အခန်း (၁၄၆-၁၅၀)
Vol. 15 Ch. 146-150
အခန်း (၁၄၆) ကျိုးကျစ်လော့ ပစ်မှတ်ထားခံရခြင်း
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်" လင်းနို့ဘုရင် ဝေယိရှောက်သည် အခန်းထဲသို့ ဝင်လာပြီး ကျန်းဝူကျိကို အရိုအသေပေးလိုက်သည်။
"ဒီလောက်ထိ အားနာနေဖို့ မလိုပါဘူး..... ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို အသေအချာ ပြောပြပါဦး" ဟု ကျန်းဝူကျိသည် ဝေယိရှောက်ကို အရိုအသေမပေးရန် လက်ကာပြလိုက်ပြီးနောက် အကျိုးအကြောင်းကို မေးမြန်းလိုက်သည်။
ဝေယိရှောက်သည် မတ်တတ်ရပ်ကာ "ဒီလိုပါ ဂိုဏ်းချုပ်..... ကျွန်တော်နဲ့ ဘယ်လက်ရုံးသံတမန် ရန်ရှောင်တို့ဟာ ရေတပ်ဖွဲ့ဝင်တွေကို စုစည်းဖို့သွားရင်း လမ်းမှာ အော့မေ့ဂိုဏ်းက တပည့်တွေနဲ့ မိန်းကလေး ကျိုးကျစ်လော့တို့ စကားများနေကြတာကို တွေ့ခဲ့တာပါ။ ကြားရသလောက်တော့ ယာယီဂိုဏ်းချုပ် ခန့်အပ်တဲ့ကိစ္စနဲ့ ပတ်သက်နေပုံရပြီး သီလရှင် မြဲ့ကြွယ်ကတော့ အနားမှာ ရှိမနေပါဘူး။ ကျွန်တော်တို့ တိုင်ပင်ကြည့်တော့ မိန်းကလေးကျိုးနဲ့ ဂိုဏ်းချုပ်တို့ရဲ့ ပတ်သက်မှုက ထူးခြားနေတာမို့ လျစ်လျူရှုထားလို့ မရဘူးလို့ ထင်ပါတယ်။
ဒါပေမဲ့ အော့မေ့ဂိုဏ်းကိစ္စက ကျွန်တော်တို့နဲ့ မသက်ဆိုင်ပြန်တော့ ဝင်ရောက်စွက်ဖက်ဖို့ကလည်း အဆင်မပြေဘူးဖြစ်နေတာပါ။ ဒါနဲ့ပဲ ဘယ်လက်ရုံးသံတမန် ရန်ရှောင်ကို ရေတပ်ဖွဲ့ဝင်တွေဆီ ဆက်သွားခိုင်းပြီး ကျွန်တော်ကတော့ ဂိုဏ်းချုပ်ဆီကို သတင်းပို့ဖို့နဲ့ အမိန့်တောင်းခံဖို့ အမြန်ပြန်လာခဲ့တာပါ" ဟု လျှောက်တင်လေသည်။
"ယာယီဂိုဏ်းချုပ် ဟုတ်လား" ဟု ကျန်းဝူကျိသည် မျက်မှောင်ကြုတ်သွားပြီး "သီလရှင် မြဲ့ကြွယ်က အနားမှာ မရှိဘူးဆိုတော့ သူတို့ ဘာဖြစ်နေကြတာလဲလို့ မင်းမေးကြည့်ခဲ့သေးလား" ဟု ထပ်မံမေးမြန်းလိုက်သည်။
ဝေယိရှောက်က ခေါင်းခါယမ်းကာ "မမေးဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့က လမ်းကြုံလို့ တွေ့ခဲ့တာဖြစ်ပြီး အော့မေ့တပည့်တွေက ကျွန်တော်တို့ကို မမြင်သွားပါဘူး။ ခိုးကြည့်နေတုန်း သီလရှင် မြဲ့ကြွယ် မရှိတာကို သတိထားမိခဲ့တာပါ။ အဲ့ဒီကိစ္စဖြစ်နေတာ တစ်နာရီ နှစ်နာရီလောက်တော့ ရှိပါပြီ။ အခြေအနေကို စောင့်ကြည့်ဖို့ သံမဏိအလံတော် ခေါင်းဆောင် ကျွမ်းကျန်းကို ထားရစ်ခဲ့ပြီး ကျွန်တော်ကတော့ အချိန်မနှောင်းစေဖို့ အပြေးအလွှား ပြန်လာခဲ့တာပါ" ဟု ရှင်းပြသည်။
"ကောင်းပြီ ငါနားလည်ပြီ။ ဝေယိရှောက် မင်းလည်း ပင်ပန်းသွားပြီ" ဟု ကျန်းဝူကျိက ခေါင်းညိတ်လိုက်ပြီးနောက် "ငါ့ရဲ့ အဖိုးနဲ့ တခြားလူတွေကို သွားခေါ်လိုက်ပါ။ အော့မေ့ဂိုဏ်းက ဘာတွေလုပ်နေလဲဆိုတာ သွားကြည့်ကြရအောင်" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ" ဟု ဝေယိရှောက်သည် ခေါင်းညိတ်ကာ ယင်းထျန့်ကျိန်းနှင့် အခြားသူများကို သွားရောက်အကြောင်းကြားလေသည်။
လွန်ခဲ့သော နှစ်ရက်က မင်ဂိုဏ်းသားအများစု ထွက်ခွာသွားကြပြီဖြစ်ရာ ကျန်းဝူကျိ၏ အနားတွင် ယင်းထျန့်ကျိန်း၊ ရန်ပုဟွေ၊ ရှောင်ကျောက်နှင့် လူအနည်းငယ်သာ ကျန်ရှိတော့သည်။ ရန်ရှောင်နှင့် တချို့မှာမူ ရေတပ်ဖွဲ့ဝင်များကို သွားရောက်စုစည်းနေကြဆဲ ဖြစ်သည်။
ကျောက်မိန်သည် နှာခေါင်းရှုံ့လိုက်ပြီး အနည်းငယ် မနာလိုသကဲ့သို့ ပြုံးကာ "မိန်းကလေးကျိုးကျမှပဲ လူတွေက ဒီလောက်ထိ ဂရုစိုက်ပေးကြတာပါလား။ ရှောင်ကျောက်ရေ တို့တွေသာ တစ်ခုခုဖြစ်ရင် တစ်ယောက်ယောက်က ဒီလောက်ထိ စိုးရိမ်ပါ့မလားတောင် မသိဘူး" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှောင်ကျောက်သည် ဘာမှမပြောဘဲ အပြစ်ကင်းစင်သော အပြုံးလေးဖြင့်သာ တုံ့ပြန်လေသည်။ သူမသည် မိမိ၏ အခြေအနေကို ကောင်းစွာ သိရှိထားသည်။ သခင်လေး၏ အနားတွင် တစ်သက်လုံး အနီးကပ် နေထိုင်ခွင့်ရလျှင်ပင် သူမအတွက် အကြီးမားဆုံးသော ပျော်ရွှင်မှုဖြစ်ရာ အခြားအရာများကို ယှဉ်ပြိုင်လိုစိတ် မရှိပေ။ ထို့ကြောင့်လည်း ကျောက်မိန်နှင့် ကျိုးကျစ်လော့တို့သည် ရှောင်ကျောက်အပေါ် ရန်ငြိုးမထားဘဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံကြခြင်း ဖြစ်သည်။
ကျန်းဝူကျိက ရယ်မောလိုက်ပြီး "မင်းက မနာလိုဖြစ်နေတာလား။ ငါ့ဆီက သင်ခန်းစာ ကောင်းကောင်းလေး တစ်ခုတော့ လိုနေပြီ ထင်တယ်" ဟု ပြောရင်း ကျောက်မိန်၏ အားနည်းချက်များကို လက်ဖြင့် ထိုးဆွကာ စနောက်လိုက်ရာ ကျောက်မိန်မှာ ရယ်မောသံများဖြင့် ပြည့်နှက်သွားရတော့သည်။
ခဏအကြာတွင် ယင်းထျန်းကျန့်နှင့် အခြားသူများ ရောက်ရှိလာကြသည်။ ထို့နောက် လူစုသည် ဝေယိရှောက်၏ နောက်သို့လိုက်ကာ အော့မေ့တပည့်များ ရှိရာသို့ ထွက်ခွာလာခဲ့ကြသည်။
ရောက်ရှိသွားသောအခါ ပြိုပျက်လုနီးပါး ဖြစ်နေသော တံတိုင်းအိုတစ်ခုကို တွေ့ရပြီး ထိုနေရာမှ အမျိုးသမီးများ အငြင်းပွားနေသည့် အသံများကို ကြားလိုက်ရသည်။ အော့မေ့တပည့်များ၏ အသံဖြစ်ကြောင်း အားလုံးက ချက်ချင်းပင် သိရှိလိုက်ကြသည်။ ဟောင်းနွမ်းနေသော ဇရပ်အိုအတွင်း၌ အော့မေ့တပည့်များသည် အမှန်တကယ်ပင် အချေအတင် ဖြစ်နေကြချေသည်။
အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ "ဆရာက နင့်ကို ယာယီဂိုဏ်းချုပ်ရာထူး ပေးခဲ့တာဟာ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပဲ။ နင်က တို့ဂိုဏ်းမှာ အငယ်ဆုံး တပည့်တစ်ယောက်လေ။ ဝါစဉ်အရဖြစ်စေ သိုင်းပညာအရဖြစ်စေ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအရဖြစ်စေ ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ဖို့ နင့်မှာ ဘာအရည်အချင်းမှ မရှိဘူး" ဟု ဆိုနေသည်။
ထိုအသံမှာ ထန်မိန်ကျွင်း၏ အသံဖြစ်ကြောင်း ကျန်းဝူကျိက ချက်ချင်း သိလိုက်သည်။ ဤမိန်းမသည် သေရွာပြန် ကင်းခြေများကဲ့သို့ပင် အင်အားမကုန်သေးချေ။ အစောပိုင်းက မီးခိုးများကြောင့် သူမမှန်း မသိခဲ့သဖြင့်သာ အသက်ချမ်းသာ ရခဲ့ခြင်းဖြစ်ပြီး သိခဲ့ပါက မျှော်စင်ပေါ်မှ ပြုတ်ကျသေစေခဲ့မည်မှာ အမှန်ပင် ဖြစ်သည်။
ကျိုးကျစ်လော့သည် တည်ငြိမ်စွာဖြင့် "ဆရာက ဒဏ်ရာတွေ မသက်သာသေးလို့ အော့မေ့တောင်ကို အရင်ပြန်ပြီး တရားကျင့်နေတာပါ။ မထွက်ခွာခင်မှာ ဆရာက ယာယီဂိုဏ်းချုပ်ရာထူးကို ကျွန်မဆီ တရားဝင် လွှဲပေးခဲ့တာကို စီနီယာအစ်မကြီး ထန်မိန်ကျွင်း မကြားလိုက်ဘူးလား" ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည်။
စီနီယာအစ်မဖြစ်သူ ကျင့်ရွှမ်းကမူ အမူအရာ တည်ငြိမ်စွာဖြင့် လက်အုပ်ချီကာ "ဆရာက ဒီလိုလုပ်တာဟာ နက်နဲတဲ့ အဓိပ္ပာယ် ရှိလို့နေမှာပါ။ တပည့်တွေအနေနဲ့ ဆရာ့ဆန္ဒကို မလွန်ဆန်သင့်ဘူးလို့ ထင်ပါတယ်။ ညီမလေးကျိုးက ဂိုဏ်းချုပ်ရာထူးကို ယာယီဆက်ခံတာကို ကျွန်မ သဘောတူပါတယ်" ဟု ဆိုသည်။
ထန်မိန်ကျွင်းက လှောင်ပြုံးပြုံးကာ "ဘာနက်နဲတဲ့ အဓိပ္ပာယ်လဲ..... ပြောရတာတော့ လွယ်တာပေါ့။ ဆရာက ညီမလေးကျိုးကို အမြဲတမ်း မျက်နှာသာပေးခဲ့တာ ငါတို့အားလုံး သိကြတာပဲ။ သာမန်အချိန်ဆိုရင် ထားပါတော့။ အခုဟာက တစ်ဂိုဏ်းလုံးနဲ့ ဆိုင်တဲ့ကိစ္စလေ။ အတွေ့အကြုံလည်းမရှိ ဝါစဉ်လည်း နုသေးတဲ့ ညီမလေးကျိုးကို ဂိုဏ်းချုပ်ခန့်တာဟာ အော့မေ့ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာနဲ့ တူတူပဲ။ ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ" ဟု ဆိုလေသည်။
အမှန်စင်စစ် ထန်မိန်ကျွင်းသည် သီလရှင် မြဲ့ကြွယ်က တရားကျင့်နေရသဖြင့် အချိန်အကြာကြီး ထွက်လာနိုင်မည်မဟုတ်သည်ကို အခွင့်ကောင်းယူရန် ကြိုးစားနေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ခေါင်းဆောင်မရှိသည့် အချိန်တွင် ကျိုးကျစ်လော့သည် လူအများ၏ လေးစားမှုကို မရနိုင်သေးချေ။ အကယ်၍ ကျိုးကျစ်လော့ကို အကျပ်ကိုင်ကာ ရာထူးလွှဲပြောင်းခိုင်းနိုင်ပါက သီလရှင် မြဲ့ကြွယ် တရားကျင့်ရာမှ ထွက်လာလျှင်ပင် ဘာမှပြောနိုင်တော့မည် မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ကျိုးကျစ်လော့၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး "စီနီယာအစ်မကြီး ထန်မိန်ကျွင်း ...... ကျွန်မကိစ္စကို သဘောမတူတာက ထားပါတော့ ဆရာ့ကိုတော့ ဒီလိုမပြောသင့်ဘူး မဟုတ်လား" ဟု ဆိုလိုက်သည်။
အခြားသော တပည့်များကလည်း ထန်မိန်ကျွင်းသည် ဆရာဖြစ်သူအပေါ် စကားလွန်နေသည်ဟု ခံစားမိကြသည်။ မည်သို့ပင်ဆိုစေကာမူ တပည့်တစ်ယောက်အနေဖြင့် ဆရာ့ကို ကွယ်ရာတွင် အတင်းမပြောသင့်ပေ။ သို့သော် မည်သူမျှ ဝင်မပြောကြချေ။ အကြောင်းမှာ ထန်မိန်ကျွင်း၏ အပြောအဆိုမှာ မသင့်တော်သော်လည်း သူမပြောသော အချက်များမှာ အမှန်တရားဖြစ်နေသောကြောင့် ဖြစ်သည်။
ကျိုးကျစ်လော့သည် ၎င်းတို့ကို တစ်ခါမျှ မစော်ကားဖူးသော်လည်း သီလရှင် မြဲ့ကြွယ်က ကျိုးကျစ်လော့ကို သမီးအရင်းကဲ့သို့ အဖက်ဖက်မှ မျက်နှာသာပေးနေသည်ကို ၎င်းတို့အနေဖြင့် ကြာရှည်စွာ သည်းမခံနိုင်ခဲ့ကြချေ။ အမှန်တကယ်ပင် ၎င်းတို့၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသည်မှာ ကြာပြီဖြစ်သည်။
ထန်မိန်ကျွင်းက ထပ်မံ၍ "ငါ့ကို အပြစ်မပုံချနဲ့......ငါပြောတာတွေဟာ ဒီက ညီမတွေအားလုံးရဲ့ ရင်ထဲက စကားတွေပဲ။ ငါပြောတာကို ဘယ်သူကများ ငြင်းမလဲ ကြည့်လိုက်စမ်းပါဦး။ နင်နဲ့ မိစ္ဆာဂိုဏ်းက ကျန်းဝူကျိတို့ ပတ်သက်နေတာကို ငါတို့တွေမသိဘူး ထင်နေလား။ နင်သာ ဂိုဏ်းချုပ်လုပ်နေရင် နောက်နှစ်နှစ်လောက်နေရင် အော့မေ့ဂိုဏ်းဟာ မင်ဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်သွားမှာပေါ့" ဟု ကုန်းတိုက်လေသည်။
ကျန်းဝူကျိ၏ အနားတွင် ရှိနေသော လူများသည် ထိုစကားကို ကြားသောအခါ အလွန်ပင် ဒေါသထွက်သွားကြသည်။ သို့သော် ကျောက်မိန်ကမူ သူမ၏ လက်ကလေးဖြင့် ကျန်းဝူကျိ၏ မျက်နှာကို နှစ်ချက်ခန့် ဖွဖွလေးဆွဲကာ မသိမသာ ပြုံးနေမိသည်။
ကျိုးကျစ်လော့သည် မျက်နှာပျက်သွားပြီး "စီနီယာအစ်မကြီး ထန်မိန်ကျွင်း...... ဂိုဏ်းချုပ်ကျန်းက ကျွန်မတို့ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ ရှင်က သူ့ကို ဘာလို့ ဒီလိုပြောရတာလဲ" ဟု ဆိုသည်။
ထန်မိန်ကျွင်းကမူ ကျန်းဝူကျိသည် ဤနေရာတွင် မရှိသဖြင့် မကြောက်မရွံ့ဘဲ "ကျန်းဝူကျိနဲ့ နင့်ရဲ့ ပတ်သက်မှုကို ဘယ်သူက မသိဘဲ နေမှာလဲ။ အဲ့ဒီ တဏှာရမ္မက်ကြီးတဲ့ မိစ္ဆာခေါင်းဆောင်က ဘာစေတနာ ကောင်းတွေ ရှိမှာလဲ။ နင်ကိုယ်တိုင်ကပဲ သူ့ဆီကို အရှက်မရှိ တိုးဝင်သွားပြီး ငါတို့အော့မေ့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ခဲ့တာပဲ မဟုတ်လား" ဟု ယုတ်မာစွာ ပြောဆိုလိုက်တော့သည်။
ထိုယုတ်မာရိုင်းစိုင်းသော စကားများကို ကြားလိုက်ရသောအခါ ကျိုးကျစ်လော့မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ သူမ ဘာမှပြန်မပြောရသေးမီ ပြင်ပမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါက မင်းတို့ အော့မေ့ဂိုဏ်းကို အသက်ဘေးက လွတ်အောင် အားစိုက်ထုတ်ပြီး ကယ်တင်ပေးခဲ့တာကို နောက်ဆုံးကျတော့ မင်းတို့ပါးစပ်ထဲမှာ ငါက တဏှာရမ္မက်ကြီးတဲ့ မိစ္ဆာခေါင်းဆောင် ဖြစ်သွားရတာလား" ဟု မေးလိုက်သည်။
ထိုအသံမှာ မကျယ်လွန်းသော်လည်း အော့မေ့တပည့်တိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
အော့မေ့တပည့်အားလုံးမှာ တုန်လှုပ်သွားကြပြီး လှည့်ကြည့်လိုက်ရာ တံတိုင်းအိုနောက်ကွယ်မှ ကျန်းဝူကျိနှင့် အခြားလူများ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ကြရသည်။
ကျန်းဝူကျိ ရောက်လာသည်ကို မြင်သောအခါ အော့မေ့တပည့်များမှာ အလွန်ပင် ထိတ်လန့်သွားကြသည်။ အများစု၏ မျက်နှာတွင် အရှက်ရမှုများ သန်းနေသည်။ ကျန်းဝူကျိ၏ အသက်ကယ်ကျေးဇူးမှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဖြစ်သလို ယခု ထန်မိန်ကျွင်းက ကျန်းဝူကျိကို ဤသို့စော်ကားပြောဆိုနေသည်မှာ စိတ်ပျက်စရာ ကောင်းလှသည်။
အော့မေ့တပည့်များထဲတွင် အကြောက်ဆုံးသူမှာ ထန်မိန်ကျွင်းပင် ဖြစ်သည်။ သူမသည် ကျန်းဝူကျိကို ယခင်က အငြိုးရှိသဖြင့် ဆဲဆိုနေခြင်းဖြစ်သော်လည်း ကျန်းဝူကျိကို အမှန်တကယ်ပင် အလွန်ကြောက်ရွံ့နေခြင်း ဖြစ်သည်။ ယခင်က ကျန်းဝူကျိသည် သူမကို ညှာတာခြင်းမရှိဘဲ အပြစ်ပေးခဲ့သည်များကို သူမ မှတ်မိနေသေးသည်။
ယခု ကျန်းဝူကျိကို မြင်လိုက်ရသောအခါ သူမ၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး စကားပင် မပြောနိုင်တော့ချေ။
ကျိုးကျစ်လော့မှာမူ ကျန်းဝူကျိကို ဤနေရာတွင် မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည်။ အနိုင်ကျင့်ခံနေရသည့် အချိန်တွင် မိမိ၏ ချစ်သူက အားကိုးရာအဖြစ် ရုတ်တရက် ရောက်လာသည်မှာ သူမအတွက် အလွန်ပင် ကြည်နူးစရာ ကောင်းလှပေတော့သည်။
အခန်း (၁၄၇) ထန်မိန်ကျွင်း၏ နိဂုံး
"ဟင့်အင်း... ကျွန်မ မဟုတ်ပါဘူး..."
ထန်မိန်ကျွင်းသည် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်နေချေသည်။ သူမသည် ကျန်းဝူကျိကို ရဲရဲတင်းတင်း ဆဲဆိုရဲခြင်းမှာ သူကြားလိမ့်မည်မဟုတ်ဟု ယုံကြည်နေသောကြောင့် ဖြစ်သည်။ သို့သော် သူမ ဆဲဆိုနေသည့် ကျန်းဝူကျိက ရုတ်တရက် ရှေ့မှောက်သို့ ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ဤကြီးမားသော ကြောက်ရွံ့မှုကြောင့် သူမသည် မေ့လဲလုနီးပါးပင် ဖြစ်သွားရသည်။ ထန်မိန်ကျွင်း၏ ကျန်းဝူကျိအပေါ် ကြောက်ရွံ့မှုမှာ အရိုးထဲအထိ စွဲမြဲနေပြီ ဖြစ်သည်။
ကျန်းဝူကျိသည် အော့မေ့တပည့်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် "ကြည့်ရတာ မင်းတို့တွေက သီလရှင်အိုကြီး မြဲ့ကြွယ်ကိုတောင် ဂရုမစိုက်တော့ဘူးပဲ။ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ကျေးဇူးကို မကောင်းတဲ့နည်းလမ်းနဲ့ ဆပ်တဲ့နေရာမှာလည်း မင်းတို့က တော်တော်လေး ကျွမ်းကျင်ကြတာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းတို့ အသက်တွေကို ငါကယ်ခဲ့တာက ဒီမှာရပ်ပြီး ငါ့ကို ပြန်ဆဲဖို့အတွက်ပေါ့လေ" ဟု လှောင်ပြောင်လိုက်သည်။
ကျန်းဝူကျိ၏ အမေးကို ရင်ဆိုင်ရသောအခါ အော့မေ့တပည့်များသည် နှုတ်ဆိတ်ကာ နေကြတော့သည်။ ၎င်းတို့အနက် အများစုမှာ အရှက်ရနေကြပြီး ကျန်းဝူကျိ၏ အကြည့်ကိုပင် မရင်ဆိုင်ရဲကြချေ။ ကျန်းဝူကျိသည် ဤကဲ့သို့သော အသုံးမကျသည့် လူများကို စကားအများကြီး ဆက်မပြောချင်တော့ပေ။ သူသည် ထန်မိန်ကျွင်းကိုသာ ကြည့်လိုက်ပြီး မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
ထန်မိန်ကျွင်း၏ ထိတ်လန့်နေသော ပုံစံကို မြင်သောအခါ ကျန်းဝူကျိသည် ခေါင်းကို ခါယမ်းလိုက်ပြီး "ထန်မိန်ကျွင်း... မင်းလို အမှိုက်မျိုး ဒီလောကမှာ ရှိနေလိမ့်မယ်လို့ ငါ တကယ်ကို မတွေးမိခဲ့ဘူး။ ကျစ်လော့သာ ဂိုဏ်းချုပ် မဖြစ်ရင် မင်း ဖြစ်လာမယ်လို့ တကယ်ပဲ ထင်နေတာလား။ အကယ်၍ မင်းက ကျစ်လော့ကို အကျပ်ကိုင်ပြီး ဒီယာယီဂိုဏ်းချုပ် ရာထူးကို စွန့်ခိုင်းမယ်ဆိုရင် သီလရှင်အိုကြီး မြဲ့ကြွယ် သိတာနဲ့ မင်းရဲ့ အသက်ကို ချက်ချင်း ယူလိမ့်မယ်ဆိုတာ မင်း သိလား။
ဒီဂိုဏ်းချုပ် ရာထူးလေး တစ်ခုအတွက်နဲ့ မင်းက ဒီလောက်ထိ ကုန်းချောတာတွေ လှည့်ကွက်တွေ သုံးနေတာက တကယ်ကို ရယ်စရာ ကောင်းပါတယ်။ မင်းရဲ့ အရည်အချင်းနဲ့ သိုင်းပညာနဲ့ဆိုရင် သာမန် သိုင်းလောကဂိုဏ်းငယ်လေး တစ်ခုမှာတောင် ဂိုဏ်းချုပ် ဖြစ်နိုင်မှာ မဟုတ်ဘူး။ မိုက်လိုက်တာ... တကယ်ကို မိုက်မဲတာပဲ။ မင်းလို လူမျိုးကို ဒီလိုတွေ လာရှင်းပြနေရတာက ငါ့အတွက်တောင် အဆင့်အတန်း ကျသလို ခံစားရတယ်" ဟု ကဲ့ရဲ့လိုက်သည်။
ကျန်းဝူကျိ၏ စကားကြောင့် ထန်မိန်ကျွင်း၏ မျက်နှာမှာ နီမြန်းသွားသည်။ သူမသည် ကျန်းဝူကျိကို ကြောက်သည်မှာ မှန်သော်လည်း လူအများရှေ့တွင် ဤသို့ အစော်ကားခံရခြင်းကို မာနကြီးသော သူမအနေဖြင့် မည်သို့ သည်းခံနိုင်မည်နည်း။ သူမသည် ဘယ်က ရလာမှန်းမသိသော သတ္တိကို မွေးကာ တုန်ရီနေသော အသံဖြင့် "ကျန်းဝူကျိ... ရှင်က သစ္စာဖောက်ပဲ..... ရှင် နဲ့ ကျိုးကျစ်လော့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးလို့ ရှင် ရဲရဲဝံ့ဝံ့ ပြောရဲလား" ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည်။
ကျန်းဝူကျိက ခေါင်းခါယမ်းကာ "ကျစ်လော့နဲ့ ငါက ငယ်သူငယ်ချင်းတွေ ဖြစ်သလို အဖက်ဖက်က လိုက်ဖက်တဲ့သူတွေပဲလေ။ ငါတို့နှစ်ယောက်က အတူတူရှိဖို့ မွေးဖွားလာတာဆိုတော့ ဘာလို့ ပတ်သက်မှု မရှိရမှာလဲ။ ဒါပေမဲ့ ငါတို့ရဲ့ ပတ်သက်မှုက အော့မေ့ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ။ ငါက အော့မေ့ဂိုဏ်းကို မက်မောနေတယ်လို့ မင်းထင်နေတာက မင်းရဲ့ မိုက်မဲတဲ့ စိတ်ကူးပဲ။ ငါ့အတွက်တော့ အော့မေ့ဂိုဏ်း တစ်ခုလုံးထက် ကျစ်လော့ရဲ့ ဆံပင်တစ်ပင်က ပိုပြီး အရေးပါတယ်။ မင်းတို့ကိုယ် မင်းတို့ သိပ်ပြီး အထင်ကြီးမနေပါနဲ့" ဟု ဆိုလိုက်သည်။
ထို့နောက် ကျန်းဝူကျိက တည်ငြိမ်စွာဖြင့် "ကောင်းပြီလေ။ သီလရှင်အိုကြီး မြဲ့ကြွယ်နဲ့ ကျစ်လော့ရဲ့ မျက်နှာကို ထောက်ပြီး ဒီနေ့ မင်းကို အရှက်အများကြီးကွဲအောင် မလုပ်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့။ သိုင်းလောကမှာ မင်းလို လူမျိုး မလိုအပ်ဘူး။ မင်းကို မြင်ရတာ ငါ စိတ်ရှုပ်တယ်" ဟု ပြောလိုက်သည်။
သတ်သေခိုင်းလိုက်ခြင်းပင် ဖြစ်သည်။ ဤစကားကို ကြားသောအခါ လူအများမှာ မှင်တက်သွားကြသည်။ မင်ဂိုဏ်းဘက်မှ လူများပင်လျှင် အံ့အားသင့်သွားကြရသည်။ စကားတစ်ခွန်းတည်းဖြင့် လူတစ်ယောက်၏ အသက်ကို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သော်လည်း ထန်မိန်ကျွင်း၏ အပြစ်မှာ အသေသတ်ရလောက်သည့် အထိ ဖြစ်ပါ့မလားဟု တွေးမိနေကြသည်။ အော့မေ့တပည့်များမှာလည်း ထိတ်လန့်သွားကြပြီး တစ်ခုခု ပြောချင်သော်လည်း မပြောရဲဘဲ အချင်းချင်းသာ ကြည့်နေကြတော့သည်။
ထန်မိန်ကျွင်းမှာမူ ပို၍ပင် ထိတ်လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ သူမသည် စောစောက ကျန်းဝူကျိကို ပြန်ပြောမိသည်ကို နောင်တရနေပြီ ဖြစ်သည်။ သို့သော် ထို့နောက်တွင်မူ သူမ၏ ရင်ထဲ၌ မနာလိုမှုများက အရှိန်အဟုန်ဖြင့် တက်လာတော့သည်။
“ဘာလို့လဲ... ဘာလို့ ကျိုးကျစ်လော့ကိုပဲ အားလုံးက ချစ်နေကြရတာလဲ။ ကျန်းဝူကျိက ဒီလောက် အာဏာရှိပြီး အဆင့်အတန်း မြင့်နေတာတောင် ကျိုးကျစ်လော့အတွက်နဲ့ ငါ့ကို သတ်ဖို့ လုပ်ရတာလား... ဘာလို့လဲ... “ဟု သူမ တွေးနေမိသည်။
ဤသို့ တွေးမိသောအခါ ထန်မိန်ကျွင်း၏ ဒေါသမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားတော့သည်။ ဒေါသက သေခြင်းတရားကို ကြောက်သည့်စိတ်ကို ဖုံးလွှမ်းသွားပြီး သူမက "ငါ မမှားဘူး..... ဘာလို့ ဆရာက အရင်တုန်းကလည်း ကျိရှောင်ဖူကိုပဲ မျက်နှာသာပေးပြီး အခုကျတော့လည်း ဒီအရှက်မရှိတဲ့ ကျိုးကျစ်လော့ကိုပဲ မျက်နှာသာ ပေးနေရတာလဲ။ ကျိရှောင်ဖူကို ငါ ထောင်ချောက်ဆင်ခဲ့လို့ပဲ သီလရှင်အိုကြီးက သတ်လိုက်တာလေ။ ကျိုးကျစ်လော့လည်း သေရမယ်။ အော့မေ့ဂိုဏ်းချုပ် ရာထူးက ငါ ထန်မိန်ကျွင်းရဲ့ ရာထူး ဖြစ်ရမှာ" ဟု အော်ဟစ်လိုက်တော့သည်။
အလွန်အမင်း ကြောက်လန့်ပြီး စိတ်လှုပ်ရှားနေသည့် အရှိန်ဖြင့် ထန်မိန်ကျွင်းသည် သူမ၏ ရင်ထဲက အမှန်တရားများကို ထုတ်ပြောမိသွားခြင်း ဖြစ်သည်။ ရန်ပုဟွေ့သည် ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားပြီး ထန်မိန်ကျွင်းကို စိုက်ကြည့်ကာ "နင်က ငါ့အမေကို ထောင်ချောက်ဆင်ခဲ့တယ် ဟုတ်လား။ ဘာတွေ ဖြစ်ခဲ့တာလဲ အသေအချာ ပြောစမ်း" ဟု မေးလိုက်သည်။
ထန်မိန်ကျွင်းသည် အရာအားလုံးကို လက်လွှတ်လိုက်သည့် ပုံစံဖြင့် "သူမနဲ့ ရန်ရှောင်တို့ ဖောက်ပြန်နေတာကို ငါကပဲ နေရာအနှံ့ လိုက်ဖြန့်ခဲ့တာပေါ့။ ဟီးဟီး... ငါ မင်းကို ပြောပြဖို့ မကြောက်ပါဘူး။ ကျိရှောင်ဖူက မင်းလို အနှောင့်အယှက်လေး တစ်ခုနဲ့ ထွက်ပြေးနေတုန်းမှာ ငါက ဆရာ့ကို သွားပြီး ကုန်းတိုက်ခဲ့တာလေ။ ကျိရှောင်ဖူကို ရှာပြီး ရန်ရှောင်ကို သတ်ခိုင်းဖို့ပေါ့။
အကယ်၍ သူမက မသတ်ဘူးဆိုရင် ဂိုဏ်းကို သစ္စာဖောက်တာပဲလို့ ငါပြောခဲ့တာ။ ဆရာကလည်း ဝေခွဲမရဖြစ်ပြီး ငါ့အကြံကို လက်ခံခဲ့တာပဲ။ ကျိရှောင်ဖူကလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ရန်ရှောင်ဆီကိုပဲ ပုံအပ်ခဲ့တာလေ။ သူမ သေတာဟာ သူမကြောင့်ပဲ။ ငါကတော့ နည်းနည်းလေးပဲ ကူညီပေးခဲ့တာ။ ဆရာက ကျိရှောင်ဖူဟာ ရန်ရှောင်အတွက်နဲ့ ဆရာ့အမိန့်ကို ဖီဆန်တာ မြင်သွားတော့ ဒေါသထွက်ပြီး ရိုက်သတ်လိုက်တာပေါ့။
တကယ်ကို ကျေနပ်ဖို့ ကောင်းလိုက်တာ။ ကျိရှောင်ဖူ သေသွားရင် ငါ့အတွက် ဘာအန္တရာယ်မှ မရှိတော့ဘူးလို့ ထင်ခဲ့တာ... ဒါပေမဲ့ ကျိုးကျစ်လော့ ဆိုတဲ့ တစ်ယောက်က ထပ်ပေါ်လာပြန်တယ်။ မိုးနတ်မင်းကြီးက ငါ့အပေါ်မှာ ဘာလို့ ဒီလောက်တောင် မတရားရတာလဲ။ ဒါကြောင့် ငါ ကျိုးကျစ်လော့ကို ပစ်မှတ်ထားတာ။ ဆရာက ငါ့ကိုပဲ ချစ်စေချင်လို့... ဂိုဏ်းချုပ် ရာထူးကို ရချင်လို့။ ကျိုးကျစ်လော့လည်း သေရမယ်... သေရမယ်" ဟု ရူးသွပ်စွာ ပြောဆိုလိုက်သည်။
သူမ၏ စကားအဆုံးတွင် ထန်မိန်ကျွင်း၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့သည်။ ရန်ပုဟွေ့၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းနေသည်။ သူမသည် အရင်က သီလရှင် မြဲ့ကြွယ်ကသာ သူမအမေကို ရက်စက်စွာ သတ်ခဲ့သည်ဟု ထင်ခဲ့သော်လည်း ယခုအခါ ထန်မိန်ကျွင်း ဆိုသည့် ခွေးမကလည်း ပါဝင်နေသည်ကို သိလိုက်ရသဖြင့် အလွန်ပင် ခံပြင်းသွားရသည်။
အခြား အော့မေ့တပည့်များမှာလည်း မှင်တက်သွားကြသည်။ ထန်မိန်ကျွင်းနှင့် ကျိရှောင်ဖူတို့ အဆင်မပြေကြသည်ကို သိကြသော်လည်း ကျိရှောင်ဖူ သေဆုံးမှုတွင် ထန်မိန်ကျွင်းက ဤမျှအထိ ပါဝင်ပတ်သက်နေလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ခဏချင်းမှာပင် အော့မေ့တပည့်များ၏ စိတ်ထဲတွင် အေးစိမ့်သွားပြီး ထန်မိန်ကျွင်းကို ကြည့်သည့် အကြည့်များကလည်း ပြောင်းလဲသွားတော့သည်။
ကျန်းဝူကျိက ခေါင်းခါယမ်းကာ "မင်းက အမှိုက်ပဲလို့ ငါ ပြောခဲ့သားပဲ။ ဒေါ်လေးကျိက အဲ့ဒီအချိန်တုန်းက ခြောက်ယောက်မြောက် ဦးလေး ယင်းလိထင်နှင့် စေ့စပ်ထားပြီးသားလေ။ အိမ်ထောင်ပြုမယ့် အော့မေ့တပည့် တစ်ယောက်က ဘယ်လိုလုပ် ဂိုဏ်းချုပ် ဖြစ်နိုင်မှာလဲ။ မင်းက ဂိုဏ်းချုပ် ရာထူးကို မက်မောတာ မဟုတ်ဘဲ သီလရှင်အိုကြီး မြဲ့ကြွယ်က မင်းထက် တခြားလူကို ပိုချစ်တာကို မခံစားနိုင်တာပဲ မဟုတ်လား" ဟု ဆိုလိုက်သည်။
ထန်မိန်ကျွင်းသည် မျက်လုံးများ ပြူးသွားပြီး "ဟုတ်တယ်... အဲ့ဒီတော့ ဘာဖြစ်လဲ" ဟု အော်ဟစ်လိုက်သည်။
ကျန်းဝူကျိက တည်ငြိမ်စွာဖြင့် "ဘာမှမဖြစ်ပါဘူး....... ဘာပဲဖြစ်ဖြစ် မင်းက အခု သေရတော့မှာပဲလေ" ဟု ပြောလိုက်သည်။
ကျိုးကျစ်လော့သည် သနားစိတ် ဖြစ်သွားပြီး ရှေ့သို့ တိုးကာ "အစ်ကို ဝူကျိ... စီနီယာအစ်မကြီး ထန်မိန်ကျွင်းက ဆရာ့ရဲ့ တပည့်ရင်း တစ်ယောက်ပါ။ သူမ မှားခဲ့တာ မှန်ပေမဲ့ အသေသတ်ရလောက်တဲ့ အထိတော့ မဟုတ်ဘူး ထင်ပါတယ်။ ဆရာ့ဆီကိုပဲ ပို့ပြီး ဆုံးဖြတ်ခိုင်းတာ ပိုကောင်းပါလိမ့်မယ်" ဟု ဖျောင်းဖျလိုက်သည်။
သူမသည် ထန်မိန်ကျွင်းအတွက် တောင်းပန်ပေးနေခြင်း ဖြစ်သည်။ ဤသည်မှာ ကျန်းဝူကျိ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်သည်။ ပုံမှန်အားဖြင့် ကျိုးကျစ်လော့သည် လူသတ်လိုစိတ် မရှိသေးချေ။ သို့သော် ကျန်းဝူကျိက ခေါင်းခါယမ်းကာ "မင်း ခုနက ကြားသားပဲ... သူမက မင်းကို သေစေချင်နေတာ။ ဒီလို လူမျိုးကို မဖယ်ရှားရင် ငါ စိတ်မအေးနိုင်ဘူး။ သူမကို ထားထားတာက ဘာမှ အသုံးမဝင်ဘူး။ မင်းရဲ့ သနားစိတ်က နောက်ဆုံးမှာ မင်းကိုပဲ ဒုက္ခပေးလိမ့်မယ်" ဟု ဆိုလိုက်သည်။
ထို့နောက် ကျန်းဝူကျိသည် ထန်မိန်ကျွင်းကို ကြည့်ကာ "သတ်သေဖို့အတွက် ငါ သုံးအထိ ရေတွက်ပေးမယ်..... သုံးအထိ ရေတွက်လို့မှ မသေသေးရင် ငါ ကိုယ်တိုင် သတ်မယ်" ဟု အမိန့်ပေးလိုက်သည်။
ထန်မိန်ကျွင်းသည် ဒေါသကြောင့်လား ကြောက်လို့လား မသိဘဲ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ သူမက တုန်ရီနေသော အသံဖြင့် "ငါ့ရဲ့ ဆရာက သီလရှင် မြဲ့ကြွယ်နော်... မင်း ငါ့ကို မသတ်ရဲပါဘူး" ဟု ပြောလိုက်သည်။
ကျန်းဝူကျိက ရယ်ချင်သကဲ့သို့ ဖြစ်သွားပြီး "မင်း အထင်လွဲနေပြီ။ သီလရှင်အိုကြီး မြဲ့ကြွယ်က တခြားလူတွေကို ကြောက်အောင် လုပ်နိုင်ပေမဲ့ ငါ့ရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး။ အခွင့်အရေး ပေးတုန်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့" ဟု ဆိုလိုက်သည်။
"သုံး"
ကျန်းဝူကျိက တည်ငြိမ်စွာ စတင် ရေတွက်လိုက်သည်။ ထန်မိန်ကျွင်း၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုကြောင့် မြေကြီးပေါ်သို့ ပုံကျသွားကာ စကားပင် မပြောနိုင်တော့ချေ။
"နှစ်"
လူအများမှာ အသက်ပင် မရှူရဲကြဘဲ ရင်တုန်စွာ စောင့်ကြည့်နေကြသည်။ ထန်မိန်ကျွင်းမှာ ထုံထိုင်းသွားကာ ထွက်ပြေးချင်သော်လည်း ခြေထောက်များက ခွန်အားမရှိတော့သဖြင့် မပြေးနိုင်တော့ပေ။
"တစ်"
ကျန်းဝူကျိက နောက်ဆုံး နံပါတ်ကို ဖြည်းဖြည်းချင်း ရွတ်လိုက်သည်။ သို့သော် ထန်မိန်ကျွင်းမှာ သတ်သေဖို့ သတ္တိမရှိပေ။ သူမသည် မတ်တတ်တောင် မရပ်နိုင်တော့ဘဲ မြေကြီးပေါ်တွင် ပုံကျနေတော့သည်။ စောစောက အော်ဟစ်ခဲ့သော ဒေါသများက သူမ၏ သတ္တိနှင့် ခွန်အားအားလုံးကို ကုန်ခမ်းစေခဲ့ပြီ ဖြစ်သည်။
"အသုံးမကျတဲ့ အမှိုက်ပဲ " ဟု ကျန်းဝူကျိက သက်ပြင်းချလိုက်ပြီး "ကောင်းပြီလေ... ဒါဆိုရင် ငါ့လက်နဲ့ပဲ သတ်ပေးပါ့မယ်..... မင်း ဒီဘဝမှာ မကောင်းတာတွေ အများကြီး လုပ်ခဲ့ပြီးပြီ။ ဒေါ်လေးကျိ သေဆုံးမှုအတွက်လည်း မင်းမှာ တာဝန်ရှိတယ်။ ဒီနေ့တော့ ပုဟွေ့အတွက် ကလဲ့စားချေပေးတာပေါ့" ဟု ပြောကာ ထန်မိန်ကျွင်းဆီသို့ လျှောက်သွားသည်။
ရန်ပုဟွေ့သည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် လှိုက်တက်လာပြီး ကျန်းဝူကျိကို ကျေးဇူးတင်မိသလို ကလဲ့စားချေရတော့မည် ဖြစ်သဖြင့်လည်း ဝမ်းသာမိသည်။ လိပ်ပြာချိုင့်ဝှမ်းမှာတုန်းက သူမသည် အကြောင်းစုံကို မသိခဲ့ဘဲ ထိုမိန်းမယုတ်ကို မုန်းတီးခဲ့ရုံသာ ရှိသည်။ ယခုအခါ သူမအမေ သေဆုံးမှုတွင် ပါဝင်နေသည်ကို သိလိုက်ရသဖြင့် ထန်မိန်ကျွင်း သေသည်ကိုသာ မြင်ချင်နေတော့သည်။
ထန်မိန်ကျွင်းသည် ကြောက်လန့်တုန်ယင်နေပြီး အော့မေ့တပည့်များမှာလည်း ဘေးသို့ အလိုအလျောက် ဖယ်ပေးလိုက်ကြသည်။ ၎င်းတို့အနက် အများစုသည် ထန်မိန်ကျွင်းကို မကြိုက်ကြသလို ကျန်းဝူကျိ၏ အရှိန်အဝါကိုလည်း ကြောက်ရွံ့နေကြသဖြင့် ထန်မိန်ကျွင်း၏ အသက်ကို ကယ်တင်ဖို့ မစဉ်းစားရဲကြပေ။ ဂိုဏ်းအသီးသီးမှ တပည့်များနှင့် ဂိုဏ်းချုပ်များပင် ကျန်းဝူကျိကို ကြောက်ရွံ့နေကြရသည် မဟုတ်ပါလား။
ကျန်းဝူကျိ အနားသို့ ရောက်လာသောအခါ ထန်မိန်ကျွင်းသည် မြေကြီးပေါ်တွင် ဝပ်တွားကာ "ကျန်းဝူကျိ... ဂိုဏ်းချုပ်ကျန်း... ကျွန်မ မှားသွားပါပြီ..... နောက်ခါ ကျိုးကျစ်လော့ကို အနိုင်မကျင့်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့... မသတ်ပါနဲ့" ဟု ငိုယိုတောင်းပန်ကာ ခေါင်းနှင့် ကြမ်းပြင်ကို ဆောင့်၍ ကန်တော့နေတော့သည်။
သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် ထန်မိန်ကျွင်းသည် အမှန်တကယ်ပင် အစွန်းကုန် ကြောက်လန့်နေပြီ ဖြစ်သည်။ ဤကြောက်ရွံ့မှုက ဝမ်အန်းဘုရားကျောင်းမှာတုန်းကနှင့် မတူပေ။ ထိုစဉ်က လူအများကြီး ရှိနေသဖြင့် ကြောက်စိတ်က ဤမျှ မပြင်းထန်ခဲ့ပေ။ ယခု ကျန်းဝူကျိ ပေးထားသည့် စိတ်ပိုင်းဆိုင်ရာ ဖိအားက သူမကို လုံးဝ ပြိုလဲသွားစေခဲ့ပြီ ဖြစ်သည်။
သို့သော် ကျန်းဝူကျိကမူ သူမ၏ တောင်းပန်မှုကို လုံးဝ ဂရုမစိုက်ပေ။ သူက ခေါင်းခါယမ်းကာ "မင်းက မှားမှန်း သိတာ မဟုတ်ဘူး..... မင်း သေတော့မယ်ဆိုတာကို သိတာပါ" ဟု ပြောလိုက်သည်။
ထန်မိန်ကျွင်းကို အခွင့်အရေး ထပ်ပေးလျှင်ပင် သူမသည် ထိုအတိုင်း ထပ်လုပ်ဦးမည်ကို ကျန်းဝူကျိက ကောင်းစွာ သိသည်။ သူမသည် မိုက်မဲသလို ယုတ်မာသည့် မိန်းမတစ်ယောက် ဖြစ်သည်။
ကျန်းဝူကျိက သူမကို အဆုံးစီရင်ရန် လက်ရွယ်လိုက်စဉ်မှာပင် လေတိုးသံတစ်ခုကို ကြားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကာ နောက်သို့ နှစ်လှမ်း ဆုတ်လိုက်သည်။
ဖတ်ခနဲ အသံနှင့်အတူ လက်နက်ပုန်းတစ်ခုသည် ထန်မိန်ကျွင်း၏ လည်ပင်းကို အတိအကျ စိုက်ဝင်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။ ထိုလက်နက်ပုန်းသည် ဇရပ်၏ တိုင်တွင် သွားရောက် စိုက်ဝင်သွားချေသည်။
ကျန်းဝူကျိ ကြည့်လိုက်ရာ ထိုလက်နက်ပုန်းမှာ ရွှေရောင် ပန်းပွင့်လေး တစ်ပွင့် ဖြစ်ပြီး ပွင့်ချပ်များက အလွန်ပင် ထက်မြက်လှသည်။ ထန်မိန်ကျွင်း၏ လည်ပင်းကို ဖြတ်ကျော်သွားသော်လည်း သွေးတစ်စက်ပင် မပေဘဲ အရောင်တလက်လက် တောက်ပနေချေသည်။
ထန်မိန်ကျွင်း၏ မျက်လုံးများ ပြူးသွားပြီး လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ သူမသည် လည်ပင်းကို လက်ဖြင့် အုပ်ထားသော်လည်း အချည်းနှီးသာ ဖြစ်သည်။ လက်ချောင်းများကြားမှ သွေးများ အဆက်မပြတ် ထွက်လာပြီး ခဏအကြာတွင် သူမသည် တုန်ယင်ကာ အသက်ထွက်သွားတော့သည်။ ဤရုတ်တရက် ဖြစ်ရပ်ကြောင့် လူတိုင်း အံ့အားသင့်သွားကြရလေသည်။
အခန်း (၁၄၈) ခရမ်းရောင်ဝတ်စုံနှင့် နဂါးဘုရင်မ ဒိုက်ချီစီ
"ဟွတ်... ဟွတ်ဟွတ်... ကလေးဆိုတာ ကလေးပါပဲကွယ်...... လူတစ်ယောက် သတ်တာတောင် ဒီလောက်ထိ အလုပ်ရှုပ်နေရသလား။ ဒီလို အဆင့်မရှိတဲ့ လူမျိုးကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းလိုက်တာက ပိုပြီး ကျေနပ်ဖို့ မကောင်းဘူးလား"
အပြင်ဘက် တံတိုင်းအိုဆီမှ ချောင်းဆိုးသံနှင့်အတူ အိုမင်းရင့်ရော်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လူအများ လှည့်ကြည့်လိုက်သောအခါ ဖြည်းဖြည်းချင်း လျှောက်လာသော လူသုံးယောက်ကို တွေ့လိုက်ရသည်။
ကျန်းဝူကျိ၏ အကြည့်မှာ တည်ငြိမ်နေသည်။ ထိုရွှေရောင်ပန်းပွင့် လက်နက်ပုန်းကို မြင်ကတည်းက မည်သူရောက်လာသည်ကို သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။
အဖြူရောင် ဆံပင်များနှင့် ခါးကုန်းကုန်း အဘွားအိုတစ်ဦးသည် သစ်သားတောင်ဝှေးကို အားပြုကာ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူမသည် အဆင့်အတန်းနိမ့်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခြေလှမ်းအနည်းငယ် လှမ်းတိုင်း ချောင်းဆိုးနေတတ်သည်။ သူမ၏ ဘေးတွင် လှပသော မိန်းကလေးနှစ်ဦးက ဝန်းရံပါလာသည်။
ကျန်းဝူကျိသည် ၎င်းတို့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ ထိုမိန်းကလေးနှစ်ဦးမှာ ယင်းလီနှင့် ဝူချင်းရင်တို့ ဖြစ်ကြပြီး အဘွားအိုမှာမူ ခရမ်းရောင်ဝတ်စုံနှင့် နဂါးဘုရင်မ ဒိုက်ချီစီ ဖြစ်သော ရွှေပန်းပွင့် အဘွားအိုပင် ဖြစ်သည်။ စောစောက စကားကို ပြောလိုက်သူမှာလည်း ဒိုက်ချီစီပင် ဖြစ်သည်။
ဒိုက်ချီစီကို မြင်လိုက်ရသောအခါ ရှောင်ကျောက်သည် သိသိသာသာ စိတ်လှုပ်ရှားသွားသော်လည်း ကျန်းဝူကျိ၏ ခွင့်ပြုချက်မရှိဘဲ သူမသည် ရှေ့သို့ တိုးမသွားရဲပေ။
ကျန်းဝူကျိကို မြင်လိုက်ရသဖြင့် ယင်းလီနှင့် ဝူချင်းရင်တို့လည်း တုန်လှုပ်သွားကြသည်။ တစ်ယောက်က လက်များ တုန်ယင်နေပြီး နောက်တစ်ယောက်မှာ ခြေထောက်များ တုန်နေချေသည်။ ၎င်းတို့နှစ်ဦးလုံး ကျန်းဝူကျိထံသို့ ပြေးသွားချင်သော်လည်း အော့မေ့တပည့်များက အရင်ဦးအောင် ဒေါသတကြီး စကားဆိုလာကြသည်။
"ရှင်က ဘယ်သူလဲ..... တို့အော့မေ့တပည့်ကို သတ်ရဲတယ်ပေါ့လေ"
အခြားအော့မေ့တပည့်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ ၎င်းတို့သည် ကျန်းဝူကျိကို ဘာမှမလုပ်ရဲသော်လည်း တခြားသူများကိုမူ အင်တိုက်အားတိုက် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
"ဟွတ်... ဒီအဘွားကြီးက သီလရှင် မြဲ့ကြွယ်ကို ရှာနေတာ.....သူမ ဘယ်မှာလဲ"
ဒိုက်ချီစီသည် မင်ဂိုဏ်းသားများဘက်သို့ မသိမသာ ဝေ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ မေးလိုက်သည်။ သူမ၏ အိုမင်းသောအသံတွင် ကြင်နာတတ်သော အဘွားအိုတစ်ဦးကဲ့သို့ နူးညံ့မှုမျိုး ပါဝင်နေသည်။
ကျိုးကျစ်လော့က ရှေ့သို့တိုးကာ "ကျွန်မတို့ ဆရာက ဒဏ်ရာမသက်သာသေးလို့ အော့မေ့တောင်ကို ပြန်ပြီး နားနေပါတယ်" ဟု ဖြေလိုက်သည်။
အမှန်စင်စစ် သီလရှင် မြဲ့ကြွယ်သည် သူမ၏ အတွင်းအားကို ပြန်လည်လေ့ကျင့်ရန် ပြန်သွားခြင်းဖြစ်သော်လည်း ထိုကိစ္စမှာ ရှက်စရာကောင်းသဖြင့် ပြင်ပလူများကိုမူ ဒဏ်ရာကြောင့် နားနေသည်ဟုသာ အကြောင်းပြထားခြင်း ဖြစ်သည်။
"ဒဏ်ရာရနေတာလား။ အဲ့ဒါဆိုရင်တော့ ဟုတ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေ ယွမ်နန်းတွင်းရဲ့ ဖမ်းဆီးတာကို ခံရပြီး ဝမ်အန်းဘုရားကျောင်းမှာ ထိန်းသိမ်းခံထားရတယ်လို့ ကြားခဲ့တယ်။ ဒီအဘွားကြီးက သွားကယ်ဖို့ ကြံရွယ်ထားပေမဲ့ မင်ဂိုဏ်းချုပ်က ကယ်လိုက်ပြီလို့ ကြားလိုက်ရတာကလည်း ကောင်းတဲ့ကိစ္စပါပဲ။ အင်း... အရင်တုန်းက ငါ သီလရှင် မြဲ့ကြွယ်ကို တစ်ကွက် ရှုံးခဲ့ဖူးတယ်။ ဒီအဘွားကြီးက တစ်သက်လုံး ဘယ်သူ့ကိုမှ မရှုံးဖူးတော့ ဒီကိစ္စကို ရင်ထဲမှာ မကျေနပ်နိုင်ဘူး ဖြစ်နေတာ။ အခု နောက်တစ်ခါ ပြန်ယှဉ်ပြိုင်ဖို့ လာခဲ့တာပေမဲ့ သူမက ဒဏ်ရာရနေတယ်ဆိုတော့လည်း ဒုက္ခရောက်နေသူကို အခွင့်ကောင်းယူတာမျိုး မလုပ်ချင်ပါဘူး။ နောက်မှပဲ ပြန်လာခဲ့တော့မယ်"
ဒိုက်ချီစီသည် တစ်ယောက်တည်း ရေရွတ်နေပြီးနောက် ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ ကျိုးကျစ်လော့က ထပ်မံ၍ "အဘွား... ကျွန်မတို့ အော့မေ့တပည့်ကို သတ်လိုက်တဲ့ကိစ္စကိုတော့ ရှင်းပြရပါလိမ့်မယ်။ မဟုတ်ရင် အော့မေ့တပည့်တွေကို အနိုင်ကျင့်လို့ ရမယ်လို့ မထင်ပါနဲ့" ဟု ဆိုလိုက်သည်။
ကျိုးကျစ်လော့ကို အမြဲတမ်း ငြင်းဆန်တတ်သော အော့မေ့တပည့်များသည် ယခုအခါတွင်မူ သူမနှင့် တစ်သားတည်း ဖြစ်နေကြသည်။ ၎င်းတို့အားလုံး ဓားများကို ဆွဲထုတ်လိုက်ကြပြီး အဖြေတစ်ခုမရမချင်း လက်လျှော့မည့်ပုံ မရှိကြချေ။
ဒိုက်ချီစီက ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာ "ခုနက ကျန်းဝူကျိက ထန်မိန်ကျွင်းကို သတ်ဖို့လုပ်တုန်းကကျတော့ မင်းတို့ ဘာလို့ မတားခဲ့ကြတာလဲ" ဟု မေးလိုက်သည်။ ထိုစကားတစ်ခွန်းက အော့မေ့တပည့်များ၏ အရှိန်အဝါကို ချက်ချင်းပင် လျော့ကျသွားစေသည်။ အကြောင်းမှာ ၎င်းတို့က ကျန်းဝူကျိကို မတားရဲသောကြောင့် ဖြစ်သည်။
အော့မေ့တပည့်များ ငြိမ်ကျသွားသည်ကို မြင်သောအခါ ဒိုက်ချီစီက သူမ၏ တောင်ဝှေးဖြင့် ကျန်းဝူကျိကို ညွှန်ပြကာ "ဒီအဘွားကြီးက ဒီသခင်လေး ကိုယ်စား လုပ်ပေးလိုက်တာပါ။ ကလဲ့စားချေချင်ရင် သူ့ကိုပဲ သွားရှာကြတော့" ဟု ဆိုကာ ကိစ္စအားလုံးကို ကျန်းဝူကျိထံ ပုံချလိုက်လေသည်။
အော့မေ့တပည့်များကလည်း "ငါတို့သာ ကျန်းဝူကျိကို ရန်စရဲရင် ဒီလောက်ထိ ငြိမ်နေပါ့မလား" ဟု တွေးနေကြသည်။ ကျန်းဝူကျိသည် ပြတ်သားသောသူ ဖြစ်သဖြင့် ၎င်းတို့က မည်သူ့ကို မထိရဲဘူးဆိုသည်ကို ကောင်းစွာ သိထားကြသည်။
ယခုအခါ လူတိုင်း၏ အကြည့်က ကျန်းဝူကျိထံသို့ ရောက်ရှိသွားသည်။ အပြစ်တင်ရန် မဟုတ်ဘဲ သူ ဘယ်လိုကိုင်တွယ်မလဲဆိုသည်ကို သိချင်နေကြခြင်း ဖြစ်သည်။
ကျန်းဝူကျိသည် ဇရပ်အတွင်းမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာပြီး ဒိုက်ချီစီ၏ အနားသို့ ရောက်သောအခါ တည်ငြိမ်စွာဖြင့် "အရင်တုန်းက ဂိုဏ်းချုပ်ရန်ရှေ့မှာလည်း မင်းက သူ့နာမည်ကို ဒီအတိုင်းခေါ်ပြီး 'ဒီသခင်လေး' ဆိုပြီး တစ်တွတ်တွတ် ပြောခဲ့တာလား" ဟု မေးလိုက်သည်။ သူ၏ လေသံမှာ အထက်စီးမှ ဆုံးမနေသည့်ပုံစံ ဖြစ်နေသဖြင့် လူအများမှာ မှင်တက်သွားကြသည်။
ဒိုက်ချီစီ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး "ဂိုဏ်းချုပ်ရန်ကို မင်းလို နုနယ်တဲ့ ကလေးတစ်ယောက်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ" ဟု ဒေါသတကြီး ပြန်ပြောလိုက်သည်။
ကျန်းဝူကျိက ခေါင်းညိတ်ကာ "ဂိုဏ်းချုပ်ရန်က တကယ်ကို ထူးချွန်တဲ့သူ ဖြစ်ခဲ့ပေမဲ့ သူက စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်။ ငါက သူ့ကို အမြဲတမ်း လေးစားခဲ့ပေမဲ့ အောင်မြင်မှုအပိုင်းမှာတော့ သူက ငါ့ကို မယှဉ်နိုင်ပါဘူး။ အခု ငါက သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင် ဖြစ်သလို တော်လှန်ရေးတပ်ပေါင်းစုရဲ့ ခေါင်းဆောင်လည်း ဖြစ်နေပြီ။ ဂိုဏ်းချုပ်ရန်ရဲ့ တစ်သက်တာ အကြီးမားဆုံး ဆန္ဒဖြစ်တဲ့ ယွမ်နန်းတွင်းကို ဖြုတ်ချဖို့ကလည်း ငါ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အောင်မြင်ခါနီး ဖြစ်နေပြီ။ ဒါကြောင့် ငါက သူ့ထက် ပိုသာတာပေါ့" ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။
မင်ဂိုဏ်းသားများပင်လျှင် ကျန်းဝူကျိ၏ စကားကို မငြင်းနိုင်ကြချေ။ ၎င်းတို့၏ စိတ်ထဲတွင် ကျန်းဝူကျိအပေါ် ကြောက်ရွံ့ရိုသေမှုမှာ ရန်တင့်ထျန်းထက်ပင် ပိုမိုကြီးမားနေပြီ ဖြစ်သည်။
သို့သော် ဒိုက်ချီစီမှာမူ အလွန်ပင် ဒေါသထွက်သွားသည်။ သူမအတွက် ရန်တိန့်ထျန်းမှာ ဖခင်တစ်ဦးကဲ့သို့ ဖြစ်သော်လည်း ကျန်းဝူကျိမှာမူ သူမ၏ အမြင်တွင် ကလေးတစ်ယောက်သာ ဖြစ်သည်။ ယခု ကျန်းဝူကျိက ရန်တိန့်ထျန်းထက် သာသည်ဟု ပြောလိုက်ခြင်းကို သူမ မည်သို့ သည်းခံနိုင်မည်နည်း။
"ကောင်းပြီလေ... အခုလက်ရှိ မင်ဂိုဏ်းချုပ်က ဘယ်လောက်ထိ တော်သလဲဆိုတာ ဒီအဘွားကြီး ကြည့်ရသေးတာပေါ့" ဟု ဆိုကာ ဒိုက်ချီစီသည် ကျန်းဝူကျိကို လက်ဝါးဖြင့် ရုတ်တရက် ရိုက်လိုက်တော့သည်။
သူမ၏ ပုံစံမှာ အားနည်းပုံရသော်လည်း သူမ၏ လှုပ်ရှားမှုက အလွန်ပင် လျင်မြန်လှသည်။ လက်ဝါးရိုက်ချက်က ကျန်းဝူကျိ၏ မျက်နှာရှေ့သို့ ချက်ချင်းပင် ရောက်လာသည်။ သူမ၏ လှုပ်ရှားမှုများမှာ ဆန်းကြယ်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသော်လည်း ကျန်းဝူကျိအတွက်မူ သာမန်မျှသာ ဖြစ်သည်။
ကျန်းဝူကျိသည် လက်ကို အသာအယာ မြှောက်လိုက်ပြီး ဒိုက်ချီစီ၏ လက်ဝါးကို ဖမ်းဆုပ်လိုက်သည်။ ထိတွေ့လိုက်ရသော ခံစားချက်မှာ နူးညံ့ချောမွေ့နေသဖြင့် ၎င်းမှာ အဘွားအိုတစ်ဦး၏ လက်မဟုတ်ကြောင်း ထင်ရှားနေသည်။ သူမ၏ ရုပ်ဖျက်မှုတွင် အားနည်းချက် ရှိနေခြင်း ဖြစ်သည်။
ဒိုက်ချီစီမှာ အံ့အားသင့်သွားသည်။ သူမ၏ ရုတ်တရက် တိုက်ခိုက်မှုမှာ တစ်ခါမျှ မကျရှုံးဖူးသော်လည်း ယခုအခါ ကျန်းဝူကျိက အလွယ်တကူ တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျန်းဝူကျိက ပြုံးကာ "လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ ဂိုဏ်းချုပ်ကို ဘယ်လို စကားပြောရမလဲဆိုတာ မင်းကို သင်ပေးဖို့ အချိန်တန်ပြီ ထင်တယ်" ဟု ဆိုကာ နဂါးနှိမ်လက်ဝါး ၁၈ ကွက်ထဲမှ 'တိမ်ထူသော်လည်း မရွာသောမိုး' သိုင်းကွက်ကို သုံး၍ ဒိုက်ချီစီ၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။
ပြင်းထန်လှသော လက်ဝါးရိပ်ကြောင့် ဒိုက်ချီစီမှာ မပေါ့ဆရဲဘဲ အသည်းအသန် ခုခံလိုက်ရသည်။ "ဘုန်း" ခနဲ အသံနှင့်အတူ သူမသည် နောက်သို့ အကြိမ်ကြိမ် ယိုင်လဲသွားရတော့သည်။ သူမ မတ်တတ်မရပ်နိုင်ခင်မှာပင် ကျန်းဝူကျိက နောက်ထပ် လက်ဝါးတစ်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။
ဒိုက်ချီစီ၏ ကိုယ်ဖော့ပညာနှင့် အတွင်းအားမှာ ကျန်းဝူကျိကို မယှဉ်နိုင်ချေ။ သူမသည် လက်ဝါးဖြင့် ပြန်လည် ခုခံသော်လည်း ကျန်းဝူကျိ၏ လက်ဝါးရိုက်ချက်ကြောင့် နောက်သို့ ခြေလှမ်း တစ်ဒါဇင်ခန့် လွင့်ထွက်သွားပြီးမှ အနိုင်နိုင် ရပ်တန့်နိုင်တော့သည်။
အမှန်စင်စစ် ဤသည်မှာ ကျန်းဝူကျိက အားကို လျှော့ထားသောကြောင့် ဖြစ်သည်။ မဟုတ်ပါက သူမသည် သေဆုံးခြင်း သို့မဟုတ် ဒုက္ခိတ ဖြစ်သွားမည်မှာ အမှန်ပင်။ ဒိုက်ချီစီသည် ရင်ထဲတွင် အောင့်တက်သွားပြီး အတွင်းဒဏ်ရာ အနည်းငယ် ရရှိသွားသည်။ သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ကျန်းဝူကျိ၏ သိုင်းပညာမှာ ဤမျှအထိ မြင့်မားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"အဘွား"
ယင်းလီ၊ ဝူချင်းရင်နှင့် ရှောင်ကျောက်တို့မှာ လန့်သွားကြသည်။ ရှောင်ကျောက်က ကျန်းဝူကျိထံသို့ ပြေးလာပြီး ယင်းလီကမူ ဒိုက်ချီစီ၏ အခြေအနေကို သွားရောက် ကြည့်ရှုပေးသည်။ ဒိုက်ချီစီ ဘာမှမဖြစ်သည်ကို မြင်မှသာ စိတ်အေးသွားကြတော့သည်။
"သခင်လေး"
ရှောင်ကျောက်သည် မျက်လုံးလေးများ နီမြန်းကာ ကျန်းဝူကျိ၏ လက်မောင်းကို ဆွဲပြီး တောင်းပန်သည့် အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။ ကျန်းဝူကျိက သူမ၏ ခေါင်းလေးကို အသာအယာ ပွတ်ပေးကာ "စိတ်မပူပါနဲ့... ငါက အကန့်အသတ်နဲ့ လုပ်တာပါ။ သူမကို ဒဏ်ရာအပြင်းအထန် မရစေပါဘူး" ဟု နှစ်သိမ့်လိုက်သည်။
ကျန်းဝူကျိ၏ ကတိကို ရရှိမှသာ ရှောင်ကျောက်မှာ စိတ်အေးသွားတော့သည်။ ထိုအချိန်တွင် မင်ဂိုဏ်းသားများလည်း အခြေအနေကို ရိပ်မိသွားကြသည်။ ကျန်းဝူကျိက လက်အောက်ငယ်သားကို ဆုံးမသည်ဟု ပြောခြင်း၊ ရှောင်ကျောက်က စိုးရိမ်နေခြင်းနှင့် ရွှေပန်းပွင့် အဘွားအိုအကြောင်း ကြားဖူးထားခြင်းတို့ကြောင့် သူမသည် ခရမ်းရောင်ဝတ်စုံနှင့် နဂါးဘုရင်မ ဒိုက်ချီစီ ဖြစ်ကြောင်း အားလုံး သိသွားကြတော့သည်။
ဝေယိရှောက်နှင့် ယင်းထျန့်ကျိန်း တို့မှာလည်း နှစ်ပေါင်းများစွာ ကွဲကွာနေသော သူငယ်ချင်းဟောင်းနှင့် ပြန်လည် ဆုံတွေ့ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားသွားကြလေသည်။
အခန်း (၁၄၉) ဒိုက်ချီစီ၏ စစ်မှန်သော ရုပ်သွင်
ရှောင်ကျောက်ကို နှစ်သိမ့်ပေးလိုက်ပြီးနောက် သူမသည် စိတ်အေးသွားရတော့သည်။ သူမသည် ကျန်းဝူကျိကို အပြည့်အဝ ယုံကြည်ကိုးစားသူ ဖြစ်သည်။
ကျန်းဝူကျိက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ဒိုက်ချီစီ၏ မျက်လုံးများထဲတွင် နှစ်ပေါင်းများစွာအတွင်း တစ်ခါမျှ မဖြစ်ပေါ်ဖူးသော ထိတ်လန့်တုန်လှုပ်မှုရိပ်များ ဖြတ်ပြေးသွားသည်။ သူမသည် ပါရှားမင်ဂိုဏ်း ဌာနချုပ်ကို ကြောက်ရွံ့သည်မှာ မှန်သော်လည်း သူမ ပြောခဲ့သည့်အတိုင်း သိုင်းလောကတွင် သူမကို ယှဉ်နိုင်သူ မရှိသလောက်ပင် ဖြစ်ခဲ့သည်။ ယခုကဲ့သို့ အရှက်တကွဲ အဆိုးဝါးဆုံး ရှုံးနိမ့်ခဲ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ကျန်းဝူကျိက ခပ်ပါးပါး ပြုံးလိုက်ပြီး "ဘယ်လိုလဲ... ရွှေပန်းပွင့် အဘွားအို ဆိုတဲ့ နာမည်နောက်မှာ ဆက်ပြီး ပုန်းနေချင်သေးတာလား။ ယင်းလီ က ငါ့အကြောင်း မင်းကို ပြောပြပြီးသား ဖြစ်မှာပါ။ ငါက ယုံကြည်လို့ မရတဲ့သူလို့ ထင်နေတာလား။ ဒါမှမဟုတ် မင်းတစ်ယောက်တည်းနဲ့ အားလုံးကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား" ဟု မေးလိုက်သည်။
ဒိုက်ချီစီ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ သူမသည် အိုမင်းရင့်ရော်နေသော ပုံစံကို ဆက်လက် ဟန်ဆောင်ထားဆဲ ဖြစ်သော်လည်း သူမ၏ မျက်ဝန်းများမှာ စောစောကကဲ့သို့ ဝေဝါးမနေတော့ပေ။
"ကျွန်မရဲ့ ကိစ္စတွေကို လူအများကြီး သိလို့ မဖြစ်ဘူး" ဟု ဒိုက်ချီစီက ခဏတာ ဝေခွဲမရဖြစ်ပြီးနောက် နောက်ဆုံးတွင် စကားဆိုလာသည်။
ကျန်းဝူကျိက "ဘယ်သူသိသွားမှာကို ကြောက်နေတာလဲ။ အမှန်တော့ မင်းရဲ့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေမှုတွေက ဘာမှ အဓိပ္ပာယ် မရှိပါဘူး။ ပါရှားမင်ဂိုဏ်း ဆိုတာကကော ဘာမို့လို့လဲ။ အခု ငါတို့ရဲ့ အလယ်ပိုင်းဒေသ မင်ဂိုဏ်းဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေတာ ကြာလှပြီ။ သူတို့နဲ့ ဘာပတ်သက်မှု ရှိနေသေးလို့လဲ။ မင်းက ငါတို့ မင်ဂိုဏ်းရဲ့ ခရမ်းရောင်ဝတ်စုံနဲ့ နဂါးဘုရင်မပဲ။ ပါရှားမင်ဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။ မွန်ဂိုတွေဆီမှာ ဒူးထောက် အညံ့ခံနေတဲ့ အဲ့ဒီဂိုဏ်းက မင်းကို ဘာလုပ်နိုင်မှာ စိုးရိမ်နေတာလဲ" ဟုပြန်လည်ချေပလိုက်သည်။
ဤစကားများမှာ ဒိုက်ချီစီ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို လူအများရှေ့တွင် ဖွင့်ချလိုက်ခြင်းပင် ဖြစ်သည်။
“ခရမ်းရောင်ဝတ်စုံနှင့် နဂါးဘုရင်မ ဒိုက်ချီစီ ဟုတ်လား”
သိပြီးသားလူများအတွက် ပြဿနာမရှိသော်လည်း ဤနေရာတွင် ရှိနေသော လူအများစုမှာ ဘာတွေဖြစ်နေမှန်း မသိကြသဖြင့် အံ့အားသင့်ကာ ရေရွတ်လိုက်ကြသည်။ မင်ဂိုဏ်း၏ အစောင့်အရှောက် ဘုရင်ကြီး လေးပါးတွင် ထိုစဉ်က မည်သူ့၏ နာမည်က အကျော်ကြားဆုံးနည်းဟု မေးလျှင် ဒိုက်ချီစီပင် ဖြစ်သည်။
အကြောင်းရင်းများစွာ ရှိသည့်အနက် ဘုရင်ကြီး လေးပါးတွင် ဒိုက်ချီစီက အရှေ့ဆုံးမှ ဦးဆောင်ရပြီး ဝါစဉ်အရ အကြီးဆုံးဖြစ်သော လင်းယုန်မင်း ယင်းထျန့်ကျိန်း ပင်လျှင် သူမ၏ နောက်မှ ဒုတိယနေရာတွင် နေခဲ့ရသည်။ သို့သော် အဓိက အကြောင်းရင်းမှာ သူမ၏ အလှအပကြောင့်ပင် ဖြစ်သည်။ ထိုစဉ်က သိုင်းလောက၏ အလှဆုံး အမျိုးသမီးအဖြစ် ကျော်ကြားခဲ့ရာ သူမ၏ အလှအပမှာ အခြားသူများထက် ပိုမို စိတ်ဝင်စားဖွယ် ကောင်းနေခဲ့ခြင်း ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံနှင့် နဂါးဘုရင်မသည် နောက်ပိုင်းတွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရာ ဘာဖြစ်သွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။ သူမသည် ပါရှားမင်ဂိုဏ်း၏ သူတော်စင်မ ဖြစ်သည်ကိုမူ ရန်တင့်ထျန်းနှင့် အခြားလူအနည်းငယ်သာ သိရှိခဲ့ကြခြင်း ဖြစ်သည်။
ယခု ကျန်းဝူကျိက ရွှေပန်းပွင့် အဘွားအိုသည် ခရမ်းရောင်ဝတ်စုံနှင့် နဂါးဘုရင်မ ဒိုက်ချီစီ ဖြစ်သည်ဟု ပြောလိုက်သောအခါ လူတိုင်း အလွန်ပင် တုန်လှုပ်သွားကြသည်။ အံ့ဩစရာ အကောင်းဆုံးမှာ အသက်အရွယ်အရ ကြည့်လျှင် ထိုစဉ်က ဒိုက်ချီစီသည် ငယ်ရွယ်နုပျိုသော အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။
အချိန်မည်မျှပင် ကြာခဲ့ပါစေဦးတော့ သူမ၏ အသက်မှာ အများဆုံး လေးဆယ်ဝန်းကျင်သာ ရှိဦးမည်ဖြစ်ရာ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ် အဘွားကြီးတစ်ဦးအဖြစ် မည်သို့ ပြောင်းလဲသွားသနည်း ဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေချေသည်။
ကျန်းဝူကျိက သူမ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖွင့်ချလိုက်သည်ကို မြင်သောအခါ ဒိုက်ချီစီ၏ မျက်လုံးများတွင် ထိတ်လန့်ရိပ်များ ထပ်မံပေါ်ပေါက်လာသည်။ ထို့နောက် ဖုံးကွယ်ထား၍ မရနိုင်တော့ကြောင်း သိရှိသွားသဖြင့် သူမသည် ခေါင်းကို ခါယမ်းလိုက်ပြီး "ဂိုဏ်းချုပ်က ဌာနချုပ်က ပညာရှင်တွေရဲ့ စွမ်းအားကို မသိသေးလို့ပါ။ မြင့်မြတ်သော မီးလျှံတံဆိပ်ပြား က သိုင်းပညာတွေဟာ လောကမှာ အနှိုင်းမဲ့ပဲ။ သူတို့ကို အလွယ်တကူ ဘယ်လို ခုခံနိုင်မှာလဲ။ အချိန်တန်ရင် မြင့်မြတ်တဲ့ မီးလျှံတွေက ခန္ဓာကိုယ်ကို လောင်ကျွမ်းစေပြီး ပြာပုံပဲ ကျန်ခဲ့လိမ့်မယ်။
ကျွန်မက 'စကြဝဠာ ရွှေ့ပြောင်းခြင်း' သိုင်းကျမ်းကို ရယူပြီး ဌာနချုပ်ကို ပြန်ပေးကာ ဂိုဏ်းစည်းကမ်း ချိုးဖောက်ခဲ့တဲ့ အပြစ်ကို ဆေးကြောဖို့ပဲ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး။ ဒီနေ့တော့ ဂိုဏ်းချုပ်က ကျွန်မရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖွင့်ချလိုက်ပြီဆိုတော့ ရွှေပန်းပွင့် အဘွားအို ဆိုတဲ့ နာမည်ကို ဆက်သုံးလို့ မရတော့ဘူးပေါ့" ဟု ဆိုလေသည်။
ဤသို့ ပြောပြီးနောက် သူမသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခါးကို ဆန့်လိုက်သည်။ သူမ၏ မျက်နှာပေါ်မှ မျက်နှာဖုံးကို ခွာချလိုက်သောအခါ စစ်မှန်သော ရုပ်သွင် ပေါ်ထွက်လာတော့သည်။
ကျန်းဝူကျိသည် အနီးဆုံးတွင် ရှိနေသူ ဖြစ်သဖြင့် သူမကို မြင်လိုက်ရသောအခါ ခဏတာ မှင်တက်သွားရသည်။ ဒိုက်ချီစီသည် အသက်သုံးဆယ် ဝန်းကျင်ခန့်သာ ရှိပုံရပြီး ဆံပင်အနက်ရောင်၊ မျက်ဝန်းအနက်ရောင်တို့နှင့်အတူ နှာတံစင်းစင်း၊ မျက်တွင်း နက်နက်၊ စွဲမက်ဖွယ်ကောင်းသော မျက်လုံးများနှင့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်ရှိသည်။ သူမသည် အလွန်ပင် လှပလွန်းလှသော်လည်း သူမ၏ နှုတ်ခမ်းများမှာ အနည်းငယ် ဖြူဖျော့နေသဖြင့် ပင်ပန်းနွမ်းနယ်နေသည့် ပုံစံမျိုး ပေါက်နေသည်။
ကျန်းဝူကျိသည် ဒိုက်ချီစီ၏ မူလရုပ်သွင်မှာ ရှောင်ကျောက်၏ အရွယ်ရောက်ပြီးသား ပုံစံဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ရှောင်ကျောက်က ငယ်ရွယ်နုပျိုသော အလှမျိုး ဖြစ်သော်လည်း ဒိုက်ချီစီမှာမူ ရင့်ကျက်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသော အလှပိုင်ရှင် ဖြစ်သည်။
သူမ၏ အလှကို မြင်လိုက်ရသောအခါ ထိုနေရာတွင် ရှိနေသော လူအများ၊ အော့မေ့တပည့် အမျိုးသမီးများပင်လျှင် ခဏတာ မှင်တက်သွားကြပြီး ဤလောကတွင် ဤမျှ လှပသော အမျိုးသမီး ရှိနိုင်ပါ့မလားဟု တွေးတောမိကာ မိမိတို့၏ ရုပ်ရည်ကိုပင် ရှက်မိသွားကြသည်။
ကျန်းဝူကျိက "သိုင်းလောကရဲ့ အလှဆုံး အမျိုးသမီးလို့ ဘာလို့ ခေါ်ခဲ့ကြတာလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ ဒဏ်ရာတွေ၊ စိုးရိမ်မှုတွေနဲ့ ပင်ပန်းနေတာတောင် ဒီလောက် လှနေတာပဲ။ အရင်တုန်းကဆိုရင် ဘယ်လောက်တောင် လှလိုက်မလဲ" ဟု တွေးနေမိသည်။
ထိုအချိန်တွင် မင်ဂိုဏ်းသား အချို့လည်း လျှောက်လာကြသည်။
ယင်းထျန့်ကျိန်း နှင့် ဝေယိရှောက်တို့သည် စိတ်လှုပ်ရှားစွာဖြင့် "ညီမလေး... မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာသွားပြီနော်" ဟု နှုတ်ဆက်လိုက်ကြသည်။
ထိုစဉ်က ဘုရင်ကြီး လေးပါး၏ ဆက်ဆံရေးမှာ အလွန်ပင် ကောင်းမွန်ခဲ့သည်။ ဝေယိရှောက်သည် စရိုက်ထူးဆန်းသဖြင့် လူအများဖြင့် အဆင်မပြေတတ်သော်လည်း ၎င်းတို့နှင့်မူ အဆင်ပြေခဲ့သည်။ ရှောင်ကျောက်သည်လည်း မအောင့်ထားနိုင်တော့ဘဲ ရှေ့သို့ တိုးလာကာ "မေမေ" ဟု ခေါ်လိုက်သည်။
ဖန့်ယောင် တစ်ယောက်သာလျှင် မှင်တက်ကာ ရပ်နေမိပြီး သူ၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ရုပ်ရည်ကို ပြန်လည် သတိရမိကာ ရင်ထဲတွင် ဖော်ပြမရသော ခံစားချက်မျိုး ဖြစ်ပေါ်နေတော့သည်။
ဒိုက်ချီစီက အသာအယာ ဦးညွှတ်လိုက်ပြီး "အစ်ကိုကြီး ယင်း၊ အစ်ကိုလေး ဝေ... မတွေ့ရတာ ကြာပါပြီ။ အစ်ကိုတို့ ကျန်းကျန်းမာမာ ရှိနေတာ မြင်ရတော့ ကျွန်မ စိတ်အေးရပါတယ်။ ဒီနေ့လို ပုံစံမျိုးနဲ့ ဆုံတွေ့ရတာက ကျွန်မရဲ့ ဆန္ဒမဟုတ်သလို နောက်တစ်ခါ ထပ်ဆုံနိုင်ဦးမလားဆိုတာလည်း ပြောရခက်ပါတယ်" ဟု ဆိုသည်။
"ဘာလို့ ပြောရခက်ရမှာလဲ။ ပါရှားမင်ဂိုဏ်းရဲ့ ကိစ္စတွေကို စိတ်ပူနေစရာ မလိုတော့ဘူးလို့ ငါ ပြောပြီးပြီပဲ"
ကျန်းဝူကျိက လက်ကာပြလိုက်ပြီး "မင်းက ငါတို့ဂိုဏ်းရဲ့ ခရမ်းရောင်ဝတ်စုံနဲ့ နဂါးဘုရင်မပဲ။ အပြင်မှာ လှည့်လည်နေတာ ကြာပြီဆိုတော့ ပြန်လာဖို့ အချိန်တန်ပါပြီ။ မြင့်မြတ်သော မီးလျှံတံဆိပ်ပြား သိုင်းပညာတွေကို ကြောက်နေစရာ မလိုပါဘူး။ အဲ့ဒါတွေက ငါ့မျက်စိထဲမှာတော့ ဘာမှ မဟုတ်ပါဘူး။ နာမည်ဝှက်နဲ့ ပုန်းနေစရာ မလိုတော့ဘူးလေ။ မင်းရဲ့ သမီးနဲ့ တပည့်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေတာက ပိုမကောင်းဘူးလား" ဟု ပြောလိုက်သည်။
အမှန်တကယ်ပင် ကျန်းဝူကျိသည် ဒိုက်ချီစီ၏ လုပ်ရပ်အချို့ကို နားမလည်နိုင် ဖြစ်ခဲ့ရသည်။ ဟန်ချန်းယဲ့နှင့် လက်ထပ်ပြီး မင်ဂိုဏ်းမှ ထွက်ခွာခဲ့ကာ ဌာနချုပ်၏ အရေးယူမှုကို ကြောက်သဖြင့် ပုန်းနေခဲ့သည်။ တစ်ဖက်တွင်လည်း 'စကြဝဠာ ရွှေ့ပြောင်းခြင်း' သိုင်းကျမ်းကို ရယူရန် သူမ၏ သမီးအရင်းကိုပင် အသုံးချခဲ့သည့် လုပ်ရပ်မှာ အလွန်ပင် ထူးဆန်းလှသည်။
သူမသည် မာနကြီးလွန်းသလား သို့မဟုတ် စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသလား သူ မသိပေ။ သမီးအရင်း ဖြစ်စေ၊ သူငယ်ချင်းဟောင်းများ ဖြစ်စေ၊ မွေးဖခင်ကဲ့သို့ ကျေးဇူးရှိသော ရန်တိန့်ထျန်း ဖြစ်စေ သူမအတွက်မူ အသုံးချစရာ ကိရိယာများကဲ့သို့ပင် ဖြစ်နေသည်။ သူမတွင် ခံစားချက် မရှိသည် မဟုတ်သော်လည်း သူမ၏ ခံစားချက်များကသာ အရေးကြီးသည်ဟု ယူဆထားသူ ဖြစ်သည်။
ဒိုက်ချီစီသည် ကျေးဇူးတရားကို မသိတတ်ဘဲ ရက်စက်ခြင်း၊ အေးစက်ခြင်းနှင့် အတ္တကြီးခြင်းတို့ ပြည့်နှက်နေသူ ဖြစ်သည်။ ရှောင်ကျောက်ကို သိုင်းကျမ်း ခိုးခိုင်းခြင်းသည် မိန်းကလေးအတွက် မည်မျှ အန္တရာယ်ကြီးသည်ကို သိသော်လည်း သူမ လုပ်ခဲ့သည်။ မင်ဂိုဏ်းသည် ဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ တိုက်ခိုက်မှုကို ခံရစဉ်ကလည်း သူမ၏ သူငယ်ချင်းများ၊ ညီအစ်ကို မောင်နှမများ ဘာဖြစ်နေမလဲ ဆိုသည်ကို သူမ ဂရုမစိုက်ခဲ့ပေ။
အရာအားလုံးမှာ သူမ ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ နောက်ပိုင်းတွင် သူမအပေါ် အကောင်းဆုံး ဆက်ဆံခဲ့သော ရှဲ့ရွှန်း ကိုပင် လှည့်ဖြားခဲ့သည့် လုပ်ရပ်များမှာ လူသားဆန်မှု ကင်းမဲ့လွန်းလှသည်။ ဤကဲ့သို့သော လူမျိုးအတွက် ကျန်းဝူကျိသည် စကားအများကြီး ပြောချင်စိတ် မရှိပေ။ ယခုကဲ့သို့ နူးညံ့စွာ ဆက်ဆံနေခြင်းမှာ ရှောင်ကျောက်အတွက်ကြောင့်လည်းကောင်း၊ တိုက်ခိုက်ရေးသမား တစ်ဦး ရရှိရန်အတွက်လည်းကောင်း၊ ရှဲ့ရွှန်း၏ ကိစ္စအတွက်ကြောင့်လည်းကောင်း ဖြစ်ပါသည်ချေ။
သမီးနှင့် တပည့်များ၏ အနားတွင် နေထိုင်ခြင်း... ဒိုက်ချီစီ၏ မျက်လုံးများ လှုပ်ရှားသွားသည်။ အမှန်စင်စစ် သူမ အမြဲတမ်း မျှော်လင့်ခဲ့သည်မှာ ထိုကဲ့သို့သော ဘဝမျိုးပင် ဖြစ်သည်။ 'စကြဝဠာ ရွှေ့ပြောင်းခြင်း' သိုင်းကျမ်းကို ရယူပြီး ပါရှားဌာနချုပ်သို့ ပေးအပ်နိုင်လျှင် သူမသည် အရာအားလုံးမှ လွတ်မြောက်နိုင်မည်ဟု တွေးခဲ့ခြင်း ဖြစ်ပါသည်။
အခန်း (၁၅၀) ကျန်းဝူကျိ -"မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာ ရှိလား"
သို့သော် ဒိုက်ချီစီ၏ မျက်နှာရိပ်မှာ ခဏတာမျှသာ ပြောင်းလဲသွားပြီး ခေါင်းကို ပြန်ခါယမ်းလိုက်သည်။
"ဂိုဏ်းချုပ်က ဌာနချုပ်ကလူတွေ ဘယ်လောက် အင်အားကြီးလဲဆိုတာ မသိသေးလို့ပါ၊ ကျွန်မ..." သူမ စကားမဆုံးခင်မှာပင် ကျန်းဝူကျိက စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။
ကျန်းဝူကျိက အထင်သေးသည့်အမူအရာဖြင့် "ဘာတွေ အင်အားကြီးနေလို့လဲ..... ငါ့မျက်စိထဲမှာတော့ သူတို့က ကြက်တွေ၊ ခွေးတွေလောက်ပဲ အဆင့်ရှိတာ။ မင်းက အမြင်ကျဉ်းပြီး တကယ်ကို နုံအတာပဲ။ ပါရှားမင်ဂိုဏ်း သေးသေးလေး မပြောနဲ့ ပါရှားတစ်နိုင်ငံလုံးတောင် မကြာခင် ငါ ကျန်းဝူကျိရဲ့ ခြေဖဝါးအောက် ရောက်လာတော့မှာ။
ပါရှားနိုင်ငံသား အားလုံး ငါ့ရဲ့ အမိန့်ကို နာခံပြီး ဒူးထောက်ကြရလိမ့်မယ်။ မင်းက မင်ဂိုဏ်းရဲ့ ခရမ်းရောင်ဝတ်စုံနဲ့ နဂါးဘုရင်မ ဆိုတဲ့ နာမည်နဲ့တောင် မတန်ဘူး။ မင်းရဲ့ အောက်တန်းကျတဲ့ အတွေးအခေါ်နဲ့ ရူးမိုက်တဲ့လုပ်ရပ်တွေက မင်ဂိုဏ်းတစ်ခုလုံးမှာ အနိမ့်ဆုံးပဲ"
စောစောက သူ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ခြင်းမှာ ရှောင်ကျောက်၏ မျက်နှာကို ထောက်ထား၍သာ ဖြစ်သည်။ ယခုမူ ကျန်းဝူကျိသည် ထိန်းမထားနိုင်တော့ချေ။
ဒိုက်ချီစီသည် ဘာမဟုတ်သည့် ဂိုဏ်းအယူဝါဒကို ဘာကြောင့် ဤမျှ အလေးအနက်ထားနေသည်ကို သူ တကယ်ကို နားမလည်နိုင် ဖြစ်နေသည်။ ပါရှားတွင် မင်ဂိုဏ်းဆိုသည်မှာ အင်အားစုအငယ်စားလေးတစ်ခုသာ ဖြစ်သည်။ မည်မျှအထိ အင်အားကြီးနိုင်မည်နည်း။ နောက်ဆုံးတော့ မွန်ဂိုတွေဆီမှာပဲ ဒူးထောက်ခဲ့ရတာ မဟုတ်လား။
ယခု ကျန်းဝူကျိသည် ယွမ်အင်ပါယာကြီးတစ်ခုလုံးကို ဖြုတ်ချရန် အခြေအနေရောက်နေပြီဖြစ်ရာ သူ၏အမြင်တွင် ပါရှားဆိုသည်မှာ ပြိုကွဲနေသော နိုင်ငံငယ်လေးတစ်ခုသာ ဖြစ်သည်။ ထိုမျှလောက်သော ပါရှားမင်ဂိုဏ်းကို သူ ကြောက်နေစရာ လိုသလား။ ဤကိစ္စမှာ တကယ့်ကို ရယ်စရာကောင်းလှသည်။
ကျန်းဝူကျိ၏ စကားများကို ကြားလိုက်ရသောအခါ လူအများ၏ မျက်နှာရိပ်များ သိသိသာသာ ပြောင်းလဲသွားသည်။ ကျန်းဝူကျိ၏ စကားမှာ အတိုင်းအထက်အလွန် မာနကြီးလွန်းလှသည်ဟု ဆိုရမည်။
ဂိုဏ်းချုပ်ရန် အာဏာစက် ပြင်းထန်စဉ်ကပင် ပါရှားဌာနချုပ်၏ အညံ့ခံခိုင်းသည့် အမိန့်ကို လက်မခံဘဲ အာခံရန်သာ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းဝူကျိ လက်ထက်တွင်မူ ပါရှားဌာနချုပ်သာမက ပါရှားတစ်နိုင်ငံလုံးမှာပင် သူ၏ လက်ဝါးထဲသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေပြီး ထည့်တောင် မစဉ်းစားသည့် အနေအထား ဖြစ်နေသည်။
လူတိုင်း အံ့အားသင့်သွားကြသော်လည်း ပြန်စဉ်းစားကြည့်လျှင် ကျန်းဝူကျိ၌ ထိုသို့သော စွမ်းရည်မျိုး အမှန်တကယ် ရှိနေသည်။ လောကကြီးတစ်ခုလုံးကို စည်းလုံးစေနိုင်သော သူတစ်ယောက်အတွက် ပါရှားနိုင်ငံငယ်လေးကို ကိုင်တွယ်ရန်မှာ ဘာခက်ခဲမည်နည်း။
ယင်းထျန့်ကျိန်း နှင့် ဝေယိရှောက် တို့မှာမူ တည်ငြိမ်နေပြီး ကျန်းဝူကျိ၏ စကားကို အပြည့်အဝ ထောက်ခံကြသည်။ သို့သော် ယင်းလီ နှင့် ရှောင်ကျောက် တို့၏ မျက်နှာမှာမူ အနည်းငယ် အနေခက်နေသည်။ တစ်ဖက်တွင် မိမိတို့ ချစ်မြတ်နိုးရသူရှိနေပြီး အခြားတစ်ဖက်တွင် မိမိတို့၏ ဆရာ (မိခင်) ရှိနေသဖြင့် ကျန်းဝူကျိ၏ တိုက်ရိုက် ဝေဖန်မှုက ၎င်းတို့ကို စိတ်လှုပ်ရှားစေသည်။
ဒိုက်ချီစီ၏ မျက်နှာမှာလည်း ပြောင်းလဲသွားပြီး စိတ်ထဲတွင် ဝေဝါးသွားရသည်။ ခရမ်းရောင်ဝတ်စုံနှင့် နဂါးဘုရင်မ အဖြစ်ဖြစ်စေ၊ ရွှေပန်းပွင့် အဘွားအို အဖြစ်ဖြစ်စေ မည်သူကမှ သူမကို ယခုကဲ့သို့ တိုက်ရိုက် ဆဲဆိုခြင်း မပြုခဲ့ဖူးချေ။
သို့သော် ကျန်းဝူကျိ၏ ဆဲဆိုမှုကို သူမ မည်သို့မျှ မတုံ့ပြန်နိုင်ပေ။ ကျန်းဝူကျိ၏ စွမ်းဆောင်ရည်များမှာ ထင်ရှားနေသလို သူသည် အဆင့်အတန်းမြင့်မားလှသော မင်ဂိုဏ်းချုပ်လည်း ဖြစ်နေသည်။ သူ၏ သိုင်းပညာမှာလည်း သူမထက် များစွာ သာလွန်နေသဖြင့် ဒိုက်ချီစီမှာ ကျန်းဝူကျိရှေ့တွင် မာန်မတက်ရဲတော့ချေ။
ရှောင်ကျောက်သည် ဆက်မကြည့်နိုင်တော့သဖြင့် ရှေ့သို့တိုးကာ ကျန်းဝူကျိ၏ လက်ကို ကိုင်ပြီး သနားစဖွယ် ပြောလိုက်သည်။ "သခင်လေး... ကျွန်မကို ကတိပေးထားတယ်လေ..."
"စိတ်မပူပါနဲ့"
ကျန်းဝူကျိက သူမကို ပြုံးပြလိုက်ပြီးနောက် ဒိုက်ချီစီကို လှည့်၍ ပြောလိုက်သည်။ "ငါ ရှောင်ကျောက်ကို ကတိပေးထားဖူးတယ်။ မင်း ပါရှားမင်ဂိုဏ်းမှာ အပြစ်ဆေးကြောနိုင်ဖို့ 'စကြဝဠာ ရွှေ့ပြောင်းခြင်း' သိုင်းကျမ်းကို ပေးမယ်လို့ပေါ့။
ဒါပေမဲ့ ငါ့အမြင်မှာတော့ အဲ့ဒီကိစ္စက လုံးဝ မလိုအပ်ဘူး။ ဘာလို့လဲဆိုတော့ ငါက ပါရှားမင်ဂိုဏ်းကို ဘယ်တုန်းကမှ အရေးတယူ မလုပ်ခဲ့လို့ပဲ။ ဒါက ဘာမှ အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူး။ မင်းကသာ ရူးမိုက်ပြီး မလိုအပ်ဘဲ စိုးရိမ်နေတာ"
"အဲ့ဒါ တကယ်လား"
ဒိုက်ချီစီ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ကျန်းဝူကျိ၏ ကြွေးကြော်သံကြီးများကို သူမ ကိုယ်တိုင် မမြင်ဖူးသဖြင့် မငြင်းရဲသော်လည်း အပြည့်အဝ မယုံကြည်နိုင်သေးပေ။ သို့သော် ကျန်းဝူကျိက 'စကြဝဠာ ရွှေ့ပြောင်းခြင်း' သိုင်းကျမ်းကို ပေးမည်ဆိုသည့် စကားမှာမူ သူမအတွက် အမှန်တကယ် လိုအပ်နေသော အရာ ဖြစ်သည်။
ကျန်းဝူကျိက သူမ၏ အမူအရာကို မြင်လိုက်ရသောအခါ သူ စောစောက ပြောခဲ့သမျှမှာ အပိုဖြစ်သွားကြောင်း သိလိုက်ရသည်။
သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး "ငါ့စကားက ရွှေလိုပဲ၊ ဘယ်တော့မှ မလွဲစေရဘူး။ မင်းရဲ့ ပါရှားမင်ဂိုဏ်း ကိစ္စကို ငါ ဖြေရှင်းပေးနိုင်တယ်။ ဒါပေမဲ့ မင်း ငါတို့ဂိုဏ်းကို ပြန်လာပြီး ခရမ်းရောင်ဝတ်စုံနဲ့ နဂါးဘုရင်မ အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမယ်။ နောင်တစ်ချိန်မှာ ယွမ်နန်းတော်ကို တော်လှန်ပြီး ကမ္ဘာသစ် တည်ဆောက်တဲ့နေရာမှာကော၊ အနောက်ဘက်ကို နယ်မြေချဲ့ထွင်တဲ့ နေရာမှာပါ မင်း အစွမ်းကုန် ပါဝင်ရမယ်။ ရှောင်ကျောက်မှာလည်း မိခင်ရဲ့ အဖော်ပြုမှုကို လိုအပ်နေပြီ၊ မင်းရဲ့ တာဝန်တွေကို မင်း ကျေပွန်အောင် ထမ်းဆောင်သင့်တယ်"
ဒိုက်ချီစီက ခေါင်းညိတ်လိုက်သည်။ သူမသာ 'စကြဝဠာ ရွှေ့ပြောင်းခြင်း' သိုင်းကျမ်းကို ရရှိပြီး ပါရှားဌာနချုပ်သို့ ပေးအပ်ကာ သူမ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဆိုလျှင် သူမ၏ သမီးအနားတွင် နေထိုင်ရသည်မှာ ပျော်စရာကောင်းသလို မင်ဂိုဏ်းသို့ ပြန်ဝင်ရသည်မှာလည်း မဆိုးလှပေ။
သို့သော် သူမသည် ယုံကြည်ချက် အပြည့်အဝ မရှိသေးဘဲ "တကယ်ပဲ ကျွန်မကို 'စကြဝဠာ ရွှေ့ပြောင်းခြင်း' သိုင်းကျမ်းကို ပေးမှာလား။ ဒါက မင်ဂိုဏ်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမြင့်မြတ်ဆုံး သိုင်းကျမ်းလေ" ဟု မေးလိုက်သည်။
ကျန်းဝူကျိက မျက်လုံးလှန်ကြည့်ကာ "မင်း နားမကြားတာလား။ ငါ ပေးမယ်ပြောရင် ပေးမှာပေါ့။ မင်းကို လိမ်လို့ ငါ ဘာအကျိုးအမြတ် ရမှာလဲ။ အမှန်အတိုင်း ပြောရရင် ရှောင်ကျောက် အတွက်သာ မဟုတ်ရင် မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်လို့ ရတယ်။
မင်းနဲ့ စကားတွေ အများကြီး ပြောနေစရာကို မလိုတာ။ ငါ ပြောပြဦးမယ်၊ 'စကြဝဠာ ရွှေ့ပြောင်းခြင်း' က စွမ်းအားကြီးတာ မှန်ပေမဲ့ ဒီလောကမှာ ငါကလွဲလို့ ဘယ်သူမှ စတုတ္ထအဆင့်ထက် ပိုပြီး မကျင့်နိုင်ဘူး။ သူတို့ ကျင့်ရင်တောင် ငါ့ကို တစ်ကွက်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူး။ ငါ ဘာကြောက်စရာ ရှိလဲ။ သိုင်းလောကက လူအားလုံး သင်ယူရင်တောင် ငါ မကြောက်ဘူး။ အဆိုးဆုံး ဖြစ်လာရင် အကုန် သတ်ပစ်လိုက်ရုံပဲ။ ဘယ်သူက ငါ့လက်ဝါးကို တားနိုင်မှာလဲ"
ဤစကားများမှာ အလွန်ပင် မာန်ပါလှသောကြောင့် ဒိုက်ချီစီသည် စိတ်ထဲမှပင် မငြင်းရဲတော့ချေ။ အကြောင်းမှာ သူမသည် ကျန်းဝူကျိ၏ သိုင်းပညာကို ကိုယ်တိုင် မြည်းစမ်းဖူးသွားပြီ ဖြစ်သည်။ သူ အားအင်အပြည့်မတိုက်သော နှစ်ကွက်မှာပင် သူမကို သေမင်းထံ ပို့နိုင်လုနီးပါး ဖြစ်ခဲ့သည်။ ဤသိုင်းပညာမှာ အထွတ်အထိပ် ရောက်နေစဉ်က ဂိုဏ်းချုပ်ရန်ထက်ပင် များစွာ သာလွန်နေသည်။
သိုင်းလောကတစ်ခုလုံးတွင် ဝူတန်က ဆရာကြီး ကျန်းဆန်းဖုန်း ကလွဲလျှင် ကျန်းဝူကျိ၏ ပြိုင်ဘက် မည်သူရှိဦးမည်နည်း။ ထိုဆရာကြီးမှာလည်း ကျန်းဝူကျိ၏ အဖိုး ဖြစ်နေသဖြင့် ၎င်းတို့မှာ တစ်မိသားစုတည်းပင် ဖြစ်သည်။ ထို့ကြောင့် ကျန်းဝူကျိတွင် ပြိုင်ဘက်ဟူ၍ မရှိတော့ချေ။
ဒိုက်ချီစီက ခေါင်းညိတ်ကာ "အဲ့ဒီလိုဆိုရင်တော့ ဂိုဏ်းချုပ်ရဲ့ အစီအစဉ်အတိုင်း ကျွန်မ နာခံပါ့မယ်" ဟု ပြောလိုက်သည်။
ကျန်းဝူကျိက တည်ငြိမ်စွာ မေးလိုက်သည်။ "အခု မင်း ငါ့ကို ဘယ်လို ခေါ်ရမလဲ"
ဒိုက်ချီစီမှာ မှင်တက်သွားပြီးနောက် ရိုရိုသေသေဖြင့် "ဟုတ်ကဲ့ပါ.....လက်အောက်ငယ်သားက မင်ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်" ဟု ခေါ်ဆိုလိုက်သည်။
"အင်း... အဲ့ဒါမှ ဟုတ်တာပေါ့"
ဒိုက်ချီစီ လက်လျှော့သွားသဖြင့် ကျန်းဝူကျိ ကျေနပ်သွားသည်။ ဒိုက်ချီစီသည် မာနကြီးသူ ဖြစ်သဖြင့် အခြားသူများကို အလွယ်တကူ အညံ့မခံတတ်သော်လည်း ယခုမူ သူမတွင် ရွေးချယ်စရာ မရှိတော့ချေ။ ပထမအချက်မှာ သူမ၏ သိုင်းပညာက နိမ့်ကျနေသည်။ ဒုတိယအချက်မှာ ကျန်းဝူကျိက သိုင်းကျမ်းကို ပိုင်ဆိုင်ထားသည်။ တတိယအချက်မှာ မင်ဂိုဏ်းသည် ကျန်းဝူကျိ လက်ထက်တွင် ပြန်လည် စည်ပင်လာပြီး သူသည် သိုင်းလောက မဟာမိတ်ခေါင်းဆောင်ပင် ဖြစ်နေသည်။
ဤမျှသော အောင်မြင်မှုများ ရှိနေသဖြင့် ဒိုက်ချီစီအနေဖြင့် ကျန်းဝူကျိကို မလေးစားဘဲ မနေနိုင်တော့ချေ။ အခြားသော မင်ဂိုဏ်းသားများလည်း ဝမ်းသာသွားကြသည်။ နဂါးဘုရင်မ ပြန်ရောက်လာခြင်းမှာ ဂိုဏ်းအတွက် ပညာရှင်တစ်ဦး တိုးလာခြင်းပင် ဖြစ်သည်။
ကျန်းဝူကျိက ဒိုက်ချီစီကို ကြည့်ကာ "မင်း ငါ့ကို ပြောစရာ တစ်ခုခု ကျန်သေးလား" ဟု မေးလိုက်သည်။
“ဟင်....နောက်ထပ် တစ်ခုခုလား”
ကျန်ရှိနေသော လူများလည်း ဒိုက်ချီစီကို ကြည့်ကာ ဘာဖြစ်နိုင်မည်နည်းဟု စဉ်းစားနေကြသည်။ ဒိုက်ချီစီမှာလည်း အံ့အားသင့်သွားပြီး "ရှဲ့ရွှန်း အကြောင်းများ သိနေတာလား" ဟု တွေးမိသွားသည်။ သို့သော် ဤကိစ္စကို မည်သူမျှ မသိနိုင်ကြောင်း သူမ သေချာနေသည်။
သူမ၏ မျက်လုံးများ ကစားသွားပြီးနောက် "အရင်တုန်းက လက်အောက်ငယ်သားဟာ လိပ်ပြာကျွန်း မှာ ဂိုဏ်းချုပ်ကို လိမ်ခဲ့ဖူးပါတယ်။ အဲ့ဒါက တကယ်ကို အပြစ်ကြီးပါတယ်၊ လက်အောက်ငယ်သား အပြစ်ပေးတာကို ခံယူဖို့ အသင့်ပါပဲ" ဟု ဆိုလိုက်သည်။
“လိပ်ပြာကျွန်း မှာ လိမ်ခဲ့တယ်.....” ယင်းထျန့်ကျိန်း နှင့် အခြားလူများမှာ သိချင်စိတ် ပြင်းပြသွားကြသည်။ ၎င်းတို့ မသိခဲ့သော ဘာကိစ္စများ ရှိနေသနည်း။
ကျန်းဝူကျိက အေးစက်စွာ ပြောလိုက်သည်။ "အဲ့ဒီကိစ္စ မဟုတ်ဘူး"
ဒိုက်ချီစီက ထပ်မံ ဦးညွှတ်ကာ "ဟူချင်းနျူ နဲ့ သူ့ဇနီးဟာ ဂိုဏ်းချုပ်ကို ပညာသင်ပေးခဲ့ဖူးပေမဲ့ လက်အောက်ငယ်သားက ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သူတို့ကို သတ်ခဲ့ပါတယ်။ အဲ့ဒါက ဂိုဏ်းချုပ်ကို စိတ်ပျက်အောင် လုပ်ခဲ့တာပါ"
ကျန်းဝူကျိက ခေါင်းခါပြကာ "အဲ့ဒါလည်း မဟုတ်ဘူး။ ငါတို့ဂိုဏ်းရဲ့ အခြားသော အစောင့်အရှောက် ဘုရင်တစ်ဦးနဲ့ ပတ်သက်နေတာ။ မင်း ငါ့ကို ဖုံးကွယ်ထားတုန်းပဲလား။ ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်။ ရှောင်ကျောက်ရဲ့ မျက်နှာကို မထောက်ထားဘဲ ငါ့ကို ရန်သူလို ဖြစ်အောင် မလုပ်ပါနဲ့"
သူ၏ နောက်ဆုံး စကားလုံးများမှာ အလွန်ပင် လေးနက်သွားသည်။ ဒိုက်ချီစီ၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး "တကယ်ပဲ ရှဲ့ရွှန်း အကြောင်းကို သူ သိနေတာလား။ ဒါပေမဲ့ ငါ ဒါကို ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး" ဟု တွေးကာ ထိတ်လန့်သွားရတော့သည်။