အခန်း (၁၃၁-၁၃၅)
Vol. 14 Ch. 131-135
အခန်း (၁၃၁) ဝမ်ပေါင်းပေါင်း၏ သက်ပြင်းချခြင်း
"ဟိုလေ... ဂိုဏ်းချုပ်၊ ကျွန်တော်တို့ ခုနက ဘာမှမမြင်လိုက်ပါဘူး"
ဝေယိရှောက်သည် ကျန်းဝူကျိ၏ မျက်နှာအမူအရာ တည်ငြိမ်လွန်းနေသည်ကို မြင်သောအခါ ရင်ထဲ၌ ထိတ်ထိတ်ပြာပြာ ဖြစ်သွားရသည်။ ထို့ကြောင့် သူက အလျင်အမြန်ပင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည် ။
ရန်ရှောင်မှာမူ ဝေယိရှောက်၏ စကားကိုကြားပြီး ဘာမှမပြောနိုင်အောင်ပင် ဆွံ့အသွားရ၏။
ဘာမှမမြင်လိုက်ဘူးဆိုတာက ဘာသဘောလဲ။ တကယ်လို့ မမြင်ဘူးဆိုရင် ဘာလို့ အဲဒီလို ပြောနေရတာလဲ။ ဒါက မြင်ခဲ့ပါတယ်လို့ လူပိန်းနည်းနဲ့ ဝန်ခံလိုက်တာ မဟုတ်ဘူးလား။
ရန်ရှောင်မှာ သွေးတိုးချင်စိတ်ပင် ပေါက်သွားတော့သည်။ “အစောင့်အရှောက် ဘုရင်လေးပါးထဲမှာ ဉာဏ်ပြေးတဲ့သူ တစ်ယောက်မှ မပါပါလား၊ အားလုံးက လူနုံလူအ တွေချည်းပဲ” ဟု သူက စိတ်ထဲကနေ ကြိတ်၍ ရေရွတ်နေမိသည် ။
ရန်ရှောင်က စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ပြီး "ဂိုဏ်းချုပ်က.....ကျွန်တော်တို့ နှစ်ယောက်ကို ဆွေးနွေးစရာ ရှိတယ်လို့ ရှောင်ကျောက်က ပြောပါတယ်။ အဲဒါ ဘာကိစ္စများလဲ" ဟု မေးမြန်းလိုက်၏ ။
ကျန်းဝူကျိသည် သူတို့ကို ခြောက်လှန့်ရန်အတွက်သာ တမင်မျက်နှာထား တင်းထားခြင်း ဖြစ်သည်။ သူတို့ တုန်တုန်ရင်ရင် ဖြစ်နေသည်ကို မြင်သောအခါ ကျန်းဝူကျိက ပြုံးလိုက်ပြီး "ဒီကို လာကြဦး၊ ဒီညအတွက် အစီအစဉ်ကို ငါပြောပြမယ်" ဟု ဆိုလိုက်သည် ။
ကျန်းဝူကျိ ပြုံးပြသည်ကို မြင်မှသာ ရန်ရှောင်နှင့် ဝေယိရှောက်တို့လည်း စိတ်အေးသွားရပြီး ကျန်းဝူကျိ၏ ရှင်းပြချက်ကို ပြုံးရယ်လျက် နားထောင်ကြတော့သည် ။
၎င်းတို့သည် ကျန်းဝူကျိ၏ စွမ်းဆောင်ရည်ကို အမြဲတမ်း လေးစားအားကျနေကြသူများ ဖြစ်သဖြင့် စိုးရိမ်ပူပန်မှု သိပ်မရှိကြပေ။ ဂိုဏ်းချုပ်ကိုယ်တိုင် ရှိနေမှတော့ ဝမ်အန်းဘုရားကျောင်းကိစ္စသည် အမှန်တကယ်ပင် ခက်ခဲသော စိန်ခေါ်မှု မဟုတ်တော့ပြီ ။
အခြားတစ်ဖက်တွင်မူ...
ဖန့်ယောင်နှင့် ကျောက်မိန်တို့ ဝမ်အန်းဘုရားကျောင်းသို့ ပြန်ရောက်လာကြပြီးနောက် ကင်းစောင့်နေကြသော ရွှမ်မင်အဘိုးအို နှစ်ယောက်မှာလည်း ရင်တမမ ဖြစ်နေကြသည် ။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီကပင် သတင်းတစ်ခု ကြားထားရသောကြောင့် ဖြစ်သည်။ ဝမ်ပေါင်းပေါင်းသည် လူအင်အားအလုံးအရင်းနှင့် ဝမ်အန်းဘုရားကျောင်းသို့ ကိုယ်တိုင်ရောက်ရှိလာပြီး မင်ဂိုဏ်းသားများ လာရောက်အသေခံမည့်အချိန်ကို ဘုရားကျောင်းအပြင်ဘက်၌ စခန်းချ စောင့်ဆိုင်းနေသည် ဟု ဆိုသည်။
ထိုသတင်းမှာ တရားဝင် ထုတ်ပြန်ချက်ဖြစ်သော်လည်း လုကျန့်ခဲ့မှာမူ စိတ်ထဲတွင် မလုံမလဲ ဖြစ်နေသည်။ “ဤသည်မှာ လူဖမ်းရန်အတွက် တမင်အကွက်ဆင်ထားခြင်းလား၊ သူ့ကို ဖမ်းဆီးရန် ကြံစည်နေခြင်းလား” ဟု သူက တွေးတောပူပန်နေမိသည်။ ထိုကူတုထော် (ဖန့်ယောင်) မှာ တကယ်ကို ယုံကြည်ရသူ မဟုတ်ပေ၊ အမှန်တရားကို ဖွင့်ပြောလိုက်ပြီလားဆိုသည်ကို မည်သူမှ မသိနိုင်ပေ ။”
ဝမ်အန်းဘုရားကျောင်းသို့ ပြန်ရောက်သည်နှင့် ကျောက်မိန်သည် ဝမ်ပေါင်းပေါင်းထံသို့ သွားရောက်တွေ့ဆုံ၏ ။
ဝမ်ပေါင်းပေါင်းမှာ ထိုအချိန်တွင် စစ်ဝတ်စုံ အပြည့်ဖြင့် ခန့်ညားထည်ဝါစွာ ရှိနေသည်။ သူသည် အလွန်ရဲစွမ်းသတ္တိရှိသော စစ်သူကြီးတစ်ဦးနှင့် တူပြီး ရုပ်ရည်မှာလည်း အလွန်ပင် ထင်ပေါ်လှပသည်။ ရုယန်မင်းသား ဇနီးမောင်နှံ၏ မျိုးရိုးမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ ဝမ်ပေါင်းပေါင်းနှင့် ကျောက်မိန်တို့မှာ ယောကျ်ားနှင့် မိန်းမတို့တွင် ထိပ်တန်းရုပ်ရည်ပိုင်ရှင်များ ဖြစ်ကြသည် ။
သွေးသားရင်းချာ မောင်နှမများ ဖြစ်ကြသော်လည်း တစ်ဦးက ဝမ်မျိုးရိုး၊ တစ်ဦးက ကျောက်မျိုးရိုး ဖြစ်နေသဖြင့် မသိသူများအဖို့ ပတ်သက်မှု မရှိသလို ထင်ရသည်မှာ အံ့သြစရာပင်။ ဤသည်မှာ တကယ်ကို ရှုပ်ထွေးလှသည် ။
သို့သော်လည်း ထိုအမည်များကို ငယ်စဉ်ကတည်းက သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မွန်ဂိုလူမျိုးများသည် ထိုသို့သော ကိစ္စရပ်များကို လုံးဝအရေးမစိုက်ကြပေ ။
"အစ်ကို"
ကျောက်မိန်က ပြုံးလျက် နှုတ်ဆက်လိုက်၏။ ဝမ်ပေါင်းပေါင်းသည် သူ၏ လက်အောက်ငယ်သားများကို အနီးအနားတွင် စခန်းချရန် စီစဉ်နေဆဲ ဖြစ်သည်။ ကျောက်မိန် ရောက်လာသည်ကို မြင်သောအခါ သူကလည်း နားလည်မှုရှိရှိ ပြုံးပြလိုက်သည် ။
ကျောက်မိန်က လှည့်၍ ဖန့်ယောင်ကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ ဖန့်ယောင်ကလည်း ပြန်လည်အသိအမှတ်ပြုကာ မျှော်စင်ဆီသို့ ဦးတည်သွားတော့သည် ။
ဝမ်ပေါင်းပေါင်းသည် ထွက်ခွာသွားသော ဖန့်ယောင်၏ ကျောပြင်ကို ကြည့်ကာ "ညီမလေး၊ မင်း ဆရာကြီးကူနဲ့ ဘာတွေ ဆွေးနွေးနေတာလဲ" ဟု မေးလိုက်၏ ။
ကျောက်မိန်က ပြုံးလျက် "ဆရာကြီးကူနဲ့ ရွှမ်မင်အဘိုးကြီးတွေက မင်ဂိုဏ်းက လူယုတ်မာတွေ လာပြီး အကျဉ်းသားတွေကို မကယ်ထုတ်နိုင်အောင် မျှော်စင်အပေါ်ဆုံးထပ်မှာ စောင့်နေကြတာလေ။ ခုနက ဆရာကြီးကူက ကျွန်မနဲ့အတူ အပြင်ကို ခဏ လိုက်ခဲ့ပေးတာ။ အခု သူ့ကို မျှော်စင်အပေါ်ဆုံးထပ်ကို ပြန်သွားဖို့ ပြောလိုက်တာပါ" ဟု ဖြေလိုက်သည် ။
ဝမ်ပေါင်းပေါင်းက ခေါင်းငြိမ့်ပြပြီးနောက် သံသယမျက်လုံးများဖြင့် "ခုနက ဘာသွားလုပ်တာလဲ။ မိစ္ဆာဂိုဏ်းက ကျန်းဝူကျိဆိုတဲ့လူကို သွားတွေ့တာလား" ဟု ထပ်မေးလိုက်၏ ။
ကျောက်မိန်ကလည်း ပွင့်ပွင့်လင်းလင်းပင် "ဟုတ်တယ်၊ သူ ဘာတွေ လုပ်နေလဲဆိုတာ သွားကြည့်တာ" ဟု ခေါင်းငြိမ့်ဝန်ခံလိုက်သည် ။
ဝမ်ပေါင်းပေါင်းမှာ ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး "ညီမလေး၊ ငါတို့တွေဟာ ကြီးမြတ်တဲ့မွန်ဂိုအင်ပါယာရဲ့ ရွှေရောင်မိသားစုက ဆင်းသက်လာသူတွေ၊ ငါတို့ကိုယ်ထဲမှာ ဂျင်ဂစ်ခန်ရဲ့ သွေးတွေ စီးဆင်းနေတာ။ မင်းက ဘယ်လိုလုပ်ပြီး အဆင့်အတန်းနိမ့်တဲ့ သာမန်အရပ်သား တစ်ယောက်ကို သဘောကျနေရတာလဲ" ဟု ဆိုလိုက်၏ ။
အရပ်သား ဟူသော အသုံးအနှုန်းကြောင့် ကျောက်မိန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး နားထဲတွင် အလွန်ပင် ကသိကအောက် ဖြစ်သွားရသည် ။
သို့သော်လည်း သူမ ဘာမှမပြောခဲ့ပေ။ မွန်ဂိုအထက်တန်းလွှာ အများစုမှာ ဟန်လူမျိုးများကို ဤသို့ပင် ရှုမြင်ကြသည်။ အထူးသဖြင့် တောင်ပိုင်းဟန်လူမျိုးများကို တောင်ပိုင်းဆုန့်မင်းဆက်၏ ကြာရှည်စွာ ခုခံမှုကြောင့် ဝက် သို့မဟုတ် ခွေးထက်ပင် နိမ့်ကျသည်ဟု ယူဆကြသည် ။
( ဆုန့်မင်းဆက်နှင့် မွန်ဂိုတို့၏စစ်ပွဲသည် နှစ်ပေါင်း ၄၀ ဝန်းကျင်ခန့် ကြာမြင့်ခဲ့သည် )
ကျောက်မိန်သည် ငယ်စဉ်ကတည်းက ထိုသို့သော စကားများကို အကြိမ်ကြိမ် ကြားဖူးခဲ့သည် ။
သို့သော်လည်း သူမသည် ထိုသို့သော အယူအဆများကို တစ်ခါမျှ သဘောမတူခဲ့ပေ။ အထူးသဖြင့် လူမျိုးရေးခွဲခြားမှုများကို လျှော့ချပြီး လူတိုင်းကို တန်းတူဆက်ဆံရမည်ဟု ကျန်းဝူကျိ ပြောသည်ကို ကြားပြီးနောက်တွင် ဝမ်ပေါင်းပေါင်း၏ စကားများမှာ ပို၍ပင် နားမခံသာ ဖြစ်လာရသည် ။
ကျောက်မိန်က ခေါင်းယမ်းလိုက်ပြီး "အစ်ကို၊ အစ်ကို နားမလည်ပါဘူး။ တချို့အရာတွေက အဆင့်အတန်းနဲ့ ဆုံးဖြတ်လို့မရဘူး။ ဒါ့အပြင် ဟန်လူမျိုးတွေက လူဆိုးတွေမဟုတ်ပါဘူး။ ဒါက အစ်ကို့ရဲ့ အစွဲအလမ်းပါ" ဟု ဆိုလိုက်၏ ။
"အစွဲအလမ်း ဟုတ်လား..... ငါ့အထင်တော့ မင်း ပြုစားခံထားရပြီ ထင်တယ်"
ဝမ်ပေါင်းပေါင်းက နှာခေါင်းရှုံ့လိုက်ပြီး "ဟန်လူမျိုးတွေထဲမှာ ထူးချွန်ထက်မြက်သူတွေ ထောင်နဲ့ချီပြီး ရှိခဲ့တာကို ငါမသိဘူးလို့ မထင်နဲ့။ ဒါပေမဲ့ ဘာဖြစ်လဲ။ သူတို့တွေလည်း ငါတို့ မွန်ဂိုမြင်းတပ်ရဲ့ ခွာသံအောက်မှာ ကျရှုံးခဲ့တာပဲ မဟုတ်လား။ ငါ မင်းကို တားနေတာက ဟန်လူမျိုးမို့လို့ မဟုတ်ဘူး၊ ကျန်းဝူကျိက မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေလို့ပဲ။ မိစ္ဆာဂိုဏ်းဆိုတာ နန်းတော်နဲ့ အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေတာ မင်းမသိဘူးလား" ဟု ပြောလိုက်သည် ။
အမှန်စင်စစ် ဝမ်ပေါင်းပေါင်းသည် ဟန်လူမျိုးအားလုံးကို အမှန်တကယ် အထင်သေးပါက သူကိုယ်တိုင်ပင် ဝမ်ပေါင်းပေါင်း ဟူသော ဟန်အမည်ကို ခံယူထားမည် မဟုတ်ပေ။ သူ ထိုသို့ပြောရခြင်းမှာ ကျောက်မိန်၏ စိတ်ကူးကို ဖျောက်ဖျက်ရန်အတွက်သာ ဖြစ်သည် ။
သို့သော် ကျောက်မိန်၏ သဘောထားမှာ ပြတ်သားလှ၏။ သူမက "ညီမ သိပါတယ်၊ ဒါပေမဲ့ ညီမ သူ့ကို သဘောကျတယ်။ အဲဒါကလွဲလို့ ညီမ ဘာမှ မသိဘူး" ဟု ဆိုလိုက်သည် ။
"မင်း... ဟူး"
ဝမ်ပေါင်းပေါင်းသည် သူ၏ ညီမလေးကို အမြဲတမ်း အလိုလိုက်ခဲ့သူ ဖြစ်သည်။ သူမ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ ကျန်းဝူကျိက သူ၏ ညီမလေးကို လှည့်ဖြားလိုက်သဖြင့် အမြဲတမ်း လိမ္မာပြီး ဉာဏ်ကောင်းသော ညီမလေးမှာ ဤကဲ့သို့ ပြောင်းလဲသွားရသည်ဟု တွေးကာ ကျန်းဝူကျိ၏ ဘိုးဘေး ၁၈ ဆက်ကို စိတ်ထဲကနေ ကျိန်ဆဲနေမိတော့သည် ။
သို့သော် ကျောက်မိန်၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ဝမ်ပေါင်းပေါင်းသည် ထပ်၍ မပြောရဲတော့ပေ ။
သူ၏ ညီမလေးမှာ အမြဲတမ်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ အကယ်၍ သူမကို အတင်းအကျပ် ဖိအားပေးပါက ကျောက်မိန်သည် ဆင်ခြင်တုံတရားမဲ့သော အရာတစ်ခုခု လုပ်သွားနိုင်သဖြင့် သူ၏ စကားများကို မျိုသိပ်လိုက်ရသည် ။
ဝမ်ပေါင်းပေါင်းက သက်ပြင်းချလျက် "ကောင်းပြီလေ၊ မင်း သူ့ကို သဘောကျတယ်ဆိုရင် ငါ အများကြီး ဝင်မစွက်ဖက်တော့ပါဘူး။ ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ မေ့လို့မရဘူး။ အဖေနဲ့ ငါက အဲဒီ ကျန်းဝူကျိကို တွေ့ချင်တယ်။ တကယ်လို့ သူက ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှိပြီး စာပေရော စစ်ရေးမှာပါ ကျွမ်းကျင်တယ်ဆိုရင် မင်းနဲ့ လက်ထပ်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူရော မင်ဂိုဏ်းရောက နန်းတော်အတွက် အလုပ်လုပ်ပေးရမယ်။ မဟုတ်ရင်တော့ ဆွေးနွေးစရာ အကြောင်းမရှိဘူး။ ငါတို့ နန်းတော်ရဲ့ မင်းသမီးက ပုန်ကန်သူတစ်ယောက်နဲ့ လက်မထပ်နိုင်ဘူး" ဟု ဆိုလိုက်၏ ။
ကျောက်မိန်ကမူ အနာဂတ်မှာ နန်းတော်က ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲဟု စိတ်ထဲက ကြိတ်တွေးနေမိသည်။ အစ်ကိုဖြစ်သူက အခုတော့ အလွယ်တကူ ပြောနေသည်ပေါ့ ။
သို့သော် ဝမ်ပေါင်းပေါင်းကို စကားအနည်းငယ်ဖြင့် နားချ၍ မရနိုင်ကြောင်း သူမ သိသဖြင့် ဘာမှထပ်မပြောဘဲ ယာယီအားဖြင့်သာ ခေါင်းငြိမ့် သဘောတူလိုက်သည် ။
ထိုအချိန်တွင် ဖန့်ယောင်သည် မျှော်စင်ဆီသို့ တစ်ဦးတည်း ရောက်ရှိလာ၏။ လုကျန့်ခဲ့၊ ဟဲပိဝိန့်နှင့် အခြားသူများမှာ အနည်းငယ် မလုံမလဲ ဖြစ်နေကြသည်။ ဖန့်ယောင် တစ်ယောက်တည်းကိုသာ မြင်ရသော်လည်း သူတို့မှာ လုံးဝမကြောက်ဘဲ မနေနိုင်ပေ။ မင်းသမီးနှင့် မင်းသားလေးတို့က သူတို့ကို လာရောက်ဖမ်းဆီးမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည် ။
"ဘာဖြစ်လို့လဲ ဆရာကြီးလု..... အိပ်ရာခင်းတွေ သေချာ သိမ်းထားရဲ့လား"
ဖန့်ယောင် လမ်းလျှောက်လာရင်း လုကျန့်ခဲ့ကို မြင်သောအခါ ပြုံးစစဖြင့် မေးလိုက်၏ ။
လုကျန့်ခဲ့၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားပြီး အားတင်းပြုံးပြကာ "ကျွန်တော်က ဆရာကြီးကူကို မျက်နှာလိုမျက်နှာရ လုပ်ချင်တာဆိုတော့ သေချာပေါက် ပြင်ဆင်ထားပါတယ်" ဟု ဆိုလိုက်သည် ။
သူ၏ စကားမှာ အပြစ်ရှာစရာ မရှိဟု သူက ယူဆထားသည်။ အကယ်၍ မင်းသမီးဘက်က လူတစ်ယောက်ယောက် ကြားသွားလျှင်ပင် အပြစ် အားလုံးကို ဤကူတုထော်ပေါ်သို့ ပုံချနိုင်သည် မဟုတ်ပါလား ။
ဖန့်ယောင်က တဟားဟား ရယ်မောလိုက်၏။ သူသည် ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာမှသာ လွတ်လွတ်လပ်လပ် စကားပြောရဲခြင်း ဖြစ်သည်။ လုကျန့်ခဲ့သည် ဂရုစိုက်တတ်သူ ဖြစ်သဖြင့် မျှော်စင်အပေါ်ဆုံးထပ်တွင် အန္တရာယ်မှန်သမျှကို ဖယ်ရှားထားမည်မှာ သေချာသည် ။
ဖန့်ယောင်က ပြုံးပြီး "ဆရာကြီးလု၊ မစိုးရိမ်ပါနဲ့။ ကူတုထော်က ဒီလို ကောင်းမွန်တဲ့ ဘဝကို မစွန့်လွှတ်နိုင်သေးသလို ဘာကိုမှ အလွန်အကျွံလုပ်မှာ မဟုတ်ဘူး။ မင်းသမီးက ကျန်းဝူကျိနဲ့ ခဏလေးသွားတွေ့ပြီး စကားအနည်းငယ် ပြောပြီး ပြန်လာတာပဲ ရှိတာ။ ကူတုထော်က အခုထိ ဆွံ့အနေတုန်းပဲ၊ ဘာမှမပြောပါဘူး" ဟု ဆိုလိုက်သည် ။
ဖန့်ယောင်က သူ့ကို စိတ်အေးအောင် ပြောနေခြင်းဖြစ်ကြောင်း လုကျန့်ခဲ့ ချက်ချင်း သိလိုက်၏ ။
ဝမ်ပေါင်းပေါင်းနှင့် သူ၏ လူများ ရောက်လာပြီးနောက်တွင် ဘာမှထူးထူးခြားခြား မပြောဘဲ ဘုရားကျောင်းအပြင်ဘက်၌သာ စခန်းချနေကြသည်ကို ထောက်ဆလျှင်လည်းကောင်း၊ သူနှင့် သူ၏ညီလေးတို့ အဝေးကနေ စကားအနည်းငယ်သာ ပြောခဲ့ရပြီး ထူးခြားမှု မမြင်ရသည်ကို ထောက်ဆလျှင်လည်းကောင်း၊ အခု ကူတုထော် ပြောသည်မှာ အမှန်ပင် ဖြစ်နိုင်သည် ။
လုကျန့်ခဲ့မှာ ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ ကူတုထော် ပြောတာလည်း မှန်ပေသည်။ “အကယ်၍ သူသာ ငါ့အကြောင်း ဖွင့်ပြောလိုက်ရင် သူကိုယ်တိုင် ဟန်ကျီကို ဖမ်းဆီးခဲ့တဲ့ ကိစ္စကလည်း ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး။ ဟန်ကျီက ဒီမှာ ရှိနေသေးတာပဲ၊ သူမ အကြောပိတ်ခံထားတာကို ဖြေလိုက်တာနဲ့ ဘယ်သူဖမ်းခဲ့လဲဆိုတာ သူမက ပြောပြမှာပဲ။ ကူတုထော်လည်း ငြင်းလို့မရဘဲ ငါနဲ့အတူ သေရမှာပဲ။ ဒီလူက ဆယ်စုနှစ်တစ်ခုမက ဆွံ့အယောင်ဆောင်လာခဲ့တာဆိုတော့ အင်မတန် ကောက်ကျစ်မှာပဲ၊ ဒီလို ကိစ္စအသေးအမွှားလေးနဲ့ သူ့အနာဂတ်ကို ဖျက်ဆီးမှာ မဟုတ်ဘူး ။
ဤသို့ တွေးမိသည်နှင့် လုကျန့်ခဲ့မှာ အလွန်ပင် စိတ်သက်သာရာ ရသွားပြီး ပြုံးလျက် "ဒီက ညီအစ်ကိုကလည်း ဆရာကြီးကူနဲ့ မိတ်ဆွေဖွဲ့ချင်နေတာပါ။ ဆရာကြီးကူက ကတိတည်တဲ့ လူတစ်ယောက်ဆိုတာ ကျွန်တော် သိပြီးသားပဲ။ ဒါကြောင့် ဘာမှ ထပ်ပြောစရာ မလိုတော့ပါဘူး။ ဆရာကြီးကူ အခု ပြန်ရောက်ပြီဆိုတော့ ခင်ဗျားရဲ့ ရည်းစားဟောင်းကို သွားလွှတ်ပေးကြတာပေါ့။ ပြီးရင်တော့ အပြစ်အားလုံးကို ကျန်းဝူကျိပေါ် ပုံချလိုက်မယ်၊ ဒါဆို တို့ညီအစ်ကိုတွေ ဒီအရှုပ်တွေထဲကနေ လွတ်မြောက်ပြီပေါ့" ဟု ဆိုလိုက်တော့သည် ။
အခန်း (၁၃၂) သီလရှင် မြဲ့ကြွယ်..... နေကောင်းပါရဲ့လား
လုကျန့်ခဲ့သည် ထိုကိစ္စကို သေချာစွာ စဉ်းစားပြီးဖြစ်သည် ။ မည်သို့ပင်ဆိုစေကာမူ ဖန့်ယောင်သည်သာ အသာစီးရထားပြီး မိမိမှာမူ ဟန်ကျီကဲ့သို့ အလှနတ်သမီးကို မငြင်းဆန်နိုင်သည့် မိန်းမလိုက်စားတတ်သော သဘာဝကြောင့် သူကို ကျေးဇူးတင်နေရပြီဖြစ်သည် ။
ဤကိစ္စတွင် ဖန့်ယောင် ကိုယ်တိုင်လည်း ပါဝင်ပတ်သက်နေသည်ဆိုသော်လည်း သူကမူ ထိုအလှလေးကို ဘေးတွင် ဝှက်ထားသည်မဟုတ်ပေ ။ ယခုအခါ ဖန့်ယောင်က သီလရှင် မြဲ့ကြွယ်ကို ကယ်ထုတ်ရန် အကြံပြုလာခြင်းသည် မိမိကို ကူညီရာရောက်ပြီး နောင်တွင် ကိစ္စအဝဝကို အတူတကွ ဖြေရှင်းရန် ပိုမိုလွယ်ကူသွားစေမည်ဖြစ်သည် ။
အမှန်စင်စစ် ဤသည်မှာ လုကျန့်ခဲ့အတွက် အခြားရွေးချယ်စရာမရှိသည့် လုပ်ရပ်သာဖြစ်သည် ။ သူသည် နောင်တွင် ပြဿနာမကြုံစေရန်အတွက် ဖန့်ယောင်ကို အပြတ်ရှင်းပစ်ချင်သော်လည်း စိတ်မချနိုင်ဖြစ်နေရသည် ။ ထို့ကြောင့် အပေါ်ယံတွင်သာ မိတ်ဆွေဖွဲ့ပြီး အေးအတူပူအမျှ လက်တွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ။
လူကယ်မည့်ကိစ္စကို ကျန်းဝူကျိအပေါ် လွှဲချလိုက်ခြင်းမှာ အသင့်တော်ဆုံးဖြစ်သည်ဟု လုကျန့်ခဲ့က တွေးတောမိသည် ။ ထိုမိစ္ဆာခေါင်းဆောင်လေး၏ သိုင်းပညာမှာ ယခုအခါ အလွန်မြင့်မားနေပြီဖြစ်သည့်အပြင် ယနေ့ညတွင် လူလာကယ်မည်ဟုလည်း သဘောတူထားပြီးဖြစ်ရာ သူကယ်သွားသည်ဟုဆိုပါက မည်သူမျှ သံသယဝင်မည်မဟုတ်ပေ ။
မင်းသမီး ကျောက်မိန်ပင် သံသယရှိမည်မဟုတ် ။ ပထမအချက်မှာ ကျန်းဝူကျိ၏ သိုင်းပညာက ကြောက်ခမန်းလိလိဖြစ်ပြီး ဒုတိယအချက်မှာ မင်းသမီးကိုယ်တိုင်က ထိုမိစ္ဆာခေါင်းဆောင်လေးအပေါ် စိတ်ကစားနေခြင်းကြောင့်ဖြစ်သည် ။ အခြားသူသာ နန်းတော်အတွင်း လူလာကယ်ပါက မင်းသမီးမှာ အမျက်ထွက်ပြီး လိုက်လံဖမ်းဆီးမည်ဖြစ်သော်လည်း ကျန်းဝူကျိဆိုပါက ထိုအတိုင်းပင် လွှတ်ထားမည်မှာ သေချာသလောက်ရှိသည် ။ ဤသည်မှာ သူတို့အတွက် အကျိုးအမြတ် ကြီးကြီးမားမားရမည့် ကိစ္စပင်ဖြစ်သည် ။
ဖန့်ယောင်က ပြုံးလျက် "ညီအစ်ကိုလုကလည်း တကယ့်ကို သဘောထားကြီးတဲ့ သူရဲကောင်းတစ်ယောက်ပဲ။ ကျုပ် ဖန့်ယောင်က ညီအစ်ကိုလုကို အရမ်းပဲ လေးစားမိပါတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် သွားကယ်ဖို့ မလိုပါဘူး။ ကျုပ်ကို နေရာသာပြောပြပါ၊ ကျုပ်ဘာသာပဲ သွားကယ်ပါ့မယ်" ဟု ဆိုသည် ။
ထိုစကားကို ကြားသောအခါ လုကျန့်ခဲ့မှာ တဖန်သံသယဝင်လာပြီး "ဆရာကြီးကူ၊ ခင်ဗျား တကယ်ပဲ ဂိုဏ်းကြီးလေးဂိုဏ်းကလူတွေ အကုန်လုံးကို ကယ်မှာလား" ဟု မေးလိုက်သည် ။
သူသည် ရှေ့တွင်လည်း သံသယဝင်ခဲ့ပြီးဖြစ်ရာ ယခုအခါ ပို၍ပင် သံသယကြီးလာမိသည် ။ အကယ်၍ ဖန့်ယောင်တွင် အခြားရည်ရွယ်ချက်မရှိပါက မိမိကို အဘယ်ကြောင့် အတူလိုက်ခွင့်မပြုသနည်း ။
ဖန့်ယောင်မှာမူ ဆင်ခြေအဆင်သင့်ရှိနေပြီးဖြစ်ရာ ပြုံးလျက် "ညီအစ်ကိုလုက စိုးရိမ်လွန်းနေပါပြီ။ ကျုပ် အခုလိုလုပ်တာက မင်းကို ကာကွယ်ပေးချင်လို့ပါ" ဟု ပြောလိုက်သည် ။
"ကျုပ်ကို ကာကွယ်ပေးမယ် ဟုတ်လား"
လုကျန့်ခဲ့မှာ ဇဝေဇဝါဖြစ်သွားရသည် ။ အတူမလိုက်ရုံဖြင့် မည်သို့ကာကွယ်ပေးမည်နည်း ။
ဖန့်ယောင်က ဆက်၍ "မင်းပဲ စဉ်းစားကြည့်ပါ။ ကျုပ်က ကျုပ်ရဲ့ ချစ်သူဟောင်းကို သွားကယ်မယ်။ သူ လွတ်သွားရင် ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့မှ ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့နှစ်ယောက်လုံး သွားမယ်ဆိုရင် သီလရှင် မြဲ့ကြွယ်က အရင်ကတည်းက မကောင်းမှုကို မုန်းတီးပြီး ယွမ်မင်းဆက်ကိုလည်း နာကျည်းနေသူဖြစ်တယ်။ သူ လွတ်သွားတဲ့အခါ ညီအစ်ကို ၊ လုကျန့်ခဲ့က သူ့ကို ကယ်ပါတယ်ဆိုပြီး လူတိုင်းကို လျှောက်ပြောရင် ဘယ်လိုလုပ်မလဲ။ အဲဒီအခါ မင်းကြီးနဲ့ မင်းသမီးက မင်းအပေါ် သံသယဝင်တဲ့အခါ မင်းကိုယ်မင်း သေတွင်းထဲပို့တာနဲ့ အတူတူပဲ " ဟု ဆိုသည် ။
ထိုစကားကို ကြားသော် လုကျန့်ခဲ့မှာ ကျောရိုးထဲအထိ စိမ့်တက်သွားပြီး ချွေးစေးများ ပြန်လာသည် ။
ဖန့်ယောင်ပြောသည်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည် ။ သီလရှင် မြဲ့ကြွယ်သည် ချစ်သူဟောင်းကို ဒုက္ခပေးမည်မဟုတ်သော်လည်း မိမိကိုမူ အန္တရာယ်မပေးဟု အာမ မခံနိုင်ပေ ။ အကယ်၍ သူမကို လုကျန့်ခဲ့ ကယ်ထုတ်သည်ဟုသာ ပြောလိုက်ပါက အရာအားလုံး ပျက်စီးသွားပေမည် ။
အဘယ်ကြောင့်ဆိုသော် နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့်၏ အဆိပ်ဖြေဆေးမှာ မိမိလက်ထဲတွင် ရှိနေခြင်းကြောင့်ဖြစ်သည် ။ မိမိကပင် အဆိပ်ဖြေပေးပြီး လွှတ်လိုက်သည်ဟု သီလရှင် မြဲ့ကြွယ်က ပြောပါက မည်သို့မျှ ရှင်းနိုင်တော့မည်မဟုတ် ။ ဤသည်မှာ နွံအိုင်ထဲ ကျသကဲ့သို့ပင် ဖြစ်ချေတော့မည် ။
လုကျန့်ခဲ့သည် ထိုအချက်ကို သတိဝင်လာပြီး ဖန့်ယောင်ကို အမြန်ဦးညွှတ်ကာ "ဆရာကြီးကူရဲ့ သတိပေးမှုအတွက် အလွန်ကျေးဇူးတင်ပါတယ်။ ကျုပ် လုကျန့်ခဲ့ အမြင်မကျယ်မိလို့ ကိုယ့်ကိုယ်ကိုယ်ရော အခြားသူကိုပါ ဒုက္ခပေးမိတော့မလို့ပဲ" ဟု ကျေးဇူးတင်စကား ဆိုလိုက်သည် ။
ဖန့်ယောင်က သူ့ကို အမြန်ထူပေးကာ ပြုံးလျက် "ငါတို့က ညီအစ်ကိုတွေပဲ၊ ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး။ ဒီတစ်ခါ ကျုပ်ကပဲ မင်းကို အလုပ်ရှုပ်အောင် လုပ်မိတာဆိုတော့ မင်းကို ထပ်ပြီး အန္တရာယ်မဖြစ်စေချင်တော့ဘူး" ဟု ဆိုသည် ။
လုကျန့်ခဲ့ကလည်း ခေါင်းညိတ်လက်ခံပြီး "ဒါဆိုရင် ဆရာကြီးကူ တစ်ယောက်တည်းပဲ သွားပါတော့။ ကျုပ်က ဝူဝမ်အာဖုကို အစောင့်တွေ အလှည့်ကျ လူလဲတဲ့ပုံစံနဲ့ အကုန်ဖယ်ပေးဖို့ အမိန့်ပေးထားလိုက်မယ်။ ဒါမှ ဆရာကြီးကို မတွေ့ဘဲ မင်းသမီးဆီ သတင်းမရောက်တော့မှာ" ဟု ပြောသည် ။
ထိုအချိန်တွင် လုကျန့်ခဲ့သည် ဖန့်ယောင်၏ စကားများကြောင့် အမှန်တကယ် ကျေးဇူးတင်နေပြီး ဖန့်ယောင်အတွက်ပါ ထည့်စဥ်းစားပေးနေခြင်းဖြစ်သည် ။
ဖန့်ယောင်ကလည်း ဤသည်မှာ ကိစ္စအားလုံးကို ပိုမိုလွယ်ကူစေသည်ဟု တွေးကာ "ဒါဆိုရင် ကျေးဇူးတင်ပါတယ် ညီအစ်ကိုလု" ဟု ဆိုလိုက်သည် ။
လုကျန့်ခဲ့သည် အင်္ကျီလက်ထဲမှ လိပ်ထားသော စက္ကူတစ်ရွက်ကို ထုတ်ပေးကာ "ဆရာကြီးကူ၊ ဒါက မျှော်စင် ထိပ်မှာ ဂိုဏ်းအသီးသီးက လူတွေကို ဖမ်းထားတဲ့ နေရာပြမြေပုံပဲ။ အော့မေ့ဂိုဏ်းက လူတွေလည်း အဲဒီထဲမှာရှိတယ်" ဟု ပြောသည် ။
"ကျေးဇူးတင်ပါတယ်"
ဖန့်ယောင်က ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည် ။
လုကျန့်ခဲ့မှာမူ လက်ကာပြကာ ဖန့်ယောင်၏ စကားများကြောင့် စိတ်လှုပ်ရှားနေဆဲဖြစ်သည် ။ ဖန့်ယောင်သည် မကောင်းသောစိတ်ထားရှိသူ မဟုတ်ဟု သူတွေးမိသည် ။ ယခုကဲ့သို့ မိမိကို ငဲ့ညှာသောကြောင့် နောင်တွင် သူ့ကို သတ်ရန်မလိုဟုပင် ဆုံးဖြတ်လိုက်ပြီး ရှေ့ဆက် ဘာလုပ်မည်ကို စောင့်ကြည့်ရန်သာ စဉ်းစားလိုက်သည် ။
တစ်ချိန်တည်းမှာပင် လုကျန့်ခဲ့သည် ဝူဝမ်အာဖု အား အစောင့်အားလုံးကို ပြန်ခေါ်ခိုင်းလိုက်ပြီး ဖန့်ယောင်မှာမူ တစ်ကိုယ်တည်း လူကယ်ရန် ထွက်လာခဲ့သည် ။
ဖန့်ယောင်သည် လုကျန့်ခဲ့က လူလွှတ်၍ စောင့်ကြည့်နေမည်ကို စိုးရိမ်သဖြင့် အမှားအယွင်းမရှိအောင် သတိထားလှုပ်ရှားပြီး အော့မေ့ဂိုဏ်းသားများကို ဖမ်းဆီးထားရာ သတ္တမမြောက် အလွှာသို့ ရောက်ရှိလာခဲ့သည် ။
အော့မေ့ဂိုဏ်းသား အများစုကို အခန်းကျယ်များတွင် ပိတ်လှောင်ထားသော်လည်း ဂိုဏ်းချုပ်ဖြစ်သူ သီလရှင် မြဲ့ကြွယ်ကိုမူ တပည့်များနှင့် ဝေးရာ သီးသန့်အခန်းငယ်တစ်ခုတွင် ထားရှိသဖြင့် အလွန်တိတ်ဆိတ်နေသည် ။
အကြောင်းမှာ သီလရှင် မြဲ့ကြွယ်သည် ယွမ်နန်းတော်၏ စည်းရုံးမှုကို အစာငတ်ခံ ဆန္ဒပြကာ ခုခံနေသောကြောင့်ဖြစ်သည် ။ သူမကို အညံ့ခံလာစေရန် တပည့်များနှင့် ခွဲထားပြီး မည်သူနှင့်မျှ စကားပြောခွင့်မပေးဘဲ သူမ၏ ဇွဲသတ္တိကို ချိုးနှိမ်ရန် စီစဉ်ထားခြင်းဖြစ်သည် ။
ဖန့်ယောင်သည် သီလရှင် မြဲ့ကြွယ်ရှိရာ အခန်းသော့ကို ရရှိထားပြီးဖြစ်ရာ တံခါးကို ဖွင့်လိုက်သောအခါ သီလရှင် မြဲ့ကြွယ်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်၍ တရားထိုင်နေသည်ကို တွေ့လိုက်ရသည် ။ လူသံကြားသောကြောင့် သူမက မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ ကျောက်မိန်နှင့်အတူ လာလေ့ရှိသော ဖန့်ယောင်ဖြစ်နေသည်ကို တွေ့သော်လည်း ဘာမျှမပြောပေ ။
ဖန့်ယောင်သည် သီလရှင် မြဲ့ကြွယ်ကို ကြည့်လိုက်သည် ။ ရက်ပေါင်းများစွာ အစာငတ်ခံထားမှုကြောင့် သူမမှာ အရင်ကထက် များစွာပိန်လှီနေပြီး စိတ်ဓာတ်မှာလည်း အရင်ကကဲ့သို့ မလန်းဆန်းတော့ပေ ။ သို့သော် သူမ၏ မျက်လုံးများထဲတွင်မူ အညံ့မခံလိုသည့် ခက်ထန်သော အကြည့်များက ရှိနေဆဲဖြစ်ပြီး အညံ့ခံမည့်အစား အသေခံမည်ဆိုသော အသွင်အပြင်ကို ပြသနေသည် ။
ဖန့်ယောင်က "သီလရှင် မြဲ့ကြွယ်၊ နေကောင်းပါရဲ့လား " ဟု နှုတ်ဆက်လိုက်သည် ။
သီလရှင် မြဲ့ကြွယ်က အေးစက်စွာဖြင့် "နင်ကတော့ နေကောင်းမှာပေါ့၊ ငါကတော့ မကောင်းဘူး" ဟု ဆိုသည် ။
သူမက အလျော့မပေးသည်ကို မြင်သောအခါ ဖန့်ယောင်သည် နောက်ပြောင်လိုသောစိတ် ဖြစ်ပေါ်လာပြီး ပြုံးလျက် "ခင်ဗျားက တော်တော်ခေါင်းမာတာပဲ။ ငါတို့ မင်းသမီးက ခင်ဗျားကို ဆက်ထားလည်း အပိုပဲဆိုပြီး ခင်ဗျားကို အဆုံးစီရင်ဖို့ ငါ့ကို လွှတ်လိုက်တာ" ဟု ပြောလိုက်သည် ။
သီလရှင် မြဲ့ကြွယ်၏ မျက်နှာမှာ ပြောင်းလဲခြင်းမရှိဘဲ "ဒါဆိုရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့ နင်ကိုယ်တိုင် လုပ်နေဖို့ မလိုပါဘူး။ ငါ့ကို ဓားတိုတစ်လက်ပေးစမ်း၊ ငါ့ဘာသာပဲ အဆုံးစီရင်ပါ့မယ်" ဟု ပြန်ပြောသည် ။
စကားအဆုံးတွင် သီလရှင် မြဲ့ကြွယ်က ရုတ်တရက် "ငါ့တပည့် ကျိုးကျစ်လော့ကို ခေါ်ပေးစမ်းပါ။ ငါ သူမကို မတွေ့ရတာ ရက်တော်တော်ကြာပြီ၊ ငါ မသေခင်မှာ သူမကို မှာစရာလေးတွေရှိတယ်" ဟု တောင်းဆိုလိုက်သည် ။
သို့သော် ဖန့်ယောင်က ခေါင်းခါလျက် "ကျိုးကျစ်လော့ ဟုတ်လား။ သူမကို ခေါ်လို့မရတော့ဘူး" ဟု ဆိုသည် ။
"ဟင်"
သီလရှင် မြဲ့ကြွယ်၏ တည်ငြိမ်နေသော မျက်နှာပေါ်တွင် ပထမဆုံးအကြိမ် လှုပ်ခတ်မှု ဖြစ်သွားပြီး "ဘာလို့ ခေါ်လို့မရတာလဲ။ ကျစ်လော့ကို နင်တို့ ဒုက္ခပေးလိုက်ကြပြီလား" ဟု မေးလိုက်သည် ။
ကျိုးကျစ်လော့ကို အဘယ်ကြောင့် သီးသန့်အခန်းထဲတွင် ထားပြီး နေ့စဉ် ကောင်းမွန်သော စားသောက်ဖွယ်ရာများ ကျွေးမွေးနေရသည်ကို သီလရှင် မြဲ့ကြွယ် သံသယဝင်နေခဲ့သည် ။ ကျိုးကျစ်လော့က သူမကို ပြန်ပြောပြသည့်အခါ မွန်ဂိုအရာရှိကြီးတစ်ဦးက ကျိုးကျစ်လော့၏ အလှကို သဘောကျနေခြင်းဖြစ်မည်ဟု တွေးကာ သတိထားရန် မှာကြားခဲ့ဖူးသည် ။
ယခုအခါ ဖန့်ယောင်က ထိုသို့ပြောလာသောကြောင့် သူမ၏ ခန့်မှန်းချက် မှန်ကန်သွားပြီဟု တွေးကာ မျက်နှာမှာ ချက်ချင်းပင် မဲမှောင်သွားသည် ။
ဖန့်ယောင်မှာ သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သော် ကျေနပ်သွားမိသည် ။ သူက ပြုံးလျက် "ငါတို့ မဟုတ်ပါဘူး၊ မိစ္ဆာခေါင်းဆောင်ကြီးတစ်ယောက်က သူမကို ဒုက္ခပေးလိုက်တာပါ။ အဲဒီ မိစ္ဆာခေါင်းဆောင်ကြီးက ကျိုးကျစ်လော့ကို သူ့မိန်းမအဖြစ် သိမ်းပိုက်လိုက်ပြီး စည်းစိမ်ချမ်းသာတွေနဲ့ ပျော်ပါးနေတာလေ" ဟု ပြောလိုက်သည် ။
ထိုစကားကို ကြားသော် သီလရှင် မြဲ့ကြွယ်၏ မျက်နှာမှာ ဖြူလျော်သွားပြီး လူတစ်ယောက်ကို ဝါးစားမတတ် ဖြစ်သွားသည် ။ မျက်လုံးများမှာ နီရဲလာပြီး သွားများကို ကြိတ်ကာ "နင်တို့လို အသေဆိုးနဲ့ သေရမယ့် လူယုတ်မာတွေ..... တကယ်ပဲ ကျစ်လော့အပေါ်ကို ကြံစည်ရက်ကြတယ်ပေါ့။ သေလိုက်စမ်း.... သေလိုက်ကြစမ်း" ဟု ကျိန်ဆဲတော့သည် ။
သူမ၏ အသံမှာ အလွန်ပင် ခက်ထန်လှသဖြင့် ဖန့်ယောင်ပင် အနည်းငယ် တုန်လှုပ်သွားမိသည် ။ ကျိုးကျစ်လော့သည် ဤမြဲ့ကြွယ်အိုကြီး၏ သမီးအရင်းများလားဟုပင် သူ တွေးတောမိသည် ။ အော့မေ့ဂိုဏ်းကို ဖမ်းဆီးစဉ်က တပည့်အချို့ အသတ်ခံရချိန်၌ပင် သူမ ဤမျှ ဒေါသမထွက်ခဲ့ပေ ။
ဖန့်ယောင်မှာ မိမိ စနောက်သည်မှာ အနည်းငယ် လွန်သွားပြီဟု ခံစားလိုက်ရသည် ။ သို့သော် ထိုအဖွားကြီးမြဲ့ကြွယ်မှာ အလွန်ပင် ခေါင်းမာပြီး ရက်စက်လွန်းလှသဖြင့် တမင် ဒေါသထွက်အောင် လုပ်လိုခြင်းဖြစ်သည် ။ ယခုအခါ သူ ရည်ရွယ်သည့်အတိုင်း ဖြစ်သွားပြီဖြစ်ရာ စကားကောင်းပြောရန် ပြင်လိုက်သည် ။
အခန်း (၁၃၃) သေခြင်းတရားကို အေးချမ်းစွာ ရင်ဆိုင်ဝံ့သူ သီလရှင် မြဲ့ကြွယ်
ဖန့်ယောင်သည် ဒေါသအဟုန်ဖြင့် တောက်လောင်နေပြီး ရှေ့သို့ပြေးထွက်ကာ မိမိကို ကိုက်သတ်ပစ်ချင်နေသည့် သီလရှင် မြဲ့ကြွယ်ကို ကြည့်ကာ ပြုံးလိုက်သည် ။ "အဲ့ဒီလူက ဘယ်သူလဲဆိုတာကို မင်း မသိချင်ဘူးလား"
"ဟဲ့... နင်တို့လို ယွမ်မင်းဆက် သစ္စာဖောက်တွေအကြောင်း ဘယ်သူက သိချင်မှာလဲ ။ ငါ မြဲ့ကြွယ်ဟာ ဒီနေ့ သေရမှာမှန်ပေမဲ့ ငါ့ရဲ့ ဝိညာဉ်ကတော့ နင်တို့ ယွမ်မင်းဆက်ကလူတွေ အားလုံးကို ခြောက်လှန့်နေဦးမှာပဲ ။ နင်တို့အားလုံး မရှုမလှ သေစေရမယ်"
သီလရှင် မြဲ့ကြွယ်သည် သွားများကို ကြိတ်ထားပြီး စကားလုံးများကို အံကြိတ်ကာ ပြောဆိုနေခြင်းဖြစ်ရာ သူမ မည်မျှ ဒေါသထွက်နေသည်ကို သိသာလှသည် ။
ဖန့်ယောင်က ပြုံးလျက် "ဒါဆိုရင်တော့ မင်း မှားသွားပြီ.....ကျိုးကျစ်လော့ကို တစ်ယောက်ယောက်က ကယ်ထုတ်သွားတယ်..... ကယ်သွားတဲ့သူက ကျန်းဝူကျိ တဲ့ ။ သီလရှင်ကြီးလည်း သူ့ကို သိမယ်လို့ ငါ ထင်တယ်"
“ဟင်...”
ဒေါသတကြီးဖြင့် တစ်ဦးတစ်ယောက်ကို သတ်ဖြတ်ချင်နေသော သီလရှင် မြဲ့ကြွယ်သည် ရုတ်တရက် ကြောင်အသွားသည် ။
သူမ၏ အနည်းငယ် ပုံပျက်နေသော မျက်နှာအမူအရာမှာလည်း လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးသဖြင့် ကြည့်ရသည်မှာ အတော်ပင် ရယ်စရာကောင်းနေသည် ။
"ကျန်း... ကျန်းဝူကျိ လား"
သီလရှင် မြဲ့ကြွယ်သည် အံ့အားသင့်သွားပြီးနောက် အလျင်အမြန်ပင် မေးမြန်းလိုက်သည် ။ "တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ..... ငါ့ကို မြန်မြန်ပြောစမ်း"
သူမ၏ လေသံမှာ အလွန်ပင် အရေးတကြီး ဖြစ်နေသည် ။
သို့သော် ဖန့်ယောင်က နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်သည် ။ "ဒါက အကူအညီတောင်းတဲ့သူရဲ့ အမူအရာမဟုတ်ဘူး ။ ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ"
သီလရှင် မြဲ့ကြွယ်သည် စိတ်လှုပ်ရှားနေသဖြင့် ဆဲရေးတိုင်းထွာလိုက်သည် ။ "နင့်လို ယွမ်မင်းဆက်ရဲ့ ခွေးက ငါ့ဆီက ယဉ်ယဉ်ကျေးကျေး ဆက်ဆံခံရဖို့ မျှော်လင့်နေသေးတာလား"
"မကောင်းတဲ့ စကားလုံးတွေ ပြောတာ ရပ်လိုက်စမ်းပါ ။ ငါ ဘယ်သူ့ရဲ့ ခွေးဖြစ်ဖြစ် မင်းအလုပ် မဟုတ်ဘူး ။ ငါဟာ အော့မေ့ဂိုဏ်းက ဘယ်သူ့ကိုမှ မသတ်ခဲ့သလို သီလရှင် မြဲ့ကြွယ် မင်းအပေါ်မှာလည်း ဘာရန်ငြိုးမှ မရှိဘူး ။ ကျိုးကျစ်လော့ကို ကယ်သွားတဲ့အကြောင်း သိချင်လို့ မေးနေတာ မဟုတ်လား ။ မင်းက ကောင်းကောင်းမမေးရင် ငါက ဘာလို့ ပြောပြရမှာလဲ"
ဖန့်ယောင်၏ ရည်ရွယ်ချက်မှာ သီလရှင် မြဲ့ကြွယ်၏ မာန်မာနကို နှိမ်ရန်ဖြစ်သဖြင့် လွယ်လွယ်နှင့် လျှော့ပေးရန် အစီအစဉ်မရှိပေ ။
သီလရှင် မြဲ့ကြွယ်သည် ဒေါသကြောင့် သွားများ ယားယံလာသော်လည်း ကျိုးကျစ်လော့ကို ငဲ့ကွက်ကာ မလိုလားသော်လည်း ပြောလိုက်ရသည် ။ "ကောင်းပြီ ။ ဒါဆိုရင်တော့ ဒီကဆရာကြီးကို တောင်းပန်ပါတယ် ။ ငါ့ရဲ့တပည့် ကျိုးကျစ်လော့ ဘယ်လို လွတ်သွားတယ်ဆိုတာကို သေသေချာချာ ပြောပြပေးပါဦး"
"အင်း... ဒီလိုဆိုရင်တော့ ဟုတ်သေးတာပေါ့"
ဖန့်ယောင်သည် စိတ်ထဲတွင် ကျေနပ်သွားကာ 'ဒီမြဲ့ကြွယ် အဖွားကြီးဟာ မကောင်းမှုကို အဆိပ်လို မုန်းတီးပြီး ငါတို့ မင်ဂိုဏ်းသားတွေကို အများကြီး သတ်ခဲ့တာ ။ အခုတော့ သူ့ကို ခေါင်းငုံ့အောင်လုပ်နိုင်ပြီဆိုတော့ စိတ်သက်သာရာ ရသွားတာပဲ' ဟု တွေးတောနေသည် ။
သီလရှင် မြဲ့ကြွယ်၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာကို ကြည့်ကာ ဖန့်ယောင်က ပြောလိုက်သည် ။ "ကိစ္စက မရှုပ်ထွေးပါဘူး ။ မနေ့ညက ငါတို့ မင်းသမီးက ကျိုးကျစ်လော့ကို ခေါ်ပြီး သိုင်းပြိုင်ခိုင်းတယ် ။ အဲဒီမှာ ကျန်းဂိုဏ်းချုပ်က ရုတ်တရက် ပေါ်လာပြီး ရွှမ်မင်နတ်လက်ဝါး အဘိုးကြီး နှစ်ယောက်ကို နှိမ်နင်းပြီး ကျိုးကျစ်လော့ကို ကယ်သွားတာပဲ ။ ဒီလောက်ပါပဲ"
သီလရှင် မြဲ့ကြွယ်က သူ့ကို သံသယဖြင့် ကြည့်ကာ မေးသည် ။ "မင်းတို့က အနီးအနားမှာ စစ်သည်တွေနဲ့ ဝိုင်းမထားဘူးလား ။ ကျန်းဝူကျိက ဘယ်လောက်ပဲ သိုင်းတော်တော် တစ်ယောက်တည်းအင်အားနဲ့ လူတစ်ယောက်ကို ဘယ်လို ကယ်ထုတ်နိုင်မှာလဲ"
သူမ ဘာမှမသိသေးသည်ကို မြင်သောအခါ ဖန့်ယောင်က ကျန်းဝူကျိနှင့် ကျောက်မိန်တို့၏ သဘောတူညီချက်အကြောင်းကို ပြောပြလိုက်သည် ။ ထို့အပြင် ကျန်းဝူကျိသည် ဂိုဏ်းပေါင်းစုံက လူတွေကို ကယ်ထုတ်ရန် လာရောက်သည့်အကြောင်းကိုပါ ရှင်းပြလိုက်သည် ။
နားထောင်ပြီးနောက် သီလရှင် မြဲ့ကြွယ်သည် မထိန်းနိုင်တော့ဘဲ တဟားဟား အော်ရယ်တော့သည် ။ ထိုရယ်သံမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်နေသည့်ပုံစံမျိုး ဖြစ်သည် ။
ဖန့်ယောင်မှာ လန့်သွားကာ "ဒီသီလရှင် အဖွားကြီးကတော့ ရူးများသွားပြီလား..... မင်းတပည့်ကို ကျန်းဝူကျိက ကယ်သွားတာ ။ ဖြစ်နိုင်တာက ကျန်းဝူကျိက သူ့မိန်းမအဖြစ် သိမ်းပိုက်လိုက်မှာကို မင်းက ပျော်နေသေးတယ်"
သီလရှင် မြဲ့ကြွယ်က သူ့ကို စိုက်ကြည့်ကာ ပြောသည် ။ "နင်က ဘာသိလို့လဲ ။ ကျန်းဝူကျိဟာ ကျစ်လော့ကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာမဟုတ်ဘူး ။ ငါ့ရဲ့ တပည့်ရင်းလေး ဘေးကင်းသွားပြီဆိုမှတော့ ငါ ဘာလို့ မပျော်ရမှာလဲ ။ ပြီးတော့ ကျစ်လော့ဟာ ကျန်းဝူကျိနောက်ကို လိုက်သွားမယ်ဆိုရင်တောင် မင်းတို့ ယွမ်မင်းဆက် ခွေးတွေရဲ့ အစော်ကားခံရတာထက် အများကြီး သာပါသေးတယ် ။ အနည်းဆုံးတော့ ဒါဟာ သူမရဲ့ ဆန္ဒဖြစ်မှာပါ ။ လက်ရှိ အော့မေ့ဂိုဏ်းအတွက်တော့ ဒါဟာ အကောင်းဆုံး ရလဒ်ပဲ"
ဤသည်မှာ သေခါနီး လူတစ်ယောက်၏ စိတ်ကောင်းဝင်မှုမျိုး ဖြစ်နိုင်ပေသည် ။ သီလရှင် မြဲ့ကြွယ်သည် ဤဘုန်းကြီးဆိုးမှာ သူမကို သတ်ရန် လာသည်ဟု ထင်နေသည် ။ ကျစ်လော့ ထွက်ပြေးသွားသဖြင့် မင်းသားနန်းတော်ကလူတွေ ဒေါသထွက်ကာ သူမကို သတ်ခိုင်းသည်ဟု တွေးမိသည် ။ သို့သော် ကိစ္စမရှိပါ ။ ကျစ်လော့ ဘေးကင်းနေလျှင် အားလုံး အဆင်ပြေသည် ။ ဝမ်းနည်းစရာ တစ်ခုတည်းမှာ တိမ်လွှာဓားနှင့် နဂါးနိုင်ဓားတို့အကြောင်းကို သူမကို မှာကြားချိန် မရလိုက်ခြင်းသာ ဖြစ်သည် ။
သူမ၏ စကားများကို ကြားပြီးနောက် ဖန့်ယောင်သည် ပြုံးပြီး လက်ခုပ်တီးကာ "ဒီစကားတွေ ပြောပြီးရင်တော့ ပြန်ပြင်လို့ မရတော့ဘူးနော် ။ ကျိုးကျစ်လော့နဲ့ ကျန်းဂိုဏ်းချုပ် တို့ အတူရှိနေတာကို မင်းက မတားဘူးလို့ ပြောပြီးပြီပဲ ။ မင်းဆိုတဲ့ မြဲ့ကြွယ်ဟာ သိုင်းလောကမှာ နာမည်ကြီးတဲ့သူ တစ်ယောက်ပါ ။ စကားဆိုတာ ပြောပြီးရင် တည်ရမယ်နော်"
အမှန်စင်စစ် ဤသည်မှာ ဖန့်ယောင် တမင် ထောင်ချောက်ဆင်လိုက်ခြင်း ဖြစ်သည် ။ ကျန်းဝူကျိတို့နှင့် တွေ့စဉ်က သီလရှင် မြဲ့ကြွယ်သည် ကျိုးကျစ်လော့နှင့် ဂိုဏ်းချုပ်ကို အတူရှိခွင့်မပေးဘဲ တားဆီးနေသည်ဟု သူ ကြားခဲ့ရသည် ။ အခုတော့ သီလရှင် မြဲ့ကြွယ်ကို ထိုစကားများပြောအောင် လှည့်စားလိုက်ခြင်းဖြင့် နောင်တွင် သူမက ဂိုဏ်းချုပ်ကို ရန်မူရန် တွန့်ဆုတ်သွားစေရန် ဖြစ်သည် ။
သီလရှင် မြဲ့ကြွယ်သည် သူမ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး ပြောပြီးသား စကားကို ပြန်ရုပ်သိမ်းမည် မဟုတ်ပေ ။ ထိုအခါမှသာ ကျိုးကျစ်လော့နှင့် ဂိုဏ်းချုပ်တို့ အဆင်ပြေကြမည်ဖြစ်ပြီး သူသည်လည်း ကြီးမားသောအကျိုးဆောင်သူ တစ်ယောက် ဖြစ်ပေတော့မည် ။ ကျိုးကျစ်လော့ကလည်း သူ့ကို ကျေးဇူးတင်ပေလိမ့်မည် ။
လက်ရှိ ဂိုဏ်းချုပ်အနားရှိ မိန်းကလေးများဖြစ်သော မင်းသမီးနှင့် ကျိုးကျစ်လော့မှာ မိမိတို့ဘက်တော်သားများ ဖြစ်ကြသည် ။ ရန်ပုဟွေ့မှာလည်း ရန်ရှောင်၏ သမီးဖြစ်ရာ မိမိတို့၏ တူမအရင်းနှင့် မခြားပေ ။ ထိုသို့ဆိုလျှင် ဖန့်ယောင်၏ အနာဂတ်မှာ အလွန်ပင် တောက်ပနေတော့မည် မဟုတ်ပါလား ။
ဖန့်ယောင်တွင် အကြံအဖန်ပေါင်း ရှစ်ရာခန့် ရှိသည်ဟု ဆိုနိုင်သည် ။ မည်မျှပင် အစွမ်းထက်သည့် အမျိုးသားဖြစ်ပါစေ အမျိုးသမီးများ၏ စကားကြောင့် ဒုက္ခရောက်တတ်သည်ကို သူ ကောင်းကောင်းသိသည် ။ ဂိုဏ်းချုပ်အနားရှိ အမျိုးသမီးများကို စိတ်ကျေနပ်အောင် ထားနိုင်လျှင် အားလုံး ပြီးပြည့်စုံသွားပေလိမ့်မည် ။
သို့သော် သီလရှင် မြဲ့ကြွယ်သည် ဖန့်ယောင်၏ အကြံအစည်များကို မသိရှာပေ ။ သူမက နှာခေါင်းရှုံ့ကာ "ငါ ပြောတာတွေက နင်နဲ့ ဘာဆိုင်လို့လဲ ။ ဓားတစ်ချောင်းပဲ ပေးစမ်းပါ ။ ငါ့ဘာသာ အဆုံးစီရင်မယ် ။ ငါ့တပည့် ဘေးကင်းသွားပြီဆိုရင် အော့မေ့ဂိုဏ်းရဲ့ အမွေအနှစ်တွေ ဆက်ရှိနေဦးမှာပဲ ။ ငါလည်း အေးအေးဆေးဆေး သေလို့ရပြီ ။ ဟားဟားဟား"
သူမ၏ လေသံတွင် သေခြင်းတရားကို အေးချမ်းစွာ ရင်ဆိုင်ဝံ့သည့် သတ္တိများ ပြည့်နှက်နေသည် ။
သီလရှင် မြဲ့ကြွယ်၏ မျက်လုံးများထဲရှိ အဓိပ္ပာယ်ကို ဖန့်ယောင် မြင်တွေ့လိုက်ရသည် ။ သူမတွင် နောင်တအချို့ ရှိနိုင်သော်လည်း နောင်တရနေခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိပေ ။ ဤသည်မှာ သူရဲကောင်းတစ်ယောက်၏ စိတ်ဓာတ်ပင် ဖြစ်ရာ သူသည်လည်း မချီးကျူးဘဲ မနေနိုင်တော့ချေ ။
အရင်က သူသည် သီလရှင် မြဲ့ကြွယ်ကို ရန်လိုတတ်ပြီး ခေါင်းမာသူတစ်ယောက်အဖြစ်သာ သိထားခဲ့သည် ။ ယခုကဲ့သို့ သေခြင်းတရားကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်သည့် သူရဲကောင်းစိတ်ဓာတ်မျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ ။ ဖန့်ယောင်ကိုယ်တိုင်လည်း သေရမှာကို မကြောက်သော်လည်း ဤမျှ အေးချမ်းစွာ ရင်ဆိုင်နိုင်ရန်မှာ မလွယ်ကူလှပေ ။
ထိုသို့ တွေးတောရင်း ဖန့်ယောင်သည် သူ၏ နောက်ပြောင်လိုသည့် စိတ်များကို သိမ်းဆည်းလိုက်ပြီး သီလရှင် မြဲ့ကြွယ်ကို ရိုရိုသေသေ ဂါရဝပြုလိုက်သည် ။
သီလရှင် မြဲ့ကြွယ်မှာလည်း သူ၏ အမူအရာကြောင့် အံ့အားသင့်သွားပြီး ပြောလိုက်သည် ။ "နင့်လို အရိုင်းအစိုင်းက ဒီလို ယဉ်ကျေးမှုမျိုးကို သိနေသေးတာလား"
ဖန့်ယောင်က သူမကို နောက်ဆုံးခရီးကို ပို့ဆောင်ရန် ဂါရဝပြုသည်ဟု သူမ ထင်နေခြင်း ဖြစ်သည် ။
ဖန့်ယောင်သည် တံခါးဝသို့ လျှောက်သွားကာ အပြင်တွင် လူမရှိသည်ကို သေချာအောင် စစ်ဆေးပြီးနောက် သံတံခါးကို ညင်သာစွာ ပိတ်လိုက်သည် ။ ထို့နောက် သီလရှင် မြဲ့ကြွယ်အနားသို့ လျှောက်လာပြီး အဆိပ်ဖြေဆေးကို ထုတ်ကာ တိုးတိုးလေး ပြောလိုက်သည် ။ "ဒါက နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့် ရဲ့ အဆိပ်ဖြေဆေးပဲ ။ သီလရှင်ကြီး ဒါကို အမြန်သောက်ပြီး အတွင်းအားကို ပြန်လည်စုစည်းပါ ။ ခဏနေရင် အပြင်မှာ တိုက်ပွဲသံတွေ ကြားရလိမ့်မယ် ။ အဲဒီအခါကျရင် ငါတို့ အတူတူ တိုက်ထုတ်ပြီး ထွက်ကြတာပေါ့"
“ဟင်..”.
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန် ပြင်ဆင်နေသော သီလရှင် မြဲ့ကြွယ်သည် ထိုစကားကြောင့် ဆွံ့အသွားသည် ။ သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် ။ "နင်က ဘယ်သူလဲ ။ ဘာလို့ ငါ့ကို အဆိပ်ဖြေဆေး ပေးတာလဲ"
သီလရှင် မြဲ့ကြွယ်က တွေးနေသည်မှာ 'သူက ငါ့ကို မသတ်ခင်မှာ နောက်ပြောင်ချင်လို့လား' ဟူ၍ ဖြစ်သည် ။ ဤအရိုင်းအစိုင်းဘုန်းကြီး၏ အသက်ရှူသံမှာ မှန်ကန်လှသဖြင့် သူသည် သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမည် ။ သူက ဘာကြောင့် ကလေးကလား အပြုအမူတွေ လုပ်နေရတာလဲ ။
ဖန့်ယောင်က တိုးတိုးလေး ပြောသည် ။ "ကျွန်တော်က မင်ဂိုဏ်း ရဲ့ ညာလက်ရုံးသံတမန် ဖန့်ယောင် ပါ ။ ကျွန်တော်ဟာ သီလရှင်ကြီးကို ကယ်ထုတ်ဖို့ အမိန့်အရ လာခဲ့တာပါ ။ ခုနက စော်ကားမိတာတွေကို ခွင့်လွှတ်ပေးပါ "
သီလရှင် မြဲ့ကြွယ်က အံ့အားသင့်စွာ မေးသည် ။ "နင်က ဖန့်ယောင် လား ။ ဘာလို့ လူရိုင်းဘုန်းကြီးလို ဝတ်ထားရတာလဲ"
ရန်ရှောင်နှင့် ဖန့်ယောင်ကို 'မင်ဂိုဏ်းရဲ့ နတ်သား နှစ်ပါး' ဟု တစ်လောကလုံး သိကြပြီး နှစ်ယောက်စလုံးမှာ အလွန် ချောမောကြသူများ ဖြစ်ကြသည် ။ သီလရှင် မြဲ့ကြွယ်သည် သူတို့ကို တစ်ခါမှ မမြင်ဖူးသော်လည်း နာမည်ကြီးလှသဖြင့် သိထားသည် ။
သူမက သူတို့ကို ရုပ်ချောသော်လည်း စိတ်ယုတ်မာသည့် မိစ္ဆာခွေးများဟုသာ မှတ်ယူထားခဲ့သည် ။ ယခုကဲ့သို့ ဆံပင်ဝါဝါ၊ မျက်နှာတွင် အမာရွတ်များနှင့် လူရိုင်းဘုန်းကြီးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ ။ ဤပုံစံက ကျော်ကြားလှသော ဖန့်ယောင်နှင့် ဘယ်လိုမှ မတူပေ ။
ဖန့်ယောင်က ခေါင်းခါလျက် ပြောသည် ။ "ကျွန်တော်ဟာ ရုယန်မင်းသား နန်းတော်ထဲမှာ နှစ်ပေါင်းများစွာ သူလျှိုလုပ်နေခဲ့တာပါ ။ ဒါဟာ မင်ဂိုဏ်းနဲ့ ဂိုဏ်းအသီးသီးအပေါ် မင်းသားနန်းတော်ရဲ့ အစီအစဉ်တွေကို သတင်းစုဆောင်းဖို့ပါပဲ ။
အခု သီလရှင်ကြီးနဲ့ ဂိုဏ်းပေါင်းစုံက သိုင်းပညာရှင်တွေကို ကယ်ထုတ်ဖို့အတွက် ကျွန်တော့်ရဲ့ နောက်ခံကို ဖော်ပြလိုက်ရတာပါ ။ ဒီနေ့ကစပြီး ကျွန်တော်ဟာ မင်ဂိုဏ်းကို ပြန်သွားတော့မှာဖြစ်ပြီး ယွမ်မင်းဆက်ရဲ့ ခွေးအဖြစ် ဆက်လက်နေထိုင်မှာ မဟုတ်တော့ပါဘူး"
အခန်း (၁၃၄) မင်ဂိုဏ်းအပေါ် သီလရှင် မြဲ့ကြွယ်၏ သဘောထား ပြောင်းလဲလာခြင်း
ဤစကားများသည် အလွန်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်ဖြစ်ရာ သီလရှင် မြဲ့ကြွယ်၏ စိတ်ထဲတွင် ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်လာသကဲ့သို့ ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာပြီး အားအင်ကုန်ခမ်းသလို ခံစားလိုက်ရသည် ။
ယနေ့တွင် မိမိကိုယ်တိုင် သေရမည်မှာ သေချာလှပြီဟု ထင်မှတ်ထားခဲ့သော်လည်း မင်ဂိုဏ်း၏ ညာလက်ရုံးသံတမန် ဖန့်ယောင်က မိမိအား လာရောက်ကယ်တင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။
အမှန်စင်စစ် ယခုအချိန်တွင် သီလရှင် မြဲ့ကြွယ်သည် မင်ဂိုဏ်းကို မနှစ်မြို့သေးသော်လည်း ယွမ်မင်းဆက် ၏ ရှေ့မှောက်တွင်မူ မင်ဂိုဏ်းကို ရန်သူဟူ၍ မသတ်မှတ်တော့ပေ ။ အကြောင်းရင်းမှာ ရိုးရှင်းလှသည်၊ မိမိ၏ စီနီယာအစ်ကို ဂူဟုန်ကျီနှင့် မောင်အရင်းဖြစ်သူ ဖန့်ဖိန်တို့နှင့် ပတ်သတ်သော အာဃာတများ ရှိနေသော်လည်း သီလရှင် မြဲ့ကြွယ်သည် ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားရန် ပျက်ကွက်မည့်သူ မဟုတ်သောကြောင့် ဖြစ်သည် ။
မူလက ကွမ်မင်တောင်ထိပ်တွင် ကျန်းဝူကျိ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အော့မေ့ဂိုဏ်းသားများ တောင်ပေါ်မှ ဆင်းခဲ့ရစဉ်က သူမသည် မင်ဂိုဏ်းနှင့် ကျန်းဝူကျိအပေါ် အလွန်အမင်း နာကျည်းခဲ့သည် ။ သို့သော် နံ့သာဆယ်ပါး အရိုးပျော့ဆေးမှုန့် အဆိပ်ခတ်ခံရပြီး အဖမ်းခံရပြီးနောက် ဂိုဏ်းအသီးသီးမှ လူများအားလုံး စုဝေးမိကာ လမ်းခရီးတစ်လျှောက် စကားပြောဆိုခဲ့ကြရာမှ အော့မေ့ဂိုဏ်း ထွက်ခွာသွားပြီးနောက် ကွမ်မင်တောင်ထိပ်တွင် ဖြစ်ပျက်ခဲ့သမျှကို သီလရှင် မြဲ့ကြွယ်တစ်ယောက် သိရှိခဲ့ရသည် ။
ထိုအရာအားလုံးမှာ လူယုတ်မာ ချန်ခွန်း၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ရသောအခါ မကောင်းမှုကို အလွန်မုန်းတီးတတ်သော သီလရှင် မြဲ့ကြွယ်သည် ချန်ခွန်းကိုလည်း အလွန်အမင်း နာကျည်းသွားသည် ။ ချန်ခွန်းသည် အဖြစ်အပျက်အားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်သည်မဟုတ်ပါလား၊ ထင်ရှားကျော်ကြားသော သီလရှင် မြဲ့ကြွယ်သည် လူယုတ်မာ ချန်ခွန်း၏ အသုံးချခံရသည်ကို သိလိုက်ရသဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း ။
အခြားသော ဂိုဏ်းကြီးများ၏ သဘောထားမှာလည်း ထပ်တူပင်ဖြစ်ပြီး အားလုံးက ချန်ခွန်းကို ပြစ်တင်ရှုတ်ချကြသည် ။ ချန်ခွန်း၏ သိုင်းပညာများမှာ ကျန်းဝူကျိကြောင့် ပျက်စီးသွားပြီး ခြေလက်များလည်း ကျိုးကြေကာ မင်ဂိုဏ်း၏ အကျဉ်းသား ဖြစ်နေပြီဟု သိလိုက်ရသောအခါ သူမက ကျန်းဝူကျိအား ကောင်းကောင်းကိုင်တွယ်နိုင်သည်ဟုပင် ချီးကျူးလိုက်သေးသည် ။
တစ်ချိန်တည်းမှာပင် ရန်တိန့်ထျန်း လက်ထက်ကတည်းက မင်ဂိုဏ်း၏ ရည်မှန်းချက်မှာ မွန်ဂိုများကို မောင်းထုတ်ပြီး တရုတ်ပြည်ကို ပြန်လည် ထူထောင်ရန်ဖြစ်ကြောင်း သူမ သိရှိသွားသည် ။ ထိုရည်မှန်းချက်အတွက် ပါရှားဌာနချုပ်၏ အညံ့ခံခိုင်းသည့် အမိန့်ကိုပင် မင်ဂိုဏ်းက ငြင်းပယ်ခဲ့ကြောင်း သိရသဖြင့် သူမ အလွန် လေးစားမိသည် ။ ဤအချက်များအားလုံးမှာ ကျန်းဝူကျိက ရန်တိန့်ထျန်း၏ သေတမ်းစာကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်းကြောင့် ဖြစ်သည် ။
ရန်တိန့်ထျန်းသည် မိန်းမတစ်ဦး၏ လက်ချက်ဖြင့် အသေဆိုးနှင့် သေဆုံးခဲ့ရသည်ဟူသော အရှက်ရဖွယ် ဂုဏ်သတင်းမှာ အတည်ဖြစ်သွားသော်လည်း ထိုအချက်မှာ အဓိက မဟုတ်ပေ ။ ရန်ကတော်နှင့် ချန်ခွန်းတို့မှာသာ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း ခံရသည့် ပစ်မှတ်များ ဖြစ်ကြသည် ။ လူအပေါင်းတို့သည် ရန်တိန့်ထျန်းကဲ့သို့ သူရဲကောင်းတစ်ဦးမှာ ဤလူယုတ်မာ နှစ်ဦးကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ကို နှမြောတသ ဖြစ်နေကြသည် ။
ဤအချက်များကို သိရှိပြီးနောက် သီလရှင် မြဲ့ကြွယ်သည် ရန်တိန့်ထျန်းကို အလွန် လေးစားသွားသည် ။ သူမသည်လည်း တိုင်းပြည်ရေးကို ဦးစားပေးပြီး ယွမ်မင်းဆက်ကို အမြစ်ပြတ်ချေမှုန်းရန် မိမိ၏ တာဝန်ဟု မှတ်ယူထားသူ ဖြစ်သည် ။ ထို့ကြောင့် သူမက "ဒီလိုလူမျိုးနဲ့ မဆုံတွေ့ခဲ့ရတာ ငါ့ဘဝရဲ့ နောင်တတစ်ခုပဲ" ဟု တွေးတောမိသည် ။
ဤအချက်သည်ပင် သီလရှင် မြဲ့ကြွယ်အနေဖြင့် မင်ဂိုဏ်းအပေါ် ရန်လိုမှု မရှိတော့သည့် အဓိက အကြောင်းရင်း ဖြစ်သည် ။ သီလရှင် မြဲ့ကြွယ်သည် ခေါင်းမာပြီး ရှေးရိုးစွဲသူ ဖြစ်သော်လည်း တိုင်းပြည်၏ လူမျိုးရေးနှင့် ကိုယ်ရေးကိုယ်တာ အာဃာတကို ရောထွေးမည့်သူ မဟုတ်သည်မှာ သေချာသည် ။ ယခုအခါ တိုင်းပြည်ရေးမှာ အရေးကြီးနေပြီး မင်ဂိုဏ်းသည်လည်း ယွမ်မင်းဆက်ကို တိုက်ထုတ်ရန် ဆုံးဖြတ်ထားသည်ဖြစ်ရာ ကိုယ်ရေးကိုယ်တာ ခံစားချက်များကြောင့် အချိန်မဆွဲသင့်တော့ပေ ။
သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်၍လည်း သီလရှင် မြဲ့ကြွယ်က စဉ်းစားပြီးသား ဖြစ်သည် ။ ကိုယ်ရေးကိုယ်တာ အာဃာတမှာ အာဃာတသာဖြစ်ပြီး အမှန်တရားမှာ အမှန်တရားသာ ဖြစ်သည် ။ ရန်ရှောင်က သူမ၏ စီနီယာအစ်ကိုကို သေအောင် ဒေါသဆွခဲ့သည့် အာဃာတကိုမူ လွှတ်ပေး၍ မရနိုင်ပေ ။ သို့သော် စီနီယာအစ်ကိုမှာလည်း စိတ်ဆတ်လွန်းခဲ့သည်ဖြစ်ရာ အပြစ်ပေးသည့် အနေဖြင့် ရန်ရှောင်၏ သိုင်းပညာကိုသာ ဖျက်ဆီးပစ်မည်ဟု တွေးထားသည် ။
ရှဲ့ရွှန်းက သူမ၏ မောင်အရင်း ဖန့်ဖိန်ကို သတ်ခဲ့သည့် ကိစ္စမှာလည်း နောက်ကွယ်မှ ချန်ခွန်း၏ ကြိုးကိုင်မှုကြောင့် ဖြစ်ရကား ဤအာဃာတကို တစ်ဝက်စီ ခွဲဝေရမည် ဖြစ်သည် ။ သူမသည် အကျိုးအကြောင်း မသိသူ မဟုတ်ပေ ။ ရှဲ့ရွှန်း အလယ်ပိုင်းဒေသသို့ ပြန်ရောက်လာသည်နှင့် လက်စားချေသည့် အနေဖြင့် ရှဲ့ရွှန်းကို ချန်ခွန်းအား အရင်သတ်ခိုင်းမည်၊ ထို့နောက်မှ သူမက ရှဲ့ရွှန်းကို ပြန်သတ်ပြီး ကိစ္စအားလုံးကို အဆုံးသတ်မည်ဟု ဆုံးဖြတ်ထားသည် ။
သို့သော် ထိုအရာအားလုံးမှာ လွတ်မြောက်နိုင်မှသာ ဖြစ်နိုင်မည့် အယူအဆများ ဖြစ်သည် ။ အနည်းဆုံး မင်ဂိုဏ်းအပေါ် ထားရှိသည့် သဘောထားနှင့် ပတ်သက်၍မူ သီလရှင် မြဲ့ကြွယ်သည် ကိုယ်ရေးကိုယ်တာ အာဃာတထက် အမှန်တရားကို ရှေ့တန်းတင်ထားသည် ။
မူလဝတ္ထုထဲတွင် ဖန့်ယောင်၏ မည်သူမည်ဝါဖြစ်ကြောင်း သိသွားသော သီလရှင် မြဲ့ကြွယ်သည် အလွန်အမင်း သံသယများခဲ့သည် ။ ထိုသို့ဖြစ်ရခြင်းမှာ သတင်းအချက်အလက် မရှိခြင်းကြောင့် ဖြစ်သည်၊ သူမသည် ဘာမှမသိဘဲ အဖမ်းခံခဲ့ရပြီး မင်ဂိုဏ်းအကြောင်းကို နားလည်နိုင်မည့် အခွင့်အရေး မရှိဘဲ သေဆုံးသွားခဲ့ရသည် ။
ယခုအခါ ဖန့်ယောင်၏ ကယ်တင်ခြင်းကို ခံရသောအခါ သီလရှင် မြဲ့ကြွယ်သည် သူ့ကို ငြင်းပယ်ခြင်း မရှိပေ ။ သူမ၏ မင်ဂိုဏ်းအပေါ် ထားရှိသည့် အမြင်မှာ မူလဝတ္ထုနှင့် လုံးဝ ကွဲပြားသွားပြီဖြစ်သောကြောင့် ဖြစ်သည် ။ နားလည်မှု လွဲမှားခြင်းများကို အမြန်ဆုံး ရှင်းလင်းသင့်ကြောင်း၊ ထိုသို့မဟုတ်ပါက ပိုမိုဆိုးရွားသွားနိုင်ကြောင်း ဤအချက်က သက်သေပြနေသည် ။
သီလရှင် မြဲ့ကြွယ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "ဒီလိုကိုး..... ညာလက်ရုံးသံတမန် ဖန့်ဟာ မင်ဂိုဏ်းအပေါ် တကယ်ပဲ သစ္စာရှိတာပဲ၊ ကိုယ့်ရုပ်ရည်ကို ဖျက်ဆီးပြီး ဆယ်စုနှစ်တစ်ခုကျော်အောင် အသွင်ယူ စောင့်ဆိုင်းနေခဲ့တာကို ဒီသီလရှင်ကြီး တကယ်ပဲ လေးစားမိတယ်" ဟု ဆိုသည် ။
"ဒါဆိုရင်လည်း အားနာမနေပါနဲ့တော့၊ ခုနက ပြောသလို ကျိုးကျစ်လော့နဲ့ ငါတို့ဂိုဏ်းချုပ်တို့ အတူရှိနေတာကို မနှောင့်ယှက်တော့ဘူးဆိုရင် အကောင်းဆုံးပဲပေါ့၊ ငါတို့ဂိုဏ်းချုပ်နဲ့ ကျိုးကျစ်လော့ လက်ထပ်လိုက်ရင် ငါတို့အားလုံးက မိသားစုတွေ ဖြစ်သွားမှာပဲ" ။
ဖန့်ယောင်က တဟားဟား ရယ်မောလိုက်ရာ သီလရှင် မြဲ့ကြွယ်၏ မျက်နှာမှာ တစ်ဖန် ပြန်လည် တင်းမာသွားသည် ။ ထိုအချိန်တွင် သီလရှင် မြဲ့ကြွယ်သည် မိမိကိုယ်မိမိ ပါးရိုက်ချင်စိတ် ပေါက်သွားပြီး ခုနက စကားများကို ပြောမိသည့်အတွက် နောင်တရသွားသည် ။
သို့သော် ထိုစကားများသည် သီလရှင် မြဲ့ကြွယ်၏ စိတ်ရင်းအမှန်ပင် ဖြစ်သည် ။ ကျန်းဝူကျိကို မနှစ်မြို့သည်မှာ အမှန်ဖြစ်သော်လည်း ကျိုးကျစ်လော့သည် ကျန်းဝူကျိ၏ ဘေးတွင် အလွန် ဘေးကင်းမည်ကို သူမ မသံသယ မရှိပေ ။ ကျိုးကျစ်လော့အနေဖြင့် ယွမ်မင်းဆက် အရာရှိကြီး တစ်ဦးဦး၏ စော်ကားခြင်း ခံရသည်ထက် ကျန်းဝူကျိနှင့် အတူရှိနေခြင်းက ပို၍ပင် ကောင်းသည်ဟု သူမ ခံစားရသည်၊ အနည်းဆုံးတော့ ကျိုးကျစ်လော့ကိုယ်တိုင်ကလည်း လိုလားနေသည်ကို သီလရှင် မြဲ့ကြွယ် သိရှိနိုင်သည် ။
ကိုယ့်စကားနှင့်ကိုယ် ချောင်ပိတ်မိသွားသလို ခံစားရသော်လည်း ဂိုဏ်းချုပ်တစ်ဦးဖြစ်သည့် မိမိအနေဖြင့် ပြောပြီးသား စကားကို မည်ကဲ့သို့ ပြန်ပြင်၍ ရပါမည်နည်း ။ ထို့ကြောင့် စိတ်ထဲတွင် မကျေနပ်သော်လည်း မျက်နှာကို တင်းထားပြီး ဘာမှမပြောဘဲ နေလိုက်ရသည် ။
ဖန့်ယောင်က ပြုံးလျက် "ကောင်းပါပြီ သီလရှင်ကြီး၊ ကျွန်တော် အခြားဂိုဏ်းကြီးတွေက ပညာရှင်တွေကို သွားကယ်ဖို့ ရှိသေးတယ်၊ အဆိပ်ဖြေဆေး သောက်ပြီးရင် ဒီမှာ ခဏလောက် အတွင်းအား ပြန်စုထားပါဦး၊ ဒီညမှာ ကျွန်တော်တို့ ဂိုဏ်းချုပ် ကျန်းက ဂိုဏ်းအသီးသီးက လူတွေနဲ့အတူ အားလုံးကို လာကယ်ပါလိမ့်မယ်၊ အဲဒီအချိန်ကျရင် အားလုံး စုပေါင်းပြီး ဒီအကျဉ်းထောင်ထဲကနေ အတူတူ ဖောက်ထွက်ကြတာပေါ့" ဟု ပြောသည် ။
သီလရှင် မြဲ့ကြွယ်က အခြေအနေမှာ အလွန်အရေးကြီးကြောင်း သိသဖြင့် ခေါင်းညိတ်ပြကာ အဆိပ်ဖြေဆေးကို သောက်လိုက်သည် ။
ဖန့်ယောင်သည် အခန်းထဲမှ ထွက်လာပြီး အခြားသော အော့မေ့ဂိုဏ်းသားများကို အဆိပ်ဖြေပေးကာ အခြားဂိုဏ်းကြီးများမှ ပညာရှင်များကို ကယ်တင်ရန် ဆက်လက် ထွက်ခွာခဲ့သည် ။ အော့မေ့ဂိုဏ်းသားများ နေသည့်ဘက်မှ ထွက်လာသည်နှင့် လုကျန့်ခဲ့၏ တပည့်ကြီး ဝူဝမ်အာဖုနှင့် တိုးတော့သည် ။
အမှန်စင်စစ် လုကျန့်ခဲ့သည် ဖန့်ယောင်အပေါ် အပြည့်အဝ မယုံကြည်သေးဘဲ တစ်ဖက်ရန်သူ၏ သူလျှို ဖြစ်နေမည်ကို စိုးရိမ်သဖြင့် စုံစမ်းရန် မိမိ၏ တပည့် ဝူဝမ်အာဖုကို လွှတ်လိုက်ခြင်း ဖြစ်သည် ။
လုကျန့်ခဲ့သည် ကိုယ်တိုင်လာရန် စဉ်းစားခဲ့သော်လည်း "ဆရာကြီးကူက ငါ့ကို ခုနကပဲ သတိပေးထားတယ်၊ ငါလည်း သူ့ကို မသွားဘူးလို့ ကတိပေးထားတာ၊ တကယ်လို့ ဘာအမှားအယွင်းမှ ရှာမတွေ့ရင် နောက်မှ တွေ့တဲ့အခါ မျက်နှာပျက်စရာ ဖြစ်နေမယ်" ဟု တွေးကာ ဝူဝမ်အာဖုကိုသာ လူပြန်ခေါ်ခိုင်းသည့် အကြောင်းပြချက်ဖြင့် လွှတ်လိုက်ခြင်း ဖြစ်သည် ။
ဝူဝမ်အာဖုသည် မိမိ၏ ဆရာနှင့် ဆရာကြီးကူတို့ကြားတွင် ဘာတွေဖြစ်နေမှန်း မသိပေ ။ ဖန့်ယောင် စကားပြောနိုင်သည်ကိုပင် သူ မသိရှာပေ ။ ဆရာက ခိုင်းသည့်အတွက်သာ လာခဲ့ရခြင်းဖြစ်ရာ ဘာမှမသိဘဲ ရောက်လာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့်ပင် တူနေသည် ။
လက်ရှိတွင် ဝူဝမ်အာဖုမှာ ထိုအခြေအနေအတိုင်းပင် ဖြစ်နေသည် ။ သူက "ဆရာကြီးကူက ဒီဂိုဏ်းအသီးသီးက အကျဉ်းသားတွေကို လာကြည့်တာ ပြဿနာမရှိပါဘူး၊ ဆရာက ဘာလို့ သူ့ကို ပြန်ခေါ်လာခိုင်းတာလဲ၊ ဆရာကြီးကူက လမ်းမသိလို့လား၊ တကယ်လို့ ငါ ဆရာကြီးကူကို စိတ်ဆိုးအောင် လုပ်မိရင် ဒုက္ခရောက်မှာ မဟုတ်လား" ဟု တွေးနေမိသည် ။
ထို့ကြောင့် ဝူဝမ်အာဖုက ယဉ်ယဥ်ကျေးကျေးဆက်ဆံရန် ဆုံးဖြတ်လိုက်ပြီး "ဆရာကြီးကူ ခင်ဗျာ၊ ဆရာလုက ကျွန်တော့်ကို ဆရာကြီးကို ပြန်ခေါ်လာဖို့ ခိုင်းလိုက်လို့ပါ" ဟု ရိုရိုသေသေ ပြောလိုက်သည် ။
ဖန့်ယောင်က ဝူဝမ်အာဖုကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသူမှာ လုကျန့်ခဲ့ လွှတ်လိုက်သူဖြစ်ကြောင်း သိလိုက်သည် ။ ဝူဝမ်အာဖု၏ အလိမ်အညာ အမျက်လုံးများနှင့် အသားလွတ် ဖားယားနေသည့် အပြုံးကို မြင်လိုက်ရသောအခါ ဖန့်ယောင်တစ်ယောက် ပြောစရာ စကားပင် ပျောက်ရှသွားသည် ။
ဖန့်ယောင်က ဘာမှမပြောဘဲ ဝူဝမ်အာဖု၏ ဘေးမှ ဖြတ်လျှောက်သွားပြီးနောက် ရုတ်တရက် လက်ကို နောက်ပြန်လှည့်ကာ ဝူဝမ်အာဖု၏ ဝမ်းဗိုက်ရှိ အချက်အခြာနေရာကို လက်ညှိုးဖြင့် တိုက်ရိုက် ထိုးလိုက်သည် ။
ဝူဝမ်အာဖု မှာ လုံးဝ မမျှော်လင့်ထားသည့်အပြင် သူသာ အပြည့်အဝ သတိထားနေလျှင်ပင် သူ၏ သိုင်းပညာဖြင့် ဖန့်ယောင်၏ လျင်မြန်လှသော လက်ညှိုးသိုင်းကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ ။
ဝူဝမ်အာဖုမှာ အကြောပိတ်ခံလိုက်ရပြီး ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်ရှားနိုင်တော့သလို စကားလည်း မပြောနိုင်တော့ပေ ။ သူက ဖန့်ယောင်ကို နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်ကာ "ဆရာက ခင်ဗျားကို လာခေါ်ခိုင်းတာကို ဘာလို့ ငါ့ကို အကြောပိတ်လိုက်တာလဲ၊ ငါ ဆရာကြီးကူလို့ ခေါ်တာ မရိုသေလို့များလား" ဟု တွေးနေမိတော့သည် ။
အခန်း (၁၃၅) ဖန့်ယောင်...အခြေအနေကို ထိန်းချုပ်ခြင်း
ဖန့်ယောင်က အသာအယာ ပြုံးလိုက်ပြီးနောက်
"မင်း ဒီနေ့ထက်ပိုပြီး အသက်ရှင်နိုင်မလားဆိုတာကတော့ မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်။ အကယ်၍ မင်းသာ အသက်မရှင်ခဲ့ရင် ဒါဟာ မင်းရဲ့ဆရာ လုကျန့်ခဲ့ကြောင့်လို့ပဲ မှတ်ယူလိုက်ပါတော့။ သူက မင်းရဲ့ အသက်ကို နှုတ်ယူလိုက်တာပဲ" ဟု ပြောကြားခဲ့သည် ။
ထိုသို့ပြောဆိုပြီးနောက် သူသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ လှည့်ထွက်သွားလေတော့သည် ။
ဝူဝမ်အာဖုသည် ကြောင်အမ်းအမ်းဖြင့် မတ်တပ်ရပ်ကာ ကျန်ခဲ့ရ၏ ။ ဒါက ဘယ်လိုဖြစ်တာလဲ။ ဆရာကြီးကူက တကယ်ပဲ စကားပြောနိုင်တာလား ။ သူက ဆွံ့အနားမကြားတစ်ယောက် မဟုတ်ဘူးလား ။
သို့သော် ထိုအရာများကို အံ့ဩနေရန် သူ့တွင် အချိန်မရှိတော့ပေ ။ အဘယ်ကြောင့်ဆိုသော် ဖန့်ယောင်၏ စကားများက သူ့ကို တုန်လှုပ်ခြောက်ခြားသွားစေသောကြောင့် ဖြစ်သည် ။
ဒီနေ့ထက်ပိုပြီး အသက်ရှင်နိုင်မလားဆိုတာ ကံတရားပေါ်မှာပဲ မူတည်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ။ ငါ့ရဲ့ဆရာက ငါ့ကို ဒုက္ခပေးတယ်ဆိုတာကော ဘာလဲ ။
ခဏတာမျှ ဝူဝမ်အာဖု၏ ဦးနှောက်မှာ ပူထူသွားပြီး ဘာတွေဖြစ်နေမှန်းကို လုံးဝ စဉ်းစားမရတော့ပေ ။ သို့သော်လည်း ထိုနေရာ၌ပင် ဆက်လက်စဉ်းစားနေရန် သူ၌ အချိန်များစွာ ရှိနေပါသေးသည် ။
ဖန့်ယောင်သည် ထွက်ခွာလာပြီးနောက် ရှောင်လင်ဂိုဏ်း၊ ကုန်းထုံဂိုဏ်းနှင့် ခွန်းလွန်ဂိုဏ်းမှ ဂိုဏ်းသားများကို ကယ်တင်ရန် သွားရောက်ခဲ့သည် ။ အဆိပ်ဖြေဆေးများ အားလုံးကို ဝေငှပြီးသည့် နောက်မှသာ လုကျန့်ခဲ့ရှိရာသို့ ပြန်လာခဲ့လေသည် ။
ဤခရီးမှာ အချိန်တော်ပေး လိုက်ရ၏ ။ လူအများစုမှာ သူ့ကို မယုံကြည်ကြပေ ။ အထူးသဖြင့် ဂိုဏ်းကြီးအသီးသီးသည် ယခင်က ကျန်းဝူကျိ၏ လက်ချက်ဖြင့် အကြိမ်ကြိမ် အရေးနိမ့်ခဲ့ဖူးရာ ယခုအခါ ပြိုင်ဘက်ဖြစ်သူ ကျန်းဝူကျိ၏ ကယ်တင်ခြင်းကို ခံယူရမည်မှာ အနည်းငယ် အနေရခက်လှသည် ။
ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးသည် ကိစ္စအသေးအမွှားများကို အရေးမလုပ်တတ်သူများ ဖြစ်ကြသည် ။ ဤကျေးဇူးကို နောက်တစ်ချိန်မှသာ ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ အတွင်းအားများ ဆုံးရှုံးပြီး ဤဟောင်းနွမ်းပျက်စီးနေသည့် မျှော်စင်အတွင်း အကျဉ်းကျနေရသည်ထက်စာလျှင် ပို၍ကောင်းကြောင်း သူတို့ တွေးတောမိကြသည် ။
အထူးသဖြင့် ခွန်းလွန်ဂိုဏ်းမှ ဟဲတိုက်ချုံးမှာ လက်ချောင်းအချို့ အဖြတ်ခံထားရသူ ဖြစ်သည် ။ ဤနေရာ၌ တစ်ရက်တာ နေထိုင်ရခြင်းမှာပင် သူ၏အတွက် ငရဲကျနေသကဲ့သို့ ခံစားရ၏ ။ ယခုအခါ ကျန်းဝူကျိနှင့် သူ၏လူများက ကယ်တင်ရန် ရောက်ရှိလာခြင်းမှာ ကောင်းကင်ဘုံက ပေးသနားသည့် အခွင့်အရေးပင် ဖြစ်တော့သည် ။ သူတို့ အဘယ်ကြောင့် မထွက်ခွာဘဲ နေကြပါမည်နည်း ။
သူသည် စကားတစ်လုံးမျှ ပိုမပြောတော့ဘဲ ဖန့်ယောင်က သူ၏ နောက်ကြောင်းကို ဖွင့်ပြောလိုက်သည်နှင့် အဆိပ်ဖြေဆေးကို ချက်ချင်း သောက်လိုက်လေသည် ။ ၎င်းမှာ အလွန်ပင် လျင်မြန်လှပေသည် ။
အဆိပ်ဖြေဆေးကိစ္စကို ဖြေရှင်းပြီးနောက် ဖန့်ယောင်က လုကျန့်ခဲ့၏ သိုင်းပညာမှာ အလွန်မြင့်မားကြောင်းနှင့် ယခုအခါ ဟဲပိဝိန့်မှာလည်း အတွင်းအားများ ပြန်လည်ရရှိနိုင်ကြောင်း တွေးတောမိသည် ။ အကယ်၍ ဤညီအစ်ကို နှစ်ယောက်ကို မသတ်နိုင်ခဲ့ပါက မင်ဂိုဏ်းနှင့် ဂိုဏ်းကြီးများမှာ ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သဖြင့် သူတို့ကို ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်သည် ။
အမှန်စင်စစ် ဖန့်ယောင်မှာ လူမိုက်တစ်ယောက် မဟုတ်ပေ ။ ရွှမ်မင်နတ်လက်ဝါး အဖိုးကြီးနှစ်ယောက်မှာ အကောင်းဆုံး အခြေအနေတွင် မရှိကြသော်လည်း တစ်ဦးချင်း တိုက်ခိုက်ပါက သူ အသာစီးရနိုင်ကြောင်း သိရှိထားသည် ။ သို့သော် မိမိတစ်ဦးတည်းနှင့် ထိုသူနှစ်ဦးကို ရင်ဆိုင်ရပါက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူပင်ဖြစ်ရာ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို သူ အသေအချာ စဉ်းစားနေမိသည် ။
ခဏချင်းတွင် သူသည် ဝူဝမ်အာဖု၏ အခန်းသို့ ရောက်ရှိလာ၏ ။ လုကျန့်ခဲ့သည် ဟန်ကျီကို ထိုနေရာ၌ ဖုံးကွယ်ထားခြင်း ဖြစ်သည် ။ ဝူဝမ်အာဖုအား ဖန့်ယောင်ကို စောင့်ကြည့်ရန် စေလွှတ်ထားသဖြင့် လုကျန့်ခဲ့မှာ အခန်းကို ကိုယ်တိုင် စောင့်ကြပ်နေလေသည် ။
ဖန့်ယောင်၏ စိတ်ထဲတွင် အကြံတစ်ခု ရလာသည် ။ သူသည် ဟန်ကျီမှတစ်ဆင့် စတင်လုပ်ဆောင်နိုင်ကြောင်း တွေးတောလိုက်၏ ။ ဤအဘိုးကြီးမှာ အသက်ထက် ကာမဂုဏ်ကို မက်မောသူဖြစ်ရာ အခန်းထဲ၌ ဟန်ကျီနှင့်အတူ မဖွယ်မရာ တစ်ခုခု လုပ်ဆောင်နေလောက်သည် ။ သူသာ ခိုးဝင်ပြီး ချောင်းမြောင်း တိုက်ခိုက်နိုင်ပါက အောင်မြင်နိုင်ခြေ အလွန်မြင့်မားပေသည် ။
ထိုသို့ တွေးတောပြီးနောက် ဖန့်ယောင်သည် တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ပြီး အတွင်းအားများ သုံးထားသည့် လက်ဝါးဖြင့် ကုတင်ခေါင်းရင်းသို့ ရိုက်ချလိုက်သည် ။ မထင်မှတ်ဘဲ လုကျန့်ခဲ့မှာ ထိုနေရာ၌ပင် ရှိနေ၏ ။ သူသည် လက်ဝါးဖြင့် ပြန်လည် ခုခံလိုက်ရာ လူနှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ တုန်ခါသွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်ခွာသွားရသည် ။
လုကျန့်ခဲ့နှင့် ဟန်ကျီတို့မှာ ဤအခန်းထဲ၌ ရှိနေကြခြင်း ဖြစ်သည် ။ အစပိုင်းတွင် ဘာမျှ မဖြစ်သော်လည်း အချိန်အတန်ကြာ၍ ချောမောလှပသည့် အမျိုးသမီးကို မြင်တွေ့ရသောအခါ လုကျန့်ခဲ့မှာ စိတ်ကို မထိန်းနိုင်တော့ပေ ။ သို့သော်လည်း အခြေအနေမှာ မတည်ငြိမ်သေးသဖြင့် ဘာမျှ မလုပ်နိုင်ကြောင်း သူသိရှိထားသည် ။ အသေအချာ စဉ်းစားပြီးနောက် သူသည် ဟန်ကျီ၏ အဝတ်အစားများကို ချွတ်၍ မျက်စိအရသာခံရန်သာ ဆုံးဖြတ်လိုက်လေသည် ။
သို့သော်လည်း သူသည် စောင်ခြုံထားသည်ကို စတင်ဖြည်လိုက်ရုံရှိသေးသော်လည်း ကူတုထော်မှာ ရုတ်တရက် ဝင်ရောက်လာပြီး လက်ဝါးဖြင့်ပင် တိုက်ခိုက်လာလိမ့်မည်ဟု မထင်မှတ်ထားပေ ။ အကယ်၍ သူသာ သတိမထားခဲ့ပါက တိုက်ခိုက်ခံရပြီး သွေးအန်သွားနိုင်သည် မဟုတ်ပါလား ။
လုကျန့်ခဲ့၏ မျက်နှာမှာ ဒေါသရိပ်များ ဖုံးလွှမ်းသွားပြီး
"ကူတုထော်..... မင်း ဘာလုပ်တာလဲ" ဟု အော်ဟစ်မေးမြန်းလိုက်သည် ။
ဖန့်ယောင်သည် သူ၏ အဝတ်အစားများမှာ သပ်သပ်ရပ်ရပ် ရှိနေပြီး မဖွယ်မရာ ကိစ္စများ လုပ်ဆောင်နေခြင်း မရှိသည်ကို မြင်သောအခါ
'နှမြောစရာပဲ... ဒီကောင် ဒီလိုအချိန်မှာ ဒီလောက်အထိ စိတ်ကို ထိန်းနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး' ဟု တွေးတောလိုက်သည် ။
သို့သော်လည်း ဖန့်ယောင်၏ ဉာဏ်ရည်မှာ အပြောသက်သက် မဟုတ်ပေ ။ သူက မျက်နှာသေဖြင့်-
"လုကျန့်ခဲ့..... ငါက မင်းကို တကယ်ပဲ ညီအစ်ကိုလို သဘောထားခဲ့တာ။ ဒါပေမဲ့ မင်းက ဝူဝမ်အာဖုကို လွှတ်ပြီး ငါ့ကို စောင့်ကြည့်ခိုင်းတယ်ပေါ့။ ဒါက ဘာသဘောလဲ" ဟု ပြောဆိုကာ အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်လိုက်လေသည် ။
လုကျန့်ခဲ့၏ ဒေါသထွက်နေသော မျက်နှာမှာ ခဏမျှ ဆွံ့အသွားပြီးနောက် လှောင်ပြုံး ပြုံးလိုက်ကာ
"မင်း ဂိုဏ်းကြီးလေးဂိုဏ်းက လူတွေကို သွားကယ်မလားဆိုတာ ဘယ်သူသိမှာလဲ ။ ငါ့မှာ စောင့်ကြပ်ဖို့ တာဝန်ရှိတော့ သတိထားရတာပေါ့ ။ ငါလည်း မင်းကို ပြန်မေးချင်သေးတယ်။ မင်းက သီလရှင် မြဲ့ကြွယ် တစ်ယောက်တည်းကိုပဲ ကယ်တာလေ။ ဘာလို့ ပြန်လာတာ ဒီလောက်တောင် ကြာနေရတာလဲ ။ မင်း တကယ်ပဲ ဂိုဏ်းကြီးလေးဂိုဏ်းက လူတွေကို လွှတ်ပေးလိုက်တာလား" ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည် ။
ဖန့်ယောင်က မျက်နှာသေဖြင့် ဆဲဆိုလိုက်ပြီး
"လွှတ်ပေးစရာလား..... အဲဒီ ဂိုဏ်းအသီးသီးက လူတွေနဲ့ ငါနဲ့ ဘာမျှ မပတ်သက်ဘူးလို့ ငါ အစောကြီးကတည်းက ပြောထားပြီးသားပဲ ။ ငါ......ကူတုထော်က လိမ်ပြောပါ့မလား ။ သီလရှင် မြဲ့ကြွယ်နဲ့ ငါနဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီလေ။ အဲဒါကြောင့် ငါတို့ သီးသန့် ကိစ္စလေးတွေ ပြောနေကြတာ။ အဲဒါကို မင်းရဲ့ တပည့်က လာနှောင့်ယှက်တယ် ။ ပြောစမ်း...... ဒီကိစ္စကို ငါ ဘယ်သူနဲ့ ရှင်းရမလဲ" ဟု ဆိုလေသည် ။
“ဪ... ဒါက... ဝူဝမ်အာဖု ဝင်ပြီး နှောင့်ယှက်လိုက်တဲ့ အချိန်မှာ ဒီရည်းစားဟောင်း နှစ်ယောက်က အလွမ်းသယ်နေကြတာကိုး “ဟု လုကျန့်ခဲ့ နားလည်သွားသည် ။
ကူတုထော် ဒေါသထွက်တာလည်း မဆန်းပါဘူးလေ ။ အကယ်၍ သူကိုယ်တိုင်လည်း အလှလေးတစ်ယောက်နဲ့ ကိစ္စကောင်းလေးတွေ လုပ်နေတုန်း အနှောင့်အယှက် ခံရရင် အလွန် ဒေါသထွက်မိမှာ အသေအချာပင် ။ သတ်ချင်စိတ်တောင် ပေါက်နိုင်သေးသည် ။ ဟဲပိဝိန့်သာ လုပ်ခဲ့ရင်တောင် သူ အကြီးအကျယ် ဆူပူမိမှာဖြစ်ပြီး ဒေါသဖြေတဲ့အနေနဲ့ ပါးရိုက်တာမျိုးတောင် လုပ်မိနိုင်သည် ။ အခြားလူဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပေ ။
ကူတုထော်က ဘာလို့ ရုတ်တရက် အခန်းထဲကို ဇွတ်ဝင်လာတာလဲဆိုတာ မဆန်းတော့ဘူးဟု လုကျန့်ခဲ့ တစ်ဦးတည်း ရေရွတ်လိုက်မိသည် ။ ဒါက ဝူဝမ်အာဖုရဲ့ လုပ်ရပ်ကို လက်စားချေတာပဲ ။ ဝူဝမ်အာဖု ဆိုတဲ့ ကောင်ကတော့ တကယ်ကို အူကြောင်ကြောင် နိုင်တာပဲ ။ ငါက သူ့ကို ဘာမျှ မပြောခဲ့ပေမဲ့ အော့မေ့ဂိုဏ်း ရှိတဲ့နေရာရဲ့ အပြင်ဘက်မှာ စောင့်နေဖို့တော့ ပြောခဲ့တယ် ။ တခြားလူရဲ့ အရေးကြီးတဲ့ ကိစ္စကို ဝင်ဖျက်ဆီးလိုက်တာက ငါ့အတွက် ရန်သူ ဖန်တီးပေးလိုက်တာ မဟုတ်ဘူးလား ။
ထိုသို့ တွေးတောမိပြီးနောက် လုကျန့်ခဲ့၏ မျက်နှာတွင် အပြုံးရိပ် အနည်းငယ် ပေါ်လာပြီး အရိုအသေပေးကာ-
"ဒါကြောင့်ကိုး.....ငါ့ရဲ့တပည့်က ဆရာကြီးကူနဲ့ သူ၏ ရည်းစားဟောင်းတို့ အလွမ်းသယ်နေတာကို သွားပြီး နှောင့်ယှက်မိတာပေါ့ ။ ဒါက ငါရဲ့ ပေါ့ဆမှုပါပဲ.... ဆရာကြီးကူကို တောင်းပန်ပါတယ်" ဟု ပြောကြားလိုက်သည် ။
ဖန့်ယောင်က နှာခေါင်းရှုံ့လိုက်ပြီး ဘာမျှ ပြန်မပြောသော်လည်း စိတ်ထဲတွင်တော့ သက်ပြင်းချလိုက်မိသည် ။ 'ကံကောင်းလို့ အခြေအနေတွေ မတင်းမာသွားတာ ။ ဟဲပိဝိန့်က အနားမှာပဲ ရှိနေမှာ အသေအချာပဲ ။ အကယ်၍ ဒီချောင်းမြောင်း တိုက်ခိုက်မှုသာ အောင်မြင်ခဲ့ရင် ဟဲပိဝိန့်ကို ကြောက်စရာ မလိုပေမဲ့ ငါတို့တွေသာ လုံးဝ ရန်သူဖြစ်သွားရင် ငါတစ်ယောက်တည်းနဲ့ သူတို့နှစ်ယောက်ကို ရင်ဆိုင်ရတာ ငါ့အတွက် တကယ်ကို အန္တရာယ် များလိမ့်မယ်' ဟု တွေးတောလိုက်သည် ။
လုကျန့်ခဲ့က ရုတ်တရက် တွန့်ဆုတ်စွာဖြင့်-
"ဒါနဲ့ ဆရာကြီးကူ..... ငါ့ရဲ့ တပည့် ဝူဝမ်အာဖုကိုတော့... မင်း မသတ်လိုက်ပါဘူးနော်" ဟု မေးမြန်းလိုက်သည် ။
သူသည် ဝူဝမ်အာဖု၏ ဘေးကင်းလုံခြုံမှုအတွက် အနည်းငယ် စိုးရိမ်နေမိသည် ။ အဆုံးမှာတော့ သူက သူ၏ အကြီးဆုံးတပည့် ဖြစ်သလို သူ့အပေါ်တွင်လည်း အလွန် သစ္စာရှိသူ ဖြစ်သည် ။ ဟဲပိဝိန့်အပေါ် ထားရှိသည့် မိသားစု သံယောဇဉ်မျိုး မဟုတ်သော်လည်း သူသည် လူယုံတစ်ယောက် ဖြစ်ပြီး ခိုင်းစေရသည်မှာ အလွန် အဆင်ပြေလှသည် ။
ဖန့်ယောင်က လှောင်ပြုံး ပြုံးလိုက်ပြီး-
"ဘယ်သူက သူ့ကို သတ်မှာလဲ... ငါက သူ့ကို သင်ခန်းစာပေးတဲ့ အနေနဲ့ အကြောပိတ်ပြီး နာရီအနည်းငယ်ကြာအောင် ရပ်ခိုင်းထားပြီး နည်းနည်းလောက် ပင်ပန်းသွားအောင် လုပ်ထားရုံပါပဲ" ဟု ဆိုလေသည် ။
ထိုစကားကို ကြားသောအခါ လုကျန့်ခဲ့မှာ သက်ပြင်းချနိုင်တော့သည် ။ ထိုမျှသာ ဆိုလျှင် ဘာမျှ မဖြစ်နိုင်ကြောင်း သူတွေးလိုက်၏ ။ နာရီအနည်းငယ်ကြာအောင် မတ်တတ်ရပ်ရခြင်းမှာ ပင်ပန်းသော်လည်း ဆိုးကျိုးများတော့ မကျန်ရစ်နိုင်ပေ ။
ကူတုထော်၏ လုပ်ရပ်မှာ ကရုဏာထားခြင်း ဖြစ်သည်ကို သူသိရှိထားသဖြင့် ပြုံးလျက်
"ဒါဆိုရင် ဆရာကြီးကူရဲ့ သက်ညှာပေးမှုကို ကျေးဇူးတင်ပါတယ် ။ ငါ့ရဲ့ တပည့်က ဆိုးသွမ်းလွန်းတယ် ။ ငါ လုကျန့်ခဲ့က နောက်မှ သူ့ကို သေချာ ဆုံးမပါ့မယ် ။ ဆရာကြီးကူကို နောက်တစ်ခါ ဘယ်တော့မှ အနှောင့်အယှက် မပေးစေရပါဘူး" ဟု ပြောဆိုလိုက်သည် ။
ဖန့်ယောင်က လက်ကာပြလိုက်ပြီး
"လုကျန့်ခဲ့..... မင်း လူလွှတ်ပြီး စောင့်ကြည့်နေဖို့ မလိုတော့ပါဘူး ။ သီလရှင် မြဲ့ကြွယ် အတွင်းအားတွေ ပြန်ရလာရင် ငါ သူမကို တိတ်တဆိတ် ခေါ်ထုတ်သွားတဲ့ အချိန်ကျမှ မင်းရဲ့ တပည့်ကို အကြောပိတ်ထားတာ ပြန်ဖြေပေးလိုက်မယ် ။ ငါ့အတွက် အခက်အခဲ မဖြစ်စေဖို့ လုကျန့်ခဲ့ အနေနဲ့ မတော်လျော်တာတွေ ထပ်ပြီး မလုပ်ပါနဲ့တော့" ဟု ဆိုလေသည် ။
"စိတ်ချပါ ဆရာကြီးကူ..... ငါတို့တွေက လှေတစ်စင်းတည်းစီးတဲ့ ညီအစ်ကိုတွေပဲ။ ငါနားလည်ပါတယ်"
လုကျန့်ခဲ့က ပြုံးလျက် ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ကူတုထော်သည် သူ့အပေါ် မကျေနပ်မှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း သိရှိနေသည် ။ သူသည် နောက်ထပ် လှည့်ကွက်များ မသုံးသင့်တော့ကြောင်း သိလိုက်၏ ။ သို့မဟုတ်ပါက အကယ်၍ ဟိုဘက်က လူက စိတ်တိုပြီး ဟန်ကျီ၏ ကိစ္စကို ဖွင့်ချလိုက်လျှင် သူ လည်းပဲ အဆုံးသတ်သွားမည် မဟုတ်ပါလား ။
မည်သို့ပင်ဖြစ်စေ ခဏအကြာတွင် သီလရှင် မြဲ့ကြွယ်ကို ကယ်တင်ရန် ခွင့်ပြုပေးလိုက်မည် ဖြစ်ပြီး ထို့နောက် ဘာမျှ မဖြစ်ခဲ့သလိုဟန်ဆောင်ကာ အစောင့်အားလုံးကို ပြန်လည် စေလွှတ်လိုက်မည် ။ သဘာဝကျကျပင် အားလုံး အဆင်ပြေသွားမည်ဖြစ်ပြီး ဤကိစ္စမှာ ဘာပြဿနာမျှ မရှိဘဲ ပြီးဆုံးသွားပေလိမ့်မည် ။