အခန်း (၁၆၆-၁၇၀)
Vol. 17 Ch. 166-170
အခန်း (၁၆၆) ပါရှားကို ပြန်မလား..... အသေခံမလား
“စကြဝဠာ ရွှေ့ပြောင်းခြင်း”
ကျန်းဝူကျိ၏ ဖမ်းဆီးခြင်းကို ခံထားရသော ငြိမ်းချမ်းရေး ရတနာဘုရင်သည် ဤစကားလုံးများကို အံကြိတ်၍ ညှစ်ထုတ်ကာ ပြောဆိုလိုက်သည်။ သူ၏ လေသံမှာ တောင့်တင်းနေသော်လည်း စကားလုံးများမှာမူ အလွန်ပင် ရှင်းလင်းလှပေသည်။
ကျန်းဝူကျိက အတန်ငယ် အံ့အားသင့်သွားဟန်ဖြင့် “မင်းက တရုတ်စကား ပြောတတ်တာပဲလား” ဟု မေးလိုက်သည်။
ငြိမ်းချမ်းရေး ရတနာဘုရင် ပြန်လည် တုံ့ပြန်ရန် အခွင့်မသာမီမှာပင် ကျန်းဝူကျိက သူ၏ ပါးကို လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်သည်။ ဖြန်းခနဲ မြည်ဟည်းသွားသော ရိုက်ချက်ကြောင့် ငြိမ်းချမ်းရေး ရတနာဘုရင်မှာ မျက်စိထဲတွင် ကြယ်စင်များ မြင်သွားပြီး မူးဝေသွားရတော့သည်။
“အားလုံး ရပ်လိုက်ကြစမ်း မဟုတ်ရင် သူ့ကို ငါ သတ်ပစ်မယ်”
ကျန်းဝူကျိသည် ဟိန်းဟောက်၍ အော်ဟစ်လိုက်ရာ သူ၏ အသံမှာ ပဲ့တင်ထပ်သွားသည်။ ထိုအသံကို ကြားသည်နှင့် လူအပေါင်းတို့သည် လှည့်ကြည့်လာကြကုန်သည်။
ယန်ရှောင်နှင့် အခြားသူများကို တိုက်ခိုက်နေကြသော ပါရှားအုပ်စုသည် အလွန်အမင်း ထိတ်လန့်သွားကြပြီး ဆက်လက် လှုပ်ရှားခြင်း မပြုရဲကြတော့ပေ။
ကျန်းဝူကျိသည် ငြိမ်းချမ်းရေး ရတနာဘုရင်ကို မင်ဂိုဏ်းသားများ ရှိရာသို့ ဆွဲခေါ်လာခဲ့သည်။ ပါရှားလူမျိုးများသည် သူ့ကို ကယ်တင်လိုသော်လည်း ငြိမ်းချမ်းရေး ရတနာဘုရင်ကို ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် အလွန် ပူပန်နေကြ၏။ ၎င်းတို့အားလုံးမှာ ဘာလုပ်ရမှန်း မသိဘဲ ခေါင်းကုတ် နေကြရလေသည်။
ဤအချိန်တွင် ငြိမ်းချမ်းရေး ရတနာဘုရင်သည် သတိပြန်ဝင်လာပြီ ဖြစ်သည်။ ပါးပေါ်မှ စပ်ဖျင်းဖျင်း နာကျင်မှုကြောင့် သူသည် တည်ငြိမ်မှုကို လက်လွှတ်လိုက်ရပြီး အံကြိတ်ကာ “အောက်တန်းစား လူရမ်းကား” ဟု ဆိုလိုက်သည်။
ကျန်းဝူကျိက တဟားဟား ရယ်မောလိုက်ပြီး” မင်းရဲ့လူတွေကို အရင် လက်ဦးခိုင်းပြီးမှ အခုလို ပြောထွက်သေးတယ်လား ပြီးတော့ မင်းကိုယ်တိုင်လည်း သိုင်းပညာ လေ့ကျင့်နေတာပဲ မဟုတ်လား မင်းပြောတဲ့စကားက မင်းကိုယ်မင်း ပြန်ဆဲနေတာနဲ့ မတူဘူးလား “ ဟု ပြန်ပြောလိုက်သည်။
ငြိမ်းချမ်းရေး ရတနာဘုရင်မှာ စကားဆွံ့သွားရတော့သည်။ သူ၏ တရုတ်စကားမှာ အတန်ငယ် တတ်မြောက်သည်ဆိုရုံသာ ရှိရာ ကျန်းဝူကျိ၏ ထက်မြက်လှသော စကားပြောစွမ်းရည် ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ ကွမ်မင်တောင်ထိပ်တွင် ကျန်းဝူကျိ စကားပြောဆိုစဉ်က အဓိက ဂိုဏ်းကြီး ခြောက်ဂိုဏ်းပင် တုန်လှုပ်ခဲ့ရသည် မဟုတ်ပါလော။
ရန်ရှောင်က ထိုစဉ် “ပါရှားဌာနချုပ်မှာ ရတနာဘုရင် ဆယ့်နှစ်ပါး ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ် အခု ဒီပုဂ္ဂိုလ်က ဘယ်သူ ဖြစ်မလဲ” ဟု မေးမြန်းလိုက်သည်။
ကျောက်မိန်က စပ်စုလိုသော စိတ်ဖြင့် “ရတနာဘုရင် ဆယ့်နှစ်ပါး ဆိုတာ ဘာလဲ” ဟု မေးသည်။
ယခုမှာ မေးခွန်းမေးရမည့် အချိန်မဟုတ်သော်လည်း ကျောက်မိန်၏ အဆင့်အတန်းမှာ ထူးခြားလှသည်ကို ရန်ရှောင် သိထားသဖြင့် သူက ရှင်းပြလိုက်သည်။
“ပါရှားဌာနချုပ်ရဲ့ မင်ဂိုဏ်းချုပ် လက်အောက်မှာ ရတနာဘုရင် ဆယ့်နှစ်ပါးလို့ လူသိများတဲ့ ထိပ်တန်း သိုင်းပညာရှင် ဆယ့်နှစ်ယောက် ရှိပါတယ်။ သူတို့ရဲ့ အဆင့်အတန်းဟာ ကျွန်တော်တို့ အလယ်ပိုင်းဒေသ မင်ဂိုဏ်းရဲ့ အစောင့်အရှောက်ဘုရင် လေးပါး နဲ့ အဆင့်တူပါတယ် ။ ဒီရတနာဘုရင် ဆယ့်နှစ်ပါးလုံးဟာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိကြတယ် တချို့က ကျမ်းစာတွေကို နက်နက်နဲနဲ လေ့လာထားပြီး အသိပညာ ကြွယ်ဝကြသလို တချို့ကလည်း လူအများ ကြည်ညိုလေးစား ရလောက်တဲ့ ပြင်းထန်တဲ့ သိုင်းပညာတွေ ရှိကြတယ်။
ဒီတစ်ဆယ့်နှစ်ပါးထဲမှာ တစ်က မဟာသူတော်စင် ၊ နှစ်က ပညာရှိ၊ သုံးက အမြဲအောင်မြင်သူ၊ လေးက မီးထိန်းသိမ်းသူ၊ ငါးက လုံ့လရှိသူ၊ ခြောက်က ငြိမ်းချမ်းရေး၊ ခုနစ်က ယုံကြည်ခြင်း၊ ရှစ်က မကောင်းမှုကို နှိမ်နင်းသူ၊ ကိုးက ဖြောင့်မတ်သူ၊ တစ်ဆယ်က ကံတရား၊ တစ်ဆယ့်တစ်က စိတ်ဓာတ်တူညီသူ နဲ့ တစ်ဆယ့်နှစ်က အလင်းတောက်ပသူ တို့ ဖြစ်ကြပါတယ်။”
ရန်ရှောင်က ရှင်းလင်းစွာ ပြောပြရာ လူအပေါင်းတို့က ခေါင်းညိတ်ကြသည်။
ငြိမ်းချမ်းရေး ရတနာဘုရင်သည် ရန်ရှောင်၏ စကားကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး “မင်းတို့က လုံးဝ ဗဟုသုတ မရှိတာတော့ မဟုတ်ဘူးပဲ ငါက တကယ်ပဲ ငြိမ်းချမ်းရေး ရတနာဘုရင် ဖြစ်တယ်” ဟု ဆိုသည်။
ကျောက်မိန်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး “ဂုဏ်ပုဒ်တွေ ခံနေတာပဲ မင်းတို့ရဲ့ ဘွဲ့အမည်တွေက တစ်ခုထက်တစ်ခု ပိုပြီး ခန့်ညားနေပေမဲ့ နှမြောစရာကောင်းတာကတော့ မင်းတို့အားလုံးဟာ လူလိုဝတ်ထားတဲ့ မျောက်တွေလိုပဲ မင်းတို့ရဲ့ စရိုက်တွေကတော့ အပုပ်နံ့ နံနေတာပဲ” ဟု ဆိုလိုက်သည်။
ငြိမ်းချမ်းရေး ရတနာဘုရင်သည် ထိုစကားကြောင့် အလွန်အမင်း ဒေါသထွက်သွားသော်လည်း နှမြောစရာကောင်းသည်မှာ သူသည် ကျန်းဝူကျိ၏ ဖမ်းဆီးခြင်းကို ခံထားရသဖြင့် လုံးဝ မလှုပ်ရှားနိုင်ခြင်းပင် ဖြစ်သည်။
ကျန်းဝူကျိက သူ့ကို နောက်ထပ် ပါးတစ်ချက် ရိုက်လိုက်ပြန်ပြီး “မင်း ဘယ်လို ဘုရင်ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး..... ဒါဟာ အလယ်ပိုင်းဒေသ ဖြစ်တယ် ။မင်းတို့ရဲ့ ပါရှား မဟုတ်ဘူး ပြီးတော့ ပါရှားမှာပဲ ဖြစ်ဖြစ် ငါဟာ အလယ်ပိုင်းဒေသ မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်တယ် ။မင်းလို အဆင့် ခြောက် လောက်ပဲရှိတဲ့ ကောင်က ငါ့ကို ဘယ်လိုများ လက်ညှိုးထိုး စော်ကားရဲတာလဲ” ဟု ဆိုလိုက်သည်။
ဤရိုက်ချက်ကြောင့် ငြိမ်းချမ်းရေး ရတနာဘုရင်မှာ နောက်တစ်ကြိမ် ကြယ်စင်များကို အခမဲ့ ကြည့်လိုက်ရ ပြန်သည်။ သူ၏ စိတ်ထဲတွင် ဤအလယ်ပိုင်းဒေသ မင်ဂိုဏ်းချုပ်အပေါ် နာကျည်းမှုနှင့် ကြောက်ရွံ့မှုတို့ ဒွန်တွဲနေပြီး နောက်ထပ် စကားအပို မပြောရဲတော့ပေ။
“ရပ်လိုက်ကြစမ်း...... ငြိမ်းချမ်းရေး ရတနာဘုရင်ကို လွှတ်ပေးလိုက်”
ထိုအချိန်တွင် ပုံစံဆင်တူပြီး ဆန်းပြားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် နောက်ထပ် ရတနာဘုရင် တစ်ပါးက မျက်နှာတွင် စိုးရိမ်မှုများဖြင့် တစ်ဖက်မှ လှမ်းအော်လိုက်သည်။
အမှန်စင်စစ် ရတနာဘုရင် ဆယ့်နှစ်ပါးလုံးသည် တရုတ်စကားကို လေ့လာထားကြသော်လည်း တချို့က ကောင်းကောင်းတတ်ပြီး တချို့ကမူ မကျွမ်းကျင်ကြပေ။ ထို့ကြောင့် များသောအားဖြင့် လူပုံအလယ်တွင် အရှက်မကွဲစေရန် ဘာသာပြန်အစေခံကိုသာ ပြောခိုင်းကြခြင်း ဖြစ်သည်။
သို့သော် သူတို့ မထင်မှတ်ထားသည်မှာ ဘာသာပြန်သူက အရင်ဆုံး အရှက်ကွဲအောင် လုပ်ကာ အမှားများကို လျှောက်ပြောနေခြင်း ဖြစ်သည်။ ယခုအခါ အခြေအနေမှာ အလွန်စိုးရိမ်ရပြီ ဖြစ်ရာ ကျန်းဝူကျိက ငြိမ်းချမ်းရေး ရတနာဘုရင်ကို ရိုက်နှက်နေသည်ကို မည်သို့ ငေးကြည့်နေနိုင်ပါမည်နည်း။ ထို့ကြောင့် ဘာသာပြန်ကို ပြောခိုင်းရန် အချိန်မဆိုင်းနိုင်တော့ဘဲ ကိုယ်တိုင်ပင် ပြောလိုက်ရတော့သည်။
ကျန်းဝူကျိက လှောင်ပြောင်လိုက်ပြီး “မင်းက လွှတ်ပေးပါဆိုတိုင်း ငါက လွှတ်ပေးရမှာလား.... ငါ အရင်ကတည်းက ပြောပြီးသားပါ။ အလယ်ပိုင်းဒေသ မင်ဂိုဏ်းဟာ ပါရှားမင်ဂိုဏ်းရဲ့ လက်အောက်ခံ မဟုတ်ဘူး။ အလွန်ဆုံးရှိရင် ငါတို့ဂိုဏ်းဟာ ပါရှားက ဆင်းသက်လာတာပဲ ရှိတယ် ဒါပေမဲ့ ငါတို့အားလုံးဟာ တန်းတူပဲ အစောင့်အရှောက် ဘုရင်လေးပါး နဲ့ အဆင့်အတန်းတူတဲ့ မင်းတို့လို လူတွေက အလယ်ပိုင်းဒေသ မင်ဂိုဏ်းချုပ် ဖြစ်တဲ့ ငါ့ကို မြင်တာနဲ့ ဘယ်လိုများ တိုက်ခိုက်ရဲတာလဲ။ မင်းတို့ ဒူးထောက်ပြီး အပြစ်ကို ဝန်မခံသင့်ဘူးလား” ဟု ဆိုလိုက်သည်။
ယခုအချိန်တွင် ကျန်းဝူကျိ၏ ထက်မြက်သော စကားစွမ်းရည် နှင့် ပြင်းထန်သော လက်သီးတို့မှာ ပေါင်းစပ်သွားပြီ ဖြစ်သည်။ ထိုရတနာဘုရင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူ၏ စကားမှာ အမှန်ပင် ဖြစ်သည်ဟု တွေးမိကြသည်။ အလယ်ပိုင်းဒေသ မင်ဂိုဏ်းသည် ပါရှားဌာနချုပ်ကို မည်သည့်အခါမျှ နာခံခဲ့ခြင်း မရှိဘဲ လွတ်လပ်သော ဂိုဏ်းတစ်ခုအဖြစ်သာ တည်ရှိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ၎င်းတို့သည် ပါရှားဌာနချုပ်တွင် အလွန်မြင့်မားသော အဆင့်အတန်း ရှိကြသော်လည်း အလယ်ပိုင်းဒေသ မင်ဂိုဏ်းချုပ်ထက် ပို၍ မမြင့်မြတ်ပေ၊ ထို့ကြောင့် သဘာဝအရ ၎င်းတို့မှာ တစ်ဆင့် နိမ့်ကျနေပေသည်။
သို့သော် ၎င်းတို့သည် ကျန်းဝူကျိ၏ တိုက်ရိုက်လက်အောက်ခံများ မဟုတ်ကြပေ။ ၎င်းတို့သည် ဂိုဏ်းချုပ်အသစ်နှင့် သူတော်စင်မ အသစ် ကိစ္စအတွက် လာရောက်ကြခြင်း ဖြစ်ပြီး ပြဿနာများကို ကြိုတင် ကာကွယ်ရန်နှင့် သစ္စာဖောက် ဒိုက်ချီစီ ကို အရေးယူရန်အတွက် ခိုင်မာသော သဘောထားကို ပြသရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတာကတော့ ပြင်းထန်လွန်းတဲ့ သဘောထားက ပြဿနာကို ဖြစ်စေနိုင်တာပဲ။ ဥပမာအားဖြင့် လက်သီးလည်း ပြင်းပြီး ခေါင်းလည်း မာတဲ့ ဒီဂိုဏ်းချုပ် ကျန်းဝူကျိလို လူမျိုးနဲ့ပေါ့ အခုတော့ သူတို့ အတန်ငယ် အလွန်အကျွံ လုပ်မိသွားပြီ ဖြစ်သည်။
စောစောက စကားပြောခဲ့သော ရတနာဘုရင် သည် သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်ကာ ကျန်းဝူကျိကို အရိုအသေပေးလိုက်ပြီး “ကျွန်တော်တို့ ဂိုဏ်းချုပ်ကို အရိုအသေပေးသင့်တာ မှန်ပါတယ် ။ ဒါပေမဲ့ အရေးကြီးတဲ့ ကိစ္စက မပြီးပြတ်သေးတော့ ကျွန်တော်တို့ မပေါ့လျော့ရဲဘူး။ အရင်က ရိုင်းစိုင်းမိတာတွေအတွက် တောင်းပန်ပါတယ်။ ဂိုဏ်းချုပ်ကျန်းအနေနဲ့ သစ္စာဖောက် လူဆိုးမ ဒိုက်ချီစီ ကို ကျွန်တော်တို့ဆီ အပ်ပေးပါ ဒါဆိုရင် ကျွန်တော်တို့ အားလုံး အဆင်ပြေပြေ ဖြစ်သွားမှာပါ “ ဟု ဆိုသည်။
ဤရတနာဘုရင် ၏ တရုတ်စကားမှာ သိပ်မကောင်းလှသော်လည်း အဓိပ္ပာယ်ကိုတော့ နားလည်နိုင်ပေသည်။ သူ၏ လေသံထဲတွင် စစ်မှန်သော တောင်းပန်မှုနှင့်အတူ တာဝန်ယူမှု ပြင်းထန်သော စိတ်တို့ ပါဝင်နေသည်။
ဒိုက်ချီစီ သည် ဤစကားများကို ကြားသောအခါ ရင်ထဲတွင် တင်းကျပ်သွားရတော့သည်။ ဤသည်မှာ သူမ အမြဲတမ်း အကြောက်ရဆုံး အခြေအနေ ဖြစ်သည်။ သို့သော် သူမမှာ သူရဲဘောကြောင်သူ မဟုတ်ရာ သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်မြဲ တည်ငြိမ်နေပြီး ကျန်းဝူကျိ ဘာပြောမည်ကိုသာ စောင့်ကြည့်နေ၏။
ကျန်းဝူကျိကမူ မည်သို့မျှ ဂရုမစိုက်ပေ။ သူက တဟားဟား ရယ်မောလိုက်ပြီး “ဘယ်လို သစ္စာဖောက် လူဆိုးမလဲ ဒိုက်ချီစီ က အခု ငါတို့ဂိုဏ်းကို ပြန်လာပြီး ငါတို့ဂိုဏ်းကို ကာကွယ်ပေးတဲ့ ခရမ်းရောင်ဝတ်စုံ နဂါးဘုရင်မ ပြန်ဖြစ်နေပြီ သူမက ဘယ်လိုလုပ် သစ္စာဖောက် ဖြစ်နိုင်မှာလဲ” ဟု ဆိုလိုက်သည်။
ရတနာဘုရင် ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားသည်။ သူသည် ကျန်းဝူကျိထံမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် “ဒိုက်ချီစီ က သူမရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့ပြီ ဒါကြောင့် သူမဟာ ကျွန်တော်တို့ ဂိုဏ်းရဲ့ သူတော်စင်မ မဟုတ်တော့ဘူး။ သူမကို ဌာနချုပ်ရဲ့ မီးတောက် တော်ဝင်မီးနဲ့ အရှင်လတ်လတ် မီးရှို့သတ်ရလိမ့်မယ်” ဟု ဆိုသည်။
ကျန်းဝူကျိက လှောင်ပြောင်လိုက်ပြီး “ဘာမီးနဲ့ မီးရှို့မှာလဲ ခရမ်းရောင်ဝတ်စုံ နဂါးဘုရင်မ ဆိုတာ ငါ့ရဲ့ အလယ်ပိုင်းဒေသ မင်ဂိုဏ်းက ခရမ်းရောင်ဝတ်စုံ နဂါးဘုရင်မပဲ။ မင်းတို့ရဲ့ ပါရှားမင်ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ ငါ့လက်အောက်ငယ်သားကို ဆုံးမဖို့ မင်းတို့က လာပြီး ဝင်စွက်ဖက်ဖို့လိုလား” ဟု ဆိုလိုက်သည်။
ရတနာဘုရင် မှာ အတန်ငယ် ဝေဝါးသွားပြီး ဝင်စွက်ဖက်ခြင်း ၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း စောစောက စကားများကို ရှင်းလင်းစွာ ကြားလိုက်ရသဖြင့် ” ဒိုက်ချီစီ က ကျွန်တော်တို့ဂိုဏ်းရဲ့ သူတော်စင်မပဲ သူမဟာ အနာဂတ်မှာ ဂိုဏ်းချုပ် ဖြစ်လာရမှာ သူမက စည်းကမ်းဖောက်ဖျက်ခဲ့တော့ သူမကို မီးရှို့သတ်ဖို့က ငါတို့ရဲ့ အခွင့်အရေးပဲ မင်းနဲ့မဆိုင်ဘူး” ဟု ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
“သူတော်စင်မလား..... ဂိုဏ်းချုပ် ဖြစ်လာမှာလား”
ဤစကားကို ကြားသောအခါ ရန်ရှောင်နှင့် လူအပေါင်းတို့သည် အတန်ငယ် အံ့အားသင့်သွားကြသည်။
အမှန်စင်စစ် ၎င်းတို့သည် ဤကိစ္စကို အပြည့်အဝ မသိရှိခဲ့ကြပေ။ ယခင်က ဒိုက်ချီစီ ဂိုဏ်းသို့ ပြန်လာစဉ်က ပါရှားဌာနချုပ်ကို ကြောက်ရွံ့နေကြောင်းနှင့် စကြဝဠာ ရွှေ့ပြောင်းခြင်း လိုအပ်ကြောင်းကိုသာ ပြောပြခဲ့သည်။
၎င်းတို့ မေးမြန်းလိုသော်လည်း ကျန်းဝူကျိက ဘာမှမပြောသကဲ့သို့ ဒိုက်ချီစီ ကို မေးရန်မှာလည်း အခက်တွေ့နေသဖြင့် ၎င်းတို့ များများစားစား မသိကြဘဲ ဒိုက်ချီစီ သည် ဘာသာရေးနှင့် ထူးဆန်းသော ပတ်သက်မှု တစ်ခုခု ရှိလိမ့်မည်ဟုသာ ခန့်မှန်းထားကြခြင်း ဖြစ်သည်။ အကြောင်းမှာ ဒိုက်ချီစီ ကို ပါရှားဌာနချုပ်မှ လူများက အလယ်ပိုင်းဒေသ မင်ဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ကျန်းဝူကျိ၏ ဘက်တွင်မူ ကျန်းဝူကျိနှင့် ရှဲ့ရွှန်းတို့သာလျှင် အသေးစိတ်ကို သိရှိကြပေလိမ့်မည်။ တစ်ဦးမှာ အရာခပ်သိမ်းကို သိမြင်နေသူ ဖြစ်ပြီး အခြားတစ်ဦးမှာမူ ဒိုက်ချီစီ က ကျေးဇူးကြွေး တင်နေသူ ဖြစ်ရာ ဒိုက်ချီစီ က ရှဲ့ရွှန်းကို သူမ၏ အစောပိုင်းနှစ်များကပင် ထိုအကြောင်းများကို ပြောပြခဲ့ဖူးသည်။
ကျန်းဝူကျိသည် ထိုအကြောင်းအရာအားလုံးကို သိရှိထားသည်မှာ ကြာပြီဖြစ်ရာ မည်သည့် အမူအရာမျှ မပြဘဲ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ငါ နောက်တစ်ကြိမ် ထပ်ပြောမယ် မင်းတို့ရဲ့ ပါရှားမင်ဂိုဏ်း ကိစ္စတွေကို ငါ စိတ်မဝင်စားဘူး။ ဒိုက်ချီစီ ဟာ ငါ့ရဲ့ အလယ်ပိုင်းဒေသ မင်ဂိုဏ်းက ခရမ်းရောင်ဝတ်စုံ နဂါးဘုရင်မပဲ သူမ အလယ်ပိုင်းဒေသ မင်ဂိုဏ်းကို ရောက်လာကတည်းက မင်းတို့ရဲ့ သူတော်စင်မ မဟုတ်တော့ဘူး ငါ့လက်အောက် ငယ်သားကို ဆုံးမဖို့ မင်းတို့မှာ အခွင့်အရေး မရှိဘူး အခု မင်းတို့ကို ရွေးချယ်စရာ နှစ်ခု ပေးမယ် တစ်ခုက ပါရှားကို ပြန်သွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ သေဖို့ပဲ မင်းတို့ဘာသာ မင်းတို့ ရွေးချယ်ကြတော့” ဟု ဆိုလေတော့သည်။
အခန်း (၁၆၇) ရယ်စရာကောင်းသော ရှုံးနိမ့်မှု
ကျန်းဝူကျိ၏ သဘောထားမှာ အလွန်ပင် ရှင်းလင်းလှသည်။ "ငါတို့ဂိုဏ်းရဲ့ အရေးကိစ္စတွေမှာ ဝင်ပါဖို့ မင်းတို့မှာ အရည်အချင်းမရှိဘူး။ ထွက်သွားမလား၊ သေမလား၊ ဒီနှစ်လမ်းပဲ ရှိတယ်။ တတိယလမ်းဆိုတာ မရှိဘူး"
အမှန်စင်စစ် အရင်သတ်ပြီးမှ ပင်လယ်ထဲသို့ မျှောလိုက် ခြင်းကလည်း မဆိုးလှသော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေသည်။
ထိုရတနာဘုရင်၏ မျက်နှာတွင် ဒေါသရိပ်များ ယှက်သန်းသွားပြီး သူက "မင်း စကားပြောတာ သိပ်ရဲတင်းလှချည်လား။ ငါတို့မှာ တိမ်တိုက်တွေလို များပြားလှတဲ့ သိုင်းပညာရှင်တွေ ရှိသလို သင်္ဘောပေါ်မှာလည်း အမြောက်တွေ ပါလာတယ်။ မင်း သေမှာမကြောက်ဘူးလား" ဟု ဆိုလိုက်သည်။
ကျန်းဝူကျိကမူ အမှုမထားဘဲ "အမြောက်ဟုတ်လား။ ပစ်ချင်ရင် ပစ်လိုက်လေ။ မင်းတို့ကိုယ်တိုင် အသက် မရှင်ချင်တော့ဘူးဆိုရင်၊ ဒါမှမဟုတ် ဒီဘက်က ငြိမ်းချမ်းရေး ရတနာဘုရင်ကို ဂရုမစိုက်ဘူးဆိုရင်တော့ စိတ်ကြိုက်သာ အမြောက်ဖွင့်လိုက်ပါ။ သိုင်းပညာရှင်ဆိုတာတွေကတော့ ငါ့မျက်စိထဲ ဘောင်ကိုမဝင်ဘူး ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်နေတာတွေ ရပ်လိုက်ပါတော့" ဟု ဆို၏။
ဤစကားများသည် ရတနာဘုရင်များကို သူ လုံးဝအလေးမထားကြောင်း ထင်ရှားနေပေသည်။
ထိုရတနာဘုရင်သည် အလွန်အမင်း ဒေါသထွက်သွားကာ "မင်းက ခိုးကြောင်ခိုးဝှက်နဲ့ အလစ်အငိုက် တိုက်ခိုက်ခဲ့တာပဲ ရှိတာ။ ဘာပညာရှိလို့လဲ။ မင်းမှာ သတ္တိရှိရင် ငါတို့နဲ့ ယှဉ်ပြိုင်ကြည့်လေ။ ငါတို့ရှုံးရင် အရာအာလုံးကို မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်" ဟု ပြန်ပြောသည်။
သူ၏ စကားလုံးအသုံးအနှုန်းအချို့မှာ ထူးဆန်းနေသော်လည်း ဆိုလိုရင်းမှာမူ ရှင်းလင်းလှပေသည်။
ကျန်းဝူကျိက အသံထွက်အောင် ရယ်မောလိုက်ပြီး "ကောင်းပြီလေ..... မင်းတို့က ငါ့ရဲ့ အလယ်ပိုင်းဒေသကို လာပြီး ဘယ်လိုစွမ်းရည်တွေနဲ့ ရမ်းကားနေတာလဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်" ဟု ဆိုသည်။
ထို့နောက် ကျန်းဝူကျိသည် ငြိမ်းချမ်းရေး ရတနာဘုရင်ကို ယင်းထျန့်ကျိန်းထံသို့ လှမ်းပစ်ပေးလိုက်ပြီး သူကိုယ်တိုင် ရှေ့သို့ လှမ်းထွက်လိုက်၏။
ယင်းထျန့်ကျိန်းသည် ဝူကျိ၏ ဆိုလိုရင်းကို နားလည်သဖြင့် ငြိမ်းချမ်းရေး ရတနာဘုရင်ကို ဖမ်းယူလိုက်ပြီး လင်းယုန်လက်သည်းသိုင်းကို အသုံးပြုကာ ထိုသူ၏ လည်ပင်းကို အသာအယာ ချုပ်ကိုင်ထားလိုက်သည်။ အကယ်၍ သူက အတွင်းအားအနည်းငယ် သုံးလိုက်သည်နှင့် ငြိမ်းချမ်းရေး ရတနာဘုရင်၏ အသက်မှာ ဤနေရာတွင်တင် ဆုံးရှုံးသွားမည် ဖြစ်သည်။
ကျန်းဝူကျိနှင့် စကားပြောခဲ့သူမှာ ရတနာသစ်ပင်ဘုရင် ဆယ့်နှစ်ပါးအနက် နောက်ဆုံးအဆင့်ရှိသည့် အလင်းရောင် ရတနာဘုရင် ဖြစ်သည်။ ကျန်းဝူကျိ တစ်ယောက်တည်း ထွက်လာသည်ကို မြင်သောအခါ သူ၏မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွား၏။
ကျန်းဝူကျိ၏ သိုင်းပညာမှာ မြင့်မားသော်လည်း စကြဝဠာ ရွှေ့ပြောင်းခြင်း ပညာရပ်ကိုသာ အားကိုးထားခြင်း ဖြစ်မည်ဟု သူက တွေးတောမိသည်။ ဤမျှ ငယ်ရွယ်သူတစ်ဦးတွင် အတွင်းအား များများစားစား မရှိနိုင်ဟု သူ ယူဆထား၏။ ထို့ကြောင့် အခြားရတနာဘုရင်များနှင့် ပူးပေါင်းတိုက်ခိုက် ပြီး အလယ်ပိုင်းဒေသ မင်ဂိုဏ်းချုပ်ကို ဖမ်းဆီးနိုင်မည်ဟု ယုံကြည်နေသည်။ ထိုသို့ ဖမ်းဆီးပြီးမှ ငြိမ်းချမ်းရေး ရတနာဘုရင်နှင့် ဒိုက်ချီစီတို့အား ပြန်လည်လဲလှယ်မည်ဆိုပါက သူတို့၏ ခရီးစဉ်မှာ အောင်မြင်မည်ဟု တွေးနေပေသည်။
"ကောင်းပြီ။ အလယ်ပိုင်းဒေသ မင်ဂိုဏ်းချုပ်မှာ ဘယ်လိုစွမ်းရည်ရှိလဲဆိုတာ ငါတို့ ကြည့်ကြသေးတာပေါ့"
အလင်းရောင် ရတနာဘုရင်က လေချွန်သံပေးလိုက်ပြီး ရှေ့သို့ ပြေးထွက်သွားသည်။ သူ၏ နောက်တွင်ရှိသော အဆင့် ၁၁ ရှိသည့် စိတ်ဓာတ်တူညီသူ ရတနာဘုရင်ကလည်း လိုက်ပါလာ၏။ သူတို့နှစ်ဦးသည် အပေးအယူ အလွန်မျှတစွာဖြင့် တစ်ယောက်က ဘယ်၊ တစ်ယောက်က ညာမှ ကျန်းဝူကျိကို ညှပ်တိုက်ကြသည်။
ကျန်းဝူကျိသည် လောလောဆလော မရှိဘဲ အေးဆေးစွာပင် ရပ်နေသည်။ သူတို့နှစ်ဦး တိုက်ခိုက်လာသည့်တိုင် သူက လှုပ်ရှားခြင်း မရှိပေ။
ထိုအခါ ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာတော့သည်။ အလင်းရောင် ရတနာဘုရင်နှင့် စိတ်ဓာတ်တူညီသူ ရတနာဘုရင်တို့၏ လက်ဝါးရိုက်ချက်များသည် လမ်းကြောင်း အနည်းငယ် လွဲချော်သွားပြီး ကျန်းဝူကျိ၏ ဘေးတစ်ဖက်တစ်ချက်မှ ဝဲပျံသွားကာ သူ၏ နောက်ကျော ဘက်ရှိ နေရာလွတ်ကိုသာ သွားရောက်ထိမှန်ကုန်သည်။ ကျန်းဝူကျိက အငြိမ်ရပ်နေပါလျက်နှင့် သူတို့၏ လက်ဝါးချက်များသည် လွဲချော်သွားရ၏။
ရတနာဘုရင်နှစ်ဦးမှာလည်း "မင်းက ဘာလို့ မရှောင်တာလဲ" ဟု တွေးတောရင်း အလွန်အမင်း ဝေခွဲမရ ဖြစ်သွားကြသည်။
ကျန်းဝူကျိ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူသည် ယခုအခါ သန့်စင်မီးလျှံ အမိန့်ပြား သိုင်းပညာကို အပြည့်အဝ တတ်မြောက်ထားပြီး ဖြစ်သဖြင့် ပါရှားလူမျိုးများ၏ သိုင်းပညာဟန်ကို ကောင်းစွာ သိရှိနေပြီ ဖြစ်သည်။
ဤသိုင်းပညာရပ်များ၏ နည်းဗျူဟာမှာ တစ်ဖက်လူ ရှောင်တိမ်းမည့်နေရာကို ခန့်မှန်းပြီးမှ ကြိုတင်တိုက်ခိုက်ခြင်း ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက ရှောင်တိမ်းလိုက်ပါက ထိုတိုက်ကွက်နှင့် တည့်တည့်တိုးပြီး အထိနာသွားတတ်သည်။
အကယ်၍ ကျန်းဝူကျိသာ ခုနက ရှောင်တိမ်းလိုက်ပါက ရတနာဘုရင်နှစ်ဦး၏ လက်ဝါးချက်များသည် ကျန်းဝူကျိ၏ ကိုယ်ပေါ်သို့ တည့်တည့်ကျရောက်မည် ဖြစ်သည်။ သို့သော် ကျန်းဝူကျိက လုံးဝ မလှုပ်ရှားသဖြင့် ရတနာဘုရင်နှစ်ဦး၏ လက်ဝါးလမ်းကြောင်းမှာ အလိုအလျောက် ဘေးသို့ လွဲချော်သွားခြင်း ဖြစ်၏။
အမှန်စင်စစ် ဤရတနာဘုရင်နှစ်ဦးမှာ လက်ဝါးရိုက်ချက်ကို မရှောင်ဘဲ ထိပ်တိုက်ရင်ဆိုင်ဝံ့သူ ရှိလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ "ဒီလူက အရူးလား" ဟုပင် သူတို့ တွေးမိကောင်း တွေးမိကြလိမ့်မည်။
ရောက်ရှိနေသော လူအုပ်ကြီးသည်လည်း ဤရယ်စရာကောင်းသော မြင်ကွင်းကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်ကြတော့ပေ။ ကျန်းဝူကျိက မလှုပ်ဘဲ နေပါလျက်နှင့် လက်ဝါးချက်တွေက ဘာလို့ လွဲကုန်တာလဲ။ "ဒီနှစ်ယောက်က တကယ့်အရူးတွေလား" ဟု လူအုပ်ထဲမှ ပြောဆိုသံများ ထွက်ပေါ်လာသည်။
ကျန်းဝူကျိက ရယ်မောရင်း "ကဲ လူကြီးမင်းတို့ရာ၊ အားနာမနေပါနဲ့။ စိတ်ရှိလက်ရှိသာ တိုက်ခိုက်ပါ" ဟု ယဉ်ကျေးစွာ ပြောလိုက်သော်လည်း သူ၏ လေသံထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
အလင်းရောင် ရတနာဘုရင်နှင့် စိတ်ဓာတ်တူညီသူ ရတနာဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး "ဒီကောင်လေး တမင်လုပ်နေတာပဲ။ ဒီတစ်ခါတော့ လက်ဝါးလမ်းကြောင်းကို မပြောင်းတော့ဘူး" ဟု ဆုံးဖြတ်လိုက်ကြသည်။
ထိုသို့ တွေးပြီးနောက် သူတို့သည် အော်ဟစ်သံနှင့်အတူ တိုက်ကွက်တစ်ခုတည်းကို တစ်ပြိုင်နက်တည်း အသုံးပြုကာ ကျန်းဝူကျိကို တိုက်ခိုက်ကြပြန်သည်။
ကျန်းဝူကျိသည် နဂိုအတိုင်း အငြိမ်ရပ်နေမည်ဟု သူတို့ ထင်ထားသော်လည်း မမျှော်လင့်ဘဲ ကျန်းဝူကျိ၏ ကိုယ်ဟန်က နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။ သူတို့၏ လက်ဝါးချက်များသည် မူလနေရာသို့သာ ထိမှန်သွားသဖြင့် တစ်ခါ ထပ်မံလွဲချော်သွားရပြန်၏။
ရတနာဘုရင်နှစ်ဦးသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ထိုအခါ ကျန်းဝူကျိ ကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ သူတို့နှစ်ဦးလုံးကို ဝဲပျံကန်ချက် တစ်ချက်စီ ကျွေးလိုက်ရာ ဘုတ်ခနဲ အသံနှင့်အတူ သူတို့သည် သင်္ဘောကုန်းပတ်ပေါ်သို့ အရှက်တကွဲ လဲကျသွားပြီး အနိုင်နိုင် ပြန်လည် ထရပ်ကြရသည်။
"မင်းတို့က တမင်သက်ညှာနေတာလို့ ငါထင်ခဲ့တာ။ တကယ်တမ်းကျတော့ မင်းတို့သိုင်းပညာက ဒီလောက်တောင် နိမ့်ကျနေတာလား။ ပါရှားသံတမန် သုံးဦးကိုတောင် မမီဘူး။ ဒီလိုပညာနဲ့ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ"
ကျန်းဝူကျိသည် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ပြီး အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
ဤအပြုအမူကြောင့် ကျန်းဝူကျိ၏ ကန်ချက်ဒဏ်ရာ ရထားသော အလင်းရောင် ရတနာဘုရင်နှင့် စိတ်ဓာတ်တူညီသူ ရတနာဘုရင်တို့မှာ ဒေါသထွက်လွန်းသဖြင့် မေ့လဲမတတ် ဖြစ်သွားကြရ၏။
အမှန်အတိုင်း ပြောရလျှင် သူတို့နှစ်ဦး၏ သိုင်းပညာမှာ ပါရှားသံတမန် သုံးပါးထက် နိမ့်ကျသဖြင့် ကျန်းဝူကျိကို အစကတည်းက အနိုင်မရနိုင်မှန်း သူတို့ သိထားကြသည်။ သို့သော် ဤမျှလောက်အထိ အရှက်တကွဲ ရှုံးနိမ့်ရလိမ့်မည်ဟုမူ မထင်မှတ်ခဲ့ကြပေ။
အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ ပါရှားလူမျိုးများ၏ သိုင်းပညာသည် မပြည့်စုံသော စကြဝဠာ ရွှေ့ပြောင်းခြင်းနှင့် သန့်စင်သော မီးလျှံအမိန့်ပြား သိုင်းပညာရပ်များအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။ သူတို့က ထူးဆန်းသော နည်းလမ်းသစ်များကို တီထွင်ထားသော်လည်း အခြေခံ သဘောတရားမှာ အတူတူပင် ဖြစ်၏။ အများအားဖြင့် သူတို့သည် ရွှေ့ပြောင်းခြင်း အတတ်ပညာ များကို အသုံးပြုကာ ရမ်းသန်းတိုက်ခိုက်တတ်ကြသည်။
သို့သော် ၎င်းကို ရမ်းသန်းတိုက်ခိုက်သည်ဟု ဆိုရာတွင် လုံးဝမဟုတ်ဘဲ ကြိုတင်ပြင်ဆင်ထားသော သိုင်းကွက်များ ဖြစ်သည်။ အလယ်ပိုင်းဒေသ သိုင်းလောကမှ ပညာရှင်အများစုမှာ စနစ်ကျသော သိုင်းပညာရပ်များကိုသာ လေ့ကျင့်ထားကြသဖြင့် ဤကဲ့သို့သော စနစ်တကျမရှိသော သိုင်းပညာများနှင့် ရင်ဆိုင်ရသောအခါ မခုခံနိုင်ဘဲ အရှုံးပေးကြရလေ့ရှိသည်။
ကျန်းဝူကျိကမူ ပြည့်စုံသော စကြဝဠာ ရွှေ့ပြောင်းခြင်းနှင့် သန့်စင်သောမီးလျှံ့ အမိန့်ပြား သိုင်းပညာရပ်များကို တတ်မြောက်ထားသည့်အပြင် ထူးကဲသော ဉာဏ်ရည်လည်း ရှိပေရာ ပါရှားလူမျိုးများ၏ သိုင်းကွက်အားလုံးကို အကုန်အစင် နားလည်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ထူးဆန်းသော သိုင်းကွက်များကို အလွယ်တကူပင် တုံ့ပြန်နိုင်ခြင်း ဖြစ်၏။
မင်ဂိုဏ်းသားများထဲတွင် ရန်ရှောင်တစ်ဦးသာ စကြဝဠာ ရွှေ့ပြောင်းခြင်း ပညာကို သင်ယူဖူးသည်။ သူက ရတနာဘုရင်နှစ်ဦး၏ သိုင်းကွက်များကို ကြည့်ပြီး "ဒီလူတွေရဲ့ သိုင်းပညာထဲမှာ စကြဝဠာ ရွှေ့ပြောင်းခြင်း ပညာရဲ့ အရိပ်အယောင်တွေ ပါနေပေမယ့် သန့်စင်မှု မရှိဘူး။ တခြား ထူးဆန်းတဲ့ နည်းလမ်းတွေလည်း ရောနှောနေလို့ နားလည်ရ ခက်လှတယ်" ဟု ဆိုသည်။
ဖန့်ယောင်နှင့် ယင်းထျန့်ကျိန်းတို့ကလည်း ထိုစကားကို ထောက်ခံကြသည်။
ရတနာဘုရင်နှစ်ဦး၏ သိုင်းပညာမှာ အဆင့်အတန်းအားဖြင့် ထူးခြားဆန်းပြားသူငါးဦးတို့၏ အဆင့်လောက်သာ ရှိသော်လည်း ဤထူးဆန်းသော နည်းစနစ်များကြောင့် အလင်းသံတမန် နှစ်ပါးပင်လျှင် သူတို့ကို ရင်ဆိုင်ရန် အတော်လေး အားထုတ်ရလိမ့်မည် ဖြစ်သည်။
ဒိုက်ချီစီက "စကြဝဠာ ရွှေ့ပြောင်းခြင်း ကျင့်စဉ်ဟာ ငါတို့ဂိုဏ်းရဲ့ အမြင့်ဆုံး သိုင်းပညာပဲ။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ပါရှားကနေ အလယ်ပိုင်းဒေသကို ရောက်လာခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပါရှားဌာနချုပ်မှာ မငြိမ်မသက်မှုတွေ ခဏခဏ ဖြစ်ခဲ့လို့ ဒီဂိုဏ်းစောင့် သိုင်းပညာဟာ ဆုံးရှုံးသွားခဲ့ရတယ်။
အခု ကျန်နေတာကတော့ အပေါ်ယံ အပိုင်းအစလေးတွေပဲ ရှိတော့တယ်။ အခု ပါရှားဌာနချုပ်ရဲ့ သိုင်းပညာဟာ စကြဝဠာ ရွှေ့ပြောင်းခြင်းရဲ့ အပိုင်းအစတွေနဲ့ သန့်စင်တဲ့ မီးလျှံ အမိန့်ပြား ပေါ်က တောင်ပေါ်အဘိုးအိုရဲ့ သိုင်းပညာတွေကို ရောမွှေထားတာပဲ။ ဒါကြောင့် ဘယ်ကနေ ဘယ်လို တိုက်ခိုက်ရမှန်းမသိအောင် ထူးဆန်းနေတာ ဖြစ်တယ်။ ငါတို့ ဂိုဏ်းချုပ်သာ သိုင်းပညာ ထူးချွန်ပြီး ဉာဏ်မထက်မြက်ဘူးဆိုရင် ဒီလူတွေကို ရင်ဆိုင်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်" ဟု ရှင်းပြသည်။
ရန်ရှောင်နှင့် အခြားသူများလည်း ဒိုက်ချီစီ၏ စကားကို နားလည်သဘောပေါက်သွားကြသည်။ "ငါတို့ ဂိုဏ်းချုပ်က တကယ်ကို အစွမ်းထက်တာပဲ။ ငါတို့သာဆိုရင် ဒီလို ထူးဆန်းတဲ့ သိုင်းကွက်တွေကို ဘယ်လို ရင်ဆိုင်ရမလဲ သိမှာ မဟုတ်ဘူး။ ငါတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အနိုင်ယူနိုင်မယ် ဆိုရင်တောင် အထိနာပြီး အခြေအနေ ဆိုးသွားနိုင်တယ်" ဟု သူတို့ တွေးတောမိကြ၏။
ကုန်းပတ်ပေါ်သို့ ပြန်ကြည့်လိုက်သောအခါ.....
ဩဇာအာဏာရှိပုံရသော တည်ကြည်သည့် ရတနာဘုရင်တစ်ဦး ရှေ့သို့ ထွက်လာသည်။ သူက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ အရိုအသေပေးရင်း "သူတို့က ရတနာဘုရင် ဆယ့်နှစ်ပါးထဲမှာ ထိပ်တန်းပညာရှင်တွေ မဟုတ်ကြသေးဘူး။ ငါကတော့ အမြဲတမ်းအောင်မြင်သူ ရတနာဘုရင် ဖြစ်တယ်။ ရတနာဘုရင် ဆယ့်နှစ်ပါးထဲမှာ သိုင်းပညာ အမြင့်ဆုံးပဲ။ ငါ မင်းနဲ့ ယှဉ်ပြိုင်မယ်။ အကယ်၍ ငါ မင်းကို အနိုင်မရရင်တော့ ရှုံးနိမ့်မှုကို ဝန်ခံပါ့မယ်" ဟု ဆိုလိုက်လေသည်။
အပိုင်း (၁၆၈) တကယ်ပဲ သတ်ပစ်လိုက်တာလား
"ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ" ဟု ကျန်းဝူကျိက မေးလိုက်သည်။
"မင်းတို့က နှစ်ယောက်ကို အပြတ်ရှင်းလိုက်ရင် နောက်ထပ် လူအသစ်တွေ ထပ်ရောက်လာဦးမှာလား။ မင်းတို့ ရတနာဘုရင် ဆယ့်နှစ်ပါးက လူလဲပြီး တိုက်ပွဲကို အဆုံးမရှိအောင် ဆင်နွှဲနေကြမှာလား" ဟု ၎င်းက လှောင်ပြောင်သရော်လိုက်လေသည်။
ကျန်းဝူကျိသည် အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်၏ စကားကို လုံးဝအလေးမထားပေ။ ထိုရတနာဘုရင်သည် စကားအပြောအဆို မကျွမ်းကျင်သူဖြစ်ရာ ကျန်းဝူကျိ၏ စကားကြောင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ မျက်နှာတစ်ခုလုံး နီမြန်းသွားသော်လည်း စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ဘဲ ရှိနေတော့သည်။
ထိုစဉ် အခြားသော ရတနာဘုရင်တစ်ပါးက အေးအေးဆေးဆေးပင် ရှေ့သို့တိုးလာပြီး "ငါတို့ကို ခြိမ်းခြောက်ဖို့ မကြိုးစားပါနဲ့" ဟု ဆိုလေသည်။ ၎င်းက "မင်းတို့ဖမ်းထားတဲ့ ငြိမ်းချမ်းရေး ရတနာဘုရင်က ငါတို့ဂိုဏ်းထဲမှာ ဘာအာဏာမှ ရှိတာမဟုတ်ဘူး။ သူ သေသေရှင်ရှင် ငါတို့ ဂရုမစိုက်ဘူး။ ပါရှားဌာနချုပ်မှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိတယ်။ တစ်ယောက် နှစ်ယောက် ဆုံးရှုံးသွားတာ ဘာအရေးလဲ။ ရတနာဘုရင်ဆိုတဲ့ ရာထူးက အချိန်မရွေး အခြားသူနဲ့ အစားထိုးလို့ရတယ်" ဟု ပြောဆိုလိုက်သည်။
ရန်ရှောင်နှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထိုသူပြောသည်မှာ အမှန်များလားဟု တွေးတောနေမိကြသည်။ ဆယ့်နှစ်ပါးသော ရတနာဘုရင်များ၏ အဆင့်အတန်းမှာ မြင့်မားလှသော်လည်း ရန်ရှောင်တို့လူစုမှာ ပါရှားဌာနချုပ်၏ အခြေအနေကို သေချာမသိကြချေ။ ငြိမ်းချမ်းရေး ရတနာဘုရင်၏ သိုင်းပညာမှာ အလယ်အလတ်အဆင့်သာရှိသဖြင့် သူ့အဆင့်အတန်းမှာ သာမန်သာဖြစ်နိုင်သည်ဟု သူတို့ ထင်မှတ်မိကြသည်။
ထိုအခါ ဒိုက်ချီစီက "သူ့အကွက်ထဲ မဝင်သွားကြနဲ့" ဟု ဝင်ပြောလေသည်။ ၎င်းက "ရတနာဘုရင်တိုင်းက သိုင်းပညာ ထိပ်တန်းမဟုတ်ပေမဲ့ သူတို့အားလုံးက လေးစားရတဲ့ အဆင့်အတန်းမှာ ရှိကြတာ။ တကယ်လို့ သူ့ကို သတ်လိုက်ရင် ဌာနချုပ်နဲ့ ရန်ငြိုးကြီးကြီးမားမား ဖြစ်သွားလိမ့်မယ်။ သူက ငါတို့ လူလျှော့သွားအောင် လိမ်ပြောနေတာ" ဟု ဆိုလေသည်။
ပါရှားဌာနချုပ်အကြောင်းကို မင်ဂိုဏ်းသားများထဲတွင် ဒိုက်ချီစီထက် ပိုသိသူမရှိပေ။ ထို့ကြောင့် ရန်ရှောင်နှင့် အခြားသူများလည်း ခေါင်းညိတ်ကာ နားလည်သွားကြသည်။ ယခု စကားပြောနေသူမှာ ပညာရှိ ရတနာဘုရင် ဖြစ်သည်။ ၎င်းက ငြိမ်းချမ်းရေး ရတနာဘုရင်ကို ကယ်တင်ရန် အခွင့်အရေး ရလိုသဖြင့် လိမ်ညာပြောဆိုခဲ့ခြင်းဖြစ်သော်လည်း ဒိုက်ချီစီက ကြားဖြတ်ပြောလိုက်သဖြင့် ဒေါသတကြီး စိုက်ကြည့်နေတော့သည်။
ကျန်းဝူကျိက ပြန်လျှောက်လာပြီး "ငါတို့နဲ့ ကစားချင်တာလား" ဟု မေးလိုက်သည်။ ၎င်းက "မင်းတို့ကိုယ်မင်းတို့ ရတနာဘုရင်တွေလို့ ခေါ်ဖို့ ရှက်တောင်မရှက်ဘူးလား" ဟု ဆိုလေသည်။
ပညာရှိ ရတနာဘုရင်က နှာခေါင်းရှုံ့ကာ "ငါတို့ ရတနာဘုရင်တွေက သိုင်းပညာမှာ နာမည်ကြီးတာ မဟုတ်ဘူး။ ဉာဏ်ပညာကသာ ငါ့ရဲ့ သော့ချက်ပဲ" ဟု ပြန်ပြော၏။
"ကောင်းပြီလေ၊ အကြံများရင် အမှားပါတတ်သလို၊ လောဘကြီးရင်လည်း ပျက်စီးတတ်တယ် ဆိုတာ မင်းတို့ကို သိအောင် လုပ်ပေးမယ်"ဟု ကျန်းဝူကျိက ဆိုလိုက်သည်။
ကျန်းဝူကျိသည် တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်လိုက်ပြီး လက်နောက်ပြန်လှည့်ကာ လက်ညှိုးသိုင်းတစ်ကွက်ကို ထုတ်ဖော်လိုက်သည်။ ထိုလက်ညှိုးသိုင်း၏ အရှိန်အဝါက အဝေးကနေပင် ငြိမ်းချမ်းရေး ရတနာဘုရင်၏ အသက်ရှူရပ်သွားစေမည့် အချက်အချာနေရာကို တိတိကျကျ ထိမှန်သွားလေသည်။
ငြိမ်းချမ်းရေး ရတနာဘုရင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး အလွန်အမင်း နာကျင်နေသည့် ပုံစံဖြစ်သွားကာ ခဏအကြာတွင် အသက်ရှူရပ်သွားတော့သည်။ သူ့ကို ဖမ်းထားသည့် မျက်ခုံးဖြူလင်းယုန်မင်း ယင်းထျန့်ကျိန်းသည်ပင် ကျန်းဝူကျိ၏ လက်ညှိုးအစွမ်းကို မြင်ပြီး လန့်သွားမိသည်။ ကျန်းဝူကျိ၏ လက်ညှိုးသိုင်းမှာ ယခုအခါ ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ရီထန်ကဲ့သို့သော ထိပ်တန်းပညာရှင်နှင့် အတူတူပင်ဖြစ်သည်။
နှစ်ဖက်စလုံးမှ လူများမှာ ကျန်းဝူကျိ၏ လုပ်ရပ်ကြောင့် မှင်တက်သွားကြသည်။ ငြိမ်းချမ်းရေး ရတနာဘုရင်မှာ လုံးဝသေဆုံးသွားပြီဖြစ်သည်။ ဒိုက်ချီစီ၏ မျက်နှာမှာ ဖြူလျော့သွားပြီး ကျန်းဝူကျိက တကယ်သတ်ရဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ပါရှားဌာနချုပ်မှ လူများမှာလည်း ဆွံ့အသွားကြသည်။ ပညာရှိ ရတနာဘုရင်ကလည်း ကြောင်တောင်တောင်ဖြင့် "မင်း တကယ်သတ်လိုက်တာလား" ဟု ရေရွတ်နေမိသည်။
ကျန်းဝူကျိကမူ အပြုံးမပျက်ဘဲ တည်ငြိမ်စွာပင် "သတ်လိုက်ရင် ဘာမှမဖြစ်ဘူးလို့ မင်းပဲ ပြောခဲ့တာလေ။ ဒါကြောင့် ငါက မင်းဆန္ဒအတိုင်း လုပ်ပေးလိုက်တာပဲ" ဟု ပြန်ပြောလိုက်သည်။
"မင်း... ငါ..." ဟု ပညာရှိ ရတနာဘုရင်က ဆိုကာ ဒေါသများကြောင့် တုန်ရင်နေပြီး အခြားသော ဘုရင်များလည်း ထပ်တူပင်ဖြစ်ကာ လူသတ်လိုစိတ်များ ချက်ချင်း ပျံ့နှံ့သွားတော့သည်။
ကျန်းဝူကျိက "ငါက ဘာဖြစ်လဲ။ မင်ပဲ သူ့မှာ အာဏာမရှိဘူး၊ သတ်ချင်သလို သတ်လို့ရတယ်လို့ ပြောခဲ့တာ။ ငါက မသတ်ချင်ပါဘူး၊ ဒါပေမဲ့ မင်းဆန္ဒအတိုင်း လုပ်ပေးလိုက်တာဆိုတော့ သူ့ကို သတ်လိုက်တဲ့သူက မင်းပဲပေါ့။ ငါနဲ့ ဘာမှမဆိုင်ဘူး" ဟု ဆိုလေသည်။
ဤစကားကို ကြားသောအခါ ပညာရှိ ရတနာဘုရင်မှာ ခြေပစ်လက်ပစ် လဲကျသွားတော့သည်။ ကျန်းဝူကျိက တမင်သက်သက် လုပ်လိုက်မှန်း ၎င်းသိသော်လည်း ဘာမှပြန်မပြောနိုင်ချေ။ ၎င်းသည် “အကြံများရင် အမှားပါတတ်တယ်”ဆိုသည့် စကားကို ယခုမှ ကောင်းကောင်း နားလည် သွားတော့သည်။
"မင်းတို့ ငါတို့ရဲ့ ငြိမ်းချမ်းရေး ရတနာဘုရင်ကို သတ်လိုက်ပြီ။ အခုကစပြီး မင်းတို့နဲ့ ငါတို့က မပြေလည်နိုင်တဲ့ ရန်သူတွေပဲ" ဟု ချန်ရှန့်ရတနာသစ်ပင်ဘုရင်က ဆိုလေသည်။
အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်၏ မျက်နှာမှာ လူသတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ရန်ရှောင်နှင့် အခြားသူများလည်း တိုက်ပွဲကြီး ဖြစ်တော့မည်ကို သိသဖြင့် အဆင်သင့် ပြင်လိုက်ကြသည်။ ရန်ပုဟွေ့နှင့် သိုင်းပညာအားနည်းသူများကို နောက်ဆုတ် ခိုင်းလိုက်ကြသည်။
ဒိုက်ချီစီမှာ စိုးရိမ်တကြီးဖြင့် ကျန်းဝူကျိအနားသို့ လာကာ "ဂိုဏ်းချုပ်ရယ် ဘာလို့ ဒီလောက်တောင် စိတ်လိုက်မာန်ပါ လုပ်လိုက်ရတာလဲ။ အခုတော့ အခြေအနေတွေ ပိုဆိုးသွားပြီ" ဟု ဆိုလေသည်။
ကျန်းဝူကျိက သူမကို အေးစက်စွာ ကြည့်လိုက်ပြီး "မင်းက ငါ့ကို အပြစ်တင်နေတာလား" ဟု မေးလိုက်သည်။ ထိုအေးစက်သော စကားကြောင့် ဒိုက်ချီစီ တုန်လှုပ်သွားကာ အပြစ်မတင်ဝံ့ကြောင်း ငြင်းဆိုလေသည်။
ကျန်းဝူကျိက ဆက်ပြောသည်။ "သူတို့ ဘာလို့လာတာလဲဆိုတာ မင်း အသိဆုံးပါ။ ငါတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ မင်းကို သူတို့ဆီ အပ်ပြီး အသေခံခိုင်းမလား၊ ဒါမှမဟုတ် မင်းကို ကာကွယ်ရင်း သူတို့နဲ့ ရန်သူဖြစ်မလား။ အခု ငါက မင်းကို ကာကွယ်ပေးနေတာကို မင်းက ငါ့ကို အပြစ်တင်နေတာလား" ဟု ဆိုလေသည်။
ဒိုက်ချီစီမှာ ကျန်းဝူကျိ၏ စကားမှာ အမှန်တရားဖြစ်သဖြင့် ခေါင်းညိတ်လက်ခံလိုက်ရသည်။ သူမက ဆက်လက်၍ ဌာနချုပ်တွင် ဂိုဏ်းချုပ်ကွယ်လွန်သွားသဖြင့် သူတော်စင်မ အသစ်ကို ရှာနေခြင်း ဖြစ်ကြောင်း၊ ရှောင်ကျောက်သာ လိုက်သွားလျှင် အားလုံး ပြေလည်သွားနိုင်ကြောင်း ပြောပြသည်။
ဤစကားကို ကြားသောအခါ အားလုံးက ရှောင်ကျောက်ကို ကြည့်လိုက်ကြသည်။ ရှောင်ကျောက်မှာ ထိတ်လန့်သွားပြီး "ကျွန်မ သခင်လေးနားက မခွာချင်ဘူး၊ မသွားချင်ဘူး" ဟု ငိုယိုကာ ပြောရှာသည်။
ကျောက်မိန်က ရှောင်ကျောက်၏ လက်ကို ဆွဲကိုင်ကာ "ညီမလေး ရှောင်ကျောက် စိတ်မပူနဲ့။ မင်းရဲ့သခင်လေးက မင်းကို ထွက်သွားခွင့်မပေးပါဘူး။ ပေးမယ်ဆိုရင် ခုနက လူသတ်မှာ မဟုတ်ဘူး" ဟု အားပေးစကား ဆိုသည်။
ကျန်းဝူကျိကလည်း "မိန်မိန်က ငါ့အကြောင်း အသိဆုံးပဲ။ ငါ ကျန်းဝူကျိက ယောက်ျားကောင်း တစ်ယောက်ဖြစ်ပြီးတော့ ရှောင်ကျောက်ကို ပါရှားဆီ အပါခံပါ့မလား။ အဲဒီလို အပါခံမယ့်အစား သေလိုက်တာကမှ ပိုမြတ်ဦးမယ်" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
ထို့နောက် ကျန်းဝူကျိက ဒိုက်ချီစီကို ခပ်တင်းတင်းပင် "မင်း ဘယ်လိုပဲ တွေးတွေး၊ အမေတစ်ယောက်အနေနဲ့ မင်းက အရမ်းနှလုံးသားမဲ့ပြီး တာဝန်မကျေဘူး။ ရှောင်ကျောက်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ မင်းမှာ အခွင့်အရေးမရှိဘူး။ ငါ သတ်ပြီးပြီဆိုကတည်းက နောက်ဆုတ်ဖို့ မစဉ်းစားထားဘူး။ ဒီလိုစကားမျိုး နောက်ထပ် မပြောပါနဲ့တော့" ဟု ဆိုလေသည်။
ဒိုက်ချီစီသည် ကျန်းဝူကျိ၏ စွမ်းအားနှင့် ပြတ်သားမှုကို ကြောက်ရွံ့သွားသဖြင့် ဘာမှထပ်မပြောရဲတော့ဘဲ ငြိမ်သက်သွားရတော့သည်။
အခန်း (၁၆၉) တစ်ဖက်နှင့်တစ်ဖက် ရန်သူဖြစ်ခြင်းနှင့် နောင်ရေးအတွက် အမြစ်ပြတ်ချေမှုန်းခြင်း
ကျန်းဝူကျိအပေါ် ထားရှိသည့် ဒိုက်ချီစီ၏ ကြောက်ရွံ့မှုမှာ အရိုးထဲအထိ စွဲမြဲနေပေပြီ။ များသောအားဖြင့် သူတစ်ပါးကို ဖိနှိပ်နိုင်သည့် အရှိန်အဝါဆိုသည်မှာ အသံကုန်အော်ဟစ်ခြင်း သို့မဟုတ် ဟန်ဆောင်ပန်ဆောင် လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ အကြွင်းမဲ့အင်အားနှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော ဖိအားပေးမှုမျိုးသာ ဖြစ်ပြီး ထိုအရာကပင် လုံလောက်လှပေသည်။
ဤသည်မှာ ကျန်းဝူကျိအနေဖြင့် ကန်ရှီးဧကရာဇ်က ၎င်း၏အရာရှိများကို ကောင်းကင်အထိ လွှမ်းမိုးစေသည့် အော်ဟစ်ကြိမ်းမောင်းမှုမျိုးအပေါ် အမြဲတမ်းပင် မကျေမနပ် ဖြစ်ခဲ့ဖူးသည့် အကြောင်းရင်းပင် ဖြစ်သည်။ ဇာတ်လမ်းများအရ ကန်ရှီးမှာ သက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နန်းတော်၏ အရှင်သခင် ဧကရာဇ်တစ်ပါး ဖြစ်သည်။ ၎င်းအနေဖြင့် အရှိန်အဝါတိုးရန် အော်ဟစ်နေခြင်းမှာ ဧကရာဇ်တစ်ပါး၏ အတွေးအခေါ်မျိုး မဟုတ်ဘဲ အရည်အချင်းမရှိသည့် သူဌေးလေးတစ်ယောက်က ဝန်ထမ်းများကို အနိုင်ကျင့်နေသည့် ပုံစံမျိုးနှင့်သာ တူနေပေသည်။
ကျန်းဝူကျိအနေဖြင့် ကန်ရှီးကို သမိုင်းပညာရှင်အချို့က အမွှမ်းတင်လွန်းသည်ဟု ထင်သော်လည်း ကန်ရှီးမှာ ညံ့ဖျင်းသည့် အုပ်ချုပ်သူမဟုတ်ရာ ထိုမျှအထိ အောက်တန်းကျနိုင်မည် မဟုတ်ပေ။ ၎င်းမှာ ဇာတ်ညွှန်းရေးဆရာ ကျူး၏ အမှားသာ ဖြစ်ရမည်ဟု သူကောက်ချက်ချမိသည်။
သို့သော် ထိုဇာတ်ညွှန်းရေးဆရာမှာ အခြားသော ဂန္ထဝင်လက်ရာများကိုလည်း ဖျက်ဆီးခဲ့ဖူးရာ သုံးပြည်ထောင်ခေတ်သစ်မှာလည်း သူ၏လက်ရာပင် ဖြစ်သည်။ သူ၏ စကားပြောများ နှင့် ဇာတ်လမ်းဇာတ်ကွက် များမှာ အလယ်တန်းကျောင်းသားတစ်ယောက်၏ ဉာဏ်ရည်ထက် မပိုလှ ဟုသာ ဆိုရမည်ဖြစ်သည်။
“ဟင်း”
ကျန်းဝူကျိ အတွေးလွန်သွားမိသည်။ ဒိုက်ချီစီ ခေါင်းငုံ့သွားပြီးနောက် ကျိုးတျန်က ရုတ်တရက် ....
"ဂိုဏ်းချုပ်၊ သူတို့နဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ စောစောက သံတမန်သုံးယောက်ကို ဘာလို့ ပြန်လွှတ်ပေးလိုက်တာလဲ၊ အကုန်သတ်ပစ်လိုက်ရင် ပိုမကောင်းဘူးလား"
ကျန်းဝူကျိ ပြန်မဖြေမီ ကျောက်မိန်က ပြုံးလျက်
"ကျိုးတျန်က တကယ်ကို ပွင့်လင်းတာပဲ၊ ဒီသုံးယောက်ကို သုံးပြီး သူတို့အားလုံးကို ဒီကိုရောက်အောင် မျှားခေါ်ပြီးမှ တစ်ခါတည်း အမြစ်ပြတ် ရှင်းပစ်လိုက်တာက ပိုမကောင်းဘူးလား၊ တကယ်လို့ သူတို့ကို သတ်လိုက်ရင် ကျန်တဲ့ ရတနာဘုရင်တွေက သတိထားသွားကြလိမ့်မယ်၊ သူတို့သာ ကျွန်းကို မီးတင်ရှို့လိုက်ရင် တို့တွေလည်း အန္တရာယ်ရှိနိုင်တယ်လေ"
ကျောက်မိန်၏ စကားကို ကြားပြီးနောက် ကျိုးတျန်က ၎င်း၏ နဖူးကို ရိုက်ကာ....
"ဟုတ်သားပဲ၊ ဟုတ်သားပဲ၊ ငါ့ဦးနှောက်က တကယ်ကို ထိုင်းမှိုင်းနေတာ၊ ကျောက်မိန်လေးက တကယ့်ကို ထက်မြက်တာပဲ၊ မင်းနဲ့ ဂိုဏ်းချုပ်က တကယ်ကို ကောင်းကင်က ဖန်ဆင်းပေးထားတဲ့ ဖူးစာပဲ၊ ဉာဏ်ချင်းကလည်း တူလိုက်တာ"
ကျိုးတျန်က ထိုသို့ပြောလိုက်သောအခါ ကျောက်မိန်မှာ မပြုံးဘဲ မနေနိုင်တော့ဘဲ ဝမ်းသာအားရ ဖြစ်သွားသည်။ ရန်ရှောင်ကမူ အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ ကျိုးတျန်၏ အတွေးအခေါ်မှာ ထူးဆန်းသော်လည်း လူအများ နားဝင်ချိုမည့် စကားများကို အမြဲပြောတတ်သည့်အတွက် သူ့ကို ပါရမီရှင်တစ်ယောက်ဟုပင် မှတ်ယူရမည်ဖြစ်သည်။
စကားအနည်းငယ် ပြောနေစဉ်အတွင်း ပါရှားမှ လူအုပ်ကြီးမှာ တိုက်ခိုက်ရန် အသင့်ပြင်ကာ တန်းစီနေကြပြီဖြစ်သည်။ ထိုအခါ ကျန်းဝူကျိက အော်ဟစ် အမိန့်ပေးလိုက်သည်။
"ရေအလံတပ်ဖွဲ့က ညီအစ်ကိုတွေ သူတို့ကို ဘေးတစ်ဖက်တစ်ချက်ကနေ ဝိုင်းထားလိုက်ကြ၊ ဒီနေ့ ဒီလူတွေထဲက တစ်ယောက်ကိုမှ အရှင်မထားနဲ့၊ အားလုံးကို သတ်ပစ်ပြီး အနာဂတ်ဘေးရန်တွေကို အမြစ်ပြတ် ရှင်းပစ်မယ်"
"ဟုတ်ကဲ့"
လူအုပ်ကြီးမှာ ကျန်းဝူကျိ၏ အမိန့်ကို နားထောင်ပြီး အားလုံးက သဘောတူ ခေါင်းညိတ်ကြသည်။ အစပိုင်းတွင် ပါရှားမင်ဂိုဏ်းမှ လူများကို သတ်ရန် ဝေခွဲမရ ဖြစ်နေနိုင်သော်လည်း ဤလူများမှာ မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ကို မြင်တွေ့ရပြီးနောက် ဒိုက်ချီစီ မည်သို့ပင် လုပ်ဆောင်ခဲ့ပါစေ သူမကို ဖမ်းဆီး မီးရှို့ခံရအောင် သူတို့ ခွင့်မပြုနိုင်ကြပေ။ ကျန်းဝူကျိ ပြောသကဲ့သို့ပင် ဤကိစ္စမှာ အစကတည်းက ညှိနှိုင်း၍ မရနိုင်သော ကိစ္စဖြစ်ရာ ပြောနေစရာ အကြောင်းမရှိတော့ပေ။
မင်ဂိုဏ်းမှ သိုင်းပညာရှင် အများအပြားမှာ သဘောသဘာဝအရ သူတော်စင်နှင့် မိစ္ဆာ ကြားတွင် ရှိနေသူများ ဖြစ်ကြရာ လူအနည်းငယ် သတ်ဖြတ်ရန် ဝန်မလေးကြပေ။ ယခု ကျန်းဝူကျိ၏ အမိန့်ကို ရရှိပြီးနောက် အားလုံးက တပြိုင်နက်တည်း တိုက်ခိုက်ကြတော့သည်။
ကျန်းဝူကျိသည် အမိန့်ပေးပြီးသည်နှင့် ချက်ချင်းပင် တစ်ဟုန်ထိုး ပြေးထွက်သွားကာ အမြဲတမ်း အောင်မြင်သူ ရတနာဘုရင်ထံသို့ ဦးတည်သွားသည်။ အမြဲအောင်မြင်သူ ရတနာဘုရင်သည်လည်း ကျန်းဝူကျိက ငြိမ်းချမ်းရေး ရတနာဘုရင်ကို သတ်လိုက်သည့်အတွက် သူ့ကို အလွန်ပင် မုန်းတီးနေသည်။
ကျန်းဝူကျိ ချဉ်းကပ်လာသည်ကို မြင်သောအခါ ၎င်းကလည်း လျင်မြန်စွာ ပြန်လည် တိုက်ခိုက်လိုက်သည်။ ကျန်းဝူကျိ ၎င်းထံသို့ မရောက်မီမှာပင် ၎င်းက ထူးဆန်းသော လက်နက်များကို ကိုင်ဆောင်ကာ ကျန်းဝူကျိ၏ ဝမ်းဗိုက်အောက်ပိုင်းကို မထင်မှတ်ထားသော လမ်းကြောင်းမှ တိုက်ခိုက်လိုက်သည်။
ထိုတိုက်ခိုက်မှုမှာ အလွန်ပင် လျင်မြန်သော်လည်း ကျန်းဝူကျိက ဂရုမစိုက်ပေ။ သူသည် ရှေ့သို့ တိုးဝင်ကာ တိမ်လွှာဓားကို ဆွဲထုတ်လိုက်ပြီး အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်၏ လက်နက်ကို တားဆီးလိုက်သည်။ ကျန်းဝူကျိ၏ နက်ရှိုင်းသော အတွင်းအားမှာ အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်ထက် များစွာ သာလွန်နေသောကြောင့် ၎င်းကို ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားအောင် တိုက်ရိုက် ရိုက်ထုတ်လိုက်နိုင်သည်။
နောက်တစ်ခဏတွင် ကျန်းဝူကျိ၏ ဓားသိုင်းများက တရစပ် ထွက်ပေါ်လာပြီး အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်၏ လက်နက်နှင့် ထိတွေ့မိသည်။ ထိုရတနာဘုရင်၏ လက်နက်ကို မည်သည်နှင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း တိမ်လွှာဓားနှင့်ပင် အနည်းငယ်သာ ပဲ့ထွက်သွားပြီး အပြတ်မဖြတ်နိုင်ဘဲ ရှိနေသည်။
သို့သော် ကျန်းဝူကျိက ဂရုမစိုက်သေးပေ။ သူ၏ ဓားသိုင်းမှာ ပြန့်ကျဲထွက်ပေါ်လာရာ တစ်ခါတစ်ရံတွင် ထိုက်ကျိဓားသိုင်းကဲ့သို့ အနှေးမှ အမြန်သို့ ကူးပြောင်းသွားပြီး နောက်တစ်ခါတွင် ဂိုဏ်းပေါင်းစုံမှ နူးညံ့သော ဓားသိုင်းများနှင့်အတူ စက္ကန့်မလပ် ပြောင်းလဲနေသည့် မီးလျှံအမိန့်တော်ပြား သိုင်းကွက်များ ပေါင်းစပ်ပါဝင်နေသည်။ သုံးကွက်မှ ငါးကွက်အတွင်းမှာပင် အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်မှာ အကျပ်အတည်းသို့ ဆိုက်ရောက်သွားရသည်။
၎င်းတို့၏ သိုင်းပညာ ကွာဟချက်မှာ သိသိသာသာပင် ကြီးမားလှပေသည်။
ရန်ရှောင်နှင့် အခြားသူများလည်း ထိုအချိန်တွင် တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။ မင်ဂိုဏ်းမှ အလင်းသံတမန် နှစ်ပါးနှင့် အစောင့်အရှောက် ဘုရင် လေးပါးတို့က ရတနာဘုရင် ဆယ်ပါးကို ဝိုင်းရံတိုက်ခိုက်ကြပြီး ထူးခြားဆန်းပြားသူ ငါးဦးကမူ အခြားသော ပါရှားသိုင်းပညာရှင်များကို ရင်ဆိုင်ကြသည်။ ထိုခဏအတွင်း သင်္ဘောကုန်းပတ်တစ်ခုလုံးမှာ ပြင်းထန်သော တိုက်ပွဲများဖြင့် ပြည့်နှက်သွားတော့သည်။
“ချွတ်”
ကျန်းဝူကျိက သူ၏ဓားကို နောက်သို့ လွှဲလိုက်ရာ အမြဲအောင်မြင်သူ ရတနာဘုရင်၏ လက်နက်မှာ လက်ထဲမှ လွတ်ကျသွားသည်။ ကျန်ရှိနေသော ဓားအရှိန်အဝါကလည်း အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရရှိစေကာ ခုခံရန် ခက်ခဲသွားစေသည်။
ဤအရေးကြီးသော အချိန်တွင် မကောင်းမှုနှိမ်နင်းသူ ရတနာဘုရင်နှင့် မီးထိန်းသိမ်းသူ ရတနာဘုရင်တို့မှာ မင်ဂိုဏ်းသားများ၏ ဝိုင်းရံမှုကို ဖောက်ထွက်လာပြီး အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်ကို ကူညီရန် ရောက်ရှိလာကြသည်။ ထူးဆန်းသော လက်ဝါးရိုက်ချက် နှစ်ခုက ဘေးတစ်ဖက်တစ်ချက်စီမှ တိုက်ခိုက်လာသည်။
ကျန်းဝူကျိကမူ ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏ အတွင်းအားမှာ ပိုမိုမြင့်မားပြီး သူ၏ တိုက်ခိုက်မှု များမှာလည်း ပိုမိုမြန်ဆန်သည်။ သူသည် ကိုယ်ကို လှည့်ကာ ဘေးနှစ်ဖက်သို့ လက်ဝါးနှစ်ဖက်ဖြင့် တွန်းထုတ်လိုက်ရာ ၎င်းမှာ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထဲမှ သိုင်းကွက်များပင် ဖြစ်သည်။
သူသည် လက်ဝါးကို ရိုက်ထုတ်လိုက်စဉ် အနည်းငယ် ကွေးညွတ်လိုက်ရာ မကောင်းမှု နှိမ်နင်းသူ ရတနာဘုရင်နှင့် မီးထိန်းသိမ်းသူ ရတနာဘုရင်တို့၏ ထူးဆန်းသော လက်ဝါးရိုက်ချက်များသည် ကျန်းဝူကျိ၏ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်နှင့် တည့်တည့်တိုးမိတော့သည်။
သို့သော် အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်ထက်ပင် ညံ့ဖျင်းလှသော ၎င်းတို့၏ အရည်အချင်းများဖြင့် ကျန်းဝူကျိ၏ နဂါးနိုင်လက်ဝါးကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ လက်ဝါးချင်း ထိတွေ့မိသည်နှင့် ထိုရတနာဘုရင်နှစ်ပါးတို့မှာ သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားပြီး ချက်ချင်းပင် အရေးနိမ့်သွားတော့သည်။
ထိုသူနှစ်ဦး လွင့်ထွက်သွားသည့် တစ်ချိန်တည်းမှာပင် အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်၏ နောက်ဆုံးအားကိုး လက်ဝါးရိုက်ချက်မှာ ကျန်းဝူကျိထံသို့ ကျရောက်လာသည်။ ကျန်းဝူကျိမှာ ရှောင်တိမ်းခြင်း မပြုဘဲ ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ အကာအကွယ်ဖြင့် ထိုရိုက်ချက်ကို အမိအရ ခံယူလိုက်သည်။
“ဘုန်း”
လက်ဝါးတစ်ချက်မှာ ကျန်းဝူကျိ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ အဝတ်အစားများ တုန်ခါသွားသော်လည်း ကျန်းဝူကျိမှာ တစ်ချက်ကလေးမျှ နောက်မဆုတ်ဘဲ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့စွာ ရပ်နေပေသည်။
အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်မှာ မျက်လုံးများ ပြူးသွားရသည်။ ဤလောကတွင် သူ၏ လက်ဝါးရိုက်ချက်ကို ခံယူပြီး မည်သို့မျှ ဒဏ်ရာမရဘဲ နေနိုင်မည့်သူ ရှိလိမ့်မည်ဟု သူ မထင်ထားမိပေ။
"မင်းရဲ့ ဒီလောက်လေးပဲရှိတဲ့ အရည်အချင်းနဲ့ ငါ့ရှေ့မှာ လာပြီး မာန်တက်နေဖို့ တကယ်ကို မထိုက်တန်သေးဘူး"
ကျန်းဝူကျိက အနည်းငယ် ပြုံးကာ အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်ကို ဖမ်းဆီးရန် လက်ကမ်းလိုက်သည်။ သို့သော် အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်က ကျန်းဝူကျိ၏ အပြုအမူကို ကြိုတင်သိနေသကဲ့သို့ သူ၏ ထူးဆန်းသော ကိုယ်ဖော့ပညာကို သုံးကာ နောက်သို့ ဆုတ်ခွာသွားသည်။
သို့သော် ကျန်းဝူကျိ၏ ဖမ်းဆီးသော လက်မှာ ၎င်း၏ ဘေးတွင် ချက်ချင်း ပေါ်လာသည်။ ၎င်းအနေဖြင့် မတုံ့ပြန်နိုင်မီမှာပင် ကျန်းဝူကျိက ၎င်း၏ လည်ပင်းကို အမိအရ ဖမ်းဆီးလိုက်လေပြီ။
"မင်း ငါတို့ရဲ့ သိုင်းပညာကို အကုန် မြင်နေတာပဲ"
ကျန်းဝူကျိ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော ထိုရတနာဘုရင်မှာ အံကြိတ်ကာ ထိုစကားကို ခက်ခဲစွာ ပြောလိုက်ရသည်။
ကျန်းဝူကျိက ပြုံးလျက်
"မီးလျှံ အမိန့်တော်ပြားက လာတဲ့ ထူးဆန်းတဲ့ သိုင်းပညာလေးက အဲ့လောက်ကြီး မဟုတ်ပါဘူး၊ မင်းလို အရည်အချင်းမျိုးနဲ့ အမြဲတမ်းအောင်မြင်သူ လို့ ခေါ်နေတာက တကယ်တော့ ရေတွင်းထဲက ဖားတစ်ကောင် ကောင်းကင်ကို ကြည့်နေသလိုပါပဲ၊ မင်း ဘာတွေ ပြောနေလဲဆိုတာ မင်းကိုယ်တိုင်တောင် သိမှာ မဟုတ်ဘူး"
ထိုရတနာဘုရင်မှာ ဒေါသထွက်သွားသော်လည်း ပြန်ပြောစရာ စကားမရှိပေ။ သူသည် အမြဲတမ်းအောင်မြင်သူ ဟူသော ဘွဲ့ကို ရရှိထားခြင်းမှာ သိုင်းပညာ စတင်သင်ယူချိန်မှစ၍ တစ်ခါမျှ မရှုံးနိမ့်ဖူးသောကြောင့် ဖြစ်သည်။ လေ၊ တိမ်နှင့် လ သံတမန် သုံးဦးပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်ကြပေ။ သို့သော် ယနေ့တွင်မူ သူသည် ကျန်းဝူကျိ၏ လက်ထဲတွင် အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်ခဲ့ရပြီ ဖြစ်ရာ အမြဲအောင်မြင်သူ ဟူသော အမည်ကို ဆက်လက် သုံးစွဲရန် မထိုက်တန်တော့ပေ။
“ဟူး”
အမြဲအောင်မြင်သူ ရတနာဘုရင်က သက်ပြင်းချကာ ဆိုသည်။
"ငါတို့တွေက ပါရှားတစ်ခွင်မှာ ပြိုင်ဘက်ကင်းခဲ့ကြပေမဲ့ ဒီမှာ ဒီလို ရှုံးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ ငါ့မှာ မေးစရာ တစ်ခုရှိတယ်၊ ငါ့ရဲ့ လက်ဝါးရိုက်ချက်ကို ခံယူပြီး ဘာလို့ မင်းမှာ ဒဏ်ရာ တစ်ခုမှ မရတာလဲ၊ ငါ့ရဲ့ သိုင်းပညာက ကျောက်တုံးတွေကိုတောင် အစိတ်စိတ်အမွှာမွှာ ဖြစ်စေနိုင်တာ၊ မင်းက ကျောက်တုံးကြီး တစ်ခုလည်း မဟုတ်ဘူး၊ သံမဏိလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဘာမှ မဖြစ်ရတာလဲ"
ထိုမေးခွန်းကို ကျန်းဝူကျိက အနည်းငယ် ပြုံးကာဖြင့်.....
"မင်းလို လူရိုင်းတစ်ယောက်က ငါတို့ အလယ်ပိုင်းဒေသ သိုင်းပညာရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ၊ တစ်ဖက်လူက ဘယ်လောက်ပဲ အင်အားကြီးပါစေ၊ တောင်ထိပ်ကို ဖြတ်တိုက်သွားတဲ့ လေပြေလေးလိုပဲ၊ မင်းရဲ့ လက်ဝါးအားက အခုထက် ဆယ်ဆလောက် ပိုပြင်းရင်တောင် ငါ့ကို နည်းနည်းလေးတောင် ထိခိုက်စေနိုင်မှာ မဟုတ်ဘူး"
အခန်း (၁၇၀) ရတနာဘုရင် ဆယ့်နှစ်ပါးကို ချေမှုန်းခြင်းနှင့် ကျောက်မိန်၏ အကြံစည်
"ရန်သူက ဘယ်လောက်ပဲ သန်မာပါစေဦးတော့၊ တောင်ကြီးကို ဖြတ်တိုက်သွားတဲ့ လေပြေလေးလိုပဲလို့ ငါသဘောထားတယ် "
အမြဲတမ်းအောင်မြင်သူ ရတနာဘုရင်သည် ထိုစကားစုကို နားမလည်နိုင်သကဲ့သို့ တိုးတိုးလေး ရေရွတ်နေမိသည်။ ခဏမျှ စဉ်းစားပြီးနောက် ၎င်း၏ မျက်လုံးများ တောက်ပလာပြီး ခေါင်းညိတ်လျက် ဆိုသည်။
"တကယ့်ကို နက်နဲတဲ့ အဓိပ္ပာယ်ပဲ၊ မင်းရဲ့ အတွင်းအားက သိုင်းလောကမှာ ထိပ်တန်းပဲ"
ကျန်းဝူကျိကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကာ ဆိုသည်။
"မင်းလည်း အနည်းအကျဉ်းတော့ ရိပ်မိသားပဲ၊ လုံးဝတော့ မအဘူးပေါ့၊ ဒီသဘောတရားကို နားလည်သွားတာ ကောင်းပါတယ်၊ ငါ မင်းကို ချက်ချင်း မသတ်တာက သေရင်တောင် ရှင်းရှင်းလင်းလင်းနဲ့ သေစေချင်လို့ပဲ"
ပြောပြီးသည်နှင့် ကျန်းဝူကျိ၏ လက်ဝါးမှ အတွင်းအားများ တုန်ခါထွက်ပေါ်လာပြီး အမြဲအောင်မြင်သူ ရတနာဘုရင်၏ သွေးကြောများမှာ ချက်ချင်းပင် ပြတ်တောက်သွားတော့သည်။ ၎င်းသည် သွေးအန်ကာ သေဆုံးသွားရလေသည်။
ကျန်းဝူကျိသည် ဤအချက်တွင် လူသားဆန်သည်ဟု ဆိုရမည်ဖြစ်သည်။ တကယ့်ကို ယုတ်မာကောက်ကျစ်သည့် လူဆိုးများမဟုတ်လျှင် ၎င်းတို့ကို ဒုက္ခမရောက်စေဘဲ ချက်ချင်းပင် သေဆုံးစေကာ အေးအေးချမ်းချမ်း အနားယူစေခြင်း ဖြစ်သည်။
အမြဲအောင်မြင်သူ ရတနာဘုရင်ကို သတ်ပြီးနောက် ကျန်းဝူကျိသည် ဒဏ်ရာအပြင်းအထန် ရရှိနေသော မကောင်းမှုနှိမ်နင်းသူ ရတနာဘုရင်နှင့် မီးထိန်းသိမ်းသူ ရတနာဘုရင်တို့ကိုလည်း လက်ဝါးတစ်ချက် စီဖြင့် အဆုံးစီရင်လိုက်သည်။
ထို့နောက်တွင်မူ ကျန်းဝူကျိသည် သိုးအုပ်ထဲသို့ ဝင်လာသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်သွားတော့သည်။
ကျန်ရှိနေသော ရတနာဘုရင်များ၏ အတွင်းအားမှာ သာမန်မျှသာ ဖြစ်သည်။ အလင်းသံတမန် နှစ်ပါးနှင့် အစောင့်အရှောက် ဘုရင် လေးပါးတို့ကို ရင်ဆိုင်ရာမှာပင် ၎င်းတို့မှာ ပျာယာခတ်နေကြပြီး ၎င်းတို့၏ ထူးဆန်းသော သိုင်းကွက်များဖြင့် မနည်း ခုခံနေရခြင်း ဖြစ်သည်။
၎င်းတို့၏ သိုင်းပညာအားလုံးကို ထိုးဖောက်မြင်နေသည့် ကျန်းဝူကျိကဲ့သို့သော ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင်မူ ၎င်းတို့မှာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိကြတော့ပေ။ ကျန်းဝူကျိ လက်တစ်ချက် လှုပ်လိုက်တိုင်း ရတနာဘုရင် တစ်ပါးမှာ သေဆုံးသွားရလေသည်။
မကြာမီမှာပင် ရတနာဘုရင် ဆယ့်နှစ်ပါးစလုံး နေရာ၌ပင် အသက်ပျောက်သွားကြတော့သည်။
ထိုအခြင်းအရာကို မြင်သောအခါ ကျန်ရှိနေသော ပါရှားသားများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ဆုံးကုန်ကြသည်။ ကျန်းဝူကျိနှင့် အခြားသူများ၏ တဖက်သတ် သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ကြရသည်။
အချို့သော ပါရှားသားများမှာ ကြောက်လန့်တကြား ထွက်ပြေးရန် ကြိုးစားသော်လည်း ရေအလံတပ်ဖွဲ့မှ တပည့်များက ကြားဖြတ်ဟန့်တားကာ အားလုံးကို ပိုင်းဖြတ် သတ်ပစ်လိုက်ကြသည်။
နာရီဝက်ပင် မပြည့်မီမှာပင် ဤခရီးစဉ်၌ ပါလာသော ပါရှားမင်ဂိုဏ်းမှ သင်္ဘောကြီးများပေါ်ရှိ လူအားလုံးကို ကျန်းဝူကျိနှင့် အခြားသူများက အမြစ်ပြတ် ချေမှုန်းလိုက်ကြလေပြီ။
ပါရှားမင်ဂိုဏ်းမှ သိုင်းပညာရှင် အားလုံး ဤနေရာတွင်ပင် သေဆုံးသွားကြပြီ ဖြစ်သည်။
ရန်ရှောင်နှင့် ဖန့်ယောင်တို့က ရေအလံအဖွဲ့ မှ တပည့်များကို ဦးဆောင်ကာ စစ်မြေပြင်ကို ရှင်းလင်းနေစဉ် ကျန်းဝူကျိနှင့် အခြားသူများကမူ သင်္ဘောပေါ်မှ ဆင်းကာ ကျွန်းပေါ်သို့ ပြန်လာကြသည်။
ဒိုက်ချီစီသည် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အလောင်းများကို ကြည့်ကာ သက်ပြင်းချလျက် ဆိုသည်။
"ငါတို့ဂိုဏ်းက မတည်ငြိမ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ တကယ်တော့ မင်ဂိုဏ်းလောက် မသန်မာတော့ဘူး၊ အခု ရတနာဘုရင် ဆယ့်နှစ်ပါးနဲ့ သံတမန် သုံးယောက်လည်း သေကုန်ကြပြီဆိုတော့ ငါတို့ဂိုဏ်းက ပိုပြီး ဆုတ်ယုတ်သွားတော့မှာပဲ"
သူမ၏ လေသံမှာ အလွန်ပင် စိတ်မကောင်းဖြစ်နေသည့်ပုံ ပေါက်နေသည်။
ကျန်းဝူကျိကမူ ဂရုမစိုက်ဘဲ.....
"ငါတို့က ရပ်တည်ချက် လုံးဝ မတူကြဘူးဆိုတော့ ဒီလို ရလဒ်မျိုး ဖြစ်လာမယ်ဆိုတာ မင်း ကြိုပြီး မျှော်လင့်ထားသင့်တာ ကြာလှပြီ၊ ပြောနေစရာ ဘာရှိဦးမှာလဲ၊ ဒါမှမဟုတ် မင်းက သူတော်စင်မ အနေနဲ့ ပါရှားမင်ဂိုဏ်းအပေါ် သံယောဇဉ် ရှိနေသေးတာလား"
ကျန်းဝူကျိ၏ စကားမှာ နောက်ပြောင်သလို ရှိသော်လည်း ဒိုက်ချီစီမှာမူ ချွေးစေးများ ထွက်လာရသည်။ ကျန်းဝူကျိက သူမကို မင်ဂိုဏ်းအပေါ် သစ္စာမရှိဘူးဟု ထင်သွားမည်ကို စိုးရိမ်သဖြင့် လျင်မြန်စွာ ဆိုသည်။
"ဂိုဏ်းချုပ်၊ ရှင် အထင်လွဲနေပြီ၊ ကျွန်မက မင်ဂိုဏ်းသား ဖြစ်နေတာ ကြာလှပြီ၊ ကျွန်မက ခရမ်းရောင်ဝတ် နဂါးဘုရင်မပဲ၊ ပါရှားမင်ဂိုဏ်းအပေါ် ဘယ်မှာ သံယောဇဉ် ရှိနေဦးမှာလဲ"
"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့"
ကျန်းဝူကျိက ကျေနပ်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ မင်းပြောပုံက လျိုလူ ပြောတာနဲ့ ဘာလို့ ဒီလောက် တူနေရတာလဲဟု တွေးကာ ရေရွတ်မိသွားသည်။
(လျိုလူ (Liu Lu) ဆိုသည်မှာ ကျန်းဝူကျိ၏ ခေတ်သစ်ကမ္ဘာ မှ နာမည်ကြီး လူမှုကွန်ရက် ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ သူမသည် အမှားအယွင်း တစ်ခုခုလုပ်မိသည့်အခါ သို့မဟုတ် တစ်ဖက်လူကို ဖားယားလိုသည့်အခါတွင် အလွန်အမင်း ဟန်ဆောင်ကောင်းလွန်းသူ ဖြစ်ပေသည်)
ရှောင်ကျောက်မှာ ကျန်းဝူကျိ၏ ဘေးတွင် ကပ်နေပြီး စိတ်အေးချမ်းနေသည့်ပုံ ရှိသည်။ သူမသည် သေခြင်းရှင်ခြင်း အခြေအနေများစွာကို မြင်တွေ့ခဲ့ဖူးရာ ယခုအခါတွင် မကြောက်ရွံ့တော့ပေ။ ထို့ပြင် ပါရှားကိုသွားပြီး ဂိုဏ်းချုပ် လုပ်စရာ မလိုတော့ဘဲ ကျန်းဝူကျိ၏ ဘေးတွင် ထာဝရ နေခွင့်ရတော့မည် ဖြစ်သောကြောင့် ဝမ်းသာနေမိသည်။
ကျောက်မိန်သည်လည်း ကျန်းဝူကျိ၏ ဘေးတွင် ရှိနေပြီး နှုတ်ခမ်းလေး စူကာ တစ်ခုခုကို အလေးအနက် စဉ်းစားနေရင်း စစ်သင်္ဘောကြီးများကို စိုက်ကြည့်နေသည်။
"ဘာတွေ တွေးနေတာလဲ"
ကျန်းဝူကျိက လက်လှမ်းကာ ကျောက်မိန်၏ ခေါင်းကို ပွတ်သပ်လိုက်ရာ ကျောက်မိန်က သူမ၏ အတွေးကို နှောင့်ယှက်သည့်အတွက် သူ့ကို အနည်းငယ် စိတ်ကောက်သည့် မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
"အကြီးအကဲ ရှဲ့ အလယ်ပိုင်းဒေသကို ပြန်ရောက်ရင် ဂိုဏ်းအသီးသီးကို အချင်းချင်း ဘယ်လို ရန်တိုက်ပေးမလဲ၊ ဒါမှမဟုတ် ဒီပြဿနာကို တခြားနေရာကို ဘယ်လို လွှဲလိုက်မလဲလို့ စဉ်းစားနေတာ"
ကျန်းဝူကျိက သံသယဖြင့် .....
"မင်း ဘာကို ဆိုလိုတာလဲ"
ကျောက်မိန်က ကျန်းဝူကျိကို မျက်စောင်းထိုးကာ
"ရှင်က တုံးလိုက်တာ၊ အကြီးအကဲ ရှဲ့မှာ ရန်သူတွေ အများကြီး ရှိတာလေ၊ သူ့ကို သတ်ချင်တဲ့သူတွေက အများကြီး ရှိနေမှာပဲ၊ ရှင် ဘယ်လောက်ပဲ သန်မာပါစေ ဒီလို အခြေအနေမျိုးမှာ ဒုက္ခရောက်မှာပဲ၊ ကျွန်မက ရှင့်အတွက် နည်းလမ်း စဉ်းစားပေးနေတာ မဟုတ်ဘူးလား"
ကျန်းဝူကျိက ရယ်မောကာ .....
"ငါကတော့ ဒါကို လုံးဝ ဂရုမစိုက်ဘူး၊ ငါ့ရဲ့ မွေးစားအဖေ ကိစ္စကို သူကိုယ်တိုင် ရှင်းနိုင်ပါတယ်၊ မင်းပြောတဲ့ ရန်သူဆိုတဲ့လူတွေက ငါ့မျက်လုံးထဲမှာတော့ အမြောက်စာတွေပဲ (အသေခံရုံသက်သက်ပဲ ) ၊ လူတစ်ထောင် ရှစ်ရာလောက် ရှိရင်တောင် ငါ့လက်တစ်ချက် ခတ်လိုက်ရုံနဲ့ အကုန် ပျောက်သွားနိုင်တယ်"
ကျန်းဝူကျိ၏ ယခုလက်ရှိ အတွင်းအားနှင့် ဩဇာအာဏာအရ ၎င်းအနေဖြင့် ပြင်းထန်သော လုပ်ရပ်များ မလုပ်ဆောင်ခြင်းမှာ ၎င်း၏ စိတ်နေစိတ်ထား ကောင်းမွန်နေသေးသောကြောင့် ဖြစ်သည်။ အမြောက်စာ တစ်စုကို သူက ဘာလို့ ကြောက်နေရပါမည်နည်း။
ကျောက်မိန်က သက်ပြင်းချကာ .....
"ရှင် ကတော့ အလွယ်လေး ပြောတာပေါ့၊ လူတွေက ကလဲ့စားချေချင်ကြတာ သဘာဝပဲ၊ တကယ်လို့ ရှင်က သူတို့ရဲ့ ရန်သူ ဖြစ်သွားရင် ရှင့်ရဲ့ နာမည်နဲ့ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားလိမ့်မယ်၊ သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင် ဘွဲ့ကို ဆုံးရှုံးရုံတင်မကဘူး၊ မင်ဂိုဏ်းရဲ့ ကြီးကျယ်တဲ့ စီမံကိန်းတွေကိုလည်း ထိခိုက်နိုင်တယ်၊ ရှင်က ဒီကျယ်ပြောလှတဲ့ တိုင်းပြည်ကြီးကို တခြားသူတွေ အလွယ်တကူ သိမ်းပိုက်နိုင်အောင် အခွင့်အရေး ပေးလိုက်တော့မှာလား"
“အင်း.... အဲ့ဒါကတော့ ဟုတ်သလိုလို ရှိသားပဲ”
ကျန်းဝူကျိက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ တခြားကိစ္စများကို ကိုင်တွယ်ရန် လွယ်ကူသော်လည်း နာမည်ဂုဏ်သတင်း ပျက်စီးသွားပါက အင်ပါယာကို ရယူရန် အဟန့်အတား ဖြစ်နိုင်ပေသည်။ နောက်ဆုံးတွင် သူသည် စိတ်တိုင်းကျ ဧကရာဇ်အဖြစ် ကြေညာနိုင်သည့် အဆင့်သို့ မရောက်သေးဘဲ ကျူးယွမ်ကျန်းနှင့် အခြားသူများကလည်း ဤအခွင့်အရေးကို လက်လွတ်ခံကြမည် မဟုတ်ပေ။
ကျောက်မိန်၏ ဦးနှောက်လေးမှာ အလွန်ပင် ထက်မြက်သည်ကို ကျန်းဝူကျိ သိသောကြောင့် မေးလိုက်သည်။
"ဒါဆို မင်း ဘယ်လို နည်းလမ်း စဉ်းစားထားလဲ"
ကျောက်မိန်က ခေတ္တမျှ စဉ်းစားပြီးနောက် ......
"သူတို့ကို အချင်းချင်း ရန်တိုက်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး၊ သူတို့အားလုံးက တူညီတဲ့ အမုန်းတရားကြောင့် စည်းလုံးနေကြတာဆိုတော့ အရမ်းခက်တယ်၊ ဒါပေမဲ့ ဒီဘေးရန်တွေကို တခြားနေရာကို လွှဲပစ်ဖို့ နည်းလမ်းတော့ ရှိတယ် ဒါပေမဲ့ အဲ့ဒီနည်းလမ်းက နည်းနည်းတော့ ရက်စက်ရာကျလွန်းတယ် ရှင် တကယ် အသုံးချချင်ရဲ့လားတော့ မသိဘူး”
"ပြောပြပါဦး"
ကျန်းဝူကျိသည် "ရက်စက်တယ်" ဆိုသည့် စကားလုံးအပေါ် သဘာဝအရပင် ခုခံမှု မရှိသလောက် ဖြစ်သည်။ အင်ပါယာကို သိမ်းပိုက်မည့်သူ တစ်ယောက်အဖို့ ထိုကဲ့သို့ အသေးအဖွဲ ကိစ္စများအပေါ် တွန့်ဆုတ်နေ၍ မရပေ။
ကျောက်မိန်က စစ်သင်္ဘောကြီးများကို ကြည့်ကာ .....
"ရှင်က ဂျပန်လူမျိုးတွေကို မုန်းတာ မဟုတ်ဘူးလား၊ ကျွန်မတို့ နည်းလမ်းတစ်ခု သုံးပြီး အကြီးအကဲ ရှဲ့ရဲ့ ရန်သူတွေကို အကြီးအကဲ ရှဲ့က ဂျပန်ပြည်ကို သွားပြီး အဲ့ဒီမှာ ရုပ်ဖျက် ပုန်းနေတယ်လို့ ယုံအောင် လုပ်လို့ရတယ်၊ အကြီးအကဲ ရှဲ့ရဲ့ ရန်သူတွေ ဂျပန်ပြည်မှာ သွားပြီး ပြဿနာ ရှာကြအောင် လုပ်လိုက်ရင် မကောင်းဘူးလား၊ အဲ့ဒီအခါကျရင် ဂျပန်တွေကလည်း သူတို့ကို လွှတ်ထားမှာ မဟုတ်ဘူး၊ နှစ်ဖက် တိုက်ကြခိုက်ကြတဲ့အခါ သူတို့ဘယ်သူဘာဖြစ်ဖြစ် ငါတို့အတွက်ပဲ အကျိုးရှိမှာလေ"
နားထောင်ပြီးနောက် ကျန်းဝူကျိက သူမကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်ကာ .....
"မိန်မိန်၊ မင်းကတော့ ထင်တဲ့အတိုင်းပဲ၊ ဒီနည်းလမ်းက တကယ့်ကို ရက်စက်တာပဲ၊ ဒါပေမဲ့ ငါ သဘောကျတယ်၊ လုပ်ကြတာပေါ့၊ ငါ့စိတ်ထဲမှာလည်း ဒီလို အစီအစဉ်မျိုး ရှိနေပြီးသားပဲ၊ အချိန်တန်ရင် ငါလည်း ဒါကို အကောင်အထည်ဖော်မှာပါ"
ကျောက်မိန်က အနည်းငယ် သက်ပြင်းချကာ ...
"တကယ်တော့ အကြီးအကဲ ရှဲ့ရဲ့ အခြေအနေကို သိပြီးတဲ့နောက် ကလဲ့စားချေချင်တဲ့သူ အများစုက အပြစ်မရှိဘူးဆိုတာ ငါ သိပါတယ်၊ သူတို့ကို ဒီလို ဒုက္ခပေးတာက တကယ်တော့ မကောင်းပါဘူး၊ ပြီးတော့ ပြဿနာ အသေးလေး တစ်ခု ရှိသေးတယ်၊ အကြီးအကဲ ရှဲ့က အရပ်အမောင်း မြင့်ပြီး ထွားကျိုင်းတယ်၊ ဂျပန်လူမျိုး အများစုကတော့ ပုကြတယ်လေ၊ ဆိုတော့ သိပ်ပြီး မတူသလို ဖြစ်နေမှာပေါ့"
ကျန်းဝူကျိက သူမကို နှစ်သိမ့်ပေးကာ ဆိုသည်။
"အဲ့ဒီလူတွေက ကလဲ့စားချေချင်တဲ့ စိတ်နဲ့ ရူးသွပ်နေကြပြီ၊ ဒီအခြေအနေမှာ သူတို့က အပြစ်ရှိတယ် မရှိဘူးဆိုတာ ပြောဖို့ ခက်ပါတယ်၊ အပြစ်မရှိတဲ့အကြောင်း ပြောမယ်ဆိုရင် ရတနာဘုရင် ဆယ့်နှစ်ပါးစလုံးကလည်း လူဆိုးတွေ မဟုတ်ကြပါဘူး၊ ရပ်တည်ချက် မတူလို့သာ ဖြစ်ရတာပါ၊ ပြောနေစရာ မလိုတော့ပါဘူး၊ ပြီးတော့ ငါ့မွေးစားအဖေရဲ့ အရပ်အမောင်းက ကိစ္စမရှိပါဘူး၊ ဂျပန်ပြည်မှာလည်း အရပ်ရှည်တဲ့သူတွေ မရှိတာမှ မဟုတ်တာ၊ ငါ့မွေးစားအဖေအဖြစ် တမင် ဟန်ဆောင်ပြီး သူတို့ကို မျက်စိလည်အောင် လုပ်မယ့်သူတွေ ငါ ရှာပေးမှာပါ၊ ငါတို့က သူတို့ကို ပြဿနာ တက်စေချင်တာပဲ၊ ငါတို့ရဲ့ ရည်ရွယ်ချက်က နှစ်ဖက် တိုက်ခိုက်ဖို့ပဲ၊ တခြား ဘာမှ မဟုတ်ဘူး၊ ကလဲ့စားချေမယ့်သူတွေ အကြောင်း မင်း စဉ်းစားမနေပါနဲ့။
ငါ့မွေးစားအဖေ သတ်ခဲ့တဲ့သူတွေက သိုင်းလောကမှာ နာမည်ကြီးတဲ့ ပညာရှင်တွေပဲ၊ ဒါမှလည်း ချန်ခွန်း ထွက်လာမှာ မဟုတ်လား၊ ဒါကြောင့် ဒီကလဲ့စားချေမယ့်သူတွေကလည်း အတွင်းအား အဆင့်မြင့်တဲ့သူတွေ ဖြစ်ကြလိမ့်မယ်၊ ဂျပန်မှာ သိုင်းပညာရှင် အများကြီး မရှိတော့ သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး၊ ပိုပြီး ရှုပ်ထွေးသွားရုံပဲ ရှိမှာပါ၊ အဲ့ဒီအခါကျရင် ငါတို့က ကြားကနေ အကျိုးအမြတ် ရယူရုံပါပဲ"
ကျန်းဝူကျိ၏ နှစ်သိမ့်စကားများကြောင့် ကျောက်မိန်၏ အမူအရာမှာ သိသိသာသာ ကောင်းမွန်သွားသည်။
အမှန်အတိုင်း ပြောရလျှင် သူမသည် ဘယ်တုန်းကမှ လူဆိုးတစ်ယောက် မဟုတ်ခဲ့ပေ။ ယခုကဲ့သို့သော နည်းပရိယာယ်များကို ကျန်းဝူကျိအတွက် မဟုတ်လျှင် သူမ အသုံးချမည် မဟုတ်ပေ။
သို့သော် ကျန်းဝူကျိက ထိုသို့ ပြောလိုက်သောအခါ ကျောက်မိန် စိတ်သက်သာရာ ရသွားသည်။ ကျန်းဝူကျိ ပြောသည်မှာ အမှန်ပင် ဖြစ်သည်၊ အရာရာက ရပ်တည်ချက်အပေါ်မှာသာ မူတည်နေပြီး အမှားအမှန်ကို ဂရုမစိုက်နိုင်တော့ပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရသော လုပ်ရပ်များပင် ဖြစ်သည်။
ကျန်းဝူကျိ ပြောသကဲ့သို့ပင် လူအများကို မျက်စိလည်အောင် လုပ်ခြင်းနှင့် ထိုသူများမှာ သိုင်းပညာရှင်များ ဖြစ်ခြင်းတို့က သူမ၏ စိတ်ထဲက အဖုအထစ်ကို ပြေပျောက်သွားစေသည်။ အနည်းဆုံးတော့ သူမအနေဖြင့် အပြစ်ရှိစိတ် နည်းသွားရသည်မှာလည်း ကောင်းသည့် အချက်ပင် ဖြစ်သည်။
"ဂိုဏ်းချုပ်၊ ငါ တစ်ခုခု ရှာတွေ့လာလို့ မင်းကို လာပြတာ"
ထိုအချိန်တွင် ဖန့်ယောင်၏ အံ့အားသင့်နေသော အသံမှာ သင်္ဘောပေါ်မှ ထွက်ပေါ်လာသည်။ သူသည် လူတစ်ယောက်ကို ဖမ်းဆီးကာ သင်္ဘောပေါ်မှ ပြေးဆင်းလာပြီး ကျန်းဝူကျိ၏ ရှေ့မှောက်သို့ ရောက်သောအခါ ထိုသူကို မြေပြင်ပေါ်သို့ အသာအယာ ချလိုက်သည်။
ထိုသူမှာ အကြောပိတ်ခံထားရသဖြင့် မလှုပ်ရှားနိုင်ဘဲ ရှိနေသည်။ ကျန်းဝူကျိနှင့် အခြားသူများ ကြည့်လိုက်သောအခါ ထိုသူမှာ ပါရှားသံတမန် သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ဟွေ့ယွဲ့သံတမန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းများတွင် သွေးအနည်းငယ် စွန်းပေနေပြီး သူမ၏ လှပသော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် သနားစဖွယ် ဖြစ်ကာ တုန်ရီနေရှာသည်။ သူမ၏ ယခင်က မောက်မာသော အမူအရာများမှာ လုံးဝ ပျောက်ကွယ်နေပြီ ဖြစ်သည်။
ကျန်းဝူကျိ မမျှော်လင့်ထားသည်မှာ သူမ ဘာကြောင့် မသေသေးတာလဲ ဆိုသည့် အချက်ပင် ဖြစ်သည်။ သူကိုယ်တိုင် ပါရှားသံတမန် သုံးဦးကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် စကြဝဠာ ရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ၎င်းတို့၏ အတွင်းအားကို ပြန်လည် တိုက်ခိုက်စေပြီး ၎င်းတို့ကို ချက်ချင်း သေဆုံးစေခဲ့ခြင်း ဖြစ်သည်။ သူမက ဘယ်လိုလုပ် လွတ်မြောက်လာနိုင်တာပါလိမ့်။