← Chapters

အခန်း (၁၉၁-၁၉၅)

Vol. 20 Ch. 191-195

အခန်း (၁၉၁-၁၉၅)

Vol. 20 Ch. 191-195

အခန်း (၁၉၁) ငါတို့ကို ကျေးဇူးတောင်တင်ရဦးမယ်

ထိုစဉ် ကျန်းဝူကျိက "ဂိုဏ်းချုပ် ခုန်းဝမ်... စိတ်မပူပါနဲ့။ တကယ်တော့ ဒီကိစ္စက ဘာမှ မခက်ခဲပါဘူး။ ကျွန်တော်က ဂိုဏ်းချုပ်တို့ နားလည်မှု လွဲသွားမှာ စိုးရိမ်လို့သာ ကိုယ်တိုင်ကိုယ်ကျ ရှင်းပြရတာ ဖြစ်ပါတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ရှောင်လင်ကို လာရတဲ့ အကြောင်းရင်းက ကျွန်တော့်ရဲ့ မွေးစားအဖေဟာ မြင့်မြတ်တဲ့ ဘုန်းတော်ကြီး ခုန်းကျန့်အပေါ် ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် နောင်တရပြီး တာဝန်ယူလိုစိတ် ရှိနေလို့ပဲ ဖြစ်ပါတယ်။

သူဟာ ဘုန်းတော်ကြီးကို ဂါရဝပြုဖို့နဲ့ နောင်တရလို့ ရောက်လာခဲ့တာပါ။ ဒါ့အပြင် နှစ်ပေါင်းများစွာ နောင်တရခဲ့ပြီးနောက်မှာ ကျွန်တော့်ရဲ့ မွေးစားအဖေဟာ ဗုဒ္ဓဘာသာအပေါ် အလွန်အမင်း သက်ဝင်ယုံကြည်တဲ့ စိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာရဲ့ ထူးမြတ်တဲ့ ရှောင်လင်တောင်ဆီကို အထူးတလည် လာရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလိုသာ မဟုတ်ရင် ကျွန်တော်တို့ ကွမ်မင်တောင်ထိပ်ကို ပြန်သွားတာ ကြာလှပါပြီ" ဟု ဆိုလိုက်သည်။

"ဟင်၊ အဲ့ဒီလိုလား"

ခုန်းဝမ်နှင့် ခုန်းကျိတို့သည် ထိုစကားကို ကြားသောအခါ ပို၍ပင် နောင်တရသွားကြသည်။ ၎င်းတို့က ကျောက်မိန် ပြောခဲ့သည်မှာ မှန်ကန်ပေသည်ဟု တွေးတောမိကြ၏။ ရှောင်လင်ကျောင်းတော်၏ ဂိုဏ်းချုပ်နှင့် ဒုတိယဂိုဏ်းချုပ်တို့ ဖြစ်ပါလျက်နှင့် နေ့စဉ်ရက်ဆက် သူတစ်ပါးအပေါ် သံသယပွားခြင်း၊ လူကောင်းများကို စွပ်စွဲခြင်းနှင့် မုသားစကားများ ဆိုခြင်းတို့ကိုသာ ပြုမူခဲ့ကြသည်။

၎င်းတို့သည် မြင့်မြတ်သော ဆရာတော်များဟု အခေါ်ခံရရန်ပင် မထိုက်တန်ကြချေ။ ကြီးစွာသော အပြစ်ရှိစိတ်ကြောင့် ခုန်းဝမ်နှင့် ခုန်းကျိတို့သည် အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားကြရသည်။ ၎င်းတို့သည် အပြစ်ရှိသည့် စိတ်နှင့် နောင်တတရားတို့ကြောင့် ကျန်းဝူကျိကို တည့်တည့်ပင် မကြည့်ရဲဘဲ မျက်နှာလွှဲထားကြကုန်သည်။

ကျန်းဝူကျိက ဆက်လက်၍ "ဒါပေမဲ့ မသမာတဲ့သူတစ်ယောက်က သတင်းလွှင့်လိုက်တာကြောင့် ရန်သူတွေ အများကြီး ရောက်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ တရားမျှတမှုကို မြတ်နိုးတဲ့သူတွေကလည်း သူတို့ရဲ့ အငြိုးအတေးတွေကြောင့် ကျွန်တော့်အပေါ် ရန်လိုလာမှာကိုလည်း စိုးရိမ်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ သီလရှင် မြဲ့ကြွယ်နဲ့ တခြားသူတွေ မရောက်လာခင်အထိ ဂိုဏ်းချုပ်တို့ နှစ်ပါးကို ဒီဖိအားတွေကို တောင့်ခံထားပေးဖို့ ကျွန်တော် တမင်တကာ တောင်းဆိုခဲ့ရတာပါ။ အဲ့ဒီနောက်မှ ကျွန်တော် အားလုံးကို ရှင်းပြပြီး စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဒီတရားမျှတတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီကိစ္စကြောင့် အသက်မဆုံးရှုံးကြမှာ မဟုတ်လား" ဟု ဆိုသည်။

"အရင်က ဂိုဏ်းချုပ်တို့ ကျွန်တော့်ရဲ့ အစီအစဉ်ကို ထုတ်ဖော်ပြောမှာ စိုးရိမ်တာကြောင့် မပြောပြခဲ့ရုံတင်မကဘဲ ခြိမ်းခြောက်တဲ့ စကားအချို့တောင် ပြောခဲ့မိပါတယ်။ အမှန်တော့ ကျွန်တော်လည်း မတတ်သာလို့ပါ။ အခု အမှန်တရား ပေါ်ပေါက်လာပြီဆိုတော့ ရှောင်လင်ကို ဆက်ပြီး ဒုက္ခမပေးလိုတော့ပါဘူး။ အရင်က ပြောဆိုခဲ့မိတဲ့ မသင့်တော်တဲ့ စကားတွေအတွက် ကျန်းဝူကျိက ဂိုဏ်းချုပ်တို့ နှစ်ပါးကို တောင်းပန်ပါတယ်"

ထိုသို့ ဆိုကာ ကျန်းဝူကျိသည် ခုန်းဝမ်နှင့် ခုန်းကျိတို့ကို အလေးအနက် အရိုအသေပေးလိုက်သည်။ ၎င်းကို မြင်သောအခါ ခုန်းဝမ်နှင့် ခုန်းကျိတို့သည်လည်း အလျင်အမြန်ပင် ပြန်လည်၍ အရိုအသေပေးကြကုန်၏။ ၎င်းတို့သည် အလွန်ရှက်ရွံ့နေကြသဖြင့် မျက်နှာပင် မဖော်ရဲဘဲ ဦးခေါင်းပြောင်ကြီးများမှာ အလင်းပြန်လျက် ရှိနေတော့သည်။

၎င်းတို့အား စိတ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သိရှိသွားသောအခါ ကျန်းဝူကျိက "ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ရှောင်လင်ကျောင်းတော်အတွက် ကောင်းကျိုးတွေလည်း ရှိပါတယ်။ နောင်တစ်ချိန်မှာ ကျွန်တော် ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြန်သွားမှာပါ။ လောကကြီးအတွက် ရှောင်လင်ကျောင်းတော်ရဲ့ ပေးဆပ်မှုကို သမိုင်းမှတ်တမ်းတွေထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားစေမှာ မဟုတ်ပါဘူး။ ဂိုဏ်းချုပ်တို့ နှစ်ပါး စိတ်ချ ထားလို့ရပါတယ် " ဟု ပြောဆိုလိုက်သည်။

"အာ..... ဒီလောက်တောင် ကောင်းတဲ့အရာ ရှိသေးတာလား"

ခုန်းဝမ်နှင့် ခုန်းကျိတို့သည် စိတ်လှုပ်ရှားသွားကြကုန်သည်။ အပြစ်ရှိစိတ်မှာ အမှန်ပင် ဖြစ်သော်လည်း ဤအရာသည် အလွန်ကြီးမားသော ကျော်ကြားမှု ဖြစ်ပေသည်။ ကျန်းဝူကျိသည် နောင်တစ်ချိန်တွင် ဧကရာဇ် ဖြစ်လာမည်မှာ သေချာနေပြီ ဖြစ်ကြောင်း ၎င်းတို့ ကောင်းစွာ သိရှိကြ၏။ အကယ်၍ ၎င်းတို့၏ ရှောင်လင်ကျောင်းတော်သည် ဧကရာဇ်နှင့် အဆက်အသွယ် ရှိခဲ့ပါက အလွန်ကြီးမားသော အကျိုးကျေးဇူးကို ရရှိမည် ဖြစ်သည်။

တန်မင်းဆက်တုန်းက ရှောင်လင်ဘုန်းကြီး ဆယ့်သုံးပါးသည် စစ်သူကြီး လီရှီမင်ကို ကယ်တင်ခဲ့သည့် ဇာတ်လမ်းကြောင့် ထိုခေတ်အခါက ရှောင်လင်ကျောင်းတော်သည် အလွန်တရာ စည်ပင်ထွန်းကားခဲ့ရသည်။ ယခုလည်း အလားတူ အခြေအနေမျိုး ဖြစ်ပေါ်လာပြီး ကျန်းဝူကျိ၏ ယခုလုပ်ရပ်များကို 'လောကကြီးအတွက် ရှောင်လင်က အရှက်တကွဲ အကျိုးနည်း အောင့်အည်းသည်းခံခဲ့သည်' ဟူသော ပုံပြင်အဖြစ် ပြောင်းလဲနိုင်လျှင် နောင်တစ်ချိန်တွင် ပို၍ပင် အောင်မြင်မည် မဟုတ်ပါလား။

ရှောင်လင်ကျောင်းတော်အတွက် အလိုအပ်ဆုံးအရာမှာ ကျော်ကြားမှု ဖြစ်ကြောင်း သိထားရမည်။ လောကတွင် ဗုဒ္ဓဘာသာကို ယုံကြည်သူ မည်မျှ များပြားသနည်း။ ၎င်းတို့၏ ကျော်ကြားမှုသာ ကြီးမားလာပါက ရှောင်လင်ကျောင်းတော်သည် ဗုဒ္ဓဘာသာ၏ မွန်မြတ်သော အရပ်အဖြစ် ထာဝရ တည်ရှိနေမည် ဖြစ်ပြီး လူအပေါင်းတို့သည်လည်း လာရောက်၍ အမွှေးနံ့သာများ ထွန်းညှိကာ ပူဇော်ကြလိမ့်မည်။

ထိုအခါ အလှူငွေများလည်း အမြောက်အမြား ရရှိမည် မဟုတ်ပါလား။ ခုန်းဝမ်နှင့် ခုန်းကျိတို့သည် စိတ်လှုပ်ရှားစွာဖြင့် ကျန်းဝူကျိကို ဂါရဝပြုကာ "အဲ့ဒီလိုသာ ဆိုရင်တော့ ကျန်းဂိုဏ်းချုပ်ကို အများကြီး ကျေးဇူးတင်ပါတယ်" ဟု ဆိုကြသည်။

"ကြည့်စမ်း၊ သူက ငါတို့ကို ကျေးဇူးတောင် တင်ရဦးမယ်" ဟု ကျန်းဝူကျိက စိတ်ကျေနပ်စွာဖြင့် တွေးတောလိုက်သည်။ ၎င်းသည် သူဖြစ်ချင်သော အခြေအနေပင် ဖြစ်ပေသည်။

ထိုအချိန်တွင် ကျန်းဝူကျိက ဆက်လက်၍ "ဒါနဲ့တင်မကသေးဘဲ ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခုလည်း ရှိပါသေးတယ်" ဟု ဆိုလိုက်သည်။

ခုန်းဝမ်နှင့် ခုန်းကျိတို့သည် ယခုအချိန်တွင် စိတ်ကောင်းဝင်နေကြသဖြင့် "ကျန်းဂိုဏ်းချုပ်ဟာ သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာဖို့ အသင့်ပါပဲ။ အမိန့်ပေးပါ" ဟု ရယ်မောလျက် ဆိုကြသည်။

ကျန်းဝူကျိက ပြုံးလျက် "ဘာမှ မခက်ခဲပါဘူး။ ကျွန်တော့်ရဲ့ မွေးစားအဖေ ရှဲ့ရွှန်းဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဗုဒ္ဓတရားတော်တွေကို လေ့လာရင်းနဲ့ ဘုန်းကြီးဝတ်လိုစိတ် ဖြစ်ပေါ်လာခဲ့ပါတယ်။ သူဟာ အခု ရှောင်လင်မှာ ရှိနေတာဆိုတော့ ဂိုဏ်းချုပ် ခုန်းဝမ်အနေနဲ့ ကျွန်တော့်ဖခင်ကို ဆံချပေးပြီး သာသနာ့ဘောင်ကို သွတ်သွင်းပေးဖို့ အခမ်းအနားတစ်ခု ပြုလုပ်ပေးစေချင်ပါတယ်။ ဂိုဏ်းချုပ် ဘယ်လို ထင်ပါသလဲ" ဟု မေးလိုက်သည်။

"ဟင်... ဘုန်းကြီးဝတ်မယ် ဟုတ်လား"

ခုန်းဝမ်နှင့် ခုန်းကျိတို့သည် အံ့အားသင့်သွားကြသည်။ ရှဲ့ရွှန်းက ရဟန်းဝတ်ရန် ရွေးချယ်လိမ့်မည်ဟု ၎င်းတို့ လုံးဝ မထင်ထားခဲ့ကြချေ။ သို့သော် ကျန်းဝူကျိမှာမူ ဘာမှမဖြစ်သကဲ့သို့သာ နေလေသည်။

အမှန်စင်စစ် ရှဲ့ရွှန်းကိုယ်တိုင်က ရဟန်းဝတ်လိုခြင်း ဖြစ်ပေသည်။ ဤအတောအတွင်း ရှဲ့ရွှန်းသည် ရှောင်လင်ကျောင်းတော်တွင် ဗုဒ္ဓကျမ်းစာများကို လေ့လာနေခဲ့သည်။ သူ၏ နက်နဲသော ဗဟုသုတများနှင့် ပေါင်းစပ်လိုက်သောအခါ များစွာသော အမြင်သစ်များကို ရရှိခဲ့၏။ သူသည် နှစ်ပေါင်းများစွာအတွင်း သူကိုယ်တိုင် သတ်ဖြတ်ခဲ့သော အပြစ်မဲ့သူများစွာကို သတိရမိပြီး နောင်တရနေခဲ့သည်။

အကယ်၍ ထိုသူများက သူ့ကို သတ်လိုက်လျှင်ပင် သူ၏ အပြစ်များကို ဆေးကြောနိုင်မည် မဟုတ်ချေ။ ရှဲ့ရွှန်းသည် ပိုမို တွေးတောလေလေ၊ ရဟန်းဝတ်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်ဟု ခံစားရလေလေ ဖြစ်သည်။ ၎င်းမှာ ရန်သူများထံမှ ထွက်ပြေးရန် မဟုတ်ဘဲ စိတ်ဝိညာဉ် ငြိမ်းချမ်းမှု ရရှိရန်သာ ဖြစ်ပေသည်။

ရဟန်းဝတ်ပြီးမှ ရန်သူများက လာရောက် သတ်ဖြတ်မည် ဆိုလျှင်ပင် ယခုအချိန်တွင် ရှဲ့ရွှန်းအတွက် ဘာမှ မဟုတ်တော့ချေ။ ဤကိစ္စသည် ကျန်းဝူကျိ ကြိုတင် စီစဉ်ထားခြင်း မဟုတ်ဘဲ ဝတ္တရားအရသာ ပြောပြခြင်း ဖြစ်သည်။ ကျန်းဝူကျိသည် သိက္ခာရှိသော သားလိမ္မာ တစ်ယောက် ဖြစ်ပေသည်။

သို့သော် ကျန်းဝူကျိ၏ ရည်ရွယ်ချက်မှာ ထိုမျှမကချေ။ ရှဲ့ရွှန်းသည် ရှောင်လင်ကျောင်းတော်တွင် ရဟန်းဝတ်လိုက်သည်နှင့် ရှောင်လင်သည် ကျန်းဝူကျိနှင့် လုံးဝ တစ်သားတည်း ဖြစ်သွားမည် ဖြစ်ပြီး မည်သို့မျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ခုန်းဝမ်နှင့် ခုန်းကျိတို့ တွေဝေနေသည်ကို မြင်သောအခါ ကျန်းဝူကျိက "ဒီကိစ္စက ဂိုဏ်းချုပ်တို့ကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး။ ကျွန်တော့်အဖေက ဟိုတုန်းက ဘုန်းတော်ကြီး ခုန်းကျန့်ရဲ့ ဆုံးမစကားတွေကို ကျေးဇူးတင်နေမိတာပါ။ ပြီးခဲ့တဲ့ရက်က ကျွန်တော့်ဖခင်ရဲ့ အိမ်မက်ထဲမှာ ဘုန်းတော်ကြီး ခုန်းကျန့် ပေါ်လာပြီး၊ သတ်ဖြတ်တဲ့ ဓားကို ချလိုက်ပြီး ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်ဖို့ မိန့်ကြားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဘုန်းတော်ကြီးအပေါ် ထားရှိတဲ့ အပြစ်ရှိစိတ်တွေကို ဖြေဖျောက်ဖို့အတွက် ဘုန်းတော်ကြီး ခုန်းကျန့်ရဲ့ တပည့်အဖြစ်နဲ့ ရဟန်းဝတ်လိုတာ ဖြစ်ပါတယ်" ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။

"ဒါ့အပြင် ဂိုဏ်းချုပ်တို့အတွက် အခက်အခဲ ဖြစ်မှာကိုလည်း ကျွန်တော် သိပါတယ်။ ဒါကြောင့် ဒီကိစ္စကို လျှို့ဝှက်ထားမှာ ဖြစ်ပြီး ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။ ဂိုဏ်းချုပ် ခုန်းဝမ်အနေနဲ့ ကျွန်တော့်အဖေကို ဘုန်းတော်ကြီး ခုန်းကျန့်ကိုယ်စား တပည့်အဖြစ် လက်ခံပေးပြီး ဘွဲ့အမည် တစ်ခု ပေးသနားဖို့ပဲ တောင်းဆိုချင်ပါတယ်။ အဲ့ဒီနောက်မှာ ကျွန်တော့်အဖေက ရှောင်လင်မှာ နေမှာ မဟုတ်ဘဲ ကျွန်တော်နဲ့အတူ ကွမ်မင်တောင်ထိပ်ကို ပြန်မှာ ဖြစ်ပါတယ်။ ဒီသတင်း ပေါက်ကြားမှာ မဟုတ်တဲ့အတွက် ရှောင်လင်ရဲ့ ကျော်ကြားမှုကိုလည်း ဘာမှ မထိခိုက်စေရပါဘူး။ ဂိုဏ်းချုပ်တို့ ဘယ်လို ထင်ပါသလဲ"

ဤအရာသည် ကျန်းဝူကျိ ချက်ချင်း စဉ်းစားလိုက်သော ပရိယာယ်တစ်ခု ဖြစ်ပေသည်။ ထိုအချိန်တွင် ဤလျှို့ဝှက်ချက်သည် ကျန်းဝူကျိအတွက် ရှောင်လင်ကို ထိန်းချုပ်ရန် လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။ အကြောင်းမှာ ရှောင်လင်ကျောင်းတော်သည် ရှဲ့ရွှန်းနှင့် အငြိုးအတေး ရှိသော်လည်း ရှဲ့ရွှန်း၏ ရန်သူများကို အမြဲ တားဆီးပေးခဲ့ရသည်။ ထိုရန်သူများသည် မကျေမနပ် ဖြစ်နေကြပြီ ဖြစ်ရာ ရှဲ့ရွှန်းသည် ရှောင်လင်၌ ရဟန်းဝတ်သွားကြောင်း သိရှိပါက ရှောင်လင်နှင့် အသေအလဲ တိုက်ခိုက်ကြပေလိမ့်မည်။ ထို့ကြောင့် ရှောင်လင်သည် ဤသတင်းကို ဖုံးကွယ်ထားရုံမှတစ်ပါး အခြားမရှိချေ။

ဤအခြေအနေတွင် ၎င်းတို့သည် ကျန်းဝူကျိကို မငြင်းဆန်နိုင်တော့ချေ။ ကျန်းဝူကျိ၏ စကားမှာ အလွန်ကျိုးကြောင်းဆီလျော်လှသည်။ ခုန်းကျန့်က အိမ်မက်ပေး၍ ရဟန်းဝတ်ရန် မိန့်ကြားခဲ့သည်ဟု ဆိုရာ ၎င်းတို့က မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။

၎င်းတို့သည် ခုန်းကျန့်ကိုလည်း ပြန်သွားမေး၍ မရနိုင်တော့ချေ။ ထို့ပြင် ဆိုးသွမ်းသူများပင်လျှင် နောင်တရကာ ဗုဒ္ဓ၏ လမ်းစဉ်သို့ ဝင်ရောက်နိုင်သည်ဟု ဆိုထားရာ ရှဲ့ရွှန်းလည်း အလားတူပင် ဖြစ်သည်။ ထို့ကြောင့် ခုန်းဝမ်နှင့် ခုန်းကျိတို့သည် ကျန်းဝူကျိ၏ အကြံအစည်ကို သိရှိသော်လည်း ဘာမှ မတတ်နိုင်ကြတော့ပေ။

"ကောင်းပါပြီ။ ဘုန်းတော်ကြီး ခုန်းကျန့်က အိမ်မက်ထဲမှာ မိန့်ကြားခဲ့သလို ရှဲ့ရွှန်းကလည်း နောင်တရစိတ် ရှိနေမှတော့ ရှောင်လင်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ် ဖြစ်တဲ့ ငါက ဘယ်လိုလုပ် ငြင်းပယ်နိုင်မှာလဲ။ ငါလည်း ကျန်းဂိုဏ်းချုပ်ရဲ့ တောင်းဆိုချက်ကို သဘောတူပါတယ်"

ခုန်းဝမ်၏ မျက်နှာတွင် မတတ်သာသည့် အမူအရာ ပေါ်နေသော်လည်း ခေါင်းညိတ် လိုက်ရတော့သည်။ ၎င်းကို မြင်သောအခါ ကျန်းဝူကျိက ပြုံးလျက် "ဒါဆိုရင် ဂိုဏ်းချုပ် ခုန်းဝမ်ကို ကျေးဇူးအများကြီး တင်ပါတယ်" ဟု ဆိုလေသည်။

ဤသို့ဖြင့် သူ၏ အစီအစဉ်များ အားလုံးမှာ ချောမွေ့စွာ အောင်မြင်သွားတော့သည်။

အခန်း (၁၉၂) ရှဲ့ရွှန်း ရဟန်းဝတ်ခြင်း

ကျန်းဂိုဏ်းချုပ်၏ စီစဉ်ပေးမှုဖြင့် ရှဲ့ရွှန်းသည် ရှောင်လင်ကျောင်းတော်တွင် ရဟန်းဝတ်ခြင်း အခမ်းအနားကို လျှို့ဝှက်စွာ ကျင်းပခဲ့သည်။

ဂိုဏ်းချုပ် ခုန်းဝမ်သည် ရှဲ့ရွှန်း၏ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုနှင့် ရိုသေကိုင်းရှိုင်းမှုကို မြင်တွေ့ရသောအခါ စိတ်ထဲ၌ ရှိနေခဲ့သော အာဃာတများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားရသည်။ ခုန်းဝမ်သည် လက်တွေ့ဆန်သောသူ ဖြစ်သော်လည်း လူတစ်ယောက်ကို တရားဓမ္မဖြင့် အကျိုးပြုခြင်းကိုမူ အလွန်ပင် လိုလားစွာ ဆောင်ရွက်ပေးခဲ့သည်။

ထိုနေရာ၌ ၎င်းနှင့် ခုန်းကျိ နှစ်ပါးတည်းသာ ရှိသော်လည်း ကျန်းဂိုဏ်းချုပ်ဘက်မှ အပြစ်ရှာစရာ မရှိစေရန်အတွက် လိုအပ်သော အခမ်းအနား အစီအစဉ်များကို အပြည့်အစုံ ဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးတွင် ဂိုဏ်းချုပ် ခုန်းဝမ်သည် ရှည်လျားသော ဆံပင်များကို ရိတ်သင်ထားပြီး သင်္ကန်းကို ဝတ်ရုံထားသည့် ရှဲ့ရွှန်းကို ကြည့်ကာ ခေါင်းကို အသာအယာ ညိတ်လျက် "သတ်ဖြတ်တဲ့ ဓားကို ချလိုက်ရင် ဗုဒ္ဓရဲ့ လမ်းစဉ်ကို ရောက်ပြီလို့ ဆိုရမှာပဲ။ မင်းဟာ ကိုယ့်အပြစ်တွေကို ဆေးကြောဖို့အတွက် ရဟန်းဝတ်ခဲ့တယ်။ ငါ့ရဲ့အစ်ကိုကြီး ခုန်းကျန့်ကို ဆရာအဖြစ် တောင်းခံခဲ့တဲ့အတွက် မင်းနဲ့ ရှောင်လင်ကျောင်းတော်ကြားက အငြိုးအတေးတွေဟာ ဒီနေ့ကစပြီး အားလုံး ပြီးဆုံးသွားပြီလို့ မှတ်ယူလိုက်ပါ" ဟု မိန့်ကြားလိုက်သည်။

အမှန်စင်စစ် ခုန်းဝမ်သည် ဤအငြိုးအတေးကို လွယ်လွယ်နှင့် လက်လွှတ်မည့်သူ မဟုတ်သော်လည်း ရှဲ့ရွှန်း၏ စစ်မှန်သော နောင်တတရားကို မြင်တွေ့ရခြင်း၊ ကျန်းဂိုဏ်းချုပ်၏ ပါးနပ်သော အကြံအစည်ကြောင့် ရှောင်လင်မှာ ကျန်းဂိုဏ်းချုပ်နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်သွားခြင်းတို့ကြောင့် ဤသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ခုန်းဝမ်သည် ဤအခွင့်အရေးကို အသုံးချ၍ အငြိုးအတေးများကို လုံးဝ ဖြေဖျောက်လိုက်ခြင်းဖြင့် နောင်တစ်ချိန်တွင် ဖြစ်လာနိုင်သော ပြဿနာများကို ကြိုတင်ကာကွယ်လိုက်ခြင်းပင် ဖြစ်ပေသည်။

၎င်းသည် ဆရာတော် ခုန်းကျန့်၏ စိတ်နေသဘောထားကိုလည်း ကောင်းစွာ သိရှိထားသည်။ ခုန်းကျန့်သည် ရှဲ့ရွှန်း၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ရသော်လည်း ရှဲ့ရွှန်းအပေါ် တစ်စုံတစ်ရာ ရန်ငြိုးမထားခဲ့ချေ။ အကယ်၍ ဤမြင်ကွင်းကိုသာ မြင်တွေ့ရပါက ရှဲ့ရွှန်းကို တရားဓမ္မလမ်းကြောင်း ပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည့်အတွက် ဝမ်းသာနေပေလိမ့်မည်။ ထို့ကြောင့် ခုန်းဝမ်သည် ခုန်းကျန့်ကိုယ်စား ရှဲ့ရွှန်းကို ခွင့်လွှတ်ပေးလိုက်ခြင်းမှာ ခုန်းကျန့်၏ ဆန္ဒနှင့်လည်း မဆန့်ကျင်ဟု ယူဆလိုက်သည်။

ရှဲ့ရွှန်းသည် ဘုရားဆင်းတုတော်နှင့် ခုန်းကျန့်၏ ဝိညာဉ်အထိမ်းအမှတ် ကမ္ပည်းစာတိုင်ရှေ့ရှိ ဖျာပေါ်တွင် ဒူးထောက်လျက် "ရှဲ့ရွှန်းဟာ အရင်က အပြစ်တွေ အများကြီး ကျူးလွန်ခဲ့ပြီး အပြစ်မဲ့တဲ့သူတွေ အများကြီးကို သေစေခဲ့မိပါတယ်။ ဒီနေ့ ရှောင်လင်မှာ ရဟန်းဝတ်ခွင့်ရပြီး ဘုန်းတော်ကြီး ခုန်းကျန့်ရဲ့ တပည့် ဖြစ်ခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ကံကောင်းခြင်းပါပဲ" ဟု ရိုသေလေးစားစွာဖြင့် လျှောက်ထားလိုက်သည်။

ခုန်းဝမ်သည် ရှဲ့ရွှန်း၏ စိတ်ထားကို သဘောကျသဖြင့် ခေါင်းညိတ်ကာ "ရှဲ့ရွှန်း ဆိုတာက မင်းရဲ့ လူအမည်ပဲ။ အခု ရဟန်းဝတ်ပြီးပြီဆိုတော့ အဲ့ဒီအမည်ကို ဆက်သုံးလို့ မရတော့ဘူး။ ငါတို့ ကျောင်းတော်ရဲ့ 'ခုန်း' မျိုးဆက်အောက်မှာ 'ယွမ်' မျိုးဆက် ရှိတယ်။ မင်းက အမှားကို သိမြင်ပြီး ဗုဒ္ဓသာသနာထဲကို စိတ်ရင်းနဲ့ ဝင်ရောက်လာတာဆိုတော့ မင်းရဲ့ ဘွဲ့အမည်ကို 'ယွမ်ကွေ့' လို့ မှည့်ရင် ဘယ်လိုလဲ" ဟု ဆိုလိုက်သည်။

"ဟမ်"

ထိုစကားကို ကြားလိုက်ရသော ကျန်းဂိုဏ်းချုပ်မှာ မအောင့်နိုင်ဘဲ အသံထွက်အောင် ရယ်မောမိသွားတော့သည်။

"ယွမ်ကွေ့ (ဝိုင်းပတ်သော ပေတံ) ဆိုပါလား။ ဒါဆိုရင် တြိဂံပေတံလို့ပါ မှည့်လိုက်ပါလား" ဟု ကျန်းဝူကျိက စိတ်ထဲမှ တွေးလိုက်မိသည်။

(နားလည်လွယ်အောင်ရှင်းပြရလျှင် ယွမ်ကွေ့ ဆိုတာကတော့ ထောင့်ဆူး နဲ့ အသံထွက်တူလို့ ကျန်းဝူကျိက အဲ့လို့မှည့်မဲ့ အစား တြိဂံပေတံ (set square) လို့သာ ပေးလိုက်ပါတော့ ဟု တွေးမိခြင်းဖြစ်သည်)

ခုန်းဝမ်မှာ အလွန်တည်ကြည်သော မျက်နှာထားဖြင့် မိန့်ကြားနေခြင်း ဖြစ်သော်လည်း ကျန်းဂိုဏ်းချုပ်၏ ရယ်သံကြောင့် အခမ်းအနားမှာ ပျက်လုနီးပါး ဖြစ်သွားရသည်။ ထိုနေရာရှိ လူအပေါင်းတို့မှာလည်း ကျန်းဝူကျိ အဘယ်ကြောင့် ရယ်မောရသည်ကို နားမလည်နိုင်ဘဲ အံ့အားသင့်နေကြသည်။ ကျန်းဝူကျိ၏ အဆင့်အတန်းမှာ အလွန်မြင့်မားနေသောကြောင့်သာ တော်တော့သည်။ အကယ်၍ အခြားသူတစ်ယောက်သာ ယခုကဲ့သို့ ရယ်မောခဲ့ပါက မောင်းထုတ်ခံရမည်မှာ သေချာလှပေသည်။

ခုန်းဝမ်က ဇဝေဇဝါ ဖြစ်လျက် "ကျန်းဂိုဏ်းချုပ်၊ တစ်ခုခု မှားယွင်းနေလို့လား" ဟု မေးမြန်းလိုက်သည်။

ကျန်းဂိုဏ်းချုပ်က ခေါင်းညိတ်ပြပြီး "ယွမ်ကွေ့ ဆိုတဲ့ အမည်က သိပ်နားဝင်မချိုလှဘူးဗျ။ ကျွန်တော့်အမြင် ပြောရရင်တော့ ဘွဲ့အမည်တွေ ဘာတွေလည်း ပေးမနေပါနဲ့တော့။ သူ့ရဲ့ မူလအမည် ရှဲ့ရွှန်း ဆိုတာကိုပဲ ဆက်ထားလိုက်ပါလား။ ဘာများ ဖြစ်သွားမှာမို့လို့လဲ" ဟု ဆိုလိုက်သည်။

ဤစကားကို ကြားသောအခါ လူအများမှာ မှင်တက်သွားကြသည်။ ခုန်းဝမ်က ခေါင်းခါလျက် "ကျန်းဂိုဏ်းချုပ် ပြောတာ မမှန်ပါဘူး။ ရဟန်းဝတ်ပြီးရင် အရင်အမည်ကို သုံးလို့ မရတော့တာ ထုံးစံပဲ။ ဘွဲ့အမည် ဆိုတာ ဘဝသစ်တစ်ခုကို ဖော်ဆောင်တာ ဖြစ်သလို ဗုဒ္ဓသာသနာထဲကို ဝင်ရောက်ခြင်းရဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ဒါကို မရှိလို့ ဘယ်ဖြစ်ပါ့မလဲ" ဟု ဆိုသည်။

ရှဲ့ရွှန်းကလည်း "ဝူကျိ၊ ဒါက ပုံမှန်လည်း အဲ့ဒီလိုပဲလေ" ဟု ပြောလိုက်သည်။

သို့သော် ကျန်းဂိုဏ်းချုပ်က ခေါင်းခါလျက် "ဂိုဏ်းချုပ် ခုန်းဝမ်နဲ့ မွေးစားအဖေတို့ နှစ်ယောက်လုံးဟာ အပေါ်ယံ အသွင်အပြင်တွေအပေါ်မှာ အရမ်းကို စွဲလမ်းနေကြတာပဲ" ဟု ဆိုလိုက်သည်။

"ဟင်"

ခုန်းဝမ်နှင့် ရှဲ့ရွှန်းတို့မှာ ကျန်းဂိုဏ်းချုပ် ဘာကို ဆိုလိုသည်ကို နားမလည်နိုင် ဖြစ်သွားကြရသည်။

ကျန်းဝူကျိက ဆက်လက်၍ "အမည်ဆိုတာ ခေါ်ဖို့အတွက် သတ်မှတ်ထားတဲ့ အရာတစ်ခုသက်သက်ပါပဲ။ အမည်ရှိတာ မရှိတာက ဘာထူးခြားသွားမှာလဲ။ အမည်ကို ပြောင်းလိုက်တာနဲ့ အဲ့ဒီလူက အခြားတစ်ယောက်ဖြစ်သွားလို့လား။ မဟုတ်ပါဘူး။ ကျွန်တော့် မွေးစားအဖေ ရဲ့ မူလအမည်က ရှဲ့ရွှန်း၊ အခု ရဟန်းဝတ်ပြီးတဲ့အခါမှာလည်း သူ့ရဲ့ ဘွဲ့အမည်က ရှဲ့ရွှန်းပဲ ဖြစ်မယ်။ ဘာမှားနေလို့လဲ။ စည်းမျဉ်းတွေကိုပဲ အမြဲ ဦးစားပေးနေတာဟာ အပေါ်ယံ အသွင်အပြင်တွေကို စွဲလမ်းနေတာ မဟုတ်ရင် ဘာဖြစ်မလဲ" ဟု ဆိုလိုက်သည်။

"အမည်ဆိုတာ ခေါ်ဖို့အတွက် သတ်မှတ်ထားတဲ့ အရာတစ်ခုသက်သက်ပါပဲ" ဟူသော စကားကို ကြားလိုက်ရသောအခါ ခုန်းဝမ်နှင့် ရှဲ့ရွှန်းတို့မှာ တုန်လှုပ်သွားကြပြီး နက်နက်နဲနဲ တွေးတောမိသွားကြသည်။

ဤစကားမှာ ရိုးရှင်းသော်လည်း အလွန်နက်နဲသော ဗုဒ္ဓတရား၏ အနှစ်သာရများ ပါဝင်နေသဖြင့် ၎င်းတို့အား ရုတ်တရက် အလင်းပြလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ တကယ့် အမှန်တရားများမှာ ခက်ခဲနက်နဲသော စကားလုံးများဖြင့် ဖော်ပြနေရန် မလိုဘဲ ရိုးရှင်းသော စကားလုံးများဖြင့်ပင် စိတ်နှလုံးကို တိုက်ရိုက် ထိမှန်စေနိုင်သည်မှာ စစ်မှန်သော ဉာဏ်အလင်းပင် ဖြစ်ပေသည်။

ရှဲ့ရွှန်းက ခါးသီးစွာ ပြုံးလျက် "ဝူကျိရဲ့ စကားတွေက တကယ်ကို တွေးတောစရာပါပဲ။ ငါ ရှဲ့ရွှန်းဟာ အခု ဘွဲ့အမည်တစ်ခု ယူလိုက်လို့ တကယ်ပဲ ဘဝသစ် ရနိုင်မှာလား။ ငါ့ကို ရှဲ့ရွှန်းလို့ပဲ ခေါ်ခေါ်၊ တခြားအမည်နဲ့ပဲ ခေါ်ခေါ်၊ ငါကတော့ ငါပဲ ဖြစ်နေမှာပါ။ အမည်ပြောင်းလိုက်ရုံနဲ့ အရင်က ရန်ငြိုးတွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ အခု ငါဟာ အရင်က အပြစ်တွေအတွက် ဗုဒ္ဓတရားကို စိတ်ရင်းနဲ့ လိုက်စားနေပြီဆိုတော့ ငါ့ရဲ့ အမည်က ဘာပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး" ဟု ဆိုလိုက်သည်။

ခုန်းဝမ်ကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်လျက် ကျန်းဂိုဏ်းချုပ်ဘက်သို့ လက်အုပ်ချီကာ "ကျန်းဂိုဏ်းချုပ်ရဲ့ စကားတွေက တကယ့်ကို အဖိုးတန်တဲ့ ဆုံးမစကားတွေပါပဲ။ ဒီဘုန်းကြီးအိုကြီးကို ရုတ်တရက် အလင်းပြပေးနိုင်ခဲ့ပါတယ်။ တကယ်ကို လေးစားမိပါတယ်" ဟု အရိုအသေ ပြုလိုက်သည်။

"မခံယူဝံ့ပါဘူးဗျာ၊ မပြောပါနဲ့" ဟု ကျန်းဝူကျိကလည်း အားနာသလို ပြောဆိုလိုက်သည်။

ထိုနေရာရှိ လူအပေါင်းတို့မှာလည်း ကျန်းဂိုဏ်းချုပ်ကို အထင်ကြီး လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အများစုမှာ နက်နဲသော တရားဓမ္မများကို နားမလည်ကြသော်လည်း ကျန်းဂိုဏ်းချုပ်၏ စကားမှာ အလွန်ပင် ရှင်းလင်းလှသည်။ မည်သူမဆို ထိုစကားကို ကြားလျှင်ပင် ဉာဏ်အလင်း တစ်ခုခုကို ခံစားရနိုင်ပေသည်။

ရန်ရှောင်နှင့် တခြားသူများကလည်း "ဂိုဏ်းချုပ်ကတော့ စာပေမှာရော လက်ရုံးရည်မှာပါ တကယ်ကို ပြည့်စုံတာပဲ။ စကားတစ်ခွန်းတည်းနဲ့ ရှောင်လင်ဂိုဏ်းချုပ်ရဲ့ လေးစားမှုကိုတောင် ရအောင် ယူနိုင်ခဲ့တယ်။ ဧကရာဇ်ရဲ့ ဖြစ်လာမယ့် သူဆိုတာ ဒါမျိုးကို ပြောတာပဲ" ဟု စိတ်ထဲမှ ချီးကျူးနေမိကြသည်။

ကျန်းဂိုဏ်းချုပ်၏ စကားကြောင့် ဘွဲ့အမည် မှည့်မည့်ကိစ္စမှာ ပျက်ပြယ်သွားတော့သည်။ ရှဲ့ရွှန်းကို ရှဲ့ရွှန်းဟုပင် ဆက်လက် ခေါ်ဆိုကြမည် ဖြစ်သည်။ လူအမည်နှင့် ဘွဲ့အမည်ဟူ၍ ခွဲခြားမနေတော့ဘဲ မူလအမည်အတိုင်းသာ တည်ရှိနေတော့မည် ဖြစ်ရာ အမည်ပြောင်းလဲခြင်းမှာ အနှစ်သာရ မရှိတော့ချေ။

ရှဲ့ရွှန်းသည် မျက်စိမမြင်ရသော်လည်း ရှေ့သို့ ဦးညွှတ်ကာ မြတ်စွာဘုရားနှင့် ယခုအခါ သူ၏ ဆရာဖြစ်လာသူ ခုန်းကျန့်ကို ကန်တော့လိုက်သည်။ ထုံးတမ်းစဉ်လာများ အားလုံး ပြီးဆုံးသွားသောအခါ ရှဲ့ရွှန်းသည် စစ်မှန်သော ဗုဒ္ဓဘာသာဝင် ရဟန်းတစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သူသည် ရှောင်လင်ကျောင်းတော်၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသဖြင့် ကျန်းဂိုဏ်းချုပ်ကလည်း ကွမ်မင်တောင်ထိပ်သို့ ပြန်၍ တရားဓမ္မကိုသာ တစ်ဦးတည်း ကျင့်ကြံရန် တိုက်တွန်းခဲ့သည်။ မင်ဂိုဏ်းသည်လည်း ဗုဒ္ဓဘာသာနှင့် အမြစ်တွယ်နေသော ဂိုဏ်းတစ်ခု ဖြစ်သည့်အပြင် စိတ်ထဲမှာ ဘုရားရှိလျှင် နေရာတိုင်းမှာ ကျောင်းတော် ရှိသည်ဟု ယူဆနိုင်သဖြင့် မည်သည့်နေရာတွင် တရားကျင့်သည်မှာ အရေးမကြီးတော့ပေ။

ယခုအခါ ရှဲ့ရွှန်းမှာ တရားဓမ္မကို ကျင့်ကြံရန်မှတစ်ပါး အခြားသော ဆန္ဒများ မရှိတော့ချေ။ သူသည် နဂါးနိုင်ဓားကို ကျန်းဂိုဏ်းချုပ်ထံ ကမ်းပေးလိုက်ပြီး "ဝူကျိ၊ ဒီနဂါးနိုင်ဓားကို မင်းဆီမှာပဲ အပ်နှံလိုက်ပါတယ်။ နှစ်ပေါင်းများစွာ ဒီဓားကြောင့် လူတွေအများကြီး အသက်ဆုံးရှုံးခဲ့ရတယ်။ လူတွေရဲ့ လောဘတရားကို နှိမ်နင်းဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ မင်းရဲ့ မိဘတွေနဲ့ ငါ တွေ့ဆုံခဲ့ရတာလည်း ဒီဓားကြောင့်ပဲ။ အကယ်၍ ဒီဓားက သိုင်းလောကထဲမှာ ကျန်နေခဲ့ရင် ပဋိပက္ခတွေ ထပ်ဖြစ်လာဦးမှာပဲ။ အခု တိမ်လွှာဓားကလည်း မင်းလက်ထဲမှာ ရှိနေပြီဆိုတော့ ဒါကို မင်းလက်ထဲမှာ ထားတာက အကောင်းဆုံးပါပဲ" ဟု ဆိုလိုက်သည်။

"အရင်က ကောလာဟလတွေအရ နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားမှာ လျှို့ဝှက်ချက်တွေ ရှိတယ်လို့ ဆိုကြတယ်။ ငါလည်း နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ ဘာမှ မသိခဲ့ရဘူး။ ဒါပေမဲ့ နဂါးနိုင်ဓားရဲ့ သံသားတစ်နေရာမှာ တခြားနေရာတွေနဲ့ မတူတာကိုတော့ ခံစားမိတယ်။ အဲ့ဒီမှာ လျှို့ဝှက်ချက် ရှိသလားဆိုတာတော့ မင်းကိုယ်တိုင်ပဲ ရှာဖွေကြည့်ပါတော့။ ငါလည်း အခုဆိုရင် သာသနာ့ဘောင်ထဲကို ရောက်သွားပြီ ဖြစ်လို့ လောကီရေးရာတွေနဲ့ ဘာမှ မပတ်သက်တော့ပါဘူး။ မင်းကိုယ်မင်း ဂရုစိုက်ပါ"

ဤစကားများသည် အမှန်စင်စစ် နှုတ်ဆက်စကားများပင် ဖြစ်ပေသည်။ လောကီဘောင်ကို စွန့်ခွာခြင်းသည် လူအများ၏ အမြင်တွင် သေဆုံးသွားခြင်းနှင့် သိပ်မထူးခြားလှသော်လည်း ကျန်းဂိုဏ်းချုပ်၏ အမြင်တွင်မူ အသက်မသေပါက အားလုံး အဆင်ပြေသည်။ ရှဲ့ရွှန်းအတွက် ယခုရလဒ်သည် အလွန်ပင် ကောင်းမွန်လှပေသည်။

ကျန်းဂိုဏ်းချုပ်သည် ရှဲ့ရွှန်းနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သော နဂါးနိုင်ဓားကို လက်ခံယူလိုက်ပြီး "ဟုတ်ကဲ့ပါ" ဟု ခေါင်းညိတ်၍ ပြန်လည် ဖြေကြားလိုက်လေသည်။

အခန်း (၁၉၃) ကြောင်နှင့် မင်းသား လဲလှယ်သည့် အစီအစဉ်

ရှဲ့ရွှန်းသည် ရှောင်လင်ကျောင်းတော်၌ ရဟန်းဝတ်ပြီးသွားသောအခါ ကျန်လူများလည်း ရှောင်လင်မှ ထွက်ခွာ၍ ကွမ်မင်တောင်ထိပ်သို့ ပြန်ရန် ပြင်ဆင်ကြတော့သည်။

ကျန်းဝူကျိက ရှဲ့ရွှန်းအား နောက်ထပ် တစ်ရက်၊ နှစ်ရက်ခန့် နေပြီးမှ ထွက်ခွာမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။ ရှဲ့ရွှန်းမှာမူ ယခုအခါ တရားဓမ္မ ကျင့်ကြံရန်သာ အာရုံစိုက်နေသဖြင့် မည်သည့်ကိစ္စကိုမျှ အရေးမလုပ်ဘဲ သဘောတူလေသည်။

ခုန်းဝမ်နှင့် ခုန်းကျိတို့မှာလည်း ကျန်းဂိုဏ်းချုပ်အနေဖြင့် ကတိဖျက်မည်မဟုတ်ဟု ယုံကြည်နေကြသဖြင့် မည်သို့မျှ ကန့်ကွက်ခြင်းမရှိဘဲ မနက်ဖြန်တွင် လိုက်ပါပို့ဆောင်ရန်သာ စောင့်ဆိုင်းနေကြသည်။

ထိုညနေတွင် ကျန်းဂိုဏ်းချုပ်၏ အခန်းတံခါးပြင်ပမှ ရန်ရှောင်၏ အသံထွက်ပေါ်လာသည်။

"ဂိုဏ်းချုပ်၊ ညာလက်ရုံးတမန်တော် ဖန့်နဲ့ လင်းနို့ဘုရင် ဝေတို့ ပြန်ရောက်လာပါပြီ" ဟု ရန်ရှောင်က လျှောက်တင်သည်။

"အထဲကိ မြန်မြန် ဝင်လာခိုင်းလိုက်ပါ"

ကျန်းဂိုဏ်းချုပ်၏ အမိန့်ပေးသံအဆုံးတွင် တံခါးပွင့်သွားပြီး ဖန့်ယောင်နှင့် ဝေယိရှောက်တို့သည် ထွားကြိုင်းသော လူတစ်ယောက်ကို ခေါ်ဆောင်ကာ ဝင်လာကြသည်။

ဖန့်ယောင်နှင့် ဝေယိရှောက်တို့က ကျန်းဝူကျိကို အရိုအသေပေးကာ "ဂိုဏ်းချုပ်အလိုရှိတဲ့ လူကို ရှာတွေ့ခဲ့ပါပြီ" ဟု လျှောက်တင်ကြရင်း ထိုလူကို ရှေ့သို့ ခေါ်ထုတ်လာခဲ့ကြသည်။

ကျန်းဝူကျိသည် ခေါင်းကို အသာညိတ်ကာ ထိုလူကို အကဲခတ်ကြည့်ရှုပြီးနောက် စိတ်ကျေနပ်သွားပုံရသည်။

ထိုအချိန်တွင် ကျန်းဝူကျိ၏ အနား၌ ရှိနေသော ကျောက်မိန်သည် ဤကိစ္စကို ကြိုတင်မသိရှိထားသော်လည်း ဝေယိရှောက်တို့ ခေါ်လာသော လူကို အကဲခတ်ကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်ပြီး "အော်၊ ရှင့်ရဲ့ အကြံက ကြောင်နဲ့ မင်းသား လဲလှယ်တဲ့ အစီအစဉ်ပေါ့ (သာမန်လူကို မင်းသားအဖြစ် ဟန်ဆောင်ခိုင်းသည့် အစီအစဉ်)" ဟု ဆိုသည်။

"မင်းက တကယ့်ကို ပါးနပ်တာပဲ"

ကျန်းဝူကျိက ကျောက်မိန်၏ ပါးပြင်ကို အသာအယာ ဆွဲလိမ်လိုက်ပြီး "မင်း ပြောတာ မှန်ပါတယ်။ ငါ့ရဲ့ မွေးစားအဖေက အခု ရဟန်းဝတ်သွားပြီဆိုတော့ ဒီဒုက္ခတွေကို တခြားဘက် လွှဲပေးဖို့အတွက် ပစ်မှတ်အသစ်တစ်ခု ဖန်တီးဖို့ လိုအပ်တယ်လေ" ဟု ပြုံးလျက် ဆိုသည်။

မှန်ပေသည်။ ထိုလူမှာ ရှဲ့ရွှန်းနေရာတွင် အစားထိုးရန်အတွက် ဖန့်ယောင်နှင့် ဝေယိရှောက်တို့ကို ကျန်းဝူကျိ တာဝန်ပေး၍ ရှာခိုင်းထားသော လူစားထိုးပင် ဖြစ်သည်။

ယခုအခါ ရှဲ့ရွှန်းမှာ ရဟန်းဝတ်သွားပြီ ဖြစ်သဖြင့် ရန်သူများ၏ အငြိုးအတေးများကို ဂျပန်နိုင်ငံဘက်သို့ လွှဲပြောင်းပေးရန်အတွက် ရှဲ့ရွှန်းနှင့် ရုပ်ရည်ချင်း ဆင်တူသော လူတစ်ယောက် လိုအပ်နေသည်။

ဤအတောအတွင်း ဖန့်ယောင်နှင့် ဝေယိရှောက်တို့သည် ဤတာဝန်ကို အဓိကထား ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ဖန့်ယောင်ကို စေလွှတ်ရခြင်းမှာ သူ၏ ရုပ်ရည်မှာ မကြာသေးမီကမှ ပြန်လည်ကောင်းမွန်လာသဖြင့် လူသိနည်းခြင်းကြောင့်ဖြစ်ပြီး ဝေယိရှောက်မှာမူ ကိုယ်ဖော့ပညာ အလွန်ထူးချွန်သဖြင့် အခြားသူများ သတိမထားမိအောင် သွားလာနိုင်သောကြောင့် ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အတော်ကြာအောင် ရှာဖွေပြီးမှ ဤလူကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုလူမှာ ရှဲ့ရွှန်းနှင့် မတူသည့်အချက်မှာ ဆံပင်မှာ ရွှေအိုရောင် မဟုတ်ခြင်းနှင့် မျက်နှာသွင်ပြင် အနည်းငယ် ကွဲပြားခြင်းတို့ ဖြစ်သည်။ ထို့ပြင် ရှဲ့ရွှန်းထက် ဆယ်နှစ်ခန့် ပို၍ ငယ်ရွယ်ပုံရသော်လည်း သူ၏ ထွားကြိုင်းသော ကိုယ်လုံးကိုယ်ပေါက်မှာမူ ရှဲ့ရွှန်းနှင့် ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းခန့် ဆင်တူလှသည်။

ရှဲ့ရွှန်းကို ရန်ငြိုးထားသူ အများစုမှာ ရှဲ့ရွှန်းကို တစ်ခါမျှ မမြင်ဖူးကြဘဲ အခြားသူများ၏ ပြောပြချက်အရသာ သိထားကြခြင်း ဖြစ်သည်။ ထို့ပြင် ထိုသို့ သိထားသည်မှာလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ရာ ယခုအခါ ရုပ်ရည် အနည်းငယ် ပြောင်းလဲသွားသည်ဟု ဆိုလျှင်လည်း ယုတ္တိတန်လှပေသည်။

"ကျွန်တော်မျိုး ကျန်းဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

ထိုလူသည် ကျန်းဝူကျိကို ရိုသေစွာ ဦးညွှတ်လိုက်သော်လည်း သူ၏ ပုံစံမှာ အလွန်တုန်လှုပ် ချောက်ချားနေပုံရသည်။ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ထွားကြိုင်းလှသော်လည်း စိတ်ထဲတွင် ကြောက်ရွံ့နေသဖြင့် လူမှာ ကျုံ့ကျုံ့လေး ဖြစ်နေတော့သည်။

ကျန်းဝူကျိက ခေါင်းညိတ်ပြပြီး "မင်း နာမည် ဘယ်သူလဲ၊ ဘယ်အရပ်ကလဲ" ဟု မေးမြန်းလိုက်သည်။

ထိုလူက အလျင်အမြန်ပင် "ကျွန်တော့်မျိုးရဲ့ မျိုးရိုးနာမည်က ကျိုး ပါ။ မိသားစုထဲမှာ တတိယမြောက် ဖြစ်လို့ အားလုံးက ကျိုးလောင်ဆန်း လို့ပဲ ခေါ်ကြပါတယ်။ နာမည်ကြီးကြီးမားမား မရှိပါဘူး။ ကျွန်တော်မျိုးက အလယ်ပိုင်းဒေသကဖြစ်ပြီး သိုင်းပညာလည်း မတတ်ပါဘူး။ ခွန်အားပဲ ရှိတာကြောင့် ဒေသခံ ဂိုဏ်းငယ်လေးတစ်ခုမှာ အကြမ်းပတမ်း အလုပ်သမားအဖြစ် လုပ်ကိုင်နေတာပါ" ဟု ဖြေကြားသည်။

"နောက်ခံကတော့ အတော်လေး ရှင်းလင်းသားပဲ"

ကျန်းဝူကျိက ပြုံးလိုက်ပြီး "ညာလက်ရုံးတမန်တော် ဖန့်နဲ့ လင်းနို့ဘုရင် ဝေတို့က ကိစ္စအဝဝကို ပြောပြပြီးပြီ မဟုတ်လား။ မင်း ဘယ်လို ထင်သလဲ" ဟု မေးလိုက်သည်။

ကျိုးလောင်ဆန်းက စိတ်ထဲမှ "ဘယ်လို ထင်ရမှာလဲ၊ ဒါက အသက်နဲ့ ရင်းရတဲ့ အလုပ်ပဲ။ ကျွန်တော့်လို လူငယ်လေးအတွက် အန္တရာယ်ရှိပေမဲ့ ရရှိမယ့် အကျိုးကျေးဇူးကလည်း အလွန်ကြီးမားတာပဲ" ဟု တွေးတောမိသည်။

ထို့ကြောင့် သူက ခေါင်းခါလျက် "ဘယ်လိုမှ မထင်ပါဘူး။ ကျန်းဂိုဏ်းချုပ်က ကျွန်တော်မျိုးကို လိုအပ်တယ်ဆိုရင် ကျွန်တော်မျိုး အစွမ်းကုန် အလုပ်အကျွေး ပြုပါ့မယ်။ ဒါပေမဲ့ ကတိပေးထားတဲ့ အကျိုးကျေးဇူးတွေက..." ဟု ဆိုသည်။

ကျန်းဝူကျိ၏ ကျော်ကြားမှုမှာ ကြီးမားလှသဖြင့် သာမန် အလုပ်သမားလေးဖြစ်သော သူသည် ကျန်းဝူကျိကို အလွန် လေးစားကြောက်ရွံ့နေမိသည်။ ထို့ကြောင့် အကျိုးခံစားခွင့်အကြောင်း ပြောဆိုရာတွင် ဆက်၍ပင် မပြောရဲတော့ချေ။

ကျန်းဝူကျိက ဖန့်ယောင်နှင့် ဝေယိရှောက်တို့ကို ကြည့်ကာ "မင်းတို့ ဘာတွေ ကတိပေးခဲ့သလဲ" ဟု မေးလိုက်သည်။

ဝေယိရှောက်က "ငွေ တစ်ထောင်၊ သူ့သားကို သိုင်းပညာ သင်ပေးဖို့နဲ့ ကျွန်တော်တို့ ဂိုဏ်းက ပညာရှင်တစ်ယောက်ရဲ့ တပည့်အဖြစ် ခံယူခွင့် ပေးမယ်လို့ ကတိပေးခဲ့ပါတယ်" ဟု လျှောက်တင်သည်။

ကျန်းဝူကျိက ပြုံးလျက် "ဒါပဲ တောင်းဆိုတာလား။ ဘာမှ ခက်ခဲတာ မဟုတ်ပါဘူး။ အဖေတစ်ယောက်အနေနဲ့ သားမယား ရှေ့ရေးအတွက် ကြိုးစားတာဟာ သဘာဝပါပဲ" ဟု ဆိုသည်။

"ကျေးဇူးတင်ပါတယ် ကျန်းဂိုဏ်းချုပ်၊ ကျေးဇူးအများကြီး တင်ပါတယ်"

ထိုစကားကို ကြားသောအခါ ကျိုးလောင်ဆန်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး ကျန်းဝူကျိ၏ ခြေရင်းတွင် ဝပ်တွား ဦးချတော့သည်။ သို့သော် သူ ဒူးထောက်လိုက်သည်နှင့် ကျန်းဝူကျိက နဂါးဖမ်းဆုပ်လက်သည်းဖြင့် သူ့ကို အဝေးမှပင် ဆွဲမလိုက်ပြီး "မင်းက ငါ့အတွက် အလုပ်လုပ်ပေးမှာဆိုတော့ အကျိုးကျေးဇူး ပေးတာဟာ တရားမျှတပါတယ်။ ဒီလောက်ထိ အားနာနေဖို့ မလိုပါဘူး" ဟု မိန့်ကြားသည်။

ကျိုးလောင်ဆန်းမှာ မိမိအား အဝေးမှ ဆွဲမနိုင်သော ထူးဆန်းသည့် သိုင်းပညာကို တစ်ခါမျှ မမြင်ဖူးသဖြင့် ပို၍ပင် စိတ်လှုပ်ရှားသွားကာ ကျေးဇူးတင်စကားများကို အထပ်ထပ် ဆိုနေတော့သည်။

ဤသည်မှာ လောကရှိ မိဘတိုင်း၏ မေတ္တာပင် ဖြစ်ပေသည်။ ကျိုးလောင်ဆန်းအနေဖြင့် ဤရွေးချယ်မှုကို ပြုလုပ်လိုက်ခြင်းမှာ သူ့အတွက် တစ်နည်းအားဖြင့် ကောင်းမွန်လှသည်။

သူသည် ထွားကြိုင်းပြီး ခွန်အားရှိသော်လည်း သိုင်းပညာ မတတ်သည့်အပြင် အခြေခံလူတန်းစားမျှသာ ဖြစ်ရာ သူ၏သားဖြစ်သူမှာ နောင်တစ်ချိန်တွင် ကြီးပွားတိုးတက်ရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ယခုအခါ ကျန်းဂိုဏ်းချုပ်အတွက် အသက်စွန့်လုပ်ကိုင်ပေးခြင်းဖြင့် သူ၏သားသည် သိုင်းပညာ သင်ယူခွင့်ရမည့်အပြင် မင်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး၏ တပည့် ဖြစ်လာမည် ဖြစ်ရာ အဆင့်အတန်းမှာ ချက်ချင်း မြင့်တက်သွားပေလိမ့်မည်။

ထို့ပြင် ဤကိစ္စသည် သေချာပေါက် သေရမည်ဟုလည်း မဆိုနိုင်ချေ။ အကယ်၍ သူသာ အသက်ရှင်လျက် ပြန်လာနိုင်ပါက သူ၏ မိသားစုတစ်ခုလုံးမှာ ကံထူးမည်ဖြစ်ပြီး သားစဉ်မြေးဆက် ဘဝပြောင်းလဲသွားမည့် ကောင်းမှုတစ်ခုပင် ဖြစ်တော့သည်။

"ခဏနေရင် မင်းသားရဲ့ အရည်အချင်းကို ငါကြည့်မယ်။ ဘယ်သိုင်းပညာနဲ့ သင့်တော်မလဲဆိုတာ ဆုံးဖြတ်ပေးမယ်။ အဲ့ဒီအခါကျရင် အဆင့်အတန်း မခွဲခြားဘဲ အလင်းတမန်တော် နှစ်ပါးပဲဖြစ်ဖြစ်၊ အစောင့်အရှောက်ဘုရင် လေးပါးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါကိုယ်တိုင်ပဲဖြစ်ဖြစ် သင့်တော်တဲ့ သိုင်းပညာရှိရင် တပည့်အဖြစ် လက်ခံပေးမယ်။ ငွေ တစ်ထောင်ကိုလည်း မင်းအိမ်ကို ပို့ပေးလိုက်မယ်။ ဘာမှ စိုးရိမ်စရာ မရှိစေရဘူး"

ကျန်းဝူကျိသည် အသာအယာ ပြုံးလိုက်သည်။ သူသည် မိမိအတွက် အလုပ်လုပ်ပေးသူများကို အမြဲပင် ရက်ရက်ရောရော ချီးမြှင့်လေ့ရှိသည်။ ဤကဲ့သို့ စိတ်ထားကြီးမြတ်မှု မရှိပါက သူသည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။ နောင်တွင် ဧကရာဇ် ဖြစ်လာမည်ဟူသော စကားမှာလည်း ရယ်စရာ ဖြစ်နေပေလိမ့်မည်။

လက်အောက်ငယ်သားများကို အုပ်ချုပ်ရာတွင် မေတ္တာနှင့် အာဏာကို မျှတစွာ အသုံးပြုရမည် ဖြစ်သည်။ ကျန်းဝူကျိ၏ အာဏာနှင့် ဂုဏ်သတင်းမှာ လောကအနှံ့ ပျံ့နှံ့နေပြီ ဖြစ်ရာ မည်သူမဆို သူ၏ အမည်ကို ကြားသည်နှင့် ကြောက်ရွံ့နေကြပြီ ဖြစ်သည်။

ထိုအခြေခံပေါ်တွင် ရက်ရောသော မေတ္တာကိုပါ ထပ်လောင်းလိုက်သောအခါ လက်အောက်ငယ်သားများ၏ ကျေးဇူးသိတတ်မှုနှင့် သစ္စာရှိမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားမည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။

ကျိုးလောင်ဆန်းသည် ထိုစကားကို ကြားသောအခါ ဒုန်းခနဲ မြည်အောင် ဒူးထောက်လိုက်ပြီး ကျန်းဝူကျိကို ဦးချလျက် "ကျေးဇူးတင်ပါတယ် ကျန်းဂိုဏ်းချုပ်။ ဒီနေ့ကစပြီး ကျွန်တော်မျိုး ကျိုးလောင်ဆန်းရဲ့ အသက်ဟာ ကျန်းဂိုဏ်းချုပ်ရဲ့ အသက်ပါပဲ။ ဂိုဏ်းချုပ်က သေခိုင်းရင် ကျွန်တော်မျိုး အသက်ရှင်မနေပါဘူး" ဟု ဆိုသည်။

သူသည် မိမိ၏ သစ္စာရှိမှုကို ဖော်ပြရန် စကားလုံးများ ရှာဖွေနေသော်လည်း ပညာအရည်အချင်း နည်းပါးသဖြင့် အတော်လေး စဉ်းစားလိုက်ရပြီးမှ ဤစကားကို ပြောနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျိုးလောင်ဆန်းကဲ့သို့သော လူမျိုးအတွက် ဤစကားမှာ အစစ်မှန်ဆုံးသော သစ္စာရှိမှုကို ဖော်ပြခြင်းပင် ဖြစ်သည်။ ကျန်းဝူကျိသည်လည်း ထိုလူ၏ စိတ်ရင်းမှန်ကို မြင်နိုင်ပေသည်။

"အားနာမနေပါနဲ့"

ကျန်းဝူကျိက အသာအယာ ပြုံးလိုက်ပြီး ဖန့်ယောင်နှင့် ဝေယိရှောက်တို့ကို ကြည့်ကာ "လိုအပ်တာတွေ ပြင်ဆင်လိုက်ကြ။ သူ့ရဲ့ ဆံပင်က ရွှေအိုရောင် မဟုတ်တော့ ဆိုးဆေးနဲ့ ဆိုးဖို့ လိုလိမ့်မယ်" ဟု ဆိုသည်။

ဖန့်ယောင်က ရယ်မောလျက် "အဲ့ဒါကတော့ ကျွန်တော် အကျွမ်းကျင်ဆုံးပေါ့ ဂိုဏ်းချုပ်။ ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ" ဟု လျှောက်တင်သည်။

သူသည် ယခင်က ကူတုထော် အဖြစ် ဟန်ဆောင်ခဲ့စဉ်က ဆံပင်ကို အဝါရောင် ဆိုးခဲ့ရသဖြင့် ဤပညာတွင် ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံ ရှိထားပြီးသား ဖြစ်သည်။

ဝေယိရှောက်ကလည်း "ကျွန်တော်လည်း သူ့အတွက် အဝတ်အစားနဲ့ လိုအပ်တာတွေကို အားလုံး ပြည့်စုံအောင် ပြင်ဆင်လိုက်ပါ့မယ်" ဟု ဆိုသည်။

ကျန်းဝူကျိက ခေါင်းညိတ်ပြပြီး "အမြန်ဆုံး ဖြစ်အောင် လုပ်ကြ။ မနက်ဖြန် ငါတို့ ထွက်ခွာကြမယ်" ဟု မိန့်ကြားလိုက်လေသည်။

"ဟုတ်ကဲ့ပါ" ဟု လူအားလုံး တို့က တစ်ညီတစ်ညွတ်တည်း ဖြေကြားကြကုန်၏။

အခန်း (၁၉၄) တိမ်လွှာဓားနှင့် နဂါးနိုင်ဓား၏ လျှို့ဝှက်ချက်

နောက်တစ်နေ့ နံနက်တွင် ကျန်းဝူကျိသည် ရှဲ့ရွှန်းထံ အထူးတလည် သွားရောက်ဂါရဝပြုပြီး ကိစ္စအချို့ ဆောင်ရွက်ရန်ရှိသဖြင့် ရှဲ့ရွှန်းအနေဖြင့် ရှောင်လင်ကျောင်းတော်တွင် ခေတ္တခဏ စောင့်ဆိုင်းနေပေးပါရန်နှင့် အလုပ်ကိစ္စများ ပြီးစီးပါက ပြန်လည်လာခေါ်မည်ဖြစ်ကြောင်း ပြောဆိုလေသည်။

ဤသည်မှာ ရှဲ့ရွှန်းအား မိမိ၏ အစီအစဉ်များကို မသိစေရန် ဖုံးကွယ်ထားခြင်း ဖြစ်ပေသည်။ အကြောင်းမှာ ယခုအခါ ရှဲ့ရွှန်းသည် တရားဓမ္မများ ပွားများနေသူဖြစ်ရာ ကျန်းဝူကျိ၏ ယခုကဲ့သို့သော လုပ်ရပ်မျိုးကို သဘောတူလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

သို့သော် ကျန်းဝူကျိအတွက်မူ ဤရန်သူများကို စုစည်းပြီး ဂျပန်ဓားပြများနှင့် တိုက်ခိုက်ခိုင်းခြင်းမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်မျိုး ဖြစ်သဖြင့် ဤသို့ မလုပ်ဆောင်ပါက အလွန်အမင်း အဓိပ္ပာယ်မရှိရာ ရောက်ပေလိမ့်မည်။

ရှဲ့ရွှန်းကမူ မည်သည့်ကန့်ကွက်မှုမျှ မရှိဘဲ "ဝူကျိ၊ မင်းက အခု မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေပြီ၊ နောင်တစ်ချိန်မှာလည်း တစ်လောကလုံးကို အုပ်ချုပ်မယ့်သူ ဖြစ်လာလိမ့်မယ်။ မင်းရဲ့ မွေးစားအဖေအနေနဲ့တော့ မင်းကို ငါ့လိုမျိုး အပြစ်မဲ့သူတွေကို သတ်ဖြတ်တဲ့သူ တစ်ယောက် မဖြစ်စေချင်ဘူး။ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ဟန်မင်းဆက်နဲ့ တန်မင်းဆက်က ဧကရာဇ်တွေကို အတုယူပြီး ပြည်သူပြည်သားတွေကို ဦးစားပေးရမယ်" ဟု ဆုံးမစကား ဆိုလေသည်။

ကျန်းဝူကျိသည် ထိုစကားကို ကြားသောအခါ ရှဲ့ရွှန်းအနေဖြင့် အမှန်တရားအချို့ကို ရိပ်မိနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ရှဲ့ရွှန်းသည် အပြင်ပန်းတွင် ကြမ်းတမ်းခက်ထန်ပုံရသော်လည်း အမှန်စင်စစ် စိတ်လိုက်မာန်ပါ တတ်သည်မှအပ အခြားအားနည်းချက် မရှိလှချေ။ သူသည် စာပေနှင့် လက်ရုံးရည် နှစ်ရပ်လုံးတွင် ထူးချွန်သူဖြစ်ပြီး ဉာဏ်ပညာလည်း အလွန်ထက်မြက်သူဖြစ်ရာ အချို့သောအချက်များကို ရိပ်မိနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

ကျန်းဝူကျိသည် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ခပ်ပြုံးပြုံးဖြင့် "မွေးစားအဖေ စိတ်ချပါ၊ ကျွန်တော် ကတိပေးပါတယ်။ ယုတ်မာရက်စက်တဲ့သူတွေကလွဲလို့ ကျွန်တော်တို့ ပြည်သူပြည်သားတွေကို ဘယ်တော့မှ အလွယ်တကူ သတ်ဖြတ်မှာ မဟုတ်ပါဘူး" ဟု ပြန်လည်လျှောက်တင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက စိတ်ထဲမှ "ဂျပန်ဓားပြတွေကတော့ လူစာရင်းထဲ မပါဘူးလေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်တော်တို့ မြေပေါ်မှာ ရှိနေတာမှ မဟုတ်တာ၊ လူနဲ့တူတဲ့ သတ္တဝါတစ်အုပ်ပဲမို့ အားလုံးကို အပြတ်ရှင်းပစ်တာက အကောင်းဆုံးပဲ" ဟု တွေးတောနေမိသည်။

ရှဲ့ရွှန်းသည် ကျန်းဝူကျိ၏ အသံမှာ တည်ကြည်လေးနက်နေသည်ကို ကြားရသဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းဝူကျိသည် ငယ်စဉ်ကတည်းက အလွန်ကြင်နာတတ်သော ကလေးတစ်ယောက်ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။ နှစ်ပေါင်းများစွာ ဒုက္ခများစွာကို ကျော်ဖြတ်ခဲ့ရသဖြင့် ကျန်းဝူကျိမှာ ပို၍ ပါးနပ်ထက်မြက်လာသော်လည်း သူ၏ မူလစိတ်ရင်းမှာ ပြောင်းလဲရန် ခက်ခဲလှရာ ကျန်းဝူကျိသည် အကြောင်းမဲ့ သတ်ဖြတ်မည့် ရက်စက်သော အုပ်ချုပ်သူမျိုး ဖြစ်လာမည်မဟုတ်ဟု သူ ယုံကြည်သည်။

စင်စစ် ရှဲ့ရွှန်းမှာ အဖြစ်အပျက် အလုံးစုံကို မသိရှိရသေးချေ။ ရန်ရှောင်၊ ဖန့်ယောင်၊ ယင်းထျန့်ကျိန်းနှင့် ဝေယိရှောက်တို့သည်လည်း မည်သူမျှ ရှဲ့ရွှန်းအား မည်သည့်အရာကိုမျှ မပြောပြရဲကြချေ။

ထို့ကြောင့် ရှဲ့ရွှန်းသည် အသေးစိတ် အစီအစဉ်များကို မသိရှိဘဲ တစ်ခုခု ထူးခြားနေသည်ဟု ခံစားရသဖြင့်သာ သတိပေးစကား ဆိုခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျန်းဝူကျိက ကတိပေးလိုက်ပြီဖြစ်သဖြင့် သူ စိတ်အေးသွားရသည်။

ရှဲ့ရွှန်းသည် ရုတ်တရက် သက်ပြင်းချလိုက်ပြီး "အင်း၊ ငါ့ဘဝကတော့ ကံကြမ္မာအတိုင်းပဲ ဖြစ်မှာပေါ့။ ချန်ခွန်းက ငါ့မိသားစုကို လုပ်ကြံခဲ့ကတည်းက ငါဟာ လောကကြီးမှာ တစ်ကိုယ်တည်း လက်စားချေဖို့ပဲ စိတ်အားထက်သန်ခဲ့တယ်။ အပြစ်မဲ့သူတွေ အများကြီးကို သတ်ခဲ့မိပြီး နောက်ပိုင်းကျမှ နောင်တရခဲ့ပေမဲ့ အချိန်တွေက နှောင်းခဲ့ပြီ။ နဂါးနိုင်ဓားကို ယူပြီး ပင်လယ်ပြင်ကို ထွက်သွားခဲ့တာကလည်း ဒီဓားရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး ချန်ခွန်းကို ရှာဖွေလက်စားချေနိုင်ဖို့ပဲ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် နဂါးနိုင်ဓားရဲ့ လျှို့ဝှက်ချက်ကို ငါ မဖော်ထုတ်နိုင်ခဲ့ဘူး၊ အခုတော့ ချန်ခွန်းကလည်း မသန်မစွမ်း ဖြစ်သွားပြီ။ သူက အသက်ခုနစ်ဆယ်ကျော်နေပြီဆိုတော့ နောက်ထပ် ဘယ်လောက်ကြာကြာ နေရဦးမှာလဲ၊ ငါ သူ့ကို သတ်ဖို့ မလိုတော့ပါဘူး။ ငါ ကျူးလွန်ခဲ့တဲ့ အပြစ်တွေလိုပဲ၊ ငါ့ရဲ့ ဒေါသကို ဖြေဖျောက်ဖို့ ရန်သူတိုင်းကို သတ်ရမယ်ဆိုရင် ငါ ရှဲ့ရွှန်းဟာ အကြိမ်တစ်ရာ သေရင်တောင် မလုံလောက်နိုင်ပါဘူး" ဟု ဆိုလေသည်။

ရှဲ့ရွှန်း၏ စကားများကို ကြားသော်လည်း ကျန်းဝူကျိက ဘာမှဝင်မပြောဘဲ ငြိမ်သက်စွာသာ နားထောင်နေလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ယခုအချိန်တွင် ရှဲ့ရွှန်း၏ နောင်တရနေသော စိတ်ကို သူ နားလည်ပေးနိုင်ပါသည်။ အမှားများကို ပြုမူခဲ့ပြီး အပြစ်မဲ့သူများစွာကို သေစေခဲ့မိသည် မဟုတ်ပါလား။ သူ၏ လုပ်ရပ်များတွင် အကြောင်းပြချက်များ ရှိနေစေဦးတော့၊ အသတ်ခံခဲ့ရသူများသည် ရှဲ့ရွှန်းအား တစ်စုံတစ်ရာ ရန်စခဲ့ခြင်းမရှိသဖြင့် ၎င်းတို့၏ သေဆုံးမှုမှာ အမှန်ပင် မတရားလှပေ။

စင်စစ် ကျန်းဝူကျိသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သောသူ ဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်သူ တစ်ယောက်တော့ မဟုတ်ပေ။ သူ ပြုမူသမျှ အရာအားလုံးမှာ မိမိ၏ ရည်မှန်းချက် အောင်မြင်ရန်အတွက်သာ ဖြစ်ပြီး သူ၏ ယခုရည်မှန်းချက်မှာ တစ်လောကလုံးကို စည်းလုံးစေပြီး အုပ်ချုပ်သူ ဖြစ်လာရန် ဖြစ်သည်။

ဤကာလအတွင်း သူသည် မသင့်တော်သော အမှုအချို့ကို ပြုမူမိနိုင်သော်လည်း ၎င်းမှာ အရေးမကြီးလှချေ။ ကြီးမြတ်သော အောင်မြင်မှုကို ရရှိရန်အတွက် ထူးခြားသော နည်းလမ်းများကို အသုံးပြုရန်မှာ သဘာဝပင် ဖြစ်သည်။

တစ်လောကလုံးကို စည်းလုံးစေပြီး ပြည်သူလူထုအပေါ် ကောင်းမွန်စွာ ဆက်ဆံမည့် နည်းလမ်းများကို ဖော်ဆောင်ကာ သာယာဝပြောသော ခေတ်တစ်ခုကို ဖန်တီးနိုင်ခဲ့လျှင် ထိုမတိုင်မီက ဖြစ်ပျက်ခဲ့သော အသေးအဖွဲ ကိစ္စများမှာ ဘာအရေးပါတော့မည်နည်း။

ကျန်းဝူကျိသည် အသေးအဖွဲ ကိစ္စများကြောင့် စိတ်အနှောင့်အယှက် အဖြစ်ခံမည့်သူ မဟုတ်ချေ။ အကယ်၍ သူသည် သေးငယ်သော ကိစ္စများကြောင့် ရှေ့သို့ မတိုးနိုင်ဘဲ အတားအဆီး ဖြစ်နေမည်ဆိုလျှင် မည်သို့သော ကမ္ဘာကြီးကို စည်းလုံးစေနိုင်ပါမည်နည်း။ ထိုသို့ဆိုလျှင် လက်လျှော့လိုက်ပြီး သိုင်းလောက၏ ဒေသခံ ဂိုဏ်းချုပ် တစ်ယောက်အဖြစ်သာ နေလိုက်သည်က ပိုကောင်းပေလိမ့်မည်။

ရှဲ့ရွှန်းက ဆက်လက်၍ "တိမ်လွှာဓားနဲ့ နဂါးနိုင်ဓားရဲ့ လျှို့ဝှက်ချက်အကြောင်း ပြောရရင်တော့၊ တချို့က ဒါဟာ အရင်တုန်းက သူရဲကောင်း ကော်ကျန့်နဲ့ ဂိုဏ်းချုပ် ဟွမ်ယုံတို့ ချန်ထားခဲ့တဲ့ အဖိုးတန် သိုင်းကျမ်းတွေလို့ ပြောကြသလို၊ တချို့ကတော့ ဒါဟာ ယွမ်နန်းတွင်းကို တုန်လှုပ်စေနိုင်တဲ့ အရာတွေ ပါဝင်တယ်လို့ ပြောကြတယ်။ အမှန်တကယ် ဘာလဲဆိုတာ ငါလည်း မသိသလို အခုတော့ သိချင်စိတ်လည်း မရှိတော့ပါဘူး။ ဝူကျိ၊ ဒီကိစ္စကို မင်းပဲ ဆက်ပြီး ရှာဖွေကြည့်ပါတော့။ အကယ်၍ မင်းသာ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ပြီး တရုတ်ပြည်ကြီးကို စောစောစီးစီး ပြန်လည် ထူထောင်နိုင်မယ်ဆိုရင် ဒါဟာ လောကသားတွေအတွက် အလွန်ကြီးမားတဲ့ ကောင်းချီးမင်္ဂလာ ဖြစ်မှာပါ" ဟု ဆိုသည်။

ကျန်းဝူကျိက "အဖိုးကြီးကတော့ အထဲမှာ ဘာရှိလဲဆိုတာ ခုထိ မသိသေးဘူးပဲ၊ ငါပဲ ပြောပြလိုက်တော့မယ်။ ဒါဟာ မင်းရဲ့ လောကီအာရုံတွေကို ဖြေဖျောက်ဖို့ နောက်ဆုံးအရာ ဖြစ်မှာပါ" ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

ထို့ကြောင့် ကျန်းဝူကျိက "မွေးစားအဖေ၊ ကျွန်တော် တိမ်လွှာဓားနဲ့ နဂါးနိုင်ဓားရဲ့ လျှို့ဝှက်ချက်ကို သိပါတယ်" ဟု ပြောဆိုလိုက်သည်။

ထိုစကားမှာ တည်ငြိမ်လှသော်လည်း ရှဲ့ရွှန်း၏ နားထဲတွင်မူ မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ရှဲ့ရွှန်းသည် ရဟန်းဝတ်သွားပြီး လောကီအာရုံများကို ဖြတ်တောက်ထားသည် ဆိုသော်လည်း ဤလျှို့ဝှက်ချက်မှာ သူ နှစ်ပေါင်းများစွာ လေ့လာခဲ့သော အရာဖြစ်ပေသည်။

ရုတ်တရက် ကျန်းဝူကျိက သိရှိသည်ဟု ပြောလိုက်သောအခါ သူ မည်သို့မျှ အံ့ဩခြင်းမရှိဘဲ နေနိုင်ပါမည်နည်း။

ရှဲ့ရွှန်းက အံ့အားသင့်စွာဖြင့် "ဒါ တကယ်လား" ဟု အာမေဍိတ်သံဖြင့် မေးလိုက်သည်။

"မွေးစားအဖေ ပြောပုံကလည်း၊ ကျွန်တော်က ဘယ်သူ့ကိုမှ လိမ်ညာမှာ မဟုတ်ပါဘူး၊ အထူးသဖြင့် မွေးစားအဖေကိုပေါ့" ဟု ကျန်းဝူကျိက ပြုံးလျက် ဆိုသည်။ ထို့နောက် သူက "ကျွန်တော် မွေးစားအဖေကို မေးပါရစေ၊ နဂါးနိုင်ဓားကို နှစ်ပေါင်းများစွာ ကိုင်ဆောင်ခဲ့တာဆိုတော့ တစ်ခုခု ထူးခြားတာကို သတိထားမိတာမျိုး ရှိပါသလား" ဟု မေးမြန်းလိုက်သည်။

ရှဲ့ရွှန်းကလည်း အသာအယာ ပြုံးလိုက်ပြီး "အကယ်၍ တခြားသူသာ ဆိုရင်တော့ ငါ့ဆီက လျှို့ဝှက်ချက်ကို လှည့်စားပြီး မေးနေတာလို့ ငါ ထင်မိမှာပဲ။ ဒါပေမဲ့ ဝူကျိ မင်းနဲ့ဆိုရင်တော့ မင်းရဲ့ မွေးစားအဖေမှာ ဖုံးကွယ်ထားစရာ မရှိပါဘူး။ အင်း၊ ငါ သတိထားမိတဲ့ အချက်တချို့တော့ ရှိတယ်။ နဂါးနိုင်ဓား တစ်ခုလုံးကို နက်မှောင်တဲ့ သံမဏိ နဲ့ လုပ်ထားတာမို့ အလွန်မာကျောပေမဲ့၊ ဓားနှောင့်ကနေ ခုနစ်လက်မအကွာမှာ ရှိတဲ့ ဓားကျောဘက်မှာတော့ သာမန်ဓားတွေနဲ့ မတူတဲ့ ထူးဆန်းတဲ့ အချိုင့်လေးတစ်ခု ရှိတယ်။ ဒါပေမဲ့ ဒီအချိုင့်လေးမှာ တခြား ဘာထူးခြားချက်မှ မရှိသလို ဓားသိုင်းပညာမှာလည်း အသုံးဝင်တာမျိုး မဟုတ်ဘူး။ ကံမကောင်းတာက ငါက မျက်စိမမြင်ရတော့ ဒီအချိုင့်လေးက တကယ် ဘယ်လိုပုံစံလဲ ဆိုတာကို မတွေ့နိုင်သလို၊ ဒါဟာ လျှို့ဝှက်ချက်တစ်ခု ဖြစ်မဖြစ် ဆိုတာလည်း မသိနိုင်ဘူး" ဟု ဖြေကြားလေသည်။

ကျန်းဝူကျိက လက်ခုပ်တီး၍ ရယ်မောလိုက်ပြီး "မွေးစားအဖေက တကယ်ကို တော်တာပဲ၊ စကားတစ်ခွန်းတည်းနဲ့တင် အဓိကအချက်ကို ပြောပြလိုက်တာပဲ။ ဒီအချိုင့်လေးဟာ နဂါးနိုင်ဓားရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်" ဟု ဆိုသည်။

"အော်၊ ဘယ်လိုမျိုးလဲ" ဟု ရှဲ့ရွှန်းက စိတ်ဝင်တစား မေးမြန်းလိုက်သည်။

ကျန်းဝူကျိက မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်းမရှိဘဲ "အရင်တုန်းက သူရဲကောင်း ကော်ကျန့်နဲ့ ဂိုဏ်းချုပ် ဟွမ်ယုံတို့ဟာ တိမ်လွှာဓားနဲ့ နဂါးနိုင်ဓားကို သွန်းလုပ်ခဲ့ပြီး၊ အဲ့ဒီအထဲမှာ 'ကိုးပါးယင်ကျမ်း' ၊ 'ယွဲ့ဖေးရဲ့ စစ်သေနင်္ဂဗျူဟာကျမ်း' နဲ့ သူတောင်းစားဂိုဏ်းရဲ့ 'နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်' သိုင်းပညာတွေကို ဝှက်ထားခဲ့တာပါ။

ဒါဟာ နောင်တစ်ချိန်မှာ နိုင်ငံကို ပြန်လည်ထူထောင်လိုတဲ့သူတွေအနေနဲ့ ဒီအရာတွေကို အခြေခံပြီး ယုတ်မာတဲ့ ယွမ်နန်းတွင်းကို သူရဲကောင်းတွေနဲ့အတူ တိုက်ထုတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တိမ်လွှာဓားနဲ့ နဂါးနိုင်ဓားရဲ့ လျှို့ဝှက်ချက်ကတော့ နဂါးနိုင်ဓားရဲ့ ဓားနှောင့်ကနေ ခုနစ်လက်မအကွာမှာ ရှိတဲ့ အမှတ်အသားနဲ့၊ ကောင်းကင်ဓားရဲ့ ဓားနှောင့်ကနေ ခုနစ်လက်မအကွာမှာ ရှိတဲ့ အမှတ်အသားတို့မှာ ရှိတာပါ။ အကယ်၍ အဲ့ဒီအမှတ်အသားနှစ်ခုကို အချင်းချင်း ဖြည်းဖြည်းချင်း ဖြတ်တောက်လိုက်မယ်ဆိုရင် ဓားနဲ့ လက်နက်တွေဟာ ပွင့်ထွက်သွားပြီး အထဲက လျှို့ဝှက်ချက်တွေ ပေါ်လာမှာ ဖြစ်ပါတယ်" ဟု ရှင်းပြလိုက်သည်။

ဤသတင်းကို ကြားရသောအခါ ရှဲ့ရွှန်း၏ စိတ်ထဲတွင် အလွန်တုန်လှုပ်သွားရသည်။ ထိုကောလဟာလများသည် အမှန်ပင် ဖြစ်နေခဲ့ပြီး လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားသည်မှာ အမှန်ပင် ဖြစ်ပေသည်။ ထို့ပြင် ထိုလျှို့ဝှက်ချက်မှာ နိုင်ငံနှင့် လူမျိုးအတွက် အလွန်ကြီးမားသော အရာ ဖြစ်နေသည် မဟုတ်ပါလား။

သို့သော် ၎င်းမှာလည်း ယုတ္တိတန်လှပေသည်။ နဂါးနိုင်ဓားနှင့် တိမ်လွှာဓားတို့မှာ အလွန်ထက်မြက်သော လက်နက်များ ဖြစ်ကြရာ၊ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုဓားနှစ်လက်လုံးကို တစ်ပြိုင်နက် ရရှိခဲ့လျှင်ပင် အဖိုးတန်လှသော ဤလက်နက်နှစ်ခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် အချင်းချင်း ဖြတ်တောက်ရန် မည်သူကမှ ဝံ့ရဲမည် မဟုတ်ပေ။ ဤသို့ဖြင့် ရတနာများကို ဝှက်ထားခြင်းမှာ အလွန်ပါးနပ်သော နည်းလမ်းပင် ဖြစ်သည်။

သို့သော် သူ နားမလည်သေးသည့် အချက်တစ်ခု ရှိနေသေးသဖြင့် "တိမ်လွှာဓားနဲ့ နဂါးနိုင်ဓားတို့ဟာ အနှိုင်းမဲ့ ထက်မြက်ကြပေမဲ့၊ သူတို့ရဲ့ အသွင်အပြင်က သာမန်ဓားတွေနဲ့ သိပ်မထူးခြားလှဘူး။ ဒါတွေက ကြီးမားတဲ့ ဓားကြီးတွေ မဟုတ်ပါဘဲနဲ့ 'ယွဲ့ဖေးရဲ့ စစ်သေနင်္ဂဗျူဟာကျမ်း'၊ 'ကိုးအင်ယင်ကျမ်း' နဲ့ 'နဂါးနိုင်လက်ဝါး' ရဲ့ အနှစ်သာရတွေကို ဘယ်လိုလုပ်ပြီး အထဲမှာ ဝှက်ထားနိုင်မှာလဲ" ဟု မေးမြန်းလိုက်သည်။

ရှဲ့ရွှန်း၏ မေးခွန်းမှာလည်း အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။ ဓားများ၏ အတွင်းပိုင်းတွင် နေရာလွတ် အနည်းငယ်သာ ရှိရာ ထိုအရာများ မည်သို့ ဆံ့နိုင်ပါမည်နည်း။ ထို့ပြင် တစ်စုံတစ်ယောက်သည် နဂါးနိုင်ဓားကို ပြင်းထန်သော မီးဖြင့် အပူပေးခဲ့ဖူးရာ၊ အကယ်၍ ထိုစာအုပ်များသာ အထဲတွင် ရှိနေခဲ့ပါက မီးလောင်ပြီး ပြာဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

အခန်း (၁၉၅) ရှောင်လင်မှ ထွက်ခွာခြင်း

ကျန်းဝူကျိသည် ရှဲ့ရွှန်း၏ သံသယကို နားလည်သဖြင့် ခပ်ပြုံးပြုံးဖြင့်ပင် ဤသို့ ရှင်းပြလေသည်။

"သူရဲကောင်း ကော်ကျန့်နဲ့ ဇနီးသည်တို့ဟာ ကျွန်တော်တို့ အခုစဉ်းစားမိတာတွေကို ဘယ်လိုလုပ် မတွေးမိဘဲ ရှိပါ့မလဲ။ တကယ်တော့ ယွဲ့ဖေးရဲ့ စစ်သေနင်္ဂဗျူဟာကျမ်း၊ ကိုးပါးယင်ကျမ်းနဲ့ နဂါးနိုင်လက်ဝါး အနှစ်သာရတွေအားလုံးကို အရှေ့ပင်လယ်ထဲက မက်မွန်ပွင့်ကျွန်း မှာ ဝှက်ထားခဲ့တာပါ။ တိမ်လွှာဓားနဲ့ နဂါးနိုင်ဓားထဲမှာ ဝှက်ထားတာကတော့ သံပြားနှစ်ချပ်ပဲ ဖြစ်ပါတယ်။ တစ်ချပ်ပေါ်မှာ အရှေ့ပင်လယ် မက်မွန်ပွင့်ကျွန်း ဆိုတဲ့ စာသားကို ထွင်းထုထားပြီး နောက်တစ်ချပ်ကတော့ မက်မွန်ပွင့်ကျွန်းရဲ့ မြေပုံဖြစ်ပါတယ်။ အဲ့ဒီမြေပုံပေါ်က မြားပြထားတဲ့ နေရာမှာပဲ ဒီကျမ်းစာတွေကို ဝှက်ထားတာ ဖြစ်ပါတယ်"

ဤရှင်းပြချက်ကို ကြားရသောအခါမှ ရှဲ့ရွှန်းသည် အလုံးစုံကို နားလည်သဘောပေါက်သွားတော့သည်။ သူသည် မချီးကျူးဘဲ မနေနိုင်တော့ဘဲ ဤသို့ ဆိုလေသည်။

"သူရဲကောင်း ကော်ကျန့်နဲ့ ဂိုဏ်းချုပ် ဟွမ်ယုံတို့ရဲ့ အမြော်အမြင်ကတော့ တကယ်ကို အံ့မခန်းပါပဲ။ ဒီလို လျှို့ဝှက်ချက်မျိုးကို ဘယ်သူက ထင်မှတ်ထားမှာလဲ။ တစ်စုံတစ်ယောက်က လက်နက်တစ်ခုတည်းကို မတော်တဆ ရရှိခဲ့ရင်တောင် မက်မွန်ပွင့်ကျွန်း ဆိုတာ ဘာကိုဆိုလိုမှန်း သိမှာမဟုတ်သလို မြေပုံက ဘယ်ကိုညွှန်ပြနေမှန်းလည်း သိနိုင်မှာ မဟုတ်ဘူး။

အရှေ့ကျွန်းသခင် ဟွမ်ယောင်ရှီးဟာ ဂီတ၊ စစ်တုရင်ကစားခြင်း၊ စာပေ၊ ပန်းချီ၊ နက္ခတ်ဗေဒ၊ ပထဝီဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စစ်ဗျူဟာနဲ့ ဝင်္ကပါအတတ်ပညာတွေမှာ အနှိုင်းမဲ့ ကျွမ်းကျင်တဲ့ သိုင်းလောကရဲ့ ပါရမီရှင်တစ်ယောက်လို့ ငါ ကြားဖူးခဲ့တယ်။ သူဟာ မက်မွန်ပွင့်ကျွန်းမှာ ဝင်္ကပါတွေ အမျိုးမျိုး ခင်းကျင်းထားတာမို့ သိုင်းပညာ ဘယ်လောက်မြင့်ပါစေ ကျော်ဖြတ်ဖို့ မလွယ်ကူဘူး။ ဒီမြေပုံဟာ အဲ့ဒီဝင်္ကပါတွေကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်ဖို့အတွက် ဖြစ်မယ်လို့ ငါ ထင်ပါတယ်"

ရှဲ့ရွှန်းသည် ဉာဏ်အလွန်ထက်မြက်သူ ဖြစ်ရာ မက်မွန်ပွင့်ကျွန်းနှင့် မြေပုံအကြောင်း သိရသည်နှင့် စစ်မှန်သော ဆိုလိုရင်းကို ချက်ချင်းပင် ရိပ်မိသွားပြီး ရှေးဘိုးဘေးတို့၏ ဝီရိယနှင့် ပညာကို အလွန်ပင် အံ့ဩလေးစားနေမိသည်။

ကျန်းဝူကျိကလည်း ပြုံးလျက် "ဟုတ်ပါတယ်။ ရှေးဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဒီရတနာတွေကို ကျွန်တော် သွားရောက်ယူဆောင်ပြီး ယုတ်မာတဲ့ မွန်ဂိုတွေကို တိုက်ထုတ်ကာ တရုတ်ပြည်ကြီးကို ပြန်လည် ထူထောင်ရမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

ရှဲ့ရွှန်းက ရုတ်တရက် "ဒါပေမဲ့ ဝူကျိ၊ ငါ နားမလည်တာ တစ်ခုရှိသေးတယ်။ ဒီလို လျှို့ဝှက်ချက်မျိုးကို မင်းက ဘယ်ကနေ သိခဲ့တာလဲ" ဟု မေးမြန်းလိုက်သည်။

ရှဲ့ရွှန်းသည် ယခင်က သတင်းအချက်အလက်များစွာကို စုဆောင်းခဲ့ဖူးသော်လည်း ဤမျှ အသေးစိတ်ကျသော အချက်အလက်များကို မသိရှိခဲ့ချေ။ တိမ်လွှာဓားနှင့် နဂါးနိုင်ဓားတို့တွင် လျှို့ဝှက်ချက်ရှိကြောင်းသာ သူ သိခဲ့သည်။ တိမ်လွှာဓားမှာ အော့မေ့ဂိုဏ်း၏ လက်ထဲတွင် ရှိနေရာ သာမန်လူတစ်ယောက်အနေဖြင့် လုယူရန် မဝံ့ရဲကြချေ။

နဂါးနိုင်ဓားသာလျှင် သိုင်းလောကထဲတွင် ပျောက်ဆုံးနေသဖြင့် လူအများက လိုချင်တပ်မက်နေကြခြင်း ဖြစ်သည်။ ကျန်းဝူကျိမှာ ငယ်စဉ်ကတည်းက သူ၏ အနားတွင် ကြီးပြင်းလာသူ ဖြစ်ရာ တစ်စုံတစ်ယောက်က ပြောမပြဘဲနှင့် ဤလျှို့ဝှက်ချက်များကို မည်သို့ သိနိုင်မည်နည်းဟု သူ တွေးတောမိခြင်း ဖြစ်သည်။

ကျန်းဝူကျိက "အမှန်အတိုင်း ပြောရရင် မွေးစားအဖေ၊ ဒီကိစ္စကို သီလရှင် မြဲ့ကြွယ်က ကျွန်တော့်ကို ပြောပြခဲ့တာပါ။ ဒီသတင်းဟာ အော့မေ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဆက်ဆက်သာ သိရှိတဲ့ အလွန်နက်နဲတဲ့ လျှို့ဝှက်ချက် ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဒီတာဝန်ကို ထမ်းဆောင်ချင်ခဲ့ပေမဲ့ နဂါးနိုင်ဓား ပျောက်ဆုံးနေတာ ကြာပြီဖြစ်လို့ အခွင့်အရေး မသာခဲ့ဘူး။

အခုတော့ အော့မေ့ဂိုဏ်းက ကျိုးကျစ်လော့နဲ့ ကျွန်တော်ဟာ ချစ်သူတွေ ဖြစ်နေကြတာကိုး။ သီလရှင် မြဲ့ကြွယ်က ကျွန်တော့်မှာ မွန်ဂိုတွေကို တိုက်ထုတ်နိုင်တဲ့ အရည်အချင်းရှိတာကို မြင်တွေ့ရတဲ့အတွက် ဒီလျှို့ဝှက်ချက်ကို ပြောပြခဲ့တာပါ။ အထဲမှာရှိတဲ့ သိုင်းကျမ်းစာတွေနဲ့ စစ်သေနင်္ဂဗျူဟာကျမ်းတွေကို ယူပြီး နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ သူက မျှော်လင့်ထားပါတယ်" ဟု ရှင်းပြလိုက်သည်။

ရှဲ့ရွှန်းက ခေါင်းညိတ်လျက် "ဒါဆိုရင်တော့ ဟုတ်နိုင်ပါတယ်။ အော့မေ့ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ သူရဲကောင်းမ ကော်ရှန့်ဟာ သူရဲကောင်း ကော်ကျန့်ရဲ့ သမီး မဟုတ်လား။ သူကနေတစ်ဆင့် ဒီလျှို့ဝှက်ချက်ကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့တာဟာ သဘာဝကျပါတယ်။ ကော်ကျန့်ရဲ့ မိသားစုဟာ တကယ်ကို မျိုးချစ်စိတ်ရှိပြီး လေးစားစရာ ကောင်းလှပါတယ်" ဟု ဆိုသည်။

ကျန်းဝူကျိက "ကျွန်တော် မွေးစားအဖေနဲ့အတူ ကွမ်မင်တောင်ထိပ်ကို ချက်ချင်း မပြန်နိုင်တာကလည်း ဒီကိစ္စကြောင့်ပါ။ ကျွန်တော်တို့ ပင်လယ်ကိုသွားပြီး ဒီအဖိုးတန် ကျမ်းစာတွေကို သွားယူရပါမယ်။ အဲ့ဒီနောက်မှ ကြီးမြတ်တဲ့ ရည်မှန်းချက်အတွက် အသုံးပြုရမှာပါ" ဟု ပြောဆိုလိုက်ရာ အခြေအနေအားလုံးမှာ အချိတ်အဆက်မိသွားတော့သည်။

ရှဲ့ရွှန်းသည်လည်း ထိုစကားကို ကြားသောအခါ "ဒါက တကယ်ကို မှန်ကန်တဲ့ လုပ်ရပ်ပဲ" ဟု ထောက်ခံလေသည်။

ထို့နောက် ရှဲ့ရွှန်းသည် အားရပါးရ ရယ်မောလိုက်ပြီး "အမှန်အတိုင်း ပြောရရင် အကယ်၍ သီလရှင် မြဲ့ကြွယ်ကသာ ငါ့ဆီလာပြီး ဒီအကြောင်းကို ဆွေးနွေးမယ်ဆိုရင် ငါ မျက်နှာသာ ပေးမှာမဟုတ်ဘူး။ ငါကလည်း ခေါင်းမာသလို သူကလည်း စိတ်ထားက တင်းမာလွန်းတော့ ငါတို့ တွေ့ရင် တိုက်ကြမှာပဲ။ ဒါပေမဲ့ ဝူကျိ၊ မင်းကတော့ ငါ့ရဲ့ တစ်ဦးတည်းသော သားလို ဖြစ်နေပြီလေ။

ဒီကမ္ဘာမှာ ငါ ရှဲ့ရွှန်းအနေနဲ့ အရာအားလုံး ပေးဆပ်နိုင်တာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်။ အခု တိမ်လွှာဓားရော နဂါးနိုင်ဓားရော မင်းလက်ထဲမှာ ရှိနေပြီဆိုတော့ လျှို့ဝှက်ချက်ကို မင်းကပဲ ဖော်ထုတ်လိုက်တော့ပေါ့။ ဒါဟာ ငါကိုယ်တိုင် ဖော်ထုတ်လိုက်တာနဲ့ ဘာထူးမှာလဲ။ ငါ့မှာ ဘာနောင်တမှ မရှိတော့ဘူး။ ပြန်စဉ်းစားကြည့်ရင် အဲ့ဒီတုန်းက အခြေအနေတွေဟာလည်း အခွင့်အလမ်းတစ်ခုပါပဲ။

ငါသာ နဂါးနိုင်ဓားကို မလိုချင်ခဲ့ရင် မင်းရဲ့ မိဘတွေနဲ့အတူ ရေခဲမီးကျွန်းကို ရောက်သွားပါ့မလား။ အဲ့ဒီကျွန်းကို မရောက်ခဲ့ရင်လည်း မင်းဆိုတာ ရှိလာမှာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ မင်းဟာ မွန်ဂိုတွေကို တိုက်ထုတ်မယ့်သူ ဖြစ်လာပြီး နဂါးနိုင်ဓားထဲက လျှို့ဝှက်ချက်ကလည်း မင်းကို အထောက်အကူ ဖြစ်စေမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ကံကြမ္မာ ဆိုတာ တကယ်ကို ဆန်းကြယ်လှပါပေတယ်" ဟု ဆိုလေသည်။

အလယ်ပိုင်းဒေသသို့ ပြန်ရောက်လာပြီးနောက် ရှဲ့ရွှန်းသည် ပထမဆုံးအကြိမ်အဖြစ် ဤသို့ စိတ်လက်ပေါ့ပါးစွာ ရယ်မောနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှဲ့ရွှန်းအား နှုတ်ဆက်ပြီးနောက် ကျန်းဝူကျိနှင့် အဖွဲ့သားတို့သည် ရှောင်လင်ကျောင်းတော်မှ ထွက်ခွာခဲ့ကြသည်။ ဂိုဏ်းချုပ် ခုန်းဝမ်နှင့် ခုန်းကျိတို့သည် အလွန်ဝမ်းသာအားရ ဖြစ်နေကြပြီး ဘုန်းကြီးတစ်စုကို ဦးဆောင်ကာ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ကြသဖြင့် မြင်ကွင်းမှာ အလွန်ခမ်းနားလှသည်။

ကျိုးလောင်ဆန်းမှာမူ ရှဲ့ရွှန်းနှင့် တစ်ပုံစံတည်းတူအောင် ပြုပြင်ထားခြင်း ခံရသည်။ ရုပ်ရည်ချင်း မတူသော်လည်း လက်ရှိ ရှဲ့ရွှန်း၏ ရုပ်ရည်ကို မည်သူကမှ သေချာမသိကြချေ။ ဖန့်ယောင်၏ ထူးချွန်သော ခြယ်သမှုကြောင့် ကျိုးလောင်ဆန်းမှာ ရှဲ့ရွှန်းထက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ပိုကြီးပုံရပြီး ရွှေရောင်ဆံပင်များကို ဖားလျားချထားသဖြင့် မျက်နှာကို သေချာမမြင်ရချေ။ အဝေးမှ ကြည့်လျှင် အသက်ခြောက်ဆယ်ခန့်ရှိသော လူကြီးတစ်ယောက် ဖြစ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာ ထွားကြိုင်းပြီး အသွားအလာမှာလည်း တည်ငြိမ်လှသဖြင့် သာမန်လူ မဟုတ်ကြောင်း ထင်ရှားသည်။

ထို့ပြင် ပို၍ စစ်မှန်စေရန်အတွက် ဝေယိရှောက်သည် မင်ဂိုဏ်း၏ ရွှေစင်အလံမှ ပန်းဘဲဆရာတစ်ဦးကို ရှာဖွေပြီး နဂါးနိုင်ဓားနှင့် ဆင်တူသော ဓားတစ်လက်ကို ကျိုးလောင်ဆန်း ကိုင်ဆောင်ရန်အတွက် အထူးသွန်းလုပ်ပေးခဲ့သည်။ ကျိုးလောင်ဆန်းသည် သိုင်းပညာမတတ်သော်လည်း မွေးရာပါ ခွန်အားကြီးသူ ဖြစ်ရာ ပိဿာသုံးဆယ်ကျော် လေးသော ဓားကြီးကို ကျွမ်းကျင်စွာ ကိုင်ဆောင်နိုင်သဖြင့် စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးနှင့်ပင် တူနေတော့သည်။

ဤပြင်ဆင်မှုများကြောင့် မြင်ရသူအပေါင်းမှာ အစစ်ဟုပင် ထင်မှတ်သွားကြသည်။ ဂိုဏ်းချုပ် ခုန်းဝမ်တို့ပင်လျှင် ကျိုးလောင်ဆန်းကို မြင်သောအခါ "ရှဲ့ရွှန်းက ဆံပင်ရိတ်လိုက်ပြီ မဟုတ်လား၊ ဒါက ဘယ်လို ဖြစ်တာလဲ" ဟု ခဏမျှ မှင်တက်သွားရသည်။ သို့သော် သေချာကြည့်သောအခါမှ ထိုလူမှာ ရှဲ့ရွှန်းမဟုတ်မှန်း သိလိုက်ကြရသည်။

သို့သော် ကျန်းဝူကျိ၏ အစီအစဉ်မှာ အလွန်ပင် စေ့စပ်သေချာလှသည်ဟု ၎င်းတို့ တွေးတောမိကြသည်။ ရှဲ့ရွှန်း ရှောင်လင်မှာ ရှိနေခြင်းကို လျှို့ဝှက်ထားရမည် ဖြစ်ရာ ရှောင်လင်အနေဖြင့်လည်း ဤသတင်း ပေါက်ကြားမှာကို အလွန်ကြောက်ရွံ့နေကြသည်။ ကျန်းဝူကျိ၏ ယခုလုပ်ရပ်မှာ ရှဲ့ရွှန်းသည် ရှောင်လင်မှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြင်ပလူများကို ပြသလိုက်ခြင်း ဖြစ်သဖြင့် ရှောင်လင်အတွက် ဒုက္ခမရောက်နိုင်တော့ချေ။

ရှဲ့ရွှန်း ရဟန်းဝတ်သွားသည်ကို ခုန်းဝမ်၊ ခုန်းကျိနှင့် ခုန်းရှင်းတို့မှအပ မည်သူမျှ မသိရှိကြရာ ပြင်ပလူများအနေဖြင့် ရှဲ့ရွှန်းသည် ယခင်အတိုင်းပင် ဖြစ်နေမည်ဟုသာ ထင်မှတ်ကြမည် ဖြစ်သဖြင့် လုံးဝ သံသယရှိကြမည် မဟုတ်ပေ။

ခုန်းဝမ်သည် ကျန်းဝူကျိ၏ အနားသို့ တိုးကပ်လာပြီး တခြားသူများ မကြားနိုင်အောင် တိုးတိုးလေး ရယ်မောလျက် "ကျန်းဂိုဏ်းချုပ်ရဲ့ အမြော်အမြင်နဲ့ ဉာဏ်ပညာကတော့ တကယ်ကို အနှိုင်းမဲ့ပါပေတယ်" ဟု ဆိုသည်။

ကျန်းဝူကျိက အသာအယာ ပြုံးလိုက်ပြီး "ဂိုဏ်းချုပ် ခုန်းဝမ်က ချီးကျူးလွန်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော့်မှာ သတိပေးစရာ တစ်ခုတော့ ရှိသေးတယ်" ဟု ဆိုလိုက်သည်။

"အမိန့်ပေးပါ ကျန်းဂိုဏ်းချုပ်" ဟု ခုန်းဝမ်က တည်ကြည်စွာ ပြန်ပြောသည်။

ကျန်းဝူကျိက တည်ငြိမ်သော်လည်း အမိန့်သံပါသော လေသံဖြင့် "ကျွန်တော့် မွေးစားအဖေ ရှောင်လင်မှာ ရှိနေတဲ့ ကိစ္စက ဘယ်တော့မှ ပေါက်ကြားလို့ မဖြစ်ဘူး။ ဂိုဏ်းချုပ်အနေနဲ့ တပည့်တွေကို သေချာ ထိန်းသိမ်းရမယ်။ ကြိုတင် ပြောထားမယ်နော်၊ အကယ်၍ မွေးစားအဖေ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ဒါမှမဟုတ် သတင်းပေါက်ကြားသွားမယ်ဆိုရင် ရှောင်လင်ကျောင်းတော်ဆိုတာ ဒီလောကမှာ ရှိတော့မှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။

ထိုစကားမှာ တည်ငြိမ်သော်လည်း ခုန်းဝမ်၏ စိတ်နှလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။ အကယ်၍ တခြားသူသာ ဤသို့ ပြောခဲ့လျှင် သူသည် မထီမဲ့မြင် ပြုမိမည်ဖြစ်သော်လည်း ဤစကားကို ပြောသူမှာ ကျန်းဝူကျိ ဖြစ်နေသဖြင့် သူ အမှန်ပင် ကြောက်ရွံ့သွားရသည်။ ကျန်းဝူကျိသည် ပြောသည့်အတိုင်း လုပ်နိုင်သော အရည်အချင်းရှိကြောင်း သူ ကောင်းစွာ သိရှိထားသည်။

ခုန်းဝမ်သည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ရိုသေစွာဖြင့် "ကျန်းဂိုဏ်းချုပ် စိတ်ချပါ။ ရှောင်လင်ကျောင်းတော်ဟာ ကျန်းဂိုဏ်းချုပ်နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်နေပါပြီ။ ဂိုဏ်းချုပ်အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး" ဟု လျှောက်တင်လိုက်လေတော့သည်။

All Chapters