← Chapters

အခန်း (၁၈၆-၁၉၀)

Vol. 19 Ch. 186-190

အခန်း (၁၈၆-၁၉၀)

Vol. 19 Ch. 186-190

အခန်း (၁၈၆) သီလရှင် မြဲ့ကြွယ်အတွက် စကားပြောကုထုံး

"အာ... ဂိုဏ်းချုပ်ကျန်း... မင်း ဒီလိုမလုပ်ပါနဲ့။ အခု မင်းက သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင်ပဲ။ ငါတို့အားလုံးက မင်းရဲ့လက်အောက်ငယ်သားတွေပါ။ ဒီလောက်ကြီးမားတဲ့ အရိုအသေပေးမှုကို ငါတို့ဘယ်လိုခံယူရဲပါ့မလဲ"

ကုန်းထုံဂိုဏ်းမှ အကြီးအကဲငါးဦးမှာ ချက်ချင်းပင် အလွန်အမင်းတုန်လှုပ်သွားကြပြီး ကျန်းဝူကျိ၏ ကြီးမားသော အရိုအသေပေးမှုကို မခံယူရဲသဖြင့် အမြန်ပင် ပြန်လည်ဦးညွှတ်ကြလေသည်။ သို့သော် အမှန်အတိုင်းပြောရလျှင် ၎င်းတို့မှာ အနည်းငယ်စိုးရိမ်သော်လည်း အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေကြပေသည်။

ကျန်းဝူကျိထံမှ ဤကဲ့သို့သော အရိုအသေပေးမှုကို မည်သူရဖူးပါသနည်း။ ၎င်းတို့အထင်တွင် ကျန်းဝူကျိမှာ ဒေါသကြီးပြီး ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်သည်။ ယခင်က ၎င်းတို့ကို ကယ်တင်ပေးခဲ့ပြီးသည့်တိုင် ထိုအထင်အမြင်မှာ လုံးဝပျောက်ကွယ်မသွားဘဲ ကျန်းဝူကျိမှာ ထူးခြားသော နည်းလမ်းများရှိပြီး အလွန်ထူးချွန်သူတစ်ဦးဖြစ်သည်ဟုသာ ခံစားရလေသည်။ ကြောက်ရွံ့မှုထက် ရိုသေလေးစားမှုက ပို၍ကြီးမားနေပေသည်။

ကျန်းဝူကျိကား မည်သူနည်း။ ဒါတူးမြို့တော်တွင် ဧကရာဇ်ကို ဆဲရေးခဲ့သူ အနောက်တိုင်းမှ ဘုန်းကြီးများကို သတ်ဖြတ်ခဲ့သူနှင့် ယွမ်စစ်တပ်ကို ပေါ်ပေါ်ထင်ထင် ရင်ဆိုင်ခဲ့သည့် အလွန်ရက်စက်သော ပုဂ္ဂိုလ်ကြီး မဟုတ်ပါလား။ ကောင်းကင်ဘုံမှ နတ်မင်းပင်လျှင် ကျန်းဝူကျိ၏ မျက်လုံးထဲတွင် ထူးခြားသူတစ်ယောက် ဖြစ်ချင်မှဖြစ်ပါမည်။

ယခုအခါ ကျန်းဝူကျိထံမှ ဤသို့သော အရိုအသေပေးမှုကို ခံယူရသဖြင့် ကုန်းထုံဂိုဏ်းမှ အကြီးအကဲငါးဦးမှာ ကိုယ်ခန္ဓာရှိ ချွေးပေါက်တိုင်းမှတစ်ဆင့် သက်တောင့်သက်သာရှိမှုကို ခံစားနေရတော့သည်။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ၎င်းတို့မှာ ရန်ငြိုးဟောင်းများကို ဖြေဖျောက်ရန် စိတ်ရင်းမှန်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပေရာ ကျန်းဝူကျိ၏ အရိုအသေပေးမှုကို ခံယူလိုက်ရသဖြင့် အလွန်တန်သည်ဟု ခံစားရပြီး လုံးဝအနိုင်ရရှိသွားပြီဟု ထင်မှတ်နေကြသည်။

"ဒီအရိုအသေပေးမှုက ကျွန်တော့်ရဲ့ မွေးစားအဖေကိုယ်စား အရိုအသေပေးတာပါ အကြီးအကဲတို့ ငြင်းပယ်လို့မဖြစ်ဘူး"

ကျန်းဝူကျိက လေးနက်စွာပြောလိုက်ရာ ကုန်းထုံဂိုဏ်း အကြီးအကဲငါးပါးမှာ ဘာမှမတတ်နိုင်ဘဲ အနည်းငယ် အနေရခက်စွာဖြင့်ပင် အရိုအသေပေးမှုကို လက်ခံလိုက်ကြလေသည်။ ထို့နောက် ကျန်းဝူကျိ၏ နောက်ပြောင်လိုသော အကြံအစည်တစ်ခု ပေါ်လာတော့သည်။ ကျန်းဝူကျိက သီလရှင် မြဲ့ကြွယ်ကို ပြုံးလျက်ကြည့်ကာ ပြောလိုက်သည်။

"စီနီယာ အစ်မကြီး မြဲ့ကြွယ်.... အစ်မနဲ့ ကုန်းထုံဂိုဏ်း အကြီးအကဲငါးပါးက ဒီကို အတူတူလာခဲ့ကြတာဆိုတော့ အစ်မတို့ရဲ့ ရည်ရွယ်ချက်က အတူတူပဲဖြစ်မှာပေါ့ ဟုတ်လား ။ အစ်မတော်ကလည်း ကျွန်တော့်ရဲ့ မွေးစားအဖေနဲ့ ရှိခဲ့တဲ့ ရန်ငြိုးတွေကို ဖြေဖျောက်ဖို့ လာတာလား။ အခုကစပြီး လူတိုင်းက အေးအေးချမ်းချမ်း နေထိုင်ကြတော့မှာလား"

ဤလှုပ်ရှားမှုမှာ သီလရှင် မြဲ့ကြွယ်အတွက် စကားပြောကုထုံးတစ်မျိုးပင် ဖြစ်ပေသည်။ ကျန်းဝူကျိ၏ နောက်နားတွင်ရှိသော ကျောက်မိန်မှာ မအောင့်နိုင်တော့ဘဲ တခစ်ခစ် ရယ်မောလေတော့သည်။ ကျန်းဝူကျိက ဤမျှအထိ နောက်ပြောင်တတ်ပြီး သီလရှင် မြဲ့ကြွယ်အား စကားလမ်းကြောင်း လွှဲလိုက်သည်ကို ကျောက်မိန် မမျှော်လင့်ထားခဲ့ပေ။

လူတိုင်း၏ မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းနေပြီး အမြဲတမ်း တည်ငြိမ်လှသော သီလရှင် မြဲ့ကြွယ်ပင်လျှင် နှုတ်ခမ်းနှစ်ချက်မျှ တွန့်သွားသည်။ ယခင်ကရှိခဲ့သော လေးနက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ လူတိုင်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားကြရသည်။ ရှောင်လင်ဂိုဏ်းမှ ခုန်းဝမ်နှင့် ခုန်းကျိတို့ပင်လျှင် ကျန်းဝူကျိ၏ အရှုပ်အထွေး ဖန်တီးနိုင်စွမ်းကို အလွန်အမင်း ချီးကျူးဂုဏ်ပြုနေကြသည့်အလား ထူးဆန်းသော မျက်နှာပေးများ ဖြစ်ပေါ်နေသည်။

သီလရှင် မြဲ့ကြွယ်မှာ သူမ၏ မျက်နှာထားကို မနည်းထိန်းထားရသော်လည်း အံကိုကြိတ်ကာ ပြောလိုက်သည်။

"မင်း ဒီမှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ ငါ့ရဲ့မောင်လေးကို ရှဲ့ရွှန်းက သတ်ခဲ့တာကို မင်းအသိသားပဲ။ ဒီရန်ငြိုးက ကုန်းထုံဂိုဏ်းရဲ့ ရန်ငြိုးနဲ့ မတူဘူး။ ငါက ဒါကို ဘယ်လိုလုပ် အလွယ်တကူ လက်လွှတ်နိုင်ပါ့မလဲ"

သူမ စကားအဆုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။ သီလရှင် မြဲ့ကြွယ်၏ သိုင်းပညာမှာ ဤနေရာတွင် အားအကောင်းဆုံး မဟုတ်သော်လည်း သူမ၏ အရှိန်အဝါမှာ မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သီလရှင် မြဲ့ကြွယ်မှာ အမြဲတမ်း အလျှော့မပေးတတ်ဘဲ မည်သူ့ကိုမျှ နောက်ဆုတ်ပေးလေ့မရှိသောကြောင့် ဖြစ်သည်။

ဤသည်ကို မြင်သောအခါ ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ ဝမ်းသာသွားကြပြီး သက်ပြင်းချနိုင်ကြလေသည်။ သီလရှင် မြဲ့ကြွယ်က နောက်ဆုတ်မည်မဟုတ်သည်ကို ၎င်းတို့သိထားသည်။ အကယ်၍ သူမသာ နောက်ဆုတ်ပေးလိုက်လျှင် သီလရှင် မြဲ့ကြွယ် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ အော့မေ့ဂိုဏ်းမှာ ရှောင်လင်ဂိုဏ်းလောက် အင်အားမကြီးသော်လည်း ၎င်းတို့အားလုံးမှာ သီလရှင် မြဲ့ကြွယ်၏ ဖြောင့်မတ်သော စရိုက်နှင့် မဆုတ်မနစ်သော စိတ်ဓာတ်ကို လေးစားကြသည်။

ထိုအခါ ကျန်းဝူကျိက လက်ကိုဖြန့်ကာ ပြောလိုက်သည်။

"စီနီယာ အစ်မကြီး မြဲ့ကြွယ်..... အစ်မပြောတာ မမှန်ဘူး။ ကျွန်တော့်ရဲ့ မွေးစားအဖေက လူယုတ်မာ ချန်ခွန်းကို သတ်ပြီး ရန်ငြိုးကို ဖြေရှင်းပြီးမှ အစ်မကြီးက ကလဲ့စားချေဖို့ စဉ်းစားမယ်လို့ ကျွန်တော့်ကို ပြောခဲ့ဖူးတယ် မဟုတ်လား အခုကျမှ ဘာလို့ ကတိဖျက်ချင်နေရတာလဲ။ ဒါက စီနီယာရဲ့ စရိုက်မျိုး မဟုတ်ပါဘူး"

သီလရှင် မြဲ့ကြွယ်မှာ ယခင်က ထိုကဲ့သို့ အမှန်တကယ် တွေးတောခဲ့ဖူးသည်။ ဝမ်အန်းကျောင်းတော်မှ ကယ်တင်ပြီးနောက် အော့မေ့ဂိုဏ်း မထွက်ခွာမီ ကျန်းဝူကျိနှင့် ဆွေးနွေးစဉ်က ဤအကြောင်းကို ပြောခဲ့ခြင်း ဖြစ်သည်။ မူလက ကျန်းဝူကျိက ဤသို့ပြောလိုက်သဖြင့် သီလရှင် မြဲ့ကြွယ်မှာ အနည်းငယ် မှားယွင်းသွားသလို ခံစားလိုက်ရသည်။ သို့သော် သီလရှင် မြဲ့ကြွယ်၏ မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။

"အဲဒါက ဒီအတိုင်း လွှတ်ခနဲ ပြောလိုက်မိတာပါ။ ဘယ်လိုလုပ် အတည်ယူလို့ ရပါ့မလဲ။ အကယ်၍ ရှဲ့ရွှန်းက အနှစ်နှစ်ဆယ်ကြာတဲ့အထိ ချန်ခွန်းကို မသတ်နိုင်ရင် ငါကလည်း အနှစ်နှစ်ဆယ်လုံးလုံး ကလဲ့စားမချေဘဲ စောင့်နေရမှာလား"

"စီနီယာ အစ်မကြီး မြဲ့ကြွယ်.... အစ်မဘာပြောလိုက်တာလဲ။ အစ်မကြီးက နောက်ထပ် အနှစ်နှစ်ဆယ်အထိတောင် အသက်ရှင်ချင်မှ ရှင်မှာပါ"

ကျန်းဝူကျိ၏ အကြံပြုချက်က သီလရှင် မြဲ့ကြွယ်ကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။ သီလရှင် မြဲ့ကြွယ်မှာ စကားပင် မဆိုနိုင်တော့ဘဲ ဖြစ်သွားသည်။ သူပြောနေတာက လူစကားလား သူမက နောက်အနှစ်နှစ်ဆယ်အထိ အသက်ရှင်ချင်မှ ရှင်မှာဆိုတာ ဘာအဓိပ္ပာယ်လဲ။ သီလရှင် မြဲ့ကြွယ်က ပြန်လည် တုံ့ပြန်လိုက်သည်။

"ရှဲ့ရွှန်းကလည်း နောက်အနှစ်နှစ်ဆယ်အထိ အသက်ရှင်ချင်မှ ရှင်မှာပါ"

ကျန်းဝူကျိက ပြောလိုက်သည်။ "အဲဒါကြောင့်ပြောတာပေါ့.... ကျွန်တော့် မွေးစားအဖေ ဘယ်လောက်ကြာကြာ အသက်ရှင်မလဲ ကျွန်တော်မသိသလို စီနီယာ အစ်မကြီး ဘယ်လောက်ကြာကြာ အသက်ရှင်မလဲဆိုတာလည်း ကျွန်တော်မသိဘူး ဒါကြောင့် ဒီလိုအပိုတွေ ဘာလို့ပြောနေမှာလဲ။ ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်းပဲ လုပ်ကြရအောင် သိုင်းလောကမှာ လူတိုင်းက ကြည်ညိုလေးစားကြတဲ့ ပညာရှင်တစ်ယောက်အနေနဲ့ အစ်မကြီး မြဲ့ကြွယ်က ကတိဖျက်တော့မှာလား"

ကျန်းဝူကျိက သီလရှင် မြဲ့ကြွယ်ကို ဂုဏ်သတင်းဖြင့် ချက်ချင်းပင် ချုပ်ကိုင်လိုက်သည်။ သီလရှင် မြဲ့ကြွယ်မှာ သူမ၏ ဂုဏ်သတင်းကို အလွန်တန်ဖိုးထားသူ ဖြစ်ပေရာ ဤစကားမှာ အကျိုး သက်ရောက်မှု ရှိမည်မှာ သေချာသည်။ သီလရှင် မြဲ့ကြွယ်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိသော်လည်း သူမ၏စိတ်ထဲတွင် စိုးရိမ်ပူပန်နေပြီး အလွန်အမင်း နောင်တရနေသည်ဟု ဆိုနိုင်သည်။

ကျန်းဝူကျိ၏ ခန့်မှန်းချက်မှာ လုံးဝမှန်ကန်သည်။ သူမသည် ဂုဏ်သတင်းကို အလွန်တန်ဖိုးထားသဖြင့် လှောင်ပြောင်ခြင်း မခံရစေရန် သူမ၏စကားကို အမြဲတည်အောင် လုပ်လေ့ရှိသည်။ ထိုအကြောင်းကြောင့်ပင် သီလရှင် မြဲ့ကြွယ်မှာ စကားပြောရာတွင် အမြဲတမ်း အလွန်သတိထား လေ့ရှိပြီး အခြားသူများ အပြစ်ရှာနိုင်မည့် စကားမျိုးကို ခဲယဉ်းစွာ ပြောလေ့ရှိသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သီလရှင် မြဲ့ကြွယ်သည် နှစ်ကြိမ်တိုင်တိုင် ကျန်းဝူကျိ၏ လက်ထဲတွင် အချက်အလက်များ အမိခံလိုက်ရခြင်း ဖြစ်သည်။

ပထမအကြိမ်မှာ ကျိုးကျစ်လော့နှင့် ကျန်းဝူကျိတို့၏ ကိစ္စကို နောက်နောင်တွင် မတားဆီးတော့ဟု ပြောမိခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ဖန့်ယောင်က ထိုစကားကို ကြားသွားပြီး သူမအား အကျပ်ကိုင်ရန် အသုံးပြုခဲ့ရာ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့၏ ကိစ္စကို သူမ မျက်ကွယ်ပြုခဲ့ရသည်။ နောက်ဆုံးတွင် ကျန်းဝူကျိက ကျိုးကျစ်လော့ကို တရားဝင် လက်ထပ်နိုင်ရန်ပင် သူမ သဘောတူလိုက်ရသည်မှာ လုံးဝအလျှော့ပေးလိုက်ရခြင်းပင် ဖြစ်သည်။

ဒုတိယအကြိမ်မှာ ဝမ်အန်းကျောင်းတော်မှ မထွက်ခွာမီ၊ အော့မေ့ဂိုဏ်းသို့ မပြန်မီက ဖြစ်သည်။ သူမသည် တိမ်လွှာဓားကို ပြန်တောင်းရန် ကျန်းဝူကျိထံ သွားခဲ့သော်လည်း ကျန်းဝူကျိက မျက်နှာသာမပေးဘဲ ဓားကို ပြန်မပေးခဲ့သဖြင့် သီလရှင် မြဲ့ကြွယ်မှာ အနည်းငယ် အနေရခက်ခဲ့ရသည်။ ထိုအချိန်တွင် ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့၏ လက်ထပ်ပွဲ အပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြသည်။

ကျန်းဝူကျိ၏ စကားအထားအသိုနှင့် လွှမ်းမိုးထားသော အရှိန်အဝါအောက်တွင် သီလရှင် မြဲ့ကြွယ်က ရှဲ့ရွှန်းသည် ချန်ခွန်းကို သတ်ပြီးမှသာလျှင် သူမ၏အစ်ကိုအတွက် ကလဲ့စားချေမည်ဟု ပြောမိခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုစဉ်က သီလရှင် မြဲ့ကြွယ်မှာ သူမစကား၏ အားနည်းချက်ကို မတွေးမိခဲ့ပေ။

အကယ်၍ ရှဲ့ရွှန်းက သူ့တစ်သက်လုံး ချန်ခွန်းကို မသတ်နိုင်ခဲ့လျှင် သူမမှာလည်း တစ်သက်လုံး ကလဲ့စားမချေနိုင်တော့ဘဲ ဖြစ်နေမည် မဟုတ်ပါလား။ ထို့ကြောင့် ကျန်းဝူကျိက ဤအချက်ကို အသုံးပြု၍ သူမအား ခြိမ်းခြောက်အကျပ်ကိုင်သောအခါ သီလရှင် မြဲ့ကြွယ်မှာ ဘာမျှ ပြန်မပြောနိုင်တော့ပေ။ သို့သော် သူမ ရောက်ရှိလာပြီးဖြစ်ရာ အလွယ်တကူ နောက်ဆုတ်ပေးရန်မှာ ဖြစ်နိုင်ပါ့မလား။

သီလရှင် မြဲ့ကြွယ်က အေးစက်စွာ ပြောလိုက်သည်။ "ဒီကိစ္စကို ခဏဘေးဖယ်ထားဦး သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင်အနေနဲ့ ငါ့ရဲ့တပည့် ထန်မိန်ကျွင်းကို မင်းသတ်ခဲ့တဲ့ကိစ္စကို အရင်ဆွေးနွေးသင့်တာ မဟုတ်လား"

သီလရှင် မြဲ့ကြွယ်မှာ စကားလမ်းကြောင်းကို သိသိသာသာ ပြောင်းလဲလိုနေသည်။ ကျန်းဝူကျိက တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော် ပြောပါရစေဦး စီနီယာ အစ်မကြီး မြဲ့ကြွယ်...... အစ်မတော်က ဒီကိစ္စကို ဘယ်လိုများ ပြောထွက်ရတာလဲ။ ထန်မိန်ကျွင်းက ဘယ်လိုလူမျိုးလဲ။ ကျွန်တော်က သူမနဲ့ အော့မေ့ဂိုဏ်းက လူတိုင်းကို ကယ်ခဲ့တာတောင် သူမက ကျွန်တော့်ကို မိစ္ဆာခေါင်းဆောင်လို့ ခေါ်ပြီး ပြင်းပြင်းထန်ထန် ဆဲရေးခဲ့တယ်။ အဲဒီလိုလူမျိုးမှာ အသိစိတ်ရှိတယ်လို့ ထင်သလား။ သူမက အော့မေ့ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ဖို့ အစ်မကြီး မြဲ့ကြွယ်ရဲ့ တပည့်ဖြစ်ဖို့တောင် ထိုက်တန်ရဲ့လား"

"ဒါ့အပြင် ထန်မိန်ကျွင်းက ကျစ်လော့ကို ဂိုဏ်းချုပ်နေရာကနေ ဖယ်ရှားဖို့လည်း ကြိုးစားခဲ့သေးတယ် သူမက အလွန်ယုတ်မာပြီး အတော်လေးကို မိုက်မဲတဲ့သူပဲ။ သူမ ဆက်ရှိနေရင် ကျစ်လော့ ဂိုဏ်းချုပ်ဖြစ်လာဖို့ကို တားဆီးရုံတင်မကဘူး အစ်မကြီး မြဲ့ကြွယ်နဲ့ အော့မေ့ဂိုဏ်းအတွက်ပါ အရှက်ရစရာတွေ ယူဆောင်လာဦးမှာ။ ကျွန်တော် မသတ်ခဲ့ရင်တောင် အစ်မကြီး ကိုယ်တိုင် သတ်မိမှာပဲ။ အခုကျမှ သူမကို သတ်လို့ ကျွန်တော့်ကို အပြစ်တင်နေတာလား အစ်မကြီး ပြောနေတာက လူစကား ဟုတ်ရဲ့လား"

အခန်း (၁၈၇) မြှောက်ပြောခြင်းသည် ဘယ်သောအခါမျှ အလကားဖြစ်မသွားပေ

ထန်မိန်ကျွင်းနှင့် ပတ်သက်သည့် ကိစ္စတွင် ကျန်းဝူကျိသည် သီလရှင် မြဲ့ကြွယ်အား အလျှော့ပေးခြင်းမရှိဘဲ တိုက်ရိုက်ပင် ပြန်လည်ချေပလိုက်သည်။

မူလက ကျန်းဝူကျိသည် ထိုသီလရှင်ကြီး မြဲ့ကြွယ်က ဤကိစ္စကို ထုတ်မပြောလျှင် နေပါစေဟု တွေးထားခဲ့သော်လည်း ယခုမူ သူမဘက်က စတင်ပြောဆိုလာပြီဖြစ်ရာ အခြေအနေမှန်ကို ပြန်လည်မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

ထန်မိန်ကျွင်းဆိုသည့် ခွေးမကို သူကိုယ်တိုင် ကယ်တင်ခဲ့ပါလျက်နှင့် သူ့ကို မိစ္ဆာဟု ဆဲရေးရဲသေးသည်မှာ တရားမျှတမှု ရှိပါသလော။ သူသည် ကျန်းဝူကျိကို အလွန်အမင်း သဘောကောင်းသည့် လူရိုးလူအေးတစ်ယောက်ဟု တကယ်ပင် ထင်မှတ်နေသလော။

သို့သော် သီလရှင် မြဲ့ကြွယ်မှာ တုန်လှုပ်ခြင်းမရှိဘဲ အေးစက်စွာ ပြောလိုက်သည်။ "ငါ့တပည့်ကို ငါကိုယ်တိုင်ပဲ သတ်ခွင့်ရှိတယ်၊ တခြားပြင်ပလူတွေမှာ အဲဒီလိုလုပ်ပိုင်ခွင့် မရှိဘူး"

ကျန်းဝူကျိသည်လည်း အနည်းငယ်လေးမျှ နောက်ဆုတ်ပေးခြင်းမရှိဘဲ "ကျွန်တော်က သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင်ပဲ၊ သိုင်းလောကသားအားလုံးက ကျွန်တော့်ကို ခေါင်းဆောင်အဖြစ် လေးစားရမယ်၊ သိုင်းလောကထဲက ဘယ်သူမဆို သေမိန့်ပေးပိုင်ခွင့် ကျွန်တော့်မှာ ရှိတယ်၊ ထန်မိန်ကျွင်းကလည်း ချွင်းချက်မဟုတ်ဘူး" ဟု ပြန်ပြောလိုက်သည်။

ပြောနေစဉ်မှာပင် ကျန်းဝူကျိသည် လက်ကို အောက်သို့နှိမ့်ချကာ ခေါင်းဖြတ်သည့် အမူအရာကို အလေးအနက် ပြုလုပ်ပြလိုက်သည်။ ၎င်းတို့နှစ်ဦး၏ စကားလုံးများမှာ ပိုမိုပြင်းထန်လာပြီး တစ်ဦးနှင့်တစ်ဦး လုံးဝထိပ်တိုက်တွေ့နေသည့် အနေအထားသို့ ရောက်ရှိသွားသည်။

ရှောင်လင်ဂိုဏ်းမှ ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ စိတ်ထဲမှ အတိုင်းမသိ ဝမ်းသာနေကြသည်။ ဤသည်မှာ ၎င်းတို့အလိုချင်ဆုံး အခြေအနေပင် မဟုတ်ပါလား။

ကျိုးကျစ်လော့မှာ အလွန်စိုးရိမ်ပူပန်သွားပြီး "ဝူကျိကိုကို... ဆရာ... ကျေးဇူးပြုပြီး..." ဟု တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ကျိုးကျစ်လော့၏ စိုးရိမ်တကြီး တားဆီးစကားပင် မဆုံးသေးမီမှာပင် ကျန်းဝူကျိနှင့် သီလရှင် မြဲ့ကြွယ်တို့ နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း တဟားဟား ရယ်မောလိုက်ကြလေသည်။

"ဟားဟားဟားဟား"

ကျန်းဝူကျိနှင့် သီလရှင် မြဲ့ကြွယ်တို့မှာ တဟားဟားနှင့် ဝမ်းသာအားရ ရယ်မောနေကြသဖြင့် ဘေးပတ်ဝန်းကျင်မှ လူများမှာ ကြောင်တောင်တောင် ဖြစ်ကုန်ကြတော့သည်။ ၎င်းတို့နှစ်ဦး ဘာတွေလုပ်နေကြသနည်း။ ဤသည်မှာ မည်သည့်လှည့်ကွက်နည်း။

ခုန်းဝမ်နှင့် ခုန်းကျိတို့သာမက ကျိုးကျစ်လော့ပင်လျှင် ဘာတွေဖြစ်ပျက်နေမှန်း မသိတော့ဘဲ မှင်တက်ကာ ကြည့်နေမိသည်။

သီလရှင် မြဲ့ကြွယ်က ရယ်မောရင်း ပြောလိုက်သည်။ "ငါ့ရဲ့ ရည်ရွယ်ချက်ကို မင်းရိပ်မိလိမ့်မယ်လို့ ငါသိပြီးသားပါ၊ မင်း ဒီသိုင်းလောက မဟာမိတ်ခေါင်းဆောင် နေရာကို ရထားတာ အလကားတော့ မဟုတ်ဘူးပဲ"

ကျန်းဝူကျိကလည်း ပြုံးလျက် "စီနီယာ အစ်မကြီး မြဲ့ကြွယ်ကလည်း ချီးမွမ်းလွန်းနေပါပြီ၊ အော့မေ့ဂိုဏ်းကို ကူညီတာဟာ ကျစ်လော့ကို ကူညီတာပါပဲ၊ ဒါ့အပြင် သူရဲကောင်းမကြီး ကော်ရှန့်နဲ့ ကျွန်တော့်ရဲ့ အဖိုးဖြစ်သူတို့ကြားက ရင်းနှီးမှုတွေကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့က အပြင်လူတွေမှ မဟုတ်တာ" ဟု ဆိုလိုက်သည်။

သီလရှင် မြဲ့ကြွယ်က ကျေနပ်သည့် အမူအရာဖြင့် ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။

၎င်းတို့နှစ်ဦး ပြောဆိုနေသည့် ပဟေဠိဆန်သော စကားများကြောင့် ဘေးကလူများမှာ ဝေခွဲမရ ဖြစ်နေကြသည်။ ရန်ရှောင်သည် ကျန်းဝူကျိ၏ ကိစ္စကြောင့် စကားပြောရန် ခက်ခဲနေသဖြင့် ဖန့်ယောင်က ကျန်းဝူကျိကို လှမ်းမေးလိုက်သည်။ "ဂိုဏ်းချုပ်ကျန်း... အစ်မတော် မြဲ့ကြွယ်နဲ့ ဂိုဏ်းချုပ်ကြားမှာ ဘာတွေများ ပဟေဠိဖြစ်နေတာလဲ"

ကျန်သည့်လူများမှာလည်း ထိုအကြောင်းကို အလွန်သိချင်နေကြပြီး အထူးသဖြင့်ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ ပို၍ပင် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ကျန်းဝူကျိက ရယ်မောကာ ရှင်းပြလိုက်သည်။ "အရင်က ကျွန်တော်တို့ လမ်းခွဲတဲ့အချိန်မှာ စီနီယာ အစ်မတော် မြဲ့ကြွယ်က ကျွန်တော့်ကို ကြည့်ပြီး ခေါင်းဖြတ်တဲ့ အမူအရာလုပ်ပြပြီး ကျစ်လော့ကို တစ်ချက်လှမ်းကြည့်သွားတယ်၊ အဲဒီအချိန်တုန်းကတော့ ဘာကိုဆိုလိုမှန်း ကျွန်တော် ချက်ချင်း မသိခဲ့ဘူး၊ စီနီယာ အစ်မတော်က ကျစ်လော့ကိုတော့ ဘာမှလုပ်မှာ မဟုတ်ဘူးလို့ပဲ တွေးမိတယ်၊ ဒါပေမဲ့ နောက်မှ ပြန်စဉ်းစားကြည့်တော့မှ စီနီယာ အစ်မတော်က တရားအားထုတ်ဖို့ အနားယူတော့မှာ ဖြစ်ပြီး ဂိုဏ်းချုပ်နေရာကို ကျစ်လော့ကို လွှဲပေးခဲ့တာကို သတိရသွားတယ်၊ အဲဒီအမူအရာက ကျစ်လော့ကို အန္တရာယ်ပြုမယ့်သူ ရှိလာရင် သတ်ပစ်ဖို့ ကျွန်တော့်ကို အသိပေးလိုက်တာပဲဖြစ်မယ်လို့ ယူဆလိုက်မိတာ"

"အဲဒီအချိန်ကတော့ ကျွန်တော် ခန့်မှန်းရုံပဲရှိသေးတာ၊ အခြေအနေမှန်ကို သေချာမသိသေးလို့ ဘယ်လက်ရုံးသံတမန်ရန်နဲ့ လင်းနို့ဘုရင် ဝေ တို့ကို အော့မေ့ဂိုဏ်း လာလေ့ရှိတဲ့ လမ်းကြောင်းအတိုင်း သွားခိုင်းလိုက်တာ၊ ဒါနဲ့ပဲ သူတို့က သတင်းတွေရလာပြီး ထန်မိန်ကျွင်းက ကျစ်လော့ကို ဒုက္ခပေးဖို့ ကြံစည်နေတာကို သိလိုက်ရတယ်၊ ဒါကြောင့် ရန်ငြိုးဟောင်း ရန်ငြိုးသစ်တွေပေါင်းပြီး ထန်မိန်ကျွင်းကို ကျွန်တော် သတ်လိုက်တာပဲ၊ ဒါပါပဲ ရိုးရိုးလေးပါ"

ဤရှင်းပြချက်ကို ကြားလိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြပြီး သီလရှင် မြဲ့ကြွယ်အပေါ် ကြောက်ရွံ့မှုမှာ အရိုးထဲထိ စိမ့်ဝင်သွားတော့သည်။ သူမသည် မိမိ၏ တပည့်အရင်းကိုပင် သတ်ခိုင်းရဲသည်အထိ ရက်စက်သူတစ်ဦး မဟုတ်ပါလား။

သို့သော်လည်း ဤသည်မှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ ယခင်ကလည်း သူမသည် တပည့်ဖြစ်သူ ကျိရှောင်ဖူကို လက်ဝါးတစ်ချက်ဖြင့် သတ်ခဲ့ဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် ရန်ပုဟွေ့သည် သီလရှင် မြဲ့ကြွယ်ကို မြင်တိုင်း အံကြိတ်ကာ မုန်းတီးနေတတ်ပြီး ကျန်းဝူကျိအား ကလဲ့စားချေပေးရန် ခဏခဏ ပြောလေ့ရှိသည်။

ကျိုးကျစ်လော့မှာ ကျန်းဝူကျိနှင့် သီလရှင် မြဲ့ကြွယ်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ သူမသည် ဤကိစ္စကို လုံးဝမသိခဲ့ပေ။ ရန်ရှောင်နှင့် ဝေယိရှောက်တို့မှာလည်း ဂိုဏ်းချုပ်ကျန်းက ၎င်းတို့ကို တပည့်များရှာခိုင်းစဉ်က ဤကဲ့သို့သော ရည်ရွယ်ချက်ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် အလွန်အံ့သြသွားကြသည်။ ၎င်းတို့နှစ်ဦးသည် ကျန်းဝူကျိ၏ အမြော်အမြင်ကြီးမှုကို စိတ်ထဲမှ အလွန်လေးစားသွားကြတော့သည်။

ကျန်းဝူကျိ၏ မျက်နှာတွင် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား အားရကျေနပ်သော အပြုံးတစ်ခု ပေါ်လွင်နေသည်။ သို့သော် တကယ်တမ်းတွင်မူ အခြေအနေမှာ ထိုသို့မဟုတ်ပေ။

သီလရှင် မြဲ့ကြွယ် လမ်းခွဲခါနီးတွင် ထိုအမူအရာ ပြုလုပ်ခဲ့သည်မှာ မှန်သော်လည်း ထိုစဉ်က ကျန်းဝူကျိသည် ဘာကိုဆိုလိုမှန်း လုံးဝနားမလည်ခဲ့ပေ။ ထို့ပြင် လှပသော မိန်းကလေးများနှင့် စနောက်နေခဲ့သဖြင့် ထိုကိစ္စကို စိတ်ထဲ၌ပင် မရှိခဲ့ပေ။ ကျိုးကျစ်လော့ ဒုက္ခရောက်နေသည်ကို သိလိုက်ရခြင်းမှာလည်း ရန်ရှောင်နှင့် ဝေယိရှောက်တို့က တက်ကြွစွာ လုပ်ဆောင်ခဲ့သောကြောင့်သာ ဖြစ်သည်။ အကယ်၍ ၎င်းတို့သာ မလုပ်ဆောင်ခဲ့လျှင် ဤအခွင့်အရေးကို လွဲချော်သွားနိုင်ပေသည်။

ထန်မိန်ကျွင်း၏ ကိစ္စကို ဖြေရှင်းပြီးမှသာ ကျန်းဝူကျိသည် သီလရှင် မြဲ့ကြွယ်၏ ဆိုလိုရင်းကို နောက်ကျမှ သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက သူ တမင်တကာ အလေးအနက် ပြောဆိုခဲ့သည်မှာလည်း သူ၏ ခန့်မှန်းချက် မှန်မမှန် စမ်းသပ်ကြည့်ခြင်းသာ ဖြစ်သည်။ အချက်အလက်များအရ ကျန်းဝူကျိ၏ ခန့်မှန်းချက်မှာ လုံးဝမှန်ကန်နေပြီး သီလရှင် မြဲ့ကြွယ်သည်လည်း ထိုအတိုင်းပင် တွေးတောခဲ့သော်လည်း ပွင့်ပွင့်လင်းလင်း ထုတ်မပြောခဲ့ခြင်းသာ ဖြစ်သည်။

ယခုမူ အားလုံးမှာ ပေါ်ပေါ်ထင်ထင် ဖြစ်သွားပြီ ဖြစ်သည်။ ရောက်ရှိနေသည့် လူများမှာလည်း ယနေ့တွင် တိုက်ပွဲဖြစ်လိမ့်မည် မဟုတ်တော့ကြောင်းနှင့် ဂိုဏ်းချုပ်ကျန်းနှင့် သီလရှင် မြဲ့ကြွယ်တို့မှာ ဆက်ဆံရေး ကောင်းမွန်နေသည်ဟု ထင်မြင်ကာ အံ့သြနေကြသည်။

အမှန်တကယ်တွင်မူ ကျန်းဝူကျိသည် သီလရှင် မြဲ့ကြွယ်ကို မည်သို့သတ်ရမည်ဟု အမြဲပင် ကြံစည်နေခဲ့သည်ကို ၎င်းတို့မသိကြပေ။ ဤသီလရှင်ကြီးမှာ အလွန်ပင် ခေါင်းမာလွန်းလှသဖြင့် သူမ အသက်ရှင်နေခြင်းမှာ ဘာမှအကျိုးမရှိဟု သူယူဆထားသည်။ သို့သော်လည်း သူမကို ယခုအချိန်တွင် မသတ်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူမကို အသုံးချရန် အစီအစဉ်ရှိသောကြောင့် ဖြစ်သည်။ သေသေချာချာ အသုံးချနိုင်လျှင် သီလရှင် မြဲ့ကြွယ်မှာ အလွန်ထက်မြက်သည့် ဓားတစ်လက် ဖြစ်လာနိုင်ပေသည်။

ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အလွန်အမင်း ဝေခွဲမရ ဖြစ်နေကြသည်။ အခြေအနေများမှာ ၎င်းတို့ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်သို့ တဖြည်းဖြည်း ရောက်ရှိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အခြေအနေများမှာ အတန်ငယ် ပြေလည်သွားပြီဖြစ်ရာ သီလရှင် မြဲ့ကြွယ်က စကားစလိုက်သည်။ "ကိစ္စတစ်ခုချင်းစီကို ရှင်းရအောင်၊ အော့မေ့ဂိုဏ်းချုပ် နေရာကို ငါက ကျစ်လော့ကို လွှဲပေးပြီးပြီဆိုတော့ နောက်ဆိုရင် အော့မေ့ဂိုဏ်းရဲ့ အတွင်းရေးကိစ္စတွေကို ငါ ဝင်စွက်ဖက်တော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီနေ့ ဒီကို လာတာက ငါ့ရဲ့မောင်လေးအတွက် ကလဲ့စားချေဖို့ ကိုယ်ရေးကိုယ်တာ ကိစ္စအနေနဲ့ လာတာပဲ၊ ဒီကိစ္စကို ဘယ်လိုဆက်လုပ်မလဲဆိုတာ ဂိုဏ်းချုပ်ကျန်းက လမ်းညွှန်ပေးပါ"

အဓိက အကြောင်းအရာသို့ ပြန်ရောက်လာသောအခါ ကျန်းဝူကျိသည် စကားအပိုမပြောဘဲ တိုက်ရိုက်ပင် ဆိုလိုက်သည်။ "ဒါဆိုရင် ကျွန်တော်တို့ကြားက ရင်းနှီးမှုကို မပျက်ပြားစေဖို့အတွက် စီနီယာ အစ်မကြီး မြဲ့ကြွယ်နဲ့ ကျွန်တော် သဘောတူညီချက်တစ်ခု လုပ်ကြရင် ဘယ်လိုလဲ"

သီလရှင် မြဲ့ကြွယ်သည် ခေါင်းငြိမ့်လိုက်သည်။ ဤတစ်ခေါက်တွင် ရှဲ့ရွှန်းကို သတ်နိုင်ရန်မှာ မဖြစ်နိုင်ကြောင်း သူမ ကနဦးကတည်းက သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူမက "ပြောပါဦး.." ဟု ဆိုလိုက်သည်။

ကျန်းဝူကျိက "ကျွန်တော်က စီနီယာ အစ်မကြီး မြဲ့ကြွယ်ရဲ့ မျိုးချစ်စိတ်နဲ့ တရားမျှတမှုကို အမြဲတမ်း လေးစားခဲ့တာပါ၊ ကျွန်တော့်ရဲ့ အဖိုးဖြစ်သူကို ဖယ်ထားရင် ကျန်တဲ့ဂိုဏ်းတွေထဲမှာ စီနီယာ အစ်မကြီးဟာ အထူးချွန်ဆုံး ဂိုဏ်းချုပ်တစ်ယောက်လို့ ကျွန်တော် အမြဲခံစားရတယ်၊ အမူအရာပိုင်းမှာပဲဖြစ်ဖြစ်၊ သိက္ခာပိုင်းမှာပဲဖြစ်ဖြစ်၊ သိုင်းပညာမှာပဲဖြစ်ဖြစ် စီနီယာ အစ်မကြီးဟာ ကျွန်တော့်အဖိုးပြီးရင် အတော်ဆုံးပဲ၊ စီနီယာ အစ်မကြီးရဲ့ ဦးဆောင်မှုအောက်မှာ အော့မေ့ဂိုဏ်းဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးအင်အားကြီးမားလာတယ်၊ သိုင်းလောကမှာ ဘယ်သူမှ မလေးစားဘဲ မနေရတဲ့ အင်အားကြီးဂိုဏ်းတစ်ခု ဖြစ်လာခဲ့တယ်၊ တကယ်ကို လူတိုင်းက ချီးကျူးရတဲ့ ပညာရှင်ကြီးပါပဲ" ဟု ပြောလိုက်သည်။

မြှောက်ပြောသည့် စကားများမှာ အမြဲပင် အသုံးဝင်လှပေသည်။ ကျန်းဝူကျိသည် စတင်လိုက်သည်နှင့် သူမအား ချီးမွမ်းစကားများဖြင့် ရေပက်မဝင်အောင် ပြောဆိုလိုက်တော့သည်။

မှန်ပါသည်၊ ဤသည်မှာ ချီးမွမ်းခြင်း ဖြစ်သော်လည်း အမှန်တရားများစွာလည်း ပါဝင်နေပေသည်။ သီလရှင် မြဲ့ကြွယ်မှာ အလွန်ကျေနပ်သွားပြီး သူမ၏ မျက်နှာထားမှာလည်း သိသိသာသာ ပျော့ပြောင်းသွားသည်။

ကျန်းဝူကျိက သူမကို ကျန်းဆန်းဖုန်း ပြီးလျှင် ဒုတိယမြောက် အတော်ဆုံးဟု ချီးကျူးလိုက်သည်ကို သီလရှင် မြဲ့ကြွယ်က လက်ခံနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ကလည်း ကျန်းဆန်းဖုန်းကို လေးစားသောကြောင့် ဖြစ်သည်။ အကယ်၍ ကျန်းဝူကျိက သူမသည် ကျန်းဆန်းဖုန်းထက်ပင် အစွမ်းထက်သည်ဟု ပြောခဲ့လျှင်မူ သူမသည် ထိုစကားကို အဓိပ္ပာယ်မရှိဟု ယူဆကာ လက်ခံရန် ခက်ခဲနေပါလိမ့်မည်။

ထိုအချိန်တွင် သီလရှင် မြဲ့ကြွယ်မှာ မေးကိုမော့ကာ "ဟုတ်တယ်...၊ အဲဒီအတိုင်းပဲ" ဟုပင် ပြောချင်နေတော့သည်။

ကျန်းဝူကျိက ဆက်လက်ပြောလိုက်သည်။ "ဟိုးအရင်က ဟန်မင်းဆက်က စစ်သူကြီး ဟော့ချွီပင်း ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်၊ ဟန်နူးတွေကို မချေမှုန်းနိုင်သေးရင် အိမ်အကြောင်း ဘယ်လိုတွေးနိုင်မလဲ တဲ့၊ ကျွန်တော် စီနီယာ အစ်မကြီးကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်၊ ကျွန်တော်တို့ မွန်ဂိုအုပ်ချုပ်ရေးကို ဖြုတ်ချပြီး ဟန်လူမျိုးတွေရဲ့ မင်းဆက်ကို ပြန်လည် တည်ထောင်နိုင်တဲ့အထိ အစ်မကြီးနဲ့ ကျွန်တော့် မွေးစားအဖေတို့ကြားက ရန်ငြိုးကို ကျွန်တော် ဝင်မစွက်ဖက်တော့ဘူး၊ ဒီနေ့ ရှောင်လင်ဂိုဏ်းနဲ့ ကုန်းထုံဂိုဏ်းက လူတွေလည်း ဒီမှာ သက်သေအဖြစ် ရှိနေကြတယ်၊ အစ်မတော် ဘယ်လိုထင်လဲ"

အခန်း (၁၈၈) သီလရှင် မြဲ့ကြွယ်ကို ကိုင်တွယ်ခြင်း

ကျန်ရှိနေကြသော လူအပေါင်းမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြကုန်သည်။ ကျန်းဝူကျိ၏ စကားများမှာ တရားမျှတပုံရသော်လည်း ကြီးမားသော ဟာကွက်တစ်ခု ရှိနေပေသည်။ အကယ်၍ သူသည် မိမိဘဝသက်တမ်းတစ်လျှောက် ယွမ်နန်းတွင်းကို မဖြုတ်ချနိုင်ခဲ့လျှင် သီလရှင် မြဲ့ကြွယ်မှာ သူမ၏ တစ်သက်တာလုံး ကလဲ့စားမချေဘဲ နေသွားရမည်လော။ ဤသည်မှာ သိသိသာသာပင် တစ်ဖက်သတ်ဆန်လွန်းလှသည်။

သီလရှင် မြဲ့ကြွယ်သည်လည်း ထိုအချက်ကို သတိပြုမိသဖြင့် ချက်ချင်းပင် မေးခွန်းထုတ်လေသည်။

"ယွမ်နန်းတွင်းကို ဖြုတ်ချဖို့ ခက်ခဲနေပြီး လောကကြီး မတည်ငြိမ်ခင်မှာပဲ ငါသေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ"

ကျန်းဝူကျိသည် ဘာမျှဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြန်လည်ဖြေကြားလိုက်သည်။

"ပထမအချက်အနေနဲ့ အစ်မကြီး ဘယ်တော့သေမလဲဆိုတာ ကျွန်တော်မသိနိုင်သလို ဒါကိုလည်း အသေအချာ သတ်မှတ်လို့မရဘူး။ ဒါပေမဲ့ ဒီမေးခွန်းကို မေးနေဖို့ မလိုပါဘူး။ အစ်မကြီး သေဆုံးသွားပြီဆိုရင်တော့ ရန်ငြိုးတွေကလည်း အလိုအလျောက် ချုပ်ငြိမ်းသွားမှာပဲ။ အစ်မကြီးက ကလဲ့စားချေဖို့ ပြန်ရှင်လာမှာမှ မဟုတ်တာ။ ဒါကြောင့် ဒါကို ဆွေးနွေးနေစရာ မလိုတော့ဘူးထင်တယ်"

သူ၏ စကားမှာ လက်တွေ့ကျလွန်းလှသဖြင့် သီလရှင် မြဲ့ကြွယ်မှာ အတန်ငယ် မှင်တက်သွားပေသည်။ သူမက လေသံအေးအေးဖြင့်ပင် ပြန်ပြောလိုက်သည်။

"ဒါဆိုရင်တော့ ဒါက အချိန်အကန့်အသတ်မရှိတဲ့ ကတိကဝတ်တစ်ခု ဖြစ်နေမှာပေါ့။ ငါက ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ"

ကျန်းဝူကျိက ခေါင်းခါလိုက်ပြီး ဆိုသည်။

"ဒီကိစ္စက တကယ်တော့ တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးစီးပွားအတွက် အဓိကထားတာပါ။ အစ်မကြီးရဲ့ ဖြောင့်မတ်တဲ့ စရိုက်ကို လေးစားလို့သာ ကျွန်တော်က ဒီသဘောတူညီချက်ကို ကမ်းလှမ်းတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် စီနီယာ အစ်မကြီးက ကျွန်တော့်ရဲ့ မွေးစားအဖေကို သတ်ဖို့ ကြိုးစားမယ်ဆိုရင် စီနီယာ ကို လက်ဝါးတစ်ချက်နဲ့ သတ်ပစ်ဖို့က ကျွန်တော့်အတွက် ဘာမှမခက်ခဲဘူး။ လောကကြီးမှာ တစ်ခါတလေကျရင် ကျိုးကြောင်းဆင်ခြင်မှုတွေက အလုပ်မဖြစ်ဘူးလေ"

သီလရှင် မြဲ့ကြွယ်က အေးစက်စွာ ရယ်မောလိုက်ပြီး ဆိုသည်။

"မင်းက သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင် ဖြစ်နေပြီးတော့ ငါ့ကို ဒီလိုအကြောင်းပြချက်နဲ့ သတ်မယ်ဆိုရင်တော့ မင်းအပေါ် လူထုရဲ့ ထောက်ခံမှုတွေ ဆုံးရှုံးသွားမှာကို မကြောက်ဘူးလား"

"လူထုထောက်ခံမှုဆိုတာ ဘာလဲ။ ကျွန်တော် ကျန်းဝူကျိမှာ ဘယ်လိုဂုဏ်သတင်းမျိုး ရှိသလဲဆိုတာ စီနီယာ အစ်မကြီး သိမှာပါ။ သိုင်းပညာက အဆင့်တစ်ခုကို ရောက်သွားတဲ့အခါ ဂုဏ်သတင်းဆိုတာ လွင့်မျောနေတဲ့ တိမ်တိုက်တွေလိုပါပဲ။ ကျွန်တော်က ဘာလို့ ဂရုစိုက်နေရမှာလဲ"

ကျန်းဝူကျိက သီလရှင် မြဲ့ကြွယ်၏ စကားကို လုံးဝဂရုမစိုက်ဟန်ဖြင့် ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။

"အစ်မကြီးရဲ့ ထူးခြားတဲ့ ဂုဏ်သိက္ခာကို လေးစားလို့ရယ်၊ ကျစ်လော့ရဲ့ ဆရာဖြစ်နေလို့ရယ်ကြောင့်သာ ဒီလို သဘောတူညီချက်မျိုး လုပ်တာပါ။ အခုဆိုရင် လောကတစ်ဝှမ်းမှာ သူရဲကောင်းတွေ ပေါ်ထွန်းနေပြီး ယွမ်နန်းတွင်းရဲ့ သက်တမ်းကလည်း သိပ်မကျန်တော့တာ အစ်မတော်လည်း သိမှာပါ။ မင်းဆက်အသစ်တစ်ခု ပေါ်ထွန်းလာဖို့က မလွဲမသွေ ဖြစ်လာမှာပဲ။

ဒီသဘောတူညီချက်က အချိန်ဆွဲဖို့ သက်သက် မဟုတ်ပါဘူး။ အခု ကျွန်တော်လုပ်နေတာက နှစ်ဖက်လုံးရဲ့ ရင်းနှီးမှုကို မထိခိုက်စေဖို့နဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးထက် အများအကျိုးကို ရှေ့တန်းတင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစ်မကြီးကို သိက္ခာရှိရှိ နေထိုင်ခွင့်ပေးတာပါ။ ဒါက အစ်မကြီးအတွက် အမျှတဆုံးပဲလို့ ယူဆလို့ရတယ်။ အမှားအမှန်ကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားကြည့်ပါတော့"

ကျန်းဝူကျိ၏ စကားများကို နားထောင်ပြီးနောက် သီလရှင် မြဲ့ကြွယ်မှာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားလေသည်။ သူမသည် ခေါင်းမာပြီး တင်းကျပ်သူဖြစ်သော်လည်း အများအကျိုးကိုတော့ အမှန်တကယ် ငဲ့ကွက်သူ ဖြစ်သည်။ တိုင်းရေးပြည်ရေးကို ခဏဖယ်ထားလျှင်ပင် ကျိုးကျစ်လော့၏ အခြေခံမှာ အားနည်းနေသေးသည်။ ဂိုဏ်းချုပ်နေရာကို လွှဲပေးခဲ့သော်လည်း ကျစ်လော့မှာ လူအများ၏ လေးစားမှုကို အပြည့်အဝ မရသေးသဖြင့် သူမ၏ ထောက်ခံမှုက လိုအပ်နေသေးသည်ကို သူမ သိပေသည်။

အကယ်၍ ယခုအချိန်တွင် ကျန်းဝူကျိနှင့် ထိပ်တိုက်တွေ့ခဲ့လျှင် ကျိုးကျစ်လော့အတွက် ခက်ခဲသွားမည့်အပြင် အော့မေ့ဂိုဏ်းနှင့် မင်ဂိုဏ်းတို့အကြား ပဋိပက္ခများ ဖြစ်လာနိုင်ပေသည်။ ထိုသို့ဖြစ်လာလျှင် ခေါင်းဆောင်နှစ်ဦးအကြား ပြဿနာမရှိသော်လည်း လက်အောက်ငယ်သားများ အကြားတွင် အဆင်မပြေမှုများ ဖြစ်လာမည်မှာ သေချာလှသည်။ ဤသည်မှာ လုံးဝမကောင်းသော အချက်ပင် ဖြစ်သည်။

သီလရှင် မြဲ့ကြွယ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျန်းဝူကျိ၏ စကားများမှာ ကျိုးကြောင်းဆင်ခြင်မှု ရှိသည်ဟု ခံစားလိုက်ရသည်။ သို့သော် အချိန်အကန့်အသတ် မရှိခြင်းအပေါ်တွင်မူ သူမက စိုးရိမ်နေဆဲ ဖြစ်သည်။ သူမ၏ မောင်အတွက် ကလဲ့စားချေရန်မှာ သူမ၏ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်နေသောကြောင့်ပင်။

"မင်းပြောတာကတော့ မမှားပါဘူး။ ဒါပေမဲ့ မင်းက မင်းရဲ့ မွေးစားအဖေကို အရမ်းချစ်တာပဲ။ နောက်ကျရင် ငါတို့ကို လွယ်လွယ်ကူကူ ကလဲ့စားချေခွင့် ပေးပါ့မလား" ဟု သီလရှင် မြဲ့ကြွယ်က မေးလိုက်သည်။

ကျန်းဝူကျိက "လူကြီးလူကောင်းတစ်ယောက်ရဲ့ စကားဆိုတာ မြန်တဲ့မြင်းကို နှင်တံနဲ့ ရိုက်လိုက်သလိုပဲ။ ကျွန်တော် ကျန်းဝူကျိဟာ သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်ပါ။ စကားကို ဖောက်ဖျက်ပါ့မလား" ဟု အလေးအနက် ဆိုလိုက်သည်။

သူ၏ လေသံမှာ အလွန်ပင် တည်ကြည်လေးနက်သဖြင့် နားထောင်နေသူတိုင်းက မသိစိတ်ဖြင့် ခေါင်းငြိမ့်မိသွားကြသည်။ သို့သော် သီလရှင် မြဲ့ကြွယ်က ခေါင်းခါလိုက်ပြီး ပြန်ပြောသည်။

"မင်းကို မယုံတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှဲ့ရွှန်းက မင်းရဲ့ မွေးစားအဖေလေ။ မင်းက ငါတို့ကို မတားဘူးဆိုရင်တောင် သူ့ကို ဒီနှစ်တွေတစ်လျှောက် နေခဲ့တဲ့ ကျွန်းတစ်ကျွန်းကို လှေငယ်လေးနဲ့ ပို့လိုက်မယ်ဆိုရင် ငါတို့က သူ့ကို ဘယ်မှာ သွားရှာရတော့မှာလဲ"

သီလရှင် မြဲ့ကြွယ်၏ စကားကို ကြားသောအခါ လူတိုင်းမှာ သူမ၏ စေ့စပ်သေချာမှုကို အံ့သြချီးကျူးမိသွားကြသည်။ အကယ်၍ ကျန်းဝူကျိက ရှဲ့ရွှန်းကို ပင်လယ်ပြင်သို့ ပြန်ပို့လိုက်လျှင် အားလုံး၏ ကြိုးပမ်းမှုမှာ သဲထဲရေသွန် ဖြစ်သွားမည် မဟုတ်ပါလား။

ကျန်းဝူကျိက စိတ်ထဲမှ ပြုံးလိုက်မိသည်။ 'ဒီအချက်ကို ပြောလာဖို့ စောင့်နေတာ' ဟု တွေးလိုက်သည်။ သူက ပြုံးလျက်ပင် ပြောလိုက်သည်။

"စီနီယာ အစ်မကြီး မြဲ့ကြွယ်က တကယ်ကို သတိကြီးတာပဲ။ ဒါပေမဲ့ ကျွန်တော်က စကားကို လျှောက်ပြောနေတာ မဟုတ်ပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ သဘောတူညီချက်မှာ နောက်ထပ် အချက်တစ်ခု ထပ်ထည့်ကြရအောင်။ အကယ်၍ ကျွန်တော်က မွေးစားအဖေကို ပင်လယ်ပြင်ထဲ ပို့လိုက်မယ်ဆိုရင် ဒီကတိကဝတ်က ပျက်ပြယ်သွားပြီလို့ သတ်မှတ်ပါ။ အဲဒီအချိန်ကျရင် အစ်မကြီး ကြိုက်တဲ့အချိန်မှာ သူ့နောက်ကို လိုက်နိုင်တယ်"

တကယ်တော့ ဤစကားမှာ အပိုစကားသာ ဖြစ်သည်။ အကယ်၍ ရှဲ့ရွှန်းသာ ပင်လယ်ထဲ ရောက်သွားလျှင် ၎င်းတို့ မည်သို့မျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။

သီလရှင် မြဲ့ကြွယ်က ထိုအချက်ကို ထောက်ပြရန် ပြင်လိုက်စဉ်မှာပင် ကျန်းဝူကျိက ဦးအောင် ထပ်မံပြောဆိုလိုက်သည်။ သူက သက်ပြင်းတစ်ချက်ချကာ ဆိုသည်။

"အမှန်အတိုင်း ပြောရရင် ကျွန်တော့် မွေးစားအဖေဟာ အခု အလယ်ပိုင်းဒေသကို ပြန်ရောက်လာတဲ့အခါမှာ အရင်က ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် နောင်တအကြီးအကျယ် ရနေတာပါ။ အစ်မကြီးရဲ့ မောင်လေး ဖန်းဖိန် အပါအဝင် အပြစ်မဲ့သူတွေကို သတ်ခဲ့မိတာတွေအတွက် သူ စိတ်မကောင်းဖြစ်နေတာ။

ဒါကြောင့် သူက အမြဲပြောလေ့ရှိတယ်။ တစ်ယောက်ယောက်က ကလဲ့စားလာချေရင် မတားပါနဲ့တဲ့။ သူ့ကို သတ်ခွင့်ပေးလိုက်ပါတဲ့။ ဒါပေမဲ့ သူကသာ အဲဒီလို ပြောနေတာ။ ကျွန်တော်ကတော့ ကိုယ့်မွေးစားအဖေ အသတ်ခံရမှာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ ဒါကြောင့်ပဲ ဒီနည်းလမ်းကို သုံးရတာပါ။ သူကိုယ်တိုင်ကလည်း လူသူမရှိတဲ့ ကျွန်းပေါ်မှာ တစ်ယောက်တည်း နေရတာဟာ သေတာနဲ့ မခြားဘူးလို့ ဆိုပြီး ပြန်မသွားချင်တော့ဘူးလို့ ပြောထားတာ။ အစ်မကြီးသာ မစိုးရိမ်ဘူးဆိုရင် ကျွန်တော်က ဒီကတိကို ထည့်ပြောနေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက မဖြစ်နိုင်တဲ့ အရာမို့လို့ပဲ"

ကျန်းဝူကျိ၏ စကားများကို ကြားရသောအခါ သီလရှင် မြဲ့ကြွယ်မှာ တိတ်ဆိတ်သွားလေသည်။ သူမသည် ကျန်းဝူကျိ၏ လေသံထဲတွင် ရိုးသားမှုကို ခံစားနေရသည်။ သူမသည် လူအများကို မြင်ဖူးတွေ့ဖူးသူ ဖြစ်ရာ ကျန်းဝူကျိသာ လိမ်ညာနေလျှင် ချက်ချင်း သိနိုင်ပေသည်။ ယခုမူ သူမမှာ မည်သည့် ဟာကွက်ကိုမျှ ရှာမတွေ့ပေ။

အမှန်တကယ်တွင် ကျန်းဝူကျိပြောသမျှမှာ အမှန်တရားများသာ ဖြစ်သော်လည်း သူက အချက်အလက်အချို့ကို တမင်တကာ ချန်လှပ်ထားပြီး စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သီလရှင် မြဲ့ကြွယ်အနေဖြင့် ပြဿနာ ရှာမတွေ့ခြင်းမှာ မဆန်းလှပေ။ အရေးကြီးဆုံးအချက်မှာ ကျန်းဝူကျိ၏ ချဉ်းကပ်ပုံမှာ ရိုးသားမှု အပြည့်ရှိနေပြီး သီလရှင် မြဲ့ကြွယ်ကို ချီးမွမ်းခြင်း၊ ကျိုးကြောင်းပြခြင်းတို့ဖြင့် စည်းရုံးလိုက်ခြင်းက အလွန်ထိရောက်သွားခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သီလရှင် မြဲ့ကြွယ်မှာ အနုနည်းဖြင့် ချဉ်းကပ်လျှင် ပျော့ပြောင်းတတ်သူ ဖြစ်သောကြောင့်ပင်။ ကျန်းဝူကျိသည် သူမအား အော့မေ့ဂိုဏ်း၏ ပညာရှင်ကြီးတစ်ဦးအဖြစ် အသိအမှတ်ပြုကာ လေးလေးစားစား ဆက်ဆံလိုက်ခြင်းက သူမ၏ စိတ်ကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။

ယခုအခါ သီလရှင် မြဲ့ကြွယ်၏ မျက်လုံးထဲတွင် ကျန်းဝူကျိမှာ ချို့ယွင်းချက်မရှိသော သူရဲကောင်းတစ်ဦး ဖြစ်နေပေသည်။ အထူးသဖြင့် မင်ဂိုဏ်းကို စုစည်းပြီး ယွမ်နန်းတွင်းကို တိုက်ဖျက်ကာ ဟန်လူမျိုးတို့၏ မင်းဆက်ကို ပြန်လည်တည်ထောင်မည့် သူ၏ ရည်မှန်းချက်ကို သူမ အလွန်လေးစားမိသွားသည်။ သူမအတွက်မူ ကျန်းဝူကျိသည် မိမိလူတစ်ယောက် ဖြစ်သွားပြီဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ကျန်းဝူကျိ၏ ပြောဆိုချက်များက ကျိုးကြောင်းဆင်ခြင်မှု ရှိနေခြင်းပင်။ ရှဲ့ရွှန်းသည် ကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ တစ်ယောက်တည်း နေခဲ့ရသဖြင့် ပြန်မသွားချင်တော့ခြင်းမှာ သဘာဝကျလှသည်။ ထို့ပြင် ရှဲ့ရွှန်း နောင်တရနေသည်ဆိုခြင်းမှာလည်း သူမအတွက် ယုံကြည်ရလောက်သော အချက်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် အဓိကတရားခံ ချန်ခွန်းမှာ ကျန်းဝူကျိ၏ လက်ချက်ဖြင့် ဒုက္ခရောက်နေပြီဖြစ်ရာ ရှဲ့ရွှန်းအနေဖြင့် ကလဲ့စားချေပြီးနောက် မိမိအမှားကို သိမြင်သွားခြင်းမှာ ဖြစ်နိုင်ပေသည်။

သီလရှင် မြဲ့ကြွယ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ဆိုလိုက်သည်။

"ကောင်းပြီ... ဒီတစ်ခါတော့ မင်းကို ငါယုံကြည်လိုက်မယ်"

"ဒါပေါ့... သိုင်းလောကရဲ့ ပညာရှင်ကြီးဖြစ်တဲ့ သီလရှင် မြဲ့ကြွယ်ဟာ အများအကျိုးကို နားလည်ပြီး ကျွန်တော့်ကို သဘောတူမှာပဲလို့ ကျွန်တော် သိပြီးသားပါ"

ကျန်းဝူကျိက လက်ခုပ်တီးကာ ပြုံးလျက် ဝမ်းသာအားရ ဆိုလိုက်သည်။ သီလရှင် မြဲ့ကြွယ်ကို စည်းရုံးနိုင်ခဲ့ပြီ ဖြစ်ရာ သူ၏ အစီအစဉ်မှာ အောင်မြင်မှု လမ်းစပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

အခန်း (၁၈၉) အရာအားလုံးကို ထိန်းချုပ်ခြင်း

ကျန်းဝူကျိနှင့် သီလရှင် မြဲ့ကြွယ်တို့ ပြန်လည်သင့်မြတ်သွားကြသည်ကို မြင်သောအခါ ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ အကြီးအကျယ် မှင်တက်သွားကြကုန်သည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာပျက်နေကြသည်ကို အပြန်အလှန် မြင်တွေ့နေရပေသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ၎င်းတို့ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်နည်း။ ၎င်းတို့၏ အကြံအစည်များမှာ အဘယ်ကြောင့် အမြဲတမ်း ပျက်ပြားနေရသနည်း။ ရှောင်လင်ဂိုဏ်း၏ လှည့်စားနိုင်စွမ်းများ ကျဆင်းသွားပြီလောဟုပင် တွေးတောနေမိကြပေသည်။ ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ ဤကိစ္စကို မည်သို့ ရှေ့ဆက်ရမည်ကို အသည်းအသန် စဉ်းစားနေကြတော့သည်။

ကျန်းဝူကျိကမူ သီလရှင် မြဲ့ကြွယ်ကို ဆက်လက်၍ စကားဆိုနေဆဲပင် ဖြစ်သည်။

"စီနီယာ အစ်မကြီး မြဲ့ကြွယ် ကျွန်တော် အစ်မကြီးကို အကူအညီတစ်ခု ထပ်တောင်းပါရစေဦး"

ကျန်းဝူကျိက သူမကို အစ်မကြီးဟု ခေါ်ဆိုနေခြင်းအပေါ် သီလရှင် မြဲ့ကြွယ်မှာ ဘာမှမပြောတော့ပေ။ ၎င်းတို့မှာ မျိုးဆက်တူပင် ဖြစ်သော်လည်း သူမက အသက်အရွယ် ပိုကြီးနေခြင်းသာ ဖြစ်သည်။ ကျန်းဝူကျိမှာ အလွန်ပင် အစွမ်းထက်သူ ဖြစ်နေသဖြင့် သူမကို အစ်မကြီးဟု ခေါ်ဆိုခြင်းမှာ သူမအတွက် ရှက်စရာမဟုတ်တော့ဟု ခံစားနေရခြင်း ဖြစ်ပေသည်။

သီလရှင် မြဲ့ကြွယ်က ခေါင်းကို အနည်းငယ် ငြိမ့်ပြကာ "ဘာကိစ္စလဲ မင်းက သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင်ပဲ ငါက မင်းရဲ့ အမိန့်ကို နာခံရမှာဆိုတော့ အကူအညီတောင်းတယ်လို့ ဘာလို့ ပြောနေတာလဲ" ဟု မေးမြန်းလိုက်သည်။

ကျန်းဝူကျိက ပြုံးလျက် "ဒီကိစ္စက မဟာမိတ်ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မဆိုင်ပါဘူး ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အကူအညီတောင်းတာပါ မခက်ခဲပါဘူး စီနီယာ အစ်မကြီးနဲ့ ကျွန်တော်တို့ လုပ်ထားတဲ့ သဘောတူညီချက်ကို လူသိရှင်ကြား ကြေညာပေးဖို့ပါပဲ ကျွန်တော့်ရဲ့ မွေးစားအဖေကို ကလဲ့စားချေဖို့ လာကြမယ့်သူတွေကိုလည်း ဒီအကြောင်း ရှင်းပြပေးပါဦး" ဟု ဆိုလိုက်သည်။

သီလရှင် မြဲ့ကြွယ်မှာ အံ့အားသင့်သွားပြီး "ဒါကို ဘာလို့ ပြောခိုင်းရတာလဲ သူတို့တွေကိုလည်း ကလဲ့စားချေဖို့ စိတ်ကူးတွေကို စွန့်လွှတ်ခိုင်းစေချင်တာလား" ဟု ပြန်မေးသည်။

ကျန်းဝူကျိက ပြုံးလျက် ခေါင်းငြိမ့်ကာ "စီနီယာ အစ်မကြီး မြဲ့ကြွယ်က တကယ်ကို ဉာဏ်ကောင်းတာပဲ ချက်ချင်း သိတာပဲ" ဟု ဆိုလိုက်သည်။

သို့သော် ထိုမြှောက်ပြောခြင်းမှာ အရာမထင်ပေ။ သီလရှင် မြဲ့ကြွယ်က မျက်စောင်းထိုးလိုက်ပြီး "မင်း ဘာတွေ တွေးနေတာလဲ ငါက အများအကျိုးကို ငဲ့လို့သာ ဒီသဘောတူညီချက်ကို လုပ်ခဲ့တာ ရှဲ့ရွှန်းရဲ့ ရန်သူတွေမှာ နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ရှိနေကြတာ တစ်ချို့ဆိုရင် ကလဲ့စားချေဖို့ တစ်ခုတည်းနဲ့တင် အသက်ရှင်နေကြတာ မင်းက သူတို့ကို နောက်ဆုတ်ခိုင်းဖို့ ကြံနေတာကတော့ အိပ်မက်ယောင်နေတာပဲ" ဟု ပြတ်ပြတ်သားသား ဆိုလိုက်သည်။

ကျန်းဝူကျိကမူ ထိုစကားကို ဂရုမစိုက်ဘဲ ခေါင်းခါလျက် "ကျွန်တော်က အစ်မကြီးကို အားလုံးက လက်နက်ချဖို့ ပြောခိုင်းနေတာ မဟုတ်ပါဘူး အများအကျိုးကို နားလည်တဲ့သူတွေကို ဒီကိစ္စကို ခေတ္တခဏ စွန့်လွှတ်ဖို့ပဲ ပြောခိုင်းတာပါ ကျွန်တော်ကတော့ အခုအချိန်မှာ ဟန်လူမျိုးတွေ အားလုံး စုစည်းရမယ် အမျိုးသားရေး ကိစ္စတွေကို အရင်ဖြေရှင်းပြီးမှ ကျန်တာတွေကို စဉ်းစားရမယ်လို့ အမြဲယုံကြည်ထားတယ် အကယ်၍ ကျွန်တော့် မွေးစားအဖေရဲ့ ကိစ္စကြောင့် မင်ဂိုဏ်းနဲ့ သိုင်းလောကသားတွေကြားမှာ ပဋိပက္ခတွေ ဖြစ်လာမယ်ဆိုရင် ယွမ်နန်းတွင်းကို ဖြုတ်ချမယ့် အစီအစဉ်တွေ ပျက်စီးသွားနိုင်တယ် မဟုတ်လား" ဟု ဆိုသည်။

ကျန်းဝူကျိက သီလရှင် မြဲ့ကြွယ်ကို စကားလုံးများဖြင့် လုံးဝချုပ်ကိုင်လိုက်ချေပြီ။ သူ၏ စကား သုံးခွန်းတိုင်းတွင် အမျိုးသားရေး တရားမျှတမှုအကြောင်း ပါဝင်နေပြီး လေသံမှာလည်း အလွန်ပင် ရိုးသားလှသည်။ အကယ်၍ သူမက ကူညီပြောဆိုပေးလျှင် ယွမ်နန်းတွင်းကို ဖြုတ်ချရန် အကျိုးရှိမည်ဖြစ်ပြီး မကူညီလျှင်မူ အားလုံး ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ သူမကိုယ်တိုင်ပင် ဆုံးဖြတ်ရတော့မည် ဖြစ်ပေသည်။

ကျန်းဝူကျိသည် တစ်ခါတလေတွင် အလွန်ပင် ရိုးသားတတ်သော်လည်း ထိုရိုးသားမှုမှာ ကိစ္စရပ်အပေါ်တွင်သာ မူတည်ပေသည်။ ရိုးသားမှုသည် လူသတ်လက်နက်တစ်ခု ဖြစ်နိုင်သော်လည်း အမြဲတမ်း ရိုးသားနေခြင်းမှာမူ မိုက်မဲခြင်းသာ ဖြစ်ပေသည်။ ကျန်းဝူကျိ၏ ယခုရွေးချယ်မှုမှာ ရွေးချယ်မှုရှိသော ရိုးသားခြင်းဟု ခေါ်ဆိုရမည် ဖြစ်သည်။ သူပြောသမျှမှာ အမှန်တရားများသာ ဖြစ်နေသဖြင့် သူမ မည်သို့ရွေးချယ်မည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။

ကျန်းဝူကျိ၏ ခန့်မှန်းချက်မှာ လုံးဝမှန်ကန်သွားချေပြီ။ အစောပိုင်းတွင် ငြင်းဆန်လိုသော သီလရှင် မြဲ့ကြွယ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ ကျန်းဝူကျိ ပြောသည်မှာ ကျိုးကြောင်းဆင်ခြင်မှု ရှိသည်ဟု သူမ ခံစားလိုက်ရသည်။ အကယ်၍ မျိုးချစ်စိတ်ရှိသော သူရဲကောင်းများက ရှဲ့ရွှန်းနှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးများကြောင့် သိုင်းလောကတွင် ဆူပူအုံကြွမှုများ ဖန်တီးမိလျှင် ယွမ်နန်းတော်ကို တိုက်ဖျက်မည့် ကိစ္စမှာ နှောင့်နှေးသွားရပေလိမ့်မည်။

ပြဿနာကို ဖြေရှင်းရန်မှာ ရိုးရိုးလေးပင် ဖြစ်သည်။ ရှဲ့ရွှန်းကို အသတ်ခံခိုင်းလိုက်ရုံသာ ဖြစ်သည်။ သို့သော် ကျန်းဝူကျိမှာ ဤနေရာတွင် ရှိနေပြီး သူက ထိုသို့အဖြစ်ခံမည် မဟုတ်ပေ။ ကျန်းဝူကျိ၏ အဆင့်အတန်းနှင့် သူ၏ မယှဉ်သာသော သိုင်းပညာများအရ ရှဲ့ရွှန်းကို သတ်ရန် အကြံပြုခြင်းမှာ ကျန်းဝူကျိကို ရန်သူဖြစ်အောင် တွန်းပို့လိုက်သလိုပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျန်းဝူကျိ၏ စကားများမှာ ရိုးသားသော အကြံပေးချက်များဟု ထင်ရသော်လည်း အတွင်း၌မူ ခြိမ်းခြောက်မှုအချို့ ကိန်းအောင်းနေသည်ကို သူမ ရိပ်မိပေသည်။

သီလရှင် မြဲ့ကြွယ်မှာ ခြိမ်းခြောက်မှုကို ကြောက်တတ်သူ မဟုတ်သော်လည်း လူ့သဘာဝကိုမူ နားလည်သူ ဖြစ်သည်။ ကျန်းဝူကျိသာ သူ၏ မွေးစားအဖေ အသတ်ခံရမည့်အရေးကို လက်ပိုက်ကြည့်နေလျှင် သူမကပင် သူ့ကို အထင်သေးမိပါလိမ့်မည်။ ထို့ပြင် ကျန်းဝူကျိ ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာလည်း စိတ်ထားကောင်းသူများ အသက်မဆုံးရှုံးစေရန် တားဆီးပေးခြင်း ဖြစ်သဖြင့် ကောင်းမြတ်သော လုပ်ရပ်ဟု ဆိုရပေမည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သီလရှင် မြဲ့ကြွယ်က ခေါင်းငြိမ့်ကာ "ဒါဆိုရင်လည်း ငါသဘောတူတယ် ရှောင်လင်ကနေ ထွက်ခွာသွားရင် ငါတို့ရဲ့ သဘောတူညီချက်ကို လောကကြီးကို ကြေညာပေးမယ် ဒါပေမဲ့ ငါဘယ်နှစ်ယောက်ကို ဖျောင်းဖျနိုင်မလဲဆိုတာတော့ မသိဘူး လူတိုင်းကိုတော့ တစ်ယောက်ချင်းစီ လိုက်ပြောပေးနိုင်မှာ မဟုတ်ဘူးနော်" ဟု ဆိုလိုက်သည်။

ကျန်းဝူကျိက ပြုံးလျက် လက်ခုပ်တီးကာ "ဒါဆိုရင် ရပါပြီ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကလည်း သူရဲကောင်းတွေကို အမျိုးသားရေး ကိစ္စကို ဦးစားပေးဖို့ စည်းရုံးချင်တာပါ လောကကြီး ငြိမ်းချမ်းသွားရင်တော့ ကျွန်တော်လည်း မွေးစားအဖေရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တော့ပါဘူး အရာအားလုံးကတော့ အဆုံးသတ်တစ်ခုဆီ ရောက်သွားမှာပါပဲ မွေးစားသားတစ်ယောက်အနေနဲ့ ကျွန်တော် လုပ်နိုင်တာကိုပဲ အစွမ်းကုန် လုပ်သွားမှာပါ" ဟု ဆိုလိုက်သည်။

သီလရှင် မြဲ့ကြွယ်က ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။ ကျန်းဝူကျိ၏ စကားများမှာ အမှန်တရားဖြစ်ကြောင်း သူမ သိပေသည်။ ထိုသို့မဟုတ်လျှင်မူ သူမအနေဖြင့် ဤမျှ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။ သီလရှင် မြဲ့ကြွယ်မှာ သိုင်းပညာ မည်မျှပင် မြင့်မားစေကာမူ သူမကို သတ်ရန်မှာ လွယ်ကူသော်လည်း သူမကို ဒူးထောက် အညံ့ခံခိုင်းရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်သည်။ ကျန်းဝူကျိက သူမ၏ စရိုက်ကို ကောင်းစွာ သိရှိထားသဖြင့် သူမ၏ အားနည်းချက်ကို ပစ်မှတ်ထား၍ အလျှော့ပေးချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ သီလရှင် မြဲ့ကြွယ်မှာ ကျန်းဝူကျိ၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်သွားရချေပြီ။

ကိစ္စများ ပြီးပြတ်သွားသောအခါ အခြေအနေများမှာ ပိုမိုပြေလည်သွားတော့သည်။ ကျိုးကျစ်လော့မှာလည်း စိတ်အေးသွားရပြီး ကျန်းဝူကျိကို ကြည့်ကာ သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သူမမှာ အလွန်ပင် လှပနေပေသည်။

သီလရှင် မြဲ့ကြွယ်က ရုတ်တရက် မေးလိုက်သည်။ "နေဦး ငါမင်းကို မမေးရသေးဘူး ရှဲ့ရွှန်းကို ပြန်ခေါ်လာနိုင်ပြီဆိုတော့ ငါအရင်က ပြောထားတဲ့ အရာတွေကိုရော မင်းရအောင် ယူနိုင်ခဲ့ပြီလား"

ကျန်းဝူကျိသည် သီလရှင် မြဲ့ကြွယ်က နဂါးနိုင်ဓားနှင့် နဂါးနိုင်ဓားအတွင်းရှိ သိုင်းကျမ်းများကို မေးနေခြင်းဖြစ်ကြောင်း သိလိုက်သည်။ သူက ခေါင်းခါလျက် "ဒါက လောစရာ မလိုသေးပါဘူး အစ်မကြီးက ကျစ်လော့ကို အဲဒီသိုင်းပညာတွေ လေ့ကျင့်စေချင်တာ ကျွန်တော် သိပါတယ် ဒါပေမဲ့ အဲဒီသိုင်းပညာတွေက အမြန်ကျင့်ကြံတဲ့နည်းလမ်းတွေပဲ စစ်မှန်တဲ့ သိုင်းပညာတွေ မဟုတ်ဘူး ကျစ်လော့ကို အော့မေ့ဂိုဏ်းရဲ့ အခြေခံသိုင်းပညာတွေကို အရင်လေ့ကျင့်စေပြီး အခြေခံ ခိုင်မာအောင် လုပ်တာက ပိုကောင်းပါလိမ့်မယ် အဲဒီနောက်ကျမှ ကျွန်တော် သူမကို ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို သင်ပေးပါ့မယ် ဒါက အော့မေ့ရဲ့ ကိုးပါးနေဝန်းထက် အများကြီး ပိုပြီးသာလွန်ပါတယ်" ဟု ပြောလိုက်သည်။

သီလရှင် မြဲ့ကြွယ်က နားထောင်ပြီး ခေါင်းငြိမ့်လိုက်ကာ ကန့်ကွက်ခြင်း မပြုပေ။ သူမ၏ မူလအကြံအစည်မှာ သူမ သေဆုံးသွားလျှင် ကျိုးကျစ်လော့ကို ဓားနှစ်လက်မှ သိုင်းကျမ်းများ ရှာခိုင်းပြီး သိုင်းပညာ အမြန်တတ်မြောက်ကာ သိုင်းလောကကို စုစည်းစေရန် ဖြစ်သည်။ သို့သော် ထိုစဉ်က သူမ သေဆုံးသွားမည့် အဆိုးဆုံး အခြေအနေကို တွက်ဆခဲ့ခြင်း ဖြစ်သည်။ ယခုမူ အခြေအနေမှာ အကောင်းဆုံး ဖြစ်နေချေပြီ။ ကျန်းဝူကျိက သိုင်းလောကကို စုစည်းထားပြီးဖြစ်ရာ အမြန်လမ်း သိုင်းပညာများမှာ မလိုအပ်တော့ပေ။

တိမ်လွှာဓားနှင့် ပတ်သက်၍မူ ကျန်းဝူကျိက သိုင်းလောက မဟာမိတ်ခေါင်းဆောင် အနေဖြင့် ခေတ္တခဏ ငှားရမ်းထားခြင်း ဖြစ်ပြီး နောက်မှ ကျိုးကျစ်လော့ကို ပြန်ပေးမည်ဟု ဆိုထားသည်။ သိုင်းကျမ်းများ မရသေးသဖြင့် အခြားကိစ္စများမှာ မလောတော့ပေ။ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့၏ ဆက်ဆံရေးကို သိရှိထားသဖြင့် သူ လိမ်ညာလိမ့်မည်ဟုလည်း မြဲ့ကြွယ် မထင်ပေ။ ထို့ကြောင့် သဘောတူညီမှု ရသွားပြီးနောက် သီလရှင် မြဲ့ကြွယ်နှင့် အဖွဲ့မှာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။

ကျန်းဝူကျိက "စီနီယာ အစ်မကြီး မြဲ့ကြွယ်က ဂိုဏ်းချုပ်နေရာကို ခေတ္တပြန်ယူပေးပါ ကျစ်လော့ကတော့ ကျွန်တော်နဲ့အတူ လိုက်ခဲ့လိမ့်မယ် ဒါမှ သူမကို ကိုးပါးနေဝန်း အလင်းစွမ်းအင် သင်ပေးရတာ လွယ်ကူမှာ ဖြစ်သလို သူမရဲ့ သိုင်းပညာ တိုးတက်မှုကလည်း ပိုမြန်မှာ ဖြစ်တယ်" ဟု ဆိုလိုက်သည်။

ကျိုးကျစ်လော့ကို ခေါ်ထားမည်ဆိုသော စကားကြောင့် သီလရှင် မြဲ့ကြွယ်မှာ ကန့်ကွက်ချင်စိတ် ပေါ်လာမိသည်။ လူငယ်နှစ်ဦး အတူရှိနေလျှင် မလျော်ကန်သည်များ ဖြစ်လာမည်ကို သူမ စိုးရိမ်မိခြင်း ဖြစ်သည်။ သို့သော် ကျန်းဝူကျိ၏ နောက်ဆက်တွဲ စကားများကို ကြားသောအခါ သူမ ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ဘာမှပြန်မပြောတော့ပေ။

သူမကိုယ်တိုင်မှာလည်း အော့မေ့ ကိုးပါးနေဝန်းကို လေ့ကျင့်ထားသူ ဖြစ်ရာ စစ်မှန်သော ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ စွမ်းပကားကို ကောင်းစွာ သိရှိထားသည်။ အကယ်၍ ကျစ်လော့သာ ထိုပညာကို တတ်မြောက်ခဲ့လျှင် သူမ၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပလာမည် ဖြစ်သည်။

သီလရှင် မြဲ့ကြွယ်က ဂိုဏ်းအရေးကို ပို၍အလေးထားသဖြင့် ခေါင်းငြိမ့်ပြကာ "မင်းတို့နှစ်ယောက် လွန်လွန်ကျူးကျူး မဖြစ်ကြဘူးဆိုရင်တော့ ရပါတယ်။ ငါလည်း ချစ်သူနှစ်ဦးကို ခွဲမထားချင်ပါဘူး" ဟု ဆိုလိုက်ပေတော့သည်။

အခန်း (၁၉၀) လုံးဝဥဿုံ အရူးလုပ်ခံရခြင်း

"လွန်လွန်ကျူးကျူး ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ဘဝမှာ ဘယ်တော့မှ အဲဒီလို ရန်လိုတဲ့သူ ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်က အမြဲတမ်း သိမ်မွေ့တဲ့သူပါ။ တစ်ဖက်က လာတာကိုပဲ လက်ခံတတ်တဲ့သူမျိုးပါ"

ကျန်းဝူကျိသည် တရားမျှတမှုကို မြတ်နိုးသူတစ်ဦးကဲ့သို့ မျက်နှာသေဖြင့် ပြောဆိုလိုက်ရာ သီလရှင် မြဲ့ကြွယ်မှာ နှုတ်ခမ်းများ တွန့်သွားပြီး ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရချေသည်။ သို့သော် မြဲ့ကြွယ်သည် ကျန်းဝူကျိအား အမိန့်ပေး၍ မရနိုင်မှန်း သိရှိထားသဖြင့် စိတ်ထဲက အမျက်ဒေါသကို မျိုသိပ်လိုက်ရတော့သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့နှစ်ဦးမှာ ချစ်သူများဖြစ်ကြောင်း အတည်ပြုပြီးသား ဖြစ်နေသဖြင့် သူမအနေဖြင့် အလွန်အကျွံ ဝင်ရောက်စွက်ဖက်နေပါက ကျိုးကျစ်လော့က သူမအပေါ် မကျေမနပ် ဖြစ်လာနိုင်သည်ကိုလည်း စိုးရိမ်မိပေသည်။ သူရဲကောင်းတို့မည်သည် စကားတစ်ခွန်း ပြောပြီးလျှင် တည်ရမြဲ ဖြစ်သည်။ အခြေအနေများမှာလည်း ပြေလည်သွားပြီဖြစ်ရာ သီလရှင် မြဲ့ကြွယ်သည် ထပ်မံ၍ အဟန့်အတား မလုပ်တော့ဘဲ သူမ၏ အဖွဲ့ကို ဦးဆောင်ကာ ထွက်ခွာသွားလေသည်။

ထိုအခါ ကုန်းထုံဂိုဏ်းမှ အကြီးအကဲငါးဦးသည်လည်း ဂိုဏ်းချုပ်ကျန်းအား ဂါရဝပြုကာ "ဂိုဏ်းချုပ်ကျန်း... အခြေအနေတွေက ဒီလိုဆိုတော့ ကျွန်တော်တို့လည်း ပြန်ဖို့ ပြင်ရပါတော့မယ်" ဟု ဆိုကြသည်။

ကျန်းဝူကျိက ပြုံးလျက် "ခင်ဗျားတို့ရဲ့ သဘောထားကြီးမှုကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ မကြာခင်မှာ ကျွန်တော့်ရဲ့ မင်ဂိုဏ်း တော်လှန်ရေးတပ်မတော်ဟာ ကုန်းထုံဂိုဏ်း တည်ရှိရာဒေသကို ချီတက်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ဒေသခံ ယွမ်အရာရှိတွေကို တိုက်ထုတ်ပြီး ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ ခင်ဗျားတို့ ကူညီပေးကြပါဦး" ဟု တောင်းဆိုလိုက်သည်။

ကုန်းထုံအကြီးအကဲ ငါးဦးမှာ မျက်နှာများ တည်ကြည်သွားပြီး "ကုန်းထုံဂိုဏ်းသား အားလုံးဟာ မဟာမိတ်ခေါင်းဆောင်ရဲ့ အမိန့်ကို ရိုသေစွာ နာခံပါ့မယ်" ဟု ပြန်လည်ကတိပြုကာ ထွက်ခွာသွားကြတော့သည်။

သိုင်းလောက၏ အဓိကဂိုဏ်းကြီး ခြောက်ဂိုဏ်းထဲတွင် ဝူတန်ဂိုဏ်းပြီးလျှင် ကုန်းထုံဂိုဏ်းသည် သူရဲကောင်းပီသမှု အရှိဆုံး ဖြစ်ပေသည်။ အခြားသော ဟွာရှန်းဂိုဏ်းနှင့် ခွန်းလွန်ဂိုဏ်းတို့မှာမူ ကိုယ်ကျိုးရှာမှုများနှင့် မသန့်ရှင်းသော လျှို့ဝှက်ချက်များ များစွာရှိနေကြရာ ၎င်းတို့ကို ကျန်းဝူကျိက သတ်ပစ်ခြင်း မပြုသည်မှာပင် ကံကောင်းလှပြီဟု ဆိုရမည်။

ယခုအခါတွင် ကျန်းဝူကျိနှင့် သူ၏အဖွဲ့၊ ထို့ပြင် ရှောင်လင်ဂိုဏ်းမှ ခုန်းဝမ်နှင့် ခုန်းကျိတို့သာ ကျန်ရှိပြီး တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြတော့သည်။ ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ စိတ်ထဲတွင် ထုံထိုင်းနေကြချေပြီ။ သီလရှင် မြဲ့ကြွယ်က အပြင်တွင် မည်သို့ပင် ပြောဆိုစေကာမူ ကလဲ့စားချေလိုသူများမှာ ဂရုစိုက်ကြလိမ့်မည် မဟုတ်မှန်း ၎င်းတို့ သိပေသည်။ အကယ်၍ ကျန်းဝူကျိသာ ရှောင်လင်တွင် ဆက်နေမည်ဆိုပါက ဖိအားများမှာ ရှောင်လင်အပေါ်တွင်သာ ကျရောက်နေဦးမည် ဖြစ်သည်။

၎င်းတို့မှာ ဉာဏ်များရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် အားကိုးရာမရှိ ဖြစ်သွားရသည့်အတွက် လူပြက်များကဲ့သို့ ခံစားနေရသည်။ ၎င်းတို့ မည်သို့လုပ်ရမည်ကို မသိတော့ဘဲ စိတ်ပျက်နေစဉ်မှာပင် ကျန်းဝူကျိ၏ စကားတစ်ခွန်းကြောင့် နွေဦးလေပြည်ကို ခံစားလိုက်ရသလို နွေးထွေးသွားရသည်။

"ကျောင်းထိုင်ဆရာတော် ခုန်းဝမ်... ကျွန်တော်တို့ ခင်ဗျားတို့ကျောင်းမှာ နှောင့်ယှက်ခဲ့တာ ကြာပါပြီ။ ဆက်ပြီးတော့လည်း မနှောင့်ယှက်လိုတော့ပါဘူး။ နောက်နှစ်ရက်အတွင်းမှာ ကျွန်တော်တို့ ဒီကနေ ထွက်ခွာဖို့ ပြင်ဆင်ပါ့မယ်" ဟု ကျန်းဝူကျိက ပြုံးလျက် ပြောဆိုလိုက်သည်။

ခုန်းဝမ်နှင့် ခုန်းကျိတို့မှာ နားမယုံနိုင်အောင် ဖြစ်သွားကြသည်။ ကျန်းဝူကျိက ရှောင်လင်ကနေ တကယ် ထွက်သွားတော့မည်လော။ ၎င်းတို့နှစ်ဦးသည် အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက် မိကြသည်။ ကျန်းဝူကျိ၏ စရိုက်က ပြောင်းလဲသွားပြီလော။

အမှန်စင်စစ် ၎င်းတို့သည် ကျန်းဝူကျိက ရှဲ့ရွှန်းကို ခေါ်လာခြင်းမှာ ရှောင်လင်ကို ဒုက္ခပေးရန်သက်သက်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ကျန်းဝူကျိက တမင်တကာ ဘေးဒုက္ခကို ရှောင်လင်ဘက်သို့ လွှဲလိုက်သည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့်လည်း ၎င်းတို့က ကျန်းဝူကျိကို အတင်းနှင်ထုတ်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့၏ အမြင်တွင် ကျန်းဝူကျိသည် ကျိုးကြောင်းဆင်ခြင်တတ်သူ မဟုတ်ဘဲ မိမိရည်မှန်းချက် အောင်မြင်ရန်အတွက်ဆိုလျှင် ကမ္ဘာပေါ်ရှိ လူတစ်ဝက်ကိုပင် သတ်ပစ်ရဲသည့် လူမိုက်တစ်ယောက် ဖြစ်နေသည်။ သို့သော် ယခုအခါ ကျန်းဝူကျိက မိမိသဘောဖြင့် မိမိထွက်ခွာသွားမည်ဟု ဆိုသောအခါ ၎င်းတို့မှာ အတိုင်းမသိ ဝမ်းသာသွားရတော့သည်။

ခုန်းကျိမှာမူ စိတ်ထဲတွင် အပြစ်မကင်းသလိုပင် ခံစားလာရသည်။ သူ၏ အောက်တန်းကျသော အကြံအစည်များဖြင့် လူကြီးလူကောင်းတစ်ယောက်ကို စော်ကားခဲ့မိပြီဟု တွေးတောကာ နောင်တရလာသည်။ ၎င်းတို့မှာ ကျန်းဝူကျိ၏ အရူးလုပ်ခြင်းကို လုံးဝခံလိုက်ရခြင်းပင်။

ကျန်းဝူကျိက ၎င်းတို့၏ အမူအရာကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ရာ ခုန်းကျိက အလျင်အမြန်ပင် မေးလိုက်သည်။ "ဂိုဏ်းချုပ်ကျန်း ဘာလို့ သက်ပြင်းချတာလဲ။ ဟိုကလဲ့စားချေမယ့်သူတွေကြောင့်လား။ တကယ်လို့ ခက်ခဲနေမယ်ဆိုရင် ဒီကျောင်းမှာပဲ ဆက်နေနိုင်ပါတယ်။ ကျွန်တော်တို့ကျောင်းက ဘယ်သူ့ကိုမဆို ကာကွယ်ပေး..."

"ဖြောင်း"

စကားပင် မဆုံးသေးမီမှာပင် ခုန်းဝမ်က ခုန်းကျိ၏ နဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ဖုန်းကျိမှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။ ခုန်းဝမ်မှာ အလွန်ဒေါသထွက်သွားသည်။ ကျန်းဝူကျိက ထွက်သွားတော့မည်ဟု ပြောနေသည်ကို ခုန်းကျိက ဘာကြောင့် ဆက်နေရန် ဖိတ်ခေါ်နေသနည်း။ ရှောင်လင်အပေါ် ဖိအားတွေ မများသေးဘူးဟု ထင်နေသလား။

လဲကျနေသော ခုန်းကျိ၏ နဖူးတွင် လက်ဝါးရာကြီး ထင်ကျန်နေပြီး ဖူးရောင်နေချေပြီ။ ခုန်းဝမ်သည် ဒေါသအရှိန်ဖြင့် မိုးကြိုးလက်ဝါး ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သို့သော် သူက အားကို လျှော့ထားသဖြင့်သာ ခုန်းကျိ အသက်ဘေးမှ လွတ်ခဲ့ခြင်း ဖြစ်သည်။

"အဟမ်း... အားလုံးပဲ အထင်မမှားကြပါနဲ့။ ခုန်းကျိက အတွင်းအားတွေ ဖောက်ပြန်ပြီး စိတ်ယောင်နေတာကို တွေ့လို့ ကျွန်တော်က တားဆီးပေးလိုက်တာပါ။ နှောင့်ယှက်မိတာ တောင်းပန်ပါတယ်" ဟု ခုန်းဝမ်က အရှက်ပြေ ရှင်းပြလိုက်သည်။

ကျောက်မိန်ကမူ "ဘုန်းကြီးတွေက မုသားမပြောဘူးလို့ ဘယ်သူပြောတာလဲ။ ဒီရှောင်လင်ကျောင်းမှာ လိမ်နေတဲ့သူတွေချည်းပဲ တွေ့နေရတာပဲ" ဟု လှောင်ပြောင်လိုက်သည်။

ခုန်းဝမ်မှာ အလွန်အရှက်ရသွားသော်လည်း သူကိုယ်တိုင် လိမ်ပြောခဲ့သည်မှာ မှန်သဖြင့် ဘာမျှ ပြန်မပြောနိုင်ပေ။ ခုန်းကျိမှာလည်း ဝေဝေဝါးဝါးဖြင့် ထလာကာ ခုန်းဝမ်ကို မကျေမနပ် ကြည့်လိုက်သော်လည်း "ဆရာတူ အစ်ကိုကြီး ရဲ့ ကူညီမှုကို ကျေးဇူးတင်ပါတယ်" ဟုသာ ဝတ်ပြုပြောဆိုရတော့သည်။ ၎င်းတို့နှစ်ဦး၏ သရုပ်ဆောင်ချက်များကို ကြည့်ကာ ကျန်းဝူကျိပင်လျှင် စိတ်ထဲမှ ချီးကျူးမိသွားသည်။

"မဆိုးဘူး... သူတို့ သရုပ်ဆောင်တာ ငါ့ရဲ့ တစ်ဝက်လောက်တော့ ရှိသားပဲ" ဟု ကျန်းဝူကျိက တွေးတောကာ ခေါင်းငြိမ့်လိုက်လေတော့သည်။

All Chapters