အခန်း (၁၈၁-၁၈၅)
Vol. 19 Ch. 181-185
အခန်း (၁၈၁) ခေါင်းလောင်းသံ သုံးကြိမ် ထွက်ပေါ်လာခြင်း
"အင်း... ရှင်ပြောတာ မှန်တယ်၊ ရှောင်လင်ဂိုဏ်းက တကယ့်ကို အရှိန်အဝါကြီးတာပဲ၊ ဒါကို ကျွန်မ တကယ်မေ့သွားတယ်"
ကျန်းဝူကျိ၏ စကားကို ကြားပြီးနောက် ကျောက်မိန်က ရုတ်တရက် သတိဝင်လာဟန်ဖြင့် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမက စကားလမ်းကြောင်းလွှဲကာ ဆက်ပြောသည်မှာ -
"ဒါပေမဲ့ ဒါက ကျွန်မအပြစ်တော့ မဟုတ်ပါဘူး၊ ကျွန်မစိတ်ထဲမှာ ရှိတဲ့ ရှောင်လင်ဂိုဏ်းက တကယ်ပဲ ထူးထူးခြားခြား မရှိလှဘူးလေ၊ ဒါကြောင့်လည်း ချက်ချင်း သတိမထားမိတာ"
ကျန်းဝူကျိက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"မင်းကတော့ ရှောင်လင်ကို အရေးတယူ လုပ်မှာမဟုတ်တာ သေချာတာပေါ့၊ တစ်ကျောင်းလုံးမှာ ရှိသမျှ လူတွေကို အကုန် ဖမ်းဆီးထားခဲ့တာကိုး၊ ငါသာ မရှိရင် အဲဒီ ဘုန်းကြီးတွေက မင်းကို အသေအလဲ တိုက်ခိုက်ကြမှာ မြေကြီးလက်ခတ်မလွဲပဲ"
ကျောက်မိန်က တဟားဟား ရယ်မောရင်း
"အဲဒီတုန်းက ကိစ္စတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ၊ တကယ်လို့ ရှောင်လင်ဂိုဏ်းက ကျွန်မကို ပြဿနာ ထပ်ရှာရဲသေးတယ်ဆိုရင်တော့ ငါတို့ မင်ဂိုဏ်းချုပ်ကြီး ကျန်းဝူကျိက ပိုတော်သလား၊ ဒါမှမဟုတ် ရှောင်လင်က ဘုန်းကြီးတွေက ပိုတော်သလားဆိုတာ ကြည့်ရသေးတာပေါ့"
ကျန်းဝူကျိက လက်နှစ်ဖက်ကို ဖြန့်ပြကာဖြင့်.....
"ငါက ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်ပြီး သဘောထား ပြည့်ဝတဲ့သူဆိုတာ လူတိုင်းသိတာပဲ၊ ရှောင်လင်က ဆရာတော်ကြီးတွေကို ငါက ဘယ်လိုလုပ် လက်ဖျားနဲ့တောင် တို့ရက်ပါ့မလဲ"
"အမယ်လေး... အရှက်မရှိလိုက်တာ"
ကျောက်မိန်က မနေနိုင်ဘဲ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ ကျန်းဝူကျိလို ရက်စက်တဲ့သူက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပါတယ်လို့ ပြောထွက်ရဲတယ်ဆိုတော့ သူ သတ်ခဲ့တဲ့ လူဦးရေက ရှောင်လင်ဂိုဏ်း တစ်ဂိုဏ်းလုံးက လူတွေထက်တောင် ပိုများနေဦးမှာ မဟုတ်လား။ အနားမှာ ရှိနေတဲ့ ရှောင်ကျောက်ကလည်း ကျန်းဝူကျိရဲ့ စကားကြောင့် ကျောက်မိန် အလျှော့ပေးလိုက်ရတာကို ကြည့်ပြီး မအောင့်နိုင်ဘဲ ရယ်မောနေတော့သည်။
"ငါသာ အရှက်ရှိရင် မင်းတို့အားလုံး ငါ့ကို ဘယ်လိုလုပ် ချစ်ကြမှာလဲ"
ကျန်းဝူကျိက ရှက်ရမယ့်အစား ဂုဏ်ယူနေသည့်နှယ် ရှိသည်။ သူက ကျယ်လောင်စွာ ရယ်မောရင်း ကျောက်မိန်နှင့် ရှောင်ကျောက်တို့ကို လက်နှစ်ဖက်ဖြင့် ဆွဲပွေ့လိုက်သည်။ မိန်းမလှလေး နှစ်ယောက်မှာ အံ့သြသွားကြသော်လည်း အတင်းအကျပ် ရုန်းကန်ခြင်း မရှိဘဲ ကျန်းဝူကျိနှင့်အတူ ချစ်ကြည်နူးနေကြလေသည်။
ထိုသို့ ပျော်ရွှင်နေစဉ်မှာပင် အရှေ့တောင်ကုန်းဆီမှ ခေါင်းလောင်းထိုးသံကို ရုတ်တရက် ကြားလိုက်ရသည်။ တစ်ကြိမ်တည်း မဟုတ်ဘဲ သုံးကြိမ်တိတိ ဆက်တိုက် ထွက်ပေါ်လာခြင်း ဖြစ်ရာ ရှောင်လင်ဂိုဏ်း တစ်ကျောင်းလုံး ဆူညံသွားရသည်။
သူတို့ သုံးဦးစလုံး လှုပ်ရှားမှုများကို ချက်ချင်း ရပ်လိုက်ကြသည်။
"ခေါင်းလောင်းသံက တော်တော် ကျယ်တာပဲ၊ ရှောင်လင်တောင် တစ်ခုလုံးတောင် ကြားရလောက်တယ်" ဟု ကျောက်မိန်က ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။
ကျန်းဝူကျိကမူ စိတ်လှုပ်ရှားနေသည့် ပုံစံဖြင့်
"အဲဒီ ခေါင်းလောင်းသံ သုံးချက် နောက်ဆုံးတော့ မြည်လာပြီပဲ" ဟု ဆိုသည်။
ကျောက်မိန်က အနည်းငယ် နားမလည်နိုင်ဘဲ မေးလိုက်သည်။
"ဘာခေါင်းလောင်းကြီးတွေလဲ ဟင်”
"ဒါ ရှောင်လင်ဂိုဏ်းရဲ့ ခေါင်းလောင်းကြီး သုံးလုံးပေါ့၊ အဲဒါတွေ အကုန်မြည်ပြီဆိုရင် ရှောင်လင်မှာ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုခု ကြုံနေရပြီလို့ အဓိပ္ပာယ်ရတယ်၊ လူတိုင်း ဝတ်ပြုဆောင်ကြီးမှာ စုဝေးပြီး တိုင်ပင်ကြရတော့မယ်လေ၊ ဒါ ငါ့ရဲ့ ဖခင်ဖြစ်သူ ရှဲ့ရွှန်း ကိစ္စပဲ ဖြစ်ရမယ်၊ အခြေအနေ သွားကြည့်ပြီးမှ ငါတို့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ကြတာပေါ့"
"ကောင်းပြီလေ"
ကျောက်မိန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ဤကိစ္စသည် ကျန်းဝူကျိအတွက် မည်မျှ အရေးကြီးကြောင်း သူမ သိသည်။ အခြားသူများကို လှည့်ဖြားပြီး ဂျပန်တွေဆီ လွှတ်လိုက်တာက ပြဿနာ မဟုတ်သော်လည်း ရှဲ့ရွှန်းက ကျန်းဝူကျိရဲ့ မွေးစားအဖေ ဖြစ်နေသည် မဟုတ်လား၊ ကျန်းဝူကျိအနေနှင့် သူ့ဖခင် အသတ်ခံရမှာကို ဘယ်လိုမှ ကြည့်နေနိုင်မည် မဟုတ်ပေ။
ကျန်းဝူကျိနှင့် အဖွဲ့သားများမှာ အလွန် လျင်မြန်စွာ လှုပ်ရှားခဲ့ကြသည်။ သူတို့ အရှေ့တောင်ကုန်းသို့ ရောက်သောအခါ ရှဲ့ရွှန်း နေထိုင်သည့် အခန်းတံခါးဝတွင် ရန်ရှောင်နှင့် ဖန့်ယောင်တို့ကို တွေ့လိုက်ရပြီး မြေပြင်ပေါ်တွင်လည်း အလောင်း နှစ်လောင်း ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအလောင်းများမှာ မျက်နှာများ ညိုမည်းကာ ခန္ဓာကိုယ်များ တောင့်တင်းနေကြရာ ဝေယိရှောက်၏ နှင်းခဲလက်ဝါးဒဏ်ကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
"ဂိုဏ်းချုပ်"
ကျန်းဝူကျိ ရောက်လာသည်ကို မြင်လျှင် အားလုံးက ချက်ချင်း အရိုအသေ ပေးကြသည်။ ကျန်းဝူကျိက လက်ဝေ့ယမ်းကာ ပြန်နှုတ်ဆက်ပြီးနောက် ဘာဖြစ်တာလဲဟု မေးလိုက်သည်။
ဝေယိရှောက်က ...
"ဒီလူနှစ်ယောက်က ရွှေမွေးခြင်္သေ့ဘုရင် ရှဲ့ရွှန်းရဲ့ ရန်သူတွေပါ၊ သူတို့က ကျောင်းထဲကို ခိုးဝင်လာပြီး လုပ်ကြံဖို့ ကြိုးစားတာနဲ့ ငါက တွေ့တာနဲ့ လက်ဝါးနှစ်ချက် ရိုက်ပြီး အပြတ်ရှင်းလိုက်တာ"
ကျန်းဝူကျိက ခေါင်းညိတ်လိုက်ပြီး -
"အလောင်းတွေကို အမြန် ဖယ်ရှားလိုက်ကြ၊ ငါ့ရဲ့ မွေးစားအဖေကိုတော့ အသိမပေးနဲ့ဦး၊ သူ သိသွားရင် စိတ်မကောင်း ဖြစ်နေလိမ့်မယ်" ဟု မှာကြားလိုက်သည်။
ယခုအခါ ရှဲ့ရွှန်းသည် အခန်းထဲတွင်သာ နေထိုင်ပြီး တရားဓမ္မများကိုသာ လေ့ကျင့်နေကာ အပြင်သို့ ထွက်လေ့မရှိပေ။ ဘေးကင်းရေးအတွက် သူ နေထိုင်သည့် နေရာကိုလည်း ဝင်းအကွယ်တွင် ထားရှိသဖြင့် ဝေယိရှောက် လူသတ်ခဲ့သည်ကို သူ သိရှိနိုင်မည် မဟုတ်ပေ။
"ဟုတ်ကဲ့ပါ"
ဝေယိရှောက်က ခေါင်းညိတ်ကာ အလောင်းနှစ်လောင်းကို မပြီး တောင်နောက်ဘက်တွင် သွားရောက် ဖျောက်ဖျက်ရန် ထွက်ခွာသွားတော့သည်။ ဝေယိရှောက်၏ လျင်မြန်လှသော ကိုယ်ဖော့ပညာကို ကြည့်ပြီး ကျန်းဝူကျိက သဘောကျလျက် ခေါင်းညိတ်မိသည်။ ဤကဲ့သို့ ကိစ္စမျိုးတွင် ဝေယိရှောက်ကို ယှဉ်နိုင်သူ မရှိသလောက်ပင် ဖြစ်ရာ သူ၏ အလျင်နှုန်းမှာ အမှန်တကယ်ပင် ချီးကျူးစရာ ကောင်းလှသည်။
ရန်ရှောင်က မေးသည်မှာ
"ဂိုဏ်းချုပ်၊ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ရှဲ့ရွှန်းကို ရန်ငြိုးထားတဲ့သူတွေ အများကြီး ရောက်လာကြတယ်၊ အခုတင် ရှောင်လင်ဂိုဏ်းကလည်း သူတို့ တပည့်တွေကို ဝတ်ပြုဆောင်မှာ စုဝေးခိုင်းနေပြီ၊ ဒါက ဒီကိစ္စကို တိုင်ပင်ဖို့ ဖြစ်ရမယ်"
ဖန့်ယောင်က နှာခေါင်းရှုံ့လျက် -
"ရှောင်လင်ဂိုဏ်းက သူတို့ကိုယ်တိုင် ဒီသတင်းကို အစကတည်းက ဖြန့်ခဲ့တာလေ၊ အပြင်လူတွေကို အသုံးချပြီး ငါတို့ကို အပြတ်ရှင်းချင်နေတာ၊ တကယ့်ကို ပါးနပ်တဲ့ အကွက်ပဲ" ဟု ဆိုသည်။
ထိုစကားကြောင့် လူတိုင်း၏ မျက်နှာများ မဲမှောင်သွားကြသည်။ ယင်းထျန့်ကျိန်းက
"ဂိုဏ်းချုပ်၊ ငါတို့က အဲဒီလူတွေကို မကြောက်ပါဘူး၊ ရှဲ့ရွှန်းက စိတ်ပျော့နေရင်တောင် ဒီအဖိုးကြီးကတော့ သူတို့အားလုံးကို အပြတ်ရှင်းပစ်ဖို့ အသင့်ပဲ၊ နောင်ရေး စိတ်အေးရအောင် အမြစ်ပြတ် သတ်ပစ်လိုက်မယ်" ဟု ဆိုလာသည်။
"အဖိုး... မလောပါနဲ့ဦး၊ ငါတို့ရဲ့ အစီအစဉ်က သူတို့ကို ဂျပန်တွေဆီ သွားပြီး သောင်းကျန်းခိုင်းဖို့လေ၊ အကုန်သတ်ပစ်လိုက်ရင် ငါတို့အတွက် ဘာအကျိုးရှိမှာလဲ၊ ငါတို့ မင်ဂိုဏ်းက ဒီမှာ အထိအခိုက် ခံစရာ မလိုပါဘူး"
ကျန်းဝူကျိက လက်ကာပြလျက် ဆက်ပြောသည်မှာ
"ရှောင်လင်ဂိုဏ်းက အခု ဒီကိစ္စကို တိုင်ပင်နေလောက်ပြီ၊ ပြီးရင်တော့ သိုင်းလောက အစည်းအဝေးတစ်ခု ခေါ်ပြီး ငါ့မွေးစားအဖေကို ရန်ငြိုးထားတဲ့သူတွေ အကုန်လုံးကို ဖိတ်ခေါ်လိမ့်မယ်၊ သူတို့ကတော့ ဖိအားတွေကို မခံနိုင်လို့ပါ ဆိုပြီး ငါတို့ကို လာပြောကြမှာပေါ့၊ ငါက စိတ်မြန်လက်မြန်နဲ့ အကုန်သတ်ပစ်လိမ့်မယ်လို့ သူတို့ ထင်နေကြတာ၊ အဲဒီကျရင် ငါကပဲ လူသတ်သမား ဖြစ်ပြီး ရှောင်လင်ကတော့ ဘာမှ မသိသလို ဘေးထိုင်ကြည့်နေမှာပေါ့"
ရှောင်လင်ဂိုဏ်း၏ အကြံအစည်မှာ ကျန်းဝူကျိ ရှေ့မှောက်တွင်မူ ကလေးကစားစရာကဲ့သို့ ဖြစ်နေကာ သူက ချက်ချင်း ထွင်းဖောက် မြင်နေသည်။
ရန်ရှောင်က "ဂိုဏ်းချုပ်၊ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ" ဟု မေးလိုက်သည်။
ကျန်းဝူကျိက ခပ်အေးအေး ပြုံးလိုက်ကာ
"စောင့်ကြတာပေါ့၊ ရှောင်လင်က လူတွေ ငါတို့ဆီ လာတွေ့ပြီး ဘာတွေ ဟန်ဆောင် ပြောမလဲဆိုတာ အရင်ကြည့်မယ်၊ အဲဒီနောက်မှ ငါတို့ အစီအစဉ်အတိုင်း ဆက်သွားမယ်၊ ဒီရန်သူတွေကို တခြားနေရာကို လမ်းလွှဲပစ်လိုက်တာက အကောင်းဆုံး နည်းလမ်းပဲ၊ အခု အစီအစဉ်ကို ငါ ရှင်းပြမယ်"
ကျန်းဝူကျိက ဘေးပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိသည်ကို အသေအချာ ကြည့်ပြီးနောက် ရန်ရှောင်နှင့် အခြားသူများကို အစီအစဉ်အားလုံး ပြောပြလိုက်သည်။
ရန်ရှောင်နှင့် အခြားသူများမှာလည်း ကျန်းဝူကျိ၏ အမိန့်ကို အပြည့်အဝ နာခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ခရမ်းရောင်ဝတ်စုံဝတ် နဂါးဘုရင်မ ဒိုက်ချီစီက ပြုံးလျက်...
"ဂိုဏ်းချုပ်ရဲ့ အစီအစဉ်က တကယ့်ကို ပါးနပ်လွန်းပါတယ်၊ အခုဆိုရင် အစ်ကိုကြီး ရှဲ့ရွှန်းရဲ့ ဘေးကင်းရေးကတော့ စိတ်ချသွားရပြီ" ဟု ဆိုသည်။
သူမ စကားပြောသည်ကို ကြားသောအခါ ကျန်းဝူကျိက ဒိုက်ချီစီကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် ခရမ်းရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားပြီး ဆံနွယ်ရှည်များက ဝဲဖြန့်ကျနေကာ အလွန်ပင် လှပလွန်းလှသည်။ ယခင်က အဘွားအိုအသွင် ဟန်ဆောင်ထားသဖြင့် ဤမျက်နှာလှလှလေးကို ဖုံးကွယ်ထားနိုင်ခဲ့ခြင်း ဖြစ်ရာ ဖန့်ယောင်တို့ အဖွဲ့မှာ သူမအပေါ် အဘယ်ကြောင့် စွဲလန်းခဲ့ကြသည်ကို နားလည်နိုင်ပေသည်။
ယခုအချိန်အထိ ဖန့်ယောင်မှာ ဒိုက်ချီစီနှင့် တွေ့လျှင် အနည်းငယ် စိတ်မလုံသလို ခံစားနေရဆဲ ဖြစ်သည်။ သူမကို တမင် ရှောင်ဖယ်မနေသော်လည်း အခြားသူများကဲ့သို့တော့ ရဲရဲဝံ့ဝံ့ မဆက်ဆံနိုင်ပေ၊ ဒါက ပထမဆုံး အချစ်ဦးအပေါ်ထားတဲ့ အစွဲအလမ်းကြောင့်ပင် ဖြစ်ရမည်။
ပြန်စဉ်းစားကြည့်လျှင် ဖန့်ယောင် မိမိမျက်နှာကို ဖျက်ဆီးခဲ့ခြင်းမှာ ဒိုက်ချီစီကြောင့် ရရှိခဲ့သော စိတ်ဒဏ်ရာနှင့် ဆက်စပ်နေပေလိမ့်မည်။ ဒိုက်ချီစီနှင့် ဟန်ချန်းယဲ့တို့ လက်ထပ်လိုက်စဉ်က သူမကို တစ်သက်လုံး တွေ့ရတော့မည် မဟုတ်ဟု ထင်မှတ်ကာ နှမြောတသခြင်း မရှိဘဲ မိမိကိုယ်မိမိ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ဒိုက်ချီစီက ကျန်းဝူကျိအပေါ် အမြဲတမ်း မျက်နှာချိုသွေးနေရခြင်းမှာ ကျန်းဝူကျိကို ကြောက်ရုံတင် မဟုတ်ပေ။ သူမနှင့် သူမ၏ ခင်ပွန်းဖြစ်သူမှာ ခန္ဓာကိုယ်ထဲသို့ အအေးအဆိပ်များ ဝင်ရောက်ကာ ဒဏ်ရာရခဲ့ဖူးသည်။ သူမ ခဏခဏ ချောင်းဆိုးနေရခြင်းမှာလည်း ထိုအအေးအဆိပ်ကြောင့်ပင် ဖြစ်သည်။
မူလက ထိုရောဂါကို ကုသပေးနိုင်သူမှာ ဟူချင်းနျူ တစ်ဦးတည်းသာ ရှိသော်လည်း ယခုအခါ သူ သေဆုံးသွားပြီ ဖြစ်ရာ ဟူချင်းနျူ၏ ပညာကို ဆက်ခံထားသည့် ကျန်းဝူကျိ တစ်ဦးတည်းသာ ကုသပေးနိုင်တော့သည်။ ထို့ကြောင့်လည်း ဒိုက်ချီစီက သူမ၏ နာတာရှည် ရောဂါကို ကုသပေးရန် ကျန်းဝူကျိကို မျက်နှာချိုသွေးနေရခြင်း ဖြစ်လေသည်။
အခန်း (၁၈၂) ကိုယ်ကျင့်တရားနဲ့ အကျပ်ကိုင်တာလား..... ငါ့ကိုတော့ မရဘူး
ထိုစဉ်မှာပင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်ကျန်း..... ခင်ဗျား ဒီမှာရှိနေတာ အတော်ပဲ ဒီအဘိုးကြီးမှာ ပြောစရာလေး ရှိလို့ပါ" ဟု ဆိုကာ လူအားလုံး လှမ်းကြည့်လိုက်ကြရာ ခုန်းဝမ် ၊ ခုန်းကျိ နှင့် ခုန်းရှင်း တို့ ဆရာတော် သုံးပါးမှာ သူတို့ထံသို့ အပြေးအလွှား လာနေကြသည်ကို တွေ့လိုက်ရသည်။
ကျန်းဝူကျိက သူတို့ကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ ရေရွတ်မိသည်။
"အလိုလေး..... ဒီနေ့တော့ ခုန်းဝမ်တစ်ယောက် တော်တော်လေး ဝတ်စားပြင်ဆင်လာပါလား။ သူ့ရဲ့ သင်္ကန်းက တကယ့်ကို ထင်ရှားပေါ်လွင်နေတာပဲ ကြည့်ရတာ တည်ငြိမ်ပြီး ခန့်ညားလွန်းတော့ တစ်ဖက်လူကိုတောင် လွှမ်းမိုးထားနိုင်သလိုပဲ" ဟု တွေးတောနေမိသည်။
"ပြီးခဲ့တဲ့အခေါက် တွေ့တုန်းကတော့ ဒီလောက် မပြင်ဆင်လာကြပါဘူး။ အဲဒီတုန်းက အလောတကြီး ဖြစ်နေလို့ သူတို့ သင်္ကန်းလဲချိန် မရခဲ့လို့ ဖြစ်ရမယ်။ အခုတော့ ဒီလောက်တောင် သေသေသပ်သပ် ဝတ်ထားတယ်ဆိုတော့ ရှောင်လင်ဂိုဏ်းချုပ်ရဲ့ ဂုဏ်သိက္ခာကို ထုတ်ပြချင်နေတာ သေချာတယ်" ဟု ကျန်းဝူကျိက ဆက်လက်တွေးနေမိသည်။
"ရှောင်လင်ကတော့ တကယ့်ကို ဂုဏ်ဒြပ်ကို အလေးထားတာပဲ အရာအားလုံးဟာ သုညပဲ ဆိုတဲ့ စကားက တကယ့် ဘုန်းကြီး စစ်စစ်တွေအတွက်ပဲ ဖြစ်မှာပါ။ ခုန်းဝမ်တို့လို လူတွေကတော့ စီးပွားရေးသမားတွေနဲ့ ပိုတူနေတာပဲ။ သူ့ကို ဆရာတော်ကြီးလို့ ခေါ်မယ့်အစား ခုန်းလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌကြီးလို့ ခေါ်လိုက်ရင်တောင် ခေတ်နောက်ကျနေဦးမှာ မဟုတ်ဘူး" ဟုလည်း တွေးမိသေးသည်။
သို့သော်လည်း ကျန်းဝူကျိကို ပို၍ ရယ်ချင်မိစေသည်မှာ ခုန်းကျိနှင့် ခုန်းရှင်းတို့ပါ အလွန် တည်ငြိမ်ခန့်ညားသော အသွင်ဖြင့် သေသေသပ်သပ် ပြင်ဆင်လာကြခြင်းဖြစ်သည်။
အထူးသဖြင့် ခုန်းရှင်းမှာ အသိသာဆုံးဖြစ်သည်။ ဤလူက ပင်ကိုယ်ကတည်းက စိတ်တိုတတ်ပြီး ပွင့်လင်းလွန်းသူဖြစ်ရာ ဘုန်းတော်ကြီးတစ်ပါး၏ အသွင်မျိုး လုံးဝမရှိပေ။ ယခုကဲ့သို့ အဆင့်မြင့်သင်္ကန်းကြီးကို ဝတ်ထားသည်မှာ မျောက်ကလေးကို သရဖူဆောင်းပေးထားသည့်နှယ် ဖြစ်နေသည်။ အထူးသဖြင့် ခုန်းရှင်း၏ အမြဲတမ်း စိတ်ဆိုးနေသည့် မျက်နှာပေးမှာ သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားနေရသဖြင့် မလိုလားအပ်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ ကျန်းဝူကျိမှာမူ သူသာ ပါးစပ်ဟလိုက်လျှင် "မင်းက အနာဂတ်ကို မြင်နေရပြီဆိုမှတော့ ငါ့ကို ဘာလို့ ဒူးမထောက်တာလဲ" ဟု ပြောထွက်သွားမည်ကိုပင် စိုးရိမ်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းဝူကျိက ထိုစိတ်ကို ထိန်းထားနိုင်ခဲ့သည်။ သို့မဟုတ်ပါက သူတို့ကို မြင်မြင်ချင်း ရယ်မိသွားလျှင် အတော်လေး အနေရခက်သွားပေလိမ့်မည်။ ကျန်းဝူကျိက မိန်းမရှုပ်တတ်သူ ဖြစ်သော်လည်း လက်ရှိတွင် သရုပ်ဆောင်နေရခြင်း ဖြစ်သဖြင့် ထားသင့်ထားထိုက်သည့် လေးစားမှုကိုတော့ ပေးထားရမည် ဖြစ်သည်။
တည်ငြိမ်ခန့်ညားသော အသွင်ဆောင်ထားသည့် ဆရာတော် သုံးပါးမှာ စိုးရိမ်တကြီး ပြေးလာကြသည်။ ခုန်းဝမ်က ဆိုသည်။
"ဂိုဏ်းချုပ်ကျန်း..... ရှဲ့ရွှန်းက ငါတို့ကျောင်းမှာ ရှိနေတယ်ဆိုတဲ့ သတင်းက ဘယ်လိုကနေ ဘယ်လို သိုင်းလောကထဲ ပျံ့သွားတယ်ဆိုတာ မသိရပါဘူး ။အခုဆိုရင် လက်စားချေချင်တဲ့သူတွေ အများကြီး ရောက်လာကြပြီ။ ငါတို့ကျောင်းကတော့ ဂိုဏ်းချုပ်ကျန်းကို အလုပ်မရှုပ်စေချင်လို့ ဒီကိစ္စကို အစွမ်းကုန် ဖုံးဖိထားခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ အော့မေ့ဂိုဏ်းချုပ် မြဲ့ကြွယ်ကပါ ဒီသတင်းကို ကြားသွားပြီး အတွင်းအားကျင့်ကြံရာကနေ ပြန်ထွက်လာပြီး ငါတို့ ရှောင်လင်ကျောင်းကို လာပြီး လက်စားချေမယ်လို့ ကြားလိုက်ရတယ်။ လက်စားချေမယ့်သူတွေ အများကြီးကို ရင်ဆိုင်ရတာကတော့ ဒီအဘိုးကြီးအတွက် တကယ့်ကို ထိန်းချုပ်ရ ခက်ခဲနေလို့ ဂိုဏ်းချုပ်ကျန်းကို အကျိုးအကြောင်း လာရှင်းပြရတာပါ" ဟု ဆိုသည်။
ခုန်းဝမ်က ဂိုဏ်းချုပ်တစ်ယောက်ပီပီ တကယ့်ကို တော်လှပါပေသည်။ သူပြောသမျှ စကားတိုင်းက ကျန်းဝူကျိကို ငဲ့ညှာလို့ ကျန်းဝူကျိ ကောင်းကျိုးကို ကြည့်လို့ တကယ်ကို မတတ်သာလို့ လုပ်ရတာပါ ဆိုသည့် ပုံစံမျိုး ဖြစ်နေသည်။
ဒီလိုမျိုး ဖိအားပေးလိုက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ပါ။ အသိတရား အနည်းငယ်ရှိသည့် သူတိုင်းက ရှောင်လင်ဂိုဏ်းကို အားနာသွားကြမည်ဖြစ်ပြီး ရှောင်လင်ကို အလုပ်မရှုပ်စေချင်တော့ဘဲ ကျေးဇူးတင်စကား ပြောကာ ရှောင်လင်ကနေ ထွက်သွားပြီး အန္တရာယ်ကို မိမိဘာသာ ရင်ဆိုင်ကြမည် မဟုတ်ပါလား။
ခုန်းဝမ်၏ မျက်နှာတွင် ခက်ခဲဟန်များ ပြည့်နေသော်လည်း စိတ်ထဲတွင်မူ ဒါဟာ သူတို့ကို ရှောင်လင်ကနေ နှင်ထုတ်ဖို့ အကောင်းဆုံး အချိန်ပဲဟု တွက်ချက်ထားလေသည်။ သူတို့က ကျေးဇူးကန်းတာ မဟုတ်ဘဲ ရှဲ့ရွှန်းက တကယ်ကို ပြဿနာအကြီးကြီး ဖြစ်နေလို့သာ ဖြစ်သည်။
ခုန်းဝမ်က စိတ်ထဲမှ တွေးနေသည်။ "တကယ်လို့ မင်းတစ်ယောက်တည်း လာတာဆိုရင်တော့ ငါတို့က စိတ်ရင်းနဲ့ ကြိုဆိုမှာပါ... ဒါပေမဲ့ အခုက ရှဲ့ရွှန်းဆိုတဲ့ အန္တရာယ်ကောင်ကြီးကို ပါလာတာဆိုတော့ ငါတို့ဘက်က မတရားသလို ဖြစ်နေရင်တောင် မင်းတို့ ဒီကနေ ထွက်သွားအောင် အကွက်ရွှေ့ရတော့မှာပဲ" ဟု ကြံစည်နေသည်။
ရန်ရှောင်နှင့် အခြားသူများမှာလည်း ခုန်းဝမ်တို့ အဖွဲ့က နောက်ကွယ်က ကြိုးကိုင်နေမှန်း သိထားကြပြီးသား ဖြစ်သည်။ ကျန်းဝူကျိ၏ စကားကို ကြားပြီးနောက်တွင်မူ သူတို့၏ ဂိုဏ်းချုပ်က အရာအားလုံးကို ကြိုတင်တွက်ဆထားနိုင်သည်ကို ပို၍ပင် အထင်ကြီးသွားကြတော့သည်။ ဒီခေါင်းပြောင် သူခိုးနှစ်ယောက်ကတော့ တကယ့်ကို စကားပြော ကောင်းလှပေသည်။
သို့သော်လည်း တစ်ဖက်က ကြည့်ပြန်လျှင် ခုန်းဝမ်တို့၏ သရုပ်ဆောင်မှုက အလွန်ပင် ကောင်းမွန်လှသည်။ ရန်ရှောင်တို့ပင်လျှင် ပြန်ပြောစရာ စကားလုံး ရှာမတွေ့တော့ပေ။ အကြောင်းမှာ သူတို့ပြောသည့် စကားလုံးများက အလွန်ပင် ယုတ္တိရှိနေသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ကျင့်တရားနှင့် အကျပ်ကိုင်ခြင်းမှာ တစ်ဖက်လူအတွက် ထွက်ပေါက် လုံးဝမရှိတော့ပေ။
ရန်ရှောင်တို့ ဘာမှ ပြန်မပြောနိုင်သည်ကို မြင်သောအခါ ခုန်းဝမ်တို့ အဖွဲ့မှာ အောင်ပွဲက သူတို့လက်ထဲ ရောက်ပြီဟု ယူဆကာ ဝမ်းသာသွားကြသည်။
နှမြောစရာ ကောင်းသည်မှာ သူတို့သည် ကျန်းဝူကျိက ဘယ်လိုလူစားမျိုးလဲဆိုတာ လုံးဝ မသိကြခြင်းပင်။ ကျန်းဝူကျိဆိုသည်မှာ အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက်ဆိုလျှင် ကျန်တာကို ဘာမှ ဂရုစိုက်သည့် လူစားမျိုး မဟုတ်ပေ။ "မျက်နှာနာတာလား၊ လူမှုရေးလား၊ အားနာတာလား ၊ လာပြီးနောက်နေတာလား" ဟုပင် တွေးမိသည်။
"ငါ ကျန်းဝူကျိသာ အဲဒီလို အရာတွေကို ဂရုစိုက်နေရင် ကမ္ဘာကြီးကို ဘယ်လို သိမ်းပိုက်နိုင်မှာလဲ မျက်နှာနာတတ်တဲ့ သူက ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ပါ့မလား အဲဒီလောက် အရည်အချင်းရော ရှိမှာလား" ဟု တွေးတောကာ "ကိုယ်ကျင့်တရားနဲ့ အကျပ်ကိုင်တာလား..... ငါကိုတော့ မရဘူး" ဟု ဆုံးဖြတ်လိုက်သည်။
ကျန်းဝူကျိက ခုန်းဝမ်၏ အကျပ်ကိုင်မှုကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ဆရာတော်ကြီး ခုန်းဝမ် ကျွန်တော်တို့က ရှောင်လင်ကျောင်းရဲ့ ဧည့်သည်တွေပဲလေ။ ဒါကြောင့် အိမ်ရှင် စီစဉ်ထားတဲ့အတိုင်း လိုက်နာရမှာပေါ့။ ရှောင်လင်ကျောင်းကို လာတဲ့လူတွေရဲ့ ကိစ္စကို ကျွန်တော်တို့က ဝင်စွက်ဖက်လို့ မရဘူးလေ။ ဆရာတော်တို့ပဲ ဖြေရှင်းလိုက်ပါ ကျွန်တော်တို့ကတော့ ဘာမှ မတတ်နိုင်ဘူး" ဟု ဆိုလိုက်သည်။
"ဟင်" ဟု ဆိုကာ ခုန်းဝမ်တို့ အဖွဲ့ မှာ ဆွံ့အသွားကြသည်။ "ဘာဖြစ်တာလဲ ခင်ဗျားက ဝင်မဖြေရှင်းဘူး ဟုတ်လား ဘာလို့ ငါတို့စီစဥ်ထားတဲ့အတိုင်း ဖြစ်မလာတာလဲ" ဟု တွေးနေကြသည်။
ခုန်းဝမ်နှင့် ခုန်းကျိတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ ခုန်းကျိက မအောင့်နိုင်တော့ဘဲ ရှေ့တိုးကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျန်း သူတို့က ငါတို့ ရှောင်လင်ကို လာကြတာ မှန်ပေမယ့် ရွှေမွေးခြင်္သေ့ဘုရင် ရှဲ့ရွှန်းအတွက် လာကြတာလေ ဒါက နောက်ဆုံးတော့ မင်ဂိုဏ်းရဲ့ ကိစ္စပဲ မဟုတ်လား ငါတို့ ရှောင်လင်ကျောင်းက ဘယ်လိုလုပ် ဒီတာဝန်ကို ထမ်းထားနိုင်မှာလဲ" ဟု ဆိုသည်။
"ရှောင်လင်က ဒီတာဝန်ကို ထမ်းပါလို့ ဘယ်သူက ပြောလို့လဲ လျှောက်မပြောပါနဲ့" ဟု ကျန်းဝူကျိက လက်နှစ်ဖက်ကို ဖြန့်ပြကာ ဆိုသည်။
"ကျွန်တော့်ရဲ့ မွေးစားအဖေနဲ့ သူ့ရန်သူတွေကြားက ကိစ္စကတော့ နောက်ဆုံးမှာ ဆရာတော်တို့လည်း ဝင်ပါလို့ မရသလို ကျွန်တော်တို့လည်း ဝင်ပါလို့ မရဘူး။ ဒါက သူ့အပေါ်မှာပဲ မူတည်တယ် ကျွန်တော်တို့က အခု ရှောင်လင်မှာ ဧည့်သည်အဖြစ် လာနေတာဆိုတော့ အိမ်ရှင် စီစဉ်တာကိုပဲ နာခံရမှာပေါ့။ ကိစ္စအားလုံးကို ရှောင်လင်ကပဲ ကိုင်တွယ်ဖြေရှင်းပါ။ ကျွန်တော်တို့ကသာ ဇွတ်ဝင်ပါမယ်ဆိုရင် ဒါက ရှောင်လင်ဂိုဏ်းကို စော်ကားရာ မရောက်ပေဘူးလား ကျွန်တော် ကျန်းဝူကျိက ဖြောင့်မတ်တဲ့သူ ဖြစ်လို့ အဲဒီလို ကိစ္စမျိုးတော့ ဘယ်တော့မှ မလုပ်ပါဘူး" ဟု ဆိုလိုက်သည်။
“အိမ်ရှင် စီစဉ်တာကို နာခံတယ် တဲ့..... ဖြောင့်မတ်တဲ့သူ တဲ့”
ခုန်းဝမ်၊ ခုန်းကျိ နှင့် ခုန်းရှင်း တို့သာမက ရန်ရှောင်တို့တောင် မနေနိုင်တော့ဘဲ မျက်နှာများ ရှုံ့မဲ့သွားကြသည်။ သူတို့ တစ်ခုခု ပြောချင်သော်လည်း ဘယ်သူမှ မပြောရဲကြပေ။ သူတို့အားလုံး စိတ်ထဲမှာ တစ်ပြိုင်နက် တွေးလိုက်မိသည်မှာ "ဒီလောက်အထိ အရှက်မရှိဘဲ မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေတာကတော့ ဒီလောကမှာ ပြိုင်ဘက်မရှိတော့ဘူး" ဟူ၍ ဖြစ်သည်။
ခုန်းကျိက ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ကျန်းဝူကျိက .....
"ဒါနဲ့ ကျွန်တော်တို့က ရှောင်လင်ကျောင်းရဲ့ ဧည့်သည်တွေပဲ မဟုတ်လား ။ တကယ်လို့ တစ်ယောက်ယောက်က ရှောင်လင်ရဲ့ ဧည့်သည်ကို လာနှောင့်ယှက်ရင် ရှောင်လင်က ဒီအတိုင်းပဲ ကြည့်နေမှာလား။ ဒါမှမဟုတ် ရှောင်လင်က ဧည့်သည်ကို ဘယ်တော့မှ ဂရုမစိုက်တတ်တာလား ကိစ္စတစ်ခုခု ဖြစ်လာရင် ခေါင်းရှောင်ဖို့ပဲ စဉ်းစားနေတာလား" ဟု ကျန်းဝူကျိက ဆိုသည်။
"တောက်" ဟု ခုန်းဝမ်နှင့် ခုန်းကျိတို့ တောက်တစ်ချက် ခေါက်မိလုနီးပါး ဖြစ်သွားသည်။ "တဖက်လူကို အပြစ်ပုံချတဲ့ နည်းလမ်းက ငါတို့ အတော်ဆုံး မဟုတ်ဘူးလား ခင်ဗျားက ဘယ်လိုလုပ် ဒါကို ပြန်သုံးနေရတာလဲ" ဟု ကြိတ်တွေးနေကြသည်။
သို့သော်လည်း ကျန်းဝူကျိ၏ စကားက တကယ့်ကို ထိရောက်လွန်းလှသည်။ ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ ဘာမှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားရသည်။ တကယ်လို့ ရှောင်လင်ဂိုဏ်းက ဧည့်သည်ကို တန်ဖိုးမထားဘူးဆိုတဲ့ သတင်းသာ ပျံ့သွားရင်တော့ တကယ့်ကို အရှက်ရစရာကြီး ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ရှောင်လင်၏ ဂုဏ်သိက္ခာမှာလည်း ထိုးဆင်းသွားမည် ဖြစ်ရာ ၎င်းတို့အနေဖြင့် ထိုကိစ္စကို လုံးဝ ခွင့်မပြုနိုင်ပေ။
ထိုစဉ် ကျန်းဝူကျိက ခပ်အေးအေးပဲ ဆက်ပြောလိုက်သည်။
"ဒါပေါ့လေ တကယ်လို့ ဆရာတော်တို့က ဧည့်သည်အပေါ် ဒီလောက်အထိ မလေးမစား လုပ်မယ်ဆိုရင်လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျန်းဝူကျိက မင်ဂိုဏ်းချုပ်တင် မကဘူး သိုင်းလောက မဟာမိတ်ခေါင်းဆောင်လည်း ဖြစ်တယ်။ ရှောင်လင်ဆိုတာလည်း ကျွန်တော့်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိတာ။ အဲဒီအချိန်ကျမှပဲ ဧည့်သည်ကို လျစ်လျူရှုတတ်တဲ့ ဆရာတော်တို့ရဲ့ အကျင့်ဆိုးကို ကျွန်တော် ပြင်ပေးရတာပေါ့" ဟု ဆိုသည်။
"ဟမ်" ဟု ဆိုကာ ယခုတော့ ခုန်းကျိနှင့် ခုန်းဝမ်တို့ တကယ်ကို ကြောက်သွားကြပြီ ဖြစ်သည်။ သူတို့ အမြဲတမ်း အကြောက်ဆုံးက ကျန်းဝူကျိ ရန်သူလို ဆက်ဆံလာမှာကိုဖြစ်ပြီး အခုတော့ ကျန်းဝူကျိက တကယ်ပဲ ရန်လိုလာသည့် ပုံစံမျိုး ဖြစ်နေသည်။ တကယ်လို့ ကျန်းဝူကျိသာ ဒေါသထွက်လာလျှင် ဒါက နောက်ပြောင်စရာ ကိစ္စ မဟုတ်တော့ပေ။ သူတို့ ရှောင်လင်က သူ့ကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။ ရင်ဆိုင်နိုင်စွမ်းသာ ရှိရင် အခုလို တာဝန်လွှဲချတဲ့ နည်းလမ်းကို သုံးမှာ မဟုတ်ချေ။
"ဂိုဏ်းချုပ်ကျန်း အထင်မလွဲပါနဲ့ ဒီအဘိုးကြီးက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး လုံးဝ မဟုတ်ရပါဘူး" ဟု ဆိုကာ ခုန်းကျိက အသံတုန်တုန်ယင်ယင်ဖြင့် ကျန်းဝူကျိကို အမြန် တောင်းပန်လိုက်ရသည်။
ခုန်းဝမ်ကလည်း အလောတကြီးဖြင့်
"ညီတော် ခုန်းကျိကလည်း ကိစ္စတွေ ပိုကြီးထွားလာပြီး လူတိုင်းအတွက် မကောင်းမှာ စိုးရိမ်လို့ ပြောမိတာပါ…. ဂိုဏ်းချုပ်ကျန်းကို လျစ်လျူရှုဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ဂိုဏ်းချုပ်ကျန်းတို့ အားလုံး ကျွန်တော်တို့ရဲ့ ကျောင်းလေးကို လာရောက်ချီးမြှင့်တာဟာ တကယ့်ကို ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ အားလုံး တကယ်ကို ဝမ်းသာနေကြတာပါ။ ဒါတွေက ဘယ်လိုလုပ် မဟုတ်မမှန် ဖြစ်နိုင်ပါ့မလဲ။ ဂိုဏ်းချုပ်ကျန်းက ကျွန်တော်တို့ကျောင်းက လူတိုင်း အလေးစားရဆုံး ပုဂ္ဂိုလ်ပဲ မဟုတ်လား" ဟု ဆိုသည်။
ကျန်းဝူကျိ၏ အသံနေအသံထား ပြောင်းသွားသည်ကို မြင်လျှင် ခုန်းဝမ်နှင့် ခုန်းကျိတို့၏ လေသံမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူတို့၏ စကားများမှာ ကျန်းဝူကျိက သူတို့ကို ရန်သူလို သဘောထားသွားမည်ကို စိုးရိမ်သဖြင့် မြှောက်လုံး ပင့်လုံးများဖြင့် ပြည့်နှက်နေတော့သည်။
အခန်း (၁၈၃) ရှောင်လင်ဂိုဏ်းကို အစီအစဉ်တကျ စီမံခန့်ခွဲခြင်း
"ဆရာတော်ကြီး ခုန်းဝမ်က အခုလိုပြောမှတော့ ကျွန်တော်လည်း တခြားဘာမှ မလုပ်တော့ပါဘူး"
ကျန်းဝူကျိ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားပြီးနောက် သူက ဆက်လက်ပြောဆိုသည်။
"ဒါဆိုရင် ဒီကိစ္စကို ဆရာတော်ကြီး ခုန်းဝမ်တို့ပဲ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုက်ပါတော့ ကျွန်တော်တို့ မင်ဂိုဏ်းကတော့ ဒီတစ်ကြိမ်မှာ ဒီကိစ္စထဲ ဝင်မပါတော့ဘူး"
ဤစကားကို ကြားသောအခါ ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ လုံးဝ ဆွံ့အသွားကြသည်။ သူတို့ ယခု ဘာဆက်လုပ်သင့်သနည်း။
အသေအချာ စီစဉ်ထားသည့် ကိုယ်ကျင့်တရားနှင့် အကျပ်ကိုင်မှုမှာ ဘာကြောင့် အလကား ဖြစ်သွားရသနည်း။ ကျန်းဝူကျိ ခင်ဗျားက ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်း ပျက်စီးသွားမှာကို တကယ်ပဲ မကြောက်ဘူးလား။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ကျန်းဝူကျိမှာ သူ၏ နာမည်ဂုဏ်သတင်း ပျက်စီးမည်ကို တကယ်ပင် မကြောက်ဟန် ရှိသည်။ သိုင်းလောကအတွင်း ကျန်းဝူကျိ၏ နာမည်မှာ ကောင်းသည်လည်း မဟုတ် ဆိုးသည်လည်း မဟုတ်ဘဲ အဖြူအမည်း မကွဲပြားသည့် အနေအထားတွင် ရှိနေသည်။ ကျန်းဝူကျိကို လူကောင်းတစ်ယောက်ဟု ဘယ်သူကများ တကယ်မှတ်ယူထားကြသနည်း။
သူသည် ဘာကိုမျှ ဂရုမစိုက်ဘဲ စိတ်ထင်တိုင်း လုပ်ဆောင်တတ်သည့် အရူးတစ်ယောက်မျှသာ ဖြစ်သည်။
၎င်းတို့နှင့် ဆန့်ကျင်ဘက်မှာမူ ရှောင်လင်ကျောင်းတော်သည် နာမည်ဂုဏ်သတင်း ပျက်စီးမည်ကို အလွန်ကြောက်ရွံ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်လင်ကျောင်းသည် ထိုနာမည်ဂုဏ်သတင်းကို အသုံးချ၍ စီးပွားရှာနေရသောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းတို့မှာ ကျန်းဝူကျိ၏ သိုင်းပညာစွမ်းရည်ကိုလည်း အလွန်ပင် ကြောက်ရွံ့နေကြသည်။
ရလဒ်အနေဖြင့် ၎င်းတို့မှာ ကျန်းဝူကျိကိုလည်း မပုန်ကန်ရဲဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်ရိုက်သည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ခုန်းကျိမှာမူ အတော်လေး မကျေမနပ် ဖြစ်နေသည်။ အမြဲတမ်း ချောမွေ့နေကျဖြစ်သည့် သူ၏ အကြံအစည်များမှာ ယခု ဘာကြောင့် အခက်အခဲနှင့် ကြုံနေရသနည်း။
ခုန်းကျိက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျန်း ဒီကိစ္စကို ပြန်ပြီး တိုင်ပင်ကြည့်သင့်တယ် မဟုတ်လား အော့မေ့ဂိုဏ်းချုပ် မြဲ့ကြွယ်နဲ့ ကုန်းထုံအဖိုးကြီး ငါးဦးတို့ အားလုံးက ရှဲ့ရွှန်းကို လက်စားချေဖို့ လာနေကြတယ်လို့ ပြောထားတယ်လေ ကျွန်တော်တို့က ကြားထဲမှာ ညှပ်နေလို့ တကယ်ကို ခက်ခဲနေလို့ပါ"
“ကြားထဲမှာ ညှပ်နေတာလား”
ကျန်းဝူကျိ၏ စိတ်ထဲတွင် ရုတ်တရက် ရာဂစိတ်နှိုးဆွသည့် မြင်ကွင်းတစ်ခု ပေါ်လာသဖြင့် သူက ခေါင်းကို အမြန်ခါလိုက်ပြီး ယခုအချိန်မှာ ထိုအရာများကို တွေးတောရမည့် အချိန်မဟုတ်ကြောင်း သတိပေးလိုက်မိသည်။
ကျန်းဝူကျိက အေးစက်စွာ ပြောလိုက်သည်.....
" မြဲ့ကြွယ် နဲ့ ကုန်းထုံအဖိုးအိုကြီးငါးဦး ဟုတ်လား သူတို့ ရောက်လာရင် ကျွန်တော် ကျန်းဝူကျိက ကျွန်တော့်ရဲ့ မွေးစားအဖေကို အထိခိုက်ခံမှာ မဟုတ်ဘူးလို့သာ ပြောလိုက်ပါ သူတို့ကမှ ပြဿနာရှာချင်သေးတယ်ဆိုရင် ကျွန်တော့်ဆီ လာတွေ့ခိုင်းလိုက်ပါ သူတို့ ဘာတတ်နိုင်မလဲဆိုတာ ကျွန်တော် ကြည့်ချင်သေးတယ်"
ဤစကားများ ထွက်လာပြီးနောက် ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။
“မင်းက အဲဒီလို ပြောလိုက်မှတော့ ငါတို့က ဘာလုပ်နိုင်ဦးမှာလဲ။
မြဲ့ကြွယ် ရော ကုန်းထုံအဖိုးကြီးငါးဦးပါ မင်းရဲ့ လက်ချက်ကို မိထားဖူးကြသူတွေပဲ။ သူတို့က မင်းကို ကြောက်နေကြတာ မင်းကို ဘယ်လိုလုပ် ဆန့်ကျင်ရဲမှာလဲ။
မြဲ့ကြွယ် ကတော့ သူမရဲ့ ခေါင်းမာတဲ့ အကျင့်ကြောင့် ဆန့်ကျင်ချင် ဆန့်ကျင်လိမ့်မယ် ဒါပေမဲ့ သူမက မင်းကို အနိုင်မတိုက်နိုင်တော့လည်း ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ဘူး။
ကုန်းထုံအဖိုးကြီးငါးဦး ဆိုရင်တော့ ဒီအတိုင်းပဲ လက်လျှော့လိုက်ကြမှာ သေချာတယ် ဘာပဲဖြစ်ဖြစ် သူတို့က တခြားလူတွေထက်စာရင် ပိုပြီး ရိုးသားကြသလို သစ္စာရှိတဲ့ စိတ်ဓာတ်လည်း ရှိကြတယ် သူတို့က မင်းအပေါ် ကျေးဇူးတင်နေကြသလို မင်းကိုလည်း တကယ်ကြောက်ကြတာလေ။”
ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ အလွန်ခက်ခဲသော အခြေအနေသို့ ရောက်သွားကြသည်။ ၎င်းတို့တွင် ကျန်းဝူကျိကို ကိုင်တွယ်နိုင်မည့် နည်းလမ်း လုံးဝမရှိတော့ပေ။
ကျန်းဝူကျိက ထပ်မံ ပြောကြားသည်။
"ခင်ဗျားတို့ တုံ့ဆိုင်းနေကြတာကို တွေ့နေရတယ် တခြား ဘာမေးစရာ ရှိသေးလို့လဲ ကုန်းထုံအဖိုးကြီးငါးဦးနဲ့ မြဲ့ကြွယ် ကို မထည့်ဘဲ ကျန်တဲ့ တခြားလူအုပ်စုလေးတွေကိုတောင် ခင်ဗျားတို့ မကိုင်တွယ်နိုင်တော့ဘူးလား"
ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ ဘာပြောရမှန်း မသိအောင် ထုံထိုင်းသွားကြသည်။ “ လူအုပ်စုလေးတွေ ဟုတ်လား ရှဲ့ရွှန်းမှာ ကမ္ဘာပေါ်မှာ ရန်သူ ဘယ်လောက်တောင် များလဲဆိုတာ မင်း သိရဲ့လား။
အဲဒီလူတွေ အကုန်လုံးသာ ပေါင်းလိုက်ရင် ငါတို့က မကိုင်တွယ်နိုင်တာတင် မကဘူး ရှောင်လင်ကျောင်းတော်ကြီးတောင် ပျက်စီးသွားနိုင်တယ် ငါတို့က ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ”
"ဂိုဏ်းချုပ်ကျန်း .......... ဒီအဘိုးကြီးအနေနဲ့ကတော့..."
ခုန်းဝမ်က ဆက်လက် ငြင်းဆိုရန် ကြိုးစားသော်လည်း သူ၏ စကားကို ကျန်းဝူကျိက လမ်းခုလတ်မှာပင် ဖြတ်ပြောလိုက်သည်။
ကျန်းဝူကျိက မေးလိုက်သည်။
"ကျွန်တော် မေးပါရစေ ကျွန်တော်က သိုင်းလောက မဟာမိတ်ခေါင်းဆောင် ဟုတ်သလား"
ခုန်းဝမ်နှင့် ခုန်းကျိတို့က ခေါင်းညိတ်ရင်း ပြန်ဖြေကြသည်။
"ဒါပေါ့ ဂိုဏ်းချုပ်ကျန်းက ဂိုဏ်းကြီးခြောက်ဂိုဏ်းအပေါ် ကျေးဇူးတရားတွေ အများကြီး ထားရှိခဲ့သလို သိုင်းပညာမှာလည်း ပြိုင်ဘက်မရှိတဲ့သူပဲ မဟုတ်လား။ မွန်ဂိုတွေကို မောင်းထုတ်ဖို့အတွက် သူရဲကောင်းတွေကို ဦးဆောင်ဖို့ ဂိုဏ်းချုပ်ကျန်းကို သိုင်းလောက မဟာမိတ်ခေါင်းဆောင်အဖြစ် ငါတို့အားလုံး အသိအမှတ်ပြုထားကြတာပါ ဘယ်သူမှ မကန့်ကွက်ရဲပါဘူး"
ဤကဲ့သို့ အရေးကြီးသော နိုင်ငံတော်အဆင့် ကိစ္စရပ်များကို ပြောဆိုရာတွင် ခုန်းဝမ်နှင့် ခုန်းကျိတို့၏ လေသံမှာလည်း ပို၍ အလေးထားလာသည်။
ကျန်းဝူကျိက ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ မေးမြန်းသည်။
"ဒါဆိုရင် ခင်ဗျားတို့ရဲ့ ရှောင်လင်ဂိုဏ်းက အလယ်ပိုင်းဒေသ သိုင်းလောကရဲ့ အစိတ်အပိုင်း တစ်ခုပဲ မဟုတ်လား ဒါဆိုရင် ကျွန်တော့်ရဲ့ အမိန့်ကို နာခံရမှာပေါ့"
ခုန်းဝမ်နှင့် ခုန်းကျိတို့က ဆက်လက် ခေါင်းညိတ်ကြရင်း ဆိုသည်။
"ငါတို့ ရှောင်လင်ဂိုဏ်းက အလယ်ပိုင်းဒေသမှာ မျိုးဆက်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ ဂိုဏ်းကြီးတစ်ခုပဲ။ အလယ်ပိုင်းဒေသ သိုင်းလောကရဲ့ အစိတ်အပိုင်း မဟုတ်ဘဲ ဘယ်လိုလုပ် နေမှာလဲ။ ငါတို့ ရှောင်လင်ဂိုဏ်းက ဂိုဏ်းချုပ်ကျန်းဆီက ကျေးဇူးတရားတွေ အများကြီး ရရှိထားသလို ကျောင်းတော် တစ်ခုလုံးကလည်း ဂိုဏ်းချုပ်ကျန်းရဲ့ သိုင်းစွမ်းရည်ကို လေးစားကြပါတယ်။ ဂိုဏ်းချုပ်ကျန်းကို သိုင်းလောက မဟာမိတ်ခေါင်းဆောင်အဖြစ် တင်မြှောက်တုန်းကလည်း ငါနဲ့ ငါ့ရဲ့ ညီအစ်ကိုတွေ ကိုယ်တိုင် ရှိနေခဲ့တာပဲ မဟုတ်လား ။အလယ်ပိုင်းဒေသ သိုင်းလောကရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ရှောင်လင်ဂိုဏ်းက သိုင်းလောက မဟာမိတ်ခေါင်းဆောင်ရဲ့ စေခိုင်းမှုကို နာခံရမှာပေါ့"
"ဒါဆိုရင် ကိစ္စက ပြီးပြီ မဟုတ်လား"
ကျန်းဝူကျိက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
"ဒါဆို သေချာနားထောင်ပါ။ ကျွန်တော်က အလယ်ပိုင်းဒေသ သိုင်းလောက မဟာမိတ်ခေါင်းဆောင် အနေနဲ့ ခင်ဗျားတို့ ရှောင်လင်ဂိုဏ်းကို အမိန့်ပေးလိုက်တယ်။ လက်စားချေဖို့ လာတဲ့လူတွေကို ခင်ဗျားတို့ တားဆီးရမယ်။ အဲဒီလူတွေကို သတ်မှာလား နှိပ်စက်မှာလား ဆိုတာကို ခင်ဗျားတို့ ရှောင်လင်ဂိုဏ်းကပဲ ကိုယ်တိုင် ဆုံးဖြတ်နိုင်ခွင့် ပေးလိုက်တယ်။ ကျွန်တော့်ဆီ အစီရင်ခံစရာ မလိုဘူး"
“ဟင်..... ဒီလိုမျိုးကြီး လုပ်လို့ရတာလား”
ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ ဆွံ့အသွားကြသည်။ ကျန်းဝူကျိက သိုင်းလောက မဟာမိတ်ခေါင်းဆောင် အကြောင်းကို အဖန်ဖန် မေးမြန်းနေသည်မှာ ဤသို့ လုပ်ဆောင်ရန်အတွက် ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
သူတို့မှာ ထိုနေရာတွင်ပင် ကျိန်ဆဲချင်စိတ်များ ပေါက်သွားကြသည်။ မင်းက ငါတို့ကို အသက်ပေးပိုင်ခွင့် သတ်ပိုင်ခွင့် ပေးတယ် ဟုတ်လား။ ငါတို့က ဘာလုပ်ရမလဲဆိုတာ ကိုယ့်ဘာသာ မသိဘူးများ မှတ်နေလား။ မင်းဆီက ခွင့်တောင်းဖို့ လိုလို့လား။
ပြီးတော့ အဲဒီလူတွေကို စိတ်တိုင်းကျ သတ်နိုင် နှိပ်စက်နိုင်တယ် ဟုတ်လား ငါတို့ ရှောင်လင်ဂိုဏ်းက သန့်ရှင်းစင်ကြယ်တဲ့ ဗုဒ္ဓဘာသာ နယ်မြေပါ လူတွေကို စိတ်ထင်သလို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ မကောင်းမှုတွေ အများကြီး လုပ်ထားတဲ့ လူတွေကိုတောင် ငါတို့က တစ်ချက်တည်းနဲ့ သတ်ချင်မှ သတ်တာလေ။ အခု လက်စားချေဖို့ လာတဲ့လူတွေက ဘာအမှားမှ လုပ်ထားတာ မဟုတ်ဘူး။ မင်းကသာ ငါတို့ကို လူသတ်ခိုင်းနေတာ။ ဒါက ငါတို့ ရှောင်လင်ဂိုဏ်းကို သိုင်းလောက တစ်ခုလုံးရဲ့ ရန်သူ ဖြစ်အောင် လုပ်နေတာ မဟုတ်လား။”
ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ မအောင့်နိုင်တော့ဘဲ ကျန်းဝူကျိက အလွန် ရက်စက်လွန်းလှသည်၊ သူတို့ ရှောင်လင်ဂိုဏ်းကို လုံးဝ အကျပ်ကိုင်နေခြင်း ဖြစ်သည်ဟု တွေးတောမိကြသည်။
၎င်းတို့မှာ တစ်ခုခု ထပ်ပြောရန် ကြိုးစားသော်လည်း ကျန်းဝူကျိ၏ မျက်နှာအမူအရာမှာ အလွန် အေးစက်နေပြီး သူ၏ မျက်ဝန်းများအတွင်းတွင်လည်း သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ချက်ချင်းပင် ထိတ်လန့်သွားကြပြီး ပြောမည့် စကားလုံးများကို ပြန်လည် မျိုချလိုက်ရတော့သည်။
၎င်းတို့မှာ တကယ့်ကို ထုံထိုင်းသွားကြသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
"ကောင်းပါပြီ မဟာမိတ်ခေါင်းဆောင်က အမိန့်ပေးပြီဆိုမှတော့ ငါတို့ ရှောင်လင်ဂိုဏ်းက နာခံရမှာပေါ့"
ခုန်းဝမ်သည် ထိုစကားများကို မည်သို့ ပြောလိုက်မိမှန်းပင် မသိတော့ပေ။ သူသည် ငိုနေသည်ထက် ပို၍ ရုပ်ဆိုးသော အပြုံးတစ်ခုကို ပြသရင်း ကျန်းဝူကျိကို လက်အုပ်ချီ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
ခုန်းကျိနှင့် အခြားသူများမှာလည်း ၎င်း၏ နောက်မှ လိုက်သွားကြသည်။
ဤတစ်ကြိမ်တွင်မူ သူတို့သည် “မိမိမတင်နိုင်သည့် ကျောက်တုံးကို မ၍ မိမိခြေထောက်ပေါ် မိမိ ပြန်ချမိခြင်း” ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ်လဲ ဆိုသည်ကို ကောင်းကောင်း နားလည်သွားကြပြီ ဖြစ်သည်။
"အစ်ကိုကြီး ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ခုန်းကျိမှာ ငိုချင်စိတ်ပင် ပေါက်နေသည်။ သို့သော်လည်း ကျန်းဝူကျိတို့ ကြားသွားမည်ကို စိုးရိမ်သဖြင့် ဝေးဝေးသို့ ရောက်မှသာ ခုန်းဝမ်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ခုန်းဝမ်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါတွေက မင်းရဲ့ စဉ်းစားဆင်ခြင်မှု မရှိတဲ့ အကြံဉာဏ်တွေကြောင့် မဟုတ်ဘူးလား။ အခုတော့ ကြည့်စမ်း ငါတို့ ရှောင်လင်ကျောင်းက အကျပ်ရိုက်ကုန်ပြီ။ အမိန့်ကို မနာခံရင်လည်း ကျန်းဝူကျိက ဒေါသထွက်လိမ့်မယ်။ အမိန့်ကို နာခံပြန်ရင်လည်း ငါတို့က သိုင်းလောက တစ်ခုလုံးရဲ့ ရန်သူ ဖြစ်ကုန်တော့မယ် ငါတို့ ဘာလုပ်ရမလဲ"
“ဟင်.... ငါ့ကို လာပုံချနေတာလား”
ခုန်းကျိမှာ ငိုချင်စိတ် ပေါက်လာပြီး .....
"အစ်ကိုကြီး အရာအားလုံးကို ငါ့အပေါ်မှာပဲ ဘာလို့ ပုံချနေတာလဲ ဒီကိစ္စကို ငါတို့ နှစ်ယောက်စလုံး ဆုံးဖြတ်ခဲ့ကြတာ မဟုတ်လား အခုတော့ ငါတို့က ခက်ခဲတဲ့ အခြေအနေကို ရောက်နေပြီ ဘာလုပ်ကြမလဲ"
ခုန်းဝမ်က ခေါင်းခါလိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း ရှုပ်ထွေးနေသည်။ ဘယ်ဖက်က လူတွေကိုမှ သူတို့ မပြစ်မှားရဲပေ၊ ဒါဟာ အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ ကိစ္စဖြစ်သည်။
ညီအစ်ကို နှစ်ဦးမှာ တစ်ဦးကို တစ်ဦး ကြည့်ရင်း မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်များကို မြင်နေကြရသည်။
အမှန်တကယ်တွင် ထိုလက်စားချေမည့် လူအုပ်စုမှာ ယနေ့ပင် တစ်ကြိမ် ပြဿနာရှာခဲ့ကြပြီး ဖြစ်သည်။ သူတို့က ရှောင်လင်ကျောင်းကိုလည်း မပြစ်မှားရဲသလို မင်ဂိုဏ်းကိုလည်း မပြစ်မှားရဲကြပေ။ အစွန်းရောက်နေသူ အနည်းငယ်မှလွဲ၍ ကျန်လူအများစုမှာ ရှောင်လင်ကျောင်းကိုသာ ဖိအားပေးရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ခုန်းဝမ်မှာလည်း ဤကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ လက်စားချေမည့်သူ အရေအတွက်မှာလည်း တဖြည်းဖြည်း တိုးလာဦးမည် ဖြစ်သည်။ သူ ဘာလုပ်သင့်သနည်း။
အတော်ကြာ စဉ်းစားပြီးနောက် ခုန်းဝမ်၏ စိတ်ထဲတွင် ရုတ်တရက် အကြံတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
"မြဲ့ကြွယ်က ပွင့်လင်းတဲ့ စိတ်ဓာတ်ရှိသလို အာဏာကိုလည်း ဘယ်တော့မှ မကြောက်တတ်ဘူး ရှဲ့ရွှန်းက သူမရဲ့ မောင် ဖန်းဖိန်ကို သတ်ခဲ့တာဆိုတော့ ဒီရန်ငြိုးက လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး မြဲ့ကြွယ် ရောက်လာတဲ့အခါ ရှောင်လင်ကျောင်းရဲ့ အခက်အခဲက ပြေလည်သွားနိုင်ကောင်းပါရဲ့"
အခန်း (၁၈၄) ခုန်းဝမ်၏ အကြံသစ်
“အစ်ကိုကြီး ဘာကို ဆိုလိုတာလဲ” ဟု ခုန်းကျိသည် ခုန်းဝမ်ကို ကြည့်ကာ မျက်နှာသေဖြင့် မေးလိုက်သည်။ ယခုအချိန်တွင် သူသည် သူ၏ဘွဲ့နာမည်နှင့် ဉာဏ်ပညာများ ဆိတ်သုဉ်းနေသည့်အလား အမှန်တကယ်ပင် ဘာမျှ စဉ်းစားမရဖြစ်နေချေသည်။
ခုန်းဝမ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး ပြောသည်။
"မင်း မေ့နေပြီလား အခု အော့မေ့ဂိုဏ်းချုပ်ဖြစ်တဲ့ ကျိုးကျစ်လော့နဲ့ ဂိုဏ်းချုပ်ကျန်းတို့က တော်တော်လေး ပတ်သက်မှုရှိတာလေ"
တကယ်လို့ ကျန်းဝူကျိသာ ဤစကားကို ကြားလျှင် သူသည် ကျိန်းသေပေါက် ငြင်းဆိုပေလိမ့်မည်။ ပတ်သက်မှုရှိသည်ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ သူသည် ဘာမျှပင် မကြိုးစားရသေးချေ။
ခုန်းကျိသည် ထိုစကားကို ကြားသောအခါ ကြောင်အသွားပြီးမှ ရိုးအစွာ ပြန်မေးသည်။
"ဒါက ဘာကို ဆိုလိုတာလဲ ကျိုးကျစ်လော့နဲ့ ကျန်းဝူကျိရဲ့ ဆက်ဆံရေးက ထူးခြားတာ မှန်ပေမယ့် ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ"
"မင်းကတော့ တုံးလိုက်တာ" ဟု ခုန်းဝမ်က အတန်ငယ် စိတ်ပျက်သွားပြီး ပြောလိုက်သည်။
"စဉ်းစားကြည့်စမ်း ကျန်းဝူကျိက ရက်စက်တယ်ဆိုပေမယ့် သူ့ဘေးက မိန်းကလေးတွေအပေါ်မှာတော့ ထူးထူးခြားခြား ကောင်းတာ မင်းအသိပဲ မဟုတ်လား တော်ဝင်မျိုးနွယ်တွေတောင် ဒီကိစ္စမှာ သူ့ကို မယှဉ်နိုင်ဘူး ဒါက ဘာကို ပြနေတာလဲ ဆိုတော့ သူက သူ့မိန်းကလေးတွေကို တအား တန်ဖိုးထားတာကို ပြနေတာပေါ့"
"ထပ်ပြီး စဉ်းစားကြည့်... ကျိုးကျစ်လော့နဲ့ ကျန်းဝူကျိတို့ကြားမှာ နက်ရှိုင်းတဲ့ ပတ်သက်မှုရှိတာကတော့ အထူးပြောနေစရာ မလိုဘူး။ မြဲ့ကြွယ်က ကျိုးကျစ်လော့ရဲ့ ဆရာဖြစ်နေတယ်။ တကယ်လို့ မြဲ့ကြွယ်နဲ့ ကျန်းဝူကျိတို့ ထိပ်တိုက်တွေ့ရင် ကျန်းဝူကျိက တခြားသူတွေကို ဆက်ဆံသလို သူမကို ဆက်ဆံမှာ မဟုတ်ဘူး။ ကျိုးကျစ်လော့ စိတ်မကောင်းဖြစ်မှာကို စိုးရိမ်တာကြောင့် မြဲ့ကြွယ်ကို သူ အစွမ်းကုန် ပြန်တိုက်မှာ မဟုတ်ဘူး"
"နောက်ပြီး မြဲ့ကြွယ်က ကုန်းထုံအဖိုးကြီးငါးဦးနဲ့ မတူဘူး။ ပြောရမှာတော့ ရှက်စရာတော့ကောင်းတယ်။ ငါ့ရဲ့ သိုင်းပညာက မြဲ့ကြွယ်ထက် သာတယ်ဆိုတာ ငါ ယုံကြည်ပေမယ့် ကိုယ်ကျင့်တရားပိုင်းမှာတော့ ငါက သူမကို မမီနိုင်ဘူး။ မြဲ့ကြွယ်ကတော့ တကယ်ကို ဘယ်သူ့ကိုမှ မကြောက်တဲ့သူ။ ကျန်းဝူကျိတောင်မှ မြဲ့ကြွယ်ကို ဖိနှိပ်လို့ ရမှာမဟုတ်ဘူး"
"အဲဒီအချိန်ကျရင် မြဲ့ကြွယ်က သူမရဲ့ မောင်လေး ဖန်းဖိန်အတွက် ဘယ်လိုနည်းနဲ့မဆို လက်စားချေဖို့ ကြိုးစားမှာပဲ။ ကျန်းဝူကျိက မြဲ့ကြွယ်လို ခေါင်းမာတဲ့သူမျိုးနဲ့ တွေ့ရင် ကျိုးကျစ်လော့ရဲ့ မျက်နှာကြောင့် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဘာမှ လုပ်မရတဲ့အဆုံး ကျန်းဝူကျိက သူ့လူတွေကို ခေါ်ပြီး မြဲ့ကြွယ်နဲ့ မတွေ့အောင် ရှောင်သွားရုံပဲ ရှိတော့တယ်။ သူတို့သာ ငါတို့ ရှောင်လင်ကျောင်းကနေ ထွက်သွားရင် ငါတို့ ရှောင်လင်ရဲ့ အခက်အခဲကလည်း အလိုလို ပြေလည်သွားမှာပေါ့"
တကယ့်ကို ပြောင်မြောက်လှပေသည်။
ခုန်းကျိသည် သူ့ အစ်ကိုကြီး၏ စေ့စေ့စပ်စပ် တွေးတောမှုကို ကြားပြီးနောက် မျက်လုံးများ ပြူးသွားကာ သူ၏ အစ်ကိုကြီးမှာ တကယ့်ကို တော်ပါပေသည်ဟု ချီးကျူးလိုက်သည်။
ရှောင်လင်ကျောင်းတော်၏ လက်ရှိ ပြဿနာများမှာ အဓိကအားဖြင့် လက်စားချေမည့်သူများကြောင့် ဖြစ်ပြီး ယင်းမှာ ၎င်းတို့ ကိုယ်တိုင် ပြန်လည် ခံစားနေရသည့် ရလဒ်ဖြစ်သည်ကို သူတို့ ကောင်းကောင်း သိကြသည်။ သို့သော်လည်း အရင်းခံ အကြောင်းတရားမှာ ကျန်းဝူကျိနှင့် ရှဲ့ရွှန်းတို့၏ ကိစ္စဖြစ်ပြီး ယင်းကို မည်သူမျှ မဖြေရှင်းနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျန်းဝူကျိကို မရင်ဆိုင်ရဲဘဲ ရိုရိုသေသေသာ ပြုစုနေရသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ကျန်းဝူကျိနှင့် သူ၏အဖွဲ့ကို ထွက်သွားအောင် လုပ်နိုင်လျှင် အထူးသဖြင့် ရှဲ့ရွှန်းကို ဖယ်ရှားနိုင်လျှင် ရှောင်လင်ကျောင်းတော်အတွက် အရေးအကြီးဆုံး ကိစ္စပင် ဖြစ်ချေသည်။
တကယ်လို့ ခုန်းဝမ် ပြောသလို ဖြစ်လာခဲ့လျှင် ကျန်းဝူကျိကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ကျန်းဝူကျိသည် သူ၏ မိန်းကလေးရှေ့တွင် ရက်စက်နိုင်မည် မဟုတ်သဖြင့် မြဲ့ကြွယ်၏ အကွက်ထဲတွင် လုံးဝ အရေးနိမ့်သွားပေလိမ့်မည်။ ယင်းမှာ အလွန်ပင် ယုတ္တိရှိလှသည်။
ထိုအချိန်တွင် ဖိအားပေးခြင်း ခံရပါက သူသည် ထွက်ပြေးရုံမှလွဲ၍ ဘာလုပ်နိုင်ဦးမည်နည်း။ အလျှော့မပေးဘဲ နေမည်လား။ ထိုသို့ဖြစ်ရန် မဖြစ်နိုင်ချေ။ မြဲ့ကြွယ်သည် အခွင့်အရေး ရသည်နှင့် လူသတ်မည့်သူ ဖြစ်သည်။ ကျန်းဝူကျိသည် သူမကို တစ်နေ့လုံး ကြည့်နေရရုံနှင့်ပင် စိတ်ညစ်သွားပေလိမ့်မည်။
"အစ်ကိုကြီး ခင်ဗျားက တကယ်ကို တော်ပါပေတယ်။ ဒါကြောင့်လည်း ခင်ဗျားက ဂိုဏ်းချုပ် ဖြစ်နေတာပေါ့" ဟု ခုန်းကျိသည် ယခုအခါ ခုန်းဝမ်ကို အလွန်ပင် အထင်ကြီးသွားတော့သည်။ သူသည် အစောပိုင်းက ခုန်းဝမ်မှာ သူ့ထက် ဘာမျှ ပိုတော်သည်ဟု မထင်ရဘဲ ဘာကြောင့် ဂိုဏ်းချုပ် ဖြစ်နေသနည်းဟု တွေးတောမိခဲ့ဖူးသည်။
ယခုကြည့်ရသည်မှာ သူ၏ အတွေးမှားသွားခြင်း ဖြစ်ချေသည်။ အစ်ကိုကြီးဆိုသည်မှာ အမြဲတမ်း အစ်ကိုကြီးပင် ဖြစ်သည်။ သူသည် တကယ်ကို လိမ္မာပါးနပ်လှပေသည်။
ခုန်းဝမ်သည် ချီးကျူးစကားများကြောင့် ကျေနပ်စွာ ပြုံးလိုက်ပြီး ပြောသည်။
"ငါ့ရဲ့ အကြံက မဆိုးဘူး မဟုတ်လား မြဲ့ကြွယ် ရောက်လာတဲ့အခါ ရှောင်လင်ဂိုဏ်းနဲ့ ဘာမှ မဆိုင်တော့ဘူး မြဲ့ကြွယ်နဲ့ ကျိုးကျစ်လော့တို့က ကျန်းဝူကျိကို ကိုင်တွယ်လိမ့်မယ် အဲဒီအခါ အခွင့်အရေးက ငါ့လက်ထဲ ရောက်လာမှာပေါ့"
"အစ်ကိုကြီးရဲ့ အမြင်က တကယ့်ကို ထက်မြက်လှပါတယ်" ဟု ခုန်းကျိက ချက်ချင်းပင် လက်မထောင်၍ ချီးကျူးလိုက်သည်။ ဤအပြုအမူမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးအတွက် လောကီဆန်လွန်းသော်လည်း သူ၏ စိတ်ထဲက လေးစားမှုကိုတော့ မထိန်းနိုင်တော့ချေ။
ခုန်းဝမ်လည်း ကျေနပ်စွာ ပြုံးလိုက်သည်။ ဤအဘိုးကြီး၏ ဦးနှောက်က အလကား မဟုတ်ကြောင်း သူက တွေးနေမိသည်။ ဤကဲ့သို့ အစီအစဉ်မျိုးဖြင့် ကျန်းဝူကျိက ဘာပဲလုပ်လုပ် မာနထောင်လွှားနိုင်ဦးမည်လား။
ပြောရလျှင် ဤအကြံသည် ကွမ်မင်တောင်ထိပ်တွင် မြဲ့ကြွယ်က ကျိုးကျစ်လော့ကို ကျန်းဝူကျိနှင့် ရင်ဆိုင်ခိုင်းခဲ့သည့် မြင်ကွင်းကို ပြန်လည် အမှတ်ရ ရာမှ ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။ ထိုစဉ်က ကျန်းဝူကျိသည် ကျိုးကျစ်လော့၏ လက်ထဲတွင် သေရလျှင်ပင် ကျေနပ်ပါသည်ဟု ပြောခဲ့ဖူးချေသည်။
ထိုစဉ်က ၎င်းတို့မှာ ဘေးမှ ကြည့်နေသူများသာ ဖြစ်သော်လည်း ဘုန်းကြီးများပင်လျှင် အတင်းအဖျင်း ကိစ္စများကို စိတ်ဝင်စားတတ်ကြသည်။ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့၏ ပတ်သက်မှုမှာ ထူးခြားလှပြီး သူသည် ကျိုးကျစ်လော့အတွက် အသက်ပင် ပေးဝံ့သည်အထိ ဖြစ်ကြောင်း သူ မှတ်မိနေသည်။ ထိုသို့သော အမှတ်ရမှုမှတစ်ဆင့် သူသည် ဤကဲ့သို့သော အစီအစဉ်ကို ရေးဆွဲနိုင်ခဲ့ခြင်း ဖြစ်ချေသည်။ ခုန်းဝမ်သည် သူ၏ ပါးနပ်မှုကို အလွန်ပင် ကျေနပ်နေမိသည်။
သူနှင့် ခုန်းကျိတို့ ဝမ်းသာအားရ ဖြစ်နေကြစဉ်မှာပင် ဘေးနားရှိ ခုန်းရှင်းက မျက်လုံးအစုံကို လှန်ကြည့်လိုက်သည်။
"အစ်ကိုကြီးတို့ နှစ်ယောက်လုံး လုပ်နေတဲ့ အလုပ်က တကယ့် လူကြီးလူကောင်းတွေရဲ့ အပြုအမူမျိုး လုံးဝ မရှိဘူး ရှောင်လင်ကျောင်းတော်ကို အရှက်ရစေတယ်"
ခုန်းရှင်း၏ စရိုက်မှာ အလွန်ပင် ပွင့်လင်းလှသည်။ သူသည် ကျန်းဝူကျိ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေခြင်းကြောင့်ရော ဖြေရှင်းနည်း ရှာဖွေနေခြင်းကြောင့်ပါ အစောပိုင်းက ဘာမျှ မပြောဘဲ အောင့်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ခုန်းဝမ်နှင့် ခုန်းကျိတို့၏ ဖြေရှင်းနည်းကို ကြားရသောအခါ သူ့ အစ်ကိုကြီး နှစ်ယောက်၏ လုပ်ရပ်မှာ အမှန်တကယ်ပင် မကောင်းဟု ခံစားရသဖြင့် မနေနိုင်ဘဲ ပြောထွက်သွားခြင်း ဖြစ်ချေသည်။
ကျေနပ်အားရနေသည့် ခုန်းဝမ်နှင့် ခုန်းကျိတို့သည် သူ၏ စကားကြောင့် ချက်ချင်းပင် ကိုယ်ဟန်များ တောင့်တင်းသွားကြသည်။ ခုန်းဝမ်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီးနောက် တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ညီလေး ခုန်းရှင်း မင်းက ဘယ်လိုလုပ် အဲဒီလို ပြောနိုင်ရတာလဲ"
ခုန်းကျိကလည်း ဝင်ပြောသည်။ "ဟုတ်တယ်..... ဟုတ်တယ်..... ညီလေး ခုန်းရှင်း ငါတို့က ရှောင်လင်ဂိုဏ်းကို ပြန်လည် ကြီးကျယ်လာအောင် အစွမ်းကုန် ကြိုးစားနေတာပါ ကိုယ်ကျိုးအတွက် လုံးဝ မပါဘူး။ မင်း အဲဒီလို ပြောလိုက်တာက ငါတို့ရဲ့ စိတ်ကို ထိခိုက်စေတယ် မဟုတ်လား နောက်ပြီး ငါတို့က ဘုန်းကြီးတွေပဲ။ လူကြီးလူကောင်းတွေ မဟုတ်ဘူး အများကြီး တွေးနေဖို့ မလိုပါဘူး"
ခုန်းရှင်းက မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ "အစ်ကိုတို့က ကိစ္စတွေကို စဉ်းစားတဲ့အခါ အကြံအဖန်တွေကိုပဲ အမြဲ သုံးနေမယ်ဆိုရင် နောင်တစ်ချိန်မှာ ဗုဒ္ဓရဲ့ စိတ်နှလုံးကို ဆုံးရှုံးသွားပြီး ဗုဒ္ဓနဲ့လည်း တွေ့ရမှာ မဟုတ်တော့ဘူးလို့ ငါ စိုးရိမ်မိတယ်"
ခုန်းဝမ်နှင့် ခုန်းကျိတို့သည် ထိုစကားကို ကြားသောအခါ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားကြသည်။ အမှန်အတိုင်း ပြောရလျှင် သူတို့သည် ခုန်းရှင်း၏ ပွင့်လင်းသော စရိုက်ကို သိသောကြောင့် နှစ်ပေါင်းများစွာအတွင်း သူတို့၏ မကောင်းသော လုပ်ရပ် အတော်များများကို ခုန်းရှင်းကို မသိအောင် ဖုံးကွယ်ထားခဲ့ကြသည်။
ခုန်းဝမ်နှင့် ခုန်းကျိတို့အတွက်မူ ဗုဒ္ဓနှင့် တွေ့ရဖို့က အရေးမကြီးဘဲ ရှောင်လင်ကျောင်းတော် တည်တံ့ခိုင်မြဲဖို့ကသာ အရေးကြီးချေသည်။ သူတို့၏ စိတ်ထဲတွင် ရှောင်လင်ကျောင်းတော်အတွက် ဆိုလျှင် အချို့သော နည်းလမ်းများကို အသုံးပြခြင်းမှာ လက်ခံနိုင်စရာ ဖြစ်သည်ဟု ယူဆကြသည်။ သူတို့ ဗုဒ္ဓနှင့် မတွေ့ရလျှင်ပင် အနည်းဆုံးတော့ ရှောင်လင်ကျောင်းတော်အတွက် စိတ်ရင်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သောကြောင့် သေသွားလျှင်ပင် နောင်တရမည် မဟုတ်ချေ။
ခုန်းဝမ်က အတန်ကြာ စဉ်းစားပြီးနောက် တည်ကြည်စွာ ပြောလိုက်သည်။
"ညီလေး ခုန်းရှင်း၊ ငါနဲ့ ညီလေး ခုန်းကျိတို့က အများကြီး ထည့်တွက်ခဲ့တာတွေ ရှိပေမယ့် ဒါတွေ အားလုံးက ငါတို့ ရှောင်လင်အတွက် စိတ်ရင်းနဲ့ လုပ်တာပါ တကယ်လို့ မင်းမှာ အခု ကြုံတွေ့နေရတဲ့ အခက်အခဲအတွက် ပိုကောင်းတဲ့ ဖြေရှင်းနည်း ရှိလို့လား"
ခုန်းရှင်းမှာ ခေတ္တမျှ စကားစဆွံ့သွားပြီးမှ ရိုးရိုးသားသားပင် ခေါင်းခါပြကာ ပြောသည်။ "မရှိပါဘူး ဒါပေမဲ့ အစ်ကိုကြီးတို့ လုပ်နေတာက မကောင်းဘူးလို့ ခံစားရလို့ပါ။ ဒါက ဗုဒ္ဓရဲ့ တရားတော်တွေနဲ့လည်း မညီညွတ်ဘူး"
ခုန်းဝမ်က ခေါင်းခါလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "ညီလေး ခုန်းရှင်း တစ်ခါတလေကျရင် ဗုဒ္ဓရဲ့ တရားတော်တွေကိုပဲ ဖက်တွယ်နေလို့ မရဘူး။ မင်းပြောသလို ဗုဒ္ဓတရားတော်အတိုင်းပဲ နေမယ်ဆိုရင် ကျန်းဝူကျိကို ဘယ်လို ရင်ဆိုင်မလဲ။ ငါတို့မှာ ဖြေရှင်းနည်း ရှိလို့လား ရှောင်လင်ကျောင်းတော်ကြီးကို ကာကွယ်ဖို့အတွက် ငါတို့မှာ ဒီလိုလုပ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး"
ခုန်းရှင်းကလည်း ခုန်းဝမ် ပြောသည်မှာ မှန်ကန်ကြောင်း စိတ်ထဲက သိနေသဖြင့် ထပ်မံ၍ အများကြီး မပြောတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ ယခုအချိန်တွင် ပိုကောင်းသော ဖြေရှင်းနည်း မရှိသည်ကို သူ ကောင်းကောင်း သိချေသည်။ ဘာပဲဖြစ်ဖြစ် သူသည် ရာထူးကြီးသော်လည်း ရှောင်လင်ကျောင်းတော်၏ အရေးကြီး ကိစ္စရပ်များတွင် အများအားဖြင့် ဝင်မပါတတ်ဘဲ ပျင်းလည်း ပျင်းရိတတ်သည်။ ယခုကိစ္စမှာ အရေးကြီးနေသဖြင့် သူသည် လျှောက်ပြောပြီး ပြဿနာ ရှာမနေတော့ဘဲ သဘောတူလိုက်ရရုံသာ ရှိတော့သည်။
ခုန်းရှင်းက သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် အတန်ငယ် ဝမ်းနည်းမိသည်။ ဗုဒ္ဓတရားတော်ကို ကောင်းမွန်စွာ ကျင့်ကြံဖို့က ဘာကြောင့် ဒီလောက် ခက်ခဲနေရသနည်း။ ရှောင်လင်ဂိုဏ်းသည် ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု ဖြစ်သော်လည်း သိုင်းလောက အရေးအခင်းများတွင် အလွန်အကျွံ ပါဝင်နေချေသည်။ ဒါက ကောင်းသလား ဆိုးသလား ဆိုသည်ကိုမူ သူ စဉ်းစား၍ မရနိုင်တော့ချေ။
အခန်း (၁၈၅) ကုန်းထုံဂိုဏ်းမှ အကြီးအကဲငါးဦး - ငါတို့ ရန်ငြိုးမထားပါဘူး
မင်ဂိုဏ်းချုပ် ကျန်းဝူကျိ၏ ကြီးမားလှသော အရှိန်အဝါနှင့် ဖိအားများအောက်တွင် ရှောင်လင်ဂိုဏ်းမှ ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ လက်စားချေရန် ရောက်ရှိလာသူများကို အံကြိတ်ထိန်းချုပ်ထားရသည်မှာ တစ်လခွဲခန့်ပင် ရှိနေပြီ ဖြစ်သည်။ ထိုအတောအတွင်း ၎င်းတို့သည် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းခဲ့ရသော်လည်း အခြေအနေမှာ မကောင်းလှပေ။
လက်စားချေလိုစိတ် ပြင်းထန်လွန်းသည့် လူအချို့နှင့် ရှောင်လင်ဂိုဏ်းမှ ဘုန်းကြီးများအကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ပြီး အသေအပျောက်များအထိပင် ရှိခဲ့သဖြင့် အတော်ပင် ဆူဆူပူပူ ဖြစ်ခဲ့ရပေသည်။ ဂိုဏ်းချုပ် ကျန်းဝူကျိနှင့် သူ၏လူများမှာမူ ပြောနေရန်ပင် မလိုတော့ချေ။ လူအများအပြားက ခိုးကြောင်ခိုးဝှက် ဝင်ရောက်လုပ်ကြံရန် ကြိုးစားခဲ့ကြသော်လည်း ကျန်းဝူကျိတို့ဘက်မှ ကြိုတင်ပြင်ဆင်ထားသဖြင့် လာသမျှလူမှန်သမျှကို ပြတ်ပြတ်သားသားပင် နှိမ်နင်းခဲ့လေသည်။
လူအတော်များများမှာ ရှောင်လင်ဂိုဏ်းကို ပေါ်တင်မဆန့်ကျင်ရဲကြသော်လည်း နက်ရှိုင်းလှသော ရန်ငြိုးများကြောင့် အလွယ်တကူ လက်မလျှော့နိုင်ကြပေ။ ရှောင်လင်ဂိုဏ်းကဲ့သို့သော အဖွဲ့အစည်းကြီးက ဘာကြောင့် ရှဲ့ရွှန်းဘက်မှ ရပ်တည်ပေးနေရသနည်းဟု ၎င်းတို့ မေးခွန်းထုတ်နေကြသည်။ ကျန်းဝူကျိ၏ မျက်နှာကို ထောက်ထား၍ ဧည့်သည်များကို အကာအကွယ်ပေးရမည်ဟူသော အကြောင်းပြချက်မှာ ၎င်းတို့အဖို့ ဟာသတစ်ခုသာ ဖြစ်နေချေသည်။
ကျွန်ုပ်တို့က လက်စားချေဖို့ လာတာပါ ကျန်းဝူကျိနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး ရှဲ့ရွှန်းက သူ့ရဲ့ မွေးစားအဖေ ဖြစ်နေလို့ ကျွန်တော်တို့ကို ပြန်သတ်မယ်ဆိုရင်လည်း ဂရုမစိုက်ဘူး ဘာပဲဖြစ်ဖြစ် အရင်ဆုံး လက်စားချေရမှာပဲ ဟု ထိုလူများက ခံယူထားကြသည်။ သို့သော် ရှောင်လင်ဂိုဏ်းတွင်လည်း ပြောမထွက်သော အခက်အခဲများ ရှိနေသဖြင့် ကျန်းဝူကျိ၏ အဆင့်အတန်းမှာ အလွန်ထူးခြားကြောင်း ထိုလူများကို အရိပ်အမြွက် ပြောပြနေရလေသည်။
သာမန်ကိစ္စဆိုလျှင် ရှောင်လင်ဂိုဏ်းကို နားလည်ပေးနိုင်သော်လည်း ယခုမူ မိမိတို့၏ မဟာရန်သူကို ၎င်းတို့၏ အကာအကွယ်အောက်တွင် ကောင်းကောင်းမွန်မွန် နေထိုင်နေသည်ကို မြင်တွေ့နေရသဖြင့် မည်သို့မျှ သည်းမခံနိုင်ကြပေ။ ထိုသို့ဖြင့် ရှောင်လင်ဂိုဏ်းသားများနှင့် အပြန်အလှန် အငြင်းပွားမှုများမှာ မပြတ်တောက်နိုင်ဘဲ ရှိနေပေသည်။
တစ်လခွဲခန့် သည်းခံခဲ့ပြီးနောက် ရှောင်လင်ဂိုဏ်းသားများသည် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျရတော့သည်။ အကြောင်းမှာ ကုန်းထုံဂိုဏ်းမှ အကြီးအကဲငါးဦးနှင့် အော့မေ့ဂိုဏ်းမှ သီလရှင် မြဲ့ကြွယ်တို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။ ခုန်းဝမ်တို့ ပို၍ဝမ်းသာရသည်မှာ ကျိုးကျစ်လော့ပါ အတူတူ ပါလာခြင်းကြောင့် ဖြစ်ပေသည်။
သူမသည် အော့မေ့ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်သဖြင့် လိုက်ပါလာခြင်းမှာ သဘာဝပင် ကျလှသည်။ ခုန်းဝမ်၏ အမြင်တွင် ကုန်းထုံအကြီးအကဲများနှင့် သီလရှင် မြဲ့ကြွယ်တို့ ရောက်လာလျှင် ကျန်းဝူကျိအပေါ် ဖိအားပေးနိုင်လိမ့်မည်ဟု ယူဆထားသည်။ ရှောင်လင်ဂိုဏ်း တစ်ဂိုဏ်းတည်းနှင့်မူ ကျန်းဝူကျိ၏ ဖိအားကို မခံနိုင်တော့ပေ။
ထိုနေ့တွင် ကုန်းထုံအကြီးအကဲများနှင့် သီလရှင် မြဲ့ကြွယ်တို့ ရောက်လာသောအခါ ခုန်းဝမ်နှင့် ခုန်းကျိတို့သည် ကျန်းဝူကျိထံ တိုက်ရိုက်သွားကာ ၎င်းတို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ရှောင်လင်ဂိုဏ်းအနေဖြင့် ဆက်လက် မထိန်းထားနိုင်တော့ကြောင်း အသိပေးလိုက်သည်။
“ဂိုဏ်းချုပ် ကျန်း သီလရှင် မြဲ့ကြွယ်တို့ ရောက်လာရင် ခင်ဗျားပဲ ကိုင်တွယ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား..... အခု သူတို့ ရောက်လာပြီဆိုတော့ ခင်ဗျားဘာသာပဲ ဖြေရှင်းပါတော့” ဟု ၎င်းတို့က ဆိုသည်။ ကျန်းဝူကျိသည်လည်း ခေါင်းရှောင်မည့်သူ မဟုတ်သဖြင့် ၎င်းတို့ကို ဝင်လာခိုင်းလိုက်လေသည်။
ခုန်းဝမ်နှင့် ခုန်းကျိတို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဝမ်းသာသွားကြသည်။ ၎င်းတို့ အလိုရှိသည်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ ကုန်းထုံအကြီးအကဲငါးဦးမှာ ကိုင်တွယ်ရ မခက်ခဲနိုင်သော်လည်း သီလရှင် မြဲ့ကြွယ်နှင့် တွေ့လျှင်မူ ကျန်းဝူကျိ အခက်တွေ့တော့မည်မှာ သေချာသည်ဟု ၎င်းတို့ တွေးနေကြပေသည်။
ခန်းမကြီးအတွင်းသို့ ကုန်းထုံအကြီးအကဲများနှင့် သီလရှင် မြဲ့ကြွယ်တို့ ဝင်လာကြသည်။ သီလရှင် မြဲ့ကြွယ်နှင့် ကျိုးကျစ်လော့တို့နောက်တွင် တပည့်များစွာ ပါလာသဖြင့် အရှိန်အဝါ အတော်ပင် ကြီးမားနေသည်။ ကျန်းဝူကျိသည် ကျိုးကျစ်လော့ကို ဦးစွာ နွေးထွေးစွာ ပြုံးပြလိုက်သည်။ ကျိုးကျစ်လော့မှာမူ သီလရှင် မြဲ့ကြွယ်၏ ကိစ္စကြောင့် စိုးရိမ်စိတ်များဖြင့် ကျန်းဝူကျိကို ကြည့်နေလေသည်။
“ဂိုဏ်းချုပ် ကျန်းကို ဂါရဝပြုပါတယ်” ဟု ၎င်းတို့အားလုံးက ဆိုကာ ကျန်းဝူကျိကို အရိုအသေပေး လိုက်ကြသည်။ ကျန်းဝူကျိ၏ အသက်အရွယ်မှာ ငယ်သော်လည်း သူ၏ အဆင့်အတန်းနှင့် သိုင်းလောက မဟာမိတ်ခေါင်းဆောင် ဖြစ်မှုကြောင့် ၎င်းတို့ ဂါရဝပြုခြင်းမှာ သင့်မြတ်လှပေသည်။
“အာ .... စီနီယာ မြဲ့ကြွယ် အားမနာပါနဲ့ မြန်မြန် ထိုင်ကြပါ “ဟု ကျန်းဝူကျိက ရယ်မောရင်း လက်ယမ်းလိုက်သည်။ ဖန့်ယောင်ကလည်း အကဲခတ်မြန်စွာဖြင့် သီလရှင် မြဲ့ကြွယ်တို့အတွက် ထိုင်ခုံများကို အသင့်ပြင်ပေးလိုက်သည်။ ၎င်းကို မြင်သောအခါ ကုန်းထုံအကြီးအကဲများ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားကြသည်။ သီလရှင် မြဲ့ကြွယ်ကိုသာ အရေးပေးပြီး ၎င်းတို့ကိုမူ လျစ်လျူရှုထားသလို ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် ကျန်းဝူကျိကို မကျေနပ်ကြောင်း မပြရဲသဖြင့် ဒီအတိုင်းသာ ရပ်နေကြရလေသည်။
“အော် ကုန်းထုံဂိုဏ်းက ပုဂ္ဂိုလ်တွေလည်း ရောက်နေတာပဲ.... ကျွန်တော် နည်းနည်း ပေါ့ဆသွားတယ်။ မြန်မြန် ထိုင်ကြပါဦး” ဟု ကျန်းဝူကျိက ထပ်ပြောလိုက်မှ ကုန်းထုံအကြီးအကဲများ၏ မျက်နှာ အနည်းငယ် ပြေလျော့သွားသည်။ ခုန်းဝမ်တို့မှာမူ “ဒါက မင်ဂိုဏ်းရဲ့ ကွမ်မင်တောင်ထိပ် မဟုတ်ဘူး ငါတို့ရဲ့ ရှောင်လင်ကျောင်းတော်လေ ဘာလို့ သူက အိမ်ရှင်လို လုပ်နေရတာလဲ” ဟု တွေးကာ စိတ်ထဲမှ မကျေမနပ် ဖြစ်နေကြပေသည်။
သီလရှင် မြဲ့ကြွယ်ကမူ လက်ယမ်းကာ ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။ ” ဂိုဏ်းချုပ်ကျန်း.... ငါက ဒီကို စကားစမြည် ပြောဖို့ လာတာ မဟုတ်ဘူး။ ရှဲ့ရွှန်းက ငါ့ရဲ့ မောင်အရင်း ဖန်းဖိန်ကို သတ်ခဲ့တယ် အဲဒါကြောင့် သူ့ဆီက လက်စားချေဖို့ လာတာပဲ”
ထိုစကားကို ကြားသောအခါ ခုန်းဝမ်တို့က စိတ်ထဲမှ သီလရှင် မြဲ့ကြွယ်ကို ချီးကျူးလိုက်ကြသည်။ “သီလရှင် မြဲ့ကြွယ်ကတော့ တကယ့်ကို ပြတ်သားတာပဲ” ဟု တွေးကာ စိတ်လှုပ်ရှားနေကြသည်။ ကုန်းထုံအကြီးအကဲများကလည်း သီလရှင် မြဲ့ကြွယ်၏ သတ္တိကို အံ့သြနေကြလေသည်။
ကျန်းဝူကျိကမူ ထိုကိစ္စကို ကြိုသိနေသည့်နှယ် တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ ထို့နောက် ကုန်းထုံအကြီးအကဲများကို ကြည့်ကာ “ခင်ဗျားတို့ကော ဒီကိစ္စအတွက်ပဲ လာတာလား” ဟု မေးလိုက်သည်။
ထိုအခါ ကုန်းထုံအကြီးအကဲငါးပါးစလုံးက ခေါင်းခါပြလိုက်ကြသည်။ ထိုအပြုအမူကြောင့် ကျန်းဝူကျိအပါအဝင် အားလုံး အံ့သြသွားကြသည်။ ၎င်းတို့က လက်စားချေရန် လာခြင်း မဟုတ်ပါလော။
ကုန်းထုံအကြီးအကဲ တစ်ဦးဖြစ်သူ ထန်ဝမ်လျန်က တည်ငြိမ်စွာပင် ဆိုသည်။ “ရှဲ့ရွှန်းနဲ့ ကျွန်တော်တို့ ကုန်းထုံဂိုဏ်းကြားမှာ ရန်ငြိုးရှိတာ မှန်ပါတယ် ။ဒါပေမဲ့ အဲဒါက အသေအလဲ တိုက်ခိုက်ရမယ့် ရန်ငြိုးမျိုးတော့ မဟုတ်ပါဘူး။ ဝမ်အန်းကျောင်းတော်မှာ ဂိုဏ်းချုပ် ကျန်းက ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ဖူးတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကုန်းထုံဂိုဏ်းက ဂိုဏ်းချုပ် ကျန်းကို အများကြီး ကျေးဇူးတင်ပါတယ်။ အခုတော့ ရှဲ့ရွှန်းနဲ့ ရှိခဲ့တဲ့ ရန်ငြိုးတွေကို အားလုံး အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ”
ထိုစကားကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ လူအားလုံး ဆွံ့အသွားကြသည်။ ရှဲ့ရွှန်းက ၎င်းတို့ဂိုဏ်း၏ အဖိုးတန် ရန်ငြိုးလက်သီး သိုင်းကျမ်းကို ခိုးယူသွားခဲ့သည် မဟုတ်ပါလော။ ထိုမျှ ကြီးမားသော ရန်ငြိုးကို အလွယ်တကူ စွန့်လွှတ်လိုက်သည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။ သို့သော် ကုန်းထုံဂိုဏ်းသားအားလုံးမှာ တည်ငြိမ်စွာဖြင့် ထိုဆုံးဖြတ်ချက်ကို ထောက်ခံနေကြလေသည်။
ခုန်းဝမ်တို့မှာမူ ရန်ငြိုးတွေ အဆုံးသတ်မှာဆိုရင် ဘာလို့ ဒီလောက် အရှိန်အဝါနဲ့ လာနေကြသေးလဲ ဟု တွေးကာ အတော်ပင် ဒေါသထွက်သွားကြသည်။ သီလရှင် မြဲ့ကြွယ်ကမူ မည်သည့် ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူမက မိမိ၏ မောင်အရင်းအတွက် လက်စားချေရန်သာ အာရုံစိုက်နေပေသည်။
ကျန်းဝူကျိသည်လည်း အံ့သြသွားရသော်လည်း ခေါင်းငြိမ့်ကာ “ကုန်းထုံအကြီးအကဲတွေက တကယ့်ကို စိတ်ထားကြီးမြတ်တဲ့ သိုင်းလောက လူကြီးလူကောင်းတွေပဲ။ ဒီလိုဆိုရင်တော့ ကျွန်တော် ကျန်းဝူကျိက မွေးစားအဖေ ရှဲ့ရွှန်းကိုယ်စား ခင်ဗျားတို့ရဲ့ သဘောထားကြီးမှုကို ကျေးဇူးတင်ပါတယ်” ဟု ဆိုကာ ကုန်းထုံအကြီးအကဲများကို အလေးအနက် ဂါရဝပြုလိုက်ပေသည်။