်မှာ အသေအချာပင်။

နောက်ဆုံးတွင်မူ ဤစိတ်ကူးများကို တဖြည်းဖြည်းချင်း ဖြန့်ဝေသွားရမည် ဖြစ်ပြီး အလောတကြီး လုပ်၍ မရနိုင်ပေ။

ကျောက်မိန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသော်လည်း ၎င်းမှာ မကျေနပ်သည့် အမူအရာ မဟုတ်ဘဲ အံ့အားသင့်ကာ သဘောတူသည့် ပုံစံမျိုး ဖြစ်သည်။

ကျန်းဝူကျိ၏ စိတ်ကူးများမှာ ထိုခေတ်ကာလအတွက် အလွန် အဆင့်မြင့်လွန်းနေပြီး ကျောက်မိန် မည်မျှပင် ထက်မြက်ပါစေ သူမ၏ အမြင်မှာ ကန့်သတ်ချက် ရှိနေပေသည်။ ထိတ်လန့်မသွားလျှင်သာ ပုံမှန်မဟုတ်ဟု ဆိုရမည်။

သို့သော် ဤအစီအစဉ်မှာ အလွန်ပင် သတိထား စီစဉ်ထားခြင်းဖြစ်ပြီး ဤထက် ပိုကောင်းသည့် ရွေးချယ်စရာ များများစားစား မရှိပေ။

ကျောက်မိန်မှာ အရာအားလုံးကို နားလည်သွားပြီးနောက် သူမ၏ ထက်မြက်လှသော ဉာဏ်ဖြင့် နှုတ်ခမ်းကို စူလိုက်ပြီး ကျန်းဝူကျိကို ရန်တွေ့လိုသော အကြည့်ဖြင့် ကြည့်ကာ "ဒါဆို အစကတည်းက ရှင်က ရှင့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျွန်မရဲ့ အဆင့်အတန်းကို အသုံးချချင်လို့ ကျွန်မကို လာမြူဆွယ်ပြီး ရှင့်ကို ချစ်မိအောင် လုပ်ခဲ့တာပေါ့၊ ဒီလူလိမ်လေးကတော့...... ကျွန်မက အစားထိုးလို့ ရတဲ့ လူတစ်ယောက်ပဲပေါ့" ဟု ဆိုသည်။

ကျန်းဝူကျိမှာ ဘာပြောရမှန်း မသိ ဖြစ်သွားရသည်။

သူတို့ နိုင်ငံရေးအကြောင်း ဆွေးနွေးနေကြသည် မဟုတ်ပါလား။ ဘာကြောင့် သူမက ရုတ်တရက်ကြီး ရန်တွေ့နေရသနည်း။

သို့သော် ခဏမျှ အံ့အားသင့်သွားပြီးနောက် ကျန်းဝူကျိ နားလည်သွားသည်။ နောက်ဆုံးတွင်မူ ဤအချိန်၌ ကျောက်မိန်မှာ ချစ်သူရှိနေသည့် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်။ သူမ၏ အမြင်တွင် နိုင်ငံရေး ကိစ္စများမှာ ချစ်သူ၏ ဆန္ဒထက် အဆပေါင်းများစွာ အရေးပါမှု နည်းပါးလှပေသည်။

သူမ၏ အခု အမူအရာမှာ နားလည်မှု လွဲနေခြင်း ဖြစ်ကြောင်း သိသာလှသည်။

ကျန်းဝူကျိက အခြေအနေကို ရိပ်မိသဖြင့် ခေါင်းကို ခါယမ်းကာ "ဒါဆိုရင်တော့ မင်း မှားသွားပြီ။ ငါ မင်းနဲ့ တွေ့ပြီးမှပဲ ဒီလို အတွေးတွေ ရှိလာတာ။ ငါက မင်းကို တမင် လိမ်ညာပြီး ငါ့ကို ချစ်အောင် လုပ်ခဲ့တာ မဟုတ်ပါဘူး၊ မင်းကို မြင်မြင်ချင်း ချစ်မိသွားလို့ တမင် လိုက်ခဲ့တာပါ။ မင်း ရှိနေလို့သာ ဒီလို စိတ်ကူးတွေ ရှိလာတာ။ မင်းသာ မရှိရင် အစားထိုးစရာ လူလည်း မရှိဘူး၊ မွန်ဂိုနိုင်ငံဟာလည်း ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။

မင်း စဉ်းစားကြည့်ပါ၊ အခု ပြည်သူတွေက မွန်ဂိုတွေအပေါ် ဘယ်လောက် နာကျည်းနေသလဲဆိုတာ။ ငါက အတူတူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့နဲ့ အတန်းအစား ခွဲခြားမှု မရှိဖို့ကို ဟောပြောတာ ပိုကောင်းမလား၊ ဒါမှမဟုတ် မွန်ဂိုတွေကို တိုက်ထုတ်ပြီး တရုတ်ပြည်ကို ပြန်လည် ထူထောင်ဖို့ ပြောတာ ပိုကောင်းမလား။ မင်း အဖြေကို သိမှာပါ" ဟု ပြောလိုက်သည်။

ကျောက်မိန်၏ မျက်နှာတွင် ရှက်သွေးဖြာသွားပြီး အလွန်ပင် ပျော်ရွှင်သွားပုံ ရလေသည်။

တကယ်တော့ ကျောက်မိန်အတွက် နောက်ပိုင်း စကားများမှာ အရေးမကြီးလှပေ။ "မင်းကို မြင်မြင်ချင်း ချစ်မိသွားတယ်" ဆိုသည့် ကျန်းဝူကျိ၏ စကားတစ်ခွန်းကသာ အရာအားလုံးထက် ပို၍ အရေးကြီးနေသည်။

"ရှင့်မှာ အားနာတတ်တဲ့စိတ်လေးတော့ ရှိသေးတာပဲ။ ပြီးခဲ့တဲ့ လတွေကတည်းက ရှင့်အကြောင်းကို အရူးတစ်ယောက်လို တွေးခဲ့ပြီး ရှင့်အတွက် အများကြီး လုပ်ပေးခဲ့ရတာ မနှမြောတော့ဘူး"

ကျောက်မိန်က နှုတ်ခမ်းစူကာ ကျန်းဝူကျိကို ကြည့်ရင်း "ရှင် သိလား..... ကျွန်မ ရှင်ခိုင်းတဲ့အတိုင်း ကျိုးကျစ်လော့ကို စောင့်ရှောက်ပေးခဲ့ရုံတင် မဟုတ်ဘူး၊ ကျွန်မရဲ့ ကိစ္စအဝဝကို ကျွန်မအစ်ကိုနဲ့ ကျွန်မအဖေဆီ တဖြည်းဖြည်း လွှဲပေးခဲ့တာ။ ကျွန်မ တွေးခဲ့တာက အရာအားလုံး ပြီးသွားရင် ဒီမင်းသမီး ဆိုတဲ့ အဆင့်အတန်းကို မလိုချင်တော့ဘဲ ရှင့်နောက်ကိုပဲ စိတ်ရောကိုယ်ပါ လိုက်လာဖို့ပဲ။

ကျွန်မက အရူးတစ်ယောက်ပါပဲ၊ ကျွန်မရဲ့ မြင့်မြတ်တဲ့ ဂုဏ်ပုဒ်တွေကို စွန့်လွှတ်တယ်၊ အဖေ၊ အစ်ကိုနဲ့ မိသားစုကို စွန့်လွှတ်ပြီး ရှင့်နောက်ကိုပဲ လိုက်ချင်ခဲ့တာ။ ကျွန်မနှလုံးသားထဲမှာ ရှင်သာရှိနေရင် ရှင့်နောက်လိုက်ရင်း အရိုက်ခံရတာပဲ ဖြစ်ဖြစ်၊ အဆူခံရတာပဲ ဖြစ်ဖြစ် ကျွန်မ လက်ခံနိုင်မယ်လို့ တွေးခဲ့တာ။ တကယ်တော့ ကျွန်မ အစက နည်းနည်း စိုးရိမ်နေခဲ့တာ၊ ဒါပေမဲ့ အခု ရှင့်ရဲ့စကားတွေကို ကြားပြီးတော့ ကျွန်မ လုံးဝ စိတ်အေးသွားပြီ။ ရှင်က မိန်းမရှုပ်ပြီး စိတ်ပျက်ဖို့ ကောင်းပေမဲ့ အနည်းဆုံးတော့ ကျွန်မအပေါ် သစ္စာရှိနိုင်မှာပါ" ဟု ဆိုသည်။

စကားအဆုံးတွင် ကျောက်မိန်၏ လေသံမှာ အလွန် ချိုသာသွားလေသည်။ သူမသည် ကျန်းဝူကျိ၏ စကားကို အပြည့်အဝ ယုံကြည်သွားပြီး သူတို့၏ ဆက်ဆံရေးတွင် ရှိနေသည့် အတားအဆီးများကို ဖြေရှင်းရန် တိုးတက်မှုများ ရှိလာသည့်အတွက် ဝမ်းသာနေမိသည်။ ကျန်းဝူကျိ၏ နည်းဗျူဟာမှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရှိလှသည်။

ကျောက်မိန်၏ ထက်မြက်မှုအရ ယွမ်မင်းဆက် ပျက်သုဉ်းတော့မည်ကို သူမ ကြိုတင် သိရှိပြီးသား ဖြစ်သည်။ တောင်ပိုင်း‌ဒေသတစ်ခုလုံးနီးပါးမှာ ထိန်းချုပ်မှု လွတ်နေပြီဖြစ်ကာ နေရာအနှံ့တွင် ပုန်ကန်မှုများ ဖြစ်ပွားနေပြီး နှိမ်နင်းရန် မဖြစ်နိုင်တော့ပေ။

သူမ၏ ဖခင်ဖြစ်သူမှာလည်း ဤကိစ္စအတွက် မကြာခဏ စိတ်ပူနေရသည်ကို ကျောက်မိန် မြင်တွေ့နေရသဖြင့် သူမကိုယ်တိုင်လည်း လမ်းစပျောက်နေခဲ့ခြင်း ဖြစ်သည်။ ယခု ကျန်းဝူကျိ၏ စကားများမှာ အမှန်တကယ်ပင် ကောင်းမွန်သည့် အဖြေတစ်ခု ဖြစ်နေသည်။ ဤကိစ္စတွင် အထိအခိုက် အနည်းဆုံးဖြစ်အောင် မည်သို့ လုပ်ဆောင်ရမည်ကို သူမ သေချာ စဉ်းစားရန် လိုအပ်ပေသည်။

“အကောင်းဆုံးကတော့ သိုင်းလောကက အကျော်အမော်တွေကို စုစည်းပြီး အမြစ်ကနေ ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ”

“ဟင်....... သိုင်းလောက အကျော်အမော်တွေလား”

ကျောက်မိန်မှာ ရုတ်တရက် ထိတ်လန့်သွားပြီး ကျန်းဝူကျိကို အသံတိုးတိုးဖြင့် "တံခါးနားက ဆရာကြီးကူက ကျွန်မတို့ပြောတာတွေကို ကြားသွားလောက်ပြီ။ သူက စကားမပြောနိုင်ပေမဲ့ စာတော့ ရေးတတ်တယ်။ သူသာ ပြန်သွားပြီး အဖေတို့ဆီ စာရေးပြီး သတင်းပေးလိုက်ရင် ကျွန်မတို့ ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။

ကျောက်မိန်မှာ အမှန်တကယ်ပင် ထိတ်လန့်နေမိသည်။ သူမသည် ကူတုထော်ကို ခေါ်လာခြင်းမှာ သူသည် စကားမပြောနိုင်သဖြင့် သူမအဖေနှင့် တခြားလူများကို သတင်းပေးမည်မဟုတ်ဟု ထင်ထားသောကြောင့် ဖြစ်သည်။ လူတိုင်းကလည်း သူမနှင့် ကျန်းဝူကျိ၏ ပတ်သက်မှုကို သိနေကြသဖြင့် ဆရာကြီးကူအနေဖြင့် ဘာမှလျှောက်ပြောမည် မဟုတ်ဟု ယူဆထားခြင်း ဖြစ်သည်။

ကျန်းဝူကျိက သူမနှင့် ဤကဲ့သို့ အရေးကြီးသည့် ကိစ္စများကို ပြောဆိုလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ဟားဟား....... ငါ့ရဲ့ ကျောက်မိန်လေးက ချစ်ဖို့ကောင်းလိုက်တာ"

ကျန်းဝူကျိက ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်ပြီး ကျယ်လောင်စွာဖြင့် "ဖန့်ယောင် ညာလက်ရုံးသံတမန် မင်း၊ ကျေးဇူးပြုပြီး အတွင်းကို ကြွပါ" ဟု ခေါ်လိုက်သည်။

ကျန်းဝူကျိ၏ အသံအဆုံးတွင် တံခါး ပွင့်သွားပြီး ဖန့်ယောင်မှာ အတွင်းသို့ ဝင်လာလေသည်။ ကျောက်မိန်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ဖန့်ယောင်သည် ကျန်းဝူကျိကို ဂါရဝပြုကာ "လက်အောက်ငယ်သား ဖန့်ယောင်က ဂိုဏ်းချုပ်ကျန်းကို ဂါရဝပြုပါတယ်" ဟု ရိုသေစွာ ပြောဆိုလိုက်လေသည်။

အခန်း (၁၂၇) ဂိုဏ်းချုပ် ၊ လောကတွင် အာဏာအရှိဆုံးသော ခေါင်းဆောင်

"ရှင်... ရှင်တို့က..."

ကျောက်မိန်သည် အရာရာကို ကြည့်နေရင်း ဆွံ့အလျက် ရှိသည်။ သူမသည် မည်မျှပင် ဖြတ်ထိုးဉာဏ် ကောင်းသည်ဖြစ်စေ ဤအခိုက်အတန့်တွင်မူ ဦးနှောက်မှာ အနည်းငယ် အလုပ်မလုပ်တော့ချေ။

ဆရာကြီးကူက စကားပြောတတ်သည်လား.....

ဆရာကြီးကူက တကယ်တော့ မင်ဂိုဏ်းဝင်တစ်ယောက် ဖြစ်နေသည်လား.....

ဆရာကြီးကူက တကယ်တော့ ကျန်းဝူကျိ၏ လက်အောက်ငယ်သား ဖြစ်နေသည်လား......

ဆရာကြီးကူက တကယ်တော့ မင်ဂိုဏ်း၏ ညာလက်ရုံးသံတမန် ဖန့်ယောင် ဖြစ်နေသည်လား.....

ဤမေးခွန်းများသည် ကျောက်မိန်၏ စိတ်ထဲတွင် တဝဲဝဲလည်နေပြီး ဦးခေါင်းတစ်ခုလုံး ချာချာလည်သွားစေသည်။ သူမ မည်သို့ ပြောရမည်ကိုပင် မသိတော့ပေ။

"ထပါတော့..... ဒီမှာ သူစိမ်းတွေ မရှိဘူးဆိုတော့ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး"

ကျန်းဝူကျိက အနည်းငယ် ပြုံးလျက် ပြောလိုက်ရာ ဖန့်ယောင်သည်လည်း အမိန့်ကိုနာခံစွာ ထရပ်ပြီး တစ်ဖက်တွင် သွား၍ ရပ်နေသည်။

စင်စစ် ကျန်းဝူကျိအနေဖြင့် အရာရာကို ယခုလို ဖွင့်ပြောလိုက်ခြင်းမှာ ဖုံးကွယ်ထားရန် မလိုတော့သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ညပြီးနောက် ဖန့်ယောင်သည် မင်ဂိုဏ်းသို့ ပြန်လာတော့မည် ဖြစ်သည်။ စောပြီးပြောပြော နောက်ကျမှပြောပြော ထူးခြားမှု မရှိပေ။ ထို့ပြင် ကျောက်မိန်မှာလည်း သူ၏ သိမ်းသွင်းမှုကို ခံရတော့မည်ဖြစ်ရာ ဖန့်ယောင်၏ ကိစ္စမှာ အရေးမကြီးတော့ချေ။

အမှန်စင်စစ် ဖန့်ယောင်ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း သိရှိပြီး ဖြစ်သည်။ ခုနက တံခါးဝတွင် ကျန်းဝူကျိ ပြောသမျှကို သူ ကြားခဲ့ရပြီး ဖြစ်သည်။ သူသည် အလွန်တရာ တုန်လှုပ်သွားခဲ့ရပြီး ဂိုဏ်းချုပ်၏ အတွေးအခေါ်မှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားပြီး သာမန်လူတို့ထက် သာလွန်သည်ဟု ခံစားလိုက်ရသည်။

သို့သော် ဂိုဏ်းချုပ် ပြောသကဲ့သို့သာ လုပ်ဆောင်နိုင်ပါက ရှေ့တွင် သာယာဖြောင့်ဖြူးသော လမ်းမကြီး ရှိနေသကဲ့သို့ပင် ဖြစ်သည်။ အကယ်၍သာ အောင်မြင်ခဲ့လျှင် တရုတ်အင်ပါယာသည် ယခင်က မည်သည့်မင်းဆက်ထက်မဆို သာလွန်ပြီး အဓွန့်ရှည်တည်တံ့မည့် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။

ဖန့်ယောင်၏ ရင်ထဲတွင် လှိုင်းထန်သွားသည်။ အကယ်၍ သူသာ ဂိုဏ်းချုပ်နောက် လိုက်ပါပြီး ဤအရာကို အကောင်အထည်ဖော်နိုင်ပါက သူ၏ ဘဝရည်မှန်းချက် အစစ်အမှန် ဖြစ်ပေလိမ့်မည်။ ယောက်ျားကောင်း တစ်ယောက်ဆိုသည်မှာ ဤသို့သာ ဖြစ်သင့်သည် မဟုတ်ပါလား။

ဂိုဏ်းချုပ်.....သူသည် အမှန်တကယ်ပင် လောကကြီးတွင် အကြီးကျယ်ဆုံးသော သူရဲကောင်းပေတည်း။

ထိုအခိုက်တွင် ကျန်းဝူကျိ၏ ခေါ်သံကို သူ ကြားလိုက်ရသည်။ ကျန်းဝူကျိသည် သူ့ကို ဆရာကြီးကူ ဟု မခေါ်ဘဲ ညာလက်ရုံးသံတမန်ဖန့်ဟု တိုက်ရိုက် ခေါ်လိုက်သည်။ ဂိုဏ်းချုပ်သည် မင်းသမီးကို အရာရာ ဖွင့်ပြောတော့မည်ကို သူ သိလိုက်သဖြင့် ဆက်၍ ဟန်မဆောင်တော့ပေ။ သူသည် အတွင်းသို့ ဝင်လာပြီး ကျန်းဝူကျိကို ဂါရဝပြုလျက် စကားပြောကာ သူသည် မည်သူမည်ဝါဖြစ်ကြောင်း ဝန်ခံလိုက်သည်။

ဤအချိန်တွင် ကျောက်မိန်လည်း သတိပြန်ဝင်လာပြီ ဖြစ်သည်။ သူမက ရုတ်တရက် လှောင်ပြုံးပြုံးလျက် "ကောင်းလိုက်လေ ကူတုထော်..... ကောင်းလိုက်လေ ဆရာကြီးကူ..... ကျွန်မတို့ကို အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့တာပဲ။ ဒါဆို တကယ်တော့ ရှင်က ရုပ်ဖျက်ထားတဲ့ ညာလက်ရုံးတမန်တော်ပေါ့ ။ မင်းသားနန်းတော်မှာရှိတဲ့ လူတိုင်းကို လှည့်စားနိုင်ခဲ့တာ တကယ်ကို ချီးကျူးဖို့ ကောင်းတယ်" ဟု ဆိုသည်။

ကျောက်မိန်သည် အနည်းငယ် စိတ်ဆိုးနေသည်မှာ သိသာလှသည်။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ သူမကိုယ်တိုင်က ဖန့်ယောင်ကို အလွန် ယုံကြည်ခဲ့ပြီး သူ၏ လက်အောက်တွင် သိုင်းပညာပင် သင်ယူခဲ့ဖူးသောကြောင့် ဖြစ်သည်။

ယခုအခါ သူမ အမြဲယုံကြည်ခဲ့ရသော၊ ဆရာတစ်ပိုင်း ဖြစ်ခဲ့သောသူမှာ သူလျှိုတစ်ယောက် ဖြစ်နေသည်ကို သိလိုက်ရသည်။ ဤအခိုက်အတန့်တွင် သူမ ခံစားရမည့် ခံစားချက်ကို မှန်းဆကြည့်နိုင်ပေသည်။

ဖန့်ယောင်က ကျောက်မိန်ကို ရိုသေစွာ ဂါရဝပြုပြီး "မင်းသမီး၊ ကျွန်တော် မင်းသားနန်းတော်ကို ဝင်ခဲ့တဲ့ မူလရည်ရွယ်ချက်က လူယုတ်မာ ချန်ခွန်းနဲ့ မင်းသားနန်းတော် ပူးပေါင်းပြီး ကျွန်တော်တို့ မင်ဂိုဏ်းအပေါ် လုပ်ဆောင်နေတဲ့ အကြံအစည်တွေကို စုံစမ်းဖို့ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မင်းသားနဲ့ မင်းသမီးရဲ့ ကျေးဇူးကို ကူတုထော် စိတ်ထဲမှာ အမြဲ မှတ်ထားပါတယ်" ဟု ပြောလိုက်သည်။

ကျောက်မိန်က အေးစက်သော မျက်နှာထားဖြင့် "ရှင်က မင်ဂိုဏ်းရဲ့ ညာလက်ရုံးတမန်တော် ဖြစ်နေမှတော့ မင်ဂိုဏ်းကို ပြန်သွားလို့ ရနေပြီပဲ။ ဘာလို့ ဒီလောက် ယဉ်ကျေးပြနေသေးတာလဲ။ ကျွန်မကို ဖမ်းခေါ်သွားပြီး ဂိုဏ်းကြီးလေးဂိုဏ်းက လူတွေနဲ့ လဲလှယ်ဖို့ ကြံနေသေးတာလား" ဟု ဆိုသည်။

သို့သော် ဖန့်ယောင်က "ဂိုဏ်းကြီးလေးဂိုဏ်းက လူတွေကိုတော့ မဖြစ်မနေ ကယ်ရမှာပါ။ ဒါပေမဲ့ မင်းသမီးကို ဖမ်းခေါ်သွားဖို့ကတော့ ကျွန်တော် ဖန့်ယောင် ဘယ်တုန်းကမှ မတွေးဝံ့ပါဘူး။ မင်းသမီးရဲ့ ကောင်းမွန်တဲ့ ဆက်ဆံမှုအပေါ် ကျေးဇူးတင်တာကတော့ အစစ်အမှန်ပါ၊ ဟန်ဆောင်တာ မဟုတ်ပါဘူး။ မင်းသမီးနဲ့ ကျွန်တော်တို့ ဂိုဏ်းချုပ်တို့က အချင်းချင်း ချစ်မြတ်နိုးနေကြတာပဲ။ အခု ကျွန်တော် ဂါရဝပြုတာက နှစ်ပေါင်းများစွာ ကျွန်တော့်အရှင်သခင် ဖြစ်ခဲ့လို့တင် မကဘူး၊ နောင်တစ်ချိန်မှာ ဂိုဏ်းချုပ်ကတော် ဖြစ်လာမယ့်သူမို့လို့လည်း ဂါရဝပြုတာပါ။ ဒါက ဘာမှားလို့လဲ" ဟု ပြန်ပြောသည်။

ဤစကားများသည် ကျောက်မိန်၏ အေးစက်သော အမူအရာကို ချက်ချင်း ပျက်ပြယ်သွားစေပြီး သူမ၏ မျက်နှာတွင် ရှက်သွေးဖြာသွားစေသည်။ သူ ပြောသည်မှာလည်း အမှန်တရား အချို့ရှိသည်ဟု သူမ တွေးမိသောကြောင့် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

ကျန်းဝူကျိက ရယ်မောလျက် "တကယ်တော့ ဒီကိစ္စကို ကျွန်တော်လည်း အတော်လေး အံ့သြခဲ့ရတာပါ။ သိုင်းပညာ ထူးချွန်တဲ့ ဒီကူတုထော်က ကျွန်တော်တို့ မင်ဂိုဏ်းရဲ့ ညာလက်ရုံးသံတမန် ဖြစ်နေတယ်ဆိုတာ မနေ့ကမှ သိခဲ့ရတာ" ဟု ပြောသည်။

ထို့နောက် ကျန်းဝူကျိသည် မနေ့က တွေ့ဆုံခဲ့ပုံများကို ပြန်ပြောပြသည်။ ဤအချိန်တွင် ကျောက်မိန်၏ နှလုံးသားမှာ ကျန်းဝူကျိထံသို့ ရောက်ရှိနေပြီ ဖြစ်ရာ သူမ ကြားသွားမည်ကို သူ မစိုးရိမ်တော့ပေ။

နားထောင်ပြီးနောက် ကျောက်မိန်က နှာခေါင်းရှုံ့ကာ "ဆရာကြီးကူ....... ရှင်က တကယ့်ကို သစ္စာရှိတာပဲ၊ မင်းသားနန်းတော်က ရှင့်ကို နှစ်ပေါင်းများစွာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့တယ်၊ ကျွန်မအဖေကတောင် ရှင့်ကို မျက်နှာသာပေးခဲ့တာကို ရှင်ကတော့ မင်ဂိုဏ်းဆီပဲ ပြန်ချင်နေတုန်းပဲ" ဟု ဆိုသည်။

ဖန့်ယောင်က အားရပါးရ ရယ်မောလျက် "ကျွန်တော် ဖန့်ယောင်ဟာ လူဖြစ်ရင်လည်း မင်ဂိုဏ်းသား၊ သေရင်လည်း မင်ဂိုဏ်းတစ္ဆေပါပဲ။ မင်ဂိုဏ်းက ညီအစ်ကိုတွေက တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အသက်ပေး ချစ်ကြတာ။ ဒါမျိုးကို မင်းသားနန်းတော်က ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ထူးခြားတဲ့ စွမ်းဆောင်ရည်တွေနဲ့ အနှိုင်းမဲ့သိုင်းပညာရှင် ဖြစ်တဲ့ ဂိုဏ်းချုပ်လို သူရဲကောင်းနောက်ကို လိုက်ရတာ ကျွန်တော် တကယ့်ကို ကျေနပ်ပါတယ်။ ရုယန်မင်းသားနန်းတော်ကို အထင်သေးတာ မဟုတ်ပေမဲ့ မင်းသားကြီးနဲ့ မင်းသားလေးမှာတောင် ကူတုထော်ရဲ့ စိတ်ကို သိမ်းပိုက်နိုင်တဲ့ စွမ်းဆာင်ရည် မရှိကြပါဘူး" ဟု ပြန်ပြောလိုက်သည်။

ကျောက်မိန်သည် ဤစကားကို ကြားသော်လည်း ဘာမှ မပြောတော့ပေ။ ဖန့်ယောင် ပြောသည်မှာ မှန်သည်ဟု သူမ သိသည်။ သူမ၏ အဖေမှာ အရည်အချင်း ရှိသော်လည်း ပြိုလဲနေသော ယွမ်မင်းဆက်ကို ကယ်တင်ရန် ခဲယဉ်းလှသည်။ သူမ၏ အစ်ကို ဝမ်ပေါင်းပေါင်းမှာလည်း ရာစုနှစ်တစ်ခုအတွင်း တွေ့ခဲသော စစ်ရေးပါရမီရှင် ဖြစ်သည်။ အကယ်၍ သူမ၏ အဖေနှင့် အစ်ကိုတို့သည် မွန်ဂိုတို့၏ ဘုန်းတန်ခိုး တောက်ပချိန်တွင် မွေးဖွားခဲ့ပါက ကြီးကျယ်သော အောင်မြင်မှုများကို ရရှိမည်မှာ သေချာသော်လည်း ယခုအခါတွင်မူ ဒီရေကို ပြောင်းပြန်လှည့်ရန် အင်အား မလုံလောက်တော့ချေ။

နှိုင်းယှဉ်ကြည့်လျှင် ကျန်းဝူကျိ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်နေသည်။ သူသည် ယခုအခါ သိုင်းလောကတစ်ခုလုံးက အသိအမှတ်ပြုရသည့် ခေါင်းဆောင်ဖြစ်ပြီး ဂိုဏ်းကြီးများအားလုံးက ရိုသေကြသည်။ မင်ဂိုဏ်းတွင် နောက်လိုက်အင်အား အမြောက်အမြား ရှိပြီး တော်လှန်ရေးသမား အများစုမှာလည်း မင်ဂိုဏ်းဝင်များ ဖြစ်ကြသည်။ သူသည် ယွမ်မင်းဆက်ကို အစားထိုးနိုင်မည့် ပြတ်သားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ဤအချက်တစ်ခုတည်းနှင့်တင် ယွမ်မင်းဆက်ရှိ မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။

ဖန့်ယောင်၏ လေသံမှာ ပြောင်းသွားပြီး ပြုံးလျက် "ဒါပေမဲ့ မင်းသားနန်းတော် တစ်ခုလုံးမှာ ကျွန်တော် အလေးစားဆုံးကတော့ မင်းသမီးပါပဲ။ မင်းသမီးက အမျိုးသမီးတစ်ယောက် ဖြစ်ပေမဲ့ ဉာဏ်ပညာမှာတော့ အနှိုင်းမဲ့ပါပဲ။ မင်းသမီးနဲ့ ကျွန်တော်တို့ ဂိုဏ်းချုပ်ကတော့ ကောင်းကင်က ဖန်တီးပေးထားတဲ့ စုံတွဲပါပဲ။ မင်းသမီးနဲ့ ဂိုဏ်းချုပ် လက်ထပ်ပြီးတဲ့အခါ ကျွန်တော့်အသက်ကို မင်းသမီး အလိုရှိသလို အသုံးချနိုင်ပါတယ်။ ဓားတောင်ကို တက်ရတက်ရ၊ မီးပင်လယ်ကို ဆင်းရဆင်းရ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လုပ်ပေးပါ့မယ်" ဟု ဆိုသည်။

သူက ဤသို့ ထပ်ပြောပြန်သဖြင့် ကျောက်မိန်မှာ အနည်းငယ် ပြုံးလိုက်ပြီး "ဒါဆိုရင်လည်း ဆရာကြီးကူရဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်" ဟု ဆိုသည်။

ကျန်းဝူကျိကလည်း ရယ်မောလျက် "ကဲ... ဘာမှ ဆက်ပြောနေဖို့ မလိုတော့ဘူး။ ကျောက်မိန်လေးက ကျွန်တော့်အကြံကို သဘောတူပြီးပြီဆိုတော့ အကောင်းဆုံးပဲပေါ့" ဟု ပြောလိုက်သည်။

ထို့နောက် ကျန်းဝူကျိက ကျောက်မိန်ကို "ကျေက်မိန်လေး ၊ ဒီည ဘာမှ စိတ်မပူနဲ့။ ကျွန်တော်တို့ ဂိုဏ်းကြီးလေးဂိုဏ်းက လူတွေကို သွားကယ်မယ်။ ပြီးရင် မင်း ကျွန်တော်နဲ့ လိုက်ခဲ့ပါ" ဟု ပြောသည်။

ယခုအခါ ကျန်းဝူကျိသည် သူမကို ကျောက်မိန်လေးဟု တတွတ်တွတ် ခေါ်နေပြီ ဖြစ်သည်။

ကျောက်မိန်က နှာခေါင်းရှုံ့ပြီး "ရှင်ကလည်း တရင်းတနှီး ခေါ်လှချည်လား..... ရှင်နဲ့ လိုက်ခဲ့မယ်လို့ ဘယ်သူပြောလဲ။ ရှင့်အကြံကို သဘောတူတယ်လို့ ကျွန်မ မပြောရသေးဘူး။ စဉ်းစားဖို့ လိုသေးတယ်" ဟု ဆိုသည်။

ကျန်းဝူကျိက ရယ်မောလျက် "ဒါဆိုလည်း မင်းသဘောပဲ။ ဘာပဲဖြစ်ဖြစ် ဒီညတော့ ဝမ်အန်းဘုရားကျောင်းကို မသွားနဲ့။ လူတွေကို ကယ်ပြီးတာနဲ့ ကျွန်တော်တို့ တိုက်ရိုက် ထွက်သွားကြမယ်။ မြို့ပြင် မိုင်သုံးဆယ်လောက်မှာ ကျွန်တော့်ကို စောင့်နေပါ။ ပြီးရင် အတူတူ ဆုတ်ခွာကြတာပေါ့" ဟု ပြောသည်။

သို့သော် ကျောက်မိန်က ခေါင်းခါလျက် "ကျွန်မ ဝမ်အန်းဘုရားကျောင်းကို သွားမှ ဖြစ်မယ်။ ဒီည ကျွန်မအစ်ကို ကိုယ်တိုင် ဝမ်အန်းဘုရားကျောင်းကို လူတွေနဲ့ လာစောင့်လိမ့်မယ်။ ရှင့်တို့နဲ့ ထိပ်တိုက်တွေ့တာ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး။ ကျွန်မ သွားရင်တော့ ရှင့်တို့ကြားက တင်းမာမှုကို ယာယီ လျှော့ချပေးနိုင်ပြီး ဘာမှ မဖြစ်အောင် တားပေးနိုင်လိမ့်မယ်" ဟု ဆိုသည်။

ဝမ်ပေါင်းပေါင်း ကိုယ်တိုင် ဝမ်အန်းဘုရားကျောင်းကို စောင့်ဖို့ လာမှာလား။

ကျန်းဝူကျိက 'ဒီလူလည်း လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကောင်းတာပေါ့။ ယွမ်မင်းဆက်ရဲ့ ဒီနောက်ဆုံး စစ်သေနာပတိကြီးက ဘယ်လောက်အဆင့်ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့' ဟု တွေးလိုက်သည်။

"ဒါဆိုလည်း မင်းသဘောပါပဲ .. ဒါပေမဲ့ ဒီကိစ္စကို မသိချင်ယောင်ဆောင်နေပါ။ ညာလက်ရုံးသံတမန်ဖန့်ကို အဆိပ်ဖြေဆေး ယူသွားခိုင်းပြီး လူတွေကို ကယ်ခိုင်းမယ်။ ပြီးရင် အတူတူ ဖောက်ထွက်ကြမယ်။ ကျွန်တော်တို့ အကြာကြီး တိုက်နေမှာ မဟုတ်ဘူး။ အမြန်ဆုံး ဖောက်ထွက်မှာဆိုတော့ အကြီးအကျယ် တိုက်ပွဲဖြစ်မှာ မဟုတ်ပါဘူး။ အခြေအနေတွေ ထိန်းမရတော့မှ မင်း ဝင်ပါလိုက်ပေါ့"

ကျန်းဝူကျိက ဤကိစ္စကို အမှုမထားပေ။ ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ပါ။ လူတွေကို ကယ်ထုတ်ပြီးလျှင် လူတိုင်းမှာ သိုင်းပညာရှင်ကြီးများ ဖြစ်ကြသည်။ ထို့ကြောင့် မှောင်ရိပ်ခိုပြီး ဖောက်ထွက်ရန်မှာ မခဲယဉ်းပေ။ ဝမ်ပေါင်းပေါင်း မည်မျှပင် တော်သည်ဖြစ်စေ ဘာလုပ်နိုင်မည်နည်း။

"အဆိပ်ဖြေဆေးလား..... နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့်အတွက် အဆိပ်ဖြေဆေးကို ရထားပြီလား"

ကျောက်မိန်သည် တစ်ဖန် အံ့သြသွားပြန်သည်။ ထို့နောက် ဖန့်ယောင်ကို တစ်ချက်ကြည့်လိုက်ရာ ချက်ချင်းပင် နားလည်သွားပြီး "ဆရာကြီးကူက ရွှမ်မင်နတ်လက်ဝါးဆရာကြီးနှစ်ယောက်ဆီကနေ အဆိပ်ဖြေဆေးကို ပရိယာယ်သုံးပြီးယူခဲ့တာလား" ဟု မေးသည်။

ကျန်းဝူကျိနှင့် ဖန့်ယောင်တို့သည် ဤကိစ္စကို ကျောက်မိန်အား မပြောရသေးသည်ကို သတိရသွားသဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

အခန်း (၁၂၈) ဖန့်ယောင်၏ တုန်လှုပ်ခြောက်ခြားမှု

ကျောက်မိန်သည် အဖြစ်အပျက် အလုံးစုံကို မသိနားမလည်သေးသည်ကို မြင်လျှင် ဖန့်ယောင်သည် ရွှမ်မင်အဖိုးအို နှစ်ဦးအား မည်သို့လှည့်စားခဲ့သည်ကို ရှင်းပြလေသည် ။ ကျောက်မိန်သည် နားထောင်ရင်း အံ့အားသင့်သွားပြီးနောက် မဲ့ပြုံးပြုံးကာ ပြောလိုက်သည် ။

"အို... ဒါဆိုရင် ရှင်က ကျွန်မတို့ ရုယန်မင်းသားကြီး မြတ်နိုးလှတဲ့ ကိုယ်လုပ်တော်ကို ပစ်မှတ်ထားလိုက်တာပေါ့။ ရှင့်မှာ တကယ့်ကို နည်းလမ်းကောင်းတွေ ရှိတာပဲ"

ဖန့်ယောင်ကတော့ အသာအယာ ပြုံးရုံသာ ပြုံးနေပြီး ဘာမှပြန်မပြောပေ ။ ထို့နောက် ကျောက်မိန်က ဆက်ပြောသည် ။

"ဒါပေမဲ့ သူမ အဖမ်းခံရတာကတော့ အဖမ်းခံရတာပေါ့။ ဟန်ကျီဆိုတဲ့ အဲဒီမြေခွေးမက ရုယန်မင်းသားကြီးကို အကြွင်းမဲ့ ပြုစားထားတာ။ ကျွန်မကလည်း သူမကို ကြည့်မရတာ ကြာပြီဆိုတော့ ဒါက ကိစ္စမရှိပါဘူး"

ကျောက်မိန်သည် ထိုဟန်ကျီအပေါ် ကောင်းမွန်သည့်အမြင် မရှိသည်မှာ ထင်ရှားလှသည် ။ သို့သော် ဤသည်မှာ သဘာဝကျလှ၏ ။ မိမိ၏ ဖခင်ဖြစ်သူတွင် မယားငယ် ရှိနေသည်ကို မြင်ရသကဲ့သို့ပင် ဖြစ်သည်။ ရုယန်မင်းသားကြီးတွင် ကိုယ်လုပ်တော် အများအပြား ရှိနေခြင်းမှာ ထုံးစံဖြစ်သော်လည်း စိတ်ထဲတွင်တော့ သက်သောင့်သက်သာ မရှိလှပေ

ထို့နောက် ကျောက်မိန်က ခေါင်းညိတ်ကာ ပြောသည်

"ကောင်းပါပြီ။ အစီအစဉ်အတိုင်း ဆောင်ရွက်ကြတာပေါ့။ ဒီကိစ္စက သိပ်ပြီး ကြီးကျယ်မသွားဖို့ပဲ မျှော်လင့်ပါတယ်။ ဟင်း... ရုယန်မင်းသား အိမ်တော်ရဲ့ မင်းသမီးတစ်ယောက် ဖြစ်နေပြီးတော့ အခုတော့ ကိုယ့်မိသားစုကို ပြန်တိုက်ခိုက်ဖို့ ရှင့်ကို ကူညီနေရတာက တကယ့်ကို ခေါင်းခဲစရာပဲ"

ကျန်းဝူကျိက ရယ်မောကာ ပြောလိုက်သည် ။

"မင်းသာ မရှိရင် မွန်ဂိုတွေရဲ့ ကံကြမ္မာက အရင်တုန်းက ရှုံးနူးမျိုးနွယ်စုတွေလို ဖြစ်သွားလိမ့်မယ်လို့ ငါ ပြောပြီးသားပဲ။ အသိုက် ပျက်သွားရင် ဥတွေကလည်း ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ မင်းက ငါ့ဇနီး ဖြစ်လာပြီး ဟန်လူမျိုးနဲ့ မွန်ဂိုလူမျိုးတွေကြားက ပဋိပက္ခကို လျှော့ချပေးတာက အကောင်းဆုံး နည်းလမ်းပဲ။ အရင်တုန်းက သာယာဝပြောခဲ့တဲ့ တန်မင်းဆက်လိုပေါ့"

ဧကရာဇ် ရွှမ်ကျုန်း၏ ခိုင်ယွမ် ခေတ်ကာလအတွင်း ကျော်ကြားသော ပုံပြင်တစ်ပုဒ် ရှိခဲ့သည် ။ အန်းလုရှန်းနှင့် ကောရှူးဟန်တို့ တိုက်ခိုက်ကြရာတွင် တစ်ဦးနှင့်တစ်ဦး လူရိုင်းများဟု ဆဲဆိုကာ စော်ကားခဲ့ကြသည် ။ သို့သော် လက်တွေ့တွင် အန်းလုရှန်း၏ ဖခင်မှာ ဟူလူမျိုးဖြစ်ပြီး မိခင်မှာ တာ့ကစ်လူမျိုး ဖြစ်သောကြောင့် သူသည် စစ်မှန်သော ဟူလူမျိုး တစ်ဦးပင် ဖြစ်သည် ။

ကောရှူးဟန်မှာမူ ပို၍ပင် ထူးခြားသည် ။ သူ၏ မျိုးရိုးအမည်ဖြစ်သော ကောရှူးမှာ မူလက တာ့ကစ် မျိုးရိုးအမည် ဖြစ်သည် ။ သူတို့နှစ်ဦးစလုံးမှာ စစ်မှန်သော ဟူလူမျိုးများ ဖြစ်ကြသော်လည်း တစ်ဦးကိုတစ်ဦး ဟူလူမျိုးဟု ခေါ်ဆိုမှုကို စော်ကားခံရသည်ဟု မှတ်ယူကြသည်မှာ အလွန်ပင် ရယ်စရာကောင်းလှသည် ။

ဤအဖြစ်အပျက်က အန်းလုရှန်းနှင့် ကောရှူးဟန်တို့သည် တရုတ်ယဉ်ကျေးမှုကို အလွန်အမင်း အသိအမှတ်ပြုထားကြောင်း ထင်ရှားစေသည် ။ သူတို့သည် ဟူလူမျိုးများ ဖြစ်ကြသော်လည်း စိတ်နှလုံးမှာမူ ဟန်လူမျိုးများ ဖြစ်နေကြပြီ ဖြစ်သည် ။ ကွန်ဖြူးရှပ် မိန့်ကြားခဲ့သကဲ့သို့ပင် လူရိုင်းများသည် တရုတ်ပြည်သို့ ဝင်ရောက်လာပါက တရုတ်လူမျိုးများ ဖြစ်သွားကြသည် ။

အန်းလုရှန်းသည် နောက်ပိုင်းတွင် ပုန်ကန်ခဲ့သော်လည်း ထိုအပြစ်မှာ သူ၏ ရည်မှန်းချက်ကို မမြင်ဘဲ အလွန်အမင်း ယုံကြည်မှု လွန်ကဲနေခဲ့သည့် ဧကရာဇ် ရွှမ်ကျုန်းတွင်သာ ရှိသည် ။ အကယ်၍ ဧကရာဇ် ရွှမ်ကျုန်းသည် ဧကရာဇ် ထိုက်ချူံး ကဲ့သို့ပင် တစ်သက်လုံး ထက်မြက်နေခဲ့ပါက အန်းလုရှန်းသည် တစ်သက်လုံး တန်မင်းဆက်၏ စစ်သူကြီးအဖြစ်သာ နေသွားမည် ဖြစ်သည် ။

ကျောက်မိန်သည် နှာခေါင်းရှုံ့ကာ ဘာမှပြန်မပြောပေ ။ အမှန်စင်စစ် သူမသည် သတင်းအချက်အလက် အများအပြားကို ရရှိထားသဖြင့် စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း ဆုံးဖြတ်ချက် ချရာတွင်မူ အလွန်ပင် ပြတ်သားလှသည်။ အခြားကြောင့်မဟုတ်ဘဲ ကျောက်မိန်သည် မိန်းကလေးတို့ သဘာဝအတိုင်း အချစ်အတွက် ဆိုလျှင် ဘာမဆို လုပ်မည့်သူ ဖြစ်သောကြောင့် ဖြစ်သည် ။

ကျန်းဝူကျိကို ချစ်မိသွားပြီးနောက် ကျန်းဝူကျိက မွန်ဂိုတို့၏ ရန်သူ ဖြစ်လိုလျှင်တောင် သူမသည် လိုလိုလားလား လိုက်ပါမည့်သူ ဖြစ်သည် ။ ယခုတွင် ကျန်းဝူကျိက သစ္စာစောင့်သိမှုနှင့် မိဘအပေါ် ကျေးဇူးဆပ်မှု နှစ်ခုစလုံးကို ပြည့်စုံစေမည့် အဖြေတစ်ခု ပေးလာသောကြောင့် ကျောက်မိန်သည် အလွန်ပင် ပျော်ရွှင်သွားသည် ။

သို့နှင့် ကိစ္စရပ်များမှာ ပြေလည်သွားလေသည် ။ ကျန်းဝူကျိက ရုတ်တရက် ပြောလိုက်သည် ။

"ကျောက်မိန်လေး ... ကိုယ်က မင်းကို ဒီလောက် ရင်းရင်းနှီးနှီး ခေါ်နေတာကို မင်းက ကိုယ့်ကို အခုထိ ဂိုဏ်းချုပ်ကျန်းလို့ပဲ ခေါ်နေဦးမှာလား"

ကျောက်မိန်၏ လှပသော မျက်နှာလေးမှာ နီရဲသွားသော်လည်း သူမက ရဲရဲဝံ့ဝံ့ပင် ခေါ်လိုက်သည် ။

"ဝူကျိ ကိုကို... အခုရော ကျေနပ်ပြီလား"

"အင်း... ဒါမှ မှန်မှာပေါ့"

ကျန်းဝူကျိသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် ။ ကျောက်မိန်သည် အခြားမိန်းကလေးများနှင့် မတူဘဲ ပွင့်လင်းသူဖြစ်သည်ဟု သူတွေးမိသည် ။ ကျိုးကျစ်လော့သည် သူ့ကို ထိုသို့ခေါ်ရန် ဆုံးဖြတ်ချက် အများအပြား ချမှတ်ခဲ့ရသည် ။ ရန်ပုဟွေ့မှာမူ ငယ်စဉ်ကတည်းက ခေါ်လာခဲ့ခြင်း ဖြစ်ပြီး ယင်းလီမှာလည်း သူမ၏ စိတ်ထဲတွင် အမြဲတမ်း ထိုသို့ပင် ခေါ်ဆိုနေသူ ဖြစ်သည် ။ ရှောင်ကျောက်မှာမူ သူ့ကို 'သခင်လေး' ဟုသာ ခေါ်နေဆဲ ဖြစ်သည် ။ ကျန်းဝူကျိက သူမကို 'ကိုကို' ဟု ခေါ်ရန် ပြောသော်လည်း သူမက အမြဲတမ်း ရှက်နေခဲ့သည်

အစီအစဉ်များကို ရှင်းလင်းစွာ ပြောကြားပြီးနောက် ကျောက်မိန်နှင့် ဖန့်ယောင်တို့သည် ဝမ်အန်းဘုရားကျောင်းသို့ အတူတူ ပြန်သွားကြလေသည် ။ ထိုမှတစ်ဆင့် ဖန့်ယောင်သည် လူများကို ကယ်တင်ရန် သွားရောက်မည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကျန်းဝူကျိနှင့် အခြားသူများ၏ အကူအညီကို စောင့်ဆိုင်းနေမည် ဖြစ်သည် ။

"သခင်လေး... ကျွန်မ ဝင်လာလို့ ရမလား"

ထိုစဉ် တံခါးအပြင်ဘက်မှ ရှောင်ကျောက်၏ အသံ ထွက်ပေါ်လာသည် ။ ကျန်းဝူကျိက ပြုံးလျက် ပြောလိုက်သည် 47။

"ရတာပေါ့... မြန်မြန် ဝင်လာခဲ့"

တံခါးကို အသာအယာ တွန်းဖွင့်လိုက်ပြီး ရှောင်ကျောက်သည် ပျော်ရွှင်သော မျက်နှာထားဖြင့် လမ်းလျှောက်ဝင်လာကာ ပြောသည် ။

"သခင်လေး... ခုနက ကျွန်မနဲ့ မမကျိုးတို့ ဈေးကို သွားခဲ့ကြတယ်။ သခင်လေးနဲ့ သိပ်လိုက်ဖက်မယ့် ကျောက်စိမ်းဆွဲသီးလေး တစ်ခု တွေ့တာနဲ့ ဝယ်လာခဲ့တယ်"

ထိုသို့ပြောရင်း သူမသည် ကျန်းဝူကျိထံသို့ ခုန်ပေါက်ကာ လျှောက်လာသည် ။ ကျန်းဝူကျိ၏ ကြင်နာယုယမှုများကို ရရှိခဲ့ပြီးနောက် ရှောင်ကျောက်သည် ကျန်းဝူကျိနှင့် ပို၍ပင် ခွဲမရအောင် ဖြစ်လာပြီး သူမ၏ စရိုက်မှာလည်း ပို၍ တက်ကြွလာကာ မိန်းကလေး သဘာဝများ ပေါ်လွင်လာသည်။

ဖန့်ယောင်သည် တံခါးကို ကျောပေးကာ ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည် ။ ထိုအသံကို ကြားလျှင် သူက စိတ်ထဲမှ တွေးနေမိသည် ။ 'ဂိုဏ်းချုပ်က တကယ့်ကို စွမ်းတာပဲ။ သူ့ဘေးမှာ လှပတဲ့ မိန်းကလေးတွေ ဒီလောက် အများကြီး ရှိနေပြီး တစ်ယောက်ချင်းစီကလည်း သူ့ကို ဒီလောက် ဂရုစိုက်ကြတာ တကယ့်ကို အံ့ဩစရာပဲ။ ဒီမိန်းကလေးရဲ့ ရုပ်ရည်က မင်းသမီးနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲဆိုတာ သိချင်မိပါရဲ့'

ထိုသို့တွေးရင်း ဖန့်ယောင်သည် ခေါင်းကို လှည့်ကြည့်လိုက်ရာ ရှောင်ကျောက်၏ ရုပ်ရည်ကို မြင်လိုက်ရသည် ။ သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း “ အား “ဟု အာမေဍိတ်သံ ထွက်သွားကြသည်။ ရှောင်ကျောက်၏ အာမေဍိတ်သံမှာ ဖန့်ယောင်၏ အမာရွတ်များဖြင့် ရုပ်ဆိုးလှသော မျက်နှာကို မြင်ပြီး လန့်သွားခြင်း ဖြစ်သည် ။ ဖန့်ယောင်မှာမူ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ပြောလိုက်သည် ။

"မင်း... မင်းက ဘယ်လိုလုပ်ပြီး..."

ရှောင်ကျောက်သည် လန့်သွားသဖြင့် ရင်ဘတ်ကို အသာအယာ ပွတ်ရင်း သိချင်စိတ်ဖြင့် မေးလိုက်သည် ။

"ဆရာကြီး... ဘာဖြစ်လို့လဲ ဟင်"

ဖန့်ယောင်သည် ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားပြီးမှ ခေါင်းကို ခါယမ်းကာ ပြောသည် ။

"ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး။ ငါ လူမှားသွားတာပါ"

ထိုသို့ပြောပြီးနောက် သူသည် ရှောင်ကျောက်ကို ဆက်မကြည့်တော့ဘဲ "တူလိုက်တာ... တူလိုက်တာ" ဟု တိုးတိုးလေး ရေရွတ်နေမိသည် ။ ကျောက်မိန်ပင်လျှင် ဖန့်ယောင် ဤမျှ ပျာပျာသလဲ ဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည် ။ သူမသည် အံ့ဩသွားပြီး မေးမြန်းချင်သော်လည်း မမေးဖြစ်ပေ ။ သူမ၏ အကြည့်များသည် ရှောင်ကျောက်ထံသို့ ရောက်သွားပြီး ရှောင်ကျောက်၏ ချစ်စဖွယ်ကောင်းသော ရုပ်ရည်ကို မြင်လျှင် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားသည် ။

ကျန်းဝူကျိကို ချစ်မိသွားသည့် အချိန်မှစ၍ ကျောက်မိန်သည် ကျန်းဝူကျိ အနားရှိ လှပသော မိန်းကလေးတိုင်းကို မကြည်မလင် ဖြစ်လာခဲ့သည် ။ သို့သော် အရင်တုန်းက သူမ အဖမ်းခံရစဉ်က ရှောင်ကျောက်သည်သာ နေ့ညမပြတ် ပြုစုစောင့်ရှောက်ပေးခဲ့ပြီး နူးညံ့သိမ်မွေ့ကာ နာခံမှုရှိသော စရိုက်ရှိသည် ။ အချစ်ရေးသာမပါလျှင် ကျောက်မိန်သည် ဤညီမငယ်လေးကို အမှန်တကယ်ပင် ချစ်ခင်သဖြင့် သည်းခံလိုက်ပေမည် ။ ရှောင်ကျောက်သည် လှပသော်လည်း ရန်သူဖြစ်လာမည် မဟုတ်ဟု သူမ တွေးမိသည် ။ ကျိုးကျစ်လော့ကသာလျှင် ခက်ခဲသော ပြိုင်ဘက်ဖြစ်သဖြင့် အထူးပင် ဂရုစိုက်ရမည် ဖြစ်သည် ။

ကျန်းဝူကျိသည် ဖန့်ယောင်၏ အတွေးကို ရှင်းလင်းစွာ နားလည်သဖြင့် အသာအယာ ပြုံးကာ ပြောလိုက်သည် ။

"ညာလက်ရုံးသံတမန် ဖန့်ရဲ့ အတွေးတွေက မှားမယ်မထင်ပါဘူး။ ရှောင်ကျောက်ရဲ့ မိခင်က တကယ့်ကို ငါတို့ဂိုဏ်းရဲ့ ခရမ်းရောင်ဝတ် နဂါးဘုရင်မ တိုက်ချီစီ ပဲ။ အမေနဲ့ သမီး ရုပ်ချင်းတူတာက သဘာဝပါပဲ"

“ဟင်”

ယခုတွင် ကျောက်မိန်နှင့် ဖန့်ယောင်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ရှောင်ကျောက်၏ နောက်ခံက ဤမျှ မြင့်မားနေသည်ကို ကျောက်မိန် အံ့ဩသွားမိသည် ။ သူမသည် ဘာကြောင့် ကျန်းဝူကျိကို ရေနွေးကြမ်း ခပ်ပေးသည့် အစေခံမလေး အဖြစ်နှင့်သာ နာနာခံခံ နေနေရသနည်း ။ ကျန်းဝူကျိကို ပြုစုချင်ရုံ သက်သက်ကြောင့်လား ။ ထိုသို့ဆိုလျှင် တကယ့်ကို စိတ်လှသူလေးပင် ဖြစ်သည် ။

ဖန့်ယောင်သည် စိတ်ထဲတွင် အတန်ငယ် တုန်လှုပ်သွားပြီးနောက် ခါးသက်သော အပြုံးဖြင့် ပြောသည် ။

"ငါ့စိတ်ထဲမှာတော့ အနည်းငယ် ခန့်မှန်းမိပါတယ်၊ ဒါပေမဲ့ ဒါက အမှန်တရား ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သခင်လေး ယင်းယဲ့ ကွယ်လွန်သွားပြီလို့ ငါ ကြားခဲ့တယ်၊ ဒါပေမဲ့ သူတို့မှာ သမီးတစ်ယောက် ကျန်ခဲ့လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါကြောင့်ကိုး... ဒါကြောင့်ကိုး" သူ၏ လေသံမှာ နောင်တနှင့် ခါးသီးမှုများဖြင့် ပြည့်နှက်နေသည် ။

မင်ဂိုဏ်းအကြောင်းကို စုံစမ်းခဲ့စဉ်က မင်ဂိုဏ်း၏ ညာလက်ရုံးသံတမန် ဖန့်ယောင်သည် ခရမ်းရောင်ဝတ် နဂါးဘုရင်မ တိုက်ချီစီကို တစ်ဖက်သတ် အသည်းအသန် ချစ်ခဲ့ဖူးသည်ဟု ကြားခဲ့ဖူးသည်ကို ကျောက်မိန် သတိရသွားသည်ယခုတွင် သူမ၏ အထောက်အထားကို ရုတ်တရက် သတိရသွားသောအခါ ဖန့်ယောင်သည် ဘာကြောင့် ဤမျှ သက်ပြင်းချကာ စိတ်လှုပ်ရှားနေရသည်ကို သူမ နားလည်သွားလေသည် ။

ခဏမျှ ကျောက်မိန်သည် ဖန့်ယောင်ကို အလွန်ပင် သနားသွားပြီး တစ်ချိန်တည်းမှာပင် မိမိ၏ ကံကောင်းမှုကို ကျေးဇူးတင်မိသည် ။ လူတစ်ယောက်၏ ဘဝတွင် မိမိကို အလွန်အမင်း စွဲလမ်းစေမည့်သူနှင့် သေချာပေါက် တွေ့ကြုံရတတ်သည် ။ ထိုသူမှာ တစ်သက်လုံး မေ့မရနိုင်သောသူ ဖြစ်လာလိမ့်မည် ။ အကယ်၍ ထိုသူနှင့် အတူတူ အချိန်အကြာကြီး နေထိုင်ခွင့် ရရှိပါက ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကောင်းချီးပင် ဖြစ်သည် ။

နောက်ဆုံးတွင် ထိုသူသည် မိမိထင်သလောက် မပြည့်စုံကြောင်း သိရှိသွားပြီး လမ်းခွဲခဲ့ရလျှင်တောင် နောင်တ ရလိမ့်မည်မဟုတ်ပေ ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် မိမိနှစ်သက်ခဲ့သည်မှာ မိမိစိတ်ထဲတွင် ဖန်တီးထားသည့် ပြည့်စုံသော ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း နားလည်သွားမည် ဖြစ်သောကြောင့် ဖြစ်သည် ။ အရာအားလုံးမှာ စိတ်ကူးယဉ်မှုသာ ဖြစ်သောကြောင့် နောင်တရစရာလည်း မရှိတော့ပေ ။

သို့သော် အကယ်၍ ထိုစွဲလမ်းရသူကို ချစ်ပါလျက်နှင့် မပိုင်ဆိုင်နိုင်ခဲ့ပါက ထိုသူသည် တစ်သက်လုံး စိတ်ပျက်အားငယ်မှု၊ နာကျင်မှု၊ နောင်တများဖြင့် ပြည့်နှက်နေသည့် ဘဝတွင် နစ်မွန်းနေရပေလိမ့်မည် ။ ဖန့်ယောင်သည် နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင်အောင် ဤခံစားချက်ကို မစွန့်လွှတ်နိုင်ခဲ့သည်မှာ ထင်ရှားလှသည် ။ ဖန့်ယောင်၏ စိတ်ထဲတွင်မူ တိုက်ချီစီသည် သူ၏ စိတ်ကူးထဲမှ အမြဲတမ်း ပြောင်းလဲခြင်းမရှိဘဲ ပြည့်စုံနေသည့်သူ အဖြစ်သာ ရှိနေဆဲ ဖြစ်ပေလိမ့်မည် ။

အခန်း (၁၂၉) ကျိုးကျစ်လော့၏ မျက်နှာသာပေးခံရစေရန် ကြံစည်မှုလေးများ

ဖန့်ယောင်သည် လောကကြီးအလယ်တွင် စိတ်ဓာတ်ကြံ့ခိုင်မှု၌ အတုမရှိသူတစ်ဦး ဖြစ်ပေသည်။ ခဏတာမျှ နောင်တရရုံမှတစ်ပါး ကျန်သည့်အချိန်များတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။ ဤမျှ မြန်ဆန်သော နာလန်ထူမှုကို ကြည့်ပြီး ကျောက်မိန်ပင်လျှင် သူ့ကို အထင်ကြီးသွားရ၏။ ဤကဲ့သို့သော စိတ်နှလုံးတည်ငြိမ်မှုမှာ အမှန်တကယ်ပင် ချီးကျူးဖွယ်ရာ ဖြစ်သည်ဟု သူမ တွေးမိသည်။

သူမသည် မိမိကိုယ်ကိုယ် ပြန်လည်စဉ်းစားကြည့်မိ၏။ ကျန်းဝူကျိနှင့် လအနည်းငယ်မျှ ခွဲခွာခဲ့ရစဉ်ကပင် နေ့ရောညပါ လွမ်းဆွတ်တမ်းတနေခဲ့ပြီး တစ်ခါတစ်ရံ ထမင်းမေ့ဟင်းမေ့ ပင်ဖြစ်ရသည်။ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော တစ်ဖက်သတ်အချစ်အတွက်ဆိုလျှင် မည်မျှ ခံစားရမည်နည်း။

ကျောက်မိန်သည် အချစ်နှင့် အမုန်းကို ပြတ်သားစွာ ရင်ဆိုင်ရဲသူဖြစ်ပြီး လွတ်လပ်ပွင့်လင်းသော သဘာဝရှိသူ ဖြစ်ပေသည်။ အကယ်၍ သူမသာ ကျန်းဝူကျိနှင့် မပေါင်းဖက်ရတော့ပါက သေကြောင်းကြံစည်သည်အထိ မလုပ်သော်လည်း ဘဝတွင် ပျော်ရွှင်မှုဟူသည် ရှိတော့မည်မဟုတ်ပေ။ ဖန့်ယောင်ကဲ့သို့ စိတ်ဓာတ်ကို မြန်မြန်ဆန်ဆန် ပြန်လည်စုစည်းနိုင်ရန်မှာ သူမအတွက် လုံးဝမဖြစ်နိုင်သော အရာပင် ဖြစ်သည်။

ရုယန်မင်းသား၏ စံအိမ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သူလျှိုအဖြစ် နေထိုင်ခဲ့သော ဖန့်ယောင်၏ စိတ်ဓာတ် မည်မျှကြံ့ခိုင်ကြောင်းကို ယခုမှပင် ကျောက်မိန် အမှန်တကယ် နားလည်သွားတော့သည်။

ထိုစဉ် ကျန်းဝူကျိက "ကျောက်မိန်လေး..... မင်းအစ်ကိုက ဝမ်အန်းဘုရားကျောင်းကို စစ်သည် ဘယ်လောက်ခေါ်လာလဲ" ဟု မေးမြန်းလိုက်သည်။

ကျောက်မိန်က "သိပ်မများပါဘူး၊ လူတစ်ထောင်လောက်ပဲ ပါမယ်။ ဝမ်အန်းဘုရားကျောင်းနားမှာ လူနေအိမ်တွေ အများကြီးရှိတော့ အရေးကြီးတဲ့ကိစ္စမရှိဘဲ လူအများကြီး ခေါ်လာဖို့ မလွယ်ဘူးလေ။ နောက်ပြီး ငါ့အစ်ကိုက အရမ်းမာနကြီးတာ၊ သိုင်းလောကသားတွေကို နှိမ်နင်းဖို့ လူတစ်ထောင်ဆိုတာ လုံလောက်ထက်တောင် ပိုနေပြီလို့ သူထင်မှာပဲ၊ ဘာပြဿနာမှ မရှိနိုင်ဘူးလို့ သူယုံကြည်နေမှာ" ဟု ပြန်လည်ဖြေကြားလေသည်။

"ဒါဆို ငါနားလည်ပြီ"

ကျန်းဝူကျိက ခေါင်းညိတ်လိုက်ပြီး "အချိန်မရှိတော့ဘူး၊ မှောင်တော့မယ်။ မင်းတို့နှစ်ယောက် အရင်သွားနှင့်ကြတော့၊ ဒီည သတင်းစောင့်နေကြပါ" ဟု ပြောဆိုသည်။

ကျောက်မိန်နှင့် ဖန့်ယောင်တို့ နှစ်ဦးသား ခေါင်းညိတ်ပြကာ တည်းခိုခန်းမှ ထွက်ခွာသွားကြလေသည်။

အခန်းအတွင်း၌ ကျန်းဝူကျိသည် ရှောင်ကျောက်ပေးသော ကျောက်စိမ်းဆွဲပြားကို လက်ခံလိုက်ပြီးနောက် ပြုံးလျက် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပါးပြင်လေးကို နမ်းလိုက်ရာ ရှောင်ကျောက်မှာ ပျော်ရွှင်လွန်းသဖြင့် ရင်ခုန်တုန်ရင်ကာ မျက်နှာလေး နီမြန်းသွားရရှာသည်။

"ကဲ ရှောင်ကျောက်၊ ဘယ်လက်ရုံးသံတမန် ရန်နဲ့ လင်းနို့ဘုရင် ဝေတို့ကို သွားခေါ်ပေးဦး။ ငါ သူတို့ကို ပြောစရာရှိလို့"

ကျန်းဝူကျိ၏ လေသံမှာ အနည်းငယ် တည်ကြည်သွားလေသည်။ ရှောင်ကျောက်သည်လည်း နာခံမှုရှိစွာဖြင့် ရန်ရှောင်နှင့် ကျန်သူများကို သွားရောက်ရှာဖွေရန် ခုန်ပေါက်လျက် ထွက်သွားတော့သည်။

ရှောင်ကျောက် ထွက်သွားပြီး မကြာမီမှာပင် ရန်ပုဟွေ့က ဟိုဟိုဒီဒီ ကြည့်ရှုလျက် ခိုးကြောင်ခိုးဝှက် ပုံစံဖြင့် ဝင်လာပြန်သည်။

"ပုဟွေ့..... မင်း ဘာလုပ်နေတာလဲ"

ရန်ပုဟွေ့ပါ ရောက်လာလိမ့်မည်ဟု ကျန်းဝူကျိ မမျှော်လင့်ထားသဖြင့် အံ့အားသင့်ကာ မေးလိုက်မိသည်။

ရန်ပုဟွေ့က အနားသို့ ပြေးဝင်လာပြီး "အစ်ကိုဝူကျိ၊ လမ်းပေါ်မှာ အစ်ကိုနဲ့ လိုက်ဖက်မယ့် ကျောက်စိမ်းဆွဲပြားလေးတစ်ခု တွေ့လို့။ အစ်မကျစ်လော့နဲ့ ရှောင်ကျောက်တို့ သတိမထားမိတဲ့အချိန်မှာ အစ်ကို့အတွက် တိတ်တိတ်လေး ဝယ်လာတာ" ဟု ပြုံးလျက် ပြောဆိုလေသည်။

ပြောပြောဆိုဆိုဖြင့် သူမ၏ ရင်ခွင်ထဲမှ နွေးထွေးနေဆဲဖြစ်သော ကျောက်စိမ်းဆွဲပြားလေးကို ထုတ်ပေးရာ ရှောင်ကျောက်ပေးခဲ့သည့် အရာနှင့် တစ်ပုံစံတည်း ဖြစ်နေတော့သည်။

ကျန်းဝူကျိက ကျောက်စိမ်းဆွဲပြားကို လှမ်းယူလိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းကာ "ရှောင်ကျောက်ကလည်း မင်းပြောသလိုပဲ ပြောပြီး ဒါမျိုးပဲ ငါ့ကို ပေးသွားတယ်" ဟု ဆိုသည်။

ထိုသို့ပြောရင်း ကျန်းဝူကျိသည် ရှောင်ကျောက်ပေးထားသော ကျောက်စိမ်းဆွဲပြားကို ရင်ခွင်ထဲမှ ထုတ်လိုက်ရာ လက်တစ်ဖက်စီတွင် တစ်ပုံစံတည်းတူညီသော ဆွဲပြားနှစ်ခု ဖြစ်နေလေသည်။

ရန်ပုဟွေ့မှာ ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် အံကြိတ်လျက် "ဒီရှောင်ကျောက်တော့၊ သူက မဝယ်ပါဘူးလို့ ငါ့ကို ညာထားတာ၊ အခုတော့ တကယ်ဝယ်ထားတာပေါ့၊ ငါ့ထက်တောင် အရင်လာပေးသွားသေးတယ်၊ တကယ် စိတ်တိုဖို့ကောင်းတယ်" ဟု ဆိုလေသည်။

ကျန်းဝူကျိက မရယ်ဘဲ မနေနိုင်တော့ဘဲ "ဘာတွေဖြစ်ကုန်တာလဲ၊ မင်းတို့နှစ်ယောက်လုံးက စိတ်အားထက်သန်နေကြပါလား" ဟု မေးလိုက်သည်။

ရန်ပုဟွေ့မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း ကျန်းဝူကျိကို အကြောင်းစုံ ပြောပြလေသည်။

ကိစ္စက ရိုးရှင်းပါသည်။ သူမ၊ ကျိုးကျစ်လော့နှင့် ရှောင်ကျောက်တို့သည် အနီးနားတွင် ဈေးတန်းတစ်ခုရှိကြောင်း ကြားသဖြင့် အမျိုးသမီးတို့၏ ပင်ကိုဗီဇအတိုင်း ဈေးဝယ်ရန် အတူတူ သွားခဲ့ကြခြင်း ဖြစ်သည်။

အနောက်ဘက်ဒေသ ကုန်သည်တစ်ဦး၏ ဆိုင်တွင် အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းထည်များကို တွေ့ခဲ့ကြရာ အထူးသဖြင့် ထိုကျောက်စိမ်းဆွဲပြားလေးများမှာ အလွန်တင့်တယ်လှပေသည်။ ထို့ပြင် အစိမ်းရောင်တောက်နေသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံ ထွင်းထုထားသော ဆွဲကြိုးတစ်ကုံးကိုလည်း တွေ့ခဲ့ကြရာ လက်ရာမှာ အလွန်ပင် ပြောင်မြောက်လှသည်။

ထိုစဉ် ကျိုးကျစ်လော့က "အစ်ကိုဝူကျိသာ ဒီကျောက်စိမ်းဆွဲပြားကို ဆွဲထားရင် အရမ်းကြည့်ကောင်းမှာပဲ" ဟု ရုတ်တရက် ပြောလိုက်သည်။

အနောက်ဘက်ဒေသ ကုန်သည်မှာလည်း ပါးနပ်သူဖြစ်ရာ ထိုစကားကို ကြားသောအခါ "ဟုတ်ပါတယ်၊ ဒီကျောက်စိမ်းဆွဲပြားက တန်မင်းဆက်တုန်းက အန်ရှီး စစ်သေနာပတိရုံးက လက်ရာမျိုးပါ။ သခင်လေးတွေ ဆွဲထားရင် သူရဲကောင်းပီသပြီး ခန့်ညားတဲ့ အရှိန်အဝါ ထွက်လာမှာပါ။ သခင်လေးတို့ မြင်ရင်လည်း အမှန်အကန် ကြိုက်သွားမှာပါ" ဟု မြှောက်ပင့်ပြောဆိုလေသည်။

(သခင်လေးတို့ ဆိုသည်မှာ ကျန်းဝူကျိကို ဆိုလိုခြင်းဖြစ်သည်)

ထိုစကားကို ကြားပြီးနောက် ရန်ပုဟွေ့နှင့် ရှောင်ကျောက်တို့ နှစ်ဦးစလုံးသည် ကျန်းဝူကျိအတွက် ထိုကျောက်စိမ်းဆွဲပြားကို ဝယ်ပေးချင်စိတ် ပေါ်လာကြသည်။

သို့သော် မိန်းကလေး သုံးဦးမှာ အပြင်ပန်းတွင် ဆက်ဆံရေး ကောင်းမွန်ကြသော်လည်း ကျန်းဝူကျိ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် အတွင်းစိတ်၌ အပြိုင်အဆိုင် ရှိနေကြပေသည်။ ထို့ကြောင့် အပြင်ပန်းတွင် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ အခြားပစ္စည်းများကိုသာ သွားကြည့်ကြလေသည်။

ထို့နောက် ပြန်ရောက်လာကြသောအခါ နောက်တစ်ခါ ဈေးအတူတူ သွားကြဦးမည်ဟု ပြုံးရယ်ပြောဆိုကာ အသီးသီး မိမိတို့အခန်းထဲ ပြန်သွားခဲ့ကြသည်။

မမျှော်လင့်ဘဲ ရန်ပုဟွေ့နှင့် ရှောင်ကျောက်တို့ နှစ်ဦးစလုံးမှာ ကျောက်စိမ်းဆွဲပြားကို တိတ်တိတ်လေး ဝယ်ခဲ့ကြပြီး ကျန်းဝူကျိထံ လာပေးကြရာမှ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်သွားရခြင်းပင်။

ရန်ပုဟွေ့က "အစ်မကျစ်လော့ကလည်း ကျောက်စိမ်းဆွဲပြား ဝယ်ပြီး ခဏနေရင် လာပေးဦးမလားမသိဘူး" ဟု တီးတိုးရေရွတ်လိုက်သည်။

စကားပင် မဆုံးသေးမီ သစ်သားတံခါး ပွင့်သွားကာ လှပတင့်တယ်သော မိန်းကလေးတစ်ဦး ဝင်လာလေသည်၊ သူမမှာ ကျိုးကျစ်လော့ ဖြစ်ပေသည်။

ရန်ပုဟွေ့က "အာ.....အစ်မကျစ်လော့၊ အစ်မကလည်း အစ်ကိုဝူကျိကို ပေးဖို့ ကျောက်စိမ်းဆွဲပြား ဝယ်လာတာလား" ဟု အလန့်တကြား အော်ဟစ်လိုက်မိသည်။

ကျိုးကျစ်လော့၏ မျက်နှာမှာ တည်ငြိမ်နေပြီး ရန်ပုဟွေ့ ရှိနေမည်ကို ကြိုသိထားသည့်အတိုင်း "ရှောင်ကျောက် လာသွားပြီလား" ဟု မေးလိုက်သည်။

ရန်ပုဟွေ့က ခေါင်းညိတ်ပြကာ "ဟုတ်တယ်၊ ရှောင်ကျောက်နဲ့ ငါက အစ်ကိုဝူကျိအတွက် တူညီတဲ့ ကျောက်စိမ်းဆွဲပြားတွေ ဝယ်လာမိတာ။ အစ်မကျစ်လော့လည်း ဝယ်လာတာပဲ မဟုတ်လား။ ငါတို့တော့ တကယ် အချင်းချင်း အညာမိကုန်ပြီ။ အစ်ကိုဝူကျိကတော့ ငါတို့ကို ကြည့်ပြီး ရယ်နေတော့မှာပဲ" ဟု ဆိုသည်။

ပြောရင်းဆိုရင်း ရန်ပုဟွေ့၏ မျက်နှာမှာ စိတ်ပျက်အားငယ်ဟန်ဖြင့် စူပုပ်သွားလေသည်။ ကိစ္စများ ဤသို့ ရှုပ်ထွေးသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ မိမိတစ်ယောက်တည်းသာ ကျောက်စိမ်းဆွဲပြား ဝယ်လာသည်ဟု ထင်ခဲ့သော်လည်း အစ်မကျစ်လော့နှင့် ရှောင်ကျောက်တို့မှာ ဤမျှအထိ ပရိယာယ်များမည်ဟု သူမ မထင်ခဲ့ပေ။

ဤညီအစ်မ သံယောဇဉ်မှာ အပေါ်ယံသက်သက်သာ ဖြစ်နေတော့သည်။

သို့သော် ကျန်းဝူကျိကမူ ထိုသို့မထင်ပေ။ ကျိုးကျစ်လော့၏ တည်ငြိမ်သော အမူအရာကို ကြည့်ပြီး သူ တစ်စုံတစ်ခုကို ရိပ်မိသွားကာ ရုတ်တရက် ရယ်မောလိုက်ပြီး "ကဲ ကျစ်လော့၊ ဒါတွေအားလုံးက မင်းလက်ချက် မဟုတ်လား။ မင်းကတော့ ကျောက်စိမ်းဆွဲပြား မဝယ်ခဲ့ဘူး မဟုတ်လား" ဟု မေးလိုက်သည်။

ထိုအခါမှ ကျိုးကျစ်လော့က ပြုံးရွှင်သော မျက်နှာထားဖြင့် "အစ်ကိုဝူကျိကတော့ ညီမကို အသိဆုံးပါပဲ" ဟု ဆိုသည်။

ပြောပြောဆိုဆိုဖြင့် သူမသည် ရှေ့သို့ တိုးလာပြီး သူမ၏ ရင်ခွင်ထဲမှ လက်ရာမြောက်သော သစ်သားဘူးလေးတစ်ဘူးကို ထုတ်ကာ ကျန်းဝူကျိထံ ပေးအပ်လိုက်သည်။

ကျန်းဝူကျိက သစ်သားဘူးကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ အစိမ်းရင့်ရောင် ကျောက်စိမ်းဆွဲကြိုးတစ်ကုံး လဲလျောင်းနေသည်ကို တွေ့ရ၏။ အခန်းတွင်းမှ မှိန်ပျပျ အလင်းရောင်အောက်တွင် ကျောက်စိမ်းမှာ တလက်လက် တောက်ပနေလေသည်။ ကျောက်စိမ်းတုံး တစ်တုံးချင်းစီကို ပညာရှင်တစ်ဦးက သေသေချာချာ ထွင်းထုထားသည့်အလား ရှိပြီး အကြီးဆုံး ကျောက်စိမ်းတုံးမှာ ဗုဒ္ဓရုပ်ပွားတော်ပုံလေး ဖြစ်ပေသည်။ အလွန်ပင် နုနယ်လှပပြီး အနုပညာလက်ရာ တစ်ခုကဲ့သို့ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ရန်ပုဟွေ့မှာ ကြောင်ကြည့်နေရင်းမှ "အစ်မ... အစ်မက... ဒါကို ဘယ်လိုလုပ် ဝယ်နိုင်တာလဲ" ဟု မေးလိုက်သည်။

ကျိုးကျစ်လော့က ပြုံးလျက် "မင်ဂိုဏ်းကို ဗုဒ္ဓ ဂိုဏ်းလို့လည်း ခေါ်ကြတာပဲ။ အစ်ကိုဝူကျိက အခု မင်ဂိုဏ်းချုပ် ဖြစ်နေပြီဆိုတော့ ဒီရုပ်ပွားတော်ကို အသေအချာ ကြိုက်မှာပါ။ ဒီဆွဲကြိုးက ကျောက်စိမ်းဆွဲပြားထက် ပိုလှသလို ပိုလည်း တန်ဖိုးရှိတယ်။ အစ်ကိုဝူကျိကို ပေးဖို့ဆိုရင် ဒါက အသင့်တော်ဆုံးပဲ" ဟု ဆိုသည်။

သူမ၏ လေသံမှာ ညင်သာနေသော်လည်း ရန်ပုဟွေ့မှာမူ လုံးဝ မှင်တက်သွားရသည်။

သူမသည် ထိုမျှအထိ ပရိယာယ်မကြွယ်ဝသော်လည်း ယခုတော့ နားလည်သွားပြီ ဖြစ်သည်။ ကျိုးကျစ်လော့၏ မူလရည်မှန်းချက်မှာ ဤကျောက်စိမ်းဆွဲကြိုး ဖြစ်ပေသည်။ ကျောက်စိမ်းဆွဲပြားမှာ ကျန်းဝူကျိနှင့် လိုက်ဖက်ကြောင်း သူမက စတင်ပြောဆိုခဲ့ခြင်းမှာ ရှောင်ကျောက်နှင့် ရန်ပုဟွေ့ကို ထိုပစ္စည်းများ ဝယ်ရန် မြှူဆွယ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျိုးကျစ်လော့သည် ဤကျောက်စိမ်းဆွဲကြိုးကို တစ်ဦးတည်း ပိုင်ဆိုင်ခွင့်ရရှိသွားပြီး သူမပေးသော လက်ဆောင်မှာလည်း အခြားနှစ်ဦး၏ တူညီနေသော လက်ဆောင်များထက် သာလွန်ထူးကဲသွားတော့သည်။

အမှန်တကယ်တွင် သူမက အားလုံးကို အသာစီး ယူသွားခဲ့ပြီဖြစ်သည်။

ရန်ပုဟွေ့မှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ နူးညံ့သိမ်မွေ့ပြီး သူမအပေါ် အစ်မတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သော ကျိုးကျစ်လော့သည် စကားတစ်ခွန်းတည်းဖြင့် သူတို့နှစ်ဦးလုံးကို လမ်းမှားရောက်အောင် ပရိယာယ်ကြွယ်ဝစွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့မိပေ။

ဤအကြိမ်တွင်တော့ သူမနှင့် ရှောင်ကျောက်တို့ နှစ်ဦးစလုံးမှာ ကျိုးကျစ်လော့၏ လက်ခုပ်ထဲ၌ ရေဖြစ်သွားရကာ အပြတ်အသတ် ရှုံးနိမ့်သွားရလေတော့သည်။

အခန်း (၁၃၀) အရာရာတွင် အနိုင်ရသူရှိစမြဲ

ရန်ပုဟွေ့သည် ဒေါသတကြီးဖြင့် အံကြိတ်ကာ

"မမကျိုး... အစ်မရဲ့ နည်းပရိယာယ်တွေက တကယ့်ကို ကောင်းလွန်းပါတယ်"

သူမ အရွယ်ရောက်လာပြီးနောက်ပိုင်း ယခုကဲ့သို့ အပိုင်တွက်ပြီး ကစားခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည် ။ အထူးသဖြင့် မိမိအချစ်ဆုံးဖြစ်သော ကျန်းဝူကျိနှင့် ပတ်သက်သည့်ကိစ္စတွင် လှည့်စားခံရသဖြင့် သူမ မည်သို့မျှ သည်းမခံနိုင်တော့ပေ ။

ကျိုးကျစ်လော့သည် အမေးခံရသော်လည်း ဒေါသမထွက်ဘဲ အသာအယာ ပြုံးလိုက်ပြီးနောက် ဆိုသည် ။

"ညီမလေး ပုဟွေ့... ဘာတွေ ပြောနေတာလဲ။ ငါတို့ အားလုံးက ဒီကျောက်စိမ်းဆွဲပြားကို မဝယ်တော့ဘူးလို့ သဘောတူထားကြတာလေ။ ညီမနဲ့ ရှောင်ကျောက်ကသာ ကတိဖျက်ပြီး ဒါကို ဝူကျိကိုကို ကို ပေးဖို့ တိတ်တဆိတ် ဝယ်ခဲ့ကြတာ မဟုတ်လား။ ဒါဟာ ညီမတို့နှစ်ယောက်က အရင် ကတိဖျက်တာပဲလေ... အခုတော့ ဘာလို့ ငါ့ကို လာအပြစ်တင်နေရတာလဲ"

သူမ၏ လေသံမှာ အလွန်ပင် ညင်သာလှသော်လည်း ရန်ပုဟွေ့ကိုမူ ဒေါသအလိပ်လိပ် တက်လာစေသည် ။

ရန်ပုဟွေ့ကလည်း ဒေါသတကြီးဖြင့် "ငါတို့အားလုံး မဝယ်ဘူးလို့ ပြောထားပြီးသားကို အမကကျတော့ ဘာလို့ ဝယ်ရတာလဲ"

ကျိုးကျစ်လော့က လက်နှစ်ဖက်ကို ဖြန့်ပြကာ "ငါဝယ်တာက လည်ဆွဲလေ... ကျောက်စိမ်းဆွဲပြား မဟုတ်ဘူး။ ငါက ကျောက်စိမ်းဆွဲပြားကို မဝယ်ဘူးလို့ပဲ ပြောခဲ့တာ... လည်ဆွဲကို မဝယ်ဘူးလို့ မပြောခဲ့ပါဘူး"

"အစ်မ... အစ်မကတော့..."

ရန်ပုဟွေ့၏ အကြံအစည်နှင့် ဉာဏ်ပရိယာယ်မှာ ကျိုးကျစ်လော့ကို မည်သို့မျှ မမီပေ ။ ဤသို့ စကားနာထိုးခံရပြီးနောက် သူမမှာ စိတ်ရှုပ်ထွေးသွားပြီး မည်သို့ ပြန်လည်ချေပရမှန်းပင် မသိတော့ချေ ။ လူ့နှလုံးသားသည် နက်နဲလှသည်ဟု သူမ ကြားဖူးခဲ့သော်လည်း ယနေ့မှသာ ထိုအချက်ကို အထင်အရှား သိမြင်တော့သည် ။ သူမသည် ကျိုးကျစ်လော့ကို မိမိညီမအရင်းကဲ့သို့ ဆက်ဆံခဲ့သော်လည်း ယခုကဲ့သို့ လှည့်စားခံရသည်မှာ တကယ့်ကို ဒေါသထွက်စရာပင် ဖြစ်သည် ။

"ကဲ... ကဲ... မင်းတို့ အားလုံးက ငါ့ရဲ့ တောင်ပံတွေပဲ။ စိတ်မဆိုးကြနဲ့တော့... ကိုယ့်အချင်းချင်းလည်း ရန်မဖြစ်ကြနဲ့ဦး"

ကျိုးကျစ်လော့သည် ဉာဏ်များသူဖြစ်ပြီး တစ်ဖက်လူက အရင်မစလျှင် သူတစ်ပါးကို အလွယ်တကူ တိုက်ခိုက်မည့်သူ မဟုတ်မှန်း ကျန်းဝူကျိ သိသည် ။ ယခုတစ်ကြိမ်တွင်မူ သူမသည် ရှောင်ကျောက်၊ ရန်ပုဟွေ့တို့နှင့် အပြိုင်အဆိုင် ဖြစ်နေသောကြောင့်သာ ဤကဲ့သို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည် ။ ရှောင်ကျောက်မှာ ထက်မြက်သော်လည်း ငယ်ရွယ်သေးသည် ။ ရန်ပုဟွေ့မှာမူ ပို၍ပင် အကောက်အကြံမရှိဘဲ ဉာဏ်ရည်မှာလည်း ကျိုးကျစ်လော့နှင့် ယှဉ်လျှင် အလွန်ကွာခြားလှသဖြင့် ရှုံးနိမ့်သွားရခြင်း ဖြစ်သည် ။

ကျန်းဝူကျိ ထိုသို့ပြောသည်ကို ကြားမှသာ ရန်ပုဟွေ့လည်း လက်လျှော့လိုက်တော့သည် ။ သို့သော် သူမ၏ စိတ်ထဲတွင်မူ ကျိုးကျစ်လော့ကို နောင်တွင် ပို၍ သတိထားရမည်ဟု တေးထားလိုက်သည် ။

"အင်း... မဆိုးပါဘူး။ ဒီလည်ဆွဲနဲ့ ကျောက်စိမ်းဆွဲပြားတွေက အဆင့်အတန်း မြင့်လှတယ်။ ငါ အားလုံးကိုပဲ ဝတ်ထားလိုက်မယ်"

ကျန်းဝူကျိသည် ဘက်မလိုက်ကြောင်း ပြသသည့်အနေဖြင့် လည်ဆွဲကို လည်ပင်းတွင် ဆွဲလိုက်ပြီး ကျောက်စိမ်းဆွဲပြား နှစ်ခုကိုမူ ခါးဘေး တစ်ဖက်တစ်ချက်တွင် ညီညာစွာ ချိတ်ဆွဲလိုက်သည် ။

ကျိုးကျစ်လော့၏ မျက်လုံးများက ဝင်းလက်သွားပြီး ပြောလိုက်သည် ။

"ဝူကျိကိုကို... ကျောက်စိမ်းကို အစုံလိုက် မဝတ်ရဘူးလို့ လူတွေ ပြောတာကို ညီမ ကြားဖူးတယ်။ ကျောက်စိမ်းဆွဲပြား နှစ်ခုကို တစ်ပြိုင်တည်း ဝတ်တာက ကံဆိုးမှုကို ဖိတ်ခေါ်သလို ဖြစ်နေတတ်လို့ သိပ်မကောင်းဘူး ထင်တယ်..."

အမှန်စင်စစ် ဤသည်မှာလည်း ကျိုးကျစ်လော့၏ အကြံအစည်တစ်ခုပင် ဖြစ်သည် ။ ရန်ပုဟွေ့နှင့် ရှောင်ကျောက်တို့က တစ်ခုစီ ပေးထားသဖြင့် ကျန်းဝူကျိအနေဖြင့် နှစ်ခုလုံးကို ဝတ်ရန် ခက်ခဲစေရန် ဖြစ်သည် ။ ထိုသို့ဖြစ်လျှင် ရန်ပုဟွေ့နှင့် ရှောင်ကျောက်တို့ကြားတွင် အချင်းချင်း အငြင်းပွားမှုများ ပိုမိုပြင်းထန်လာမည်ဖြစ်ရာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အကြံပင် ဖြစ်သည် ။

ထိုစကားကို ကြားသောအခါ ရန်ပုဟွေ့လည်း အနည်းငယ် စိုးရိမ်သွားသည် ။ ကျန်းဝူကျိက သူမပေးသည်ကို ဝတ်မည်လား သို့မဟုတ် ရှောင်ကျောက်ပေးသည်ကို ဝတ်မည်လားဟူသော အချက်မှာ များစွာ အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်လား ။

သို့သော် ကျန်းဝူကျိကမူ ထိုအယူသီးမှုများကို ဂရုမစိုက်ပေ ။ သူသည် မသိနားမလည်နိုင်သော အရာများအပေါ် ရိုသေမှု ရှိနိုင်သော်လည်း ထိုအရာများက သူ့ကို ကန့်သတ်ချုပ်ချယ်ခြင်းကိုမူ ခွင့်မပြုနိုင်ပေ ။

ကျန်းဝူကျိသည် ကျိုးကျစ်လော့ကို နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည် ။

"ကျောက်စိမ်းကို အစုံလိုက် မဝတ်ရဘူး ဟုတ်လား။ ကောင်းပြီ... ဒီနေ့ကစပြီး ငါ့အတွက်တော့ အဲဒီစည်းကမ်း မရှိတော့ဘူး။ ငါကတော့ နှစ်ခုလုံးကို ဝတ်မှာပဲ။ ဒီလောကမှာ ဘယ်သူက ငါ့ကို ကံဆိုးအောင် လုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

သူသည် ဘက်လိုက်ခြင်း မရှိကြောင်း ပြသသည့်အနေဖြင့် ကျောက်စိမ်းဆွဲပြား နှစ်ခုလုံးကို ဘယ်နှင့် ညာ ညီညာစွာ ချိတ်ဆွဲထားလိုက်သည် ။ ထို့နောက် ကျိုးကျစ်လော့ကို ကြည့်ကာ ပြုံးလျက် ဆိုသည် ။

"ကျစ်လော့... မင်းပေးတဲ့ ဒီလည်ဆွဲကို ငါ တကယ် သဘောကျတယ်။ ပထမကြည့်လိုက်ရင်တော့ ရိုးရိုးလေးလို့ ထင်ရပေမဲ့ သေချာကြည့်လေလေ ပိုပြီး လက်ရာမြောက်လေလေပဲ။ အရာရာကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရသလိုမျိုးပေါ့... မင်းကလည်း အဲဒီအတိုင်းပဲ။ မင်းကို ပိုပြီး နားလည်လာလေလေ မင်းကို ငါ ပိုပြီး သဘောကျလာလေလေပဲ"

ဤစကားများသည် ကျိုးကျစ်လော့ကို ချီးကျူးသကဲ့သို့ ရှိသော်လည်း သူမသည် အလွန် ဉာဏ်များသူဖြစ်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည် ။ ကျိုးကျစ်လော့သည်လည်း ထိုအဓိပ္ပာယ်ကို နားလည်သွားပြီး ကျန်းဝူကျိကို ပို၍ပင် လေးစားသွားတော့သည် ။

မိမိ၏ အကြံအစည်လေးများကို ကျန်းဝူကျိက အကဲခတ်မိသွားမှန်း သိလိုက်ရသောအခါ သူမသည် ကျန်းဝူကျိကို ပို၍ လေးစားမိသည် ။ ကျိုးကျစ်လော့သည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့သည်ဟု ထင်ရသော်လည်း စိတ်အတွင်း၌မူ အလွန် မာနကြီးသူ ဖြစ်သည် ။ အမျိုးသားတစ်ဦးက သူမကို အပြည့်အဝ အနိုင်မယူနိုင်လျှင် ထိုသူကို သူမ မည်သို့မျှ ချစ်မြတ်နိုးမည် မဟုတ်ပေ ။ ယခုအခါတွင်မူ ကျန်းဝူကျိက သူမ၏ သိုင်းပညာနှင့် လုပ်ဆောင်ချက်များကြောင့်သာမက သူမ၏ အကြံအစည်များကိုပါ တစ်ချက်တည်းနှင့် ရိပ်မိနိုင်စွမ်းရှိသဖြင့် သူမသည် ကျန်းဝူကျိအပေါ် လုံးလုံးလျားလျား စိတ်ညွတ်သွားတော့သည် ။

အရာရာတွင် အနိုင်ရသူ ရှိစမြဲ ဖြစ်သည် ။

ကျိုးကျစ်လော့က အသာအယာ ပြုံးလိုက်ပြီးနောက် ဆိုသည် ။

"ဝူကျိကိုကိုဆီက ချီးကျူးစကား ရဖို့ဆိုတာ တကယ်ကို မလွယ်လှပါဘူး။ နောင်ဆိုရင် ကျစ်လော့က ပြောတဲ့အတိုင်း လုပ်ပါ့မယ်။ ဒါမှ ဝူကျိကိုကိုက ကျစ်လော့ရဲ့ အပြင်ပန်းကို ကြည့်ရုံနဲ့ အတွင်းစိတ်ကို သိနိုင်မှာပါ"

ဤသည်မှာ သူမအနေဖြင့် နောက်နောင်တွင် ယခုကဲ့သို့ အကောက်ကြံသည့် နည်းလမ်းများကို အသုံးမပြုတော့ဟု ကတိပေးလိုက်ခြင်းပင် ဖြစ်သည် ။

ကျန်းဝူကျိက ပြုံးကာ ခေါင်းညိတ်လိုက်သည် ။ ဉာဏ်ကောင်းသူများနှင့် စကားပြောရသည်မှာ အလွန်ပင် အဆင်ပြေလှသည် ။ သူသည် ရှေ့သို့ တိုးသွားကာ ကျိုးကျစ်လော့နှင့် ရန်ပုဟွေ့တို့ နှစ်ဦးလုံးကို တစ်ဖက်တစ်ချက်စီ ဖက်လိုက်ပြီး ပါးကို နမ်းလိုက်သည် ။

အမျိုးသမီးနှစ်ဦးလုံး အလွန်ပင် ရှက်သွားကြသည် ။ အထူးသဖြင့် ကျိုးကျစ်လော့မှာ ယခင်က ကျန်းဝူကျိနှင့် ရင်းနှီးမှု ရှိခဲ့ဖူးသော်လည်း ထိုစဉ်က နှစ်ဦးတည်း ရှိနေချိန် ဖြစ်သည် ။ ယခုကဲ့သို့ အများရှေ့တွင် ကျန်းဝူကျိက သူမကို ဖက်လိုက်သောအခါ သူမ မည်သို့မျှ ခံနိုင်ရည် မရှိတော့ပေ ။

ရန်ပုဟွေ့မှာမူ ဤကဲ့သို့သော အခြေအနေမျိုးကို ရည်မှန်းထားပြီးသား ဖြစ်သည် ။ ကျန်းဝူကျိသည် သူမနှင့် ရှောင်ကျောက်တို့ နှစ်ဦးလုံးကို တစ်ပြိုင်တည်း ဖက်ကာ ရင်းနှီးမှု ပြုလေ့ရှိသဖြင့် သူမမှာ ရှက်သော်လည်း ငြင်းဆန်နိုင်စွမ်း မရှိချေ ။

အတိအကျပင် ထိုအချိန်၌ ရန်ရှောင်နှင့် ဝေယိရှောက်တို့သည် တံခါး မပိတ်ထားသည်ကို မြင်သဖြင့် ဝင်လာကြရာ ဤမြင်ကွင်းကို ဆုံတွေ့သွားကြတော့သည် ။

အလျင်အမြန်ဆုံး ဖြစ်သော ဝေယိရှောက်သည် အခန်းထဲသို့ ကိုယ်တစ်ပိုင်း ဝင်မိရုံရှိသေးသော်လည်း မြင်ကွင်းကို မြင်သည်နှင့် တခဏချင်း ပြန်လည် ထွက်ခွာသွားသည် ။ သတိမထားလိုက်လျှင် သူ ရောက်လာမှန်းပင် သိလိုက်ရမည် မဟုတ်ပေ ။

ရန်ရှောင်မှာမူ အနေရခက်စွာ ပြုံးလိုက်ပြီးနောက်

"ဂိုဏ်းချုပ်... ဆက်လုပ်ပါ။ ကျွန်‌ေတာ်တို့ မနှောင့်ယှက်တော့ပါဘူး"

"အဟမ်း"

ကျန်းဝူကျိသည် ရန်ရှောင်တို့ ဤအချိန်တွင် ရောက်လာလိမ့်မည်ဟု မထင်ထားပေ ။ ကျိုးကျစ်လော့ကလည်း စောစောက တံခါးကို မပိတ်ထားသဖြင့် သူတို့ ဝင်လာခြင်း ဖြစ်သည် ။ သို့သော် ကျန်းဝူကျိကမူ ထိုကိစ္စကို ဂရုမစိုက်ပေ ။ သူသည် ထိုကဲ့သို့ ကိစ္စများတွင် အရှက်ကင်းမဲ့သူ မဟုတ်ပါလား ။

ရန်ပုဟွေ့နှင့် ကျိုးကျစ်လော့တို့မှာမူ ရှက်လွန်းသဖြင့် မြေကြီးထဲသို့ပင် တိုးဝင်ချင်စိတ် ပေါက်သွားကြသည် ။ စောစောက မြင်ကွင်းကို ရန်ရှောင်တို့ မြင်သွားကြသည်မှာ တကယ့်ကို အရှက်ရစရာပင် ဖြစ်သည် ။

ကျိုးကျစ်လော့သည် ကျန်းဝူကျိ၏ လက်တွင်းမှ အသာအယာ ရုန်းထွက်ကာ မျက်နှာကို လက်ဖြင့်အုပ်လျက် ပြေးထွက်သွားတော့သည် ။ သူမသည် ဤကဲ့သို့သော ကိစ္စများတွင် အတွေ့အကြုံ အနည်းဆုံးဖြစ်သဖြင့် အရှက်ဆုံးလည်း ဖြစ်သည် ။

"အစ်မကျစ်လော့..."

ရန်ပုဟွေ့လည်း ရှက်နေသော်လည်း ကျိုးကျစ်လော့ ထိုသို့ ဖြစ်သွားသည်ကို မြင်သောအခါ စောစောက ရန်ငြိုးများ ပျောက်ကွယ်သွားပြီးနောက် သူမကို စိတ်ပူသွားသည် ။ ထို့ကြောင့် သူမက ကျန်းဝူကျိကို ဆိုသည် ။

"ဝူကျိကိုကို... ညီမ အစ်မနောက်ကို လိုက်သွားလိုက်ဦးမယ်"

ပြောပြီးနောက် သူမသည် ကျိုးကျစ်လော့နောက်သို့ ပြေးလိုက်သွားတော့သည် ။

ကျန်းဝူကျိသည် နှမြောတသစွာ သက်ပြင်းချလိုက်မိသည် ။ အရေးကြီးသော ကိစ္စများသာ မရှိလျှင် ဤချောမောလှပသော မိန်းကလေးများကို သူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ ။

"ဘယ်လက်ရုံးသံတမန် ရန်... လင်းနို့ဘုရင် ဝေ... ဝင်လာကြပါ"

ကျန်းဝူကျိသည် ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်လိုက်ပြီးနောက် လှမ်းခေါ်လိုက်သည် ။

ရန်ရှောင်နှင့် ဝေယိရှောက်တို့သည် အနည်းငယ် ကြောက်ရွံ့စွာဖြင့် ဝင်လာကြသည် ။ သူတို့သည် ကျိုးကျစ်လော့နှင့် ရန်ပုဟွေ့တို့ မျက်နှာနီမြန်းကာ ပြေးထွက်သွားသည်ကို မြင်ခဲ့ကြသဖြင့် ဂိုဏ်းချုပ်၏ ကိစ္စကောင်းလေးကို နှောင့်ယှက်မိပြီဟု တွေးတောနေကြသည် ။ ထို့ပြင် ရှောင်ကျောက်သည်လည်း အဘယ်ကြောင့် သူတို့ကို ယခုအချိန်မှ လာခိုင်းရသနည်းဟုလည်း တွေးမိကြသည် ။

All Chapters