← Chapters

အခန်း (၁၄၁-၁၄၅)

Vol. 15 Ch. 141-145

အခန်း (၁၄၁-၁၄၅)

Vol. 15 Ch. 141-145

အခန်း (၁၄၁) မျှော်စင်အောက်မှ ကယ်တင်ခြင်း

ကျန်းဝူကျိသည် ရွှမ်မင်အဖိုးကြီးနှစ်ဦး၏ ဦးခေါင်းများကို မြင်တွေ့ရမှသာ ကျေနပ်အားရစွာ ခေါင်းညိတ်လေသည်။ သူသည် စေ့စပ်သေချာသူဖြစ်သည့်အားလျော်စွာ လူသတ်သည့်အခါတွင် အမှားအယွင်းမရှိစေရန် သတိထားတတ်သူဖြစ်သည်။

သာမန်လူများက ပြဿနာမရှိသော်လည်း အန္တရာယ်ပေးနိုင်သည့် သိုင်းပညာရှင်များကိုမူ ခေါင်းဖြတ်ရုံသာမက ကိုယ်ခန္ဓာကိုပါ တစ်ဝက်ခန့် ကြေမွအောင် ပြုလုပ်မှသာ စိတ်အေးရမည်ဖြစ်သည်။

“ကောင်းပြီ...... နောက်နောင်ဘေးကင်းရအောင်လို့ ခေါင်းဖြတ်လိုက်တာပဲ အဲဒါတွေကို လွှင့်ပစ်လိုက်တော့ ငါ့အတွက် ဘာမှအသုံးမဝင်ဘူး”

ကျန်းဝူကျိသည် လက်ကာပြကာ စကားအပိုမဆိုတော့ဘဲ လူအုပ်ကြီးနှင့်အတူ အပေါ်သို့ မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် မီးတောက်ကြီးများသည် ကိုးထပ်မြောက်သို့ ရောက်ရှိနေပြီဖြစ်ရာ အခြေအနေမှာ အလွန်စိုးရိမ်နေရပြီဖြစ်သည်။

ကျန်းဝူကျိက “အားလုံး အခုလောလောဆယ် ခပ်ဝေးဝေးကို ဖယ်နေကြပါ ...... အနားကို အရမ်းမကပ်နဲ့ သူတို့ကို ကယ်ဖို့ ငါနည်းလမ်းရှာလိုက်မယ်” ဟု ပြောဆိုလေသည်။

လူအုပ်ကြီးလည်း သဘောတူခေါင်းညိတ်ကာ ဘေးသို့ ဖယ်ပေးကြသည်။ မျှော်စင်အပေါ်တွင် ရှိနေသူများသည်လည်း အောက်သို့ ဆင်းရန် လမ်းမရှိတော့သဖြင့် ပျာယာခတ်နေကြကုန်သည်။ အောက်သို့ ခုန်ချပါကလည်း မြေပြင်သို့ အရှိန်ပြင်းပြင်းကျကာ သေဆုံးမည်ဖြစ်ပြီး အပေါ်တွင် ဆက်နေပါကလည်း မီးလောင်သေရမည်ဖြစ်ရာ အလွန်ပင် စိတ်ဆင်းရဲစရာကောင်းလှသည်။

ဖန့်ယောင်က “ဂိုဏ်းချုပ် ကျွန်တော်တို့ ဒီမှာ ပိတ်မိနေပြီ” ဟု အော်ဟစ်လိုက်သည်။

ထိုအသံသည် အောက်သို့ ပျံ့လွင့်သွားရာ အခြေအနေကို သိရှိထားကြသော လူအုပ်ကြီးသည် စိတ်မကောင်းဖြစ်ရလေသည်။ ဤအခြေအနေမျိုးတွင် ကျန်းဆန်းဖုန်းကိုယ်တိုင် ရောက်ရှိလာလျှင်ပင် ကယ်တင်နိုင်လိမ့်မည်မဟုတ်ပေ။

ဆယ်ထပ်မြောက်တွင် ရှိနေသော ဂိုဏ်းအသီးသီးမှ လူများသည်လည်း မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာများဖြင့် ရှိနေကြသည်။ လပေါင်းများစွာ အကျဉ်းကျခံနေရပြီးနောက် ယနေ့တွင် စစ်ကူများ ရောက်လာသဖြင့် ဤနေရာမှ လွတ်မြောက်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း သေဘေးမှ မလွတ်နိုင် သေးကြောင်း တွေ့ရှိလိုက်ရသည်။

၎င်းတို့အားလုံးမှာ ဂိုဏ်းအသီးသီးမှ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်သဖြင့် သေရမည်ကို မကြောက်ကြသော်လည်း ရင်ထဲတွင်မူ ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။

ရန်ရှောင်သည်လည်း အောက်မှ တက်လာသော မီးခိုးလုံးကြီးများနှင့် တဖြည်းဖြည်း မြင့်တက်လာသော မီးတောက်များကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “ညီလေး ငါတို့ ဒီတစ်ခါတော့ ဒီမှာပဲ သေရတော့မယ် ထင်တယ်”

ဖန့်ယောင်မှာမူ စိတ်သဘောထားပွင့်လင်းသူဖြစ်သဖြင့် ရယ်မောကာ “အစ်ကိုရန်နဲ့ အတူသေရတာကို ဒီညီလေးက ဝမ်းသာပါတယ် ဒါပေမဲ့ ပုဟွေ့လေးကိုတော့ နှမြောမိသား ဦးလေးဖြစ်တဲ့ ငါက သူမကို ငယ်ငယ်လေးကတည်းက မတွေ့ရသေးဘူး နောက်မှ ဂိုဏ်းချုပ်ကတော်ကို ချော့မော့ပြီး မျက်နှာလုပ်မလို့ စိတ်ကူးထားတာ အခုတော့ အခွင့်အရေးမရှိတော့ဘူးပေါ့ ဟားဟား “ ဟု ပြောလေသည်။

ရန်ရှောင်ကလည်း ပြုံးလျက် “ငါတို့ သေသွားရင် ဂိုဏ်းချုပ်နဲ့ ပုဟွေ့တို့က ပွဲတော်ရက်တွေမှာ ငါတို့အတွက် အမွှေးတိုင်ထွန်းပြီး ကန်တော့ကြမှာပဲလေ ငါတို့ အမြတ်ထွက်တာပေါ့” ဟု ဆိုသည်။

“ဟားဟားဟား”

ဖန့်ယောင်သည် သေခါနီးလူတစ်ယောက်နှင့်မတူဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ သာမန်လူတို့ထက် သာလွန်သော စိတ်ထားရှိသူများဖြစ်ရာ သေဘေးနှင့် ရင်ဆိုင်ရချိန်တွင်ပင် ကြောက်ရွံ့ခြင်းမရှိကြပေ။ ဂိုဏ်းအသီးသီးမှ သိုင်းပညာရှင်များသည် ရန်ရှောင်နှင့် ဖန့်ယောင်တို့၏ ရဲရင့်သော အမူအရာကို မြင်တွေ့ရသောအခါ လေးစားစိတ်များ ဖြစ်ပေါ်လာကြသည်။ အခြားအရာများကို ဘေးဖယ်ထားလိုက်ပါက ဤကဲ့သို့သော သူရဲကောင်းစိတ်ဓာတ်မှာ ဟန်ဆောင်၍ မရနိုင်ပေ။

မျှော်စင်အောက်တွင် ကျန်းဝူကျိက “မျှော်စင်ပေါ်ကလူတွေ တစ်ယောက်ချင်းစီ အောက်ကို ခုန်ချကြပါ ငါ ဒီကနေ ဖမ်းပေးမယ် ဘေးကင်းစေရမယ်လို့ အာမခံတယ်” ဟု အော်ပြောလိုက်သည်။

မျှော်စင်ပေါ်ရှိ လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။ ဆယ်လံကျော် မြင့်သောနေရာမှ ခုန်ချလျှင် ဖြစ်ပေါ်လာမည့် အရှိန်အဟုန်မှာ မတွေးဝံ့စရာပင်ဖြစ်သည်။ အင်အားကြီးမားသူဖြစ်သော်လည်း ဤအမြင့်မှ ကျလာသူကို မည်သို့မျှ ဖမ်းနိုင်လိမ့်မည်မဟုတ်ဟု ထင်မှတ်ကြသည်။ ဖမ်းနိုင်လျှင်ပင် လူနှစ်ယောက် တိုက်မိသောအရှိန်ကြောင့် လူမှာ ထက်ပိုင်းကျိုးသွားနိုင်ရာ အသက်ရှင်ရန် မျှော်လင့်ချက် မရှိနိုင်ပေ။

ဂိုဏ်းအသီးသီးမှ ပညာရှင်များသည် တုံ့ဆိုင်းနေကြရာ ခွန်းလွန်ဂိုဏ်းမှ တပည့်တစ်ယောက်က “ဘယ်သူက ငါတို့ကို ခုန်ချခိုင်းပြီး အသေခံခိုင်းတာလဲ” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ဖန့်ယောင်က “ငတုံး...... မင်း ခုန်မချလို့ မြေပေါ်မှာ မသေရင်လည်း ဒီမှာ မီးလောင်သေမှာပဲ ပြုတ်ကျသေတာက မီးလောင်သေတာထက် ပိုသက်သာမယ် မထင်ဘူးလား” ဟု ဆဲရေးလိုက်သည်။

ထိုတပည့်လည်း မျက်နှာနီမြန်းသွားရသည်။ ဖန့်ယောင်သည် သူ့ကို ဂရုမစိုက်တော့ဘဲ ရန်ရှောင်ကို “အစ်ကိုရန် သူတို့ကို ဂရုမစိုက်နဲ့ ဂိုဏ်းချုပ်က ငါတို့ကို ဒုက္ခမပေးပါဘူး ငါတို့ အရင် ခုန်ချကြရအောင်” ဟု ပြောလိုက်သည်။

ရန်ရှောင်က “ကောင်းပြီ” ဟု ခေါင်းညိတ်သည်။ ၎င်းတို့သည် ကျန်းဝူကျိကို လုံးဝယုံကြည်ကြသူများဖြစ်သည်။ ရန်ရှောင်သည် စကားအပိုမဆိုဘဲ ပထမဆုံး ခုန်ချလိုက်သည်။

မီးခိုးများကြားမှ လူတစ်ယောက် ပြုတ်ကျလာသည်ကို မြင်သောအခါ ရန်ပုဟွေ့က “အဲဒါ ကျွန်မအဖေပဲ” ဟု အော်ဟစ်လိုက်သည်။

ကျန်းဝူကျိသည် ချက်ချင်းပင် ရှေ့သို့ တက်လိုက်ကာ ရန်ရှောင်၏ ကိုယ်ခန္ဓာသည် မြေပြင်နှင့် ငါးပေခန့် အကွာသို့ ရောက်ရှိချိန်တွင် အတွင်းအားကို စုစည်းကာ သူ၏ ခါးကို လက်ဝါးဖြင့် ခပ်ဖွဖွ ရိုက်လိုက်သည်။ ဤရိုက်ချက်မှာ အားမပါသလို ထင်ရသော်လည်း အမှန်စင်စစ်မှာ စကြဝဠာ ရွှေ့ပြောင်းခြင်း သတ္တမအဆင့်၏ အဆင့်မြင့် သိုင်းပညာဖြစ်ပြီး အရှိန်အဟုန်ကို လွှဲပြောင်းကာ လူကို ထိခိုက်မှုမရှိစေဘဲ အင်အားကို လွင့်ပြယ်သွားစေ ခြင်းဖြစ်သည်။ ဤကဲ့သို့ နူးညံ့သိမ်မွေ့သော သိုင်းပညာမျိုးမှာ လောကတွင် တွေ့ရခဲလှသည်။

ထိုလက်ဝါးရိုက်ချက်ကြောင့် ရန်ရှောင်၏ အောက်သို့ ကျဆင်းနေသော အရှိန်အဟုန်မှာ ပြောင်းလဲသွားကာ အပေါ်မှ အောက်သို့ ကျမည့်အစား ဘေးတိုက်သို့ လွင့်သွားလေသည်။ ရန်ရှောင်သည် အတွင်းအား နက်ရှိုင်းပြီး သိုင်းပညာကျွမ်းကျင်သူဖြစ်ရာ လေထဲတွင် အကြိမ်အနည်းငယ် လည်ပတ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဘေးကင်းစွာ ရပ်တန့်နိုင်ခဲ့သည်။

လူအုပ်ကြီးသည် ဤသည်ကို မြင်သောအခါ ကျန်းဝူကျိ၏ အံ့မခန်းသိုင်းပညာကို ချီးကျူးကြလေသည်။ မင်ဂိုဏ်းသားများမှာလည်း ဝမ်းသာအားရ ဖြစ်နေကြပြီး ဂိုဏ်းအသီးသီးမှ ပညာရှင်များသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် လေးစားစွာ ကြည့်နေကြသည်။ မူလက မည်သူမျှ မကယ်နိုင်ဟု ထင်မှတ်ထားသော်လည်း ယခုအခါ ကျန်းဝူကျိ ပြောသည်မှာ အမှန်ဖြစ်ကြောင်း တွေ့လိုက်ရပြီဖြစ်သည်။

“အဖေ”

ရန်ပုဟွေ့သည် ဝမ်းသာလွန်း၍ မျက်ရည်များကျလျက် ပြေးသွားလေသည်။ သူမသည် အမှန်တကယ်ပင် အလွန်အမင်း ကြောက်လန့်နေခဲ့သော်လည်း ယခုအခါ ဖခင်ဖြစ်သူ ဘေးကင်းသွားသဖြင့် ကျန်းဝူကျိကို ကျေးဇူးတင်လွန်း၍ စကားပင် မဆိုနိုင်တော့ပေ။ ဤကျေးဇူးကို တစ်သက်လုံး ဆပ်၍ ကုန်နိုင်မည်မဟုတ်ပေ။

နောက်ပိုင်းတွင် ကျန်းဝူကျိသည် ရန်ပုဟွေ့ကို ကျေးဇူးတရား၏ အရသာကို မြည်းစမ်းခွင့် ပေးပေလိမ့်မည်။

မျှော်စင်ပေါ်ရှိ လူများသည် မီးခိုးများကြောင့် အောက်တွင် ဘာဖြစ်နေသည်ကို မမြင်ရသော်လည်း အော်ဟစ်သံများကို ကြားရသောအခါ ရန်ရှောင် ပြုတ်ကျသေဆုံးပြီဟု ထင်မှတ်ကာ ကြောက်လန့်နေကြသည်။ ဂိုဏ်းအသီးသီးမှ လူများသည်လည်း ကျန်းဝူကျိမှာ စကားကြီးစကားကျယ် ပြောနေခြင်းသာဖြစ်သည်ဟု ထင်ကာ မျက်နှာများ ဖြူလျော်နေကြသည်။

ဖန့်ယောင်သည်လည်း စိုးရိမ်တကြီးဖြင့် “အစ်ကိုရန် အခြေအနေ ဘယ်လိုလဲ” ဟု အော်မေးလိုက်သည်။

ရန်ရှောင်သည် အသက်ဘေးမှ လွတ်မြောက်လာသဖြင့် စိတ်လှုပ်ရှားနေပြီး ဖန့်ယောင်၏ အမေးကို ကြားသောအခါ “ညီလေးဖန့် မြန်မြန်ခုန်ချလိုက် ငါ ဘာမှမဖြစ်ဘူး” ဟု ကျယ်လောင်စွာ ပြန်အော်လိုက်သည်။

မျှော်လင့်ချက်မဲ့နေသော လူအုပ်ကြီးသည် ရန်ရှောင်၏ အသံကို ကြားရသောအခါ အားတက်လာကြသည် “ ဘာလဲ ရန်ရှောင် မသေဘူးလား” ဤမျှ မြင့်သောနေရာမှ ကျလာသူကို ထိခိုက်မှုမရှိအောင် ဖမ်းနိုင်လိမ့်မည်ဟု ၎င်းတို့ လုံးဝ မယုံကြည်ခဲ့ကြပေ။

လူအုပ်ကြီး၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အလင်းရောင်များ ပြန်လည် တောက်ပလာသည်။ သေရမှာကို မကြောက်ကြသော်လည်း အသက်ရှင်နိုင်လျှင် မည်သူက သေချင်ပါမည်နည်း။ လူအားလုံး တစ်ပြိုင်နက် ဟစ်ကြွေးကြကာ အမြန်ဆုံး အကယ်တင်ခံရရန် ဆန္ဒရှိနေကြသည်။

ဖန့်ယောင်သည်လည်း စိတ်အေးသွားကာ “ဂိုဏ်းချုပ် ကျွန်တော် လာပြီ” ဟု ဆိုကာ ခုန်ချလိုက်သည်။

ကျန်းဝူကျိသည်လည်း ထုံးစံအတိုင်း ဖန့်ယောင်၏ အရှိန်ကို လျှော့ချကာ ဘေးသို့ လွှဲထုတ်ပေးလိုက်သည်။ ဖန့်ယောင်သည်လည်း မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ ဆင်းသက်ပြီးနောက် သူသည် ကျယ်လောင်စွာ ရယ်မောလျက် အပေါ်သို့ မော့ကြည့်ကာ သီလရှင် မြဲ့ကြွယ် မြန်မြန် ခုန်ချပါ “မင်းတပည့် ကျိုးကျစ်လော့ ဒီမှာ ရောက်နေပြီ သူ မင်းအတွက် အရမ်းစိုးရိမ်နေတယ်” ဟု အော်ပြောလိုက်သည်။

ဤစကားများသည် ကျိုးကျစ်လော့ ကြားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကျိုးကျစ်လော့သည် ဖန့်ယောင်ကို ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြကာ သူမကိုယ်တိုင်လည်း “ဆရာ ကျွန်မ ဒီမှာ ရှိပါတယ် မြန်မြန် ခုန်ချလိုက်ပါ အစ်ကိုဝူကျိ ဖမ်းပေးပါလိမ့်မယ်” ဟု အော်ပြောလေသည်။

သီလရှင် မြဲ့ကြွယ်သည် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရပြီး ကျိုးကျစ်လော့က ကျန်းဝူကျိကို အစ်ကိုဝူကျိ ဟု ခေါ်ဝေါ်နေသည်ကို ကြားရသောအခါ စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားရသည်။ သို့သော် ဖန့်ယောင်နှင့် ပြောဆိုထားသည်များကို သတိရကာ မျက်စိမှိတ်၍ပင် လက်ခံလိုက်ရသည်။ “အားလုံးပဲ ဒီသီလရှင်ကြီး အရင်သွားပြီ” ဟု ဆိုကာ ခုန်ချလိုက်သည်။

ကျန်းဝူကျိသည် သီလရှင် မြဲ့ကြွယ်ကိုလည်း ဖမ်းယူကာ အရှိန်လွှဲပေးလိုက်သည်။ သူမသည် မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်ပြီးနောက် ကျန်းဝူကျိ၏ ဆန်းကြယ်လှသော သိုင်းပညာကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် ကျေးဇူးတင်စိတ် အနည်းငယ်လည်း ဖြစ်ပေါ်လာသည်။ သူမသည် ခေါင်းမာသူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ကျန်းဝူကျိတို့ကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်ကို ကောင်းစွာ သိရှိသည်။

ကျိုးကျစ်လော့သည် ဝမ်းသာအားရဖြင့် ရှေ့သို့ တိုးကာ ဂါရဝပြုသည်။ သီလရှင် မြဲ့ကြွယ်သည် ခေါင်းညိတ်ပြကာ တပည့်ဖြစ်သူ၏ နဖူးမှ မှည့်ကလေးကို မြင်တွေ့ရမှသာ စိတ်အေးသွားရသည်။

ထို့နောက်တွင် ကျန်းဝူကျိသည် ဂိုဏ်းအသီးသီးမှ လူများကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းယူကယ်တင်လေသည်။ ဤသည်မှာ သူ၏ နက်ရှိုင်းသော အတွင်းအားကြောင့်သာ ဖြစ်နိုင်ခြင်းဖြစ်သည်။ အခြားသူသာဆိုလျှင် လူအနည်းငယ်ကို ကယ်ပြီးနောက် အားကုန်သွားပေလိမ့်မည်။ သို့သော် ကျန်းဝူကျိမှာ ထိုသူများနှင့် မတူပေ။

သူ၏ ကိုးပါးနေဝန်း အလင်းစွမ်းအင်မှာ ကုန်ခမ်းသွားခြင်းမရှိဘဲ နောက်တစ်ယောက်ကို မကယ်မီမှာပင် ယခင်ကုန်သွားသော အတွင်းအားများမှာ ပြန်လည် ပြည့်ဝလာစမြဲဖြစ်သည်။ နောက်ဆုံးတစ်ယောက်ကို ကယ်ပြီးချိန်တွင်လည်း ကျန်းဝူကျိသည် မူလအခြေအနေအတိုင်း အားအင်ပြည့်ဝနေဆဲဖြစ်သည်။ အတွင်းအား မလောက်ငှခြင်းဟူသည်မှာ သူ့အတွက်တော့ ဟာသပင်ဖြစ်သည်။

အခန်း (၁၄၂) ဟဲတိုက်ချုံး - လက်စားချေရန် ကျောက်မိန်ကိုသတ်ကြ

လူအများအားလုံး ဘေးအန္တရာယ်မှ လွတ်မြောက်လာကြပြီးနောက် သေကံမရောက် သက်မပျောက်ဟူသော ခံစားချက်မျိုး အသီးသီး ခံစားနေရကြကုန်သည် ။ ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များပင် ထိုနည်းတူဖြစ်ပြီး ကျန်းဝူကျိအပေါ် ထားရှိသည့် ကျေးဇူးတရားမှာ စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ဖြစ်တော့သည် ။

အကယ်၍ ရှေးယခင်က ကွမ်မင်တောင်ထိပ်၌ ကျန်းဝူကျိနှင့် ရင်ဆိုင်ခဲ့ရမှုကြောင့် အာဃာတ ထားခဲ့ကြလျှင်ပင် ယခုအခါ၌မူ ထိုအာဃာတများမှာ အရည်ပျော် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ကျေးဇူးတရား တစ်ခုတည်းသာ ကျန်ရှိတော့သည် ။

ဟဲတိုက်ချုံးနှင့် ပိုင်ရှူးရှန်းတို့ကဲ့သို့ အနည်းငယ် ပေါ့ပေါ့ပါးပါးနေတက်သော စရိုက်ရှိသူများပင်လျှင် မျိုးချစ်စိတ်နှင့်ပတ်သတ်ရာ၌ မွန်မြတ်သော စိတ်ထားရှိကြသူများ ဖြစ်ကြရာ ကျန်းဝူကျိ၏ ကြီးမားလှသော ကျေးဇူးတရားကို နက်နက်ရှိုင်းရှိုင်း ခံစားမိကြသည် ။

ရှောင်လင်ဂိုဏ်းမှ ဂိုဏ်းချုပ် ခုန်းဝမ်သည် ခုန်းကျိ၊ ခုန်းရှင်းတို့နှင့်အတူ ခေတ်တစ်ခေတ်၏ ထူးချွန်သော ဘုန်းကြီးများ ပီသစွာပင် ရှေ့သို့ တိုးထွက်လာကြကာ လက်အုပ်ချီ မေတ္တာပို့ရင်း ကယ်တင်ပေးမှုအတွက် ကျန်းဝူကျိကို ကျေးဇူးတင်စကား ဆိုကြသည် ။

ခုန်းရှင်းက ကျယ်လောင်စွာ ရယ်မောရင်း "ကျန်းဂိုဏ်းချုပ်ရဲ့ သတိပေးမှုကိုလည်း ကျေးဇူးတင်ရဦးမယ် ၊ အဆိပ်မိသွားတုန်းကသာ ယွမ်နန်းတွင်း ခွေးတွေနဲ့ အသေအလဲ တိုက်ခိုက်နေမိရင် ဒီခေါင်းတုံးကတော့ လွတ်မှာ မဟုတ်ဘူး" ဟု ပြောဆိုလိုက်သည် ။

ခုန်းရှင်းသည် မူလကပင် ဒေါသကြီးသော်လည်း စိတ်သဘောထား ပွင့်လင်းသူဖြစ်ပြီး ရှောင်လင်တောင်တွင် အကောက်အကြံ မရှိသော ဘုန်းကြီး တစ်ပါးဖြစ်သည် ။ မူလဇာတ်လမ်း၌ ကွမ်မင်တောင်ထိပ်မှ ဆင်းလာစဉ် အဆိပ်မိနေချိန်တွင် သူသည် ခေါင်းမာစွာ ပြန်လည်ခုခံခဲ့သဖြင့် အာဆန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် ။

ယခုတစ်ကြိမ်တွင်မူ တောင်ပေါ်မှ မဆင်းမီ ကျန်းဝူကျိက အထူးတလည် သတိပေးထားခဲ့သည် ။ ခုန်းရှင်းသည် ကျန်းဝူကျိ၏ အရည်အချင်းကို လေးစားသဖြင့် ထိုစကားကို မှတ်သားထားခဲ့ရာ ခေါင်းမာစွာ ပြန်မတိုက်ခိုက်တော့ဘဲ မိမိအသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည် ။

အာဆန်းမှာမူ ကျန်းဝူကျိ၏ လက်ချက်ဖြင့် သေဆုံးခဲ့ပြီး ဖြစ်သည် ။

ကုန်းထုံဂိုဏ်းမှ အကြီးအကဲ ငါးဦးသည်လည်း ရှေ့သို့လာကာ ကျန်းဝူကျိကို ဦးညွှတ် ကျေးဇူးတင်ကြပြီး ၎င်းတို့၏ မျက်နှာများတွင် ရှက်ရွံ့သော အရိပ်အယောင်များပင် ယှက်သန်းနေသည် ။

အကြောင်းမှာ ၎င်းတို့သည် ရှေးယခင်က ရွှေမွေးခြင်္သေ့ဘုရင် ရှဲ့ရွှန်းကြောင့် ကျန်းဝူကျိအပေါ် အငြိုးအတေး ထားခဲ့ကြသောကြောင့် ဖြစ်သည် ။ ယခုအခါတွင်မူ ကျန်းဝူကျိက အတိတ်က ရန်ငြိုးများကို ပယ်ဖျက်ကာ လာရောက် ကယ်တင်ခဲ့သဖြင့် ၎င်းတို့သည် ကျန်းဝူကျိကို အလွန်အမင်း ကြည်ညိုလေးစားမိကြပြီး အတိုင်းအထက်အလွန် ကျေးဇူးတင်နေကြတော့သည် ။

အခြားဂိုဏ်းများမှာလည်း ထိုနည်းတူပင် ကျန်းဝူကျိအပေါ် အထူးပင် ကျေးဇူးတင်နေကြသည် ။ ကျန်းဝူကျိသည်လည်း ယခင်ကဲ့သို့ ဆူပူကြိမ်းမောင်းခြင်း မပြုဘဲ အလွန်ပင် နှိမ့်ချစွာ ပြုမူနေသဖြင့် ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များမှာ ပို၍ပင် စိတ်လှုပ်ရှား တုန်လှုပ်နေကြသည် ။

ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များသည် မိမိတို့ကိုယ်ကို ကျေးဇူးကန်းခဲ့ကြသည်ဟုပင် တိတ်တဆိတ် ပြန်လည် အပြစ်တင်မိကြသည် ။ "ကျန်းဂိုဏ်းချုပ်က ကွမ်မင်တောင်ထိပ်မှာ ငါတို့ကို ဆူခဲ့တာဟာ လူယုတ်မာ ချန်ခွန်းရဲ့ လှည့်စားမှုကို ခံနေရတဲ့ ငါတို့ကို အသုံးမကျလို့ စိတ်နာပြီး ပြောခဲ့တာပဲ ၊ ငါတို့ ကောင်းဖို့အတွက် သူက ပြောခဲ့တာပါလား" ဟု တွေးတောနေကြသည် ။

ထိုသို့သာ မဟုတ်လျှင် သူသည် အဘယ်ကြောင့် အင်အားများကို အဆုံးရှုံးခံ၊ အတိတ်က ရန်ငြိုးများကို ပယ်ဖျက်ကာ မင်ဂိုဏ်းသားများကို ခေါ်ဆောင်ပြီး ယနေ့တွင် လာရောက် ကယ်တင်ရပါမည်နည်း ။ ဤသည်မှာ မည်မျှ ကြီးမြတ်လှသော တရားမျှတမှု ဖြစ်ပါသနည်း ။

ဂိုဏ်းချုပ်ကျန်းသည် အမှန်တကယ်ပင် သူရဲကောင်းကြီး တစ်ယောက် ဖြစ်ပေသည် ။

ဂိုဏ်းကြီးများမှ လူများသည် မိမိကိုယ်မိမိ ပြန်လည် ဆင်ခြင်မိပြီးနောက် ကျေးဇူးတရားနှင့် ရှက်ရွံ့စိတ်များကြောင့် ကျန်းဝူကျိကို ဒူးထောက် ကန်တော့ကာ ငိုကြွေးချင်စိတ်များပင် ပေါက်နေကြသည် ။

နှုတ်ဆက်စကားများ ပြောကြားပြီးနောက် ကျန်းဝူကျိက ကျယ်လောင်စွာ ကြေညာလိုက်သည် ။ "ဒီနေရာမှာ ဆူညံမှုတွေက သိပ်များနေပြီ ၊ အချိန်အကြာကြီး နှောင့်နှေးနေရင် ယွမ်စစ်တပ်တွေ ရောက်လာနိုင်တယ် ၊ အခု အားလုံးလည်း လွတ်မြောက်လာကြပြီဆိုတော့ အနောက်တံခါး အပြင်ဘက်မှာ ကျွန်တော်တို့နဲ့ လာစုကြပါ ၊ ဒီဒုက္ခတွင်းကနေ အရင်ဆုံး ထွက်ခွာကြရအောင်" ဟု ဆိုသည် ။

လူအများမှာ ကန့်ကွက်ရန် မရှိကြပေ ။ ကျန်းဝူကျိက ရှေ့မှ ဦးဆောင်ပြီး မင်ဂိုဏ်းသားများနှင့်အတူ လမ်းပြရာ ဂိုဏ်းကြီးများမှ လူများကလည်း အလိုလိုပင် နောက်မှ လိုက်ပါလာကြသည် ။

လွန်ခဲ့သည့် နှစ်ရက်အတွင်း ယင်းထျန့်ကျိန်းသည် လင်းယုန်ဂိုဏ်းသားများကို ဦးဆောင်ကာ ပုန်းအောင်းနေခဲ့ရုံသာမက အရေးပေါ် အခြေအနေများအတွက် အသုံးလိုနိုင်သည့် နေ့စဉ်သုံး ပစ္စည်းများ၊ အစားအစာနှင့် အဝတ်အထည်များကိုလည်း အများအပြား ဝယ်ယူစုဆောင်းထားခဲ့သည် ။ ထိုပစ္စည်းများမှာ ယခုအခါ၌ အလွန်ပင် အသုံးတည့်နေတော့သည် ။

အရုဏ်တက်ချိန်တွင် လူအများမှာ အနောက်တံခါးသို့ ရောက်ရှိသွားကြသည် ။ ထိုနေရာတွင် တပ်စွဲထားသည့် ယွမ်စစ်သားများသည် များပြားလှသော လူအုပ်ကြီးက ပြင်းထန်သော အရှိန်အဝါများဖြင့် တိုးဝင်လာသည်ကို မြင်သောအခါ ကြောက်လန့်တုန်ရီသွားကြသည် ။ ဧကရာဇ်ကို မျက်နှာပြနိုင်ရန်အတွက် ဟန်ဆောင်ကာ အော်ဟစ်အမိန့်ပေးပြီးနောက် ၎င်းတို့သည် အရပ်ရပ်သို့ ထွက်ပြေးပုန်းအောင်း ကုန်ကြသည် ။

အမှန်တကယ်ပင် ရယ်စရာကောင်းလှသည်၊ ၎င်းတို့သည် ထိုလူအုပ်ကြီးကို ရင်ဆိုင်နိုင်စွမ်း မရှိကြပေ ။

လင်းယုန်ဂိုဏ်းသားများသည် အနောက်တံခါး အပြင်ဘက်ရှိ လျှို့ဝှက်နေရာ တစ်ခုတွင် ရထားလုံးများကို အသင့်ပြင်ထားကြရာ လူအများမှာ ထိုရထားလုံးများဖြင့် ထွက်ခွာခဲ့ကြသည် ။

ဂိုဏ်းချုပ် ကုန်းဝမ်သည် ကျန်းဝူကျိကို ဦးညွှတ်လိုက်ပြီး "ဒီတစ်ကြိမ်မှာ ကျန်းဂိုဏ်းချုပ်ရဲ့ ကယ်တင်တဲ့ ကျေးဇူးကတော့ သိပ်ကို ကြီးမားလှပါတယ် ၊ အခု ဘာဆက်လုပ်ရမယ်ဆိုတာကို ကျန်းဂိုဏ်းချုပ်ပဲ ညွှန်ကြားပေးပါ" ဟု ဆိုသည် ။

လူအများမှာလည်း ထိုသဘောထားအတိုင်းပင် ဖြစ်ကြသည် ။ ၎င်းတို့သည် ယခုအခါ ကျန်းဝူကျိကို သိုင်းလောက၏ ခေါင်းဆောင်တစ်ဦးကဲ့သို့ မှတ်ယူထားကြပြီး ကျန်းဝူကျိ၏ အမိန့်အတိုင်းသာ လုပ်ဆောင်ကြမည် ဖြစ်သည် ။

ကျန်းဝူကျိက အားနာမနေတော့ဘဲ "ဒီနေရာက မြို့နဲ့ သိပ်မဝေးသေးဘူး ၊ ကျွန်တော်တို့ ထွက်ခွာတဲ့ အရှိန်က ယွမ်စစ်တပ်ရဲ့ အရှိန်ကို မမီနိုင်ဘူး ၊ အကယ်၍ ဒီအတိုင်းပဲ ထွက်ပြေးမယ်ဆိုရင် ဖမ်းမိသွားဖို့ များတယ် ၊ အဲဒီအစား ပြောင်းပြန် လုပ်ကြရအောင် ၊ ယွမ်စစ်တပ်က ကျွန်တော်တို့ မြေပြန့်ဒေသဘက်ကို ဦးတည်သွားမယ်လို့ ထင်နေလိမ့်မယ် ၊ ဒါပေမဲ့ ကျွန်တော်တို့က ဆန့်ကျင်ဘက် အနောက်မြောက်ဘက်ကို တန်းတန်းမတ်မတ် သွားကြမယ် ၊ အဲဒီမှာ မြေနေရာက ကျယ်ပြောပြီး လူသူနည်းပါးသလို တောတောင်တွေလည်း ထူထပ်တဲ့အတွက် သူတို့ ရှာရခက်လိမ့်မယ် ၊ အားလုံးရဲ့ အတွင်းအားတွေ ပြန်ပြည့်ဝလာပြီဆိုရင်တော့ ကောင်းကင်ယံက ငှက်တွေလို လွတ်လပ်သွားကြမှာပါ" ဟု ပြောလိုက်သည် ။

ထိုစကားကို ကြားသောအခါ လူအများမှာ ထောက်ခံလျက် ခေါင်းညိတ်ကြသည် ။ ဂိုဏ်းကြီးအများစုမှာ တောင်ဘက် မြေပြန့်ဒေသတွင် ရှိကြသည် ။ အကယ်၍ ယွမ်စစ်တပ်က လိုက်လံဖမ်းဆီးလျှင် မြေပြန့်ဒေသဘက်သို့သာ လိုက်မည်ဖြစ်သော်လည်း ယခုကဲ့သို့ အနောက်မြောက်ဘက်သို့ သွားခြင်းမှာ ယွမ်စစ်တပ်က လုံးဝ ထင်မှတ်မထားနိုင်သော ကိစ္စဖြစ်သဖြင့် ဘေးကင်းနိုင်သည် ။

ထို့ကြောင့် ၎င်းတို့သည် ကျန်းဝူကျိ၏ စကားအတိုင်း လိုက်နာကာ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ကြပြီးနောက် လိုက်လံဖမ်းဆီးမည့် ယွမ်စစ်တပ်နှင့် မတွေ့ဆုံခဲ့ပေ ။ လူအများမှာ သက်ပြင်းချနိုင်ကြပြီး နားနားနေနေ နားခိုရန် ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေခဲ့ကြသည် ။

ခုန်းရှင်းက ပွင့်လင်းစွာပင် "ဒီတစ်ခါတော့ ငါတို့ မွန်ဂိုတွေရဲ့ နှိပ်စက်တာကို တော်တော် ခံလိုက်ရတာ ၊ ဒီရန်ငြိုးကိုတော့ အပြတ်ရှင်းရမယ်" ဟု ဆိုသည် ။

ထိုစကားကို ကြားသောအခါ လူအများက မကျေမနပ်ဖြင့် ခေါင်းညိတ်ကြပြီး ခုန်းရှင်း၏ စကားမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိကြသည် ။

ဟဲတိုက်ချုံးသည် ရှောင်ကျောက်တို့နှင့်အတူ ရှိနေသော ကျောက်မိန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည် ။ "ဒီမွန်ဂို မင်းသမီးကို ဖမ်းမိထားမှတော့ ဓားနဲ့ပဲ သတ်လိုက်ကြစို့ ၊ အဲဒါမှ ငါတို့ ဒေါသတွေ ပြေပျောက်မှာ" ဟု သူက ဆိုလိုက်သည် ။

ခွန်းလွန်ဂိုဏ်းသားများကလည်း ဝိုင်းဝန်း ထောက်ခံကြသည် ။ ပြောရလျှင် ဂိုဏ်းကြီးများမှာ ကျောက်မိန်အပေါ် ကောင်းသော စိတ်ထားမရှိကြသော်လည်း ကျောက်မိန်ကို အမုန်းဆုံးသူမှာ မည်သူနည်းဟု မေးလျှင် ခွန်းလွန်ဂိုဏ်းသာ ဖြစ်ပေလိမ့်မည် ။ အကြောင်းမှာ ဟဲတိုက်ချုံး တစ်ယောက်တည်းသာ ကျောက်မိန်၏ အထူး 'ဂရုစိုက်မှု' ကို ခံခဲ့ရပြီး လက်ချောင်း အနည်းငယ် ဖြတ်တောက်ခံခဲ့ရသောကြောင့် ဖြစ်သည် ။ ထို့ကြောင့် ၎င်းတို့ ဒေါသထွက်နေသည်မှာ မဆန်းပေ ။

ကျန်းဝူကျိက တည်ငြိမ်စွာဖြင့် "အကယ်၍ မင်းတို့ သူ့ကို သတ်လိုက်ရင် ဒီလောကမှာ ခွန်းလွန်ဂိုဏ်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည် ။

ဤပေါ့ပါးလှသော စကားတစ်ခွန်းကြောင့် ဟဲတိုက်ချုံး၏ ကိုယ်မှာ တောင့်တင်းသွားရပြီး ခွန်းလွန်ဂိုဏ်းသားများ၏ ဆူညံနေသော အသံများမှာလည်း ရုတ်ချည်း ရပ်တန့်သွားသည် ။

ဟဲတိုက်ချုံးသည် ကျန်းဝူကျိကို အမြဲတစေ ကြောက်ရွံ့ခဲ့သော်လည်း လက်ချောင်းများ အဖြတ်ခံခဲ့ရသည့် ရန်ငြိုးမှာ သေးငယ်လှသည် မဟုတ်ပေ ။ သူက မနေနိုင်ဘဲ "ကျန်းဂိုဏ်းချုပ် ၊ ဒီမွန်ဂို မင်းသားလေးကိုတော့ ဓားစာခံအဖြစ် ထားလို့ရပေမဲ့ ဒီမိန်းမကိုတော့ ဘာလို့ အသက်ချမ်းသာပေးထားရတာလဲ" ဟု မေးလိုက်သည် ။

ကျန်းဝူကျိက အေးဆေးစွာပင် "ငါ့မိန်းမ လုပ်ဖို့လေ ၊ ဘာပြဿနာ ရှိလို့လဲ" ဟု ပြန်ပြောလိုက်သည် ။

“ဟင်... “ဟဲတိုက်ချုံးမှာ အနည်းငယ် မူးနောက်သွားရသည် ။ အဘယ်သို့နည်း ၊ ကျန်းဝူကျိက ဤတိုင်းတစ်ပါးသူကို သူ၏ ဇနီးအဖြစ် တင်မြှောက်ချင်နေသည်လား ။

ထိုစကားကို ကြားသောအခါ ကျောက်မိန်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသော်လည်း သူမ ဘာမှ မပြောပေ ။ လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမအတွက် မလွယ်ကူခဲ့ပေ ။ သူမသည် အစ်ကိုဖြစ်သူ ဝမ်ပေါင်းပေါင်းနှင့် ကျန်းဝူကျိ၏ ကိစ္စများကို ဆွေးနွေးခဲ့ပြီး ကျန်းဝူကျိအပေါ် ထားရှိခဲ့သော ယခင်က ဒေါသနှင့် စိတ်ပျက်မှုများမှာ သဘာဝကျစွာပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည် ။

အချစ်ကြောင့် မူးယစ်နေသူ တစ်ယောက်အတွက်မူ ချစ်သူထက် အရေးကြီးသောအရာ မရှိတော့ပေ ။ ချိုသာသော စကားအနည်းငယ်ကပင် လူတစ်ယောက်ကို ဦးတည်ချက် ပျောက်သွားစေရန် လုံလောက်လှပေသည် ။

ဂိုဏ်းကြီးအသီးသီးမှ လူများသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ထူးဆန်းစွာပင် ငြိမ်သက်နေကြသည် ။ ၎င်းတို့၏ အသက်ကို သူက ကယ်တင်ပေးထားခြင်း ဖြစ်ရာ ဤကိစ္စတွင် ၎င်းတို့၌ ဝင်ရောက်စွက်ဖက်ရန် မည်သည့် အခွင့်အရေး ရှိပါမည်နည်း ။

ဟဲတိုက်ချုံး၏ မျက်နှာမှာလည်း ချုပ်တည်းထားရသော ဒေါသကြောင့် နီရဲနေသည် ။ သူသည် ဤကိစ္စကို လက်မခံနိုင်သော်လည်း ကျန်းဝူကျိကိုမူ မောက်မာစွာ မပြုမူရဲပေ ။

ခွန်းလွန်ဂိုဏ်းသားများသည်လည်း မကျေမနပ် ဖြစ်နေကြသော်လည်း ဘာမှ မပြောရဲဘဲ ဒေါသပုန်ထနေကြသည် ။

ဟဲတိုက်ချုံး၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားပေးသည့်အနေဖြင့် ကျန်းဝူကျိက "ဟဲဂိုဏ်းချုပ် ၊ ကျွန်တော် မေးပါရစေ ၊ ခင်ဗျား ခံစားခဲ့ရတဲ့ အရှက်ကွဲမှုက ဘာလဲ ၊ လက်ချောင်းတွေ အဖြတ်ခံရတာလား" ဟု မေးလိုက်သည် ။

ဟဲတိုက်ချုံးက မျက်နှာပျက်ပျက်ဖြင့် "ကျွန်တော့်အပြင် တခြား ဘယ်ဂိုဏ်းချုပ်မှ လက်ချောင်း အဖြတ်မခံရဘူး ၊ ဒါဟာ ကြီးမားတဲ့ အရှက်ကွဲမှုလို့ ကျန်းဂိုဏ်းချုပ် မထင်ဘူးလား" ဟု ဆိုသည် ။

ကျန်းဝူကျိက "ဒါဆို ခင်ဗျားရဲ့ လက်ချောင်းတွေကို ဖြတ်ခဲ့တဲ့သူက ဘယ်သူလဲ" ဟု ဆက်မေးသည် ။

ဟဲတိုက်ချုံးမှာ အံ့အားသင့်သွားပြီးမှ "အဲဒါကတော့ ကျန်းဂိုဏ်းချုပ်ကိုယ်တိုင် ဖမ်းမိထားပြီး ကျွန်တော် ကိုယ်တိုင် သတ်ခဲ့တဲ့ ယွမ်နန်းတွင်း နောက်လိုက်ခွေးတွေပဲပေါ့" ဟု ပြန်ဖြေသည် ။

ကျန်းဝူကျိက လက်ကို ဖြန့်လိုက်ပြီး "ဒါဆိုရင်လည်း ကိစ္စပြတ်ပြီ မဟုတ်လား ၊ ခင်ဗျားရဲ့ လက်စားချေမှုက ပြီးသွားပြီပဲ" ဟု ဆိုလိုက်သည် ။

အာ... ဒါကတော့... ဟဲတိုက်ချုံး၏ သွေးတိုးနှုန်းမှာ အနည်းငယ် မြင့်တက်လာရသည် ။ သူက ဒေါသကို ထိန်းချုပ်ရင်း "အဲဒီလူက အမိန့်အတိုင်း လုပ်ဆောင်ရတဲ့ လက်အောက်ငယ်သား သက်သက်ပဲ ၊ အမိန့်ပေးတာက သူ မဟုတ်ဘူး" ဟု ပြောသည် ။

ကျန်းဝူကျိက "ဒါဆို ဘယ်သူက အမိန့်ပေးခဲ့တာလဲ" ဟု ပြန်မေးသည် ။

ဟဲတိုက်ချုံးက ခဏမျှ တုန့်ဆိုင်းသွားပြီးမှ "ရွှမ်မင်နတ်လက်ဝါးပိုင်ရှင် နှစ်ဦးထဲက လုကျန့်ခဲ့ပဲ" ဟု ဖြေလိုက်သည် ။

"လုကျန့်ခဲ့ကတော့ ကျွန်တော့်အဖိုး မျက်ခုံးဖြူ လင်းယုန်မင်းရဲ့ လက်ချက်နဲ့ သေသွားပြီ ၊ ခင်ဗျားရဲ့ ကြီးမားလှတဲ့ လက်စားချေမှုက ပြီးမြောက်သွားပြီဆိုတော့ ဘာပြောစရာ ကျန်သေးလို့လဲ" ဟု ကျန်းဝူကျိက ဟဲတိုက်ချုံးကို ကြည့်ကာ ပြောလိုက်သည် ။

ဟဲတိုက်ချုံးမှာ ခဏမျှ စကားမဲ့သွားရပြီး အံ့ဩစရာကောင်းလောက်အောင်ပင် ပြောစရာ စကား မရှိတော့သလို ခံစားလိုက်ရသည် ။

သူက လုကျန့်ခဲ့မှာ ကြိုးဆွဲရာကရသည့် လူမျှသာ ဖြစ်သည်ဟု ပြောချင်သော်လည်း အစမှ အဆုံးအထိ သူ၏ လက်ချောင်းများ အဖြတ်ခံရစဉ်တွင် ကျောက်မိန်မှာ ကြည့်ရုံသာ ကြည့်နေခဲ့ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ ။ လုကျန့်ခဲ့ကသာ စကားပြောပြီး အမိန့်ပေးခဲ့ခြင်း ဖြစ်ရာ သူသည် ဤကိစ္စကို မည်သို့ ဆက်ပြောနိုင်ပါဦးမည်နည်း ။

သူက ထပ်မံ ပြောလိုသေးသော်လည်း ပိုင်ရှူးရှန်းက သူ၏ လက်ကို ဆွဲကာ အသာအယာ ခေါင်းယမ်းပြနေသည်ကို မြင်လိုက်ရသည် ။

၎င်း၏ ဆိုလိုရင်းမှာ ကျန်းဝူကျိသည် အလွန်ပင် အင်အားကြီးမားပြီး စိတ်ရိုင်းဝင်နေသူ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ရန်မစသင့်ကြောင်းပင် ဖြစ်သည် ။

ဟဲတိုက်ချုံးသည်လည်း ထိုသဘောကို နားလည်လိုက်သည် ။ ကျန်းဝူကျိ ဘာပြောပြော သူသည် လက်စားချေရန်အတွက် ကျောက်မိန်ကို သတ်နိုင်မည် မဟုတ်ပေ ။ သူသည် သက်ပြင်းတစ်ချက် ချလိုက်ကာ လက်ဝါးချင်း ယှက်လျက် "ဒါဆိုရင်တော့ ကျွန်တော့်အတွက် လက်စားချေပေးတဲ့အတွက် ကျန်းဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်ရတော့သည် ။

ထိုသို့ ပြောပြီးနောက် သူသည် အားကိုးရာမဲ့သော အမူအရာဖြင့် နောက်သို့ ဆုတ်သွားခဲ့လေသည် ။

အခန်း (၁၄၃) သိုင်းလောက၏ ခေါင်းဆောင်ကြီး

"အဟမ်း... ဒီကိစ္စက အရေးမကြီးပါဘူး။ ငါတို့သိုင်းလောကသား သူရဲကောင်းတွေအဖို့ မွန်ဂိုတွေကို နှင်ထုတ်ချင်တယ်ဆိုရင် ယွမ်နန်းတော်ကိုပဲ ပစ်မှတ်ထားသင့်တာပေါ့၊ ဘာလို့ မိန်းကလေးတစ်ယောက်ကို ပါဝင်ပတ်သက်စေမှာလဲ"

ထိုစဉ် ကျန်းဆန်းဟွေ့က ကြားဝင်စေ့စပ်ပေးရန် ထွက်လာခဲ့သည် ။ အခြားသော ဝူတန်ဂိုဏ်းသားများကလည်း ဟဲတိုက်ချုံးအတွက် အရှက်မရစေရန် ဝိုင်းဝန်းပြောဆိုပေးကြလေသည် ။ ၎င်းတို့၏ အမြင်တွင်မူ ကျန်းဝူကျိသည် ကျောက်မိန်အပေါ် စိတ်ဝင်စားနေသရွေ့ ကျောက်မိန်သည် နောင်တစ်ချိန်တွင် ၎င်းတို့၏ တူမချောလေး ဖြစ်လာမည်ဖြစ်ရာ မိမိလူကိုမိမိတို့ ကာကွယ်ပေးရမည်မှာ သဘာဝပင် ဖြစ်သည် ။

ဆုန့်ချင်းရှူးသည်လည်း ရှေ့သို့တိုးလာပြီး "ဟုတ်ပါတယ်၊ ဂိုဏ်းချုပ်ကျန်းက ရုပ်ရည်ချောမောသလို သိုင်းပညာလည်း ထူးချွန်သူပါ၊ မင်းသမီးလေးကျောက်မိန်နဲ့ကတော့ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲပဲမို့ ဘာမှပြောစရာမရှိပါဘူး။ ဟိုးအရင် တန်မင်းဆက်တုန်းကတောင် ဧကရာဇ်တွေဟာ တိုင်းတစ်ပါးက အမျိုးသမီးတွေကို လက်ထပ်ခဲ့ကြသေးတာပဲ၊ ဒါဟာ ဘာမှဆန်းကြယ်တဲ့ ကိစ္စမဟုတ်ပါဘူး" ဟု ဆိုသည် ။

ဆုန့်ယွမ်ချောင်သည် အနည်းငယ် အံ့အားသင့်သွားရသည် ။ ဆုန့်ချင်းရှူးသည် လွန်ခဲ့သောရက်များက စိတ်ဓာတ်ကျနေခဲ့သည် မဟုတ်ပါလား၊ ယခုမှ ဘာကြောင့် ရုတ်တရက် ထွက်လာပြီး ဝူကျိဘက်က ကူညီပြောဆိုပေးနေရသနည်း ။ ရိုးသားလှသော ဆုန့်ယွမ်ချောင်မှာမူ လွန်ခဲ့သောရက်များက ကျန်းဝူကျိ၏ ကယ်တင်မှုကို ဆုန့်ချင်းရှူးက ကျေးဇူးတင်နေသဖြင့် ဤသို့ပြုလုပ်သည်ဟုသာ ထင်မှတ်နေတော့သည် ။ မိမိ၏ သားနှင့် တူဖြစ်သူတို့ သဟဇာတဖြစ်နေသည်ကို မြင်ရသဖြင့် ဆုန့်ယွမ်ချောင်မှာ အလွန်ပင် စိတ်သက်သာရာ ရသွားချေသည် ။

သို့သော် ကျန်းဝူကျိတစ်ဦးတည်းသာလျှင် ဆုန့်ချင်းရှူး၏ စိတ်ရင်းကို သိရှိနေသည် ။ ဆုန့်ချင်းရှူးသည် ကျိုးကျစ်လော့ စိတ်ဆိုးစေရန်နှင့် သဝန်တိုစေရန်အတွက်သာ ကျန်းဝူကျိနှင့် ကျောက်မိန်တို့မှာ လိုက်ဖက်ညီသည်ဟု တမင်သက်သက် ပြောဆိုခြင်း ဖြစ်သည် ။ ဤသူသည် ရန်တိုက်ပေးရာတွင် အမှန်တကယ်ပင် ကောက်ကျစ်စဉ်းလဲလှပေသည် ။

ကျန်းဝူကျိကမူ ဤသည်ကို ဂရုမစိုက်ပေ ။ ကျိုးကျစ်လော့သည် သူနှင့် ကျောက်မိန်တို့၏ ပတ်သက်မှုကို သိရှိထားသည်မှာ ကြာပြီဖြစ်သည် ။ ကျိုးကျစ်လော့အနေဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နိုင်သော်လည်း ဤကိစ္စကြောင့်နှင့် ကျန်းဝူကျိကို ရန်သူလို ဆက်ဆံမည့်သူ မဟုတ်ပေ ။ ဤသည်မှာ ကြိုတင်ပြင်ဆင်ထားခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည် ။

ဝူတန်ဂိုဏ်းသားများသာမက အခြားဂိုဏ်းများမှ သိုင်းပညာရှင်များကလည်း ဟဲတိုက်ချုံးအတွက် အရှက်မရစေရန် ဝိုင်းဝန်းပြောဆိုပေးကြသဖြင့် ဟဲတိုက်ချုံး၏ မျက်နှာမှာ ပြန်လည်ကြည်လင်လာတော့သည် ။ အမှန်စင်စစ် သူသည် ကျန်းဝူကျိကို ရန်မစရဲသဖြင့် မည်သူမျှ ကြားဝင်မပြောပေးလျှင်ပင် သည်းခံနေရမည်သာ ဖြစ်သည် ။ ယခုမူ ကြားရသူအဖို့ ပို၍ကြည့်ကောင်းသွားရုံသာ ရှိတော့သည် ။

ထိုအချိန်တွင် ကုန်းထုံဂိုဏ်း၏ အကြီးအကဲငါးပါးအနက် ခေါင်းဆောင်ဖြစ်သူ ကွမ်နန်က "ငါတို့တွေ မွန်ဂိုတွေကို နှင်ထုတ်ချင်တယ်ဆိုရင် သိုင်းပညာ အလွန်ထူးချွန်ပြီး အများက လေးစားကြည်ညိုရတဲ့၊ လူတိုင်းက လှိုက်လှိုက်လှဲလှဲ ယုံကြည်အားကိုးနိုင်မယ့် သိုင်းလောကရဲ့ ခေါင်းဆောင်ကြီး တစ်ယောက်ရှိဖို့ လိုအပ်တယ်၊ ငါ့ကိုမေးရင်တော့ ဒီသိုင်းလောက ခေါင်းဆောင်ကြီးနေရာဟာ ဂိုဏ်းချုပ်ကျန်းနဲ့ပဲ ထိုက်တန်ပါတယ်" ဟု ဆိုလေသည် ။

ဂိုဏ်းကြီးများအကြားတွင် ကုန်းထုံဂိုဏ်းမှ အဘိုးကြီးများသည် တရားမျှတမှုကို မြတ်နိုးသူများဖြစ်ပြီး ပရိယာယ် သိပ်မများကြချေ ။ ၎င်းတို့၏ အတွေးမှာ ရိုးရှင်းလှသည် ။ ယခင်က ရှဲ့ရွှန်း၏ ကိစ္စနှင့် ပတ်သက်ပြီး ကျန်းဝူကျိအပေါ် အပြစ်တင်ခဲ့ကြသော်လည်း ကျန်းဝူကျိကမူ အတိတ်က ရန်ငြိုးများကို မေ့ပျောက်ကာ ၎င်းတို့၏ အသက်ကို ကယ်တင်ပေးခဲ့သည် ။ ဤသည်မှာ ကျေးဇူးဆပ်ရမည့် ကြီးမားသော ကျေးဇူး

တရားပင် ဖြစ်သည် ။

ထို့အပြင် ၎င်းတို့သည် ကျန်းဝူကျိ၏ သိုင်းပညာကိုလည်း အလွန်ပင် လေးစားမိကြသည် ။ ထိုနေ့က ကွမ်မင်တောင်ထိပ်တွင် တိုက်ပွဲမဖြစ်ခဲ့သော်လည်း ၎င်းတို့ငါးဦးစလုံး ပေါင်းတိုက်လျှင်ပင် ကျန်းဝူကျိကို အနိုင်ရရန် မလွယ်ကူကြောင်း ၎င်းတို့ကောင်းကောင်း သိရှိကြသည် ။ ထို့ပြင် ကျန်းဝူကျိ၏ ယခုအသက်အရွယ်မှာ ၎င်းတို့၏ သား သို့မဟုတ် မြေးအရွယ်သာ ရှိသေးရာ သူ၏ အနာဂါတ်မှာ အတိုင်းအဆမရှိ တောက်ပနေမည် ဖြစ်သည် ။

၎င်းတို့သည် တစ်ခေတ်တစ်ခါက သိုင်းပညာရှင်ကြီးများ ဖြစ်ကြသော်လည်း အသက်အရွယ်ဖြင့် အသာစီးမယူကြပေ ။ ကျန်းဝူကျိသည် သိုင်းပညာထူးချွန်ပြီး စိတ်နှလုံး ပြည့်ဝသူ ဖြစ်သဖြင့် ၎င်းတို့အားလုံးက အထူးပင် လေးစားမိကြသည် ။

ကုန်းထုံဂိုဏ်းမှ အခြားသော တပည့်များကလည်း တညီတညွတ်တည်း ထောက်ခံကြသည် ။ အကယ်၍ ကျန်းဝူကျိသာ မကယ်တင်ခဲ့ပါက ၎င်းတို့သည် မျှော်စင်ပေါ်တွင် မီးလောင်ကျွမ်းနေသော အလောင်းများသာ ဖြစ်နေပေလိမ့်မည် ။ ကျန်းဝူကျိအပေါ် ကျေးဇူးတင်စိတ်နှင့် လေးစားစိတ်တို့ကြောင့် မည်သူမျှ ကန့်ကွက်မည့်သူ မရှိချေ ။

ယွီလျန်ကျိုးသည်လည်း ဤသည်ကို မြင်သောအခါ "ဟုတ်ပါတယ်၊ ကျုပ်လည်း အဲ့ဒီအတိုင်းပဲ တွေးနေတာပါ" ဟု ချက်ချင်းပင် ဆိုလေသည် ။ ဆုန့်ယွမ်ချောင်နှင့် ကျန်းဆန်းဟွေ့တို့ကလည်း တညီတညွတ်တည်း ထောက်ခံကြသည် ။

ပထမအချက်မှာ ကျန်းဝူကျိ၏ အရည်အချင်းကို လူတိုင်းမျက်မြင်တွေ့ခဲ့ကြပြီး ဖြစ်သည် ။ ဒုတိယအချက်မှာ ကျန်းဝူကျိသည် ၎င်းတို့၏ တူအရင်းခေါက်ခေါက် ဖြစ်နေသဖြင့် ကျန်းဝူကျိကို မကူညီလျှင် မည်သူ့ကို ကူညီရမည်နည်း ။ ဝူတန်ဂိုဏ်းသားများသည် မိမိလူကို အလွန်ပင် ကာကွယ်တတ်ကြသည် ။

မင်ဂိုဏ်းသားများကမူ အလိုအလျောက်ပင် ကန့်ကွက်စရာမရှိဘဲ အားလုံးက ဝိုင်းဝန်းထောက်ခံကြလေသည် ။

ရှောင်လင်ဂိုဏ်းမှာမူ အနည်းငယ် ဝေခွဲမရ ဖြစ်နေသည် ။ မူလက ဂိုဏ်းကြီးများအကြားတွင် ရှောင်လင်ဂိုဏ်းသည် ဂုဏ်သတင်း အကြီးမားဆုံးနှင့် အင်အားအကောင်းဆုံး ဖြစ်သည် ။ အကယ်၍ သိုင်းလောက ခေါင်းဆောင်ကြီးကို ရွေးချယ်မည်ဆိုပါက ရှောင်လင်ဂိုဏ်း၏ ဂိုဏ်းချုပ် အရှင်ခုန်းဝမ်သည် အလားအလာ အရှိဆုံးသူ ဖြစ်သည် ။

သို့သော် ယခုဖြစ်ရပ်တွင် ရှောင်လင်တပည့်များစွာ သေကြေဒဏ်ရာရခဲ့ကြသဖြင့် အခြားဂိုဏ်းများအပေါ် အသာစီးရနိုင်သော အခြေအနေတွင် မရှိတော့ပေ ။ ထို့အပြင် ကျန်းဝူကျိ၏ အသက်ကယ်ကျေးဇူးမှာ ကြီးမားလှသဖြင့် ၎င်းတို့အနေဖြင့်လည်း ကျန်းဝူကျိကိုသာ ထောက်ခံရပေမည် ။

ခုန်းရှင်းမှာမူ စိတ်မြန်လက်မြန်ရှိသူဖြစ်ရာ "ဒီဘုန်းကြီးလည်း သူ့ကိုပဲ ထောက်ခံတယ်" ဟု တိုက်ရိုက်ပင် ပြောချေသည် ။

ဟွာရှန်းဂိုဏ်းချုပ် ရှန်းယွီထုံမှာ ကျန်းဝူကျိ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည် ။ လက်ရှိတွင် ရှန်းယွီထုံ၏ ဦးလေးတော်စပ်သူ၊ သိုင်းပညာ အတော်အသင့်ရှိသော ခပ်ပုပု အဘိုးကြီးတစ်ဦးက ဂိုဏ်းချုပ်အဖြစ် ခေတ္တဆောင်ရွက်နေရသည် ။ ထိုသူ၏ မျိုးရိုးအမည်မှာ ယွဲ့ ဖြစ်ပြီး အမည်မှာ လင်း ဖြစ်ရာ လူတိုင်းက သူ့ကို ဂိုဏ်းချုပ်ယွဲ့ဟု ခေါ်ကြသည် ။

ဂိုဏ်းချုပ်ယွဲ့သည် မျက်နှာတည်သူ ဖြစ်သော်လည်း အခြေအနေကိုမူ ကောင်းစွာနားလည်သည် ။ ဤကိစ္စသည် ဟွာရှန်းဂိုဏ်းနှင့် အနည်းငယ်သာ ပတ်သက်သော်လည်း သူသည် အမှားအမှန်ကို ခွဲခြားနိုင်သူဖြစ်ရာ ကျန်းဝူကျိကို ထောက်ခံသည့်ဘက်တွင် ပါဝင်လေသည် ။

ခွန်းလွန်ဂိုဏ်းဘက်တွင်မူ ဟဲတိုက်ချုံးမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသော်လည်း အသက်ကယ်ကျေးဇူးနှင့် ကျန်းဝူကျိ၏ ဂုဏ်သတင်း၊ သိုင်းပညာတို့ကို လျစ်လျူမရှုနိုင်သဖြင့် သူသည်လည်း ထောက်ခံကြောင်း ပြောဆိုရတော့သည် ။

သီလရှင် မြဲ့ကြွယ်ကမူ ပို၍ပင် ရိုးရှင်းစွာဖြင့် "ငါ့ရဲ့ အော့မေ့ဂိုဏ်းကလည်း သဘောတူပါတယ်" ဟု ဆိုသည် ။ တိုင်းပြည်၏ အကျိုးစီးပွားသည် သီလရှင်အိုကြီး မြဲ့ကြွယ်အတွက် အလွန်ပင် အရေးကြီးသည် ။ မည်သို့ပင်ဆိုစေကာမူ မင်ဂိုဏ်းသည် လုံးဝယုတ်မာသော ဂိုဏ်းမဟုတ်ကြောင်း သူမ ယခုသိရှိသွားပြီ ဖြစ်သည် ။ ကျိုးကျစ်လော့သာ သူမ၏ ဆက်ခံသူအဖြစ် ရှိနေမည်ဆိုလျှင် ကျန်သည့်ကိစ္စများမှာ သူမအတွက် မအရေးကြီးတော့ပေ ။

ဤသို့ဖြင့် ဂိုဏ်းကြီးများ၏ တညီတညွတ်တည်း ထောက်ခံမှုဖြင့် ကျန်းဝူကျိသည် သိုင်းလောက၏ ခေါင်းဆောင်ကြီး ဖြစ်လာခဲ့သည် ။

"ခေါင်းဆောင်ကြီး၊ ရာသီဥတုက အေးတယ်၊ ဝတ်ရုံလေး ထပ်ဝတ်ပါဦး"

ဖန့်ယောင်သည် ရှေ့သို့တိုးလာပြီး ကျန်းဝူကျိ၏ ပခုံးပေါ်သို့ ဝတ်ရုံကို ခြုံပေးလိုက်ရာ ဤသည်မှာ သူ၏ အဆင့်အတန်းကို ဖော်ပြနေတော့သည် ။

ကျန်းဝူကျိသည် ခေါင်းခါယမ်းကာ "အားလုံးက ငါ့ကို ယုံကြည်ကြတဲ့အတွက် ငါလည်း အားမနာတမ်း လက်ခံလိုက်ပါ့မယ်၊ ဒီသိုင်းလောက ခေါင်းဆောင်ကြီး နေရာဟာ ငါတို့မြေကို ပြန်လည်သိမ်းပိုက်ဖို့နဲ့ သာမန်ပြည်သူတွေ အေးချမ်းသာယာဖို့အတွက်ပဲ ဖြစ်ရမယ်" ဟု ဆိုလေသည် ။

လူအများက တညီတညွတ်တည်း သဘောတူကြပြီး ကျန်းဝူကျိကို ဂါရဝပြုကြသည် ။

ရက်အနည်းငယ်ကြာ နားယူပြီးနောက်တွင် ဂိုဏ်းကြီးများမှ သိုင်းပညာရှင်များသည် ဒဏ်ရာများသက်သာလာပြီး အတွင်းအားများလည်း ပြန်လည်ပြည့်ဝလာကြသည် ။

ကျန်းဝူကျိက "အားလုံးပဲ နားထောင်ကြပါ၊ တို့ဂိုဏ်းမှာ လုပ်စရာ အရေးကြီးကိစ္စတစ်ခု ကျန်သေးတယ်၊ အခုတော့ အားလုံးလည်း အခြေအနေ ပြန်ကောင်းလာပြီဆိုတော့ ခဏလောက် လမ်းခွဲကြရအောင်၊ ငါတို့မင်ဂိုဏ်းဟာ တစ်နှစ်ပတ်လုံး နေရာအနှံ့မှာ တော်လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲသွားမှာပါ၊ အကယ်၍ ခင်ဗျားတို့မှာ ငါတို့တရုတ်ပြည်ကို ပြန်လည်ထူထောင်ချင်တဲ့ စိတ်ဆန္ဒရှိတယ်ဆိုရင် သက်ဆိုင်ရာ ဒေသတွေကို ပြန်ပြီး ကူညီပေးကြပါ၊ ငါတို့အားလုံး ယွမ်နန်းတော်ကို အသေအလဲ တိုက်ခိုက်ကြစို့" ဟု အော်ဟစ်ပြောဆိုလိုက်သည် ။

"ခေါင်းဆောင်ကြီးရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်၊ အသေခံတိုက်မယ်၊ တရုတ်ပြည်ကို ပြန်လည်ထူထောင်မယ်"

လူအများမှာ စိတ်ဓာတ်များ တက်ကြွလာကြပြီး ယွမ်စစ်တပ်ကို ချက်ချင်းပင် တိုက်ခိုက်ချင်စိတ်များ ပေါက်လာကြသည် ။ သို့သော် လက်ရှိအခြေအနေကိုလည်း ထည့်တွက်ရပေဦးမည် ။ ဂိုဏ်းကြီးများမှ သိုင်းပညာရှင်များသည် လအနည်းငယ်ကြာ ဖမ်းဆီးခံထားရသဖြင့် ၎င်းတို့၏ ဂိုဏ်းအရေးကိစ္စများကို စိုးရိမ်နေကြသည် ။

ထို့ကြောင့် ကျန်းဝူကျိ၏ ဆန္ဒအတိုင်း ၎င်းတို့သည် သက်ဆိုင်ရာ ဂိုဏ်းများသို့ ခေတ္တပြန်ကာ အင်အားစုဆောင်းကြရန် ဆုံးဖြတ်လိုက်ကြသည် ။ ယွမ်ဆန့်ကျင်ရေး တပ်မတော်များ စတင်တိုက်ခိုက်သည့်အခါတွင် ၎င်းတို့သည် ကူညီပေးကြမည် ဖြစ်သည် ။ ၎င်းတို့၏ အရည်အချင်းဖြင့် ရန်သူ့ဗိုလ်မှူးများကို သတ်ဖြတ်ကာ တိုင်းပြည်အတွက် အကျိုးပြုနိုင်မည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည် ။

ဂိုဏ်းကြီးများမှ ပညာရှင်များ ထွက်ခွာသွားပြီးနောက် မင်ဂိုဏ်းနှင့် သူတောင်းစားဂိုဏ်းသားများသာ ကျန်ရစ်တော့သည် ။ သူတောင်းစားဂိုဏ်းသည် ယခုအခါ မင်ဂိုဏ်း၏ လက်အောက်သို့ ရောက်ရှိနေပြီဖြစ်ကာ ၎င်းတို့သည် အတည်တကျ နေရပ်မရှိသော သူတောင်းစားများဖြစ်သဖြင့် ပြဿနာမရှိပေ ။ ရှီဟော်လုံသည်လည်း ကျန်းဝူကျိ၏ အနားတွင်ပင် နေထိုင်ကာ အမိန့်ကို စောင့်ဆိုင်းနေသည် ။

ကျန်းဝူကျိသည် အချိန်ဆွဲမနေဘဲ ရှဲ့ရွှန်းကို ပြန်လည်ခေါ်ဆောင်ရန် ပင်လယ်သို့သွားမည့် ခရီးစဉ်အတွက် ပြင်ဆင်ရန် ရန်ရှောင်ကို စေလွှတ်လိုက်သည် ။ အခြားသော တပည့်အများစုကိုမူ ဂိုဏ်း၏ မြင့်မြတ်ရာမြေကို စောင့်ရှောက်ရန်အတွက် ကွမ်မင်တောင်ထိပ်သို့ ပြန်ခိုင်းလိုက်သည် ။

ကျန်းဝူကျိကိုယ်တိုင်မူ ကျောက်မိန်နှင့် ဝမ်ပေါင်းပေါင်း မောင်နှမနှစ်ဦးထံသို့ သွားရောက်ခဲ့သည် ။ ဖန့်ယောင်သည် မီးလောင်ရာမှ မသေဘဲ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သည်မှာလည်း ထူးခြားလှသည် ။ အစောပိုင်းက ဂိုဏ်းကြီးများ ဆယ်ထပ်မြောက်တွင် ရှိနေစဉ် အော့မေ့ဂိုဏ်းမှ ပေကျင်ရီသည် ဟန်ကျီကို တွေ့ရှိခဲ့ပြီး ယွမ်နန်းတွင်းက ဖမ်းဆီးထားသော သနားစရာ မိန်းကလေးတစ်ဦးဟု ထင်မှတ်ကာ သူမ၏ အကြောပိတ်ထားသည်များကို ဖွင့်ပေးခဲ့သည် ။ ထို့နောက် ၎င်းတို့နှစ်ဦးစလုံး ဘုရားကျောင်းပေါ်မှ ခုန်ချခဲ့ကြပြီး ကျန်းဝူကျိ၏ ကယ်တင်မှုကို ခံခဲ့ရခြင်း ဖြစ်သည် ။

ကျန်းဝူကျိသည် ဤအမျိုးသမီး အသက်ရှင်နေလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ဘာမှမဖြစ်သဖြင့် ကျောက်မိန်နှင့်အတူ နေထိုင်ရန် စီစဉ်ပေးလိုက်သည် ။ ကျန်းဝူကျိသည် ကျောက်မိန်ရှိရာသို့ ရောက်ရှိသွားသောအခါ ကျောက်မိန်နှင့် ဝမ်ပေါင်းပေါင်းတို့မှာ လှံရေးကျင့်နေကြသည်ကို တွေ့ရလေသည် ။

ဝမ်ပေါင်းပေါင်းသည် အမှန်တကယ်ပင် အရည်အချင်းရှိသူ ဖြစ်သည် ။ သူ၏ လှံချက်များသည် အားပါလှသည် ။ သူသည် သိုင်းလောကသား မဟုတ်သော်လည်း စစ်မြေပြင်တွင်မူ ရန်သူ့တပ်များကို ထိုးဖောက်နိုင်စွမ်း ရှိပေသည် ။ စစ်ကို ဦးဆောင်မည့် စစ်သူကြီးတစ်ဦးအတွက်မူ ဤအရည်အချင်းသည် အလွန်ပင် လုံလောက်လှပေတော့သည် ။

အခန်း (၁၄၄) အနိုင်မတိုက်နိုင်ရင် အတူပူးပေါင်းလိုက်ပါ

"အဲ့ဒီလှံရေးက မဆိုးပါဘူး၊ ဒါပေမဲ့ စိတ်မကောင်းစရာက မင်းရဲ့အောက်ပိုင်းက သိပ်မခိုင်ဘူး။ စစ်မြင်းမပါဘဲနဲ့တော့ သိပ်ပြီးအသုံးတည့်မှာ မဟုတ်ဘူး"

ကျန်းဝူကျိသည် ပြုံးရွှင်စွာဖြင့် လမ်းလျှောက်ဝင်လာပြီး လက်ခုပ်တီးကာ ဆိုလိုက်သည်။ ကျန်းဝူကျိကို မြင်သည်နှင့် ဟန်ကျီမှာ ကြောက်လန့်တကြား တုန်လှုပ်သွားပြီး ကျောက်မိန်၏နောက်ကွယ်တွင် ပုန်းကွယ်နေတော့သည်။

သူမ၏ အမြင်တွင် ကျန်းဝူကျိသည် မိစ္ဆာခေါင်းဆောင်ကြီး တစ်ဦးသာ ဖြစ်သည်။ ကျန်းဝူကျိသည် မည်မျှပင် ရုပ်ရည်ချောမောပြီး ယဉ်ကျေးသိမ်မွေ့ပါစေ၊ သူမ၏ စိတ်ထဲက အစွဲအလမ်းကိုမူ မပြောင်းလဲနိုင်ချေ။

ဝမ်ပေါင်းပေါင်းသည် သူ၏လှံရှည်ကို သိမ်းလိုက်ပြီး နှာခေါင်းရှုံ့ကာ "မင်းက ဘာသိလို့လဲ၊ သိုင်းလောကထဲမှာ လှည့်လည်သွားလာနေတဲ့သူက စစ်ဗျူဟာအကြောင်း ဘယ်လိုလုပ် နားလည်မှာလဲ" ဟု ဆိုသည်။

ကျန်းဝူကျိက ရယ်မောလိုက်ပြီး "သိပ်လည်း အ‌ပြောမကြီးပါနဲ့ဦး၊ မင်းရဲ့ စစ်ဗျူဟာ လှံသိုင်းလောက်ကတော့ ငါ့ကို အခက်တွေ့အောင် မလုပ်နိုင်ပါဘူး" ဟု ပြောလိုက်သည်။

ထို့နောက် ကျန်းဝူကျိသည် လှံရှည်ကို ယူလိုက်သည်။ သူသည် လှံရှည်ကို တစ်ပတ်လှည့်ကာ ရုတ်တရက် ထိုးနှက်လိုက်ချေသည်။ သူ၏ ခြေလှမ်းများမှာ အဆက်မပြတ် ပြောင်းလဲနေပြီး လှံရှည်မှာ တစ်ခါတရံတွင် ပင်လယ်ထဲက ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ ထိုးဖောက်သွားကာ တစ်ခါတရံတွင်မူ လေပြင်းမုန်တိုင်းကဲ့သို့ ဝေ့ဝဲနေတော့သည်။ ကြည့်ရသည်မှာ မျက်စိပသာဒဖြစ်လှသလို သူ၏ စွမ်းအားမှာလည်း အနှိုင်းမဲ့ ပြင်းထန်လှပေသည်။

ဤလှံရေးမှာ အမှန်တကယ်ပင် ထူးကဲမွန်မြတ်လှပြီး လျင်မြန်ဖြတ်လတ်ရုံသာမက လှုပ်ရှားမှုများမှာလည်း ကျယ်ပြန့်လှသည်။ စစ်မြေပြင်အတွက် အကောင်းဆုံးသော လှံသိုင်းတစ်ခုပင် ဖြစ်သည်။

ကျန်းဝူကျိ၏ လှံရေးကြောင့် ဝမ်ပေါင်းပေါင်းနှင့် အခြားသူများမှာ ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားကြရသည်။ ကျောက်မိန်ပင်လျှင် ကျန်းဝူကျိ၏ လှံသိုင်းမှာ ဤမျှအထိ ထူးချွန်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်နေမိသည်။

အမှန်စင်စစ် ဤသည်မှာ မခက်ခဲလှပေ။ ကျန်းဝူကျိသည် ဤလှံသိုင်းကို တစ်ခါမျှ မသင်ယူဖူးသော်လည်း စကြဝဠာ ရွှေ့ပြောင်းခြင်း၏ အကြီးမားဆုံးသော စွမ်းဆောင်ရည်မှာ မည်သည့်သိုင်းပညာကိုမဆို မြင်ရုံရုံဖြင့် ချက်ချင်း နားလည်တတ်မြောက်နိုင်ခြင်းပင် ဖြစ်သည်။ ကျန်းဝူကျိသည် ဝမ်ပေါင်းပေါင်း၏ လှံသိုင်းကို ကြည့်လိုက်ရုံဖြင့် သူ၏ သိုင်းပညာ အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ တိုးတက်အောင် ပြုလုပ်လိုက်ခြင်းသာ ဖြစ်သည်။

ဤသည်မှာ သူကိုယ်တိုင် တီထွင်လိုက်ခြင်းမျိုး မဟုတ်သော်လည်း မူလလှံသိုင်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်လိုက်ခြင်း ဖြစ်သည်။ အတွင်းအား ကျင့်စဉ်မလိုအပ်ဘဲ လှုပ်ရှားမှုနှင့် ဗျူဟာသက်သက်သာ လိုအပ်သော ဤကဲ့သို့သော နည်းလမ်းမှာ ယခုအချိန်တွင် ကျန်းဝူကျိအတွက် အလွန်ပင် လွယ်ကူလှပေသည်။

ကျန်းဝူကျိသည် လှံရှည်ကို သိမ်းလိုက်ပြီး ပြုံးကာ "ဘယ်လိုလဲ ယောက်ဖကြီး၊ ဒီလှံသိုင်းက မင်းစိတ်ကြိုက် ဖြစ်ရဲ့လား" ဟု မေးလိုက်သည်။

ဝမ်ပေါင်းပေါင်း၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားသည်။ ကျန်းဝူကျိက သူ့ကို ယောက်ဖကြီးဟု ခေါ်နေခြင်းအပေါ် သူ ဘာမှမပြောနိုင်သော်လည်း ငြင်းပယ်၍လည်း မရချေ။

ပထမအချက်မှာ ကျောက်မိန်သည် ကျန်းဝူကျိကို အမှန်တကယ် ချစ်မြတ်နိုးနေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ သူသည်လည်း အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုနေခြင်း ဖြစ်သည်။ ကျန်းဝူကျိသည် အမှန်တကယ်ပင် ထူးချွန်သူတစ်ဦး ဖြစ်ကြောင်း ဝန်ခံရပေမည်။ စစ်ဗျူဟာတွင်ဖြစ်စေ၊ သိုင်းပညာတွင်ဖြစ်စေ သူသည် ကျန်းဝူကျိကို အပြတ်အသတ် ရှုံးနိမ့်နေသည် မဟုတ်ပါလား။

"မင်း ငါတို့နေရာကို ဘာလာလုပ်တာလဲ"

ဝမ်ပေါင်းပေါင်းသည် ကျန်းဝူကျိ၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပြန်လည်မေးမြန်းလိုက်သည်။

ကျန်းဝူကျိက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး "မင်းတို့နေရာဆိုတာ ဘာကို ဆိုလိုတာလဲ၊ အခု မင်းတို့က အဖမ်းခံထားရတဲ့သူတွေလေ၊ ဒီနေရာက ငါ့နယ်မြေပဲ" ဟု ဆိုသည်။

ဝမ်ပေါင်းပေါင်းက လှောင်ပြုံးပြုံးကာ "ကောင်းကင်အောက်က မြေအားလုံးဟာ ဧကရာဇ်မင်းမြတ်ရဲ့ မြေတွေပဲ မဟုတ်လား၊ မင်းက ဘာလို့ ဒါကို မင်းနယ်မြေလို့ ပြောနိုင်ရတာလဲ" ဟု ပြန်ပြောသည်။

သို့သော် ကျန်းဝူကျိက အနည်းငယ် ပြုံးလိုက်ပြီး "ငါ့အမြင်မှာတော့ မင်းတို့ယွမ်နန်းတွင်းက ဧကရာဇ်ဟာ ခွေးတစ်ကောင်လောက်တောင် အဖိုးမတန်ဘူး။ ငါက သူ့ကို အသိအမှတ်မပြုဘူး၊ ဒါကြောင့် ကောင်းကင်အောက်က မြေအားလုံးဟာ သူ့မြေဆိုတာကိုလည်း ငါ အသိအမှတ်မပြုနိုင်ဘူး" ဟု အေးဆေးစွာ ပြောလိုက်သည်။

"မင်း"

ဝမ်ပေါင်းပေါင်းသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ လက်ရှိ ယွမ်ဧကရာဇ်သည် အရည်အချင်းမရှိသူဖြစ်ကြောင်း သူကိုယ်တိုင်လည်း ခံစားနေရသော်လည်း ဤသည်မှာ သူ၏ ကိုယ်ပိုင်အမြင်သာ ဖြစ်သည်။ အပြင်လူတစ်ယောက်က ဤသို့ ပြောဆိုသည်ကိုမူ သူ လက်မခံနိုင်ချေ။

"ငါ ဘာဖြစ်လဲ၊ ငါပြောတာ ဘာမှားလို့လဲ။ သူသာ အမှန်တကယ် ကောင်းမွန်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်မယ်ဆိုရင် ကမ္ဘာကြီးက ဘာလို့ ဒီလိုအခြေအနေကို ရောက်နေရမှာလဲ။ ပြည်သူတွေ ဒုက္ခရောက်နေကြပြီး နေရာအနှံ့မှာ တော်လှန်ရေးတွေ ဖြစ်နေတာဟာ ကောင်းမွန်တဲ့ ဧကရာဇ်တစ်ပါးရဲ့ လုပ်ရပ်လား"

ကျန်းဝူကျိ၏ စကားအပြောအဆိုမှာ အလွန်ပင် ထက်မြက်လှသည်။ သူသည် ချက်ချင်းပင် ပြန်လည်ချေပလိုက်ရာ ဝမ်ပေါင်းပေါင်းမှာ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ဘာမှပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားရတော့သည်။

"တော်ပါတော့၊ တော်ပါတော့"

ကျန်းဝူကျိနှင့် သူမ၏ အစ်ကိုဖြစ်သူတို့ တိုက်ခိုက်ကြမည်ကို စိုးရိမ်သဖြင့် ကျောက်မိန်က ချက်ချင်းပင် ကြားဝင်စေ့စပ်ပေးရသည်။

ကျန်းဝူကျိ၏ သိုင်းပညာမှာ မည်မျှအထိ မြင့်မားကြောင်း သူမ ကောင်းစွာ သိရှိထားသည်။ အကယ်၍ ကျန်းဝူကျိသာ ဝမ်ပေါင်းပေါင်းကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်မည်ဆိုပါက ဝမ်ပေါင်းပေါင်းမှာ အသက်ရှင်ရန် လမ်းစရှိတော့မည် မဟုတ်ပေ။

သူ့ညီမ ပြောဆိုသည်ကို မြင်သောအခါ ဝမ်ပေါင်းပေါင်းသည် ဘာမှဆက်မပြောတော့ဘဲ ငြိမ်သက်သွားသည်။ အမှန်စင်စစ် သူ၏ စိတ်ထဲတွင်မူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူသည် ကျန်းဝူကျိကို မယှဉ်နိုင်မှန်း သိသော်လည်း ထိုအချိန်တွင် သူ၏ ဂုဏ်သိက္ခာကို အကျမခံနိုင်ခဲ့ပေ။ အပြင်ပန်းတွင် စိတ်ဓာတ်ခိုင်မာပုံ ပေါ်နေသော်လည်း အတွင်းစိတ်တွင်မူ အနည်းငယ် ချွေးပြန်နေမိသည်။

ကျန်းဝူကျိသည် တုန်လှုပ်နေသော ဟန်ကျီကို ကြည့်ကာ "ဟန်ကျီ မဟုတ်လား၊ ငါတို့တွေ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိတယ်၊ မင်း တခြားတစ်နေရာမှာ သွားနေလိုက်ပါ။ ခိုးနားထောင်ဖို့တော့ မကြိုးစားနဲ့ဦး၊ အကယ်၍ တစ်ခုခုကို ကြားသွားမယ်ဆိုရင် မင်းရဲ့အသက်ကို ဆုံးရှုံးရလိမ့်မယ်" ဟု ဆိုလိုက်သည်။

ဟန်ကျီသည် ကြောက်လန့်တကြားဖြင့် မျက်နှာမှာ ဖြူလျော့သွားသည်။ သူမသည် အော်ဟစ်ကာ ရူးသွပ်သူတစ်ယောက်ကဲ့သို့ ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။ သူမသည် အဝေးကြီးသို့ ရောက်သည်အထိ အားကုန်ပြေးသွားပြီး သူမ၏ မိဘများက ခြေထောက်နှစ်ချောင်း ပိုမပေးခဲ့သည်ကိုပင် နောင်တရနေမိတော့သည်။

ဟန်ကျီ အဝေးသို့ ရောက်သွားမှသာ ကျန်းဝူကျိသည် စိတ်သက်သာရာ ရသွားသည်။ ထို့နောက် သူက ပြုံးရွှင်စွာဖြင့် "ဒီရက်ပိုင်းအတွင်း မင်းတို့ ဆွေးနွေးလို့ ပြီးပြီလား၊ ဆုံးဖြတ်ချက် တစ်ခုခု ချပြီးပြီလား" ဟု မေးလိုက်သည်။

ယခုအချိန်တွင် ကျန်းဝူကျိသည် အလွန်ပင် ချဉ်းကပ်ရလွယ်ကူပုံ ပေါ်နေပြီး မသိသူအဖို့ ဘေးအိမ်က သိမ်မွေ့သော အစ်ကိုကြီးတစ်ယောက်ကဲ့သို့ပင် ထင်မှတ်ရပေမည်။

ကျန်းဝူကျိက အရေးကြီးကိစ္စများကို စတင်ပြောဆိုလာသည်ကို မြင်သောအခါ ဝမ်ပေါင်းပေါင်းနှင့် ကျောက်မိန်တို့၏ မျက်နှာများမှာလည်း တည်ကြည်သွားကြသည်။

ဝမ်ပေါင်းပေါင်းသည် လေးနက်သော အမူအရာဖြင့် "မင်း ငါ့ညီမကို ပြောခဲ့တဲ့ စကားတွေက တကယ်ပဲ စိတ်ရင်းမှန်နဲ့လား၊ ဒါမှမဟုတ် သူမ ငါ့နောက်ကို လိုက်လာအောင် လှည့်စားခဲ့တာလား" ဟု မေးသည်။

"သူ့ကို လှည့်စားဖို့လား၊ ငါက သူ့ကို လှည့်စားဖို့ လိုလို့လား"

ကျန်းဝူကျိသည် လက်နှစ်ဖက်ကို ဖြန့်ကာ ကျောက်မိန်ကို ကြည့်ပြီး "အမှန်အတိုင်း ပြောရရင် ငါက ယွမ်နန်းတွင်းနဲ့ မွန်ဂိုတွေကို ပုံမှန်အတိုင်း ဆန့်ကျင်နေရင်တောင် ကျောက်မိန်လေးက ငါနဲ့ အဆက်အသွယ် ဖြတ်လိမ့်မယ်လို့ မင်းထင်လား" ဟု ဆိုသည်။

ဤမေးခွန်းကြောင့် ဝမ်ပေါင်းပေါင်းနှင့် ကျောက်မိန်တို့ နှစ်ဦးစလုံး ဆွံ့အသွားကြသည်။ အထူးသဖြင့် ကျောက်မိန်ဖြစ်ပြီး သူမသည် ကျန်းဝူကျိ၏ စကားများကို မကြားခဲ့ရလျှင်ပင် ကျန်းဝူကျိ၏ အနားကနေ ထွက်ခွာသွားရန် ခဲယဉ်းလိမ့်မည်ဟု သူမကိုယ်တိုင် တွေးနေမိသည်။

သူမ၏ စိတ်ဓာတ်မှာ ခေါင်းမာလှသည်။ သူမသည် ဤလူကို ရွေးချယ်ပြီးမှတော့ အလွယ်တကူ စွန့်လွှတ်မည့်သူ မဟုတ်ပေ။ မင်းသမီးအဆင့်အတန်းကို စွန့်လွှတ်ရလျှင်ပင် ကျန်းဝူကျိ၏ အနားတွင်သာ အစေခံချင်စိတ် ရှိသည်။ ဤသည်မှာ သူမ ဆုံးဖြတ်ပြီးသား ကိစ္စပင် ဖြစ်သည်။

ဝမ်ပေါင်းပေါင်းသည်လည်း သူ၏ ညီမဖြစ်သူ၏ သဘောထားကို ကောင်းစွာ နားလည်သည်။ ဤရက်ပိုင်းအတွင်း ကျောက်မိန်၏ အမူအရာမှာ သိသာလွန်းလှသဖြင့် သူ မသိဘဲ မနေနိုင်ချေ။

"ဒါဆိုရင် မင်းရဲ့ အကြံအစည်ဟာ မွန်ဂိုပြည်သူတွေအတွက် လမ်းသစ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"

ဝမ်ပေါင်းပေါင်းသည် တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ မျက်နှာတွင်မူ ဝမ်းနည်းရိပ် အနည်းငယ် သန်းနေသည်။

အမှန်အတိုင်း ပြောရလျှင် သူသည် အမြော်အမြင်ရှိသူ တစ်ဦးဖြစ်သဖြင့် ယွမ်နန်းတွင်း၏ လက်ရှိ အခြေအနေကို ကောင်းစွာ နားလည်သည်။ နေရာအနှံ့တွင် တော်လှန်ရေးများ ဖြစ်ပွားနေသဖြင့် အများဆုံး နှစ်နှစ်ဆယ် သို့မဟုတ် အနှစ်သုံးဆယ်အတွင်း ကမ္ဘာကြီးသည် ယွမ်မင်းဆက်မှ ပြောင်းလဲသွားလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ မွန်ဂိုပြည်သူများသည် မြောက်ပိုင်းက အေးစိမ့်သော သဲကန္တာရဒေသများသို့ ပြန်လည်နှင်ထုတ်ခြင်း ခံရပေလိမည်။

ထိုအချိန်တွင် တရုတ်လူမျိုးများသည် ၎င်းတို့ကို အမြစ်ပြတ် သုတ်သင်ကြမည်မှာ သေချာသည်။ ထိုကဲ့သို့သော ကံကြမ္မာကို သူ မတားဆီးနိုင်သလို လက်ခံရန်လည်း ခက်ခဲလှသည်။

ထို့ကြောင့် ဝမ်ပေါင်းပေါင်း အမြဲတမ်း တွေးတောနေခဲ့သည်မှာ ဂျင်ဂျစ်ခန်၏ အနွယ်ဝင်တစ်ဦးအနေဖြင့် တိုင်းပြည်ကို အကျပ်အတည်းမှ မကယ်တင်နိုင်လျှင်ပင် မွန်ဂိုပြည်သူများအတွက် အနည်းငယ် ပိုမိုကောင်းမွန်သော ရလဒ်တစ်ခုရရှိရန် နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားရမည်ဟူ၍ ဖြစ်သည်။

သို့သော် ယခုအခါ ကျန်းဝူကျိသည် သူ့ကို ပိုမိုကောင်းမွန်သော လမ်းစတစ်ခု ပေးအပ်ခဲ့သည်။ တရုတ်နှင့် မွန်ဂို မဟာမိတ်ပြုကာ လူမျိုးနှစ်မျိုး ပေါင်းစည်းရန် ဖြစ်သည်။ ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် ရာစုနှစ်တစ်ခု ကြာပြီးနောက်တွင် လူမျိုးနှစ်မျိုးစလုံးသည် တူညီသော ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသားကို ပိုင်ဆိုင်လာကြမည် ဖြစ်သည်။ ထိုအခါတွင် အပြန်အလှန် တိုက်ခိုက်နေကြရန် မလိုအပ်တော့ဘဲ နှစ်ဖက်စလုံးတွင် အသေအပျောက်များ ရှိတော့မည် မဟုတ်ပေ။

ဤသည်မှာ တရုတ်လူမျိုးများက မွန်ဂိုများကို ဝါးမြိုလိုက်သကဲ့သို့ ဖြစ်နေသော်လည်း ဝမ်ပေါင်းပေါင်းကိုယ်တိုင်မူ ဤသည်မှာ ဆိုးရွားသော ကိစ္စတစ်ခုဟု မထင်မှတ်ပေ။ မွန်ဂိုပြည်သူများသည် ယွမ်နန်းတွင်းကို ထူထောင်ကာ တရုတ်ပြည်သို့ ဝင်ရောက်လာကတည်းက တရုတ်ယဉ်ကျေးမှုကို အလုံးစုံ လက်ခံခဲ့ကြသည် မဟုတ်ပါလား။ သူကိုယ်တိုင်ပင်လျှင် ဝမ်ပေါင်းပေါင်းဟူသော တရုတ်အမည်ကို ခံယူထားသည်။ ပိုမိုမြင့်မားသော ယဉ်ကျေးမှုတစ်ခုကို အသိအမှတ်ပြုကာ ၎င်းနှင့် ပူးပေါင်းခြင်းမှာ ရှက်စရာကိစ္စ မဟုတ်ပေ။

ဝမ်ပေါင်းပေါင်းသည် တရုတ်စာပေများကို ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် မွန်ဂိုပြည်သူများအနေဖြင့် တရုတ်တို့ကဲ့သို့ လက်ဆင့်ကမ်းလာသော ယဉ်ကျေးမှု မရှိပါက သမိုင်းထဲတွင် ဟန်လူမျိုးများကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည်ကို ကောင်းစွာ သိရှိထားသည်။ ထိုစဉ်က ကူဗလိုင်ခန်၏ မွန်ဂိုမြင်းတပ်များပင်လျှင် တရုတ်ယဉ်ကျေးမှုကို လက်မခံဘဲ ဤမြေကို မအုပ်ချုပ်နိုင်ခဲ့ချေ။ မွန်ဂိုပြည်သူများ အစကတည်းက ပြုလုပ်သင့်သည်မှာ တရုတ်လူမျိုးများနှင့် အလုံးစုံ ပေါင်းစည်းသွားရန်သာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ပို၍နားလည်လွယ်အောင် ပြောရလျှင် အနိုင်မတိုက်နိုင်လျှင် အတူပူးပေါင်းလိုက်ပါဟူ၍ ဖြစ်သည်။

ဝမ်ပေါင်းပေါင်းသည် ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင် ငါ မင်းရဲ့ အစီအစဉ်ကို သဘောတူတယ်၊ အခုကစပြီး မင်းရဲ့ အမိန့်တွေကို ငါ နာခံပါ့မယ်။ ဒါပေမဲ့ မင်းရဲ့ကတိကိုတော့ တည်ရမယ်နော်" ဟု ဆိုသည်။

ကျန်းဝူကျိက ပြုံးကာ "ငါ့ကတိကို ငါ ဘယ်တော့မှ မဖျက်ဘူး။ ဘယ်တော့မှ" ဟု ပြောလိုက်သည်။

သူ၏ လေသံမှာ ပေါ့ပါးနေသော်လည်း ထိုစကား၏ အလေးအနက်မှာမူ အလွန်ပင် ကြီးမားလှသည်။ တရုတ်လူမျိုးဖြစ်စေ၊ မွန်ဂိုလူမျိုးဖြစ်စေ ကျန်းဝူကျိ၏ အမြင်တွင် ၎င်းတို့အားလုံးမှာ တရုတ်ပြည်သားများသာ ဖြစ်ကြသည်။ ဂျင်ဂစ်ခန်ပင်လျှင် လျိုပန်း၏ အနွယ်ဝင် သွေးပါနေသေးရာ ၎င်းတို့အားလုံးမှာ ညီအစ်ကိုများသာ ဖြစ်ကြသည်။

ထို့ကြောင့် သူ၏ စကားများသည် စိတ်ရင်းမှန်ဖြင့် ပြောဆိုခြင်းဖြစ်ကာ သူ အမှန်တကယ် ပြုလုပ်မည့် အရာများလည်း ဖြစ်သည်။ သူသည် မည်သည့်အခါမျှ ကတိဖျက်မည့်သူ မဟုတ်ပေ။

ဝမ်ပေါင်းပေါင်းသည် စိတ်အေးသွားကာ "သဘောတူတယ်" ဟု ဆိုလိုက်တော့သည်။

အခန်း (၁၄၅) အော့မေ့တပည့်တွေက ကျိုးကျစ်လော့ကို အနိုင်ကျင့်နေတာလား

ကိစ္စများ ပြေလည်သွားပြီးနောက်တွင် လေထုမှာ ချက်ချင်းပင် ပြန်လည်ကြည်လင်လာတော့သည်။ ကျောက်မိန်သည်လည်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူမ၏ အစ်ကိုဖြစ်သူက ကျန်းဝူကျိ၏ အစီအစဉ်ကို သဘောတူလိုက်ပြီဖြစ်ရာ ၎င်းတို့ကြားရှိ ပဋိပက္ခမှာ အခြေခံအားဖြင့် မရှိတော့ပေ။

ဝမ်ပေါင်းပေါင်းသည် ချက်ချင်းပင် ရပ်တည်ချက်တစ်ခုယူကာ ကျန်းဝူကျိကို မေးလိုက်သည်။ "ဒါဆို ငါ အခု ဘာလုပ်ရမလဲ။ ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက် ပထမခြေလှမ်းက ယွမ်နန်းတော်ကို ဖြုတ်ချဖို့ပဲ။ ငါ မင်းအတွက် အမှုထမ်းနိုင်ပေမဲ့ ယွမ်နန်းတော်ကို ဖျက်ဆီးတဲ့နေရာမှာတော့ မင်းကို မကူညီနိုင်ဘူး"

ကျန်းဝူကျိသည် သူ၏ဆန္ဒကို ကြိုတင်သိရှိထားပြီး ဖြစ်ရာ "သိပ်အများကြီး တွေးမနေပါနဲ့၊ ငါ မင်းကို ပြန်လွှတ်ပေးပါ့မယ်။ အဲ့ဒီအချိန်ကျရင် အနောက်ဘက်စစ်မျက်နှာကို ဦးဆောင်ပြီး နယ်စပ်ကို စောင့်ရှောက်ဖို့ ခွင့်တောင်းလိုက်ပါ။ ပြီးရင်တော့ အခွင့်အရေးရှာပြီး ချာဂါတိုင်းခန် နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး မင်းရဲ့ အခြေစိုက်စခန်း လုပ်လိုက်ပေါ့။ ငါတို့ရဲ့ တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါကျရင်တော့ အားလုံးကို တစ်ပေါင်းတည်း ပေါင်းစည်းကြတာပေါ့။ ဒီနည်းလမ်းဆိုရင် မင်းအတွက်လည်း စိတ်မသက်မသာ မဖြစ်ရသလို လုပ်စရာမရှိဘဲလည်း ဖြစ်မနေတော့ဘူးလေ" ဟု ဆိုသည်။

"ကောင်းလိုက်တာ"

ဝမ်ပေါင်းပေါင်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ကျန်းဝူကျိ၏ စီစဉ်မှုကို ကန့်ကွက်စရာမရှိပေ။ ချာဂါတိုင်းခန် နိုင်ငံသည် ယခင် မွန်ဂိုအင်ပါယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး ယခုအခါ ယွမ်မင်းဆက်ထံ လက်ဆောင်ပဏ္ဍာများ ဆက်သနေရသော်လည်း အမှန်စင်စစ်တွင်မူ အမိန့်ကို မနာခံကြချေ။ ဤသည်မှာ ယခင်က အင်ပါယာပြိုကွဲသောကြောင့် ကျန်ရှိနေခဲ့သော ပြဿနာများ ဖြစ်သည်။ ဝမ်ပေါင်းပေါင်းသည် ချာဂါတိုင်းခန် နိုင်ငံအပေါ် မည်သည့် စာနာစိတ်မျှ မရှိပေ။

အရေးအကြီးဆုံးအချက်မှာ ချာဂါတိုင်းခန် နိုင်ငံသည် အရှေ့နှင့် အနောက်ဟူ၍ နှစ်ခြမ်းကွဲနေပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေခြင်းပင် ဖြစ်သည်။ ထိုနိုင်ငံမှာ ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ စစ်တပ်ဦးဆောင်ကာ ထိုနိုင်ငံကို သိမ်းပိုက်ရန်မှာ အခက်အခဲ မရှိနိုင်ပေ။

ကျန်းဝူကျိ၏ စီစဉ်မှုအရ ထိုချာဂါတိုင်းခန်နိုင်ငံမှာ ယခင်က ဟန်လူမျိုးများ အုပ်ချုပ်ခဲ့သော အနောက်ဘက်ဒေသအတွင်း ရှိနေခြင်းဖြစ်ရာ ကျန်းဝူကျိအနေဖြင့် ထိုမြေကို ပြန်လည်သိမ်းပိုက်လိုခြင်းမှာ သဘာဝကျလှသည်။

တစ်ချိန်တည်းမှာပင် ကျန်းဝူကျိက သူ့ကို ပြန်လွှတ်ပေးလိုက်ခြင်းမှာ သူ့အပေါ် အလွန်ပင် ယုံကြည်ကြောင်း ပြသနေခြင်း ဖြစ်သည်။ ဝမ်ပေါင်းပေါင်းသည် ဤအချက်ကိုလည်း အနည်းငယ် လေးစားမိသွားသည်။ ဤကဲ့သို့သော သတ္တိနှင့် အမြော်အမြင်မှာ အမှန်တကယ်ပင် ချီးကျူးစရာ ကောင်းလှချေသည်။

ကျောက်မိန်က ပြုံးကာ မေးလိုက်သည်။ "ဝူကျိ၊ ရှင်က ကျွန်မအစ်ကိုကို ပြန်လွှတ်ပေးလိုက်ရင် သူ ရှင့်ကို သစ္စာဖောက်မှာ မကြောက်ဘူးလား"

ဝမ်ပေါင်းပေါင်းသည်လည်း ကျန်းဝူကျိ မည်သို့ပြန်ဖြေမည်နည်းဟု စိတ်ဝင်တစား ကြည့်နေမိသည်။ ကျန်းဝူကျိကမူ တည်ငြိမ်သော မျက်နှာပေးဖြင့် ပြုံးလိုက်ပြီး "ဟင့်အင်း၊ ငါမကြောက်ပါဘူး။ ဘုရင်တွေ၊ စစ်သူကြီးတွေနဲ့ မှူးမတ်တွေဆိုတာ ငါ့မျက်စိထဲမှာတော့ သာမန်လူတွေပါပဲ။ အကယ်၍ သူသာ ငါ့ကို သစ္စာဖောက်မယ်ဆိုရင် သူ့ကိုသတ်ဖို့ဆိုတာ ငါ့လက်ကို လှန်လိုက်သလိုကို လွယ်ကူပါတယ်။ ငါ ဘာကို ကြောက်နေရမှာလဲ။ ရုယန်မင်းသားရဲ့ စံအိမ်တော်မှာပဲဖြစ်ဖြစ်၊ ယွမ်နန်းတွင်းမှာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ထူးချွန်တဲ့ ပညာရှင်တွေရှိပါစေ၊ ဘယ်သူက ငါ့ရဲ့ လက်ဝါးတစ်ချက်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာလဲ" ဟု ဆိုသည်။

ဤစကားများကို ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော်လည်း ဝမ်ပေါင်းပေါင်းမှာမူ ကြက်သီးမွေးညင်းပင် ထသွားရသည်။ အမှန်စင်စစ် ကိစ္စမှာ ထိုသို့ပင် ဖြစ်သည်။ သာမန်ပညာရှင်များသည် စစ်တပ်ကြီးတစ်ခုကို မယှဉ်နိုင်သော်လည်း ကျန်းဝူကျိကဲ့သို့သော အထွတ်အထိပ် ပညာရှင်တစ်ဦးအဖို့မူ စစ်တပ်ကို မယှဉ်နိုင်လျှင်ပင် အရာရှိကြီးများကို လုပ်ကြံရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။

ဝမ်ပေါင်းပေါင်းသည် စိတ်အေးသွားကာ ပြုံးလိုက်ပြီး "ကိစ္စတစ်ခုဆိုတာ စကားနဲ့ မဟုတ်ဘဲ လုပ်ရပ်နဲ့ပဲ သက်သေပြရမှာပါ။ ငါ ဘာလုပ်မလဲဆိုတာကိုပဲ စောင့်ကြည့်နေလိုက်ပါ။ ငါတို့ရဲ့ အစီအစဉ်က မွန်ဂိုပြည်သူတွေရဲ့ အနာဂတ်အတွက်ပဲလေ၊ ငါ မင်းကို သစ္စာဖောက်စရာ အကြောင်းမရှိပါဘူး" ဟု ဆိုသည်။

"အဲ့ဒါဆိုရင်တော့ အကောင်းဆုံးပေါ့"

ကျန်းဝူကျိသည် ဘာမှစိုးရိမ်မနေပေ။ အမှန်စင်စစ် ယွမ်နန်းတွင်းကို ဖြုတ်ချရန်မှာ ကိစ္စတစ်ခုသာဖြစ်ပြီး အလွန်အမင်း အားစိုက်ထုတ်နေရမည့် ကိစ္စမဟုတ်ပေ။ ယခုအချိန်တွင် ယွမ်မင်းဆက်မှာ ခြေထောက်နှင့် ကန်လိုက်ရုံဖြင့် ပြိုကျတော့မည့် အိုမင်းဟောင်းနွမ်းနေသော အိမ်အိုကြီးတစ်လုံးနှင့် တူနေချေပြီ။ ၎င်းမှာ မြေကြီးထဲသို့ တစ်ဝက်ခန့် နစ်ဝင်နေပြီဖြစ်ရာ အနှေးနှင့်အမြန် ပျက်စီးသွားမည်သာ ဖြစ်သည်။

ထို့ကြောင့် ကျန်းဝူကျိနှင့် အခြားသူများသည် ဝမ်ပေါင်းပေါင်းနှင့် ဟန်ကျီတို့ကို ချက်ချင်းပင် ပြန်လွှတ်ပေးလိုက်ကြသည်။ ၎င်းတို့သည် မြင်းစီးကာ ပြန်သွားကြရာ ကျန်းဝူကျိတို့မှာ ကတိတည်သူများဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

ကျောက်မိန်မှာမူ မခွဲနိုင်မခွာရက်ဖြစ်သဖြင့် ကျန်ရစ်ခဲ့သည်။ သူမက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။ "ရှင်က ဘာလို့ ဟန်ကျီကိုပါ ပြန်လွှတ်ပေးလိုက်တာလဲ။ အဲ့ဒီမြေခွေးမက ကျွန်မအဖေကို ကာမဂုဏ်တွေထဲမှာ နစ်မွန်းအောင်လုပ်ပြီး တိုင်းပြည်အရေးတွေကို လျစ်လျူရှုအောင် လုပ်နေတာ။ ကျွန်မအမေက သူမကို တကယ်မုန်းတာ"

ကျန်းဝူကျိသည် သူမကို ကြင်နာစွာ ပွေ့ဖက်လိုက်ပြီး "ဒါက ငါ့ယောက်ဖကြီးကို ကူညီပေးတာပေါ့။ နောက်ပြီး ရုယန်မင်းသားက ကာမဂုဏ်တွေထဲမှာ နစ်မွန်းနေမှ ပြဿနာတွေ နည်းသွားမှာလေ" ဟု ပြုံးကာ ဆိုလိုက်သည်။

ကျောက်မိန်က နှုတ်ခမ်းစူလိုက်ပြီးနောက် ကျန်းဝူကျိ၏ လည်ပင်းကို ဖက်ကာ "ဝူကျိ၊ ရှင့်ရဲ့ အကြံအစည်က တကယ်ပဲ အကောင်အထည် ပေါ်လာနိုင်မယ်လို့ ထင်လား" ဟု မေးသည်။

"ပေါ်လာမှာပေါ့၊ အဲ့ဒီအချိန်ကျရင် မင်းက ငါ့ရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာမှာလေ၊ ဒါကို မင်းဘယ်လိုထင်လဲ"

ကျန်းဝူကျိသည် ကျောက်မိန်၏ သေးကျင်သော ခါးလေးကို ဖက်လိုက်သည်။ သူမ၏ ချစ်စဖွယ်ကောင်းပြီး ရှက်သွေးဖြန်းနေသော ပုံစံလေးကို မြင်သောအခါ သူသည် မနေနိုင်ဘဲ သူမကို နမ်းရှိုက်လိုက်တော့သည်။

"အင်း"

ကျောက်မိန်သည် ကျန်းဝူကျိ၏ အနမ်းကြောင့် အလွန်ပင် ရှက်သွားရသော်လည်း သူမ၏ ပွင့်လင်းသော စိတ်နေစိတ်ထားကြောင့်လည်းကောင်း၊ ကျန်းဝူကျိက သူမကို ဤသို့ ပြုမူသည်မှာ ပထမဆုံးအကြိမ် မဟုတ်ခြင်းကြောင့်လည်းကောင်း သူမသည် တဖြည်းဖြည်းနှင့် အခြေအနေကို ထိန်းကျောင်းလာနိုင်တော့သည်။

"သခင်လေး... လင်းနို့ဘုရင် ဝေက ပြောတာက... အို... တောင်းပန်ပါတယ် သခင်လေး"

ထိုအချိန်တွင် ရှောင်ကျောက်သည် တစ်ခုခုပြောရန် အပြေးအလွှား ရောက်လာသော်လည်း ကျန်းဝူကျိနှင့် ကျောက်မိန်တို့ ပွေ့ဖက်နမ်းရှိုက်နေကြသည်ကို မြင်သောအခါ အော်ဟစ်မိသွားပြီး ချက်ချင်းပင် ခေါင်းငုံ့ကာ တောင်းပန်လိုက်တော့သည်။

စိတ်လှုပ်ရှားနေသော ကျောက်မိန်မှာလည်း ရှောင်ကျောက်၏ အသံကြောင့် လန့်သွားပြီး ကျန်းဝူကျိ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းနေပြီး ဖြူဝင်းသော လည်ပင်းလေးမှာပင် ရှက်သွေးဖြန်းကာ ပန်းရောင်သန်းနေတော့သည်။

ကျန်းဝူကျိကမူ ဘာမှမဖြစ်သကဲ့သို့ "ဘာကိစ္စလဲ ရှောင်ကျောက်၊ လင်းနို့ဘုရင်ဝေက ဘာပြောလိုက်လို့လဲ" ဟု မေးလိုက်သည်။

သခင်လေး စိတ်မဆိုးသည်ကို မြင်မှသာ ရှောင်ကျောက်သည် စိတ်သက်သာရာ ရသွားပြီး "လင်းနို့ဘုရင် ဝေက လမ်းမှာ အော့မေ့ဂိုဏ်းက တပည့်တွေကို တွေ့ခဲ့တယ်တဲ့၊ သူတို့က မိန်းကလေးကျိုးကို အခက်တွေ့အောင် လုပ်နေပုံရတယ်လို့ ပြောပါတယ်။ သူက ကြားဝင်ဖို့ အဆင်မပြေတာနဲ့ ဂိုဏ်းချုပ်ကို လာပြီး သတင်းပို့ခိုင်းလိုက်တာပါ" ဟု ဆိုသည်။

"မိန်းကလေးကျိုးကို အခက်တွေ့အောင် လုပ်နေတာလား"

ကျန်းဝူကျိသည် မျက်မှောင်ကြုတ်သွားသည်။ သီလရှင်အိုကြီး မြဲ့ကြွယ်က မသေသေးဘဲ ဘယ်သူက ကျိုးကျစ်လော့ကို အနိုင်ကျင့်ရဲမှာလဲ။ ဒီအော့မေ့တပည့်တွေက ဘာဖြစ်နေကြတာလဲ။ သီလရှင် မြဲ့ကြွယ်က သူတို့ကို အပြစ်ပေးမှာကို မကြောက်ကြဘူးလားဟု သူ တွေးနေမိသည်။

မနေ့က တစ်နေ့က ဂိုဏ်းအသီးသီးမှ လူများ ထွက်ခွာသွားစဉ်တွင် သီလရှင် မြဲ့ကြွယ်နှင့် ကျိုးကျစ်လော့တို့သည် သူ့ထံသို့လာကာ စကားအနည်းငယ် ပြောခဲ့ကြသည်။ ပထမအချက်မှာ သူနှင့် ကျိုးကျစ်လော့တို့၏ ပတ်သက်မှုအကြောင်းဖြစ်ပြီး သင့်တင့်လျောက်ပတ်စွာ နေထိုင်ကြရန် ပြောဆိုခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အော့မေ့ဂိုဏ်း၏ အမွေအနှစ်ဖြစ်သော တိမ်လွှာဓားကို ပြန်လည်ရယူလိုခြင်း ဖြစ်သည်။

သို့သော် ကျန်းဝူကျိသည် သီလရှင် မြဲ့ကြွယ်၏ အချက်နှစ်ခုစလုံးကို ငြင်းပယ်လိုက်သဖြင့် သီလရှင်ကြီးမှာ အလွန်ပင် ဒေါသထွက်သွားခဲ့သည်။

အရိုးရှင်းဆုံး ပြောရလျှင် ကျန်းဝူကျိသည် သီလရှင် မြဲ့ကြွယ်၏ တောင်းဆိုချက်များကို လုံးဝ လက်မခံခဲ့ပေ။ ပထမအချက်မှာ သူနှင့် ကျိုးကျစ်လော့တို့သည် အလွန်ပင် ချစ်မြတ်နိုးကြသဖြင့် ခွဲခွာ၍ မရနိုင်ခြင်း ဖြစ်သည်။

" ဤသည်မှာ.....သီလရှင်အိုကြီးမှာ အရည်အချင်းရှိရင် ငါ့ကိုသတ်လိုက်လေ၊ ဒါပေမဲ့ မင်းမှာ အဲ့ဒီအရည်အချင်း မရှိဘူးဆိုတာ ငါသိပါတယ်" ဟူသော သဘောပင် ဖြစ်သည်။

သီလရှင် မြဲ့ကြွယ်မှာ ဒေါသကြောင့် သွေးတိုးသွားရသော်လည်း သူမတွင် ကျန်းဝူကျိကို ယှဉ်နိုင်သော အရည်အချင်း မရှိသဖြင့် ဘာမှမတတ်နိုင်ပေ။ ကွမ်မင်တောင်ထိပ်တွင် သူမ၏ အော့မေ့ ကိုးပါးနေဝန်း ကျင့်စဉ်၏ အတွင်းအား တစ်ဝက်ခန့်မှာ ကျန်းဝူကျိ၏ စုပ်ယူခြင်း ခံခဲ့ရကတည်းက သူမ၏ သိုင်းပညာမှာ အခြားဂိုဏ်းကြီးများမှ ပညာရှင်များထက်ပင် နိမ့်ကျသွားခဲ့သည်။ သူမသည် ကျန်းဝူကျိ၏ ရှေ့တွင် အရိုက်ခံရရုံမှတစ်ပါး အခြားမရှိပေ။

သို့သော် သီလရှင် မြဲ့ကြွယ်မှာ မာနကြီးသူ ဖြစ်သည်။ "ငါ မင်းကို မနိုင်ပေမဲ့ မင်းကိုတော့ အရှုံးမပေးဘူး။ ငါ့ကို ခေါင်းငုံ့ခိုင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ မင်း အရည်အချင်းရှိရင် ငါ့ကို သတ်လိုက်။ ဘာပဲဖြစ်ဖြစ် ငါ့ကိုသတ်ပြီးရင်တော့ မင်းနဲ့ ကျစ်လော့တို့ ဘယ်တော့မှ အတူတူမနေရတော့ဘူး" ဟု တွေးထားသည်။

ထိုအချိန်တွင် ဖန့်ယောင် ရောက်လာပြီး ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့ အတူတူရှိနေခြင်းကို သီလရှင် မြဲ့ကြွယ်အနေဖြင့် မတားဆီးရန် ယခင်က ပြောဆိုခဲ့ဖူးသည်များကို ပြန်လည်သတိပေးလိုက်ရာ သီလရှင် မြဲ့ကြွယ်မှာ ငြိမ်ကျသွားရတော့သည်။ သီလရှင်အိုကြီးသည် သူမ၏ ဂုဏ်သိက္ခာကို တန်ဖိုးထားသူဖြစ်ရာ ပြောပြီးသားစကားကို ပြန်မရုပ်သိမ်းချင်သဖြင့် အကျပ်ရိုက်သွားရသည်။

ကျန်းဝူကျိသည် ကျိုးကျစ်လော့၏ မျက်နှာကို ထောက်ထားကာ သီလရှင် မြဲ့ကြွယ်အတွက် လမ်းစတစ်ခု ပေးလိုက်သည်။ သူသည် နောင်တစ်ချိန်တွင် ယွမ်နန်းတွင်းကို ဖြုတ်ချကာ ပြည်သူများအတွက် ဧကရာဇ်အဖြစ် ဆောင်ရွက်မည်ဖြစ်ရာ ဤသည်မှာ တရားမျှတသော ကိစ္စပင် ဖြစ်သည်။

ထိုအချိန်တွင် ကျိုးကျစ်လော့သည် သူ၏ ဇနီးမယား ဖြစ်လာမည်ဖြစ်ရာ အော့မေ့ဂိုဏ်း၏ စည်းကမ်းဖြစ်သော ဂိုဏ်းချုပ်သည် ဖောက်ပြန်ကျူးလွန်ခြင်း မရှိရဟူသော အချက်နှင့်လည်း မငြိစွန်းတော့ပေ။ အကြောင်းမှာ သူသည် ယုတ်မာသူမဟုတ်သလို တရားဝင် လက်ထပ်ခြင်းမှာလည်း ဖောက်ပြန်ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။

ထိုသို့ လမ်းစပေးလိုက်မှသာ သီလရှင် မြဲ့ကြွယ်၏ မျက်နှာမှာ ပြန်လည်ကြည်လင်လာတော့သည်။ အမှန်စင်စစ် သူမတွင် အခြားရွေးချယ်စရာ မရှိပေ။ ပြောပြီးသား စကားများအတွက် သူမ မည်သို့လုပ်နိုင်မည်နည်း။ ထို့အပြင် ကျန်းဝူကျိသည် ယခုအခါ သိုင်းလောက၏ ခေါင်းဆောင်ကြီး ဖြစ်နေပြီဖြစ်ရာ သူမအနေဖြင့်လည်း သူ့ကို နာခံရန် တာဝန်ရှိနေသည်။

ထို့ကြောင့် သီလရှင် မြဲ့ကြွယ်သည် စည်းကမ်းတစ်ခု ချမှတ်လိုက်သည်။ ကျန်းဝူကျိသည် မည်သည့်အခါမျှ သစ္စာမဲ့သူ မဖြစ်စေရဟူ၍ ဖြစ်သည်။ သူမသည် အော့မေ့ဂိုဏ်းချုပ် ရာထူးကို ကျိုးကျစ်လော့ထံ လွှဲပြောင်းပေးမည်ဖြစ်ကာ ထိုအချိန်တွင် ကျန်းဝူကျိသည် ကျိုးကျစ်လော့ကို တရားဝင် လက်ထပ်ရမည်ဖြစ်ပြီး အော့မေ့ဂိုဏ်း၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရပေ။ ကျန်းဝူကျိသည် ဤတောင်းဆိုချက်ကို ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်သည်။

ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်စလုံး ကျေနပ်သွားကြသည်။ အမှန်စင်စစ် သီလရှင် မြဲ့ကြွယ်အတွက်မူ ဤသည်မှာ လက်မခံနိုင်စရာ မဟုတ်ပေ။ စည်းကမ်းဆိုသည်မှာ သေနေသော်လည်း လူမှာ ရှင်နေသည် မဟုတ်ပါလား။ ကွမ်မင်တောင်ထိပ်ကို ဝိုင်းရံစဉ်ကပင် သူမသည် မည်သူမဆို အကျိုးပြုနိုင်ပါက ကျားမ မရွေး၊ အဆင့်အတန်းမရွေး ဂိုဏ်းအမွေကို ဆက်ခံနိုင်သည်ဟု စည်းကမ်းများကို ဘေးဖယ်ကာ ပြောဆိုခဲ့ဖူးသည်။ ယခု ကျန်းဝူကျိသည် သိုင်းလောက၏ ခေါင်းဆောင်ကြီးဖြစ်သလို တော်လှန်ရေးတပ်၏ ခေါင်းဆောင်ကြီးလည်း ဖြစ်ရာ စည်းကမ်းကို အနည်းငယ် ဖောက်ဖျက်ခြင်းမှာ ပြဿနာ မဟုတ်ပေ။

ပထမအချက် ပြီးဆုံးသွားသောအခါ ဒုတိယအချက်သို့ ရောက်ရှိလာသည်။ ၎င်းမှာ တိမ်လွှာဓားကို ပြန်လည်ရယူရန် ဖြစ်သည်။ ကျန်းဝူကျိကမူ ဤသည်မှာ မဖြစ်နိုင်ကြောင်း ဆိုသည်။ သူသည် တိမ်လွှာဓားမှာ အော့မေ့ဂိုဏ်း၏ အမွေအနှစ်ဖြစ်သည်မှာ မှန်သော်လည်း လက်ရှိတွင် သူ အသုံးလိုနေကြောင်း တိုက်ရိုက်ပင် ပြောလိုက်သည်။ သူသည် သိုင်းလောက ခေါင်းဆောင်ကြီးအနေဖြင့် ဤဓားကို ခေတ္တထိန်းသိမ်းထားမည်ဖြစ်ကာ သူ တိုင်းပြည်ကို စည်းလုံးစေပြီး လက်ထပ်ပြီးသည့် အခါမှသာ ကျိုးကျစ်လော့ထံ ပြန်လည်ပေးအပ်မည် ဖြစ်သည်။

သီလရှင် မြဲ့ကြွယ်မှာ မှင်တက်သွားရသည်။ သူမသည် ဓားကို ဂရုမစိုက်သော်လည်း ၎င်းအတွင်းရှိ လျှို့ဝှက်ချက်မှာ အလွန်ပင် အရေးကြီးသည်။ သူမသည် ကျန်းဝူကျိကို မည်သို့ပေးနိုင်မည်နည်း။ ဤကိစ္စနှင့် ပတ်သက်၍လည်း ကျန်းဝူကျိက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

ကျန်းဝူကျိက သူသည် တိမ်လွှာဓားနှင့် နဂါးနိုင်ဓားတို့၏ လျှို့ဝှက်ချက်ကို သိရှိထားကြောင်း ပြောလိုက်သည်။ ထိုအချိန်တွင် "ကိုးပါးယဥ်သိုင်းကျမ်း" မှ သိုင်းပညာများကို ကျိုးကျစ်လော့ထံ ပေးအပ်မည်ဖြစ်ကာ ၎င်းတို့ကို တိုင်းပြည်ပြန်လည်ထူထောင်ရေး စစ်ပွဲတွင် အသုံးပြုမည်ဖြစ်သဖြင့် သီလရှင် မြဲ့ကြွယ်အနေဖြင့် စိတ်အေးလက်အေး နေနိုင်ကြောင်း ဆိုလေသည်။

ဤကဲ့သို့သော ကတိကို ရရှိပြီးနောက်တွင် သီလရှင် မြဲ့ကြွယ်မှာ ကျန်းဝူကျိကို မယှဉ်နိုင်မှန်း သိသဖြင့် သဘောတူလိုက်ရတော့သည်။ ဤသည်မှာ သီလရှင် မြဲ့ကြွယ်က စကားပြောရလွယ်ကူသောကြောင့် မဟုတ်ပေ။ ပထမအချက်မှာ ကျေးဇူးတရား၊ ဒုတိယအချက်မှာ တရားမျှတမှုနှင့် တတိယအချက်မှာ သူ၏ အဆင့်အတန်းတို့ကြောင့် ဖြစ်သည်။ ဤအချက်များမှာ သီလရှင် မြဲ့ကြွယ်၏ စိတ်နေစိတ်ထားကို အတိအကျ ထိမှန်သွားခြင်းပင် ဖြစ်သည်။

ဤကိစ္စများကို ဆွေးနွေးပြီးနောက် သီလရှင် မြဲ့ကြွယ်သည် ကျိုးကျစ်လော့နှင့်အတူ ထွက်ခွာသွားခဲ့သည်။ မူလက ကျိုးကျစ်လော့မှာ ကျန်ရစ်ခဲ့ချင်သော်လည်း သီလရှင် မြဲ့ကြွယ်က အော့မေ့ဂိုဏ်းတွင် ကျိုးကျစ်လော့ကိုယ်တိုင် လုပ်ဆောင်ရမည့် ကိစ္စများရှိသည်ဟု ဆိုသဖြင့် ကျိုးကျစ်လော့မှာ ဆရာဖြစ်သူနောက်သို့ လိုက်သွားခဲ့ရသည်။ မထွက်ခွာမီ သူမသည် ကျန်းဝူကျိကို နှုတ်ဆက်အနမ်း ပေးခဲ့သေးရာ သီလရှင် မြဲ့ကြွယ်မှာ မျက်လုံးများပင် ပြူးသွားရတော့သည်။

ကျန်းဝူကျိကမူ ဤသည်ကို အလေးအနက်မထားပေ။ သီလရှင် မြဲ့ကြွယ် အသက်ရှင်နေသရွေ့ ကျိုးကျစ်လော့မှာ အခြားပြဿနာ မရှိနိုင်ပေ။ သူမကို အရင်ပြန်ခိုင်းလိုက်ခြင်းမှာလည်း ကောင်းပါသည်။ အဝေးမှာရှိနေမှ ပို၍လွမ်းရမည် မဟုတ်ပါလား။ သီလရှင် မြဲ့ကြွယ်က သူမကို အမြဲတမ်း ဆူပူနေခြင်းကလည်း သူမကို သူ့အပေါ် ပို၍ချစ်လာအောင် လုပ်ပေးသကဲ့သို့ ဖြစ်နေပေလိမည်။ ဤသည်မှာ သူ၏ အကွက်ချစီစဉ်မှုပင် ဖြစ်သည်။

သို့သော် တစ်ရက်သာ ကြာပြီးနောက်တွင် ဝေယိရှောက်က အော့မေ့တပည့်များ ကျိုးကျစ်လော့ကို အနိုင်ကျင့်နေသည်ဟူသော သတင်းကို ပို့လာခြင်း ဖြစ်သည်။ သီလရှင်အိုကြီး မြဲ့ကြွယ်က ဘယ်ကို ရောက်သွားတာလဲ။ ကျန်းဝူကျိမှာ ဝေခွဲမရဖြစ်သွားပြီး ဝေယိရှောက်ကို ချက်ချင်းခေါ်ကာ “ဘာတွေဖြစ်နေသလဲ “ ဟု မေးလိုက်တော့သည်။

All Chapters