← Chapters

အခန်း (၁၆၁-၁၆၅)

Vol. 17 Ch. 161-165

အခန်း (၁၆၁-၁၆၅)

Vol. 17 Ch. 161-165

အခန်း (၁၆၁) နဂါးအမြီးရိုက်ခတ်ခြင်း သိုင်းကွက်ဖြင့် သံတမန်သုံးဦးအား နှိမ်နင်းခြင်း

“သြော် ”

“ ဟုတ်သားပဲ.....စောစောက စကားပြောကောင်းနေတာနဲ့ ဒီလူသုံးယောက်ကို မေ့သွားတယ် “ ဟု ကျန်းဝူကျိ တွေးလိုက်မိသည်။

ကျန်းဝူကျိနှင့် ကျန်လူများက လှမ်းကြည့်လိုက်ကြရာ ထိုသူသုံးဦးစလုံး ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကြသည်ကို တွေ့ရသည်။ ၎င်းတို့သည် မျက်နှာကို အဝတ်ဖြင့် ဖုံးအုပ်ထားသဖြင့် မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ဒေါသထွက်လွန်း၍ မျက်လုံးများပင် နီရဲ နေမည်မှာ အသေအချာပင် ဖြစ်သည်။

သူတို့အား လျစ်လျူရှုထားမိခြင်းမှာ ကျန်းဝူကျိက အရေးမပါသလို သဘောထားခြင်းကြောင့်ဖြစ်ပြီး ထိုသို့သာမဟုတ်ပါက ဤမျှကြာအောင် မေ့ထားလိမ့်မည်မဟုတ်ချေ။

"မင်းတို့ပြောပုံအရဆိုရင် အားလုံးက မင်ဂိုဏ်းသားတွေပဲ မဟုတ်လား၊ ဒါဆို ဘာလို့ သန့်စင်တဲ့ မီးလျှံအမိန့်တော်ပြားကို မြင်တာတောင် ဒူးမထောက်ကြတာလဲ ..... မင်းတို့က ဂိုဏ်းကို သစ္စာဖောက်ဖို့ ကြံစည်နေတာလား" ဟု မြောင်ဖုန်းသံတမန်က လေသံမာမာဖြင့် ပြောဆိုလိုက်သည်။

အမှန်စင်စစ် ၎င်းတို့၏ တရုတ်စကားပြောစွမ်းရည်မှာ မကျွမ်းကျင်လှပေ။ ၎င်းတို့သည် ကျန်းဝူကျိနှင့် ကျန်လူများ စကားပြောနေသည်ကို ခဏတာ ငြိမ်ကြည့်နေခြင်းမှာ အခြေအနေကို နားလည်ရန် ချောင်းမြောင်း နားထောင်နေရခြင်းကြောင့် ဖြစ်သည်။

ထိုသူတို့၏ တရုတ်စကားမှာ ညံ့လွန်းသဖြင့် မင်ဂိုဏ်း၊ အစောင့်အရှောက်ဘုရင်လေးပါး နှင့် ဘယ်လက်ရုံးသံတမန် စသည့် စကားလုံးအချို့ကိုသာ နားလည်လိုက်သည်။ တိကျသော အဓိပ္ပာယ်ကို မဖော်ဆောင်နိုင်သော်လည်း ဤလူအများစုမှာ အလယ်ပိုင်းဒေသ မင်ဂိုဏ်းမှ ဖြစ်ကြောင်း ခန့်မှန်းမိသွားကြပြီး ထိုအခါမှသာ အာဏာပြလာခြင်းဖြစ်ပေသည်။

ရန်ရှောင်နှင့် ကျန်လူများမှာ ထူးဆန်းသော အမူအရာများဖြင့် ကျန်းဝူကျိကို ကြည့်လိုက်ကြသည်။

ကျန်းဝူကျိက ရှေ့သို့တစ်လှမ်းတိုးကာ ပြုံး၍ ပြောလိုက်သည်မှာ "ငါက ကျန်းဝူကျိ ၊ အခု အလယ်ပိုင်းဒေသ မင်ဂိုဏ်းရဲ့ ၃၄ ဆက်မြောက် ဂိုဏ်းချုပ်ပဲ၊ မင်းတို့ သံတမန်သုံးပါးက ဘယ်ကလာတာလဲ၊ ပြီးတော့ ငါတို့ဂိုဏ်းရဲ့ သန့်စင်တဲ့မီးလျှံအမိန့်တော်ပြားကို ဘယ်ကနေ ရလာတာလဲ" ဟူ၍ ဖြစ်သည်။

"မင်းက အလယ်ပိုင်းဒေသ မင်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်လား" ဟု ပါရှားသံတမန်သုံးဦးမှာ အနည်းငယ် အံ့အားသင့်သွားပုံရပြီး ဤမျှငယ်ရွယ်သော လူငယ်လေးက အလယ်ပိုင်းဒေသ မင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားကြပေ။

လျိုယွမ်သံတမန်က "မင်းက လက်ရှိဂိုဏ်းချုပ်ဆိုရင် မင်ဂိုဏ်း ဘယ်က စတင်ဆင်းသက် လာသလဲ ဆိုတာ သိသင့်တယ်" ဟု ပြောသည်။

ကျန်းဝူကျိက "မင်ဂိုဏ်းဟာ ပါရှားကနေ ဆင်းသက်လာတာ မှန်ပါတယ်၊ ဒါပေမဲ့ ပါရှားမင်ဂိုဏ်းဟာ အထက်ကနေ အောက်အထိ အသုံးမကျတဲ့ အမှိုက်တွေပဲ၊ မွန်ဂိုတွေထံမှာ အညံ့ခံလိုက်ပြီးကတည်းက အလယ်ပိုင်းဒေသ မင်ဂိုဏ်းနဲ့ ဘာမှမပတ်သက်တော့ဘူး" ဟု ဆိုလိုက်သည်။

"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ" ဟု လျိုယွမ်သံတမန်က ကြိမ်းမောင်းလိုက်ပြီးနောက် "မင်ဂိုဏ်းဟာ ပါရှားကနေ မြစ်ဖျားခံခဲ့တာ၊ အလယ်ပိုင်းဒေသ မင်ဂိုဏ်းဆိုတာ ဂိုဏ်းခွဲတစ်ခုပဲ ဖြစ်လို့ ဌာနချုပ်ရဲ့ အမိန့်ကို နာခံရမယ်၊ ငါတို့သုံးယောက်ဟာ ပါရှားဌာနချုပ်က လျိုယွမ်သံတမန်၊ မြောင်ဖုန်းသံတမန်နဲ့ ဟွေ့ယွဲ့သံတမန်တို့ ဖြစ်တယ် ၊ ငါတို့ကို ဌာနချုပ်ဂိုဏ်းချုပ်က ပါရှားကနေ အလယ်ပိုင်းဒေသကို အထူးစေလွှတ်လိုက်တာပဲ" ဟု ဆက်ပြောသည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဝူကျိမှအပ ကျန်ရှိနေသူအားလုံး ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားကြသည်။ ဒိုက်ချီစီ၏ စကားများကို စောစောက ကြားခဲ့ရသော်လည်း ကိုယ်တိုင်ကိုယ်ကျ ထပ်မံကြားလိုက်ရသည့်အခါ အံ့ဩမိကြဆဲပင်။

မြောင်ဖုန်းသံတမန်က ဆက်လက်ပြောကြားသည်မှာ "ငါတို့ ဂိုဏ်းချုပ်ဆီကို အလယ်ပိုင်းဒေသ မင်ဂိုဏ်းချုပ် ပျောက်ဆုံးနေပြီး ဂိုဏ်းသားတွေ အချင်းချင်း သတ်ဖြတ်နေကြတယ်ဆိုတဲ့ သတင်းရောက်လာတယ်၊ ဒါကြောင့် ဂိုဏ်းချုပ်က သနားကရုဏာစိတ်နဲ့ အခြေအနေကို ထိန်းသိမ်းဖို့ သန့်စင်တဲ့မီးလျှံအမိန့်တော်ပြားကို ကိုင်ဆောင်ထားတဲ့ ငါတို့သုံးယောက်ကို စေလွှတ်လိုက်တာပဲ၊ အလယ်ပိုင်းဒေသ မင်ဂိုဏ်းသားအားလုံး ငါတို့ရဲ့အမိန့်ကို မပျက်မကွက် နာခံရမယ်" ဟူ၍ ဖြစ်သည်။

လေသံမှာ ချောချောမွေ့မွေ့ မဟုတ်သော်လည်း စကားလုံးများမှာ ရှင်းလင်းလှသည်။ လူအများမှာ အနည်းငယ် အံ့ဩသွားကြပြီး ၎င်းတို့ ရောက်ရှိလာခြင်းသည် အကောင်းလား၊ အဆိုးလား ဆိုသည်ကို မသေမချာဖြစ်နေကြသည်။ အကယ်၍ ၎င်းတို့က အခြေအနေကို ထိန်းသိမ်းရန် လာရောက်ခြင်း မှန်ပါက အစောပိုင်းက ဘာကြောင့် ရှဲ့ရွှန်းကို အတင်းအကြပ် ဒူးထောက်ခိုင်းပြီး တိုက်ခိုက်ရန် ကြံစည်ခဲ့သနည်းဟု တွေးတောနေကြသည်။

လူအများ၏ မျက်နှာများမှာ ဝေခွဲမရ ဖြစ်နေသော်လည်း ကျန်းဝူကျိကမူ ၎င်းတို့၏ စကားကို အလေးမထားပေ။

ကျန်းဝူကျိက အေးအေးဆေးဆေးပင် "အလယ်ပိုင်းဒေသ မင်ဂိုဏ်းဟာ အခုဆိုရင် စည်းလုံးညီညွတ် နေပြီဖြစ်သလို ပြန်လည်ပြီးတော့လည်း အင်အားကြီးထွားနေပြီ၊ ငါကိုယ်တိုင်လည်း အလယ်ပိုင်းဒေသ သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင် ဖြစ်လာခဲ့ပြီ၊ ငါတို့အနေနဲ့ အညံ့ခံထားတဲ့ ဌာနချုပ်က အမှိုက်တွေဆီက ညွှန်ကြားချက်တွေကို မလိုအပ်ဘူး၊ ဒါပေမဲ့ မင်းတို့ ရောက်လာတာလည်း အဆင်ပြေတာပဲ၊ သန့်စင်တဲ့မီးလျှံအမိန့်တော်ပြားဟာ ငါတို့ အလယ်ပိုင်းဒေသ မင်ဂိုဏ်းရဲ့ မြင့်မြတ်တဲ့ အမွေအနှစ်ဖြစ်ပြီး ပါရှားမင်ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး၊ ဒါကြောင့် အဲဒါကို ပြန်ပေးခဲ့ပါ" ဟူ၍ ဖြစ်သည်။

သူ၏ စကားလုံးများမှာ လုံးဝ မောက်မာလွန်းလှသည်။ မင်ဂိုဏ်းသားများမှာမူ ကျန်းဝူကျိ၏ အစဥ်အလာများကို ဂရုမစိုက်တတ်သော ပုံစံကို နေသားကျနေပြီဖြစ်သဖြင့် တည်ငြိမ်နေကြသည်။

ပါရှားသံတမန်သုံးဦးမှာမူ ဒေါသအလိပ်လိပ် ထွက်သွားကြသည်။ စကားများများစားစား မပြောတော့ဘဲ သုံးဦးစလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားကာ ကျန်းဝူကျိထံသို့ တိုက်ရိုက် ပြေးဝင်လာကြသည်။ ၎င်းတို့သုံးဦးစလုံးသည် လက်ဝဲလက်များကို တစ်ပြိုင်နက် ဆန့်ထုတ်ကာ ကျန်းဝူကျိ၏ ခန္ဓာကိုယ်ကို လှမ်းဖမ်းလိုက်ကြသည်။ ၎င်းတို့၏ ကိုယ်ဖော့ပညာမှာ မြန်ဆန်လှပြီး တိုက်ကွက်များမှာလည်း အလွန်ထူးဆန်းပြီး ကောက်ကျစ်လှပေသည်။

သို့သော် ကျန်းဝူကျိကမူ အလျင်စလိုမရှိပေ။ ရန်သူက မည်မျှပင် သန်မာပါစေ၊ မည်မျှပင် ကောက်ကျစ်ပါစေ၊ မိမိ၏ အတွင်းအားမှာ လုံလောက်လှပေသည်။

သူသည် ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို စုစည်းလိုက်ပြီးနောက် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထဲမှ နဂါးနှစ်ကောင် ရေကစားခြင်း သိုင်းကွက်ဖြင့် လက်ဝါးနှစ်ဖက်လုံးကို တွန်းထုတ်ကာ ထိုသုံးဦးအား တိုက်ခိုက်လိုက်သည်။ ၎င်းတို့၏ ခြေလှမ်းများမှာ အလွန်ထူးဆန်းနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ခဏချင်းအတွင်းမှာပင် ၎င်းတို့သည် ကျန်းဝူကျိ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားကြသည်။ ထို့နောက် ကျန်းဝူကျိ၏ အင်္ကျီစကို ဖမ်းဆွဲရန် လက်လှမ်းလိုက်ကြသည်။

သို့သော် ကျန်းဝူကျိက ဤအခြေအနေကို ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ ဤ နဂါးနှစ်ကောင် ရေကစားခြင်း သိုင်းကွက်မှာ လှည့်ကွက်သာ ဖြစ်ပေသည်။ ထိုသုံးဦး ကျန်းဝူကျိ၏ နောက်ကျောသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းဝူကျိက ကိုယ်ကိုလှည့်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ထိုတိုက်ကွက်မှာ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထဲမှ နဂါးအမြီးရိုက်ခတ်ခြင်း သိုင်းကွက်ပင် ဖြစ်သည်။ ဤတိုက်ကွက်သည် အလွန်အစွမ်းထက်ပြီး လျင်မြန်မှုတွင်လည်း ပြိုင်ဘက်ကင်းလှသည်။ ပါရှားသံတမန်သုံးဦး၏ ကိုယ်ဖော့ပညာ မည်မျှပင် မြန်ဆန်ပါစေ၊ ကြိုတင်ပြင်ဆင်ထားသော ဤလက်ဝါးရိုက်ချက်မှ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သုံးဦးစလုံး ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် ကျန်းဝူကျိ၏ လက်ဝါးအားကို ပူးပေါင်းကာ ခုခံလိုက်ကြသည်။ သို့သော် ၎င်းတို့၏ သန့်စင်သောမီးလျှံအမိန့်တော်ပြား သိုင်းပညာမှာ မိစ္ဆာလမ်းစဉ်၏ အထွတ်အထိပ်မျှသာ ရှိသေးသည်။ သိုင်းပညာသက်သက်ဖြင့် ကြည့်မည်ဆိုပါက ကျန်းဝူကျိကို များစွာ မယှဉ်နိုင်သည့်အပြင် ကျယ်ပြန့်ပြီး အရာရာကို ရင်ဆိုင်နိုင်စွမ်းရှိသော နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကို ပို၍ပင် ယှဉ်နိုင်စွမ်းမရှိပေ။

၎င်းတို့၏ လက်ဝါးအားနှင့် ကျန်းဝူကျိ၏ နဂါးအမြီးရိုက်ခတ်ခြင်း သိုင်းကွက်တို့ ထိပ်တိုက်တွေ့ဆုံ သွားကြသည်။ ဗုန်းခနဲ အသံနှင့်အတူ ထိုသုံးဦးမှာ ဟန်ချက်ပျက်ကာ လွင့်ထွက်သွားပြီး နောက်သို့ ခြေဆယ်လှမ်းကျော်ခန့် ဆုတ်ခွာသွားရသည်။ အနီးရှိ သစ်ပင်တစ်ပင်နှင့် တိုက်မိသွားမှသာ ရပ်တန့်သွားပြီး သစ်ပင်ပေါ်မှ သစ်ရွက်များမှာလည်း မိုးပေါက်များကဲ့သို့ တဖွဲဖွဲ ကြွေကျလာလေသည်။

ဤလျှပ်တစ်ပြက် တိုက်ကိုက်မှုကို မြင်လိုက်ရသည့်အခါ ကျန်လူများမှာ ခဏတာ မှင်တက် သွားကြသည်။ ရန်ရှောင်နှင့် ဖန့်ယောင်တို့ကဲ့သို့ သိုင်းပညာ မြင့်မားသူများပင်လျှင် ဤမြင်ကွင်းကို ကြည့်ပြီး ကြက်သီးထမိကြသည်။ ပါရှားသံတမန်သုံးဦး၏ စောစောက ကိုယ်ဖော့ပညာနှင့် တိုက်ကွက်များမှာ အလွန်ထူးဆန်းလှသဖြင့် ပြန်လည်တိုက်ခိုက်ရန် အားနည်းချက် ရှာမရနိုင်လောက်အောင်ပင် ဖြစ်သည်။

အကယ်၍ မိမိတို့သာ ဂိုဏ်းချုပ်၏ နေရာတွင် ရှိနေပါက ထိုသုံးဦး၏ ဖမ်းဆွဲခြင်းကို ခံရကာ လွင့်ထွက်သွားလောက်ပြီဟု တွေးတောမိကြသည်။ ပြင်းထန်သော ဒဏ်ရာမရရှိခဲ့လျှင်တောင်မှ အလွန်အရှက်ရဖွယ် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုသုံးဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပင် ပြည့်စုံလွန်းလှသည်။ အကယ်၍ ဂိုဏ်းချုပ်၏ နတ်ဘုရားအဆင့်နှင့်တူသော သိုင်းပညာသာ မရှိပါက မည်သို့ ခုခံနိုင်ပါမည်နည်း။

ဤပါရှားသံတမန်သုံးဦးသည် သိုင်းပညာသက်သက်ဖြင့် တစ်ဦးချင်း ယှဉ်ပြိုင်မည်ဆိုပါက ရှောင်ယောင် နတ်သားနှစ်ပါး ကိုပင် မယှဉ်နိုင်ပေ။ အလွန်ဆုံးမှ ကျိုးတျန်တို့ကဲ့သို့ လူငါးဦးထက် အနည်းငယ် ပိုသန်မာပြီး အစောင့်အရှောက်ဘုရင်လေးပါးကိုပင် မမီကြပေ။

သို့သော် အလွန်ထူးဆန်းပြီး ခန့်မှန်းရန်ခက်ခဲသော သိုင်းကွက်များနှင့် အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်မှုများကြောင့် ၎င်းတို့ကို မည်သို့ တုံ့ပြန်ရမည်ကို မသိနိုင်အောင် ဖြစ်ရသည်။ ရှောင်ယောင် နတ်သားနှစ်ပါး ကိုယ်တိုင် တိုက်ခိုက်လျှင်ပင် များစွာ ခေါင်းခဲရမည့် အခြေအနေမျိုး ဖြစ်ပေသည်။

ဒိုက်ချီစီ၏ မျက်နှာမှာ ပို၍ပင် တည်ကြည်လေးနက်နေသည်။ သူမ၏ သိုင်းပညာမှာ ရန်ရှောင်နှင့် ဖန့်ယောင်တို့ကို မမီသလို ကျန်းဝူကျိနှင့်ဆိုလျှင် ပို၍ပင် ဝေးကွာလှသည်ကို သူမ သိသည်။ အကယ်၍ စောစောက သူမသာ တိုက်ခိုက်ခဲ့ပါက ပါရှားသံတမန်သုံးဦး၏ အနိုင်ယူခြင်းကို ခံရသည်မှာ ကြာလှပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူမ၏ ရင်ထဲ၌ ထိတ်လန့်နေသော်လည်း တစ်ဖက်တွင်လည်း ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

သူမ၏ လောင်းကြေးမှာ မှန်ကန်သွားပြီဟု ခံစားရသည်။ ကျန်းဝူကျိ၏ သိုင်းပညာမှာ အမှန်တကယ်ပင် အစွမ်းထက်လှပြီး ကြောက်မက်ဖွယ်ကောင်းသော ပါရှားသံတမန်သုံးဦးကိုပင် လက်ဝါး တစ်ချက် တည်းဖြင့် လွင့်ထွက်သွားစေခဲ့သည်။ သူမအနေဖြင့် နောက်ဆုံးတွင် လုံခြုံမှုရှိသည်ဟု ခံစားလိုက်ရသည်။

ထို့အပြင် ရှောင်ယောင်နတ်သားနှစ်ပါး နှင့် အခြားသော အစောင့်အရှောက်ဘုရင် သုံးပါး၊ ကျိုးတျန်တို့ ငါးဦးနှင့် အခြားသော မင်ဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များ အားလုံး ရှိနေကြသည်မဟုတ်ပါလား။ သူမအနေဖြင့် ဌာနချုပ်မှ ကျွမ်းကျင်သူများကို ကြောက်ရွံ့နေရန် မလိုတော့ပေ။

ထိုအချိန်တွင် ပါရှားသံတမန်သုံးဦးမှာ အနည်းငယ် အထိနာကာ ပြန်ထွက်လာကြသည်။ ကျန်းဝူကျိက ထိုလက်ဝါးရိုက်ချက်တွင် သူ၏ အစွမ်းကုန်ကို အသုံးမပြုခဲ့သော်လည်း သူ၏ လက်ရှိ အင်အားအရ ပြိုင်ဘက်အနေဖြင့် ထိုရိုက်ချက်ကို ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။ ထိုသုံးဦးမှာ အသက်ဘေးမှ လွတ်မြောက် ခဲ့သော်လည်း အတွင်းဒဏ်ရာရရှိခြင်းနှင့် လက်မောင်းများ ထုံကျင်သွားခြင်းကိုမူ မရှောင်လွှဲ နိုင်ခဲ့ကြပေ။

စောစောက အလွန်ပင် မာနထောင်လွှားနေခဲ့သော ပါရှားသံတမန်သုံးဦးမှာ ယခုအခါ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေသည်ကို လူအများက ကြည့်နေကြသည်။ ၎င်းတို့၏ ဝတ်ရုံဖြူများပေါ်တွင် သွေးများစွန်းနေပြီး မျက်နှာကို ဖုံးအုပ်ထားသော အဝတ်ဖြူ များမှာလည်း ပြဲထွက်သွားသဖြင့် ၎င်းတို့၏ ရုပ်သွင်အစစ်အမှန်များ ပေါ်လာလေသည်။ ၎င်းတို့၏ နှုတ်ခမ်းထောင့်များတွင် သွေးစများ ရှိနေသည်ကို အားလုံးက မြင်တွေ့ရသဖြင့် ပြင်းထန်သော ဒဏ်ရာရရှိထားကြောင်း သိသာလှပေသည်။

ထိုသူသုံးဦး၏ ရုပ်ရည်မှာ အမှန်တကယ်ပင် ထူးခြားကြလေသည်။

၎င်းတို့မှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ တစ်ဦးမှာ ရွှေရောင်မုတ်ဆိတ်နှင့် သိန်းငှက်နှာခေါင်း ရှိပြီး အခြားတစ်ဦးမှာ စိမ်းရောင်မျက်လုံးနှင့် ပါးသိုင်းမွှေးများ ရှိရာ ပါရှားဒေသခံ အမျိုးသားများဖြစ်ကြောင်း ထင်ရှားလှပေသည်။

သို့သော် ဟွေ့ယွဲ့သံတမန်မှာမူ မတူညီပေ။ သူမသည် ဟန်လူမျိုးများကဲ့သို့ပင် နက်မှောင်သော ဆံပင်ရှိသော်လည်း သူမ၏ မျက်လုံးများမှာ အရောင်မရှိသလောက်ပင် လင်းလက်နေသည်။ သူမသည် ဘဲဥပုံ မျက်နှာရှည်ရှိပြီး အသက်သုံးဆယ်ခန့်ရှိကာ အလွန်ပင် လှပသည်။ ဒိုက်ချီစီကဲ့သို့ပင် သူမသည်လည်း ကပြားတစ်ဦး ဖြစ်နိုင်ပေသည်။

အခန်း (၁၆၂) သန့်စင်သောမီးလျှံအမိန့်တော်ပြားကို ပြန်လည်သိမ်းယူခြင်း

ကျန်းဝူကျိသည် ကြည့်နေရင်း အသာအယာ ခေါင်းညိတ်လိုက်မိသည်။ ဟွေ့ယွဲ့သံတမန်သည် ဒိုက်ချီစီလောက် မလှပသော်လည်း ခုနစ်ပုံ ရှစ်ပုံခန့်တော့ မှီပေသည်။ သို့သော် သူမ၏ မျက်လုံးများမှာ အရောင်အဆင်း ကင်းမဲ့နေသဖြင့် ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေချေသည်။

ထိုအခိုက်တွင် ပါရှားသံတမန်သုံးဦးသည် ကျန်းဝူကျိကို အလွန်အမင်း ကြောက်လန့်တကြား ကြည့်နေကြသည်။

မူလက ၎င်းတို့သုံးဦး ပူးပေါင်းပြီး ဂိုဏ်းချုပ်ကျန်းကို ပညာပေးလိုက်လျှင် ကျန်သည့်သူများမှာလည်း ၎င်းတို့၏ဂိုဏ်းချုပ် ရှုံးနိမ့်သွားသည်ကို မြင်ပြီး ကြောက်ရွံ့ရိုသေလာမည်ဟု တွေးထားခဲ့ကြသည်။ ထိုသို့ဖြင့် မိမိတို့၏ အရှိန်အဝါကို တည်ဆောက်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ၎င်းတို့ မမျှော်လင့်ထားသည်မှာ မိမိကိုယ်ကိုယ် အထင်ကြီးမိသွားခြင်းပင် ဖြစ်သည်။ အင်အားတစ်ခုတည်းဖြင့် အရာရာကို ချေမှုန်းနိုင်သည့် ကျန်းဝူကျိနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့၏ သန့်စင်သောမီးလျှံအမိန့်တော်ပြား သိုင်းပညာမှာ အသုံးမဝင်လှချေ။

၎င်းတို့၏ နွမ်းလျလှသော ပုံစံဖြင့် တစ်ဦးကိုတစ်ဦး တွဲကူကာ ထူမနေကြသည်ကို မြင်သောအခါ ကျန်းဝူကျိသည် ပြုံးလျက် လျှောက်သွားလိုက်သည်။

ကျန်းဝူကျိ အနားသို့ လာနေသည်ကို မြင်လျှင် ပါရှားသံတမန်သုံးဦး၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာပြီး "ရပ်လိုက်တော့" ဟု အော်ဟစ်လိုက်ကြသည်။

ကျန်းဝူကျိက တည်ငြိမ်စွာပင် "ဘာလို့ ရပ်ရမှာလဲ၊ စောစောက ငါ့ကို တိုက်ချင်နေကြတာ မဟုတ်လား၊ အခုကျတော့မှ မခုခံနိုင်တော့လို့ ရပ်ခိုင်းတာလား" ဟု ဆိုလိုက်သည်။

ဟွေ့ယွဲ့သံတမန်က "ငါတို့ အေးအေးဆေးဆေး စကားပြောကြရအောင်၊ ငါတို့အားလုံးက မင်ဂိုဏ်းသားတွေပဲလေ၊ အချင်းချင်း မတိုက်ခိုက်သင့်ဘူး" ဟု အော်ပြောလိုက်သည်။

ကျန်းဝူကျိက နှာခေါင်းရှုံ့လိုက်ပြီး "အရင် စတိုက်တာလည်း မင်းတို့ပဲ၊ အခုကျမှ အချင်းချင်း မတိုက်သင့်ဘူး ပြောနေတာလား၊ မင်းတို့ကတော့ တကယ်ကို အင်အားကြီးရင် ကြောက်ပြီး စကားကောင်းပြောရင်တော့ နားမလည်တဲ့ လူရိုင်းတွေပဲ" ဟု လှောင်ပြောင်လိုက်သည်။

ကျန်းဝူကျိ၏ စကားကြောင့် ပါရှားသံတမန်သုံးဦးမှာ ဒေါသကြောင့် မျက်နှာများ နီမြန်းသွားကြသည်။ သို့သော် ကျန်းဝူကျိ၏ သိုင်းပညာကို ခုလေးတင် မြည်းစမ်းထားရပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း ပြင်းထန်စွာ နာကျင်နေသဖြင့် ဒဏ်ရာမှာ မသေးလှချေ။ ထို့ကြောင့် ကျန်းဝူကျိ ရှေ့တွင် မာန်တက်ရန် မဝံ့တော့ဘဲ ဒေါသကိုသာ မျိုသိပ်ထားရတော့သည်။

ကျန်းဝူကျိသည် စကားအများကြီး ပြောမနေတော့ဘဲ "သန့်စင်တဲ့မီးလျှံအမိန့်တော်ပြားကို ပြန်ပေးပြီး လာရာလမ်းအတိုင်း ပြန်ကြတော့၊ ငါက မင်းတို့လို လူမျိုးတွေနဲ့ အချိန်ဖြုန်းဖို့ စိတ်မဝင်စားဘူး" ဟု အေးစက်စွာ ပြောလိုက်သည်။

ပါရှားသံတမန်သုံးဦးသည် နာကြည်းစွာဖြင့် အံကြိတ်ထားကြသော်လည်း ကျန်းဝူကျိကို အလွန်အမင်း ကြောက်လန့်သွားကြပြီ ဖြစ်သည်။ ဤလူသည် လက်ဝါးတစ်ချက်တည်းဖြင့် ၎င်းတို့သုံးဦးကို အထိနာအောင် လုပ်နိုင်သဖြင့် လုံးဝ မယှဉ်နိုင်ကြောင်း သိသွားကြသည်။ ထို့ကြောင့် ဒေါသတကြီးဖြင့်သာ အော်ဟစ်နိုင်တော့သည်။

"အလယ်ပိုင်းဒေသ မင်ဂိုဏ်းက ပါရှားဌာနချုပ်ရဲ့ လက်အောက်ခံပဲ၊ မင်းက ဒီလောက် ရိုင်းစိုင်းနေတာ၊ အထက်တန်းကျတဲ့ လူတစ်ယောက်ရဲ့ သိက္ခာ လုံးဝ မရှိဘူး"

ဟွေ့ယွဲ့သံတမန်သည် ကျန်းဝူကျိကို အလွန်အမင်း ဒေါသထွက်နေသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။

ကျန်းဝူကျိသည် ထိုသို့သော အကျပ်ကိုင်စကားများကို ဂရုမစိုက်သည့်အပြင် လှောင်ပြောင်သည့် အမူအရာဖြင့်ပင် ကြည့်နေသေးသည်။

"ငါက ရိုင်းတာလား၊ မင်းတို့က ရိုင်းတာလား၊ အရင်ဆုံး ပြောပြရရင် ငါတို့ဂိုဏ်းက မင်းတို့ပြောတဲ့ ဌာနချုပ်ဆိုတာကို အသိအမှတ်မပြုတာ ကြာလှပြီ၊ မင်းတို့အားလုံးက မွန်ဂိုတွေဆီမှာ အညံ့ခံထားတဲ့ ပျော့ညံ့တဲ့ အကောင်တွေပဲ၊ ဒါကိုများ ဘယ်လိုမျက်နှာနဲ့ အထက်စီးက လာပြောနေတာလဲ၊ ပြီးတော့ ငါက အလယ်ပိုင်းဒေသ မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်တယ်၊ ငါ့အဆင့်အတန်းက မြင့်မြတ်တယ်၊ မင်းတို့ ဌာနချုပ်က ဂိုဏ်းချုပ် ကိုယ်တိုင်လာရင်တောင် ငါ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ်၊ မင်းတို့လို ဝက်တွေ၊ ခွေးတွေနဲ့ လူရိုင်းတွေက ငါ့ကို ယဉ်ကျေးမှုအကြောင်း လာပြောဖို့ ထိုက်တန်လို့လား"

ကျန်းဝူကျိ၏ ဆဲဆိုသံများကြောင့် ပါရှားသံတမန်သုံးဦးမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေကြသည်။

သို့သော် ကျန်းဝူကျိက စကားရှည်မနေတော့ဘဲ မျက်လုံးများတွင် လူသတ်လိုစိတ်များ ထွက်ပေါ်လာကာ "မင်းတို့နဲ့ စကားအများကြီး ပြောမနေချင်တော့ဘူး၊ အမိန့်တော်ပြားကို ပေးပြီး ကိုယ့်ဘာသာကိုယ် ထွက်သွားကြ၊ မဟုတ်ရင်တော့ အားလုံး သေရလိမ့်မယ်" ဟု ဆိုလိုက်သည်။

ကျန်းဝူကျိ၏ လေသံမှာ အလွန်အေးစက်သွားသဖြင့် ပါရှားသံတမန်သုံးဦးမှာ တုန်လှုပ်သွားကြသည်။

အရင်ကဆိုလျှင် စကားအနည်းငယ်ဖြင့် ၎င်းတို့ကို ခြောက်လှန့်နိုင်မည် မဟုတ်သော်လည်း ကျန်းဝူကျိ၏ သိုင်းပညာ အရသာကို ယခုလေးတွင် မြည်းစမ်းထားရသဖြင့် မကြောက်ဘဲ မနေနိုင်တော့ချေ။ ယခုအချိန်တွင် ၎င်းတို့မှာ ဒဏ်ရာပြင်းထန်နေသဖြင့် ကျန်းဝူကျိကို မည်သို့ ခုခံနိုင်ပါမည်နည်း။ ဒေါသကို မျိုသိပ်ကာ လက်လျှော့လိုက်ရတော့သည်။

"ရော့"

ကျန်းဝူကျိ၏ မျက်နှာတွင် လူသတ်လိုသည့် အရိပ်အယောင်များကို မြင်သောအခါ ပါရှားသံတမန်သုံးဦးမှာ ဘာမှမလုပ်ဝံ့တော့ချေ။ လက်ထဲရှိ သန့်စင်သောမီးလျှံအမိန့်တော်ပြား ခြောက်ခုလုံးကို ကျန်းဝူကျိ အခက်တွေ့အောင် အားဖြင့် လှမ်းပစ်ပေးလိုက်သည်။

သို့သော် ကျန်းဝူကျိက ထိုလှည့်ကွက်ကို လှောင်ပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ သူ၏ လက်ဝါးထဲတွင် စကြဝဠာ ရွှေ့ပြောင်းခြင်း အတွင်းအားကို လည်ပတ်လိုက်သည်။ အမိန့်တော်ပြားများ လက်နှင့်ထိသည်နှင့် တစ်ပြိုင်နက် ကိုယ်ကို ခါယမ်းကာ စွမ်းအား အားလုံးကို ဖယ်ရှားလိုက်သည်။ ထို့နောက် ကိုယ်ကို အနည်းငယ်မျှပင် မလှုပ်ရှားဘဲ အမိန့်တော်ပြား အားလုံးကို အသေအချာ ဖမ်းယူလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပါရှားသံတမန်သုံးဦး၏ မျက်နှာများ ပျက်သွားပြီး "စကြဝဠာ ရွှေ့ပြောင်းခြင်းလား" ဟု အော်ဟစ်လိုက်ကြသည်။

"ဟုတ်တယ်"

ကျန်းဝူကျိသည် အမိန့်တော်ပြားများကို နောက်က ရန်ရှောင်တို့ထံ ပစ်ပေးလိုက်ပြီး "ငါက မင်ဂိုဏ်းချုပ်ပဲ၊ စကြဝဠာ ရွှေ့ပြောင်းခြင်းကို တတ်တာ ဘာဆန်းလို့လဲ" ဟု ဆိုလိုက်သည်။

ဒါကတော့ ကျိုးကြောင်းဆီလျော်လှသည်။ သို့သော် ငါတို့ဌာနချုပ်မှာတော့ ဒီသိုင်းပညာ ပျောက်ဆုံးသွားခဲ့တာ တကယ်ကို ဝမ်းနည်းစရာပဲဟု ၎င်းတို့ တွေးလိုက်မိကြသည်။

ပါရှားသံတမန်သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘာမှထပ်မပြောတော့ဘဲ အရှက်တကွဲဖြင့် ဆုတ်ခွာသွားကြတော့သည်။

အမှန်စင်စစ် ၎င်းတို့သည် ယနေ့ အလွန်ပင် နာကြည်းနေကြသည်။ ၎င်းတို့တွင် အသုံးမပြုရသေးသည့် တစ္ဆေအပ်နှင့် ယင်လေဓားကဲ့သို့ ထူးဆန်းသော သိုင်းပညာများစွာ ရှိသေးသော်လည်း ကျန်းဝူကျိ၏ နဂါးအမြီးရိုက်ခတ်ခြင်း တိုက်ကွက်ကို ခံလိုက်ရပြီး သွေးအန်သွားရသဖြင့် ထိုပညာများကို ထုတ်သုံးရန် အခွင့်မသာခဲ့ချေ။

အင်အားကြီးမားလှသော နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကဲ့သို့ သိုင်းပညာများ ရှေ့တွင် မိစ္ဆာလမ်းစဉ် သိုင်းပညာများမှာ အသုံးမဝင်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ အင်အားသာ လုံလောက်လျှင် မည်သည့် နည်းပရိယာယ်မဆို အချည်းနှီးသာ ဖြစ်ပေသည်။

ပါရှားသံတမန်များ ထွက်သွားသည်ကို မြင်သောအခါ လူအများက ကျန်းဝူကျိအနားသို့ စုရုံးလာကြပြီး ရိုသေလေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

အမှန်တကယ်တော့ ဌာနချုပ်မှ ကျွမ်းကျင်သူများဆိုသည်မှာ ၎င်းတို့မျက်စိထဲတွင် အမြဲတမ်း ထူးခြားဆန်းပြားနေခဲ့သည်။ ဌာနချုပ်၏ အဆင့်အတန်းကြောင့်လည်း ၎င်းတို့အပေါ် အနည်းငယ် ကြောက်ရွံ့မှု ရှိခဲ့ကြသည်။ သို့သော် ယခုအခါ ကျန်းဝူကျိက မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ထိုသူများကို နှင်ထုတ်လိုက်သည်ကို မြင်ရသောအခါ ဌာနချုပ်အပေါ် ရှိခဲ့သည့် ရိုသေကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ဌာနချုပ်က လူတွေက အရမ်းတော်တယ်လို့ အမြဲကြားနေရတာ၊ ဒီနေ့ ကြည့်ရတာတော့ အသုံးမကျတဲ့ လူတစ်စုပါပဲလား" ဟု စိတ်ထင်ရာ ပြောတတ်သော ကျိုးတျန်က အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

ရန်ရှောင်က ရယ်မောရင်း "ညီအစ်ကိုကျိုးရဲ့ စကားက တကယ်ကို ထိမိတာပဲ၊ ဌာနချုပ်က လူတွေက ဘာမှမဟုတ်ပါဘူး၊ ညီအစ်ကိုကျိုး တိုက်နေဖို့တောင် မလိုဘူး၊ ဂိုဏ်းချုပ်ကျန်း တစ်ယောက်တည်းနဲ့တင် လုံလောက်နေပြီ" ဟု ဆိုလိုက်သည်။

ဤစကားမှာ လှောင်ပြောင်နေမှန်း သိသာလှသဖြင့် ကျိုးတျန်က "ရန်ရှောင်၊ မင်း ငါ့ကို ပြဿနာရှာချင်နေတာလား" ဟု ကျိန်ဆဲလိုက်သည်။

ရန်ရှောင်က အပြစ်ကင်းစင်သည့် ပုံစံဖြင့် "ညီအစ်ကိုကျိုး ဘာတွေ ပြောနေတာလဲ၊ ကျွန်တော်က ညီအစ်ကိုကျိုးရဲ့ အရည်အချင်းကို ချီးကျူးနေတာလေ၊ ဒါကို ပြဿနာရှာတယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် ညီအစ်ကိုကျိုးရဲ့ အရည်အချင်းက သာမန်ပဲမို့လို့ ခုနက ဌာနချုပ် သံတမန်သုံးယောက်ကို မနိုင်နိုင်ဘူးလို့ ကျွန်တော် ပြောရမှာလား" ဟု ပြန်ပြောလိုက်သည်။

ထိုစကားမှာ အမှန်တရားပင် ဖြစ်သည်။ ကျိုးတျန်၏ အရည်အချင်းမှာ မဆိုးလှသော်လည်း သံတမန်သုံးဦးအနက် တစ်ဦးကိုမျှ နိုင်အောင် တိုက်နိုင်မည် မဟုတ်ချေ။

သို့သော် ထိုသို့ အရှိုက်ထိသွားအောင် ပြောလိုက်သဖြင့် ကျိုးတျန်မှာ ဒေါသထွက်သွားပြီး ရန်ရှောင်ကို သေမတတ် တိုက်ခိုက်ရန် ပြင်တော့သည်။ ကံကောင်းထောက်မစွာဖြင့် ရွှေပုတေ့ နှင့် အခြားသူများက ဝိုင်းတားထားလိုက်ရသည်။

ခြင်္သေ့မင်း ရှဲ့ရွှန်းသည်လည်း အားရပါးရ ရယ်မောနေသည်။ ယနေ့သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သူ၏ ပျော်ရွှင်ရဆုံးနေ့ ဖြစ်ပေလိမ့်မည်။ ကျန်းဝူကျိနှင့် ပြန်လည်ဆုံတွေ့ရခြင်းက သူ့ကို အတိုင်းမသိ ပျော်ရွှင်စေခဲ့သည်။

ရန်ရှောင်က "ဒီနေ့ ခြင်္သေ့မင်းနဲ့ ပြန်ဆုံရတယ်၊ ဟိတ်ကြီးဟန်ကြီးလုပ် နေတဲ့ ဌာနချုပ် သံတမန်တွေကိုလည်း နှိမ်နင်းနိုင်ခဲ့တယ်၊ ပြီးတော့ ငါတို့ဂိုဏ်းရဲ့ သန့်စင်တဲ့ မီးလျှံ အမိန့်တော်ပြားကိုလည်း ပြန်ယူနိုင်ခဲ့တယ်၊ ဒါဟာ တကယ်ကို ဝမ်းသာစရာ ကိစ္စတွေပဲ၊ ဒီမှာပဲ အောင်ပွဲခံပြီး မနက်ဖြန်ကျရင်တော့ ခြင်္သေ့မင်း အလယ်ပိုင်းဒေသကို ပြန်ဖို့ ပြင်ဆင်ကြတာပေါ့" ဟု ရယ်မောကာ ပြောလိုက်သည်။

လူအားလုံးသည် စိတ်ပေါ့ပါးစွာဖြင့် ရယ်မောလိုက်ကြသည်။ အထူးသဖြင့် ဒိုက်ချီစီ ဖြစ်သည်။ ကျန်းဝူကျိက ဌာနချုပ်က လူတွေကို အနိုင်ယူလိုက်ခြင်းက သူမကို ယုံကြည်မှု အပြည့်အဝ ပေးလိုက်ခြင်းပင် ဖြစ်သည်။ သန့်စင်သောမီးလျှံ၏ အပြစ်ပေးမှုကို မကြောက်ရလျှင် သူမ ဘာကြောင့် နှစ်ပေါင်းများစွာ ရုပ်ဖျက်ပြီး ပုန်းအောင်းနေပါမည်နည်း။ ယခုအခါ ကျန်းဝူကျိနှင့် ဂိုဏ်းသားများ ရှိနေသဖြင့် သူမ စိတ်အေးသွားနိုင်ပြီ ဖြစ်သည်။

ထိုအခါမှသာ ဒိုက်ချီစီသည် ကျန်းဝူကျိနှင့် ယခင် မင်ဂိုဏ်းချုပ်များ၏ ကွာခြားချက်ကို နားလည်သွားတော့သည်။

ကျန်းဝူကျိသည် အလွန်ရိုးရှင်းသော လူတစ်ယောက် ဖြစ်သည်၊ "ငါကအင်အား ပိုကြီးတယ်၊ မင်း ဘာလုပ်လုပ် ဂရုမစိုက်ဘူး၊ ငါပြောတာကိုပဲ နားထောင်ရမယ်" ဆိုသည့် မူဝါဒကို ကိုင်စွဲထားသူ ဖြစ်သည်။

ဒိုက်ချီစီသည် ထိုသဘောထားကို အလွန်ပင် လေးစားမိသွားသည်။ မည်သူ့ထံမှ အလျှော့မပေးတတ်သော သူမပင်လျှင် ကျန်းဝူကျိ ရှေ့တွင်တော့ မာန်မာနများ ပျောက်ကွယ်သွားခဲ့ရသည်။

ယခုအခါ ကျန်းဝူကျိ ပြောခဲ့သည့် စကြဝဠာ ရွှေ့ပြောင်းခြင်းကို သူမအား ပေးရန် မလိုကြောင်းနှင့် ဌာနချုပ်က လူများကို ဂရုမစိုက်ကြောင်း ပြောခဲ့သည်မှာ အမှန်တရားဖြစ်ကြောင်း သူမ နားလည်သွားပြီ ဖြစ်သည်။

သူမ တွေးလိုက်မိသည်မှာ အကယ်၍ ကျန်းဝူကျိသာ နှစ်ပေါင်းနှစ်ဆယ်လောက် စောပြီး မွေးလာခဲ့လျှင် ဟန်ချန်းယဲ့နှင့် ပတ်သက်စရာတောင် လိုမည်မဟုတ်ချေ။ ကျန်းဝူကျိပေးသည့် လုံခြုံမှုမျိုးသည် ဤလောကတွင် အနှိုင်းမဲ့လှပေသည်။ ရှောင်ကျောက်လေးက ဂိုဏ်းချုပ်ကျန်းအပေါ် ဘာကြောင့် ဒီလောက်ထိ စွဲလမ်းနေရသလဲဆိုတာ မဆန်းတော့ပါလား၊ ဒီလို ယောက်ျားမျိုးကို ဘယ်မိန်းကလေးက ငြင်းဆန်နိုင်ပါမည်နည်း။

အခန်း (၁၆၃) ရှဲ့ရွှန်း၏ အံ့ဩခြင်း - "ဘာ... ချန်ခွန်းကို မင်းတို့ ဖမ်းမိထားတယ် ဟုတ်လား"

ရှဲ့ရွှန်းသည် ဟားတိုက်ရယ်မောလိုက်ပြီးနောက် “မိုးနတ်မင်းက ငါ့ကို အခွင့်အရေး ပေးလိုက်တာပဲ။ ငါ ရှဲ့ရွှန်းတစ်ယောက် ဒီလူသူမနီးတဲ့ ကျွန်းပေါ်မှာ ဒုက္ခပေါင်းစုံခံစားပြီး နေလာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး။ အခုတော့ အဲဒီနေ့ရက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီပဲ။

ငါ့သား ဝူကျိက ဂိုဏ်းချုပ်ဖြစ်လာသလို သူ့ရဲ့သိုင်းပညာကလည်း မွေးစားအဖေဖြစ်တဲ့ ငါ့ထက်တောင် အများကြီး သာလွန်နေပြီ။ အရင်က မိတ်ဆွေဟောင်းတွေနဲ့လည်း ပြန်တွေ့ရပြီဆိုတော့ ဒါဟာ တကယ့်ကို ဘဝရဲ့ အပျော်ဆုံးကိစ္စပဲ။ ဟားဟား” ဟု ဆိုလေသည် ။

ကျန်းဝူကျိက ပြုံးလျက် “တကယ်တော့ ဂိုဏ်းချုပ်ရန်ရဲ့ သေတမ်းစာထဲမှာ မွေးစားအဖေကိုပဲ ကျွန်တော်တို့ မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ဖို့ ပါရှိခဲ့တာပါ။ ကျွန်တော်ကတော့ အရေးကြုံနေတဲ့ အချိန်မို့သာ ‌‌ခေတ္တတာဝန်ယူခဲ့ရတာပါ” ဟု ပြန်ပြောလိုက်သည် ။

ထိုသို့ပြောပြီးနောက် ကျန်းဝူကျိသည် ရန်တိန့်ထျန်း ချန်ရစ်ခဲ့သည့် သေတမ်းစာကို ထုတ်ယူကာ ရှဲ့ရွှန်းအား ဖတ်ပြလေသည် ။

ရှဲ့ရွှန်းသည် ထိုစာကို ကြားရသောအခါ တစ်ချက်ရယ်မောလိုက်ပြီး “ငါ ရှဲ့ရွှန်းက အမြင်အာရုံ ကွယ်နေတဲ့ အဘိုးကြီးတစ်ယောက် ဖြစ်နေပြီ။ ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်လုပ်နိုင်ပါ့မလဲ။ ဒါတွေက ကံကြမ္မာပဲ။ အခုအချိန်မှာ ရွှေမွေးခြင်္သေ့ဘုရင် အလေးထားတာဆိုလို့ ဝူကျိတစ်ယောက်ပဲ ရှိတော့တယ်။ ငါ့သား ဝူကျိက အခုလို ထူးခြားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ဂိုဏ်းချုပ်ဖြစ်လာတာဟာ အကောင်းဆုံးပဲ” ဟု ဆို၏ ။

ထိုနေရာရှိ လူအားလုံးကလည်း ၎င်းမှာ ကံပါလာသည့် ပတ်သက်မှုတစ်ခုဟု ယူဆကာ ခေါင်းညိတ်ထောက်ခံကြသည်။ အကယ်၍ ရှဲ့ရွှန်း ရသင့်ရထိုက်သည့် ဂိုဏ်းချုပ်ရာထူးကို အခြားတစ်ယောက်ယောက်က ရယူသွားပါက သူ ကျေနပ်ချင်မှ ကျေနပ်မည် ဖြစ်သော်လည်း ထိုသူမှာ ကျန်းဝူကျိ ဖြစ်နေသဖြင့် ရှဲ့ရွှန်းမှာ အနည်းငယ်မျှ စိတ်ခုခြင်းမရှိဘဲ ဝမ်းသာပီတိသာ ဖြစ်နေတော့သည်။

ဝန်းကျင်တစ်ခုလုံး ပျော်ရွှင်စရာ အငွေ့အသက်များ လွှမ်းခြုံနေသည်။ လူအများစုမှာ ထိုနေရာ၌ပင် စားသောက်ပွဲတစ်ခု ပြင်ဆင်လိုက်ကြသည်။ လူတိုင်းမှာ သိုင်းလောကမှ သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် ကျွန်းပေါ်ရှိ ငှက်နှင့် သားကောင်များကို ဖမ်းဆီးရန်မှာ မခဲယဉ်းလှပေ။ ၎င်းတို့ကို အသင့်ပြင်ပြီးနောက် ထိုနေရာ၌ပင် ကင်စားကြသည်။ သင်္ဘောပေါ်မှ ပါလာသည့် အကောင်းစား အရက်များနှင့်အတူ အားလုံးက မြိန်ယှက်စွာ စားသောက်ကြလေသည် ။

ရှဲ့ရွှန်းသည် အကောင်းစားအရက်ကို မသောက်ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ချက်ချင်းပင် သဘောကျသွားကာ သောက်ရင်းဖြင့် အလွန်အမင်း ပျော်ရွှင်နေတော့သည် ။

အရက်သုံးခွက်ခန့် သောက်ပြီးနောက် ရှဲ့ရွှန်း၏ မျက်နှာမှာ နီမြန်းလာသည်။ သူက ရုတ်တရက် သက်ပြင်းချကာ “အင်း... မင်းတို့က ငါ့ကို အလယ်ပိုင်းဒေသဆီ ပြန်ခေါ်သွားဖို့ လာကြတာပဲ။ ဒါပေမဲ့ ဒါဟာ ကောင်းချီးလား၊ ကျိန်စာလားဆိုတာ ငါ မဝေခွဲနိုင်သေးဘူး။ ငါ ရှဲ့ရွှန်းက ကိုယ့်သေခြင်းတရားကို လျစ်လျူရှုထားတာ ကြာပါပြီ။ ငါ့ရဲ့ မိသားစု၊ ဇနီးနဲ့ သားသမီးတွေအတွက် ငါ့ရဲ့ ဆရာကို သတ်ပြီး ကမ္ဘာမကြေတဲ့ရန်ငြိုးကို မချေဖျက်ရသေးသရွေ့တော့ သေလို့ ငရဲရောက်သွားရင်တောင် ငါ အေးအေးချမ်းချမ်း အနားယူနိုင်မှာ မဟုတ်ဘူး” ဟု ဆိုသည် ။

သူ့အသံတွင် နက်ရှိုင်းသော နောင်တနှင့် ရန်သူအပေါ်ထားသည့် အာဃာတများ ပါဝင်နေသော်လည်း ချန်ခွန်းမှာ ရှဲ့ရွှန်းအား သိုင်းပညာသင်ပေးခဲ့သည့် ဆရာဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်နေသော်လည်း ယခုကဲ့သို့ ပြောဆိုသည့်အခါတိုင်း ဆရာ ဟုသာ ခေါ်ဆိုနေဆဲပင် ဖြစ်သည် ။

ရှဲ့ရွှန်း ပြောသည်ကို ကြားသောအခါ သူသည် အတိတ်က အပြစ်မဲ့သူများကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့မိသည်များအတွက် နောင်တရနေကြောင်း အားလုံးက သိလိုက်ကြသည်။ အကြောင်းပြချက်များစွာ ရှိခဲ့ပြီး ချန်ခွန်းက တကယ့်တရားခံဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ အပြစ်မဲ့သူများစွာမှာ ဘာမှမလုပ်ဘဲ အသတ်ခံခဲ့ရသည်။ ရှဲ့ရွှန်း၏ အပြစ်များမှာ ကြီးမားလွန်းလှသဖြင့် သေဒဏ်ပေးလျှင်ပင် ပေါ့လျော့နေဦးမည် ဖြစ်သည် ။

ထိုအခါ ရန်ရှောင်က ခေါင်းခါလိုက်ပြီး “ခြင်္သေ့ဘုရင်... ခင်ဗျား စိတ်အေးအေးထားပါ။ ငါတို့ မင်ဂိုဏ်းက အရင်လို ပြိုကွဲနေတဲ့ အခြေအနေ မဟုတ်တော့ဘူး။ ဂိုဏ်းချုပ်က နတ်ဘုရားလို အရည်အချင်းရှိပြီး စစ်ရေးစစ်ရာမှာလည်း အစွမ်းထက်သူမို့ သိုင်းလောကမှာ သူ့ကို လွန်ဆန်ရဲတဲ့သူ မရှိသလောက်ပဲ။ သူဟာ သိုင်းလောကရဲ့ ခေါင်းဆောင်ကြီးလို့တောင် အသိအမှတ်ပြုခံထားရပြီ။ ငါတို့ မင်ဂိုဏ်း ရှိနေသရွေ့ ဘယ်သူက ခင်ဗျားကို ရန်ပြုနိုင်ဦးမှာလဲ” ဟု ပြောလိုက်သည် ။

အရက်မူးနေသည့် ကျိုးတျန်ကလည်း ကျယ်လောင်စွာဖြင့် “ဟုတ်တာပေါ့။ အရင်တုန်းက ငါ ကျိုးတျန်က ဘယ်လက်ရုံးသံတမန်ရန်ရဲ့ ပရိယာယ်တွေကိုရော၊ သွေးစုပ်တဲ့ လင်းနို့အိုကြီး ဝေယိရှောက်ကိုရော အထင်မကြီးခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားနဲ့ကျတော့ အရင်းနှီးဆုံးပဲ ခြင်္သေ့ဘုရင်။ ခင်ဗျားက သဘောထားကြီးပြီး တရားမျှတတဲ့သူမှန်း ငါ သိတယ်။ အခုလို မိတ်ဆွေဟောင်းတွေ ပြန်တွေ့ရတာ အပျော်ဆုံးပဲ။ စိတ်မပူနဲ့။ ဘယ်သူပဲလာလာ၊ ငါ ကျိုးတျန်ကို အရင်သတ်ပြီးမှ ခင်ဗျားနား ကပ်နိုင်လိမ့်မယ်” ဟု ကြုံးဝါးလေသည် ။

ရန်ရှောင်နှင့် ဝေယိရှောက်တို့မှာ ထိုစကားကို ကြားသောအခါ ဆွံ့အသွားကြပြီး 'ဒီအရူးက အရက်မူးပြီး ငါတို့အကြောင်းတွေ ဘာလို့ လျှောက်ပြောနေတာလဲ' ဟုသာ တွေးနေမိကြတော့သည် ။

သို့သော်လည်း သူတို့သည် ကျိုးတျန်၏ စကားကိုတော့ သဘောတူကြသည်။ ရန်သူက မည်မျှပင် အစွမ်းထက်ပါစေ ရှဲ့ရွှန်း အသတ်ခံရသည်ကို သူတို့ ဘေးထိုင်ကြည့်နေမည် မဟုတ်ဘဲ အားလုံးက ဝိုင်းဝန်းကာကွယ်ကြမည်သာ ဖြစ်သည် ။

ရှဲ့ရွှန်းက သက်ပြင်းချကာ “အတိတ်က ကိစ္စတွေအားလုံးဟာ ငါ့ဆရာရဲ့ အသုံးချတာခံရလို့ ငါ ကျူးလွန်ခဲ့မိတဲ့ မကောင်းမှုတွေပဲ။ ဒီနှစ်တွေအတွင်းမှာ ငါ အားလုံးကို နားလည်သွားခဲ့ပြီး စိတ်ရင်းနဲ့ နောင်တရနေပါပြီ။ တကယ်လို့ လူတွေက ငါ့ကို လာပြီး ကလဲ့စားချေမယ်၊ ငါ့ကို အပိုင်းပိုင်း ခုတ်ထစ်မယ်ဆိုရင်တောင် ဒါဟာ ငါနဲ့ ထိုက်တန်ပါတယ်။ ငါ့ကြောင့် မင်းတို့အားလုံး အပြစ်တွေ ထပ်တိုးမှာကို ငါ မလိုလားဘူး” ဟု ဆိုသည် ။

ထိုစကားကို ကြားသောအခါ ကျိုးတျန်က “ခြင်္သေ့ဘုရင်..... ငါက ခင်ဗျားကို သူရဲကောင်း တစ်ယောက်လို့ ခုနတင် ချီးကျူးလိုက်တာ။ ဘာလို့ ရှောင်လင်က ကတုံးသူခိုးတွေလို စကားတွေ လျှောက်ပြောနေရတာလဲ” ဟု ဆဲရေးလိုက်လေသည် ။

ရှဲ့ရွှန်းက သက်ပြင်းချလျက် “ညီအစ်ကိုကျိုးက အမြဲတမ်း ပွင့်လင်းလွန်းတော့ ငါ ရှဲ့ရွှန်း အခု ဘာတွေ တွေးနေတယ်ဆိုတာ ဘယ်လို နားလည်နိုင်ပါ့မလဲ။ နှစ်ပေါင်းများစွာတိုင်အောင် အပြစ်တွေက ငါ့ရင်ထဲမှာ ခြောက်လှန့်နေခဲ့တာ။ တကယ်လို့ ညီအစ်ကိုကျိုးသာ ငါ့လိုမျိုး အပြစ်မဲ့တဲ့သူတွေကို သတ်ခဲ့မိမယ်ဆိုရင် အခုလို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပါ့မလား” ဟု မေးလိုက်သည် ။

ကျိုးတျန်၏ မျက်နှာ အမူအရာ လေးနက်သွားသည်။ သူသည် အမြဲတမ်း ပွင့်လင်းသူဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိသည်။ သူသည် လူများစွာကို သတ်ခဲ့ဖူးသော်လည်း ထိုသူများမှာ သေသင့်သေထိုက်သူများသာ ဖြစ်သည်။ အနည်းဆုံးတော့ သူ့လိပ်ပြာ သူ လုံသည်။

သို့သော် ရှဲ့ရွှန်းမှာမူ ကလဲ့စားချေရန်အတွက် အပြစ်မဲ့သူများစွာကို သတ်ခဲ့သည်။ ၎င်းမှာ ဖျောက်ဖျက်၍မရသည့် အမှားတစ်ခုပင် ဖြစ်သည်။ အကယ်၍ သူသည် မျက်တောင်မခတ်ဘဲ လူသတ်တတ်သည့် မိစ္ဆာတစ်ယောက်သာ ဖြစ်ပါက တစ်မျိုးဖြစ်သော်လည်း ရှဲ့ရွှန်းကဲ့သို့ မူလက ဖြောင့်မတ်သူတစ်ဦးအဖို့မူ ထိုအချက်ကို စိတ်ထဲမှ ကျော်လွှားနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ ။

ရှဲ့ရွှန်းက အရက်ကို တစ်ငုံ ထပ်သောက်လိုက်ပြီး “တကယ်တော့ ငါ သေမှာကို မကြောက်ပါဘူး။ ငါ မသေခင်မှာ ငါ့ဆရာ ချန်ခွန်းကို သတ်ချင်ရုံတင်ပါ။ ဒါမှ သေပြီးရင်လည်း ငါ့မိန်းမနဲ့ ကလေးတွေကို မျက်နှာပူစရာမလိုဘဲ ရင်ဆိုင်နိုင်မှာ။ ကံဆိုးတာက ငါ့ဆရာရဲ့ သိုင်းပညာက အလွန်မြင့်မားသလို သူ ဘယ်မှာရှိနေမှန်းလည်း အတိအကျ မသိရဘူး။ ငါ သူ့ကို မတွေ့ခင်မှာပဲ ရန်သူတွေလက်ထဲမှာ ငါ့အသက် ပါသွားမှာကို စိုးရိမ်မိတယ်” ဟု ဆိုသည် ။

“ဟင်...”

ရှဲ့ရွှန်း၏ စကားကို ကြားသောအခါ လူအများ၏ အမူအရာမှာ တစ်ခုခုကို စိတ်ဝင်စားသွားသည့်ပုံစံဖြင့် သိသိသာသာ ပြောင်းလဲသွားကြသည် ။

ရှဲ့ရွှန်းမှာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူသည် အမြင်အာရုံ မရှိသော်လည်း အကြားအာရုံမှာ အလွန် စူးရှသည်။ လူအများ၏ အံ့သြသွားသည့် အသံများကို ကြားရသောအခါ သူက မျက်မှောင်ကြုတ်လျက် “ဘာဖြစ်လို့လဲ” ဟု မေးလိုက်လေသည် ။

ရန်ရှောင်က ပြုံးလျက် “ခြင်္သေ့ဘုရင်ကို ပြောဖို့ မေ့နေတာ။ အဲဒီလူယုတ်မာ ချန်ခွန်းကို ဂိုဏ်းချုပ်က ဖမ်းဆီးပြီး သိုင်းပညာတွေကို ဖျက်ဆီးပစ်လိုက်ပြီ။ အခု သူ ကွမ်မင်တောင်ထိပ်မှာ အကျဉ်းကျနေတယ်” ဟု ပြောလိုက်သည် ။

“ခွမ်း...”

ရှဲ့ရွှန်း၏ လက်ထဲမှ အရက်ခွက်မှာ ချက်ချင်းပင် ကွဲအက်သွားသည်။ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး တုန်ရင်သွားကာ မယုံကြည်နိုင်သည့် မျက်နှာထားဖြင့် “ဒါ... ဒါ တကယ်ပဲလား” ဟု တုန်ရီသောအသံဖြင့် မေးရှာသည် ။

ထို့နောက် ရန်ရှောင်က ကွမ်မင်တောင်ထိပ်တွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြလေသည်။ အနားရှိ ဝေယိရှောက်နှင့် ထူးခြားဆန်းပြားသူ ငါးဦးတို့ကလည်း ထိုစဉ်က ပါဝင်ခဲ့သူများ ဖြစ်ကြသဖြင့် အဖြစ်အပျက်များကို မြင်ယောင်လာစေရန် အသေးစိတ် ဖြည့်စွက်ပြောကြသည် ။

အမှန်စင်စစ် ရှဲ့ရွှန်းသည် အစက ချန်ခွန်းအပေါ်တွင် နာကျည်းမှုသာ ရှိခဲ့သော်လည်း ချန်ခွန်း လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်များ၏ တကယ့်ရည်ရွယ်ချက်ကိုမူ မသိခဲ့ပေ။ ယခု အလုံးစုံကို သိလိုက်ရသောအခါ သူ၏နှလုံးသားမှာ များစွာ တုန်လှုပ်သွားရသည် ။

လူအများကလည်း ရှဲ့ရွှန်းအနေဖြင့် ဤသတင်းကို ချက်ချင်း လက်ခံနိုင်ဦးမည်မဟုတ်ကြောင်း သိကြသည်။ အမှန်တော့ ရှဲ့ရွှန်းတစ်ယောက်တည်း မဟုတ်ပေ၊ သူတို့ကိုယ်တိုင်လည်း ချန်ခွန်း ပြောပြခဲ့သည့် အတိတ်က ကိစ္စများကို ကြားရစဉ်က အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။

အတော်ကြာမှ ရှဲ့ရွှန်းက သက်ပြင်းချကာ “ဒါဖြင့် ဂိုဏ်းချုပ်ရန်ဟာ ချန်ခွန်းနဲ့ အပေါင်းအပါတွေကြောင့် အသက်ဆုံးခဲ့ရတာပေါ့။ အဖြစ်မှန်က ဒီလိုကိုး။ ငါ ရှဲ့ရွှန်းတစ်ယောက် စာတွေ အများကြီး ဖတ်ခဲ့ပေမဲ့ အလကားပါပဲလား၊ အရူးတစ်ယောက်လို လှည့်စားခံခဲ့ရတာပဲ” ဟု ဆို၏ ။

ရန်ရှောင်ကလည်း “ချန်ခွန်းရဲ့ ရေရှည်စီမံကိန်းတွေနဲ့ ပရိယာယ်တွေက သာမန်လူတွေ ခန့်မှန်းနိုင်တာထက် အများကြီး ပိုနက်နဲပါတယ်။ ခြင်္သေ့ဘုရင်တင် မဟုတ်ပါဘူး၊ ငါတို့အားလုံးလည်း အရူးလုပ်ခံခဲ့ရတာပါ။ အကယ်၍ နတ်ဘုရားတစ်ပါးလိုမျိုး ထူးခြားတဲ့ ဂိုဏ်းချုပ်သာ ပေါ်မလာဘူးဆိုရင် ငါတို့ မင်ဂိုဏ်းဟာ အဲဒီလူယုတ်မာ ချန်ခွန်းလက်ချက်နဲ့ ပျက်စီးသွားလောက်ပြီ” ဟု ဆိုလေသည် ။

“မင်ဂိုဏ်းရဲ့ နာမည်ပျက်တွေဟာ ငါ့ဆီကနေ အစပြုခဲ့တာများပါတယ်။ ဒါဟာ တကယ့်ကို အပြစ်တစ်ခုပါပဲ။ ဝူကျိက အများကြီး လုပ်ဆောင်ပေးခဲ့တာဟာ အဲဒီအမှားတွေအတွက် ပြန်လည်ပေးဆပ်တာလို့ပဲ သတ်မှတ်ရမှာပေါ့။ အဲဒီတုန်းက ငါလည်း စိတ်လိုက်မာန်ပါ လုပ်ခဲ့မိလို့ အမှားတွေ အများကြီး ရှိခဲ့တယ်။ အင်း... အခုတော့ ငါ တကယ် နောင်တရမိတယ်” ။

ရှဲ့ရွှန်းက သက်ပြင်းချရင်း ယင်းထျန့်ကျိန်းအား ဦးညွှတ်ကာ “ဒုတိယအစ်ကိုကြီးယင်း၊ အဲဒီတုန်းက အစ်ကိုကြီး ဂိုဏ်းကနေ ထွက်သွားတဲ့အပေါ် စိတ်ဆိုးပြီး ဝမ်ပန်တောင်မှာ လင်းယုန်ဂိုဏ်းက သိုင်းပညာရှင်တွေကို ငါ ဒုက္ခပေးခဲ့မိတယ်။ ငါ ဒုတိယအစ်ကိုကြီးယင်းကို တကယ်ပဲ မျက်နှာပူမိပါတယ်” ဟု ပြောလိုက်သည် ။

ယင်းထျန့်ကျိန်းက ရှဲ့ရွှန်းအား အမြန်ထူပေးကာ ခေါင်းခါလျက် “အတိတ်က ကိစ္စတွေကို ဘာလို့ ပြန်ပြောနေမှာလဲ။ ငါတို့ရဲ့ ညီအစ်ကိုသံယောဇဉ်က တခြားကိစ္စတွေထက် အများကြီး ပိုအရေးကြီးပါတယ်။ အခုလို ခင်ဗျား ဘေးကင်းကင်းနဲ့ ရှိနေတာကို မြင်ရတာကပဲ အကြီးမားဆုံး ကံကောင်းခြင်းပါပဲ” ဟု ဆိုသည် ။

ယင်းထျန့်ကျိန်းသည် မင်ဂိုဏ်း၏ အကြီးအကဲများထဲတွင် အကြီးဆုံး ဖြစ်သည်။ ရာထူးပိုကြီးသည့် ရန်ရှောင်နှင့် ဖန့်ယောင်တို့ပင်လျှင် သူ့ကို အလွန် လေးစားကြသည်။ ရှဲ့ရွှန်းကမူ သူ့ကို ပို၍ပင် အလေးထား၏။ အတိတ်က သူတို့အကြားက ကောင်းခဲ့သည့် သံယောဇဉ်များနှင့် သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များကို ပြန်တွေးမိသောအခါ ရှဲ့ရွှန်းမှာ အမှန်တကယ်ပင် နောင်တရမိနေတော့သည် ။

သူတို့နှစ်ဦးကြားရှိ အငွေ့အသက်မှာ အနည်းငယ် ဝမ်းနည်းစရာ ကောင်းလာသဖြင့် ဘေးရှိလူများလည်း မည်သို့ နှစ်သိမ့်ရမည်ကို မသိဖြစ်နေကြသည် ။

ထိုစဉ် ကျောက်မိန်က ရုတ်တရက် ပြုံးလိုက်ပြီး “အဘိုးကြီးရှဲ့နဲ့ ကျန်းဝူရှယား( ကျန်းချွေ့ဆန်း) ရဲ့ ဇနီးက သွေးသစ္စာပြုထားတဲ့ မောင်နှမတွေ ဖြစ်နေပြီး၊ အကြီးအကဲယင်းကကျတော့ ကျန်းဝူရှယား ဇနီးရဲ့ အဖေ ဖြစ်နေပြန်တယ်။ ရှင်တို့နှစ်ယောက်က ညီအစ်ကိုလို ဆက်ဆံနေတာ ကြားရတာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲနော်” ဟု ပြောလိုက်လေသည် ။

အခန်း (၁၆၄) ကျောက်မိန်၏ ဖြတ်ထိုးဉာဏ်

ကျောက်မိန်၏ စကားများကြောင့် မူလက အတန်ငယ် ဝမ်းနည်းပူဆွေးနေသည့် အငွေ့အသက်များသည် လုံးဝဥဿုံ ပြောင်းလဲသွားလေသည်။

ရှဲ့ရွှန်းသည် အားရပါးရ ရယ်မောပြီးနောက် "ဒီမိန်းကလေး ပြောတာ မှန်တယ် ။ ဒီလိုသာ တွက်မယ်ဆိုရင်တော့ ငါတို့တွေ အပိုင်းတွေ ခွဲခြားပြီး သတ်မှတ်ရလိမ့်မယ်၊ မဟုတ်ရင် ငါတို့ အစောင့်အ‌ရှောက်ဘုရင် လေးပါး ထဲမှာ ငါရှဲ့ရွှန်းက အငယ်ဆုံး ဖြစ်သွားလိမ့်မယ်" ဟု ဆိုသည်။

လူအများလည်း ရယ်မောကြပြီး ထိုကိစ္စကို အဆုံးသတ်လိုက်ကြ လူအားလုံး၏စိတ်ဓာတ်များ တစ်ဖန် ပြန်လည် ပေါ့ပါးသွားလေတော့သည်။

အထူးသဖြင့် ရှဲ့ရွှန်းသည် ချန်ခွန်း၏ သိုင်းပညာများ ပျက်ပြယ်ပြီး ခြေလက်အင်္ဂါများ မသန်စွမ်းတော့ဘဲ ကွမ်မင်တောင်ထိပ်တွင် အကျဉ်းကျနေသည်ကို သိလိုက်ရသဖြင့် စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေ၏။ သူသည် ကလဲ့စားချေရန် ပြန်သွားချင်သည့် စိတ်ရှိသော်လည်း တစ်ဖက်တွင်လည်း ထိုသို့ပြုလုပ်ရန် တွန့်ဆုတ်နေမိသည်။

သူသည် တစ်သက်လုံး ဖြောင့်မတ်စွာ နေထိုင်လာသူဖြစ်ရာ ရန်သူပင်ဖြစ်စေကာမူ အခွင့်အရေးယူခြင်းမျိုးကို မပြုလိုပေ။ ချန်ခွန်းမှာ ယခုအခါ ပြန်လည် ခုခံနိုင်စွမ်း လုံးဝမရှိတော့ရာ ထိုသို့သော ဒုက္ခိတတစ်ယောက်ကို တိုက်ခိုက်ခြင်းဖြင့် သူ မည်သို့ စိတ်ကျေနပ်မှု ရနိုင်ပါမည်နည်း။

ကျောက်မိန်သည် တိုးတိုးကလေး ရယ်မောလိုက်သည်။ သူမသည် အခြေအနေကို အောင်မြင်စွာ ပြုပြင်ပြောင်းလဲပေးပြီးနောက် ကျန်းဝူကျိကို ကြည့်ကာ အမှတ်ယူရန် ပြင်လိုက်သော်လည်း ကျန်းဝူကျိနှင့် ရှောင်ကျောက်တို့သည် တိတ်ဆိတ်သော ထောင့်တစ်နေရာတွင် ကပ်လျက်ရှိနေပြီး တစ်ခုခုကို အာရုံစိုက် လေ့လာနေသည်ကို တွေ့လိုက်ရသည်။

သူမသည် စပ်စုချင်စိတ်ဖြင့် အနားသို့ သွားကြည့်ရာ ကျန်းဝူကျိနှင့် ရှောင်ကျောက်တို့သည် သန့်စင်သော မီးလျှံအမိန့်တော်ပြား ကို ကိုင်ဆောင်ကာ လေ့လာနေကြသည်ကို မြင်လိုက်ရ၏။

ခြောက်ခုသော မီးတောက်တံဆိပ်ပြားပေါ်တွင် တောင်ပေါ်က အဖိုးအို ဟော့ရှန်း ရေးထွင်းခဲ့သည့် ဆန်းကြယ်သော သိုင်းပညာရပ်များ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ပါရှားသံတမန်သုံးပါး၏ သိုင်းပညာများသည် ထိုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အထူးအဆင့်အထိ မလေ့ကျင့် ရသေးသော်လည်း ထိုထူးဆန်းပြီး ခန့်မှန်းရခက်သော သိုင်းပညာများကို အားကိုးကာ မိမိထက် သိုင်းအဆင့်မြင့်သော ရန်သူများကို အနိုင်ယူနိုင်စွမ်း ရှိကြသည်။

သို့သော် မီးတောက်တံဆိပ်ပြားပေါ်တွင် ရေးထွင်းထားသည်မှာ ပါရှားစာသားများ ဖြစ်သဖြင့် ကျန်းဝူကျိ နားမလည်ပေ။ ထို့ကြောင့် သူက ရှောင်ကျောက်ကို ဘာသာပြန်ခိုင်းပြီး နားထောင်ကာ လေ့လာနေခြင်း ဖြစ်သည်။

ဝူကျိက သူမကို အကူအညီ လိုအပ်နေသည်ကို မြင်ရသဖြင့် ရှောင်ကျောက်သည်လည်း အလွန်ဝမ်းမြောက်နေပြီး မီးတောက်တံဆိပ်ပြားပေါ်ရှိ စာသားများကို ဝူကျိအတွက် လိမ္မာပါးနပ်စွာ ဘာသာပြန်ပေးနေလေသည်။

ကျန်းဝူကျိ၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ အလွန်ပင် မြင့်မားလှသည်။ စကြဝဠာ ရွှေ့ပြောင်းခြင်း နှင့် ကိုးပါးနေဝန်း အလင်းစွမ်းအင် တို့ ရှိထားသဖြင့် မည်သည့် သိုင်းပညာကိုမဆို အလွယ်တကူ တတ်မြောက်နိုင်သည်။ မီးတောက်တံဆိပ်ပြား သိုင်းပညာသည် နက်နဲသော်လည်း သူ့မျက်စိထဲတွင်မူ ဘာမှမဟုတ်ပေ။ တစ်ကြိမ် နားထောင်ရုံဖြင့် အများစုကို တတ်မြောက်သွားပြီး ဆက်လက် လေ့လာပြီးနောက်တွင်မူ လုံးဝ အပိုင်နိုင်ဆုံး အဆင့်သို့ ရောက်ရှိသွားတော့သည်။

မီးတောက်တော်ဝင်တံဆိပ်ပြား သိုင်းပညာ၏ အနှစ်သာရမှာ 'ဆန်းကြယ်သော နည်းလမ်းများ' သာ ဖြစ်သည်။ လှုပ်ရှားမှုတိုင်းနှင့် အနေအထားတိုင်းသည် နည်းစနစ်ပိုင်းကို အလွန်အမင်း အသားပေးထားသည်။ များသောအားဖြင့် တိုက်ခိုက်ပုံ တိုက်ခိုက်နည်းများသည် အလယ်ပိုင်းဒေသရှိ သိုင်းပညာရှင်များ မခုခံနိုင်လောက်အောင်ပင် ဖြစ်သည်။

အကြောင်းမှာ အလယ်ပိုင်းဒေသ သိုင်းပညာရှင်များသည် ကျယ်ပြန့်ပြီး ပွင့်လင်းသော လှုပ်ရှားမှုများကိုသာ အသားပေးကာ နည်းစနစ်ကိုမူ အရံအနေဖြင့်သာ အသုံးပြုကြသောကြောင့် ဖြစ်သည်။ ထိုသို့သော ထူးဆန်းသည့် နည်းလမ်းများနှင့် ရုတ်တရက် ရင်ဆိုင်ရချိန်တွင် သူတို့မှာ အငိုက်မိသွားကြလေ့ ရှိသည်။

ဒါသည် ရင်ဆိုင်တိုက်ခိုက်မှုသက်သက်ကိုသာ အသားပေးသည့် ပြင်းထန်လှသော နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက် ကဲ့သို့သော သိုင်းပညာများနှင့် အလွန်ကွာခြားသည်။ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်သည် ထူးခြားသောနည်းလမ်းများကို အသုံးမပြုဘဲ ကြီးမားသော စွမ်းအားဖြင့်သာ အရာရာကို ချေဖျက်လေ့ရှိရာ ထိပ်တိုက်ရင်ဆိုင်ရာတွင် အနှိုင်းမဲ့လေသည်။

တစ်ဖက်တွင်မူ မီးတောက်တံဆိပ်ပြား သိုင်းပညာသည် ဆန်းကြယ်ပြီး နည်းစနစ်ပိုင်းကို အမြင့်ဆုံးသို့ မြှင့်တင်ထားခြင်း ဖြစ်သည်။ ကျန်းဝူကျိသည် ဤသိုင်းပညာကို သင်ယူလိုက်ခြင်းဖြင့် သူ၏ သိုင်းပညာအားလုံးကို ပိုမိုစုံလင်စေကာ လိုအပ်ချက် အနည်းငယ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

အမှန်စင်စစ် ကျန်းဝူကျိသည် ယခင်က ပါရှားသံတမန်သုံးပါးကို အနိုင်ယူခဲ့စဉ်ကလည်း သူတို့၏ နည်းစနစ်အချို့ကို သိရှိထားသဖြင့် ပရိယာယ်သုံးကာ 'နဂါး အမြီးရိုက်ခတ်ခြင်း' သိုင်းကွက်ဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက အနည်းငယ် ခက်ခဲနိုင်ပေသည်။ ပါရှားသံတမန်သုံးပါးမှာ ရွှမ်မင်နတ်လက်ဝါး အဖိုးကြီးနှစ်ဦးကဲ့သို့ မဟုတ်ဘဲ 'ထူးဆန်းသည်' ဟုသာ တင်စားရမည်ဖြစ်ကာ သူတို့၏ တွဲဖက်ညီမှုမှာ အမှန်တကယ်ပင် အနိုင်ယူရန် မလွယ်ကူပေ။

ကျောက်မိန်သည် ထိုအခြင်းအရာကို မြင်သဖြင့် "ကြည့်ရတာ ညီမလေး ရှောင်ကျောက်ကပဲ အစ်ကို့ ကို ကူညီနိုင်တာပဲ၊ ငါကတော့ ဒီမှာ ဘာမှအသုံးမကျတဲ့ အလှပြ ခေါင်းအုံး ဖြစ်နေရပြီ" ဟု ရယ်မောကာ ပြောလိုက်သည်။

(အလှပြခေါင်းအုံးသည် အပြင်တွင် ပန်းပွင့်ကလေးများ ထိုးထားသော်လည်း အတွင်းတွင်မူ ကောက်ရိုး ခြောက်များ သာပါသည်)

သူမသည် ပြုံးလျက် ပြောနေသော်လည်း စကားသံထဲတွင် အနည်းငယ် စိတ်ကောက်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။

ကျန်းဝူကျိကမူ ရယ်မောလိုက်ပြီး " အလှပြ ခေါင်းအုံးလေး ဖြစ်တော့ ဘာဖြစ်လဲ၊ ခေါင်းအုံး မရှိဘဲ ဘယ်လိုအိပ်လို့ ရမှာလဲ၊ မင်းကိုယ်မင်း အဲ့ဒီလို သတ်မှတ်ထားမှတော့ ဒီည ငါနဲ့အတူ အိပ်ရလိမ့်မယ်" ဟု ဆိုသည်။

ကျောက်မိန်၏ မျက်နှာမှာ နီမြန်းသွားပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ရှင့်မှာ အဖော်လုပ်ပေးမယ့် ရှင့်ရဲ့ ချစ်လှစွာသော ချင်အာ ရှိနေတာပဲ မဟုတ်လား၊ ကိုယ့်မိသားစုကိုတောင် မငဲ့ကွက်တဲ့ ဒီလိုကောင်မလေးအတွက် ဘယ်လိုလုပ် အလှည့်ကျပါ့မလဲ" ဟု နှာခေါင်းရှုံ့ကာ ပြောလေသည်။

အလွန် အဆိပ်ပြင်းသော မိန်းကလေးပင်။

ကျန်းဝူကျိသည် ပြုံးလျက် ခေါင်းခါလိုက်ပြီး ယနေ့တွင် အသုံးဝင်သော သိုင်းပညာတစ်ခု သင်ယူလိုက်ရသဖြင့် သူမကို ဆက်ပြီး မစနောက်တော့ပေ။

ရှောင်ကျောက်၏ မျက်လုံးများမှာမူ လှုပ်ရှားသွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သူမက "သခင်လေးက နောင်အနာဂတ် အရေးကြီးကိစ္စတွေအတွက် သိုင်းပညာကို အာရုံစိုက်နေတာပါ၊ မင်းသမီးက ဘယ်လိုဖြစ်လို့ အဲ့ဒီလို စကားမျိုး ပြောရတာလဲ" ဟု တွေးနေမိသည်။

သို့သော် သူမ စကားမပြောရသေးမီ ကျောက်မိန်က ကျီစားသလို ရယ်မောရင်း "ရှင်ကတော့ တကယ်ကို ကံကောင်းတဲ့ လူရှုပ်လေးပဲ၊ ရှင် စကားမပြောရသေးခင်မှာတင် ရှောင်ကျောက်က မနေနိုင်တော့ဘူး၊ သူက ရှင့်ရဲ့ သိုင်းကျင့်စဉ်ကို နှောင့်ယှက်မိလို့ ငါ့ကို အပြစ်တင်တော့မှာ သေချာတယ်၊ ရှင့် ရဲ့ မင်ဂိုဏ်း ဂိုဏ်းချုပ် ဆိုတဲ့ ဘွဲ့ကြီးကတော့ အပြစ်တင်တာတွေ တော်တော် ခံရမှာပဲ" ဟု ဆိုသည်။

ရှောင်ကျောက်၏ အတွေးကို ကျောက်မိန်က ရိပ်မိသွားသဖြင့် သူမ၏ မျက်နှာလေးမှာ နီမြန်းသွားရပြန်သည်။ ကျန်းဝူကျိကမူ ကျေနပ်စွာ ပြုံးလိုက်ပြီး ရှောင်ကျောက်၏ မျက်နှာလေးကို ဆွဲလိမ်ကာ "ရှောင်ကျောက်က တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး မိန်းကလေးပါ၊ သူမက ဘယ်တော့မှ နာကျင်စေမယ့် စကားမျိုး ပြောမှာ မဟုတ်ဘူး" ဟု ပြောသည်။

ကျောက်မိန်က နှာခေါင်းရှုံ့ကာ "ညီမလေး ရှောင်ကျောက်က တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး မိန်းကလေးဆိုရင် အမြဲ ပြဿနာရှာနေတဲ့ ငါကတော့ တစ်ကမ္ဘာလုံးမှာ အဆိုးဆုံး မိန်းကလေး ဖြစ်မှာပေါ့" ဟု ဆိုလေသည်။

ကျန်းဝူကျိက ခေါင်းခါကာ "တစ်ကမ္ဘာလုံးမှာ အဆိုးဆုံး မိန်းမက သေသွားပြီ၊ အဲ့ဒါ ထန်မိန်ကျွင်း ပဲ၊ မင်းလည်း ကိုယ်တိုင် မြင်သားပဲ၊ မင်းက သူမထက် ပိုဆိုးတယ်လို့ ထင်နေတာလား" ဟု ဆိုသည်။

ကျောက်မိန်သည် သူ ထိုသို့ ပြောလိမ့်မည်ဟု မထင်ထားသဖြင့် ရယ်မောလိုက်ကာ "တချို့လူတွေရဲ့ စိတ်ထဲမှာတော့ ငါက ထန်မိန်ကျွင်းထက် ပိုဆိုးရင် ဆိုးနေမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ထန်မိန်ကျွင်းက တစ်စုံတစ်ယောက်ရဲ့ ချစ်လှစွာသော ချင်အာအကြောင်း ဘယ်တုန်းကမှ မပြောခဲ့ဘူးလေ" ဟု ဆိုသည်။

"ချင်အာက တကယ်ကို မိန်းကလေးကောင်းပါ၊ ဒါပေမဲ့ သူမကို ဆရာတစ်ယောက်အနေနဲ့ ကိုယ်တိုင် သင်ကြားပေးခဲ့ရတာ ငါ့မှာ သေလောက်အောင် ပင်ပန်းခဲ့ရတယ်"

ကျန်းဝူကျိ၏ မျက်နှာမှာ တည်ကြည်နေသော်လည်း ကျောက်မိန်နှင့် ရှောင်ကျောက်တို့ကိုမူ မျက်နှာနီမြန်းသွားစေသည်။

"မင်းတို့ကို နောက်နေတယ်လို့ ထင်နေတာလား၊ ငါ အခြေအနေကို ပြောပြမယ်၊ ဒါဆိုရင် မင်းတို့ နားလည်သွားလိမ့်မယ်"

ကျောက်မိန်နှင့် ရှောင်ကျောက်တို့၏ နီမြန်းနေသော မျက်နှာများကို ကြည့်ကာ ကျန်းဝူကျိက ပြုံးလိုက်ပြီး ကျူးချန်လင် နှင့် ဝူလျဲ့ တို့ ပါဝင်ပတ်သက်နေသော ဝူချင်းရင် နှင့် အခြားသူများအကြောင်း ဇာတ်လမ်းကို ပြန်ပြောပြလိုက်သည်။

အားလုံးကို ကြားသိပြီးနောက်တွင် ကျောက်မိန်နှင့် ရှောင်ကျောက်တို့သည် ရုတ်တရက် နားလည်သွားကြသည်။

ကျောက်မိန်က "ဒါကြောင့် ရှင်က သူမကို ကျွန်မိန်းကလေးလို ဆက်ဆံပြီး နံ့သာဆယ်ပါး အရိုးပျော့‌ဆေးမှုန့် ပေးခဲ့တာကိုး၊ သူတို့ မိသားစုနှစ်ခုလုံးက ရှင့်ရဲ့အသက်ကို ရန်ရှာခဲ့တာပဲ၊ သူတို့ ဒါမျိုး ခံရတာ ထိုက်တန်ပါတယ်" ဟု ဆိုသည်။

သူမ၏ လေသံထဲတွင် ကျန်းဝူကျိ၏ ကလေးဘဝအပေါ် သနားကရုဏာသက်မှုနှင့် ထိုလူများအပေါ် နာကျည်းမှုများ ပါဝင်နေသည်။

စနောက်နေသည်ကို ဖယ်ထားလျှင် ကျောက်မိန်သည် ကျန်းဝူကျိကို သူမ၏ အဖေနှင့် အစ်ကိုထက်ပင် ပို၍ အလေးထား ဂရုစိုက်သူ ဖြစ်သည်။

ဝူချင်းရင်သည် ကျန်းဝူကျိက ရာဂစိတ်ဖြင့် သိမ်းပိုက်ထားသည့် မိန်းမတစ်ယောက်ဟု သူမ မူလက ထင်မြင်ခဲ့ပြီး 'ကျွန်မိန်းကလေး' ဆိုသည့် အသုံးအနှုန်းမှာလည်း သူတို့ကြားက ကစားနည်းတစ်ခုဟုသာ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ အမှန်တရားမှာ လုံးဝ ကွဲပြားနေလေပြီ။

ရှောင်ကျောက်က တိုးတိုးကလေး "သခင်လေးက ကလဲ့စားချေတဲ့အနေနဲ့ ကျူးချန်လင် မိသားစုကို သတ်ခဲ့တာပဲ၊ ဝူချင်းရင်က အမှားတွေ လုပ်ခဲ့ပေမဲ့ သေဒဏ်ပေးလောက်တဲ့အထိတော့ မဟုတ်ပါဘူး၊ သခင်လေး လုပ်ခဲ့တာ မမှားပါဘူး၊ ဒါပေမဲ့ ဝူလျဲ့ မသေဘဲ လွတ်သွားတာတော့ နှမြောစရာပဲ" ဟု ပြောသည်။

ထိုအခါ ကျောက်မိန်က ရယ်မောကာ "ညီမလေး ရှောင်ကျောက်ကတော့ အစိုးရိမ် လွန်နေပြန်ပြီ၊ ဝူလျဲ့သာ မသေရင် ဝူချင်းရင်က ဘယ်လိုလုပ်ပြီး သူ့သဘောနဲ့သူ ကျွန်မိန်းကလေး အဖြစ်ခံပါ့မလဲ၊ ငါ့အထင်တော့ ဝူလျဲ့ဟာ သီလရှင် မြဲ့ကြွယ် ရဲ့ လက်ချက်နဲ့ သေသွားတာ ဖြစ်ဖို့ များတယ်" ဟု ဆိုသည်။

ကျန်းဝူကျိက အနည်းငယ် အံ့သြသွားပြီး "ဒါကို မင်း ဘယ်လို သိတာလဲ" ဟု မေးလိုက်သည်။

သူ အံ့သြသွားသည်ကို မြင်သဖြင့် ကျောက်မိန်က ကျေနပ်စွာ ပြုံးလိုက်ပြီး "ဒါက ခန့်မှန်းရ ခက်တာမျိုး မဟုတ်ပါဘူး၊ ဝူချင်းရင်က သူ့သဘောနဲ့သူ ကျွန် အဖြစ်ခံတယ်ဆိုတာ ဝူလျဲ့ သေသွားပြီမို့ သူမမှာ တွယ်တာစရာ မရှိတော့တာကို ပြနေတာပဲ၊ ရှင် ပြောပုံအရဆိုရင် အဲ့ဒီအချိန်မှာ သီလရှင် မြဲ့ကြွယ် နဲ့ ဟဲတိုက်ချုံး ဇနီးမောင်နှံပဲ ရှိတာလေ၊ ဟဲတိုက်ချုံး ဇနီးမောင်နှံက သဘောထားသေးသိမ်တဲ့သူတွေ ဖြစ်ပြီး ဝူလျဲ့နဲ့လည်း နယ်မြေချင်း နီးစပ်သူတွေဆိုတော့ ဘာလို့ သတ်မှာလဲ၊ ရှိနေတဲ့ လူတွေထဲမှာ သီလရှင် မြဲ့ကြွယ် တစ်ယောက်ပဲ မတရားမှုကို မီးလို မုန်းတီးတာ၊ ဝူလျဲ့ လုပ်ရပ်တွေကိုသာ သိသွားရင် သီလရှင် မြဲ့ကြွယ်က ဒေါသတကြီး လက်ဦးမှာ သေချာတယ်၊ ဝူလျဲ့က တိမ်လွှာဓား ရဲ့ ထက်မြက်မှုကို ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ" ဟု ရှင်းပြသည်။

ကျောက်မိန်၏ အလွန်ကျိုးကြောင်းဆီလျော်သော စကားများကို နားထောင်ပြီး ကျန်းဝူကျိက အသာအယာ ခေါင်းညိတ်လိုက်ကာ "မင်းကတော့ မင်းပါပဲ၊ ဒီကာလအတွင်းမှာ သိပ်ပြီး ထင်ထင်ရှားရှား မပြခဲ့ပေမဲ့ မင်းရဲ့ ဉာဏ်ပညာကတော့ တကယ်ကို ထက်မြက်တာပဲ" ဟု တွေးနေမိသည်။

သို့သော် ကျောက်မိန်အနေဖြင့် ထင်ရှားပြသရန် အခွင့်အရေး မရှိခြင်းမှာလည်း ပုံမှန်ပင် ဖြစ်သည်၊ အကြောင်းမှာ အရာအားလုံးကို ကြိုတင် စီစဉ်ထားပြီးဖြစ်ရာ သူမ စွမ်းဆောင်ရည်ပြရန် အခွင့်အလမ်း မရှိသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်မူ သူ ကျန်းဝူကျိကိုယ်တိုင်က အရာရာကို စေ့စပ်သေချာစွာ ကိုင်တွယ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ထိုသို့ တွေးမိသည်နှင့် ကျန်းဝူကျိသည် ယုံကြည်မှုအပြည့်ဖြင့် ကျေနပ်စွာ ပြုံးလိုက်လေတော့သည်။

အခန်း (၁၆၅) ပါရှားမင်ဂိုဏ်းချုပ်၏ ရတနာဘုရင် ဆယ့်နှစ်ပါး

ထိုစဉ် ရုတ်တရက် အမြောက်မြည်သံတစ်ချက် ဟိန်းထွက်လာရာ လူအများမှာ အကြောင်းရင်းကို မသိသဖြင့် လန့်ဖျပ်သွားကြလေသည်။

ကျိုးတျန်က "တောက်၊ ပါရှားဌာနချုပ်က အသုံးမကျတဲ့ သံတမန်သုံးယောက် ငါတို့သင်္ဘောကို ဖောက်ခွဲလိုက်တာ ဖြစ်ရမယ်" ဟု အော်ဟစ်လိုက်သည်။

ရန်ရှောင်က ခေါင်းခါယမ်းကာ "ငါတို့သင်္ဘောကို ကျွန်းရဲ့နောက်ဘက်ကို မောင်းနှင်ထားတာဆိုတော့ အလွယ်တကူ ရှာမတွေ့နိုင်ဘူး၊ အမြောက်သံကို နားထောင်ရသလောက်တော့ ကျွန်းရဲ့ တောင်ဘက်ခြမ်းက လာတာပဲ၊ ငါတို့သင်္ဘောရှိတဲ့ နေရာမဟုတ်ဘူး" ဟု ဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အရင်သွားကြည့်ကြတာပေါ့"

ဂိုဏ်းချုပ်ကျန်းက တိုက်ရိုက်အမိန့်ပေးလိုက်ရာ လူအများလည်း သဘာဝအတိုင်း နာခံကြလေသည်။

အဖွဲ့သားများသည် အမြောက်သံထွက်ပေါ်ရာအရပ်သို့ ချက်ချင်း ဦးတည်သွားကြသည်။ လမ်းခရီးတွင် အမြောက်သံ နှစ်ကြိမ်မျှ ထပ်မံထွက်ပေါ်လာရာ အနီးအနားရှိ ငှက်များမှာ လန့်ဖျပ်ပျံသန်းကုန်ကြ၏။

ထူးဆန်းသည်မှာ အမြောက်သံသည် သုံးကြိမ်သာ မြည်ပြီးနောက် ရပ်တန့်သွားခြင်းပင် ဖြစ်သည်။ ကျွန်းပေါ်တွင် အခြားသူများမရှိသဖြင့် မည်သူမျှ အကြောင်းရင်းကို မသိနိုင်ကြပေ။ လူအများမှာ ထိုနေရာသို့ ရောက်မှသာ အခြေအနေအရပ်ရပ်ကို သိရတော့မည်ဟု တွေးတောမိကြသည်။

၎င်းတို့ ရောက်ရှိသွားသောအခါ ပါရှားစစ်သင်္ဘောအချို့ ဆိုက်ကပ်ထားသည်ကို တွေ့လိုက်ရ၏။ အကြီးဆုံးသင်္ဘော၏ ကုန်းပတ်ပေါ်တွင် ဆံပင်ဝါ၊ မျက်လုံးပြာနှင့် တိုင်းတစ်ပါးသားများစွာ ရပ်နေကြသည်။

ကျန်းဝူကျိနှင့် အဖွဲ့သားများ ရောက်လာသည်ကို မြင်သောအခါ တရုတ်စကားပြောတတ်သူတစ်ဦးက "မင်းတို့က အလယ်ပိုင်းဒေသ မင်ဂိုဏ်းက လူတွေလား" ဟု လှမ်းအော်မေးသည်။

ကျန်းဝူကျိက "ဟုတ်တယ်၊ မင်းတို့က ပါရှားမင်ဂိုဏ်းကလား" ဟု ကျယ်လောင်စွာ ပြန်ပြောလိုက်၏။

ထိုပါရှားလူမျိုးက ခေါင်းညိတ်ကာ "ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ရဲ့ ပါရှားသံတမန်သုံးဦးကို မင်းတို့က မတရား နှိပ်စက်စော်ကားခဲ့တယ်၊ အခု အဲ့ဒီအတွက် တရားမျှတမှု လာတောင်းတာပဲ၊ ဆွေးနွေးဖို့ သင်္ဘောပေါ် တက်ခဲ့ပါ" ဟု ဆိုသည်။

ထိုသူ၏ စကားပြောဟန်မှာ တောင့်တင်းပြီး စာတစ်သံပေတစ်သံဖြစ်နေသော်လည်း မေးခွန်းထုတ်သည့် လေသံမှာမူ အလွန်ပင် ရှင်းလင်းလှသည်။ ကျန်းဝူကျိနှင့် အဖွဲ့သားများမှာ ကြောက်ရွံ့ခြင်းမရှိပေ။ တစ်ဦးချင်းစီမှာ ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်ကြရာ ဤကဲ့သို့သော အခြေအနေလေးကို မည်သို့ စိုးရိမ်ပါမည်နည်း။

၎င်းတို့ သင်္ဘောကုန်းပတ်ပေါ်သို့ တက်သွားကြရာ ပါရှားလူမျိုး အနည်းဆုံး ဒါဇင်ဝက်ခန့်ကို တွေ့ရပြီး ၎င်းတို့အနက်မှ ယခင်က တွေ့ခဲ့ဖူးသော ပါရှားသံတမန်သုံးဦး အပါအဝင် လူ ဆယ့်နှစ်ဦးကို ဝန်းရံထားကြသည်ကို မြင်လိုက်ရသည်။ ၎င်းတို့၏ အမူအရာများမှာ ရိုသေကိုင်းရှိုင်းလှသဖြင့် ဤလူ ဆယ့်နှစ်ဦးမှာ ထူးခြားသော အဆင့်အတန်းရှိသူများ ဖြစ်ကြောင်း ထင်ရှားလှသည်။

ကျန်းဝူကျိသည် ထိုဆယ့်နှစ်ဦးမှာ ပါရှားမင်ဂိုဏ်း၏ ရတနာဘုရင် ဆယ့်နှစ်ပါး ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်၏။ ရန်ရှောင်နှင့် အခြားသူများလည်း ထိုသို့ပင် သိမြင်ကြပြီး "ပါရှားဌာနချုပ်က ရတနာဘုရင်ဆယ့်နှစ်ပါး အလယ်ပိုင်းဒေသကို ကြွရောက်လာတာပဲ၊ ငါတို့အတွက် တကယ် ဂုဏ်ယူစရာပါပဲ" ဟု ဆိုကြသည်။

စောစောက စကားပြောခဲ့သော အစေခံက ရန်ရှောင်၏ စကားကို ရတနာဘုရင်တစ်ပါးထံ ဘာသာပြန်ပေးရာ ထိုသူက ခေါင်းညိတ်ပြီးနောက် မိမိတို့ဘာသာစကားဖြင့် စကားအချို့ ပြောလိုက်သည်။

ထို့နောက် အစေခံက "ငါတို့ ခေါင်းဆောင်က မေးခိုင်းလိုက်တယ်၊ အလယ်ပိုင်းဒေသ မင်ဂိုဏ်းချုပ် ကျန်းအနေနဲ့ ငါတို့ သံတမန်သုံးယောက်အပေါ် အကြောင်းမဲ့ ရက်စက်ခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ပေးပါတဲ့" ဟု ဆိုပြန်သည်။

ထိုသူ၏ တရုတ်စကားမှာလည်း အတော်ပင် ညံ့ဖျင်းလှသည်။ ကျန်းဝူကျိသည် ပါရှားသံတမန်သုံးပါးကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့သော်လည်း သတ်ဖြတ်ခဲ့ခြင်း မဟုတ်သဖြင့် 'ရက်စက်သည်' ဟု မခေါ်ဆိုနိုင်ပေ။ ရှင်းလင်းချက်ပေးရန် တောင်းဆိုသည်မှာ ပို၍ပင် ရယ်စရာကောင်းနေသေးသည်။ ၎င်းတို့ကို ရှင်းလင်းချက်ပေးရန် တောင်းဆိုခြင်းမှာ မိမိတို့ဘာသာ ရှင်းလင်းချက် ပြန်ပေးခိုင်း နေသကဲ့သို့ ဖြစ်နေ၏။

ကျောက်မိန်က ချက်ချင်းပင် ရယ်မောလိုက်ပြီး "ငါတို့ကို ငါတို့ဘာသာ ရှင်းလင်းချက် ပေးခိုင်းနေတာလား၊ ဒါဆိုရင်တော့ ပေးနေစရာ မလိုတော့ဘူးပေါ့၊ ငါတို့ ဂိုဏ်းချုပ်ကျန်းက သဘောထားကြီးတဲ့သူမို့လို့ အဲ့ဒီ သံတမန်သုံးယောက်ရဲ့ အမှားတွေကို ခွင့်လွှတ်ပေးပြီးသားပါ" ဟု ဆိုသည်။

ထိုစကားကြောင့် ကျန်းဝူကျိဘက်မှ လူများမှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။ အစေခံမှာ ထိုစကားကြောင့် အံ့အားသင့်သွားပြီး "ပေါက်ကရကိုးဆယ်စကားတွေ" ဟု ဆဲရေးလိုက်လေသည်။

ထိုသူ၏ တရုတ်စကားမှာ အလွန်ညံ့ဖျင်းလှရာ “ပေါက်ကရရှစ်ဆယ်” ဆိုသည့် စကားပုံကို ကြားဖူးသဖြင့် ကိုးသည် ရှစ်ထက် ကြီးသဖြင့် ပေါက်ကရကိုးဆယ် ' ဆိုလျှင် ပို၍ အဓိပ္ပာယ်ပြင်းထန်လိမ့်မည်ဟု ထင်ကာ ပြန်လည် ချေပလိုက်ခြင်း ဖြစ်သည်။

ကျောက်မိန်သည် ပို၍ပင် အားရပါးရ ရယ်မောလိုက်ရာ သူမ၏ လှပသော မျက်နှာလေးမှာ ပျော်ရွှင်မှုကြောင့် ဝင်းပနေတော့သည်။ သူမက "တကယ်ကို တော်တဲ့သူပဲ၊ ပေါက်ကရ တစ်ရာ စကား' လို့ ဘာလို့ မပြောတာလဲ" ဟု ကျီစားလိုက်သည်။

( တရုတ်စကားတွင် Nonsense Eight Dao ဟူ၍သာရှိသောကြောင့်ဖြစ်သည်)

အစေခံသည် ထိုစကားကို ကြားသောအခါ ကျိုးကြောင်းဆီလျော်သည်ဟု ထင်မှတ်ကာ ခေါင်းညိတ်ရင်း "မှန်တယ်၊ မင်းတို့က ပေါက်ကရ တစ်ရာ စကားတွေ ပြောနေတာပဲ" ဟု အတည်ပေါက်ကြီးဖြင့် ပြောလေတော့သည်။

ထိုအခါ ကျန်းဝူကျိဘက်မှ လူအားလုံးမှာ ဟက်ဟက်ပက်ပက် ရယ်မောကြရာ ကုန်းပတ်ထက်တွင် ပျော်ရွှင်စရာ လေထုဖြင့် ပြည့်နှက်သွားတော့သည်။ ကျန်းဝူကျိနှင့် အဖွဲ့သားများက အားရပါးရ ရယ်မောနေကြသော်လည်း ပါရှားဌာနချုပ်မှ လူများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေကြ၏။ ရတနာဘုရင် ခေါင်းဆောင်မှာ အစေခံကို ကြည့်ကာ မကျေမနပ်ဖြင့် စကားအချို့ ပြောလိုက်သည်။ ၎င်းတို့ နားမလည်သော်လည်း ဆူပူကြိမ်းမောင်းနေခြင်း ဖြစ်ဟန်တူသည်။ အစေခံမှာ အဆူခံရသဖြင့် ခေါင်းငုံ့ကာ နာခံပြီး ဘေးသို့ ဆုတ်သွားလေသည်။

အစေခံ ဘေးသို့ ဆုတ်သွားပြီးနောက် ခေါင်းဆောင်ဖြစ်သူသည် ရုတ်တရက် ကျန်းဝူကျိနှင့် အဖွဲ့သားများကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ကျန်းဝူကျိတို့အဖွဲ့ထံသို့ အလုံးအရင်းဖြင့် ပြေးဝင် တိုက်ခိုက်ကြတော့သည်။

ဤသည်မှာ လူအများ မထင်မှတ်ထားသော အခြေအနေ ဖြစ်သော်လည်း ကျန်းဝူကျိတို့မှာ သိုင်းပညာရှင်များ ဖြစ်ကြသည်။ သင်္ဘောပေါ် တက်ကတည်းက ရန်သူကို လှောင်ပြောင် နေကြသော်လည်း နိုးနိုးကြားကြား ရှိနေခဲ့ကြသဖြင့် စကားအပိုမပြောဘဲ ချက်ချင်းပင် တုံ့ပြန် တိုက်ခိုက်ကြလေသည်။

ကျန်းဝူကျိသည် ရှေ့သို့ တိုးထွက်သွားသည်။ ပါရှားလူမျိုးများက ထူးဆန်းသော ပုံစံရှိသည့် လက်နက်များဖြင့် တိုက်ခိုက်လာသည်ကို မြင်သောအခါ ကျန်းဝူကျိသည် ခါးတွင် ချိတ်ထားသော တိမ်လွှာဓားကို ဆွဲထုတ်လိုက်၏။ ဓားကို အနည်းငယ် ဝှေ့ယမ်းလိုက်ရုံဖြင့် 'ချောက်၊ ချောက်' ဟူသော အသံများနှင့်အတူ တိမ်လွှာဓားသည် ထိုသူတို့၏ လက်နက်များကို တို့ဟူးတုံးကို လှီးဖြတ်သကဲ့သို့ အလွယ်တကူ ပိုင်းဖြတ်ပစ်လိုက်သည်။

ထိုပါရှားသိုင်းသမားများသည် ပြိုင်ဘက်လက်နက်၏ ထက်မြက်မှုကို အလွန်အံ့သြသွားကြပြီး အလိုအလျောက် နောက်သို့ ဆုတ်သွားကြ၏။ ကျန်းဝူကျိသည် တိမ်လွှာဓားကို ချက်ချင်း ပြန်သိမ်းလိုက်ပြီးနောက် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက် ထဲမှ 'နဂါးနှစ်ကောင် ရေကစားခြင်း' သိုင်းကွက်ကို ထုတ်ဖော်ကာ လက်ဝါးနှစ်ဖက်လုံးဖြင့် တွန်းထုတ်လိုက်သည်။

ကျန်းဝူကျိ၏ လက်ရှိ နက်နဲလှသော အတွင်းအားနှင့် နဂါးနိုင်လက်ဝါးပေါ်တွင် အပြည့်အဝ နားလည်သဘောပေါက်ထားမှုတို့ကြောင့် ဤလက်ဝါးချက် နှစ်ချက်သည် တောင်များကို ရွှေ့ပြောင်းကာ ပင်လယ်ကို ပြောင်းပြန်လှန်နိုင်လောက်သည့် အရှိန်အဝါမျိုး ရှိနေပေသည်။

ဤပါရှားလူမျိုးများတွင်လည်း အဆင့်အတန်းရှိသော သိုင်းပညာများ ရှိကြသော်လည်း အများစုမှာ မပြည့်စုံသော စကြဝဠာ ရွှေ့ပြောင်းခြင်း နှင့် မီးတောက်တော်ဝင်တံဆိပ်ပြား သိုင်းပညာများမှ ဆင်းသက်လာသည့် ဆန်းကြယ်သော သိုင်းပညာများသာ ဖြစ်ကြသည်။ ကျန်းဝူကျိ၏ ပြင်းထန်ပြီး အဟန့်အတားမဲ့သော လက်ဝါးစွမ်းအားမျိုးကို ၎င်းတို့ မည်သည့်အခါမျှ မမြင်ဖူးကြပေ။ မခုခံနိုင်တော့ဘဲ လူ ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ ကျန်းဝူကျိ၏ နဂါးနှစ်ကောင်ရေကစားခြင်း လက်ဝါးချက်ကြောင့် လွင့်ထွက်သွားကာ ပင်လယ်ထဲသို့ ကျသွားကြတော့သည်။

အခြားသူများမှာ အနားသို့ ကပ်လာကြသော်လည်း ကျန်းဝူကျိက ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး လက်ညှိုးသိုင်း ဖြင့် လျင်မြန်စွာ ပြန်လည် တိုက်ခိုက်လိုက်သည်။ ထိုလက်ညှိုး၏ စွမ်းအင်များမှာ အရပ်မျက်နှာအနှံ့ ပေါက်ကွဲထွက်သွားပြီး ၎င်းတို့၏ အကြောမှတ်များကို လျင်မြန်စွာ ပိတ်ဆို့လိုက်လေသည်။ ထို့နောက် သူသည် ခြေလှမ်းကျဲကျဲဖြင့် ခေါင်းဆောင်ရှိရာသို့ တည့်တည့် တိုးဝင်သွားတော့သည်။

ထိုစဉ် ပါရှားသံတမန်သုံးပါးသည် ကျန်းဝူကျိကို တားဆီးရန် ချက်ချင်း လှုပ်ရှားလာကြသည်။ ၎င်းတို့ ဒဏ်ရာရထားသော်လည်း ငြိမ်းချမ်းရေး ရတနာဘုရင် အဖမ်းခံရသည်ကိုမူ ငေးကြည့်မနေနိုင်ကြပေ။

ကျန်းဝူကျိသည် လုံးဝ အားမနာတော့ပေ။ သူ၏ ကိုယ်ဖော့ပညာမှာ ထိပ်တန်းအဆင့် ဖြစ်နေပြီး လှုပ်ရှားမှုများမှာလည်း အလွန် လျင်မြန်လှသည်။ ပါရှားသံတမန်သုံးပါးမှာ အတွင်းဒဏ်ရာများ ရှိနေသည့်အပြင် ကျန်းဝူကျိကိုလည်း ကြောက်ရွံ့နေကြပြီ ဖြစ်သည်။ ယခု တိုက်ခိုက်နေခြင်းမှာ ဇွဲဖြင့်သာ တိုက်ခိုက်နေခြင်း ဖြစ်၏။ အင်အားအပြည့်ရှိနေသော ကျန်းဝူကျိကို ၎င်းတို့ မည်သို့ ခုခံနိုင်ပါမည်နည်း။

၎င်းတို့သုံးဦးသည် လက်ဝါးချက်များဖြင့် တိုက်ခိုက်လာရာ တိုက်ခိုက်သည့် ထောင့်ချိုးများမှာ အလွန်ပင် ဆန်းကြယ်လှပြီး လှုပ်ရှားမှုများမှာလည်း လျင်မြန်ဖြတ်လတ်လှသည်၊ သို့သော် ကျန်းဝူကျိက ရှောင်တိမ်းခြင်း မပြုပေ။ သူ၏ ခန္ဓာကိုယ်သည် ငြိမ်းချမ်းရေး ရတနာဘုရင် အနားသို့ ရောက်ရှိနေပြီဖြစ်ကာ ဖမ်းဆီးရန် လက်ကမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ပါရှားသံတမန်သုံးပါး၏ လက်ဝါးစွမ်းအားများမှာ သုံးဖက်သုံးတန်မှ ကျန်းဝူကျိထံသို့ ရောက်ရှိလာ၏။ ကျန်းဝူကျိသည် ထိုလက်ဝါးချက် သုံးချက်ကို မရှောင်ဘဲ ခံယူလိုက်ပြီး စကြဝဠာ ရွှေ့ပြောင်းခြင်း အတွင်းအားဖြင့် ပြင်းထန်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။ ၎င်းတို့သုံးဦးမှာ အချင်းချင်းပြန်ရိုက်မိ သည့် အခြေအနေမျိုး ဖြစ်သွားပြီး လက်ဝါးစွမ်းအား သုံးခုမှာ ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ ပြန်လည် ရိုက်ခတ်သွားရာ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တစ်ပြိုင်နက်တည်း ယိမ်းထိုးသွားပြီး သွေးတစ်လုပ်စီ အန်ထုတ်လိုက်ကြရတော့သည်။

ပါရှားသံတမန်သုံးပါးကို တွန်းလှန်ပြီးနောက် ကျန်းဝူကျိသည် ငြိမ်းချမ်းရေး ရတနာဘုရင်ကို ကြက်ကလေးတစ်ကောင်ကို ဖမ်းသကဲ့သို့ အားစိုက်စရာမလိုဘဲ ဖမ်းဆီးလိုက်လေသည်။ သို့သော် ငြိမ်းချမ်းရေး ရတနာဘုရင်သည်လည်း သိုင်းပညာရှင်ဖြစ်ပြီး အတွင်းအားမှာလည်း မနည်းလှပေ။ သူသည် ကျန်းဝူကျိ၏ လျင်မြန်မှုကြောင့် စောစောက လန့်သွားခဲ့သော်လည်း ယခု သတိပြန်ဝင်လာကာ လက်မြှောက်၍ ပြန်လည် တိုက်ခိုက်ရန် ပြင်သည်။

သို့သော် သူ၏ အဆင့်အတန်းမှာ မြင့်မားသော်လည်း သိုင်းပညာမှာမူ ပါရှားသံတမန် သုံးပါးထဲမှ မည်သူ့ကိုမျှ မမီပေ။ ကျန်းဝူကျိက ပေါ့ပေါ့ပါးပါးပင် တွန်းထုတ်ကာ သူ၏ လက်ဝါးစွမ်းအားကို ဖယ်ရှားလိုက်ပြီးနောက် လက်ညှိုးသိုင်း ဖြင့် ရိုက်နှက်လိုက်ရာ ငြိမ်းချမ်းရေး ရတနာဘုရင် ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

All Chapters