← Chapters

အခန်း (၁၇၆-၁၈၀)

Vol. 18 Ch. 176-180

အခန်း (၁၇၆-၁၈၀)

Vol. 18 Ch. 176-180

အခန်း (၁၇၆) ကျန်းဝူကျိ၏ ကျော်ကြားမှု

ကျောက်မိန်သည် သူမ၏ ရင်ခွင်အတွင်းရှိ မိန်းကလေးငယ်ကို ကြည့်ကာ “ညီမလေး တို့နဲ့အတူ လိုက်ခဲ့တော့၊ ဒီနေရာကို ဘယ်တော့မှ ပြန်မလာတော့ဘူးနော်” ဟု ပြောလိုက်သည်။

မိန်းကလေးငယ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်တုန်ရီရီဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်နေမိသည်။ စိတ်သက်သာရာရသွားသည့် အရှိန်ကြောင့် သူမ၏ မျက်လုံးများမှာ ရုတ်တရက် မှိတ်ကျသွားပြီး မေ့လဲသွားတော့သည်။

ကျောက်မိန်မှာ ထိတ်လန့်သွားသော်လည်း ကျန်းဝူကျိက ချက်ချင်း အနားသို့ လာရောက်၍ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် “စိုးရိမ်စရာ မရှိပါဘူး၊ သူမက အချိန်အတော်ကြာအောင် ရိုက်နှက်ခံထားရပြီး အစာငတ်ပြတ်နေခဲ့လို့ ခန္ဓာကိုယ်က အလွန်အမင်း အားနည်းနေတာပါ။ နောက်မှ သူမ အမြန်ပြန်ကျန်းမာလာအောင် ငါ ဆေးဖော်စပ်ပေးပါ့မယ်” ဟု ဆိုသည်။

ထိုသို့ပြောရင်း ကျန်းဝူကျိသည် မိန်းကလေးငယ်၏ အကြောအချို့ကို နှိပ်နယ်ပေးလိုက်ကာ “သူမကို ပိုပြီး အိပ်စက်နိုင်အောင် ငါ အကြောပိတ်ပေးထားလိုက်ပြီ၊ မနက်ဖြန် မနက်ကျရင် သူမ နိုးလာလိမ့်မယ်၊ အဲဒီအချိန်ကျရင် သူမရဲ့ အင်အားတွေ အတော်လေး ပြန်ကောင်းလာလိမ့်မယ်” ဟု ဆိုပေသည်။

အမှန်စင်စစ် အိပ်စက်ခြင်းသည် လူတစ်ယောက်၏ အင်အားများကို ပြန်လည်ဖြည့်တင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ လက်ရှိတွင် ဤမိန်းကလေးငယ်မှာ အားဆေးများ တိုက်ကျွေးရန်ပင် အလွန်အားနည်းနေသဖြင့် ကောင်းမွန်သော အစားအစာများပင်လျှင် သူမအတွက် အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ပေ။ ကောင်းမွန်စွာ အိပ်စက်ရခြင်းကသာ သူမအတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ကျောက်မိန်က ခေါင်းညိတ်ကာ မိန်းကလေးငယ်ကို ဘေးသို့ ပွေ့ချီသွားသည်။ ယင်းလီ၊ ရှောင်ကျောက်နှင့် ရန်ပုဟွေ့တို့သည်လည်း ဝိုင်းအုံလာကြပြီး သူတို့၏ မိခင်စိတ်များကြောင့် မိန်းကလေးငယ်ကို ဂရုတစိုက် ကြည့်ရှုပေးကြတော့သည်။

“ရှင်တို့... သူမက ငါတို့ရဲ့ သမီးလေ၊ ဘယ်လိုလုပ်ပြီး အတင်းခေါ်သွားလို့ ရမှာလဲ”

ထိုအမျိုးသမီးနှင့် ဟီအဖိုးကြီးမှာ ကြောက်ရွံ့နေကြသော်လည်း မကျေမနပ်ဖြစ်ကာ အသံထွက်လာကြသည်။ သူတို့ စိတ်ကြိုက် ခိုင်းစေနိုင်သည့် ကျွန်တစ်ယောက်ကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ကြပေ။ သူမ မရှိလျှင် သူတို့က ဘာဖြစ်သွားမည်နည်း၊ မည်သူ့ကို အမိန့်ပေးနိုင်တော့မည်နည်း။

ဝေယိရှောက်က ရယ်မောလျက် သူတို့ကို ကြည့်ကာ “မင်းတို့က ဘယ်လို အိမ်မက်ကောင်းတွေ မက်နေကြတာလဲ၊ ဒီညထက် ပိုပြီး အသက်ရှင်ရဦးမယ်လို့တောင် ထင်နေကြတာလား” ဟု မေးလိုက်သည်။

“ဟင်”

ထိုအမျိုးသမီးနှင့် ဟီအဖိုးကြီးမှာ ကြောင်အမ်းသွားကြသည်။ သမီးကိုလည်း လုယူသွားရုံတင်မကဘဲ သူတို့ကိုပါ သတ်ချင်နေကြသည်လား။

အမျိုးသမီးမှာ ဒေါသရော ကြောက်ရွံ့မှုပါ ရောထွေးလျက် “သူမက ငါတို့ရဲ့ သမီးပဲ၊ ငါတို့က ရိုက်တာပဲဖြစ်ဖြစ် ဆူတာပဲဖြစ်ဖြစ် ရှင်တို့နဲ့ ဘာဆိုင်လို့လဲ၊ ရိုက်သတ်ပစ်ရင်တောင် ဒါက ငါတို့ကိစ္စပဲလေ၊ ရှင်တို့ ခုလိုလုပ်နေတာ ဥပဒေဆိုတာရော မရှိတော့ဘူးလား” ဟု အော်ဟစ်လိုက်သည်။

“ဥပဒေ ဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့ကိုယ်တိုင်က ဥပဒေပဲ”

ကျန်းဝူကျိက နှာခေါင်းရှုံ့လျက် စကားရှည်ရှည် မပြောတော့ဘဲ “သူတို့ကို သတ်လိုက်တော့၊ နောက်ဘဝမှာ လူပြန်မဖြစ်နိုင်အောင် အလောင်းကိုပါ အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်” ဟု အမိန့်ပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အဖွဲ့သားများမှာ မျက်နှာပျက်သွားကြသည်။ “အလောင်းကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမည် ဟုတ်လား၊ ဒါက ရက်စက်လွန်းလှပေသည်။ ဝက်သတ်တာတောင်မှ ဒီလောက် မရက်စက်ပေ၊ မုန့်လုပ်ဖို့ အသားနုတ်နုတ်စင်းနေသည်လား “ ဟုပင် တွေးတောမိကြသည်။

အမှန်စင်စစ် ပြီးခဲ့သည့်အကြိမ်က ဟွေ့ယွဲ့သံတမန်ကိစ္စကို လျစ်လျူရှုခဲ့မိကတည်းက ကျန်းဝူကျိသည် သူ၏ လုပ်ဆောင်ချက်တိုင်းတွင် အလွန်အမင်း သတိထားလာခဲ့သည်။

ခေါင်းဖြတ်သတ်ခြင်းမှာပင် သိမ်မွေ့သော ကိုင်တွယ်မှုဟု ယူဆနိုင်ပြီး အဓိကမှာ ပြန်လည်ရှင်သန်မလာစေရန် တားဆီးခြင်း ဖြစ်ပေသည်။

ကျန်းဝူကျိက တွေးနေမိသည်မှာ ဟွေ့ယွဲ့သံတမန်ကဲ့သို့ လှပသော အမျိုးသမီးဆိုလျှင် အသက်ရှင်ခွင့်ပေးပြီး ကိုယ်လုပ်တော်အဖြစ် ထားရှိခြင်းမှာ ကောင်းမွန်သော်လည်း သာမန်လူယုတ်မာများအတွက်မူ ထိုသို့သော အခွင့်အရေးမျိုး မရနိုင်ပေ၊ သတ်လျှင် အစအန ဖျောက်အောင် သတ်ရပေမည်။

ကျန်းဝူကျိသည် ဝိညာဉ်နှင်သည့် အတတ်ကို မတတ်မြောက်ထားပေ။ မဟုတ်လျှင် သူတို့၏ ဝိညာဉ်များပါ လုံးဝ ပျောက်ကွယ်သွားအောင် တစ်ခါတည်း ယဇ်ပူဇော်ပစ်မိလိမ့်မည်။

“ကောင်းပါပြီ”

မည်သူမျှ စကားမပြောရသေးမီ ဖန့်ယောင်က အမိန့်ကို နာခံလိုက်သည်။ မင်ဂိုဏ်း၏ အကြမ်းတမ်းဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့်အတွက် သူက ထိုသူများကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ရန် စီစဉ်နိုင်ပေသည်။

ထိုသို့ဖြင့် ဟီအဖိုးကြီးနှင့် ထိုအမျိုးသမီးတို့သည် ထိတ်လန့်တုန်လှုပ်နေသော အကြည့်များဖြင့် ဤလောကကြီးမှ အပြီးအပိုင် အနားယူသွားကြတော့သည်။

အမှန်စင်စစ် အပိုင်းပိုင်း ခုတ်ထစ်ခြင်းမှာ ကျန်းဝူကျိ၏ နောက်ပြောင်မှုသာ ဖြစ်ပြီး ထိုမျှအထိ အစွန်းမရောက်ခဲ့ပေ။ ဖန့်ယောင်သည် ရှဲ့ရွှန်းထံမှ နဂါးနိုင်ဓားကို ခဏငှားယူ၍ တစ်ချက်စီ ဝှေ့ယမ်းလိုက်ရုံဖြင့် ခေါင်းနှစ်လုံးမှာ လွင့်စဉ်သွားတော့သည်။ သူ၏ လက်ချက်မှာ အလွန်မြန်ဆန်လှသဖြင့် နဂါးနိုင်ဓားပေါ်တွင် သွေးတစ်စက်ပင် မစွန်းပေ။

ကျန်းဝူကျိ၏ မျက်လုံးများက ဝင်းလက်သွားသည်။ သူသည် မိမိ၏ ခါးတွင် ချိတ်ထားသော တိမ်လွှာဓားကို မြင်လိုက်ရသောအခါ တစ်ခုခုကို သတိရသွားသည်။ ကောင်းကင်ဓားနှင့် နဂါးနိုင်ဓားအတွင်း၌ အဖိုးတန်သော ရတနာများနှင့် သိုင်းကျမ်းများ ရှိနေဆဲပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ လောစရာ မရှိသေးပေ။ အရေးကြီးသော ပစ္စည်းများကို မက်မွန်ပွင့်ကျွန်းပေါ်တွင် ဝှက်ထားခဲ့ပြီး ဖြစ်သည်။ ဤရတနာများကို ထုတ်ယူရန်အတွက် ဓားနှစ်လက်ကို ဖျက်ဆီးပစ်ရမည်မှာ နှမြောစရာ ကောင်းလှပေသည်။ မည်သို့ပင်ဆိုစေကာမူ ကိုးပါးယင်ကျမ်း သို့မဟုတ် ယွဲ့ဖေး၏ စစ်သေနင်္ဂဗျူဟာကျမ်းများမှာ လက်ရှိ ကျန်းဝူကျိအတွက် သိပ်ပြီး အသုံးမဝင်လှသဖြင့် ၎င်းတို့ကို ဓားအတွင်း၌သာ ဆက်လက် ထားရှိရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် သူတို့သည် ရှောင်လင်တောင်သို့ ခရီးဆက်ခဲ့ကြသည်။ မိန်းကလေးငယ်လေး နိုးလာသောအခါ အစပိုင်းတွင် အနည်းငယ် ထိတ်လန့်နေသော်လည်း ကျောက်မိန်ကို မြင်လိုက်ရသည့်အခါမှ စိတ်အေးသွားရသည်။

မေးမြန်းကြည့်ရာတွင် မိန်းကလေးငယ်၏ အမည်မှာ ဟီဟွာ ဖြစ်ပြီး သေဆုံးသွားသော သူမ၏ မောင်ငယ်အမည်မှာ ဟီယဲ့ ဖြစ်ကြောင်း သိရသည်။

တခြားသူများက ဘာမှမထူးခြားဟု ထင်သော်လည်း ကျန်းဝူကျိကမူ ပြုံးစိစိဖြင့် “မင်းတို့ နာမည်တွေက တော်တော်လေး ကောင်းတာပဲ၊ ဒါပေမဲ့ မင်းတို့ ဝါးပင်တွေရော စားလား” ဟု တွေးကာ ရယ်နေမိသည်။

( သူမ၏ နာမည်မှာ ကျန်းဝူကျိ၏ ခေတ်သစ်ကမ္ဘာမှ ပန်ဒါလေး နာမည် နှင့် ဆင်တူသောကြောင့်ဖြစ်သည်)

ကျောက်မိန်က ဟီဟွာကို သူမ၏ ကိုယ်ပိုင်အစေခံအဖြစ် ထားရှိလိုက်သည်။ ပင်ပန်းသော အလုပ်များကို မခိုင်းဘဲ အသေးအဖွဲ ကိစ္စများကိုသာ ကူညီခိုင်းစေသည်။ ကျန်းဝူကျိကလည်း ဟီဟွာ၏ ခန္ဓာကိုယ် အမြန်ပြန်ကောင်းလာစေရန် ဆေးဝါးများ ဖော်စပ်ပေးသည်။ ကျောက်မိန်သည်လည်း စိတ်သဘောထား ပြည့်ဝသူဖြစ်ရာ ဟီဟွာ၏ ခန္ဓာကိုယ် ပြန်ကျန်းမာလာလျှင် သိုင်းပညာအချို့ သင်ကြားပေးရန် ရည်ရွယ်ထားပေသည်။

ဤကဲ့သို့သော ကြင်နာမှုမျိုးမှာ ဟီဟွာ တစ်ခါမှ အိမ်မက်ပင် မမက်ဖူးသည့် အရာပင် ဖြစ်ပေသည်။ သူမ၏ ခန္ဓာကိုယ်လေး အနည်းငယ် ပြန်ကောင်းလာသည်နှင့် တခြားအလုပ်များကို တက်ကြွစွာ ကူညီလုပ်ကိုင်ပေးရှာသည်။ အစားအသောက် စားသည့်အခါတွင်လည်း ယခုကဲ့သို့သော ကောင်းမွန်သည့် နေ့ရက်များမှာ နိုးလာလျှင် ပျောက်ကွယ်သွားမည့် အိမ်မက်တစ်ခု ဖြစ်နေမည်ကို စိုးရိမ်သဖြင့် မဝံ့မရဲ ဖြစ်နေတတ်ပေသည်။

ကျောက်မိန်နှင့် ရှောင်ကျောက်တို့မှာ ဟီဟွာကို များစွာ သနားကြသဖြင့် အလွန်အမင်း ဂရုစိုက်ကြသည်။ မကြာမီတွင် မိန်းကလေးငယ်မှာ စိတ်လက်ပေါ့ပါးလာပြီး ကျေးဇူးသိတတ်သော စိတ်ဖြင့် အလုပ်များကို ပို၍ ကြိုးစားလုပ်ကိုင်လာတော့သည်။

ကျန်းဝူကျိနှင့် တခြားသူများမှာလည်း ဤမိန်းကလေးငယ်လေးကို များစွာ ချစ်ခင်ကြသည်။ သူမ၏ ရုပ်ရည်မှာ အနာဂတ်တွင် အချောအလှလေး ဖြစ်လာမည့် အသွင်ရှိပြီး ပြုံးလိုက်လျှင်လည်း ချစ်စရာ ကောင်းလှပေသည်။ ထို့ပြင် သူမသည် အလိုက်သိတတ်သူလည်း ဖြစ်ရာ သူတို့ ရေငတ်သည့်အခါ ရေချက်ချင်း ခပ်ပေးခြင်း၊ ထမင်းစားသည့်အခါ တူများကို အဆင်သင့် ပြင်ပေးခြင်းဖြင့် သူတို့၏ လိုအပ်ချက်များကို စေ့စေ့စပ်စပ် ဆောင်ရွက်ပေးရှာသည်။

မကြာမီတွင် သူတို့အဖွဲ့သည် ရှောင်လင်တောင်ခြေသို့ ရောက်ရှိလာကြသည်။ တောင်ပေါ်သို့ ဆက်တက်သွားလျှင် ရှောင်လင်ကျောင်းတိုက်သို့ ရောက်ရှိမည် ဖြစ်သည်။

တောင်ပေါ်သို့ တက်လာစဉ် လမ်းတစ်ဝက်တွင် ဆယ်ကျော်သက်အရွယ်ခန့် ရှိမည့် ဘုန်းကြီးငယ် နှစ်ပါးကို တွေ့ဆုံကြသည်။

ဘုန်းကြီးငယ် နှစ်ပါးသည် ကျန်းဝူကျိနှင့် အဖွဲ့သားများကို မြင်သောအခါ ဦးချနှုတ်ဆက်လျက် “ဒကာတို့၊ ငါတို့ကျောင်းတိုက်မှာ အမျိုးသမီး ဧည့်သည်တွေကို လက်မခံပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ပြန်လှည့်သွားကြပါ” ဟု ပြောလိုက်သည်။

ထိုစကားကြောင့် အဖွဲ့သားများမှာ ကြောင်အမ်းသွားကြသည်။

ဝေယိရှောက်က “ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းတို့ မသိဘူးလား” ဟု မေးလိုက်သည်။

ယခင်က ရှောင်လင်ကျောင်းတိုက်ကြီး ဘေးဒုက္ခနှင့် ကြုံတွေ့စဉ်က ကျောင်းတိုက်ရှိ လူအားလုံးမှာ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ကျန်ရှိနေသည့် ဘုန်းကြီးငယ်များကိုလည်း ဆရာတော်ကြီး သုံးပါးကသာ စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။

ကျန်းဝူကျိ ရှောင်လင်ကျောင်းတိုက်သို့ ရောက်လာပြီး ဆရာတော်ကြီး သုံးပါးနှင့် တိုက်ခိုက်ခဲ့စဉ်က ဘုန်းကြီးအားလုံး ကျန်းဝူကျိကို မှတ်မိကြပေသည်။ ထို့နောက် လူများကို ကယ်တင်ပေးပြီးနောက်တွင်လည်း ရှောင်လင်ကျောင်းတိုက်ရှိ လူတိုင်း ကျန်းဝူကျိကို သိရှိကြသည်။ သို့ဆိုလျှင် ဤဘုန်းကြီးငယ် နှစ်ပါးမှာ အဘယ်ကြောင့် ကျန်းဝူကျိကို မမှတ်မိကြပါသနည်း။

ဘုန်းကြီးငယ် နှစ်ပါးမှာ ထိုစကားကြောင့် အံ့အားသင့်သွားပြီး “ဒကာတို့က ဘယ်လို တော်ဝင်မျိုးနွယ် တွေမို့လို့လဲ” ဟု တွေးတောနေကြသည်။ သူတို့က သတိထားလျက် “ဒကာတို့ စိတ်မရှိပါနဲ့၊ ငါတို့က ပြီးခဲ့တဲ့လကမှ ဒီကျောင်းတိုက်ကို ရောက်လာတာဖြစ်လို့ ခရီးသည် အများအပြားကို မမှတ်မိသေးတာပါ” ဟု ပြန်ပြောရှာသည်။

“ဒါကြောင့်ကိုး”

ကျန်းဝူကျိက သူတို့ကို အပြစ်မတင်ဘဲ ပြုံးလျက် “ဒါဆိုရင် မင်းတို့ရဲ့ ကျောင်းထိုင်ဆရာတော်ကို သွားပြီး သတင်းပို့ပေးပါ၊ မင်ဂိုဏ်းချုပ် ကျန်းဝူကျိ ရောက်လာတယ်လို့ ပြောလိုက်ပါ၊ ပြီးတော့ သူ့ကို လာတွေ့ဖို့ ဖိတ်ခေါ်လိုက်ပါ” ဟု ဆိုသည်။

“ဟင်”

ဘုန်းကြီးငယ် နှစ်ပါးမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် မှင်သက်သွားကြတော့သည်။

“ဘယ်သူလဲ.....မင်ဂိုဏ်းချုပ် ကျန်းဝူကျိ ဟုတ်လား”

သူတို့၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားကြသည်။

ကျန်းဝူကျိကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း ရှောင်လင်ဘုန်းကြီးများ ဖြစ်သည့်အတွက် ကျန်းဝူကျိ၏ ကျော်ကြားလှသော အမည်နာမကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။

ရှောင်လင်ကျောင်းတိုက်ကြီး ဆက်လက် တည်ရှိနေခြင်းမှာ ကျန်းဝူကျိ၏ ကြီးမားလှသော ကျေးဇူးကြောင့်ပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ကျောင်းတိုက်အတွင်းရှိ စီနီယာများ၊ ဆရာသမားများ အားလုံးမှာ ကျန်းဝူကျိကို ကြောက်ရွံ့သလို တစ်ဖက်ကလည်း အလွန်အမင်း ရိုသေလေးစားကြသည်။ ကျန်းဝူကျိအကြောင်း ပြောဆိုသည့်အခါတိုင်း ကျေးဇူးသိတတ်မှုနှင့်အတူ ကြောက်ရွံ့ရိုသေမှုများ ရောနှောနေတတ်သည်မှာ ထိုဘုန်းကြီးငယ်များကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။ လောကတွင် နာမည်ကျော်ကြားလှသော ရှောင်လင်ဆရာတော်ကြီးများကပင် လူတစ်ယောက်တည်းကို ဤမျှအထိ ကြောက်ရွံ့နေကြသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

“ဒါ... ဒါဆိုရင် ဂိုဏ်းချုပ်ကျန်း ကိုယ်တိုင် ကြွရောက်လာတာပေါ့၊ ကျွန်တော်မျိုးတို့ ပြစ်မှားမိပါပြီ၊ ပြစ်မှားမိပါပြီ”

ထိုအချိန်ခဏအတွင်း ဘုန်းကြီးငယ် နှစ်ပါးမှာ စကားပင် မပြောနိုင်တော့ဘဲ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြတော့သည်။

အခန်း (၁၇၇) ရှောင်လင်ကျောင်းတော်၏ ထိတ်လန့်တုန်လှုပ်မှုနှင့် ရှဲ့ရွှန်း

ဘုန်းကြီးငယ် နှစ်ပါးသည် ကျန်းဝူကျိနှင့် အပေါင်းအဖော်များကို အရိုအသေပေးပြီးနောက် ကျောင်းထိုင်ဆရာတော် ခုန်းဝမ်နှင့် တခြားသူများကို သတင်းပို့ရန် တောင်ပေါ်သို့ အပြေးအလွှား ပြေးတက်သွားကြတော့သည်။ ရှေ့သို့ အနည်းငယ် ပြေးလိုက်၊ မိမိတို့၏ စောစောက အပြုအမူမှာ မရိုမသေ ဖြစ်သွားသည်ဟု တွေးမိကာ ပြန်လှည့်၍ ဦးချလိုက်နှင့် မြင်ရသူအပေါင်းမှာ ရယ်ချင်စဖွယ် ဖြစ်နေပေသည်။

ရန်ရှောင်က ဘုန်းကြီးငယ်များ၏ အခြေအနေကို ကြည့်ကာ “ဂိုဏ်းချုပ်......... ရှောင်လင် ကျောင်းတိုက်မှာတော့ ဂိုဏ်းချုပ်ရဲ့ နာမည်က တော်ဝင်မျိုးနွယ်တွေထက်တောင် ပိုပြီး မြင့်မားနေပုံရတယ်” ဟု ရယ်မောလျက် ဆိုသည်။

ကျန်းဝူကျိက ခေါင်းခါလျက် “အရင်က ရှောင်လင်ကျောင်းတိုက်ဟာ တော်ဝင်မျိုးနွယ်တွေကို အလေးထားချင် ထားလိမ့်မယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး။ အဲဒီ တော်ဝင်မျိုးနွယ် တွေရဲ့ ကောင်းမှုကြောင့်ပဲ တစ်ဂိုဏ်းလုံး ပြတ်စီးလုနီးပါး ဖြစ်ခဲ့ရတာလေ၊ သူတို့ အဲဒီလူတွေကို ရိုးတွင်းခြင်ဆီအထိ နာကျည်းမနေရင်ပဲ ထူးဆန်းနေဦးမယ်” ဟု ပြောလိုက်သည်။

ထိုစကားကြောင့် ကျောက်မိန်သည် သူမ၏ နဖူးကို လက်ဖြင့် ရိုက်ကာ “ဒုက္ခပါပဲ၊ အရင်က ရှောင်လင်ကျောင်းကို ဖျက်ဆီးဖို့ လူတွေကို ဦးဆောင်ခဲ့တာ ကျွန်မပဲလေ။ ဒါက သာမန် ရန်ကြွေးမျိုး မဟုတ်ဘူး၊ သူတို့များ ကျွန်မကို တိတ်တိတ်လေးသတ်ဖို့ ကြိုးစားကြမလား မသိဘူး” ဟု ဟန်ဆောင်ပန်ဆောင် ပြောရှာသည်။

“ရှောင်လင်က ဘုန်းကြီးတွေမှာ အဲဒီလောက် သတ္တိမရှိပါဘူး၊ ရှောင်လင်ကျောင်းကြီး တစ်သက်လုံး ပျောက်ကွယ်သွားအောင် သူတို့ မလုပ်ရဲကြပါဘူး”

ကျောက်မိန် နောက်ပြောင်နေမှန်း ကျန်းဝူကျိ သိသော်လည်း “မိန်မိန်၊ မင်းကတော့ တစ်နေ့ကုန် ကလေးကလားတွေ လုပ်နေတော့တာပဲ။ ဝမ်အန်းကျောင်းတော်ကနေ သူတို့ကို ငါ ကယ်ထုတ်ပေးခဲ့တုန်းကတောင် မင်းကို ဘာမှမလုပ်ရဲခဲ့ကြတာ၊ အခုမှ ဘယ်လို သတ္တိမျိုးနဲ့ လုပ်ရဲမှာလဲ။ ငါ့ဆီက ကာကွယ်ပေးမယ်ဆိုတဲ့ စကားကို ကြားချင်လို့ တမင် ပြောနေတာ မဟုတ်လား” ဟု ဆိုလိုက်သည်။

သူမ၏ အကြံကို ဖော်ထုတ်ခံလိုက်ရသော်လည်း ကျောက်မိန်မှာ စိတ်မဆိုးသည့်အပြင် “ဟုတ်တယ်၊ ရှင်က ကျွန်မကို ကာကွယ်ပေးမယ်လို့ ပြောတာကို ကြားရတာ သိပ်ပြီး ပျော်ဖို့ကောင်းတာပဲ” ဟု ပွင့်ပွင့်လင်းလင်း ဆိုပေသည်။

“မင်းကတော့ တကယ်ပဲ။ ဒီစကားတွေကို ပြောနေဖို့ လိုလို့လား။ ရှောင်လင်ကျောင်းတော်က ဘယ်လောက် အင်အားကြီးလို့လဲ၊ ကျန်းဝူကျိရဲ့ မျက်လုံးထဲကိုရော ဝင်ပါ့မလား။ ရှောင်လင်ကျောင်းတင် မဟုတ်ဘူး၊ လောကမှာ ဘယ်သူပဲဖြစ်ဖြစ် မင်းကို ထိခိုက်အောင် လုပ်ရဲရင် ဘယ်လို အဆင့်အတန်းရှိတဲ့သူ ဖြစ်ပါစေ၊ သူ့ခေါင်းကို မြေပေါ် ရောက်အောင် ငါ လုပ်ပေးမယ်”

ကျန်းဝူကျိသည် ကျောက်မိန်၏ စိတ်ကူးယဉ်ဆန်မှုကို သိသဖြင့် ချိုသာသော စကားများကို ဆိုလိုက်ခြင်း ဖြစ်သည်။ ကျောက်မိန်မှာ ထိုစကားကို ကြားသောအခါ ဝမ်းသာပီတိ ဖြစ်သွားပြီး “အင်း၊ ဒါမှ ကျွန်မရဲ့ ဝူကျိအစ်ကိုပေါ့၊ တစ်ကမ္ဘာလုံးကို အုပ်စိုးမယ့်သူနဲ့ တူတယ်” ဟု ပြန်ပြောရှာသည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ချိုသာစွာ ပြောဆိုရင်း တောင်ပေါ်သို့ အတူတူ တက်လာခဲ့ကြသည်။ ကျောင်းတိုက်တံခါးဝသို့ ရောက်သောအခါ ဘုန်းကြီးများစွာ ထွက်လာသည်ကို တွေ့ရသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ ရှောင်လင်ကျောင်းတိုက်၏ 'ခုန်း' မျိုးဆက် ဆရာတော်ကြီးများ ဖြစ်ကြသည့် ခုန်းဝမ်၊ ခုန်းကျိနှင့် ခုန်းရှင်းတို့ ဖြစ်ကြပြီး အားလုံးမှာ အလောတကြီး ထွက်လာကြပုံရသည်။

သူတို့သည် ကျောင်းတိုက်တံခါးဝသို့ ရောက်သည်နှင့် ကျန်းဝူကျိတို့ အဖွဲ့နှင့် ဆုံတွေ့ကြတော့သည်။ ခုန်းဝမ်နှင့် တခြားသူများသည် ချက်ချင်း ရပ်တန့်လိုက်ကာ လက်အုပ်ချီ ဦးချလျက် “အော်မိတော်ဖု၊ ဂိုဏ်းချုပ်ကျန်း ကိုယ်တိုင် ကြွရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

ငါတို့ကျောင်းတိုက်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒီဘုန်းကြီးက ကျောင်းတိုက်က ဘုန်းကြီး အားလုံးကို ဦးဆောင်ပြီး တောင်ခြေအထိ ဆင်းကြိုဖို့ ပြင်နေတာပါ၊ ဒါပေမဲ့ ဂိုဏ်းချုပ်ကျန်းတို့က တောင်ပေါ်ကို ရောက်နှင့်နေပြီပဲ။ ဒါ ငါတို့ရဲ့ အမှားပါပဲ၊ ကြိုဆိုမှု နောက်ကျသွားတာကို ခွင့်လွှတ်ပေးပါ” ဟု အလွန်အမင်း နှိမ့်ချစွာ ဆိုကြသည်။

ယခုအခါ ကျန်းဝူကျိသည် ဝူတန်ဂိုဏ်းမှလွဲ၍ မည်သည့်ဂိုဏ်းကြီးများသို့ သွားသည်ဖြစ်စေ ဤကဲ့သို့သော ဆက်ဆံမှုကိုသာ ရရှိပေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ကျန်းဝူကျိ၏ သူတို့အပေါ် ထားရှိသော ကျေးဇူးတရား၊ သူ၏ အနှိုင်းမဲ့ သိုင်းပညာနှင့် သိုင်းလောက၏ မဟာမိတ် ခေါင်းဆောင်ဟူသော ရာထူးတို့ကြောင့်ပင် ဖြစ်ပေသည်။

အထူးသဖြင့် မဟာမိတ်ခေါင်းဆောင် ရာထူးကြောင့် ဆရာတော် ခုန်းဝမ်ပင်လျှင် ကျန်းဝူကျိ၏ ရှေ့မှောက်တွင် လက်အောက်ငယ်သားကဲ့သို့ မိမိကိုယ်ကို သတ်မှတ်ရပေသည်။

“ဆရာတော် ခုန်းဝမ်၊ ဒီလောက်အထိ အားနာစရာ မလိုပါဘူး။ ကျွန်တော်တို့က ပင်လယ်ခရီးကအပြန် လမ်းကြုံလို့ ရှောင်လင်ကျောင်းတိုက်ကို ဝင်လည်တာပါ။ ဆရာတော်တို့ စိတ်အနှောင့်အယှက် မဖြစ်ရင်ပဲ ကျေနပ်ပါပြီ”

ကျန်းဝူကျိက ရယ်မောလျက် ယဉ်ကျေးစွာ ပြောလိုက်သဖြင့် ခုန်းဝမ်နှင့် တခြားသူများမှာ အလွန်အမင်း ဝမ်းသာသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ မှတ်မိထားသော ကျန်းဝူကျိမှာ ဆဲဆိုတတ်ပြီး မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ သတ်ဖြတ်တတ်သူဟု ထင်မှတ်ထားခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ယခုကဲ့သို့ ယဉ်ကျေးစွာ ဆက်ဆံသည်ကို မြင်သောအခါ သူတို့အား လေးစားမှု ပြသသည်ဟု ယူဆကာ ကျေနပ်သွားကြတော့သည်။

ဆရာတော် ခုန်းဝမ်က ပြုံးလျက် “ဂိုဏ်းချုပ်ကျန်းတို့ လာတာဟာ ငါတို့ကျောင်းတိုက်အတွက် မင်္ဂလာတစ်ပါးပါပဲ၊ ဘယ်မှာ စိတ်နှောင့်ယှက် ဖြစ်ရမှာလဲ။ ကျောင်းတိုက်ထဲကို ကြွပါဦး။ ဒီဘုန်းကြီးကြီးက လက်ဖက်ရည်နဲ့ သတ်သတ်လွတ် စားသောက်ပွဲ ပြင်ဆင်ထားပါတယ်” ဟု ဖိတ်ခေါ်လိုက်သည်။

ကျန်းဝူကျိကလည်း အားနာမနေဘဲ ရှေ့မှ ဦးဆောင်၍ ကျောင်းတိုက်အတွင်းသို့ ဝင်ခဲ့သည်။ ဤသည်မှာ ဧည့်သည်က အိမ်ရှင်ကို လွှမ်းမိုးထားသကဲ့သို့ ဖြစ်နေသော်လည်း မင်ဂိုဏ်းသားများရော ရှောင်လင်ဘုန်းကြီးများပါ မည်သူမျှ တစ်စုံတစ်ရာ ထူးခြားသည်ဟု မခံစားမိကြဘဲ သဘာဝကျသည်ဟုသာ ယူဆကြသည်။

အဘယ်ကြောင့်ဆိုသော် ကွမ်မင်တောင်ထိပ် ကိစ္စနှင့် ဝမ်အန်းကျောင်းတော် ကိစ္စများပြီးနောက် ကျန်းဝူကျိသည် သိုင်းလောကတွင် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်ခြင်းကြောင့်ပင် ဖြစ်ပေသည်။

ကျန်းဝူကျိတို့ အဖွဲ့သည် ဆရာတော် ခုန်းဝမ်နှင့်အတူ ကျောင်းတိုက်အတွင်းသို့ အနည်းငယ် ဝင်ရောက်လာပြီးနောက် ခုန်းရှင်း၏ အံ့သြတုန်လှုပ်သော အော်ဟစ်သံကို ကြားလိုက်ရသည်။

“မင်း... ရှဲ့ရွှန်း”

ထိုအသံမှာ အလွန်ကျယ်လောင်လှသဖြင့် လူတိုင်း ကြားလိုက်ရသည်။ ရှောင်လင်ဘုန်းကြီးများ အားလုံး ထိတ်လန့်သွားကာ လှည့်ကြည့်လိုက်သောအခါ မင်ဂိုဏ်းသားများကြားတွင် ရှဲ့ရွှန်း ပါလာသည်ကို တွေ့လိုက်ရတော့သည်။ ယင်းထျန့်ကျိန်းက သူ့ကို တွဲခေါ်လာခြင်းဖြစ်ပြီး အားလုံးက ကျန်းဝူကျိကိုသာ အာရုံစိုက်နေကြသဖြင့် ရှဲ့ရွှန်းကို အစပိုင်းတွင် သတိမထားမိခဲ့ကြခြင်း ဖြစ်ပေသည်။

ရှဲ့ရွှန်းသည် ထိုအသံကို ကြားသောအခါ ပြုံးလိုက်ကာ “ဒါ ဆရာတော်ကြီး ခုန်းရှင်းလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တို့တွေ ဆုံခဲ့ဖူးတာပေါ့၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုတော့ ရှဲ့ရွှန်းက မျက်စိကွယ်နေပါပြီ။ ဆရာတော်ကြီး ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ၊ ကျွန်တော် မမြင်နိုင်တော့ပါဘူး” ဟု မိတ်ဆွေဟောင်းတစ်ဦးကဲ့သို့ ချိုသာစွာ ဆိုပေသည်။

သို့သော် ခုန်းရှင်းမှာမူ မျက်နှာပျက်သွားကာ “ရှဲ့ရွှန်း၊ မင်းက ငါ့ရဲ့ စီနီယာအစ်ကို ခုန်းကျန့်ကို သတ်ခဲ့တဲ့သူပဲ၊ ရှောင်လင်ကျောင်းတိုက်ကို လာပြီး ပြဿနာရှာရဲသေးတယ်ပေါ့” ဟု သတ်ဖြတ်လိုသော အမူအရာဖြင့် ဆိုလိုက်သည်။

ရှဲ့ရွှန်းက ခေါင်းခါလျက် “ရှဲ့ရွှန်းဟာ ဆရာတော်ကြီး ခုန်းကျန့် ပျက်စီးသွားခဲ့ရတာအတွက် အလွန်အမင်း နောင်တရမိပါတယ်။ အခုလာတာဟာလည်း ကျွန်တော့်ရဲ့ အပြစ်တွေကို ဖြေဖျောက်ဖို့ လာတာပါ၊ ဒီဗုဒ္ဓဘာသာရဲ့ သန့်ရှင်းတဲ့နယ်မြေကို စော်ကားဖို့ ဒါမှမဟုတ် ပြဿနာရှာဖို့ လာတာ မဟုတ်ပါဘူး။ ဆရာတော်ကြီးက ကလဲ့စားချေဖို့ ကျွန်တော့်ကို သတ်ချင်တယ်ဆိုရင်လည်း အကောင်းဆုံးပါပဲ၊ ရှဲ့ရွှန်း ဘယ်တော့မှ ပြန်မခုခံပါဘူး” ဟု ဆိုသည်။

ထိုသို့ပြောရင်း ရှဲ့ရွှန်းသည် နဂါးနိုင်ဓားကို ယင်းထျန့်ကျိန်းထံ ပေးလိုက်ပြီး ရှေ့သို့ မျက်နှာမူကာ “ဝူကျိ၊ အဖေ သေသွားပြီးရင် ကွမ်မင်တောင်ထိပ်ကို သွားပြီး ချန်ခွန်းကို သတ်ပေးပါ။ မင်းရဲ့ မွေးစားအဖေဟာ တစ်သက်လုံး ဖြောင့်မတ်စွာ နေခဲ့သူဖြစ်လို့ မသန်စွမ်းသူတစ်ယောက်ကို မသတ်ရက်ပေမဲ့ သူ့ကို ဒီလောကကြီးမှာ ဆက်ပြီး အသက်ရှင်နေစေဖို့တော့ အလိုမရှိဘူး။ ဒီကိစ္စတွေဟာ နောက်ဆုံးမှာတော့ ရှုပ်ထွေးလှတဲ့ ဝဋ်ကြွေးတွေပဲမို့ ဒီတာဝန်ကို မင်းဆီပဲ အပ်နှံခဲ့ပါရစေ” ဟု နောက်ဆုံးမှာတမ်း စကားများကို တည်ငြိမ်စွာဖြင့် ဆိုလေတော့သည်။

အခန်း (၁၇၈) ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား

ခုန်းရှင်းသည် ရှဲ့ရွှန်း၏ စကားကို ကြားသောအခါ အခြားအရာများကို ထည့်မစဉ်းစားတော့ဘဲ အင်္ကျီစကို လက်မောင်းရင်းသို့ လိပ်တင်လျက် သတ်ဖြတ်ရန် ပြင်ဆင်လေသည်။ သူ ရန်ပြုတော့မည့် ဆဲဆဲတွင် တစ်စုံတစ်ယောက်က သူ၏ လက်မောင်းကို ဆွဲထားချေသည်။ သူ လှည့်ကြည့် လိုက်သော အခါ စီနီယာအစ်ကို ခုန်းကျိ ဖြစ်နေသည်ကို တွေ့ရသည်။

ခုန်းကျိက သူ့ကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။

ခုန်းရှင်း၏ ဒေါသများမှာ အနည်းငယ် ပြေလျော့သွားပုံရသည်။ သူ မော့ကြည့်လိုက်သောအခါ ကျန်းဝူကျိသည် ရှဲ့ရွှန်း၏ စကားကို တစ်စုံတစ်ရာ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို သတိထားမိလိုက်သည်။ ထို့ပြင် ရန်ရှောင်၊ ဖန့်ယောင်နှင့် ဝေယိရှောက်တို့သည်လည်း ရှဲ့ရွှန်း၏ ဘေးနားတွင် အဆင်သင့် ရပ်နေကြပြီ ဖြစ်သည်။

သူသာ တစ်ခုခု လုပ်ရဲပါက ဤလူစုမှာလည်း ဧကန်မလွဲ တုံ့ပြန်ကြမည်မှာ ရှင်းလင်းလှပေသည်။

ခုန်းရှင်းသည် ပွင့်လင်းဖြောင့်မတ်သော စိတ်ထားရှိသူဖြစ်ရာ အလွန်အမင်း ဒေါသထွက်သွားပြီး ကျိန်ဆဲလိုက်သည်မှာ “အရှက်မရှိတဲ့ လူယုတ်မာ၊ မင်းက ဂိုဏ်းချုပ်ကျန်းတို့ ဒီမှာရှိနေလို့ ဒီဘုန်းကြီးက ဘာမှမလုပ်ရဲဘူးဆိုတာ သိနေတာပဲ၊ ဒါကြောင့် တမင်တကာ ပြောနေတာ မဟုတ်လား။

ရှဲ့ရွှန်းသည် ခုန်းရှင်းက မိမိကို မယုံကြည်ကြောင်း သိသဖြင့် ခေါင်းခါလျက် “ကျုပ် ရွှေမွှေးခြင်္သေ့မင်းဟာ တစ်သက်လုံး မကောင်းမှုများစွာ လုပ်ခဲ့ပေမယ့် ဘယ်သူ့ကိုမျှ လိမ်ညာလှည့်ဖြားခဲ့ခြင်း မရှိပါဘူး၊ ဆရာတော် ကျွန်တော့်စကားကို မယုံကြည်တာဟာ ဆရာတော်မှာ ဒေါသတွေ ရှိနေပြီး တရားဓမ္မနှလုံးသား မတည်ငြိမ်လို့ပါပဲ” ဟု ဆိုပေသည်။

“ဘာဖြစ်တယ်..... ဘာဖြစ်တယ်”

ခုန်ရှင်းမှာ စိတ်မထိန်းနိုင်တော့ဘဲ ပေါက်ကွဲမတတ် ဖြစ်သွားရသည်။ “မင်းလို လူသတ်ရင်တောင် မျက်တောင်မခတ်တဲ့ မိစ္ဆာကောင်က ငါလို ဘုန်းကြီးကို တရားဓမ္မနှလုံးသားအကြောင်း လာသင်နေတာလား”

“ငါ့ဒေါသကို လာမဆွနဲ့”

ခုန်ရှင်းသည် ဒေါသအလွန်ထွက်နေသော်လည်း ကျန်းဝူကျိ၏ အကြည့်များက ဝေ့ဝဲလာသည်ကို မြင်သောအခါ ကျိန်ဆဲရန် ပြင်ထားသော စကားလုံးများကို မျိုသိပ်လိုက်ရတော့သည်။

“ထားလိုက်ပါတော့.......ထားလိုက်ပါတော့”

“ဂိုဏ်းချုပ်ကျန်းရဲ့ မျက်နှာကို ထောက်ပြီးတော့ ဒီဘုန်းကြီးက မင်းလိုမိစ္ဆာကောင်နဲ့ မပတ်သက်တော့ဘူး.... ကျောင်းထိုင်ဆရာတော်က သူ့ဘာသာ ဆုံးဖြတ်ပါစေတော့”

ခုန်းရှင်းသည် မိမိဘာသာ လမ်းကြောင်းရှာကာ နောက်ဆုတ်လိုက်ပြီး ရှဲ့ရွှန်းကို ဒေါသတကြီး စိုက်ကြည့်ကာ ထပ်မံ စကားမပြောတော့ပေ။

ကံကောင်းသည်မှာ ရှဲ့ရွှန်းသည် မျက်စိကွယ်နေသဖြင့် ခုန်းရှင်းက သူ့ကို စိုက်ကြည့်နေသည်ကို မသိရှိခြင်းပင် ဖြစ်သည်။

ကျောင်းထိုင်ဆရာတော် ခုန်းဝမ်မှာမူ ဝါရင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ရှောင်လင်ကျောင်းတိုက်၏ ကျောင်းထိုင်တစ်ဦးအနေဖြင့် သူ မကြုံဖူးသော အခြေအနေဟူ၍ မရှိသလောက်ပင်။ ယခု ကျန်းဝူကျိသည် ဘာမှမပြောသော်လည်း သူ၏ သဘောထားမှာ အင်မတန် ရှင်းလင်းနေသည်ကို သူ သတိထားမိသည်။

ရှဲ့ရွှန်းက သူ၏ အပြစ်များကို ဖြေဖျောက်ချင်သည်ဟု ဆိုခြင်းမှာ ပြဿနာမရှိသော်လည်း ရှဲ့ရွှန်းနှင့် ရှောင်လင်ကျောင်းတိုက်ကြားရှိ ရန်ငြိုးမှာ ဆရာတော် ခုန်းကျန့် အသတ်ခံရသည့် ကိစ္စဖြစ်ပေသည်။

ခုန်းကျန့်သည် ရှဲ့ရွှန်း၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရသဖြင့် သူတို့က ခုန်းကျန့်အတွက် ကလဲ့စားချေရန် ရှဲ့ရွှန်းကို သတ်မည်ဆိုလျှင်လည်း ဘာမှ အမှားမရှိပေ။

သို့သော် ပြဿနာမှာ သူတို့က ရှဲ့ရွှန်းကို သတ်လိုက်လျှင် ကျန်းဝူကျိသည် သူ၏ မွေးစားအဖေ အတွက် ကလဲ့စား ပြန်ချေလိမ့်မည်လား။

ရှောင်လင်ကျောင်းတိုက်တွင် ကျန်းဝူကျိ၏ ဒေါသကို မည်သူက ခံနိုင်ရည်ရှိပါမည်နည်း။ တစ်ကမ္ဘာလုံးက သိုင်းလောကသားများပင်လျှင် မည်သူမျှ မယှဉ်ရဲသော ပုဂ္ဂိုလ်၏ အမျက်ဒေါသမှာ နောက်ပြောင်စရာ မဟုတ်ပေ။

ထို့ကြောင့် ခုန်းဝမ်သည် အခြေအနေကို လိုက်လျောညီထွေဖြစ်စေရန် နည်းဗျူဟာကို အသုံးပြုလိုက်သည်။

ခုန်းဝမ်က လက်အုပ်ချီကာ” စီနီယာအစ်ကို ခုန်းကျန့်ရဲ့ ကိစ္စဟာ အတော်လေး ရှုပ်ထွေးလှပါတယ်၊ ဒါဟာ လူယုတ်မာ ချန်ခွန်းရဲ့ ပယောဂတွေလည်း ပါဝင်နေတာမို့ ရှဲ့ရွှန်းတစ်ယောက်တည်းရဲ့ အမှားလို့ ဆိုလို့မရပါဘူး၊ ဒီနေ့ ဂိုဏ်းချုပ်ကျန်း ငါတို့ကျောင်းတိုက်ကို ရောက်လာတာဖြစ်လို့ ဒီကိစ္စကို နောက်မှ သေချာဆွေးနွေးကြတာပေါ့၊ ရှဲ့ရွှန်းကိုလည်း အရေးပါတဲ့ ဧည့်သည်တစ်ယောက်လိုပဲ ဆက်ဆံရပါလိမ့်မယ်” ဟု ဆိုပေသည်။

ခုန်းဝမ်၏ စကားမှာ တစ်ဖက်က ကြည့်လျှင် ဘာမှမဟုတ်သကဲ့သို့ ရှိသော်လည်း အမှန်စင်စစ် ရှဲ့ရွှန်းနှင့် ခုန်းကျန့်၏ ကိစ္စကို ခေတ္တမျှ ဘေးဖယ်ထားခြင်းသာ ဖြစ်သည်။

သို့သော် သူ၏ သဘောထားမှာမူ ရှင်းလင်းလှသည်မှာ ဤရန်ငြိုးကို စွန့်လွှတ်မည်မဟုတ်ဘဲ ယနေ့တွင်မူ ဂိုဏ်းချုပ်ကျန်း၏ မျက်နှာကို ထောက်ထား၍ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းသာ ဖြစ်ပြီး နောင်တွင်မူ စာရင်းရှင်းကြရဦးမည် ဖြစ်ပေသည်။

ခုန်းကျိနှင့် ခုန်းရှင်းတို့သည်လည်း လက်အုပ်ချီကာ ဘုရားစာ ရွတ်ဆိုလိုက်ကြပြီး ကျောင်းထိုင်ဆရာတော်၏ စကားကို လက်ခံသည့် သဘောဖြင့် တည်ငြိမ်စွာ နေလိုက်ကြသည်။

အမှန်စင်စစ် သူတို့တွင် ငြင်းဆန်ရန် အခွင့်အရေး မရှိခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။

ဝေယိရှောက်ကသာ သိချင်စိတ်ဖြင့် “အရင်က ဆရာတော် ခုန်းကျိတို့က ချန်ခွန်းကို သူ၏ ဘွဲ့အမည်ဖြစ်သော ယွမ်ကျိန်း လို့ ခေါ်ခဲ့ကြတာ မှတ်မိပါတယ်၊ အခုတော့ ဘာလို့ အမည်ရင်းကို ပြန်သုံးနေကြတာလဲ”ဟု မေးလိုက်သည်။

ခုန်းဝမ်က ပြန်ဖြေသည်မှာ “အမှန်စင်စစ် ရဟန်းဘောင်သို့ ဝင်လာသူများအတွက် လူအမည်ကို ပြန်သုံးစရာ မလိုတော့ပါဘူး၊ ဒါပေမဲ့ ချန်ခွန်းဟာ စိတ်ရင်းမှန်နဲ့ ဝတ်ခဲ့တာ မဟုတ်ပါဘူး၊ သူဟာ စီနီယာအစ်ကို ခုန်းကျန့်ကို သတ်ခဲ့တဲ့အပြင် မကောင်းမှုများစွာ လုပ်ခဲ့သူပါ၊ တို့ကျောင်းတိုက်က သူ့ကို သာသနာ့ဘောင်ကနေ နှင်ထုတ်လိုက်ပြီဖြစ်လို့ သူဟာ ရှောင်လင်တပည့် မဟုတ်တော့ပါဘူး၊ ဒါကြောင့်လည်း သူ့အမည်ရင်းကိုပဲ ပြန်သုံးတာပါ”ဟု ရှင်းပြသည်။

ထို့နောက် ခုန်းဝမ်က ကျန်းဝူကျိကို ဆက်ပြောသည်မှာ “ဒါကြောင့်လည်း ငါတို့ကျောင်းတိုက်အနေနဲ့ အခုတစ်ခေါက်မှာ ရွှေမွှေးခြင်္သေ့မင်းအပေါ် ဒေါသထွက်နေဖို့ မလိုတော့တာပါ၊ နှစ်ဖက်ကြားမှာ ရန်ငြိုးတွေ မဖြစ်ပေါ်စေဖို့နဲ့ ချစ်ကြည်ရေးကို မထိခိုက်စေဖို့ ဒီကိစ္စကို နောက်မှ သေချာဆွေးနွေးကြတာပေါ့” ဟု ဆိုသည်။

ရှင်းလင်းလှသည်မှာ ခုန်းဝမ်သည် ကျန်းဝူကျိအား ကောင်းသော သဘောထား ပြသလိုက်ခြင်း ဖြစ်ပြီး ယခုတစ်ခေါက်တွင် ရှဲ့ရွှန်းကို လုံးဝ ပစ်မှတ်ထားမည်မဟုတ်ကြောင်းနှင့် အားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးမှာ အဓိကဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

ကျန်းဝူကျိက နောက်ဆုံးမှ ပြုံးလျက် စကားပြောလိုက်သည်မှာ “ကျောင်းထိုင်ဆရာတော် ခုန်းဝမ်ရဲ့ နားလည်ပေးမှုကို ကျေးဇူးတင်ပါတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်ဟာ မွေးစားသား တစ်ယောက်အနေနဲ့ အဖေ အသတ်ခံရမှာကို ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲ၊ ဒါပေမဲ့ အဖေ့ရဲ့ အပြစ်တွေကလည်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရှောင်လင်ကျောင်းတိုက်ကို လာရတာဟာ ဆရာတော်ကြီး ခုန်းကျန့်ကို ဂါရဝပြုဖို့နဲ့ ဒီမှာ ခေတ္တနေထိုင်ပြီး တရားဓမ္မတွေကို နာယူဖို့ ရည်ရွယ်တာပါ၊ ဒါဟာ ရန်ငြိုးကို ဖြေဖျောက်ဖို့တင် မဟုတ်ဘဲ ကျွန်တော့်ရင်ထဲက အပြစ်ရှိစိတ်တွေကို ကုစားဖို့လည်း ဖြစ်ပါတယ်၊ ဆရာတော်တို့က ကျွန်တော်တို့ကို လက်ခံပေးနိုင်မလား” ဟု မေးလိုက်သည်။

ခုန်းဝမ်က လက်အုပ်ချီကာ “ဂိုဏ်းချုပ်ကျန်းဟာ အင်မတန် သံယောဇဉ်ကြီးမားပြီး ဖြောင့်မတ်သူဖြစ်ကြောင်း ဒီဘုန်းကြီး သိထားပြီးသားပါ၊ ဂိုဏ်းချုပ်ကျန်းက ခုလို ဆန္ဒရှိနေမှတော့ ဒီဘုန်းကြီးက ဘယ်လိုလုပ်ပြီး ငြင်းနိုင်ပါ့မလဲ၊ တကယ်ကို ဝမ်းသာအားရ လက်ခံပါတယ်” ဟု ဆိုပေသည်။

နောက်ပြောင်နေသည်လား။ ကျန်းဝူကျိနှင့် အပေါင်းအဖော်များ တရားနာရန် လာခြင်းမှာ သာမန် အပြစ်ဖြေခြင်းထက် များစွာ ပိုမို အဓိပ္ပာယ်ရှိသည်ကို ခုန်းဝမ်က ချက်ချင်းပင် အနံ့ရလိုက်သည်။

လက်ရှိ သိုင်းလောကတွင် ကျန်းဝူကျိ၏ ကျော်ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည် မဟုတ်ပါလား။ ကျန်းဝူကျိက မင်ဂိုဏ်းသားများကို ဦးဆောင်ပြီး ရှောင်လင်ကျောင်းတိုက်တွင် ဂါရဝပြုကာ တရားနာယူသည်ဟူသော သတင်းသာ ပြန့်သွားပါက ရှောင်လင်ကျောင်းတိုက်၏ ဂုဏ်သိက္ခာမှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားပေလိမ့်မည်။

ကျန်းဝူကျိကို ထည့်မတွက်လျှင်တောင်မှ ရွှေမွှေးခြင်္သေ့မင်းသည် အလယ်ပိုင်းဒေသသို့ ပြန်လာပြီး အခြားရန်သူများကို မရှာဘဲ ရှောင်လင်ကျောင်းတိုက်သို့ လာရောက် အပြစ်ဖြေသည်ဟူသော အချက်မှာ ရှောင်လင်၏ တရားဓမ္မများက လူယုတ်မာများကိုပင် ပြုပြင်ပြောင်းလဲပေးနိုင်သည်ဟူသော အစွမ်းကို သက်သေပြရာ ရောက်ပေသည်။ ဤသည်မှာ သာမန်ပြည်သူများနှင့် သိုင်းလောကသားများကြားတွင် အလွန်ကောင်းမွန်သော နာမည်ကောင်း ရရှိစေမည့် အချက်ပင် ဖြစ်ပေသည်။

ခုန်းဝမ်သည် အင်မတန် ဉာဏ်ပြေးပြီး ပါးနပ်သူတစ်ဦး ဖြစ်သည်ဟုသာ ဆိုရပေမည်။

သို့သော် ဤသည်မှာလည်း သဘာဝပင် ဖြစ်သည်။ ဘုရားရှင်မှာ ကောင်းမြတ်သော ဘုရားရှင်ဖြစ်ပြီး ယုံကြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာ အားကိုးရာ ဖြစ်နိုင်သော်လည်း ဘုန်းကြီးတိုင်းမှာမူ ကောင်းသော ဘုန်းကြီးများ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ ရှောင်လင်ကျောင်းတိုက်ကဲ့သို့ သိုင်းပညာ အပေါင်း၏ မြစ်ဖျားခံရာနှင့် သန့်ရှင်းသော နယ်မြေအဖြစ် သတ်မှတ်ခံထားရသော နေရာမျိုးတွင် ပါးနပ်မှုနှင့် လောကဝတ်များ မရှိပါက ပို၍ ထူးဆန်းနေပေလိမ့်မည်။

အခြားအရာများကို ထားလိုက်ပါဦး၊ ရှောင်လင်ကျောင်းတိုက်ရှိ ဘုန်းကြီးများစွာ စားသောက် နေထိုင်ရန်အတွက် ငွေကြေးများမှာ ဘယ်က ရပါသနည်း။ ဘုရားဖူးများ၏ အလှူငွေအပြင် ရှောင်လင်ကျောင်းတိုက် ပတ်ဝန်းကျင်ရှိ မြေကွက်အမြောက်အမြားမှာ သူတို့ပိုင်ဆိုင်မှုများ ဖြစ်ကြပြီး အနီးနားရှိ လယ်သမားများမှာလည်း ရှောင်လင်ကျောင်းတိုက်က ငှားရမ်းထားသူများ ဖြစ်ကြသည်။ အမှန်စင်စစ် ရှောင်လင်ကျောင်းတိုက်သည် ရှောင်ရှီတောင်ပေါ်တွင် အကြီးဆုံးသော မြေပိုင်ရှင်ကြီး ဖြစ်ပေသည်။

သူတို့၏ နှုတ်ဖျားဝယ် တရားဓမ္မများ ရှိနေသော်လည်း အမှန်တကယ်တွင်မူ စီးပွားရေး လုပ်နေကြခြင်းသာ ဖြစ်ပေသည်။

စကားပြောနေရင်း သူတို့အဖွဲ့သည် ရှောင်လင်ကျောင်းတိုက်အတွင်းသို့ ရောက်ရှိလာကြသည်။ ခုန်းဝမ်က ကျောင်းတိုက်ရှိ ထမင်းချက်များကို ကျန်းဝူကျိတို့အတွက် သတ်သတ်လွတ် စားသောက်ပွဲ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။ ဆက်ဆံမှုမှာ အင်မတန် ကောင်းမွန်လှပြီး ဝန်ဆောင်မှုမှာလည်း စေ့စပ်သေချာလှပေသည်။

ကျန်းဝူကျိသည်လည်း ပို၍ ယဉ်ကျေးစွာ ပြောဆိုလာပြီး ခုန်းဝမ်နှင့် စကားပြောရာတွင် ခုန်းဝမ်မှာ အလွန်အမင်း ဝမ်းသာသွားကာ ကျန်းဝူကျိသည် အမှန်တကယ် လူကောင်းတစ်ယောက် ဖြစ်သည်ဟုပင် ထင်မှတ်လာတော့သည်။

ဘေးမှ ကြည့်နေသော ခုန်းကျိတစ်ယောက်သာလျှင် စိတ်ထဲတွင် တတွတ်တွတ် ရေရွတ်နေမိသည်မှာ “ဂိုဏ်းချုပ်ကျန်းရဲ့ စကားတွေက အင်မတန် ထက်မြက်လှတာပဲ၊ အရင်က ငါ့ကိုတောင် တော်တော်လေး ဆဲခဲ့သေးတာ၊ အခု ကျောင်းထိုင်ဆရာတော်နဲ့ စကားပြောတဲ့အခါ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ၊ မြှောက်ပင့်နေသလိုတောင် ဖြစ်နေသေးတယ်၊ သူ့ရဲ့ မျက်လုံးတွေထဲမှာ တစ်စုံတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားနေသလိုမျိုး ခံစားချက်ကြီးက ဘာလို့ ပေါ်နေရတာလဲ။”

ခုန်းကျိသည် သူ၏ အမည်တွင် ပါရှိသော ပညာရှိဟူသော အဓိပ္ပာယ်အတိုင်း တစ်ခုခု မှားယွင်းနေသည်ကို သိမ်မွေ့စွာ သတိပြုမိနေခြင်း ဖြစ်ပေသည်။

သို့သော် အချိန်အတော်ကြာ စဉ်းစားသော်လည်း အကြောင်းရင်းကို သူ ရှာမတွေ့ပေ။ ဂိုဏ်းချုပ်ကျန်းသည် ရှဲ့ရွှန်းနှင့် ကျောင်းတိုက်ကြားရှိ ရန်ငြိုးကို ဖြေဖျောက်ရန်အတွက်သာ ဤမျှ ယဉ်ကျေးနေခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်လိုက်သည်။

သို့သော် သူ မည်မျှပင် ယဉ်ကျေးပါစေ၊ စီနီယာအစ်ကို ခုန်းကျန့်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ချန်ခွန်း၏ ပယောဂများ ပါဝင်နေသော်လည်း ခုန်းကျန့်သည် ရှဲ့ရွှန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ပေရာ ဤကဲ့သို့သော ရန်ငြိုးကြီးမှာ လွယ်လွယ်နှင့် ဖြေဖျောက်နိုင်ရန် မလွယ်ကူလှပေ။

ဤသည်ကို တွေးမိသောအခါ ခုန်းကျိသည်လည်း မရှင်းလင်းသော စိုးရိမ်မှုများ ဖြစ်ပေါ်လာရသည်။ အမှန်တကယ်တွင် သူသည် ကျန်းဝူကျိတို့နှင့် ရန်သူ မဖြစ်လိုပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းဝူကျိ၏ စွမ်းဆောင်ရည်နှင့် ရက်စက်မှုကို သူ ကောင်းစွာ သိရှိထားခြင်းကြောင့် ဖြစ်သည်။ ကျန်းဝူကျိနှင့်သာ ရန်သူဖြစ်ပါက ရှောင်လင်ကျောင်းတိုက်အနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။

သို့သော် ဤကဲ့သို့သော ရန်ငြိုးကြီးကို အလွယ်တကူ မည်သို့ ဖြေဖျောက်နိုင်ပါမည်နည်း။

အကယ်၍ မဖြေဖျောက်နိုင်ဘဲ ကျန်းဝူကျိ ဒေါသထွက်ကာ ရှောင်လင်ကျောင်းတိုက်ကို ရန်မူလာပါက ဘယ်လိုလုပ်မည်နည်း။

ခုန်းကျိသည် အနည်းငယ် စိုးရိမ်နေမိသည်မှာ အခြားအရာတွေကို ငါ မလုပ်နိုင်ရင်တောင် ဂျူနီယာညီလေး ခုန်းရှင်းကိုတော့ စိတ်လိုက်မာန်ပါမလုပ်အောင် ထိန်းထားရမယ်၊ ဒီည အချိန်ရရင် ကျောင်းထိုင်ဆရာတော် ခုန်းဝမ်နဲ့ ထပ်ပြီး တိုင်ပင်ရဦးမယ်၊ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်မလာအောင်နဲ့ ရှောင်လင်ကျောင်းတိုက်ရဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာတွေ မပျက်စီးအောင် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးရမယ်ဟု တွေးတောနေတော့သည်။

အခန်း (၁၇၉) ခုန်းကျိ၏ အကြံအစည်

ထိုညတွင် ခုန်းကျိသည် ခုန်းဝမ်ထံသို့ သွားရောက်ကာ မိမိခန့်မှန်းထားသည်များကို ပြောပြလေသည်။

ခုန်းဝမ်သည် နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လျက် သက်ပြင်းချကာ “ဒုက္ခပါပဲ၊ ဒီကိစ္စရဲ့ အကျိုးအပြစ်တွေကို ငါလည်း မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းဝူကျိက သာမန်လူမဟုတ်ဘူး၊ သူက နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်ပေါ်ထွန်းခဲတဲ့ ပါရမီရှင်ပဲ။ ငါတို့ရှောင်လင်ကျောင်းတိုက်မှာ နှစ်ပေါင်းထောင်ချီတဲ့ အစဉ်အလာတွေ ရှိနေရင်တောင် သူ့ကိုတော့ သွားပြီး မထိပါးရဲဘူး” ဟု ဆိုပေသည်။

ခုန်းဝမ်သည် ကျန်းဝူကျိ၏ အစွမ်းအစကို ကောင်းစွာ နားလည်ထားပုံရသည်။ အကယ်၍ မနိုင်နိုင်ပါက ရိုးသားစွာ နေထိုင်ခြင်းကသာ အကောင်းဆုံးပင်။ ရန်ငြိုးများ ရှိနေလျှင်တောင်မှ ရှဲ့ရွှန်းကို သတ်လိုက်ရုံဖြင့် အကျိုးမရှိဘဲ ကျန်းဝူကျိနှင့် မင်ဂိုဏ်းတစ်ခုလုံးကို ရန်သူဖြစ်သွားစေမည် ဖြစ်သည်။

ရှောင်လင်ကျောင်းတိုက်ကြီး ဆက်လက်တည်ရှိနိုင်ပါဦးမည်လား။ ထိုမင်ဂိုဏ်းသားများမှာ ရက်စက်တတ်သူများဖြစ်ရာ အမှားအယွင်း တစ်ခုခုရှိပါက တစ်မျိုးနွယ်လုံးကိုပင် ဒုက္ခပေးကြ မည့်သူများ ဖြစ်ပေသည်။

ခုန်းကျိက စိုးရိမ်တကြီးဖြင့် “စီနီယာအစ်ကို၊ ကျွန်တော် မြင်တာကတော့ ကျန်းဝူကျိက အခုလို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာဟာ ရှဲ့ရွှန်းနဲ့ တို့ကျောင်းတိုက်ကြားက ရန်ငြိုးကို ဖြေဖျောက်ချင်လို့ပဲ ဖြစ်ရမယ်။ ကျန်းဝူကျိက စိတ်ရှည်တဲ့လူမျိုး မဟုတ်ဘူး၊ နောက်နှစ်ရက် သုံးရက်အတွင်းမှာ သူ ဒီကိစ္စကို စပြောလာလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ အကယ်၍ ငါတို့ဘက်က သဘောမတူလို့ အခြေအနေတွေ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ” ဟု မေးမြန်းသည်။

ခုန်းဝမ်က ခေါင်းခါလျက် “ငါလည်း အဲဒီကိစ္စကိုပဲ စဉ်းစားရခက်နေတာ။ ကျန်းဝူကျိက သတ္တိလည်းရှိ၊ ရက်လည်းရက်စက်သလို သိုင်းပညာကလည်း အဆင့်မြင့်လွန်းတယ်။ အစွမ်းထက်လှတဲ့ ရွှမ်မင်အဖိုးကြီး နှစ်ယောက်တောင် သူ့လက်ချက်နဲ့ သေခဲ့ရတာလေ။ ပြီးတော့ ငါတို့တွေ ပြန်ရောက်လာတုန်းက ဆရာတော်ကြီး သုံးပါး ပြောခဲ့တာတွေကို မေ့သွားပြီလား” ဟု ဆိုသည်။

ခုန်းကျိသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ “တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး” ဟု ဆိုပေသည်။ ထိုစကားလေး လေးလုံးကို ဆိုလိုက်ရခြင်းမှာပင် ခုန်းကျိအတွက် အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ရှိပေသည်။

အကြောင်းရင်းမှာ ခုန်းဝမ်ပြောဆိုခဲ့သော ဆရာတော်ကြီး သုံးပါးမှာ ဆန်တုဆရာတော် သုံးပါး ဖြစ်နေခြင်းကြောင့်ပင်။ ကျန်းဝူကျိတို့က ကယ်တင်ပေးခဲ့ပြီးနောက် သူတို့သည် ရှောင်လင်ကျောင်းတိုက်သို့ ပြန်ရောက်သည်နှင့် ဆရာတော်သုံးပါထံ သွားရောက် ဂါရဝပြုခဲ့ကြသည်။ ထိုအခါ ဆရာတော်ကြီး သုံးပါးက ထိုစဉ်က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် မိန့်ကြားခဲ့ပေသည်။

ကျန်းဝူကျိ တစ်ဦးတည်းနှင့် ဆရာတော်ကြီး သုံးပါးကို အနိုင်တိုက်ခဲ့သည်ဟူသော သတင်းကို ကြားရသောအခါ ခုန်းဝမ်၊ ခုန်းကျိနှင့် ခုန်းရှင်းတို့မှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဆရာတော်ကြီး သုံးပါး၏ သိုင်းပညာမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဟု သူတို့ ယူဆထားကြသည် မဟုတ်ပါလား။ အထူးသဖြင့် မိစ္ဆာနှိမ်နင်းရေး သံမဏိစက်ဝိုင်း အစွမ်းမှာ မည်သူမျှ မယှဉ်နိုင်ဟု ထင်မှတ်ထားခဲ့ကြသည်။ ကျန်းဝူကျိက ထိုစွမ်းအားကို ကျော်ဖြတ်နိုင်သည်ဆိုသည်မှာ မယုံနိုင်စရာပင်။

ထို့နောက် ကျန်းဝူကျိသည် ဆရာတော်ကြီး သုံးပါးနှင့် တိုက်ခိုက်နေစဉ်အတွင်း စကားပင် ပြောဆိုနိုင်ခဲ့ပြီး နောက်ဆုံးတွင် ဆရာတော်ကြီးများကို မထိခိုက်စေလိုသဖြင့် မိမိဘက်မှ ရပ်တန့်ပေးခဲ့ကာ သူတို့ကို စိတ်ကျေနပ်အောင် စည်းရုံးနိုင်ခဲ့သည်ဟူသော အချက်မှာ ခုန်းဝမ်တို့အား အံ့အားသင့်စေခဲ့သည်။ သူတို့ထင်ထားသည်မှာ ကျန်းဝူကျိသည် ငယ်ရွယ်သဖြင့် သူတို့ထက် အနည်းငယ်သာ သိုင်းပညာသာမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဆရာတော်ကြီး သုံးပါးပင် အရှုံးပေးခဲ့ရမှတော့ သူတို့မှာ ကျန်းဝူကျိအတွက် ဘာမျှ မဟုတ်တော့ပေ။

ထို့ကြောင့် ခုန်းဝမ်တို့သည် ကျန်းဝူကျိကို မထိပါးရဲတော့ခြင်း ဖြစ်သည်။ ကျန်းဝူကျိသာမက သူနှင့်အတူ ပါလာသော မင်ဂိုဏ်းမှ သိုင်းပညာရှင်များမှာလည်း အဆင့်မြင့်လှပေသည်။ ထို့ကြောင့် သူတို့သည် ရှောင်လင်ကျောင်းတိုက်ကြီး တစ်ခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် ကျန်းဝူကျိကို လိုက်လျောနေကြရခြင်း ဖြစ်ပေသည်။

ခုန်းဝမ်က “ကျန်းဝူကျိက ဒီကိစ္စကို စပြောလာရင် ငါ တတ်နိုင်သမျှ သူ့ကို ညှိနှိုင်းကြည့်ပါ့မယ်။ ဒီနှစ်ရက်အတွင်းမှာလည်း ငါတို့ရဲ့ ဆန္ဒတွေကို သူ့ကို သိမ်မွေ့စွာနဲ့ သိအောင် လုပ်ရမယ်။ အခုတစ်ခေါက်မှာတော့ ရှဲ့ရွှန်းကို အခက်အခဲ မဖြစ်စေဘဲ အရေးပါတဲ့ ဧည့်သည်တစ်ယောက်လို ဆက်ဆံပြီး တို့ကြားမှာ ရန်ငြိုးမရှိဖို့ပဲ ကြိုးစားရမယ်” ဟု ဆိုသည်။

ခုန်းကျိက ခေါင်းညိတ်ရင်း တစ်စုံတစ်ခုကို သတိရသွားကာ “စီနီယာအစ်ကို၊ ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်” ဟု ဆိုလိုက်သည်။

“မင်းမှာလည်း အကြံရှိသေးတာလား၊ ဘာအကြံလဲ” ဟု ခုန်းဝမ်က အံ့အားသင့်စွာ မေးသည်။

ခုန်းကျိက “ရန်ငြိုးတွေကို အပြင်ဘက်ကို လွှဲထုတ်ပစ်လိုက်ရအောင်” ဟု ဆိုပေသည်။

ခုန်းဝမ်က နားမလည်သဖြင့် မည်သို့လွှဲထုတ်မည်နည်းဟု မေးသောအခါ ခုန်းကျိက ဆက်ပြောသည်မှာ ရှဲ့ရွှန်းဟာ ချန်ခွန်း ရဲ့ အသုံးချတာ ခံခဲ့ရပေမဲ့ သူကိုယ်တိုင်လည်း မကောင်းမှုတွေ အများကြီး လုပ်ခဲ့သလို အပြစ်မရှိတဲ့လူတွေကိုလည်း သတ်ခဲ့တာပဲ။ သူ့မှာ ရန်သူတွေ အများကြီး ရှိတယ်။ ကုန်းထုံဂိုဏ်းက အဖိုးကြီး ငါးယောက်နဲ့ အော့မေ့ဂိုဏ်းက မြဲ့ကြွယ် သီလရှင်တို့က ရှဲ့ရွှန်းရဲ့ ရန်သူတွေပဲ။

အကယ်၍ ရှဲ့ရွှန်းဟာ တို့ရှောင်လင်ကျောင်းတိုက်မှာ ရှိနေတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ရင် အဲဒီလူတွေက ကလဲ့စားချေဖို့ ရောက်လာကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျန်းဝူကျိတို့လည်း ဒီမှာ တရားနာနေဖို့ စိတ်မပါတော့ဘဲ ရှဲ့ရွှန်းကို ခေါ်ပြီး ကွမ်မင်တောင်ထိပ်ကိုပဲ ပြန်ပြေးကြရလိမ့်မယ်။ အဲဒါဆိုရင် ငါတို့ရှောင်လင်ကျောင်းတိုက်ရဲ့ အကျပ်အတည်းက သူ့အလိုလို ပြေလည်သွားမှာပဲ မဟုတ်လားဟု ရှင်းပြသည်။

ခုန်းဝမ်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ထိုအကြံမှာ အင်မတန် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ အပြင်လူများက ကလဲ့စားလာချေပါက ကျန်းဝူကျိသည် ထိုသူများကိုသာ တုံ့ပြန်နေရမည်ဖြစ်ရာ ရှောင်လင်နှင့် ရန်ငြိုးဖြေဖျောက်ရန် အချိန်ရတော့မည် မဟုတ်ပေ။

သို့သော် ခုန်းဝမ်က “အကြံကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ငါတို့ရှောင်လင်က သတင်းဖြန့်တာကို ကျန်းဝူကျိ သိသွားရင် တို့ကို ပြန်ပြီး ရန်မူမနေဘူးလား။ ပြီးတော့ ရန်သူတွေ အများကြီး ရောက်လာရင် ငါတို့ကျောင်းတိုက်ကိုရော မထိခိုက်ဘူးလား” ဟု စိုးရိမ်တကြီး မေးသည်။

ခုန်းကျိက လက်ဝှေ့ယမ်းကာ “စီနီယာအစ်ကို စိုးရိမ်စရာ မလိုပါဘူး။ သတင်းဖြန့်ဖို့အတွက် သိုင်းလောကက သတင်းပေး တစ်ယောက်ယောက်ကို ခိုင်းလိုက်ရုံပါပဲ၊ ကျန်းဝူကျိ ဘယ်လောက်ပဲ တော်တော် ဒါကို ငါတို့လုပ်တာလို့ ဘယ်လိုမှ သိမှာ မဟုတ်ဘူး။ ပြီးတော့ ကျောင်းတိုက်ကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး။

ကျန်းဝူကျိရဲ့ ဝင့်ကြွားတဲ့ စရိုက်ကို အစ်ကိုသိတာပဲ၊ ရန်သူတွေ လာဆဲရင် သူက ငြိမ်ခံနေမှာ မဟုတ်ဘူး၊ အဲဒီတော့ သူတို့အချင်းချင်းပဲ သတ်ကြမှာလေ။ ကျောင်းတိုက်နဲ့ ဘာမှမဆိုင်ဘူး။ ငါတို့က ရှောင်လင်ကျောင်းတိုက်ပဲ၊ ဘယ်သူက တို့ကို လာပြီး ရန်စရဲမှာလဲ။ ငါတို့ကတော့ အများအကျိုးအတွက် လုပ်တာဖြစ်လို့ အပြစ်ရှိတယ်လို့ မယူဆသင့်ဘူး။ ရှဲ့ရွှန်းရဲ့ ရန်သူတွေကလည်း ဒီသတင်းကို ကြားရင် ဝမ်းသာကြမှာပဲလေ” ဟု အကြောင်းပြချက်များဖြင့် စည်းရုံးလေတော့သည်။

ခုန်းဝမ်မှာလည်း အမှန်စင်စစ် အကျိုးအမြတ်လိုလားသော ဘုန်းကြီးတစ်ဦး ဖြစ်ပေရာ ခုန်းကျိက လမ်းကြောင်းပေးလိုက်သည်နှင့် ချက်ချင်းပင် လက်ခံလိုက်သည်။ သူက အစပိုင်းတွင် ကရုဏာရှင်အသွင်ဖြင့် ဟန်ဆောင်နေခဲ့ခြင်းသာ ဖြစ်သည်။

ခုံးဝမ်က “ကောင်းပြီ၊ ကောင်းပြီ။ မင်းပြောတာ မှန်ပါတယ်။ ငါတို့တွေက ရှောင်လင်ဂိုဏ်းကြီး ကောင်းစားရေးအတွက် အများအကျိုးကို ကြည့်ပြီး လုပ်တာဖြစ်လို့ အပြစ်မရှိပါဘူး။ ကျန်းဝူကျိကလည်း ပေါ်ပေါ်ထင်ထင် နေတတ်သူဖြစ်လို့ ငါတို့ မပြောရင်တောင် ရှဲ့ရွှန်းရဲ့ ရန်သူတွေက နောက်ဆုံးတော့ သိသွားကြမှာပါပဲ” ဟု ဆိုသည်။

ကျောင်းထိုင်ဆရာတော်က သဘောတူလိုက်သဖြင့် ခုန်းကျိသည် အလွန်ဝမ်းသာသွားကာ “ကျန်းဝူကျိတို့ အဖွဲ့သာ ကျောင်းတိုက်ကနေ ထွက်သွားရင် တို့ရှောင်လင်ကတော့ ဘေးကင်းသွားပြီ။ ကလဲ့စားလာချေတဲ့သူတွေက ရှဲ့ရွှန်းကို တစ်ချက်တည်းနဲ့ သတ်နိုင်ရင် ပိုတောင် ကောင်းသေးတယ်။ အဲဒီအခါကျရင် တို့က နှစ်ဖက်လုံးကို ဖြန်ဖြေပေးလိုက်ရင် ရှောင်လင်ရဲ့ ဂုဏ်သတင်းက ပိုပြီး ကြီးကျယ်သွားလိမ့်မယ်” ဟု ဆိုပေသည်။

ခုန်းဝမ်က ပြုံးလျက် ခေါင်းညိတ်ကာ “ကောင်းလိုက်တာ၊ ခုန်းကျိ မင်းကတော့ တကယ်ပဲ ဉာဏ်ကြီးရှင်ပါပဲ။ ဒီကိစ္စကို မင်းကိုပဲ တာဝန်ပေးလိုက်မယ်။ ငါတို့တွေက ရှောင်လင်ကျောင်းတိုက်ကြီး ပြန်လည် ကြီးကျယ်လာဖို့အတွက် အများအကျိုးကိုပဲ ကြည့်ပြီး လုပ်ကြတာပဲ” ဟု ဆိုသည်။

ခုန်းကျိသည် မိမိကိုယ်မိမိ ရှောင်လင်ကျောင်းတိုက်ကို ကယ်တင်နိုင်မည့် ဉာဏ်ကြီးရှင်အဖြစ် မှတ်ယူကာ အင်မတန် စိတ်လှုပ်ရှားနေတော့သည်။ သူသည် မိမိ၏ အသက်ရှင်ခဲ့ရသော ဘဝမှာ အချည်းနှီး မဖြစ်တော့ဟုပင် တွေးတောနေတော့သည်။

အခန်း (၁၈၀) ရှောင်လင်ကျောင်းတိုက်၌ ကုန်လွန်သော နေ့ရက်များ

ခုန်းကျိသည် မိမိကိုယ်မိမိ အင်မတန် ဉာဏ်ရည်ထက်မြက်သူဟု မှတ်ယူနေမိသည်မှာ ရှောင်လင်ကျောင်းတိုက်ကြီးကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်မည့် အကြံကောင်းတစ်ခုကို သူ ထုတ်ဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ခုန်းဝမ်ကလည်း ထိုနည်းတူပင် တွေးတောမိသည်မှာ ဤအစီအစဉ်မှာ အင်မတန် ထူးချွန်ပြောင်မြောက်လှပြီး ဂျူနီယာညီလေး ခုန်းကျိမှာလည်း အပြစ်ဆိုဖွယ်မရှိအောင် တော်လွန်းလှသည်ဟူ၍ ဖြစ်သည်။

သို့ဖြစ်ရာ ဤကိစ္စကို ခုန်းကျိထံသို့သာ လုံးဝတာဝန်ပေးလိုက်ပြီး သူကိုယ်တိုင် တောင်အောက်သို့ ဆင်းကာ စီစဉ်ဆောင်ရွက်လေတော့သည်။ ခုန်းကျိသည် သူ၏ အစီအစဉ်အတိုင်း တိကျစွာ လုပ်ဆောင်ခဲ့သည်မှာ အစပိုင်းတွင် သိုင်းလောကမှ သတင်းပေးတစ်ဦးကို ရှာဖွေပြီး သတင်းများကို ပေါက်ကြားအောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

သူသည် မိမိ၏ ရုပ်သွင်ကို ဖုံးကွယ်ထားသည်မှာ ခုန်းကျိဟူသော အမည်မှာ သိုင်းလောကတွင် လူသိများလှသဖြင့် ရှောင်လင်၏ လူဝတ် တပည့်တစ်ဦးကိုသာ စေလွှတ်၍ ပြောကြားခိုင်းခြင်း ဖြစ်ပေသည်။ ထို့ပြင် ထိုတပည့်ကိုလည်း သတင်းပေးသူအား မိမိ၏ အထောက်အထားကို လုံးဝမပြောပြရန် အထူးမှာကြားထားခဲ့သေးသည်။

သိုင်းလောကမှ သတင်းပေးမှာမူ ထိုကဲ့သို့သော သတင်းကြီးကို ရရှိလိုက်သဖြင့် အင်မတန် ဝမ်းသာသွားရသည်။ ထို့ကြောင့် သတင်းမှာ အလျင်အမြန်ပင် ပြန့်နှံ့သွားခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်ခန့်အတွင်းမှာပင် ရှဲ့ရွှန်း အလယ်ပိုင်းဒေသသို့ ပြန်ရောက်လာပြီဟူသော သတင်းမှာ သိုင်းလောကတစ်ခုလုံးသို့ ရောက်ရှိသွားတော့သည်။

အမှန်စင်စစ် ဤသည်မှာ သတင်းပေးသူများ၏ အစွမ်းကြောင့်သာ မဟုတ်ဘဲ ကျန်းဝူကျိနှင့် အဖွဲ့သားများမှာလည်း မြောက်ဘက်သို့ ခရီးဆက်ရာတွင် သူတို့၏ အထောက်အထားများကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိသောကြောင့်လည်း ဖြစ်ပေသည်။ မည်သည့်ဂိုဏ်းဂဏများဆီသို့မျှ ဝင်ရောက်ခြင်း မရှိသော်လည်း လူအများအပြားမှာ ရှဲ့ရွှန်းကို တွေ့မြင်ခဲ့ကြပြီး သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်နေခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ ဤသတင်းမှာ ကျန်းဝူကျိတို့၏ ခရီးစဉ်နှင့် ပေါင်းစပ်သွားသောအခါ တစ်ခုလုံးမှာ ပျံ့နှံ့သွားပြီး သိုင်းလောကတစ်ခုလုံး သိရှိသွားကြတော့သည်။ ကျန်းဝူကျိမှာမူ ထိုအခြေအနေကို မြင်သောအခါ များစွာ ဝမ်းမြောက်နေမိသည်။

သူတို့အဖွဲ့ ရှောင်လင်ကျောင်းတိုက်တွင် နေထိုင်ခဲ့သည်မှာ ရက်ပေါင်း ဆယ့်ငါးရက်ကျော်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း ကျန်းဝူကျိတို့သည်လည်း သတ်သတ်လွတ် စားသောက်ကြပြီး ဘုရားစာများကို ရွတ်ဖတ်ကာ အေးအေးဆေးဆေး နေထိုင်နေကြခြင်း ဖြစ်သည်။

အဓိကမှာ ကျန်းဝူကျိသည် ထိုအရာများကို စိတ်မဝင်စားခြင်း မဟုတ်ဘဲ “မင်းတို့က မင်းတို့စာရွတ် ငါက ငါ့ဘာသာနေမယ်” ဟူသော သဘောထားမျိုးဖြင့် နေထိုင်နေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူသည် ကျမ်းစာဂိုဒေါင်သို့ သွားရောက်လေ့လာရသည်မှာ အင်မတန် စိတ်ကျေနပ်စရာ ကောင်းလှသည်။ အရင်က ရှောင်လင်သိုင်းပညာ အတော်များများကို သင်ယူခဲ့ဖူးသော်လည်း ဟောင်းသောအရာကို ပြန်လည်လေ့လာခြင်းဖြင့် အသစ်ကို သိရှိနိုင်သည်ဟူသော စကားအတိုင်း ကျန်းဝူကျိ၏ သိုင်းပညာအပေါ် စိတ်ဝင်စားမှုမှာ အားကောင်းနေဆဲပင် ဖြစ်သည်။

မင်ဂိုဏ်း၏ သတင်းထောက်လှမ်းနိုင်စွမ်းမှာလည်း ပြောနေစရာပင် မလိုတော့ဘဲ အင်မတန် အစွမ်းထက်လှပေသည်။ ရှဲ့ရွှန်း ရှောင်လင်ကျောင်းတိုက်တွင် ရှိနေသည်ဟူသော သတင်းထွက်လာပြီး နှစ်ရက်ပင် မပြည့်သေးမီ ကျန်းဝူကျိသည် ရှောင်လင်ကျောင်းတိုက်ဘက်မှ သတင်းများ ထုတ်ပြန်နေသည်ဟူသော အချက်ကို သိရှိလိုက်ရသည်။

ဤသည်က ကျန်းဝူကျိကို များစွာ ဝမ်းသာစေခဲ့သည်မှာ မူလက သူကိုယ်တိုင် လူတစ်ယောက်ကို ရှာပြီး သတင်းဖြန့်ခိုင်းရန် ကြံရွယ်ထားခြင်း ဖြစ်သော်လည်း ရှောင်လင်ကျောင်းတိုက်ဘက်မှ တိုက်ရိုက် စီစဉ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့်ပင်။ ဤသည်က သူ့အတွက် ကြော်ငြာခများစွာ သက်သာသွားစေခဲ့ပြီး တကယ်ကို ကံကောင်းလှသည်ဟုပင် ဆိုရပေမည်။

ထိုအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ကျန်းဝူကျိသည် ဘာမှမသိသကဲ့သို့သာ ဟန်ဆောင်နေလိုက်ပြီး ရှောင်လင်ကျောင်းတိုက်အတွင်း လှည့်လည်ကြည့်ရှုကာ တစ်ခါတစ်ရံတွင် နောက်တောင်ကုန်းရှိ ဆရာတော်ကြီး သုံးပါးကို သွားရောက် အနိုင်ကျင့်လေ့ ရှိသည်။

ယခုအခါ သူ၏ သိုင်းပညာမှာ ယခင်ကနှင့် လုံးဝ နှိုင်းယှဉ်၍ မရတော့ပေ။ အချိန်ကာလ အရမ်းမကြာသေးသော်လည်း ကျန်းဝူကျိသည် သိုင်းပညာများစွာကို ထပ်မံသင်ယူခဲ့ပြီး သူ၏ အတွင်းအားမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာကာ ယခင်ကထက် များစွာ ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်သည်။

အရင်က ဆရာတော်ကြီး သုံးပါးနှင့် တိုက်ခိုက်စဉ်က သူတို့၏ စိတ်ကို ရှုပ်ထွေးအောင် နည်းဗျူဟာအချို့ သုံးခဲ့ရသော်လည်း အနိုင်ရခဲ့သော်လည်း အခုမူ ထိုသို့ လုပ်ဆောင်ရန် မလိုတော့ဘဲ တိုက်ရိုက်ပင် အနိုင်ယူနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သူတို့၏ မိစ္ဆာနှိမ်နင်းရေး သံမဏိစက်ဝိုင်းကိုပင် ဥပမာပေးရလျှင် ကျန်းဝူကျိသည် အခြားအရာများကို အသုံးပြုရန် မလိုတော့ဘဲ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကို အသုံးပြုရုံဖြင့် တိုက်ရိုက် ချိုးဖျက်နိုင်ပေသည်။ သူတို့၏ ကွင်းဆက်တိုက်ခိုက်မှုများကိုလည်း ကျန်းဝူကျိသည် သန့်စင်သောမီးလျှံ အမိန့်တော်ပြား ကိုယ်ဖော့ပညာကို အသုံးပြု၍ ပိုမို ဆန်းကြယ်သော နည်းလမ်းများဖြင့် ရှောင်တိမ်းနိုင်သဖြင့် ဆရာတော်ကြီး သုံးပါးမှာ လုံးဝ လက်မှိုင်ချသွားကြရတော့သည်။

ဆရာတော်ကြီး သုံးပါးမှာ ကျန်းဝူကျိအပေါ် ပို၍ပင် အထင်ကြီးလာကြသည်။ သူ၏ သိုင်းပညာအပြင် ရှောင်လင်ကျောင်းတိုက်ကြီးကို ကယ်တင်ပေးခဲ့သော သူ၏ ကျေးဇူးတရားမှာလည်း တစ်သက်လုံး ဆပ်၍ ကုန်နိုင်မည် မဟုတ်ပေ။ ဆရာတော်ကြီး သုံးပါးမှာ ကျန်းဝူကျိကို တွေ့လျှင် လက်ဝှေ့ယမ်းကာ ဝမ်းသာအားရဖြင့် ဂိုဏ်းချုပ်ကျန်း အသက်ရာကျော် ရှည်ပါစေဟုပင် အော်ဟစ်နှုတ်ဆက် ကြတော့သည်။

အမှန်စင်စစ် ကျန်းဝူကျိ သတိထားမိသည်မှာ ဆရာတော်ကြီး သုံးပါး၏ အတွင်းအားမှာ အလွန်မြင့်မားသော်လည်း သူတို့၏ အားနည်းချက်မှာလည်း အင်မတန် သိသာလှသည်ဟူ၍ ဖြစ်သည်။ ထိုအချက်မှာ သူတို့က နေရာမှ မရွေ့လျားနိုင်ခြင်းပင် ဖြစ်သည်။ မိစ္ဆာနှိမ်နင်းရေး သံမဏိစက်ဝိုင်းမှာ မရွေ့လျားနိုင်သော အားကောင်းသည့် အစီအရင်ကြီးတစ်ခုကဲ့သို့ပင်။ တစ်စုံတစ်ယောက်က သူတို့ကို အနိုင်ယူလိုလျှင် ၎င်းအတွက် သီးသန့်သိုင်းပညာမျိုး ရှိပါက အမှန်တကယ်တွင်မူ သိပ်ပြီး ခက်ခဲလှသည် မဟုတ်ပေ။

ဥပမာအားဖြင့် ကျန်းဝူကျိ၏ လက်ရှိ လက်ညှိုးသိုင်း အစွမ်းဖြင့်ဆိုလျှင် အစီအရင်အတွင်းသို့ပင် ဝင်ရောက်ရန် မလိုတော့ပေ။ အစီအရင် ပြင်ပမှနေ၍ လက်ညှိုးသိုင်း၏ စွမ်းအားကို တိုက်ရိုက် ထုတ်လွှတ်ပြီး ဆရာတော်ကြီး သုံးပါးကို နှိမ်နင်းနိုင်ပေသည်။

ဤအတောအတွင်း ကျန်းဝူကျိနှင့် အဖွဲ့သားများမှာ အတော်လေး ကောင်းမွန်စွာ နေထိုင်နေကြပြီး ကလဲ့စားလာချေမည့်သူများကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ရှဲ့ရွှန်းမှာမူ စိတ်အားထက်သန်စွာ နေထိုင်နေသည်။ ရှောင်လင်ကျောင်းတိုက်သို့ ရောက်ကတည်းက ဆရာတော်ကြီး ခုန်းကျန့်အား ဂါရဝပြုခဲ့ပြီးနောက် ဗုဒ္ဓတရားတော်များကိုသာ ကြိုးစားအားထုတ် လေ့လာနေခဲ့သည်။ သူ၏ စကားပြောဟန်မှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ နူးညံ့လာပြီး သူ၏ ရုပ်သွင်မှာလည်း ပို၍ ကြည်လင်လာရာ ယခင်က ရက်စက်လှသော ရွှေမွှေးခြင်္သေ့မင်းဟုပင် ထင်မှတ်ရန် ခက်ခဲလှပေသည်။

တစ်နေ့တွင် ကျန်းဝူကျိ၊ ကျောက်မိန်နှင့် ရှောင်ကျောက်တို့သည် နောက်တောင်ကုန်း ရှေ့ရှိ တောအုပ်ငယ်လေးအတွင်း ကစားနေကြသည်။ ထိုနေရာတွင် တဲငယ်လေး တစ်လုံးရှိပြီး တဲအတွင်းရှိ ကျောက်စားပွဲမှာ စစ်တုရင် ခုံဖြစ်နေပေသည်။ ၎င်းကို မြင်သောအခါ ကျောက်မိန်က ကျန်းဝူကျိအား သူမနှင့် စစ်တုရင် ကစားရန် တောင်းဆိုလေတော့သည်။

ကျန်းဝူကျိသည် မူလက စစ်တုရင်အကြောင်း သိပ်ပြီး နားမလည်သော်လည်း လတ်တလော အားလပ်ချိန်များတွင် အရာများစွာကို လေ့လာသင်ယူခဲ့ပြီး စစ်တုရင်မှာလည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။ သူ၏ ပါရမီမှာ ပြောနေစရာပင် မလိုတော့ဘဲ မည်သည့်အရာကိုမဆို အလွန်အမင်း လျင်မြန်စွာ သင်ယူနိုင်စွမ်းရှိရာ စစ်တုရင်၏ အနှစ်သာရကိုလည်း မကြာမီမှာပင် တတ်မြောက်သွားခဲ့သည်။

ယခုအခါ ငယ်စဉ်ကတည်းက ဂီတ၊ စစ်တုရင်၊ စာပေနှင့် ပန်းချီ အားလုံးကို သင်ယူခဲ့သော ကျောက်မိန်ပင်လျှင် ကျန်းဝူကျိကို မနိုင်နိုင်တော့ပေ။ ခေတ္တမျှ ကစားပြီးနောက်တွင် ကျောက်မိန်မှာ နှုတ်ခမ်းဆူကာ အရှုံးပေးလိုက်ရတော့သည်။

ရှောင်ကျောက်က ထိုအခြေအနေကို ကောင်းစွာ နားလည်ထားပြီး ပြုံးလျက် “သခင်လေးရဲ့ စစ်တုရင် အစွမ်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆန်းကြယ်လာတာပဲ၊ ဒါတင်မကသေးဘူး သူကစားတဲ့ ပုံစံက သာမန်လူတွေနဲ့ မတူဘဲ တစ်ကမ္ဘာလုံးရဲ့ အရှိန်အဝါတွေ ပါဝင်နေသလိုပဲ၊ ဘက်ပေါင်းစုံကနေ တိုက်စစ်ဆင်ပြီး တစ်ခါတည်း ဝိုင်းပတ်ပိတ်ဆို့လိုက်တာဆိုတော့ ရှောင်တိမ်းစရာ နေရာကို မရှိတော့ဘဲ လက်နက်ချဖို့ပဲ ရှိတော့တယ်”ဟု ဆိုပေသည်။

ကျောက်မိန်က မျက်စောင်းထိုးကာ “နင်ကတော့ အလိုက်သိတာပဲ၊ နင့်ရဲ့ သခင်ကတော့ တကယ်ကို တော်တာပဲ၊ နင့်လို တပည့်ကောင်းလေးကို မွေးထားနိုင်တယ်”ဟု ပြောလိုက်သည်။

ဟုတ်ပေသည်၊ ကျန်းဝူကျိအား စစ်တုရင် ကစားနည်းကို သင်ပေးခဲ့သူမှာ ရှောင်ကျောက်ပင် ဖြစ်သည်။ မူလက ကျန်းဝူကျိသည် ကျောက်မိန်ထံမှ သင်ယူရန် ကြံရွယ်ခဲ့သော်လည်း ကျောက်မိန်က သူ့ကို အမြဲတမ်း လှောင်ပြောင်နေသဖြင့် ကျန်းဝူကျိက ရှောင်ကျောက်ကိုသာ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရှောင်ကျောက်မှာမူ သာမန်ထက် ပို၍ လိမ်မာရေးခြားရှိသူဖြစ်ရာ သူ့ကို လှောင်ပြောင်ဖို့ နေနေသာသာ တစ်ခုခု မှားယွင်းပါကလည်း သူမက နူးညံ့စွာ ပြုပြင်ပေးပြီး နှစ်သိမ့်ပေးတတ်ပေသည်။ အကယ်၍ သူက ကောင်းမွန်သော လှကွက်တစ်ခု ရွှေ့နိုင်ပါကလည်း ရှောင်ကျောက်က သခင်လေးကတော့ တကယ်ကို တော်တာပဲဟု အမြဲတမ်း ချီးကျူးပေးတတ်ရာ စိတ်ပိုင်းဆိုင်ရာတွင် များစွာ အားတက်စေခဲ့သည်။

ကျန်းဝူကျိသည် ရှောင်ကျောက်ကို ချစ်ခင်နှစ်သက်ရသည်မှာ မဆန်းလှပေ၊ မည်သူကမှ ဤကဲ့သို့သော မိန်းကလေးမျိုးကို မချစ်ဘဲ နေနိုင်ပါမည်နည်း။

ကျန်းဝူကျိက ရယ်မောလျက် “ဘာလဲ၊ မင်းဆီမှာ သင်ခိုင်းတုန်းကတော့ ငါ့ကို အမြဲတမ်း အသည်းယားအောင် လုပ်ခဲ့တာလေ၊ အခု ငါက မင်းထက် တော်သွားပြီဆိုတော့ မင်းက မှင်သက်နေတာ မဟုတ်လား”ဟု ပြောလိုက်သည်။ ထို့နောက် သူသည် အတွင်း အားကို ထုတ်လွှတ်လိုက်ရာ စစ်တုရင်ခုံပေါ်ရှိ နယ်ရုပ်များမှာ လေထဲသို့ ပျံတက်လာပြီး သူ၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားကာ သူက သိမ်းဆည်းလိုက်တော့သည်။

ဤသည်မှာ မူလက ရှောင်လင်ကျောင်းတိုက်၏ သိုင်းပညာဖြစ်သော နဂါးဖမ်းလက် ပင် ဖြစ်ပြီး ကျန်းဝူကျိက ၎င်းကိုလည်း တတ်မြောက်ထားခဲ့ပြီ ဖြစ်သည်။ နဂါးဖမ်းလက်မှာ လုံလောက်သော အတွင်းအားနှင့် ပါရမီ မရှိပါက သင်ယူရန် မလွယ်ကူသဖြင့် နှစ်ပေါင်းများစွာ လျစ်လျူရှုခြင်း ခံထားရသော သိုင်းပညာ ဖြစ်သော်လည်း ကျန်းဝူကျိမှာမူ ထူးကဲသော ပါရမီနှင့် အနှိုင်းမဲ့ အတွင်းအားများ ရှိနေသဖြင့် သေချာပေါက် သင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျောက်မိန်သည်လည်း ဆက်မကစားချင်တော့ဘဲ နယ်ရုပ်များကို သိမ်းဆည်းလိုက်ကာ ရှေ့တောင်ကုန်းရှိ နေရာတစ်ခုသို့ လှမ်းကြည့်လိုက်ပြီး “သတင်းတွေ ထွက်သွားတာ ဒီလောက်တောင် ကြာနေပြီကို ဘာလို့ ကလဲ့စားချေမယ့်သူတွေ ရောက်မလာကြသေးတာလဲ၊ စီနီယာရှဲ့မှာ အလယ်ပိုင်းဒေသမှာ ရန်သူတွေ မရှိတော့လို့လား”ဟု မေးလိုက်သည်။

ကျန်းဝူကျိက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ရယ်မောလျက် “မင်းကတော့ အခြေအနေကို နားမလည်တော့ဘူးပဲ၊ စဉ်းစားကြည့်လေ၊ မင်ဂိုဏ်းပဲဖြစ်ဖြစ်၊ ရှောင်လင်ကျောင်းတိုက်ပဲဖြစ်ဖြစ် ဒါတွေက သာမန်လူတွေ လာပြီး ရန်စရဲတဲ့ နေရာတွေလား၊ ကလဲ့စားလာချေချင်ရင်တောင် သူတို့က အစုအဖွဲ့လိုက် လာကြမှာပဲ၊ မဟုတ်ရင်တော့ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲလေ၊ သူတို့က အရူးတွေမှ မဟုတ်တာ၊ အလွယ်တကူနဲ့တော့ အသေခံဖို့ လာကြမှာ မဟုတ်ဘူး”ဟု ပြောလိုက်လေတော့သည်။

All Chapters